အခန်း ၁၉၆၄
Vol. 131 Ch. 1964
အခန်း (၁၉၆၄ )
အောက်ကနေ စောင့်နေမယ်
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ ဖိနှိပ်ချုပ်ချယ်သော စွမ်းအားကို ခံစားမိလျှင် ဖန်ရှောင်းက
“ဘယ်လောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေလိုက်သလဲ”
ဟု နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။
တကယ်တော့ ဤနည်းဗျူဟာပုံစံသည် သူ့အတွက် တကယ်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်၏။ အဆုံးတွင်တော့ သူသည် ယခုအချိန်၌ လေထဲကဆီမီးပမာ ကြွင်းကျန် ဝိညာဉ်တစ်ခုသာ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ဤနည်းဗျူဟာပုံစံကို အသက်သွင်းရန်အတွက် နတ်စွမ်းအား အမြောက်အမြား သုံးစွဲရမည် ဖြစ်သည်။
နတ်ဘုရင်တစ်ပါးနှင့် လူနတ်တစ်ပါး၏ စွမ်းအားမှာ ဤနည်းဗျူဟာပုံစံ၏ အစွမ်းအစကို အပြည့်အဝ ထုတ်ဖော်နိုင်ရန် သိသာထင်ရှားစွာပင် မလုံလောက်ပေ။ သူ့ကို ချိပ်ပိတ်ဖို့ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ဖန်ရှောင်းက
“ကောင်းကင်ကို လှန် ပင်လယ်ကို ဆူပွက်စေ”
ဟ အော်ဟစ်လိုက်သည်။
ထိုအခါ သူ၏ ကိုယ်ထည်မှ ပိုပြင်းထန်သော မီးလျှံများ ချက်ချင်း ပေါက်ကွဲထွက်လာ၏။ သူသည် သူ၏ နတ်ဝိညာဉ်စွမ်းအားကို သိသိသာသာ လောင်မြှိုက်နေခြင်း ဖြစ်သည်။
သူ၏ နတ်ဝိညာဉ်စွမ်းအားကို လောက်မြှိုက်လိုက်သည့် အခိုက်အတန့်တွင် ဤကြွင်းကျန်ဝိညာဉ်၏ ပုံရိပ်သည် ပို၍ပင် ဖောက်ထွင်းမြင်နိုင်လောက်အောင် ဖြစ်သွားပြီး ဆပ်ပြာပူဖောင်းပမာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံရသည်။
သို့သော် ဤကြွင်းကျန် ဝိညာဉ် အလွန်အားနည်းနေသော်လည်း ၎င်းသည် မဟာအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ချန်ထားခဲ့ခြင်း ဖြစ်သည့်အတွက် ဖန်ရှောင်း ပေါက်ကွဲထုတ်လိုက်သော အစွမ်းသည် သာမန်နတ်ဘုရင်တစ်ပါးကို မှုန့်မှုန့်ညက်ညက် ချေမှုန်းရန် လုံလောက်လှပေသည်။
လုချန်း ခင်းကျင်းထားသော ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံလည်း ဖန်ရှောင်း၏ ကိုယ်ပေါ်မှ မီးလျှံများကြောင့် နှင်းခဲပေါ် နေပူကျသကဲ့သို့ ချက်ချင်းပင် ပြာကျသွားခဲ့ရသည်။
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ ပျက်စီးသွားသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့လည်း သူမ၏ ကိုယ်ပွားကို စွန့်လွှတ်ရန် ပြင်ဆင်လိုက်၏။ ဤကြွင်းကျန် ဝိညာဉ် ပြသလိုက်သည့် အစွမ်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သူမ၏ နတ်ဘုရင်ကိုယ်ပွား အနိုင်ယူနိုင်မည့် အဆင့်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
နတ်သခင် ရှီယွဲ့က သူမ၏ အသိစိတ်ကို ပင်မကိုယ်ထံသို့ လျှပ်စီးသဖွယ် ပြန်လည် ရောက်ရှိစေရန် ပြင်လိုက်စဉ်မှာပင် လုချန်း၏ ပတ်ပတ်လည်ရှိ အရှိန်အဝါများ လျင်မြန်စွာ မြင့်တက်လာနေသည်ကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။
မကြာမီမှာပင် လုချန်း၏ အရှိန်အဝါမှာ နတ်ဘုရင် အဆင့်သို့ ရောက်ရှိသွားတော့သည်။
ဒါက...
နတ်သခင် ရှီယွဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။
လူနတ်ကိုယ်ပွားတစ်ခုက ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာ သူ၏ ကျင့်စဉ်အဆင့်ကို နတ်ဘုရင်အဆင့်အထိ မည်သို့ မြှင့်တင်လိုက်နိုင်လိုက်သနည်း။
သူလည်းပဲ သူ၏ ဝိညာဉ်ကို လောင်မြှိုက်လိုက်တာများလား။
လုချန်းသည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံက ဖန်ရှောင်းကို ချိပ်ပိတ်နိုင်မည် မဟုတ်ကြောင်း အစောကတည်းက ကြိုတင်ခန့်မှန်းထားခဲ့သဖြင့် နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
လုချန်း၏ အစွမ်း နတ်ဘုရင်အဆင့်သို့ မြင့်တက်လာသည်ကို ခံစားမိသော်လည်း ဖန်ရှောင်းကတော့ လုံးဝ တုန်လှုပ်ခြင်းမရှိပေ။ ယခု ကမ္ဘာငယ်ထဲ၌ သူသည် ဤနန်းတော်အတွင်းရှိ နည်းဗျူဟာပုံစံ အားလုံးကို စိတ်တိုင်းကျ ထိန်းချုပ်မောင်းနှင်နိုင်သည်။
သာမန် နတ်ဘုရင်တစ်ပါးက မည်သို့များ သူ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။
နောက်ထပ် အခိုက်အတန့်တွင် မဟာနည်းဗျူဟာပုံစံကို အသက်သွင်းရန် ဖန်ရှောင်း ပြင်လိုက်သော်လည်း သူ အသက်မသွင်းနိုင်မီမှာပင် လုချန်း၏ ကိုယ်ထည်ပတ်ပတ်လည်၌ နက်မှောင်သော မြူခိုးများ ရစ်ဝိုင်းလာသည်ကို တွေ့မြင်လိုက်ရပြီး လုချန်း၏ အသံက ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ကိုးဆင့် ဝိညာဉ်တားမြစ်ခြင်း ကျင့်စဉ်”
ထိုစကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် လုချန်း၏ ပါးစပ်ထဲမှ ထောင်ပေါင်းများစွာသော နက်မှောင်သော အင်းကွက်များ ပျံသန်းထွက်လာပြီး ဖန်းရှောင်း၏ ကြွင်းကျန် ဝိညာဉ်ကို ချည်နှောင်မည့် သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားကာ အစကတည်းက မှေးမှိန်နေသော ကြွင်းကျန်ရစ်သည့် ဝိညာဉ်ကို ပို၍ပင် ဖောက်ထွင်းမြင်နိုင်လောက်အောင် ဖြစ်သွားစေသည်။
ဖန်ရှောင်းက
“မလုပ်နဲ့”
ဟု အသံကုန်အော်ဟစ်လိုက်သည်။
ဖန်ရှောင်းသည် နန်းတော်အတွင်းရှိ နည်းဗျူဟာပုံစံများကို အသက်သွင်းရန် ကြိုးစားရင်း အသည်းအသန် ရုန်းကန်ခဲ့သော်လည်း သူ၏ နတ်ဝိညာဉ်စွမ်းအားသည် နက်မှောင်သော အင်းကွက်သံကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
လုချန်း ထုတ်ဖော်လိုက်သော နတ်နိယာမက ဖန်းရှောင်းကို ထောင်ချောက်ဆင် ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ အနည်းငယ် အံ့အားသင့်သွားရပြန်သည်။ ဤကြွင်းကျန် ဝိညာဉ်၏ ဖိအားမှာ အလွန်ပြင်းထန်လှပြီး သူမ၏ ပင်မကိုယ် ကိုယ်တိုင်ပင်လျှင် တိုတောင်းလှသော အချိန်အတွင်း နှိမ်နင်းနိုင်မည်ဟု မပြောရဲပေ။ သို့သော် လုချန်းကတော့ ၎င်းကို အလွန်လွယ်ကူစွာပင် နှိမ်နင်းနိုင်ခဲ့သည်။
လုချန်း အသုံးပြုလိုက်သော နတ်နိယာမက နတ်ဝိညာဉ်များအပေါ် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှု အာနိသင် ရှိနေခြင်းလား။
နတ်သခင် ရှီယွဲ့ လျင်မြန်စွာပင် သတိပြန်ဝင်လာခဲ့သည်။ ဤလူက ပြင်ပလောကမှ လူတစ်ယောက် ဖြစ်သည့်အတွက် သာမန်သတ္တဝါတစ်ဦး၏ အမြင်မျိုးဖြင့် ကြည့်၍မရနိုင်သည်မှာ သဘာဝပင် ဖြစ်၏။
သူ့တွင် အချို့သော အထူးနည်းလမ်းများ ရှိနေခြင်းက ပုံမှန်သာဖြစ်သဖြင့် နတ်သခင် ရှီယွဲ့လည်း ထိုအရာကို အလွန်အကျွံ စဉ်းစားမနေတော့ပေ။
ယခုအချိန်တွင် လုချန်း ဤကြွင်းကျန် ဝိညာဉ်ကို သန့်စင်နိုင်မလား မသန့်စင်နိုင်ဘူးလား ဆိုသည့်အပေါ်၌သာ မူတည်တော့သည်။
ဖန်းရှောင်းကို ကိုးဆင့် ဝိညာဉ်တားမြစ်ခြင်း ကျင့်စဉ်ဖြင့် ချည်နှောင်ပြီးနောက် လုချန်းလည်း နည်းနည်းမှ တုံ့ဆိုင်းမနေပဲ ဖန်းရှောင်း၏ ကြွင်းကျန် ဝိညာဉ်အသိစိတ်ကို ဖိနှိပ်ရန် ကြိုးပမ်းသည့်အနေနှင့် နတ်စွမ်းအား ထည့်သွင်းမှုကို ချက်ချင်း မြှင့်တင်လိုက်သည်။ ထို့နောက် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူ့ကို သန့်စင်ပြီး သူ၏ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူရန် ကြိုးစားလိုက်တော့သည်။
နတ်ဘုရင်၏ ကျိန်စာမှ စွမ်းအား များစွာ မကျန်တော့ပေ။ သူ ဖန်ရှောင်းကို အလွန်လျင်မြန်စွာ သန့်စင်ရမည် ဖြစ်သည်။
မဟုတ်ပါက နတ်ဘုရင်၏ ကျိန်စာကို ဒုတိယအကြိမ် ထပ်မံ အသုံးပြုရလိမ့်မည်။
နတ်ဘုရင်၏ ကျိန်စာက အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန် ရည်ရွယ်ထားခြင်း ဖြစ်သဖြင့် သူ ထပ်မံ၍ မဖြုန်းတီးနိုင်တော့ပေ။
ဖန်ရှောင်းသည်လည်း လုချန်းက သူ၏ အသိစိတ်ကို ဖျောက်ဖျက်နေသည်ကို ခံစားမိသွားပြီး သူ၏ ကြွင်းကျန် ဝိညာဉ် အဆက်မပြတ် ရုန်းကန်လှုပ်ရှားလာကာ တစ်ခါတစ်ရံတွင် လူသားပုံသဏ္ဌာန်၊ တစ်ခါတစ်ရံတွင် ဖီးနစ်ငှက်တစ်ကောင်အဖြစ်သို့ အမျိုးမျိုး ပြောင်းလဲနေတော့သည်။
လူသားတစ်ဦး၏ အော်ဟစ်သံများနှင့် ဖီးနစ်ငှက်၏ အော်မြည်သံများသည် ခန်းမအတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ကောင်းကင်တက်လှေကားထက်တွင် ရှိနေသူများ၏ နားထဲသို့ပင် ပျံ့လွင့်ရောက်ရှိသွားခဲ့သည်။
တိမ်တိုက်များထဲမှ ထွက်ပေါ်လာသော စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံများကို ကြားရလျှင် ချူးကျန့်ယွီတို့လူစု ချက်ချင်းပင် ရပ်တန့်သွားကြပြီး တိမ်တိုက်များ၏ အထက်တွင် ကြီးမားသော ကြောက်မက်ဖွယ်ရာ တစ်ခုခု ရှိနေမလားဟူ၍ ပိုမိုသံသယဝင်လာကြတော့သည်။ အကယ်၍ သူတို့ အပေါ်သို့ တက်သွားပါက သဲလွန်စပင် မကျန်တော့အောင် ဝါးမြိုခြင်း ခံရနိုင်ခြေ ရှိပေသည်။
လုချန်း၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်တော့သည်ကို တွေ့မြင်လျှင် ဖန်ရှောင်းက
“မိတ်ဆွေလေး... ကျုပ်ကို အသက်ချမ်းသာပေးပါ။ ကျုပ်တို့နှစ်ယောက်လုံးက နေရာတစ်နေရာတည်းက လာကြတာပါ။ ကျုပ်တို့က လက်တွေ့မှာ တစ်မြေတည်းသားတွေပါ”
ဟု စတင် အသနားခံ တောင်းပန်လာတော့သည်။
လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“စောစောက ခင်ဗျား ကျုပ်ကို တိုက်ခိုက်တုန်းကတော့ ကျုပ်တို့ကို တစ်မြေတည်းသားတွေလို့ မစဉ်းစားခဲ့မိဘူးမလား။”
ထိုသို့ပြောရင်း လုချန်းသည် နတ်စွမ်းအား လွှဲပြောင်းမှုကို စတင်အရှိန်မြှင့်လိုက်သည်။
လုချန်းက သူ့ကို အဆုံးတိုင် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားကြောင်း သိလျှင် ဖန်ရှောင်းက
“ကျုပ်ကို... အကျပ်မကိုင်နဲ့ ... ခင်ဗျား ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျုပ် ခင်ဗျားကိုပါ တစ်ပါတည်း ဆွဲခေါ်သွားမှာ”
ဟု ခြိမ်းခြောက်လိုက်၏။
လုချန်းကတော့ လုံးဝ ဂရုမစိုက်ပဲ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။ အကယ်၍ ဖန်ရှောင်းက သူ့ကို တကယ်ပဲ တစ်ပါတည်း ဆွဲခေါ်သွားနိုင်လျှင် ဤနေရာ၌ စကားလုံးများ ဖြုန်းတီးနေမည် မဟုတ်ကြောင်း သူ တွေးလိုက်မိသည်။
ဤအခြေအနေတွင် ဖန်ရှောင်း၏ နတ်ဝိညာဉ်သည် လုံးဝ ဖိနှိပ်ခြင်း ခံထားရသဖြင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှု ပြုလုပ်ရန်ပင် မဖြစ်နိုင်တော့ပေ။
သူ၏ ခြိမ်းခြောက်မှုများကို လုချန်းက တုန်လှုပ်ခြင်းမရှိသည်ကို တွေ့မြင်လျှင် ဖန်ရှောင်းက
“ကျုပ်ရဲ့ ကမ္ဘာငယ်ထဲမှာ ရတနာတွေ အမြောက်အမြား ချန်ထားခဲ့တယ်။ ခင်ဗျား ကျုပ်ကို အသက်ချမ်းသာပေးရင် အဲဒါတွေ အကုန်လုံးကို ခင်ဗျားကို ပေးမယ်”
ဟု ထပ်မံ အသနားခံပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ လုချန်းက ဖန်ရှောင်းကို ပြန်လည် မတုံ့ပြန်တော့ပေ။ သူသည် ဖန်ရှောင်း၏ အသိစိတ်ကို လုံးဝဥဿုံ ဖျောက်ဖျက်ပစ်ရန်အတွက် ကိုးဆင့်ဝိညာဉ်တားမြစ်ခြင်း ကျင့်စဉ်ကို ဆက်လက် မောင်းနှင်နေခဲ့သည်။
လုချန်းက တုန်လှုပ်မှုမရှိပဲ နေမြဲအတိုင်း ရှိနေသည်ကို သဘောပေါက်သွားလျှင် ဖန်ရှောင်းလည်း သူ ဧကန်မုချ ပျက်စီးရတော့မည်ကို သိသွားပြီး စတင် ကျိန်ဆဲတော့သည်။
“ခင်ဗျား ကျုပ်ကို သတ်လိုက်ရင်တောင် ဒီလောကကနေ ထွက်သွားနိုင်မယ်လို့ မထင်နဲ့။ တစ်နေ့ကျရင် ခင်ဗျားလည်းပဲ ဒီလောကအတွက် အာဟာရတစ်ခု ဖြစ်လာမှာပဲ။”
“ကျုပ် ခင်ဗျားကို အောက်ကနေ စောင့်နေမယ်။”
“အား”
မကြာမီမှာပင် ခန်းမအတွင်းရှိ ဖန်ရှောင်း၏ အော်ဟစ်ညည်းတွားသံများ တဖြည်းဖြည်း အားနည်းသွားပြီး နောက်ဆုံးတွင် လေထဲတွင် အငွေ့ပျံသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဖန်ရှောင်း၏ အသိစိတ် လုံးဝဥဿုံ ပျက်စီးသွားပြီးနောက် လုချန်းလည်း နည်းနည်းမှ တုံ့ဆိုင်းမနေပဲ ဖန်ရှောင်း၏ နတ်ဝိညာဉ်ကို သန့်စင်ရန် ချက်ချင်း ကြိုးစားလိုက်သည်။
သူတို့နှစ်ဦးလုံး၏ နတ်ဝိညာဉ်များသည် ဝိညာဉ်နယ်ပယ်မှ မြစ်ဖျားခံလာသောကြောင့် လားမသိ လုချန်းသည် ဖန်းရှောင်း၏ နတ်ဝိညာဉ်ကို လွယ်လွယ်ကူကူပင် သန့်စင်နိုင်ခဲ့ပြီး သူ၏ ကြွင်းကျန်ရစ်သော နတ်ဝိညာဉ်စွမ်းအား အားလုံးကို စုပ်ယူလိုက်၏။
ခဏခန့်အတွင်း သူ၏ ကိုယ်ပိုင်နတ်ဝိညာဉ်မှာ ထူးခြားစွာပင် လန်းဆန်းတက်ကြွလာပြီး ယခင်ကထက် ပိုအစွမ်းထက်လာကြောင်း လုချန်း ခံစားလိုက်ရသည်။ ယခုအချိန်တွင် သူ၏ အစွမ်း မည်သည့်အတိုင်းအတာအထိ ရှိနေသည်ကို သူ့ကိုယ်သူပင် မသိတော့ပေ။
ထိုအခိုက်အတန့်တွင် လုချန်းသည် ဖန်ရှောင်း၏ ကြွင်းကျန် ဝိညာဉ် ချန်ထားခဲ့သည့် ကြွင်းကျန်ရစ်သော မှတ်ဉာဏ်အချို့ကို တွေ့မြင်လိုက်ရသည်။
၎င်းသည် ကြွင်းကျန် ဝိညာဉ်တစ်ခုသာ ဖြစ်သောကြောင့် ဖန်ရှောင်း၏ မှတ်ဉာဏ်များသည် မပြည့်စုံသော်လည်း ၎င်းတို့ထဲတွင် ဝိညာဉ်နယ်ပယ်နှင့် လှည့်စားခြင်းနယ်ပယ်တို့နှင့် ပတ်သက်ပြီး အတော်အတန် ပါဝင်နေသေးသည်။
ဖန်ရှောင်း၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် လုချန်း နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့သည်။
ဖန်ရှောင်း၏ မှတ်ဉာဏ်များအရ လှည့်စားခြင်းနယ်ပယ်နှင့် ဝိညာဉ်နယ်ပယ်တို့သည် ဆန့်ကျင်ဘက် အင်အားစုများ ဖြစ်ကြပြီး တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် နယ်ပယ်နှစ်ခုလုံးမှ အချို့သော လူများသည် ဤလောကထဲသို့ ဆွဲသွင်းခြင်း ခံခဲ့ရသည်။
သူတို့ ဤနေရာသို့ ပထမဆုံး ရောက်ရှိလာစဉ်က ဤလောကသည် ကစဉ့်ကလျား အစုအဝေးကြီးတစ်ခုသာ ဖြစ်ပြီး တစ်ပြင်လုံး ပိန်းပိတ်အောင် မှောင်မိုက်နေကာ မည်သည့်အရာမှ ရှိမနေခဲ့ပေ။ ကစဉ့်ကလျား စွမ်းအားများက သတ္တဝါတိုင်း၏ ခန္ဓာကိုယ်များကို အဆက်မပြတ် တိုက်စားနေခဲ့သည်။
ထိုအချိန်တွင် ဝိညာဉ်နယ်ပယ်မှ နတ်ဘုရားနယ်ပယ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူအချို့ကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ သွေး၊ အသား၊ စွမ်းအားများဖြင့် ထျန်းရန် နတ်ဘုရားနယ်မြေကို ဖန်တီးခဲ့သည်။
နဂိုမူလ နတ်ဘုရားများဟု ခေါ်ကြသူများသည် အမှန်စင်စစ်တွင် ဝိညာဉ်နယ်ပယ်မှ လူများပင် ဖြစ်ကြသည်။
အချို့သော အသက်ရှင်ကျန်ရစ်သည့် ဝိညာဉ်နယ်ပယ်မှ ပုဂ္ဂိုလ်များသည် ပုန်းအောင်းရန် နေရာများ ရှာဖွေခဲ့ကြပြီး ဖမ်းဆီးခြင်း ခံရသူများကတော့ ထျန်းရန် နတ်ဘုရားနယ်မြေ၏ အောက်ခြေတွင် ချုပ်ချယ်ခြင်း ခံခဲ့ရကာ ထိုနယ်မြေအတွက် နတ်အရှိန်အဝါများ၏ မြစ်ဖျားခံရာ အရင်းအမြစ် ဖြစ်လာခဲ့သည်။
ဝိညာဉ်နယ်ပယ်မှ နတ်တစ်ပါး ကွယ်လွန်သွားသည့် အခါတိုင်းတွင် ထျန်းရန် နတ်ဘုရားနယ်မြေ၌ နတ်စွမ်းအားများ ပြန်လည် နိုးထလာလေ့ရှိသော်လည်း ဤနတ်စွမ်းအားမှာ စစ်မှန်သော နတ်စွမ်းအား မဟုတ်ပဲ ထိုဝိညာဉ်နယ်ပယ်မှ ပုဂ္ဂိုလ်များထံမှ ပြောင်းလဲလာသော စွမ်းအင်မျှသာ ဖြစ်သည်။
--
…………..