အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) ပြောင်းဖူး ဈေးနှုန်းနဲ့ မျှော်လင့်မထားတဲ့ စွမ်းရည် ဆုလာဘ်
ရွှီယန်က ပြောင်းဖူးများကို လက်မှုပစ္စည်းဆိုင်သို့ သွားရောက်အပ်နှံလိုက်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဖန်ရတနာပြောင်းဖူးများတွင် သော့ချိတ်လေးများ တပ်ဆင်ပေးရန် ဖြစ်ပြီး ဤသို့ဆိုလျှင် လက်ညိုးတွင် ချိတ်ဆွဲကာ ပြောင်းဖူးကို လက်ထဲတွင် ပွတ်သပ်ဆော့ကစား၍ ရမည် ဖြစ်၏။
ထူးဆန်းသည်မှာ အလှဆင်ပြောင်းဖူးများ ဆော့ကစားသည့် မိန်းကလေး အများအပြား ရှိနေပြီး သူတို့က ဤအရာအပေါ် အလွန် စိတ်ဝင်စားကြခြင်းပင်။
ထို့ကြောင့် ဤပြောင်းဖူးများက အတော်လေး လူကြိုက်များလှပေသည်။
"တကယ်တော့ ရောင်းချင်ရင်လည်း လွယ်ကူပါတယ်... ဒီပစ္စည်းတွေက အတော်လေး လှတော့ ကစားစရာလေး တစ်ခုလိုမျိုး သုံးလို့ရတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံ နည်းနည်းပါးပါးတော့ ရနိုင်တာပါပဲ..."
ရွှီယန်က အချောသတ်ထားသော ဖန်ရတနာပြောင်းဖူးများကို ရရှိပြီးနောက် တွက်ချက်နေလိုက်၏။
အထူး အရည်အသွေးမြင့် အဆင့် ဆယ့်ရှစ်ဖူး... ဆယ့်ကိုးဖူးခန့် ပါဝင်ပြီး အချို့က ယွမ် တစ်ရာ နှစ်ရာခန့် ရောင်းရနိုင်ကာ အချို့က ယွမ် ခုနစ်ရာ ရှစ်ရာခန့် တန်ဖိုးရှိပြီး နောက်ထပ် ကောင်းမွန်သော နှစ်ဖူးကတော့ ယွမ် တစ်ထောင် ဝန်းကျင်ခန့် ရောင်းရနိုင်ပေသည်။
ကျန်ရှိနေသော အဖူး ငါးဆယ် ခြောက်ဆယ်ခန့်ကတော့ အရောင် သိပ်မညီညာသော်လည်း အပြင်ပန်းပုံစံက ပြဿနာ မရှိဘဲ ကိုင်ကြည့်ရသည်မှာလည်း အလွန် ကောင်းမွန်လှ၏။
အခြား တစ်ချက်အနေဖြင့် ရွှီယန်၏ လက်ထဲတွင် အမှန်တကယ် တန်ဖိုးရှိသော ရတနာ နှစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
ရှောင်ဖန်း နှင့် ရှောင်လန် တို့ပင်။
သေချာ လေ့လာကြည့်ပြီးနောက်မှသာ ပန်းရောင်စစ်စစ်နှင့် အပြာရောင်စစ်စစ်တို့မှာ အလွန် ရှားပါးကြောင်းကို ရွှီယန် သိရှိသွားခဲ့၏။
အထူးသဖြင့် အရောင်ကွာခြားချက် အလွန် နည်းပါးသည့် အဖူးများပင် ဖြစ်သည်။
ယခင်ကလည်း တစ်ဖူးလုံး ပန်းရောင်ဖြစ်နေသော ဖန်ရတနာပြောင်းဖူးများ ထွက်ပေါ်ဖူးသော်လည်း ပန်းရောင်က သိပ်မညီညာဘဲ ပန်းရောင်ရင့်ရင့် ပြောင်းဖူးစေ့ အချို့နှင့် အနည်းငယ် ရင့်နေသော ပြောင်းဖူးစေ့ အချို့ ရောနှော ပါဝင်နေသဖြင့် သေချာ ကြည့်ပါက အနည်းငယ် ရှုပ်ပွနေတတ်၏။
သို့သော် ယေဘုယျအားဖြင့် ကြည့်မည်ဆိုပါကတော့ လှပနေဆဲပင်။
ရွှီယန် လက်ထဲရှိ ဤနှစ်ဖူးကတော့ ဖီးလ်တာ ခံထားသကဲ့သို့ပင် ဖြစ်၏။
အရောင်များ တောက်ပနေပြီး အလင်းရောင်များ ဖြာထွက်နေသည်။
ဤနှစ်ရက်အတွင်း သူက အင်တာနက်ပေါ်မှ ဝယ်လက်များနှင့် ဆက်သွယ်နေခဲ့၏။
မပြောနှင့်တော့ ဈေးခေါ်သူများက ပိုပိုပြီး များပြားလာကာ အချို့က ယွမ် ငါးသောင်း အထိတောင် ဈေးခေါ်လာကြသည်။
ရွှီယန်ပင် ဘာပြောရမှန်း မသိတော့ချေ။
'ဟင်... ပြောင်းဖူး တစ်ဖူးကို ယွမ် ငါးသောင်း ဟုတ်လား... ရူးနေကြတာလား... ဘယ်သူက ပြောင်းဖူးကို ဒီလို ဈေးမျိုးနဲ့ ရောင်းတာလဲ...'
အကယ်၍ ဤကိစ္စကိုသာ အခြားသူများ သိသွားပါက အားလုံးက ဖန်ရတနာပြောင်းဖူးများကို အလုအယက် စိုက်ပျိုးကြမည်သာ။
ရှားပါးလေ တန်ဖိုးကြီးလေပင် ဖြစ်၏။ တကယ်တမ်းတွင် ဖန်ရတနာပြောင်းဖူး စိုက်ပျိုးသူများ အများအပြား ရှိသော်လည်း ဤကဲ့သို့သော အကောင်းဆုံး အဆင့်ထဲမှ အကောင်းဆုံး အဆင့်များကို စိုက်ပျိုးနိုင်သူ ဆိုသည်မှာ လုံးဝနီးပါး မရှိသလောက်ပင်။
ထို့ကြောင့် ဈေးပိုကြီးနေခြင်း ဖြစ်၏။
အခြား အကြောင်းရင်း တစ်ခုကတော့ ရွှီယန် ပြောင်းဖူး အခွံခွာသည့် ဗီဒီယိုက လူကြိုက်များမှု စာရင်းထဲ ရောက်သွားခြင်းကြောင့် ဖြစ်သည်။
လူကြိုက်များမှု စာရင်းထဲ မရောက်သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်၏။
ယခင်က ကျားကို နို့တိုက်ခြင်း... ဝက်ဝံနက်နှင့် ဆော့ကစားခြင်း တို့ဖြင့်သာ လူကြိုက်များမှု စာရင်းထဲတွင် ခဏမျှ ပါဝင်ခဲ့ဖူးသည်။
ယခုတော့ ပန်းရောင်ဖျော့ဖျော့ ဖန်ရတနာပြောင်းဖူးလေး အခွံခွာလိုက်သည်နှင့် လူကြိုက်များမှု စာရင်းထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ရှာဖွေရေး အကွက်ထဲတွင် မီးတောက်ပုံလေး ပါဝင်သော စာတန်းလေးတစ်ခုပင် တိုးလာခဲ့သေးသည်။
[လယ်ယာခြံဝင်း ပိုင်ရှင် ရွှီ အထူး အရည်အသွေးမြင့် ဖန်ရတနာပြောင်းဖူး အခွံခွာမိ]
လူအတော်များများက ထိုစာတန်းလေးကို နှိပ်ဝင်ကြည့်လိုက်ပါက ရွှီယန် ပြောင်းဖူး အခွံခွာနေသည့် ဗီဒီယိုကို မြင်တွေ့ရမည် ဖြစ်၏။
ပန်းရောင် ပြောင်းဖူးလေးက တကယ်ကို လှပလွန်းလှပေသည်။
အစားအစာ တစ်ခုက ဤကဲ့သို့ ပုံစံမျိုး ဖြစ်လာပြီးနောက် စားကောင်းမကောင်း ဆိုသည်က အရေးမကြီးတော့ချေ။
ဤကမ္ဘာကြီးက အပြင်ပန်းပုံစံကို အဓိကထားသော ကမ္ဘာကြီး ဖြစ်၏။ ကြောင်လေးများက လှပသဖြင့် အမြဲတမ်း ပြုစုစောင့်ရှောက်မည့် သခင်များ ရှိနေတတ်ပြီး ပန်ဒါ အတော်များများကလည်း ယခုအခါ နာမည်ကြီး ကြယ်ပွင့်များ ဖြစ်နေကြပြီ မဟုတ်ပါလား။
'အပြင်ပန်းပုံစံ ကောင်းတာက အဓိကပဲလေ...'
ပန်းရောင်ပြောင်းဖူးလေးက လူအများ၏ မိန်းမပျိုလေး နှလုံးသားများကို ဆွဲဆောင်သွားခဲ့၏။
လူအများအပြားက ကွန်မန့်များတွင် ဝင်ရောက် ရေးသားကြသည်။
[ဒါက တကယ်လား အတုလား... ပြောင်းဖူးက ဒီလိုပုံစံမျိုး ရှိတာလား... လက်မှုပစ္စည်း ဖြစ်ရမယ်...]
[ငါလည်း ပြောင်းဖူးလို့ မထင်ဘူး... ဒီအရာက ရတနာ တစ်ပါးနဲ့ တူနေတယ်...]
[ဒါက တကယ်ကို လှလွန်းတယ်...]
[ဒါက ဖန်ရတနာပြောင်းဖူးပါ... ဒါပေမဲ့ ဒီလိုက်ဖ်လွှင့်သူ အခွံခွာလိုက်တာက အကောင်းဆုံး အဆင့်ထဲက အကောင်းဆုံး အဆင့်လေ...]
[အစိတ်နာဆုံးက သူက နှစ်ဖူးတောင် အခွံခွာမိသွားတာပဲ... ဖန်ရတနာပြောင်းဖူး စိုက်တဲ့ သူတွေတော့ အားကျလွန်းလို့ သေချင်နေလောက်ပြီ...]
[တကယ်ပြောတာ... သူ မလိုချင်တဲ့ အဲဒီ ပြောင်းဖူး အပုံကြီးကိုတောင် ငါ ဝယ်ချင်နေပြီ... အကုန်လုံးကို မျိုးစေ့လုပ်ပြီး စိုက်လိုက်ရင် ပစ္စည်းကောင်း ထွက်လာမလားလို့...]
[ဒီတစ်ခေါက်တော့ တကယ် ချမ်းသာသွားပြီပဲ...]
ကွန်မန့်များက အလွန် စည်ကားနေ၏။
လယ်ယာခြံဝင်းတွင် ပြောင်းဖူး စိုက်ပျိုးသည့် ကိစ္စလေးက အင်တာနက်ပေါ်တွင် လူကြိုက်များသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။
ပြောင်းဖူး နှစ်ဖူး၏ ဈေးနှုန်းကလည်း အဆက်မပြတ် မြင့်တက်လာခဲ့၏။
အဓိကမှာ ပိုက်ဆံရှိသူများက အလွန် များပြားလွန်းနေခြင်းကြောင့်ပင်။
ဤနှစ်ရက်အတွင်း ရွှီယန်၏ အကောင့်နောက်ကွယ်မှ မက်ဆေ့ချ်များကလည်း ပေါက်ကွဲလုမတတ် ဖြစ်နေ၏။
အားလုံးက သူ၏ ပြောင်းဖူးများကို လာဝယ်ချင်ကြသူများချည်းသာ ဖြစ်သည်။
အပြင်ပန်းပုံစံ သိပ်မကောင်းသော ပြောင်းဖူးများကိုပင် ဝယ်ချင်ကြသေး၏။
"ဟင်... ဒီပြောင်းဖူးတွေက ဘာအသုံးဝင်လို့လဲ... သာမန် ဖန်ရတနာပြောင်းဖူးတွေပဲလေ... မျိုးစေ့ ထုတ်လုပ်ပြီးရင်တောင် ဘာတွေ ပေါက်လာမလဲ ဆိုတာက ကံတရားအပေါ် အပြည့်အဝ မူတည်နေတာကို..."
ရွှီယန်က မက်ဆေ့ချ်များကို ကြည့်ရင်း အနည်းငယ် ထူးဆန်းနေမိသည်။
တဖြည်းဖြည်းနှင့် ဤလူများ၏ အတွေးများကို သူ နားလည်လာခဲ့၏။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ အောင်မြင်မှုကို အတုခိုးချင်ကြခြင်းပင် ဖြစ်သည်။
'ဒါက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး... ငါ့ရဲ့ သာမန်ပြောင်းဖူးတွေကို ဝယ်သွားတဲ့ သူတွေက သေချာပေါက် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားနေကြမှာပဲ... ဒါမှမဟုတ် လောဘတွေပေါ့...'
'တကယ်လို့ မျိုးစေ့တွေကို ဝယ်ပြီး စိုက်လိုက်လို့ ပြောင်းဖူးကောင်းတွေ မထွက်လာရင် ငါ့အပေါ် အပြစ်ပုံချလာနိုင်တယ်... လူမုန်းများ ခံရလိမ့်မယ်...'
ရွှီယန်က လူ့သဘာဝကို အတော်လေး နားလည်ထားသူ ဖြစ်၏။
ဤကဲ့သို့သော ဥပမာများက အလွန် များပြားလွန်းလှပေသည်။
အပြင်ပန်းပုံစံ ကောင်းမွန်သော ပြောင်းဖူးများ စိုက်ပျိုးနိုင်ခြင်းမှာ မျိုးစေ့က တစ်ပိုင်းဖြစ်ပြီး ပတ်ဝန်းကျင်က နောက်ထပ် တစ်ပိုင်းဖြစ်ကြောင်း ရွှီယန် အလွန် ရှင်းလင်းစွာ သိရှိထား၏။
မြေဆီလွှာ၏ အာဟာရ... ရာသီဥတု အခြေအနေ... ရေဓာတ်နှင့် အလင်းရောင် အားလုံးက ပြောင်းဖူး၏ နောက်ဆုံး ပုံသဏ္ဌာန်အပေါ် သက်ရောက်မှု ရှိပေသည်။
အနည်းငယ် ဂရုမစိုက်မိပါက ပြောင်းဖူးများက အာဟာရ မပြည့်ဝဘဲ ဤမျှလောက် ပြည့်ဖြိုးနေမည် မဟုတ်ချေ။
'ငါ ဖန်ရတနာပြောင်းဖူးတွေ အခွံခွာမိတာကို မြင်ပြီး လူတော်တော်များများက မျက်စိကျနေကြမှာ သေချာတယ်... ဒါပေမဲ့ ပြောင်းဖူးကောင်းတွေ စိုက်ဖို့ဆိုတာ နေ့ချင်းညချင်း ဖြစ်လာတဲ့ ကိစ္စ မဟုတ်ဘူးလေ... အဲဒါကြောင့် ပြောင်းဖူး မျိုးစေ့ ရောင်းတဲ့ ကိစ္စကိုတော့ လက်လျှော့လိုက်တာ ကောင်းမယ်...'
ရွှီယန်က ဆုံးဖြတ်ချက် ချလိုက်၏။
ထိုနေ့ညတွင် ရွှီယန်က လိုက်ဖ်ထဲ၌ မဲဖောက်သည့် အစီအစဉ် လုပ်ခဲ့ပြီး လူသုံးဆယ်ကို မဲဖောက်ကာ ဖန်ရတနာပြောင်းဖူးများ ပေးခဲ့သည်။
မဲဖောက်ရန် သတ်မှတ်ချက်က သူ၏ အကောင့်ကို ဖော်လို လုပ်ထားသူများသာ ဖြစ်ပြီး ဘာလက်ဆောင်မှ ပေးစရာ မလိုချေ။
ဤသို့ လုပ်လိုက်သဖြင့် တစ်ညတည်းနှင့် ဖော်လိုဝါ သုံးသိန်းကျော် တိုးလာခဲ့၏။
အလကား လာယူချင်သူများက အလွန် များပြားလွန်းလှပေသည်။
ပြောင်းဖူးများကို ကျပန်း ပေးပို့သွားမည်ဖြစ်ပြီး အများစုက တန်ဖိုး ယွမ် ဆယ်ဂဏန်းခန့်ရှိသော အလှဆင်ပစ္စည်းလေးများ ဖြစ်ကာ ယွမ် ရာကျော်တန်ဖိုးရှိသော အထူး အရည်အသွေးမြင့် အဆင့် ပြောင်းဖူး အနည်းငယ်လည်း ပါဝင်၏။
ရွှီယန်က အချောသတ်ထားသော ဖန်ရတနာပြောင်းဖူး အချို့ကို ချန်ထားသေးပြီး နောက်ပိုင်းတွင် တစ်ခုခု ရှိလာပါက မဲဖောက်ပေးနိုင်သေးသည်။
ရှောင်ဖန်း နှင့် ရှောင်လန် ကို ဝယ်ချင်သူများက အလွန် များပြားလှ၏။
နောက်ဆုံးတွင် ရွှီယန်က ဝယ်လက် နှစ်ယောက်နှင့် သဘောတူညီမှု ရရှိခဲ့ပြီး တစ်ဖက်လူက လယ်ယာခြံဝင်းသို့ တိုက်ရိုက် လာရောက်ကာ မျက်နှာချင်းဆိုင် အရောင်းအဝယ် လုပ်မည် ဖြစ်သည်။
ရှောင်ဖန်း က ယွမ် ငါးသောင်း ရရှိခဲ့ပြီး ရှောင်လန် က ယွမ် သုံးသောင်း ရရှိခဲ့၏။
အလွန် အဓိပ္ပာယ်မရှိဖြစ်နေသော ဈေးနှုန်းပင်။
မည်သို့ပင်ဖြစ်စေ ဤအရာက ပြောင်းဖူး တစ်ဖူးသာ ဖြစ်သည် မဟုတ်ပါလား။
ရွှီယန်အတွက်တော့ ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်၏။
သူ ရောင်းချလိုက်သူ တစ်ယောက်က အလွန် နှိမ့်ချစွာ နေထိုင်တတ်သော စုဆောင်းသူ တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဖန်ရတနာပြောင်းဖူး များကို အထူး သဘောကျသော သူဌေးသမီး တစ်ယောက်ဖြစ်ကာ ကိုယ်တိုင်လည်း ဖန်ရတနာပြောင်းဖူး များစွာကို ပိုင်ဆိုင်ထား၏။
ဤသို့ဆိုလျှင် အကောင်းဆုံးပင် ဖြစ်သည်။ ကြားပွဲစားများထံသို့ မရောင်းရသရွေ့ အရောင်းအဝယ်က ယုတ္တိတန်နေမည်သာ ဖြစ်၏။
သူက ယွမ် ငါးသောင်းဖြင့် ရောင်းလိုက်ပြီး တစ်ဖက်လူက ယွမ် တစ်သိန်းဖြင့် ပြန်လည် ဈေးကစားသွားမည်ကိုသာ အစိုးရိမ်ဆုံး ဖြစ်ပေသည်။
သေချာသည်မှာ ဤသည်ကလည်း အရည်အချင်း တစ်ခုပင် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ အထူး အရည်အသွေးမြင့် ဖန်ရတနာပြောင်းဖူးများကလည်း ယွမ် ထောင်ဂဏန်းခန့်သာ တန်ဖိုးရှိပြီး ရွှီယန်၏ ဤနှစ်ဖူးကတော့ အတော်လေး ရူးကြောင်ကြောင် နိုင်လွန်းနေပြီ ဖြစ်သည်။
'ပြောင်းဖူးခင်း မြေဧက တစ်ဝက်က ယွမ် ရှစ်သောင်း မြတ်သွားတာ တကယ် မထင်ထားဘူး... အရင်းကျေရင်ပဲ တော်ပြီလို့ ထင်နေတာ...'
ရွှီယန် ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေမိ၏။
ကံတရား ရောက်လာပါက တား၍ပင် မရနိုင်ချေ။
'ဒါပေမဲ့ အဲဒီ ပြောင်းဖူး နှစ်ဖူးက တကယ်ကို လှတာပါ... အလွန် ရှားပါးတယ်လေ... ငါ ကိုယ်တိုင်လည်း တော်တော် သဘောကျတယ်...'
'ဒါပေမဲ့ လယ်ယာခြံဝင်းကို လည်ပတ်နေတာ ဆိုတော့ ပိုက်ဆံရှာဖို့က အရေးအကြီးဆုံးပဲလေ... နောက်နှစ်ကျရင် ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ရမှာ ဆိုတော့ အရင်ဆုံး ပိုက်ဆံရှာထားဖို့က အရေးကြီးတယ်...'
ရွှီယန် စိတ်ထဲမှ တွေးတောနေမိ၏။
ဤအချိန်ကာလလေးက အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ထိုအတောအတွင်း သူက တောင်ပေါ်သို့ တစ်ခေါက် တက်ကာ ရတနာရှာဖွေရေး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။
တာဝန်က အလွန် ရိုးရှင်းလှပြီး ချောက်နက်ထဲသို့ ကျနေသော ဖြူကောင်လေး တစ်ကောင်ကို ကယ်တင်ရန်သာ ဖြစ်၏။
ဖြူကောင်လေးက ချောက်နက်ထဲသို့ ကျသွားပြီး အပေါ်သို့ မတက်နိုင်တော့သဖြင့် ရွှီယန်က အောက်သို့ ခုန်ဆင်းကာ ဆယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
ရရှိသော ဆုလာဘ်ကတော့ သာမန် စွမ်းရည် တစ်ခုဖြစ်သော သိုးမွေးထိုး ကျွမ်းကျင်မှု ပင် ဖြစ်၏။
ထိုဆုလာဘ်ကို ကြားလိုက်ရချိန်တွင် ရွှီယန် တစ်ယောက်လုံး ကြောင်အမ်းသွားတော့သည်။
'ဘာ... သိုးမွေးထိုး ကျွမ်းကျင်မှု ဟုတ်လား... ငါက ဒါကြီးကို ဘာလုပ်ရမှာလဲ... ရွာထိပ်က အဒေါ်ကြီးတွေနဲ့ သွားပြီး သိုးမွေး သွားထိုးရမှာလား...'
ထို့အပြင် ရွှီယန်က အသေအချာ လေ့လာကြည့်လိုက်ရာ ဤစွမ်းရည်က သိုးမွေးထိုးခြင်း တစ်ခုတည်း အတွက်သာ ဖြစ်ကြောင်း သိလိုက်ရ၏။
ပန်းထိုးခြင်း ကဲ့သို့သော ရိုးရာ လက်မှုပညာရပ်များနှင့် ဘာမှ မသက်ဆိုင်ချေ။
"ဘယ်ခေတ် ရောက်နေပြီလဲ... သိုးမွေး အင်္ကျီ တစ်ထည်က ဘယ်လောက်တောင် ပေးရလို့လဲ... ငါ့မှာ ဒါလုပ်ဖို့ အချိန်ရှိလို့လား..."
ရွှီယန် အလွန် စိတ်ပျက်သွားမိ၏။
သို့သော်လည်း ပြဿနာ မရှိပေ။
မည်သို့ပင်ဖြစ်စေ ဖြူကောင်လေးကို ကယ်တင်ရခြင်းက ကောင်းမွန်သော ကိစ္စရပ် တစ်ခုပင် မဟုတ်ပါလား။
ဆုလာဘ် မရလျှင်တောင် ဖြူကောင်လေး တစ်ကောင် ချောက်နက်ထဲ ကျနေကြောင်းကို စနစ်က အသိပေးပါက ရွှီယန် သွားရောက် ကယ်တင်မည်သာ ဖြစ်၏။
ဤသည်က စစ်မှန်သော သနားကြင်နာစိတ်ပင် ဖြစ်သည်။
ဘဝက အမြဲတမ်း သာယာနေ၏။
ပြောင်းဖူးရောင်းသည့် ကိစ္စဖြင့် ရက်အတော်ကြာ အလုပ်ရှုပ်သွားပြီး နေ့တိုင်း ဖုန်းထဲမှ မက်ဆေ့ချ်များကို ကြည့်ကာ တစ်ဖက်လူ၏ အခြေအနေများကို လေ့လာနေခဲ့ရသည်။
နောက်ဆုံးတွင်တော့ ယုံကြည်ရသော ဝယ်လက် နှစ်ယောက်ကို ရှာတွေ့ခဲ့၏။
ထို့အပြင် ဤဝယ်လက် နှစ်ယောက်က ကိုယ်တိုင် လာရောက်လိုကြသဖြင့် စေတနာ အပြည့်အဝ ရှိကြောင်း သိသာလှပေသည်။
ဤအရာများ အားလုံး ပြီးစီးသွားမှသာ ရွှီယန် အနားရတော့၏။
'ဒီနှစ် ကံတရားက တကယ် မဆိုးဘူးပဲ... လုပ်သမျှ အကုန် အဆင်ပြေနေတာ... ဘာတွေ ဆက်စိုက်ရမလဲ ဆိုတာကို သေချာ စဉ်းစားရမယ်...'
ရွှီယန် စိတ်ထဲမှ တွက်ချက်နေလိုက်၏။
ဝန်ထမ်းများက ဖန်ရတနာပြောင်းဖူး ရိုးတံများ အားလုံးကို ရှင်းလင်း ဖယ်ရှားလိုက်ကြပြီ ဖြစ်သည်။
မြေကြီးကိုလည်း အသစ် ပြန်လည် ထွန်ယက်ထားပြီး ပြာနှင့် မြေဆွေးများ ထည့်သွင်းထား၏။
ယခု မြေကြီးကို အနားပေးထားခြင်း ဖြစ်သည်။
အနားပေးထားမှသာ စိုက်ပျိုးရာတွင် ပို၍ လွယ်ကူမည် ဖြစ်၏။
'ချယ်ရီသီး နည်းနည်းလောက် စိုက်ရင် ကောင်းမလား... ဒီမှန်လုံအိမ်ကို နောက်ပိုင်းကျ သစ်သီးခြံ အဖြစ် လုပ်လိုက်မယ်... အထဲမှာ စတော်ဘယ်ရီ... နဂါးမောက်သီး... ချယ်ရီသီးတွေ အကုန် ပါမယ်... ဒါမှမဟုတ် တခြား ဘာစိုက်ချင်လဲ အကုန် စိုက်လို့ ရတယ်လေ...'
ရွှီယန်က မှန်လုံအိမ်ထဲသို့ ဝင်လာပြီး မြေဆီလွှာ အခြေအနေကို စစ်ဆေးနေလိုက်၏။
စတော်ဘယ်ရီနှင့် နဂါးမောက်သီး ပင်များက ရှိနေဆဲဖြစ်ပြီး ဒုတိယ အကြိမ် သီးလာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
ပြောင်းဖူးများကိုတော့ အပြည့်အဝ ရှင်းလင်းပစ်လိုက်ပြီ ဖြစ်၏။
နောက်နှစ်တွင် မှန်လုံအိမ်ထဲ၌ ပြောင်းဖူး စိုက်ပျိုးစရာ မလိုတော့ဘဲ သင့်တော်သော ရာသီဥတုကို ရွေးချယ်၍ အပြင်ဘက်တွင်သာ စိုက်ပျိုးလျှင် ရပြီ ဖြစ်သည်။
ထို့အပြင် အပြင်ဘက်က ပြောင်းဖူး ကြီးထွားမှုအတွက် ပို၍ သင့်တော်ပေသည်။
'အစီအစဉ် တစ်ခု ရေးဆွဲရမယ်... နောက်နှစ်ကျရင် အပြင်ဘက် မြေကွက်တွေမှာ မြေပဲ... နေကြာ... စားကျက်... ဖန်ရတနာပြောင်းဖူး နဲ့ အရောင်စုံ အာလူးတွေ စိုက်ရမယ်...'
'မှန်လုံအိမ် ထဲမှာတော့ ဘလူးဘယ်ရီ ရဲ့ ဝင်ငွေကို ကြည့်ရဦးမယ်... ဝင်ငွေကောင်းရင် ဘလူးဘယ်ရီ ကို အဓိကထား စိုက်မယ်... စိုက်စရာတွေက အများကြီးပဲ...'
ရွှီယန်က အစီအစဉ်များ ဆက်လက် ရေးဆွဲနေလိုက်၏။
'ဒါပေမဲ့ စိုက်ပြီးသွားရင်တော့ ရှုခင်းက သေချာပေါက် လှမှာပဲ... စားကျက်ခင်း... နေကြာပန်းခင်း... ပြောင်းဖူးခင်း... အဲဒီအခါကျရင် အပြင်ဘက် မြေကွက်တွေက သက်ဝင်လှုပ်ရှားနေတော့မှာပဲ... ပြီးတော့ မှန်လုံအိမ် အတန်းလိုက်ကြီးနဲ့ ဆိုတော့... လယ်ယာခြံဝင်း အကြီးကြီး တစ်ခု ဖြစ်သွားပြီပေါ့...'
ရွှီယန်က လယ်ယာခြံဝင်း၏ အနာဂတ် ပုံရိပ်ကို စိတ်ကူးယဉ်နေမိ၏။
လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်အနေဖြင့် ပိုပြီး တွေးတောရမည်မှာ အမှန်ပင် ဖြစ်သည်။
သူက ဤလယ်ယာခြံဝင်းကို ဦးဆောင်သူဖြစ်ပြီး လယ်ယာခြံဝင်း၏ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို ဆုံးဖြတ်ပေးရမည် ဖြစ်၏။
သူ၏ လယ်ယာခြံဝင်းကို ပို၍ သက်ဝင်လှုပ်ရှားမှု ရှိစေချင်သည်။
သေချာသည်မှာ ဤကဲ့သို့သော ကိစ္စများက တွေးကြည့်ရန် လွယ်ကူသော်လည်း လက်တွေ့ လုပ်ဆောင်ရန်ကတော့ အလွန် ခက်ခဲလှပေသည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က သူ့ကို အခြေခံ အုတ်မြစ် ချပေးနိုင်သော်လည်း လယ်ယာခြံဝင်း မည်သို့ ဖွံ့ဖြိုးတိုးတက်လာမည် ဆိုသည်ကတော့ သူကိုယ်တိုင် အပေါ်တွင်သာ အပြည့်အဝ မူတည်နေ၏။
ထို့နောက် ရွှီယန်က အားနေသဖြင့် အပြင်ထွက်ကာ ကျားသစ်ကို အပျော်လမ်းလျှောက် ထွက်ပေးနေလိုက်သည်။
ခွေးများကိုပါ တစ်ဆက်တည်း လမ်းလျှောက် ထွက်ပေးလိုက်သေး၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှောင်ဟွာ က ကြောင်ကြီး တစ်ကောင်ဖြစ်ပြီး နေထိုင်မှု ပုံစံက ကြောင်များနှင့် တူညီသော်လည်း စရိုက်ကတော့ ခွေးများနှင့် ပိုတူပေသည်။
နေ့တိုင်း လမ်းလျှောက် ထွက်ပေးရမည် ဖြစ်၏။
အတော်ဖြစ်သွားသည်မှာ လယ်ယာခြံဝင်းတွင် လမ်းလျှောက် ထွက်ပေးရမည့် တိရစ္ဆာန်များ အတော်များများ ရှိနေခြင်းပင်။
ဥပမာ မြင်းဆိုလျှင်လည်း အမြဲတမ်း ပိတ်လှောင်ထား၍ မရဘဲ လမ်းလျှောက် ထွက်ပေးရမည် ဖြစ်သည်။
ရွှီယန်က အားလုံးကို လွှတ်ထားလေ့ရှိပြီး လယ်ယာခြံဝင်းထဲမှ ပြေးမထွက်သွားသရွေ့ အဆင်ပြေပေသည်။