အခန်း ၄၁၇
Vol. 30 Ch. 417
အပိုင်း(၄၁၇)
ငွေရောင် နှလုံးသား သူတော်စင် ဖြစ်သော အာကူရာ ချာရတီ သည် တစ္ဆေရေ သို့ ဝင်ပေါက်ဖြစ်သည့် ကျိုးပဲ့နေသော တံခါးပေါက်ကို ကြည့်ရှုလျက် ရပ်နေသည်။
ကျွန်း၏ ဘေးဘက်ရှိ ဂူတစ်ခုအတွင်း၌ တပ်ဆင်ထားသော ကျောက်စိမ်း တံခါးဘောင်သည် အပြင်ဘက်မှနေ၍ ပိုင်းဖြတ်ခံထားရသည်။ ၎င်း၏ အနောက်ဘက် ကျောက်တုံးပေါ်ရှိ ချောမွေ့သော လက်သီးဆုပ်အရွယ် အပေါက်ကြီးက မည်သည့် နည်းစနစ်ကို အသုံးပြုသွားကြောင်း သူမအား ပြောပြနေလေသည်။ ၎င်းမှာ မဟူရာ နဂါး အသက်ရှူခြင်းပင် ဖြစ်ပေသည်။
ဤကျွန်းပေါ်တွင် ဟာမိုနီ ကို စောင့်ကြည့်ခြင်းအပြင် သူမ၌ အခြားတာဝန်များလည်း ရှိနေသေးသည်။ သို့သော် သူမသည် နောက်ဆုံးအချိန်အထိ သူ့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။ ပြိုကျပျက်စီးနေသော ဟင်းလင်းပြင် မှ နှောင့်ယှက်မှုများက အလွန် ကြီးမားလာခဲ့သည်။ ထို့ကြောင့် မြင်ကွင်းများသည် တစ်စထက်တစ်စ ပို၍ ဝေဝါးလာခဲ့ရလေသည်။
သို့သော် မဟူရာ မီးတောက် လမ်းစဉ် ကျင့်ကြံသူ နှင့် သူနှင့် စာချုပ်ချုပ်ဆိုထားသော လိပ်ကြီးတို့ အိတ်ဆောင်ကမ္ဘာ အတွင်းမှ ထွက်ပေါ်လာချိန်တွင် သူမ အာရုံခံမိလိုက်သည်။ သူမ၏ တူမြေးဖြစ်သူသည် ပထမဆုံး ထွက်လာသူ မဟုတ်ခဲ့သည့်အတွက် သူမ အံ့အားသင့်ခဲ့ရသည်။ သို့သော် ထိုကိစ္စအတွက် သူမ များစွာ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။ အင်ပါယာ တစ်ပါး၏ သီးသန့် ဟင်းလင်းပြင် အတွင်း၌ ရှိနေသော သူ့ကို အဝေးမှနေ၍ သူမ အာရုံခံနိုင်နေဆဲ ဖြစ်သည်။ ကမ္ဘာကြီး ပြိုကျမပျက်စီးမီ သူမအတွက် အချိန်ကျန်ရှိနေပါသေးသည်။ ထို့ပြင် ဝင်ရောက်ရန်အတွက်လည်း ဝင်ပေါက်တစ်ခုကို သူမ မလိုအပ်ချေ။
သို့သော် ဟင်းလင်းပြင် ကို ဖြတ်သန်းရန် သူမ ကြိုးစားလိုက်သောအခါတွင်မူ ငြင်းပယ်ခံလိုက်ရလေသည်။
သူမထက် ပိုမိုကြီးမားသော ဆန္ဒစွမ်းအားတစ်ခုက တစ္ဆေရေ ကို ချိပ်ပိတ် လှောင်ပိတ်လိုက်ခြင်း ဖြစ်သည်။ သမုဒ္ဒရာထဲတွင် သူမအနားမှ ဖြတ်သန်းသွားသော သင်္ဘောကြီးတစ်စင်းက ၎င်း၏ တည်ရှိမှု အလေးချိန်ဖြင့် ရေပြင်ကို မွှေနှောက်သွားသကဲ့သို့ သူ ရောက်ရှိလာသည်ကို သူမ ခံစားလိုက်ရသည်။
ထိုနေရာတွင် နော့သ်စထရိုက်ဒါ ရှိနေသဖြင့် သူမ ဖောက်ထွင်းဝင်ရောက်ရန် အခွင့်အရေး မရှိတော့ချေ။ ထို့ကြောင့် အင်ပါယာက သူမ၏ တူမြေးလေးကို အိမ်ပြန်ခေါ်လာပေးမည်ဟု မျှော်လင့်ရင်း စောင့်ဆိုင်းနေရန်သာ အတင်းအကျပ် ဖိအားပေးခံလိုက်ရလေသည်။
ထိုအချိန်ကတည်းကပင် အာကူရာ ဟာမိုနီ အတွက် အထိမ်းအမှတ် ရုပ်တုတစ်ခုကို သူမ စတင် ထုဆစ်နေခဲ့သည်။ သူမ ကြားဖူးသမျှ အကြောင်းအရာများအရ နော့သ်စထရိုက်ဒါ ၏ ကရုဏာတရားဆိုသည်မှာ သူမ၏ မျှော်လင့်ချက်များကို ချိတ်ဆွဲထားရန် အလွန် ပါးလွှာသော ကြိုးမျှင်လေးတစ်ချောင်းသာ ဖြစ်နေသောကြောင့်ပင်။
နော့သ်စထရိုက်ဒါ ၏ တည်ရှိမှု ပျောက်ကွယ်သွားသောအခါ ဝင်ရောက်ရန် သူမ တစ်ကြိမ် ထပ်မံ ကြိုးစားခဲ့သည်။ သို့သော် သူက ဟင်းလင်းပြင် ကို ပိတ်ဆို့ထားခဲ့ပြီ ဖြစ်သည်။ ကလေးငယ်တစ်ယောက်က အုတ်နံရံတစ်ခုကို သူမ၏ လက်သီးများဖြင့် ပြိုကျအောင် ထုနှက်နေသကဲ့သို့ သူမ၏ စွမ်းအားများကို သူ၏ စွမ်းအားများအပေါ် ရိုက်ခတ်လိုက်လေသည်။
တစ္ဆေရေ အပိုင်းပိုင်းအစစ ပြိုကွဲသွားသော အခိုက်အတန့်ကို သူမ ခံစားလိုက်ရသည်။ ထိုအချိန်တွင် ဟင်းလင်းပြင် ပုံပျက်ယွင်းမှုများက အလွန်ကြီးမားလာခဲ့သည်။ ထို့ကြောင့် အတွင်းဘက်ရှိ ဟာမိုနီ ကို သူမ ဆက်လက် အာရုံမခံနိုင်တော့ချေ။
ယခုအခါ ကျောက်စိမ်း တံခါးပေါက်၏ အောက်ခြေတွင် သူမ၏ တူမြေးဖြစ်သူ၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုကို ချထားလိုက်သည်။ သူမကိုယ်တိုင် ထုဆစ်ထားသော ထိုရုပ်တုသည် သူ၏ သိမ်မွေ့သော မျက်နှာသွင်ပြင်များ၊ မောက်မာစွာ မော့ထားတတ်သော မေးရိုးနှင့် သူ၏ မျက်လုံးများထဲမှ အဝေးသို့ ငေးမောနေသော ပြတ်သားမှုများကို အမိအရ ဖမ်းဆုပ်ထားနိုင်လေသည်။ ဆံပင်များက ပခုံးပေါ်သို့ ဖြာကျနေပြီး သူ၏ ခေါင်းနောက်ဘက်တွင် အမည်းရောင် အလင်းကွင်းတစ်ခု တွဲလောင်းကျနေသည်။
ခဏတာမျှ ဝမ်းနည်းခြင်း လှိုင်းတံပိုးတစ်ခုက သူမကို ဖြတ်သန်းသွားသည်။ သူ၏ မိသားစု အကိုင်းအခက်တွင် မျိုးဆက်ပေါင်းများစွာတိုင်အောင် ဤမျှ ထူးချွန်သောသူ တစ်ယောက်မျှ မပေါ်ထွက်ခဲ့ဖူးချေ။ သူသည် တစ်နေ့တွင် ဂန္ထဝင် အာကူရာ ကလန် ၏ မဏ္ဍိုင်ကြီးများထဲမှ တစ်ဦး ဖြစ်လာရန် မျှော်လင့်ခဲ့သည်။ သူ၏ ဘိုးဘေးဖြစ်သော အာကူရာ ဖျူရီ သို့မဟုတ် ချာရတီ ကိုယ်တိုင်ကဲ့သို့ပင် ဖြစ်လေသည်။
အကယ်၍ သူသာ ထိုပန်းတိုင်သို့ ရောက်ရှိခဲ့မည်ဆိုလျှင် ထိုမတိုင်မီ သူ လျှောက်လှမ်းရမည့် ခရီးရှည်ကြီးတစ်ခု ရှိနေဦးမည် ဖြစ်သည်။ သို့သော် သူသည် ကောင်းမွန်သော ဘဝတစ်ခုကိုတော့ လက်တွေ့ကျကျ အာမခံချက် ရရှိထားပြီး ဖြစ်သည်။ ဤဆုံးရှုံးမှုအတွက် သူမ နောင်တရမိပါသည်။
သို့သော် သူမသည် ယခင်ကလည်း မျိုးဆက်သစ် ဆွေမျိုးများကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ဖူးသည်။ ၎င်းသည် သူမကိုယ်တိုင် သားသမီး မယူခဲ့ရခြင်း၏ အကြောင်းရင်း တစ်ခုလည်း ဖြစ်လေသည်။ သူမသည် ဟာမိုနီ ကို သတိရနေရင်း မိနစ်ပေါင်းများစွာကြာအောင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
သူတော်စင်သည် ဟာမိုနီ ၏ ရုပ်တုကို ကြည့်နေရာမှ တံခါးပေါက်ရှိ အက်ကွဲကြောင်းဆီသို့ ပြန်လည် မော့ကြည့်လိုက်သည်။ မဟူရာ မီးတောက် များထဲမှ တစ်ယောက်က သူတို့အနောက်ရှိ တံခါးကို ချိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းက သူမ၏ တူမြေးကို ပျောက်ကွယ်တော့မည့် အိတ်ဆောင်ကမ္ဘာ တစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ခြင်းပင် ဖြစ်သည်။
အာကူရာ ကလန် ကို ဤမျှ လွယ်လွယ်ကူကူ အထင်သေးခွင့် မပေးနိုင်ချေ။ ပြန်လည် တုံ့ပြန်ခြင်း မရှိသော ဤကဲ့သို့သော စော်ကားမှုမျိုးက ရန်သူများရှေ့တွင် မိသားစုကို အားနည်းသယောင် ဖြစ်စေလိမ့်မည်။ သူမသည် အခြေခံမူအရ ထို အထွတ်အမြတ် သားရဲ ကို အပြစ်ပေးလိုစိတ် ဖြစ်ပေါ်နေသည်။ လူသားတစ်ဦးကို ရန်စရဲသော မည်သည့် သားရဲ မဆို အကျိုးဆက်များကို ခံစားရမည်သာ ဖြစ်လေသည်။
သို့သော် အေးစက်သော ယုတ္တိဗေဒ အတိုင်းအတာ တစ်ခု မရှိဘဲနှင့် ချာရတီ ၏ အဆင့်သို့ ရောက်ရှိလာမည် မဟုတ်ပေ။ ထို့ပြင် နှလုံးသား သူတော်စင် သည် သူမ၏ ကိုယ်ပိုင် စိတ်ခံစားမှုများအပေါ် အလွန် ကြီးမားသော ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။
မဟူရာ မီးတောက် ကျင့်ကြံသူ နှင့် သူ၏ လိပ်တို့သည် တစ္ဆေရေ အတွင်းသို့ အားအနည်းဆုံး ပုဂ္ဂိုလ်များအဖြစ် ဝင်ရောက်လာခဲ့ကြသည်။ အကယ်၍ သူတို့သည် ဟာမိုနီ ကို ခြိမ်းခြောက်နိုင်သည့် အဆင့်အထိ အမှန်တကယ် တိုးတက်လာခဲ့သည် ဆိုပါက ထိုသို့ ပြုလုပ်ခြင်းအတွက် သူမ အပြစ်မတင်နိုင်ပေ။ ဟာမိုနီ သည် ကစားပွဲတစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ အားသာချက် အားလုံးနှင့် သူ စတင်ခဲ့သော ကစားပွဲတွင် သူ ရှုံးနိမ့်သွားခဲ့ခြင်းသာ ဖြစ်သည်။
သူမ၏ ငယ်ရွယ်သော ဆွေမျိုးများထဲမှ တစ်ဦးကို ထိုကဲ့သို့ တွေးတောရသည်က သူမကို နာကျင်စေသည်။ သို့သော် နောင်တတရားက အမှန်တရားကို မပြောင်းလဲနိုင်ချေ။ ဟာမိုနီ အတွက် အန္တရာယ် အချို့ ရှိနေကြောင်း သူမ သိခဲ့ပြီး ဖြစ်သည်။ အစစ်အမှန် အန္တရာယ်များနှင့် ရင်ဆိုင်၍ သူ့ကို လေ့ကျင့်ပေးခြင်းသည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ရသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ မည်သည့် ပါရမီရှင်မျှ ပိတ်လှောင်ထားသော အခန်းထဲတွင် ပွင့်လန်းလာမည် မဟုတ်ချေ။
ထို့ပြင် သူတို့သည် ပါရမီရှင်များကို လိုအပ်နေသည်။ ယခုအချိန်တွင် ယခင်ကထက် ပို၍ပင် လိုအပ်နေလေသည်။
ထိုအတွေးက သူမ၏ ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေသည်။ အကယ်၍ ထို မဟူရာ မီးတောက် ကောင်လေးသည် ကလန် အပေါ် ရန်လိုမှု မပြသပါက သူ၏ တိုးတက်မှုကို သူမ ဖြတ်တောက်မည် မဟုတ်ပေ။ သူသည် အာကူရာ ကလန် ၏ နောက်ထပ် အဖိုးတန် ရတနာတစ်ခု အဖြစ် ကြီးထွားလာနိုင်ပေသည်။
သို့သော် သူမက ဖိအားအချို့ကိုတော့ ပိုမို ပေးစွမ်းနိုင်လေသည်။
အကယ်၍ မဟူရာ မီးတောက် လမ်းစဉ် ကျင့်ကြံသူသည် ဖိအားများအောက်တွင် ပွင့်လန်းလာခဲ့လျှင် သူ၏ အကြွေးကို ဆပ်ရန် အရည်အချင်း ပြည့်မီသွားမည် ဖြစ်သည်။
...
လင်းတုန်း...
လင်းတုန်းသည် တိမ်ပျံသင်္ဘော၏ ကျဉ်းမြောင်းသော နေရာလေးတွင် ဒူးထောက်နေသည်။ သူသည် သစ်သားပြား တစ်ခုပေါ်တွင် ထွင်းထုထားသော အစီအရင် အတွင်းသို့ သန့်စင်သော မာဒြာ များကို မရပ်မနား တွန်းပို့ပေးနေလေသည်။ အစီအရင် ၏ အလယ်ဗဟိုတွင် လှိမ့်ဆင်းနေသော အစိမ်းရောင် တိမ်တိုက် ပါဝင်သည့် လက်သီးဆုပ်အရွယ် ဖန်ဘူးတစ်ခု ရှိသည်။ ၎င်းသည် သူတို့၏ ပျံသန်းမှုကို စွမ်းအင်ပေးသော မာဒြာ ပင် ဖြစ်သည်။ သင်္ဘောသည် မုန်တိုင်းထန်နေသော လှိုင်းလုံးများကြားတွင် ရှိနေသကဲ့သို့ တကျွိကျွိ မြည်ကာ တုန်ခါနေလေသည်။
"မင်း အလုပ်ကောင်းကောင်း လုပ်နေတာပဲ...."
ဒရော့စ် က သူ၏ ခေါင်းထဲမှ ပြောလိုက်သည်။
"အရမ်း ကောင်းတယ်.... နောက်ထပ် ငါးမိနစ်လောက်နေလို့ တိမ်တိုက် မာဒြာ တွေ ကုန်သွားပြီး သေမလောက် အော်ဟစ်ကျဆင်းသွားတဲ့အခါ မင်း အကောင်းဆုံး ကြိုးစားရင်း သေဆုံးသွားတာလို့ မင်းကို မှတ်မိစေချင်တယ်...."
သူတို့သည် စကိုင်းဆွန်း တိမ်ပျံသင်္ဘောကို တစ္ဆေရေ အပြင်ဘက် ကျွန်း၏ အစွန်အဖျားတွင် သူတို့ ချန်ထားခဲ့သည့် နေရာ၌ပင် ပြန်လည် တွေ့ရှိခဲ့ကြသည်။ ၎င်းသည် အနည်းနှင့်အများ ဆိုသလို ပျက်စီးမှု မရှိသေးပေ။ သို့သော် ၎င်း၏ တိမ်တိုက် မာဒြာ များကို သိုလှောင်ထားသော ဖန်ဘူးလေးမှာတော့ အပြည့်အဝ မရှိတော့ချေ။ အစိမ်းရောင် မိုင်တစ်ထောင် တိမ်တိုက် သည် ကုန်းမြေသို့ ပြန်ရောက်သည့်တိုင်အောင် ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လင်းတုန်း သည် သန့်စင်သော မာဒြာ များဖြင့် ၎င်းကို အချိန်ဆွဲပေးနေရခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ၎င်းသည် မာဒြာ များကို အရည်ကျဲသွားစေသည်။ သူတို့ သင်္ဘောပေါ်တွင် လေ သို့မဟုတ် တိမ်တိုက် လမ်းစဉ် ကျင့်ကြံသူ တစ်ဦးမျှ မပါရှိချေ။ ထို့ကြောင့် မိုင်တစ်ထောင် တိမ်တိုက် သည် တစ်နေ့တခြား ပို၍ ပါးလွှာလာခဲ့သည်။ ယခင်က အီသန် သည်လည်း ဤနည်းလမ်းဖြင့် တိမ်ပျံသင်္ဘော တစ်စင်းကို စွမ်းအင်ဖြည့်တင်းပေးခဲ့ဖူးသည်။ သို့သော် သူက သူ၏ မာဒြာ ကို ထောက်ပံ့ပေးခြင်းနှင့် အော်ရာ များကို ဆွဲယူရန် အစီအရင် များ အသုံးပြုခြင်းတို့ကို တစ်လှည့်စီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤတိမ်ပျံသင်္ဘောက ထိုသို့ မလုပ်နိုင်ခြင်း ဖြစ်နိုင်သလို လင်းတုန်း က မည်သို့ လုပ်ရမည်ကို ရှာမတွေ့သေးခြင်းလည်း ဖြစ်နိုင်လေသည်။
ယီရင် နှင့် မာစီ တို့သည် သင်္ဘောကို တစ်လှည့်စီ မောင်းနှင်ကြသည်။ အများအားဖြင့်တော့ မာစီ ပင် ဖြစ်သည်။ ယီရင် က ပဲ့ကိုင်သောအခါ သူမသည် အော်ရာ မုန်တိုင်းများ၊ ရန်လိုသော အထွတ်အမြတ် သားရဲ များနှင့် တောင်ထွတ်များကို အလွန် နီးကပ်စွာ မောင်းနှင်လေ့ရှိသည်။ သို့သော် သူမက အချိန်ကိုတော့ ကောင်းစွာ အသုံးချနိုင်ခဲ့လေသည်။
လင်းတုန်းသည် အစီအရင် ထဲသို့ နောက်ထပ် မာဒြာ လှိုင်းတစ်ခုကို စေလွှတ်လိုက်သည်။ ထိုအခါ ဖန်ဘူးထဲတွင် လှိမ့်ဆင်းနေသော အစိမ်းရောင် တိမ်တိုက်မှာ နောက်တစ်ဆင့် ထပ်မံ အားနည်းသွားလေသည်။ သင်္ဘောကြီး တုန်ခါသွားပြီး သူတို့ကို အမြင့်သို့ တင်ဆောင်ထားသော မိုင်တစ်ထောင် တိမ်တိုက် ကြီးလည်း မှေးမှိန်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ သူ နောက်ထပ် စွမ်းအားများ ထပ်မံ မဖြည့်တင်းနိုင်တော့ချေ။ သင်္ဘောကိုယ်ထည်ပေါ်ရှိ အစီအရင် များက သူတို့၏ သိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းရန် အပြင်ဘက်မှ အော်ရာ များကို ဆွဲယူပေးလိမ့်မည်။ ၎င်းသည်သာ သူတို့ ယခုအချိန်အထိ ခံတောင့်ခံနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ သို့သော် ထိုစနစ်သည်လည်း ဆက်လက်၍ မလုပ်ဆောင်နိုင်တော့ပေ။
"သူတို့ကို အသိပေးလိုက်ပါ...."
ဒရော့စ်ကို သူ အမိန့်ပေးလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ မှော်ပစ္စည်း က သူ၏ စိတ်ကို ဖွင့်လှစ်လိုက်ပြီး မာစီ နှင့် ယီရင် တို့ထံ တစ်ပြိုင်နက်တည်း စကားလုံးများကို ပေးပို့လိုက်သည်ကို သူ ခံစားလိုက်ရသည်။
"သင်္ဘောသားတွေ အားလုံး သတိထားပါ.... ငါတို့ ဆီကုန်သွားတာကလွဲရင် ဒီအောက်မှာ အရာအားလုံး အဆင်ပြေပါတယ်.... ငါတို့ အခုချက်ချင်း အရေးပေါ် ဆင်းသက်နိုင်သရွေ့ အရာအားလုံး လုံးဝ ဘေးကင်းမှာပါ...."
***