အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅) ဒီတာဝန်က မလုပ်မဖြစ် လုပ်ရမယ့်အရာမျိုးမှ မဟုတ်တာ
ပစ်မှတ်သည် ရွှီယန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
၎င်းသည် ခန္ဓာကိုယ် အလွန်ကြီးမားသော မြင်းသမင် အထီးတစ်ကောင် ဖြစ်ပြီး ၎င်း၏ သမင်ချိုနှစ်ချောင်းက အခက်အလက်များ ဖြာထွက်နေကာ ချွန်ထက်သော အစွန်းများမှာ သံမဏိခက်ရင်းခွနှင့် တူနေသည်။
"လခွမ်း... ဒီလောက် တောင့်တင်းတဲ့ မြင်းသမင်ကြီးပါလား"
ရွှီယန်မှာ မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဒရုန်းက မြင်းသမင် ရှိရာဘက်သို့ ဦးတည်၍ ရိုက်ကူးနေ၏။
အင်တာနက်သုံးစွဲသူများသည် ခံ့ညားထည်ဝါသော မြင်းသမင်ကြီးကို မြင်တွေ့လိုက်ရသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
မြင်းသမင်များ၏ အရွယ်အစားမှာ ဒရယ်ပြောက်များထက် ပိုမို ကြီးမားသည့်အပြင် ပို၍လည်း ရမ်းကားတတ်ပေသည်။
၎င်းတို့တွင် ဒရယ်ပြောက်များကဲ့သို့ အစက်အပြောက်များ မရှိဘဲ ပို၍ တိုက်ခိုက်လိုစိတ် ပြင်းထန်သည့်ပုံ ပေါက်နေ၏။
မနီးမဝေးရှိ ထိုမြင်းသမင်ကို ကျားသစ်သည် ချောင်းမြောင်း တိုက်ခိုက်ခြင်းမျိုး မဟုတ်ပါက မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲမည် မဟုတ်ချေ။
"ဒါက မြင်းသမင်လေ... တောထဲမှာ မြင်းသမင်တွေ တော်တော်များတယ်"
"မြင်းသမင် တွေက ဒရယ်ပြောက်တွေနဲ့ မတူဘူး... မျိုးပွားတဲ့ ရာသီမှာပဲ အမတွေနဲ့ အတူတူ နေတတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ တစ်ကောင်တည်း နေလေ့ရှိတယ်... ဒရယ်ပြောက်တွေကတော့ အုပ်စုဖွဲ့ နေရတာကို ပိုသဘောကျတာ"
"ဒီကောင်က တော်တော် ကြမ်းတယ်"
"အားလုံးပဲ ဟိုချွန်ထက်နေတဲ့ သမင်ချိုကြီးတွေကို ကြည့်လိုက်"
"ဒရယ်ပြောက်တွေရဲ့ ချိုတွေက သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ဆွဲဆောင်မှုကို ပြသဖို့အတွက် ပိုများတယ်... ပြီးတော့ တောထဲမှာ ပြေးလွှား ခုန်ပေါက်ရ လွယ်ကူအောင် သူတို့ရဲ့ ချိုတွေက ပိုပြီး ပေါ့ပါးတယ်လေ"
"မြင်းသမင်တွေရဲ့ ချိုကတော့ တကယ့်ကို တိုက်ခိုက်ဖို့ သီးသန့်ပဲ... နယ်မြေလုဖို့နဲ့ မျိုးပွားခွင့် ရဖို့အတွက် သူတို့ရဲ့ ချိုတွေက အရမ်းကို တောင့်တင်း ခိုင်မာတာ"
ရွှီယန်သည် သစ်ပင်တစ်ပင်၏ အနောက်ဘက်တွင် ရပ်ကာ မနီးမဝေး၌ မြက်ရှာစားနေသော မြင်းသမင်ကို ကြည့်ရင်း ရှင်းပြနေ၏။
မြင်းသမင်က အရင်ဆုံး တစ်ပတ်ခန့် လျှောက်သွားလိုက်ပြီး ခြေထောက်ဖြင့် နှင်းများကို ဖယ်ရှားလိုက်သည်။
ထို့နောက်မှ နောက်သို့ ပြန်လှည့်ကာ နှင်းများ ဖယ်ရှားထားသော နေရာတွင် မြက်ရှိမရှိကို ရှာဖွေလေ၏။
၎င်းသည် အလွန် ဉာဏ်ကောင်းသော နည်းလမ်း တစ်ခုပင် ဖြစ်သည်။
ဆောင်းတွင်းရောက်လာသည့်တိုင်အောင် သိုးကျောင်းသူများက သိုးများကို အပြင်သို့ ထုတ်ကျောင်းနေဆဲ ဖြစ်ရခြင်းမှာ ဤအကြောင်းရင်းကြောင့်ပင်။ သိုးများသည် နှင်းများကို ဖယ်ရှားကာ မြက်ကို ရှာစားတတ်ကြသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက နွားများကို ပြုစုရသည်မှာ အတော်လေး ခက်ခဲလှ၏။ သိုးကျောင်းသူများက နှင်းများကို လှည်းကျင်းပေးပြီး နှင်းအောက်ရှိ မြက်များ ပေါ်လာအောင် လုပ်ပေးမှသာ နွားများက အနားသို့ သွားကာ ဖြည်းညင်းစွာ စားသောက်ကြသည်။
မည်သို့ပင်ဖြစ်စေ နွားများက တန်ဖိုးကြီးသဖြင့် သေချာ ပြုစုစောင့်ရှောက်ရမည်သာ ဖြစ်၏။
ရွှီယန်သည် ဤမြင်းသမင်ကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။ ဓာတ်ပုံ တွဲရိုက်ရမည့် တာဝန်မှာ ကြည့်ရသည်မှာ လွယ်ကူသော်လည်း တကယ်တမ်းတွင် အလွန် ခက်ခဲလှပေသည်။
တိုက်ခိုက်နိုင်စွမ်းကို ကြည့်မည်ဆိုပါက ဤအကောင်သည် တောဝက်များထက်ပင် ပိုမို မြင့်မား၏။ တောဝက်များက ၎င်းလောက် အရွယ်အစား မကြီးမားချေ။
မြင်းသမင်များ၏ အရွယ်အစားမှာ အလွန် ကြီးမားပြီး အရွယ်ရောက်ပြီးသော မြင်းတစ်ကောင် နီးပါးခန့် ရှိကာ ချွန်ထက်နေသော သမင်ချိုကြီး နှစ်ချောင်းနှင့်ပါ ပေါင်းစပ်ထားသေးသည်။ ဤအကောင်၏ ချိုဖြင့် အဝှေ့ခံလိုက်ရပါက အသက်ပျောက်သွားရန် သေချာသလောက်ပင် ဖြစ်၏။
'ကြည့်ရတာ ဒီတာဝန်က မလုပ်မဖြစ် လုပ်ရမယ့်အရာမျိုးမှ မဟုတ်တာ'
ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။
လိုက်ဖ်ထဲရှိ လေထုမှာ အလွန် စည်ကားနေ၏။
[အရမ်းကြီးတဲ့ သမင်ကြီးပဲ... တကယ် လှတာပဲ]
[နှင်းကမ္ဘာကြီးထဲမှာ တိရစ္ဆာန်တွေကို မြင်ရတာ ခံစားချက် တော်တော် ကောင်းတာပဲ... အဲဒီနေရာက တခြား ကမ္ဘာတစ်ခုလိုမျိုးပဲ]
[အရမ်း မိုက်တယ်... ဒီအကောင်ကြီးက တကယ် ကြည့်ကောင်းတာပဲ]
[လောင်ရွှီ... အဲဒါ မွေးလို့ ရလား]
ယေဘုယျအားဖြင့် ရွှီယန်က တိရစ္ဆာန် တစ်မျိုးမျိုးကို ရိုက်ကူးလိုက်တိုင်း မွေး၍ ရမရ မေးမြန်းသူများ အမြဲတမ်း ရှိနေတတ်သည်။
ရွှီယန်က ကွန်မန့်များကို ကြည့်ကာ ပြန်လည် ဖြေကြားလိုက်၏။
"မြင်းသမင်ကို တကယ် မွေးလို့ ရပါတယ်... မွေးမြူရေး လုပ်တဲ့သူတွေလည်း ရှိတယ်လေ"
"ပြီးတော့ မွေးမြူရေး မြင်းသမင်တွေက အရွယ်အစားလည်း ကြီးသလို စိတ်သဘောထားလည်း တော်တော်လေး နူးညံ့တယ်"
"ဒါပေမဲ့ မြင်းသမင်တွေက မွေးရတာ မလွယ်ဘူး... အစားများပြီး အကျိုးအမြတ်က နည်းတော့ လူအတော်များများက ဒရယ်ပြောက်ကိုပဲ ရွေးချယ် မွေးမြူကြတာ"
"အရှေ့မြောက်ပိုင်းဘက်မှာ မြေတွေ အရမ်းများတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်တဲ့သူတွေ အရမ်းများတာ... ဘာမဆို မွေးတဲ့သူတွေ ရှိတယ်"
"အရင်တုန်းက မိကျောင်း မွေးတဲ့သူတောင် ရှိသေးတယ်လေ"
ရွှီယန်၏ စကားက အားလုံးကို အနည်းငယ် အံ့အားသင့်သွားစေ၏။
'ဘာကြီး... မိကျောင်း မွေးတယ် ဟုတ်လား... ဒါကတော့ သေချာပေါက် ဥပဒေနဲ့ ငြိစွန်းမယ့် ကိစ္စကြီးပဲ…’
မြင်းသမင်ကလည်း ရွှီယန်ကို သတိထားမိသွား၏။ ၎င်း၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မရှိဘဲ စူးစမ်းလိုစိတ်ဖြင့်သာ ကြည့်ရှုနေသည်။
ရွှီယန်က မည်သို့ ဓာတ်ပုံ တွဲရိုက်ရမည်ကို စိတ်ထဲတွင် တွက်ချက်နေလိုက်၏။ တိုက်ရိုက် သွား၍တော့ သေချာပေါက် မရနိုင်ပေ။ မြင်းသမင်က သူ အနားကပ်လာသည်ကို မြင်ပါက ချိုဖြင့် တိုက်ရိုက်ပင် ဝင်ဝှေ့လာနိုင်ပေသည်။
ဤအကောင်က ကြည့်ရသည်မှာ အနည်းငယ် အန္တရာယ် ရှိလှ၏။ သေချာပေါက် နည်းလမ်း အချို့ကို အသုံးပြုမှသာ ရမည် ဖြစ်သည်။
ရွှီယန်သည် တိရစ္ဆာန်များ၏ နေထိုင်မှု သဘာဝကို အလွန် နားလည်ထားသူ ဖြစ်၏။ မြင်းသမင်များက အစားစုံ စားတတ်ကြပြီး မြက်နု၊ သစ်ရွက်နု၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ရေညှိ ရေမှော် စသည်ဖြင့် အကုန်လုံးကို စားသောက်တတ်ကြသည်။
ဤရာသီက နှင်းများနှင့် ရေခဲများ ဖုံးလွှမ်းနေသဖြင့် မြင်းသမင်က သေချာပေါက် အစာရှာရန် ခက်ခဲနေမည် ဖြစ်၏။ ယခုတစ်ကြိမ် ရွှီယန် တောင်ပေါ်တက်လာစဉ်က ကျောပိုးအိတ်ထဲတွင် ပစ္စည်းကောင်း အများအပြား ပါလာခဲ့သည်။ ဥပမာအားဖြင့် နွားနို့ ပုလင်းအချို့... အသားစိမ်း တစ်အိတ်... ထို့အပြင် ဟင်းသီးဟင်းရွက် အချို့နှင့် ပန်းသီးများပင် ဖြစ်သည်။
ယခင်က တောင်ပေါ်တက်ရခြင်းမှာ တောင်ထွက်ပစ္စည်းများ ရှာဖွေရန် ဖြစ်သော်လည်း ယခုအခါတွင်တော့ ကယ်ဆယ်ရန် လိုအပ်သည့် တိရစ္ဆာန်များ ရှိမရှိ လာရောက် ကြည့်ရှုခြင်း ဖြစ်၏။ အခွင့်ကြုံသဖြင့် ၎င်းတို့ကို အစာကျွေးရန်လည်း ပါဝင်ပေသည်။
ဆောင်းတွင်းရောက်လာပြီဖြစ်ရာ တိရစ္ဆာန်များ ရှင်သန် နေထိုင်ရသည်မှာ မလွယ်ကူလှသဖြင့် ကူညီနိုင်သမျှ ကူညီပေးရမည်သာ ဖြစ်သည်။
ယခင်က တောင်ခြေသို့ ကားမောင်းလာစဉ် မြေခွေးများ အစာလာတောင်းနေသည်ကို မြင်သောအခါ ရွှီယန်က အမဲသားခြောက် အချို့ကိုပင် ကျွေးခဲ့သေး၏။ မည်သို့ပင်ဖြစ်စေ အစာကျွေးရမည်သာ ဖြစ်သည်။
ဤမြင်းသမင်၏ အရွယ်အစားမှာ အမှန်တကယ်ပင် ကြီးမားလှပြီး ခန္ဓာကိုယ် ကြံ့ခိုင်ကာ သမင်ချိုများကလည်း ထောင်မတ်နေ၏။ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးထဲတွင် ဂိမ်းထဲမှ ဘော့စ် အသေးလေး တစ်ကောင်ကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
အင်တာနက်သုံးစွဲသူများမှာ တောရိုင်း မြင်းသမင်၏ ကြံ့ခိုင်မှုအပေါ် အံ့ဩ ချီးကျူးနေကြစဉ် ရွှီယန်ကတော့ ကျောပိုးအိတ်ကို အောက်ချကာ အထဲတွင် တစ်စုံတစ်ခုကို စတင် စမ်းသပ် ရှာဖွေနေလိုက်၏။
ထို့နောက် လူအများ၏ အကြည့်အောက်တွင်ပင် ရွှီယန်က လတ်ဆတ်သော မုန်လာဥနီ အကြီးကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။ မုန်လာဥနီက အလွန် လတ်ဆတ်ပြီး နုဖတ်နေကာ ဤရာသီနှင့် အနည်းငယ် ကိုက်ညီမှု မရှိသလိုပင်။
"ကျွန်တော်တို့ဘက်မှာ မှန်လုံအိမ် တွေ များတော့ ဟင်းသီးဟင်းရွက် မရှားပါဘူး... ဒါက တခြားသူတွေရဲ့ မှန်လုံအိမ် ကနေ သွားလဲထားတာလေ"
"နဂါးမောက်သီး တစ်အိတ်နဲ့ သွားလဲတာ တော်တော်များများ ရခဲ့တယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။
[လောင်ရွှီ... မင်းက မျက်လှည့်ပြနေတာလား... ဘယ်လိုလုပ် မုန်လာဥနီကြီး ထွက်လာရတာလဲ]
[လခွမ်း... မုန်လာဥနီ စားချင်စိတ်တောင် ရှိနေသေးတာလား]
[ဒါက မြင်းသမင် ကို အစာကျွေးဖို့ လုပ်နေတာ ဖြစ်မယ်]
[တကယ်လား အတုလား... ဒီလောက် ကြီးတဲ့ တောရိုင်း မြင်းသမင် နဲ့ တွေ့တာတောင် အမြန် မပြေးသေးဘူးလား... အဲဒီ သမင်ချိုကြီးတွေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ... ဒီလိုက်ဖ်လွှင့်သူ က ဒီလောက်တောင် သတ္တိကောင်းတာလား]
[မင်း သူ့လိုက်ဖ်ကို ကြည့်တာ ဒါ ပထမဆုံးရက်လား... သူက တောရိုင်း အရှေ့မြောက်ကျား ကိုတောင် အစာကျွေးရဲတာလေ]
ကွန်မန့်များက စတင် ပွက်လောရိုက်လာတော့၏။
ရွှီယန်သည် အမှန်တကယ်ပင် မုန်လာဥနီကို အသုံးပြုကာ မြင်းသမင်ကို အစာကျွေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မြင်းသမင်နှင့် ဆဲလ်ဖီ ရိုက်ရန် အကောင်းဆုံး နည်းလမ်းမှာ မြင်းသမင်ကို သူ့ဘာသာသူ အနားသို့ လာစေခြင်းပင် ဖြစ်၏။ ဤသို့ဆိုပါက မြင်းသမင်က ခြိမ်းခြောက်မှု မရှိဟု ခံစားရမည် ဖြစ်သည်။ အကယ်၍ ရွှီယန်သာ အနားသို့ သွားပါက ဘာတွေ ဖြစ်လာမည်ကို တကယ်ပင် မပြောနိုင်ချေ။
ရွှီယန်က မြင်းသမင် ရှိရာဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်သွားပြီး မြင်းသမင်နှင့် ငါးမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ အကြောင်းမှာ မြင်းသမင်က နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်သွားကာ သတိထားနေသည့် ပုံစံမျိုးကို မြင်လိုက်ရသောကြောင့် ဖြစ်၏။
ထို့နောက် ရွှီယန်က ထပ်မံ ချဉ်းကပ်မသွားတော့ဘဲ မုန်လာဥနီကို ကိုင်ကာ လက်ဆန့်တန်းပေးလိုက်သည်။ ဤမြင်ကွင်းက ကြည့်ရသည်မှာ အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ လူငယ် တစ်ယောက်က ကြံ့ခိုင် တောင့်တင်းလှသော သမင်အထီးကြီး တစ်ကောင်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ကာ ဤသို့ပင် အနားကပ်၍ အစာကျွေးနေခြင်း ဖြစ်သည်။
[နောက်တစ်စက္ကန့်ဆိုရင် အဲဒီသမင်ကြီးက ပြေးဝင်လာတော့မယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ]
[မြင်းသမင်... လူမိုက်လေး... မင်းကို ဝင်တိုက်ပစ်လိုက်ရင် မုန်လာဥနီက ငါ့ဟာ ဖြစ်သွားမှာပဲလေ]
[လောင်ရွှီ... စိတ်အေးအေးထားပါဦးဟ]
အင်တာနက်သုံးစွဲသူများက ထပ်မံ၍ ဖျောင်းဖျရန် ကြိုးစားနေကြပြန်၏။ ဤအချိန်တွင် မြင်းသမင်က ရွှီယန်၏ လက်ထဲရှိ မုန်လာဥနီကို သတိထားမိသွားသည်။
၎င်းက ရွှီယန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရွှီယန်က ၎င်းအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သလား ဆိုသည်ကို အကဲဖြတ်နေ၏။ တိရစ္ဆာန်များက အလွန် ဉာဏ်ကောင်းကြပေသည်။ အရွယ်အစား ကြီးမားသော တိရစ္ဆာန်များက နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပို၍ ဉာဏ်ကောင်းတတ်ကြသည်။
ဤမြင်ကွင်းကို အားလုံးက အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးပြီး ဖြစ်၏။ နို့ဗူးဖြင့် နို့တိုက်ခြင်း... လတ်ဆတ်သော သစ်သီးများဖြင့် ငှက်ဆူဖြိုးလေးများကို အစာကျွေးခြင်း စသည်တို့ပင်။ ရွှီယန်က အမြဲတမ်း ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲပြီး အောင်မြင်လေ့ ရှိသည်။
မြင်းသမင်၏ ခြေလှမ်းများက စတင် လှုပ်ရှားလာပြီး ရွှီယန် ရှိရာဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။ အနီးကပ် မြင်တွေ့ရချိန်တွင်တော့ အားလုံးက မြင်းသမင်၏ အရွယ်အစားကို ပို၍ ရှင်းလင်းစွာ သိရှိသွားကြတော့သည်။ ဤမြင်းသမင်က ကြည့်ရသည်မှာ ပို၍ပင် ကြီးမားနေသကဲ့သို့ပင်။
အချိုးကျညီညာနေသော သမင်ချို တစ်စုံ၏ ချွန်ထက်သော အဖျားများက အရှေ့ဘက်သို့ ညွှန်ပြနေပြီး ကြည့်ရသည်မှာ တောင့်တင်း ခိုင်မာကာ အလွန် ကြောက်စရာ ကောင်းလှ၏။ ထူထဲသော သားမွေးများကလည်း အလွန် လေးလံမည့် ပုံပေါက်နေသည်။ သွက်လက်သော ဒရယ်ပြောက်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤအရာက တကယ့်ကို သတ်ဖြတ်ရေး လက်နက်ကြီး တစ်ခုပင် ဖြစ်၏။
မြင်းသမင် အနားကပ်လာသည်ကို မြင်သောအခါ ရွှီယန်က တည်ငြိမ်နေဆဲပင် ဖြစ်သည်။ အကြောင်းမှာ မြင်းသမင်၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုသော အရိပ်အယောင် လုံးဝ မရှိသောကြောင့် ဖြစ်၏။ တိရစ္ဆာန်များက ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်သော်လည်း ခံစားချက်ကိုတော့ ဟန်ဆောင်၍ မရနိုင်ချေ။ ၎င်းတို့၏ မျက်လုံးများမှတစ်ဆင့် အရာများစွာကို မြင်တွေ့နိုင်ပေသည်။ သဘောကျလျှင် သဘောကျသည်... ဒေါသထွက်လျှင် ဒေါသထွက်သည်ပင်။ မြင်းသမင်၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ် မရှိပါက ၎င်းသည် အန္တရာယ်ကင်းကြောင်း သိသာလှ၏။
[လာပြီ... တကယ် လာနေပြီဟေ့]
[လောင်ရွှီ... မင်းက ဒီလိုမျိုး ထပ်လုပ်ပြပြန်ပြီလား]
[တကယ် သေရမှာ မကြောက်ဘူးပဲ]
[ချန်ပိုင်တောင်တန်း မှာ ရမ်းကားခွင့် ရှိမရှိ ဆိုတာကို လောင်ရွှီ ကပဲ ဆုံးဖြတ်တာကိုး]
အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် စိုးရိမ်ပူပန်သွားကြတော့၏။ အားလုံးက ဤမြင်ကွင်းကို အနည်းငယ် ထိတ်လန့်တကြားဖြင့် စောင့်ကြည့်နေကြသည်။ မြင်းသမင်က ထူးဆန်းသော အပြုအမူ တစ်ခုခု လုပ်ဆောင်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။
မြင်းသမင်က ရွှီယန်၏ အနားသို့ အေးအေးလူလူ လျှောက်လာပြီး ခေါင်းထုတ်ကာ မုန်လာဥနီကို တစ်ကိုက်တည်း ကိုက်စားလိုက်သည့် အချိန်ရောက်မှသာ အားလုံး စိတ်အေးသွားကြတော့သည်။
ရွှီယန်ကလည်း ဤအခွင့်အရေးကို အသုံးချကာ နောက်သို့လှည့်ပြီး မြင်းသမင်ကို ကျောခိုင်းလိုက်ကာ ဖုန်းကို မြှောက်ပြီး ကင်မရာကို ချိန်ရွယ်ကာ ဓာတ်ပုံရိုက်သည့် ခလုတ်ကို နှိပ်လိုက်၏။ ဓာတ်ပုံထဲတွင် သူက အနည်းငယ် ပြုံးနေပြီး မြင်းသမင်ကတော့ မုန်လာဥနီကို ပျော်ရွှင်စွာ စားသောက်နေသည်။ နှင်းများ ဖုံးလွှမ်းနေသော မြင်ကွင်းက ကြည့်ရသည်မှာ အလွန် နွေးထွေးလှပေသည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ အားကျသလို လေးစားသွားကြတော့၏။
[ဆဲလ်ဖီ ရိုက်ဖို့ စိတ်ကူး ရှိနေသေးတာလား]
[ဟားဟားဟား... မင်းမို့လို့ပဲ... သတ္တိ တကယ် ကောင်းတာပဲ]
[သူလုပ်သမျှ အကုန်လုံးက ငါ လုပ်ချင်ပေမယ့် မလုပ်ရဲတဲ့ ကိစ္စတွေချည်းပဲ]
[တကယ့် အစ်ကိုကြီးပဲ]
ရွှီယန်က မြင်းသမင်ကို မုန်လာဥနီ ကျွေးပြီးနောက် မြင်းသမင် ထွက်မသွားသေးသည်ကို မြင်သောအခါ ပန်းသီး တစ်လုံးကို ထပ်မံ ထုတ်ယူလိုက်၏။ ဤအရာများ အားလုံးက လတ်ဆတ်နေသဖြင့် မြင်းသမင်ကို အလွန် ပျော်ရွှင်သွားစေတော့သည်။
၎င်းက ပန်းသီးကို တစ်ကိုက်တည်းနှင့် ကိုက်ခွဲလိုက်ပြီး အဆက်မပြတ် ဝါးစားနေကာ ပန်းသီးမှ ကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်လာပြီး သစ်သီးဖျော်ရည် အဖြစ်သို့ ပြောင်းလဲကာ ၎င်း၏ ဗိုက်ထဲသို့ ရောက်ရှိသွားတော့၏။ မြင်းသမင်၏ အမြီးကလည်း စတင် ယမ်းခါလာခဲ့သည်။
[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါသည်]
[ဆုလာဘ် ရရှိပါသည်... သမင်ချို ပါးပါးလှီး အချပ် ဆယ်ခု]
စနစ်၏ အသံက ရွှီယန်၏ ခေါင်းထဲတွင် ထွက်ပေါ်လာခဲ့၏။ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ဘာမှ မခက်ခဲလှချေ။
ကြည့်ရသည်မှာ အနည်းငယ် အန္တရာယ်များသော်လည်း သေချာ ကိုင်တွယ် ဖြေရှင်းနိုင်ပါက တိရစ္ဆာန် အများစုက အတော်လေး နူးညံ့သိမ်မွေ့ကြပေသည်။ မြင်းသမင်က ပန်းသီး စားပြီးနောက် ရွှီယန်ကို ထပ်မံ ကြည့်လိုက်၏။
"နောက်ဆုံး တစ်လုံးပဲ... မင်းကို ပေးလိုက်ပြီ... ကုန်ပြီနော်"
"နောက်မှပဲ ထပ်ကျွေးတော့မယ်"
ရွှီယန်က ပန်းသီး တစ်လုံးကို ထုတ်ယူကာ ၎င်းအား ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။
သူက လက်ဆန့်တန်းကာ မြင်းသမင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ မြင်းသမင်က ငြင်းဆန်ခြင်း မရှိချေ။ ရွှီယန် အနည်းငယ် ပြုံးလိုက်၏။ တိရစ္ဆာန်များကို ယဉ်ပါးအောင် လုပ်ရသည်မှာ တစ်ခါတစ်ရံတွင် အတော်လေး လွယ်ကူပြီး အစာကျွေးလိုက်ရုံဖြင့် ရပေသည်။ သို့သော် တိရစ္ဆာန်များ၏ တုံ့ပြန်မှုကိုလည်း ကြည့်ရှုရမည် ဖြစ်ပြီး အချို့တိရစ္ဆာန်များက အစာကျွေး၍ ရသော်လည်း ကိုင်တွယ် ပွတ်သပ်၍ မရသလို အချို့ကတော့ ပေါ့ပေါ့ပါးပါး ပွတ်သပ်ခွင့် ပြုတတ်ကြ၏။ မြင်းသမင်ကတော့ သေချာပေါက် နောက်ပိုင်းအမျိုးအစားတွင် ပါဝင်သည်။
"ဒီကောင်က အနီးကပ် ကြည့်ရတာ တော်တော် ကြီးတာပဲ"
"အမွေးတွေက တော်တော် ထူတာပဲ... ဒါကြောင့် ဆောင်းတွင်းကို ခံနိုင်ရည် ရှိတာကိုး"
ရွှီယန်က မြင်းသမင်ကို ကြည့်ကာ ညည်းတွားလိုက်၏။
"အားလုံးက ဒီဘက်က အပူချိန်ကို သိပ်သိမှာ မဟုတ်ဘူး... အခုက နွေးတဲ့ အချိန်လို့တောင် ပြောလို့ ရသေးတယ်"
"အကယ်၍ ပိုအေးလာရင် အနှုတ် လေးဆယ် ဒီဂရီလောက် ရောက်သွားပြီး ဖုန်းတွေတောင် အေးခဲပြီး ပိတ်သွားတတ်တယ်"
"ကျွန်တော့် ဒရုန်း လည်း ပျံလို့ ရတော့မှာ မဟုတ်ဘူး"
"အဲဒါကြောင့် အခု လိုက်ဖ်လွှင့်လို့ ရနေသေးတာ... နောက်ထပ် တစ်လလောက် နေရင်တော့ တောင်ပေါ်တက်ပြီး လိုက်ဖ်လွှင့်ဖို့က ခက်ခဲသွားလောက်ပြီ"
ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက မြောက်ပိုင်း၏ အအေးဒဏ်ကို ရှင်းလင်းစွာ သိရှိသွားကြတော့၏။ ဖုန်းများက ပူလွန်းသဖြင့် ပိတ်သွားတတ်ကြောင်းကိုသာ ကြားဖူးကြပြီး အေးခဲလွန်း၍ ပိတ်သွားတတ်ကြောင်းကို လုံးဝ မကြားဖူးခဲ့ကြချေ။ အဲဒါက ဘယ်လောက်တောင် အေးလို့လဲ...
တကယ်တမ်းတွင် အားလုံးက ပုံမှန်ပင် ဖြစ်သည်။ မြောက်ပိုင်း၏ ဆောင်းတွင်းတွင် ကားများ အားလုံး အေးခဲနေတတ်ပြီး လူအတော်များများက ကားလုံးဝ မမောင်းကြတော့ချေ။ အပြင်ရော အတွင်းပါ အေးခဲနေတတ်၏။ ၎င်းက တကယ့်ကို နှင်းများနှင့် ရေခဲများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးပင်။ သဘာဝဥယျာဉ် များတွင်သာ လူများပြားပြီး အနွေးထည် ပစ္စည်းများ အပြည့်အစုံ စီစဉ်ပေးထားသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားနိုင်ခြင်း ဖြစ်သည်။
မြင်းသမင်က ရွှီယန်တွင် အစာမရှိတော့သည်ကို မြင်သောအခါ ဖြည်းညင်းစွာဖြင့် ထွက်ခွာသွားတော့၏။ မြင်းသမင်များက ကြံ့ခိုင်သဖြင့် တစ်ကောင်တည်း နေထိုင်လေ့ ရှိကြသည်။ ၎င်းတို့က ဆောင်းတွင်းတွင်လည်း ကိုယ်တိုင် လွတ်လပ်စွာ ရှင်သန် နေထိုင်နိုင်ကြပေသည်။
၎င်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရွှီယန်က သူ၏ အနွေးထည်ကို ဆွဲစေ့လိုက်ကာ ညည်းတွားလိုက်သည်။
"အထူကြီး ဝတ်ထားတာက ပိုကောင်းတာပဲ"
"ဒီလို ရာသီဥတုကြီးမှာ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာက မြင်းသမင် နဲ့ နှင်းခွေး လိုမျိုး အမွေးအမျှင် အရမ်း ထူထပ်တဲ့ တိရစ္ဆာန်တွေပဲ ရှိတာ"
"ချန်ပိုင်တောင်တန်း မှာ ကျင်လည်ဖို့က အရည်အချင်း နည်းနည်းပါးပါး မရှိရင် တကယ် ရှင်သန်ဖို့ မလွယ်ဘူး"
ထို့နောက် ရွှီယန် ကိုယ်တိုင်လည်း လားရာကို ပြောင်းလဲလိုက်ပြီး ခြေလှမ်းများကို ခပ်မြန်မြန် လျှောက်ကာ ထွက်ခွာလာခဲ့တော့၏။