အခန်း ၁၉၅၃
Vol. 131 Ch. 1953
အခန်း (၁၉၅၃ )
ကမ္ဘာငယ်ထဲသို့ ဝင်ရောက်ခြင်း
လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ နတ်သခင် ရှီယွဲ့သည်လည်း ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် လေဟာနယ်ထဲမှ ရုပ်ခန္ဓာကို ဖန်တီးနိုင်ခြင်း ဖြစ်လေမလားဟု စိတ်ထဲတွင် မတွေးဖြစ်ပဲ မနေနိုင်ခဲ့ပေ။
အိပ်မက်မှ နိုးထလာသကဲ့သို့ သတိပြန်ဝင်လာပြီးနောက် လုချန်းက
“ကျုပ်သုံးတဲ့ ရုပ်သေးပညာကို ခင်ဗျားက ဘယ်လိုလုပ်ပြီး သုံးနိုင်ရတာလဲ”
ဟု စမ်းသပ်သည့်အနေနှင့် မေးလိုက်သည်။
နတ်သခင် ရှီယွဲ့က
“ဒါက ဘာရုပ်သေးပညာမှ မဟုတ်ဘူး။ ဒါက ကျွန်မရဲ့ နတ်စွမ်းရည်ပဲ”
ဟု ခပ်အေးအေးပင် တုံ့ပြန်ခဲ့သည်။
လုချန်း ကွင်းကွင်းကွက်ကွက် နားလည်သွားခဲ့သည်။
ဒါက မွေးရာပါ နတ်ဘုရားစွမ်းရည် ဖြစ်နေတာကိုး။
ဒါဆိုရင်တော့ အကျိုးအကြောင်းဆီလျော်ပါသေးသည်။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ အချို့သော နတ်များ၏ ကျင့်ကြံခြင်းကာလအတွင်း ထူးဆန်းသည့် နတ်စွမ်းရည်များ နိုးထလာရန် အခွင့်အရေး အတိုင်းအတာတစ်ခုအထိ ကြုံတောင့်ကြုံခဲ ရှိတတ်ကြ၏။ အထူးသဖြင့် နတ်ဆိုးမျိုးနွယ်များတွင် ပို၍ ဖြစ်တတ်သည်။
မြင့်မြတ်သော သွေးမျိုးဆက်ရှိသည့် နတ်ဆိုးမျိုးနွယ်အများစုသည် ကျင့်ကြံခြင်း မလိုကြပဲ မွေးဖွားချိန်တွင် သူတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များကို သဘာဝအတိုင်း နိုးထလာကြခြင်း ဖြစ်သည်။
လုချန်းသည် နတ်သခင် ကောင်းကင်၏ ကိုယ်ပွားအနားသို့ တိုးသွားပြီး မျက်တောင်မခတ်တမ်း ကြည့်လျက် ထိုကိုယ်ပွားကို စေ့စေ့စပ်စပ် ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။
ထိုကိုယ်ပွား၏ အချို့ခန္ဓာကိုယ် အစိတ်အပိုင်းများသည် နတ်သခင် ရှီယွဲ့၏ ပင်မကိုယ်ထက် အနည်းငယ် ပို၍ သေးငယ်ပုံရသည်။
လုချန်းက သူမ၏ ကိုယ်ပွားကို တိုက်ရိုက် စိုက်ကြည့်လျက် စစ်ဆေးနေသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး
“ရှင်ဘာလုပ်နေတာလဲ”
ဟု အေးစက်စွာ မေးလိုက်သည်။
လုချန်းက စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့်
“ခင်ဗျားက ခင်ဗျားရဲ့ ဒီကိုယ်ပွားကို အဝေးကနေလည်း ထိန်းချုပ်နိုင်တာလား”
ဟု မေးလိုက်သည်။
နတ်သခင် ရှီယွဲ့က မျက်နှာအမူအရာမပျက်ပဲ
“သေချာတာပေါ့”
လုချန်းလည်း စကားမပြောတော့ပဲ သူ၏ ရှေ့မှောက်ရှိ နတ်သခင် ရှီယွဲ့၏ ကိုယ်ပွားကို စိုက်ကြည့်ကာ အတွေးထဲ နစ်မျောနေခဲ့သည်။
လုချန်း၏ ထိုကဲ့သို့ မလွှဲမဖယ် စိုက်ကြည့်ခြင်းကို ခံရသဖြင့် နတ်သခင် ရှီယွဲ့လည်း အကြည့်ဖြင့် စော်ကားခံနေရသကဲ့သို့ စိတ်ထဲတွင် တော်တော်လေး ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် နတ်သခင် ရှီယွဲ့က
“ကျွန်မတို့ ရုပ်ဖျက်သင့်တယ်”
ဟု လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူတို့၏ သရုပ်မှန်က အနည်းငယ် ထူးခြားလှသည်။ တစ်ဦးက သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင် ဖြစ်ပြီး အခြားတစ်ဦးက ထျန်းရန် နတ်ဘုရား နယ်မြေတွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်နေသည်။
အကယ်၍ သူတို့ ထိုကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သွားပါက လူများက အလွယ်တကူ မှတ်မိသိသွားနိုင်ပြီး မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် သူ့တို့ကိုယ်သူတို့ ဖုံးကွယ်ထားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
အထူးသဖြင့် လုချန်းဖြစ်သည်။ သူသည် သူတော်စင် အဆင့် ချိပ်ပိတ်နည်းဗျူဟာ၏ နည်းဗျူဟာအင်းကွက်ပုံစံများကို ရေးဆွဲနိုင်သူ ဖြစ်သည်။
သူ ထိုကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သည့်အခါ အခြားသော နတ်ဘုရင်များနှင့် တွေ့ဆုံခဲ့လျှင် သူတို့သည် ထိုအထဲတွင် ပြိုင်ဘက်ကင်း ဖြစ်နေမည် ဖြစ်သည်။
အကယ်၍ နဝမကောင်းကင်တက္ကသိုလ်က ထိုအရာကို သိသွားပါက သူ့ကို ဝင်ခွင့်ပေးမည် မဟုတ်ပေ။
အနမ်းတစ်ခုဖြင့် လုချန်းကို ဆင့်ခေါ်နိုင်ခဲ့ခြင်းကြောင့် သူမ အနည်းငယ် ကံကောင်းသည်ဟု ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့ ခံစားလိုက်ရသည်။
သူတော်စင် အဆင့် ချိပ်ပိတ်နည်းဗျူဟာကို ရေးဆွဲနိုင်သည့် လုချန်း ရှိနေသဖြင့် အတွင်း၌ အခွင့်အရေးများကို လုယူရန် ကြိုးပမ်းနေသည့် အခြားသူများနှင့် တွေ့ဆုံပါက သူတို့က ထိုသူများကို အလွယ်တကူ နှိမ်နင်းနိုင်မည် ဖြစ်သည်။
လုချန်းက အနည်းငယ် ရွံရှာဖွယ်ကောင်းခဲ့သော်လည်း အဆုံးသတ်တွင်တော့ ဤအပေးအယူက အရှုံးမရှိခဲ့ပေ။
ထိုအချိန်တွင် နတ်သခင် ရှီယွဲ့က သူမ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူမ၏ ကိုယ်ပွားသည် လျှပ်စီးလက်သကဲ့သို့ ချက်ချင်းပင် အခြားသော ရုပ်သွင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
နတ်သခင် ရှီယွဲ့၏ ရုပ်သွင်ပြောင်းလဲသွားမှုကို တွေ့မြင်လျှင် လုချန်းစိတ်ထဲ အနည်းငယ်နှမြောသွားခဲ့သည်။
လုချန်း၏ စိတ်ပျက်နေပုံရသော မျက်နှာအမူအရာကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့လည်း ဤလူက သူမ၏ ရုပ်ဖျက်ထားသော သွင်ပြင်ကို တွေ့မြင်ပြီးနောက် အဘယ်ကြောင့် မပျော်မရွှင် ဖြစ်နေရသနည်းဟု ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ထို့နောက် နတ်သခင် ရှီယွဲ့က
“ရှင်လည်း ရှင့်ရဲ့ ရုပ်သွင်ကို မြန်မြန်ပြောင်းသင့်တယ်။ ကျွန်မ အခုပဲ သွားပြီး စာရင်းသွင်းတော့မယ်”
ဟု သတိပေးလိုက်သည်။
လုချန်းက
“နဝမကောင်းကင်တက္ကသိုလ်မှာ နတ်သခင်တွေ ဒီလောက်အများကြီး ရှိနေတာ။ သူတို့က ကျုပ်တို့ရဲ့ ရုပ်ဖျက်ပညာကို ရိပ်မိသွားမှာ မကြောက်ဘူးလား။”
နတ်သခင် ရှီယွဲ့က
“ကျွန်မရဲ့ ဒီကိုယ်ပွားက သတ်မှတ်ထားတဲ့ ပုံသဏ္ဌာန်မရှိဘူး။ ဒါက ဘယ်သူ့ရဲ့ ရုပ်သွင်အဖြစ်မဆို ပြောင်းလဲနိုင်တယ်”
တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်ကတော့…”
ထိုသို့ပြောပြီးနောက် နတ်သခင် ရှီယွဲ့က လုချန်းကို တစ်ချက် ကြည့်လိုက်၏။ ကမ္ဘာငယ်ထဲ မဝင်ခင်တွင် လုချန်းကို နဝမကောင်းကင်တက္ကသိုလ်၏ နတ်သခင်များ မှတ်မိသွားမည်ကို သူမ အနည်းငယ် စိုးရိမ်မိသွားသည်။
လုချန်းက စကားအများကြီး မပြောတော့ပေ။ ထို့နောက် သူက ဖန်တီးခြင်းစွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်ပြီး ထိုနေရာ၌ပင် လူနတ်အဆင့် ခန္ဓာကိုယ်အသစ်တစ်ခုကို ဖန်တီးလိုက်သည်။
ဤခန္ဓာကိုယ်၏ ရုပ်သွင်သည် အစခန္ဓာကိုယ်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ခန္ဓာကိုယ်အသစ်ကို ဖန်တီးပြီးနောက် လုချန်းက
“ကောင်းပြီ... အခု သွားကြရအောင်”
လုချန်း၏ ခန္ဓာကိုယ်အသစ်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ထံ၌ အတွေးနက်နေသော မျက်နှာအမူအရာတစ်ခုကို ပေါ်လာခဲ့သည်။
လုချန်း၏ ကိုယ်ပွားများ ဖန်တီးသည့် နည်းလမ်းကို သူမ မည်မျှပင် အကြိမ်ကြိမ် တွေ့မြင်ဖူးပါစေ အမြဲတမ်း အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေသည်။
သူမသည် သူမ၏ မွေးရာပါ နတ်စွမ်းရည်ကြောင့် ကိုယ်ပွားများကို လျင်မြန်စွာ ထုတ်လုပ်နိုင်ခြင်း ဖြစ်ပြီး သူမ၏ အမြီးတစ် ချောင်းချင်းစီသည် သူမ အပြည့်အဝ ထိန်းချုပ်နိုင်သော ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။
သို့သော်လည်း လုချန်းက ကိုယ်ပွားအသစ်တစ်ခုကို ဖန်တီးသည့်အခါတွင်တော့ သူသည် မည်သည့် မွေးရာပါ နတ်ဘုရားစွမ်းရည်ကိုမှ အသုံးမပြုပုံရပဲ သူ၏ ကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ သက်သက် အမှီပြုနေပုံရသည်။
လုချန်း အသုံးပြုသည့် စွမ်းအားက သူမကို အနည်းငယ် မငြိမ်မသက် ဖြစ်စေခဲ့ပြီး လုချန်းက ကိုယ်ပွားများ ဖန်တီးရန် မည်သို့သော စွမ်းအားမျိုးကို အသုံးပြုခဲ့သနည်းဆိုသည်ကို သူမအား တော်တော်လေး စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
စိတ်ထဲတွင် အလွန် စူးစမ်းချင်စိတ် ဖြစ်နေသော်လည်း ယခုအချိန်သည် ဤအရာများကို စုံစမ်းစစ်ဆေးရမည့် အချိန်မဟုတ်ပေ။
ထို့ကြောင့် နတ်သခင် ရှီယွဲ့က သူမ၏ သတိကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်ပြီး သားရဲမဟာမိတ်၏ အဖွဲ့ကို စာရင်းသွင်းသည့်နေရာသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
စာရင်းသွင်းခြင်း ပြီးစီးပြီးနောက် နဝမကောင်းကင်တက္ကသိုလ်မှ လူများက ဆက်လက် စောင့်ဆိုင်းရန်အတွက် နတ်လှေဆီသို့ ပြန်သွားရန် သူတို့ကို ပြောခဲ့သည်။
အကြမ်းဖျင်းအားဖြင့် လဝက်ခန့် ကြာပြီးနောက် နဝမကောင်းကင်တက္ကသိုလ်သည် ကမ္ဘာငယ်ထဲသို့ ဝင်ရောက်လိုသည့် အင်အားစုများ၏ ထက်ဝက်ကျော်ကို စာရင်းသွင်းထားခဲ့ပြီး ဖြစ်သည်။
ဤကမ္ဘာငယ်သည် လူအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပြီး တစ်စိတ်တစ်ပိုင်းသာ စာရင်းသွင်းရသေးခြင်း ဖြစ်သည်။
ထို့ပြင် နတ်ဧကရာဇ် ကွယ်လွန်သွားသည့် သတင်း တောမီးပမာ ပျံ့နှံ့သွားသည်နှင့်အမျှ အင်အားစုများစွာက ထိုအဖြစ်အပျက်ကို ပိုသိလာကြပြီး ထျန်းရန် နတ်ဘုရား နယ်မြေမှ အင်အားစု တော်တော်များများလည်း ဤနေရာသို့ စတင် ထွက်ခွာလာကြပြီ ဖြစ်သည်။
ကမ္ဘာငယ်အတွင်းရှိ အန္တရာယ်များကို အချိန်မီ ရှင်းလင်းရန်အတွက် နဝမကောင်းကင်တက္ကသိုလ်၏ နတ်သခင်များသည် လူအချို့ကိုသာ အရင် ဝင်ရောက်ခွင့်ပြုရန် စဉ်းစားခဲ့ကြသည်။
…….
မနက်ခင်းတစ်ခုတွင်။
နတ်သခင် ချင်းလျန်၏ အသံသည် မိုးခြိမ်းသံပမာ ကစဉ့်ကလျား နယ်မြေတစ်ခုလုံး၌ ဟိန်းထွက်သွားခဲ့သည်။
“စာရင်းသွင်းထားတဲ့ အင်အားစုတွေအားလုံး အစီအစဉ်အလိုက် တန်းစီပြီး ကမ္ဘာငယ်ထဲ ဝင်ဖို့ ပြင်ဆင်ကြပါ။”
နတ်သခင် ချင်းလျန်၏ အသံကို ကြားလျှင် အမျိုးမျိုးသော အင်အားစုအသီးသီးမှ နတ်များသည် နေရာကောင်းများ ရရှိရန် အမြင့်မားဆုံး အရှိန်နှုန်းဖြင့် တိုးဝှေ့ ထွက်ခွာသွားကြသည်။
တန်းစီနေသော နတ်များဖြင့် ကောင်းကင်ယံ တစ်ပြင်လုံး ပြည့်နှက်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ချင်းလျန် အနည်းငယ် ပြုံးလိုက်သည်။
ဤမျှလောက်များပြားသော နတ်များနှင့်ဆိုလျှင် သူတို့သည် အန္တရာယ် တော်တော်များများကို ဖယ်ရှားနိုင်ခြေ ရှိသည်။
တက်ရောက်လာသူများ အားလုံးနီးပါး စုဝေးမိသွားလျှင် နတ်သခင် ချင်းလျန်က ဆက်လက်၍
“ကမ္ဘာငယ်ထဲ မဝင်ခင်မှာ ကျုပ် အားလုံးကို သတိပေးချင်တာက အထဲကို ရောက်သွားလို့ နဝမကောင်းကင်တက္ကသိုလ်က လူတွေနဲ့ တွေ့ရင် ခင်ဗျားတို့က သူတို့ကို အထက်လူကြီးတွေလို သဘောထားရမယ်။”
“အကယ်၍ ခင်ဗျားတို့က သူတို့ကို အထဲမှာ မလေးမစား လုပ်ခဲ့တယ်ဆိုတာကို ကျုပ် သိသွားရင် ခင်ဗျားတို့ တောင်ပိုင်းနယ်ကနေ ထွက်သွားဖို့ လုံးဝ မစဉ်းစားနဲ့တော့။”
“ဒါ့အပြင် နဝမကောင်းကင်တက္ကသိုလ်က လူတွေရဲ့ အပေါ်မှာ ကျုပ်တို့ ကောင်းကင်မိန်းကလေးရဲ့တံဆိပ်တော် ရှိနေတယ်။”
“အကယ်၍ သူတို့ သေဆုံးသွားရင် အဲဒီတံဆိပ်တော်က လူသတ်သမားရဲ့ အပေါ်မှာ ပေါ်လာလိမ့်မယ်။”
နတ်သခင် ချင်းလျန်၏ စကားများသည် ပွင့်လင်းရှင်းလင်းလှပြီး ထိုနေရာတွင် ရှိနေသူများအား အတွင်း၌ နဝမကောင်းကင်တက္ကသိုလ်မှ လူများနှင့် တွေ့ဆုံပါက ရတနာများအတွက် သတ်ဖြတ်ခြင်းမျိုး မလုပ်ဆောင်ရန် ပြတ်ပြတ်သားသား သတိပေးလိုက်ခြင်း ဖြစ်သည်။
နတ်သခင် ချင်းလျန်၏ စကားများကြောင့် စိတ်မသက်မသာ ခံစားရသော်လည်း မမည်သူမှ ငြင်းခုံရန် မဝံ့ရဲကြပေ။
အဆုံးတွင်တော့ နဝမကောင်းကင်တက္ကသိုလ်၏ နောက်ကွယ်တွင် နတ်ဧကရာဇ် ရှိနေ၏။ အကယ်၍ သူတို့က ယခုအချိန်တွင် ကန့်ကွက်စကား ပြောဆိုပါက ကမ္ဘာငယ်ထဲသို့ ဝင်ရောက်နိုင်ရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။
ရှိနေသူများကို သတိပေးပြီးနောက် နတ်သခင် ချင်းလျန်က
“ကောင်းပြီ... အထဲကို ဝင်ကြတော့”
ထိုစကားများနှင့်အတူ နဝမကောင်းကင်တက္ကသိုလ်က လမ်းဖွင့်ပေးလိုက်ရာ မတူညီသော အင်အားစုများမှ နတ်များလည်း မြေပြင်ရှိ နက်မှောင်သော ဝဲကရက်ကြီးဆီသို့ လျင်မြန်စွာ တိုးဝှေ့ ပြေးဝင်သွားကြ တော့သည်။
မကြာမီတွင် သိန်းနှင့်ချီသော နတ်များ လောကငယ်လေးထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
လုချန်းသည် ကမ္ဘာငယ်ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
သူသည် လူရိပ်လူယောင် နည်းနည်းမှ မတွေ့မြင်ရသည့် ထူထပ်သော တောအုပ်တစ်ခုထဲ ရောက်ရှိနေကြောင်း တွေ့ရှိခဲ့ရ၏။ ပတ်ဝန်းကျင်တစ်ခုလုံးက သူ၏ အသက်ရှူသံကိုပင် ပြန်ကြားရလောက်အောင် သုသာန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ကမ္ဘာငယ်ထဲ၌ ကျပန်း တည်နေရာရွှေ့ပြောင်းခြင်း ရှိလိမ့်မည်ဟု လုချန်းတို့ မထင်မှတ်ထားခဲ့ပေ။
ယခုအခြေအနေအရ နတ်သခင် ရှီယွဲ့နှင့် ပြန်လည်ဆုံတွေ့ရန် ခက်ခဲသွားနိုင်ခြေ ရှိသည်။
သူ၏ ဤခန္ဓာကိုယ်သည် လူနတ်ကျင့်စဉ်အဆင့်သာ ရှိသေးပြီး ကမ္ဘာငယ်သည် သိသာထင်ရှားစွာပင် တော်တော်လေး အန္တရာယ်များလှသည်။ မဟုတ်ပါက နဝမကောင်းကင်တက္ကသိုလ်က သူတို့ကို ကင်းထောက်ရန် စေလွှတ်လိမ့်မည် မဟုတ်ပေ။
သူ၏ လူနတ်အဆင့်ဖြင့် ကြုံတွေ့ရမည့် အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရန်က အနည်းငယ် စိန်ခေါ်မှု ရှိနိုင်သည်။ သူသည် ဤကမ္ဘာငယ်ထဲတွင် နတ်ဘုရင်၏ ကျိန်စာကို အားကိုး၍လည်း မဖြစ်ပေ။
--
…………