အခန်း ၁၉၅၆
Vol. 131 Ch. 1956
အခန်း (၁၉၅၆)
နတ်ဘုရင် ချင်းမင်
လုချန်း ရှိနေသည့် တောအုပ်ကြီးမှာ ဝင်္ကပါတစ်ခုကဲ့သို့ ကောင်းကင်ဘုံ၏ ထူးခြား ဖြစ်စဉ်ဆန်းကို ကွယ်ထားသော်လည်း သူ တို့သည် အသံကို နားစွင့်ကာ အရပ်မျက်နှာကို အကဲဖြတ်၍ ထိုထူထပ်လှသော တောနက်အတွင်းမှ လျင်မြန်စွာ ထွက်ခွာနိုင်ခဲ့ကြသည်။
တောအုပ်ထဲမှ သူတို့ ထွက်လာလျှင် ကောင်းကင်ယံထက်၌ ပန်းချီချယ်ထားသကဲ့သို့ မြွေလိမ်မြွေကောက် သဏ္ဌာန် ရှိနေသည့် ကောင်းကင်လှေကားကို လှမ်းမြင်လိုက်ရ၏။
ထိုကောင်းကင်လှေကားသည် မိုးတိမ်တိုက်များအထိ ထိုးတက်နေသည့် စူးရှတောက်ပသော ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေသည်။ ၎င်း၏ နူးညံ့လှသော အလင်းရောင်က လူကို အလွန် သက်တောင့်သက်သာ ဖြစ်စေ၏။
ထိုအခိုက်အတန့်တွင် ချူးကျန့်ယွီ၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားပြီး ကောင်ကင်လှေကားကို အံ့အားသင့်စွာဖြင့် ငေးမောကြည့်လိုက်သည်။
ကောင်းကင်လှေကား၏ အလင်းရောင်အောက်တွင် သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်ကောင်းလာနေပြီး ခန္ဓာကိုယ်ပေါ်ရှိ နက်ရှိုင်းလှသော ဒဏ်ရာများမှာလည်း နှင်းခဲ အရည်ပျော်သကဲ့သို့ တဖြည်းဖြည်း ချုပ်ငြိမ်းပျောက်ကွယ်သွားနေကြောင်း တွေ့ရသည်။
ချူးကျန့်ယွီ ရင်ထဲ၌ အနည်းငယ် စိတ်သက်သာရာရသလို ခံစားလိုက်ရ၏။ ထိုကောင်းကင်လှေကား၏ အဆုံးတွင် ရတနာများ သို့မဟုတ် ထူးခြားဆန်းပြားသည့် ဖြစ်ရပ်ဆန်းများ တကယ် ရှိနေနိုင်၏။ ထိုအရာများက သူ့ကို နတ်သခင်အဆင့်သို့ တက်ရောက်နိုင်စေမည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုသို့ တွေးတောရင်း လုချန်းကို ချူးကျန့်ယွီ တစ်ချက် လှမ်းကြည့်လိုက်၏။ အမှန်အတိုင်း ပြောရလျှင် သူသည် ထိုဖြစ်စဉ်ဆန်း ဖြစ်ပေါ်ရာ လှေကားအဆုံးနေရာသို့ လုချန်းကို ခေါ်ဆောင်သွားရန် စိတ်မပါပေ။
သူ၏ခန္ဓာကိုယ်သည် အတော်လေး ပြန်ကောင်းနေပြီဖြစ်ပြီး ကျင့်စဉ်အဆင့်မှာလည်း များစွာ ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်၏။ သူ၏ အရှိန်အဟုန်သည် ဘေးနားရှိ လူနတ်ထက် ဧကန်မုချ ပိုမြန်ဆန်မည်ဖြစ်ရာ ထိုလူနတ်ကိုပါ ခေါ်ဆောင်သွားပါက သူ၏ အရှိန်ကို များစွာ နှောင့်နှေးသွာ စေလိမ့်မည်။
အခွင့်အရေးများကို အရယူနိုင်ရန်အတွက် အချိန်နှင့် ဒီရေသည် လူကို မစောင့်ဆိုသကဲ့သို့ လျင်လျင်မြန်မြန် လှုပ်ရှားရန် လိုအပ်လှ၏။ မဟုတ်ပါက သူ ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် မည်သည့်အရာမှ ကျန်ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း ထိုလူသည် ရိုးရှင်းသူတစ်ယောက် မဟုတ်ဟု သူ အမြဲတစေ ခံစားနေရ၏။ သားရဲမဟာမိတ်အဖွဲ့က ဤလူကို ခေါ်ဆောင်လာခြင်းမှာ သူ၏ ကုသရေးကျင့်စဉ်တစ်ခုတည်းအတွက် မဟုတ်နိုင်ပေ။ ထိုလူ့ထံ၌ အခြားသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်သည်။
ချူးကျန့်ယွီ ခဏခန့် တွေးတောလိုက်ပြီးနောက် နောက်ဆုံးတွင် လုချန်းကို ဆက်လက်ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုလူ၌ အခြားလျှို့ဝှက်ချက်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နဝမကောင်းကင်တက္ကသိုလ်မှ အခြားနတ်ဘုရင်များကို မတွေ့ရှိမချင်း သူ၏ကုသရေးကျင့်စဉ်က သူ့အတွက် များစွာ အသုံးဝင်နေဆဲပင်။
…….
ထိုကောင်းကင်လှေကား ဖြစ်စဉ်ဆန်း၏ အောက်ခြေတွင် လျှိုမြောင်တစ်ခု ရှိနေပြီး ထိုလျှိုမြောင်၏ အပြင်ဘက်တွင် အမျိုးမျိုးသော အင်အားစုများ စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။
နတ်သခင် ရှီယွဲ့ ထိုလျှိုမြောင်သို့ ရောက်ရှိလာပြီး သားရဲမဟာမိတ်အဖွဲ့မှ လူတစ်ဆယ်ကျော်နှင့် ဆုံတွေ့လိုက်ရလျှင် သူမ ရင်ထဲအနည်းငယ် စိတ်သက်သာရာရသွား၏။ ၎င်းတို့ထဲမှ အများစုမှာ နတ်ဘုရင်ခံအဆင့်ထက် မြင့်မားသော ကျင့်စဉ်အဆင့်ရှိကြပြီး အချို့မှာ နတ်ဘုရင်အဆင့်များ ဖြစ်ကြသည်။ ၎င်းတို့နှင့် ပူးပေါင်းလိုက်ခြင်းဖြင့် တစ်စုံတစ်ရာသော အန္တရာယ်နှင့် ကြုံတွေ့ရပါက ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူအများသည် သူတို့၏ ရှေ့မှောက်ရှိ ကောင်းကင်လှေကားကို မော့ကြည့်ရှုရင်း အုန်းအုန်းကျွက်ကျွက် ဆွေးနွေးနေကြ၏။
“ဒီလျှိုမြောင်ထဲမှာ အမွေအနှစ် တစ်ခုခု ရှိနေနိုင်တယ် မဟုတ်လား”
“ကျုပ်တို့တွေ အောက်ကိုဆင်းပြီး သွားမကြည့်ကြဘူးလား။”
“အထဲမှာ အန္တရာယ် ရှိ မရှိ ဘယ်သူသိမှာလဲ... နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့။”
“ဒီကမ္ဘာငယ်က စူးစမ်းရတာ ခက်ခဲလွန်းတယ်... နတ်အာရုံကို သုံးပြီး စမ်းသပ်လို့လည်း မရဘူး... အထဲမှာ ဘာရှိလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။”
“ဘာကြောင့်လဲတော့ မသိဘူး... ကျုပ်ရင်ထဲမှာ မသက်မသာဖြစ်တဲ့ ခံချက်မျိုး အမြဲတမ်း ပေါ်နေတယ်။”
……
လူအများ၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း လျှိုမြောင်အပြင်ဘက်ရှိ နတ်သခင် ရှီယွဲ့သည်လည်း အတွေးထဲ နစ်မြောသွားကာ ဤလျှိုမြောင်ထဲ၌ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု သူမကိုယ်တိုင်လည်း ခံစားနေရ၏။
လျှိုမြောင်အတွင်းမှ စွမ်းအားမှာ နတ်စွမ်းအားနှင့် မတူသယောင် ရှိနေသည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် လူအုပ်ကြီး၏ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
“လူကြီးမင်းတို့ခင်ဗျား... အခွင့်အရေးက မျက်စိရှေ့မှောက်မှာတင် ရှိနေတာပဲ... ဘာလို့ အထဲကိုဝင်ပြီး သွားမကြည့်ကြတာလဲ။”
ထိုအရာကို ကြားလျှင် ရှိနေကြသူအားလုံး လှည့်ကြည့်လိုက်ကြရာ စိမ်းစိုသော နတ်အငွေ့အသက်များကို ထုတ်လွှတ်နေသည့် လူတစ်ယောက် လူအုပ်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လူအများက ဖယ်ရှားရှောင်တိမ်းသွားကြသည်။
ထိုသူ့ထံမှ ထွက်ပေါ်နေသော စိမ်းစိုသည့် နတ်အငွေ့အသက်မှာ မြွေဆိုးတစ်ကောင်၏ အဆိပ်တစ်မျိုးကဲ့သို့ ဖြစ်နေပြီး အလွန် အန္တရာယ်ရှိသည်ဟု ခံစားရစေ၏။
ထိုစဉ် လူအုပ်ထဲမှ နတ်ဘုရင်တစ်ပါးက
“ခင်ဗျား ဝင်ချင်ရင်လည်း အရင်ဝင်လေ”
နတ်ဘုရင် ချင်းမင်က အေးစက်စွာ ရယ်မောလျက် နဝမကောင်းကင်တက္ကသိုလ်၏ သက်သေခံတံဆိပ်ပြားကို တိုက်ရိုက်ထုတ်ယူကာ
“ကျုပ်က နဝမကောင်းကင်တက္ကသိုလ်ရဲ့ အပြင်စည်း အုပ်ချုပ်ရေးမှူးပဲ... အခုကစပြီး ဒီမှာရှိတဲ့သူအားလုံး ကျုပ်အမိန့်ကို နာခံရမယ်။”
ထိုလူ့ထံမှ တံဆိပ်ပြားကို မြင်လိုက်ရလျှင် လူအုပ်ကြီး ခဏခန့် မှင်တက်သွားကြသော်လည်း ဤကဲ့သို့သော နေရာမျိုးသည် နဝမကောင်းကင်တက္ကသိုလ်မှ လူများကို သဘာဝကျကျ ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားကြ၏။
သို့သော်လည်း နောက်ဆက်တွဲကိစ္စရပ်များမှာ အတော်ပင် ရှုပ်ထွေးသွားတော့၏။ သူတို့ ဤကမ္ဘာငယ်ထဲသို့ မဝင်ရောက်မီကပင် နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်က ကမ္ဘာငယ်ထဲသို့ ရောက်ရှိပြီးနောက် နဝမကောင်းကင်တက္ကသိုလ်မှ လူများနှင့် တွေ့ဆုံပါက ၎င်းတို့၏ အမိန့်ကို နာခံရမည်ဟု ပြောထားခဲ့သည်။
ယခု ထိုနဝမကောင်းကင်တက္ကသိုလ်မှ နတ်ဘုရင်သည် ရှေ့မှောက်ရှိ လျှိုမြောင်ထဲသို့ ဝင်ရောက်ကာ လမ်းကြောင်းစူးစမ်းရန် ၎င်းတို့ကို ဧကန်မုချ အမိန့်ပေးပေလိမ့်မည်။
၎င်းတို့ နာခံသင့်သလား...
သို့မဟုတ် ငြင်းဆန်သင့်သလား။
မဟာအခွင့်အရေးများ ရှိနေသည်ဟု ယူဆရသော နေရာမျိုးတွင် မည်သည့်အန္တရာယ်မှ မရှိပဲ နေလိမ့်မည် မဟုတ်ပေ။
အတွင်း၌ မည်ကဲ့သို့သော အန္တရာယ်များ ပုန်းအောင်းနေသည်ကို မည်သူသိနိုင်မည်နည်း။
မဆင်မခြင် ဇွတ်တိုးဝင်ခြင်းမှာ သားရဲတွင်းထဲ သက်ဆင်းသကဲ့သို့ သေခြင်းတရားဆီသို့သာ ဦးတည်သွားပေလိမ့်မည်။
နတ်ဘုရင် ချင်းမင်သည် ရှိနေကြသူများကို ဝေ့ဝဲကြည့်လိုက်ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာများကို ကြည့်ကာ စိတ်ကျေနပ်မှု ဖြစ်ပေါ်နေ၏။ ကောင်းကင်နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် လူအများ၏ ကြောက်ရွံ့မှုမှာ သူ၏စွမ်းအားကို များစွာ တိုးတက်စေ၏။
နတ်ဘုရင် ချင်းမင်က
“ခင်ဗျားတို့အားလုံး အခုချက်ချင်း ဒီချိုင့်ဝှမ်းထဲကို ဝင်ကြစမ်း”
ထိုအမိန့်ကို ကြားလျှင် ရှိနေကြသော နတ်များအားလုံး တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့၏ ဘေးနားရှိ နတ်ဘုရင်တစ်ပါးက သူမထံသို့ အသံလှိုင်းလွှင့်ကာ
“မဟာမိတ်ခေါင်းဆောင်... ကျုပ်တို့ အခု ဘာဆက်လုပ်သင့်လဲ”
နတ်သခင် ရှီယွဲ့ တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးသော အငွေ့အသက်တစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်၏။ သူမ၏အကြည့်သည် လူအုပ်ကြီး၏ နောက်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မျှော်လင့်ထားသည့်အတိုင်း လုချန်း၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ဘေး၌ နတ်ဘုရင်တစ်ပါး ရှိနေ၏။ ထိုနတ်ဘုရင် ပေါ်လာသည့် ခဏ၌ပင် ခြင်္သေ့ကို မြင်သော ဝံပုလွေကဲ့သို့ ယခင်က ရန်လိုစော်ကားနေသည့် နတ်ဘုရင် ချင်းမင်လည်း ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားကာ ချူးကျန့်ယွီကို ဖားယားသော အမူအရာဖြင့် ဂါရဝပြုလျက်
“အကြီးအကဲချူးကို ဂါရဝပြုပါတယ်ခင်ဗျာ။”
နတ်ဘုရင် ချင်းမင်၏ စကားကို ကြားရလျှင် ရှိနေကြသူအားလုံး အံ့အားသင့်သွားကြ၏။
အကြီးအကဲ ဟုတ်လား။
နတ်ဘုရင်တစ်ပါးက နဝမကောင်းကင်တက္ကသိုလ်၏ အကြီးအကဲ ဖြစ်လာနိုင်တာလား။
လုချန်းကတော့ ထိုအရာကို အလွန် အံ့အားသင့်ခြင်း မရှိပေ။ ချူးကျန့်ယွီသည် နဝမကောင်းကင်တက္ကသိုလ်မှ လူများနှင့်အတူ ရွှမ်ချင်းယွမ်ကို ရှာဖွေရန် ကစဉ့်ကလျားပင်လယ်ထဲသို့ တက်ကြွစွာ ဝင်ရောက်ခဲ့ပြီး နောက်ဆုံးတွင် သူမကို ရှာဖွေတွေ့ရှိကာ ရွှမ်ချင်းယွမ်နှင့်အတူ ထျန်းရန်နတ်ဘုရားနယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤအချက်တစ်ခုတည်းနှင့်တင် ချူးကျန့်ယွီ၏ နဝမကောင်းကင်တက္ကသိုလ်အတွင်းရှိ အဆင့်အတန်းမှာ နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ကောင်းကင်လှေကား အောက်ခြေသည် သူ၏ ရှေ့မှောက်ရှိ လျှိုမြောင် ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် ချူးကျန့်ယွီ စိတ်အနည်းငယ် လျှော့ချလိုက်နိုင်၏။ ကံကောင်းထောက်မစွာဖြင့် ဤဖြစ်စဉ်ဆန်းမှာ သူတို့ ယခင်ရှိနေခဲ့သည့် တောအုပ်နှင့် မဝေးလှသလို လမ်းခရီးတွင်လည်း မည်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲနှင့်မှ မဆုံတွေ့ခဲ့ရပေ။
ချူးကျန့်ယွီက နတ်ဘုရင် ချင်းမင်ကို
“ကျုပ် ဒဏ်ရာအချို့ ရထားတယ်”
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင် ချင်းမင်သည် သူ၏ အာကာသ လက်စွပ်ထဲမှ ဆေးပုလင်းကို ချက်ချင်း ထုတ်ယူလိုက်၏။
ချူးကျန့်ယွီသည် ပုလင်းထဲမှ ဆေးလုံးကို ယူကာ တစ်လုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် နတ်ဘုရင် ချင်းမင်ကို
“ခင်ဗျားအလုပ် ခင်ဗျားဆက်လုပ်ပါ... ကျုပ် အရင်ဆုံး နာလန်ထူအောင် လုပ်လိုက်ဦးမယ်။”
နတ်ဘုရင် ချင်းမင်က
“ဟုတ်ကဲ့ပါ အကြီးအကဲ”
ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချင်းမင်၏အကြည့်က ချူးကျန့်ယွီဘေးရှိ လုချန်းထံသို့ ရောက်ရှိသွားပြီး သူ၏ရင်ထဲ၌ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။
ချူးကျန့်ယွီကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ ဘေးနားတွင် လူနတ်တစ်ပါးက ဘာကြောင့် ရှိနေနိုင်ရသနည်း။
……
ထိုစဉ် လုချန်းသည် နတ်သခင် ရှီယွဲ့ ရှိနေသည့် နေရာဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။
လုချန်းကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က သူမ၏အသံကို လွှင့်ကာ
“ရှင်က ဘာလို့ နဝမကောင်းကင်တက္ကသိုလ်ရဲ့ အကြီးအကဲတစ်ယောက်နဲ့ အတူရှိနေတာလဲ”
လုချန်းက
“ကျုပ် အထဲကို ဝင်ဝင်ချင်းပဲ သူနဲ့ တိုးမိတာ... သူ အပြင်းအထန် ဒဏ်ရာရနေတာကို မြင်လို့ ကုသပေးလိုက်ရုံပါ။”
နတ်သခင် ရှီယွဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် အသံလွှင့်ကာ
“ရှင်က ကြင်နာတတ်တာပဲ”
လူအများစုမှာ နဝမကောင်းကင်တက္ကသိုလ်မှ လူတစ်ဦးကို မြင်တွေ့ပါက ရင်ထဲ၌ အမြဲတစေ ခုခံလိုစိတ် ရှိကြသော်လည်း လုချန်းကမူ နဝမကောင်းကင်တက္ကသိုလ်မှ လူကို ဆေးပင် ကုသပေးခဲ့သည်။ ထို့ပြင် ထိုလူမှာ နဝမကောင်းကင်တက္ကသိုလ်၏ အကြီးအကဲတစ်ဦးပင် ဖြစ်နေသေး၏။
အကယ်၍ အခြားသူသာဆိုလျှင် နဝမကောင်းကင်တက္ကသိုလ်မှ အပြင်းအထန် ဒဏ်ရာရနေသော နတ်တစ်ပါးကို မြင်ပါက ဝေးဝေးမှသာ ရှောင်ရှားသွားကြပေလိမ့်မည်။
လုချန်း သားရဲမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရလျှင် နတ်ဘုရင် ချင်းမင် ပို၍ဇဝေဇဝါဖြစ်သွား၏။ သားရဲမဟာမိတ်အဖွဲ့က ဘာကြောင့် လူနတ်တစ်ပါးကို စေလွှတ်လိုက်ရသနည်း။
နတ်ဘုရင် ချင်းမင် ထိုအရာကို ထပ်မံတွေးတောမနေတော့ပေ။ သူသည် လျှိုမြောင်အပြင်ဘက်ရှိ လူအုပ်ကြီးကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ၏အကြည့်က ရွှေနတ်အချို့ထံသို့ ကျရောက်သွားကာ
“ခင်ဗျားတို့အုပ်စု... အခုချက်ချင်း အထဲကို ဝင်စမ်း”
ထိုရွှေနတ်များ၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြပြီး
“လူကြီးမင်း... ကျုပ်တို့...”
၎င်းတို့ထဲမှ တစ်ဦးက စကားပြောရန် ပြင်လိုက်စဉ်မှာပင် နတ်ဘုရင် ချင်းမင် လက်ကို မြှောက်လိုက်ရာ နောက်တစ်ခဏ၌ အဆိပ်ငွေ့များ ဖြာထွက်နေသည့် ဧရာမ လက်ဝါးကြီးတစ်ခုက ရွှေနတ်တစ်ပါးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် နတ်ဘုရင် ချင်းမင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာပြီး ထိုဧရာမ လက်ဝါးကြီးက ရွှေနတ်ကို သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်တော့၏။
နတ်ဘုရင် ချင်းမင်က နှစ်ချက်မျှ ရက်စက်စွာ ဝါးလိုက်ရာ သွေးများ နေရာအနှံ့သို့ ပန်းထွက်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ရှိနေကြသော နတ်များအားလုံး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြတော့၏။
--
…………