← Chapters

အခန်း ၁၉၆၅

Vol. 131 Ch. 1965

အခန်း ၁၉၆၅

Vol. 131 Ch. 1965

အခန်း( ၁၉၆၅ )

သားရဲအမြုတေ ဘယ်မှာရှိ

ဖန်ရှောင်း၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် လုချန်း လုံဝ တည်တံ့လေးနက်သွားကာ မျက်ခုံးနှစ်ဖက်ကိုလည်း တင်းကျပ်စွာ တွန့်ထားမိတော့သည်။

လုချန်းကို ဤကဲ့သို့ တွေ့လိုက်ရသဖြင့် နတ်သခင် ရှီယွဲ့က

“ရှင်က လုချန်း ဟုတ်သေးရဲ့လား”

သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

အခြားသူတစ်ဦး၏ နတ်ဝိညာဉ်ကို စုပ်ယူသန့်စင်ရာတွင် အကယ်၍ သူ၏ နတ်ဝိညာဉ်က ပို၍ အားမကောင်းလျှင်၊ ထို့ပြင် တစ်ဖက်လူတွင် အသိစိတ် ကျန်ရှိနေသေးလျှင် ဓားသွားထက် လမ်းလျှောက်ရသကဲ့သို့ ဘေးအန္တရာယ်ကြီးလှ၏။ အခန့်မသင်လျှင် ပြောင်းပြန် စုပ်ယူသန့်စင်ခြင်း ခံရနိုင်ခြေပင် ရှိသည်။

လုချန်း ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့၏ စိတ်ထဲ သံသယတစ်စွန်းတစ်စ ဝင်ရောက်လာခဲ့သည်။

၎င်းသည် အကြွင်းအကျန် ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း မဟာ စွမ်းအားရှင်တစ်ဦး၏ အကြွင်းအကျန် ဝိညာဉ်ဖြစ်သဖြင့် နတ်ဝိညာဉ် စွမ်းအားက အားနည်းလှမည်မဟုတ် ပေ။ ပေါ့ဆလိုက်ပါက ပြောင်းပြန် စုပ်ယူသန့်စင်ခြင်း တကယ် ခံရနိုင်သည်ဟု ဆိုရမည်။

နတ်သခင် ရှီယွဲ့၏ စကားကို ကြားလျှင် လုချန်း အသိစိတ် ပြန်ဝင်လာပြီး နတ်သခင် ရှီယွဲ့ထံသို့ ခေါင်းလှည့်ကြည့်လိုက်ရာ သူမက သူ့ကို မျက်တောင်မခတ်တမ်း သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။

လုချန်းသည် နတ်သခင် ရှီယွဲ့ ဘာကို စိုးရိမ်နေသည်ကို ကောင်းစွာ နားလည်သဖြင့်

“ကျုပ် ဘာမှမဖြစ်ပါဘူး... သူ့ရဲ့ မှတ်ဉာဏ်အချို့ကို ဖတ်ကြည့်ပြီး နည်းနည်း မယုံနိုင်စရာ ဖြစ်နေလို့ပါ။”

လုချန်း၏ တုံ့ပြန်မှုကို ကြားရလျှင် နတ်သခင် ရှီယွဲ့ အနည်းငယ် စိတ်သက်သာရာရသွားပြီး

“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အပြင်ဘက်က လောကကြီးက ဘယ်လိုမျိုးလဲ”

ဟု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

သူမ၏ ကျင့်စဉ်များသည် သာမန် နတ်များ၏ ကျင့်စဉ်များနှင့် ကွဲပြားခြားနားနေသောကြောင့် သူမ၏ ဘိုးဘေးများသည် ထျန်းရန် နတ်ဘုရား နယ်မြေမှ မဟုတ်ပဲ ပြင်ပလောကမှ လာကြသည်ဟု နတ်သခင် ရှီယွဲ့ အမြဲတစေ ယုံကြည်ခဲ့သည်။

အကယ်၍ သူမအနေနှင့် အမြီးကိုးခု ကောင်းကင်မြေခွေးအဖြစ် တက်ရောက်နိုင်ပါက နတ်ဧကရာဇ် ဖြစ်လာနိုင်သဖြင့် ၎င်းက သူမအား ထိုအပြင်ဘက်လောကအပေါ် စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးခဲ့သည်။

လုချန်းက နှုတ်ဖြင့် ပြန်မပြောပဲ သူ အခု လေးတင် စုပ်ယူသန့်စင်ထားသော မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲလုံးတစ်ခုအဖြစ် စုစည်းလိုက်ပြီး နတ်သခင် ရှီယွဲ့ထံ ကမ်းပေးကာ

“ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ”

နတ်သခင် ရှီယွဲ့ ချက်ချင်းပင် သတိပြုလိုက်ပြီး လုချန်း၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ

“ရှင်ပဲ တိုက်ရိုက် ပြောပြပါလား”

လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“ခင်ဗျားက တကယ်ကို သတ္တိနည်းတာပဲ”

လုချန်းတစ်ယောက် ပြောင်းပြန် စုပ်ယူသန့်စင်ခြင်း ခံလိုက်ရပြီး ယခုရှိနေသောသူမှာ လုချန်း မဟုတ်တော့ပဲ ဖြစ်နေမည်ကို နတ်သခင် ရှီယွဲ့ တစ်‌ယောက် စိုးရိမ်သောကရောက်နေဆဲ ဖြစ်ကြောင်း ထင်ရှားသည်။

နတ်သခင် ရှီယွဲ့က တည်ငြိမ်သော အမူအရာဖြင့်

“ဂရုစိုက်တာက မမှားပါဘူး”

လုချန်းက

“ကောင်းပါပြီ။ ကျုပ်ပဲ ပြောပြပါ့မယ်”

“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အပြင်ဘက်မှာ လောကနှစ်ခု ရှိတယ်။ အဲဒါတွေကတော့ လှည့်စားခြင်းနယ်ပယ်နဲ့ ဝိညာဉ်နယ်ပယ်တို့ပဲ ဖြစ်ကြတယ်။”

“ဟိုးအရင်တုန်းက လှည့်စားခြင်းနယ်ပယ်က ဝိညာဉ်နယ်ပယ်ကို ကျူးကျော်ခဲ့စဉ်တုန်းက ကံကြမ္မာအလှည့်အပြောင်းနဲ့ အကြောင်းရင်းအချို့ကြောင့် နှစ်ဖက်စလုံးဟာ ဒီလောကထဲကို ဆွဲသွင်းခြင်း ခံခဲ့ရတယ်။”

“အဲဒီအချိန်တုန်းက ဒီလောကဟာ ထျန်းရန် နတ်ဘုရား နယ်မြေ မဖြစ်သေးဘူး။ ကစဉ့်ကလျား ဟင်းလင်းပြင်ကြီးတစ်ခုသာ ဖြစ်ပြီး တစ်ပြင်လုံးမှာ ကစဉ့်ကလျား စွမ်းအားတွေနဲ့ ပြည့်နှက်နေပြီး သူတို့ရဲ့ ကိုယ်ထည်တွေကို အဆက်မပြတ် တိုက်စားနေခဲ့တာ။”

“နောက်ပိုင်းမှာ ဝိညာဉ်နယ်ပယ်က နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူအချို့ကို သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ သွေးသားတွေ စွမ်းအားတွေနဲ့ ထျန်းရန် နတ်ဘုရားနယ်မြေကို ဖန်တီးခဲ့တယ်။ ပြီးတော့ ဝိညာဉ်နယ်ပယ်က အချို့လူတွေကို အောက်ဘက်မှာ ပိတ်လှောင်ထားခဲ့တယ်။”

“ဝိညာဉ်နယ်ပယ်က လူတစ်ယောက် ကျဆုံးသွားတိုင်း သူတို့ရဲ့ အတွင်းစွမ်းအားတွေက နတ်အငွေ့အသက်အဖြစ် ပြောင်းလဲသွားတာ ဖြစ်တယ်။”

လုချန်း၏ စကားများကို ကြားရလျှင် နတ်သခင် ရှီယွဲ့လည်း မိုးကြိုးပစ်ချခံရသကဲ့သို့ အံ့အားသင့်သွားရပြီး ထျန်းရန် နတ်ဘုရား နယ်မြေဆိုသည်မှာ တစ်စုံတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် သူတို့ စုပ်ယူနေသော နတ်အငွေ့အသက်များမှာ အမှန်စင်စစ် ဝိညာဉ်နယ်ပယ်မှ သတ္တဝါများ၏ ပြောင်းလဲသွားသော စွမ်းအားများ ဖြစ်နေသည်ကို သိသွားခဲ့သည်။

သူမ၏စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် နတ်သခင် ရှီယွဲ့က

“ဒါဆို ကျွန်မတို့ဟာ လှည့်စားခြင်းနယ်ပယ် ဒါမှမဟုတ် ဝိညာဉ်နယ်ပယ်က လူတွေရဲ့ မျိုးဆက်တွေလို့ ဆိုလိုတာလား”

ဟု မေးလိုက်သည်။

လုချန်းက

“သူက အကြွင်းအကျန် ဝိညာဉ်တစ်ခုပဲ ဖြစ်ခဲ့တာမို့လို့ မှတ်ဉာဏ်အများစု ဆုံးရှုံးနေပြီ။ ကျုပ်တို့က ဝိညာဉ်နယ်ပယ်ကလူတွေရဲ့ မျိုးဆက်လား၊ ဒါမှမဟုတ် လှည့်စားခြင်းနယ်ပယ်ကလူတွေရဲ့ မျိုးဆက်လားဆိုတာ ပြောရခက်ပါတယ်။”

“ဒါပေမဲ့ ကျုပ်တို့ဟာ ဝိညာဉ်နယ်ပယ်က လူတွေရဲ့ မျိုးဆက်ဖြစ်ဖို့ ပိုများပါတယ်။ ကျုပ် တွေ့မြင်ခဲ့ရတဲ့ မှတ်ဉာဏ်တွေအရ လှည့်စားခြင်းနယ်ပယ်မှာ သတ္တဝါဆန်းတွေ နေထိုင်ကြတယ်။ သူတို့က ဝိညာဉ်နယ်ပယ်ရဲ့ သက်စောင့်စွမ်းအားနဲ့ ကံစွမ်းအားတွေကို ရယူဖို့ ကျူးကျော်ခဲ့ကြတာ။”

“နောက်ပြီး သတ္တဝါဆန်းတွေက ပျက်စီးခြင်းမရှိနိုင်ကြဘူး။ ကျုပ်တို့မှာ သူတို့ရဲ့ ဝိသေသလက္ခဏာတွေ မရှိတဲ့အတွက် ကျုပ်တို့ဟာ ဝိညာဉ်နယ်ပယ်က လူတွေရဲ့ မျိုးဆက်တွေ ဖြစ်သင့်ပါတယ်။”

နတ်သခင် ရှီယွဲ့ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့သည်။

အတန်ကြာမှ ကမ္ဘာငယ်အတွင်းရှိ အခွင့်အရေးကို သူမ ရုတ်တရက် သတိရသွားကာ

“ဒါနဲ့... ရှင်က သူ့ရဲ့ နတ်ဝိညာဉ်ကို စုပ်ယူသန့်စင်ပြီး မှတ်ဉာဏ်တွေကို ဖတ်ရှုပြီးပြီဆိုတော့ ဒီကမ္ဘာငယ်ထဲမှာ ဘယ်လို အခွင့်အရေးတွေ ရှိလဲဆိုတာ သိသင့်တယ် မဟုတ်လား”

ဟု အလျင်အမြန် မေးမြန်းလိုက်သည်။

သူတို့သည် ဤကမ္ဘာငယ်ထဲသို့ အခွင့်အရေးများအတွက် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါ ဤကမ္ဘာငယ် အရှင်သခင်၏ အကြွင်းအကျန် ဝိညာဉ်ကို စုပ်ယူသန့်စင်ပြီးဖြစ်ရာ အခွင့်အရေးများကို ရှာဖွေရန် ပိုလွယ်ကူသွားပေလိမ့်မည်။

ယေဘုယျအားဖြင့် ကြီးကျယ်သော စွမ်းအားရှင်တစ်ဦးသည် သူ၏ အကြွင်းအကျန် ဝိညာဉ်ကို သူတို့ ချန်ထားရစ်ခဲ့သော အမွေအနှစ် သို့မဟုတ် အခွင့်အရေးများကို စောင့်ရှောက်ရန် ချန်ထားခဲ့လေ့ရှိသဖြင့်ဝိညာဉ်ကြွင်းကျန် တစ်ခုသည် ကမ္ဘာငယ်တစ်ခုအတွင်းရှိ အခွင့်အရေးအားလုံးနှင့် ၎င်းတို့ကို မည်သို့ရယူရမည်ကို သိလေ့ရှိသည်။

လုချန်းက အနည်းငယ် သက်ပြင်းချရင်း မတတ်နိုင်သည့် လေသံဖြင့်

“ကျုပ် ရရှိခဲ့တဲ့ မှတ်ဉာဏ်တွေအရ အဲဒီလူ ကျဆုံးသွားချိန်မှာ ဘယ်ရတနာမှ ရှိမနေခဲ့သလို ဘယ်အမွေအနှစ်မှလည်း ချန်မထားခဲ့ဘူး။”

“သူက ဝိညာဉ်နယ်ပယ်ကနေ လူဝင်စားလာတဲ့ တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်မလား၊ ပြီးတော့ သူ့ရဲ့ ပင်မဂိုဏ်းဆီကို သတင်းစကား ပြန်ပါးနိုင်မလားဆိုတာ ကြည့်ဖို့ ဒီအကြွင်းအကျန် ဝိညာဉ်ကို ချန်ထားခဲ့တာ။”

“ဒါပေမဲ့ သူကျဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့ စွဲလမ်းမှုတစ်စိတ်တစ်ပိုင်းက ဒီဝိညာဉ်နဲ့ ပေါင်းစပ်သွားပြီး အလွယ်တကူ ပျက်စီးသွားဖို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့်မလို့ အဲ့ဒီ ဝိညာဉ်ကြွင်းကျန်က နတ်တွေရဲ့ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူဖို့ ကောင်းကင်လှေကားကို အသုံးပြုခဲ့တယ်။ သူရဲ့ နတ်ဝိညာဉ်က ဝိညာဉ်နယ်ပယ်က လာတဲ့ နတ်ဝိညာဉ်တွေကို ဝါးမြိုခြင်းအားဖြင့် သူ့ရဲ့ အကြွင်းအကျန် ဝိညာဉ်ကို မွေးမြူပြီး ပြန်လည်ရှင်သန်ဖို့ ကြိုးစားတဲ့ သဘောပဲ။”

နတ်သခင် ရှီယွဲ့၏ မျက်နှာ နှင်းခဲရိုက်သကဲ့သို့ အလွန်တရာ တောင့်တင်းသွားပြီး

“ဒါဆို ကျွန်မတို့အားလုံး ဒီခရီးကို အလကား လာခဲ့ကြတာပေါ့လား”

ဟု မေးလိုက်သည်။

လုချန်းက

“အခုကြည့်ရသလောက်တော့ အဲဒီလိုပဲ ဖြစ်ပုံရတယ်”

နတ်သခင် ရှီယွဲ့သည် နောက်တစ်ကြိမ် ထပ်မံ ဆိတ်ဆိတ်ငြိမ်သက် တိတ်ဆိတ်သွားခဲ့သော်လည်း သူမ၏ အလိုလို သိစိတ်ကိုတော့ ယုံကြည်နေဆဲ ဖြစ်သည်။ ဤကမ္ဘာငယ်အတွင်း၌ သူမ လိုအပ်သောအရာ တစ်ခုခုကို ကြိုတင်တွေ့မြင်ခဲ့ရသဖြင့် ဤနေရာတွင် သူမအား ဆွဲဆောင်နေသည့် အရာတစ်ခုခု ရှိနေနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

သို့သော် သူမ လုချန်းကို သံသယမဝင်ခဲ့ချေ။ သူရရှိခဲ့သော မှတ်ဉာဏ်များထဲတွင် အခွင့်အရေးများ တကယ် မပါဝင်ခြင်း ဖြစ်နိုင်သည်။

သို့မဟုတ် လုချန်းအနေနှင့် အခွင့်အရေးတစ်ခုဟု သတ်မှတ်ခြင်းမရှိသော အရာတစ်ခုခု ရှိနေရမည်ဖြစ်သည်။

ထိုအရာက သူမအတွက်တော့ အခွင့်အရေးတစ်ခု ဖြစ်နေနိုင်သည်ဟု ဆိုရမည်။

အခွင့်အရေးဆိုသည်မှာ တစ်ဦးချင်းစီအပေါ်မူတည်ပြီး သူ့အတွက် အခွင့်အရေးဖြစ်သောအရာက အခြားသူတစ်ဦးအတွက်တော့ အခွင့်အရေး ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့၏ စိတ်ထဲသို့ အတွေးတစ်ခု လျှပ်ခနဲ ဝင်လာပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။

ထို့နောက် သူမက လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ

“အဲဒီအကြွင်းအကျန် ဝိညာဉ်ရဲ့ မှတ်ဉာဏ်ထဲမှာ သားရဲအမြုတေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ ရှိလား”

ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကို ကြားလျှင် လုချန်းက ဇဝေဇဝါဖြင့်

“သားရဲအမြုတေ ဟုတ်လား”

နတ်သခင် ရှီယွဲ့က

“အကယ်၍ သူက ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်တယ်ဆိုရင် သူက နတ်ဆိုးမျိုးနွယ်က ဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲ။ ပြီးတော့ နတ်ဆိုးမျိုးနွယ် သတ္တဝါအားလုံးမှာ သားရဲအမြုတေ ရှိကြတယ်။”

ဖန်ရှောင်း၏ မှတ်ဉာဏ်များကို လုချန်း ပြန်လည် စိစစ်ကြည့်လိုက်ရာ သားရဲအမြုတေနှင့် ပတ်သက်သည့် မည်သည့်ရည်ညွှန်းချက်မှ ပါဝင်မနေသည်ကို တွေ့လိုက်ရသည်။

“သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ သားရဲအမြုတေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ် မရှိပါဘူး။”

ဤအရာကို ကြားရလျှင် နတ်သခင် ရှီယွဲ့လည်း ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူမ အလကား လာခဲ့ရခြင်း မဟုတ်ဟု ယုံကြည်သွားတော့သည်။

လုချန်းက

“ခင်ဗျားက သူ့ရဲ့ သားရဲအမြုတေကို လိုချင်လို့လား”

နတ်သခင် ရှီယွဲ့က

“ကျွန်မ သူ့ရဲ့ သားရဲအမြုတေ စွမ်းအားကို စုပ်ယူနိုင်ရင် ကျွန်မရဲ့ အစွမ်းက သိသိသာသာ တိုးတက်လာနိုင်တယ်။”

“ဘာပဲပြောပြော သူက ပြင်ပလောကက ကြီးမားတဲ့ စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့တာမလို့ သူ့ရဲ့ သားရဲအမြုတေထဲမှာ နတ်ဆိုးစွမ်းအားတွေ တောင်ပုံရာပုံ ပြည့်နှက်နေမှာ သေချာတယ်။ ဒါက နတ်ဆိုးမျိုးနွယ် ဝင်တစ်ယောက်အတွက်တော့ မယုံနိုင်စရာ ကောင်းတဲ့ အာဟာရပဲ။

သားရဲအမြုတေအတွင်းက စွမ်းအားကို စုပ်ယူခြင်းက သူမကို နတ်ဧကရာဇ် အဆင့်သို့ တိုက်ရိုက် တက်ရောက်သွားစေနိုင်သည်။

ဟုတ်ပါသည်။ လုချန်းကိုတော့ နတ်ဧကရာဇ် အဆင့်သို့ တိုက်ရိုက် တက်ရောက်နိုင်မည့် အကြောင်းကို သူမ ထုတ်မပြောခဲ့ချေ။

သူမ သားရဲအမြုတေကို စုပ်ယူပြီးနောက် နတ်ဧကရာဇ် ဖြစ်လာနိုင်ကြောင်း လုချန်း သိသွားပါက သူမအား တားဆီးရန် ကြိုးပမ်းလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဤလူ၌ သူမ၏ ခန္ဓာကိုယ်အပေါ် မရိုးမသား ကြံစည်စိတ် ရှိနေပြီး သူမသာ နတ်ဧကရာဇ် ဖြစ်လာခဲ့ပါက သူ အခက်ကြုံ သွားလိမ့်မည်။ ထို့ကြောင့် သူက သူမ၏ အဆင့်တက်ရောက်မှုကို တားဆီးရန် နည်းလမ်းမျိုးစုံ ရှာဖွေလာနိုင်သည်။

--

All Chapters