အခန်း ၁၉၅၂
Vol. 131 Ch. 1952
အခန်း (၁၉၅၂ )
နတ်ဘုရင်၏ မှတ်ဉာဏ်
ကစဉ့်ကလျား နယ်မြေအတွင်းရှိ အမည်မသိ လွင်တီးခေါင်ပြင် အရပ်တစ်ခုတွင် ကြီးမားလှသော အနက်ရောင်ဝဲကရက်ကြီးတစ်ခုသည် ပတ်ဝန်းကျင်ရှိ သဲဝါများကို ရူးသွပ်စွာ ဝါးမြိုနေပြီး ၎င်းသည် အချိန်နှင့်အမျှ ဆက်လက်၍ ကျယ်ပြန့်လာနေသည်။
ထိုအခိုက်အတန့်တွင် ထောင်ပေါင်းများစွာသော နတ်လှေအမြောက်အမြားသည် အနက်ရောင်ဝဲကရက်ကြီး၏ အထက်၌ ပျံဝဲနေကြ၏။ အရှေ့ဆုံးတွင်ရှိသော နတ်လှေများအားလုံးမှာ နဝမကောင်းကင်တက္ကသိုလ်မှ ဖြစ်ကြသည်။
နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်များသည် လေထဲတွင် ရပ်တန့်ကာ အောက်ခြေရှိ အနက်ရောင်ဝဲကရက်ကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
နဝမကောင်းကင်တက္ကသိုလ်မှ လူများက မလှုပ်ရှားကြသဖြင့် အခြားအင်အားစုများမှ လူများသည်လည်း သူတို့၏ နတ်လှေများပေါ်တွင်သာ ကျောက်ရုပ်ပမာ ငြိမ်သက်စွာ နေနိုင်ကြတော့သည်။
အချိန်မည်မျှကြာသွားသည်မသိ ဒဏ်ရာများဖြင့် နတ်ဘုရင်တစ်ပါးသည် အနက်ရောင်ဝဲကရက်ကြီးထဲမှ ရုတ်တရက် ရုန်းထွက်ထွက်လာခဲ့သည်။
ထိုနတ်ဘုရင်သည် တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် ဦးရေပြားတစ်ဝက်ခန့် စုတ်ပြဲနေပြီး ခြေထောက်တစ်ဖက်သာ ကျန်ရှိနေ၏။ သူ၏ လက်နှစ်ဖက်စလုံးကလည်းကျိုးနေသဖြင့် အလွန်တရာ အခြေအနေဆိုးဝါးလှပုံရသည်။
နတ်တစ်ပါး၏ အသက်မှာ နတ်ဝိညာဉ်ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် ဤနတ်ဘုရင်သည် ယခုအချိန်တွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
သို့သော်လည်း ထိုနတ်ဘုရင်၏ နတ်ဝိညာဉ်သည်လည်း အခြေအနေမကောင်းလှပေ။ သူ၏ နတ်ဝိညာဉ်သည် အလွန်တရာ အားနည်းနေပြီး ၎င်း၏ နတ်ဝိညာဉ်အရှိန်အဝါသည် မီးစာကုန်ဆီခမ်းကာ မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားတော့မည့်ပုံစံ ဖြစ်နေသည်။
နတ်ဘုရင် ထွက်ပေါ်လာသည်ကို တွေ့မြင်လျှင် နတ်သခင် ချင်းလျန်သည် သူ၏အရှေ့သို့ ချက်ချင်း ပျံသန်းသွားပြီး နတ်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ သက်စောင့်စွမ်းအားများ ထည့်သွင်းပေးလိုက်သည်။
နတ်ဘုရင်၏ ခန္ဓာကိုယ်အောက်တွင်
ပုံရိပ်ယောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာပြီး စိမ်းစိုသော ကြာပန်းများက တောက်ပသော အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်လည်း လျင်မြန်စွာ ပြန်လည်ကောင်းလာခဲ့သည်။
နတ်ဘုရင်၏ အသက်အန္တရာယ်ကို တည်ငြိမ်အောင် ပြုလုပ်ပေးပြီးနောက် နတ်သခင် ချင်းလျန်က သူ့ကို နဝမကောင်းကင်တက္ကသိုလ်၏ နတ်လှေတစ်စင်းပေါ်သို့ အမြန် ခေါ်ဆောင်သွားခဲ့သည်။
နတ်လှေထဲသို့ ရောက်ရှိပြီးနောက် နတ်သခင် ချင်းလျန်က
“အထဲက အခြေအနေက အခု ဘယ်လိုရှိလဲ။ ဘာလို့ ခင်ဗျားတစ်ယောက်တည်း ထွက်လာတာလဲ။”
နတ်ဘုရင်သည် စကားမဆိုပဲ ကမ္ဘာငယ်လေးအတွင်းမှ သူ၏မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်လုံးအဖြစ် ချက်ချင်း စုစည်းကာ နတ်သခင် ချင်းလျန်ထံသို့ ကမ်းပေးလိုက်သည်။
နတ်သခင် ချင်းလျန်သည် လက်ကိုမြှောက်ကာ မှတ်ဉာဏ်ပုလဲထဲသို့ နတ်စွမ်းအားများ ထည့်သွင်းပြီး ၎င်းကို နှိုးဆွကာ အထဲရှိ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။
နတ်ဘုရင်၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် နတ်သခင် ချင်းလျန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။
ထိုအချိန်တွင် နဝမကောင်းကင်တက္ကသိုလ်မှ အခြားနတ်သခင် အနည်းငယ်လည်း နတ်လှေ၏ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာကြသည်။
နတ်သခင်တစ်ပါးက ကမ္ဘာငယ်လေးထဲတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သလဲဟု မေးမြန်းရန် ပြင်လိုက်သော်လည်း နတ်သခင် ချင်းလျန်က သူတို့ကို လက်ဟန်ခြေဟန်ပြကာ
“အရင်ဆုံး သူရဲ့မှတ်ဉာဏ်ကို ကြည့်လိုက်ကြဦး”
ဟု ပြောလိုက်သည်။
နတ်သခင်များ၏ အကြည့်များသည် လေထဲတွင် လွင့်မျောနေသော မှတ်ဉာဏ်ပုလဲပေါ်သို့ ကျရောက်သွားပြီး ၎င်းကို နှိုးဆွကာ အတွင်းရှိ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်ကြသည်။
မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် ရောက်ရှိနေသော နတ်သခင်များ တိတ်ဆိတ်သွားကြပြီး ထိုကမ္ဘာငယ်လေးသည် ၎င်းတို့ ခန့်မှန်းထားသည်ထက် ပိုအန္တရာယ်များကြောင်း သိသွားကြသည်။
၎င်းတို့သည် အခြေအနေကို စုံစမ်းစစ်ဆေးရန်အတွက် အုပ်စုအနည်းငယ်ကို စေလွှတ်ခဲ့ပြီးဖြစ်သည်။
အစပိုင်းတွင် ပြန်လည်ရောက်ရှိလာသူများသည် အန္တရာယ်အချို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း အနည်းဆုံးတော့ အသက်ရှင်အောင် ရုန်းကန်နိုင်ခဲ့ကြသည်။
၎င်းတို့ထဲမှ အများစုမှာ မဖျက်ဆီးနိုင်သော နည်းဗျူဟာ အတားအဆီးအချို့နှင့် ကြုံတွေ့ရသောကြောင့် ပြန်လာရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးအသုတ်၏ အခြေအနေကတော့ ကွဲပြားခြားနားသွားခဲ့သည်။
၎င်းတို့သည် ကမ္ဘာငယ်လေး၏ အနက်ရှိုင်းဆုံးနေရာသို့ ပိုတိုးဝင်သွားသည်နှင့်အမျှ ရေနက်လေ လှိုင်းလေထန်လေ ဆိုသကဲ့သို့ ၎င်း၏ စစ်မှန်သော အန္တရာယ်များ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။
နည်းဗျူဟာ ယန္တရားများကို ထည့်မပြောလျှင်တောင် ထိုကမ္ဘာငယ်လေးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲဆိုးများ ရှိနေပြီး ၎င်းတို့၏ စွမ်းအားမှာ ထင်မှတ်ထားသည်ထက် ပိုကြီးမားကာ အရေအတွက်အားဖြင့်လည်း အလွန်တရာ များပြားလှသည်။
နတ်ဘုရင်များပင်လျှင် ထိုသားရဲဆိုးများကို မြင်တွေ့ရလျှင် ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြရသဖြင့် ယခုအကြိမ်တွင် နတ်ဘုရင်တစ်ပါးတည်းသာ ပြန်လည်ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။
အကယ်၍ ထိုနတ်ဘုရင်၏ အမြန်နှုန်းကြောင့်သာ မဟုတ်လျှင် သူသည် သားရဲများ၏ အစာဖြစ်သွားလောက်ပြီ ဖြစ်သည်။
နတ်သခင် ချင်းလျန်က
“အထဲမှာ ဒီလောက်အထိ အန္တရာယ်များလိမ့်မယ်လို့ ကျုပ်မထင်ထားမိဘူး။ သတင်းကို ဖြန့်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပုံရတယ်။”
သူတို့ နတ်ဧကရာဇ်၏ ကမ္ဘာငယ်လေးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖြန့်ဝေရခြင်းမှာ အခြားအင်အားစုများကို လာရောက်ရှာဖွေစေရန် ဆွဲဆောင်ပြီး အထဲရှိ အန္တရာယ်ရှိသော သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံများကို တိုက်ခိုက်နှိုးဆွစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
နတ်သခင် ချင်းလျန် စကားပြောပြီးနောက် ဘေးနားရှိ နတ်သခင်တစ်ပါးက
“ဒီကမ္ဘာငယ်လေးမှာသာ ကန့်သတ်ချက်တွေမရှိပဲ နတ်သခင်တွေကို ဝင်ခွင့်ပေးခဲ့ရင် သိပ်ကောင်းမှာပဲ”
ဟု မှတ်ချက်ပြုလိုက်သည်။
ထိုကမ္ဘာငယ်လေးသည် မဟာစွမ်းအားကြီးပုဂ္ဂိုလ် ချန်ထားရစ်ခဲ့ခြင်းဖြစ်ကြောင်း ရွှမ်ချင်းယွမ် ပြောသည်ကို ကြားရလျှင် နတ်သခင်များအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသော်လည်း ၎င်းမှာ နတ်သခင်အဆင့်အောက်ရှိသူများကိုသာ ဝင်ရောက်ခွင့်ပြုရန် ကန့်သတ်ထားကြောင်း သိရသည်။
အကယ်၍ သူတို့ကဲ့သို့ နတ်သခင်များသာ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင် အထဲရှိ အန္တရာယ်များစွာမှာ သူတို့အတွက် အသေးအဖွဲများသာ ဖြစ်လိမ့်မည်။
သို့သော်လည်း သူတို့ လုံးဝ ဝင်ရောက်၍ မရနိုင်ပေ။
ဝင်ပေါက်၏ ကန့်သတ်ချက်ကို ပူးပေါင်း၍ ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းသည် လုံးဝ မလှုပ်မယှက် ကျောက်ဆောင်ကြီးပမာ တည်ရှိနေဆဲဖြစ်သည်။
ထိုကန့်သတ်ချက်မှာ နတ်ဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်ကို ထည့်သွင်းစဉ်းစားပါက သူတို့အနေနှင့် မဖျက်ဆီးနိုင်ခြင်းမှာ မဆန်းတော့ပေ။
နတ်သခင် ချင်းလျန်က
“အထဲမှာ ဒီလောက်အန္တရာယ်များနေမှတော့ အဲဒီလူတွေကို အရင်ဝင်ခွင့်ပေးလိုက်တာပေါ့။ သူတို့က အန္တရာယ်အများစုကို ရှင်းလင်းပြီးသွားပြီဆိုမှ ကျုပ်တို့လူတွေကို လွှတ်ကြတာပေါ့။”
ထိုသို့ပြောပြီးနောက် နတ်သခင် ချင်းလျန်၏ ကိုယ်ထည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ခဏ၌ နတ်လှေ၏ အထက်ထက်တွင် ထွက်ပေါ်လာကာ နတ်စွမ်းအားများကို သုံး၍ အဝေးရှိ အင်အားစုအသီးသီးမှ နတ်များထံသို့ သူ၏အသံကို လွှင့်ထုတ်လိုက်သည်။
“ဒီကမ္ဘာငယ်လေးမှာ နတ်သခင်အဆင့်အောက်က နတ်တွေကိုပဲ ဝင်ခွင့်ပြုတဲ့ ကန့်သတ်ချက်တစ်ခု ရှိနေပါတယ်။ လာရောက်စူးစမ်းလိုပါက မည်သည့်အဖွဲ့မဆို လူတွေကို စေလွှတ်နိုင်ပါတယ်။ ဒါပေမဲ့ အင်အားစုတစ်ခုစီကို လူအယောက်ငါးဆယ်စီပဲ ကန့်သတ်ထားပြီး အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။”
နတ်သခင် ချင်းလျန်၏ စကားအဆုံးတွင် သူက လက်ကိုမြှောက်လိုက်ရာ နတ်လှေ၏ ကုန်းပတ်ပေါ်၌ စာပွဲနှင့် ကုလားထိုင်တစ်ခု ပေါ်ပေါက်လာပြီး စာရင်းသွင်းခြင်းကို ဆောင်ရွက်ရန်အတွက် နတ်ဘုရင်တစ်ပါးကို တာဝန်ပေးလိုက်သည်။
နတ်သခင် ချင်းလျန်၏ စကားကို ကြားလျှင် ရောက်ရှိနေသော နတ်သခင်များ ဆွံ့အသွားကြသည်။
သူတို့သည် ကံကောင်းခြင်းများကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ဤကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ရန် ဝေးလံလှသော ခရီးကို နှင်ခဲ့ကြရသော်လည်း ယခုအခါတွင်တော့ နတ်သခင်အဆင့်အောက်ရှိ နတ်များသာ ဝင်ရောက်နိုင်သည်ဟု ကြားသိလိုက်ရသောကြောင့် ဖြစ်သည်။
ချက်ချင်းပင် အချို့သော နတ်သခင်များစိတ်ထဲ သံသယများ ပေါ်ပေါက်လာ၏။
နဝမကောင်းကင်တက္ကသိုလ်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သည့်အခါ အခြားအင်အားစုများ၏ ပြိုင်ဆိုင်မှုကို ကြောက်ရွံ့သောကြောင့် ၎င်းတို့ကို လှည့်စားနေခြင်း ဖြစ်နိုင်မလားဟု တွေးတောမိကြသည်။
အချို့သော နတ်သခင်များကတော့ နတ်သခင် ချင်းလျန်၏ စကားကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။
ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း၌ ကျင့်စဉ်အဆင့် ကန့်သတ်ချက်များရှိသော လျှို့ဝှက်နယ်မြေများစွာ တည်ရှိနေသဖြင့် နတ်ဧကရာဇ်၏ ကမ္ဘာငယ်လေးတွင်လည်း ကန့်သတ်ချက်များ ရှိနေခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ နတ်ဧကရာဇ်သည် ဆက်ခံသူများကို ရွေးချယ်လိုသောကြောင့် သူ မကွယ်လွန်မီတွင် ဤကန့်သတ်ချက်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် လုချန်းက သူ၏ဘေးနားရှိ နတ်သခင် ရှီယွဲ့ကို
“ခင်ဗျားရဲ့ အခွင့်အရေး ဆုံးရှုံးသွားပုံရတယ်”
ဟု ပြောလိုက်သည်။
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့က ခပ်အေးအေးပင် တုံ့ပြန်၏။
“မသေချာသေးပါဘူး။”
လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“နတ်သခင်အဆင့်အောက်က နတ်တွေပဲ ဝင်လို့ရတာလေ။ ခင်ဗျားအနေနှင့် သားရဲမဟာမိတ်က နတ်ဘုရင်အဆင့်တွေကိုပဲ စေလွှတ်နိုင်မှာ။ အကယ်၍ သူတို့က ကံကောင်းခြင်းတစ်ခုခုကို ရှာဖွေတွေ့ရှိသွားခဲ့ရင်တောင် ခင်ဗျားလက်ထဲကို လွှဲပြောင်းပေးချင်မှ ပေးမှာ။”
နတ်သခင် ရှီယွဲ့သည် တိတ်ဆိတ်နေခဲ့ပြီး မကြာမီတွင် သူမ၏ အနောက်ဘက်မှ အဖြူရောင် အမြီးရှစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့၏ အမြီးများထဲမှ တစ်ချောင်း ရုတ်တရက် ပြုတ်ထွက်သွားပြီး အဖြူရောင်အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ခဏအကြာတွင် နတ်သခင် ရှီယွဲ့နှင့် တစ်ပုံစံတည်းတူသော ပုံရိပ်တစ်ခု သူတို့၏ ရှေ့မှောက်၌ ထွက်ပေါ်လာခဲ့သည်။
အခြား “နတ်သခင် ရှီယွဲ့” ကို တွေ့မြင်လျှင် လုချန်းလည်း နတ်သခင် ရှီယွဲ့၏ အစီအစဉ်ကို ချက်ချင်း နားလည်သွားခဲ့သည်။
နတ်သခင် ရှီယွဲ့သည် ကံကောင်းခြင်းများကို ရှာဖွေရန်အတွက် သူမ၏ ကိုယ်ပွားကို ကမ္ဘာငယ်လေးထဲသို့ စေလွှတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
နတ်သခင် ရှီယွဲ့က လုချန်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာဖြင့်
“ဒီနည်းလမ်းနဲ့ဆိုရင် ကျွန်မလည်း ဝင်သွားနိုင်တာပဲ။”
လုချန်းက ဝန်ခံလိုက်သည်။
“ကောင်းပြီ။ ခင်ဗျားက တကယ်ကို တော်ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ရင် ခင်ဗျားရဲ့ကိုယ်ပွားက တော်တော်လေး ထူးခြားတယ်နော်။ သူ့ရဲ့ နတ်ဝိညာဉ်က ပြည့်စုံနေတဲ့ပုံပဲ။”
နတ်သခင် ရှီယွဲ့၏ ကိုယ်ပွားသည် သူ၏ ရုပ်သေးရုပ်ခန္ဓာကိုယ်နှင့် အလွန်တူနေ၏။ ၎င်း၏ နတ်ဝိညာဉ်မှာလည်း ထိခိုက်ပျက်စီးမှုမရှိပဲ ပြည့်စုံနေသည်ကို လုချန်း သတိပြုမိလိုက်သည်။
--
………..