အခန်း ၄၁၅
Vol. 30 Ch. 415
အပိုင်း(၄၁၅)
အထိတ်တလန့် ဖြစ်မှုက သူမ၏ အတွင်းစိတ်ကို ဝါးမြိုရန် ခြိမ်းခြောက်လာသည်။ ရန်သူ၏ အရိပ်အယောင်ကိုပင် မမြင်ရသေးသော်လည်း သူတို့က သူမ၏ အကောင်းဆုံး တိုက်ခိုက်မှုကို လွယ်ကူစွာ ဖယ်ရှားနိုင်ခဲ့ပြီး သူမ၏ ကာကွယ်မှုကိုလည်း အေးဆေးစွာပင် ချိုးဖျက်နိုင်ခဲ့သည်။ ဤအရာသည် စမ်းသပ်မှုတစ်ခု သို့မဟုတ် ကင်းထောက်ခြင်း မဟုတ်ပေ။ ၎င်းသည် အစစ်အမှန် တိုက်ခိုက်မှုကြီးတစ်ခုသာ ဖြစ်ပေသည်။
ထို့ပြင် သူမ တစ်ယောက်တည်းသာ ရှိနေခဲ့သည်။
ပါရီယာနာသည် သူမ၏ အစီအရင်များထံသို့ ထပ်မံ ချဉ်းကပ်လိုက်ပြီး ရန်သူဘက်သို့ လှည့်လိုက်သည်။ သို့သော် ပြင်းထန်သော နာကျင်မှုတစ်ခုက သူမ၏ ဦးနှောက်ကို ထိုးဖောက်သွားကာ ရုတ်တရက် အဆိုပါ ကာကွယ်မှုများကို သူမ မခံစားရတော့ချေ။
"မင်းရဲ့ အခွင့်အာဏာကို လွှမ်းမိုးခံလိုက်ရပြီ...."
သူမ၏ လက်ထောက် ယန္တရားက ပြောလာသည်။
မဖြစ်နိုင်ပေ။ ဤစက်ဝိုင်းများကို သူမကိုယ်တိုင် ဒီဇိုင်းဆွဲကာ နေရာချထားခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က သူမထံမှ ဤမျှလွယ်ကူစွာ မည်သို့ လုယူသွားနိုင်မည်နည်း။
သို့သော် သူမ၏ မျက်လုံးများရှေ့တွင်ပင် အမှန်တရားက ထင်ရှားနေခဲ့သည်။ ရွှေရောင် အစီအရင်များအတွင်းသို့ အနီရောင်အလင်းတန်းများ ထိုးဖောက်ဝင်ရောက်သွားသည်။ သူမ ကြည့်နေစဉ်မှာပင် ၎င်းတို့က သူမထံသို့ ဦးတည်လာကြလေသည်။
မေးရိုးကြီးသည် သူမ၏ အကာအကွယ်ကို ဝါးမြိုနေခြင်းမှ ရပ်တန့်သွားကာ မီးခိုးတန်းကြီးသည် ၎င်းကို ဆင့်ခေါ်သူထံသို့ ပြန်လည် လျှောဆင်းသွားသည်။ ထိုအခါကျမှသာ သူမသည် တိုက်ခိုက်သူများကို သေချာစွာ မြင်တွေ့ခွင့် ရလိုက်တော့သည်။
အဘီဒန် တို့၏ ရန်သူလေးဦးသည် သူမရှေ့ရှိ လေဟာပြင်တွင် မျောလွင့်နေကြသည်။
ပထမတစ်ဦးမှာ ညိုမည်းသော အသားအရေရှိသည့် သာမန်လူသားတစ်ဦးနှင့် တူသည်။ သူ၏မျက်နှာကို ဖုံးကွယ်ထားသော အနီရောင်မှန်ချပ် ပါဝင်သည့် ဆောင်းဦးထုပ်ကို ဆောင်းထားသည်။ သူ၏ လက်ချောင်းထိပ်များမှ အနီရောင်အလင်းတန်းများ စီးဆင်းနေပြီး ၎င်း၏ စွမ်းအင်ပုံစံမှာ သူမ၏ အစီအရင်များကို သိမ်းပိုက်သွားသော စွမ်းအင်နှင့် ထပ်တူကျနေသည်။
ဒုတိယတစ်ဦးမှာ ရေနေလူသားတစ်ဦး ဖြစ်သည်။ ချောမွေ့သော အပြာရောင်အသားအရေ ရှိပြီး ဆံပင်မရှိဘဲ လည်ပင်းဘေးတွင် ပါးဟက်များ ပါရှိသည်။ သူမသည် ခရမ်းရောင် ပုစဉ်းရင်ကွဲကြီးတစ်ကောင်ထံမှ ဆွဲဖြဲထားသကဲ့သို့ တူသော တံစဉ် တစ်စုံကို ကိုင်ဆောင်ထားသည်။ ထိုတံစဉ်တစ်ခုစီတိုင်းတွင် အဘီဒန် တို့၏ လုံခြုံရေးခန်းများထဲ၌သာ ချိတ်ပိတ်ထားသင့်သည့် အမှောင်စွမ်းအားများကို သယ်ဆောင်ထားလေသည်။ ထိုမိန်းမသည် အဘီဒန်တို့က သူမကို ပုဂ္ဂိုလ်ရေးအရ စော်ကားထားသကဲ့သို့ ပါရီယာနာကို ပြတ်သားသော အမုန်းတရားများဖြင့် စိုက်ကြည့်နေတော့သည်။
တတိယမြောက် သူ၏ ပုံပန်းသဏ္ဌာန်ကိုတော့ သူမ မည်သို့မျှ မမြင်နိုင်ခဲ့ချေ။ ထိုသူသည် ယောကျ်ား၊ မိန်းမ၊ သို့မဟုတ် အရာဝတ္ထု တစ်ခုခု ဖြစ်နိုင်ပေသည်။ သူ၏ ခန္ဓာကိုယ်ကို ဓာတုအထည်သားနှင့် သံမဏိများဖြင့် ပြုလုပ်ထားသော စက်ယန္တရား ဝတ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။ သူတို့သည် သေနတ် တစ်လက်ကို ကိုင်ဆောင်ထားကြသည်။ သေချာစွာ စစ်ဆေးကြည့်ရန် မလိုဘဲနှင့်ပင် ထိုလက်နက်သည် သူမ၏ အစီအရင်များထက် များစွာ ပိုမိုပြင်းထန်သော စွမ်းအားများ ပါဝင်နေကြောင်း ပါရီယာနာ သိနိုင်ပေသည်။ ၎င်းသည် တရားသူကြီး များ၏ လက်နက်များထဲမှ တစ်ခုကို ချိတ်ပိတ်ထားသည့် ပုံစံနှင့် တူနေသည်။ ထိုအရာက သူမကို အလွန် ထိတ်လန့်သွားစေခဲ့သည်။
နောက်ဆုံး ကျူးကျော်သူမှာ ဖြူရော်သောအသားအရေ ရှိသည့် အခြား သာမန်လူသားတစ်ဦး ဖြစ်သည်။ သူမ၏ ရှည်လျားသော အမည်းရောင် ဆံပင်များကို မြင်းမြီးသဏ္ဌာန် စည်းနှောင်ထားပြီး လေထဲတွင် လွင့်လူးနေလေသည်။ သူမသည် အမွေးအမှင်များနှင့် သားရေများကို ဝတ်ဆင်ထားသည်။ ၎င်းတို့မှာ အမည်းရောင် အမွေးရှိသော ခြင်္သေ့တစ်ကောင်ထံမှ ခွာယူထားသကဲ့သို့ ပုံပေါက်နေပြီး အရိုင်းအစိုင်းဆန်သော အသွင်အပြင်ကို ပေးစွမ်းနေသည်။ သူမ၏ လက်ဝါးတဝိုက်တွင်မူ အမည်းရောင် မီးခိုးတိမ်တိုက်များက မျောလွင့်နေခဲ့သည်။
သူမ၏ အမည်းရောင် မျက်လုံးများက ပါရီယာနာကို လုံးဝ ဂရုမစိုက်သည့် အသွင်ဖြင့် အကဲခတ်နေသည်။
အဘီဒန်၏ လက်ထောက် ယန္တရားက တီးတိုးပြောလာသည်။
"သူတို့လေးယောက်လုံးက ဆယ်ဆက်မြောက် ဗရိုရှား တွေရဲ့ ဖော်ပြချက်တွေနဲ့ ကိုက်ညီနေတယ်...."
ပါရီယာနာသည် သူတို့၏ အမည်များကို မမေးခဲ့ပေ။ မေးလည်း အထောက်အကူ ဖြစ်လာမည် မဟုတ်ချေ။
ပထမမျိုးဆက် ဗရိုရှား များသည် လွန်ခဲ့သော အချိန်ကာလ ကြာမြင့်စွာက အဘီဒန် တို့အတွက် အလုပ်လုပ်ပေးခဲ့ကြဖူးသည်။ သူတို့သည် အီလီဒါရီ ကတိကဝတ်ကို ချိုးဖျက်ရန်နှင့် ခုနစ်ပါး တရားရုံး ကို ဖြုတ်ချပစ်ရန်အတွက် အသက်ရှင်နေကြခြင်း ဖြစ်သည်။ ၎င်းသည် သူမ ဖြေရှင်းပေးနိုင်မည့် နာကြည်းချက်မျိုး မဟုတ်ပေ။
သေဆုံးရမည့်အရေးကို ရင်ဆိုင်နေရချိန်တွင် ပါရီယာနာသည် မဟာလမ်းစဉ် ထံသို့ လှမ်းတမ်းလိုက်သည်။ ၎င်း၏ ပြီးပြည့်စုံသော စည်းမျဉ်းကျနမှု အထိအတွေ့က သူမကို နှစ်သိမ့်ပေးနေလေသည်။
သို့သော် သူမသည် မျှော်လင့်ချက် ကင်းမဲ့ခြင်းကို မတွန်းလှန်နိုင်ခဲ့ချေ။ သူမ ကြိုးစားခဲ့သမျှ အရာအားလုံးနှင့် ဤကမ္ဘာပေါ်တွင် သူမ ချစ်ခင်ရသူတိုင်း ပြိုလဲပျက်စီးတော့မည် ဖြစ်သည်။
"နင့်ရဲ့ လက်ထောက် ယန္တရားကို ငါတို့လက်ထဲ အပ်လိုက်စမ်း...."
အမည်းရောင်ဆံပင်နှင့် အမျိုးသမီးက အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် ပါရီယာနာ၏ အက်ကွဲနေသော အကာအကွယ်အပေါ်သို့ ပျံသန်းဆင်းသက်လာခဲ့သည်။
"နင့်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးသွားမယ်၊ ကျန်တဲ့သူတွေ အားလုံးကိုတော့ လွတ်လပ်ခွင့် ပေးမယ်...."
"ကဏ္ဍ ထိန်းချုပ်ရေးစင်တာက အကြောင်းပြန်သေးလား...."
ပါရီယာနာက သူမ၏ လက်ထောက် ယန္တရားကို မေးလိုက်သည်။
"မပြန်ပါဘူး.... ကျွန်တော်တို့ရဲ့ အစီရင်ခံစာကို သူတို့ ရ၊ မရ ဆိုတာကိုတောင် အတည်မပြုနိုင်ပါဘူး...."
ပါရီယာနာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အမှန်တကယ်တော့ ကဏ္ဍ ထိန်းချုပ်ရေးစင်တာက ကြားခဲ့လျှင်ပင် ထူးခြားမည် မဟုတ်ချေ။ တုံ့ပြန်ရန်အတွက် မည်သူမျှ နီးနီးကပ်ကပ် ရှိမနေခဲ့ပေ။ အကယ်၍ ရှိနေခဲ့လျှင်ပင် အချိန်နှောင်းသွားပြီ ဖြစ်သည်။
"သူတို့ မဖမ်းမိခင် မင်းကိုယ်မင်း ဖျက်ဆီးပစ်လိုက်ပါ...."
သူမက အမိန့်ပေးလိုက်သည်။
"သေချာတာပေါ့.... အရှင်မကို ဒီထက်ပိုပြီး ကောင်းကောင်း အလုပ်မကျွေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်...."
လက်ထောက် ယန္တရားက ဝမ်းနည်းသည့် လေသံဖြင့် ထပ်မံ ပြောကြားလာသည်။
သားမွေးများ ဝတ်ဆင်ထားသော ဗရိုရှား ၏ လက်ဝါးထဲမှ မီးခိုးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"နောက်ကျသွားပြီ...."
သူမက ဆိုသည်။
ပါးစပ်ပေါက်ကြီးက ပါရီယာနာ၏ အကာအကွယ်ကို ချိုးဖျက်ပစ်လိုက်သည်။ ထိုအချိန်မှာပင် သူမ ဖန်တီးခဲ့သော အစီအရင်များသည် သူမ၏ အိမ်ကို ပြန်လည် တိုက်ခိုက်လာကြသည်။ အလွန်ပူပြင်းလှသော အလင်းတိုင်ကြီးများသည် စိုက်ခင်းများကို ထိုးခွဲသွားပြီး အောက်ဘက်ရှိ မြေအောက်ခံတပ်များကို ထိုးဖောက်ဝင်ရောက်သွားလေသည်။
လူများ သေဆုံးသွားသည်နှင့်အမျှ မဟာလမ်းစဉ် ၏ စွမ်းအားများ အားနည်းသွားသည်ကို ပါရီယာနာ ခံစားသိရှိနိုင်ပေသည်။ သူမသည် သူတို့ကို ကာကွယ်ရန် မိမိရှိသမျှ စွမ်းအားအားလုံးကို အတားအဆီးတစ်ခုထဲသို့ ပုံအောထည့်လိုက်သည်။ ထိုအခါ ကိုလိုနီရှိ မီးခိုးထွက်နေသော အပေါက်ကြီးအပေါ်တွင် အပြာရောင် အမိုးခုံးတစ်ခု လင်းလက်ပေါ်ထွက်လာပြီး လက်နက်၏ အလင်းတန်းကို ဖြတ်တောက်ဟန့်တားလိုက်သည်။
ပါးဟက်ပါသော အမျိုးသမီးသည် သူမ၏ တံစဉ်များထဲမှ တစ်ခုကို လေထဲသို့ ခုတ်ပိုင်းလိုက်ရာ ခရမ်းရောင် ဓားချက်တစ်ခုက မြေပြင်ကို ချောက်ကမ်းပါးကြီးတစ်ခုသဖွယ် ဆွဲဖြဲသွားလေသည်။ ၎င်းသည် ပါရီယာနာ၏ အကာအကွယ်ကို ထက်ဝက်တိတိ ခွဲခြမ်းပစ်လိုက်သည်။
မြေအောက်တွင် မီးတောင် ပေါက်ကွဲသွားသကဲ့သို့ မြေကြီးများ အထက်သို့ ပေါက်ကွဲလွင့်စဉ်သွားသည်။ ထို့နောက် မီးတောက်များနှင့် အပျက်အစီးများ လေထုထဲအထိ ပန်းထွက်သွားတော့သည်။ ဗရိုရှား လေးဦးသည် မမြင်ရသော အကာအကွယ်များဖြင့် ဝန်းရံခံထားရပြီး သူတို့ကိုယ်တိုင်နှင့် ပါရီယာနာကိုပါ ကာကွယ်ပေးထားလေသည်။
အဘီဒန် တိုက်တန် သည် မျက်ရည်များ ရွှဲနစ်လျက် ဒူးထောက် ကျဆင်းသွားတော့သည်။ မီးခိုးမေးရိုးကြီးက သူမကို အသက်ရှင်လျက် ချန်ထားပေးခဲ့သည်။ လောလောဆယ်တော့ ဖြစ်သည်။
ချပ်ဝတ်တန်ဆာနှင့် သူက သေနတ်ဖြင့် သူမကို ချိန်ရွယ်ထားသည်။ ပါရီယာနာ ရှေ့သို့ ပြေးထွက်သွားလိုက်သည်။ ယခုအခါ မဟာလမ်းစဉ်သည် သူမ ထိန်းချုပ်နိုင်ရန် အလွန် ဝေးကွာလွန်းနေပြီ ဖြစ်သည်။ သူမ၏ ကျွမ်းကျင်မှုသည်လည်း အကြမ်းဖက်ခြင်း တစ်ခါမျှ မဟုတ်ခဲ့ဖူးပေ။ သို့သော် ယခုအချိန်တွင် သူမ၌ ဆုံးရှုံးစရာ ဘာမှ မကျန်တော့ချေ။
သူက သူမကို ပစ်လိုက်သည်။
ဝုန်း...
သေနတ်ပစ်သံသည် နားကွဲမတတ် ဆူညံနေသော မြေပြင်ပေါက်ကွဲသံများကို ထိုးဖောက်ထွက်ပေါ်လာသည်။ ၎င်းသည် သူမ၏ အဖြူရောင် သံချပ်ကာပြား၊ ကိုယ်ပိုင်အကာအကွယ်နှင့် သူမ၏ ရင်ဘတ်တို့ကို ဖောက်ထွင်းပြီး ကျောဘက်မှ ထွက်သွားလေသည်။
ပါရီယာနာသည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားတော့သည်။
သူမ၏ လက်ထောက် ယန္တရားသည် မိမိကိုယ်ကို ဖျက်ဆီးရန် ကြိုးစားနေစဉ်မှာပင် အနီရောင်စွမ်းအားတစ်ခု၏ ဖမ်းဆုပ်မှုကို ခံလိုက်ရပြီး အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်ကို သူမ ခံစားလိုက်ရသည်။ ၎င်းသည် တစ္ဆေတစ်ကောင်ကဲ့သို့ အရောင်အသွေး ကင်းမဲ့နေသော အလင်းတန်း အစုအဝေးတစ်ခုပင် ဖြစ်သည်။ မဟာလမ်းစဉ် သည် ဤမျှလောက် ဝေးကွာသည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
သေဆုံးတော့မည့် အချိန်တွင် သူမသည် အသက်ရှင်ကျန်ရစ်သူ တစ်စုံတစ်ယောက်ကို ခံစားသိရှိနိုင်ရန် စိတ်ကို အစွမ်းကုန် လွှင့်ထုတ်ကြည့်လိုက်သည်။ သူမ၏ စွမ်းအားများကို လမ်းပြပေးမည့် လက်ထောက် ယန္တရား မရှိတော့သည့်အခါ သူမ၌ သာမန် အာရုံခံစားမှုများသာ ကျန်ရစ်တော့သည်။ ၎င်းသည် ရုတ်တရက် မျက်လုံးကန်းသွားသကဲ့သို့ပင် ဖြစ်သည်။
ချပ်ဝတ်တန်ဆာနှင့် စွမ်းအားများ ပျက်စီးသွားကာ ပါရီယာနာသည် တစ်ကိုယ်တည်း သေမင်းဆီသို့ လွင့်မျောသွားတော့သည်။
သို့သော် အမှောင်ထုကြီးက သူမကို လုံးဝ သိမ်းပိုက်လုနီးပါး ဖြစ်နေချိန်တွင် အရာအားလုံး ရပ်တန့်သွားသည်။
"မကြောက်ပါနဲ့...."
အမျိုးသမီးတစ်ဦး၏ နွေးထွေးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းအတွက် ငါ ရောက်လာပါပြီ...."
***