← Chapters

အခန်း ၁၉၅၉

Vol. 131 Ch. 1959

အခန်း ၁၉၅၉

Vol. 131 Ch. 1959

အခန်း( ၁၉၅၉ )

ချူးကျန့်ယွီ၏ အတွေးများ

နဝမကောင်းကင်တက္ကသိုလ်မှ အဖွဲ့ဝင်များ ကောင်းကင်လှေကားပေါ်သို့ တက်လှမ်းသွားပြီးနောက် ကောင်းကင်လှေကားပေါ်သို့ တက်ခြင်းက သားရဲရိုင်းများ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ကြောင်း သိလာကြသဖြင့် ချိုင့်ဝှမ်းအတွင်းရှိ နတ်များအားလုံးသည် ကျေက်စာတိုင်ဆီသို့ အရှိန်အဟုန်ဖြင့် လုယက်တိုးဝှေ့တက်လာကြတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်လှေကားပေါ်တွင် အပေါ်သို့ ဆက်လက်တက်လှမ်းသူများ ပိုများပြားလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သားရဲမဟာမိတ်အဖွဲ့မှ လူများမှာ လှေကားထစ် အထစ်နှစ်ဆယ်ကျော်အထိ တက်လှမ်းပြီးစီးနေပြီဖြစ်ကြောင်း နတ်ဘုရင် ချင်းမင် သတိပြုမိသွားသည်။

ထို့နောက် သူက ချူးကျန့်ယွီထံသို့ အသံလွှင့်ကာ

“အကြီးအကဲချူး... ကောင်းကင်လှေကားရဲ့ အဆုံးမှာ အမွေအနှစ်တစ်ခု ရှိနေနိုင်တယ်။ ဒီသားရဲမဟာမိတ်အဖွဲ့ကလူတွေက ကျုပ် တို့ထက် ခြေလှမ်းဦးနေကြတယ်။ အမွေအနှစ်က သူတို့လက်ထဲ ရောက်သွားနိုင်တယ်။”

ချူးကျန့်ယွီက

“စိတ်မစောပါနဲ့ဦး... အခြေအနေကို စောင့်ကြည့်ကြတာပေါ့။ ဒီကောင်းကင်လှေကားပေါ်မှာ တခြားအန္တရာယ်တွေလည်း ရှိနေနိုင်သေးတယ်။”

ဤကောင်းကင်လှေကားထက်သို့ လှမ်းလိုက်သည့် အဆင့်တိုင်း၌ ဝိညာဉ်ကို ဆုတ်ဖြဲမတတ် အသည်းခိုက်အောင် နာကျင်မှုကို အောင့်ခံရခြင်းဖြစ်ပြီး လှေကားထစ်များ ပိုမြင့်မားလာလေလေ ဖိအားများ ပိုမိုကြီးထွားလာကာ ဝိညာဉ်ဆုတ်ဖြဲခံရသည့် နာကျင်မှုက ပိုပြင်းထန်လာလေလေ ဖြစ်သည်။

သားရဲမဟာမိတ်အဖွဲ့မှ လူများသည် ခြေလှမ်းအနည်းငယ်သာ ရှေ့ရောက်နေခြင်းဖြစ်ပြီး ထိုအရာက သူတို့ အဆုံးတိုင် တောင့်ခံနိုင်လိမ့်မည်ဟု မဆိုလိုပေ။

ဤကောင်းကင်လှေကားတွင် အနည်းဆုံး လှေကားထစ်ပေါင်း တစ်သောင်းခန့် ရှိနေပြီး မျက်စိတစ်မှိတ် အချိန်တိုအတွင်း ထိပ်ဆုံးသို့ ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

အချို့သောအဆင့်သို့ ရောက်ရှိသွားပါက သားရဲမဟာမိတ်အဖွဲ့မှ လူများအတွက် အပေါ်သို့ ဆက်လက်တက်လှမ်းရန် ခက်ခဲသွားလိမ့်မည်။ ထို့ကြောင့် အခြားသူများ အမွေအနှစ်ကို လုယူသွားမည်ကို ချူးကျန့်ယွီ စိုးရိမ်ခြင်းမရှိပေ။

ချူးကျန့်ယွီက စိတ်မစောသော်လည်း နဝမကောင်းကင်တက္ကသိုလ်၏ အပြင်က အချို့သောလူများကတော့ ပူပင်သောက ရောက်နေကြသည်။ သားရဲမဟာမိတ်အဖွဲ့က သူတို့ထက် လှေကားထစ် တစ်ဆယ်ကျော်ခန့် သာလွန်နေသည်ကို တွေ့မြင်လိုက်ရလျှင် နောက်ဆုံးတွင် နတ်တစ်ပါးက မအောင့်နိုင်တော့ပဲ သားရဲမဟာမိတ်အဖွဲ့မှ လူများကို တိုက်ခိုက်လိုက်တော့သည်။

သို့သော် ထိုသူက သူ၏နတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် စွမ်းအားကြီးတစ်ခုက သူ့ကို ကောင်းကင်လှေကားပေါ်မှ ရိုက်ချလိုက်၏။ ဤနေရာတွင် ပျံသန်းခြင်းမပြုနိုင်သဖြင့် သူသည် အောက်ခြေရှိ သားရဲရိုင်းများအုပ်စုထဲသို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။

နောက်တစ်ခဏ၌ ထိုသူသည် အောက်ရှိ သားရဲများ၏ ရက်ရက်စက်စက် ဆုတ်ဖြဲခြင်းကိုခံရကာ အပိုင်းပိုင်းပြတ်သွားတော့၏။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လူတိုင်း ကြက်သေ သေသွားကာ ကောင်းကင်လှေကားပေါ်တွင် အခြားသူများကို တိုက်ခိုက်ခွင့်မရှိကြောင်း ချက်ချင်း နားလည်သွားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က အခြား တစ်ယောက်ကို တိုက်ခိုက်ပါက ထိုသူသည် တိုက်ရိုက် အောက်သို့ ရိုက်ချခံရမည် ဖြစ်သည်။ ဤသင်ခန်းစာကို ရရှိသွားပြီးနောက် နွားကွဲလျှင် ကျားကိုက်တတ်သည်ဟူသော သဘောကို သိကာ မည်သူမှ တစ်ယာက်နှင့်တစ်ယာက် လွယ်လွယ်ကူကူ မတိုက်ခိုက်ရဲကြတော့‌ပေ။

နောက်ရက်များတွင် သားရဲမဟာမိတ်အဖွဲ့ဝင်များသည် ကောင်းကင်လှေကားပေါ်သို့ တက်ရန် အစွမ်းကုန် လုံ့လစိုက်ထုတ် ကြိုးစားခဲ့ကြသော်လည်း လှေကားထစ်များ ပိုမြင့်မားလာသည်နှင့်အမျှ ပို၍ပို၍ ခက်ခဲလာကြောင်း တွေ့ရှိခဲ့ရသည်။

ယခုအခါ လုချန်းနှင့် နတ်သခင် ရှီယွဲ့ နှစ်ဦးတည်းသာ ပိုလွယ်ကူနေပုံရသည်။ အကြောင်းက ကောင်းကင်လှေကားသည် နတ်ဝိညာဉ်ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး သူတို့နှစ်ဦးစလုံး၏ နတ်ဝိညာဉ်များမှာ အလွန်တရာ ကြံ့ခိုင်လွန်းသဖြင့် သူတို့အပေါ် သက်ရောက်မှု သိပ်မရှိလှခြင်းပင်။

ထိုအချိန်တွင် သားရဲမဟာမိတ်အဖွဲ့ဝင်တစ်ဦးက နတ်သခင် ရှီယွဲ့ကို

“မဟာမိတ်ခေါင်းဆောင်... အရှေ့ကနေ အရင်သွားပါ။ ကျုပ် တို့ကို စောင့်ရင်းနဲ့ ရ အချိန်မဖြုန်းပါနဲ့တော့။”

သားရဲမဟာမိတ်အဖွဲ့မှ လူများသည် သူတို့၏ မဟာမိတ်ခေါင်းဆောင်နှင့် လုချန်းတို့ နှေးကွေးစွာ သွားနေခြင်းမှာ အဓိကအားဖြင့် သူတို့အား စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်ကြောင်း ရိပ်မိကြသည်။ အကယ်၍ စောင့်မနေပါက သူတို့၏ခေါင်းဆောင်နှင့် လုချန်းသည် လှေကားထစ်ပေါင်း ရာချီစော၍ တက်လှမ်းသွားလောက်ပြီ ဖြစ်သည်။

အမွေအနှစ်ကို အရယူရန်အတွက် အကောင်းဆုံးဗျူဟာမှာ သူတို့၏ခေါင်းဆောင်နှင့် လုချန်းကို အရင်ဆုံး တက်လှမ်းခွင့်ပြုပြီးနောက်မှ သူတို့က အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်မီအောင် တက်ကြရုံသာ ဖြစ်သည်။

နတ်သခင် ရှီယွဲ့သည် သူတို့အနောက်တွင် ချွေးတလုံးလုံးဖြင့် နာကျင်ပင်ပန်းမှုကြောင့် မျက်နှာများ ရှုံ့မဲ့နေကြသော သားရဲမဟာမိတ်အဖွဲ့ဝင်များကို လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် နဝမကောင်းကင်တက္ကသိုလ်မှ အချို့သောလူများသည် သူတို့အနောက်မှ ထပ်ကြပ်မကွာ နီးကပ်စွာ လိုက်ပါလာနေကြပြီ ဖြစ်သည်။

အကယ်၍ ဤကဲ့သို့ နှေးကွေးသော အရှိန်အဟုန်ဖြင့် ဆက်သွားနေပါက နဝမကောင်းကင်တက္ကသိုလ်မှ လူများက သူတို့ကို ကျော်တက်သွားမှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။

နတ်သခင် ရှီယွဲ့က

“ကောင်းပြီ... ရှင်တို့ ဖြည်းဖြည်းချင်းပဲ တက်လာခဲ့ကြ။ ကျွန်မနဲ့ သူက အရင်သွားနှင့်မယ်”

ဟု ဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် နတ်သခင် ရှီယွဲ့က လုချန်းဘက်သို့ လှည့်ကြည့်ကာ

“ရှင် တောင့်ခံနိုင်ပါ့မလား”

ဟု အသံလွှင့်ကာ မေးလိုက်သည်။

လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားကာ ခပ်ဖွဖွပြုံး လိုက်ရင်း

“ဘာမှ စိုးရိမ်စရာမလိုပါဘူး”

ဟု အသံလွှင့်ကာ ပြန်လည် တုံ့ပြန်လိုက်၏။

ကောင်းကင်လှေကားပေါ်သို့ ခြေချလိုက်စဉ်က နတ်ဝိညာဉ် ဖိနှိပ်မှုကို ခံစားခဲ့ရသော်လည်း သူသည် အခြားသူများကဲ့သို့ မနာကျင်ပဲ အနည်းငယ် ခေါင်းမူးရုံသာ ရှိသည်။

နတ်သခင် ရှီယွဲ့က

“ကောင်းပြီ... ဒါဆို မြန်မြန်သွားကြစို့”

ထိုသို့ပြောပြီးနောက် နတ်သခင် ရှီယွဲ့သည် ချက်ချင်းပင် ရှေ့သို့ ခုန်တက်လိုက်ပြီး တစ်ကြိမ်တည်းဖြင့် လှေကားထစ် သုံးထစ်ကို ကျော်ဖြတ်သွားခဲ့သည်။ လုချန်းကလည်း လျင်မြန်စွာ ရိပ်ခနဲ နောက်ကလိုက်ကာ လှေကားထစ် သုံးထစ်ကို ကျော်ဖြတ်လိုက်၏။ ထိုသို့ဖြင့် သူတို့သည် ကောင်းကင်လှေကားထက်သို့ အရှိန်အဟုန်မြှင့်ကာ ဆက်လက် တက်လှမ်းသွားကြတော့သည်။

ဤအရာကို တွေ့မြင်လိုက်ရလျှင် နဝမကောင်းကင်တက္ကသိုလ်မှ လူအုပ်ကြီး ဆွံ့အ မှင်တက်သွားကြသည်။ အထူးသဖြင့် ချူးကျန့်ယွီ ဖြစ်သည်။

သူသည် လူနတ်တစ်ပါးက ဤမျှ ကြံ့ခိုင်သော နတ်ဝိညာဉ်ကို မည်သို့ ပိုင်ဆိုင်နိုင်သနည်းဟု ဆင်ခြင်တွေးတောကာ လုချန်း၏ အခြေအနေကို စောင့်ကြည့် အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်တစ်ခဏ၌ တစ်ဖက်လူက လှုပ်ရှားမှုတစ်ခုတည်းဖြင့် လှေကားထစ် သုံးထစ်ကို အားစိုက်စရာမလိုပဲ အလွယ်တကူ ကျော်ဖြတ်သွားခဲ့သည်။

လူနတ်တစ်ပါး၏ နတ်ဝိညာဉ်စွမ်းအားက ဤမျှအထိ ကြံ့ခိုင်နိုင်ပါ့မလား။

တကယ့်ကို ရယ်စရာပင်။

ချူးကျန့်ယွီသည် မိုက်မဲသူ မဟုတ်ပေ။ ထျန်းရန်နတ်ဘုရားနယ်မြေတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း လုချန်း၏ သရုပ်မှန်ကို သူ ခန့်မှန်းမိသွား၏။

လုချန်း၏ ကိုယ်ပွားသည် အခြားသော နတ်သခင်များ မလုပ်ဆောင်နိုင်သည့် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံများကို ရေးဆွဲနိုင်ခဲ့ပြီး ထိုအရာက လုချန်း၏ နတ်ဝိညာဉ် ကြံ့ခိုင်မှုကို ထင်ထင်ရှားရှား သက်သေပြနေသည်။ ယခုအခါ ရုတ်တရက် သားရဲမဟာမိတ်အဖွဲ့ထဲတွင် ဤမျှ ကြံ့ခိုင်သော နတ်ဝိညာဉ်ရှိသည့် လူနတ်တစ်ပါး ပေါ်လာခဲ့ပြီး လုချန်းတွင်လည်း သားရဲမဟာမိတ်အဖွဲ့ထဲ၌ ကိုယ်ပွားတစ်ခု ရှိနေခဲ့သည်။

ထိုသို့ ဆက်စပ်တွေးတောကြည့်လိုက်လျှင်တော့ ဤလူနတ်၏ သရုပ်မှန်သည် ကောင်းကင်တွင် လမင်းထိန်ထိန်သာသလို ထင်ရှားလာနေပြီ ဖြစ်၏။ သားရဲမဟာမိတ်အဖွဲ့မှ လူများက သူ့ကို တစ်ချိန်လုံး အဘယ်ကြောင့် ကာကွယ်ပေးထားကြသလဲ ဆိုတာ အံ့သြစရာမရှိတော့ပေ။

သားရဲမဟာမိတ်အဖွဲ့အတွက်တော့ လုချန်းသည် လျှို့ဝှက်လက်နက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ဤကမ္ဘာငယ်၏ ကန့်သတ်ချက်အတွင်း အမြင့်ဆုံး စွမ်းအားမှာ နတ်ဘုရင်နယ်ပယ်အဆင့် ဖြစ်သည်။ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံတစ်ခုသည် နတ်ဘုရင်တစ်ပါးကို အလွယ်တကူ ချိပ်ပိတ်နိုင်သည်။

အကယ်၍ သားရဲမဟာမိတ်အဖွဲ့နှင့် အခြားအင်အားစုများအကြား ပဋိပက္ခဖြစ်ပွားပါက သားရဲမဟာမိတ်အဖွဲ့သည် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို တိုက်ရိုက်အသုံးပြုနိုင်သည်။ ထိုအခါ မည်သူမှ သူတို့ကို ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ပေ။

ထိုအချက်ကို တွေးတောမိရင်း ချူးကျန့်ယွီ၏ မျက်ခုံးများ တွန့်သွားခဲ့သည်။

သူနှင့် လုချန်းတို့ သိကျွမ်းကြသော်လည်း သူတို့ကြားက ဆက်ဆံရေးက ကောင်းလှသည် မဟုတ်သလို ရန်သူများလည်း ဖြစ်လာနိုင်‌ခြေရှိသည်။ ထိုစဉ်က သူတို့၏ ကောင်းကင်မိန်းကလေးသည် ကစဉ့်ကလျားပင်လယ်မှ ထွက်ခွာနိုင်ရန်အတွက် ကစဉ့်ကလျားသားရဲ၏ သားရဲအမြုတေကို လုယူခဲ့ပြီး လုချန်းကို သူတို့နှင့်အတူ ခေါ်မသွားပဲ ပစ်ထားခဲ့ကြသည်။

သို့သော်လည်း လုချန်းသည် ဤကဲ့သို့သော ဖိအားအောက်တွင် လှေကားထစ်များ အလွယ်တကူ တက်လှမ်းနိုင်နေခြင်းက သူ၏နတ်ဝိညာဉ်စွမ်းအားသည် နတ်သခင်တစ်ပါးနှင့်ပင် ရင်ဘောင်တန်းနိုင်နေပြီဟု ဖော်ပြနေသည် မဟုတ်ပါလား။

ဤအကျိုးအကြောင်းအရဆိုလျှင် လုချန်း၏ ပင်မခန္ဓာသည်လည်း နတ်သခင်တစ်ပါး ဖြစ်နေရမည် မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် ချူးကျန့်ယွီသည် လုန်းချန်း၏ဘေးမှ နတ်သခင် ရှီယွဲ့ဆီသို့ အကြည့်ကို ရွှေ့လိုက်သည်။

လုချန်း၏ နတ်ဝိညာဉ်က ထူးထူးခြားခြား ကြံ့ခိုင်သဖြင့် လှေကားထစ်များကို ကျော်ဖြတ်တက်ခြင်းမှာ အံ့သြစရာမဟုတ်သော်လည်း လုချန်းဘေးမှ ထိုအမျိုးသမီးက မည်သူနည်း။

သူမကရော ဘာကြောင့် ဤမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ရသနည်း။

ဤကဲ့သို့သော နတ်ဝိညာဉ်စွမ်းအားမျိုးအရ ထိုသူသည်လည်း နတ်သခင်တစ်ပါး၏ ကိုယ်ပွားဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

သို့သော် နတ်သခင်တစ်ပါး၏ ကိုယ်ပွားနတ်ဝိညာဉ်ဖြစ်နေလျှင်ပင် ဤမျှအထိ မကြံ့ခိုင်သင့်ဘူး မဟုတ်ပါလား။

ဤအမျိုးသမီးက ကောင်းကင်လှေကား၏ ဖိအားကို အဘယ်ကြောင့် ကြံ့ကြံ့ခံကာ တွန်းလှန်နိုင်နေဆဲ ဖြစ်နေရသနည်း။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချင်းမင်က ချူးကျန့်ယွီထံသို့

“အကြီးအကဲချူး... သားရဲမဟာမိတ်အဖွဲ့က အဲ့ဒီနှစ်ယောက်က သာမန်တော့ မဟုတ်လောက်ဘူး”

ဟု အသံလွှင့်လိုက်သည်။

ချူးကျန့်ယွီ သတိပြန်ဝင်လာပြီး

“အဲဒီလူနတ်က ကျုပ် တို့ရဲ့ ကောင်းကင်မိန်းကလေးနဲ့ ပတ်သက်မှုတချို့ရှိတယ်။ သူ့ကို သွားမဆွတာ ပိုကောင်းလိမ့်မယ်။”

ချူးကျန့်ယွီ၏ စကားကို ကြားလျှင် နတ်ဘုရင် ချင်းမင် အံ့အားသင့်ကာ မှင်တက်သွားခဲ့သည်။

လူနတ်တစ်ပါးက သူတို့၏ ကောင်းကင်မိန်းကလေးနှင့် မည်သို့ ဆက်စပ်မှု ရှိနိုင်ပါမည်နည်း။

သို့သော် ချူးကျန့်ယွီက ထိုသို့ပြောကတည်းက အလိမ်အညာ ဖြစ်နိုင်စရာ လုံးဝမရှိပေ။

တစ်ဖက်တွင် လုချန်းက သူ့ကို ယခင်က အသက်ဘေးမှ ကယ်တင်ခဲ့ဖူးခြင်းကြောင့်လည်းကောင်း၊ အခြားတစ်ဖက်တွင်တော့ လုချန်း၏ အစွမ်းကို သူတို့ ယှဉ်နိုင်စွမ်းမရှိဟု ယုံကြည်ခြင်းကြောင့်လည်းကောင်း လုချန်းကို ချူးကျန့်ယွီ မဆွချင်ခြင်း ဖြစ်သည်။

လုချန်းသည် လက်ရှိ၌ လူနတ်ရုပ်ခန္ဓာသာ ရှိသော်လည်း သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံများကို ရေးဆွဲနိုင်သေးသည်။ အကယ်၍ ပဋိပက္ခတစ်ခုသာ ဖြစ်ပွားခဲ့လျှင် နဝမကောင်းကင်တက္ကသိုလ်သာ နစ်နာဆုံးရှုံးရလိမ့်မည်။

ထို့ပြင် လုချန်းသည် ကစဉ့်ကလျားပင်လယ်ထဲမှ ထွက်ပေါ်လာနိုင်ခြင်းကပင် သူ၏ ထူးခြားဆန်းကြယ်မှုကို မီးမောင်းထိုး ညွှန်ပြနေပြီ ဖြစ်သည်။ လုချန်းကဲ့သို့သော လူမျိုးကိုတော့ သူတို့၏ ကောင်းကင်မိန်းကလေးကိုသာ ကိုင်တွယ်ဖြေရှင်းခွင့် ပေးသင့်သည်။

နောက်တစ်လအတွင်း လုချန်းတို့လူစုသည် ကောင်းကင်လှေကားပေါ်သို့ ဆက်လက်တက်လှမ်းခဲ့ကြသည်။ တိမ်တိုက်များနှင့် နီးကပ်လာသည်နှင့်အမျှ လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့လည်း အရှိန်ကို လျှော့ချလိုက်ကြသည်။

ဝိညာဉ်ဆုတ်ဖြဲခံရသည့် ခံစားချက်က ပိုထင်ရှားလာပြီး တိမ်တိုက်များဆီသို့ ရောက်ရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည့် အချိန်တွင် သူတို့နှစ်ဦးစလုံး ရုတ်တရက် ရပ်တန့်သွားခဲ့ကြတော့သည်။

--

…………….

All Chapters