အခန်း ၁၉၄၆
Vol. 130 Ch. 1946
အခန်း( ၁၉၄၆ )
မထင်မှတ်ထားသော နတ်သခင်တစ်ပါး
ထိုခိုက်အတန့်တွင် မိစ္ဆာရိပ် နတ်ဘုရင်သည် နန်းတွင်းစာကြည့်ခန်း၏ တိုင်လုံးများမှ ကျရောက်နေသော အရိပ်မည်းများထဲ၌ ပုန်းကွယ်လျက် လုချန်းထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေ၏။
လုချန်းထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိသည်ကို တွေ့မြင်လျှင် လုချန်းသည် ဧကန်မုချ နတ်သခင်တစ်ပါး မဟုတ်နိုင်ဟု မိစ္ဆာအရိပ် နတ်ဘုရင်၏ ရင်ထဲ တထစ်ချ တွေးတောလိုက်၏။
အဘယ်ကြောင့်ဆိုသော် လုချန်းသည် ‘မျက်စိရှိသော်လည်း ကန်း၊ နားရှိသော်လည်း ပင်း’ ဆိုသကဲ့သို့ သူ၏ တည်ရှိမှုကိုပင် လုံးဝ ရိပ်မိနိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။
ထို့နောက် မိစ္ဆာအရိပ် နတ်ဘုရင်သည် လုချန်း၏ နတ်အာရုံကို စေ့စေ့စပ်စပ် အနည်းငယ် အာရုံခံကြည့်လိုက်ရာ လုချန်းထံမှ ထွက်ပေါ်နေသော နတ်အာရုံ အငွေ့အသက်မှာ အလွန် ပြည့်စုံနေကြောင်း ကွက်ကွက်ကွင်းကွင်း တွေ့ရှိလိုက်ရ၏။ ၎င်းက နန်းတွင်းစာကြည့်ခန်းထဲရှိ လုချန်းသည် ပင်မကိုယ် စင်စစ်ဧကန် ဖြစ်ရမည်ကို အထင်အရှား ညွှန်ပြနေပေသည်။
မိစ္ဆာအရိပ် နတ်ဘုရင် လှုပ်ရှားရန် ချိန်ရွယ်ပြင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် စကားဆိုလာ၏။
“ခင်ဗျား ရောက်နေမှတော့ ဘာလို့ အပြင်ကို ထွက်မလာတာလဲ”
လုချန်း၏ စကားကို ကြားလျှင် တိုက်ခိုက်ရန် ပြင်နေသော မိစ္ဆာအရိပ် နတ်ဘုရင်လည်းခဏခန့် မှင်တက်သွား၏။
လုချန်းက သူ့ကို တကယ်ပဲ ရိပ်မိသွားခြင်းလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ၏ ပုန်းကွယ်ခြင်း ပညာမှာ အတုမရှိ အလွန် ထူးချွန်ပြောင်မြောက်လှ၏။ သူ ပုန်းလိုက်လျှင် နတ်သခင်တစ်ပါးပင်လျှင် သူ့ကို ဖုန်မှုန့်ရှာရသကဲ့သို့ ထောက်လှမ်းမိရန် ခက်ခဲရလိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုနတ်သခင်၏ နတ်အာရုံက အလွန် အားကောင်းနေပါက အချို့သော သဲလွန်စများကို အာရုံခံမိနိုင်သည်မှာတော့ အမှန်ပင် ဖြစ်၏။
၎င်းက လုချန်းသည် တကယ်ပင် နတ်သခင်တစ်ပါး ဖြစ်နေသည်ဟု ဆိုလိုခြင်းလား။
မဖြစ်နိုင်ပေ။
မိစ္ဆာအရိပ် နတ်ဘုရင်သည် ထိုအတွေးကို ချက်ချင်းပင် ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်၏။ သူသည် သူ၏ နဂို ယူဆချက်ကိုသာ အခိုင်အမာ ဆွဲကိုင်ယုံကြည်ထားသည်။
သို့သော် တစ်ချိန်တည်းမှာပင် အခြားဖြစ်နိုင်ခြေများကိုလည်း သူ လျစ်လျူမရှုရဲပေ။
အကယ်၍ လုချန်းသာ တကယ် နတ်သခင်တစ်ပါး ဖြစ်နေပါက သူ တိုက်ပွဲကို စတင်လိုက်သည်နှင့် သားရဲတွင်းထဲ ဆင်းမိသကဲ့သို့ ချင်နန်းတော်ကြီးအတွင်းမှ ပြန်လည် ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသည်နှင့် ပစ်ပြီးသားမြှားကဲ့သို့ နောက်ကြောင်းပြန်လှည့်၍ မရတော့ပဲ ရှေ့သို့သာ ဆက်ရပေတော့မည်။
မိစ္ဆာအရိပ် နတ်ဘုရင်က အပြင်သို့ ထွက်မလာသေးသည်ကို တွေ့မြင်လျှင် လုချန်း ခပ်ဖွဖွ ရယ်မောလိုက်၏။
နန်းတော်ထဲသို့ ခိုးဝင်လာသော ထိုသူသည် တကယ်ပင် ပုန်းကွယ်ရာ၌ ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ နတ်ဘုရား နိုင်ငံ၏ သခင်တစ်ဦးအနေနှင့် လုချန်း၏ နန်းတော်အပေါ် ထိန်းချုပ်မှုက အလွန် အားကောင်းလှပြီး အတွင်းရှိ အသေးငယ်ဆုံး လှုပ်ရှားမှုများကိုပင် သူ သိနိုင်သည်။
သို့သော်လည်း ယခုအချိန်အထိ လုချန်းသည် ကျူးကျော်သူ၏ တည်နေရာကို တိတိကျကျ မသိရသေးပေ။ ထိုမိစ္ဆာစွမ်းအား အငွေ့အသက်ကို အာရုံခံမိခြင်း မရှိပါက နန်းတော်ထဲသို့ တစ်စုံတစ်ဦး ဝင်ရောက်လာကြောင်းကိုပင် သူ သိလိမ့်မည်မဟုတ်ပေ။
ပုန်းကွယ်နေသောသူက အပြင်ထွက်ရန် ရည်ရွယ်ချက် မရှိသည်ကို တွေ့မြင်လျှင် လုချန်းလည်း နည်းနည်းမှ တုံးဆိုင်းမနေတော့ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို တိုက်ရိုက် အသုံးပြုလိုက်၏။
နောက်တစ်ခဏ၌ ရဲရဲနီသော အလင်းရောင်များ တောက်ပနေသည့် ဆီမီးအိမ် အမြောက်အမြား နန်းတွင်းစာကြည့်ခန်း တစ်ခုလုံးတွင် ပြည့်နှက်သွား၏။ ထိုဆီမီးအိမ်များ ပေါ်လာသည်နှင့်အတူ လေထုထဲ၌ ပျံ့နှံ့နေသော မိစ္ဆာစွမ်းအားများကို ဆီမီးအိမ်များက ရူးသွပ်စွာ စုပ်ယူပစ်လိုက်ရာ မိစ္ဆာရိပ် နတ်ဘုရင်အနေနှင့် ဆက်လက် ပုန်းကွယ်နေရန် မဖြစ်နိုင်တော့ပေ။
ဆီမီးအိမ်များမှ ထွက်ပေါ်လာသော နီရဲသည့် အလင်းရောင်က မိစ္ဆာရိပ် နတ်ဘုရင်၏ ဝေဝါးသော အရိပ်ကိုယ်ထည်ကို ချက်ချင်းပင် ဖော်ထုတ်ပစ်လိုက်၏။ သူသည် အရိပ်တစ်ခုကဲ့သို့သာ ပေါ်လာသော်လည်း လူတစ်ယောက် ဖြစ်ကြောင်းတော့ ထင်ရှားလှပေသည်။
သူ့ကိုယ်သူ ဖော်ထုတ်ခံလိုက်ရကြောင်း သိလိုက်ရလျှင် မိစ္ဆာအရိပ် နတ်ဘုရင်လည်း ဆက်လက် ဟန်ဆောင်မနေတော့ပဲ အေးစက်စွာ လှောင်ပြုံးပြုံးလျက် စကားဆိုလိုက်၏။
“ကျုပ် ခင်ဗျားကို အထင်သေးမိသွားတာပဲ။”
နောက်တစ်ခဏ၌ မိစ္ဆာအရိပ် နတ်ဘုရင်သည် မိစ္ဆာစွမ်းအားများကို စုစည်းကာ လုချန်းအား တိုက်ခိုက်လိုက်တော့၏။
သူ၏ထံသို့ ပြေးဝင်လာသော လူရိပ်ကို ကြည့်ပြီး လုချန်းက တည်ငြိမ်စွာ စကားဆိုလိုက်၏။
“ခင်ဗျားက တကယ့်ကို သတ္တိရှိတာပဲ။ နတ်ဘုရား နိုင်ငံရဲ့ နယ်မြေထဲမှာ နိုင်ငံရဲ့ အရှင်သခင်ကို တိုက်ခိုက်ရဲတယ်ပေါ့။”
အထူးသဖြင့် နိုင်ငံ၏ မြို့တော်အတွင်း၌ဆိုလျှင် နတ်ဘုရား နိုင်ငံ၏ သခင်တစ်ဦးသည် ပုံမှန်ထက် နှစ်ဆမက ပိုအားကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
မိစ္ဆာအရိပ် နတ်ဘုရင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
“ခင်ဗျားက ကိုယ့်ကိုယ်ကို ဟန်ကိုယ့်ဖို့ လုပ်နေတာပဲ။ ခင်ဗျား နာမည်ကြီးတာ အလကားပါ။ တကယ်တော့ ခင်ဗျားက အလွန်ဆုံးရှိလှ နတ်ဘုရင် အဆင့်ပဲ ရှိမှာပါ။”
“ခင်ဗျား တခြားလူတွေကို လှည့်စားနိုင်ရင်လည်း ကျုပ်ကိုတော့ လှည့်စားလို့ မရဘူး။”
“ဝိညာဉ်နှိုက်လက်သည်း”
နောက်တစ်ခဏ၌ လွှမ်းမိုးချုပ်ကိုင်လွန်းသော မိစ္ဆာစွမ်းအားများ နန်းတွင်းစာကြည့်ခန်း တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ လုချန်းထံသို့ ကုတ်ဆွဲလိုက်၏။
သို့သော်လည်း လုချန်း လှုပ်ရှားမှု မပြုလုပ်ရသေးမီမှာပင် နန်းတွင်းစာကြည့်ခန်း တစ်ခုလုံး၌ ပြည့်နှက်နေသော ဆီမီးအိမ်များက လေထုထဲရှိ မိစ္ဆာစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူလိုက်ကြပြန်၏။
သူ၏ မိစ္ဆာစွမ်းအားများ ပျောက်ကွယ်သွားသည်ကို ခံစားမိလျှင် လုချန်း၌ သူ့ကို ဖိနှိပ်ချုပ်ချယ်နိုင်သော နတ်နိယာမတစ်ခု ရှိနေကြောင်း မိစ္ဆာအရိပ် နတ်ဘုရင် ချက်ချင်း နားလည်လိုက်၏။
သို့သော် ထိုအချက်နှင့် ပတ်သက်၍ သူ အလွန် ထိတ်လန့်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ စုံစမ်းရရှိထားသော သတင်းအချက်အလက်များအရ လုချန်း၏ နတ်နိယာမသည် သူ၏ မိစ္ဆာစွမ်းအားကို ဖိနှိပ်နိုင်ကြောင်း သိထားပြီးဖြစ်သောကြောင့် ဖြစ်၏။
သို့သော် သူသည် သွေးဘိုးဘေး၏ အနှစ်သာရသွေးဖြင့် ပေါင်းစပ်သန့်စင်ထားသော နတ်ဘုရင်တစ်ပါး ဖြစ်၏။ သူသည် သာမန် နတ်ဘုရင်တစ်ပါး မဟုတ်ပေ။
ထို့ကြောင့် လုချန်းတွင် သူ့ကို ဖိနှိပ်နိုင်သည့် နတ်နိယာမ ရှိနေလျှင်ကော ဘာဖြစ်သနည်း။
ထို့နောက် မိစ္ဆာအရိပ် နတ်ဘုရင်သည် သူ၏ မိစ္ဆာစွမ်းအား အားလုံးကို အားမာန်အပြည့် ထုတ်ဖော်ကာ လုချန်းထံသို့ ဆက်လက် တိုက်ခိုက်လိုက်၏။
မိစ္ဆာစွမ်းအား လက်သည်းကြီးက လုချန်းထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေချိန်တွင် လုချန်းက တည်ငြိမ်စွာပင်
“ကဲ... လှုပ်ရှားလို့ရပြီ။”
ထိုစကားများကို ကြားလျှင် မိစ္ဆာအရိပ် နတ်ဘုရင် ခဏခန့် ကြောင်အမ်းသွား၏။ သို့သော် သူ တုံ့ပြန်ရန် မပြင်နိုင်သေးမီမှာပင် တောင်ပြိုကျလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူ၏အပေါ်သို့ ကျရောက်လာသဖြင့် သူ၏မျက်နှာအမူအရာမှာ အလွန် ပျက်ယွင်းသွားတော့၏။
ဒါက...
နတ်သခင်တစ်ပါးရဲ့ အငွေ့အသက်လား။
ဒါက ဘာဖြစ်တာလဲ။
ချင်နတ်ဘုရား နိုင်ငံက နတ်သခင်တစ်ပါးကို ဘယ်ကနေ ရလာတာလဲ။
သူ စုဆောင်းထားတဲ့ သတင်းတွေထဲမှာ နတ်သခင်တစ်ပါး ရှိနေတယ်ဆိုတာမျိုး လုံးဝ မပါခဲ့ပေ။
လုချန်းသည် မိစ္ဆာအရိပ် နတ်ဘုရင်ကို သူ့လက်ဖြင့် ကိုင်တွယ်ရန် စိတ်မပါပေ။ နတ်သခင်ဝမ်ရှု ရှိနေသဖြင့် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များ၌ သူ ပါဝင်ပတ်သက်ရန် မလိုအပ်ချေ။
မိစ္ဆာအရိပ် နတ်ဘုရင်သည် အိပ်မက်မှနိုးလာသကဲ့သို့ အသိစိတ် ပြန်ဝင်လာပြီး ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် သူသည် နန်းတွင်းစာကြည့်ခန်းထဲ၌ မရှိတော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။
သူ၏ ရှေ့မှောက်တွင် ရှေးဟောင်းဆန်ပြီး ခြောက်ခြားဖွယ် ကောင်းလှသော အငွေ့အသက်များ ထွက်ပေါ်နေသည့် ပျက်စီးယိုယွင်းနေသော အဆောက်အအုံ အပျက်အစီး အမြောက်အမြား ရှိနေကြောင်းသာ တွေ့လိုက်ရသည်။
ထိုပျက်စီးခြင်း နယ်မြေများပေါ်တွင် ခြောက်ကပ်လှသော ဂူသင်္ချိုင်းများ ရှိနေပြီး တစ္ဆေခြောက်သည့်သုသာန်ကဲ့သို့ အလွန်ပင် ထူးဆန်းခြောက်ခြားဖွယ် ကောင်းနေ၏။
မိစ္ဆာအရိပ် နတ်ဘုရင်၏ မျက်နှာ ပို၍ပင် ပျက်ယွင်းသွားပြီ နတ်သခင်၏ ဝိညာဉ်နယ်ပယ်အတွင်းသို့ သူ ဆွဲသွင်းခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။ သူသည် သွေးဘိုးဘေး၏ အနှစ်သာရသွေးဖြင့် ပေါင်းစပ်သန့်စင်ခြင်း ခံထားရသော်လည်း နတ်သခင်တစ်ပါးကို ယှဉ်နိုင်စွမ်း မရှိကြောင်းကိုတော့ ကောင်းကောင်း နားလည်ထားသည်။
ထို့ကြောင့် မိစ္ဆာအရိပ် နတ်ဘုရင်လည်း နည်းနည်းမှ တုံးဆိုင်းမှု မရှိပဲ ချက်ချင်း အသနားခံလိုက်တော့သည်။
“နတ်သခင်... ကျုပ် အညံ့ခံပါ့မယ်။ ကျုပ်အသက်ကို ချမ်းသာပေးပါ။”
မိစ္ဆာအရိပ် နတ်ဘုရင်က ထိုမျှလွယ်လွယ်ကူကူ အညံ့ခံသည်ကို တွေ့မြင်လျှင် နတ်သခင်ဝမ်ရှု၏ ပုံရိပ် သူ၏ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။ နတ်သခင်ဝမ်ရှု ပေါ်လာသည့် အခိုက်အတန့်တွင် မိစ္ဆာအရိပ် နတ်ဘုရင်အပေါ် ကျရောက်နေသော ဖိအားသည် အဆပေါင်းများစွာ တိုးမြင့်လာပြီး သူ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားစေတော့၏။
နောက်တစ်ခဏ၌ နတ်သခင်ဝမ်ရှု၏ ဝိညာဉ်နယ်ပယ် ပျောက်ကွယ်သွားပြီး နန်းတွင်းစာကြည့်ခန်းထဲသို့ သူတို့ ပြန်ရောက်ရှိသွားကြသည်။
မြေပြင်ပေါ်တွင် ဝပ်စင်းနေသော မိစ္ဆာအရိပ် နတ်ဘုရင်ကို ကြည့်ကာ ထိုသူ၏ သရုပ်မှန်ကို ခွဲခြားသိနိုင်ရန် စနစ်ကို လုချန်း ချက်ချင်း အသုံးပြုလိုက်၏။ မိစ္ဆာအရိပ် နတ်ဘုရင်သည် သွေးလင်းယုန်ခန်းမမှ ဖြစ်ကြောင်း သိလိုက်လျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။
ဤလူက တကယ်ပဲ သွေးလင်းယုန်ခန်းမကလား။
သူ မိစ္ဆာစွမ်းအားကို စတင် အာရုံခံမိစဉ်က သူ၏ ပထမဆုံး အတွေးမှာ သွေးလင်းယုန်ခန်းမ ဖြစ်ခဲ့သည်။ သို့သော် သူသည် သွေးလင်းယုန်ခန်းမကို ပြင်းထန်စွာ အထိနာအောင် ချေမှုန်းထားပြီးဖြစ်ကြောင်း ပြန်လည် သတိရလိုက်သဖြင့် ကျူးကျော်သူ ထိုနေရာမှ မိစ္ဆာနတ်တစ်ပါး ဖြစ်နိုင်ခြေကို အစောကတည်းက ဖယ်ထုတ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် မထင်မှတ်ပဲ ထိုမိစ္ဆာနတ်သည် သွေးလင်းယုန်ခန်းမမှ ဖြစ်နေသည်။
ထို့နောက် လုချန်းက
“သွေးလင်းယုန်ခန်းမက တကယ့်ကို သင်ခန်းစာ မရသေးဘူးပဲ။ ခင်ဗျားတို့ လျှို့ဝှက်လဝန်း နန်းတော်ကို တိုက်ခိုက်တုန်းက ကျုပ် သွေးလင်းယုန်ခန်းမကို ပြင်းပြင်းထန်ထန် အထိနာအောင် ချေမှုန်းခဲ့ပြီးပြီ။ ဒါတောင် အခု ကျုပ်ကို ထပ်ပြီး လာနှောင့်ယှက်ရဲသေးတယ်ပေါ့။”
ထိုအရာကို ကြားလျှင် မိစ္ဆာအရိပ် နတ်ဘုရင်က ပျာပျာသလဲ ပြောလိုက်၏။
“ဘုရင်ကြီး... ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ် ရောက်လာရတာက သွေးမိစ္ဆာ နတ်သခင် အတင်းအကျပ် စေခိုင်းတာခံရလို့ပါ။”
ထိုအရာကို ကြားလျှင် လုချန်း အံ့အားသင့်သွားရပြန်၏။
သွေးမိစ္ဆာ နတ်သခင် ဟုတ်လား။
သူ့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် သွေးမိစ္ဆာ နတ်ဘုရင်က တကယ်ပင် အဆင့်တက်ပြီး နတ်သခင်တစ်ပါး ဖြစ်လာခဲ့တာလား။
လုချန်းက ဆက်လက် မေးမြန်းလိုက်၏။
“ကျုပ် တကယ်ကို သိချင်မိတယ်။ သူ ခင်ဗျားကို ဘာလို့ အရိုင်းနယ်မြေကို စေလွှတ်လိုက်တာလဲ။ ကလဲ့စားချေဖို့လား။ နတ်ဘုရင်တစ်ပါးတည်း လွှတ်ရုံနဲ့ ကလဲ့စားချေဖို့ မလုံလောက်ဘူးဆိုတာ သူ သိသင့်တာပေါ့။”
မိစ္ဆာအရိပ် နတ်ဘုရင် စကားပြောရန် ပြင်လိုက်စဉ်မှာပင် နတ်သခင်ဝမ်ရှုက ဝင်ပြောလိုက်၏။
“မင်းကြီး... ဒီလူနဲ့ စကားလုံးတွေ ဖြုန်းတီးနေဖို့ မလိုပါဘူး။ ဝိညာဉ်ရှာဖွေခြင်း အတတ်ကိုသာ သုံးလိုက်ပါ။ ဒီလူ့ရဲ့ အဖြေတွေထဲမှာ အလိမ်အညာ တွေလည်း ပါနိုင်ပါတယ်။ ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်တာက အလိမ်ခံရမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်သလို အချိန်လည်း သက်သာစေပါတယ်။”
နတ်သခင်ဝမ်ရှု၏ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ရန် အကြံပြုချက်ကို ကြားလျှင် မိစ္ဆာအရိပ် နတ်ဘုရင်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး ပျာပျာသလဲ တောင်းပန်လိုက်တော့၏။
“ဘုရင်ကြီး... ကျုပ် အကုန်လုံး ဖွင့်ပြောပါ့မယ်။ ကျုပ်ကို ဝိညာဉ်ရှာဖွေခြင်းတော့ မလုပ်ပါနဲ့။”
ဝိညာဉ်ရှာဖွေခြင်းက နတ်ဘုရင်တစ်ပါး၏ အသက်ကို မဆုံးရှုံးစေနိုင်သော်လည်း နတ်အာရုံကို ပြင်းထန်စွာ ပျက်စီးစေလိမ့်မည် ဖြစ်၏။
--
…………..