← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) ကြောင်ကျားလေးနဲ့ ကျားသစ်ပေါက်လေး... မင်းနာမည်က ဘာလို့ ဆန်းပြောင်း ဖြစ်နေရတာလဲ

ရာသီဥတုက တဖြည်းဖြည်း အေးချမ်းလာသည်။

နောက်ပိုင်း လယ်ယာခြံဝင်းထဲတွင်လည်း သိပ်ပြီး အလုပ်မရှိတော့ချေ။

ဘလူးဘယ်ရီသီးများက ဒီဇင်ဘာလကုန်လောက် သို့မဟုတ် ဇန်နဝါရီလလောက်မှသာ မှည့်လာနိုင်မည်ဟု ခန့်မှန်းရ၏။

ဤသည်ကပင် မြန်နေပြီဟု ဆိုရမည် ဖြစ်သည်။

ပုံမှန်အားဖြင့် ဘလူးဘယ်ရီများက အနည်းဆုံး ရှစ်လခန့် ကြီးထွားရန် အချိန်ယူရပြီး နောက်နှစ် ဖေဖော်ဝါရီလလောက်မှသာ အသီးထွက်လေ့ရှိသည်။

သို့သော် ရွှီယန်၏ ဘလူးဘယ်ရီ မျိုးစိတ်က အလွန် ကောင်းမွန်ပြီး မှည့်သည်ကလည်း မြန်ဆန်ကာ ခြောက်လ ခုနစ်လခန့်နှင့်ပင် မှည့်လာနိုင်ပေသည်။

ထို့ကြောင့် ဈေးကွက်ထဲသို့ အလွန် လျင်မြန်စွာ ရောက်ရှိလာနိုင်၏။

မွေးမြူထားသော အိမ်မွေး တိရစ္ဆာန်များလည်း ကြီးပြင်းလာကြပြီဖြစ်ရာ အချို့ကို ရောင်းချမည်ဖြစ်ပြီး အချို့ကိုတော့ ကိုယ်တိုင် စားသောက်မည် ဖြစ်သည်။

အိမ်မွေး တိရစ္ဆာန်များ၏ ကံကြမ္မာက မူလကတည်းက ဤသို့ပင် ဖြစ်ပြီး မွေးမြူထားခြင်းက စားသောက်ရန်အတွက်သာ ဖြစ်၏။

နောက်နှစ်တွင် အသစ်ပြန်လည် မွေးမြူရမည် ဖြစ်သည်။

ပြောင်းဖူး ကိစ္စကတော့ လောလောဆယ် တစ်ခန်းရပ်သွားခဲ့ပြီ ဖြစ်၏။

အင်တာနက်ပေါ်တွင်လည်း ဘာလှိုင်းဂယက်မှ ထပ်မံ ထမလာတော့ချေ။

ရွှီယန်က အပြင်ပန်းပုံစံ သာမန်သာရှိသော ပြောင်းဖူး အချို့ကို ချန်ထားခဲ့ပြီး မူလက သော့ချိတ်တွင် ချိတ်ဆွဲရန် ရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် အနည်းငယ် ကြီးနေမှန်း သိလိုက်ရသည်။

ဤအရာများကို အိတ်တစ်လုံးဖြင့် ထည့်ထားရန် ပို၍ သင့်တော်ပြီး အားနေသည့်အချိန်တွင် ထုတ်ကာ ပွတ်သပ်ဆော့ကစားရန် ကောင်းမွန်၏။

ရွှီယန်က အလှဆင် လက်မှုပစ္စည်းများကို ပွတ်သပ်ဆော့ကစားရန် အလွန်အမင်း စိတ်ဝင်စားမှုတော့ မရှိပေ။

အချို့သော စုဆောင်းသူများကတော့ နေ့တိုင်းလိုလို ပွတ်သပ်ဆော့ကစားတတ်ကြပြီး လက်ဖြင့် ပွတ်ရသည်ကို အားမရပါက မျက်နှာဖြင့်ပါ ပွတ်သပ်တတ်ကြကာ တဖြည်းဖြည်းနှင့် ရူးသွပ်လာတတ်ကြသည်။

သို့သော် ရွှီယန်ကတော့ တိရစ္ဆာန်လေးများကို ပွတ်သပ်ဆော့ကစားရသည်ကို အတော်လေး စိတ်ဝင်စားလှ၏။

ဥပမာအားဖြင့် ငှက်ဆူဖြိုးလေးများပင် ဖြစ်သည်။

တစ်ခါတစ်ရံ ငှက်ဆူဖြိုးလေး နှစ်ကောင် အောက်သို့ ဆင်းလာပါက ရွှီယန်က လက်တစ်ဖက်တည်းဖြင့် နှစ်ကောင်လုံးကို ဆုပ်ကိုင်ကာ အနည်းငယ် ပွတ်သပ်ဆော့ကစားလိုက်လေ့ရှိပြီး ကိုင်ရသည့် ခံစားချက်က အတော်လေး ကောင်းမွန်ပေသည်။

မွန်းလွဲပိုင်း အချိန်တွင် ရွှီယန်က ဆန်အိတ် တစ်အိတ်ကို ယူဆောင်ကာ လယ်ယာခြံဝင်း အပြင်ဘက်ရှိ နေရာတစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာရှိ ရေခဲနှင်းများ အားလုံးနီးပါးက အရည်ပျော်သွားခဲ့ပြီ ဖြစ်၏။

သူက ဆန်စေ့များကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ကြဲချလိုက်သည်။

ဤအတောအတွင်း သူ ဤသို့သာ အမြဲ လုပ်ဆောင်လေ့ရှိ၏။

တောင်အနောက်ဘက်ရှိ သစ်ပင်များပေါ်တွင်တော့ ငှက်လေးများ အုပ်စုလိုက်က မျက်လုံးလေးများ ကလယ်ကလယ်ဖြင့် စောင့်မျှော် ကြည့်ရှုနေကြသည်။

ဆောင်းတွင်းရောက်လာပြီဖြစ်ရာ ငှက်လေးများအတွက် အစာရှာရန် မလွယ်ကူလှသဖြင့် ရွှီယန်က ကူညီနိုင်သမျှ ကူညီပေးရန် တွေးတောထားခြင်း ဖြစ်သည်။

ရွှီယန်က သစ်ပင်ပေါ်ရှိ ငှက်လေးများကို ကြည့်ရင်း ငှက်လေးများတွင်လည်း သူတို့၏ ကိုယ်ပိုင် သတင်းအချက်အလက် စနစ် ရှိနေသည်ဟု ခံစားနေရ၏။

အစပိုင်းတွင် လာစားသော ငှက်လေးများ သိပ်မများသေးသော်လည်း ရက်အနည်းငယ် ကြာသောအခါ အုပ်စုကြီး တစ်စု ရောက်လာခဲ့သည်။

သတ္တိကောင်းသော ငှက်လေးများက ရွှီယန် အပြင်ထွက်လာသည်ကို မြင်သည်နှင့် မြေကြီးပေါ်သို့ ပျံဆင်းလာရဲကြပြီး ဘေးတွင် စောင့်နေတတ်ကြ၏။

ရွှီယန်က ဆန် တစ်ဆုပ် ကြဲချလိုက်သည်နှင့် ၎င်းတို့က တိုက်ရိုက် ခုန်လာကာ စားသောက်ကြတော့သည်။

ရွှီယန်က တိရစ္ဆာန်များကို ရေတိုက်ရန် ရေဇလုံ တစ်ခု ပြုလုပ်ပေးဖို့ပါ တွေးတောနေသေး၏။

ဆောင်းတွင်းတွင် နေရာတိုင်း၌ နှင်းများရှိနေပြီး မြစ်ပြင်များလည်း အေးခဲနေကာ ယုတ္တိအရဆိုလျှင် ဤအရာများ အားလုံးက ရေများပင် ဖြစ်သော်လည်း တိရစ္ဆာန်လေးများက မည်သို့ လုပ်ဆောင်ရမည်ကို မသိကြချေ။

ယခင်က နိုင်ငံခြားရှိ လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက်က စင်တစ်ခုပေါ်တွင် ရေအပြည့်ပါသော ရေဇလုံ တစ်ခုကို တင်ထားခဲ့ပြီး မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

တိရစ္ဆာန် အတော်များများ လာရောက် ရေသောက်ကြသည်ကို သူ တွေ့ရှိခဲ့ရ၏။

ငှက်လေး အတော်များများက အထဲသို့ တိုက်ရိုက် ခုန်ဝင်ကာ အမွေးအမျှင်များကို စိုရွှဲစေပြီး ရေပါချိုးကြသေးသည်။

ငှက်လေးများ ရေချိုးသည်ကို ကြည့်ရသည်က အတော်လေး ထူးဆန်းပြီး အချို့ငှက်လေးများက သန့်ရှင်းမှုကို နှစ်သက်ကြောင်း ဖော်ပြနေ၏။

ထို့ကြောင့် ကြည့်ရသည်မှာ ထိုမျှ တောက်ပနေခြင်း ဖြစ်ပေမည်။

သို့သော် ရွှီယန်က တွေးကြည့်ပြီးနောက် မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ တောကြောင်... ကြောင်မြီးတို နှင့် နှင်းခွေး တို့သာ တကယ် ရောက်လာပါက လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်လေးများ ဒုက္ခရောက်သွားမည် ဖြစ်၏။

ရွှီယန်က ဆန်များ အားလုံးကို မြေကြီးပေါ်သို့ ကြဲချလိုက်ပြီးနောက် နောက်သို့လှည့်ကာ တည်ငြိမ်စွာ ထွက်ခွာလာခဲ့သည်။

သူ ခြေနှစ်လှမ်းခန့် လျှောက်လိုက်သည်နှင့် အနောက်ဘက်မှ တဖျပ်ဖျပ် ခတ်နေသော အတောင်ပံခတ်သံများကို ဆက်တိုက် ကြားလိုက်ရ၏။

သူက အရှေ့သို့ ခြေလှမ်း ဆယ်ဂဏန်းခန့် ထပ်လျှောက်သွားပြီးနောက် နောက်သို့လှည့်ကာ ဖုန်းဖြင့် မြေကြီးပေါ်ရှိ အခြေအနေကို ရိုက်ကူးလိုက်သည်။

မရေမတွက်နိုင်သော ငှက်လေးများက မြေကြီးပေါ်သို့ ပျံဆင်းလာကြပြီး ခေါင်းငုံ့ကာ အဆက်မပြတ် အစာကောက်စားနေကြသည်ကို တွေ့လိုက်ရ၏။

ရွှီယန်က တောင်ပေါ်တက်သည့်အချိန်တိုင်း ဤသို့ တွေးလေ့ရှိသည်။

'သဘာဝတရားကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်ပေါ့'

ဤငှက်လေးများကလည်း ဤအချိန်တွင် ထိုအကြောင်းအရာကို တွေးတောနေလောက်ပေသည်။

အချို့ငှက်လေးများက ရွှီယန်ကို လှမ်းကြည့်ကြပြီး ထိုအထဲတွင် ရွှီယန်အပေါ် ခင်မင်ရင်းနှီးမှု ဖြစ်ပေါ်နေသော ငှက်လေးများလည်း အများအပြား ပါဝင်နေ၏။

"ဒီနေ့ ဆန်လာစားတဲ့ ငှက်တွေ ထပ်များလာသလိုပဲ..."

"ကျွန်တော်က ပုံမှန်ဆို နှစ်ရက်ခြား တစ်ခါလောက် သူတို့ကို အစာကျွေးဖြစ်တယ်... တချို့ကောင်လေးတွေက အချိန်ကို မှတ်မိနေတော့ စောစောစီးစီး လာစောင့်နေကြတာလေ..."

"သူတို့ တခြားငှက်တွေကို ဘယ်လို အသိပေးလိုက်လဲတော့ မသိဘူး... ဘယ်လိုပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ အကုန် ရောက်လာကြတာပဲ..."

"ချန်ပိုင်တောင်တန်း က ငှက်လေးတွေရဲ့ အရေအတွက်က အရမ်းများတယ်... ကျွန်တော်လည်း ဒီလို အစိတ်အပိုင်း သေးသေးလေးလောက်ကိုပဲ ကူညီပေးနိုင်တာ..."

"ကြည့်ရတာ တော်တော်လေး စည်ကားတာပဲ..."

ရွှီယန်က ဗီဒီယို ရိုက်ကူးရင်း ရှင်းပြနေသည်။

ခဏနေလျှင် သူက ဗီဒီယိုကို ရိုးရိုးရှင်းရှင်းလေး ဖြတ်တောက်လိုက်ရုံဖြင့် သူ၏ အကောင့်ထဲတွင် တင်၍ ရပြီ ဖြစ်၏။

မြင်ကွင်းက အမြဲတမ်း စည်ကားနေတတ်သည်။

ထိုအချိန်တွင် ငှက်ဆူဖြိုးလေး နှစ်ကောင်က ထပ်မံ ပျံသန်းလာပြီး ရွှီယန်၏ ပခုံးပေါ်သို့ ဘယ်တစ်ကောင် ညာတစ်ကောင် နားခိုလိုက်ကြသည်။

ဤကောင်လေး နှစ်ကောင်က ပိုပိုပြီး လုံးဝန်းလာကာ ၎င်းတို့၏ ထန်ယွမ် နှင့် ယွမ်ရှောင် ဆိုသည့် နာမည်များနှင့် တကယ်ကို လိုက်ဖက်လှပေသည်။

၎င်းတို့ နှစ်ကောင်က ဆန်များကို သွားမစားကြချေ။ ဗိုက်ဆာ၍ ရွှီယန်ကို လာရှာသည်နှင့် ရွှီယန်က ၎င်းတို့ကို လတ်ဆတ်သော သစ်သီးများ တိုက်ရိုက် ကျွေးလေ့ရှိသည်။

သစ်သီးများကို အနည်းငယ် ကြိတ်ချေလိုက်ပြီး သစ်သီးဖျော်ရည်နှင့် ရောကာ ၎င်းတို့ကို ခွံ့ကျွေးခြင်း ဖြစ်၏။

အသားစင်း အနည်းငယ်ကိုလည်း ကျွေးတတ်သေးသည်။

ကောင်လေး နှစ်ကောင်က အလွန် ပျော်ရွှင်စွာ စားသောက်ကြသဖြင့် ဆန်များကို သွားစားရန် စိတ်မဝင်စားကြချေ။

ဤသည်က အစ်ကိုကြီး နောက်သို့ လိုက်ရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။

ခဏမျှ ကြည့်ရှုပြီးနောက် ရွှီယန်က နောက်သို့လှည့်ကာ လယ်ယာခြံဝင်းဘက်သို့ လျှောက်လာခဲ့၏။

ငှက်ဆူဖြိုးလေးများလည်း ပျံသန်းသွားကြပြီ ဖြစ်သည်။

နောက်သို့လှည့်ကာ ခြေလှမ်း အနည်းငယ် လျှောက်သွားပြီးချိန်တွင် ရွှီယန်က အရှေ့ဘက် မနီးမဝေးရှိ လယ်ယာခြံဝင်း ခြံစည်းရိုးဘေးတွင် ကြောင်ကျားလေး ဆန်းပြောင်း က ခေါင်းလေးထုတ်ကာ ဆန်စားနေသော ငှက်လေးများကို အာရုံစူးစိုက်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

ရွှီယန် အနည်းငယ် ရပ်တန့်သွား၏။

လေလွင့် တောကြောင် အရေအတွက် များပြားလာပါက သစ်တောထဲရှိ ငှက်လေးများအတွက် ဘေးအန္တရာယ် တစ်ခု ဖြစ်လာနိုင်ပေသည်။ အကြောင်းမှာ ကြောင်များက သစ်ပင်ပေါ်သို့ အလွယ်တကူ တက်ကာ ငှက်ဥများနှင့် ငှက်လေးများကို စားသောက်နိုင်သောကြောင့် ဖြစ်၏။

ဩစတြေးလျ ဘက်တွင်လည်း ဤသို့ပင် ဖြစ်ခဲ့သည်။ ကြွက်များ ပေါများလာမှုကို နှိမ်နင်းရန် ကြောင်များကို ခေါ်သွင်းလာခဲ့ရာ နောက်ပိုင်းတွင် ငှက်အတော်များများ မျိုးတုံးသွားခဲ့ရသည်။

ထို့ကြောင့် ဂေဟစနစ်ကို လူသားများ အနေဖြင့် အလွန်အမင်း ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်သည်က ပိုကောင်းပေသည်။

သေချာသည်မှာ လူသားများက ပြန်လည် ထိန်းသိမ်းမည် ဆိုပါက ဂေဟစနစ်ကလည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာမည်သာ ဖြစ်၏။

"ဆန်းပြောင်း... ငှက်တွေကို လျှော့စားစမ်းပါကွာ..."

"ငါ မင်းကို ကြောင်ချိုချဉ် ပိုကျွေးပါ့မယ်..."

ရွှီယန်က ဆန်းပြောင်း ကို လှမ်းအော်လိုက်သည်။

ကြောင်များက တကယ်တမ်းတွင် အလွန် ထက်မြက်ကြပြီး လူများကို အဖက်လုပ်ချင် မလုပ်ချင် အပေါ်တွင်သာ မူတည်ပေသည်။

ရွှီယန်၏ အော်သံကို ကြားလိုက်ရသောအခါ ဆန်းပြောင်း က မူလက အမဲလိုက်ရန် ပြင်ဆင်နေသည့် ပုံစံမှ ချက်ချင်းပင် ခန္ဓာကိုယ်ကို ပုံမှန် အနေအထားသို့ ပြန်ပြောင်းလိုက်၏။

သို့သော် မျက်လုံးများကို အနည်းငယ် မှေးစင်းထားပြီး သိပ်မကျေနပ်သည့် ပုံစံမျိုးဖြင့် ရွှီယန်ကိုပင် လှည့်မကြည့်ချေ။

ဤကောင်လေးက နားလည်သွားပြီး တကယ်လည်း အမဲမလိုက်တော့ရန် ဆုံးဖြတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေဆဲပင်။

၎င်းက ဤသို့ပင် ဖြစ်ရာ ရွှီယန်လည်း အကျင့်ပါနေပြီ ဖြစ်၏။

သို့သော် ဤအတောအတွင်း ကျားသစ် ရှိနေသဖြင့် ကြောင်ကျားလေး ဆန်းပြောင်း လာရောက်သည်က နည်းပါးသွားခဲ့သည်။

ရွှီယန်ပင် ၎င်းကို သိပ်မမြင်ရတော့ချေ။

"မင်း လယ်ယာခြံဝင်း အပြင်ဘက်မှာပဲ လျှောက်သွားနေပြီး အထဲကို မဝင်ရဲတာတော့ မဟုတ်ပါဘူးနော်..."

"ဒါက ဘာကြောက်စရာ ရှိလို့လဲ..."

"ရှောင်ဟွာ က အရမ်း သဘောကောင်းတာကို..."

ရွှီယန်က တစ်ခုခုကို သဘောပေါက်သွားပြီး ဆန်းပြောင်း ကို ကြည့်ကာ ဒေါသလည်း ထွက်ချင် ရယ်လည်း ရယ်ချင် ဖြစ်သွားတော့၏။

သူက ကြောင်ကျားလေး ဆန်းပြောင်း ဆီသို့ လျှောက်သွားကာ ၎င်းကို တိုက်ရိုက်ပင် ပွေ့ချီလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ဆန်းပြောင်း က ရုန်းကန်ခြင်း မရှိချေ။

ယခင်က ဆန်းပြောင်း က လေလွင့်ကြောင် တစ်ကောင်ဖြစ်ပြီး ရွာထဲရှိ ကျေးရွာကော်မတီ ဘက်တွင် ဘုရင်တစ်ဆူလို ဗိုလ်ကျနေခဲ့ခြင်း ဖြစ်၏။

ဖြတ်သွားသော ကြောင်မလေးတိုင်း ၎င်း၏ ပါးရိုက်ခြင်းကို နှစ်ချက်ခန့် ခံရတတ်သည်။

နောက်ပိုင်းတွင် ရွှီယန်က လယ်ယာခြံဝင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

ကျယ်ဝန်းသော နယ်မြေ... ဆော့ကစားစရာ ကောင်းသော စားကျက်နယ်မြေနှင့် မွေးမြူရေး နယ်မြေများ ရှိသည့်အပြင် မှန်လုံအိမ် အမိုးပေါ်တွင် လှဲလျောင်းကာ နေစာလှုံနိုင်ပြီး ရွှီယန် ကျွေးသော အရသာရှိသည့် အစားအစာများကိုလည်း စားသောက်နိုင်သေးသည်။

တကယ့်ကို နတ်ပြည် တစ်ခုကဲ့သို့ပင် ဖြစ်၏။

လေလွင့်သူလေး သခင်ကောင်း တွေ့သွားသလိုမျိုးပင်။

သို့သော် မကြာသေးမီက ကျားသစ်ကြီး တစ်ကောင် ရောက်လာသဖြင့် ဆန်းပြောင်း မှာ လယ်ယာခြံဝင်းထဲသို့ မဝင်ရဲတော့ချေ။

ကြောင်တစ်ကောင်က ဤမျှ ကြီးမားလာနိုင်မည်ဟု ၎င်း ထင်မထားခဲ့ပေ။

၎င်းကို အလွန် လန့်ဖျပ်သွားစေခဲ့၏။

'အဲဒါက ကြောင်တဲ့လား...'

မူလတန်းကျောင်းမှ ကျောင်းလူမိုက်က တက်တူး အပြည့်နှင့် လူမိုက်ဂိုဏ်း ခေါင်းဆောင်ကို တွေ့လိုက်ရသလို ခံစားချက်မျိုးဖြစ်ပြီး ထိုတက်တူးကလည်း အစက်အပြောက် တက်တူး ဖြစ်နေသေး၏။

ဤသည်က ကျားသစ် သာ ရှိသေးသည်။

အကယ်၍ ဆန်းပြောင်း သာ အရှေ့မြောက်ကျား ကို မြင်လိုက်ရပါက ဘယ်လိုများ တွေးနေမည်ကို မသိနိုင်တော့ချေ။

အရှေ့မြောက်ကျား ၏ လက်ဝါး တစ်ဖက်စာလောက်တောင် မကြီးမားပေ။

ရွှီယန်က ဆန်းပြောင်း ကို ပွေ့ချီကာ ပြန်လာခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ကျားသစ်က အပြင်ဘက်တွင် ရှောင်ဟေး... မာလီနွိုက်ခွေး တို့နှင့်အတူ ဆော့ကစားနေသည်။

ဒရယ်ပြောက်လေးလည်း ရှိနေ၏။

မည်သို့ပင်ဖြစ်စေ ယခုအခါ ၎င်းတို့က အတော်လေး အဆင်ပြေနေကြပြီး ဒရယ်ပြောက်လေးပင်လျှင် ကျားသစ်၏ ကိုယ်ပေါ်သို့ မှီရဲနေပြီ ဖြစ်သည်။

ထိုအချိန်တွင် ကျားသစ်က ရွှီယန်ကို ပထမဆုံး သတိထားမိသွား၏။

၎င်းက သွက်လက်စွာ တစ်ချက် ခုန်လိုက်ပြီးနောက် ရွှီယန် ရှိရာဘက်သို့ ပြေးလာခဲ့သည်။

၎င်း၏ ကိုယ်နေဟန်ထားက ကြံ့ခိုင်ပြီး သွက်လက်ကာ တစ်ဆက်တည်း ဖြစ်နေပြီး ခွေးနှစ်ကောင်နှင့် နှိုင်းယှဉ်လိုက်ပါက ခွေးများက အတော်လေး တောင့်တင်းနေသည်ဟု ထင်ရပေသည်။

ဆန်းပြောင်း က ချက်ချင်းပင် အနည်းငယ် စိုးရိမ်သွားတော့၏။

ကျားသစ်က ရွှီယန်၏ အနားသို့ ပြေးလာပြီး ဆန်းပြောင်း ကို သတိထားမိသွားသည်။

၎င်းက ချက်ချင်းပင် ခေါင်းကို ထုတ်ကာ ကြည့်လိုက်၏။

ကောင်လေး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များ အပြည့်ဖြစ်နေသည်။

၎င်းက ဆန်းပြောင်း ကို အလွန် သဘောကျနေကြောင်း သိသာလှပေသည်။

ရုပ်ထွက် အတော်လေး ဆင်တူနေပြီး နှစ်ကောင်လုံးတွင် အစင်းကြောင်းများ ရှိနေသောကြောင့် ဖြစ်နိုင်၏။

"ရှောင်ဟွာ... ကြည့်... ဒါက ဆန်းပြောင်း တဲ့... မင်းလိုပဲ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်လေ..."

ရွှီယန်က ကျားသစ်ပေါက်လေးကို ပြုံးရင်း ပြောလိုက်သည်။

ကျားသစ်က ခေါင်းကို ထုတ်လာပြီး ဆန်းပြောင်း အနားသို့ ကပ်ကာ နှာခေါင်းလေး ပွတ်တိုက်ရင်း အနံ့ခံနေသည့် ပုံစံမျိုး လုပ်နေ၏။

၎င်း၏ ပုံစံက ဆန်းပြောင်း ကို ဤသို့ ပြောနေသကဲ့သို့ပင်။

'ညီအစ်ကို... မင်းက ဘာလို့ ဒီလောက် သေးနေရတာလဲ... ထမင်း ဝအောင် မစားရဘူးလား...'

'မင်းနာမည်က ဘာလို့ ဆန်းပြောင်း ဖြစ်နေရတာလဲ...'

ဆန်းပြောင်း က ၎င်း ခေါင်းထုတ်လာသည်ကို မြင်သောအခါ သတိထားကာ အရှေ့ခြေထောက်ကို တိုက်ရိုက်ပင် မြှောက်လိုက်၏။

လက်သည်းများကို လေထဲတွင် ရွယ်ထားပြီး အနည်းငယ် လှုပ်ယမ်းနေကာ နောက်တစ်စက္ကန့်တွင် ကျားသစ်ပေါက်လေးကို တစ်ချက် ကုတ်တော့မည့် ပုံစံပင်။

"ဟေ့... မလုပ်နဲ့လေ... ရှောင်ဟွာ က ဒီလောက်တောင် သဘောကောင်းတာကို..."

ရွှီယန်က ၎င်း၏ လက်သည်းများကို အလျင်အမြန် ဖိချလိုက်သည်။

ဆန်းပြောင်း က အစပိုင်းတွင် အနည်းငယ် ဒေါသထွက်ကာ အမွေးများ ထောင်နေပြီး ခြေလက်လေးဖက်လုံး အားပြုထားသော်လည်း တဖြည်းဖြည်းနှင့် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွား၏။

ထို့နောက် ရွှီယန်က ၎င်းကို ခေါ်ဆောင်ကာ ခြံဝင်းထဲသို့ ပြန်လာခဲ့ပြီး ကြောင်ချိုချဉ် နှစ်ချောင်း ကျွေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ဆန်းပြောင်း က လုံးဝ လိမ္မာသွားတော့၏။

ရွှီယန်က ဆန်းပြောင်း ကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး ကြောင်ချိုချဉ် ထဲမှ အာဟာရပျစ်နှစ်များကို ညှစ်ထုတ်ပေးလိုက်ရာ ဆန်းပြောင်း က ခေါင်းမော့ကာ ပျော်ရွှင်စွာ စားသောက်နေတော့သည်။

ကျားသစ်က ဤမြင်ကွင်းကို မြင်သောအခါ အနားသို့ တိုးလာ၏။

၎င်းက အာဟာရပျစ်နှစ်၏ အနံ့ကို သိချင်စိတ်ဖြင့် အနံ့ခံကြည့်ပြီး အနည်းငယ် မျှော်လင့်နေပုံရသည်။

"ရှောင်ဟွာ... မင်းက သားရဲတိရစ္ဆာန်လေ... အသားစိမ်း စားရတာ... ဒါက မင်းနဲ့ မကိုက်ညီဘူးနော်..."

"ပြီးတော့ ဒီကြောင်ချိုချဉ် တစ်ချောင်းက မင်းရဲ့ သွားကြားညပ်ဖို့တောင် မလောက်ဘူးလေ..."

"ကျားသစ် စားဖို့ ထုတ်ထားတဲ့ ကြောင်ချိုချဉ်မှ မရှိတာ..."

ရွှီယန်က ကျားသစ်ပေါက်လေးကို အလျင်အမြန် ပြောလိုက်သည်။

ဆန်းပြောင်း က ကျားသစ်ကို သတိထားကာ ကြည့်နေသော်လည်း ဤသို့ ခဏမျှ ထိတွေ့ပြီးနောက်တွင်တော့ တဖြည်းဖြည်း စိတ်အေးသွားခဲ့၏။

ဤကြောင်ကြီးက ကြီးမားသော်လည်း ကြည့်ရသည်မှာ တုံးအအ ပုံစံမျိုးပင်။

'တကယ့်ကို လူတုံးကြီး တစ်ယောက်လိုပါပဲလား...'

ဤသို့ တွေးမိသောအခါ ဆန်းပြောင်း က ချက်ချင်းပင် မာနကြီးပြီး ယုံကြည်မှုရှိသော အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားကာ ကြောင်ချိုချဉ် စားပြီးနောက် မှန်လုံအိမ် ရှိရာဘက်သို့ တွားသွားသွားတော့၏။

ထို့နောက် သူနှင့် ရင်းနှီးသော မှန်လုံအိမ်၏ မိုးကာစကို ရှာတွေ့သွားပြီး ဘေးစောင်းလေး လှဲလျောင်းကာ နေစာလှုံရင်း သက်သောင့်သက်သာ အိပ်စက်နေတော့သည်။

မှန်လုံအိမ်ထဲတွင် အလုပ်များနေသော လီဆန်းက ခေါင်းမော့ကြည့်လိုက်ရာ အပြာရောင် မိုးကာစပေါ်ရှိ ကြောင်လေးကို တွေ့လိုက်ရ၏။

"ဒီကောင်လေး ပြန်ရောက်လာပြန်ပြီပဲ..."

"ဒီမှာ လာအိပ်ရတာကို တော်တော် သဘောကျတာပဲ..."

သူက ပြုံးရင်း ပြောလိုက်သည်။

လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကလည်း ပေါ့ပေါ့ပါးပါးနှင့် အေးချမ်းလှပေသည်။

ခြံဝင်းထဲတွင် ကျားသစ်ပေါက်လေးက ကြောင်ချိုချဉ်ကို စားချင်နေဆဲဖြစ်ပြီး ရွှီယန်ကို အဆက်မပြတ် စိုက်ကြည့်နေ၏။

ရွှီယန်က ဤကောင်လေး၏ စိတ်ကူးကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

မူလက ၎င်းကို မကျွေးရန် ရည်ရွယ်ထားသော်လည်း ၎င်းက မိမိကို အဆက်မပြတ် စိုက်ကြည့်နေသည်ကို မြင်သောအခါ အိမ်ထဲ ပြန်ဝင်ကာ နောက်ထပ် နှစ်ချောင်း သွားယူပေးလိုက်သည်။

"မင်းနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို စဉ်းစားဦးလေ... ကြောင်သေးသေးလေး စားလို့ ကြောင်ကြီးကလည်း စားရမယ်လို့ ပြောလို့ မရဘူးလေ..."

"ကြောင်ချိုချဉ်က မင်းရဲ့ အစွယ်လောက်တောင် မကြီးဘူးနော်..."

ရွှီယန်က အနည်းငယ် ဆူပူလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်ထဲမှ ကြောင်ချိုချဉ်ကို ဆုတ်ဖြဲကာ အာဟာရပျစ်နှစ်များကို ညှစ်ထုတ်ပြီး ၎င်းကို ခွံ့ကျွေးလိုက်၏။

ကျားသစ်ပေါက်လေးက ချက်ချင်းပင် လျှာထွက်လာကာ အာဟာရပျစ်နှစ်များကို လျက်စားတော့သည်။

ရွှီယန်က တစ်ခါတည်းနှင့် တစ်ဝက်ခန့်ကို ညှစ်ပေးလိုက်၏။

ကျားသစ်ပေါက်လေးက ကြောင်ချိုချဉ်ကို စားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ဖော်ပြ၍ မရနိုင်သော ခံစားချက် တစ်ခုကို ရရှိသွားသည်။

သိပ်မကြာခင်မှာပင် ၎င်းက ကြောင်ချိုချဉ် တစ်ချောင်းလုံးကို စားလို့ ကုန်သွားခဲ့၏။

သို့သော် ဆန်းပြောင်း လောက်တော့ ကြီးမားသော တုံ့ပြန်မှု မရှိဘဲ အရသာ အနည်းငယ် ရှိသည်ဟုသာ ရိုးရှင်းစွာ ခံစားလိုက်ရသည်။

ဤသို့ဆိုလျှင်လည်း ကောင်းပါသည်။

မဟုတ်ပါက ကျားသစ်က ကြောင်ချိုချဉ် စားချင်သည်ဟု ဆူပူ သောင်းကျန်းနေပါက ရွှီယန်လည်း ကျွေးနိုင်မည် မဟုတ်ချေ။

All Chapters