အခန်း ၁၉၄၅
Vol. 130 Ch. 1945
အခန်း (၁၉၄၅ )
မိစ္ဆာရိပ် နတ်ဘုရင်၏ တွက်ဆချက်များ
လုချန်းသည် ကျင့်စဉ်အဆင့် တက်ရောက်အောင်မြင်ပြီးနောက်ပိုင်း နှစ်များတွင် ချင်နတ်ဘုရား နိုင်ငံရှိ နတ်များ၏ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့၏။ သို့သော်လည်း ကံစွမ်းအား အနည်းငယ် လျော့နည်းသွားခြင်းက ထိုနတ်များအပေါ် ဆံခြည်တစ်မျှင်စာခန့်သာ သက်ရောက်မှု အနည်းငယ်သာ ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းမှာ အဓိကအားဖြင့် ချင်နတ်ဘုရား နိုင်ငံတွင် ကံစွမ်းအားများ မြောက်မြားစွာ ရှိနေသောကြောင့် ဖြစ်၏။ သူသည် နတ်များ၏ ကံစွမ်းအား အချို့ကို စုပ်ယူခဲ့သော်လည်း ချင်နိုင်ငံ၏ ကံစွမ်းအား ကောင်းချီးပေးမှုကြောင့် ထိုနတ်များ နတ်ဘုရား နိုင်ငံ၏ လက်အောက်ခံ မဖြစ်မီကထက်ပင် ပိုကြွယ်ဝနေခြင်း သို့မဟုတ် တူညီနေခြင်းမျိုး ဖြစ်နေသည်။
ကံစွမ်းအားကို စုပ်ယူခြင်းက ချင်နိုင်ငံ၏ နတ်များအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိသည်ကို တွေ့မြင်လျှင် လုချန်း ရင်ထဲ စိတ်သက်သာရာ ရသွားတော့၏။
ဟုတ်ပါသည်။ လောဘနောက်ပြီး ဒုတိယအကြိမ် ထပ်မံစုပ်ယူရန် လုချန်း၌ အစီအစဉ် လုံးဝမရှိပေ။ အကယ်၍ သူသာ လောဘတက်ပြီး ထပ်မံလုပ်ဆောင်ပါက သက်ရောက်မှု ရှိလာနိုင်သည်။
……
ကြယ်ရောင်တောက်ပသော ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ဖြစ်၏။
ချင်နတ်ဘုရား နိုင်ငံ။
မြို့တော်။
နန်းတော်၏ အပြင်ဘက်တွင် တစ္ဆေတစ် ကောင်သဖွယ် လျှို့ဝှက်ဆန်းကြယ်သော အရိပ်သဏ္ဌာန်တစ်ခု ပေါ်လာ၏။ ချင်နတ်ဘုရား နိုင်ငံ၏ စစ်သည်တော်များသည် ထိုလူကို လုံးဝ မမြင်လိုက်ရသည့်အလား ၎င်း၏ တည်ရှိမှုကို နည်းနည်းမှ သတိမပြုမိကြပေ။ ထိုအရိပ်သဏ္ဌာန် သူတို့အနီးမှ ဖြတ်သန်းသွားသည်ကိုလည်း နည်းနည်းမှ မခံစားမိခဲ့ပေ။
မိစ္ဆာရိပ် နတ်ဘုရင်သည် နန်းတော်အတွင်းရှိ စွမ်းအားများကို အာရုံခံကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားရသည်။ နန်းတော်ထဲတွင် အဘယ်ကြောင့် နတ်ဘုရင်ခံများ၏ အငွေ့အသက်များသာ ရှိနေရသနည်း။
သူ ကြားသိထားရသကဲ့သို့ပင် လုချန်း၏ ကျင့်စဉ်မှာ အလွန်ဆုံးရှိလှ နတ်ဘုရင် အဆင့်သာ ဖြစ်ပြီး ၎င်းမှာလည်း အမြဲတမ်း တည်တံ့နေခြင်း မဟုတ်သည်မှာ အမှန်ပဲလား။
ချင်နတ်ဘုရား နိုင်ငံသို့ ရောက်ရှိလာကတည်းက မိစ္ဆာရိပ် နတ်ဘုရင်သည် လုချန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။ လုချန်းသည် စက္ကူကျား တစ်ကောင်လို သူထင်ထားသလောက် ကြောက်စရာမကောင်းကြောင်းလည်း အလျင်အမြန်ပင် သိခဲ့ရသည်။
သူ စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ လုချန်း၏ စွမ်းအားမှာ ထူးထူးခြားခြား ကောင်းနေပုံမပေါ်ပဲ အကောင်းဆုံး အခြေအနေတွင်ပင် နတ်ဘုရင်တစ်ပါး၏ စွမ်းအားကိုသာ ပြသနိုင်၏။ သာမန်အခြေအနေတွင် သူသည် နတ်ဘုရင်ခံ အဆင့်အောက်တွင်သာ ရှိနေသည်။ နတ်ဘုရား နိုင်ငံကို တည်ထောင်စဉ်ကတည်းကလည်း သူ၏ ကျင့်စဉ်မှာ အလွန် မြင့်မားခြင်း မရှိခဲ့ပေ။
ယုတ္တိဗေဒအရ ပြောရလျှင် နတ်ဘုရား နိုင်ငံတစ်ခုကို တည်ထောင်ရန်အတွက် ပင်မကိုယ်သည် ချင်နတ်ဘုရား နိုင်ငံတွင် ကိုယ်တိုင်ကိုယ်ကျ ရှိနေရမည် ဖြစ်သည်။ မဟုတ်ပါက ကောင်းကင်လမ်းစဉ်၏ အသိအမှတ်ပြုခြင်းကို အရိပ်တောင် မြင်ရမည် မဟုတ်ပေ။
ထို့ကြောင့် လုချန်း၏ ကျင့်စဉ်မှာ တကယ်ပင် သာမန်မျှသာ ဖြစ်သော်လည်း သူ၏ ကျင့်စဉ်ကို နတ်ဘုရင်အဆင့်သို့ ယာယီမြှင့်တင်ပေးနိုင်သည့် တစ်စုံတခုသော လျှို့ဝှက်ကျင့်စဉ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်ဟု မိစ္ဆာရိပ် နတ်ဘုရင်ရင် သံသယဝင်လာမိ၏။
ကစဉ့်ကလျား ပင်လယ်မှ ထွက်လာပြီးနောက် လုချန်း၏ အခြေခံအုတ်မြစ်မှာ ဖန်ခွက်ကွဲသကဲ့သို့ ထိခိုက်ပျက်စီးသွားခဲ့သဖြင့် သူ၏ နတ်ဘုရင်ကျင့်စဉ်အဆင့်ကို ဆက်လက်ထိန်းသိမ်းမထားနိုင်ပဲ အန္တရာယ်နှင့် ကြုံတွေ့ရသည့် အခါမှသာ သူ၏ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး ထုတ်ဖော်နိုင်ခြင်း ဖြစ်မလား။
သူ စုဆောင်းရရှိခဲ့သော သတင်းအချက်အလက် အများစုမှာ ဝိညာဉ်ရှာဖွေပြီး ရရှိခဲ့ခြင်း ဖြစ်သဖြင့် ၎င်းတို့၏ တိကျမှန်ကန်မှုအပေါ် သူ အပြည့်အဝ ယုံကြည်မှု ရှိနေသည်။
သို့သော်လည်း ပဟေဠိဆန်းတစ်ခုလို သူ၏ စိတ်ထဲတွင် အခြားမေးခွန်းတစ်ခု ရှိနေသေး၏။ အကယ်၍ လုချန်း၏ ပင်မကိုယ်စွမ်းအား မထူးခြားပါက သူသည် အားလုံးကို ကျော်လွန်၍ သူတော်စင် အဆင့် နည်းဗျူဟာပုံစံ အင်းကွက်ကို မည်သို့ ရေးဆွဲနိုင်ခဲ့သနည်း။
လက်ရှိတွင် လုချန်းမှတစ်ပါး မည်သည့် နတ်သခင်မှ ထိုသူတော်စင် အဆင့် နည်းဗျူဟာပုံစံကို မရေးဆွဲနိုင်ကြသေးဟု သိထားကြ၏။ ယင်းက လုချန်း၏ နတ်အာရုံ စွမ်းအား မည်မျှကြီးမားကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
အကယ်၍ လုချန်း၏ နတ်အာရုံက ထိုမျှလောက် အစွမ်းထက်နေပါက သူ၏ ပင်မကိုယ် စွမ်းအားမှာ အနည်းဆုံး နတ်သခင် နယ်ပယ်သို့ ရောက်ရှိနေရမည် ဖြစ်၏။ သူက သူ၏ စစ်မှန်သော ကျင့်စဉ်ကို တမင်တကာ ဖုံးကွယ်ထားခြင်းများ ဖြစ်နေမလား။
ယခုအခါ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးတွင် လုချန်းတစ်ဦးတည်းသာ ထိုသူတော်စင် အဆင့် နည်းဗျူဟာပုံစံ အင်းကွက်ကို ရေးဆွဲနိုင်စွမ်းရှိသည်ဟု သိထားကြပြီး အင်အားစု အားလုံးက လုချန်း၏ ကိုယ်ပွားတစ်ခုကို သူတို့၏ အုပ်စုများသို့ ဖိတ်ခေါ်လိုနေကြသဖြင့် လုချန်း သူတော်စင် အဆင့် နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်သည်ဟူသောအချက်မှာ တကယ် ဖြစ်ရပေမည်။
ဤအခိုက်အတန့်တွင် မိစ္ဆာရိပ် နတ်ဘုရင်လည်း လမ်းနှစ်ခွကြား ရောက်သကဲ့သို့ စိတ်ဒွိဟ ဖြစ်နေမိသည်။ တစ်ဖက်တွင်လည်း သူသည် အောင်မြင်မှုကို သူ့ဘာသာ တစ်ဦးတည်း လက်ဝါးကြီးအုပ် ရယူလိုနေသည်။ အကယ်၍ လုချန်း၏ ပင်မကိုယ်က တကယ်ပင် အစွမ်းမထက်ပါက လုချန်းကို ပုန်းလျှိုးကွယ်လျှိုးမလုပ်ပဲ တိုက်ရိုက် လက်ဦးမှုယူ တိုက်ခိုက်ချင်နေမိသည်။
လုချန်းသည် သွေးဘိုးဘေး အလိုရှိနေသည့်သူ ဖြစ်ရာ လုချန်း၏ ပင်မကိုယ်ကို ဖမ်းဆီးနိုင်ပါက သွေးဘိုးဘေးပေးသော ဆုလာဘ်ကို ဧကန်မုချ ရရှိမည် ဖြစ်သည်။ ထိုအခါ သွေးဘိုးဘေး၏ အကူအညီဖြင့် နတ်သခင် နယ်ပယ်သို့ သူ အလျင်အမြန် တက်ရောက်အောင်မြင်သွားနိုင်သည်။
ထိုအခိုက်အတန့်တွင် မိစ္ဆာရိပ် နတ်ဘုရင်လည်း နက်နဲသော တွေးတောဆင်ခြင်မှုထဲသို့ နစ်ဝင်သွားပြီး သူစုဆောင်းထားသမျှ သတင်းအချက်အလက်များကို ဇကာတင် ပြန်လည် စိစစ်သုံးသပ်တော့၏။
ပထမဆုံးအနေနှင့် လုချန်းအား ရင်ဆိုင်ရန် သူ၏ စွမ်းအားကို အမှောင်ချ ဖုံးကွယ်ထားရန် မလိုအပ်ပေ။ အကယ်၍ လုချန်းသာ နတ်သခင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပါက ၎င်းကို အစကတည်းက ထုတ်ဖော်ပြသထားလိမ့်မည်ဖြစ်သည်။ သို့မှသာ သူ့အပါ် မသမာစိတ်ဖြင့် စောင့်ကြည့်နေသူများကို ဟန့်တားနိုင်မည် ဖြစ်သည်။
ထို့ပြင် နတ်ဘုရား နိုင်ငံတစ်ခုကို တည်ထောင်သည့်အခါ ပိုကြီးမားသော စွမ်းအားကို ပြသနိုင်ခြင်းက နိုင်ငံ နယ်မြေချဲ့ထွင်မှုအတွက် ပိုအကျိုးရှိစေမည် ဖြစ်၏။ မည်သည့် နတ်ဘုရား နိုင်ငံသခင်မှ နိုင်ငံကို တည်ထောင်ချိန်တွင် သူ၏ ကျင့်စဉ်ကို ဖုံးကွယ်ထားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လုချန်း၏ ကျင့်စဉ်မှာ တကယ်ပင် နတ်ဘုရင် အဆင့်အောက်၌သာ ရှိနေခြင်း ဖြစ်နိုင်သည်။
နတ်သခင်များပင် မရေးဆွဲနိုင်သည့် သူတော်စင် အဆင့် နည်းဗျူဟာပုံစံ အင်းကွက်များကို လုချန်း မည်သို့ ရေးဆွဲနိုင်သနည်း ဟူသည့်အချက်ကိုလည်း လွယ်လင့်တကူ ရှင်းပြ၍ ရနိုင်သည်။
ထိုသူတော်စင် အဆင့် နည်းဗျူဟာပုံစံမှာ အစကပင် လုချန်းထံမှ စီးဆင်းလာခြင်းဖြစ်ပြီး ဖြစ်နိုင်သည်မှာ သူသည် ပြည့်စုံသော သူတော်စင် အဆင့် နည်းဗျူဟာပုံစံ အင်းကွက်ကို ထုတ်မပြခဲ့ခြင်းကြောင့် မည်သည့် နတ်သခင်မှ ၎င်းကို အပြည့်အဝ မရေးဆွဲနိုင်ခြင်း ဖြစ်လိမ့်မည်။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ မြောက်မြားစွာသော နတ်သခင်များထဲတွင် လုချန်းတစ်ဦးတည်းသာ ထိုသူတော်စင် အဆင့် နည်းဗျူဟာပုံစံ အင်းကွက်ကို ပုံဖော်နိုင်သည်ဟု သူ လုံးဝမယုံကြည်ပေ။
များပြားလှသော နတ်သခင်များထဲတွင် နည်းဗျူဟာပုံစံများကို အထူးပြုနှိုက်နှိုက်ချွတ်ချွတ်လေ့လာသူများ ဧကန်မုချ ရှိနေမည် ဖြစ်သည်။ ၎င်းတို့ပင်လျှင် လုချန်းပေးထားသော သူတော်စင် အဆင့် နည်းဗျူဟာပုံစံကို ပုံမဖော်နိုင်ကြပါက ပြဿနာမှာ နည်းဗျူဟာပုံစံ အင်းကွက်ကိုယ်တိုင်၌သာ အရင်းတည်ရှိနေခြင်း ဖြစ်နိုင်သည်။
ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ မိစ္ဆာရိပ် နတ်ဘုရင်၏ ရင်ထဲ စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းထသွားပြီး လုချန်း၏ လှည့်ကွက်အသေးစားလေးကို ရိပ်မိသွားပြီဟုလည်း သူ ခံစားလိုက်ရ၏။
လုချန်းသည် ထျန်းရန် နတ်ဘုရား နယ်မြေတွင် သူ၏ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ထိုသူတော်စင် အဆင့် နည်းဗျူဟာပုံစံကို သူတစ်ဦးတည်းသာ ရေးဆွဲနိုင်သည်ဟူသော အထင်အမြင်မှားကို ဖန်တီးရန် အခြားသူများကို မစုံလင်သော သူတော်စင် အဆင့် နည်းဗျူဟာပုံစံ တမင် ပေးခဲ့ခြင်း ဖြစ်သည်ဟု သူ ပြင်းပြင်းထန်ထန် သံသယဝင်မိသည်။
မိစ္ဆာရိပ် နတ်ဘုရင် ပို၍တွေးတောလေလေ အမှောင်ထဲအလင်းမြင်သကဲ့သို့ သူတွက်ဆထားသည့်အချက်များ အမှန်တရားဖြစ်သည်ဟု ပို၍ ယုံကြည်လာလေလေ ဖြစ်နေ၏။ ဤအခိုက်အတန့်တွင် သူသည် လက်ဦးမှုယူ လှုပ်ရှားရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ လုချန်း၏ ပင်မကိုယ်ကို ဖမ်းဆီးနိုင်ခဲ့ပါက စွမ်းဆောင်မှု အားလုံးမှာ သူ၏ အပိုင် ဖြစ်လာပေလိမ့်မည်။
ထိုအတွေးနှင့်အတူ မိစ္ဆာရိပ် နတ်ဘုရင်သည် နည်းနည်းမှ တုံးဆိုင်းမှု မရှိပဲ လေညင်းပမာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲ၍ နန်းတော်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားတော့၏။
ချင်နန်းတော်အတွင်း၌ ကင်းလှည့်နေသော အစောင့်စစ်သည်များသည် မိစ္ဆာရိပ် နတ်ဘုရင်၏ တည်ရှိမှုကို လုံးဝ သတိမထားမိကြပေ။ မကြာခင်အချိန်အတွင်းမှာပင် သူသည် နန်းတွင်းစာကြည့်ဆောင်၏ အပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။
သူသည် စာကြည့်ဆောင်အတွင်းရှိ လုချန်း၏ အငွေ့အသက်ကို ရှင်းလင်းစွာ အာရုံခံမိနေ၏။
ထိုအချိန်တွင် လုချန်းသည် အာရုံစိုက်လျက် အရိုင်းနယ်မြေနှင့် ပတ်သက်၍ စုဆောင်းရရှိထားသော သတင်းအချက်အလက်များကို စိစစ်သုံးသပ်နေခြင်း ဖြစ်သည်။ ထိုစဉ် လေထုထဲ၌ သိမ်မွေ့လှသော မိစ္ဆာစွမ်းအား အစအနတစ်ခုကို သူ ရုတ်တရက် အာရုံခံမိလိုက်၏။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်သည့်အတွက် လုချန်းသည် မိစ္ဆာစွမ်းအားများကို အလွန်ပင် ထိလွယ်ရှလွယ် အာရုံခံနိုင်စွမ်း ရှိသည်။ တစ်ဖက်လူက ၎င်းကို ကောင်းစွာ ဖုံးကွယ်ထားသော်လည်း လုချန်းအတွက်ကတော့ ထိုမိစ္ဆာစွမ်းအား အစအနလေးတစ်ခုဆိုလျှင်ပင် အာရုံခံမိနေဆဲ ဖြစ်သည်။
လုချန်း ရင်ထဲထိတ်ခနဲဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။ မိစ္ဆာနတ်တစ်ပါး နန်းတော်ထဲ ခိုးဝင်လာတာလား။
ဘယ်လို မိစ္ဆာနတ်ကများ ဒီလောက်အထိ သတ္တိကောင်းနေရတာလဲ။
သူ နောက်ဆုံးအကြိမ် မိစ္ဆာနတ်များကို အောင်ပွဲခံနှိမ်နင်းခဲ့သည်မှာ တောင်ပိုင်းနယ်တွင် ဖြစ်သည်။ ထိုသူများထဲမှ တစ်ဦးဦးသည် ဤနေရာသို့ ခြေဦးလှည့်လာရဲလိမ့်မည် မဟုတ်ပေ။
အထူးသဖြင့် လျှို့ဝှက်လဝန်း နန်တော်အား ဖျက်စီးသည့် တိုက်ပွဲ၌ သွေးလင်းယုန်ခန်းမကို ပြင်းထန်စွာ အထိနာအောင် သူ ချေမှုန်းခဲ့ပြီးနောက်ပိုင်းတွင် ပို၍ပင် မဖြစ်နိုင်ပေ။ သွေးလင်းယုန်ခန်းမက ကလဲ့စားချေချင်သည်ဆိုလျှင်ပင် သူတို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် စွမ်းအားကို အရင်ဆုံး ဆန်းစစ်ကြရပေလိမ့်မည်။
အကယ်၍ ကလဲ့စားချေရန် မဟုတ်ပါက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ...
ထိုကျူးကျော်သူသည် လုချန်း ပိုင်ဆိုင်ထားသော အခွင့်အရေးများကို လိုချင်တပ်မက်၍ လာခြင်း ဖြစ်နိုင်သည်။
လက်ရှိတွင် ဖြောင့်မတ်သော အုပ်စုများက သူ့ကို အလွန်ပင် အရေးပါသည်ဟု သတ်မှတ်ထားကြသည်။ ၎င်းတို့သည် သူနှင့် ပတ်သက်သည့် အခွင့်အရေးများကို လိုချင်တပ်မက်နေကြလျှင်ပင် သူ့ကို လွယ်လွယ်ကူကူ လက်ဖျားနှင့်ပင် တို့ရဲကြမည် မဟုတ်ပေ။
မျက်စိမှိတ် နားပိတ်ထားသော မိစ္ဆာနတ်များသာလျှင် ထိုအချက်များကို ဂရုမစိုက်ပဲ နေကြလိမ့်မည်။ လောကကြီး တစ်ခုလုံး ကစဉ့်ကလျား ပျက်စီးသွားစေရန်သာ အလိုရှိကြသော မိစ္ဆာနတ်များကတော့ သတ္တဝါဆန်းများ ထျန်းရန် နတ်ဘုရား နယ်မြေကို ကျူးကျော်ဝင်ရောက်လာမည် ဆိုလျှင်ပင် ဂရုစိုက်ကြမည် မဟုတ်ပေ။
အကယ်၍ သူတို့သာ လုချန်းတွင် အခွင့်အရေးများ ရှိနေသည်ဟု သံသယဝင်ပါက ဧကန်မုချ လှုပ်ရှားလာကြမည် ဖြစ်သည်။
နန်းတော်အတွင်းသို့ ခိုးဝင်လာသော မိစ္ဆာနတ်၏ ရည်ရွယ်ချက်ကို လုချန်း တွက်ဆနေစဉ်မှာပင် မိစ္ဆာစွမ်းအားများ ပိုပြင်းထန်လာသည်ကို သူ သတိပြုမိလိုက်၏။
ယင်းက တစ်ဖက်လူ စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း ထိုမိစ္ဆာစွမ်းအားကို အာရုံခံမိခြင်းမှလွဲ၍ ကျူးကျော်သူ၏ မည်သည့်အရိပ်အယောင်ကိုမှ သူ၏ မျက်စိဖြင့် လုချန်း မမြင်ရသေးပေ။
--
…………