← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) ပထမဆုံးအကြိမ် လမ်းမှန်ကနေ တောင်ပေါ်တက်ခြင်း... သဘာဝဥယျာဉ်ထဲမှာ တောင်ထွက်ပစ္စည်း သွားရှာတဲ့သူ ရှိသေးလား

ဆောင်းရာသီ၏ လယ်ယာခြံဝင်းသည် အနည်းငယ် ပို၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။

တိရစ္ဆာန်လေးများသည်လည်း အပြင်သို့ ပြေးထွက်ရန် မနှစ်သက်ကြတော့ဘဲ ခြံဝင်းထဲတွင်သာ လှုပ်ရှားသွားလာနေကြ၏။

ခြံဝင်းက အရပ်လေးမျက်နှာလုံးမှ လေကွယ်ထားသဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အပူချိန် အနည်းငယ် ပိုမြင့်မားပေသည်။ မြေကွက်လပ်တွင် လေအေးများ တဝူးဝူး တိုက်ခတ်နေပြီး အရိုးကွဲမတတ် အေးခဲနေသဖြင့် ၎င်းတို့က သွားရန် မနှစ်သက်ကြခြင်း ဖြစ်သည်။

ရွှီယန်၏ ခြံဝင်းလေးကတော့ နေ့တိုင်း စည်ကားနေတတ်၏။

ဤသို့ဖြင့် နှစ်ရက်ခန့် အနားယူပြီးနောက် တောင်ပေါ်တက်ရမည့် အချိန်သို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။

ဆောင်းဦး ရာသီချိန်ဖြစ်သဖြင့် နှင်းမကျသော်လည်း တောင်ပေါ်တွင် ရေခဲများ အေးခဲနေပြီ ဖြစ်၏။

လမ်းလျှောက်ရန် သိပ်မလွယ်ကူလှပေ။

ရွှီယန်က တောနက်ကြီးထဲသို့ မဝင်သည်က ပိုကောင်းမည်ဟု တွေးတောနေလိုက်သည်။

ဆောင်းတွင်းကြီးတွင် တောနက်ကြီးထဲ ဝင်ရသည်က အန္တရာယ် အလွန် များလွန်းလှ၏။

'ဟို အရှေ့မြောက်ကျား တောင်တောစောင့်နတ်မင်းကြီးဆီ သွားကြည့်ရမလား...'

'ဒီဆောင်းတွင်းကြီးမှာ သူလည်း အမဲလိုက်ရတာ မလွယ်လောက်ဘူး...'

ရွှီယန် စိတ်ထဲမှ တွေးနေလိုက်၏။

'အခုသွားတာက နည်းနည်း စောနေသေးတယ်... နောက်တစ်ခေါက်မှ သွားတော့မယ်... အခုက ဆောင်းတွင်း အလယ် မရောက်သေးတော့ ကျားက ဘာပြဿနာမှ မရှိလောက်သေးဘူး...'

နောက်ဆုံးတွင်တော့ ရွှီယန်က ကောင်းကင်ရေကန် သဘာဝဥယျာဉ်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဤတစ်ကြိမ်တွင် တောလမ်းကနေ မသွားတော့ဘဲ သဘာဝဥယျာဉ်ဘက်မှ သေချာ သွားမည် ဖြစ်၏။

နောက်တစ်နေ့ နံနက်ခင်းတွင် ရွှီယန်သည် သူ၏ အော်ဒီကားကို မောင်းနှင်ကာ ကျောပိုးအိတ် တစ်လုံးသာ ယူဆောင်ပြီး ချန်ပိုင်တောင်တန်း သဘာဝဥယျာဉ် ရှိရာဘက်သို့ တောက်လျှောက် မောင်းနှင်လာခဲ့သည်။

'တောင်ပေါ်မှာ နေလာတာ ဒီလောက် ကြာနေပြီကို သဘာဝဥယျာဉ်ထဲကို သေချာ မရောက်ဖူးသေးဘူးပဲ...'

'တောလမ်းကနေပဲ အမြဲ သွားနေတာ...'

'နည်းနည်းတော့ အဓိပ္ပာယ်မရှိ ဖြစ်နေတယ်...'

ရွှီယန်က ပြန်လည် တွေးတောလိုက်၏။

သူက ချန်ပိုင်တောင်တန်း ကောင်းကင်ရေကန်ကို ရှုထောင့် အတော်များများကနေ ကြည့်ဖူးပြီး ဖြစ်သည်။

အကုန်လုံးက အလွန် မြင့်မားသော တောင်ရိုင်းများ၏ တောင်ထိပ်များမှသာ ဖြစ်၏။

သို့သော် သဘာဝဥယျာဉ်ထဲသို့တော့ သေချာ မသွားဖူးသေးချေ။

လူများသည် ကိုယ့်ဒေသက သဘာဝဥယျာဉ်များကို သွားရန် သိပ်မနှစ်သက်ကြပုံပေါ်သည်။ အချို့လူများဆိုလျှင် ဆယ်နှစ် နှစ်ဆယ်လောက်နေတာတောင် လက်မှတ်ဝယ်ရသည့် နေရာများကို တစ်ခါမှ မရောက်ဖူးကြပေ။

အားလုံးက သူတို့၏ မသိစိတ်ထဲတွင် ဤနေရာက အမြဲတမ်း ရှိနေသည်ဖြစ်ရာ မည်သည့်အချိန် သွားသွား ရသည်ဟု တွေးနေကြခြင်းကြောင့် တစ်ခါမှ မရောက်ဖြစ်တော့ခြင်း ဖြစ်သည်။

အခြားဒေသက နေရာများဆိုလျှင်တော့ မလွယ်ကူလှဘဲ ဤအထိ ရောက်လာမှတော့ အကုန်လုံး ပတ်ကြည့်ရမည်ဟု တွေးတတ်ကြသည်။

"တစ်ခါတလေ ကားမောင်းပြီး ထွက်လာရတာ ဒီခံစားချက်က တော်တော် သက်သောင့်သက်သာ ရှိတာပဲ..."

ရွှီယန်က ညည်းတွားလိုက်သည်။

ယနေ့ ကျားသစ်ကို ခေါ်မလာခဲ့ပေ။ ခေါ်လာ၍ မရသောကြောင့် ဖြစ်သည်။

အကယ်၍ ခေါ်လာပါက သဘာဝဥယျာဉ်ထဲ ဝင်ခွင့် မပြုသည့်အပြင် သူ့ကို ဖမ်းတောင် ဖမ်းသွားနိုင်သေး၏။

သူက ကျောပိုးအိတ် တစ်လုံးသာ လွယ်ကာ ဝင်လာခဲ့ခြင်း ဖြစ်သည်။

ရွှီယန်က သဘာဝဥယျာဉ်သို့ တောက်လျှောက် မောင်းနှင်လာပြီး ကားရပ်ကာ လက်မှတ် စစ်ဆေးပြီးနောက် တောင်ပေါ်တက်ရန် ပြင်ဆင်လိုက်၏။

တောင်ပေါ်သို့ ရောက်သည်နှင့် ရွှီယန်က ဒရုန်းကို ဖွင့်ကာ လိုက်ဖ်လွှင့်လိုက်သည်။

ဤနေရာတွင် ဒရုန်း အသုံးပြုခွင့် ရှိပြီး တားမြစ်နယ်မြေများလည်း မရှိချေ။

သိပ်မကြာခင်မှာပင် လိုက်ဖ်ထဲရှိ လူအရေအတွက်က စတင် တိုးလာတော့သည်။

[လောင်ရွှီ... ဒီနေ့ ဘယ်နေရာလဲ]

[ဒီနေ့ တောင်ပေါ်တက်မှာလား]

လူအတော်များများက ဝင်လာသည်နှင့် မေးမြန်းကြတော့၏။

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

"ဒီနေ့ ချန်ပိုင်တောင်တန်း သဘာဝဥယျာဉ်ကို လာကြည့်တာပါ..."

"ဒီရက်ပိုင်း နှင်းမကျတော့ လမ်းတွေကို ရှင်းထားလို့ တောင်ပေါ်တက်လို့ ရတယ်လေ..."

"ပြောပြရင် ယုံချင်မှ ယုံမယ်... ချန်ပိုင်တောင်တန်းမှာ နေလာတာ ဒီလောက် ကြာတာတောင် သဘာဝဥယျာဉ်ကနေ တောင်ပေါ်တက်တာ ဒါ ပထမဆုံးအကြိမ်ပဲ..."

"တောင်ပေါ်တက်ဖို့ ယွမ် တစ်ရာကျော် ပေးရတာကိုက အရှုံးကြီး ရှုံးသွားသလို ခံစားရလို့..."

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက မနေနိုင်ဘဲ ရယ်မောလိုက်ကြ၏။

[ဟားဟားဟား... ဒီခေတ်ကြီးမှာ ဘယ်တောင်ကို သွားသွား ရှုခင်းကြည့်ဖို့ ပိုက်ဆံပေးရတာချည်းပဲလေ]

[ဟုတ်သားပဲ... မင်းကြည့်ရတဲ့ ရှုခင်းတွေက သဘာဝဥယျာဉ်ထဲမှာမှ မရှိတာ]

[သဘာဝဥယျာဉ်ထဲကို တစ်ခါမှ မဝင်ဖူးဘူး ဟုတ်လား]

[ပုံမှန်ပါပဲ... ငါက မြက်ခင်းပြင်မှာ နေတာ... မင်းသာ ငါ့ကို ဘေးနားက မြက်ခင်းပြင် သဘာဝဥယျာဉ်ကို ယွမ် တစ်ရာကျော် ပေးပြီး သွားကြည့်ရမယ်လို့ ပြောရင်... ငါ အဲဒီကို သွားတာက တကယ်ကို ရူးနေလို့ပဲ ဖြစ်ရမယ်]

[သဘာဝဥယျာဉ်က အရမ်း ငြိမ်းချမ်းလွန်းတယ်... မင်းနဲ့ မကိုက်ညီဘူး]

အားလုံးက အသီးသီး တုံ့ပြန်နေကြ၏။

လေထုကလည်း စည်ကားနေသည်။

ယေဘုယျအားဖြင့် ချန်ပိုင်တောင်တန်း သဘာဝဥယျာဉ်သို့ ဝင်ရောက်မည်ဆိုပါက လက်မှတ် စစ်ဆေးပြီးနောက် ကားကို အချိန်အတော်ကြာ စီးကာ တောင်ပေါ်သို့ တက်ရပြီး လမ်းတစ်လျှောက်တွင် ချန်ပိုင်တောင်တန်း၏ ရှုခင်းများကို ကြည့်ရှုနိုင်ပေသည်။

တောင်ပေါ်လမ်းက အလွန် အန္တရာယ်များပြီး ဘေးတွင် အကာအရံများလည်း မရှိချေ။

လူများက ကားပေါ်တွင် ထိုင်ကာ ကွေ့ကောက်နေသော တောင်ပေါ်လမ်းများကို ဖြတ်သန်းသွားရတိုင်း အကြိမ်အနည်းငယ်ခန့် အလန့်တကြား အော်ဟစ်မိတတ်ကြသည်။

တကယ်တမ်းတွင် ဤလမ်းကို ယာဉ်မောင်းဆရာများက ဘယ်နှစ်ခေါက်လောက် မောင်းခဲ့ဖူးမှန်းတောင် မသိနိုင်ပေ။ မျက်စိမှိတ်ပြီး မောင်းနိုင်သည်ဟု မဆိုနိုင်သော်လည်း အလွန် ကျွမ်းကျင်နေပြီဖြစ်ပြီး ကြွက်သား မှတ်ဉာဏ်များပင် ဖြစ်နေပြီ ဖြစ်၏။

ထို့ကြောင့် ကြီးကြီးမားမား အန္တရာယ် မရှိနိုင်ချေ။

"တောင်ပေါ်တက်ဖို့က ကားစီးပြီး တက်ရမှာ... ကျွန်တော် တန်းစီနေတုန်းပဲ... ခဏနေရင် ကျွန်တော့်အလှည့် ရောက်တော့မယ်..."

"လိုက်ဖ်လွှင့်စရာလည်း ထွေထွေထူးထူး မရှိပါဘူး... ပုံမှန် ဆောင်းတွင်း တောင်ပေါ်ရှုခင်းတွေ ပါပဲ..."

"နောက်ဆုံး ကောင်းကင်ရေကန်ကို သွားတဲ့ လမ်းရောက်မှပဲ လိုက်ဖ် ပြန်ဖွင့်တော့မယ်..."

"နှစ်နာရီကျော်လောက် ကြာမယ်... ဆယ့်တစ်နာရီကျော်လောက်မှ လိုက်ဖ် ပြန်ဖွင့်မယ်လေ..."

ရွှီယန်က အင်တာနက်သုံးစွဲသူများနှင့် ဆက်လက် စကားပြောနေလိုက်သည်။

ထိုအချိန်တွင် အဖြူရောင် အနွေးထည် ဝတ်ဆင်ထားသော မိန်းကလေး နှစ်ယောက်က ရွှီယန် ရှိရာဘက်သို့ လှမ်းကြည့်နေကြ၏။

"အဲဒါ လယ်ယာခြံဝင်း ပိုင်ရှင် ရွှီ မလား... ဟို... ကျားတွေ ကျားသစ်တွေ မွေးထားတဲ့ လယ်ယာခြံဝင်း ပိုင်ရှင်လေ..."

"တကယ်ကြီး သူပဲဟ..."

"နည်းနည်း ချောသလိုပဲနော်..."

"သွား... ဓာတ်ပုံ သွားတွဲရိုက်ရအောင်..."

သူတို့ နှစ်ယောက်က ရွှီယန် ရှိရာဘက်သို့ လျှောက်လာကြပြီး ရွှီယန်၏ ဘေးသို့ ရောက်လာကြသည်။

"မင်္ဂလာပါ... လယ်ယာခြံဝင်း ပိုင်ရှင် ရွှီ လားရှင့်..."

မိန်းကလေး တစ်ယောက်က တိုးညင်းစွာ ပြောလိုက်၏။

သူမ၏ အသံက အလွန် နားထောင်လို့ ကောင်းပြီး အနည်းငယ် ချွဲနွဲ့ကာ ပြောနေသော်လည်း အလွန်အမင်း ချွဲနေသည့် ပုံစံမျိုး မဟုတ်ဘဲ နူးညံ့ပြီး ချစ်စရာ ကောင်းနေသည်ဟု ခံစားရသည်။

ရွှီယန်က ဤဘက်ရှိ ဒေသခံ လေယူလေသိမ်းများကို ကြားနေကျဖြစ်ရာ ဤအသံကို ရုတ်တရက် ကြားလိုက်ရချိန်တွင် အတော်လေး နားထောင်လို့ ကောင်းသည်ဟု ခံစားလိုက်ရ၏။

ယခင်က အင်တာနက်ပေါ်တွင်လည်း အရှေ့မြောက်ပိုင်းသူလေးများက တောင်ပိုင်းသူလေးများ စကားပြောသည်ကို အတုခိုးသည့် ဗီဒီယိုများ ရှိခဲ့ဖူးသော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ အနှစ်သာရကို လုံးဝ အတုခိုးနိုင်ခဲ့ခြင်း မရှိပေ။

ဤအရာက တကယ်ကို အတုခိုး၍ မရနိုင်ချေ။

"မင်္ဂလာပါ..."

ရွှီယန်က ပြုံးရင်း နှုတ်ဆက်လိုက်သည်။

သူတို့ နှစ်ယောက်က ရွှီယန်၏ မျက်နှာကို စိုက်ကြည့်နေကြ၏။

"ဓာတ်ပုံ တွဲရိုက်လို့ ရမလားရှင့်... ကျွန်မတို့ ရှင် လိုက်ဖ်လွှင့်တာကို အရမ်း သဘောကျလို့ပါ..."

နောက်ထပ် မိန်းကလေး တစ်ယောက်က ပြောလိုက်ပြန်သည်။

ယေဘုယျအားဖြင့် ဤသည်က ယဉ်ကျေးမှု အရ ပြောဆိုခြင်းသာ ဖြစ်ပြီး အခြားသူများနှင့် ဓာတ်ပုံ တွဲရိုက်သည့်အခါတွင် သူ့ရဲ့ ပရိသတ်ပါ ဟု ပြောလေ့ရှိကြသော်လည်း တကယ်တမ်းတွင် မီဒီယာတွင် တင်ကာ ကြွားလုံးထုတ်ချင်ရုံသာ ဖြစ်နိုင်ပေသည်။

"ရပါတယ်..."

ရွှီယန်က ပွင့်ပွင့်လင်းလင်းပင် သဘောတူလိုက်၏။

သူတို့ နှစ်ယောက်က ရွှီယန်နှင့် အသီးသီး ဓာတ်ပုံ တွဲရိုက်ကြပြီးနောက် လမ်းသွားလမ်းလာ တစ်ယောက်ကို အကူအညီတောင်းကာ သုံးယောက် အတူတူ ထပ်မံ၍ ဓာတ်ပုံ တွဲရိုက်လိုက်ကြသေးသည်။

ဤမြင်ကွင်းကို တစ်ချိန်လုံး လိုက်ဖ်လွှင့်နေခြင်း ဖြစ်၏။

ကွန်မန့်များက ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။

[လခွမ်း... လောင်ရွှီ မှာ မိန်းကလေး ပရိသတ်တွေတောင် ရှိနေတာလား]

[ပိုက်ဆံပေးပြီး ငှားထားတာ ဖြစ်ရမယ်... သေချာပေါက် ပိုက်ဆံပေးပြီး ငှားထားတာပဲ]

[မိန်းကလေးတွေလည်း သူ့လိုက်ဖ်ကို ကြည့်ရတာ သဘောကျတယ်လေ... ငါတို့ အဆောင်မှာဆို နှစ်ယောက်တောင် သူ့ကို အရမ်း သဘောကျကြတာ]

[ငါက မိန်းကလေး ပရိသတ်ပါ... သူ တောင်ထွက်ပစ္စည်း ရှာတာကို သိပ်ကြည့်ချင်တာ မဟုတ်ဘူး... သူက ရုပ်ချောပြီး ပွင့်လင်းလို့ သဘောကျတာ]

ကွန်မန့်များတွင် ဤသို့ ပြောလာကြမှသာ ရွှီယန်တွင် မိန်းကလေး ပရိသတ် အတော်များများ ရှိနေမှန်း အားလုံး သိရှိသွားကြတော့၏။

ရွှီယန် ဓာတ်ပုံ တွဲရိုက်နေသည်ကို မြင်သောအခါ နောက်ထပ် ခရီးသွား အတော်များများကပါ ဤဘက်ရှိ အခြေအနေကို သတိထားမိသွားကြသည်။

အားလုံးက အပြန်အလှန် မေးမြန်းကြမှသာ ရွှီယန် ဆိုသည်မှာ တောရိုင်း အရှေ့မြောက်ကျားကို နို့တိုက်ရဲသည့် လိုက်ဖ်လွှင့်သူမှန်း သိရှိသွားကြတော့၏။

"သူပဲ... ငါ မှတ်မိပြီ... သူ့ဗီဒီယို ကြည့်ဖူးတယ်... တောရိုင်း အရှေ့မြောက်ကျားကို နို့တိုက်တဲ့ သူလေ..."

တစ်ယောက်က အံ့ဩတကြီး ပြောလိုက်သည်။

"သူ ကျားအကိုက်ခံရပြီး သေသွားပြီလို့ ငါ ကြားထားတာ..."

တစ်ယောက်က ဘယ်က ကြားလာမှန်း မသိသော သတင်းအမှားကို အံ့ဩတကြီးဖြင့် ပြောလိုက်၏။

"လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင် သူက ဖန်ရတနာပြောင်းဖူးတွေတောင် အခွံခွာပြသေးတယ်... ငါ သူ့ကို ဖော်လို လုပ်ထားတာ..."

နောက်တစ်ယောက်က ထပ်ပြောလိုက်ပြန်သည်။

"သူက ကျားသစ်ပေါက်လေးကိုလည်း ပွေ့ချီဖူးတယ် မလား... တောဝက်တွေကိုလည်း ရိုက်ဖူးတယ်လေ..."

ဘေးရှိ အစ်ကိုကြီး တစ်ယောက်က မေးလိုက်၏။

ရွှီယန်ကို မသိသော အခြား ခရီးသွားများမှာ သူတို့၏ စကားများကို ကြားပြီး မျက်နှာပေါ်ရှိ အမူအရာများ ပိုပိုပြီး ကြောင်အမ်းလာကြတော့သည်။

'မင်းတို့ ဘာတွေ ပြောနေကြတာလဲ...'

'တောထဲမှာ ကျားကို နို့တိုက်တယ်... ကျားသစ်ကို ပွေ့ချီတယ်... တောဝက်ကို ရိုက်တယ် ဟုတ်လား...'

'ဒါတွေက လူလုပ်နိုင်တဲ့ ကိစ္စတွေလား...'

'အဲဒီ လူငယ်လေး ကလေ...'

'တောင်ပေါ်က လူတွေက ဒီလောက်တောင် အစွမ်းထက်နေကြပြီလား...'

အားလုံး စကားပြောနေကြစဉ် နောက်ထပ် လူငယ် အတော်များများက ရွှီယန် အနားသို့ ရောက်လာပြီး ဓာတ်ပုံ တွဲရိုက်ရန် တောင်းဆိုကြပြန်၏။

လူငယ်များက ဤကဲ့သို့သော စည်ကားမှုမျိုးကို ပို၍ သဘောကျကြပြီး အထူးသဖြင့် မီဒီယာများတွင် တင်ကာ ကြွားလုံးထုတ်ရသည်ကို ပို၍ နှစ်သက်ကြပေသည်။

ခံစားချက်က အမြဲတမ်း ကောင်းမွန်နေတတ်၏။

ဓာတ်ပုံ တွဲရိုက်ရန် တောင်းဆိုမှုများကို ရွှီယန်က တိုက်ရိုက်ပင် သဘောတူလိုက်သည်။

ဘာမှ အပန်းမကြီးသောကြောင့် ဖြစ်သည်။

လိုက်ဖ်ထဲရှိ ပရိသတ်များကတော့ အနည်းငယ် အားကျနေကြ၏။

[လောင်ရွှီ က တော်တော် နာမည်ကြီးတာပဲ]

[နာမည် မကြီးလို့ ရမလား... သူလုပ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူ လုပ်ရဲလို့လဲ]

[ဖော်လိုဝါ သန်းချီ ရှိတဲ့ လိုက်ဖ်လွှင့်သူ အကြီးကြီးတွေပဲ... နာမည် မကြီးဘဲ နေပါ့မလား]

[အဲဒီလိုတော့ မဟုတ်ပါဘူး... ဖော်လိုဝါ သန်းဆယ်ချီ ရှိတဲ့ လိုက်ဖ်လွှင့်သူ အချို့ကိုတောင် ငါ နာမည် တစ်ခါမှ မကြားဖူးဘူး]

ရွှီယန်က ခရီးသွားများနှင့် ခဏမျှ ဓာတ်ပုံ တွဲရိုက်နေလိုက်၏။

ထိုအချိန်တွင် ကား ရောက်လာသဖြင့် ရွှီယန်က ဒရုန်းကို သိမ်းကာ ကျောပိုးအိတ်ကို လွယ်ပြီး ကားပေါ်သို့ တက်လာခဲ့သည်။

သို့သော် ကားဆရာက ဤဘက်ရှိ အခြေအနေကို စောစောကတည်းက သတိထားမိနေပြီး ရွှီယန် ကားပေါ် တက်လာသည်ကို မြင်သည်နှင့် ဖုန်းကို ထုတ်ကာ မေးလိုက်၏။

"ဓာတ်ပုံ တွဲရိုက်လို့ ရမလား..."

"ဗျာ... ရပါတယ်..."

ရွှီယန် အနည်းငယ် အံ့အားသင့်သွားပြီး ကားဆရာနှင့်ပါ အတူတူ ဓာတ်ပုံ တွဲရိုက်လိုက်သေးသည်။

"မင်း သွားပွတ်သပ်တဲ့ အရှေ့မြောက်ကျားက မင်းကို တကယ် မကိုက်ဘူးလား... အရင်တုန်းက ငါ အရှေ့မြောက်ကျားနဲ့ တစ်ခါ ဆုံဖူးတယ်... ငါ့ကို တော်တော်လေး လန့်သွားစေတာ... ကံကောင်းလို့ သူက တိုက်ရိုက် ထွက်ပြေးသွားလို့သာပေါ့..."

ကားဆရာကလည်း ဇာတ်လမ်း ရှိသူ တစ်ယောက် ဖြစ်ကြောင်း သိသာလှပြီး မေးမြန်းလိုက်၏။

"ကျားနဲ့ တွေ့ရင်တော့ သတိထားရမှာပေါ့... ကျွန်တော်လည်း အဲဒီတုန်းက မတတ်သာလို့ပါ... ကြောက်တော့ ကြောက်တာပေါ့..."

ရွှီယန်က ယဉ်ကျေးစွာ ပြန်လည် ဖြေကြားလိုက်သည်။

မည်သို့ပင်ဖြစ်စေ ကျား၏ ခင်မင်မှုကို ရရှိရန် အခြား နည်းလမ်းများ ရှိကြောင်းကိုတော့ သူ ပြောပြ၍ မရနိုင်ချေ။ ထို့ကြောင့် ပေါ့ပေါ့ပါးပါး စကားပြောရင်းသာ အချိန်ဖြုန်းလိုက်၏။

သိပ်မကြာခင်မှာပင် ကားပေါ်တွင် လူပြည့်သွားခဲ့သည်။

ကားက ဖြည်းညင်းစွာ ထွက်ခွာလာပြီးနောက် တောင်ပေါ်လမ်း အတိုင်း တောက်လျှောက် မောင်းနှင်လာခဲ့၏။

တောင်ပေါ်လမ်းက အလွန် ရှင်းလင်းကျယ်ပြန့်ပြီး လှပသော ရှုခင်းများကို တစ်ချက်တည်းဖြင့် မြင်တွေ့နိုင်ပေသည်။

အားလုံးက ကားပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ လှမ်းကြည့်နေကြပြီး လူအတော်များများက ဖုန်းများ ထုတ်ကာ ဓာတ်ပုံ ရိုက်နေကြသေး၏။

ရွှီယန်က ကားပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ နှစ်ချက်ခန့် ကြည့်လိုက်ပြီးနောက် စိတ်မဝင်စားတော့ဘဲ မျက်လုံးများကို မှိတ်ကာ အိပ်ငိုက်လာခဲ့သည်။

မတတ်နိုင်ပေ။ အနွေးထည်က အရမ်း နွေးနေသဖြင့် ဤသို့ ထိုင်လိုက်ရသည်နှင့် သက်သောင့်သက်သာ ရှိပြီး နွေးထွေးလာကာ အိပ်ချင်စိတ်က တိုက်ရိုက် ရောက်လာခြင်း ဖြစ်၏။

ထို့အပြင် တောင်ပေါ်ရှိ ရှုခင်းများကို သူ အလွန် ရိုးအီနေပြီဖြစ်ပြီး အသစ်အဆန်း ခံစားချက် လုံးဝ မရှိတော့ချေ။

ကောင်းကင်ရေကန်ကို အနီးကပ် ကြည့်ရှုရပါက အခြား ခံစားချက် တစ်ခု ရရှိနိုင်ပေမည်။

ကားထဲရှိ လူအများကတော့ အံ့ဩတကြီး ရေရွတ်နေကြ၏။

"ဝါး..."

"အာ..."

"အရမ်း လှတာပဲ..."

ရွှီယန်ကတော့ မျက်လုံးများကို မှိတ်ထားပြီး အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတော့သည်။

ကားအကွေ့တွင် ခန္ဓာကိုယ်က တစ်ခါတစ်ရံ ယိမ်းယိုင်သွားတတ်သော်လည်း ခံစားရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှ၏။

ဤသို့ဖြင့် နှစ်နာရီခန့် အကြာတွင် ကားက ပစ်မှတ် နေရာသို့ ရောက်ရှိသွားခဲ့သည်။

လူများက ကားပေါ်မှ ဆင်းလာကြ၏။

အပြင်ဘက်တွင် မြူနှင်းများ မရှိဘဲ လေထုက အနည်းငယ် အေးစိမ့်နေကာ အပြင်ဘက် မြင်ကွင်းက အလွန် ကောင်းမွန်ပြီး ကြည့်ရသည်မှာ အလွန် သန့်ရှင်းလှပေသည်။

ရွှီယန်က ကားပေါ်မှ ဆင်းလာပြီးနောက် ခန္ဓာကိုယ်ကို အနည်းငယ် အကြောလျှော့လိုက်ပြီး အိမ်သာသို့ သွားကာ လိုက်ဖ်ကို ပြန်ဖွင့်လိုက်၏။

"ရာသီဥတု မဆိုးဘူး..."

"တစ်ခါတလေ ချန်ပိုင်တောင်တန်းရဲ့ မိုးရာသီနဲ့ ကြုံရရင် စိုထိုင်းဆ အရမ်း များတော့ တောင်ပေါ် တစ်ခုလုံးက မီးခိုးရောင်တွေ ဖြစ်နေပြီး မြူနှင်းတွေချည်းပဲလေ... ကောင်းကင်ရေကန်ကိုတောင် မြင်ရမှာ မဟုတ်ဘူး..."

"ဒီလို ရာသီဥတုမျိုး ဖြစ်မှသာ... သာယာပြီး နည်းနည်း ခြောက်သွေ့နေမှ... တောင်ပေါ်မှာ မြူနှင်းတွေ မရှိမှ ကောင်းကင်ရေကန်ရဲ့ အလှကို အပြည့်အဝ မြင်ရမှာပါ..."

ရွှီယန်က အားလုံးကို မိတ်ဆက်ပေးလိုက်သည်။

ဆက်လက်၍ သဘာဝဥယျာဉ်၏ လမ်းအတိုင်း အရှေ့သို့ ဆက်လျှောက်သွားရန်သာ ရှိတော့၏။

အချို့က သဘာဝ ကျောက်တုံးလမ်းများ ဖြစ်ပြီး အချို့ကတော့ ခြံစည်းရိုးများ တပ်ဆင်ထားသော လူသွားလမ်းများ ဖြစ်သည်။

သဘာဝဥယျာဉ်၏ လည်ပတ်ရမည့် လမ်းကြောင်းများကို အားလုံး သတ်မှတ်ပေးထားပြီးဖြစ်ရာ လမ်းအတိုင်း လျှောက်သွားရုံသာ ဖြစ်၏။

ရွှီယန်က အလွန် သက်တောင့်သက်သာ ရှိသည်ဟု ခံစားနေရသည်။

အရင်က တောင်ပေါ်တက်ခဲ့စဉ်က ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ရုံသာမက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း အချိန်တိုင်း သတိထားနေခဲ့ရသည် မဟုတ်ပါလား။

ဤအရာများက တောင်ပေါ်တွင် အချိန်အကြာကြီး လှုပ်ရှားသွားလာရင်း လေ့ကျင့်ရရှိလာသော ကျွမ်းကျင်မှုများပင် ဖြစ်သည်။

သာမန်လူများက တောနက်ကြီးထဲသို့ တကယ် ဝင်ရောက်နိုင်မည် မဟုတ်ချေ။

ဘာလမ်းညွှန် ဆိုင်းဘုတ်မှ မရှိဘဲ ပတ်ဝန်းကျင်တွင် သစ်ပင်များနှင့် မြက်ပင်များသာ ရှိနေသဖြင့် လမ်းပျောက်သွားပါက လူအတော်များများက ဤသို့ပင် တောင်ပေါ်တွင် ပိတ်မိနေနိုင်ပြီး ကယ်ဆယ်ရေးအဖွဲ့များ လာရောက် ကယ်ဆယ်ရမည် ဖြစ်၏။

ရွှီယန်က ဤသို့ပင် အရှေ့သို့ လျှောက်လာခဲ့သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အနည်းငယ် ပျင်းစရာ ကောင်းလှ၏။

ရှုခင်းများကလည်း ထွေထွေထူးထူး ကြည့်စရာ မရှိချေ။

တိရစ္ဆာန်လည်း မရှိပေ။

သူ့ကို မျှော်လင့်ချက် ဖြစ်စေနိုင်သည်မှာ ကောင်းကင်ရေကန်ကို အနီးကပ် ကြည့်ရှုရမည့် ကိစ္စသာ ရှိတော့သည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကိုလည်း သူ အသုံးမပြုခဲ့ချေ။

မည်သို့ပင်ဖြစ်စေ သဘာဝဥယျာဉ်တွင် စီမံခန့်ခွဲသူများ ရှိနေသဖြင့် ယေဘုယျအားဖြင့် လျှောက်သွားခွင့် မပြုပေ။

သူများ သဘာဝဥယျာဉ်ထဲ လာပြီး တောင်ထွက်ပစ္စည်း တူး၍တော့ မဖြစ်နိုင်ပေ။

အကယ်၍ ထိုသို့သာ လုပ်လိုက်ပါက သဘာဝဥယျာဉ် စီမံခန့်ခွဲသူများပင် ကြောင်အမ်းသွားကြမည် ဖြစ်၏။

'ဘာ... သဘာဝဥယျာဉ်ထဲကို လာပြီး တောင်ထွက်ပစ္စည်း တူးတဲ့သူ ရှိသေးတာလား...'

ရွှီယန်က ဤသို့ပင် လူအုပ်ကြီးနှင့် အတူတကွ အရှေ့သို့ လျှောက်သွားနေလိုက်သည်။

တစ်ခါတစ်ရံ ရပ်တန့်ကာ ရှုခင်းများကို ကြည့်ရှုပြီးနောက် အရှေ့သို့ ဆက်လက်၍ ခပ်မြန်မြန် လျှောက်သွားတော့၏။

All Chapters