အခန်း ၁၉၅၇
Vol. 131 Ch. 1957
အခန်း( ၁၉၅၇ )
ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ခြင်း
ရွှေနတ်တစ်ပါးကို နတ်ဘုရင် ချင်းမင်က ကိုက်ဖြတ်ဝါးမြိုကာ သွေးအေးအေးဖြင့် မျိုချလိုက်သည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် ထိုနေရာရှိ နတ်များအားလုံးသည် ကျားရှေ့မှောက် ရောက်နေသကဲ့သို့ ထိတ်လန့်တုန်လှုပ်ကာ သူတို့ ရင်ဆိုင်နေရသည်မှာ သာမန်နတ်တစ်ပါးမဟုတ်ပဲ နတ်ဆိုးကျင့်ကြံသူ သို့မဟုတ် ကောင်းကင်နတ်ဆိုးတစ်ကောင်ပင် ဖြစ်နိုင်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြတော့၏။
ကောင်းကင်နတ်ဆိုးများသည် နတ်များကို အစာအဖြစ် ဖမ်းယူစားသောက်တတ်ကြသည်။ ကောင်းကင်နတ်ဆိုးတစ်ကောင်၏ ရှေ့မှောက်တွင်တော့ သူတို့အနေနှင့် ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေး လုံးဝမရှိပေ။ အကယ်၍ သူတို့ ဆက်လက်ဖီဆန်နေပါက သူတို့၏ ကံကြမ္မာသည် ထိုရွှေနတ်နှင့် ကွာခြားမည်မဟုတ်ပေ။
ထို့နောက် နတ်ဘုရင် ချင်းမင်၏ ကိုယ်ထည်သည် နဂိုအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ပြောင်းလဲသွား၏။ သူက နှုတ်ခမ်းပေါ်ရှိ သွေးများကို လျှာဖြင့်သပ်ရင်း အစားခံလိုက်ရသည့် ရွှေနတ်၏အနီးတွင် ရှိနေသော အခြားရွှေနတ်များကို သွေးအေးအေးဖြင့် စိုက်ကြည့်လိုက်ပြီးနောက်
“အတော့်ကို အချိန်ကိုက်ပဲ... ကျုပ် နည်းနည်း ဗိုက်ဆာနေတာနဲ့ အတော်ဖြစ်သွားပြီ။ ခင်ဗျားတို့ ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိသင့်ပါတယ်။”
သူတို့ ဂိုဏ်းတူညီအစ်ကို၏ ဝမ်းနည်းဖွယ် ကံကြမ္မာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီးနောက် ကျန်ရှိနေသော ရွှေနတ်များလည်း လိပ်ပြာလွင့်မတတ် တုန်တုန်ရင်ရင် ဖြစ်သွားကြပြီး
“ကျုပ် တို့... ကျုပ် တို့... ရှေ့ကနေ သွားပြီး လမ်းပြပါ့မယ်...”
ထိုစကားများ ပြောပြီးသည်နှင့် ကျန်ရွှေနတ်များသည် တုံ့ဆိုင်းခြင်းမရှိပဲ လှည့်ထွက်ကာ ချိုင့်ဝှမ်းဆီသို့ ဦးတည်ပြေးသွားကြတော့၏။ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ခြင်းက ဧကန်မုချ သေဆုံးခြင်းကို မဆိုလိုသော်လည်း ဤနေရာတွင် ဆက်ရှိနေပါက သူတို့အားလုံး ဝါးမြိုခြင်း ခံရမည်မှာ အမှန်ပင် ဖြစ်၏။ သူတို့အတွက် အခြားရွေးချယ်စရာ လုံးဝမရှိပေ။
ထိုရွှေနတ်များ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ထူထပ်သော မြူခိုးထုကြီးတစ်ခုသည် ချိုင့်ဝှမ်းတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ဖုံးလွှမ်းသွားသဖြင့် အတွင်း၌ ဖြစ်ပျက်နေသည့်အရာများကို မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။ ထိုရွှေနတ်များ၏ ပုံရိပ်များသည်လည်း ဖြူဖွေးသော မြူထုအတွင်းသို့ တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားတော့သည်။
ဤမြူဖြူများသည် အာရုံခံ စူးစမ်းမှု ပုံစံအားလုံးကို ပိတ်ဆို့ထားနိုင်ပုံရ၏။ နတ်ဘုရင်များပင်လျှင် ၎င်းတို့၏ အာရုံခံနိုင်စွမ်းများဖြင့် ထိုရွှေနတ်များ၏ တည်ရှိမှုကို မခံစားနိုင်ကြတော့ပေ။ ယခုအခါတွင်တော့ ထိုရွှေနတ်များ အသက်ရှင်လျက် ရှိမရှိကိုပင် မည်သူမှ မသိနိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်တစ်ပါးသည် ဆက်လက်၍ ငြိမ်မနေနိုင်တော့ပဲ နတ်ဘုရင် ချင်းမင်၏ စကားတစ်ခွန်းကိုပင် စောင့်မနေတော့ပဲ သူ၏ အနောက်မှ ရွှေနတ်များကို ခေါ်ဆောင်ကာ မြူဖြူများထဲသို့ တိုက်ရိုက် တိုးဝင်သွားတော့၏။ အတွင်း၌ အန္တရာယ်များ ရှိနေနိုင်သော်လည်း မဟာအခွင့်အရေးများလည်း ရှိနေနိုင်သည်။
လက်ရှိအချိန်တွင် ဖန်တီးခြင်း လမ်းစဉ်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ တိုက်စားမှုကို ခံနေရသဖြင့် နတ်များ၏ သက်တမ်းကို များစွာ တိုတောင်းသွားစေ၏။ နတ်အမြောက်အမြားမှာ အကန့်အသတ်များကို ကျော်ဖြတ်ရန် အခွင့်အရေးများကို အသည်းအသန် လိုအပ်နေကြ၏။
တစ်ယာက်က ဦးဆောင်၍ လှုပ်ရှားသွားသည်ကို တွေ့မြင်လျှင် ကျန်ရှိနေသော နတ်များလည်း တစ်ယောက်ပြီးတစ်ယောက် စတင် လှုပ်ရှားလာကြ၏။
နတ်ဘုရင် ချင်းမင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ ဤမြူဖြူများ၏ ပိတ်ဆို့မှုကြောင့် အတွင်း၌ ဖြစ်ပျက်နေသည့်အရာများကို မည်သူမှ မသိနိုင်ပေ။ အကယ်၍ အန္တရာယ်ရှိနေပါက ကိစ္စမရှိသော်လည်း အတွင်း၌ အခွင့်အရေးများ ရှိနေပါက ထိုသူများကို အရင်ဝင်ခွင့်ပေးလိုက်ခြင်းဖြင့် ထိုအခွင့်အရေးများအားလုံးကို ၎င်းတို့၏ လက်ထဲသို့ ရောက်ရှိသွားစေမည် ဖြစ်၏။
ရတနာပစ္စည်းများ ဖြစ်ပါက ကိစ္စမရှိလှပေ။ ထိုသူများ ရတနာများကို ရရှိသွားလျှင်ပင် ခြိမ်းခြောက်၍ လွှဲပြောင်းပေးခိုင်းနိုင်သည်။ သို့သော် အကယ်၍ အချို့သော နတ်နိယာမ အမွေအနှစ်များ ဖြစ်နေပါက ထိုသူများက ဖွင့်မပြောလျှင် မည်သူက အမွေအနှစ်ကို ရရှိသွားသည်ကို သူ့အနေနှင့် သိနိုင်မည်မဟုတ်ပေ။
လူတိုင်းအပေါ် ဝိညာဉ်ရှာဖွေခြင်း အသုံးပြုရန် မဖြစ်နိုင်ပေ။ ထိုသို့ပြုလုပ်ပါက လူအများ၏ ဒေါသကို တကယ် ဆွပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဤလူများသည် သေဘေးကိုပင် ဂရုမစိုက်တော့ပဲ ၎င်းအား အသက်ချင်းလဲ၍ ပြန်လည်တိုက်ခိုက်ကြပေလိမ့်မည်။
ခဏခန့် စဉ်းစားပြီးနောက် နတ်ဘုရင် ချင်းမင်လည်း ဤလူများနှင့်အတူ သူကိုယ်တိုင် အတွင်းသို့ လိုက်ဝင်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အန္တရာယ်နှင့် တကယ် ကြုံတွေ့ရပါက ၎င်းတို့အား ကြားခံအဖြစ် အသုံးချကာ အန္တရာယ်မှ ဘေးကင်းရာသို့ ရှောင်နိုင်မည် ဖြစ်၏။
ထိုအတွေးနှင့်အတူ နတ်ဘုရင် ချင်းမင်က ကျန်ရှိနေသော နတ်များကို
“ကျုပ် နောက်က လိုက်ခဲ့ကြ”
နတ်ဘုရင် ချင်းမင်၏ စကားကို ကြားလျှင် ထိုနေရာရှိ မည်သူမှ ငြင်းဆန်ခြင်း မပြုရဲကြပေ။ ရွှေနတ်၏ ဝမ်းနည်းဖွယ် မြင်ကွင်းကို သူတို့မျက်စိဖြင့် မြင်တွေ့ခဲ့ရသဖြင့် နတ်ဘုရင် ချင်းမင်၏ အဆာပြေအစာ အဖြစ် အသတ်ခံရရန် လုံးဝအလိုရှိကြပေ။
အရေးကြီးဆုံးအချက်မှာ ၎င်းတို့ကိုယ်တိုင်လည်း အတွင်း၌ မည်သည့်အခွင့်အရေးများ ရှိနေသည်ကို မြင်တွေ့လိုကြခြင်း ဖြစ်၏။ ထို့နောက် လုချန်း အပါအဝင် ထိုနေရာရှိ နတ်များအားလုံး ချိုင့်ဝှမ်းဆီသို့ ဝင်သွားကြတော့၏။
အားလုံး ဝင်ရောက်သွားသည်ကို တွေ့မြင်လျှင် နတ်ဘုရင် ချင်းမင်လည်း နဝမကောင်းကင်တတ္ကသိုလ်မှ တပည့်များအားအနည်းငယ် မှာကြားပြီးနောက် ထိုလူများ၏ နောက်မှ ချိုင့်ဝှမ်းအတွင်းသို့ လိုက်ပါသွားသည်။
ချိုင့်ဝှမ်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် လူတိုင်း ရင်ထဲ၌ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိသိသာသာ ခံစားလိုက်ရ၏။ ပြင်ပတွင် သူတို့၏ အာရုံခံနိုင်စွမ်းများ ပိတ်ဆို့ခံထားရသော်လည်း ချိုင့်ဝှမ်းအတွင်းသို့ ရောက်ရှိသွားချိန်တွင်တော့ သားရဲရိုင်းများ၏ အငွေ့အသက်များကို ရှင်းလင်းစွာ ခံစားသိနိုင်ကြသည်။
နတ်သခင် ရှီယွဲ့က လုချန်းနှင့် သားရဲမဟာမိတ် အဖွဲ့ဝင်များကို
“သတိထားကြပါ... ဒီချိုင့်ဝှမ်းထဲမှာ သားရဲရိုင်းတွေ ရှိနေပုံရတယ်”
နတ်သခင် ရှီယွဲ့ စကားပြောပြီးသည်နှင့် မြူဖြူများထဲမှ ကြက်သီးမွေးညင်းထစရာ စူးစူးဝါးဝါး အော်ဟစ်သံအချို့ ထွက်ပေါ်လာ၏။ သားရဲမဟာမိတ် အဖွဲ့ဝင်များသည် လုချန်းကို ဗဟိုတွင် ထားရှိကာ ၎င်းခန္ဓာကိုယ်အား စက်ဝိုင်းပုံစံဖြင့် လျင်မြန်စွာ ဝန်းရံ ကာကွယ်လိုက်ကြ၏။
၎င်းတို့သည်လည်း လုချန်း၏ အရေးပါမှုကို သိထားကြ၏။ လုချန်းသည် သူတော်စင် အဆင့် နည်းဗျူဟာ ပုံစံ ရေးဆွဲနိုင်သူ ဖြစ်၏။ အကယ်၍ စွမ်းအားကြီးသော ရန်သူများနှင့် ရင်ဆိုင်ရပါက ၎င်းတို့အနေနှင့် အခက်အခဲမှ လွတ်မြောက်ရန် လုချန်း၏ နည်းဗျူဟာပုံစံကို လိုအပ်မည်ဖြစ်ရာ လုချန်းကို ဆံခြည်တစ်မျှပင် ထိခိုက်မှု အဖြစ်မခံနိုင်ပေ။
ထိုစဉ် နတ်ဘုရင်တစ်ပါးသည် လေထဲသို့ ပျံတက်သွားပြီး ချိုင့်ဝှမ်းအတွင်းရှိ မြူဖြူများကို ဖယ်ရှားရန်အတွက် နတ်စွမ်းအားကို အသုံးပြုရန် ကြိုးပမ်းလိုက်၏။ သို့သော် မျှော်လင့်မထားပဲ ထိုနတ်ဘုရင် ပျံတက်သွားသည်နှင့် ၎င်း၏ နောက်ကွယ်၌ အရိပ်မည်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုနတ်ဘုရင်လည်း သူတိုက်ခိုက်ခံနေရသည်ကို ရိပ်မိသွားပြီး ကိုယ်ကို လျင်မြန်စွာ လှည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ ၎င်း၏ လက်ဝါးစွမ်းအားသည် အရိပ်မည်းနှင့် ထိမှန်သွားကာ အရိပ်လည်း ပန်းကန်ကွဲသကဲ့သို့ ပေါက်ကွဲစင်ထွက်သွားတော့၏။
ထိုနတ်ဘုရင်က
“အဆင့်နိမ့် သားရဲတစ်အုပ်ပဲ...ကြောက်စရာကောင်းပုံ ရပေမဲ့ ဒီလောက်ပဲ တတ်နိုင်တာပဲကိုး။”
စကားပြောပြီးနောက် ၎င်းသည် ရွှေရောင်နိယာမ ကိုယ်ထည်ကို ဆင့်ခေါ်လိုက်ပြီး လက်ချောင်းများလှုပ်ကာ လျင်မြန်စွာဖြင့် ကျင့်စဉ်စွမ်းအားကို အသုံးပြုလိုက်၏။ နောက်တစ်ခဏ၌ ချိုင့်ဝှမ်းအတွင်း၌ လေဆင်နှာမောင်း အမြောက်အမြား ပေါ်ပေါက်လာသည်။ လေဆင်နှာမောင်းများ တိုက်ခတ်သွားသည်နှင့်အမျှ မြူဖြူများ တဖြည်းဖြည်းချင်း လွင့်ပြယ်သွားတော့၏။
မျှော်လင့်မထားပဲ မြူဖြူများ ကင်းစင်သွားသည်ကို တွေ့မြင်လျှင် ချိုင့်ဝှမ်းအတွင်းရှိ နတ်များ အံ့အားသင့်ကာ မှင်တက်သွားကြ၏။
အပြင်၌ ရှိနေစဉ်က ဤမြူထုကို ဖယ်ရှား၍ မရနိုင်ဟု သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။ ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် နတ်စွမ်းအားဖြင့် ဖျက်ဆီး၍မရသော အခြေအနေများစွာကို သူတို့ ကြုံတွေ့ခဲ့ရဖူးသည်။
ဤကမ္ဘာငယ်အတွင်းရှိ အချို့သော အပိုင်းများကို ကာကွယ်ပေးထားသည့် နိယာမစွမ်းအား ရှိနေသဖြင့် ချိုင့်ဝှမ်းအတွင်း မြူများ ထွက်ပေါ်လာသည်ကို တွေ့မြင်သောအခါ ဤမြူများကို ဖယ်ရှား၍ ရနိုင်မည်မဟုတ်ဟု အလိုလို တွေးတောခဲ့ကြခြင်း ဖြစ်၏။
ယခုကြည့်ရသည်မှာ သူတို့ စိုးရိမ်လွန်ကဲကာ အလွန်အကျွံ တွေးတောမိခဲ့ကြခြင်း ဖြစ်ပုံရသည်။ ဤမြူများသည် နိယာမစွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ ကမ္ဘာငယ်အတွင်းရှိ သားရဲရိုင်းများကြောင့် ဖြစ်ပေါ်လာပုံရ၏။
မြူများ ကင်းစင်သွားသည်နှင့် ချိုင့်ဝှမ်းအတွင်းရှိ မြင်ကွင်းသည် နေ့ခင်းကြောင်တောင် ကဲ့သို့ ပေါ်လွင်ထင်ရှားလာတော့၏။ ချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင် ထောင်ပေါင်းများစွာသော ထူထပ်လှသည့် အင်းကွက်များ ထွင်းထုထားသည့် ဧရာမ ကျောက်စာတိုင်ကြီးတစ်ခု ရှိနေ၏။
ကျောက်စာတိုင်၏ ပတ်ပတ်လည်တွင် သွေးကဲ့သို့ နီရဲသော လမ်းစဉ်အငွေ့အသက်များ စီးဆင်းနေသော်လည်း ဤလမ်းစဉ်အငွေ့အသက်သည် လူသိများသော လမ်းစဉ်အငွေ့အသက်များနှင့် အနည်းငယ် ကွဲပြားနေ၏။
ယေဘုယျအားဖြင့် လမ်းစဉ်အငွေ့အသက်များသည် တူညီသော ကျင့်စဉ်လမ်းစဉ်ကို ကျင့်ကြံသူများအကြား ပဲ့တင်ထပ်ခြင်းကို ဖြစ်ပေါ်စေတတ်သော်လည်း ကျောက်စာတိုင်ပတ်လည်တွင် လှည့်ပတ်နေသော လမ်းစဉ်အငွေ့အသက်သည် ထိုနေရာရှိ မည်သည့်နတ်တစ်ပါးကိုမှ ပဲ့တင်ထပ်စေခြင်း မရှိပေ။
ထိုနေရာတွင် နတ်ပေါင်းများစွာ ရှိနေသည့်အနက် လေထုထဲ၌ လှည့်ပတ်နေသော လမ်းစဉ်အငွေ့အသက်သည် ၎င်းတို့ကျင့်ကြံသော လမ်းစဉ်များနှင့် ကွဲပြားနေလျှင်ပင် ၎င်းတို့အထဲမှ အမြောက်အမြားသည် နှစ်သန်းထောင်ပေါင်းများစွာတိုင်အောင် နေထိုင်ခဲ့ကြသူများဖြစ်ရာ လမ်းစဉ်အငွေ့အသက် အမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးပြီ ဖြစ်သည်။
သို့သော် ဤချိုင့်ဝှမ်းအတွင်း လှည့်ပတ်နေသော လမ်းစဉ်အငွေ့အသက်ကိုတော့ ထိုနေရာရှိ နတ်များအနက် မည်သူတစ်ဦးမှ တစ်ခါမှ မမြင်ဖူးကြချေ။ ထိုအခိုက်အတန့်တွင် အချို့သောသူများသည် ဤနေရာ၌ ကျဆုံးသွားခဲ့သူမှာ နတ်ဧကရာဇ်တစ်ပါး မဟုတ်ပဲ ပြင်ပ လောကမှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း စတင် သံသယဝင်လာကြတော့၏။
ကျောက်စာတိုင်ပေါ်ရှိ အင်းကွက်များကို လေ့လာရန် အချိန်မရခင်မှာပင် ကျောက်စာတိုင်၏ ရှေ့မှောက်၌ တံခါးမည်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်တစ်ခဏ၌ ထိုတံခါးအတွင်းမှ နတ်ဘုရင်ခံ အဆင့်ရှိသော ထောင်ပေါင်းများစွာသော သားရဲရိုင်းကြီးများ တိုးဝှေ့ထွက်လာကြပြီး ထိုနေရာရှိ နတ်များဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်ကြတော့၏။
ယခုအကြိမ်တွင် မြူများ မရှိတော့သဖြင့် လူတိုင်းသည် ထိုသားရဲရိုင်းများကို သူတို့မျက်စိဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ကြပြီ ဖြစ်၏။ ၎င်းတို့သည် ယခင်ကကဲ့သို့ ခုခံရုံသာ တတ်နိုင်သည့် အခြေအနေမျိုး မဟုတ်တော့ပေ။ ချိုင့်ဝှမ်းအတွင်းသို့ စတင်ဝင်ရောက်စဉ်ကကဲ့သို့ ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြတော့ပေ။
အချို့သော နတ်များသည် သားရဲရိုင်းများကို ရင်ဆိုင်ရန် ကိုယ်တိုင်ဦးဆောင်ကာ တိုက်ပွဲအတွင်းသို့ တိုးဝင်သွားကြ၏။ ခဏခန့်အတွင်း ကောင်းကင်ယံတစ်ခုလုံးတွင် ဆန်းကြယ်သော ကျင့်စဉ်များဖြင့် ပြည့်နှက်သွားပြီး ထောင်ပေါင်းများစွာသော ရတနာပစ္စည်းများ၏ စွမ်းအားများ ရောယှက်ကာ ချိုင့်ဝှမ်းတစ်ခုလုံးသည် အလွန် ကစဉ့်ကလျား ဖြစ်သွားစေတော့၏။
လုချန်းကို သားရဲမဟာမိတ် အဖွဲ့ဝင်များက ဝန်းရံ၍ ကာကွယ်ပေးထားကြ၏။ ထို့ကြောင့် သူသည် လူနတ် ကျင့်စဉ်အဆင့်သာ ရှိသော်လည်း မည်သည့်တိုက်ခိုက်မှုကိုမှ မခံစားခဲ့ရပေ။
ထိုအတောအတွင်း ချူးကျန့်ယွီ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ သားရဲမဟာမိတ် အဖွဲ့ဝင်များက လုချန်းကို အသက်နှင့်လဲ၍ ကာကွယ်ပေးနေသည့်အလား ဝန်းရံထားသည်ကို တွေ့မြင်လျှင် ချူးကျန့်ယွီ၏ လုချန်းအပေါ် စူးစမ်းလိုစိတ် များ ပိုမိုပြင်းပြလာတော့၏။
နတ်ဆိုးမျိုးနွယ်မှ အဖွဲ့ဝင်အမြောက်အမြားက လူနတ်တစ်ပါးကို ကာကွယ်ပေးနေကြခြင်းဖြစ်သည်။ ဤအရာက အလွန်ထူးခြားသော အခြေအနေဖြစ်၏။
ထိုလူနတ်သည် သားရဲမဟာမိတ်အတွင်း မြင့်မားသော ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားလှသည်။
--