← Chapters

အခန်း ၄၁၀

Vol. 30 Ch. 410

အခန်း ၄၁၀

Vol. 30 Ch. 410

အပိုင်း(၄၁၀)

ချွမ်း... ချွမ်း... ချွမ်း...

အစိမ်းရောင် သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်များသည် သူတို့၏ လှံများကို မြှောက်ကာ ဘေးသို့ ဖယ်ပေးလိုက်ကြ၏။ ထို့နောက် အီသန်အား ဧကရာဇ် ၏ ညီလာခံ ခန်းမဆောင် တံခါးအမြင့်ကြီးများဆီသို့ ချဉ်းကပ်ခွင့် ပြုလိုက်သည်။ သူ့ကို မျှော်လင့်စောင့်စားနေခဲ့ကြခြင်း ဖြစ်၏။

ဖစ်ရှာ ဂီရှာ သည် သူမ၏ ဆံပင်များကို သပ်တင်နေရင်း၊ အီသန် ၏ အနောက်မှ လိုက်ပါလာစဉ် အစစ်အမှန် ရွှေအဆင့် အစောင့် နှစ်ဦးစလုံးကို ဦးညွှတ် အရိုအသေ ပေးခဲ့သည်။ ယနေ့တွင် သူမသည် သူမ၏ အစေခံ ယန္တရားကို ချန်ထားခဲ့၏။ ထို့ကြောင့် သူမ၏ ခေါင်းထိပ်မှာ အီသန် ၏ ခါးလောက်တွင်သာ ရှိနေလေသည်။

"ဒါက ရှင် မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်ဘူး..."

သူမက တီးတိုး ရေရွတ်လိုက်၏။

"ကျွန်မ ဘာလိုချင်လဲဆိုတာကို ရှင် မေးခဲ့ဖူးလို့လား... ဟမ်... မမေးခဲ့ဘူး... ရှင်က ကျွန်မကို ခရီးဆောင်အိတ် တစ်လုံးလို ဆွဲခေါ်လာရုံပဲ... သူက ကျွန်မကို တွေ့မှာ မဟုတ်ဘူး... အဆင့်မြင့် ရွှေအဆင့် တွေက ဧကရာဇ် ရှေ့မှောက်ကို နေ့တိုင်း ရောက်နေတယ်လို့ ရှင် ထင်နေတာလား..."

"စိတ်မပူပါနဲ့..."

အီသန် က ရှေ့သို့ ဆက်လျှောက်ရင်း ပြောလိုက်သည်။

"သူက ခင်ဗျား ထင်ထားသလောက် ကြောက်စရာ မကောင်းပါဘူး..."

သူ တံခါးကို မထိရသေးမီမှာပင် လေအော်ရာ က တံခါးကြီးများကို ပွင့်ဟသွားစေခဲ့၏။

တံခါးကြီးများ ပွင့်သွားချိန်တွင် ကောင်းကင်ဘုံရှိ ခန်းမဆောင်များကိုပင် ရှက်ရွံ့သွားစေလောက်မည့် ခမ်းနားထည်ဝါမှုများဖြင့် အလှဆင်ထားသော စင်္ကြံလမ်းရှည်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ အရာအားလုံးကို ရွှေများဖြင့် ကွပ်ထား၏။ မျက်နှာကြက်မှ တွဲလောင်းကျနေသော နဂါး ရုပ်တုများ၊ ခန်းမတစ်လျှောက် စီတန်းနေသော တိုင်လုံးကြီးများနှင့် ကြမ်းပြင်ရှိ ကြွေပြားများပင်လျှင် ရွှေရောင် တောက်ပနေလေသည်။

ခန်းမ၏ အဆုံးတွင် ဧကရာဇ်သည် ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်၌ ထိုင်နေခဲ့၏။ မဟူရာ မီးတောက် အင်ပါယာ၏ ဧကရာဇ် ဖြစ်သော နာရူဟွမ် သည် သူရဲကောင်း တစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်။ သူသည် ခိုင်မာ တောင့်တင်းသော ခန္ဓာကိုယ်၊ စူးရှသော မျက်လုံးများနှင့် သူ၏ လေးထောင့်ကျကျ မေးရိုးကို ပိုမို ပေါ်လွင်စေသည့် မုတ်ဆိတ်တိုလေး တစ်ခု ရှိ၏။ သူ၏ ဆံပင်များကို ခမ်းနားလှပသော သရဖူတစ်ခုဖြင့် နောက်သို့ သပ်တင်ထားသည်။ သူ၏ တောင်ပံများကို တစ်ဖက်တစ်ချက်စီသို့ ဖြန့်ကြက်ထားရာ၊ တောက်ပနေသော မြရောင် အမွေးအတောင်များက သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝန်းရံနေကြ၏။ သူ၏ အဆင့်မြင့် အရှင်သခင် စိတ်ဝိညာဉ်သည် ခန်းမဆောင်များ တစ်လျှောက် လွတ်လပ်စွာ လျှံကျနေပြီး၊ စစ်မှန်သော စွမ်းအား၏ အလေးချိန်ဖြင့် သူတို့အပေါ်သို့ ဖိနှိပ်ထားလေသည်။

သူတို့ ဝင်ရောက်လာချိန်တွင် တံခါး၏ ဘေးတစ်ဖက်ရှိ အပေါ်ပိုင်း ဗလာကျင်းနေသော အမျိုးသား တစ်ဦးက ဧရာမ မောင်းကြီး တစ်ခုကို ထုလိုက်၏။ နားကွဲမတတ် ဆူညံသော အသံကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ချိန်တွင် လေထုမှာ တုန်ခါသွားခဲ့သည်။

ပလ္လင်၏ အရှေ့သို့ ကြေညာသူ တစ်ဦး ထွက်လာခဲ့သည်။

"သင်တို့ဟာ ဒုတိယမြောက် နာရူ ဧကရာဇ် ရဲ့ ရှေ့မှောက်ကို ရောက်ရှိနေပြီ ဖြစ်တယ်... သူဟာ အဆင့်မြင့် အရှင်သခင် ဖြစ်ပြီး နာရူ ကလန် ရဲ့ ခေါင်းဆောင်ကြီး လည်း ဖြစ်တယ်... အနောက်အရပ်ရဲ့ အစောင့်အရှောက်နဲ့ အရှေ့အရပ်ရဲ့ ကာကွယ်သူ၊ ဒီမြေပြင်ရဲ့ သခင် လည်း ဖြစ်ပေတယ်... သူ့ရှေ့မှောက်မှာ ဝပ်တွား ခစားပြီး၊ သင်တို့ရဲ့ ကျေးဇူးတင်မှုကို ပြသကြပါ..."

ဖစ်ရှာ ဂီရှာ သည် မြေပြင်ပေါ်သို့ ဝပ်တွားချလိုက်ပြီး၊ အီသန် ပင်လျှင် ဒူးထောက်ချလိုက်၏။ သို့သော် သူသည် ဤ အသုံးမကျသော အခမ်းအနားကို မျက်စောင်းထိုးချင်နေခဲ့သည်။

ဧကရာဇ် က လက်ချောင်း တစ်ချောင်းကို မြှောက်လိုက်၏။

"မတ်တပ်ရပ်ပါ..."

ကြေညာသူ က အမိန့်ပေးလိုက်ရာ၊ ဂီရှာ သည် ကပျာကယာ မတ်တပ်ရပ်လိုက်သည်။ အီသန်သည်လည်း သူ၏ ဒူးများပေါ်မှ ဖုန်များကို ခါထုတ်ရင်း နောက်မှ လိုက်၍ မတ်တပ်ရပ်လိုက်၏။ မြေပြင်ပေါ်တွင် ဖုန်မှုန့် အလွှာပါးပါးလေး တစ်ခု ရှိနေခဲ့သည်။ သန့်ရှင်းရေး အဖွဲ့နှင့် သူ စကားပြောရဦးမည် ဖြစ်၏။

"လူသူကင်းမဲ့သော တောရိုင်းမြေ က အဆင့်မြင့် ရွှေအဆင့် ဂီရှာ... ပလ္လင်တော်ဆီကို ချဉ်းကပ်လာခဲ့ပါ..."

တုန်ရီနေလျက်၊ ခြေတစ်လှမ်းချင်းစီကို ဝန်ထုပ်ဝန်ပိုး တစ်ခုအလား သဘောထားကာ ဖစ်ရှာ ဂီရှာ သည် ရှေ့သို့ တိုးလာခဲ့၏။ သူမသည် ဧကရာဇ် ကို တိုက်ရိုက် ကြည့်ဝံ့သည်အထိ ခေါင်းကို မမော့ရဲခဲ့ပေ။ အမိန့်ကို အမြန် နာခံခြင်းနှင့် ရိုသေလေးစားစွာ ဖြည်းညင်းစွာ လျှောက်လှမ်းခြင်း တို့ကြားတွင် သူမ ဗျာများနေကြောင်း သိသာလှသည်။

အီသန်က သမ်းဝေလိုက်၏။

သူမသည် အောက်ဆုံး လှေကားထစ်နှင့် ခြေလှမ်း အနည်းငယ်အကွာသို့ ရောက်ရှိလာချိန်တွင်၊ ကြေညာသူ က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ရပ်လိုက်ပါ... ဒူးထောက်ချလိုက်ပြီး၊ ဧကရာဇ် ရဲ့ စကားကို နားဆင်ဖို့ ပြင်ဆင်ပါ... နားနဲ့ နှလုံးသားတွေ အားလုံးက သူ့ရဲ့ ဉာဏ်ပညာကို ခံယူကြပါစေ..."

သူမသည် မြေပြင်ပေါ်သို့ ပြန်လည် ဝပ်တွားချလိုက်ပြီး၊ နာရူ ဟွမ် က သူမကို ကြည့်လိုက်၏။

"သင် ငါတို့ကို ကျေနပ်စေခဲ့တယ် ဖစ်ရှာ ဂီရှာ..."

သူက ကြေညာလိုက်သည်။

"ရန်သူ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကိုတောင်မှ ရင်ဆိုင်ပြီး သင် ငါတို့ကို ထူးချွန်စွာ အမှုထမ်းခဲ့တယ်... ဒီအတွက် ငါတို့ သင့်ကို ဆုချီးမြှင့်မယ်..."

ပလ္လင်၏ ဘေးဘက်ရှိ အစေခံ များထဲမှ တစ်ဦးက ခမ်းနားသော သစ်သားသေတ္တာ တစ်လုံးကို ကိုင်ဆောင်လျက် ရှေ့သို့ ထွက်လာခဲ့၏။ သူသည် ပခုံးများကို မတ်မတ်ထားကာ၊ ဖစ်ရှာ ဂီရှာ ကြည့်ရှုနိုင်ရန် ထိုသေတ္တာကို ဖွင့်ပြလိုက်သည်။

ရွှေရောင်နှင့် ခရမ်းရောင် အလင်းတန်းများ လျှံကျလာခဲ့၏။ သေတ္တာထဲတွင် အဆင့်မြင့် အင်အား မာဒြာပြား များ အတန်းလိုက် ပြည့်နှက်နေသည်။ ထို့အပြင် တလက်လက် တောက်ပနေသော ရွှေရောင် ဘောလုံးလေးများနှင့် တူသည့် ဆေးလုံး သုံးလုံးလည်း ပါဝင်လေသည်။

"အင်ပါယာ ရဲ့ သမီးတော်... ငါတို့ သင့်ကို အစစ်အမှန် ရွှေအဆင့် ဆီကို တက်လှမ်းမယ့် လမ်းကြောင်းကို ပေးသနားတယ်..."

ဧကရာဇ် က ပြောလိုက်၏။

"သင့်ရဲ့ လမ်းစဉ် ကို အဆင့်မြှင့်တင်ပြီး ငါတို့ကို ဆက်လက် အမှုထမ်းပါ..."

ဖစ်ရှာ ဂီရှာ သည် သူမ၏ နဖူးကို ကြမ်းပြင်နှင့် ဖိကပ်ထားလိုက်သည်။

"ဒီ အဘွားအိုကို ခွင့်လွှတ်ပေးပါ၊ အရှင်မင်းကြီး..."

သူမက ပြောလိုက်ရာ၊ အီသန် သည် အံ့သြသွားသဖြင့် မျက်ခုံးပင့်သွားခဲ့၏။ သူမ စကားပြောမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဒီလို ဆုလာဘ်မျိုးအတွက် ကျွန်မက အသက်ကြီးလွန်းနေပြီလေ... ကျွန်မရဲ့ မိသားစုက... တောရိုင်းမြေ ကနေ ကျွန်မနောက်ကို လိုက်လာကြတယ်... သူတို့ အခုလေးတင် ရောက်လာကြပေမဲ့ သူတို့က လူငယ်တွေပါ... ကျေးဇူးပြုပြီး ဒီဆုလာဘ်တွေကို သူတို့အတွက် ခွဲဝေပေးခွင့် ပြုပါ... သူတို့က ကျွန်မထက် ပိုပြီး အချိန်ကြာကြာ အမှုထမ်းနိုင်ပါလိမ့်မယ်... ဟုတ်တယ်မလား..."

ဂီရှာ၏ မိသားစုသည် မကြာသေးမီကမှ သူမနှင့် လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ အီသန် သည် လေပေါ်ပျံ မြို့တော်ဖြစ်သော မုန်တိုင်းကျောက်ဆောင်၌ ဝိညာဉ် ပန်းပဲဆရာ ဆိုင်တစ်ဆိုင် ဖွင့်လှစ်နေသည့် သူမတို့ မိသားစုကို ဂီရှာ နှင့်အတူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နာရူဟွမ် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရေးရေးလေး ပေါ်လာခဲ့သော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး၊ ဧကရာဇ် တစ်ပါး၏ တည်ကြည်သော မျက်နှာဖုံးဖြင့် အစားထိုးခံလိုက်ရ၏။

"သင့်ရဲ့ တောင်းဆိုမှုက လေးစားစရာ ကောင်းပေမဲ့၊ ငါတို့ ခွင့်မပြုနိုင်ဘူး..."

ကြမ်းပြင်ပေါ်တွင် ဂီရှာ တွန့်ဆုတ်သွားခဲ့သည်။

"ဒီဆုလာဘ်တွေက သင့်တစ်ယောက်တည်း အတွက်ပဲ... သင်က အစစ်အမှန် ရွှေအဆင့် တစ်ယောက်အနေနဲ့ ငါတို့ကို ပိုပြီး ကောင်းကောင်း အမှုထမ်းနိုင်လိမ့်မယ်..."

ထပ်တူညီသော သေတ္တာများကို ကိုင်ဆောင်ထားသည့် အခြား အစေခံ နှစ်ဦး ထပ်မံ ထွက်ပေါ်လာခဲ့၏။

"သင့်ရဲ့ မြေးတွေအပေါ် ထားရှိတဲ့ သင့်ရဲ့ ဂရုစိုက်မှုက သင့်အတွက် ဂုဏ်ယူစရာပါပဲ..."

ဧကရာဇ် က ဆက်ပြောသည်။

"သူတို့ကို ငါတို့ မေ့ထားမှာ မဟုတ်ပါဘူး..."

ဂီရှာ ခေါင်းမော့လာချိန်တွင် သူမ၏ အရေတွန့်နေသော မျက်နှာပေါ်၌ မျက်ရည်များ ရွှဲနစ်နေခဲ့၏။

"ကောင်းကင်ဘုံက ဧကရာဇ်ကြီးကို အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်..."

သူမက အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"ငြိမ်းချမ်းစွာ သွားပါတော့..."

နာရူ ဟွမ် က ကြေညာလိုက်၏။ သူသည် ခန်းမ၏ အခြားတစ်ဖက် အစွန်းတွင် မတ်တပ်ရပ်နေဆဲဖြစ်သော အီသန် ကို မော့ကြည့်လိုက်ပြီးနောက်၊ သူ၏ မျက်နှာအမူအရာမှာ တင်းမာသွားခဲ့သည်။

"ငါတို့ရဲ့ အဆင့်နိမ့် အရှင်သခင် နဲ့ သီးသန့် တွေ့ဆုံဖို့ လိုတယ်..."

ဂီရှာသည် သေတ္တာများ ကိုင်ဆောင်ထားသော အစေခံ သုံးဦး ခြံရံလျက်၊ အရိုအသေ ပေးကာ ထွက်ခွာသွားခဲ့၏။ ထွက်သွားစဉ်တွင် သူမသည် အီသန် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူက မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

ဂီရှာ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြသသည့်အနေဖြင့် တံခါးများ ပြန်လည် ပိတ်သွားချိန်တွင်၊ အခန်းတစ်ခုလုံး ပြေလျော့သွားတော့သည်။

ဧကရာဇ် သည် သူ၏ ခေါင်းပေါ်မှ သရဖူကို ဆွဲချွတ်လိုက်ပြီး၊ တောင်ပံများကို ပြန်လည် ရုပ်သိမ်းကာ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်၏။

ကြေညာသူ သည် သူ၏ ခါးအောက်ပိုင်းကို လက်ဆစ်များဖြင့် ဖိနှိပ်ကာ အကြောဆန့်လိုက်သည်။

အစေခံ အချို့မှာလည်း အချင်းချင်း စတင် စကားပြောဆိုနေကြပြီ ဖြစ်၏။

မောင်းထုသည့် သူပင်လျှင် နံရံကို ကျောမှီကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။

***

All Chapters