အခန်း ၁၉၅၀
Vol. 130 Ch. 1950
အခန်း( ၁၉၅၀ )
အနမ်းတစ်ပွင့်
နတ်သခင် ရှီယွဲ့၏ စကားကို ကြားလျှင် လုချန်းသည် ကျောက်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံသောက်လိုက်ပြီးနောက်
“ကျုပ်က ခင်ဗျားကိုပဲ စိတ်ဝင်စားတာ။ ခင်ဗျားကလွဲရင် သားရဲမဟာမိတ်ထဲမှာ ကျုပ်ကို စိတ်လှုပ်ရှားစေနိုင်တာ ဘာမှမရှိတဲ့ပုံပဲ။”
နတ်သခင် ရှီယွဲ့သည် လုချန်းကို မျက်လုံးထဲက မီးပွင့်မတတ် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဒီလူယုတ်မာ...
သတိပြန်ဝင်လာပြီးနောက် နတ်သခင် ရှီယွဲ့က
“ရှင်စိတ်မပါရင်လည်း ဒါကို မေ့လိုက်ကြရအောင်”
အေးစက်စွာ ပြောလိုက်၏။
သူမအနေနှင့် လုချန်းကို ထိုနေရာသို့ မဖြစ်မနေ ခေါ်သွားရမည်မျိုး မဟုတ်ပေ။ သူမသည် လုချန်းကို အသုံးပြု၍ နဝမကောင်းကင်တက္ကသိုလ်မှ ထိုနတ်သခင်များကို ခြောက်လှန့်ချင်ရုံသာ ဖြစ်သည်။
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်သော လုချန်းနှင့်ဆိုလျှင် နဝမကောင်းကင်တက္ကသိုလ်မှ ထိုနတ်သခင်များ ဧကန်မုချ သတိကြီးစွာ ထားကြလိမ့်မည် ဖြစ်သည်။
သို့သော် လုချန်း၏ ခြောက်လှန့်မှု မရှိလျှင်လည်း သူမ၏ အစွမ်းဖြင့် သူမ ရှာဖွေတွေ့ရှိသမျှကို ရရှိပြီးနောက် လွယ်လွယ်ကူကူ ထွက်ခွာသွားနိုင်သည်။
ထို့ကြောင့် သူမနှင့်အတူ လုချန်း မလိုက်လျှင်လည်း အဆင်ပြေသည်။
ဤအခြေအနေကို အသုံးပြု၍ နတ်သခင် ရှီယွဲ့အား သူ၏ မိန်းမဖြစ်စေရန် ကြိုးပမ်းခြင်းမှာ မဖြစ်နိုင်ကြောင်း လုချန်း သဘောပေါက်သွား၏။ ထို့ကြောင့် သူ ဆက်၍ မဇွတ်တရွတ် မလုပ်တော့ပေ။
ထို့နောက် သူက
“ကျုပ် ခင်ဗျားနဲ့အတူ လိုက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ပါလား... ခင်ဗျား ကျုပ်ကို နမ်းရင် ကျုပ် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။”
“ဒီတောင်းဆိုချက်က လုံလောက်အောင် ရိုးရှင်းပါတယ် မဟုတ်ဘူးလား။”
လုချန်း၏ တောင်းဆိုချက်ကို ကြားလျှင် နတ်သခင် ရှီယွဲ့လည်း သူမ၏ နတ်သခင် ဖိအားကို ထပ်မံ ထုတ်ဖော်ခြင်းမှ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
ထို့နောက် သူမ၏ ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားရင်း ထိုအကြောင်းကို စဉ်းစားလိုက်၏။
နမ်းရုံသက်သက်သာ ဆိုလျှင် သူမအတွက် ကြီးမားသော ဆုံးရှုံးမှု ရှိလိမ့်မည် မဟုတ်ကြောင်း ထင်ရသည်။
နတ်သခင် ရှီယွဲ့ တိတ်ဆိတ်သွားသည်ကို မြင်လျှင် လုချန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး
“ခင်ဗျားက ကျုပ်ကို အနမ်းတစ်ပွင့်တောင် မပေးနိုင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့”
ဟု အေးအေးလူလူ ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို နတ်ဧကရာဇ်ရဲ့ ကမ္ဘာငယ်ကို သွားရောက်ရှာဖွေဖို့ အတူလိုက်စေချင်တာက ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံရဲ့ နည်းဗျူဟာအင်းကွက်တွေကို ရေးဆွဲနိုင်တဲ့ ကျုပ်ရဲ့ စွမ်းရည်ကို တန်ဖိုးထားလို့နဲ့ တချို့လူတွေကို ခြောက်လှန့်ဖို့အတွက် ဒီနည်းဗျူဟာပုံစံကို သုံးချင်လို့ပဲ ဖြစ်ရမယ်။”
“ကျုပ် ရှိနေခြင်းက ခင်ဗျားကို တိုက်ခိုက်မယ့် လူအတော်များများကို တွန့်ဆုတ်သွားစေလိမ့်မယ်။ နဝမကောင်းကင်တက္ကသိုလ်က နတ်သခင်တွေတောင် ကျုပ်ကြောင့် သတိထားကြလိမ့်မယ်။”
“ကျုပ်ရဲ့ သက်ရောက်မှုက သူတော်စင်အဆင့် နတ်လက်နက်တစ်ခုရဲ့ ခြောက်လှန့်နိုင်စွမ်းထက် မနည်းဘူး။ ပြီးတော့ ကျုပ်ကို ခေါ်သွားဖို့အတွက် အနမ်းတစ်ပွင့်တည်း ပေးရတာဆိုရင် ခင်ဗျား အကြီးအကျယ် အမြတ်ထွက်သွားတာပဲ။”
နတ်သခင် ရှီယွဲ့သည် တိတ်ဆိတ်နေဆဲဖြစ်ပြီး သူမ၏ စိတ်ထဲတွင် အကျိုးနှင့် အပြစ်ကို တွက်ဆနေပုံရကာ လုချန်းကို စူးစိုက်ကြည့်နေဆဲ ဖြစ်သည်။
နတ်သခင် ရှီယွဲ့ ဇဝေဇဝါ ဖြစ်နေမှန်း သိသော်လည်း လုချန်း စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူသည် နောက်ထပ် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ အေးအေးလူလူ သောက်လိုက်သည်။
အချိန်မည်မျှကြာသွားသည်မသိ နတ်သခင် ရှီယွဲ့က နောက်ဆုံးတွင်
“ကောင်းပြီ... ကွန်မသဘောတူတယ်။ ဒါပေမဲ့...”
နတ်သခင် ရှီယွဲ့ သဘောတူသည်ကို မြင်လျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး သူ သတိမပြုမိနိုင်ခင်မှာပင် အပြုံးတစ်ခု အလိုလို ပေါ်လာခဲ့သည်။
၎င်းမှာ အနမ်းတစ်ခုမှသာဟု ထင်ရသော်လည်း ထိုအနမ်းမှာ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်သည်။ နတ်သခင် ရှီယွဲ့အနေဖြင့် ထိုအနမ်းကိုပင် လက်ခံလိုက်ခြင်းသည် သူမ၏ နတ်သခင် သိက္ခာကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။
နတ်အများစုအတွက်တော့ ကိုယ်ကျင့်တရားက အရေးမကြီးပေ။ အထူးသဖြင့် နတ်သခင်များအတွက် ဖြစ်သည်။
နတ်သခင် ရှီယွဲ့ သူနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံရန် လိုလားခြင်း ရှိမရှိမှာ အဓိကအားဖြင့် အကျိုးအမြတ် ရှိမရှိ သို့မဟုတ် သူမ၏ နတ်သခင် သိက္ခာကို စွန့်လွှတ်နိုင်မနိုင်ပေါ်တွင်သာ မူတည်သည်။
ယခုအခါ နတ်သခင် ရှီယွဲ့သည် သူမ၏ နတ်သခင် သိက္ခာကို စွန့်လွှတ်လိုက်ပြီဖြစ်ရာ နောင်အနာဂတ်တွင် စုံတွဲကျင့်စဉ် ကျင့်ကြံရန်အတွက် အကျိုးအမြတ်၏ ဆွဲဆောင်မှုတစ်ခုသာ လိုအပ်တော့မည် ဖြစ်သည်။
ထို့နောက် လုချန်းက လက်ဖက်ရည်ခွက်ကို ချကာ မတ်တပ်ရပ်လိုက်ပြီး
“ခင်ဗျား တကယ်ပဲ သဘောတူတာလား”
နတ်သခင် ရှီယွဲ့က မျက်နှာသေဖြင့်
“ပေါက်ကရ အတွေးတွေ မတွေးနဲ့။ ကျွန်မ သဘောတူတာက ရှင့်ကို ကျွန်မနဲ့အတူ တောင်ပိုင်းနယ်ကို လိုက်ပြီး ကမ္ဘာငယ်ကို ရှာဖွေဖို့ သက်သက်ပဲ။ ရှင့်ရဲ့ အဲ့ဒီ လက်တွေ့မကျတဲ့ စိတ်ကူးတွေကို စွန့်လွှတ်ဖို့ ကျွန်မအကြံပေးချင်တယ်။”
လုချန်းက ရယ်မောလိုက်ပြီး
“ခင်ဗျား သဘောတူမှတော့ စလိုက်ကြရအောင်”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့ ခဏခန့် မှင်တက်သွားခဲ့သည်။
နမ်းခြင်းကို သူမ မြင်ဖူးသော်လည်း သူမကိုယ်တိုင် တစ်စုံတစ်ဦးကို တက်တက်ကြွကြွ နမ်းရန်အတွက်တော့ မည်သို့လုပ်ဆောင်ရမည်ကို သူမ တကယ် မသိပေ။ တကယ်တော့ သူမ၏ အတွင်းစိတ် မာနက လှုံ့ဆော်နေဆဲ ဖြစ်သောကြောင့် အဓိက ဖြစ်သည်။
အဆုံးတွင်တော့ သူမသည် နတ်သခင်တစ်ဦးနှင့် နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်တစ်ဦး ဖြစ်နေပြီး လူသားအမျိုးသားတစ်ဦးကို သူမက စတင်နမ်းရန် တောင်းဆိုခံရခြင်းက သူမ၏ သိက္ခာကို ညှိုးနွမ်းသွားစေသလို အမြဲ ခံစားရစေသည်။
နတ်သခင် ရှီယွဲ့သည် သူမ၏ ခံစားချက်များကို လျင်မြန်စွာ တည်ငြိမ်အောင် လုပ်လိုက်ပြီး ထိုအရာကို ကျောက်တုံးတစ်တုံးကို နမ်းရုံသက်သက်သာဟု သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအတွေးနှင့်အတူ နတ်သခင် ရှီယွဲ့သည် လုချန်းထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။ နောက်တစ်ခဏတွင် သူမသည် လုချန်း၏ ရှေ့တွင် ရပ်နေပြီး သူ့ကို နမ်းရန် ကိုယ်ကို ကိုင်းညွတ်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက်
“ဪ... ဒါနဲ့ နှုတ်ခမ်းကလွဲလို့ တခြားနေရာကို နမ်းတာဆိုရင်တော့ အနမ်းလို့ မခေါ်ဘူးနော်။”
နတ်သခင် ရှီယွဲ့၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားပြီး
“ရှင် အခွင့်အရေးကို လွန်လွန်ကျူးကျူး မယူနဲ့”
ဟု အေးစက်စွာ ပြောလိုက်သည်။
လုချန်းက
“ခင်ဗျား စိတ်မပါရင်လည်း ထားလိုက်ပါတော့”
“တခြားနေရာတွေဆိုရင် ဘာထူးခြားမှာလဲ။”
နတ်သခင် ရှီယွဲ့က နှာခေါင်းရှုံ့ကာ အေးစက်စွာဖြင့်
“တကယ့် တဏှာရူးပဲ”
ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့၏ ရင်ထဲ၌ ပေါက်ကွဲလုမတတ် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် လက်တစ်ဖက်ဖြင့် လုချန်း၏ လက်ကို တိုက်ရိုက် ဆွဲကိုင်ကာ သူ့ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး လုချန်း၏ နှုတ်ခမ်းများကို ချက်ချင်း ပိတ်ဆို့လိုက်လေသည်။
နတ်သခင် ရှီယွဲ့၏ နှုတ်ခမ်းများ၏ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် လုချန်း ခဏ ရပ်တန့်သွား၏။ နတ်သခင် ရှီယွဲ့က ဤကဲ့သို့သော နည်းလမ်းဖြင့် နမ်းလာခြင်းကို သူ အံ့သြသွားခဲ့ခြင်းဖြစ်သည်။ ထိုအရာက သူမ၏ အတင်းအကျပ် နမ်းခြင်းကို ခံလိုက်ရသလို ခံစားရစေသည်။
နတ်သခင် ရှီယွဲ့၏ နှုတ်ခမ်းများ လုချန်းနှင့် ထိတွေ့မိသောအခါ သူမက စိတ်ထဲတွင်
‘ဒါက ဘာမှ မဟုတ်ပါလား။ အမျိုးသားတွေက ဘာလို့ ဒီလိုအရာတွေကို ဒီလောက်အထိ စွဲလမ်းနေကြလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး” ဟု တွေးလိုက်သည်။
ဒီနှုတ်ခမ်းတွေကို နမ်းတာက ဘာပဲဖြစ်ဖြစ် ဘာအရေးလဲ။
သူ့ကို နမ်းတာက သူမ သူ့ကို ကြိုက်လို့လို့ ဒီတဏှာရူး မထင်လောက်ဘူးမလား။
နတ်သခင် ရှီယွဲ့ ထိုသို့ တွေးနေစဉ်မှာပင် တစ်ခုခု မှားယွင်းနေသည်ကို သူမ ရုတ်တရက် အာရုံခံမိလိုက်သည်။
လုချန်း၏ နှုတ်ခမ်းများက ကဲလာခြင်း ဖြစ်သည်။
နတ်သခင် ရှီယွဲ့၏ စိတ်နှလုံးထဲတွင် ဒေါသမီးများ ချက်ချင်း ဝုန်းခနဲ တောက်လောင်သွားခဲ့သည်။
ဒီလူယုတ်မာ...
အလိုလို တုံ့ပြန်မှုအရ လုချန်းကို တွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ လက်မောင်းများက သူမ၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားသည်ကို သူမ တွေ့လိုက်ရသည်။
နတ်သခင် ရှီယွဲ့၏ ကိုယ်မှ မွှေးရနံ့နှင့် သူမ၏ နူးညံ့သော ခန္ဓာကိုယ် ဖွဲ့စည်းပုံက လုန်းကို ချက်ချင်းပင် စိတ်လှုပ်ရှားသွားစေခြင်းဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များ အလွန် နီးကပ်နေသဖြင့် နတ်သခင် ရှီယွဲ့လည်း လုချန်း၏ သူမအပေါ် ထားရှိသော စိတ်ခံစားချက်ကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။
“ဝုန်း...”
နတ်သခင် ရှီယွဲ့က လုချန်းကို အတင်း တွန်းထုတ်သော်လည်း သူက သူမကို တင်းကျပ်စွာ ဆွဲဖက်ထားသည်ကို တွေ့ရသဖြင့် သူမ ကိုယ့်ကိုယ်ကို ထပ်မံ မထိန်းချုပ်နိုင်တော့ပေ။ သူမသည် သူမ၏ နတ်စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်ပြီး ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နတ်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ လုချန်းကို လွင့်စင်သွားစေခဲ့သည်။
သို့သော်လည်း ဤအရာမှာ လုချန်း၏ ကိုယ်ပွားသာ ဖြစ်သောကြောင့် နတ်သခင် ရှီယွဲ့ အားအကုန် မသုံးခဲ့ပေ။ အားအကုန်သုံးပါက ဤခန္ဓာကိုယ်ကို ပျက်စီးသွားစေနိုင်ပြီး သူမအတွက် ဆုံးရှုံးမှု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
လုချန်းကို လွင့်စင်အောင် လုပ်ပြီးနောက် နတ်သခင် ရှီယွဲ့က သူမ၏ နတ်စွမ်းအားကို အလျင်အမြန် အသုံးပြုကာ
“ထွီ... ထွီ... ထွီ...”
ဟု လုပ်လိုက်သည်။
ခဏခန့် ကြာပြီးနောက် နတ်သခင် ရှီယွဲ့သည် လုချန်းကို ဒေါသတကြီး စိုက်ကြည့်ကာ
“လူယုတ်မာ... ခုနက ရှင် ဘာလုပ်နေတာလဲ”
ဟု အော်ဟစ်လိုက်၏။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လုချန်း သုတ်လိုက်သည်။ နတ်သခင် ရှီယွဲ့ က အားအကုန် မသုံးခဲ့သော်လည်း ဤခန္ဓာကိုယ်အား အတွင်းဒဏ်ရာများ ရရှိသွားစေဆဲ ဖြစ်သည်။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သန့်စင်ပြီးနောက် လုချန်းက ရယ်မောကာ
“အခုမှ တကယ့် အနမ်းစစ်စစ် ဖြစ်သွားတာ”
ဟု ပြောလိုက်သည်။
နတ်သခင် ရှီယွဲ့က
“ဒီနေ့ ရှင် ကျွန်မကို စော်ကားခဲ့တဲ့ အရှက်ရမှုအတွက်... တစ်နေ့ကျလို့ ရှင့်ရဲ့ ပင်မကိုယ်ကို ကျွန်မ ရှာတွေ့ရင် ဧကန်မုချ တန်ဖိုးပြန်ပေးရလိမ့်မယ်။”
ထိုအခိုက်အတန့်တွင် လုချန်းက သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီးနောက်
“အရမ်း ချိုတာပဲ”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့၏ ဒေါသများသည် ဆီပူထဲ ရေနွေးဖျန်းလိုက်သလို နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲသွားခဲ့သည်။
နတ်သခင် ရှီယွဲ့သည် ယခုအချိန်တွင် လုချန်းကို သူမ ဘာမှ မတတ်နိုင်မှန်း သိထားသည်။ သူမ ဤကိုယ်ပွားကို သတ်လိုက်လျှင်ပင် ၎င်းက လုချန်းအပေါ် မည်သည့် သက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။
သူမ၏ ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားပြီးနောက်
“အခု... ရှင် ကျွန်မနဲ့အတူ တောင်ပိုင်းနယ်ကို လိုက်ပြီး နတ်ဧကရာဇ်ရဲ့ ကမ္ဘာငယ်ကို သွားရောက် ရှာဖွေရမယ်။”
လုချန်းက
“ဒါပေါ့... ကျုပ်က ကတိတည်တဲ့နေရာမှာ နာမည်ကြီးတယ်။”
နတ်သခင် ရှီယွဲ့လည်း နောက်တစ်ကြိမ် နှာခေါင်းတစ်ချက်ရှုံ့ကာ လှည့်ထွက်သွားခဲ့ တော့သည်။ ထို့နောက် သူမသည် လုချန်း၏ ခန္ဓာကိုယ်ကို တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်တွင် သူမ လုချန်းကို လုံးဝ မမြင်ချင်တော့ပေ။
သူမ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်နှင့်အမျှ သူမ၏ အသံ လုချန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“တောင်ပိုင်းနယ်ကို သွားရမယ့် အချိန်ရောက်ရင် ရှင့်ကို လာရှာမယ်။”
--