← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) လမ်းပိတ်နေတဲ့ မြေခွေးဖြူလေးနဲ့ ရေကန်ထဲက အံ့အားသင့်စရာ

ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်လာပြီး မှန်လုံအိမ်ထဲတွင် တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုနေလိုက်၏။

သူက ဖန်ရတနာပြောင်းဖူး တစ်ဖူးကို ချိုးယူလိုက်ပြီး ပြောင်းဖူးဖက်များကို ခွာကာ လေ့လာကြည့်ရှုနေသည်။

ဤပြောင်းဖူး၏ အရောင်အသွေးက အလွန်စုံလင်လှပြီး ထိုအထဲတွင် အညိုရင့်ရောင်နှင့် အနီရင့်ရောင် ပြောင်းဖူးစေ့များ အများအပြား ပါဝင်နေ၏။

ပြောင်းဖူး၏ ပုံသဏ္ဌာန်က သေသပ်ညီညာပြီး ပြောင်းဖူးစေ့များကလည်း အကုန်လုံးနီးပါး အရွယ်အစား တူညီကြသည်။

ဤသည်က ပြောင်းဖူးကောင်း တစ်ဖူးပင် ဖြစ်ပေသည်။

ထိုအချိန်တွင် လီဆန်းက မှန်လုံအိမ်ထဲသို့ ကင်းလှည့်ရန် ဝင်ရောက်လာရာ ရွှီယန်ကို တွေ့လိုက်သဖြင့် အနားသို့ လျှောက်လာကာ နှုတ်ဆက်လိုက်၏။

"အစ်ကိုယန်"

ရွှီယန်က ပြန်ထူးလိုက်သည်။

"နောက်ရက်အနည်းငယ်နေရင် ပြောင်းဖူးတွေလည်း မှည့်လောက်ပြီ... ပြောင်းဖူးခူးဖို့ ပြင်ထားကြတာပေါ့"

ထိုစကားကို ကြားသောအခါ လီဆန်းက မေးလိုက်၏။

"ဒီပြောင်းဖူးတွေကို ဘယ်လို လုပ်ကြမလဲ... အရောင်တွေက တော်တော် ထူးဆန်းတယ်နော်... ပြုတ်စားရင်ရော အရသာရှိပါ့မလား"

ရွှီယန်က ခေါင်းခါလိုက်သည်။

"ပြုတ်စားရင် သိပ်မကောင်းဘူး... ဒီပြောင်းဖူးတွေက တော်တော် မာပြီး အရသာ သိပ်မရှိဘူးလေ"

"အဲဒါဆို တိရစ္ဆာန်အစာ လုပ်မလို့လား"

"လုပ်လို့တော့ ရပါတယ်... ကစီဓာတ် အတော်လေး ပါတော့ ကြိတ်ခွဲပြီး ဝက်စာထဲ ထည့်ကျွေးလို့ ရတာပေါ့"

ရွှီယန်က ပြောင်းဖူးကို ကြည့်ရင်း ဖန်ရတနာပြောင်းဖူး၏ အားသာချက်များကို ပြောပြနေသည်။

"အချိန်ကျရင် ငါတို့တွေ ပြောင်းဖူးတွေကို အကုန်ခွာပြီး အထဲက အရောင်ကို ကြည့်ကြတာပေါ့"

"အခုလို အရောင်ရင့်ပြီး ရှုပ်ပွနေတဲ့ ဟာတွေက ဘာမှ သုံးမရဘူး"

"တကယ်လို့ အရောင်ဖျော့ဖျော့လေးတွေ အထူးသဖြင့် ပန်းရောင်ဖျော့ဖျော့နဲ့ အလင်းဖောက်နိုင်တဲ့ ဟာမျိုးလေးတွေ တွေ့ရင်တော့ တန်ဖိုးရှိသွားပြီပေါ့"

လီဆန်းက နားလည်သလို နားမလည်သလိုဖြင့် ခေါင်းညိတ်လိုက်၏။

သူက အလှဆင်ပစ္စည်း စုဆောင်းသည့် နယ်ပယ်အကြောင်းကို နားမလည်သလို ပြောင်းဖူးကို အလှဆင်ပစ္စည်းအဖြစ် သတ်မှတ်မည့်သူ ရှိလိမ့်မည်ကိုလည်း နားမလည်နိုင်ပေ။

တကယ်တမ်းတွင် လူအတော်များများက ဤမျှပင် ထူးဆန်းကြခြင်း ဖြစ်သည်။

အချို့က ပြောင်းဖူးရိုးကို ပွတ်သပ်ဆော့ကစားတတ်ကြပြီး အချို့ကလည်း စားပြီးသား ကြက်ရိုးများကို ပွတ်သပ်ဆော့ကစားတတ်ကြ၏။

ဘယ်လိုပဲဖြစ်ဖြစ် တကယ်ကို ရူးကြောင်ကြောင်နိုင်လွန်းလှသည်။

ရုပ်ထွက်ကောင်းမွန်သော ဖန်ရတနာပြောင်းဖူးက အလွန် လှပပြီး ပွတ်သပ်ဆော့ကစားလိုက်ပါက ပို၍ပင် လှပလာသဖြင့် ဈေးကွက် ရှိနေခြင်းပင်။

"ရပါတယ် အစ်ကိုယန်... အစ်ကို စီစဉ်တဲ့အတိုင်းသာ လုပ်ပါ... အချိန်ကျရင် ကျွန်တော်တို့ စလုပ်ကြတာပေါ့"

လီဆန်းက သဘောတူလိုက်သည်။

"အင်း... မနက်ဖြန်တော့ ထွေထွေထူးထူး မရှိပါဘူး... ပုံမှန် အလုပ်တွေပဲ ဆက်လုပ်ကြတာပေါ့... ငါ တောင်ပေါ်သွားပြီး ငါးသွားမျှားဦးမယ်... နေ့လယ်လောက် ပြန်လာခဲ့မယ်"

ရွှီယန်က ထပ်မံ၍ မှာကြားလိုက်၏။

"ပြဿနာ မရှိပါဘူး"

ရွှီယန်က မှန်လုံအိမ်ကို တစ်ပတ်လှည့်ကြည့်ပြီးနောက် ခြံဝင်းထဲသို့ ပြန်ကာ တိရစ္ဆာန်လေးများကို သွားရောက် ပြုစုစောင့်ရှောက်နေလိုက်သည်။

သူ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဒရယ်ပြောက်လေးက ကျားသစ်ပေါက်လေး၏ ဘေးတွင် ကပ်လိုက်နေသည်ကို တွေ့လိုက်ရပြီး ၎င်းတို့ နှစ်ကောင်က ကြည့်ရသည်မှာ အတော်လေး ရင်းနှီးနေပုံရ၏။

ဒါကလည်း အတော်လေးကို အဓိပ္ပာယ်မရှိ ဖြစ်နေသည်။

ချန်ပိုင်တောင်တန်းတွင် ကျားသစ်နှင့် ဒရယ်ပြောက်တို့က မူလကတည်းက သဘာဝ ရန်သူများ ဖြစ်ကြသော်လည်း သူ၏ လယ်ယာခြံဝင်းထဲတွင်တော့ သူငယ်ချင်းများ ဖြစ်နေကြ၏။

တော်တော်လေးကို အဓိပ္ပာယ်မရှိ ဖြစ်နေတာပင်။

သို့သော် ကြည့်နေရသည်မှာလည်း ပျော်စရာတော့ ကောင်းလှသည်။

အလုပ်များသည့် နောက်ထပ် နေ့တစ်နေ့ပင် ဖြစ်သည်။

ရွှီယန်က နောက်ထပ် ကျော်ကြားမှု ရမှတ် တစ်သိန်းကျော်ကို ထပ်မံ ရရှိခဲ့ပြီး စုစုပေါင်း လေးသိန်းခြောက်သောင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

'တစ်သန်းပြည့်ဖို့လည်း သိပ်မဝေးတော့ဘူး... အချိန်ကျရင် သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်ပြီး ဘယ်လို အကျိုးသက်ရောက်မှုတွေ တိုးလာမလဲ စောင့်ကြည့်ရမယ်'

နောက်တစ်နေ့ နံနက်ခင်း။

ရွှီယန်က ရေပုံးတစ်ပုံးနှင့် ငါးမျှားတံ တစ်ချောင်းကို ကိုင်ဆောင်ကာ ကျားသစ်တစ်ကောင်ကို ခေါ်ဆောင်ပြီး တောတောင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။

ဒရုန်းက ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားပြီး အောက်ဘက်ရှိ မြင်ကွင်းအားလုံးကို ရိုက်ကူးနေ၏။

[လောင်ရွှီ... ဆက်တိုက် လိုက်ဖ်လွှင့်နေတာ မင်းရဲ့စတိုင်နဲ့ မတူပါလား]

[ဘာတွေ ဖြစ်နေတာလဲ... ဒီနေ့ လိုက်ဖ် ထပ်လွှင့်ပြန်ပြီလား]

[နေ့တိုင်း လိုက်ဖ်လွှင့်ရင် အကောင်းဆုံးပဲ... မင်း လိုက်ဖ်မဖွင့်ရင် ဘာကြည့်ရမှန်းတောင် မသိဘူး]

လိုက်ဖ်ထဲသို့ ဝင်ရောက်လာသည်နှင့် ပရိသတ်များက အသီးသီး ကွန်မန့်များပေးကာ စကားစမြည် ပြောဆိုနေကြသည်။

တကယ်တမ်းတော့ ရွှီယန်က ယနေ့ ရေခဲပြင် ငါးမျှားထွက်မည်ဟု မနေ့ကတည်းက ပြောထားခဲ့ပြီး ဖြစ်၏။

သို့သော် လူအတော်များများက မကြားလိုက်ကြသဖြင့် ယနေ့ ပြန်လည် မြင်တွေ့ရသောအခါ အံ့အားသင့်နေကြခြင်း ဖြစ်သည်။

လိုက်ဖ် မြင်ကွင်းကတော့ လှပနေဆဲပင်။

လေအေးများ၏ လွှမ်းမိုးမှုကြောင့် ဤနှစ်ရက်အတွင်း ပိုပိုပြီး အေးလာကာ တောင်ပေါ်ရှိ အပူချိန်များကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ရွှီယန်က အနွေးထည်အင်္ကျီကို ဝတ်ဆင်ထားပြီး လည်စည်းနှင့် သားမွေးဦးထုပ် တစ်လုံးကို ဆောင်းထားကာ ထူထဲသော ဘွတ်ဖိနပ် တစ်ရန်ကိုလည်း စီးထားသဖြင့် အအေးဒဏ်ကို အပြည့်အဝ ကာကွယ်ထား၏။

မည်သို့ပင်ဖြစ်စေ ရေခဲပြင် ငါးမျှားရာတွင် အအေးဒဏ်ကို ခံနိုင်ရမည်ဖြစ်ရာ အဝတ်အစားများများ ဝတ်ဆင်ထားရန် သေချာပေါက် လိုအပ်ပေသည်။

[လောင်ရွှီ... မင်းက စစ်တိုက်ဖို့ ပြင်နေတာလား... ဝတ်ထားတာတွေက အထပ်ထပ်ပဲနော်]

ပရိသတ်အဟောင်း တစ်ယောက်က ဤအချက်ကို သတိထားမိသွားပြီး ရယ်မောကာ ကွန်မန့်ပေးလိုက်သည်။

"ဒီနေ့ ရေခဲပြင် ငါးမျှားမလို့လေ... ခေါက်ကုလားထိုင်တောင် ယူလာခဲ့သေးတယ်... အဲဒီမှာ နာရီအတော်ကြာ ထိုင်ရမှာဆိုတော့ နွေးနွေးထွေးထွေး ဝတ်လာမှ ရမှာပေါ့"

ရွှီယန်က ပြန်လည် ဖြေကြားလိုက်၏။

ထိုအချိန်မှာပင် ရွှီယန်က အဝေးမှ အဖြူရောင် အကောင်လေး တစ်ကောင် ပြေးသွားသည်ကို မြင်လိုက်ရသည်။

သေချာ ကြည့်လိုက်သောအခါ ၎င်းမှာ အရင်က ရွှီယန်၏ လယ်ယာခြံဝင်းသို့ ရောက်လာဖူးသော မြေခွေးဖြူလေး ပင် ဖြစ်၏။

မြေခွေးဖြူလေးက ရွှီယန်ကို အနည်းငယ် ထိတ်လန့်တကြား ကြည့်နေသည်။ တိတိကျကျ ပြောရလျှင် ရွှီယန်၏ ဘေးရှိ ကျားသစ်ပေါက်လေးကို ကြည့်နေခြင်း ဖြစ်၏။

ကျားသစ် ရှိနေသောကြောင့်သာ ဤကောင်လေးက အနားမကပ်ရဲဘဲ ဤနှစ်ရက်အတွင်း လယ်ယာခြံဝင်းသို့ ရောက်မလာခဲ့ခြင်း ဖြစ်သည်။

"ရှောင်ပိုင်"

ရွှီယန်က အလျင်အမြန် လှမ်းခေါ်လိုက်၏။

ရွှီယန်တွင် အလွန် အစွမ်းထက်သော စွမ်းရည် တစ်ခု ရှိပြီး ၎င်းမှာ တိရစ္ဆာန်များ၏ ကွာခြားချက်ကို ခွဲခြားနိုင်စွမ်းပင် ဖြစ်သည်။

သူက ၎င်းမှာ မည်သည့် တိရစ္ဆာန်ဖြစ်ကြောင်းကို မှတ်မိနိုင်စွမ်း ရှိ၏။

ဥပမာအားဖြင့် မနီးမဝေးရှိ မြေခွေးဖြူလေးမှာ ရွှီယန်၏ လယ်ယာခြံဝင်းသို့ သွားခဲ့ဖူးသော တစ်ကောင်တည်းပင် ဖြစ်သည်။

နှင်းကျနေသဖြင့် မြေခွေးဖြူများအတွက် အစာရှာရ ခက်ခဲလှပေသည်။

၎င်းတို့က နှင်းလွှာအောက်ရှိ ကြွက်များကို အမဲလိုက်လေ့ရှိပြီး တစ်ခါတစ်ရံ နှင်းအောက်မှ လှုပ်ရှားသံ ကြားသည်နှင့် မြေခွေးဖြူက အပေါ်သို့ မြင့်မားစွာ ခုန်တက်ကာ အောက်သို့ တိုက်ရိုက် ထိုးဆင်းသွားပြီး ခန္ဓာကိုယ်ကို နှင်းလွှာအောက်သို့ နစ်ဝင်စေကာ နှင်းအောက်ရှိ ကြွက်များကို ဖမ်းယူလေ့ရှိကြ၏။

မြေခွေးဖြူလေးက ရွှီယန်၏ ခေါ်သံကို ကြားလိုက်ရသည်။

၎င်းက နေရာမှာပင် ရပ်နေပြီး အနားသို့ မကပ်ရဲသေးချေ။

ရွှီယန်က ရှောင်ဟွာ ကို အနောက်တွင် ခဏ စောင့်ခိုင်းထားပြီးနောက် ထပ်မံ၍ လှမ်းခေါ်လိုက်၏။

ဤတစ်ကြိမ်တွင်တော့ မြေခွေးဖြူလေးက ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် ပြေးလာခဲ့သည်။

ဤကောင်လေးက တကယ်ကို ချစ်စရာကောင်းလွန်းလှ၏။

တစ်ကိုယ်လုံးရှိ နှင်းကဲ့သို့ ဖြူဖွေးသော အမွေးအမျှင်များက ထူထပ်ပြီး ဖောင်းပွနေကာ မျက်နှာလေးကလည်း သေးငယ်သဖြင့် အလွန် အသည်းယားစရာ ကောင်းနေသည်။

ရွှီယန်က ၎င်း၏ ဘေးသို့ သွားကာ တိုက်ရိုက်ပင် ပွေ့ချီလိုက်၏။

"မကြောက်နဲ့နော်... ဘာမှမဖြစ်ဘူး... ဒီကျားသစ်က မကိုက်ပါဘူး"

ရွှီယန်က မြေခွေးဖြူလေးကို ပွေ့ချီထားရင်း အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

ကောင်လေးက ရွှီယန်၏ ရင်ခွင်ထဲတွင် ချက်ချင်းပင် ငြိမ်သက်သွားတော့၏။

ထိုအချိန်တွင် ရွှီယန်က ကျားသစ်ပေါက်လေးကိုပါ အတူတူ လာရန် လှမ်းခေါ်လိုက်ရာ ကျားသစ်ပေါက်လေးကလည်း လိမ္မာစွာဖြင့် ပြေးလာခဲ့သည်။

ရှောင်ဟွာ က သူကိုယ်တိုင် အခြား တိရစ္ဆာန်လေးများကို လန့်သွားစေနိုင်ကြောင်းကို သိရှိနေပုံရ၏။

ထို့ကြောင့် တစ်ခါတစ်ရံ ရွှီယန်က ၎င်းကို ခဏ စောင့်နေရန် ပြောပါက ၎င်းကလည်း နေရာမှာပင် ငြိမ်သက်စွာ စောင့်နေလေ့ရှိသည်။

အနားသို့ ပြေးလာပြီးနောက်တွင်လည်း ၎င်းက အခြား တိရစ္ဆာန်လေးများကို တုံးအအဖြင့် ကြည့်ကာ မိတ်ဆွေဖွဲ့လိုကြောင်း ဖော်ပြတတ်၏။

သေချာသည်မှာ အခြား တိရစ္ဆာန်လေးများက ၎င်းကို မိတ်ဆွေ ဟု ထင်မထင် ဆိုသည်ကတော့ မသေချာလှပေ။

မြေခွေးဖြူလေးက ရွှီယန်၏ ရင်ခွင်ထဲတွင် အတော်လေး ငြိမ်သက်နေသော်လည်း ကျားသစ်ပေါက်လေးကိုတော့ သိသာစွာ ခုခံငြင်းဆန်နေဆဲပင် ဖြစ်သည်။

မတတ်နိုင်ပေ။ ရှောင်ဟွာ က ကျားသစ် တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။

"ဒီနေ့ ငါ ငါးသွားမျှားမလို့... မင်း လိုက်မလား... မြေခွေးဖြူတွေက ငါးစားရတာ တော်တော် သဘောကျတယ်လို့ မှတ်သားဖူးတယ်... လူတွေ ရေခဲပြင် ငါးမျှားနေတာ မြင်ရင်တောင် သွားပြီး ငါးတောင်းစားတတ်ကြတယ်လေ"

ရွှီယန်က မြေခွေးဖြူလေးကို ပွတ်သပ်ပေးရင်း မေးလိုက်၏။

မြေခွေးဖြူလေးက ဘာမှ မတုံ့ပြန်ဘဲ ရွှီယန်ကိုသာ တည်ငြိမ်စွာ ကြည့်နေသည်။

ထိုအကြည့်က အလွန် ကြည်လင်ပြီး လှပလွန်းသဖြင့် လူများကို ပို၍ပင် သဘောကျသွားစေ၏။

ရှေးလူကြီးများက မြေခွေးများမှာ လူကို ညို့ယူဖမ်းစားနိုင်သည် ဟု ပြောခဲ့ကြသည်က အံ့ဩစရာ မဟုတ်ပေ။

ဤကဲ့သို့သော ဆွဲဆောင်မှုရှိသည့် မျက်လုံးမျိုးက မည်သည့် တိရစ္ဆာန်တွင်မဆို ရှိနေသည်တော့ မဟုတ်ချေ။

"ကောင်းပြီ... သွားကြတာပေါ့... အပြန်ကျရင် မင်းကို ပြန်ခေါ်လာခဲ့မယ်... သိပ်လည်း မဝေးပါဘူး... တစ်နာရီလောက် လျှောက်ရင် ရောက်ပြီလေ"

ရွှီယန်က ကောင်လေးကို ပွတ်သပ်ရင်း ထပ်ပြောလိုက်သည်။

လက်ထဲတွင် ရေပုံးတစ်ပုံး ကိုင်ထားသေးသဖြင့် ရွှီယန်က လက်တစ်ဖက်တည်းဖြင့် မြေခွေးဖြူလေးကို ပွေ့ချီထားပြီး ချီရတာ ပင်ပန်းလာသည့်အခါ ၎င်းကို ရေပုံးထဲသို့ ထည့်ကာ ဆွဲ၍ ခဏခန့် သယ်လာခဲ့၏။

အင်တာနက်သုံးစွဲသူများကတော့ မြေခွေးဖြူလေးကို ကြည့်လေ သဘောကျလေပင် ဖြစ်၏။

အားလုံးက အသီးသီး ညည်းတွားနေကြသည်။

[လောင်ရွှီ ရဲ့ ဘဝကို တကယ် အားကျတာပဲ... ဒီချစ်စရာကောင်းတဲ့ မြေခွေးလေးကို ငါလည်း အရမ်း ပွတ်သပ်ချင်နေပြီ]

[ဒီလို မြေခွေးမျိုးက မြေခွေးနီ တွေထက် ပိုကြည့်ကောင်းသလိုပဲ... အဖြူရောင်က တကယ်ကို ချစ်စရာလေးပဲ]

[မြေခွေးဖြူ တွေက နွေရာသီကျရင် ကြည့်မကောင်းတော့ဘူး... ဆောင်းတွင်းမှာမှ ရုပ်ထွက် ပိုလှတာ]

[တောရိုင်း မြေခွေးဖြူ ကိုတောင် ချီထားလို့ ရနေသေးတယ်... ပြီးတော့ မြေခွေးဖြူ ကလည်း မရုန်းဘူးဆိုတော့ တကယ်ကို ယုံနိုင်စရာ မရှိဘူး]

ဤသို့ဖြင့် ရေခဲနှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးထဲတွင် ရွှီယန်က မြေခွေးဖြူနှင့် ကျားသစ်တို့ကို ခေါ်ဆောင်ကာ အထဲသို့ တောက်လျှောက် ဝင်ရောက်လာခဲ့သည်။

သူက သစ်တော ဒရူးဝစ် တစ်ယောက်ကဲ့သို့ပင် ဘယ်သွားသွား တိရစ္ဆာန်များက အနောက်မှ လိုက်ပါနေကြပြီး အကုန်လုံးကလည်း သားရဲတိရစ္ဆာန်များချည်းသာ ဖြစ်၏။

အင်တာနက်သုံးစွဲသူများက ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရတိုင်း အထူးပင် အံ့အားသင့်သွားကြရသည်။

ဤသို့ လုပ်နိုင်သူမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

လူတစ်ယောက်နှင့် တစ်ယောက်၏ ဖွဲ့စည်းပုံက မတူညီကြဘူး ဟုသာ ဆိုရမည် ဖြစ်၏။

အချို့လူများက မွေးရာပါ တိရစ္ဆာန်များ၏ ခင်မင်မှုကို ရရှိတတ်ကြပြီး စွမ်းအားရှင် တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

တိရစ္ဆာန် သူရဲကောင်းကြီးပင်။

လမ်းတစ်လျှောက် နှင်းပြင်များကို ဖြတ်သန်းကာ တောင်ကုန်းများကို ကျော်ဖြတ်လာခဲ့၏။

တစ်နာရီခန့် အကြာတွင်တော့ ရွှီယန်က မနေ့က ရွေးချယ်ထားသော ရေကန်ဘေးသို့ ရောက်ရှိလာခဲ့သည်။

ရေကန် မျက်နှာပြင် တစ်ခုလုံးက အေးခဲနေပြီဖြစ်ပြီး အပေါ်တွင် နှင်းလွှာတစ်လွှာ ဖုံးလွှမ်းနေသည်။

သူက ရေကန်ဘက်သို့ လှမ်းကြည့်လိုက်ရာ တုံးအအ တောသမင်ငယ်လေး နှစ်ကောင်က အခြားတစ်ဖက်သို့ အစွမ်းကုန် ရုန်းကန် ပြေးလွှားနေသည်ကို တွေ့လိုက်ရပြီး ကြည့်ရသည်မှာ လန့်ဖျပ်သွားသည့် ပုံစံမျိုးပင်။

ယုံမှားသံသယဖြစ်ဖွယ် မရှိဘဲ ဤသည်မှာ ကျားသစ်ပေါက်လေး၏ လက်ချက်ပင် ဖြစ်၏။

တုံးအအ တောသမင်ငယ်လေးများက ထူးဆန်းသော လှုပ်ရှားမှုများနှင့် ထူးဆန်းသော အသံများကို အလွန် သိချင်စိတ် ပြင်းပြတတ်ကြသော်လည်း ကျားသစ်ကိုတော့ ဘယ်တော့မှ စိတ်ဝင်စားမည် မဟုတ်ချေ။

ဤသည်က ၎င်းတို့လည်း သေမှာကို အတော်လေး ကြောက်ကြကြောင်းကို ဖော်ပြနေခြင်းပင်။

ကျားသစ်ကို မြင်သည်နှင့် အမြန် ပြေးခြင်းက အမှန်ကန်ဆုံးပင် ဖြစ်သည်။

တုံးအအ တောသမင်ငယ်လေး နှစ်ကောင်က ရေခဲပြင်ပေါ်တွင် ဝပ်လျားမှောက်ကာ တရွတ်တိုက် သွားနေကြပြီး ရေကန်ပေါ်မှ ကမ်းစပ်သို့ ရောက်သွားသည်နှင့် ချက်ချင်း မတ်တတ်ရပ်ကာ ပျံသန်းသွားသည့်အလား ပြေးထွက်သွားတော့၏။

ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်က ညည်းတွားလိုက်သည်။

"ဒီတုံးအအ ကောင်လေးတွေ..."

ထို့နောက် သူက ဘာမှ ထပ်မပြောတော့ပေ။

သူက ခြေထောက်ဖြင့် ရေခဲလွှာပေါ်သို့ နင်းလိုက်ပြီး အားကုန်သုံးကာ နှစ်ချက်ခန့် ဆောင့်နင်းလိုက်သော်လည်း ရေခဲလွှာက နည်းနည်းလေးမှ မလှုပ်ရှားချေ။

"တော်တော် ခိုင်တာပဲ... လူတစ်ယောက် ရပ်နေလို့ လုံးဝ ပြဿနာ မရှိနိုင်ဘူး... အက်ကွဲလွယ်တဲ့ ရေခဲလွှာပါးလေးတွေ မျိုး မဟုတ်ဘူးဆိုတော့ အပေါ်တက်သွားလို့ ဘာမှမဖြစ်ပါဘူး"

ရွှီယန်က ရေခဲလွှာပေါ်သို့ စတင် လျှောက်သွားလိုက်၏။

မြေခွေးဖြူလေးကို အောက်သို့ ချပေးလိုက်ရာ ကောင်လေးက ချက်ချင်းပင် ရွှီယန်နှင့် ခုနစ်မီတာ၊ ရှစ်မီတာခန့် အကွာသို့ ပြေးသွားပြီး ကျားသစ်ပေါက်လေးကို သတိထားကာ ကြည့်ရှုနေသည်။

ရှောင်ဟွာ က ၎င်းကို လိုက်မဖမ်းဘဲ ရွှီယန်၏ အနောက်မှသာ တင်းကြပ်စွာ လိုက်ပါလာ၏။

မြေခွေးများက ကိုယ်အလေးချိန် ပေါ့ပါးသဖြင့် ရေခဲလွှာပေါ်တွင် ပေါ့ပေါ့ပါးပါး လျှောက်သွားနိုင်ပြီး ချော်လဲသည့် အရိပ်အယောင် လုံးဝ မရှိဘဲ အလွန် သွက်လက်လှပေသည်။

ရှောင်ဟွာ ကတော့ အနည်းငယ် တောင့်တင်းနေပြီး တစ်ခါတစ်ရံ ခြေချော်ကာ ယိုင်လဲသွားတတ်သဖြင့် ရေခဲပေါ်တွင် လက်သည်းများဖြင့် အလျင်အမြန် ကုတ်တွယ်ထားမှသာ ကိုယ်နေဟန်ထားကို ထိန်းထားနိုင်၏။

ကံကောင်းသည်မှာ ရွှီယန်ကလည်း ရေကန် အလယ်သို့ မသွားဘဲ အရှေ့သို့ ခြေလှမ်း အနည်းငယ်သာ လျှောက်သွားခြင်း ဖြစ်သည်။

သူက ရေပုံးနှင့် ငါးမျှားတံကို ချထားလိုက်ပြီး ကျောပိုးအိတ်ကို ချကာ အိတ်ထဲမှ ခေါက်ကုလားထိုင်ကို ထုတ်၍ ဖွင့်လိုက်ပြီး ပေါက်ချွန်း တစ်လက်ကို ထပ်ထုတ်လိုက်၏။

ထို့နောက် သူက ပေါက်ချွန်းဖြင့် ရေခဲလွှာကို စတင် ထုခွဲတော့သည်။

ဖြန်း ခနဲ အသံနှင့်အတူ ပေါက်ချွန်း တစ်ချက် ထုလိုက်သည်တွင် ရေခဲစ အမြောက်အမြား လွင့်စဉ်ထွက်လာခဲ့၏။

ရေခဲလွှာပေါ်တွင် အပေါက်ငယ်လေး တစ်ခု ဖြစ်ပေါ်လာသော်လည်း ရေခဲပေါက် ဖောက်နိုင်ရန်ကတော့ အနည်းငယ် လိုသေးသည်။

ရွှီယန်က အားကုန်သုံးကာ ဆက်လက် ထုခွဲနေလိုက်၏။

ရေခဲတုံးများ အဆက်မပြတ် ပွင့်ထွက်လာသည်နှင့်အမျှ အောက်ဘက်တွင် လှုပ်ရှားနေသော ရေများကို မြင်တွေ့နေရပြီ ဖြစ်သည်။

[လောင်ရွှီ... သတိထားဦး... မင်းကိုယ်တိုင် အထဲ ပြုတ်ကျမသွားစေနဲ့ဦး]

[ငါလည်း အန္တရာယ်များတယ် ထင်တယ်]

အင်တာနက်သုံးစွဲသူများက စေတနာဖြင့် သတိပေးလိုက်ကြသည်။

ရွှီယန်ကတော့ ယုံကြည်မှု အပြည့်ရှိနေ၏။

ဤသို့ တစ်ချက်ထုလိုက်ရုံဖြင့် ရေခဲစများသာ ထွက်လာသော ရေခဲလွှာမျိုးက ကျိုးပဲ့သွားမည် မဟုတ်ချေ။

အကယ်၍ တစ်ချက် ထုလိုက်ရာတွင် ရေခဲလွှာပေါ်၌ အက်ကွဲကြောင်း အများအပြား ပေါ်လာပါက ထိုရေခဲလွှာမျိုးကမှ အက်ကွဲသွားနိုင်ခြင်း ဖြစ်သည်။

ကျားသစ်က သက်သောင့်သက်သာ ရှိသော နေရာတစ်ခုကို ရှာကာ မြေကြီးပေါ်တွင် မှောက်လျက် အနားယူနေ၏။

ရေကန် မျက်နှာပြင်က အနည်းငယ် အေးစိမ့်နေသဖြင့် ၎င်းက ဘေးစောင်းလေး လှဲလျောင်းနေသည်။

မြေခွေးဖြူလေးကတော့ မနီးမဝေးတွင် အနည်းငယ် သတိထားနေသော်လည်း ထွက်မသွားခဲ့ပေ။

သိပ်မကြာခင်မှာပင် ရွှီယန်က ရေခဲလွှာပေါ်တွင် ပုံသဏ္ဌာန် မမှန်သော အပေါက်တစ်ခုကို ထုခွဲနိုင်ခဲ့သည်။

သူက ပြောင်းဖူးမှုန့်နှင့် အသားများကို ရောနယ်ထားသော ငါးစာအချို့ကို အောက်သို့ ကြဲချလိုက်ပြီး ငါးစာ အလုံးအချို့ကို ထပ်မံ လုံးချေကာ ငါးမျှားချိတ်တွင် ချိတ်ဆွဲလိုက်ပြီး ရေခဲပြင် ငါးမျှားရန် ပြင်ဆင်လိုက်၏။

ရေခဲပြင် ငါးမျှားရာတွင် နေရာမှန်ကို ရှာတွေ့ပါက ငါးများက အလွယ်တကူ ငါးစာ ဟပ်တတ်ကြသည်။

မည်သို့ပင်ဖြစ်စေ ဆောင်းတွင်းတွင် ရေမျောပင်များ သိပ်မများပြားသဖြင့် ရေကန်ထဲရှိ ငါးများ အားလုံးက ဗိုက်ဆာနေကြသည် မဟုတ်ပါလား။

အသားနံ့ ရသည်နှင့် သေချာပေါက် အလုအယက် ပြေးလာကြမည်သာ။

"ကောင်းပြီ... အဆင်သင့် ဖြစ်ပြီ... ဒီရေကန်ထဲမှာ ငါးမနည်းလောက်ဘူး ထင်တယ်... ငါးကြီးကြီး နှစ်ကောင်လောက် မျှားလို့ ရပါစေလို့ မျှော်လင့်ရတာပဲ"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် အချို့လည်း ရှိနေ၏။

အင်တာနက်သုံးစွဲသူများကတော့ ငါးလုံးဝ ရမည်မဟုတ်ကြောင်း ကွန်မန့်များ ထပ်မံ ပေးပို့လာကြသည်။

ရွှီယန်က ငါးမျှားချိတ်ကို ရေခဲပေါက်ထဲသို့ ချတော့မည့် အချိန်မှာပင် ရုတ်တရက် အနက်ရောင် အမြီးရှည် သတ္တဝါ တစ်ကောင်က ရေခဲပေါက်ထဲမှနေ၍ တိုက်ရိုက် တက်လာခဲ့၏။

"လခွမ်း"

ရွှီယန်က အနည်းငယ် လန့်သွားပြီး အနောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

သေချာ ကြည့်လိုက်သောအခါ ၎င်းမှာ တစ်ကိုယ်လုံး စိုရွှဲနေသော ကြွက်ကြီး တစ်ကောင် ဖြစ်နေ၏။

ရွှီယန် လန့်သွားသဖြင့် ကျားသစ်၏ တုံ့ပြန်မှုကလည်း အလွန် မြန်ဆန်စွာဖြင့် လိုက်လံ လန့်ဖျပ်သွားပြီး နေရာမှာပင် တိုက်ရိုက် ခုန်ပေါက်သွားတော့သည်။

ဘေးရှိ မြေခွေးဖြူလေးကလည်း ခေါင်းလေးထုတ်ကာ ဤဘက်သို့ လှမ်းကြည့်နေ၏။

ကြွက်ကြီး ဖြစ်နေသည်ကို မြင်သောအခါ မြေခွေးဖြူလေးက အနည်းငယ် ရွံရှာသွားဟန်ဖြင့် ခေါင်းခါလိုက်သည်။

မြေခွေးဖြူများက ကြွက်ကို စားလေ့ရှိသော်လည်း ၎င်းတို့က မွေးကာစ ကြွက်ပေါက်လေးများကိုသာ စားရသည်ကို နှစ်သက်ကြပြီး အထူးသဖြင့် နှင်းလွှာအောက်ရှိ ကြွက်သိုက်များကို ပို၍ သဘောကျကြ၏။

ဤကဲ့သို့သော ကြွက်ကြီးမျိုးကိုတော့ သူတို့က လှည့်တောင် မကြည့်ချင်ကြပေ။

အင်တာနက်သုံးစွဲသူများမှာလည်း ပို၍ပင် ကြောင်အမ်းသွားကြတော့၏။

‘ဒါ ဘာအခြေအနေလဲ... ရေကန်ထဲကနေတောင် ကြွက်တွေ ပြေးထွက်လာနိုင်သေးတာလား…’

အရာအားလုံးက အလွန် ရုတ်တရက် ဆန်လွန်းလှသည်။

ကြွက်ကြီးကသာ ဘေးဘီကို ကြည့်ရှုလိုက်ပြီး ရွှီယန်ကို အနည်းငယ် ဦးညွှတ်ပြကာ တစ်ဖက်သို့ ပြေးထွက်သွားတော့၏။

၎င်း၏ ပုံစံက ရွှီယန်ကို ဤသို့ ပြောနေသကဲ့သို့ပင်။

'ကျေးဇူးပဲနော်’

All Chapters