အခန်း ၁၉၅၅
Vol. 131 Ch. 1955
အခန်း (၁၉၅၅ )
ခေါင်းလောင်းသံ
လုချန်း၏ မေးခွန်းကို ရင်ဆိုင်ရလျှင် စိတ်ဓာတ်တက်ကြွနေသော ချူးကျန့်ယွီက
“ကျုပ်က နတ်ဘုရင်တစ်ယောက်ပါ”
ဟု ချက်ချင်း တုံ့ပြန်ခဲ့သည်။
ထိုအရာကို ကြားလျှင် လုချန်းလည်း အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာကို ဟန်ဆောင်လိုက်၏။ လုချန်းက သူ၏ ကျင့်စဉ်အဆင့်ကြောင့် တုန်လှုပ်ချောက်ချားသွားပုံရသည်ကို မြင်ရသဖြင့် ချူးကျန့်ယွီ တော်တော်လေး စိတ်ကျေနပ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“နတ်ဘုရင်တစ်ယောက်ရဲ့ ကျင့်စဉ်အဆင့်တောင်မှ ဒီကမ္ဘာငယ်လေးကို စူးစမ်းရင်းနဲ့ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တာလား။ ဒီနေရာက တကယ်ပဲ အန္တရာယ်တွေပင်လယ်ဝေနေတာလား”
ဟု စမ်းသပ်သည့်အနေနှင့် မေးလိုက်သည်။
ချူးကျန့်ယွီက တဟားဟားရယ်ကာ
“ဒီကမ္ဘာငယ်ကို ဘယ်လိုလူမျိုးက ချန်ထားခဲ့လဲဆိုတာ ခင်ဗျား တွေးကြည့်သင့်တယ်။ ဒီကမ္ဘာငယ်က နတ်ဧကရာဇ်နဲ့ ညီမျှတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ချန်ထားခဲ့တာဖြစ်တယ်။ သူထားခဲ့တဲ့ အခွင့်အရေးတွေ ရဖို့က အဲဒီလောက် မလွယ်ကူဘူး။”
“ခင်ဗျားလို လူနတ်တစ်ယောက်က ဒီလိုနေရာမျိုးကို လာပြီး လေ့ကျင့်ရဲတယ်ဆိုတာက ပိုးဖလံမျိုး မီးကိုတိုးသလို သက်သက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာပဲ။ ကျုပ် ထွက်ပေါက်ကို ရှာတွေ့တဲ့အခါ ခင်ဗျား ကျုပ်နဲ့အတူတူ လိုက်ထွက်ခွင့်ရမယ်။”
လုချန်းက အနည်းငယ် စိုးရိမ်ပူပန်သည့် အမူအရာကို ဟန်ဆောင်လိုက်ပြီးနောက်
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ထွက်ပေါက်ကို ရှာတွေ့တာနဲ့ ကျုပ် ဒီကမ္ဘာငယ်ကနေ ချက်ချင်း ထွက်သွားပါ့မယ်”
ဟု လျင်မြန်စွာ ပြောလိုက်သည်။
လုချန်းထံမှ ထိုစကားကို ကြားလျှင် ချူးကျန့်ယွီက လုချန်းကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ အတော်အတန် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ သက်စောင့်စွမ်းအား၏ ပံ့ပိုးမှုအောက်တွင် ခန္ဓာကိုယ်ပေါ်ရှိ အစက နာကျင်မှုများမှာ နှင်းခဲအရည်ပျော်သလို တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
ချူးကျန့်ယွီသည် သူ၏ စိတ်ကို တည်ငြိမ်စေကာ ခဏခန့် စဉ်းစားလိုက်၏။
ဤလူ၏ မှတ်ဉာဏ်ပုလဲထဲရှိ မှတ်ဉာဏ်များအရ သူသည် သားရဲမဟာမိတ်မှ လာခြင်းဖြစ်ပြီး ၎င်းတို့အားလုံးမှာ နတ်ဆိုးမျိုးနွယ် ဖြစ်သင့်သည်။ သို့သော်လည်း ဤလူတွင် နတ်ဆိုးမျိုးနွယ်နှင့် ဆက်စပ်သော မည်သည့်သဲလွန်စမှ မရှိပဲ သာမန် လူသား နတ်တစ်ဦးကဲ့သို့သာ တွေ့မြင်ရသည်။
သို့သော် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ချန်ထားခဲ့သော ကမ္ဘာငယ်ကို စူးစမ်းလေ့လာရန် အခွင့်အရေးမှာ အလွန် ရှားပါးလှသလို နေရာအကန့်အသတ်လည်း ရှိ၏။
သားရဲမဟာမိတ်က လူသားမျိုးနွယ် နတ်တစ်ဦးကို ဤနေရာသို့ အဘယ်ကြောင့် စေလွှတ်ရသနည်း။
ဒါက အနည်းငယ် ရုတ်တရက်ဆန်ပြီး ထူးဆန်းလွန်းနေပုံရသည်။
လူသား နတ်တစ်ဦးကို စေလွှတ်ခြင်းက ဖြုန်းတီးပစ်ရာ မရောက်ဘူးလား။
ဤကမ္ဘာငယ်ထဲသို့ ဝင်ရောက်ခြင်းက ထိုကဲ့သို့သော လူသားနတ်တစ်ဦးအတွက် ကိုယ့်သေတွင်းကိုယ်တူးသလို သေကြောင်းကြံစည်ခြင်းသာ ဖြစ်လိမ့်မည်။
ဤလူသည် သာမန်လူသားနတ်တစ်ဦး မဖြစ်နိုင်လောက်ပေ။
ဤလူက ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံသောကြောင့် သားရဲမဟာမိတ် အဖွဲ့ဝင်များ ဤနေရာတွင် ဒဏ်ရာရပါက ကုသပေးမည့်သူ မရှိမည်ကို စိုးရိမ်သဖြင့် သူ့ကို စေလွှတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပါသလား။
ချူးကျန့်ယွီ တွေးတောငေးမောနေစဉ်အတွင်း လုချန်းက ဆက်လက်၍ စမ်းသပ်မေးမြန်းလိုက်သည်။
“စီနီယာ... ဒီကမ္ဘာငယ်ထဲမှာ ဘယ်လို အန္တရာယ်တွေ ရှိနေလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား။”
ချူးကျန့်ယွီက
“လျှို့ဝှက်နယ်မြေတွေနဲ့ ဆင်တူပါတယ်။ နည်းဗျူဟာပုံစံတွေနဲ့ ကြမ်းတမ်းတဲ့ သားရဲအချို့ပါပဲ”
ဟု တုံ့ပြန်ခဲ့သည်။
လုချန်းက ထပ်မံမေးမြန်းရန် ရည်ရွယ်လိုက်သော်လည်း ချူးကျန့်ယွီက ကြားဖြတ်ကာ
“ခင်ဗျားက... သာမန်လူတစ်ယောက် မဟုတ်ဘူးမလား”
ဟု မေးလိုက်သည်။
ချူးကျန့်ယွီ၏ မေးခွန်းကို ကြားလျှင် ခဏခန့် မှင်တက်သွားခဲ့ပြီး ချူးကျန့်ယွီ သူ၏ သရုပ်မှန်ကို သိသွားလေသလားဟု လုချန်း တွေးတောမိသွားသည်။
သို့သော် သူ၏ ရုပ်သွင်က လုံးဝ ပြောင်းလဲသွားခဲ့ပြီး မည်သူမှ လွယ်လွယ်ကူကူ မှတ်မိနိုင်ခြင်း မရှိသောကြောင့် ချူးကျန့်ယွီ သိသွားတာ မဖြစ်နိုင်ပေ။
လုချန်းက
“စီနီယာက ဘာလို့ အဲ့လိုမေးတာလဲ”
ဟု ပြန်လည်မေးမြန်းလိုက်သည်။
ချူးကျန့်ယွီက
“ခင်ဗျား စိတ်လှုပ်ရှားဖို့ မလိုပါဘူး။ ကျုပ်က သိချင်ရုံသက်သက်ပါ။ ခင်ဗျားက နတ်ဆိုးမျိုးနွယ် အင်အားစုဖြစ်တဲ့ သားရဲမဟာမိတ်ကနေ လာတာပဲ။ နေရာအကန့်အသတ် ရှိတဲ့ကြားက လူသားမျိုးနွယ် လူနတ်တစ်ယောက်အနေနှင့် သားရဲမဟာမိတ်နောက်ကို လိုက်ပြီး ဒီကမ္ဘာငယ်ထဲကို ဝင်ရောက်နိုင်တယ်ဆိုတာက ထူးခြားတဲ့ အဆင့်အတန်း ဒါမှမဟုတ် ထူးခြားတဲ့ စွမ်းရည်ရှိရမယ်ဆိုတာကို ဖော်ပြနေတာပဲ။”
ထိုအရာကို ကြားလျှင် ချူးကျန့်ယွီက သူ၏ အဆင့်အတန်းကို ထူးခြားသည်ဟု သံသယဝင်ရုံသာ ရှိပြီး သူ၏ တကယ့်သရုပ်မှန်ကို ထွင်းဖောက်သိခြင်း မရှိသေးကြောင်း လုချန်း သဘောပေါက်လိုက်သည်။
လုချန်းက ချက်ချင်းပင်
“ကျုပ်က ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံတာမို့ တခြားသူတွေကို ကုသပေးနိုင်ပါတယ်။ ချက်ချင်း အသတ်မခံရတဲ့ လူဆိုရင် ကျုပ်က သက်စောင့်စွမ်းအားကို သုံးပြီး အသက်ကို ဆွဲဆန့်ပေးထားနိုင်ပါတယ်။ အဲဒါကြောင့်လည်း မဟာမိတ်ခေါင်းဆောင်ကြီးက ကျုပ်ကို သားရဲမဟာမိတ်နဲ့အတူ ဒီကမ္ဘာငယ်ထဲကို ဝင်ခွင့်ပြုခဲ့တာပါ။”
လုချန်း၏ တုံ့ပြန်မှုကို ကြားရလျှင် ချူးကျန့်ယွီ တွေးတောသွားပြန်သည်။ သူသည်လည်း ထိုအကြောင်းပြချက်ကိုပင် စဉ်းစားမိခဲ့သော်လည်း နှာခေါင်းဖျားမှာ အနံ့ရ နေသလို တစ်ခုခု မှားယွင်းနေသလို ခံစားနေရဆဲပင် ဖြစ်သည်။
လူနတ်တစ်ဦးသည် ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံထားသော်လည်း သူ၏ အဆင့်ကြောင့် သူအသုံးပြုနိုင်သော လမ်းစဉ်၏ စွမ်းအားမှာ အကန့်အသတ် ရှိလိမ့်မည်။ သူ၏ ကုသရေးပညာက မည်မျှပင် အစွမ်းထက်ပါစေဦးတော့ လူနတ်အဆင့်နှင့်ဆိုလျှင် မည်မျှအထိ စွမ်းဆောင်နိုင်မည်နည်း။
ထို့ပြင် သားရဲမဟာမိတ်တွင် ဤဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံသူက သူတစ်ယောက်တည်းသာ ရှိနေခြင်း မဖြစ်နိုင်ပေ။
နတ်ဆိုးမျိုးနွယ်များစွာရှိ၏။ ၎င်းတို့အထဲမှ အမြောက်အမြားကလည်း ထိုလမ်းစဉ်ကို ကျင့်ကြံကြမှာ သေချာသည်။
နတ်ဆိုးမျိုးနွယ်တွင် ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံသူများ မရှိလျှင်ပင် နတ်ဆိုးမျိုးနွယ်အတွင်းရှိ အပင်နတ်ဆိုးအချို့သည် ၎င်းတို့၏ မွေးရာပါ နတ်စွမ်းရည်ဖြင့် ဒဏ်ရာများကို ကုသပေးနိုင်သောကြောင့် လူသားနတ်တစ်ဦးကို ၎င်းတို့နှင့်အတူ ဤကမ္ဘာငယ်ထဲသို့ လိုက်ပါစေရန် ရွေးချယ်ခြင်းက အနောက်အရပ်မှ နေထွက်သလို မဖြစ်နိုင်သလောက်ပင်။
လုချန်း၏ တကယ့် သရုပ်မှန်ကို စူးစမ်းချင်စိတ် ရှိနေသေးသော်လည်း ချူးကျန့်ယွီသည် ဆက်လက်၍ မမေးမြန်းတော့ပဲ ထွက်ခွာသွားတော့၏။ တစ်ချိန်တွင် အမှန်တရားကို သိရလိမ့်မည်ဟု သူ ယုံကြည် သောကြောင့်ဖြစ်သည်။
ဤလူက မည်သူပင်ဖြစ်စေ သို့မဟုတ် နတ်ဆိုးမျိုးနွယ်အတွင်း မည်သည့်ထူးခြားသော အဆင့်အတန်းရှိစေကာမူ လောလောဆယ်တွင်တော့ သူ၏ သက်စောင့်အားကို တည်ငြိမ်အောင် ပြုလုပ်ထားရန် လုံလောက်သည်။
လုချန်းသည် ချူးကျန့်ယွီကို ခဏခန့် ကုသပေးပြီးနောက် သူ၏ လူနတ်အဆင့်ဖြင့် နတ်ဘုရင်တစ်ပါးကို ကုသရခြင်းက တောင်တက်ရသလို ရုန်းကန်လာရသည်။ မကြာမီပင် သက်စောင့်စွမ်းအားကို ဆင့်ခေါ်နိုင်စွမ်းက ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။
လုချန်းက သက်စောင့်စွမ်းအားများ ပေးပို့ခြင်းကို ရပ်တန့်လိုက်ပြီး ညှိုးနွမ်းခြောက်သွေ့သော ပန်းတစ်ပွင့်အလား ပင်ပန်းနွမ်းနယ်နေသော အမူအရာ ပေါ်ပေါက်လာသည်ကို မြင်ရသဖြင့် ဤလူတွင် တကယ်ပင် ထူးခြားသော အဆင့်အတန်းတစ်ခု ရှိကြောင်း ချူးကျန့်ယွီ၏ ယုံကြည်ချက်ကို ပိုခိုင်မာလာစေခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“စီနီယာ...ကျုပ်ရဲ့ သက်စောင့်စွမ်းအားတွေ ကုန်ခမ်းသွားပါပြီ။ အနားယူပြီး ပြန်ကောင်းလာအောင် မလုပ်ပဲနဲ့တော့ စီနီယာ့ကို ဆက်ပြီး မကုသပေးနိုင်တော့ပါဘူး။”
ချူးကျန့်ယွီက တည်ငြိမ်စွာဖြင့်
“ကိစ္စမရှိပါဘူး”
ဟု တုံ့ပြန်ခဲ့သည်။
“ခင်ဗျား အရင်ဆုံး နားလိုက်ဦး။ ခင်ဗျားရဲ့ နတ်စွမ်းအားတွေ အလုံအလောက် ပြန်ပြည့်လာပြီဆိုရင် ကျုပ်တို့ ဒီတောအုပ်ထဲကနေ ထွက်ကြမယ်။”
ထိုသို့ပြောပြီးနောက် ချူးကျန့်ယွီသည် သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး တရားထိုင်ကာ အသက်ရှူနှုန်း ညှိယူခြင်း လုပ်ငန်းကို စတင်လိုက်သည်။
၎င်းကိုတွေ့မြင်လျှင် လုချန်းလည်း ထပ်မံမမေးတော့ပဲ သူလည်း တရားထိုင်ကာ အသက်ရှူနှုန်းကို ညှိယူရန် စတင်လိုက်သည်။
…….
တစ်ချိန်တည်းမှာပင်။
ကမ္ဘာငယ်၏ တစ်နေရာတွင်။
နတ်သခင် ရှီယွဲ့သည် ချောက်ကမ်းပါးတစ်ခု၏ ထိပ်တွင် ရပ်နေပြီး လေးနက်သော အမူအရာဖြင့် အဝေးမှ တောင်တန်းများကို စိုက်ကြည့်နေခဲ့သည်။
ဤကမ္ဘာငယ်သည် နတ်အာရုံဖြင့် စူးစမ်းရှာဖွေခြင်းကို ကာဆီးထားပြီး သိစိတ်ဖြင့်သာ ပတ်ဝန်းကျင်ရှိ အရှိန်အဝါကို စူးစမ်းလေ့လာနိုင်သည်။
လုချန်းကို ရှာဖွေတွေ့ရှိရန်နှင့် ဤနေရာ၌ သူနှင့် ဆုံတွေ့ရန်မှာ သမုဒ္ဒရာထဲ အပ်ရှာရသလို မလွယ်ကူလှပေ။
ဤကမ္ဘာငယ်အတွင်းရှိ နိယာမမှာ အလွန် ပြီးပြည့်စုံလှပြီး ၎င်း၏ ဧရိယာမှာလည်း အလွန် ကျယ်ပြောလှပုံရသည်။ သူမ လုချန်းကို ရှာတွေ့သည့်အချိန်၌ သူ၏ ရုပ်ခန္ဓာ သေပင် သေဆုံးနေလောက်ပြီ ဖြစ်နိုင်သည်။
သူမ ဝင်လာစဉ်က လုချန်း၏ လက်ကို ဆွဲထားခဲ့မိလျှင် ကောင်းခဲ့မည်။
ယခုတော့ သူ့ထံတွင် ကာကွယ်ရေး အစီအမံများ ပါရှိလိမ့်မည်ဟုသာ သူမ မျှော်လင့်နိုင်တော့သည်။
နတ်သခင် ရှီယွဲ့တစ်ယောက် စိတ်ပျံ့လွင့်နေစဉ်အတွင်း အဝေးတစ်နေရာမှ မိုးချုန်းသံအလား ခေါင်းလောင်းသံများ စဉ်ဆက်မပြတ် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ ကောင်းကင်လှေကားများ ပေါ်ပေါက်လာခဲ့သည်။
ဒါက...
နတ်သခင် ရှီယွဲ့သည် ချက်ချင်းပင် စိတ်ကိုပြန်စုစည်းလိုက်ပြီး ကောင်းကင်လှေကားဆီသို့ လေ၏အလျင်ဖြင့် အပြေးအလွှား သွားရောက်ခဲ့သည်။
ကမ္ဘာငယ်တစ်ခုအတွင်း ထိုကဲ့သို့သော ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းက ရတနာ သို့မဟုတ် အမွေအနှစ်တစ်ခု ပေါ်ထွက်လာခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။ ဤထူးခြားဖြစ်စဉ်ကို တွေ့မြင်ရလျှင် ကမ္ဘာငယ်အတွင်းရှိ နတ်များသည် ပျားအုံကို တုတ်နဲ့ထိုးသလို ယင်း၏ အစဆီသို့ စုပြုံရောက်ရှိလာကြမည် ဖြစ်သည်။
လုချန်းသည်လည်း ထိုနေရာသို့ ဦးတည်လာလိမ့်မည် ဖြစ်သည်။ ထိုအခါ ကောင်းကင်လှေကား၏ ထူးခြားဖြစ်စဉ်အောက်တွင် သူ့ကို သူမ ရှာတွေ့နိုင်ပေလိမ့်မည်။
ဤအချိန်တွင် ကမ္ဘာငယ်အတွင်းရှိ နတ်အများစုလည်း ထူးခြားဖြစ်စဉ် တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီး ထောင်ပေါင်းများစွာသော နတ်များသည် ရတနာများ သို့မဟုတ် အမွေအနှစ်များကို ရှာဖွေရန် ကောင်းကင်လှေကား၏ အောက်ခြေဆီသို့ စုပြုံတိုးဝှေ့ သွားခဲ့ကြသည်။
လုချန်းသည် နတ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနေစဉ်အတွင်း ခေါင်းလောင်းသံများကို ကြားရလျှင် ချက်ချင်းပင် မျက်လုံးများကို ဖွင့်လိုက်ပြီး အသံလာရာ အရပ်ဆီသို့ ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ချူးကျန့်ယွီကလည်း သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ လုချန်းက
“စီနီယာ... ဒီကမ္ဘာငယ်ထဲမှာ ဒီလို ခေါင်းလောင်းသံမျိုးကို ကြားဖူးပါသလား” ဟုမေးမြန်းလိုက်သည်။
ချူးကျန့်ယွီက တွေးတောသွားဟန်ဖြင့် မျက်ခုံးတွန့်သွားကာ
“မကြားဖူးဘူး”
ဟု ပြောလိုက်သည်။
လုချန်းက
“ဒါက ရတနာ ဒါမှမဟုတ် အမွေအနှစ်တစ်ခုခု ပေါ်ထွက်လာတာ ဖြစ်နိုင်မလား”
ဟု ဆက်လက်မေးမြန်းလိုက်သည်။
ချူးကျန့်ယွီသည်လည်း ထိုအတိုင်းပင် တွေးတောမိသော်လည်း သူ၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေက အလွန် ဆိုးရွားနေသည်။ ကမ္ဘာငယ်၏ သာမန်နေရာများပင် အန္တရာယ်များလှရာ ရတနာ သို့မဟုတ် အမွေအနှစ်ရှိသော နေရာများသည် ယခုထက် ပို၍ပင် အန္တရာယ်များနိုင်၏။
ထိုနေရာသို့ စွန့်စားသွားခြင်းက ရတနာလည်း မရ၊ အမွေအနှစ်လည်း မရနိုင်သည့်အပြင် သေတွင်းထဲ ခေါင်းလျှိုသလို သူ၏ အသက်ကိုပါ စွန့်စားရကိန်း ရှိသည်။
သို့သော်လည်း...
ချူးကျန့်ယွီ ပြန်လည်သုံးသပ်လိုက်၏။ နဝမကောင်းကင်တက္ကသိုလ်မှ အဖွဲ့ဝင်များ အပါအဝင် ပုရွက်ဆိတ်အုံလို လူအမြောက်အမြား ထိုနေရာသို့ ဆွဲဆောင်ခံရမည်ကို သူ သဘောပေါက်လိုက်သည်။
အကယ်၍ သူသာ နဝမကောင်းကင်တက္ကသိုလ်မှ နတ်ဘုရင်တစ်ဦးနှင့် ဆုံတွေ့နိုင်လျှင် သူ၏ ဘေးကင်းလုံခြုံရေးမှာ ယာယီအားဖြင့် စိတ်ချရမည် ဖြစ်သည်။
ထိုသို့ တွေးတောရင်း ချူးကျန့်ယွီက လုချန်းကို
“ကျုပ်တို့ အသံလာရာ အရပ်ဆီကို ချက်ချင်း ဦးတည်သွားရမယ်”
ထိုသို့ပြောပြီးနောက် ချူးကျန့်ယွီသည် သူ၏ အင်အားများကို စုစည်းကာ မြေပြင်မှ ထရပ်လိုက်ပြီး အသံလာရာ လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာသွားတော့သည်။
--
…………