အခန်း ၁၉၄၈
Vol. 130 Ch. 1948
အခန်း( ၁၉၄၈ )
မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦ ပျက်သုဉ်းခြင်း
နတ်သခင်ဝမ်ရှုထံမှ သေချာရေရာသော အဖြေကို ရရှိပြီးနောက် လုချန်းလည်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိ၏။ သူသည် အကြောင်းရင်းမရှိပဲ နောက်ထပ် ရန်သူတစ်ယောက်ကို မမျှော်လင့်ပဲ ရရှိလာခဲ့ပြန်ပြီ။
သူ၏ အတိတ်ဘဝများတွင် အမုန်းတရားအာဃာတို့ဖြင့် ရန်သူ မည်မျှအထိ ထားရှိခဲ့သည်ကို သူကိုယ်တိုင်ပင် မသိပေ။ ထိုသတ္တဝါဆန်းများသည်လည်း သူနှင့် ဆက်စပ်မှု ရှိနိုင်ခြေ များလှ၏။
ယခုလည်း သွေးဘိုးဘေးတစ်ဦးပါ မိုးပေါ်ကကျလာသလို ပေါ်ထွက်လာခဲ့ပေပြီ။
ထို့ပြင် ထိုသွေးဘိုးဘေးသည် အတောင်ပံကျိုးနေသည့် ငှက်ကဲ့သို့ ချိပ်ပိတ်ခံထားရသည့် ပုံစံမျိုးလည်း မပေါ်ပေ။ သူသည် သွေးလင်းယုန်ခန်းမမှ အချိန်မရွေး ထွက်ခွာလာနိုင်ပြီး ပြဿနာလာရှာနိုင်စွမ်း ရှိသည်။
သို့သော် အကယ်၍ ထိုသွေးဘိုးဘေး တကယ်ပင် ပြဿနာရှာချင်ခဲ့လျှင် လုချန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းရရှိပြီးသည်နှင့် သွေးလင်းယုန်ခန်းမမှ ချက်ချင်း ထွက်ခွာလာခဲ့သင့်သည်။
မိစ္ဆာအရိပ် နတ်ဘုရင်၏ မှတ်ဉာဏ်များအရ ထိုသွေးဘိုးဘေးသည် သွေးမိစ္ဆာကို နတ်ဘုရင်ကို နတ်သခင်အဆင့်သို့ ရောက်ရှိအောင် အလွယ်တကူ ကူညီပေးနိုင်ခဲ့ပြီး သွေးလင်းယုန်ခန်းမ တစ်ခုလုံးမှာလည်း သူ၏ သွေးများကို အသုံးပြုကာ ကျင့်ကြံနေကြခြင်း ဖြစ်သည်။
ထိုသွေးဘိုးဘေး၏ စွမ်းအားမှာ အနည်းဆုံးတော့ နတ်သခင်အဆင့်ထက် ကျော်လွန်ကာ နတ်ဧကရာဇ်အဆင့်ပင် ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ စွမ်းအားကြီးမားသော တည်ရှိမှုမျိုးအတွက် လုချန်းကို ရှာဖွေရန်မှာ အလွန်လွယ်ကူလှပြီး အခြားသူများကို အသုံးချကာ လိုက်လံရှာဖွေခိုင်းရန် မလိုအပ်သဖြင့် လုချန်းလည်း စဉ်းစားမရပဲ အနည်းငယ် ဇဝေဇဝါ ဖြစ်နေရခြင်း ဖြစ်၏။
ထိုသို့မဟုတ်လျှင် နောက်ကွယ်က လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့လား...
လုချန်း၏ စိတ်အာရုံထဲတွင် ရုတ်တရက် သံသယတစ်ခု ဝင်လာခဲ့သည်။ ထိုသွေးဘိုးဘေးသည် စွမ်းအားကြီးမားသော်လည်း ကျားနာကြီးကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့် သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်ထဲမှ မထွက်ခွာနိုင်ပဲ ဖြစ်နေမလား။
သို့မဟုတ် ထိုသွေးဘိုးဘေးသည်လည်း လှောင်အိမ်ထဲက ငှက်ပမာ သတ္တဝါဆန်းများကဲ့သို့ပင် ချိပ်ပိတ်ထားခြင်း ခံထားရပြီး သတ်မှတ်ထားသော နေရာအချို့တွင်သာ လှုပ်ရှားနိုင်ခြင်း ဖြစ်နိုင်မလား။
ထိုသို့ စဉ်းစားမိပြီးနောက် လုချန်း ဆက်လက်၍ အလွန်အကျွံ မတွေးတောတော့ပေ။ ထိုသွေးဘိုးဘေး သူ့ထံသို့ လာရောက်ခြင်း မရှိသေးပါက ထိုသွေးဘိုးဘေးတွင် စိုးရိမ်ပူပန်စရာများ ရှိနေ၍ သော်လည်းကောင်း၊ သို့မဟုတ် သူ့ထံသို့ ကိုယ်တိုင် လာရောက်နိုင်စွမ်း မရှိ၍ သော်လည်းကောင်း ဖြစ်ရပေမည်။
ထိုသို့ဆိုလျှင် လောလောဆယ်၌ စိုးရိမ်ပူပန်နေစရာ ဘာမှမရှိတော့ပေ။
သူအနေနှင့် ခေါင်းရှုပ်ခံကာ အများကြီး တွေးနေရန် မလိုအပ်ပေ။ မည်သို့ပင်ဆိုစေ သူ၏ အတိတ်ဘဝများတွင် ရန်သူ မည်မျှ ရှိခဲ့မှန်း မသိနိုင်ပေ။ နောက်ထပ် ရန်သူတစ်ယောက် တိုးလာခြင်းက မထူးလှပေ။ သူသည် သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ခြင်း အပေါ်၌သာ အာရုံစိုက်သင့်သည်။
…….
တစ်ချိန်တည်းမှာပင်။
နဝမကောင်းကင်တက္ကသိုလ်။
နဝမကောင်းကင်တက္ကသိုလ်၏ အထက် ကောင်းကင်ယံ တိမ်တိုက်များထဲတွင် ရွှမ်ချင်းယွမ်သည် တင်ပလ္လင်ခွေ ထိုင်နေရင်းမှ မျက်လုံးများကို ဖွင့်လိုက်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်စွမ်းအားလှိုင်းများ ပင်လယ်လှိုင်းတံပိုးပမာ သောင်းကျန်းစွာ တိုးမြင့်လာသည်ကို ခံစားမိလိုက်သည်။ ရွှမ်ချင်းယွမ်သည် သူမ၏ စိတ်အာရုံထဲတွင် ထိုဖြစ်စဉ်၏ အကြောင်းရင်းကို လျှပ်တစ်ပြက်အတွင်း ချက်ချင်းပင် တွက်ချက် ခန့်မှန်းလိုက်မိ၏။
သူမ၏ စူးရှသော အကြည့်မှာ တောင်ပိုင်းနယ် ဘက်သို့ ရွေ့လျားသွားပြီး
“တစ်ခု ပျက်စီးရင် အရာအားလုံး ထွန်းကားစမြဲပဲ။ အနည်းဆုံးတော့ ဒါက ထိုက်တန်တဲ့ ကွယ်လွန်ခြင်း တစ်ခုပါပဲ”
ဟု လေသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် ရွှမ်ချင်းယွမ်သည် နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များထံသို့
“သုံးရက်အတွင်း နတ်သခင်အားလုံး ကျွန်မဆီ လာရရမယ်”
ဟု သတင်းစကား ပေးပို့လိုက်သည်။
ရွှမ်ချင်းယွမ်၏ သတင်းစကားကို ကြားလျှင် မြောက်ပိုင်းနယ်ရှိ နတ်သခင် အားလုံးသည် ကျားဟိန်းသံကြားသော သားကောင်များကဲ့သို့ နဝမကောင်းကင်တက္ကသိုလ်ဆီသို့ အလျင်အမြန်ပင် ဦးတည် လာခဲ့ကြသည်။
ရွှမ်ချင်းယွမ်က မြောက်ပိုင်းနယ်၏ နတ်သခင်အားလုံးကို ဆင့်ခေါ်ထားလာသဖြင့် ရွှမ်ချင်းယွမ်အနေနှင့် နဂါးပြာ ခန်းမနှင့် ဆက်စပ်နေသော အင်အားစုများကို အမြစ်ပြတ် စာရင်းရှင်းရန် အသင့်ဖြစ်နေပြီလားဟုလည်း အားလုံး တွက်ချက် ခန့်မှန်းနေကြသည်။
မြောက်ပိုင်းနယ်၏ နတ်သခင်အားလုံး နဝမကောင်းကင်တက္ကသိုလ်၏ အထက်၌ တိမ်တိုက်များပမာ စုဝေးမိကြလျှင် ရွှမ်ချင်းယွမ်က စုဝေးရောက်ရှိနေသော နတ်သခင်များကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက်
“တောင်ပိုင်းနယ်မှာ မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်ပျက်သုဉ်းသွားခဲ့ပြီ။ အဲ့ဒီ မဟာအင်အားကြီးပုဂ္ဂိုလ် သက်ရှိထင်ရှားရှိစဉ်က နေထိုင်ခဲ့တဲ့ ကမ္ဘာငယ်ရဲ့ ဝင်ပေါက်ဟာ ကစဉ့်ကလျား နယ်မြေမှာ ပေါ်ထွက်လာခဲ့ပြီ။ ရှင်တို့တွေ ကံကောင်းခြင်း အခွင့်အလမ်းတွေကို သွားရောက် ရှာဖွေဖို့ လူတွေကို စေလွှတ်နိုင်တယ်။”
ထိုစကားများကို ကြားလိုက်ရသောအခါ ရောက်ရှိနေသော နတ်သခင်များ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြ၏။
မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်ပျက်သုဉ်းသွားခြင်းလား။
နတ်ဧကရာဇ်တစ်ပါးအနေနှင့် နတ်သခင်အဆင့် လောက်သာ ရှိသောသူကို မဟာအင်အားကြီးပုဂ္ဂိုလ်ဟု ခေါ်ဆိုရန် မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျှင် နတ်ဧကရာဇ်တစ်ပါး ကွယ်လွန်ပျက်သုဉ်းသွားခြင်း ဖြစ်နေမလား။
သို့သော် လက်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားမှာ ဆုတ်ယုတ်နေပြီး နတ်ဧကရာဇ် အမြောက်အမြား တည်ရှိနေခြင်းကို မပံ့ပိုးပေးနိုင်ပေ။
ထိုအချက်ကို သဘောပေါက်သွားကြသောအခါ အမှောင်ထဲ၌ မီးထွန်းလိုက်သလို နတ်သခင်များ ရုတ်တရက် နားလည်သွားကြသည်။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအား ဆုတ်ယုတ်မှုကြောင့် နတ်ဧကရာဇ် အမြောက်အမြားကို ဆက်လက် မပံ့ပိုးပေးနိုင်တော့ပေ။ သူတို့၏ နတ်ဆိုးဧကရာဇ်သည် ယခု နတ်ဧကရာဇ် ကျင့်စဉ်အဆင့်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ ကံစွမ်းအား အားလုံး နတ်ဆိုးဧကရာဇ်ထံသို့သာ စုစည်းသွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ပုန်းအောင်းနေသော နတ်ဧကရာဇ်သည် သဘာဝအတိုင်းပင် ရေရှည် မတောင့်ခံနိုင်တော့ပဲ ကွယ်လွန် ပျက်သုဉ်းသွားရခြင်း ဖြစ်ပေမည်။
အကယ်၍ သူတို့၏ ခန့်မှန်းချက်သာ မှန်ကန်ပြီး နတ်ဧကရာဇ်တစ်ပါး တကယ်ပင် ပျက်သုဉ်းသွားခဲ့ခြင်း ဖြစ်ပါက ထိုနတ်ဧကရာဇ်၏ ကမ္ဘာငယ်ထဲတွင် ထောင်ပေါင်းများစွာသော အခွင့်အလမ်းကောင်းများ ရှိနေပေလိမ့်မည်။
ထိုသို့ တွေးမိသည်နှင့် စုဝေးနေသော နတ်သခင်များ စိတ်လှုပ်ရှားသွားကြပြီး တောင်ပိုင်းနယ်ရှိ ကစဉ့်ကလျား နယ်မြေဆီသို့ ချက်ချင်းပင် အပြေးအလွှား သွားရောက်ချင်စိတ်များ ပြင်းပြလာကြတော့သည်။
ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ဦးက
“ဧကရာဇ်... အဲ့ဒီမဟာအင်အားကြီးပုဂ္ဂိုလ်ဟာ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ရှိတဲ့ တည်ရှိမှုမျိုးလား”
ဟု ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်သည်။
ရွှမ်ချင်းယွမ်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
“နတ်ဧကရာဇ် ကျင့်စဉ်အဆင့်လို့ သတ်မှတ်လို့ရပေမဲ့ ပျက်သုဉ်းသွားတဲ့သူက နတ်တစ်ပါးတော့ မဟုတ်ဘူး။”
ရွှမ်ချင်းယွမ်၏ အဖြေကို ကြားရသောအခါ လူတိုင်း ထပ်မံ၍ မှင်တက်သွားကြပြန်သည်။
နတ်တစ်ပါး မဟုတ်ဘူးလား။
ဤလောကတွင် နတ်ဧကရာဇ်များအပြင် လောကပြင်ပက အခြားသော မဟာအင်အားကြီး တည်ရှိမှုများ ရှိနေသေး၍လား။
ထိုအရာက သတ္တဝါဆန်းတစ်ကောင် ဖြစ်နေမလား။
ရွှမ်ချင်းယွမ်က ဆက်လက်၍
“ကဲ… ကိုယ့်ဘာသာ ပြင်ဆင်ပြီး ထွက်ခွာကြတော့။ လောလောဆယ် ဒီအကြောင်းကို သိတဲ့သူ သိပ်မရှိသေးဘူး။”
ရွှမ်ချင်းယွမ်က ထပ်မံ၍ ရှင်းပြရန် အစီအစဉ်မရှိသည်ကို အားလုံး တွေ့မြင်လိုက်ရလျှင်
“ကျုပ်တို့ ကောင်းကင်မိန်းကလေးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်။”
ထိုစကားများနှင့်အတူ နတ်သခင်များလည်း တောင်ပိုင်းနယ်ဆီသို့ ချက်ချင်းပင် စတင် ထွက်ခွာသွားကြတော့သည်။
….
မြောက်ပိုင်းနယ်၏ နတ်သခင်အမြောက်အမြား တောင်ပိုင်းနယ်သို့ ဦးတည်သွားခြင်းမှာ နေမင်းကြီးကို လက်ဝါးနှင့် ကွယ်၍မရသကဲ့သို့ အခြားသော နယ်မြေ များ၏ သတိပြုမှု မခံရပဲ မဖြစ်နိုင်ပေ။ ရွှမ်ချင်းယွမ် နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည် ရရှိခဲ့ကတည်းက အခြား နယ်များမှ အင်အားစုများသည် နတ်ဆိုးဧကရာဇ် တောင်ပိုင်းသို့ ဆင်းသက်လာမည်ကို စိုးရိမ်သဖြင့် နဝမကောင်းကင်တက္ကသိုလ်၏ လှုပ်ရှားမှု တိုင်းကို မျက်ချေမပြတ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ နဝမကောင်းကင်တက္ကသိုလ်က ရုတ်တရက် နတ်သခင် အမြောက်အမြားကို တောင်ပိုင်းသို့ လျှို့ဝှက်စွာ စေလွှတ်လိုက်ခြင်းကြောင့် နတ်ဆိုးဧကရာဇ်တွင် အစီအစဉ်အသစ်တစ်ခုခု ရှိနေပြီလားဟု မစိုးရိမ်ပဲ မနေနိုင် ဖြစ်သွားကြရသည်။
သို့သော်လည်း နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များသည် နဂါးပြာ ခန်းမနှင့် မြောက်ပိုင်းနယ်ရှိ အင်အားစုဟောင်းများကို စာရင်းရှင်းရန် အရိုင်းနယ်မြေသို့ သွားရောက်ခြင်း မရှိသလို အလယ်ပိုင်းနယ် သို့မဟုတ် အရှေ့ပိုင်းနယ်များတွင်လည်း ရပ်တန့်ခြင်း မရှိပဲ တောင်ပိုင်းနယ်ဆီသို့ တိုက်ရိုက် တဟုန်ထိုး ဦးတည်သွားလိမ့်မည်ဟုလည်း မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့၌ရှင်းလင်းပြတ်သားသော ပစ်မှတ်တစ်ခု ရှိနေသည့်ပုံပင်။
မကြာမီမှာပင် အမျိုးမျိုးသော အင်အားစုများသည်လည်း နဝမကောင်းကင်တက္ကသိုလ်မှ လူများကို ဆွဲဆောင်နေသည့်အရာ အဘယ်အရာဖြစ်သည်ကို ကြည့်ရှုရန် တောင်ပိုင်းနယ်သို့ လူများ စတင် စေလွှတ်ကြတော့သည်။
…….
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။
သားရဲမဟာမိတ်။
မြူများ ဝန်းရံနေသော တောင်ထိပ်ပေါ်ရှိ အဆောင်ငယ်တစ်ခုတွင်။
နတ်ကြိုးကြာငှက်များသည် ရှေးဟောင်း ပန်းချီကားတစ်ချပ်ထဲမှ မြင်ကွင်းတစ်ခုကဲ့သို့ ပတ်ဝန်းကျင်၌ ရံဖန်ရံခါ ပျံသန်းနေကြသည်။
ရွှေချည်ထိုးထားသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် လုချန်းသည် အဆောင်ငယ်အတွင်းရှိ ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်လျက် လောကကြီးကို မေ့လျော့နေဟန်ဖြင့် လက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်နေ၏။
သူ၏ ယခုကိုယ်ထည်သည် နတ်သခင် ရှီယွဲ့နောက်သို့ လိုက်ပါကာ သားရဲမဟာမိတ်သို့ ရောက်ရှိလာခဲ့ကတည်းက သူမသည် ဤနှစ်များတစ်လျှောက်လုံး သူ့ကို ရှောင်နေခဲ့ခြင်း ဖြစ်သည်။ ဤတောင်ပေါ်တွင် သူ့ကို အကောင်းဆုံး အစားအသောက်များနှင့် ပြုစုထားသော်လည်း နတ်သခင် ရှီယွဲ့ကိုတော့ သူ တစ်ကြိမ်တစ်ခါမှပင် မတွေ့မြင်ခဲ့ရပေ။
သူသည် ကောင်းစွာ ဆက်ဆံခံရသော်လည်း သားရဲမဟာမိတ်သို့ သူ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နတ်သခင် ရှီယွဲ့နှင့် နီးကပ်စွာနေပြီး သံယောဇဉ် တည်ဆောက်ရန်သာ ဖြစ်သည်။
တွေ့ဆုံခွင့်ပင် မရှိပါက သူ မည်ကဲ့သို့ သံယောဇဉ် တည်ဆောက်နိုင်မည်နည်း။
ထိုခဏ၌ ရုတ်တရက် စံပယ်ရနံ့ပမာ ရနံ့တစ်ခု လုချန်း၏ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ကာ နှာခေါင်းကို အနည်းငယ် ပင့်၍ လေထုကို ရှူရှိုက်လိုက်ပြီးနောက် ခပ်ဖွဖွပြုံးလျက်
“လူက မရောက်သေးဘူး။ ရနံ့က အရင်ရောက်နေပြီပဲ။ နတ်သခင် ရှီယွဲ့ရဲ့ ကိုယ်သင်းနံ့က အရင်အတိုင်း မွှေးပျံ့နေတုန်းပဲကိုး”
ဟု ရေရွတ်လိုက်သည်။
လုချန်း၏ စကားဆုံးသည်နှင့် လျှပ်စီးလက်သလို ချက်ချင်းပင် နတ်သခင် ရှီယွဲ့ ပေါ်လာခဲ့သည်။ လုချန်း၏ စကားကို ကြားသောအခါ နတ်သခင် ရှီယွဲ့၏ မျက်ခုံးတွန့်သွား၏။
သူမ၏ ကိုယ်သင်းနံ့က မွှေးပျံ့နေတုန်းပဲဟူသော စကားမှာ ဘာအဓိပ္ပာယ်နည်း။
သူသည် ယခင်က သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့ဖူးသည်ဟု ဆိုလိုခြင်းလား။
ဒါက သူမ၏ သိက္ခာကို စော်ကားလိုက်ခြင်းပင်။
သို့သော် နတ်သခင် ရှီယွဲ့ သူမ၏ ဒေါသကို အလျင်အမြန် ထိန်းချုပ်လိုက်၏။
သူ့သည် ကိုယ်ပွားတစ်ခုသာဖြစ်သဖြင့် သူမ၏ ဒေါသနှင့် မထိုက်တန်ပေ။
လုချန်းက ဆက်လက်၍
“နတ်သခင် ရှီယွဲ့ ဒီနေ့ ဒီကို လာရတဲ့ အကြောင်းရင်းကို သိပါရစေ”
ဟု မေးမြန်းလိုက်သည်။
“အရှေ့ပိုင်းနယ်မှာ သတ္တဝါဆန်းတွေ ရှာတွေ့ထားလို့လား။”
လုချန်း၏ မေးခွန်းကို ကြားသောအခါ နတ်သခင် ရှီယွဲ့က အနည်းငယ် ရယ်မောလိုက်ပြီး
“ရှင့်ရဲ့ စွမ်းရည်တွေက ထက်မြက်နေတော့ ရှင်မသိတာ ဘာမှမရှိလောက်ဘူးလို့ ကျွန်မထင်နေတာ။”
ထို့နောက် နတ်သခင် ရှီယွဲ့က ကွေ့ဝိုက်မနေပဲ
“မကြာသေးမီက နဝမကောင်းကင်တက္ကသိုလ်ဟာ တောင်ပိုင်းနယ်ဆီကို လူတွေ တိတ်တဆိတ် စေလွှတ်နေတယ်ဆိုတာ ရှင်သိပြီးပြီလား။”
ထိုအရာကို ကြားလျှင် လုချန်းလည်း နတ်သခင် ရှီယွဲ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
သူသည် ဤကိစ္စနှင့် ပတ်သက်၍
အမှန် တကယ်ပင် သတင်းတစ်စုံတစ်ရာ မကြားသိခဲ့ရပေ။
မဟာအင်အားစုကြီးများသည် မျက်တောင်မခတ်တမ်း နဝမကောင်းကင်တက္ကသိုလ်မှ လူများ၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေကြခြင်းဖြစ်ပြီး နဝမကောင်းကင်တက္ကသိုလ်၏ လှုပ်ရှားမှုများကို သိလျှင်ပင် ရန်သူကို ရိပ်မိမသွားစေရန် သတင်းများကို အပြင်သို့ မပေါက်ကြား စေဝံ့ကြပေ။
သူတို့အနေနှင့် နတ်ဆိုးဧကရာဇ်ကို ပြစ်မှားမိမှာကို စိုးရိမ်သောကြောင့် နဝမကောင်းကင်တက္ကသိုလ်၏ သတင်းများကို မဖြန့်ဝေရဲခြင်းဖြစ်၏။ ထို့ကြောင့် ထိုကိစ္စကို မဟာအင်အားစုကြီးများ၏ အထက်လူကြီးများသာ လျှို့ဝှက်စွာ သိကြခြင်း ဖြစ်သည်။
လုချန်းက
“ကျုပ် ဒီအကြောင်းကို မသိခဲ့ဘူး။ နဝမကောင်းကင်တက္ကသိုလ်က တောင်ပိုင်းနယ်ဆီကို ဘာအတွက်ကြောင့် လူတွေ စေလွှတ်ရတာလဲ။ နေဝင်တောင်တန်းက ထူးဆန်းတဲ့ ချိပ်ပိတ်မှုကို သွားပြီး အားဖြည့်ဖို့လား”
ဟု စူးစမ်းစွာ မေးလိုက်သည်။
--
…………