အခန်း ၁၉၄၃
Vol. 130 Ch. 1943
အခန်း (၁၉၄၃ )
မေးစရာရှိတယ်
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက လုချန်းကို သတိပေးလိုက်သည်။
“ဒီနတ်လက်နက်ကို ချင့်ချိန်ပြီး သုံးဖို့ အကြံပြုချင်တယ်။ ရှင် ဒီလက်နက်ကို သုံးတဲ့အခါ ကံစွမ်းအား စီးဆင်းမှုကို အာရုံခံနိုင်တဲ့သူတွေက ရိပ်မိသွားနိုင်တယ်။”
“ရှင့်မှာ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ နတ်လက်နက် ရှိနေတာကို သူတို့ သိသွားရင် ရှင်က အခုအချိန်မှာ ထျန်းရန် နတ်ဘုရား နယ်မြေအတွက် အရေးပါတဲ့သူ ဖြစ်နေရင်တောင် ရှင့်ကို အမှောင်ထဲက တိတ်တဆိတ် ရန်ပြုမယ့်သူတွေ ရှိလာနိုင်တယ်။”
လုချန်းနှင့် ယွမ်ယုတိတို့၏ စကားပြောဆိုမှုကို နားထောင်ရင်း ယဲ့ချူယောင်အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူမ၏ ကံစွမ်းအား အာရုံခံနိုင်စွမ်းက အားမကောင်းသဖြင့် ခုနက ဘာဖြစ်သွားခဲ့မှန်း နည်းနည်မှ မသိပေ။
သို့သော် ယွမ်ယုတိ၏ စကားများကို ကြားပြီးနောက် လုချန်း၏ လက်ထဲရှိ တံဆိပ်တော်မှာ ကံစွမ်းအားကို အာရုံခံရန်သက်သက် မဟုတ်ပဲ အခြားကြီးမားသော အသုံးဝင်ပုံများ ရှိရမည်ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
ယဲ့ချူယောင်၏ အကြည့်က လုချင်းချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီး တံဆိပ်တော်နှင့် ပတ်သက်၍ လုချန်းကို ဘာမှ မမေးမြန်းခဲ့ပေ။ သူမ မသိသင့်သော အချို့အရာများကို မသိတာကပင် ပို၍ ကောင်းပေသည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိသည် လေထဲမှ လုချင်းချင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယဲ့ချူယောင်ကို ကြည့်ကာ ရောင်စုံအလင်းတန်းများ ပန်းချီကားချပ်ပမာ ဖြာထွက်နေသော နတ်ဝတ်ရုံတစ်ထည်ကို ထုတ်ယူလိုက်သည်။
ထို့နောက် သူမ၏ နတ်စွမ်းအားကို အသုံးပြု၍ နတ်ဝတ်ရုံအား ယဲ့ချူယောင်၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်ပြီး
“ဒါက ချင်းယွမ် နတ်ဝတ်ရုံပဲ။ ဒါက နတ်ဘုရင် အဆင့်ရှိတဲ့သူတွေရဲ့ တိုက်ခိုက်မှုကို အခိုင်အမာ ကာကွယ်နိုင်ပြီး ဖန်တီးခြင်းစွမ်းအားနဲ့ လှုံ့ဆော်တဲ့အခါ ဒဏ်ရာတွေ သက်သာပျောက်ကင်းမှုကိုလည်း မြန်ဆန်စေတယ်။ ဒါကြောင့် ချင်းချင်းအတွက် အသင့်တော်ဆုံးပဲ။ ဒါကို သူ့အတွက် ငါ ပေးလိုက်မယ်။”
မည်သို့ပင်ဆိုစေ ယွမ်ယုတိသည် ယဲ့ချူယောင်၏ လေးစားရသော ဆရာဖြစ်၏။ သူမ၏ တပည့်အရင်းက ကလေးမွေးဖွားခြင်းဖြစ်သဖြင့် တစ်ခုခု လက်ဆောင်ပေးရန် လိုအပ်သည်။
သူမသည် လုချန်းနှင့် ယဲ့ချူယောင်တို့ အတူတူရှိနေခြင်းကို အမြဲတစေ ကန့်ကွက်ခဲ့သော်လည်း အခု ယဲ့ချူယောင်က ကလေးပင် မွေးပြီးပြီဖြစ်၍ ထပ်ပြောနေလည်း အပိုပင် ဖြစ်လိမ့်မည်။
ယွမ်ယုတိ၏ စကားများကို ကြားလျှင် ယဲ့ချူယောင်က မတ်တတ်ရပ်ကာ ချင်းယွမ် နတ်ဝတ်ရုံကို လှမ်းယူလိုက်ပြီး ယွမ်ယုတိကို ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် ဆရာ”
ထို့နောက် ယွမ်ယုတိက လုချန်းကို တစ်ချက်ကြည့်ကာ
“ခဏနေရင် ကျွန်မဆီ လာခဲ့ဦး။ ရှင့်ကို မေးစရာ ကိစ္စတွေ ရှိတယ်။”
ပြောပြီးသည်နှင့် ယွမ်ယုတိ၏ ခန္ဓာကိုယ်လည်း ရေငွေ့ပျံသလို ထိုနေရာတွင်ပင် ပျောက်ကွယ်သွားတော့သည်။ သူမသည် လုချန်းကို ချက်ချင်း ခေါ်ဆောင်မသွားခဲ့ပေ။ သူမ၏ တပည့်ဖြစ်သူ ကလေးမွေးပြီးခါစတွင် သူမ၏ ချစ်သူကို ခေါ်သွားခြင်းက အလိုက်မသိရာ ရောက်ပေလိမ့်မည်။
ယွမ်ယုတိ ထွက်ခွာသွားပြီးနောက် ယဲ့ချူယောင်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် လုချန်းကို ကြည့်လိုက်သည်။ အစပိုင်းတွင် သူမသည် လုချန်းက ဝူကျန်းဝမ်ကို ဒုက္ခပေးခဲ့သည်ဟု ထင်မှတ်ကာ သူ့ကို ကမ္ဘာရန်ပမာ မုန်းတီးခဲ့မိသည်။ ယခုမူ သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်လာရုံသာမက သူနှင့်အတူ သမီးတစ်ယောက်ပင် ရရှိနေပြီ ဖြစ်သည်။
လုချန်းက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ယဲ့ချူယောင်၏ ခါးကို ဖက်ကာ ပြုံးလျက်
“ခင်ဗျား ပင်ပန်းသွားပြီ”
ထိုအရာကို ကြားလျှင် ယဲ့ချူယောင်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လေထဲတွင် ပျံဝဲနေသော လုချင်းချင်းကိုသာ စိုက်ကြည့်နေကာ လုချန်းကို တုံ့ပြန်မဖြေကြားခဲ့ပေ။
ယဲ့ချူယောင် တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် လုချန်းက သူမကိုကြည့်ကာ
“ဘာဖြစ်လို့လဲ။”
ယဲ့ချူယောင်က သက်ပြင်းခပ်ဖွဖွချကာ
“ရှင်က ကျန်းဝမ်ကို ဒုက္ခပေးခဲ့တာမို့လို့ ကျွန်မ ရှင့်ကို မုန်းသင့်တာ။ ဒါပေမဲ့ အခုတော့ ရှင်နဲ့ လင်နှင့်မယား ဖြစ်ခဲ့ရသလို ကလေးတစ်ယောက်လည်း ရနေပြီ။ ကျွန်မလည်း ကျန်းဝမ်နဲ့ ဘာမှမထူးတော့ပါဘူး။”
လုချန်းက ရယ်မောလိုက်ပြီး
“ဒီအကြောင်းတွေ ပြောဖို့ မလိုပါဘူး။ နှစ်ဦးသဘောတူ ချစ်ကျွမ်းဝင်ပြီး လင်မယားဖြစ်လာတာက သဘာဝကျပါတယ်။ ဒါ့အပြင် ကျန်းဝမ်ကလည်း သူရဲ့ ကိုယ်ပိုင်ဆန္ဒအရ ကျုပ်နဲ့ အတူရှိဖို့ ရွေးချယ်ခဲ့တာပဲ။ ခင်ဗျားက ဘာလို့ ကျုပ် သူ့ကို ဒုက္ခပေးခဲ့တယ်လို့ ပြောနိုင်ရတာလဲ။ သူ အသက်ရှင်နေတုန်းပဲ။ တစ်နေ့ကျရင် ခင်ဗျားတို့ ဧကန်မုချ ပြန်တွေ့ကြမှာပါ။”
ယဲ့ချူယောင် ထပ်မံတိတ်ဆိတ်သွားပြီး လေထဲတွင် နတ်အရှိန်အဝါ စွမ်းအားများကို ရေငတ်သူ ရေရှာသလို ရူးသွပ်စွာ စုပ်ယူနေသည့် လုချင်းချင်းကိုသာ ငြိမ်သက်စွာ စောင့်ကြည့်နေတော့သည်။
ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်း နန်းတော်မှ နတ်စွမ်းအားများသည် ပင်လယ်ထဲ မြစ်ရေစီးဝင်သလို လုချင်းချင်း၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် စီးဝင်နေဆဲ ဖြစ်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်မှာ ဆက်လက်မကြီးထွားတော့ပဲ အသက် ဆယ်နှစ်အရွယ်ခန့် အရွယ်အစားတွင်သာ တည်ငြိမ်သွားခဲ့သည်။
လုချန်းကလည်း လုချင်းချင်းကို ငြိမ်သက်စွာ ကြည့်နေပြီး ဘာမှ ထပ်မပြောတော့ပေ။ ခဏခန့်ကြာပြီးနောက် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ ယဲ့ချူယောင်၏ အခန်းထဲသို့ ရောက်ရှိလာကြသည်။
ယဲ့ချူယောင်၏ နေအိမ်တွင် မိုးကြိုးပစ်သလို ဤမျှကြီးမားသော လှုပ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် သူမ၏ ဂိုဏ်းတူညီမများ ဖြစ်ကြသလို နှစ်ဦးစလုံးမှာ လုချန်း၏ အမျိုးသမီးများ ဖြစ်ကြသည့်အတွက် သူတို့ လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
ထိုနှစ်ဦး အခန်းထဲသို့ ဝင်လာပြီး အသက် တစ်ဆယ်နှစ်အရွယ်ခန့် ရှိပုံရသော လေထဲမှ လုချင်းချင်းကို တွေ့မြင်ရလျှင် သူတို့၏ မျက်နှာများ ဇဝေဇဝါ ဖြစ်သွားကြပြီး ကောက်ရှီယွမ်က
“လုချန်း... သူက ဘယ်သူလဲ”
လုချင်းချင်းအား ယဲ့ချူယောင်၏ ကလေးဖြစ်လိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် သူတို့ လုံးဝ ဆက်စပ်တွေးတောမိခြင်း မရှိကြပေ။
လုချန်းက ပြုံးလျက်
“သူက ချူယောင် အခုတင် မွေးဖွားလိုက်တဲ့ ကလေးပဲ။ ကျုပ် သူ့ကို လုချင်းချင်းလို့ နာမည်ပေးထားတယ်။”
ထိုအရာကို ကြားလျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ ခဏခန့် ကြောင်အန်းသွားကြသည်။
ဒီကလေးက အခုတင် မွေးတာလား။
ဒါပေမဲ့ သူမက အသက် ဆယ်နှစ်အရွယ်လောက် ရှိပုံရတယ် မဟုတ်လား။
အမျိုးသမီးနှစ်ဦး၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာအမူအရာများကို တွေ့မြင်လျှင် လုချန်းက ဆက်လက်၍ ရှင်းပြလိုက်သည်။
“သူ့မှာ ဝိညာဉ်သစ်သား နတ်ကိုယ်ထည် ရှိပြီး မွေးဖွားကတည်းက ဖန်တီးခြင်းစွမ်းအားကို အသုံးပြုနိုင်တယ်။ သူက နတ်စွမ်းအားတွေကို စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားဖို့အတွက် ဖန်တီးခြင်းစွမ်းအားအဖြစ် ပြောင်းလဲနိုင်တယ်။”
လုချန်း၏ အကြည့်က ရှောင်ရွှီရင်၏ ဗိုက်ဆီသို့ ရောက်ရှိသွားသည်။ သူမသည်လည်း သူ့ကလေးကို လွယ်ထားရခြင်း ဖြစ်သည်။ ဤနတ်စွမ်းအား ပြန်လည်နိုးထလာမှုက လုချင်းချင်းကို လှုံ့ဆော်ပေးခဲ့ပြီး သူမကို လောကကြီးထဲသို့ စောစောစီးစီး ရောက်ရှိလာစေခဲ့၏။ ထိုအရာက ရှောင်ရွှီရင်၏ ဝမ်းဗိုက်ထဲရှိကလေးကိုလည်း သက်ရောက်မှု ရှိ၊ မရှိ သူ သိချင်လာသည်။
ထိုသို့ တွေးတောရင်း လုချန်း မတ်တတ်ရပ်ကာ ရှောင်ရွှီရင်၏ ဘေးသို့ ညင်သာစွာ လျှောက်သွားပြီးနောက် သူမ၏ ဗိုက်ပေါ်သို့ လက်တင်ကာ
“ရင်ရင်... ဒီနေ့ ကလေးက လှုပ်ရှားမှု တစ်ခုခု ပြသေးလား။”
ရှောင်ရွှီရင် မျက်နှာအနည်းငယ် ရဲသွားပြီး
“မလှုပ်သေးဘူး”
ဟု တုံ့ပြန်လိုက်သည်။
ထို့နောက် လုချန်းက ရှောင်ရွှီရင်၏ ခန္ဓာကိုယ်ထဲသို့ ဖန်တီးခြင်းစွမ်းအားကို ထည့်သွင်းကာ သူမ၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားကို စမ်းသပ်စစ်ဆေးလိုက်သည်။ ရှောင်ရွှီရင်၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားမှာ တောင်ကြီးအလား အလွန် တည်ငြိမ်နေပြီး နတ်စွမ်းအား ပြန်လည်နိုးထလာမှု၏ သက်ရောက်မှုကို လုံးဝ မခံရသည့်ပုံပင်။
ကလေးက လုံလုံလောက်လောက် ဖွံ့ဖြိုးသေး ပုံမရဟု လုချန်း စိတ်ထဲတွင် တွေးလိုက်မိသည်။
မည်သို့ပင်ဆိုစေ လုချင်းချင်းတွင် ဝိညာဉ်သစ်သား နတ်ကိုယ်ထည်ရှိပြီး ဖန်တီးခြင်းစွမ်းအားကို အသုံးပြု၍ ကြီးထွားမှုကို အရှိန်မြှင့်တင်နိုင်သော်လည်း ရှောင်ရွှီရင်၏ ဝမ်းဗိုက်ထဲရှိ ကလေးတွင် ဤစွမ်းဆောင်ရည်မရှိသဖြင့် အပြင် လောကသို့ စောစောစီးစီး မရောက်ရှိနိုင်ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လေထဲ၌ ရှိနေသေးသော လုချင်းချင်းက ကြာပွင့်ဖတ်လေးများ ပွင့်သလို သူမ၏ မျက်လုံးများကို အသာအယာ ဖွင့်လိုက်သည်။ လုချန်းကို တွေ့မြင်ရလျှင် ဤသူသည် သူမ၏ ဖခင်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားပြီး ဝမ်းသာအားရဖြင့်
“ဖေဖေ”
ဟု လှမ်းခေါ်လိုက်သည်။
လုချန်းက ညင်သာစွာ ပြုံးပြလိုက်သည်။
“အင်း”
ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ယွမ်ယုတိ ပေးအပ်ထားသော ချင်းယွမ် နတ်ဝတ်ရုံက လုချင်းချင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး သူမ၏ အရွယ်အစားနှင့် အံဝင်ခွင်ကျဖြစ်အောင် လျင်မြန်စွာ ကျုံ့သွားခဲ့သည်။
ထို့နောက် လုချင်းချင်း၏ အကြည့်က ယဲ့ချူယောင်ဆီသို့ ရောက်ရှိသွားပြီး ယဲ့ချူယောင်၏ ရင်ခွင်ထဲသို့ ချက်ချင်း တိုးဝင်သွားတော့သည်။ ယဲ့ချူယောင်သည် ကလေးမွေးဖွားပြီးခါစ ဖြစ်သော်လည်း လုချန်း ထည့်သွင်းပေးထားသော ဖန်တီးခြင်းစွမ်းအားကြောင့် သူမ အတော်အတန် ပြန်ကောင်းနေပြီ ဖြစ်သည်။
လုချင်းချင်းက သူမ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာသော်လည်း သူမအတွက် မည်သည့် ဒုက္ခမှ မဖြစ်စေခဲ့ပေ။
ယဲ့ချူယောင်၏ ရင်ခွင်ထဲတွင် လုချင်းချင်းက ချစ်စနိုးဖြင့်
“မေမေ”
ဟု ခေါ်လိုက်သည်။
လုချင်းချင်း၏ နူးညံ့ပျော့ပျောင်းသော “မေမေ” ဟူသည့် အခေါ်အဝေါ်ကို ကြားလိုက်ရလျှင် ယဲ့ချူယောင်၏ နှလုံးသားတစ်ခုလုံး နှင်းခဲနေပူမိသလို လုံးဝ အရည်ပျော်သွားသလို ခံစားလိုက်ရပြီး အတိတ်က ဝူကျန်းဝမ်အပေါ် အပြစ်ရှိသောစိတ်များကိုပါ သုတ်သင်ဖယ်ရှားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
လုချန်းသည် ယဲ့ချူယောင်တို့လူစုကို အဖော်ပြုပေးရင်း အခန်းထဲတွင် တစ်နေ့လုံး အချိန်ကုန်လွန်စေခဲ့သည်။ ညနေစောင်းမှသာ ယဲ့ချူယောင်တို့လူစုထံတွင် ဆက်လက်နေထိုင်ရန် ရုပ်ခန္ဓာတစ်ခုကို ချန်ထားခဲ့ပြီး သူ၏ ရွှေနတ်ခန္ဓာကိုယ်ကမူ ယွမ်ယုတိ၏ အိပ်ဆောင်ဆီသို့ ထွက်ခွာသွားခဲ့သည်။
လုချန်း ယွမ်ယုတိ၏ အိပ်ဆောင်ထဲသို့ ဝင်သွားလျှင် ယွမ်ယုတိသည် ကုတင်ထက်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး ကျင့်ကြံနေ၏။ သူမ၏ ပတ်ပတ်လည်၌ လမ်းစဉ်စွမ်းအားများ ဝဲပျံနေလျက်ရှိသည်။
လုချန်း ရောက်ရှိလာသည်ကို အာရုံခံမိလျှင် ယွမ်ယုတိက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး လုချန်းကို တည့်တည့် စိုက်ကြည့်လိုက်တော့သည်။
--
………….