အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) ပင်လယ်စာရှာတဲ့ ထူးခြားတဲ့နည်းလမ်း... ဒီလိုလုပ်လို့လည်း ရတာပဲလား
ရွှီယန်သည် ဖုန်းထဲမှ ဗီဒီယိုကို ကြည့်နေ၏။
၎င်းမှာ ပြည်တွင်းရှိ ဂေဟစနစ်လယ်ယာခြံဝင်း တစ်ခုဖြစ်ပြီး မြေဧက တစ်သောင်းနှစ်ထောင် ကျယ်ဝန်းသည်။
ခြံဝင်းအတွင်း ပြင်ဆင်ထားမှုမှာ အလွန်ကောင်းမွန်ပြီး စိုက်ခင်းများနှင့် မှန်လုံအိမ်များကြားတွင် ကိုယ်ပိုင်ဖောက်လုပ်ထားသော ကွန်ကရစ်လမ်းများပင် ရှိသည်။
မည်သည့်နေရာကိုသွားသွား ခရီးသွားများစီးသည့် ကားလေးများကိုသာ စီးသွားရ၏။ အလွန်ဝေးလွန်းသောကြောင့် ဖြစ်သည်။
သူ ကြည့်လေလေ ပို၍ အားကျလေလေ ဖြစ်လာသည်။
'ငါ့ခြံဝင်းကိုလည်း ဘယ်တော့လောက်များ ဒီလိုမျိုး လုပ်နိုင်မလဲမသိဘူး... မှန်လုံအိမ်ဇုန်... သစ်သီးခြံဇုန်... စိုက်ပျိုးရေးဇုန် နဲ့ မွေးမြူရေးဇုန်... အလယ်မှာ ကွန်ကရစ်လမ်း ဖောက်ထားပြီး ဘယ်သွားသွား ကားလေးနဲ့ သွားရတာ... တွေးကြည့်ရုံနဲ့တင် မိုက်နေပြီ'
သို့သော် ဤကဲ့သို့သော ခြံဝင်းမျိုးကို ပိုင်ဆိုင်မှု ယွမ်သန်းတစ်ရာကျော်ရှိသည့် သူဌေးကြီးများသာ ပိုင်ဆိုင်နိုင်ပြီး သူ၏ လက်ရှိ ပိုင်ဆိုင်မှုမှာ အများကြီး လိုအပ်နေသေး၏။
ကြည့်ရုံသာ ကြည့်နိုင်ပေသည်။
ရွှီယန်သည် ဖုန်းကိုချကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
သူ၏ လယ်ယာခြံဝင်းလေးမှာ အမှန်တကယ်ပင် ခြောက်ကပ်နေ၏။
ဆောင်းရာသီဖြစ်သောကြောင့် အနည်းငယ် အသစ်ဖြစ်နေသော မှန်လုံအိမ်များမှလွဲ၍ ကျန်ရှိနေသော အုတ်နီနံရံများနှင့် မြေသားလမ်းများမှာ အနည်းငယ် ဟောင်းနွမ်းနေပုံပေါ်သည်။
သို့သော် ဆောင်းတွင်းကာလတွင် ဤသို့ဖြစ်နေခြင်းမှာ သဘာဝပင် ဖြစ်၏။
တိရစ္ဆာန်လေးများမှာ သူတို့၏ အသိုက်များထဲတွင်သာ ရှိနေကြသည်။
ရွှီယန်၏ လှုပ်ရှားသံကို ကြားသောအခါ အသီးသီး ခေါင်းပြူထွက်လာကြ၏။
ယခု ရာသီဥတုက အေးနေသဖြင့် သူတို့လည်း မလှုပ်ရှားချင်ကြပေ။ ရွှီယန် အပြင်ထွက်လာမှသာ နောက်မှ လိုက်ပါလာကြခြင်း ဖြစ်သည်။
မြေခွေးဖြူလေးသည်လည်း အသိုက်ထဲတွင် သက်သောင့်သက်သာ အနားယူနေ၏။
ဤကာလအတွင်း ၎င်းမှာ သိပ်မလှုပ်ရှားသဖြင့် မျက်စိရှေ့တွင်ပင် ဝဖြိုးလာခဲ့သည်။
ရွှီယန်မှာ မတတ်သာသဖြင့် ၎င်း၏ အစာများကို လျှော့ချပေးခဲ့ရသည်။
သူသည် အိမ်မွေးတိရစ္ဆာန်ကို သိပ္ပံနည်းကျ မွေးမြူနေခြင်းဖြစ်ပြီး ဝက်မွေးနေခြင်း မဟုတ်ပေ။
အချို့လူများသည် ဘာမွေးမွေး ဝက်လိုဖြစ်အောင် မွေးတတ်ကြရာ ကြည့်ရသည်မှာ ချစ်စရာကောင်းသော်လည်း တကယ်တမ်းတွင် တိရစ္ဆာန်၏ ခန္ဓာကိုယ်အတွက် မကောင်းချေ။
သိပ်မကြာခင်မှာပင် ဘလူးဘယ်ရီများ သယ်ဆောင်မည့် ကုန်တင်ကား ရောက်ရှိလာပြီး ဝန်ထမ်းများက ကားပေါ် စတင် တင်ဆောင်ကြတော့သည်။
နှစ်ဝက်ကျော်ခန့် ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ပြီးနောက် ပထမဆုံးအသုတ် ဘလူးဘယ်ရီများ ထွက်ရှိလာခဲ့ပြီ ဖြစ်၏။
ဘလူးဘယ်ရီများသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဖြစ်ထွန်းလာပြီး အထွက်နှုန်း ပိုများလာကာ စတုတ္ထနှစ်တွင် အထွက်နှုန်း အများဆုံး ဖြစ်သည်။
ယခုမှာ ပထမနှစ်ဖြစ်ပြီး မှန်လုံအိမ် တစ်ခု၏ အထွက်နှုန်းမှာ ခန့်မှန်းခြေအားဖြင့် ကျင်း သုံးထောင့်ငါးရာခန့် ရှိ၏။
တစ်ကျင်းလျှင် ယွမ် ကိုးဆယ် ဆိုသော ကြိုတင်မှာယူဈေးဖြင့် တွက်မည်ဆိုပါက ဝင်ငွေ ယွမ် သုံးသိန်းတစ်သောင်းကျော် ရရှိမည် ဖြစ်သည်။
မှန်လုံအိမ်၏ ရေဖိုး... မီးဖိုးနှင့် လုပ်အားခ စရိတ်များကို နုတ်လိုက်ပါက အသားတင် ဝင်ငွေ ယွမ် နှစ်သိန်းခန့် ရရှိနိုင်ပေသည်။
မှန်လုံအိမ် တစ်ခုမှ ယွမ် တစ်သိန်း သို့မဟုတ် နှစ်သိန်း မြတ်ခြင်းမှာ ဤနေရာတွင် ဆန်းသစ်သော ကိစ္စတော့ မဟုတ်ချေ။ အဓိကမှာ အထွက်နှုန်း ကောင်းပြီး အရောင်းအဝယ် ကောင်းမွန်ရန်သာ ဖြစ်သည်။
ရွှီယန်၏ ဘလူးဘယ်ရီ မျိုးစိတ်မှာ မူလကတည်းက ကောင်းမွန်ပြီး ရောင်းရသည့် ဈေးနှုန်းလည်း မြင့်မားသဖြင့် မှန်လုံအိမ် တစ်ခုမှ ယွမ် နှစ်သိန်း မြတ်ခြင်းမှာ ပုံမှန်ပင် ဖြစ်၏။
သူသည် ဤဘလူးဘယ်ရီများကို အသုတ် သုံးသုတ်ခွဲ၍ ခူးဆွတ်ရန် ရည်ရွယ်ထားပြီး တစ်ကြိမ်နှင့် တစ်ကြိမ် တစ်ပတ်ခန့် ခြားထားမည် ဖြစ်သည်။ ဤသို့ဆိုလျှင် သဘာဝဥယျာဉ်ဘက်မှလည်း အလွယ်တကူ စားသုံးကုန်နိုင်မည် ဖြစ်၏။
မူလက ရွှီယန် ထင်မှတ်ထားသည်မှာ ဤမျှများပြားသော ဘလူးဘယ်ရီများကို ထောင်ဟွာ တို့ သဘာဝဥယျာဉ်မှ စားသုံးကုန်နိုင်မည် မဟုတ်ဘဲ ဈေးကွက်ထဲသို့ ဝင်ရောက် ရောင်းချရန် နည်းလမ်း ရှာရဦးမည် ဟူ၍ ဖြစ်သည်။
သို့သော် ထောင်ဟွာ က သူ့ကို ပြောလာ၏။
"ဘယ်လောက်ရှိရှိ အကုန်ယူမယ်"
ဤစကားက ရွှီယန်ကိုပင် အနည်းငယ် ကြောင်အမ်းသွားစေခဲ့သည်။
'မှန်လုံအိမ် တစ်ခုက ထွက်တဲ့ ကျင်း သုံးထောင်ကျော်ကို အကုန်ယူမယ် ဟုတ်လား... သဘာဝဥယျာဉ်က လူတွေ အကုန်စားနိုင်ပါ့မလား'
ထောင်ဟွာ ၏ ပြောပြချက်အရ သူ၏ နောက်ကွယ်တွင်လည်း အရောင်းလမ်းကြောင်းများ ရှိနေပြီး ဧည့်သည်များက သေတ္တာလိုက် ဝယ်ယူကြကာ အလုအယက် ဖြစ်နေကြကြောင်း သိရသည်။
ရွှီယန်သည် ယခင်က ဘလူးဘယ်ရီ ဈေးကွက် အလွန် အရောင်းအဝယ် သွက်ခဲ့စဉ်က လူတစ်ယောက် ပြောခဲ့ဖူးသော စကားကို ပြန်အမှတ်ရသွား၏။
ဘလူးဘယ်ရီ သည် ဈေးကြီးမည်ကို မကြောက်ဘဲ ပစ္စည်း မကောင်းမည်ကိုသာ ကြောက်ရသည် ဟူ၍ပင်။
ပစ္စည်းသာ ကောင်းပါက သေချာပေါက် ဝယ်မည့်သူ ရှိသည်။ ယခု ကြည့်ရသည်မှာ တကယ်ပင် ထိုသို့ ဖြစ်နေ၏။
"ဒီနှစ် ဘလူးဘယ်ရီ ဈေးတွေ အများကြီး ထိုးကျသွားလို့ ဘလူးဘယ်ရီ ဈေးကွက် စပြီး လှုပ်ခတ်နေပြီလို့တောင် ထင်နေတာ"
ရွှီယန်သည် အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။
"အဲဒါက အရည်အသွေး ညံ့တဲ့ ဘလူးဘယ်ရီ အများကြီးကို အကောင်းစားတွေလို့ လိမ်ရောင်းကြလို့လေ... အဲဒါကြောင့် ဈေးကွက်ရဲ့ ယုံကြည်မှုက အများကြီး ကျဆင်းသွားပြီး လူတွေက ဈေးကြီးတဲ့ ဘလူးဘယ်ရီတွေကို မဝယ်ကြတော့လို့ ဈေးကွက် လှုပ်ခတ်သွားတာပေါ့... တကယ်သာ ကောင်းမယ်ဆိုရင် ဈေးကွက်က မရှားပါဘူး"
ထောင်ဟွာ က သူ့ကို ပြန်လည် ဖြေကြားခဲ့၏။
"ဒါဆိုလည်း ကောင်းတာပေါ့"
မည်သို့ပင်ဆိုစေကာမူ သူတို့ နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် ချောမွေ့ခဲ့သည်။
ထောင်ဟွာ အနေဖြင့် ဘလူးဘယ်ရီများကို မည်သို့ ဖြေရှင်းမည် ဆိုသည်မှာ သူ၏ ကိစ္စသာ ဖြစ်ပြီး ရွှီယန်၏ ဘလူးဘယ်ရီများကို သဘာဝဥယျာဉ်သို့ ရောင်းချလိုက်ပြီးဖြစ်ရာ သူ၏ စီးပွားရေး ကိစ္စမှာ ပြီးစီးသွားပြီ ဖြစ်၏။
ကိစ္စများ အားလုံး လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားပြီ ဖြစ်သည်ကို မြင်သောအခါ ရွှီယန်သည် တောင်ပေါ်တက်ရန် တွေးတောလိုက်သည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ အကြိမ်ရေများကလည်း ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ရတနာရှာဖွေရန် နေရာ အမြန် ရှာရမည် ဖြစ်သည်။
ပြည်တွင်းရှိ အတော်လေး နာမည်ကြီးသော တောင်ထွက်ပစ္စည်း ဈေးကွက်များကို ပြောရမည်ဆိုပါက အရှေ့မြောက်ပိုင်း အပြင် ယူနန် နှင့် ကွေ့ကျိုး ဒေသ နှစ်ခုလည်း ရှိသေးသည်။
ဤဒေသ နှစ်ခုတွင် တောင်များ များပြားသလို တောင်ထွက်ပစ္စည်းများလည်း ပေါများလှ၏။
ဝမ်းနည်းစရာ ကောင်းသည်မှာ ယခုက ဆောင်းရာသီ ဖြစ်နေသဖြင့် အခြေအနေမှာ ချန်ပိုင်တောင်တန်း နှင့် ဆင်တူကာ အလွန်အမင်း အေးခဲနေသဖြင့် တောင်ပေါ်တက်သူ အလွန် နည်းပါးပေသည်။
နောက်ဆုံးတွင် တွေးတောကြည့်ပြီးနောက် ရွှီယန်သည် စန်းယာ ပတ်ဝန်းကျင်ရှိ ကမ်းခြေများတွင် ပင်လယ်စာ သွားရှာရန် ဆုံးဖြတ်လိုက်၏။
သုံးလေးရက်ခန့် သွားပြီး ပြန်လာမည် ဖြစ်သည်။
ပင်လယ်စာ ရှာသည် ဆိုသည်မှာ ရေတိမ်ပိုင်း ကမ်းခြေ တစ်နေရာကို ရှာဖွေပြီး သဲသောင်ပြင်ပေါ် သို့မဟုတ် သဲသောင်ပြင်ထဲရှိ ပင်လယ်စာများကို ရှာဖွေခြင်းပင် ဖြစ်သည်။
အတွေ့အကြုံ ရင့်ကျက်သော တံငါသည်များနှင့် ဒေသခံများက သတ်မှတ်ထားသော အချိန်များတွင်သာ ပင်လယ်စာ ရှာဖွေလေ့ ရှိကြ၏။ အကြောင်းမှာ သူတို့က မည်သည့်အချိန်တွင် ပင်လယ်စာ ပေါများကြောင်းကို သိရှိထားသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် တောင်ပိုင်း၌လည်း အေးနေသဖြင့် ပင်လယ်စာများ အတော်လေး နည်းပါးပေသည်။
ရွှီယန် ကတော့ ထိုအရာများကို ဂရုမစိုက်ချေ။
'ပင်လယ်စာ နည်းရင်လည်း နည်းပါစေ... ငါက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် နဲ့ ရှာမှာပဲကို... ရှာမတွေ့စရာ အကြောင်းတော့ မရှိပါဘူး'
ထို့ကြောင့် ရွှီယန်သည် ဝန်ထမ်းများကို လယ်ယာခြံဝင်း၏ ကိစ္စများ မှာကြားခဲ့ပြီး လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ကာ စန်းယာ သို့ တိုက်ရိုက် ပျံသန်းသွားတော့၏။
စန်းယာ တွင် ယခုအခါ အရှေ့မြောက်ပိုင်းမှ လူများ အတော်လေး များပြားနေပြီး ဈေးကွက်ထဲတွင် ညီလေး ညီလေး ဟူသော ခေါ်သံများကို မကြာခဏ ကြားရတတ်ကာ အငှားကားဆရာ အတော်များများကလည်း အရှေ့မြောက်ပိုင်း လေယူလေသိမ်းဖြင့် ပြောဆိုကြသည်။
ဤနေရာ၏ ပထဝီဝင် အနေအထားက အမှန်တကယ်ပင် ကောင်းမွန်လှ၏။
ပြည်တွင်းရှိ မည်သည့် ပြည်နယ်မှ လူမဆို ပင်လယ်ကမ်းခြေသို့ အလည်အပတ် သွားမည်ဆိုပါက စန်းယာ ကိုသာ ပထမဆုံး စဉ်းစားလေ့ ရှိကြသည်။
ရွှီယန်သည် နေ့တိုင်း ဗီဒီယိုများ တင်လေ့ရှိသော်လည်း ဆောင်းရာသီတွင် ဗီဒီယို ရိုက်ကူးရန် အကြောင်းအရာများ အလွန် နည်းပါးနေသဖြင့် လူကြိုက်များမှု မြင့်တက်လာစေရန် အသစ်အဆန်း အချို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။
ထို့ကြောင့် သူက စန်းယာ သို့ ပျံသန်းမည့် လေယာဉ်လက်မှတ်ကို ဓာတ်ပုံရိုက်ကာ စာသားလေး ရေးတင်လိုက်၏။
"ချန်ပိုင်တောင်တန်း က အရမ်းအေးလွန်းလို့ ဟိုင်နန် မှာ ပင်လယ်စာ သွားရှာဖို့ ပြင်နေတယ်... ဟိုရောက်ရင် လိုက်ဖ်လွှင့်မယ်နော်"
ပရိသတ်များက သူ၏ ဗီဒီယိုကို မြင်သောအခါ တကယ်ပင် စိတ်ဝင်စားသွားကြတော့သည်။
[အာ... ချန်ပိုင်တောင်တန်း က လမ်းသရဲ က ဟိုင်နန် အထိ လျှောက်သွားနေပြီလား]
[ဟားဟားဟား... လောင်ရွှီ က လိုင်းပြောင်းပြီး အလုပ်လုပ်ချင်နေတာပဲ]
[တောင်တက်တာ တော်ပေမဲ့ ပင်လယ်စာ ရှာတာကတော့ တော်ချင်မှ တော်မှာနော်]
[မင်း ဒုက္ခရောက်နေတဲ့ ပုံစံကို ကြည့်ဖို့တောင် မစောင့်နိုင်တော့ဘူး]
[အစီအစဉ်အတွက် ဖန်တီးတာလား... ဒါဆိုရင်တော့ သေချာပေါက် ကြည့်ရမှာပေါ့]
[ရက်တော်တော်များများ လိုက်ဖ်မလွှင့်ဘူးဆိုလို့ တောင်ပေါ်ရှုခင်းတွေကို ကြည့်ချင်နေတာ... အကြီးကြီး ကြံစည်နေတာကိုး]
အားလုံးက ဤကိစ္စကို အလွန် မျှော်လင့်နေကြ၏။
လူများက ပွဲကြည့်ချင်သည့် စိတ်ကူးဖြင့်သာ ရှိနေကြသည်။
တောင်ပေါ်တက်သည့် လိုက်ဖ်လွှင့်သူ တစ်ယောက်က တောင်ထဲရှိ အခြေအနေများကို ကျွမ်းကျင်စွာ သိရှိထားသော်လည်း ယခုအခါ ပင်လယ်ကမ်းခြေသို့ သွားမည် ဖြစ်၏။
ထိုသို့ လုပ်၍ ရပါမည်လား။
အင်တာနက်ပေါ်တွင် ပင်လယ်စာရှာသည့် လိုက်ဖ်လွှင့်သူများ အများအပြား ရှိပေသည်။
အများစုက တစ်ရက် ကြိုတင်၍ ပင်လယ်စာများကို ရေတိမ်ပိုင်း တစ်နေရာတွင် မြှုပ်ထားပြီးမှ မတော်တဆ ရှာတွေ့သွားသည့်ပုံ ဟန်ဆောင်လေ့ ရှိကြ၏။
သို့မဟုတ်ပါက ရေတိမ်ပိုင်းတွင် ပင်လယ်စာများ ထည့်ထားပြီးနောက် ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်ပြလေ့ ရှိကြသည်။
တကယ့် အစစ်အမှန် ပင်လယ်စာရှာသည့် လိုက်ဖ်လွှင့်သူများမှာ ထိုမျှလောက် အများကြီး ရလေ့မရှိချေ။
ရွှီယန်မှာ ပင်လယ်စာ မရှာဖူးသေးသော်လည်း သူ့တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေပေသည်။ ပင်လယ်စာ အချို့ ရှာဖွေရသည်မှာ ပေါ့ပေါ့ပါးပါးပင် မဟုတ်ပါလား။
ယခုအချိန်က ခရီးသွား ရာသီ မဟုတ်သေးဘဲ အများစုက ကျောင်းမပိတ် ရုံးမပိတ်သေးသဖြင့် ဤဘက်တွင် လူသိပ်မများလှချေ။
ရွှီယန်က ဆင်ခြေဖုံး ဒေသရှိ ကမ်းခြေတစ်ခုကို သီးသန့် ရှာဖွေလိုက်သည်။ ဤဘက်တွင် လူမရှိသော ကမ်းခြေများ အများအပြား ရှိ၏။
လူအများစုက ဤနေရာသို့ လာပါက သဘာဝဥယျာဉ် များတွင်သာ လည်ပတ်လေ့ရှိပြီး လူသူကင်းမဲ့သော ကမ်းခြေများသို့ လုံးဝနီးပါး မလာတတ်ကြဘဲ လမ်းဘေးတွင် ဓာတ်ပုံရိုက်သူ အချို့သာ ရှိတတ်သည်။
မူလက ရွှီယန်က ယုံကြည်မှု အပြည့် ရှိနေသော်လည်း ယခုအခါတွင် သူလည်း အနည်းငယ် တွေဝေသွားတော့၏။
'ဒီနေရာမှာများ ပင်လယ်စာ ရှိနိုင်ပါ့မလား'
သို့သော် မပြောဘဲ မနေနိုင်သည်မှာ ဤဘက်ရှိ ရာသီဥတုက တကယ်ကို နွေးထွေးလှ၏။
ဒီဇင်ဘာလ ကုန်နေပြီ ဖြစ်သော်လည်း ရွှီယန်က ဘောင်းဘီရှည် တစ်ထည် နှင့် လက်တို အင်္ကျီ တစ်ထည်သာ ဝတ်ဆင်ထားပြီး နည်းနည်းလေးမှ မအေးကြောင်း ခံစားရသည်။
ဤမျှများပြားသော လူများ ဤနေရာတွင် နေထိုင်ကြသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။
ဤဘက်ရှိ အပူချိန်က ရာသီဥတု လေးမျိုးလုံးတွင် သာယာလှပေသည်။
ချန်ပိုင်တောင်တန်း ဘက်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဤနေရာမှာ နတ်ပြည်ဟုပင် ဆိုနိုင်၏။
ရွှီယန် ကမ်းခြေသို့ ရောက်လာပြီး လိုက်ဖ်လွှင့်လိုက်သည်။
ဒရုန်းက အထက်သို့ မြင့်မားစွာ ပျံတက်သွား၏။
ရွှီယန်သည် ဘယ်ဘက်လက်တွင် အနီရောင် ရေပုံး တစ်ပုံး ကိုင်ထားပြီး ညာဘက်လက်တွင်တော့ ညှပ်တစ်ချောင်း ကိုင်ကာ ကျောပိုးအိတ် တစ်လုံး လွယ်ထားလျက် အင်တာနက်သုံးစွဲသူများ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
အားလုံးက ချက်ချင်းပင် မနေနိုင်ဘဲ ရယ်မောလိုက်ကြ၏။
[လောင်ရွှီ... တကယ်ကြီး ကမ်းခြေ ရောက်လာတာပဲ]
[မင်း ရောက်နေတာ တကယ် အဝေးကြီးပဲ]
[ဟားဟားဟား... တောင်ပေါ်တက်တဲ့ လိုက်ဖ်လွှင့်သူ က ပင်လယ်စာ လာရှာတာ... စိတ်ဝင်စားစရာပဲ]
[တကယ်ကြီး လာတာပဲ]
[လောင်ရွှီ ကြောင်အမ်းအမ်း ဖြစ်နေသလိုပဲ]
ကွန်မန့်များက အလွန် စည်ကားနေ၏။
အချိန်အတော်ကြာ လိုက်ဖ်မလွှင့်ခဲ့သဖြင့် လိုက်ဖ်၏ လူကြိုက်များမှုက လျင်မြန်စွာ စတင် တိုးတက်လာခဲ့သည်။ လိုက်ဖ်ထဲသို့ လူများ အဆက်မပြတ် ဝင်ရောက်လာကြ၏။
မတူညီသော ရှုခင်းများကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အသစ်အဆန်း ခံစားချက် ရရှိသွားကြတော့သည်။
[လောင်ရွှီ က ဘယ်ရောက်နေတာလဲ... အရှေ့မြောက် ကမ်းရိုးတန်း လား]
[လခွမ်း... ဘယ်လိုလုပ် ကမ်းခြေ ရောက်နေရတာလဲ]
ရွှီယန်သည် ကမ်းခြေကို ကြည့်ကာ အေးအေးလူလူပင် ပြောလိုက်သည်။
"ကျွန်တော်တို့ ဘက်မှာ အပူချိန် အရမ်း နိမ့်လွန်းလို့ တောင်ထဲ ဝင်လို့ မရတော့ဘူးလေ... အဲဒါကြောင့် သီးသန့် အပန်းဖြေဖို့ ဒီဘက်ကို ရက်အနည်းငယ် လာခဲ့တာ... ဒီမှာက နွေးထွေးနေတုန်းပဲ... ရှုခင်း ကလည်း လှတယ်"
ဒရုန်းက အရှေ့ဘက်သို့ ဦးတည်ကာ ရိုက်ကူးနေ၏။
ပင်လယ်လှိုင်းလုံးများ တစ်လုံးပြီး တစ်လုံး ရိုက်ခတ်လာသည်ကို တွေ့ရပြီး ထိုမျှလောက် အပြာရောင် မသန်းသော်လည်း ဖော်ပြ၍ မရနိုင်သော ကျယ်ပြောမှု တစ်ခု ရှိနေကာ ကြည့်ရသည်မှာ အလွန် စိတ်ချမ်းသာစရာ ကောင်းလှသည်။
ကမ်းခြေအနီးတွင် ရေတိမ်ပိုင်း တစ်ခု ရှိနေ၏။
ဤအချိန်က တိုက်တိုက်ဆိုင်ဆိုင် ရေကျချိန် ဖြစ်နေသဖြင့် သဲသောင်ပြင် ပေါ်လာကာ ကျောက်ဆောင် အတော်များများလည်း ရှိနေသည်။
"ဒီရက်ပိုင်း ဒီဘက်မှာ အပန်းဖြေဖို့ ရောက်နေတာ... အချိန်တွေ အများကြီး ရှိနေတုန်း ပင်လယ်စာ လာတူးမလို့လေ... ကျွန်တော်က ပင်လယ်စာ ရှာတာနဲ့ ပတ်သက်ပြီး သိပ်တော့ နားမလည်ပါဘူး"
ရွှီယန်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်၏။
"ဒီက ရေတိမ်ပိုင်း ဧရိယာက ဒီလောက် ကြီးတာကို ဘာလို့ လူတစ်ယောက်မှ မရှိရတာလဲ"
ရွှီယန်၏ စကားကို ကြားသောအခါ ပင်လယ်ကမ်းခြေတွင် နေထိုင်သော အင်တာနက်သုံးစွဲသူ အတော်များများက ပြောလာကြသည်။
[လောင်ရွှီ... ဒီနေရာမှာ အခြေခံအားဖြင့် ကြီးမားတဲ့ ပင်လယ်စာ တွေ မရှိဘူး... ပင်လယ်စာ ရှာတယ် ဆိုတာ အချိန်အခါ ကို ကြည့်ရတာ... သင့်တော်တဲ့ အချိန် ရောက်မှသာ ပင်လယ်စာတွေ ရှိတာလေ]
[ဟုတ်တယ်... ဒီလို ကမ်းခြေ မျိုးမှာ အခြေခံအားဖြင့် ပစ္စည်းကောင်း ဘာမှ မရှိဘူး... ခရု နည်းနည်းပါးပါး လောက်ပဲ ရှိမှာ]
[မင်း ဒီလို ပုံစံနဲ့ ပင်လယ်စာ ရှာတွေ့ရင် တကယ် ထူးဆန်းနေပြီ]
[ခရုခွံ နည်းနည်းလောက် ကောက်ပြီး ပြန်လိုက်ပါတော့]
ယခင်က ရွှီယန် တောင်ပေါ်တက်စဉ်က သူ၏ စွမ်းဆောင်ရည်မှာ အလွန် အစွမ်းထက်လွန်းသဖြင့် အားလုံးက ဘာမှ ဝေဖန်စရာ အချက် မရှာတွေ့ခဲ့ကြချေ။
ယခု ကမ်းခြေသို့ ရောက်လာချိန်တွင်တော့ အရာအားလုံး သိကျွမ်းသူကြီးများက သူတို့၏ ဗဟုသုတများကို စတင် ပြသလာကြတော့၏။
သို့သော် ရွှီယန် ပင်လယ်စာ ရှာဖွေသည်က အတွေ့အကြုံကို အားမကိုးဘဲ အပြင်ပန်း အကူအညီကိုသာ အားကိုးခြင်း ဖြစ်သည်။
သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကို တစ်ကြိမ် အသုံးပြုရန် ရွေးချယ်လိုက်၏။
သိပ်မကြာခင်မှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က ရတနာ ရှိရာ နေရာ တစ်ခုကို ဖော်ပြပေးလိုက်သည်။
"ကျွန်တော်က ကမ်းခြေမှာ ဒီတိုင်း လျှောက်ကြည့်ရုံပါ... ပင်လယ်စာ လည်း မရှာဖူးဘူးလေ... အသက်ရှူပေါက် ရှိတဲ့ နေရာတွေကို ရှာရင် အောက်မှာ ပစ္စည်းကောင်း အကြီးကြီးတွေ ရှိနိုင်တယ်လို့ ကြားဖူးရုံပါပဲ... ကံစမ်းကြည့်ရတာလည်း မဆိုးပါဘူး"
ရွှီယန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီး ရတနာ ရှိရာ နေရာသို့ ထွက်သွားတော့၏။
သူက ရွှံ့နွံ ဧရိယာသို့ လျှောက်သွားလိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးက ရွှံ့များသာ ဖြစ်နေပြီး ထိုအထဲတွင် ခရုခွံများ... ကျောက်စရစ်ခဲများ စသည့် အရာငယ်များ အများအပြား ရောနှောနေသည်။
သူရောက်နေသော နေရာက အနောက်ဘက်ကျွန်း ဖြစ်သဖြင့် လူအနည်းငယ် နည်းပါးခြင်း ဖြစ်၏။ အရှေ့ဘက်ကျွန်း တွင်တော့ ပင်လယ်စာ ရှာဖွေသူ အလွန် များပြားပေလိမ့်မည်။
"ဒီဘက်မှာ ခရုခွံ တွေ မနည်းဘူးပဲ... ပင်လယ်ခရု တချို့လည်း ရှိသေးတယ်... တကယ်တော့ ပင်လယ်စာ ရှာတာနဲ့ တောင်ထွက်ပစ္စည်း ရှာတာက အတူတူလောက်ပါပဲ... အတွေ့အကြုံ နဲ့ အကဲခတ်နိုင်စွမ်း ကို ကြည့်ရတာပေါ့"
ရွှီယန်က ပြောရင်းနှင့်ပင် ရတနာ ရှိရာ နေရာသို့ ရောက်ရှိလာခဲ့၏။
သူက ခေါင်းငုံ့ကာ ကြည့်လိုက်သည်။
စနစ် ဖော်ပြပေးထားသော ရတနာ နေရာမှာ ကျောက်တုံးကြီး တစ်တုံး ဖြစ်နေ၏။
ယေဘုယျအားဖြင့် အချို့သော ပင်လယ်စာများက ကျောက်တုံး အောက်တွင် ပုန်းအောင်းနေလေ့ ရှိကြသည်။
"ဥပမာ ဒီလို ကျောက်တုံးမျိုးပေါ့... တောင်ထဲက ကျွန်တော့်ရဲ့ အတွေ့အကြုံ အရဆိုရင် ဒီလို ကျောက်တုံးမျိုး အောက်မှာ ပစ္စည်းကောင်း တွေ ပုန်းနေတတ်တယ်လေ... အရင်က မြစ်ထဲမှာ ရေချိုဂဏန်း တွေ ငါးလေးတွေ ရှာတုန်းကလည်း ဒီလို ကျောက်တုံးတွေ အောက်ကနေ သီးသန့် ရှာခဲ့တာပဲ"
ရွှီယန်က ကျောက်တုံးကို ကြည့်ကာ ထပ်ပြောလိုက်၏။
သူ၏ စကားကို ကြားသောအခါ အားလုံးက မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။
[လောင်ရွှီ... မင်းက တောင်ပေါ်တက်တဲ့ အတွေ့အကြုံ ကို သုံးပြီး ပင်လယ်စာ ရှာတာ... အသုံးဝင်လို့လား]
[ဟားဟားဟား... ပင်လယ်စာ ရှာတာက ဘယ်လောက်တောင် လွယ်လို့လဲ]
လူအတော်များများက လှောင်ပြောင်သော အသံများ ထွက်ပေါ်လာကြ၏။
ရွှီယန်က ကွန်မန့်များကို မကြည့်ဘဲ ဆောင့်ကြောင့်ထိုင်ကာ ကျောက်တုံးကို လှန်လိုက်သည်။
ထို့နောက် အရွယ်အစား အလွန် ကြီးမားသော ပင်လယ်ဂဏန်းကြီး တစ်ကောင်က ရွှီယန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာတော့၏။
"လခွမ်း... တကယ် ရှိနေတာပဲ"
သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာပြီး လက်ထဲရှိ ညှပ်ဖြင့် ဂဏန်းကြီးကို အလျင်အမြန် ညှပ်လိုက်သည်။
ဒရုန်းက ဤမြင်ကွင်းကို ရှင်းလင်းစွာ ရိုက်ကူးထား၏။
အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အမ်းသွားကြတော့သည်။
'မဟုတ်သေးဘူးလေ... ဒီကျောက်တုံး အောက်မှာ တကယ်ကြီး ပစ္စည်း ရှိနေတာလား...'
'ဒီလို လုပ်လို့လည်း ရတာပဲလားဟ…’