အခန်း ၁၉၅၄
Vol. 131 Ch. 1954
အခန်း( ၁၉၅၄ )
အသိအကျွမ်းဟောင်း
လုချန်း ချက်ချင်း လှုပ်ရှားခြင်း မပြုခဲ့ပေ။ သူသည် ထိုနေရာတွင်ပင် အသာအယာရပ်ကာ ခဏခန့် အမြော်အမြင်ဖြင့် စဉ်းစားလိုက်ပြီးနောက် တောအုပ်၏ အခြေအနေကို စူးစမ်းရန် သူ၏ နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။
ဤတောအုပ်ထဲရှိ သစ်ပင်များသည် မိုးထိမတတ် မြင့်မားကြပြီး ၎င်းတို့၏ သစ်ကိုင်းများနှင့် သစ်ရွက်များသည် ကောင်းကင်ယံကို ကာဆီးထားသကဲ့သို့ အလွန် ထူထပ်လှသဖြင့် နေရောင်ခြည် အနည်းငယ်သာ မြေပြင်ပေါ်သို့ ကျရောက်နိုင်သောကြောင့် တောအုပ်တစ်ခုလုံးကို အမှောင်ထုကြီး ဖုံးလွှမ်းကာ အလွန် မှောင်မိုက်နေစေသည်။
သူ၏ နတ်အာရုံကို ထုတ်လွှတ်ပြီးနောက် လုတောအုပ်တစ်ခုလုံး တိတ်ဆိတ်လျက် မည်သည့်အရာကိုမှ အာရုံမခံနိုင်ကြောင်း လုချန်း ရှာဖွေတွေ့ရှိခဲ့သည်။ ဤတောအုပ်သည် နတ်များ၏ နတ်အာရုံဖြင့် စူးစမ်းမှုကို ပိတ်ဆို့နိုင်ကြောင်း သူ ချက်ချင်းပင် သဘောပေါက်လိုက်၏။
နတ်များ၏ နတ်အာရုံဖြင့် စူးစမ်းမှုကို ပိတ်ဆို့နိုင်သော နေရာများသည် ယေဘုယျအားဖြင့် အလွန် အန္တရာယ်များလှသဖြင့် သူ ပို၍ သတိထားရန် လိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက် လုချန်းသည် ဘေးကင်းရာသို့ ရှောင်ရှားလိုသဖြင့် တောအုပ်ထဲမှ အရင် ထွက်ခွာရန် ပြင်ဆင်ရင်း သူ၏ နတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ်ပင် မလျှောက်ရသေးခင်မှာပင် မိုးခြိမ်းသံပမာ အဝေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဘယ်သူလဲ...
ထိုအသံကို ကြားလျှင် လုချန်း ချက်ချင်း ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုစဉ် တောအုပ်၏ အနက်ရှိုင်းဆုံးနေရာမှ သွေးအလိမ်းလိမ်း ပေကျံနေသော လူတစ်ယောက်သည် သေမင်းနှင့် ယှဉ်ပြိုင်လာသကဲ့သို့ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ ထိုလူ ပို၍ နီးကပ်လာလျှင် လုချန်း သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရောက်ရှိလာသူကို တွေ့မြင်လျှင် လုချန်း အနည်းငယ် အံ့သြသွားခဲ့သည်။ ရောက်ရှိလာသူမှာ နဝမကောင်းကင်တက္ကသိုလ်မှ ဖြစ်ပြီး သူ ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်း၌ ရေစက်ဆုံကာ တွေ့ခဲ့ဖူးသော ချူးကျန့်ယွီ ဖြစ်နေသည်။
ရွှမ်ချင်းယွမ်နောက်သို့ လိုက်ကာ အန္တရာယ်ကြီးလှသော ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့ ဘေးကင်းစွာ ပြန်လာနိုင်သူ မည်သူမဆို နဝမကောင်းကင်တက္ကသိုလ်၏ အမာခံအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံရသင့်သည်။
လုချန်းသည် ချူးကျန့်ယွီ၏ ကျင့်စဉ်အဆင့်ကို စစ်ဆေးရန် စနစ်ကို အသုံးပြုခဲ့ပြီး လက်ရှိတွင် သူသည် နတ်ဘုရင် အဆင့်၌သာ ရှိသေးကြောင်း တွေ့ရှိခဲ့သည်။
ချူးကျန့်ယွီသည် နီးကပ်လာလျှင် တစ်ဖက်လူမှာ လူနတ် အဆင့်မျှသာ ဖြစ်သည်ကို တွေ့မြင်လိုက်သောအခါ ကောင်းကင်ကိုတိမ်ဖုံးလွှမ်းသွားသကဲ့သို့ သူ၏ မျက်နှာ ချက်ချင်း အုံ့မှိုင်းသွားခဲ့သည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သူ၏ သက်စောင့်စွမ်းအားများလည်း အဆက်မပြတ် ဆုတ်ယုတ်လျက် ရှိနေသည်။
အကယ်၍ သူသည် မကြာမီ ကုသမှု မခံယူရပါက သူ၏ ခန္ဓာကိုယ် ပျက်စီးသွားပေလိမ့်မည်။ နတ်များသည် ၎င်းတို့၏ နတ်ဝိညာဉ် မပျက်စီးပါက သေဆုံးမည်မဟုတ်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်သည် နတ်ဝိညာဉ်အတွက် သံမဏိတံတိုင်းပမာ အခိုင်မာဆုံးသော အကာအကွယ် အတားအဆီး ဖြစ်သည်။
ခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်မရှိသည့် နတ်ဝိညာဉ်သည် အလွန်ပင် ထိခိုက်လွယ်သွားတတ်သည်။ ဤအန္တရာယ်များသော ကမ္ဘာငယ်ထဲတွင် သူ့၌ နတ်ဝိညာဉ်သာ ကျန်ရှိတော့သည့် အချိန်၌ သားရဲအုပ်စုနှင့် ရုတ်တရက် ထပ်မံတွေ့ဆုံပါက ဤနေရာ၌ပင် သူ ကျဆုံးသွားနိုင်ခြေ ရှိသည်။
ချူးကျန့်ယွီသည် အစောပိုင်းက ဤနေရာ၌ နတ်စွမ်းအားကို အာရုံခံမိခဲ့သဖြင့် ဤနတ်သည် အနည်းဆုံး နတ်ဘုရင်ခံ အဆင့် ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့ပြီး ထိုသူ့၌ ကောင်းမွန်သော ကုသရေး နည်းလမ်းများ ရှိကောင်းရှိနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း အနီးကပ် ကြည့်ရှုလိုက်သောအခါ လူနတ်တစ်ပါး ဖြစ်နေခဲ့သည်။
ချူးကျန့်ယွီက
“ခင်ဗျားလို လူနတ်တစ်ယောက်က ဒီကမ္ဘာငယ်ထဲမှာ သေတွင်းထဲ ခေါင်းလျှိုသလို ဘာလာလုပ်နေတာလဲ”
ဟု ခက်ထန်စွာ မေးလိုက်သည်။
“ဒီထဲက ဘယ်သားရဲမဆို ခင်ဗျားကို ပုရွက်ဆိတ်တစ်ကောင်လို တစ်ချက်တည်းနဲ့ ပွတ်ချေသွားနိုင်တယ်။”
လုချန်းက
“စီနီယာ... ကျုပ်က နတ်ဂိုဏ်း အကြီးအကဲတွေရဲ့ အရိပ်အောက်မှာ လမ်းညွှန်မှုခံယူရင်း စွမ်းရည်လေ့ကျင့်ဖို့ ဒီကို ရောက်နေတာပါ။”
ထိုစကားကို ကြားလျှင် ချူးကျန့်ယွီ ခဏခန့် ကြောင်အသွားခဲ့သည်။
နတ်ဂိုဏ်း အကြီးအကဲတွေရဲ့ လမ်းညွှန်မှုအောက်မှာ လေ့ကျင့်တာ ဟုတ်လား။
ချူးကျန့်ယွီသည် ဤနေရာကို လာရောက်စူးစမ်းသည့် တတိယမြောက် ရှေ့ပြေးအုပ်စုတွင် ပါဝင်ခဲ့သူ ဖြစ်သောကြောင့် ပြင်ပကိစ္စရပ်များကို မသိရှိခဲ့ပေ။ နဝမကောင်းကင်တက္ကသိုလ်က အဘယ်ကြောင့် ယခုကဲ့သို့ အခြေခံအဆင့် လူနတ်တစ်ဦးကို လေ့ကျင့်ရန်အတွက် ကျားဂူထဲ ဝင်ခွင့်ပြုခဲ့သနည်းဆိုသည့်အချက်က သူကို့ အလွန်ဇဝေဇဝါ ဖြစ် စေခဲ့သည်။
ချူးကျန့်ယွီသည် စိတ်ကို ပြန်လည်စုစည်းကာ
“လေ့ကျင့်တာ ဟုတ်လား... ခင်ဗျား ဘယ်အသုတ်နဲ့ ဝင်လာတာလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“ကျုပ် မသိဘူး စီနီယာ”
ချူးကျန့်ယွီက
“ခင်ဗျားနဲ့အတူ လူဘယ်လောက် ဝင်လာလဲ”
လုချန်းက
“သိန်းနဲ့ချီ ရှိမယ်ထင်တယ်”
“သိန်း... သိန်းနဲ့ချီ ဟုတ်လား...”
ချူးကျန့်ယွီ တစ်ယောက် မိုးကြိုးဆယ်စင်းပစ်ချခံရသကဲ့သို့ နောက်တစ်ကြိမ် မှင်တက်သွားခဲ့ရသည်။ ယခင် လာရောက်စူးစမ်းသည့် ရှေ့ပြေးအုပ်စုများတွင် တစ်ကြိမ်လျှင် လူငါးရာထက် မပိုခဲ့ဖူးသော်လည်း ယခုတော့ သိန်းနှင့်ချီ၍ ဝင်လာကြတာလား။
နဝမကောင်းကင်တက္ကသိုလ်က အဘယ်ကြောင့် ဤမျှ များပြားသော လူအရေအတွက်ကို အထဲသို့ စေလွှတ်လိုက်ရသနည်း။
ထို့နောက် ချူးကျန့်ယွီလည်း ဖြစ်ပျက်နေသည့်အရာကို လျင်မြန်စွာ သဘောပေါက်သွားပြီး လုချန်းကို စူးစိုက်ကြည့်ကာ
“ဒါဆို ခင်ဗျားက နဝမကောင်းကင်တက္ကသိုလ်ရဲ့ တပည့် မဟုတ်ဘူးပေါ့”
ဟု မေးလိုက်သည်။
လုချန်းက
“ကျုပ်က သားရဲမဟာမိတ်ကပါ”
လုချန်း၏ စကားများက ချူးကျန့်ယွီ၏ သံသယကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ အပြင်ကလူများသည် ဤနေရာ အန္တရာယ်များလှကြောင်း သိသောကြောင့် ဓားစာခံပမာ အခြား နတ်ဂိုဏ်းများကို ဘေးအန္တရာယ်များ အရင် ရှင်းလင်းခိုင်းရန် စဉ်းစားထားခြင်း ဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။
ထို့နောက် သူက
“ဒီအတောအတွင်း ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ကျုပ်ကို ပြစမ်း”
လျှပ်တပြက်ပင် လုချန်းသည် ကမ္ဘာငယ်ပြင်ပရှိ ဖြစ်ရပ်များကို ထည့်သွင်းကာ မှတ်ဉာဏ်ပုလဲတစ်လုံးကို စုစည်းလိုက်သည်။ မှတ်ဉာဏ်ပုလဲသည် လေထဲတွင် ဝဲပျံကာ ချူးကျန့်ယွီထံသို့ တဖြည်းဖြည်း လွင့်မျောသွားခဲ့၏။
ထို့နောက် ချူးကျန့်ယွီက သူ၏လက်ကို အားယူကာ မြှောက်လိုက်ပြီး ၎င်း၏ အကြောင်းအရာများကို ဖတ်ရှုရန်အတွက် မှတ်ဉာဏ်ပုလဲအတွင်းသို့ နတ်စွမ်းအားကို ထည့်သွင်းလိုက်သည်။
မှတ်ဉာဏ်ကို ဖတ်ပြီးနောက် ဝန်ထုတ်ကြီးတစ်ခု ကျသွားသကဲ့သို့ စိတ်သက်သာရာရစွာဖြင့် ချူးကျန့်ယွီ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ယခုအခါ သိန်းနှင့်ချီသောသူများ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် သူသာ နတ်ဘုရင် အဆင့်ရှိသူ တစ်ဦးနှင့် ရေစက်ဆုံတွေ့ရပါက မျှော်လင့်ချက်အလင်းရောင် ရှိနေသေးသည်။
ထို့နောက် ချူးကျန့်ယွီက လုချန်းကို
“ခင်ဗျား ဒီမှာရှိတဲ့ နတ်ဘုရင်တစ်ပါးပါးကို ချက်ချင်း သွားရှာရမယ်”
စကားပြောပြီးသည်နှင့် ချူးကျန့်ယွီသည် နုံးခွေစွာဖြင့် သစ်ပင်ပင်စည်ကို မှီလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်အငွေ့အသက်များမှာ ငြိမ်းခါနီး ဖယောင်းတိုင်ပမာ အလွန် အားနည်းနေ၏။ သူ၏ ခန္ဓာကိုယ်သာမက သူ၏ နတ်ဝိညာဉ် အငွေ့အသက်ပါ အားနည်းလာခဲ့ခြင်းဖြစ်သည်။
သူသည် ဤကမ္ဘာငယ်ကို စူးစမ်းလေ့လာစဉ်အတွင်း သူ၏ နတ်ဝိညာဉ်စွမ်းအားကို လောင်ကျွမ်းစေခဲ့တာ ထင်ရှားသည်။ မဟုတ်ပါက သူ ဤမျှလောက် အားအင်ချည်းနဲ့နေမည်မဟုတ်ပေ။
ချူးကျန့်ယွီ၏ စကားကို ကြားသော်လည်း လုချန်း အလောတကြီး မထွက်ခွာခဲ့ပေ။ သူသည် ချူးကျန့်ယွီထံမှ ဤကမ္ဘာငယ်နှင့် ပတ်သက်သည့် အချက်အလက်အချို့ကို စုဆောင်းလိုနေသည်။
ထိုင်ချလိုက်ပြီးနောက် လုချန်း မထွက်ခွာသေးသည်ကို တွေ့မြင်လျှင် ချူးကျန့်ယွီက မျက်မှောင်ကြုတ်ကာ
“ခင်ဗျား ဘာလို့ မြန်မြန် မသွားသေးတာလဲ”
ချူးကျန့်ယွီသည် သူ၏ သက်စောင့်စွမ်းအားများ ဒီရေကျသကဲ့သို့ လျင်မြန်စွာ ဆုတ်ယုတ်နေသည်ကို ခံစားနေရ၏။ သူ မြန်မြန် ကုသမှုမခံယူပါက မကြာမီ သေဆုံးရတော့မည် ဖြစ်သည်။
ထိုအခါ လုချန်းက
“စီနီယာ... ကျုပ် ကုသရေးပညာ တချို့ သိပါတယ်။ကျုပ် အရင် ကုသပေးပါရစေ။”
လုချန်း၏ စကားကို ကြားလျှင် ချူးကျန့်ယွီက မယုံသင်္ကာဖြင့် လုချန်းကို တစ်ချက် စူးစိုက်ကြည့်လိုက်သည်။ ဤလူ၌ တကယ်ပင် လူနတ်တစ်ပါး၏ အငွေ့အသက်သာ ရှိ၏။
သို့သော်လည်း မည်သို့ပင်ဆိုစေ ထိုသူ့၌ အသက်ကယ် ကုသပေးနိုင်သည့် နည်းလမ်း ရှိမရှိ ချူးကျန့်ယွီ စိတ်ဝင်စားသွားသည်။
ယခုအချိန်၌ သူ့အနေနှင့် ရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ ဤလူ ထွက်သွားပြီး အခြား နတ်ဘုရင်တစ်ပါးကို သွားရှာမည်ဆိုလျှင်ပင် သူ၏ လူနတ် ကျင့်စဉ်အဆင့်ဖြင့် တောအုပ်ထဲမှ ခြေတစ်လှမ်းမှ မထွက်ခွာနိုင်ခင်မှာတင် သားရဲတို့၏ သားကောင် ဖြစ်သွားနိုင်သည်။
ထို့ပြင် သူသည် အခြား နတ်ဘုရင်တစ်ပါးကို တကယ် ရှာတွေ့ခဲ့လျှင်ပင် ထိုသူများ ရောက်ရှိလာသည့်အချိန်တွင် သူ အသက်ရှင်နေဦးမည်လား ဆိုတာ မည်သူမှ မှန်းဆ၍ မသိနိုင်ပေ။
ဤလူက ကုသရေးပညာ တတ်မြောက်ထားသည်ဟု ဆိုလာသဖြင့် စမ်းသပ်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ထိုသို့ စိတ်ထဲတွင် တွေးပြီးနောက် ချူးကျန့်ယွီက
“ကောင်းပြီ... ကျုပ်ကို လာကုပေးစမ်း”
ထို့နောက် လုချန်းသည် ချူးကျန့်ယွီထံသို့ ချဉ်းကပ်သွားခဲ့သည်။ သူ့ရှေ့သို့ ရောက်လျှင် လုချန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ၏ လက်ကို မြှောက်ကာ ချူးကျန့်ယွီ၏ ခန္ဓာကိုယ်ထဲသို့ သက်စောင့်စွမ်းအားများ ထည့်သွင်းပေးလိုက်သည်။
သက်စောင့်စွမ်းအားများ ချူးကျန့်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ခြောက်သွေ့သောမြေ၌ မိုးရွာချသကဲ့သို့ သူ၏ သက်စောင့်စွမ်းအားများ လျင်မြန်စွာ ပြန်လည်အားကောင်းလာခဲ့သည်။
သူ၏ သက်စောင့်စွမ်းအားများ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားမိလျှင် ချူးကျန့်ယွီ အနည်းငယ် မှင်တက်သွားခဲ့သည်။ ၎င်းသည် နတ်ဆေးလုံးတစ်လုံးကို သောက်သုံးခြင်းထက်ပင် ပို၍ ထိရောက်လှသည်။
သူက လုချန်း၏ ကုသရေးနည်းလမ်းကို လျှပ်တပြက် ချက်ချင်း မှတ်မိသွားပြီး
“ခင်ဗျားက ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံနေတာလား”
ဟု မေးလိုက်သည်။
လုချန်းက
“ဟုတ်ပါတယ်”
လုချန်း၏ တုံ့ပြန်မှုကို ကြားလျှင် ချူးကျန့်ယွီ အလွန် ဝမ်းသာသွားခဲ့သည်။ ယခုတော့ သူ၏ အသက် မသေဆုံးနိုင်သေးကြောင်း သဘောပေါက်လိုက်သောကြောင့်ဖြစ်သည်။
ယခုကဲ့သို့ အသက်လုရသော အရေးကြီးသော အခိုက်အတန့်တွင် ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးနှင့် သူ တွေ့ဆုံ ခဲ့ရခြင်း ဖြစ်သည်။ ဤလူ၏ သက်စောင့်စွမ်းအားကြောင့် သူ၏ အသက်ဓာတ်များသည် လောလောဆယ်တွင် လုံးဝ ခန်းခြောက်ကုန်ခမ်းသွားဦးမည် မဟုတ်သေးပေ။
ထို့နောက် ချူးကျန့်ယွီက လုချန်းကို
“ကျုပ် အသက်ရှင်မယ်ဆိုရင် ခင်ဗျားအတွက် ဆုလာဘ်တွေ ရှိမှာပါ။”
လုချန်းက
“ဒါက ကျုပ် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ စီနီယာ။”
စကားပြောနေစဉ်တွင် လုချန်းသည် ချူးကျန့်ယွီထံသို့ သက်စောင့်စွမ်းအားများကို ဆက်လက် ပံ့ပိုးပေးနေသော်လည်း သူပေးသွင်းသည့် အရှိန်ကအလွန် နှေးကွေးလှသည်။ ချူးကျန့်ယွီ၏ ခန္ဓာကိုယ်သည် အတန်ငယ် ပြန်လည်ကောင်းမွန်လာသော်လည်း သူသည် သစ်ပင်ကို မှီလျက်သာ ဆက်ရှိနေခဲ့ပြီး မထနိုင်သေးပေ။
လုချန်းသည် လူနတ်တစ်ပါး ဖြစ်သောကြောင့် ဖန်တီးခြင်း လမ်းစဉ်ကို အပေါ်ယံမျှသာ နားလည်ပြီး လမ်းစဉ်စွမ်းအား ပမာဏအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်သည်ဟု ထင်မှတ်ခဲ့သဖြင့် ထိုအရာကို ချူးကျန့်ယွီ အလေးအနက် မတွေးတောခဲ့ပေ။
ဤအချိန်တွင် လုချန်းက
“စီနီယာ... စီနီယာရဲ့ အဆင့်က ဘယ် လောက်ပါလဲ”
ဟု မေးလိုက်သည်။
--
…………