← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း (၁၇၁) လောင်ရွှီရေ... ဘာလို့ ရတနာ မတူးတာလဲ... မကြိုက်လို့လား

နှင်းက နှစ်ရက်တိုင်တိုင် ကျဆင်းနေခဲ့ပြီးမှ ရပ်တန့်သွားသည်။

ရွှီယန် အပြင်သို့ ပြန်ထွက်လာချိန်တွင်တော့ အပြင်ဘက် တစ်ခွင်လုံး ငွေရောင် လွှမ်းခြုံနေပြီး မျက်စိတစ်ဆုံး အဖြူရောင်များသာ ဖြစ်နေတော့၏။

နှင်းများ အလွန်အမင်း မထူထပ်သေးမီတွင် ရွှီယန်က ဝန်ထမ်းများကို ခေါ်ကာ နှင်းရှင်းလင်းရေး စတင် လုပ်ဆောင်လိုက်သည်။

ဝါးဖြင့် ပြုလုပ်ထားသော တံမြက်စည်းကြီး တစ်ချောင်းကို ကိုင်ကာ တစ်နေရာပြီးတစ်နေရာ လှည်းကျင်းရင်း ပင်မလမ်းမကြီးပေါ်ရှိ နှင်းများကို ဖယ်ရှားလိုက်၏။

ထို့နောက် မှန်လုံအိမ် အပေါ်သို့ တက်ကာ မှိုလုံအိမ် အမိုးပေါ်ရှိ နှင်းများကိုလည်း အောက်သို့ ချပေးရသေးသည်။

နှင်းများ စုပုံနေခြင်းက မှန်လုံအိမ်ကို ဖိမိ၍ ပျက်စီးစေနိုင်သလို နေရောင်ခြည်ကိုလည်း ပိတ်ဆို့ထားသဖြင့် မှန်လုံအိမ် အတွင်းရှိ အပူချိန်ကို ကျဆင်းစေနိုင်သည်။

ရွှီယန်က နေ့တိုင်း မှန်လုံအိမ်ထဲသို့ ဝင်ထွက်နေပြီး သူ၏ သစ်သီးများ အေးခဲသွားမည်ကိုသာ အလွန် စိုးရိမ်နေမိ၏။

ကံကောင်းသည်မှာ အသိဉာဏ်တုဖြင့် အပူချိန် ထိန်းချုပ်စနစ် ရှိနေသဖြင့် နေရောင်ခြည် မရရှိလျှင်တောင် လျှပ်စစ်မီး အသုံးပြုကာ မှန်လုံအိမ် အတွင်းရှိ အပူချိန်ကို ထိန်းသိမ်းထားနိုင်ပေသည်။

ထို့ကြောင့် မှန်လုံအိမ်က နွေးထွေးနေဆဲပင်။

နဂါးမောက်သီးများလည်း ရောင်းရတာ အတော်လေး ကုန်နေပြီ ဖြစ်သည်။

မရောင်းရဘဲ ကျန်နေသည့် အချို့ကိုတော့ တကယ်ကို ခုတ်ထစ်ပြီး ဝက်များကိုသာ ကျွေးလိုက်ရ၏။

ဤဝက်များကလည်း ပျော်ရွှင်စွာဖြင့် အကုန်စားကြပြီး အခွံပင် မကျန်အောင် အပြောင်ရှင်းလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ တွက်ကြည့်လိုက်ပါက ရွှီယန်အတွက် အမြတ်ရနေဆဲ ဖြစ်သဖြင့် ပြဿနာ မရှိလှပေ။

"ဒီတစ်ခေါက် နှင်းကျတာ မဆိုးပါဘူး... အရမ်းလည်း မများသလို အရမ်းလည်း မနည်းဘူး..."

"ဒီနှစ်ရက်က အတော်လေး နွေးသေးတယ်... နောက်နှစ်ရက်လောက် နေရင် နှင်းတွေ အရည်ပျော်ပြီး အေးလာတော့မှာ..."

"နှင်းတွေ အရည်ပျော်ပြီး ရာသီဥတု ပြန်အေးလာတာနဲ့ နေရာတိုင်းမှာ ရေခဲတွေ အေးခဲလာတော့မှာပဲ..."

ရွှီယန်က ဝန်ထမ်းများနှင့် စကားစမြည် ပြောဆိုနေသည်။

ဆောင်းတွင်းရောက်ပါက ဤဒေသရှိ နေရာအတော်များများတွင် ရေခဲများ အေးခဲနေတတ်၏။

မြို့တွင်း သို့မဟုတ် ဆင်ခြေဖုံးရှိ ရေကန်များအပြင် လမ်းမများပေါ်တွင်ပါ ရေခဲများ အေးခဲနေတတ်သည်။

အတက်အဆင်း လမ်းများဆိုလျှင် ကားအတော်များများက ရပ်တန့်၍ မရဘဲ အောက်သို့ လျှောကျသွားကာ နောက်ဆုံးတွင် တစ်စီးနှင့် တစ်စီး တိုက်မိကြသည်မှာ တကယ်ကို မတတ်နိုင်သော ကိစ္စပင်။

သို့သော် အခြားသူများအတွက်တော့ နှင်းကျခြင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ရှည်လျားသော ရေခဲပြင်ပေါ်တွင် လျှောစီးကာ ပျော်ရွှင်မှုကို ခံစားနိုင်ကြ၏။

ထို့အပြင် ပန်းခြံထဲရှိ ရေကန်များပေါ်တွင် စကိတ်စီးခြင်း သို့မဟုတ် စွတ်ဖားစီးခြင်းများ ပြုလုပ်နိုင်ပြီး အချို့ စီးပွားရေး လုပ်ငန်းရှင်များက ရေခဲပြင်ပေါ်တွင် သွားလာနိုင်သော ကားတစ်စီးကို မောင်းနှင်ကာ ခရီးသည်များကို တင်ဆောင်ပြီး အပျော်စီး ခရီးစဉ်များတောင် ဖန်တီးပေးကြသေးသည်။

ခူကောင်လေး တစ်ကောင် လမ်းလျှောက်နေသလိုမျိုးပင်။

နေရာဒေသအလိုက် ပျော်ရွှင်စရာများက မတူညီကြပေ။ ဤဒေသ၏ ပျော်ရွှင်စရာကတော့ ဤသို့ပင် ဖြစ်သည်။

လယ်ယာခြံဝင်းတွင်လည်း အလုပ်များ သိပ်မရှိတော့ဘဲ နေ့စဉ် လုပ်ရိုးလုပ်စဉ် လယ်ယာလုပ်ငန်းများသာ ကျန်ရှိတော့၏။

ရွှီယန်က တောင်ပေါ်တက်ရန် ထပ်မံ အစီအစဉ်ဆွဲနေလိုက်သည်။

နှင်းကျနေသဖြင့် သူက တောနက်ကြီးထဲသို့ ဝင်ရောက်ရန် လောလောဆယ် မရည်ရွယ်တော့ပေ။ မတတ်နိုင်ချေ။

နှင်းများက အတော်လေး ထူထပ်နေသဖြင့် တောင်ပေါ်လမ်းက လျှောက်ရခက်ခဲမည်ဖြစ်ပြီး ပုံမှန်ထက် ပို၍ ခွန်အား သုံးရမည် ဖြစ်၏။ တောနက်ကြီးထဲသို့ ဝင်ရောက်ပါက တစ်ရက်အတွင်း အသွားအပြန် လုပ်နိုင်မည်ဟု မသေချာပေ။

'ကျွန်တော့်ရဲ့ မှိုနက်အသိုက်ကို သွားကြည့်ရမယ်... အရင်က တောထဲမှာ မှိုနက်ပေါက်တဲ့ နေရာတစ်ခုကို မှတ်သားခဲ့ဖူးတယ်...'

'အဲဒီတုန်းက မှိုနက်တွေက သိပ်မကောင်းသေးဘူး... အခု ရာသီဆိုရင်တော့ မှိုနက်တွေ မှည့်လောက်ပြီ...'

'နည်းနည်းလောက် ခူးပြီး ပိုက်ဆံ နည်းနည်းလောက် ရှာရမယ်...'

ရွှီယန် စိတ်ထဲမှ တွက်ချက်နေလိုက်၏။

လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်အနေဖြင့် ပိုက်ဆံရှာရန်ကိုတော့ အမြဲတမ်း စဉ်းစားနေရမည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ လယ်ယာခြံဝင်း၏ ရေဖိုး မီးဖိုး အစားအသောက်နှင့် ဝန်ထမ်းများ၏ လစာများက ကုန်ကျစရိတ်များ ဖြစ်သည်။

နေ့တိုင်း မျက်လုံးဖွင့်လိုက်သည်နှင့် ကုန်ကျစရိတ် အများအပြား ရှိနေပေသည်။ ပိုက်ဆံ နည်းနည်းလောက် ပြန်ရှာနိုင်မှသာ မျှတမှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် နှင်းကျနေသည့် ရှုခင်းက အင်တာနက်သုံးစွဲသူများအတွက် အမြင်ဆန်းစေပြီး စည်ကားမှုကိုလည်း ဖြစ်စေနိုင်သည်။

ထို့ကြောင့် ရွှီယန်က ဒုတိယနေ့တွင် တောင်ပေါ်တက်ပြီး တောထဲသို့ ထပ်မံ လှည့်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

အထဲသို့ အနည်းငယ် ဝင်ရောက်ပြီးပါက ရတနာရှာဖွေရေး တာဝန် တစ်ခုကို လဲလှယ်မည် ဖြစ်၏။ ဘာဆုလာဘ်များ ထွက်လာမလဲ ဆိုသည်ကို ကြည့်ရမည်။

လယ်ယာခြံဝင်းတွင် နောက်ထပ် တစ်ရက် ထပ်မံ အနားယူလိုက်သည်။

ကျားသစ်နှင့် ဆော့ကစားလိုက် ခွေးလေးများကို အပြင်ထွက် ကျောင်းလိုက် အစားအသောက် အသစ်အဆန်းများကို စမ်းသပ် ချက်ပြုတ်ကြည့်လိုက်နှင့်ပင် နေ့တစ်နေ့ ကုန်ဆုံးသွားခဲ့၏။

ဒုတိယနေ့ နံနက် ခုနစ်နာရီတွင် ရွှီယန်က မနေ့က ကျန်နေသည့် ဖက်ထုပ်များကို စားကာ ရေနွေး တစ်ခွက် သောက်ပြီးနောက် ကျောပိုးအိတ်ကို လွယ်ကာ တောင်ပေါ်သို့ ထွက်လာခဲ့သည်။

အိတ်ထဲတွင် တောင်ပေါ်တက်ရာ၌ အသုံးပြုမည့် ကိရိယာများ ပါဝင်သလို ဆိတ်နို့ နှစ်ဘူးနှင့် ရေနွေးဓာတ်ဘူး တစ်ဘူးလည်း ပါဝင်၏။

အပူချိန်က အနည်းငယ် နိမ့်ကျနေသဖြင့် အဝတ်အစားများ ပို၍ ဝတ်ဆင်ရမည် ဖြစ်သည်။ ရွှီယန်က စနစ်မှ ဆုချထားသည့် အနွေးထည် အင်္ကျီကို ဝတ်ဆင်ထားပြီး ဖြစ်၏။

ထိုအနွေးထည်က အနက်ရောင်ဖြစ်ပြီး အရှည်ဖြစ်ကာ အနွေးဓာတ်ပေးနိုင်စွမ်းကလည်း အလွန် ကောင်းမွန်လှသည်။ ယခုက ဆောင်းတွင်း အလယ်သို့ မရောက်သေးသဖြင့် ရွှီယန်က အတွင်းတွင် အင်္ကျီပါး တစ်ထည်သာ ဝတ်ဆင်ထားသော်လည်း လုံလောက်နေပြီ ဖြစ်၏။ အနည်းငယ် ပူနေသည်ဟုပင် ခံစားရသေးသည်။

လည်စည်းကိုတော့ သူ မပတ်လာခဲ့ပေ။ မဟုတ်ပါက ပို၍ပင် ပူနေမည် ဖြစ်၏။

ထို့နောက် ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ တောက်လျှောက် တက်လာခဲ့သည်။

တောင်ပေါ်သို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် လိုက်ဖ်ကို ဖွင့်လိုက်၏။ ပရိသတ်များကလည်း လိုက်ဖ်ထဲသို့ အလျင်အမြန် ဝင်ရောက်လာကြသည်။

[လောင်ရွှီ... မင်း လိုက်ဖ်လွှင့်ပြီပေါ့...]

အားလုံးက လိုက်ဖ်ထဲသို့ ဝင်ရောက်လာသည်နှင့် ရွှီယန် ရေခဲနှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးထဲတွင် လမ်းလျှောက်နေသည်ကို တွေ့မြင်လိုက်ရ၏။

သူက တကယ်ကို တစ်နှစ်ပတ်လုံး တောင်ပေါ်တက်နေခြင်းပင်။

နွေရာသီမှ ဆောင်းဦးရာသီ ထိုမှတစ်ဆင့် ဆောင်းရာသီသို့ ရောက်သည်အထိ ရွှီယန်က တောင်ပေါ်သို့ အမြဲတမ်း တက်လေ့ရှိသည်။

"ကျွန်တော်တို့ဆီမှာ နှင်းကျတာ နှစ်ရက်ရှိပြီ... ဒါကြောင့် နှင်းတွေက တော်တော် ထူနေတယ်... အခုက စကျကာစပဲ ရှိသေးတော့ သိပ်မအေးသေးဘူး..."

"နောက်ပိုင်းဆိုရင် တောင်ပေါ်က နှင်းတွေက တစ်မီတာကျော်အထိ ထူလာနိုင်တယ်... ပိုဆိုးရင် ခါးလောက်အထိတောင် ရှိလာနိုင်တယ်... အဲဒီအခါကျရင်တော့ ဝင်လာဖို့ မလွယ်တော့ဘူး..."

ရွှီယန်က အထဲသို့ ဝင်သွားရင်း ပြောပြနေသည်။

သူ၏ အခြေအနေက အလွန် ကောင်းမွန်နေပြီး မျက်နှာကလည်း နီမြန်းကာ တောက်ပနေပြီး အေးခဲသည့် ရာသီဥတု၏ သက်ရောက်မှုကို လုံးဝ မခံရသည့် ပုံပင်။

ဘေးမှ ကျားသစ်ပေါက်လေးကတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ မူလကတည်းက သဘာဝ သားရေအင်္ကျီကြီးကို ဝတ်ဆင်ထားသဖြင့် အပူချိန်ကို ခုခံနိုင်စွမ်း အလွန် ကောင်းမွန်ပြီး ဤအအေးဒဏ်ကို လုံးဝ မကြောက်ရွံ့ချေ။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က ချောမွေ့နေသော နှင်းပြင်ပေါ်တွင် ခြေလှမ်းများ ချမှတ်ရင်း ခြေရာနှစ်ကြောင်း ချန်ထားရစ်ခဲ့၏။

ဤမြင်ကွင်းကို မြင်သောအခါ လူအတော်များများက အားကျသွားကြတော့သည်။

[တောင်ပိုင်းသား တစ်ယောက်အနေနဲ့ တကယ်ကို အားကျတာပဲ... ကျွန်တော်တို့ဆီမှာ ဒီလောက် နှစ်တွေ အကြာကြီး နေလာတာ နှင်းကျတာ တစ်ခါပဲ မြင်ဖူးသေးတယ်...]

[ငါဆို နှင်းတောင် မမြင်ဖူးဘူး...]

[ဒီနှစ်တော့ ငါ သေချာပေါက် အရှေ့မြောက်ပိုင်းကို သွားပြီး နှင်းကြည့်မယ်...]

[ငါ နှင်းပြင်ပေါ်မှာ လူးလှိမ့်ချင်တယ်ကွာ...]

ကွန်မန့်များက အဆက်မပြတ် တက်လာနေ၏။

ဆောင်းတွင်း၏ အရှေ့မြောက်ပိုင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

တောင်ပိုင်းသားများက နှင်းပြင်ပေါ်တွင် ပျော်ရွှင်စွာ ဆော့ကစားကြပြီး မြောက်ပိုင်းသားများကတော့ တောင်ပိုင်းသားများ နှင်းပြင်ပေါ်တွင် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို ပျော်ရွှင်စွာ ကြည့်ရှုနေကြ၏။

အားလုံးက ပျော်ရွှင်နေကြသည်။

အထူးသဖြင့် လူအတော်များများက နှင်းပြင်ပေါ်တွင် တကယ်ကို လူးလှိမ့်တတ်ကြပေသည်။

အစပိုင်းတွင်တော့ ဒေသခံများက နားမလည်နိုင်ခဲ့ကြပေ။

'ဒါက ဘာတွေ လုပ်နေတာလဲ...'

နောက်ပိုင်း မြင်ဖန်များလာတော့လည်း နားလည်သွားကြတော့၏။

ရွှီယန်က အထဲသို့ တောက်လျှောက် ဝင်လာခဲ့သည်။

[လောင်ရွှီ... ဆောင်းတွင်း တောင်ပေါ်တက်ရင် တောင်ထွက်ပစ္စည်း ရှာတွေ့နိုင်လား...]

ပရိသတ်အဟောင်း တစ်ယောက်က လိုက်ဖ်ထဲတွင် မေးလိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန်က ဖုန်းကို ကြည့်လိုက်ရာ ထိုကွန်မန့်ကို တွေ့လိုက်ရသည်။

"ပုံမှန်အားဖြင့်တော့ ပရော်ဖက်ရှင်နယ် တောင်ပေါ်တက်သမားတွေက နွေ... နွေဦး... ဆောင်းဦး သုံးရာသီမှာပဲ တောင်ပေါ်တက်ကြတာ... ဆောင်းတွင်းကျရင် နားပြီလေ... တောင်ပေါ် မတက်ကြတော့ဘူး..."

"ဘာလို့လဲဆိုတော့ ဆောင်းတွင်းမှာ နှင်းတွေချည်းပဲ ရှိနေတော့ တောင်ထွက်ပစ္စည်း ဘာမှ ရှာမတွေ့နိုင်လို့ပဲ..."

"ပြီးတော့ ဆောင်းတွင်းက အရမ်း အန္တရာယ်များတယ်... နှင်းတွေအောက်မှာ ဘာတွေ ရှိနေမလဲဆိုတာ မသိနိုင်ဘူး... တောနက်ထဲမှာဆို ခြေချော်ပြီး ပြုတ်ကျသွားဖို့ ပိုလွယ်ကူတယ်..."

"ကျွန်တော် ဒီနေ့ ထွက်လာတာကလည်း ပစ္စည်းကောင်းတွေ ရှာတွေ့ဖို့ မမျှော်လင့်ထားပါဘူး... ဒီတိုင်း အပြင်ထွက်ပြီး လျှောက်သွားချင်လို့ပါ..."

"ပြီးတော့ ကျွန်တော့်ရဲ့ မှိုနက်အသိုက်ကိုလည်း သွားကြည့်မလို့ပါ... အရင်က နေရာတစ်ခုကို မှတ်သားထားခဲ့တယ်... အခုက သွားရိတ်သိမ်းရမယ့် အချိန်ပဲလေ..."

ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။

သူ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ လိုက်ဖ်ထဲရှိ ပရိသတ်များ အားလုံးက ရယ်မောလိုက်ကြ၏။

[ထင်တဲ့အတိုင်းပဲ ရည်ရွယ်ချက် ရှိနေတာ... ပါးနပ်လိုက်တာ...]

[မင်းမှာ အသိုက် ဘယ်လောက်တောင် ရှိနေတာလဲ... မင်းရဲ့ အသိုက်တွေကို အကုန် သွားပြီး ရှင်းပစ်ချင်တယ်...]

[မှိုနက်... အဲဒါက အရမ်း ဈေးကြီးတာနော်... လောင်ရွှီ ထပ်ပြီး ချမ်းသာပြန်ပြီ...]

[အသိုက်ကို တခြားသူတွေ အရင် ခူးသွားပြီ ဖြစ်ပါစေလို့ ဆုတောင်းတယ်...]

[သွားကြည့်လိုက်လို့ ဘာမှ မရှိတော့ရင် အရမ်း ရယ်ရမှာပဲ...]

အင်တာနက်သုံးစွဲသူများက အသီးသီး နောက်ပြောင်နေကြ၏။

သို့သော် မှိုနက်က ထူးခြားသော လက္ခဏာများ မရှိသဖြင့် တကယ်ကို ရှာရခက်ခဲလှပေသည်။

နိုင်ငံခြားတွင် ပရော်ဖက်ရှင်နယ် မှိုနက်မုဆိုးများ ရှိပြီး ၎င်းတို့က တောဝက်များကို ခေါ်ဆောင်ကာ ရှာဖွေကြမှသာ ရှာတွေ့နိုင်ခြင်း ဖြစ်၏။

ဤဒေသတွင်တော့ ထိုကဲ့သို့သော အခြေအနေမျိုး မရှိသေးသဖြင့် ရွှီယန်က သူ၏ အသိုက်ကို အခြားသူများ ရှာတွေ့သွားမည်ကို မစိုးရိမ်ပေ။

"အားလုံးပဲ ကျွန်တော့်ကို သတိပေးလိုက်သလို ဖြစ်သွားပြီ..."

"ခဏနေ အသိုက်နား ရောက်ခါနီးရင် လိုက်ဖ်ကို ခဏ ပိတ်ထားလိုက်ဦးမယ်... အခြေအနေ အဆင်ပြေမှ ပြန်ဖွင့်မယ်..."

"ဒါမှ ကျွန်တော့်ရဲ့ အသိုက်ကို တခြားသူတွေ ရှာမတွေ့နိုင်မှာ..."

ရွှီယန်က ထပ်ပြောလိုက်၏။

အင်တာနက်သုံးစွဲသူများက အနည်းငယ် ကြောင်အမ်းသွားကြသည်။

[နေပါဦး... လောင်ရွှီ မင်းက ငါတို့ကိုတောင် သံသယ ဝင်နေတာလား... ငါတို့က အဲဒီလို လူမျိုးတွေလား...]

[မင်း ရဲရဲဝံ့ဝံ့သာ လိုက်ဖ်လွှင့်ပါ... ဘယ်သူမှ သွားမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်...]

[ငါလည်း အာမခံတယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ သွားမှာ မဟုတ်ဘူး...]

[လောင်ရွှီ မင်းက အရမ်း ကလိမ်ကကျစ် ကျတာပဲ...]

[မှိုနက်က တကယ် တန်ဖိုးကြီးတာလေ... တကယ်လို့ နေရာသာ ပေါက်ကြားသွားရင် ဒုတိယနေ့ကျ အစအနမကျန် ရှင်းခံရမှာ သေချာတယ်...]

အားလုံးက အသိုက်ကို အခြားသူများ လာရောက် ရှင်းလင်းသွားသည့် ကိစ္စမျိုး ဖြစ်လာမည်ကို ပိုပြီး ကြည့်ချင်ကြပုံရ၏။

သို့သော် ရွှီယန်က တကယ်ကို ပါးနပ်လှပေသည်။ ဤကဲ့သို့သော အမှားမျိုးကို သူက ဘယ်တော့မှ ကျူးလွန်မည် မဟုတ်ချေ။

ယခင်က ငါးဖမ်းသည့် ထောင်ချောက် လုပ်စဉ်ကတောင် လူလည်များက လာခိုးသွားကြသေးသည် မဟုတ်ပါလား။

ဒေသခံ အတော်များများက သူ၏ လိုက်ဖ်ကို ကြည့်ရှုနေကြ၏။ ထို့ကြောင့် ယခုအခါ ရွှီယန်က တောင်ပေါ်တက်သည့်အခါတိုင်း အလွန် သတိထားလေ့ရှိပြီး နေရာများကို မပေါက်ကြားစေရန် အမြဲတမ်း သတိပြုလေ့ရှိသည်။

ရွှီယန်က ဤသို့ဖြင့် နှင်းများကို နင်းကာ အထဲသို့ တောက်လျှောက် ဝင်လာခဲ့သည်။

ရှောင်ဟွာ က အလွန် ပျော်ရွှင်နေ၏။

နှင်းပြင်ပေါ်တွင် ပြေးလွှားနေပြီး တစ်ခါတစ်ရံ အပေါ်သို့တောင် ခုန်တက်နေသေးသည်။ သစ်တော၏ အအေးဒဏ်က ၎င်းအပေါ် ဘာသက်ရောက်မှုမှ မရှိချေ။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က နာရီဝက်ခန့် လမ်းလျှောက်ခဲ့ကြ၏။

အခြေအနေ အဆင်ပြေပြီဟု ထင်သောအခါ ရွှီယန်က လိုက်ဖ်ကို ခဏ ပိတ်မည်ဟု ပြောလိုက်သည်။

ရှေ့ဆက်သွားမည့် လမ်းကို လိုက်ဖ်ထဲတွင် မပြသတော့ဘဲ သူ၏ မှိုနက်အသိုက်ကို အခြားသူများ ရှာတွေ့သွားမည်ကို ရှောင်ရှားရန် ဖြစ်၏။

မှိုနက်က နှစ်တိုင်း ပေါက်ရောက်ပြီး အုပ်စုလိုက် ပေါက်ရောက်တတ်သဖြင့် တစ်နေရာ ရှာတွေ့ပါက တစ်အုပ်လုံးကို တွေ့နိုင်ပေသည်။ တကယ့်ကို ရတနာသိုက် အစစ်အမှန်ပင် ဖြစ်၏။

ယေဘုယျအားဖြင့် မှိုနက် ခူးဆွတ်ရန် အကောင်းဆုံး အချိန်မှာ ဆယ်လပိုင်းမှ လာမည့်နှစ် တစ်လပိုင်းအတွင်း ဖြစ်ပြီး ဤအချိန်က အဖိုးတန်ဆုံး အချိန် ဖြစ်သည်။

မှိုနက် ပေါက်ရောက်သည့် နေရာများတွင် သိသာထင်ရှားသော မြေဖောင်းမှုများ ရှိတတ်၏။ သို့သော် နှင်းများ ဖုံးလွှမ်းသွားပါက မှိုနက်များကို ရှာဖွေရန် သိပ်မလွယ်ကူတော့ချေ။

ရွှီယန် တွေးထားသည့်အတိုင်းပင် သူ၏ လိုက်ဖ်ကို ကြည့်ရှုနေသော ဒေသခံများ အများအပြား ရှိနေပေသည်။ မှိုနက်နေရာသာ ပေါက်ကြားသွားပါက တစ်ယောက်ယောက် သေချာပေါက် လိုက်ရှာကြမည်သာ။

သို့သော် ရွှီယန်က အလွန် ပါးနပ်လှ၏။

သူသွားသည့် တောင်ပေါ်လမ်းက ကုန်းစောင်းတစ်ခုကို အချိန်အကြာကြီး တက်ရပြီးနောက် ကျဉ်းမြောင်းပြီး ထူထပ်သော သစ်တောတစ်ခုကို ဖြတ်သန်းသွားရမည် ဖြစ်သည်။

ထိုနေရာရှိ သစ်ပင်များက နီးကပ်စွာ ပေါက်ရောက်နေပြီး ကျဉ်းမြောင်းသော နေရာလွတ်လေးများသာ ရှိပေသည်။

ရွှီယန်နှင့် ကျားသစ်က အလွန် သွက်လက်သဖြင့် ထိုနေရာလွတ်များကို အလွယ်တကူ ဖြတ်သန်းသွားနိုင်၏။

ကျားသစ်ပေါက်လေးက ထိုအထဲတွင်တောင် အလွန် ပျော်ရွှင်နေပြီး အားရပါးရ ဆော့ကစားနေသေးသည်။

တောင်ပေါ်ကြီးက ဤမျှ ကျယ်ဝန်းလှရာ ရွှီယန်က တစ်ယောက်ယောက် လိုက်ရှာမည်ကို လုံးဝ မစိုးရိမ်ချေ။

ပစ်မှတ် နေရာသို့ ရောက်သောအခါ သူက လိုက်ဖ်ကို ချက်ချင်း မဖွင့်သေးပေ။

မြေကြီးပေါ်တွင် ထိုင်ကာ ခဏမျှ အနားယူပြီး ဘီစကွတ် မုန့်အချို့ စားကာ ရေနွေး အနည်းငယ် သောက်လိုက်၏။

တစ်ဆက်တည်းမှာပင် ရှောင်ဟွာ ကိုလည်း ကြက်ပေါင်စိမ်း တစ်ခု ကျွေးလိုက်သည်။

ရှောင်ဟွာ ၏ အစာစားချင်စိတ်ကလည်း ကြီးမားလှရာ ကြက်ပေါင်ကို တစ်ကိုက်တည်းနှင့် မျိုချပစ်လိုက်၏။

စားပြီးနောက် ပါးစပ်ကို သပ်ကာ ရွှီယန်ကို တုံးအအဖြင့် ကြည့်နေပြီး အရသာတောင် မသိလိုက်ရဘူးဟု ပြောနေသည့် ပုံစံပင်။

"ကုန်ပြီလေ... အပြန်လမ်းမှာ တခြား တိရစ္ဆာန်တွေနဲ့ မတွေ့ရင် မင်းကို နို့တိုက်မယ်..."

ရွှီယန်က ဘီစကွတ် စားရင်း ရှောင်ဟွာ ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ထို့နောက် အနားယူလို့ အဆင်ပြေသွားပြီဟု ထင်သောအခါမှ ရွှီယန်က လိုက်ဖ်ကို ပြန်ဖွင့်လိုက်၏။

အားလုံးက သဘောကျသည့် ရတနာရှာဖွေရေး အစီအစဉ်သို့ ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။

သူ၏ အရှေ့ရှိ နှင်းပြင်က ပြန့်ပြူးနေပြီး အခြား နှင်းပြင်များနှင့် ဘာမှ မကွာခြားချေ။ လမ်းလျှောက်သွားလျှင်တောင် တစ်ချက်လေး ပိုကြည့်မိမည့် ပုံစံမျိုး မဟုတ်ပေ။

ဤအောက်တွင် မှိုနက်ကဲ့သို့သော ရတနာများ မြှုပ်နှံထားမည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ချေ။

[နောက်ဆုံးတော့ လိုက်ဖ် ပြန်ပွင့်လာပြီ... ဒီအသိုက်မှာ ဘာတွေ ထူးခြားနေလဲဆိုတာ ငါကြည့်လိုက်ဦးမယ်...]

[ဒီနေရာကို ငါ မှတ်ထားလိုက်ပြီ... တစ်ချိန်ကျရင် အကုန် ရှင်းပစ်မယ်...]

လိုက်ဖ် ပွင့်လာသည်နှင့် အင်တာနက်သုံးစွဲသူများက မစောင့်နိုင်တော့ဘဲ ကွန်မန့်များ ပေးကြတော့၏။

"မလောပါနဲ့... ဒီအောက်မှာ ရှိတယ်..."

"အခုက အံ့ဖွယ်ကိစ္စတွေကို မြင်တွေ့ရမယ့် အချိန်ပါပဲ..."

ရွှီယန်က လက်အိတ်ကို စွပ်ကာ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး သစ်ပင် ပတ်ဝန်းကျင်ရှိ နေရာများတွင် သေချာစွာ စတင် စမ်းသပ် ရှာဖွေတော့သည်။

သူ အရင်ဆုံး စမ်းသပ် ရှာဖွေသည့် နေရာတွင် နှင်းများကို ဖယ်ရှားလိုက်သော်လည်း ဘာမှ မတွေ့ရချေ။

အင်တာနက်သုံးစွဲသူများမှာ ခဏမျှ ရယ်မောသွားကြတော့၏။

[အံ့ဖွယ်ကိစ္စတွေက ဘယ်မှာလဲ...]

[လောင်ရွှီရေ... ဘာလို့ ရတနာ မတူးတာလဲ... မကြိုက်လို့လား...]

[အံ့ဖွယ်ကိစ္စတွေကို တွေ့ရဖို့ စောင့်နေတာကို ကွက်လပ်ကြီးပဲ တွေ့ရတယ်ပေါ့လေ...]

[ဟားဟားဟား... ဖုံးကွယ်ထားပြီး အကြီးကြီး တစ်ခု လာမယ် ထင်နေတာ... အခုတော့ အကြီးကြီး လွဲသွားပြီပေါ့...]

ကွန်မန့်များက ချက်ချင်း ဆူညံသွားတော့သည်။

ကံကောင်းသည်မှာ နောက်ထပ် ခဏမျှ စမ်းသပ် ရှာဖွေပြီးနောက် ရွှီယန်က တကယ်ပင် မှိုနက်ကို စမ်းမိသွားခဲ့၏။

ရယ်မောသံများကလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

All Chapters