အခန်း ၁၉၄၄
Vol. 130 Ch. 1944
အခန်း (၁၉၄၄ )
ကံစွမ်းအား ခိုးယူခြင်း
ယွမ်ယုတိ၏ ရေခဲတမျှ အေးစက်လှသော အကြည့်များ သူ့ထံသို့ ရောက်ရှိလာသည်ကို တွေ့မြင်လျှင် လုချန်းက နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး
“ဆရာ... ကျုပ်ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။”
“ချူးယောင့်မှာ ရင်သွေး ရှိသွားတာကို အားကျပြီး ဆရာလည်း တစ်ယောက်လောက် လိုချင်လို့လား။”
ယွမ်ယုတိက အေးစက်စွာ တုံ့ပြန်ခဲ့သည်။
“လကွယ်ရက် လမင်းမျှော်သလို စိတ်ကူးယဉ်မနေနဲ့။”
“ကျွန်မရဲ့ ကံစွမ်းအားကို ရှင့်ရဲ့ သမီးဆီ လွှဲပြောင်းခွင့်ပေးလိုက်တာတောင် ကျွန်မအတော်ရက်ရောနေပြီ။”
လုချန်းက
“ကျုပ်လည်း စမ်းကြည့်ရုံတင်ပါ။ တကယ် အောင်မြင်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။”
ယွမ်ယုတိက
“ရှင် အဲ့ဒီ နတ်လက်နက်ကို ဘယ်လိုရခဲ့လဲဆိုတာ ကျွန်မ မမေးတော့ဘူး။ ဒါပေမဲ့ နောက်တစ်ခါ ကျွန်မရဲ့ ကံစွမ်းအားကို မစုပ်ယူပါနဲ့လို့ သတိပေးချင်တယ်။”
လုချန်းတွင် ကံစွမ်းအားကို စုပ်ယူနိုင်သော နတ်လက်နက်တစ်ခု ရှိနေခြင်းမှာ သူမအဖို့ လျစ်လျူရှု၍ မရနိုင်သော အရာတစ်ခု ဖြစ်သည်။
ဒီလူက သူမ၏ ကံစွမ်းအားကို တိတ်တဆိတ် ခိုးယူနေမလားဆိုတာ ဘယ်သူသိနိုင်မလဲ။
အထူးသဖြင့် သူမ သာယာမှုများထဲတွင် နစ်မျောကာ သတိလက်လွတ်ဖြစ်နေသည့် ချစ်တင်းနှောနေချိန်များတွင် သူမ၏ ခုခံမှုကို လျှော့ချမိရန် လွယ်ကူလှပြီး သူမ မသိအောင် ကံစွမ်းအားကို ခိုးယူရန် ခွင့်ပြုပေးသလို ဖြစ်နေနိုင်သည်။
ယွမ်ယုတိ၏ သတိပေးမှုကို ကြားရလျှင် လုချန်းက တဟားဟား ရယ်မောလိုက်ပြီးနောက်
“ချင်နတ်ဘုရားနိုင်ငံနဲ့ လျှို့ဝှက်လဝန်း နန်းတော်ရဲ့ ကံစွမ်းအားတွေက လက်ရှိမှာ တစ်သားတည်း ချိတ်ဆက်နေတာပဲ။ ကျုပ်က ဘာလို့ ဆရာ့ရဲ့ ကံစွမ်းအားကို တိတ်တဆိတ် စုပ်ယူရမှာလဲ။”
“ဆရာ့ရဲ့ ကံစွမ်းအားကို စုပ်ယူတာက ကျုပ်ရဲ့ ကိုယ်ပိုင်ကံစွမ်းအားကို ပြန်စုပ်ယူတာနဲအတူတူပဲလေ။ ကျုပ်က ဘာလို့ ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းသလို အဲ့ဒီလို လုပ်ရမှာလဲ။”
ထိုအရာကို ကြားရလျှင် ယွမ်ယုတိ ခဏခန့် စဉ်းစားလိုက်ပြီး အတန်ငယ် အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်...
နေပါဦး....
အကျိုးအကြောင်းဆီလျော်တယ် ဟုတ်လား...
သူမ၏ ကံစွမ်းအားကို စုပ်ယူခြင်းမှာ သူ့ကိုယ်ပိုင် ကံစွမ်းအားကို စုပ်ယူခြင်းနှင့် တူညီသည်ဟု ပြောခြင်းက ဘာသဘောလဲ။
လျှို့ဝှက်လဝန်း နန်းတော်နှင့် သူမကိုယ်တိုင်က သူ၏ ပိုင်ဆိုင်မှုများ ဖြစ်နေသည့်အလား ပိုင်စိုးပိုင်နင်း ပြောဆိုနေခြင်း ဖြစ်သည်။
ယွမ်ယုတိက ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ လုချန်းကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူမ သူ့ကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားခဲ့သည်။
ယွမ်ယုတိက ဘာစကားမှ မပြောပဲ စိုက်ကြည့်နေသည်ကို တွေ့မြင်လျှင် လုချန်းက
“ဆရာ... ကျုပ်တို့ ကျင့်စဉ်ကို ဆက်ပြီး ကျင့်ကြမလား”
ဟု စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
ယွမ်ယုတိ တကယ် ကျင့်ကြံလိုသော်လည်း သူ၏ တပည့်ဖြစ်သူက ယနေ့တင် ရင်သွေးလေး မွေးဖွားထားသည်ကို ထည့်သွင်းစဉ်းစားပြီး သူမ ယနေ့ညတွင် လုချန်းနှင့်အတူ ပျော်ပါးနေပါက အချိန်အခါ မသင့်တော်ဟု ထင်မြင်မိသည်။
သူမနှင့် လုချန်းတို့ အတူတကွ ကျင့်ကြံနေလျှင်တောင် သူ၏ အခြား ခန္ဓာကိုယ်တစ်ခုက ယဲ့ချူယောင်၏ ဘေးတွင် အဖော်ပြုပေးထားနိုင်ရင်တောင် ယနေ့ကတော့ ထိုသို့ပြုလုပ်ရန် မသင့်လျော်သေးပေ။
အဘယ့်ကြောင့်ဆိုသော် သူမ ကျင့်ကြံနေစဉ် လုချန်း၏ နတ်အာရုံကို များစွာ ထိန်းချုပ်ထား သဖြင့် သူ၏ နတ်အာရုံအပါ် အတန်ငယ် သက်ရောက်မှု ရှိနိုင်ပြီး ယဲ့ချူယောင်၏ ဘေးရှိ ခန္ဓာကိုယ်အပေါ်တွင် အပြည့်အဝ အာရုံစိုက်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ယွမ်ယုတိက မည်သည့် မျက်နှာအမူအရာမှ မပြပဲ
“နတ်စွမ်းအားတွေ ပြန်လည်နိုးထလာတော့ ဒါက ကျင့်စဉ်အဆင့် တိုးတက်ဖို့ အကောင်းဆုံး အချိန်ပဲ။ ရှင့်ရဲ့ စိတ်ထဲမှာ တစ်နေ့လုံး မဖွယ်မရာ ကိစ္စတွေကိုပဲ တွေးမနေနဲ့။”
ထိုအရာကို ကြားရလျှင် လုချန်းက ပြုံး၍ “မဖွယ်မရာ ကိစ္စတွေ ဟုတ်လား။ အခု နှစ်ပေါင်းများစွာအတွင်း ဒီကိစ္စတွေကို ကျုပ်ထက်တောင် ဆရာက ပိုပြီး နှစ်သက်သဘောကျနေပုံရတယ်လို့ ကျုပ်ဘာလို့ ထင်နေရတာလဲ”
ဟု တုံ့ပြန်လိုက်သည်။
ထိုစကားကို ကြားရလျှင် ယွမ်ယုတိ၏ အေးစက်လှသော ပါးပြင်လေးများ အနည်းငယ် ရဲတက်သွားပြီး သူမက အေးစက်စွာဖြင့်
“တော်ပြီ... ရှင် သွားလို့ရပြီ။ ကျွန်မရဲ့ ကျင့်ကြံမှုကို လာပြီး မနှောင့်ယှက်နဲ့တော့။”
ထိုသို့ပြောပြီးနောက် ယွမ်ယုတိသည် သူမ၏ နတ်စွမ်းအားကို အသုံးပြုကာ လုချန်းအား အိပ်ဆောင်အတွင်းမှ အပြင်သို့ နှင်ထုတ်သလို ပို့ထုတ်လိုက်သည်။
ယွမ်ယုတိ၏ အိပ်ဆောင်အပြင်ဘက်တွင် ရပ်နေရင်း လုချန်း ပြုံးလိုက်မိသည်။ ဤအမျိုးသမီးသည် အဝတ်အစားများ ပြန်ဝတ်ပြီးသည်နှင့် မျက်နှာစိမ်းပမာ မည်သူ့ကိုမှ မသိတော့သည့်အလား ပြုမူတတ်ပေသည်။
ထားလိုက်ပါတော့...
ဒါက အနားယူဖို့ အကောင်းဆုံး အချိန်ပဲ...
မကြာသေးမီက ယွမ်ယုတိနှင့် ခဏခဏ စုံတွဲကျင့်စဉ်ကို ကျင့်ကြံခဲ့ခြင်းကြောင့် သူ၏ ကျင့်စဉ်အဆင့် အတန်ငယ် တိုးတက်လာခဲ့ပြီးဖြစ်၏။ ယခု သူ၏ ကံစွမ်းအားကို အားကိုး၍ အဆင့်တက်ရန် ကြိုးစားနိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်နိုင်သည်။
ထိုသို့ တွေးတောရင်း လုချန်းလည်း သူ၏ အာရုံကို ချက်ချင်း ပြောင်းလဲလိုက်သည်။
……
နောက်ခဏအကြာတွင်။
ချင်နတ်ဘုရားနိုင်ငံ၏ နန်းတော်။
မြေအောက်၌။
ကျင့်ကြံခြင်း အခန်းအတွင်းတွင်။
လုချန်း၏ ခန္ဓာကိုယ်တစ်ခုက သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ကောင်းကင်ဖွင့်တံဆိပ်တော်ကို ထုတ်ယူလိုက်ပြီး ၎င်းပေါ်တွင် လှည့်ပတ်စီးဆင်းနေသော ကံစွမ်းအားများကို ကြည့်ရှုရင်း စိတ်ကူးသစ်တစ်ခု ရရှိလာခဲ့သည်။
ကောင်းကင်ဖွင့်တံဆိပ်တော်ကို အသုံးပြု၍ အခြားသူများ၏ ကံစွမ်းအားကို စုပ်ယူလျှင် ထိုအင်အားစုများ၏ ခေါင်းဆောင်များက အလွယ်တကူ သိနိုင်သော်လည်း အကယ်၍ သူက ၎င်းကို ဖုံးကွယ်ထားမည်ဆိုပါက မည်သူမှ မသိနိုင်ပေ။
ဥပမာ နယ်မြေကို အရင် ချဲ့ထွင်ပြီးမှ ထိုအင်အားစုများ၏ ကံစွမ်းအားကို စုစည်းခြင်းမျိုး လုပ်ဆောင်လျှင် မည်သူမှ သူ၏ စုပ်ယူမှုကို သတိထားမိလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းသည် ချင်နတ်ဘုရားနိုင်ငံရှိ နတ်များ၏ ကံစွမ်းအားကို စုပ်ယူရန် ကောင်းကင်ဖွင့်တံဆိပ်တော်ကို စတင် လှုံ့ဆော်လိုက်သည်။
ကံစွမ်းအားကို ယေဘုယျအားဖြင့် ပုဂ္ဂိုလ်ရေး ကံစွမ်းအားနှင့် အင်အားစုတစ်ခုလုံး၏ အလုံးစုံ ကံစွမ်းအားဟူ၍ နှစ်မျိုး ခွဲခြားထားပြီး ဤနှစ်မျိုးမှာ အပြန်အလှန် ဖေးမဖြည့်ဆည်းပေးကြသည်။
လုချန်းသည် ယခုအခါ ပုဂ္ဂိုလ်ရေး ကံစွမ်းအားကို စုပ်ယူရန် ကောင်းကင်ဖွင့်တံဆိပ်တော်ကို အသုံးပြုနေခြင်း ဖြစ်၏။ ကံစွမ်းအားကို အလွန်အကျွံ စုပ်ယူပါက ချင်နတ်ဘုရားနိုင်ငံရှိ နတ်များ၏ ကျင့်ကြံမှုကို ထိခိုက်စေနိုင်ကြောင်း သူ ကောင်းစွာ သိထားသောကြောင့် နတ်တစ်ပါးချင်းစီထံမှ အနည်းငယ်စီသာ စုပ်ယူခဲ့သည်။
တစ်ဦးချင်းစီထံမှ စုပ်ယူရရှိသော ကံစွမ်းအားမှာ အလွန်နည်းပါးသော်လည်း ချင်နတ်ဘုရားနိုင်ငံရှိ နတ်အားလုံးထံမှ ကံစွမ်းအားများ စုစည်းလိုက်သောအခါတွင်တော့ မိုးစက်မိုးပေါက်များ အိုင်ထွန်းသလို အတော်အတန် များပြားလှသော ပမာဏ ဖြစ်လာခဲ့သည်။
မကြာမီတွင် ကောင်းကင်ဖွင့်တံဆိပ်တော်ထံမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ခဏခန့် ကြာပြီးနောက် ထိုရွှေရောင်အလင်းတန်းသည် ခရမ်းရောင် အလင်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
အတန်ငယ် လုံလောက်ပြီဟု ခံစားရသောအခါ ကောင်းကင်ဖွင့်တံဆိပ်တော်ဖြင့် စုပ်ယူထားသော ကံစွမ်းအားအားလုံးကို သူကိုယ့်သူ လွှဲပြောင်းပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ကျင့်စဉ်အဆင့် အတားအဆီးများ လျော့ရဲသွားသလို ခံစားလိုက်ရသည်။
နည်းနည်းမှ တုံးဆိုင်းမှု မရှိပဲ လုချန်း မျက်လုံးများကို စုံမှိတ်ပိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများကို လှည့်ပတ်ကာ ရွှေနတ်အဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားလိုက်သည်။
စုစည်းထားသော ကံစွမ်းအားကြောင့် လားမသိ လုချန်း၏ အဆင့်တက်ခြင်းက အလွန် ချောမွေ့လှသည်။ ခဏခန့်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထံမှ နတ်ဘုရင်ခံတစ်ပါး၏ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
သူကိုယ်တွင်းရှိ စွမ်းအားများကို ခံစားမိပြီးနောက် လုချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤကံစွမ်းအားမှာ တကယ်ပင် ထိရောက်လှပေသည်။နတ်ဘုရားနိုင်ငံတစ်နိုင်ငံ၏ ကံစွမ်းအားကို စုစည်းခြင်းက သူ့ကို နတ်ဘုရင်ခံအဆင့်သို့ တိုက်ရိုက် တက်ရောက်ရန် ဖေးမကူညီပေးခဲ့သည်။
သူသည် နတ်ဘုရင်ခံအဆင့်၏ အလှည့်အပြောင်းသို့ ရောက်ရှိနေပြီဟု ခံစားထားရသော်လည်း သူ၏ အစက ကျင့်ကြံမှု အရှိန်အဟုန်အရဆိုပါက ရွှေနတ်အဆင့်မှ နတ်ဘုရင်ခံအဆင့်သို့ တက်ရောက်ရန် နှစ်ပေါင်း ရာချီ ကြာမြင့်မည် ဖြစ်သည်။
မှန်ပါသည်။ နတ်တစ်ပါးအတွက် နှစ်ပေါင်း ရာချီဟူသည်မှာ မျက်စိတစ်မှိတ်ကာလှမျှသာ ဖြစ်သော်လည်း ကစဉ့်ကလျား ပင်လယ်ထဲမှ သူ၏ ဇနီးများနှင့် သားသမီးများကို ပြန်လည် ခေါ်ဆောင်လိုစိတ် ပြင်းပြတောက်လောင်နေသော လုချန်းအတွက်တော့ နှစ်ပေါင်း ရာချီဟူသည်မှာ ကမ္ဘာပျက်ကပ်ကြီးအလား အလွန် ရှည်လျားလွန်းလှသည်။
ကောင်းကင်ဖွင့်တံဆိပ်တော်ကို ပြန်လည်သိမ်းဆည်းပြီး နောက်တစ်ခဏ၌ လုချန်း၏ ခန္ဓာကိုယ်သည် နန်းတွင်းစာကြည့်ဆောင်အတွင်း၌ ရုတ်ချည်း ပေါ်လာခဲ့၏။ ထို့နောက် သူက လုကျန့်ကျီကို ထိုနေရာ၌ လာရောက်တွေ့ဆုံရန် နတ်အာရုံဖြင့် ဆင့်ခေါ်လိုက်သည်။
ခဏခန့်အကြာတွင် လုကျန့်ကျီ နန်းတွင်းစာကြည့်ဆောင်သို့ ရောက်ရှိလာပြီး
“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”
လုချန်းက ခပ်အေးအေးပင်
“ထပါ”
“ကျန့်ကျီ... ကျုပ် ခင်ဗျားကို ချင်နတ်ဘုရားနိုင်ငံအတွင်းက နတ်တွေရဲ့ အခြေအနေကို ခဏခန့် စောင့်ကြည့်စေချင်တယ်။”
လုချန်း၏ စကားကို ကြားလျှင် လုကျန့်ကျီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
နတ်များ၏ အခြေအနေကို စောင့်ကြည့်ရမယ် ဟုတ်လား။
ချက်ချင်းပင် လုကျန့်ကျီက စိတ်ကို တည်ငြိမ်စွာဖြင့်
“ဘုရင်ကြီး... တစ်စုံတစ်ယောက်က ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ သံသယရှိလို့လား”
ဟု မေးလိုက်သည်။
လုချန်းက
“အဲ့လိုတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ နတ်စွမ်းအားတွေ ရုတ်တရက် ပြန်လည်နိုးထလာတာကြောင့် အဆင့်တက်ခါနီးဖြစ်နေတဲ့ နတ်တွေ အမြောက်အမြား ရှိလာနိုင်တယ်။ ဒါကြောင့် ခင်ဗျားကို အခြေအနေတွေကို စောင့်ကြည့်စေချင်တာပဲ”
ဟု ပြန်လည်တုံ့ပြန်လိုက်သည်။
လုကျန့်ကျီက ချက်ချင်းပင်
“နားလည်ပါပြီ ဘုရင်ကြီး။”
ဤနတ်စွမ်းအားများ ပြန်လည်နိုးထလာပြီးနောက် အချို့သော နတ်များ နတ်ဘုရင်ခံ နယ်ပယ်သို့ တက်ရောက်သွားနိုင်ပြီး၊ အချို့သော နတ်ဘုရင်ခံများမှာလည်း နတ်ဘုရင်အဆင့်သို့ တက်လှမ်းသွားနိုင်ရာ တစ်ချိန်တည်းတွင် အစွမ်းထက်ပုဂ္ဂိုလ်များ အလွန်အကျွံ ထွက်ပေါ်လာပါက ချင်နတ်ဘုရားနိုင်ငံ၏ တည်ငြိမ်မှုကို နှောင့်ယှက်ထိခိုက်နိုင်မည်ကို လုချန်း စိုးရိမ်နေခြင်းဖြစ်မည်ဟု လုကျန့်ကျီ၏ စိတ်ထဲ ထင်မှတ်နေခဲ့ခြင်းဖြစ်သည်။
အမှန်စင်စစ် လုချန်း စိုးရိမ်နေသည်မှာ လုကျန့်ကျီ စိတ်ကူးနေသည့် အကြောင်းပြချက်များကြောင့် မဟုတ်ပေ။ ကံစွမ်းအားကို စုပ်ယူလိုက်ခြင်းကြောင့် ထိုနတ်များအတွက် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားစေခြင်း ရှိမရှိကို သိချင်ရုံသာ ဖြစ်သည်။
အဆုံးတွင်တော့ သူတို့သည် နတ်ဘုရားနိုင်ငံ၏ လက်အောက်ခံများ ဖြစ်ကြ၏။ သူတို့၏ ကံစွမ်းအား အားနည်းသွားခြင်းကြောင့် ဘေးဒုက္ခပြဿနာများနှင့် ရင်ဆိုင်ရခြင်း သို့မဟုတ် သူတို့၏ အစွမ်းသတ္တိများ ကျဆင်းသွားခြင်းမျိုး ဖြစ်ပေါ်လာပါက ၎င်းမှာ ချင်နတ်ဘုရားနိုင်ငံအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
နတ်ဘုရားနိုင်ငံ၏ အလုံးစုံ စွမ်းအား လျော့နည်းသွားပါက ချင်နိုင်ငံ၏ ကံစွမ်းအားကိုလည်း ရိုက်ခတ် သက်ရောက်မှုများ ရှိလာမည် ဖြစ်ပြီး ချင်နိုင်ငံ၏ ကံစွမ်းအားနှင့် ဆက်စပ်နေသော လုချန်းကိုပါ ထိခိုက်လာမည် ဖြစ်သည်။ ထို့ကြောင့် သူက လုကျန့်ကျီအား လာမည့်ရက်များတွင် ချင်နတ်ဘုရားနိုင်ငံရှိ နတ်များ မည်သို့ ဖြစ်ပျက်လာမည်ကို အာရုံစိုက် စောင့်ကြည့်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
--
…………..