အခန်း ၄၁၄
Vol. 30 Ch. 414
အပိုင်း(၄၁၄)
နော့သ်စထရိုက်ဒါသည် ချောမွေ့သော အနက်ရောင် စက်လုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းသည် နက်နဲမှု မျက်လုံးများ၏ အခြေခံ သဘောတရား အတိုင်းပင် ဖြစ်သော်လည်း၊ ဤ မှော်ပစ္စည်း မှာ မျိုးဆက်ပေါင်းများစွာ ပို၍ အဆင့်မြင့်မားလှ၏။ တစ်နေ့နေ့တွင် သူ၏ ဆန္ဒများသာ ပြည့်ဝခဲ့မည်ဆိုပါက၊ ဤအရာသည် သူ၏ ဒုတိယမြောက် စိတ်အာရုံ ဖြစ်လာပေလိမ့်မည်။
သူသည် စက်လုံးကို မြှောက်ကိုင်ကာ အသက်သွင်းလိုက်၏။ နိမိတ်ဖတ် သစ်ပင် သည် ၎င်း၏ ဆွဲငင်အားကို ခံစားလိုက်ရပြီး၊ ဝမ်းမြောက်ဝမ်းသာစွာဖြင့် အရှုံးပေး အပ်နှင်းလိုက်သည်။ မှော်ပစ္စည်း များ၏ စုပေါင်းအသိဉာဏ်သည် တစ္ဆေဆန်သော အလင်းတန်း တစ်ခုအလား သစ်ကိုင်းများထဲမှ တဟုန်ထိုး ထွက်ပေါ်လာခဲ့၏။
"သခင်ကြီး..."
မြေပြင်ပေါ်မှ ပိုးကောင်လေး က ပြောလိုက်သည်။
"ကျွန်တော်က သခင်ကြီးဆီကနေ တောင်းဆိုမှု တစ်ခု လုပ်ဖို့ မထိုက်တန်ပါဘူး..."
အလင်းရောင် မြစ်စီးကြောင်း အတွင်းတွင် ခရမ်းရောင် အလင်းတစ်ချက် လင်းလက်သွားခဲ့၏။ ၎င်းသည် ဒဏ်ရာတစ်ခုနှင့် တူနေပြီး၊ တစ်စုံတစ်ခုကို ထည့်သွင်းထားကာ ပြန်လည် ကော်ထုတ်ခံထားရသကဲ့သို့ ခံစားရလေသည်။
နော့သ်စထရိုက်ဒါသည် လွှဲပြောင်းနေမှုကို ရပ်တန့်လိုက်သည်။ သူ၏ အာရုံခံစားမှုကို နိမိတ်ဖတ် မှော်ပစ္စည်း ဆီသို့ စူးစိုက်လိုက်ပြီး ၎င်း၏ သမိုင်းကြောင်းကို ဖတ်ရှုလိုက်၏။
တစ်စုံတစ်ခုကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ စိတ်အာရုံ တစ်ခု ဖြစ်၏။ သူ၏ မှော်ပစ္စည်း များထဲမှ တစ်ခုသည် စိတ်ဝင်စားဖွယ် သွေဖည်မှု တစ်ခု ဖြစ်လာခဲ့သည်။
"သခင်ကြီးသာ ကျွန်တော့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်ဆိုရင်၊ ကျွန်တော်က တစ်သက်လုံး သခင်ကြီးရဲ့ ကျေးဇူးကြွေးကို တင်နေမှာပါ..."
နိမိတ်ဖတ် သစ်ပင်၏ မှတ်ဉာဏ်များက ဇာတ်လမ်း အများစုကို သူ့အား ပြောပြနေခဲ့၏။ ဝိညာဉ် စမ်းရေတွင်း ကြောင့် အဆင့်နိမ့် ရွှေအဆင့် မှ အစစ်အမှန် ရွှေအဆင့် သို့ တက်လှမ်းသွားခဲ့သူ တစ်ယောက်။ ၎င်းနှင့် ပတ်သက်၍ ထူးခြားချက် မရှိပေ။ ဧကရာဇ် များစွာ၏ သွေးသားများသည် ထိုက်တန်မှုရှိပါက ထိုသို့သော အရင်းအမြစ်များကို ခံစားခွင့် ရှိကြသည်။
သို့သော် သူသည် နော့သ်စထရိုက်ဒါ ချန်ထားခဲ့သော အပိုင်းအစများမှ တစ်ဆင့် အသက်ရှင်နေသော မှော်ပစ္စည်း တစ်ခုကို တည်ဆောက်သွားခဲ့ခြင်း ဖြစ်၏။
အနည်းဆုံးတော့ တစ်စုံတစ်ယောက်က ဤအမှိုက်ပုံထဲမှ အသုံးဝင်သော အရာတစ်ခုကို ဖန်တီးသွားနိုင်ခဲ့သည်ပင်။
ဧကရာဇ်သည် သစ်ပင်ထဲမှ နိမိတ်ဖတ် စွမ်းအင်များကို အားလုံး ဆွဲထုတ်ယူလိုက်၏။ ကံတရားက အခွင့်ပြုပါက၊ ဤ ပုန်ကန်တတ်သော မှော်ပစ္စည်း ၏ ရလဒ်များကို တစ်နေ့နေ့တွင် သူ စစ်ဆေးပေလိမ့်မည်။ ကျရှုံးသွားသော ထုတ်ကုန်တစ်ခု ထံမှပင်လျှင် သူ တစ်စုံတစ်ခုကို သင်ယူနိုင်ကောင်း သင်ယူနိုင်ပေမည်။
ထိုအချိန် မရောက်မချင်း၊ သူသည် ယခင်ကအတိုင်းသာ ဆက်လက် နေထိုင်သွားမည် ဖြစ်၏။
"ကျွန်တော့်ရဲ့ အမှုထမ်းမှုက ဘာမှတန်ဖိုးမရှိဘူး ဆိုရင်တောင်မှ၊ ကျွန်တော့်ရဲ့ မိသားစုက သခင်ကြီးကို ကျေးဇူးဆပ်ပေးပါလိမ့်မယ်... အနာဂတ်မှာ ကျွန်တော် ရရှိမယ့် အောင်မြင်မှုတွေ အားလုံးကလည်း သခင်ကြီးရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာမှာပါ... ပြီးတော့ နောင်လာနောက်သား မျိုးဆက်တွေက သခင်ကြီးရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ကရုဏာတော် အကြောင်းကို ပုံပြင်တွေအဖြစ် ပြောပြကြပါလိမ့်မယ်..."
လူငယ်၏ မျက်နှာ အနောက်ဘက်ရှိ အရိပ် အလင်းကွင်း က သူ့ကို တစ္ဆေတစ်ကောင်၏ အသွင်အပြင်မျိုး ပေးစွမ်းနေခဲ့၏။ သူ၏ ချောမွေ့သော မျက်နှာပေါ်ရှိ မျဉ်းကြောင်းတိုင်းတွင် ပြတ်သားမှုများ ထွင်းထုထားသကဲ့သို့ ရှိနေသည်။ သူ၏ ခရမ်းရောင် မျက်လုံးများသည် စိတ်ပိုင်းဖြတ်မှုများ၊ လက်စားချေလိုသော မီးတောက်များဖြင့် တောက်လောင်နေခဲ့၏။ နော့သ်စထရိုက်ဒါ သည် ထိုမျက်လုံးများကို တိုက်ရိုက် ကြည့်ရှုခြင်းဖြင့် ဤလူငယ်အား ဂုဏ်ပြုလိုက်သည်။
"မရဘူး..."
ဧကရာဇ် က ပြောလိုက်၏။ ထို့နောက် သူသည် ဟင်းလင်းပြင်ထဲမှ အပြင်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး၊ ပြိုကျပျက်စီးရန် ဤကမ္ဘာလေးကို ချန်ထားရစ်ခဲ့တော့သည်။
...
ကမ္ဘာစဉ် ၉၈၆
ပါရီယာနာသည် ဤအမည်မဲ့ကမ္ဘာတွင် တာဝန်ချထားခံရသော နောက်ဆုံး အဘီဒန် ဖြစ်သည်။ ကဏ္ဍ ကိုးဆယ့်ကိုးနှင့် တစ်ရာတို့မှာ လုံးဝ စွန့်ပစ်ခံခဲ့ရပြီ ဖြစ်သည်။ သို့သော်လည်း သူတို့သည် ကဏ္ဍ ကိုးဆယ့်ရှစ်ကိုမူ ဆုပ်ကိုင်ထားဆဲ ဖြစ်ပေသည်။
ကိုးဆယ်မှစ၍ အထက်ပိုင်းရှိ ကဏ္ဍအားလုံးသည် တည်ငြိမ်မှုရယူဆဲ နယ်စပ်ကမ္ဘာများသာ ဖြစ်ကြသည်။ မဟာလမ်းစဉ် သည် ၉၈၆ အပေါ်တွင် သြဇာသက်ရောက်မှု အားနည်းနေသေးသည်။ ထို့ကြောင့် အခြားသော ကမ္ဘာစဉ်များကို တည်ငြိမ်စေသည့် အခြေခံနိယာမများစွာ ကင်းမဲ့နေကာ ထူးဆန်းနေခဲ့သည်။ ထိုကမ္ဘာသည် ဂြိုဟ်တစ်လုံးမဟုတ်ဘဲ ပြန့်ပြူးသော မြေပြင်တစ်ခုသာ ဖြစ်သည်။ နေ့ခင်းဘက် ကောင်းကင်ယံ၌ တောက်ပသော အရောင်အသွေးများဖြင့် ရောယှက်နေတတ်သည်။ ညဘက်ရောက်သောအခါတွင်မူ အမည်းရောင် ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်၌ ကြယ်များအစား လေထဲတွင် မျောလွင့်နေသော သတ္တဝါများ ဖြည်းညင်းစွာ ပျံသန်းနေကြသည်။
သူမသည် ဤနေရာကို နှစ်သက်လှသည်။ ပါရီယာနာသည် လူသားစံနှုန်းများနှင့် အလွန်ကွာခြားစွာ မွေးဖွားလာသူ ဖြစ်သည်။ အရပ်သုံးမီတာခန့် မြင့်ပြီး ကတုံးတုံးထားကာ ရွှေရောင်အသားအရေ ရှိသည်။ သူမသည် မူလမွေးဖွားရာ ကမ္ဘာ၌ပင် ဖယ်ကြဉ်ခံထားရသူ ဖြစ်လေသည်။ သို့သော် ဤနေရာရှိ လူများမှာ နယ်စပ်ကမ္ဘာများတွင် အလုပ်လုပ်ရန် လေ့ကျင့်သင်ကြားထားသော အလုပ်သမားများ ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် အဘီဒန် တို့၏ ဇာတိမြေ ဆန်တမ်တွင် မွေးဖွားလာသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် သူမထက်ပင် ပို၍ ထူးဆန်းသော မြင်ကွင်းများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။
သူတို့သည် သူမ၏ ရုပ်သွင်၊ စွမ်းအား သို့မဟုတ် အဆင့်အတန်းတို့ကြောင့် ခွဲခြားဆက်ဆံခြင်း မရှိကြချေ။ သူမသည် ကြယ်တစ်ပွင့်အဆင့် တိုက်တန် တစ်ယောက်သာဖြစ်ပြီး သူတို့ထက် များစွာ သာလွန်နေခြင်း မရှိပေ။ ထို့ကြောင့် သူတို့က သူမကို သူတို့အထဲမှ တစ်ယောက်လိုပင် ဆက်ဆံကြသည်။
ထို့ကြောင့်ပင် သူမ၏ အဖွဲ့သားများက ကဏ္ဍ အတွင်းရှိ အခြားသော နယ်စပ်ကျူးကျော်မှုများကို နှိမ်နင်းရန် တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူခံရသောအခါ ပါရီယာနာကို ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူမသည် ဤနေရာကို သဘောကျမိပါသည်။
လူဦးရေ တစ်သောင်းခန့်က ဤနေရာကို အိမ်အဖြစ် သတ်မှတ်ထားကြသည်။ သူတို့သည် နယ်မြေသစ်ချဲ့ထွင်ရေးကို အထောက်အကူပြုမည့် အဆောက်အအုံများနှင့် စက်ပစ္စည်းများကိုလည်း ယူဆောင်လာခဲ့ကြသည်။ သူတို့ ဤနေရာတွင် ကြာရှည်နေထိုင်လေလေ မဟာလမ်းစဉ် နှင့် ပိုမိုနီးကပ်လာလေလေ ဖြစ်မည်။ နောက်ဆုံးတွင် ဤကမ္ဘာသည် ရေရှည်လူဦးရေကို ထောက်ပံ့ပေးနိုင်လောက်အောင် တည်ငြိမ်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဤနေရာသည် အဘီဒန် တို့အတွက် ကုန်ကြမ်းရင်းမြစ်တစ်ခု ဖြစ်လာမည်။ သို့မဟုတ်ပါက အပိုင်းအစများစွာအဖြစ် ခွဲခြမ်းခံရပြီး ရှေ့ဆောင်ကမ္ဘာသစ်များ ဖြစ်လာပေမည်။
ထိုနေ့ရက် နီးကပ်လာမည့်အရေးကို တွေးမိတိုင်း သူမ ဝမ်းနည်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုနေ့သည် ဤ ကမ္ဘာစဉ်ကို အခြားတစ်ယောက်ထံ လွှဲပြောင်းပေးရမည့်နေ့ပင် ဖြစ်သည်။ ယခုအခါတွင်မူ ထိုနေ့ရက် ရောက်လာမည်ကို သူမ မစောင့်ဆိုင်းနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုနေ့ရောက်လာခြင်းသည် သူတို့အားလုံး အသက်ရှင်ကျန်ရစ်ခဲ့ပြီဟု အဓိပ္ပာယ်ရသောကြောင့် ဖြစ်သည်။
အဘီဒန်တို့သည် အော့ဇရီရယ် မရှိဘဲ နေလာခဲ့ရသည်မှာ အတော်ကြာမြင့်နေပြီ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးနေသော အပိုင်းအစများ ပြန့်နှံ့လာသောကြောင့် ကမ္ဘာများ တည်ငြိမ်ရန် အချိန်ပိုယူလာရသည်။ တည်ငြိမ်ပြီးသော ကမ္ဘာများပင်လျှင် စတင်ပြိုကွဲလာနိုင်ခြေ ရှိသည်။ အဘီဒန် တို့သည် သူတို့၏ စွမ်းဆောင်နိုင်ရည်ထက် ပို၍ တာဝန်များ ပိလာခဲ့သည်။ ထို့ကြောင့် အဖွဲ့ငယ်တစ်ခုဖြင့် ကာကွယ်ပေးထားသင့်သော ကမ္ဘာတစ်ခုတွင် ပါရီယာနာကို တစ်ယောက်တည်း ထားရစ်ခဲ့ရခြင်း ဖြစ်သည်။
ကျူးကျော်မှုများမှ ကာကွယ်ရန်အတွက်ပင် ဖြစ်သည်။
အရောင်အသွေးစုံလင်သော ကောင်းကင်ယံကို ဖြတ်သန်းလျက် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ပါဝင်သည့် ကြီးမားလှသော စက်ဝိုင်းကြီးသုံးခု ရုတ်တရက် ပေါ်ထွက်လာသည်။ ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော ဤအစီအရင် စက်ဝိုင်းများသည် သူမ၏ အထူးကျွမ်းကျင်မှုပင် ဖြစ်သည်။ သူမကို အဘီဒန် တို့က ခေါ်ယူခဲ့ခြင်းမှာ သူမ၏ စွမ်းအားကြောင့် မဟုတ်ပေ။ ဤစွမ်းအင် အစီအရင်များကို ဖန်တီးနိုင်စွမ်း ရှိသောကြောင့်သာ ဖြစ်သည်။
ရွှေရောင်စက်ဝိုင်းများသည် စွမ်းအားများဖြင့် တောက်ပနေသည်။ ဤ ကမ္ဘာစဉ် တွင် တကယ်တမ်း မရှိသော နေမင်းများကဲ့သို့ လင်းလက်နေ၏။ ထို့နောက် ပါရီယာနာ၏ စိတ်ထဲတွင် သတိပေး ဥဩသံကို ကြားလိုက်ရသည်။
"မကြာခင် အာကာသဟင်းလင်းပြင် ကျူးကျော်မှု ဖြစ်လာတော့မယ်.... ကမ္ဘာ့ကာကွယ်ရေး အစီအရင်တွေက အလိုအလျောက် အလုပ်လုပ်နေပြီ.... ကဏ္ဍ ထိန်းချုပ်ရေးစင်တာကိုလည်း အကြောင်းကြားပြီးပြီ...."
သူမ၏ လက်ထောက် ယန္တရားက သတိပေးလိုက်သည်။
ရွှေရောင် အစီအရင်စက်ဝိုင်းများ ကြားရှိ ကောင်းကင်ပြင်သည် ဖန်ကွဲသွားသကဲ့သို့ အက်ကွဲသွားသည်။ ထို့နောက် အက်ကွဲကြောင်းများ၏ အလွန်မှ အမှောင်ထုကို ဖော်ပြနေတော့သည်။
ပါရီယာနာသည် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ သူမ၏ လက်များကလည်း တုန်ယင်နေသည်။ သူမသည် တွေးတောမှုတစ်ခုနှင့်အတူ ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်လိုက်သည်။ အပြစ်အနာအဆာကင်းသော အဖြူရောင်သံချပ်ကာပြားများက သူမ၏ ခန္ဓာကိုယ်ထက်သို့ လွှမ်းခြုံသွားလေသည်။ နောက်ထပ် တွေးတောမှုတစ်ခုဖြင့်ပင် ကိုလိုနီတစ်ခုလုံးတွင် သတိပေး အချက်ပေးသံများ မြည်ဟည်းသွားတော့သည်။
"အန္တရာယ်ရှိတယ်.... အန္တရာယ်ရှိတယ်.... ချက်ချင်း အကာအကွယ်ယူကြပါ...."
စက်သံတစ်သံက အော်ဟစ်လိုက်သည်။ အလုပ်သမားများက လက်နက်ကိရိယာများကို ချထားခဲ့ပြီး အနီးဆုံး ခံတပ်အဆောက်အအုံများဆီသို့ အပြေးအလွှား သွားနေကြသည်ကို သူမ နောက်လှည့်မကြည့်ခဲ့ပေ။ ပြတင်းပေါက်များပေါ်သို့ သံချပ်ကာပြားများ ကျဆင်းလာခြင်း (သို့မဟုတ်) အကာအကွယ်အတွက် အဆောက်အအုံများ မြေကြီးထဲသို့ နစ်ဝင်သွားခြင်းကိုလည်း သူမ ကြည့်နေရန် မလိုအပ်ချေ။ လုံခြုံရေး လုပ်ထုံးလုပ်နည်းများကို သူမ သိထားပြီး ဖြစ်သည်။ သူတို့သည် ဤအခြေအနေအတွက် ကြိုတင် လေ့ကျင့်ထားခဲ့ကြပြီး ဤကမ္ဘာပေါ်ရှိ လူတိုင်းသည် သင်တန်းဆင်း လုပ်အားပေးများသာ ဖြစ်ကြသည်။
သူတို့ထဲမှ များစွာသောသူများသည် သူမ၏ မိတ်ဆွေများလည်း ဖြစ်ကြသည်။ ယခုအခါ သူတို့နှင့် ကျူးကျော်သူများကြားတွင် သူမ တစ်ယောက်တည်းသာ မားမားမတ်မတ် ရပ်တည်နေရပေပြီ။
မိနစ်အနည်းငယ်အတွင်း ကိုလိုနီတစ်ခုလုံးသည် မြေအောက်သို့ လုံးဝ နစ်မြုပ်သွားခဲ့သည်။ စိုက်ခင်းများနှင့် စွန့်ပစ်ထားသော စက်ပစ္စည်းများကိုသာ ချန်ရစ်ထားခဲ့လေသည်။ ကောင်းကင်ယံရှိ အက်ကွဲကြောင်းများသည် ပိုမိုကျယ်ပြန့်လာပြီး အက်ကွဲကြောင်းအလွန်ရှိ ဟင်းလင်းပြင် ကိုပင် သူမ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။
သူမသည် မိမိ၏ ဆန္ဒကို စေလွှတ်ကာ အစီအရင်စက်ဝိုင်းများကို ထိန်းချုပ်လိုက်သည်။ ၎င်းတို့ကို ဒီဇိုင်းဆွဲခဲ့သူ ကိုယ်တိုင်ပင်လျှင် ခက်ခဲကြောင်း တွေ့ရှိရလေသည်။ ဤအရာများသည် ရှုပ်ထွေးသော ဖွဲ့စည်းတည်ဆောက်ပုံများ ဖြစ်ကြသည်။ တစ်ကြိမ်လျှင် တစ်ခုကို ထိန်းချုပ်ရန်ပင် ကြီးမားသော ကျွမ်းကျင်မှုနှင့် အာရုံစူးစိုက်မှု လိုအပ်ပေသည်။ သုံးခုကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ခြင်းက သူမအတွက်တော့ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။
အာကာသ အက်ကွဲကြောင်းအတွင်းမှ တစ်စုံတစ်ယောက် ဝင်ရောက်လာကြောင်း သူမ၏ လက်ထောက် ယန္တရားက ပြသလိုက်သည်နှင့် တစ်ပြိုင်နက် သူမ တိုက်ခိုက်လိုက်သည်။
စက်ဝိုင်းသုံးခုစလုံးမှ အလွန်ပူပြင်းသောအဖြူရောင် ဖျက်ဆီးရေး စွမ်းအင်တန်းများကို ထုတ်လွှတ်လိုက်ရာ လေထုထဲတွင် မိုးကြိုးပစ်ခတ်သံများ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းဆီသို့ ဦးတည်သွားလေသည်။ သူမသည် ဤကမ္ဘာကို အလွန်အကျွံ ကာကွယ်ထားခဲ့သည်။ ကာကွယ်လိုစိတ် ပြင်းပြမှုအပြင် အခြား လုပ်စရာ မရှိသောကြောင့်လည်း ပါဝင်ပေသည်။ ဤအစီအရင်များထဲမှ တစ်ခုတည်းကပင် တိုက်ခိုက်မှုတစ်ကြိမ်ဖြင့် ကမ္ဘာစဉ် ၉၈၆ တစ်ခုလုံးကို ပြောင်စင်သွားအောင် ရှင်းလင်းပစ်နိုင်စွမ်း ရှိသည်။
သုံးခုကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သောအခါ မျက်စိကျိန်းမတတ် အလင်းရောင်နှင့် နားကွဲမတတ် ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာသည်။ သူမ၏ လက်ထောက် ယန္တရားက သူမ၏ မျက်လုံးများနှင့် နားများကို အလိုအလျောက် ကာကွယ်ပေးလိုက်သည်။ လေပြင်းပေါက်ကွဲမှုဒဏ်မှ ကာကွယ်ရန် သူမ၏ ပတ်ပတ်လည်တွင် အတားအဆီးတစ်ခု ဖန်တီးပေးခဲ့သည်။ ထိုလေပြင်းက ကီလိုမီတာပေါင်းများစွာ အကွာအဝေးရှိ မြေပြင်ကို ဆုတ်ဖြဲသွားပြီး စိုက်ခင်းများကို ဖျက်ဆီးကာ ဖုန်မှုန့်များ ပါဝင်သော လေဝဲကတော့ကြီးကို အဝေးသို့ မှုတ်ထုတ်လိုက်သည်။
တိုက်တန် တစ်ယောက်အနေဖြင့် သူမသည် အကာအကွယ်များနှင့် အတားအဆီး မျိုးစုံကို ဖန်တီးနိုင်ရန် လေ့ကျင့်သင်ကြားခံခဲ့ရသည်။ သူမ၏ အစွမ်းကုန် ကြိုးစားမှုဖြင့် ဤတိုက်ခိုက်မှုများထဲမှ တစ်ခုကိုတော့ ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်မည် ဖြစ်သည်။ သို့သော် သုံးခုလုံးကို တစ်ပြိုင်နက် ကာကွယ်ရန်မှာတော့ သူမအတွက် မျှော်လင့်ချက် မရှိနိုင်ပေ။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ သူမ တုန်ယင်နေပြီး အသက်ရှူရ ခက်ခဲနေခဲ့သည်။ ဒါက ပြီးဆုံးသွားပြီဟု သူမကိုယ်သူမ ယုံကြည်အောင် ကြိုးစားနေမိသည်။ သူမ၏ ကာကွယ်မှုများက အလုပ်ဖြစ်ခဲ့ပြီဖြစ်သည်။ အန္တရာယ်က ကင်းရှင်းသွားပြီပင်။
"လာနေပြီ...."
လက်ထောက် ယန္တရားက သတိပေးလိုက်ရာ ပါရီယာနာသည် မဟာလမ်းစဉ် ၏ စွမ်းအားများကို ဆွဲယူလိုက်သည်။
အပြာရောင် စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ပြီးပြည့်စုံသည့် ကုဗတုံးပုံစံ အကာအကွယ်က သူမကို ဝန်းရံသွားကာ ကာကွယ်ပေးလိုက်သည်။ အချိန်ကိုက်ပင် ဖြစ်သည်။
ကမ္ဘာကြီး၏ အက်ကွဲကြောင်းအတွင်းမှ အမည်းရောင် မီးခိုးတိမ်တိုက်ကြီး ထွက်ပေါ်လာပြီး သင်တုန်းဓားကဲ့သို့ ထက်မြက်သော သွားများ အပြည့်ပါဝင်သည့် ပါးစပ်ပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် သူမကို တစ်လုတ်တည်း မျိုချနိုင်လောက်အောင် ကြီးမားစွာဖြင့် ကိုက်ချလိုက်သည်။ သို့သော် သူမ၏ တိုက်တန် အကာအကွယ်ကိုသာ အပြည့်အဝ ကိုက်မိသွားလေသည်။
ထိုသွားများသည် အပြာရောင် ကုဗတုံး၏ မာကျောသော အစွန်းများကို ခဏတာမျှ ခြစ်ကုတ်နေပြီး ဖောက်ထွင်းဝင်ရောက်နိုင်ရန် ကြိုးစားနေကြသည်။
ထို့နောက် သူမ၏ အကာအကွယ်သည် စတင် ပျက်စီးလာတော့သည်။
***