← Chapters

အခန်း ၁၉၆၂

Vol. 131 Ch. 1962

အခန်း ၁၉၆၂

Vol. 131 Ch. 1962

အခန်း (၁၉၆၂)

ဝိညာဉ်နယ်ပယ်

လုချန်း ပြောပြီးသည်နှင့် ခန်းမအတွင်းရှိ ဖီးနစ်ဝိညာဉ်က ချက်ချင်း တုံ့ပြန်သည်။

“ကျောက်စာတိုင်ပေါ်က အင်းကွက်တွေနဲ့ တိုင်လုံးတွေပေါ်က အင်းကွက်တွေအားလုံးဟာ ဝိညာဉ်နယ်ပယ်က လာတာပဲ။ ခင်ဗျားရဲ့ နတ်ဝိညာဉ်က ဒီအင်းကွက်တွေနဲ့ ပဲ့တင်ထပ်သွားတာဟာ ခင်ဗျားကလည်း ဝိညာဉ်နယ်ပယ်က ဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲ။”

ဖီးနစ်ဝိညာဉ်က ဆက်လက်၍

“ခင်ဗျားရဲ့ အခုအခြေအနေကို ကြည့်ရတာ လူဝင်စားပြီး ပြန်လည်ကျင့်ကြံနေတဲ့ပုံပဲ။ ဒါကြောင့် အတိတ်ကို မမှတ်မိတာက ပုံမှန်ပါပဲ။ ခင်ဗျားရဲ့ ကျင့်စဉ်အဆင့် တိုးတက်လာတာနဲ့အမျှ ခင်ဗျားရဲ့ မှတ်ဉာဏ်တွေဟာလည်း တဖြည်းဖြည်း ပြန်ပွင့်လာလိမ့်မယ်။”

ဖီးနစ်၏ စကားကို သေချာကြားလျှင် နတ်သခင် ရှီယွဲ့ လုချန်းကို မျက်လုံးထောင့်မှ စောင်းငဲ့ကြည့်လိုက်မိသည်။ ဤလူသည် သာမန်မဟုတ်ပဲ ထူးခြားလှသည့် နတ်ဧကရာဇ်တစ်ပါး၏ လူဝင်စား ဖြစ်နိုင်ကြောင်း သူမ အမြဲတမ်း တထစ်ချ ခံစားခဲ့ရ၏။

သူ့ကို ပြင်ပ လောကသားတစ်ဦး ဖြစ်လိမ့်မည်ဟုတော့ သူမ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ သူ၏ နတ်ဝိညာဉ် စွမ်းအားကြီးမားလှခြင်းကလည်း အံ့ဩစရာ မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် လုချန်းက စိတ်ဝင်တစားဖြင့် ဖီးနစ်ဝိညာဉ်ကို

“ဝိညာဉ်နယ်ပယ်ဆိုတာ ဘယ်လိုနေရာမျိုးလဲ။”

ဖီးနစ်ဝိညာဉ်က

“ဝိညာဉ်နယ်ပယ်ဆိုတာ ဒီလောကရဲ့ အပြင်ဘက်မှာ ရှိပြီး ပိုပြီးတော့ ကျယ်ပြောလှတဲ့ လောကတစ်ခုပဲ။”

လုချန်းက

“ထျန်းရန် နတ်ဘုရား နယ်မြေကို နတ်ဘုရား နယ်မြေလို့ သမုတ်ကြတယ်။ နာမည်ကို ကြည့်ရုံတင်ပဲ နတ်ဘုရား နယ်မြေက ဝိညာဉ်နယ်ပယ်ထက် ပိုပြီး အတိုင်းအဆမရှိ ကျယ်ဝန်းသင့်တာ မဟုတ်ဘူးလား။”

ထိုအရာကို ကြားလျှင် ဖီးနစ်ဝိညာဉ်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်ပြီး လုချန်းကို

“နတ်ဘုရား နယ်မြေ ဟုတ်လား။ ကြားရတာ တကယ် ရယ်စရာပဲ။ ဒီလောက် ရေတွင်းဝလောက် သေးငယ်တဲ့နေရာလေးက သူ့ကိုယ်သူ နတ်ဘုရား နယ်မြေလို့ ခေါ်ရဲတယ်ပေါ့။”

“ဒီလောကဟာ တို့ ဝိညာဉ်နယ်ပယ်ရဲ့ ကောင်းကင်နတ်ဘုရားရဲ့ အသားနဲ့ သွေးတွေကို စတေးအသုံးပြုပြီး ဝိညာဉ်နယ်ပယ်ရဲ့ သစ္စာဖောက်တစ်ယောက်က ဖန်တီးထားတဲ့ နေရာပဲ။ ခင်ဗျားတို့ စုတ်ယူနေတဲ့ နတ်အငွေ့အသက်ဆိုတာ အသွင်ပြောင်းထားတဲ့ နတ်စွမ်းအားတွေသာ ဖြစ်တယ်။ ခင်ဗျားတို့ ကောင်းကင်ဘုံက နတ်အငွေ့အသက် မဟုတ်ဘူး။”

ဖီးနစ်ဝိညာဉ်၏ စကားကို ကြားလျှင် လုချန်း စိတ်ထဲတွင် လျှပ်တပြက် အတွေးတစ်ခု ပေါ်လာ၏။

ဝိညာဉ်နယ်ပယ်၏ သစ္စာဖောက် ဟုတ်လား။

ထိုသူက မည်သူ ဖြစ်နိုင်သနည်း။

သူကိုယ်တိုင် ဖြစ်နေလေမလား။

သူ ထိုသို့ တွေးမိသည်မှာလည်း အဆန်း‌တော့ မဟုတ်ပေ။

မြေကမ္ဘာသားတစ်ဦးအနေနှင့် သူ၏ မှတ်ဉာဏ်များထဲတွင် ဆန်းပြားလှသော ဝတ္ထုဇာတ်လမ်း အကြောင်းအရာများစွာ ပြည့်နှက်နေသောကြောင့် ဖြစ်၏။ စနစ်တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ဦးအနေနှင့် သူသည် အလွန်ပင် ထူးခြားလွန်းလှရာ ဇာတ်လိုက် ဖြစ်လာရန် ကံပါလာသူတစ်ဦးနှင့် တူနေသည်။

သူကဲ့သို့သော လူများသည် များသောအားဖြင့် စွမ်းအားကြီးမားလှသော အတိတ်ဘဝများ ရှိတတ်ကြသဖြင့် ဤလောကကို ဖန်တီးခဲ့သည့် သစ္စာဖောက်မှာ သူကိုယ်တိုင်ပင် ဧကန်မုချ ဖြစ်နိုင်သည်။

လုချန်းက သိလိုစိတ်ပြင်းပြစွာဖြင့် ဖီးနစ်ဝိညာဉ်ကို

“အဲဒီ ဝိညာဉ်နယ်ပယ်ရဲ့ သစ္စာဖောက်က ဘာဖြစ်လို့ ဒီလောကကို ဖန်တီးခဲ့တာလဲ။”

ဖီးနစ်ဝိညာဉ်က

“ဘာလို့လဲဆိုတော့ သူက လှည့်စားခြင်းနယ်ပယ်က လူတွေနဲ့ တိတ်တဆိတ် ပူးပေါင်းခဲ့လို့ပဲ။”

“ဒါကို ကျုပ်တို့တွေ ရိပ်မိသိသွားတဲ့အခါ သူက ကျုပ်တို့တွေကို နှုတ်ပိတ် မသတ်ဖြတ်နိုင်တာကြောင့် ဒီလောကကို ဖန်တီးဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးကို အသုံးပြုခဲ့တယ်။ ဒီလောကကြီး အရှိန်အဟုန်နဲ့ လည်ပတ်နေတာနဲ့အမျှ ကျုပ်တို့ရဲ့ နတ်စွမ်းအားတွေဟာ တဖြည်းဖြည်းနဲ့ ဒီလောကရဲ့ အာဟာရအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာ ကျုပ်တို့တွေ တစ်စစီ ကျဆုံးပျက်စီးသွားရတာပဲ။

လုချန်းတစ်ယောက် အတွေးပင်လယ်ထဲ နစ်မြောသွားတော့၏။

လှည့်စားခြင်းနယ်ပယ် ဟုတ်လား။

ထိုကြောက်မက်ဖွယ် သတ္တဝါဆန်းများသည် လှည့်စားခြင်းနယ်ပယ်မှ လာကြခြင်း ဖြစ်နိုင်သလား။

ထိုအတွေးနှင့်အတူ လုချန်းက ကွေ့ဝိုက်မနေပဲ

“အဲဒီ သတ္တဝါဆန်းတွေက လှည့်စားခြင်းနယ်ပယ်က လာတာလား။”

ဖီးနစ်ဝိညာဉ်က ခေါင်းညိတ်ကာ

“ဟုတ်တယ်။”

ရုတ်တရက် လုချန်း တစ်ခုခုကို ဖျတ်ခနဲ သတိရသွားပြီး အလောတကြီးပင်

“အကြီးအကဲ... ကျုပ်ကို လှည့်စားခြင်းနယ်ပယ်နဲ့ ဝိညာဉ်နယ်ပယ်အကြောင်း သေသေချာချာ ပြောပြနိုင်မလား။”

စနစ်၏ တင်းကျပ်လှသော ကန့်သတ်ချက်များကြောင့် သူသည် သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ကြိုတင်၍ မသိနိုင်သော်လည်း အလွန် သိချင်စိတ် ပြင်းပြနေခဲ့မိ၏။ ယခု စနစ်၏ ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်မည့်သူတစ်ဦးနှင့် မမျှော်လင့်ပဲ တွေ့ရပြီ ဖြစ်သဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ပြင်ပမှ အကြောင်းအရာများကို သိနိုင်ရန် သူ အလွန် ဆန္ဒစောနေမိတော့သည်။

ဖီးနစ်ဝိညာဉ်က

“ကျုပ်က ကြွင်းကျန်ရစ်တဲ့ ဝိညာဉ်တစ်ခုပဲ။ အသက်ဆက်ဖို့ အချိန် သိပ်မကျန်တော့ဘူး။ ခင်ဗျားဆီကို ကျုပ်ရဲ့ မှတ်ဉာဏ်တွေကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်မယ်။”

ဖီးနစ်ဝိညာဉ်သည် စကားပြောပြီးနောက် မျက်လှည့်ပြလိုက်သလို ဝတ်ရုံနီဝတ်ဆင်ထားသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ ပုံပန်းသဏ္ဌာန်မှာ ခန်းမအပြင်ဘက်ရှိ လူသားပုံသဏ္ဌာန် ရုပ်တုနှင့် တစ်ပုံစံတည်း ဖြစ်သည်။

ထို့ကြောင့် အပြင်ဘက်ရှိ ရုပ်တုနှစ်ခုစလုံးမှာ ထိုလူကိုပင် အသက်ဝင်စွာ သရုပ်ဖော်ထားခြင်း ဖြစ်ပြီး တစ်ခုမှာ နတ်ဆိုးပုံသဏ္ဌာန်ဖြစ်ကာ အခြားတစ်ခုမှာ လူသားပုံသဏ္ဌာန် ဖြစ်၏။

ထိုသူမှာ အစွမ်းထက်လှသော နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်ပုံရသည်ဟု နတ်သခင် ရှီယွဲ့ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။ ဤကမ္ဘာငယ်အတွင်း၌ သူမနှင့် ရေစက်ပါလာသော အခွင့်အရေးများ ရှိနေသည်ဟု ခံစားခဲ့ရသည်မှာ မဆန်းတော့ပေ။

ဤကမ္ဘာငယ်၏ သခင်သည် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်နေလျှင် သူမ အဆင့်တက်နိုင်ရန်အတွက် တစ်ခုခု ချန်ထားခဲ့ဖို့ ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် ထိုလူသည် လက်မြှောက်ကာ မှတ်ဉာဏ်ပုလဲလုံးတစ်လုံးအဖြစ်သို့ စုစည်းလိုက်ပြီး လုချန်းထံသို့ ဖြည်းညှင်းစွာ ကမ်းပေးလိုက်၏။

မှတ်ဉာဏ်ပုလဲလုံးကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤလူတွင် စိတ်စေတနာကောင်း မရှိနိုင်ဟူ၍ သူမ စိတ်ထဲ ထင်မြင်ချက်တစ်ခု ပေါ်ပေါက်သွား သောကြောင့်ဖြစ်သည်။

လုချန်းကတော့ အလွန်အကျွံ ထွေထွေထူးထူး မတွေးတောပဲ လက်ကို မြှောက်ကာ မှတ်ဉာဏ်ပုလဲလုံးအတွင်းသို့ နတ်စွမ်းအားကို ထည့်သွင်းလိုက်ပြီး အတွင်းရှိ မှတ်ဉာဏ်များကို ဖတ်ရှုရန် ပြင်ဆင်လိုက်၏။

ထိုစဉ် ထိုလူ၏ နှုတ်ခမ်းအစုံသည် ရုတ်တရက် ယုတ်မာသောအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။

နောက်တစ်စက္ကန့်တွင် သူ၏ နတ်ဝိညာဉ် ဆိုးဆိုးရွားရွား ဆုတ်ဖြဲခံလိုက်ရသလိုမျိုး လုချန်း နာကျင်စွာ ခံစားလိုက်ရပြီး တစ်ခုခုက သူ၏ နတ်ဝိညာဉ်ကို ပြင်းထန်စွာ လာရာက်ရိုက်ခတ်နေသည်။

လုချန်းသည် နည်းနည်းမှ မတုန်လှုပ် မတွန့်ဆုတ်ပဲ ဤကိုယ်ထည်နှင့် သူ၏ ဝိညာဉ်ဆက်သွယ်မှုကို ချက်ချင်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်လိုက်၏။

ထိုအချိန်တွင် ဆံပင်နီနှင့်လူသည် အောင်နိုင်သူအလား ကျယ်လောင်စွာ ရယ်မောပြီး လုချန်းကို

“ထောင်ပေါင်းများစွာသော သက္ကရာဇ်တွေ ကြာပြီးနောက်မှာ နောက်ဆုံးတော့ ဝိညာဉ်နယ်ပယ်က နတ်ဝိညာဉ်တစ်ခုကို တွေ့နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ နောက်ထပ် ဘဝတစ်ခုကို ထပ်ပြီး ရှင်သန်နိုင်တော့မယ်။”

ဆံပင်နီနှင့်လူ၏ အသံကို ကြားလျှင် နတ်သခင် ရှီယွဲ့၏ မျက်နှာအမူအရာ ပျက်ယွင်းကာ အနည်းငယ် ပြောင်းလဲသွား၏။

သွားပြီ ...

မကောင်းတော့ပေ.....

ဤဆံပင်နီနှင့်လူတွင် ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက် တကယ်ရှိနေသည်။ သူသည် လုချန်းကို အသုံးချကာ ဝင်စားရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ထိုဆံပင်နီနှင့်လူ၏ ဝိညာဉ်ကို နတ်သခင် ရှီယွဲ့က လက်ဦးမှုယူ တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ထိုလူ၏ ဝိညာဉ်သည် သွေးအလင်းတန်းတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကာ လုချန်း၏ ကိုယ်ထည်ဆီသို့ ဒုန်းစိုင်းပြေးဝင်သွားသည်ကို သူမ တွေ့မြင်လိုက်ရ၏။

သို့သော် လုချန်း၏ ဦးနှောက်အတွင်းသို့ သူ ပြေးဝင်သွားသည့်အခါ ကြက်သေ သေကာ မှင်တက်သွား၏။ လုချန်း၏ ခေါင်းထဲတွင် မည်သည့် နတ်ဝိညာဉ်မှ ရှိမနေပေ။ မည်သည့် နတ်ဝိညာဉ်မှ ‌မရှိသည့် သစ်သားရုပ်သေးရုပ်တစ်ခုကဲ့သို့ လုံးဝ ဟာလာဟင်းလင်း ဗလာဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထည်မှ နီရဲသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ဆံပင်နီနှင့်လူ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားပုံရသဖြင့် နတ်သခင် ရှီယွဲ့ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်သွားကာ တိုက်ခိုက်ရန် တွန့်ဆုတ်သွားရ၏။

အကယ်၍ သူမ ယခု ဇွတ်တရွတ် တိုက်ခိုက်လိုက်ပါက လုချန်း၏ ကိုယ်ထည် ပျက်စီးသွားနိုင်သည်။

ထိုအချိန်တွင် နတ်သခင် ရှီယွဲ့၏ အသိစိတ် သူမ၏ ပင်မကိုယ်ထည်ထဲသို့ လျင်မြန်စွာဖြင့် ပြန်လည်ရောက်ရှိသွား၏။

……

တိတ်ဆိတ်လှသော နတ်လှေပေါ်၌။

နတ်သခင် ရှီယွဲ့က စိုးရိမ်တကြီးဖြင့် သူရှေ့ရှိ လုချန်းကို

“ရှင် အဆင်ပြေရဲ့လား။”

လုချန်းက

“ကျုပ် အဆင်ပြေပါတယ်။”

လုချန်းက နတ်သခင် ရှီယွဲ့ကို

“သူ ကျုပ်ကို တိုက်ခိုက်တဲ့အချိန်မှာပဲ ကျုပ်က နတ်အာရုံကို ဖြတ်တောက်ပစ်လိုက်တာ။”

လုချန်း ဘေးအန္တရာယ်ကင်းကြောင်း ကြားလျှင် နတ်သခင် ရှီယွဲ့ ရင်ထဲ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသော်လည်း မကြာမီမှာပင် အခြားသော ကြီးမားသော ပြဿနာတစ်ခုကို တွေးမိပြန်၏။ ယခုအခါ လုချန်း၏ လူနတ်ကိုယ်ထည်ကို ဆံပင်နီနှင့်လူက အဓမ္မ သိမ်းပိုက်လိုက်ပြီ ဖြစ်ရာ လုချန်းမရှိပဲ ထိုကမ္ဘာငယ်ကို စူးစမ်းလေ့လာခြင်းသည် လက်နက်ကောင်းတစ်ခု လျော့နည်းသွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။

နတ်သခင် ရှီယွဲ့ ထိုသို့ တွေးတောလိုက်စဉ် လုချန်းက သူမ၏ အတွေးစများကို ကောင်းစွာ ရိပ်မိသွားပုံရပြီး နတ်သခင် ရှီယွဲ့ကို

“ခင်ဗျား အရင်ဆုံး ပြန်သွားပြီး စောင့်ကြည့်လိုက်ဦး။ အကယ်၍ သူ ထွက်သွားရင် ကျုပ် ပြန်လာခဲ့မယ်။”

နတ်သခင် ရှီယွဲ့က စိုးရိမ်စိတ်ဖြင့် လုချန်းကို

“သူက အခု ရှင့်ရဲ့ ကိုယ်ထည်ကို ထိန်းချုပ်ထားတာလေ။”

လုချန်းက

“သူ ကျုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထည်ကို စိတ်မဝင်စားဘူးလို့ ကျုပ် ခံစားရတယ်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ လူဝင်စားဖို့ သက်သက်ဆိုရင် ခင်ဗျားရဲ့ နတ်ဘုရင် အဆင့် ကိုယ်ထည်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပဲ။”

နတ်သခင် ရှီယွဲ့က

“ရှင့်ရဲ့ ခန့်မှန်းချက် မှန်နိုင်ပါတယ်။ သူက ဝိညာဉ်နယ်ပယ်က နတ်ဝိညာဉ်ကို နောက်ဆုံးတော့ ရှာတွေ့နိုင်ခဲ့ပြီလို့ ပြောခဲ့တယ်။ ဒါက ရှင့်ရဲ့ နတ်ဝိညာဉ်ဟာ ထူးခြားနေပြီး သူက အဲဒါကို အစိမ်းလိုက် ဝါးမြိုဖို့ ရည်ရွယ်ထားတာကို ပြနေတာပဲ။”

ထိုစကားကို ကြားလျှင် လုချန်းတစ်ယောက် အတွေးပင်လယ်ထဲ နစ်မြောသွား၏။ ထိုလူသည် သူကဲ့သို့သော ပြင်ပ လောကသားများကို ငါးစာချ ဆွဲဆောင်ရန်အတွက် ကမ္ဘာငယ်၏ အဝင်ဝကို တမင်တကာ ဟင်းလင်းဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပုံရသည်။

ထို့နောက် သူမ၏ ကိုယ်ပွားဆီသို့ နတ်သခင် ရှီယွဲ့ အာရုံပြန်စိုက်လိုက်ရာ ဆံပင်နီနှင့်လူသ ည် ရူးသွပ်သွားသည့်အလား လုချန်း၏ ကိုယ်ထည်ကို ထိန်းချုပ်ကာ စိတ်ပျက်လက်ပျက်ဖြင့်

“ဘာလို့ နတ်ဝိညာဉ် မရှိတာလဲ။ ဘာလို့ နတ်ဝိညာဉ် မရှိတာလဲ။”

ဟု ရူးသွပ်စွာ အော်ဟစ်နေသည်ကို တွေ့မြင်လိုက်ရ၏။

ထိုအချိန်တွင် “လုချန်း” က ရုတ်တရက် လှည့်၍ နတ်သခင် ရှီယွဲ့ကို စိုက်ကြည့်လိုက်၏။

“လုချန်း” ၏ မျက်လုံးများမှာ သွေးလို နီရဲတောက်ပနေပြီး “လုချန်း” က နတ်သခင် ရှီယွဲ့ကို

“သူ ဘယ်ကို ထွက်ပြေးသွားတာလဲ။”

ဟု ခက်ထန်စွာ မေးလိုက်သည်။

နတ်သခင် ရှီယွဲ့က ဟန်မပျက်ပဲ

“အကြီးအကဲ... ကျွန်မ တကယ် မသိပါဘူး။”

“လုချန်း” က နတ်သခင် ရှီယွဲ့ကို

“ဘယ်သူမှ ကျုပ်လက်ထဲက မလွတ်နိုင်ဘူး။ သူ ဒီကမ္ဘာငယ်ထဲမှာပဲ ဧကန်မုချ ရှိနေသေးရမယ်။”

သူ့တွင် အသက်ဆက်ရန် အချိန် သိပ်မကျန်တော့သဖြင့် ဤကြွင်းကျန် ဝိညာဉ်ကို တည်ငြိမ်စေရန် ဝိညာဉ်နယ်ပယ်မှ နတ်ဝိညာဉ်တစ်ခုကို အမြန်ဆုံး စုပ်ယူရမည် ဖြစ်၏။ ထို့နောက် ဆံပင်နီနှင့်လူသည် လုချန်း၏ ကိုယ်ထည်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားပြီး ဖီးနစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ လုချန်းနောက်လိုက်ရန် နန်းတော်ပြင်ပသို့ ပျံသန်းသွားတော့သည်။

ဆံပင်နီနှင့်လူ လုချန်း၏ ကိုယ်ထည်ထဲမှ ထွက်ခွာသွားသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့၏ ပင်မကိုယ်ထည်က ထိုလူ သူ၏ ကိုယ်ထည်ထဲမှ ထွက်ခွာသွားကြောင်း လုချန်းကို ချက်ချင်း အကြောင်းကြားလိုက်၏။

ထို့နောက် သူ၏ နတ်အာရုံကို ကိုယ်ထည်ထဲသို့ ထည့်သွင်းကာ ပြန်လည် ဆက်သွယ်လိုက်၏။

သူ၏ နတ်အာရုံကို ကိုယ်ပွားထဲသို့ ပြန်လည် ဆက်သွယ်လိုက်လျှင် သူ၏ ကိုယ်တွင်း၌ ထူးခြားသော စွမ်းအားတစ်ခု ရှိနေသည်ကို ရုတ်တရက် သိသိသာသာ ခံစားလိုက်ရ၏။

ကြည့်ရတာ ထိုစွမ်းအားကို သူ စိတ်ကြိုက် အသုံးပြုနိုင်ပုံရသည်။

ချက်ချင်းပင် ထိုစွမ်းအားကို ထုတ်ယူရန် လုချန်း ကြိုးပမ်းလိုက်ရာ ခဏအကြာတွင် ထိုစွမ်းအားသည် သူ၏ နတ်ဝိညာဉ်အတွင်းသို့ လှိုက်ခနဲ စီးဝင်သွားပြီး သူ့ကို ချက်ချင်းပင် လန်းဆန်းသွားစေ၏။

သူ၏ နတ်ဝိညာဉ်မှာလည်း ရေရရှိသည့်အပင်ပမာ အာဟာရ ရရှိသွားသည့်အလား ပို စွမ်းအားကြီးမားလာခဲ့သည်။ ဤအရာမှာ ထိုကြွင်းကျန်ရစ်သော ဝိညာဉ်က သူ့ကို လာရောက်ပူးကပ်ပြီးနောက် သူ၏ ကိုယ်တွင်း၌ ချန်ထားခဲ့သော နတ်ဝိညာဉ် စွမ်းအား ဖြစ်ရမည်ဟု လုချန်းက ချက်ချင်း ကောင်းစွာ သဘောပေါက်လိုက်သည်။

--

…………..

All Chapters