အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇) သူ့ဆီက ပစ္စည်းနည်းနည်း ထွက်လာဖို့ဆိုတာ မလွယ်ဘူးနော်
"အခွံခွာလိုက်ပြီ..."
"အစ်ကိုယန်... မိုက်တယ်ဟ..."
"သူဌေးက တကယ်ပဲ ပန်းရောင်လေးကို အခွံခွာနိုင်သွားတာလား..."
ဝန်ထမ်းသုံးယောက်မှာ ချက်ချင်းပင် ဝိုင်းအုံလာကြပြီး မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ကာ စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်ရှုနေကြ၏။
ပန်းရောင် ဖန်ရတနာပြောင်းဖူးလေးမှာ တကယ်ကို လှပလှပေသည်။ တစ်ဖူးလုံးက ပန်းရောင်ဖျော့ဖျော့လေး ဖြစ်နေပြီး ကြည်လင်တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေကာ တကယ့် ရတနာ တစ်ပါးကဲ့သို့ပင် ဖြစ်၏။
ပြောင်းဖူး တစ်ဖူးက ဤကဲ့သို့ ပုံစံမျိုး ဖြစ်လာလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
မျိုးရိုးဗီဇ ဖော်ပြမှုက တကယ်ကို အံ့မခန်း ဖြစ်သည်ဟုသာ ဆိုရမည် ဖြစ်တော့သည်။
ရွှီယန်က လက်ထဲရှိ ပန်းရောင်ဖျော့ဖျော့ ဖန်ရတနာပြောင်းဖူးကို ကိုင်ကာ အသေအချာ ကြည့်ရှုနေလိုက်၏။
သူက အနည်းငယ်တော့ စိုးရိမ်နေသေးသည်။
ပြောင်းဖူးစေ့များ မညီမညာ ဖြစ်နေမည် သို့မဟုတ် ကွက်လပ်များ ဖြစ်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။ အကယ်၍ ထိုသို့သာ ဖြစ်နေပါက တစ်ဖူးလုံး ပန်းရောင်ဖျော့ဖျော့ ဖြစ်နေလျှင်တောင် ဈေးက အများကြီး ကျသွားမည်သာ ဖြစ်သည်။
သို့သော် ကံကောင်းသည်မှာ ထိုသို့ မဖြစ်ခဲ့ပေ။ ပြောင်းဖူးစေ့တိုင်းက အလွန် သေသပ်ညီညာပြီး ကွက်လပ်လေး တစ်ခုတောင် မရှိချေ။
ပြောင်းဖူး တစ်ဖူးလုံးက ကြည့်ရသည်မှာ အလွန် လှပနေ၏။
"ငါပြောသားပဲ... အချိန်အကြာကြီး အခွံခွာတာတောင် အကောင်း တစ်ဖူးမှ မထွက်လာတာ... အခုမှ ပစ္စည်းကောင်းကြီး ထွက်လာတာကိုး..."
"ကံကောင်းခြင်းတွေက ဒီနေရာမှာ လာစုနေတာကိုး..."
ရွှီယန်၏ ရင်ထဲတွင် အလွန် ပျော်ရွှင်နေမိ၏။
ဤအရာက တကယ်ကို တန်ဖိုးရှိလှပေသည်။
အင်တာနက်သုံးစွဲသူများ အားလုံးကလည်း မျက်နှာပြင်ကို စူးစိုက်စွာ ကြည့်နေကြပြီး အားလုံး၏ အကြည့်များက ရွှီယန်၏ လက်ထဲရှိ ဖန်ရတနာပြောင်းဖူး အပေါ်သို့သာ ကျရောက်နေကြ၏။
[လခွမ်း... သူ တကယ်ကြီး အခွံခွာနိုင်သွားတာပဲ... အရမ်းလှတာပဲ]
[စိတ်မခိုင်တဲ့သူတွေ လောင်ရွှီ ရဲ့ လိုက်ဖ်ကို ကြည့်ဖို့ အကြံမပေးဘူးနော်... ဒီကောင်က ကံတရားကိုတောင် အံတုနိုင်တာ... ဘာလုပ်လုပ် ပိုက်ဆံရနေတာချည်းပဲ... ပြီးတော့ အကုန်လုံးကလည်း အစစ်တွေကြီးပဲဆိုတော့ ဒေါသထွက်စရာ မကောင်းဘူးလား]
[ဒီပြောင်းဖူးက ဘယ်လောက်လဲ... ငါ ဝယ်ချင်တယ်... တကယ် ပြောနေတာ]
[ဟယ်... ပစ္စည်းကောင်းကြီး ထွက်လာတာပဲ]
[ဒီပြောင်းဖူး တစ်ဖူးက မြေတစ်ဧကက ထွက်တဲ့ သာမန်ပြောင်းဖူးတွေထက်တောင် ပိုတန်ဖိုးရှိသေးတယ်]
လူအများက အံ့ဩတကြီး ရေရွတ်နေကြ၏။
ရွှီယန်က လက်ထဲရှိ ပန်းရောင်ပြောင်းဖူးကို ကြည့်လိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤပန်းရောင်ပြောင်းဖူး တစ်ဖူးက တကယ်ကို လွန်ကဲလောက်အောင် ကောင်းမွန်လှပေသည်။
ယေဘုယျအားဖြင့် စိုက်ပျိုးလိုက်သော ပန်းရောင်ပြောင်းဖူးများမှာလည်း အရောင်စုံ ပန်းရောင်ဖျော့ဖျော့များသာ ဖြစ်ပြီး ပန်းရောင် အနုအရင့် မတူညီကြချေ။
ယေဘုယျ ကြည့်လိုက်ပါက ပန်းရောင်ဖျော့ဖျော့ဟု ထင်ရသော်လည်း သေချာ ကြည့်လိုက်ပါက အချို့က အလွန် ဖျော့နေပြီး အချို့က အနည်းငယ် ရင့်နေတတ်၏။
သို့သော် ရွှီယန်၏ ဤပြောင်းဖူးကတော့ ပန်းရောင်လေးက အနေတော်ပင် ဖြစ်နေသည်။
အကုန်လုံးက ပန်းရောင်ဖျော့ဖျော့လေးများ ဖြစ်ပြီး အရောင် ကွာခြားချက် သိပ်မရှိချေ။
ရွှီယန်က ကြည့်လေလေ ပိုလှလေလေဟု ခံစားရပြီး ကြည့်လေလေ ဤပြောင်းဖူးက သာမန်မဟုတ်ကြောင်း သိလာလေလေပင် ဖြစ်၏။
"ဒီပြောင်းဖူးက ဘယ်လောက်လဲလို့ မေးနေတဲ့ သူတွေ အများကြီး တွေ့တယ်..."
"အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း သိပ်မသိသေးဘူး..."
"ယေဘုယျအားဖြင့် အပြင်ပန်းပုံစံ အရမ်းကောင်းတဲ့ ဖန်ရတနာပြောင်းဖူးတွေက ယွမ် ခုနစ်ရာ ရှစ်ရာလောက် အထိ ရောင်းရနိုင်တယ်..."
"ပိုဈေးကြီးတာကတော့ ယွမ် ထောင်ဂဏန်းကျော်တဲ့ အထူး အရည်အသွေးမြင့် အဆင့်တွေပေါ့... အဲဒါတွေကတော့ တော်တော် ရှားပါတယ်..."
"ဒီဖန်ရတနာပြောင်းဖူးက အကောင်းဆုံး အဆင့်ထဲ ဝင်သွားပြီဆိုတော့ ဘယ်လို ဈေးသတ်မှတ်ရမလဲဆိုတာ ကျွန်တော်လည်း မသိတော့ဘူး..."
"လောလောဆယ် သိမ်းထားလိုက်ဦးမယ်... အခြေအနေကို နည်းနည်း စုံစမ်းကြည့်ပြီးမှပဲ ရောင်းတော့မယ်..."
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
ဤအချိန်တွင် လိုက်ဖ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
[ပိုက်ဆံရှိတဲ့ သူဌေးတွေ အများကြီး ရှိတယ်... ဒီလို အကောင်းစား ပစ္စည်းမျိုးဆိုရင် ဈေးက သေချာပေါက် မြင့်မှာပဲ]
[ဒါပေမဲ့ ပြောင်းဖူးကို အလှဆင်ပစ္စည်းအဖြစ် စုဆောင်းတဲ့ ဈေးကွက်က သိပ်မကျယ်ဘူးလေ... ဈေးကွက် မကျယ်ဘူးဆိုတာက အရမ်းကြီး ဈေးမရနိုင်တာကို ပြောတာပဲ... လက်ထဲမှာတင် ရောင်းမထွက်ဘဲ ပိတ်နေမှာ စိုးရတယ်]
[ပွင့်ပွင့်လင်းလင်း ပြောရရင် သူဌေးတွေက ဈေးနှုန်းကို ဂရုမစိုက်ကြပါဘူး... သူတို့ သဘောကျဖို့က အဓိကပဲ]
လိုက်ဖ်ထဲတွင် ဈေးခေါ်နေသူများပင် ရှိနေသေး၏။
၎င်းက 'မင်း မရောင်းချင်ရင်လည်း နေပါ' ဆိုသည့် ဈေးခေါ်ခြင်းမျိုး မဟုတ်ဘဲ ဈေးခေါ်ပြီးနောက် 'ငါ့အကောင့်ကို ဝင်ကြည့်လိုက်... ငါ တကယ်ပြောနေတာ' ဟုပါ ထပ်ပြောထားသေးသည်။
အင်တာနက်သုံးစွဲသူ အတော်များများက ထိုဈေးခေါ်သော ညီအစ်ကို၏ အကောင့်ထဲသို့ ဝင်ကြည့်လိုက်ရာ ဤညီအစ်ကိုမှာ တကယ်ကို သူဌေး တစ်ယောက် ဖြစ်နေပြီး ကျင်းတို မြို့ဘက်တွင် ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင် ဖွင့်ထားကာ ဆိုင်အပြင်အဆင်ကို ကြည့်ရုံဖြင့် အတော်လေး အင်အားရှိကြောင်း သိသာလှပေသည်။
ယေဘုယျအားဖြင့် ဈေးခေါ်မှုများက ယွမ် တစ်သောင်း... နှစ်သောင်း ဝန်းကျင်တွင် ရှိနေ၏။
သေချာသည်မှာ ယွမ် သန်းတစ်ရာဟု ဈေးခေါ်နေသော ရူးကြောင်ကြောင် အင်တာနက်သုံးစွဲသူ အချို့လည်း ရှိနေပြီး ထိုသူများကိုတော့ ကြည့်ရုံသာ ကြည့်နေလိုက်လျှင် ရပေသည်။
ရွှီယန်က အလွန် ပျော်ရွှင်နေ၏။
သူက အရင်ဆုံး သူ၏ အခန်းထဲသို့ ပြန်သွားပြီး ပန်းရောင်ပြောင်းဖူးကို ချထားလိုက်သည်။
ခြံဝင်းကို ဖြတ်သွားစဉ် ကျားသစ်၏ ခေါင်းကို ဖက်ကာ အားရပါးရ နမ်းလိုက်သေး၏။
၎င်းက ကျားသစ်ပေါက်လေးကိုပင် အနည်းငယ် ရှက်သွားစေတော့သည်။
"မင်း ခြံဝင်းထဲမှာ လိမ္မာအောင် နေနော်... ခဏနေရင် မင်းကို လွှတ်ပေးမယ်..."
"အခု လိုက်ဖ်လွှင့်နေတော့ သိပ်မအဆင်ပြေလို့..."
ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ခြံတံခါးကို ပြန်ပိတ်လိုက်သည်။
ဝန်ထမ်းများကတော့ ပြောင်းဖူးများကို ဆက်လက် အခွံခွာနေကြ၏။
ရွှီယန်က သက်သေပြလိုက်သဖြင့် အားလုံးက ပို၍ပင် စိတ်အားထက်သန်လာကြပြီး ပန်းရောင်ဖျော့ဖျော့ ပြောင်းဖူး တစ်ဖူးကို ကိုယ်တိုင် အခွံခွာချင်နေကြသည်။
ရွှီယန်လည်း ဆက်လက်၍ အလုပ်ရှုပ်နေလိုက်၏။
နောက်ဆက်တွဲကတော့ ကံစမ်းသေတ္တာ ဖောက်သည့် အစီအစဉ်ပင် ဖြစ်သည်။ ရွှီယန်က တစ်ခါတစ်ရံ ဖုန်းကို ယူကာ ကွန်မန့်များကို ကြည့်လိုက်၏။
အချို့က ဈေးခေါ်နေကြပြီး လူအတော်များများကလည်း မက်ဆေ့ချ် လာပို့နေကြသည်။
မက်ဆေ့ချ်ထဲတွင် တိုက်ရိုက် ဈေးပေးထားသူများပင် ရှိနေပြီး သူ၏ အကောင့်ထဲ ဝင်ကြည့်ကာ သူ၏ အင်အားကို ကြည့်ရှုနိုင်ကြောင်းပါ ထပ်ပြောထားသေး၏။
မည်သို့ပင်ဖြစ်စေ ဤလူများက အလွန် ရူးသွပ်နေကြခြင်း ဖြစ်သည်။
တကယ်တမ်းတွင် အလှဆင်ပစ္စည်း စုဆောင်းသူ အတော်များများ ရှိပြီး ပိုက်ဆံရှိသူများလည်း မနည်းလှပေ။
အချို့လူများက မွေးကတည်းက ရွှေဇွန်းကိုက်ကာ မွေးလာကြသူများဖြစ်ပြီး အိမ်တွင် ပစ္စည်းကောင်း အမျိုးမျိုး အပြည့်အနှက် ရှိနေတတ်ရာ ဤယွမ် သောင်းဂဏန်း တန်ဖိုးရှိသော ပစ္စည်းမျိုးက သူတို့အတွက် အသေးအဖွဲ ကိစ္စလေးတစ်ခုသာ ဖြစ်၏။
ရွှီယန်တွင် တကယ်ပင် ရောင်းချရန် အစီအစဉ် ရှိနေသည်။
သူက ပန်းရောင် ဖန်ရတနာပြောင်းဖူးကို သိမ်းထား၍လည်း ဘာမှ အသုံးမဝင်ချေ။
ထို့အပြင် သူက ပန်းရောင်ကို ခံစားချက် သိပ်မရှိဘဲ ပန်းရောင်ဖျော့ဖျော့မှ ဖြစ်ရမည်ဟုလည်း သတ်မှတ်မထားပေ။
'ပြောင်းဖူး တစ်ဖူးက ယွမ် သောင်းဂဏန်းလောက် ရောင်းရတယ်ဆိုတာ အတော်လေး အဓိပ္ပာယ်မရှိ ဖြစ်နေတာပဲ...'
'ရှေးဟောင်းပစ္စည်းဆိုင်တွေ ဒါမှမဟုတ် အလှဆင်ပြောင်းဖူး သီးသန့်ရောင်းတဲ့ သူတွေဆီ သွားရောင်းရင်တောင် ဒီဈေးထက် ပိုရမှာ မဟုတ်ဘူး...'
'အင်တာနက်က လူတွေနဲ့ အရောင်းအဝယ် လုပ်တာလည်း မဆိုးပါဘူး... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ ကိစ္စဆိုတော့ မျက်နှာချင်းဆိုင် အရောင်းအဝယ် လုပ်တာ အကောင်းဆုံးပဲ... တကယ်လို့ တစ်ဖက်လူက သဘောမကျရင်လည်း အဲဒီနေရာမှာတင် ရှင်းရှင်းလင်းလင်း ပြောလို့ရတယ်လေ...'
ရွှီယန် စိတ်ထဲမှ တွေးနေလိုက်၏။
သူက တကယ်ကို ရိုးသားလွန်းလှပေသည်။ အကယ်၍ အင်တာနက်သုံးစွဲသူများနှင့် အရောင်းအဝယ် လုပ်မည်ဆိုပါက ယွမ် သောင်းဂဏန်းလောက် တန်ဖိုးရှိသော အရေးကြီး ကိစ္စဖြစ်သဖြင့် အပြင်တွင် တွေ့ဆုံ အတည်ပြုရန် အမြဲတမ်း တွေးတောနေခြင်း ဖြစ်၏။
တကယ်တမ်းတွင် ပြောင်းဖူး ဝယ်ရန် ယွမ် သောင်းဂဏန်းခန့် အသုံးပြုနိုင်သူများက ဤငွေလေးကို ဂရုစိုက်မည် မဟုတ်ချေ။
သူတို့က ဝယ်သွားလျှင်တောင် နှစ်ရက်ခန့် ဆော့ကစားပြီးပါက ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်နိုင်သေး၏။
ဤအချိန်တွင် အင်တာနက်သုံးစွဲသူ တစ်ယောက်က မေးလိုက်သည်။
[ငါ အင်တာနက်မှာ ရှာကြည့်လိုက်တာ... အခွံမခွာရသေးတဲ့ ဖန်ရတနာပြောင်းဖူး သုံးဆယ်ကို ယွမ် သုံးဆယ်ပဲ ပေးရတယ်တဲ့... ဒီဈေးက မဆိုးပါဘူး... ဘာလို့ ဘယ်သူမှ မဝယ်ကြတာလဲ]
သူ၏ မေးခွန်းကို မြင်သောအခါ လူအတော်များများက ပြန်လည် ဖြေကြားလိုက်ကြ၏။
[အဲဒီ ပြောင်းဖူးတွေကို ဝယ်ဖူးတဲ့ သူတွေ ရှိတယ်... အကုန်လုံးက အာဟာရ မပြည့်ဝတာတွေချည်းပဲ... ပြောင်းဖူးစေ့တွေက တစ်စေ့နဲ့ တစ်စေ့ မကပ်နေဘဲ ရွဲ့စောင်းနေတာလေ]
[ဟုတ်တယ်... ဈေးပေါရင် ပစ္စည်းမကောင်းဘူး ဆိုတာ တကယ်ပဲ]
[မင်း အထူး အရည်အသွေးမြင့် ဖန်ရတနာပြောင်းဖူး သေးသေးလေးတွေ ရောင်းတဲ့ ဆိုင်ကို သွားရှာကြည့်... ဈေးနည်းနည်း ပိုကြီးပေမယ့် ထွက်လာတဲ့ ပြောင်းဖူးက ပိုကောင်းလိမ့်မယ်]
[အလကား ရမယ်လို့ လုံးဝ မတွေးနဲ့... ဒီခေတ်ကြီးမှာ အွန်လိုင်းကနေ ပစ္စည်းရောင်းတဲ့ သူတွေထဲမှာ အရူး တစ်ယောက်မှ မပါဘူး... တစ်ယောက်ထက် တစ်ယောက် ပိုပြီး ပါးနပ်ကြတာ... သူတို့က ဘယ်လိုလုပ် အရှုံးခံပါ့မလဲ]
အားလုံးက ဖန်ရတနာပြောင်းဖူး အပေါ် ပိုပိုပြီး စိတ်ဝင်စားလာကြ၏။
ရွှီယန်က အနည်းငယ် ဆက်လက် အခွံခွာနေသော်လည်း ဘာပစ္စည်းကောင်းမှ ထွက်မလာသည်ကို မြင်လိုက်ရသည်။
သို့သော် ဝန်ထမ်းများကတော့ တစ်ခါတစ်ရံတွင် ယွမ် ရာဂဏန်းခန့် ရောင်းရနိုင်သော အထူး အရည်အသွေးမြင့် အဆင့် နှစ်ဖူးခန့်ကို အခွံခွာမိတတ်ကြ၏။
ယွမ် ခုနစ်ရာ ရှစ်ရာခန့် ရောင်းရနိုင်သော အထူး အရည်အသွေးမြင့် အဆင့်များပင် ပါဝင်သေးသည်။
ရွှီယန်က အနည်းငယ် စိတ်ပျက်သွားပြန်၏။
'ဘာလို့ ပစ္စည်းကောင်း မထွက်လာပြန်တာလဲ'
ကံမကောင်းဘူးဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကံတရားက အံ့မခန်း ဖြစ်နေခြင်းပင်။ ယနေ့ သူ၏ ကံတရားက မျှော်လင့်မထားလောက်အောင် အလွန် ကောင်းမွန်နေ၏။
သူက နောက်ပြောင်းဖူးတစ်ဖူးကို ထပ်မံ အခွံခွာလိုက်ရာ တစ်ရောင်တည်း ဖြစ်နေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရပြီး ၎င်းမှာ ပန်းရောင်ဖျော့ဖျော့ ပြီးလျှင် ဒုတိယ အကောင်းဆုံး ဖြစ်သော ကောင်းကင်ပြာရောင်လေး ဖြစ်နေ၏။
"လခွမ်း..."
"ထပ်လာပြန်ပြီ..."
"နောက်ထပ် ရွှေရောင် ဒဏ္ဍာရီ တစ်ခု ထပ်ထွက်လာပြန်ပြီဟ..."
ရွှီယန် ကိုယ်တိုင်ပင် ကြောင်အမ်းသွားတော့သည်။
သူက ပြောင်းဖူးဖက်များကို အခွံခွာလိုက်ပြီး လက်ထဲရှိ ပြောင်းဖူးကို ပြသလိုက်၏။
ဤပြောင်းဖူးက တစ်ဖူးလုံး ကောင်းကင်ပြာရောင် အလင်းဖောက်နိုင်သော ပြောင်းဖူး တစ်ဖူးဖြစ်ပြီး ပြောင်းဖူးစေ့များက အလွန် ပြည့်ဖြိုးကာ အရောင်ကလည်း လှပလှပေသည်။
ထို့အပြင် တစ်ဖူးလုံး အရောင် တူညီနေပြီး အနည်းငယ်မျှသော အရောင် ကွာခြားချက်လေးသာ ရှိသဖြင့် ကြည့်ရသည်မှာ ပို၍ပင် ခမ်းနားလှပသော ခံစားချက်ကို ပေးစွမ်းနေ၏။
[လခွမ်း...]
ရွှီယန် မပြောနှင့် အင်တာနက်သုံးစွဲသူများ အားလုံးပင် ကြောင်အမ်းသွားကြတော့၏။
အချို့သူများက ဖန်ရတနာပြောင်းဖူးကို မြေဧက ဆယ်ဂဏန်းခန့် စိုက်ပျိုးပါက တစ်ရောင်တည်းရှိသော ပြောင်းဖူး တစ်ဖူးကို ရှာတွေ့နိုင်မည်ဟု မသေချာလှချေ။
သပ်သပ်ရပ်ရပ်နှင့် ညီညာပြီး ပြောင်းဖူးစေ့များ ပြည့်ဖြိုးနေသည့် အဖူးမျိုးပင် မရှိတတ်ပေ။ မတော်တဆ ဖြစ်နိုင်ခြေက အလွန် ကြီးမားလွန်းလှ၏။
ရွှီယန်ကတော့ တကယ်ကို အံ့မခန်းပင်။
ပန်းရောင်ဖျော့ဖျော့ တစ်ဖူး စိုက်ပျိုးနိုင်ရုံသာမက ကောင်းကင်ပြာရောင် တစ်ဖူးကိုပါ ရရှိလိုက်သေးသည်။
ထိုအရာက သူ၏ မှန်လုံအိမ်ထဲရှိ မြေဧက တစ်ဝက်ခန့်မှ ထွက်ရှိလာခြင်းပင် ဖြစ်၏။
ကံကောင်းလွန်းသဖြင့် လူများကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားစေတော့သည်။
'မဖြစ်နိုင်ဘူး... ဒါက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ရဲ့ အပို အကျိုးသက်ရောက်မှုများလား...'
ရွှီယန် စိတ်ထဲမှ အလွန် အံ့အားသင့်သွားမိ၏။
သို့သော် မည်သို့ပင်ဖြစ်စေ ရလဒ်ကတော့ ကောင်းမွန်လှပေသည်။
သူက ပြည့်စုံလွန်းသော ပြောင်းဖူး တစ်ဖူးကို ထပ်မံ ရရှိခဲ့ပြန်ပြီ ဖြစ်၏။
"တစ်စုံတောင် ပြည့်သွားပြီ..."
ရွှီယန်က အနည်းငယ်သာ ကျန်ရှိတော့သော အခွံမခွာရသေးသည့် ပြောင်းဖူးများကို ကြည့်ကာ ပြုံးရင်း ညည်းတွားလိုက်သည်။
[လောင်ရွှီ... အဲဒါ အတုကြီးလို့ ငါ့ကို မြန်မြန် ပြောလိုက်စမ်း... အဲဒါ အတုဖြစ်ရမယ်...]
[လိုက်ဖ်လွှင့်သူရေ... မင်း ငါ့ကို နောက်နေတာလား...]
[ငါက အလှဆင်ပြောင်းဖူး အရောင်းအဝယ် လုပ်တဲ့သူပါ... သူငယ်ချင်း တစ်ယောက်က ညွှန်းလို့ သူ့လိုက်ဖ်ကို လာကြည့်တာ... အခုတော့ အားကျလွန်းလို့ လက်တွေတောင် တုန်နေပြီ...]
[ဒီလူက သေချာပေါက် အကူအညီ သုံးထားတာပဲ...]
[လခွမ်း... ဒီကံတရားက တကယ်ကို အံမခန်းပဲ...]
ကွန်မန့်များက ချက်ချင်းပင် ပွက်လောရိုက်သွားတော့၏။
ရွှီယန်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ ကံတရားက တကယ်ကို ကောင်းနေတာပဲ... ကျွန်တော်လည်း မမျှော်လင့်ထားဘူး..."
"တော်တော်လေး အဓိပ္ပာယ်မရှိ ဖြစ်နေတာ..."
ဝန်ထမ်းများ အားလုံးကလည်း အနားသို့ တိုးလာပြီး ကြည့်ရှုကြကာ အားလုံးက အဆက်မပြတ် ချီးကျူးနေကြတော့၏။
ထို့နောက် သူတို့က ကျန်ရှိနေသော ပြောင်းဖူးများကို အားလုံး အခွံခွာလိုက်ကြသည်။ ဤတစ်ကြိမ်တွင်တော့ ထူးထူးခြားခြား ကောင်းမွန်သော ပြောင်းဖူးများ ထပ်မထွက်လာတော့ချေ။
ယေဘုယျအားဖြင့် ကြည့်မည်ဆိုပါက မဆိုးလှပေ။
အပြင်ပန်းပုံစံ အထူးကောင်းမွန်သော ပြောင်းဖူး အဖူးနှစ်ဆယ်ခန့် ရှိပြီး အထူးသဖြင့် ရွှီယန် အခွံခွာလိုက်သော ဤနှစ်ဖူးကတော့ အံ့မခန်းလောက်အောင် ကောင်းမွန်လွန်းလှ၏။
ပြောင်းဖူးခင်းအတွက် ရင်းနှီးမြှုပ်နှံမှု အားလုံးက အပြည့်အဝ အရင်းကျေသွားပြီ ဖြစ်သည်။
ထို့အပြင် အမြတ်ကြီး မြတ်သွားခြင်းပင် ဖြစ်၏။
မူလက ရှုံးမည့် အရောင်းအဝယ်ဟု ထင်မှတ်ထားခဲ့သော်လည်း ကံတရားကို အသုံးပြုကာ အခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
'နောက်တစ်ခုက ဘယ်လို ရောင်းမလဲဆိုတာ စဉ်းစားရမယ်... ဒီပြောင်းဖူး ဆယ်ဖူးကျော်လေးနဲ့ အလှဆင်ပစ္စည်း ကုန်သည်တွေကို သွားရှာဖို့က တန်မှာ မဟုတ်ဘူး...'
'ငါ အရင်ဆုံး လက်မှုပစ္စည်းဆိုင် တစ်ဆိုင်ကို ဆက်သွယ်ပြီး ဒီပြောင်းဖူးတွေကို အကုန်လုံး အချောသတ်ပြီး ဒီဇိုင်းလုပ်ခိုင်းရမယ်...'
'သေချာတာပေါ့... ငါ ရှာတွေ့ခဲ့တဲ့ ဒီပန်းရောင်လေးနဲ့ အပြာရောင်လေး နှစ်ဖူးကလွဲရင်ပေါ့...'
ရွှီယန်က စိတ်ထဲမှ တွက်ချက်နေလိုက်၏။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ချက်ချင်း စိတ်ဝင်စားလာကြတော့သည်။
[လောင်ရွှီ... လင့်ခ်သာ တိုက်ရိုက် တင်လိုက်ပါတော့...]
[ငါ့အကြံပြုချက်ကတော့ မဲဖောက်ပေးတာ ပိုကောင်းမယ်...]
[မဲဖောက်ပေး... မဲဖောက်ပေး... မဲဖောက်ပေး...]
[လောင်ရွှီ ကတော့ မူလရည်ရွယ်ချက်ကို မမေ့သေးဘူးပဲ... အရင်တုန်းက ဘယ်သူမှ သိပ်မကြည့်တဲ့ လိုက်ဖ်လွှင့်သူ အသေးလေး ဘဝတုန်းကလည်း မဲဖောက်တာတွေ မလုပ်ခဲ့ဘူး... အခု လူသောင်းချီ ကြည့်နေတဲ့ လိုက်ဖ်လွှင့်သူ အကြီးကြီး ဖြစ်နေတာတောင် မဲဖောက်တာတွေ မလုပ်သေးဘူးပဲ]
ရွှီယန်က တိုက်တိုက်ဆိုင်ဆိုင် ထိုကွန်မန့်များကို မြင်လိုက်ရ၏။ သူက ပြုံးရင်း ပြန်လည် ဖြေကြားလိုက်သည်။
"အကျိုးအကြောင်း ဆီလျော်အောင် ပြောရရင် လယ်ယာခြံဝင်းရဲ့ နေ့စဉ်ဘဝတွေ လိုက်ဖ်လွှင့်ချိန်မှာ လက်ဆောင်ပေးတဲ့ လမ်းကြောင်း ဖွင့်ထားတာကလွဲရင် ပုံမှန် တောင်ပေါ်တက်တဲ့ အချိန်တွေမှာတော့ လက်ဆောင်ပေးတာကို ပိတ်ထားလေ့ရှိတယ်လေ... အဲဒါကြောင့် လက်ဆောင်က ရတဲ့ ဝင်ငွေက နှိုင်းယှဉ်ကြည့်ရင် တော်တော်လေး နည်းပါသေးတယ်..."
"ဒါပေမဲ့ အားလုံးက ဒီလောက်တောင် ပြောနေမှတော့..."
"ကျွန်တော် တန်ဖိုး ယွမ် တစ်ရာ နှစ်ရာလောက် ရှိတဲ့ ပြောင်းဖူး ဆယ်ဖူးလောက် ရွေးပြီး အင်တာနက်သုံးစွဲသူတွေကို မဲဖောက်ပေးလိုက်ပါမယ်..."
"လက်မှုပစ္စည်းဆိုင်မှာ သွားလုပ်ခိုင်းပြီး လုပ်ပြီးတာနဲ့ မဲဖောက်ပေးမယ်လေ..."
"ပြီးတော့ တန်ဖိုး ယွမ် ဆယ်ဂဏန်းလောက် ရှိပြီး အပြင်ပန်းပုံစံ မဆိုးတဲ့ ပြောင်းဖူးသေးသေးလေးတွေ တစ်ပုံကြီးလည်း ရှိသေးတယ်... အဲဒါတွေကိုလည်း အချောသတ် လုပ်ခိုင်းလိုက်လို့ ရတယ်..."
"အချိန်ကျရင် အားလုံးကို အလကား မဲဖောက်ပေးမယ်..."
သူ၏ စကားကို ကြားသောအခါ ပရိသတ်များ အားလုံးက အနည်းငယ် ကြောင်အမ်းသွားကြ၏။
ဘာ... လောင်ရွှီ က မဲဖောက်ပေးတော့မယ် ဟုတ်လား...
အခြား လိုက်ဖ်လွှင့်သူ အကြီးကြီးများက တစ်ညတည်းနှင့် ယွမ် သိန်းချီ၍ မဲဖောက်ပေးတတ်ကြသည်ကို သိထားရမည် ဖြစ်သည်။
သေချာသည်မှာ သူတို့က လိုက်ဖ်လွှင့်ခြင်းမှတစ်ဆင့် ပို၍ အများအပြား ရှာဖွေနိုင်ကြခြင်း ဖြစ်၏။
ရွှီယန်ကတော့ ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးချေ။
[ငါ အကြားအာရုံ မှားနေတာ မဟုတ်ပါဘူးနော်... လောင်ရွှီ က မဲဖောက်ပေးမယ်လို့ ပြောလိုက်တာပဲ...]
[သံမဏိသစ်ပင်ကြီး ပန်းပွင့်လာတာလား...]
[ဟားဟားဟား... သူ့ဆီက ပစ္စည်း နည်းနည်း ထွက်လာဖို့ဆိုတာ မလွယ်ဘူးနော်...]
အားလုံးက အသီးသီး နောက်ပြောင်လိုက်ကြသည်။
တကယ်တမ်းတွင် ရွှီယန်က နှမြောတွန့်တိုတတ်သူ တစ်ယောက် မဟုတ်ပေ။
သို့သော် အင်တာနက်ပေါ်မှ အကျိုးအမြတ်များကို သိပ်ပြီး ဂရုမစိုက်သဖြင့် မည်သို့ စီမံခန့်ခွဲရမည်ကို သိပ်မလုပ်ဆောင်ခြင်းသာ ဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့် သူက အတော်လေး သဘောထားကြီးပြီး လူများအပေါ်တွင်လည်း ကောင်းမွန်ကာ လယ်ယာခြံဝင်းမှ ဝန်ထမ်းများက အသိဆုံးပင် ဖြစ်သည်။
ပြောင်းဖူး ဆယ်ဖူးလုံးကို ယွမ် နှစ်ရာနှုန်းဖြင့် တွက်မည်ဆိုလျှင်တောင် လက်မှုပစ္စည်း လုပ်အားခပါ ပေါင်းလိုက်ပါက ယွမ် နှစ်ထောင့်ငါးရာ ထက်တော့ ကျော်လွန်သွားမည် မဟုတ်ချေ။
ကြီးမားသော ငွေကြေး မဟုတ်သဖြင့် မဲဖောက်ချင်လည်း ဖောက်ပေးလိုက်မည်သာ။
ပန်းရောင်လေးနှင့် အပြာရောင်လေး ပြောင်းဖူး နှစ်ဖူးကသာ သူ ပိုက်ဆံရှာမည့် အဓိက အရင်းအမြစ်ပင် ဖြစ်၏။
"ဒါတွေကို ရှင်းလင်းလိုက်ကြ... မီးရှို့လို့ ရတာတွေကို ညဘက်ကျရင် မီးရှို့လိုက်..."
"နောက်နှစ်ရက်လောက်နေရင် မှန်လုံအိမ်ထဲက ပြောင်းဖူးရိုးတံတွေကို အကုန် ရှင်းပစ်ပြီး တခြားဟာ တစ်ခုခု စိုက်ဖို့ ပြင်ထားရမယ်..."
ရွှီယန်က ဝန်ထမ်းများကို အလုပ်များ ထပ်မံ ခိုင်းစေလိုက်၏။
မြေကြီးပေါ်တွင် အနည်းငယ် ရှုပ်ပွနေ၏။
သူတို့ သုံးယောက်က အလုပ်များကို ခွဲဝေ လုပ်ဆောင်ကြကာ တံမြက်လှည်းသူက လှည်း... လက်တွန်းလှည်း တွန်းသူက တွန်းနှင့် သိမ်းဆည်းသူက သိမ်းဆည်းကြသည်။
သိပ်မကြာခင်မှာပင် မြေကြီးပေါ်တွင် သန့်ရှင်းသပ်ရပ်သွားတော့၏။