← Chapters

အခန်း ၄၁၈

Vol. 30 Ch. 418

အခန်း ၄၁၈

Vol. 30 Ch. 418

အပိုင်း(၄၁၈)

တိမ်ပျံသင်္ဘောက ယိမ်းယိုင်သွားစဉ် လင်းတုန်းသည် နံရံကို အားပြုလျက် အမြန် ထရပ်လိုက်သည်။ သူ၏ ဖြူရော်နေသော ညာဘက်လက်မောင်းသည် ပျော့အိနေသော ရွှံ့နွံထဲသို့ နစ်ဝင်သွားသကဲ့သို့ သစ်သားပြားအတွင်းသို့ နစ်ဝင်သွားခဲ့သည်။ ၎င်းကို ပြန်လည် ဆွဲထုတ်ရန် သူ အချိန်အနည်းငယ် ယူလိုက်ရလေသည်။

ကုန်းပတ်အောက်တွင် ပြတင်းပေါက်များ မရှိချေ။ သူတို့ ဆင်းသက်ရန် နီးကပ်နေပြီလား ဆိုသည်ကို သူ မည်သို့မျှ မသိနိုင်ပေ။ မြေပြင်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည် (သို့မဟုတ်) လေထဲတွင် ပေတစ်ထောင်ခန့် အမြင့်၌ ရှိနေသည် ဆိုသည်ကိုလည်း သူ လုံးဝ သိနိုင်မည် မဟုတ်ချေ။

အဆိုးရွားဆုံးအရာမှာ မသိရခြင်းပင် ဖြစ်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။ သင်္ဘောကြီး ထပ်မံ တုန်ခါသွားပြီး သူ ဟန်ချက်ပျက်သွားသောအခါ ဤတုန်ခါမှုသည် စိုးရိမ်စရာ မရှိသောအရာလား (သို့မဟုတ်) သူတို့အားလုံး သေမင်းနှင့် ရင်ဆိုင်နေရပြီလား ဆိုသည်ကို သူ မခွဲခြားနိုင်ခဲ့ပေ။

နောက်ဆုံးတွင် သင်္ဘောသည် ပြန်လည် တည်ငြိမ်သွားသည်။ ထို့ကြောင့် သူသည် အပေါ်ထပ်သို့ တက်သော တံခါးပေါက်ကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။

ရာသီဥတုက သာယာနေသည်။ သူသည် အမှောင်ထဲတွင် အချိန်အတော်ကြာ နေခဲ့ရသဖြင့် မုန်တိုင်းထန်ကာ မိုးရွာနေမည်ဟု မြင်ယောင်နေခဲ့မိသည်။ သို့သော် အမှန်တကယ်တွင် လေငြိမ်နေပြီး ကောင်းကင်ကလည်း ရှင်းလင်းနေလေသည်။

ယီရင်သည် တောက်ပနေသော အစီအရင် စက်ဝိုင်းများ ဖုံးလွှမ်းနေသည့် သစ်သားပြားတစ်ခုအနီးတွင် ရပ်နေသည်။ သူမသည် သွားများကို စေ့ထားပြီး မျက်လုံးများက ဒေါသတကြီး ဖြစ်နေလေသည်။ သူမ၏ ကျောဘက်ရှိ ငွေရောင် ဓားလက်တံ နှစ်ခုသည် ကုန်းပတ်၏ သစ်သားထဲသို့ စိုက်ဝင်နေပြီး သူမကို နေရာတွင် မြဲမြံစွာ ရှိနေစေသည်။ ထိန်းချုပ်ရေးခလုတ်ခုံသည် သူမထက် အရပ်ရှည်သူများအတွက် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် သူမ၏ မေးစေ့နားအထိ ရောက်နေသည်။ သို့သော် သူမသည် ၎င်းကို အစအနများဖြစ်အောင် ချေမွပစ်တော့မည့်အလား အောက်သို့ စိုက်ကြည့်နေလေသည်။

အနီးနားတွင် မာစီ သည် အမှောင်ထု နွယ်ယှက်တန်းအရှည်များဖြင့် သူမကိုယ်သူမ လက်ရန်းတွင် ချည်နှောင်ထားသည်။ သူမသည် သူမ ဖန်တီးထားသော ပင့်ကူအိမ်ဗဟိုတွင် ခြေပိုက်ခွေထိုင်နေပြီး ခရမ်းရောင် မျက်လုံးများက တောက်ပနေလေသည်။

သူမသည် တစ္ဆေရေ ကျွန်းတွင် အန္တရာယ်များနှင့် လုံလောက်အောင် ရင်ဆိုင်ခဲ့ရပြီဟု သူ ထင်မြင်ခဲ့သော်လည်း သူမကမူ နောက်ထပ် အန္တရာယ်များကို မျှော်လင့်နေပုံရသည်။ သူမ၏ ဆံပင်များက ယီရင် ထက်ပင် တိုတောင်းနေဆဲ ဖြစ်သည်။ ၎င်းသည် အဆင့်နိမ့် အရှင်သခင်မ နဂါးတစ်ကောင်၏ မီးရှို့ခြင်းကို ခံခဲ့ရပြီး ထိုဒဏ်ရာများမှ ပြန်လည်သက်သာလာစေရန် သီတင်းပတ်ပေါင်းများစွာနှင့် ဆေးရည်မြောက်မြားစွာကို အသုံးပြုခဲ့ရခြင်း၏ အမှတ်ရစရာ တစ်ခုပင် ဖြစ်လေသည်။

သူမသည် အမည်းရောင် လက်အိတ်စွပ်ထားသော လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမဘေးရှိ မီးခိုးငွေ့များ ထွက်နေသော လိပ်ခွံကြီးကို ပုတ်လိုက်သည်။

"ငါတို့ အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပါတယ်.... စိတ်ပူစရာ မလိုပါဘူး...."

သူမက ပြောလိုက်သည်။

အော်သို သည် သူ၏ ခေါင်းကို အပြင်သို့ ထုတ်မလာခဲ့ချေ။ မာစီ ကို ချည်နှောင်ထားသော အရိပ်ကြိုးများဖြင့်ပင် သူ့ကိုလည်း ကုန်းပတ်နှင့် ချည်နှောင်ထားလေသည်။ ဂူတစ်ခုအတွင်းမှ ပဲ့တင်ထပ်လာသကဲ့သို့ သူ၏ အသံက ဟိန်းထွက်လာသည်။

"မင်းတို့တွေကသာ စိတ်ပူသင့်တာကွ.... မင်းတို့ထဲက တစ်ယောက်မှ အခွံ မပါကြဘူး...."

ထိုလိပ်ကြီးသည် သူ၏ အကြောက်တရားကို မနည်းထိန်းချုပ်ထားရကြောင်း လင်းတုန်း ခံစားသိရှိနိုင်ပေသည်။ ယင်းက လင်းတုန်း ကို သူ၏ ကိုယ်ပိုင် စိုးရိမ်ပူပန်မှုများနှင့် နပန်းလုံးရ ပိုမိုခက်ခဲစေခဲ့သည်။ သို့သော် အော်သို ၏ ဝိညာဉ် အတွင်း၌ သန့်စင်သော ဝမ်းမြောက်မှု မီးပွားလေးတစ်ခု ကျန်ရှိနေဆဲ ဖြစ်လေသည်။ သူသည် တစ္ဆေရေ တွင် လက်တွေ့အားဖြင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ပြီး လွန်ခဲ့သော နှစ်ပတ်အတွင်း အောင်ပွဲခံခြင်းကို မရပ်တန့်ခဲ့ချေ။ ယခုအချိန်တွင်ပင် အခွံထဲသို့ ဝင်ရောက်ကာ ပျက်ကျရန် ပြင်ဆင်နေသော်လည်း သူ၏ သန်စွမ်းလာသော ခန္ဓာကိုယ်သစ်အတွက် ဝမ်းသာဂုဏ်ယူနေသည့် အစိတ်အပိုင်းတစ်ခု ရှိနေလေသည်။ ထိုအရာက အော်သို ၏ အကြောက်တရားများမှ ရုန်းထွက်ပြီး ရှင်းလင်းသော ဦးနှောက်ဖြင့် ရှိနေစေရန် လင်းတုန်း ကို ကူညီပေးနိုင်စွမ်း ရှိပေသည်။

လင်းတုန်းသည် လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သင်္ဘော၏ အစွန်းတစ်လျှောက် လျှောက်သွားလိုက်သည်။ သစ်ပင်များသည် သူ သက်တောင့်သက်သာရှိသော နှုန်းထက် များစွာ ပိုမိုမြန်ဆန်သော နှုန်းဖြင့် နီးကပ်လာနေ၏။ သူတို့သည် သေချာပေါက် အောက်သို့ ဆင်းသက်နေခြင်း ဖြစ်သည်။ ထို့ပြင် သူတို့ကို အမြင့်သို့ တင်ဆောင်ထားသော အစိမ်းရောင် တိမ်တိုက်သည် သံပရာရောင် မြူခိုးများအဖြစ် မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ မကြည့်ဘဲ နေတာကပဲ ပိုကောင်းမည် ထင်သည်။

မကြာသေးမီက မာဒြာ များ ကုန်ခမ်းသွားချိန်အထိ မာစီ သည် သင်္ဘောကို ထိန်းချုပ်နေခဲ့သည်။ ထို့နောက် အော်သို က ကြိုးစားခဲ့သော်လည်း စိတ်ပျက်လာကာ သင်္ဘောကိုယ်ထည်ကို အပေါက်ဖောက်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့လေသည်။ နောက်ဆုံးတွင် ယီရင် က တာဝန်ယူလိုက်ပြီး သူမ အသက်သေဆုံးသွားမည် ဆိုလျှင်တောင် သင်္ဘောကို ဆင်းသက်နိုင်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့သည်။

သစ်သားများ၏ တကျွိကျွိ မြည်သံနှင့် လေတိုက်သံများကြားမှ ဖန်ခွက်ကလေး ခေါက်သံကဲ့သို့ သဲ့သဲ့လေးကို သူ ကြားလိုက်ရသည်။ အခိုက်အတန့်အကြာတွင် အပြာလေး သည် သူ၏အနီးသို့ ပြေးလာခဲ့သည်။ သူမသည် ရင့်ရှိုင်းသော အပြာရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသမီး ပုံစံရှိသော သေးငယ်သည့် စိတ်ဝိညာဉ် လေးတစ်ခု ဖြစ်သည်။ သူမ၏ ကားထွက်နေသော ဝတ်စုံလေးက ကုန်းပတ်ပေါ်တွင် ချောမွေ့စွာ လျှောတိုက်လာသည်။ သူမသည် မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်စွာဖြင့် လင်းတုန်း ၏ ခြေထောက်ပေါ်သို့ တွယ်တက်လာပြီး မကြာမီမှာပင် သူ၏ ပခုံးပေါ်တွင် ထိုင်လိုက်လေသည်။ သူ အောက်သို့ ရောက်နေချိန်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြနေသကဲ့သို့ သူမ၏ အသံလေးများက သူ၏ နားထဲတွင် မြည်လွင့်လာခဲ့သည်။

မကြာသေးမီက သူမကို သူ စတင် နားလည်လာပြီဟု ထင်မှတ်ခဲ့သည်။ သူမသည် ပျံသန်းနေစဉ်အတွင်း မြင်တွေ့ခဲ့ရသော မြင်ကွင်းများအကြောင်း သူ့ကို ပြောပြနေခြင်း ဖြစ်သည်။ ၎င်းသည် ဆယ်လ်ဗန် မြစ်မျိုးစေ့၏ အဓိပ္ပာယ်မဲ့ အသံလေးများကို သူ၏ စိတ်ကူးယဉ်မှုက ပုံဖော်ပေးနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း သူက အလေးအနက် တုံ့ပြန်ပေးခဲ့ပြီး သူမကို လေးလေးနက်နက် ခေါင်းညိတ်ပြကာ သူကိုယ်တိုင်လည်း တုံ့ပြန်သံများ ပြုလုပ်ပေးခဲ့လေသည်။ အကယ်၍ သူမက သူ့ကို တစ်ခုခု ပြောပြနေခြင်း ဖြစ်ပါက သူက ရိုင်းစိုင်းသူ တစ်ယောက်အဖြစ် မခံယူလိုပေ။

နောက်ဆုံးတွင် သူသည် ယီရင် ၏ အနီးသို့ ရောက်ရှိသွားသည်။

"တောင်းပန်ပါတယ်.... ငါ တတ်နိုင်သလောက် အကြာကြီး တောင့်ခံထားခဲ့သေးတယ်...."

ယီရင် က ပြန်လည် မထိန်းကျောင်းမီ သင်္ဘောသည် တစ်ဖက်သို့ အလွန်အမင်း ယိမ်းယိုင်သွားခဲ့ရာ ကောင်းကင်တစ်ဝက်မှာ သစ်ပင် ပင်လယ်ပြင်ကြီးဖြင့် အစားထိုးသွားခဲ့သည်။

"ငါတို့က မြို့တစ်မြို့နဲ့ နည်းနည်းပဲ ဝေးတော့တာ.... အဲဒီအောက်မှာ အာရီလီယပ် မိသားစု ရှိနေသရွေ့ ငါတို့...”

သင်္ဘောကြီး တုန်ခါသွားပြီး ထိန်းချုပ်ရေး ခလုတ်ခုံပေါ်ရှိ အလင်းရောင်များ တောက်ပလာသည်။ ယီရင် သည် အားယူကာ ညည်းတွားလိုက်ပြီး ခလုတ်ခုံ၏ ဘေးဘက်များကို သစ်သားများ အက်ကွဲသွားသည်အထိ အပြင်းအထန် ဆုပ်ကိုင်ထားရာ သူမ၏ အမာရွတ်များသည် အရေပြားပေါ်တွင် ထင်ရှားစွာ ပေါ်ထွက်လာလေသည်။

သူမသည် လေတိုက်သံများကြားမှ အော်ဟစ်လိုက်ပြီး ခလုတ်ခုံထဲသို့ နောက်ထပ် မာဒြာ လှိုင်းတစ်ခုကို စေလွှတ်လိုက်သည်။

"အားလုံး တင်းတင်းကျပ်ကျပ် ကိုင်ထားကြ...."

လင်းတုန်း သည် အပြာလေး ကို သူ၏ ဘယ်ဘက်လက်ဖြင့် ပွေ့ချီကာ ညာဘက်လက်ဖြင့် လက်ရန်းကို ကိုင်ထားရင်း အားယူထားလိုက်သည်။ အကယ်၍ ထိုလက်မောင်းဆီသို့ မာဒြာ လည်ပတ်ခြင်းကို ရပ်တန့်လိုက်ပါက သူသည် ချက်ချင်းပင် လွင့်စင်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားမည်ကို သိထားခြင်းက အားတက်စရာ မကောင်းလှပေ။ သို့သော် ယင်းက မာဒြာ လည်ပတ်ခြင်းကို မရပ်တန့်ရမည့် အကြောင်းရင်းတစ်ခု ဖြစ်လာလေသည်။

လေတိုက်နှုန်း ပြင်းထန်လာပြီး လှေကြီး တုန်ခါလာကာ သူတို့ စတင် ကျဆင်းလာတော့သည်။ သူတို့ ဆင်းသက်နေခြင်းလား သို့မဟုတ် ပျက်ကျနေခြင်းလား ဆိုသည်ကို လင်းတုန်း မခွဲခြားနိုင်ခဲ့ချေ။ ထိုအချိန်တွင် ၎င်းနှစ်ခုကြား၌ ကွာခြားချက် သိပ်မရှိနိုင်တော့ပေ။

"အိုး.... ကြည့်စမ်း.... ဇီးကွက်က အဲဒီမှာ ရှိနေတုန်းပဲ...."

ဒရော့စ် က မှတ်ချက်ချလိုက်သည်။

လင်းတုန်း သည် လက်ရန်းအစွန်းမှ ကျော်မကြည့်ဘဲ ကုန်းပတ်ကိုသာ ပြတ်သားစွာ စိုက်ကြည့်နေခဲ့သည်။ သို့သော် ဒရော့စ် ၏ မှတ်ချက်ကြောင့် သူ၏ အမြင်အာရုံ အစွန်အဖျားတွင် တစ်ခုခုကို မြင်နေရကြောင်း သူ သတိပြုမိသွားသည်။ ဇီးကွက်တစ်ကောင် (သို့မဟုတ်) အနည်းဆုံး ဇီးကွက်နှင့်တူသော ဝိညာဉ်အကြွင်းအကျန် တစ်ခုသည် မျက်နှာချင်းဆိုင် လက်ရန်းပေါ်တွင် နားနေလေသည်။ ၎င်းကို လှည့်ပတ်နေသော ငွေရောင် မီးခိုးများနှင့်တူသည့် မာဒြာ များဖြင့် ဖွဲ့စည်းထားပြီး တစ်ခါတစ်ရံ တောက်ပလာသော ခရမ်းရောင် အလင်းတန်းများဖြင့် အနားသတ်ထားလေသည်။

ထို ဝိညာဉ်အကြွင်းအကျန် သည် သူတို့ကို နောက်ယောင်ခံလိုက်နေသည်မှာ ရက်အတန်ကြာပြီ ဖြစ်သည်။ သူတို့ ကျွန်းမှ ထွက်ခွာလာကတည်းကပင် ဖြစ်နိုင်လေသည်။ ၎င်းက ထိုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သူတို့ကို သတိပေးနေသကဲ့သို့ တစ်နေ့လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် ကိုယ်ထင်ပြလေ့ရှိသည်။

လင်းတုန်းသည် ယီရင် နှင့် မာစီ တို့ကို ယင်းကို ပြသရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူတို့ လိုက်ရှာသောအခါတိုင်း ထိုဇီးကွက်က ပျောက်ကွယ်သွားလေ့ရှိသည်။ အကယ်၍ ဒရော့စ် သာ မရှိခဲ့လျှင် လင်းတုန်း ကိုယ်တိုင်လည်း ယင်းကို သတိထားမိခဲ့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထို အတွေးမှော်ပစ္စည်း သည် လင်းတုန်း ၏ အာရုံများကို လင်းတုန်း ကိုယ်တိုင်ထက် များစွာ ပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်သောကြောင့် ဖြစ်လေသည်။

ဇီးကွက်အတွက် သူ နောက်ထပ် အတွေးမပွားတော့ချေ။ အချို့သော ဝိညာဉ်အကြွင်းအကျန် များသည် ထူးဆန်းပြီး စွဲလမ်းလွန်းသော အပြုအမူများ ရှိတတ်ကြသည်။ ဤအကောင်သည်လည်း တိမ်ပျံသင်္ဘောများကို လိုက်လံရခြင်း၌ စွဲလမ်းနေခြင်း ဖြစ်နိုင်ပေသည်။ သူတို့ ပျက်ကျလုဆဲဆဲ အချိန်တွင်တော့ ၎င်းကို သူ ဖြေရှင်းနေမည် မဟုတ်သည်မှာ သေချာလေသည်။

ကုန်းပတ်သည် အထက်သို့ မြင့်တက်သွား၏။ ယီရင် က သူတို့၏ နောက်ဆုံးကျန်ရှိသော တိမ်တိုက် မာဒြာ များကို တွန်းထုတ်လိုက်ခြင်း ဖြစ်ကြောင်း သူ မသိမီက သူတို့ ညင်သာစွာ ဆင်းသက်နိုင်ခဲ့ပြီဟု လင်းတုန်း ထင်မှတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ ဤကဲ့သို့ မြင့်တက်သွားပြီးနောက်တွင် သူတို့ ပြုတ်ကျတော့မည် ဖြစ်သည်။

အာရုံစိုက်စရာ ပိုကောင်းသောအရာ မရှိသဖြင့် သူသည် ဇီးကွက်အပေါ်သို့သာ အကြည့်ကို စူးစိုက်ထားလိုက်သည်။

မာစီ သည် မတ်တတ်ထိုင်လိုက်ပြီး သူ့ကို စိုက်ကြည့်လာသည်။

"ဇီးကွက်လား.... အဲဒါ ဒီမှာ ရှိနေတာလား...."

သူမသည် မြင်တွေ့ချင်ဇောဖြင့် သူမ၏ အမည်းရောင် မာဒြာ အသိုက်ငယ်လေးထဲမှ လည်တဆန့်ဆန့် လိုက်ကြည့်နေလေသည်။

သူမသည် ဇီးကွက်ကို တစ်ချက်လောက် မြင်တွေ့ရရန် အလွန်အမင်း ဆန္ဒပြင်းပြနေခဲ့သည်။ အကြောင်းရင်းကို သူမ မပြောပြခဲ့သော်လည်း တစ်ခါတစ်ရံတွင် လူများသည် ဝိညာဉ်အကြွင်းအကျန် များနှင့် ပတ်သက်၍ အယူသည်းတတ်ကြသည်။

ယီရင် ၏ အရှေ့ရှိ အစီအရင် မှ ငွေရောင် အလင်းတန်းများ လင်းလက်သွားပြီး ထိန်းချုပ်ရေးခလုတ်ခုံသည် အစအနများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

သင်္ဘောသည် အေးခဲသွားသော တစ်စက္ကန့်မျှ လေထဲတွင် တွဲလောင်းဖြစ်သွားသည်။

ယီရင်သည် သက်ပြင်းချလိုက်သည်။

ထို့နောက် တိမ်ပျံသင်္ဘော ပြုတ်ကျသွားလေတော့သည်။

***

All Chapters