အခန်း ၄၂၀
Vol. 30 Ch. 420
အပိုင်း(၄၂၀)
မာစီသည် သူ့ကိုရော ယီရင် ကိုပါ အမီလိုက်နိုင်မည် မဟုတ်ကြောင်း သေချာနေသဖြင့် လင်းတုန်း အနောက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူမသည် သူမ၏ တုတ်ကောက်ကို ခွစီးကာ မြက်ခင်းပြင်အထက် ပေအနည်းငယ် အမြင့်တွင် ပျံသန်းနေလေသည်။ အပြာလေး သည် အော်သို ၏ ခေါင်းထက်တွင် ဖက်တွယ်ထားပြီး အလွန် ထိတ်လန့်နေပုံရသည်။ အော်သို ကမူ တိမ်တိုက်များဆီသို့ စိုက်ကြည့်နေတော့သည်။
ထင်သည့်အတိုင်းပင် စကိုင်းဆွန်း များသည် သူတို့ကို မြို့ဆီသို့ ရောက်ခွင့် မပေးခဲ့ချေ။ လူတစ်ယောက်သည် သူတို့အရှေ့သို့ ထွက်လာပြီး သူ၏ လက်မောင်းကို အောက်ဘက်သို့ ဝိုက်ကာ ရမ်းလိုက်သည်။
သူတို့နှင့် မြို့ကြားတွင် လေပြင်းများ တိုက်ခတ်လာသည်။ လင်းတုန်း ၏ အော်ရာ အမြင် တွင် တောက်ပသော အစိမ်းရောင်ရှိပြီး ဖောက်ထွင်းမြင်ရသော အတားအဆီးတစ်ခုအဖြစ် ရိုက်ခတ် လိမ်ယှက်နေလေသည်။ ၎င်းသည် အုပ်ချုပ်သူ နည်းစနစ် တစ်ခု ဖြစ်ပြီး လေများကို စုစည်းကာ ကိုက်တစ်ရာခန့် ရှည်လျားပြီး ပေပေါင်းများစွာ မြင့်မားသော ကြမ်းတမ်းသည့် လေတံတိုင်းကြီး တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ ယီရင် သည် ၎င်းထံသို့ မရောက်မီ ဖနောင့်တိုက်ကာ ရပ်တန့်လိုက်ပြီး လင်းတုန်း ကလည်း သူမနောက်မှ လိုက်၍ ရပ်လိုက်သည်။ လေတံတိုင်းကြီးသည် မြေပြင်မှ ဖုန်မှုန့်များနှင့် မြက်ပင် အပိုင်းအစများကို ဆွဲနုတ်ကာ အထက်သို့ မှုတ်ထုတ်နေလေသည်။
နာရူကွေ့ သည် သူတို့၏ အထက် ပေနှစ်ဆယ်ခန့်တွင် တိမ်တိုက်ပေါ်၌ မြေပြင်ပေါ် ရပ်နေသကဲ့သို့ ခိုင်မာစွာ ရပ်နေသည်။ သူ၏ လက်နှစ်ဖက်ကို ပိန်ချိုင့်နေသော ရင်အုပ်ကာ သံချပ်ပေါ်တွင် ပိုက်ထားပြီး ရှုပ်ပွနေသော မီးခိုးရောင် ဆံပင်များကို အနောက်သို့ ဆွဲချည်ထားလေသည်။ သူ၏ မျက်လုံးတစ်ဖက်တွင် မီးလောင်ထားသော အမာရွတ်တစ်ခု ရှိပြီး ၎င်းမှာ မဟူရာ မီးတောက် ကြောင့် ရရှိထားသော ဒဏ်ရာဟောင်းတစ်ခု ဖြစ်သည်။ ထို့ပြင် ကြီးမားလှသော အမည်းရောင် ဓားပြားကြီး တစ်လက်ကို သူ၏ ကျောဘက်တွင် လွယ်ထားလေသည်။
ပုံမှန်အားဖြင့် သူသည် အိပ်နေရင်း လန့်နိုးလာသူ တစ်ယောက်နှင့် တူသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ မျက်လုံးများသည် ထက်မြက်နေပြီး ယီရင် ထံသို့ စူးစိုက်ကြည့်နေလေသည်။
လင်းတုန်း ၏ ခေါင်းထဲတွင် အဆိုးရွားဆုံး အခြေအနေတစ်ခုကို ပုံဖော်ကြည့်မိရင်း နှလုံးခုန် မြန်လာတော့သည်။ အကယ်၍ စကိုင်းဆွန်း များသည် သူတို့၏ တိမ်တိုက်များပေါ်မှနေ၍ တိုက်ခိုက်သူ နည်းစနစ် များကို အသုံးပြုလာပါက သူ၊ ယီရင် နှင့် အော်သို တို့သည် အတင်းအကျပ် ခုခံကာကွယ်ရမည်သာ ဖြစ်သည်။
မာစီ တွင် သေစေလောက်သော အန္တရာယ် မရှိသည့် ရွေးချယ်စရာ နည်းလမ်းများစွာ ရှိပုံရသော်လည်း သူနှင့် ယီရင် တို့တွင်မူ မရှိချေ။ တိမ်တိုက်များပေါ်ရှိ စကိုင်းဆွန်း များထံ ရောက်ရှိနိုင်မည့် သူ အသုံးပြုနိုင်သော တစ်ခုတည်းသော နည်းစနစ်မှာ သူ၏ နဂါးအသက်ရှူခြင်း ပင် ဖြစ်လေသည်။
မဟူရာ မီးတောက် လမ်းစဉ်သည် အကျဉ်းသားများ ဖမ်းဆီးရန်အတွက် သင့်လျော်သော လမ်းစဉ် မဟုတ်ပေ။
ထို့ကြောင့် သူသည် လက်ချည်းသက်သက်ကို မြှောက်ပြထားလိုက်သည်။ ထို့ပြင် သူ၏ မာဒြာ များကို အလွန်အမင်း မြန်ဆန်စွာ လည်ပတ်ခြင်း မပြုရန် ကြိုးစားထားလေသည်။ သွေးမြေကျသွားသည်နှင့် တစ်ပြိုင်နက် ဤအခြေအနေသည် ရုန်းရင်းဆန်ခတ် တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့ဖြစ်လျှင် သူတို့ အနိုင်ရရန် အကြောင်းမရှိတော့ချေ။ အထူးသဖြင့် အဆင့်နိမ့် အရှင်သခင် တစ်ယောက် ရှိနေချိန်တွင် လုံးဝ မဖြစ်နိုင်ပေ။
"မျက်နှာကို မြေကြီးနဲ့ ကပ်ထားစမ်း...."
နာရူ ကွေ့ က အမိန့်ပေးလိုက်သည်။
"လက်တွေကို နောက်ပစ်ထား.... ဝိညာဉ် တွေကို ဖုံးကွယ်ထားလိုက်.... စကိုင်းဆွန်း ရန်ဖေး သေဆုံးမှု၊ ပြီးတော့ သူ့ရဲ့ လက်တွဲဖော် ပိုင်ရို ကို တိုက်ခိုက်ပြီး ပြန်ပေးဆွဲမှုတွေမှာ မင်းတို့ ပါဝင်ပတ်သက်နေတဲ့အတွက် မင်းတို့ကို ငါတို့ ပြန်ခေါ်သွားမယ်...."
သူ၏ လေသံက ငြင်းဆန်ခွင့် လုံးဝ မပေးထားချေ။ သို့သော် လင်းတုန်း သည် ယီရင် ကို ကြည့်ရန်ပင် မလိုအပ်ချေ။ သူမက လိုက်နာမည် မဟုတ်ကြောင်း သူ သိနေခဲ့သည်။
"ကျွန်တော်တို့ ရှင်းပြချင်ပါတယ်...."
လင်းတုန်း က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ကို ဖမ်းဆီးချုပ်နှောင်ဖို့ မလိုပါဘူး.... ကျွန်တော်တို့ သဘောဆန္ဒအလျောက် လိုက်ခဲ့ပါ့မယ်...."
ကွေ့က လက်ဟန်ပြလိုက်ရာ အစစ်အမှန် ရွှေအဆင့် လေးယောက်က သူတို့၏ မာဒြာ များကို စတင် လည်ပတ်လိုက်ကြသည်။ သူတို့၏ နည်းစနစ် များကို ထုတ်လွှတ်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
"မျက်နှာကို မြေကြီးနဲ့ ကပ်ထားစမ်း...."
သူက ပိုမို ပြင်းထန်သော လေသံဖြင့် ထပ်မံ ပြောလိုက်သည်။
လင်းတုန်းက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့က အဖွဲ့တစ်ဖွဲ့တည်းသားတွေပါ...."
မာစီ က ထောက်ခံသည့်အနေဖြင့် ခေါင်းကို အပြင်းအထန် ညိတ်ပြလေသည်။ သို့သော် ယီရင် သည် သူမ၏ ဓားကို ဆွဲထုတ်ကာ ကိုယ်ကိုကိုင်းထားဆဲ ဖြစ်ပြီး ရွှေအဆင့် အမှတ်အသား များက သူမ၏ ပခုံးပေါ်တွင် တောက်ပနေလေသည်။
နာရူ ကွေ့ ၏ မျက်နှာ ရှုံ့မဲ့သွားသည်။
"မင်းတို့က ပိုင်ရို ကို ပြန်တိုက်ခိုက်ခဲ့ပြီးမှ ငါ့ရဲ့ ယုံကြည်မှုကို တောင်းဆိုနေတာလား...."
လင်းတုန်း သည် မာစီ နှင့် ယီရင် တို့ကို လှည့်ကြည့်လိုက်သည်။ လွန်ခဲ့သော တစ်ပတ်ခန့်က ဤကိစ္စနှင့် ပတ်သက်၍ သူ တစ်စုံတစ်ရာ ကြားခဲ့ရသော်လည်း သူတို့ကြားတွင် တကယ်တမ်း ဘာတွေ ဖြစ်ခဲ့သည်ကို သူ သေချာ မသိခဲ့ချေ။
"ရုန်းရင်းဆန်ခတ် နည်းနည်းလေး ဖြစ်သွားရုံပါ...."
မာစီ က အော်ပြောလိုက်သည်။
"ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး...."
ယီရင်သည် စကိုင်းဆွန်း တစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံ ကြည့်ရှုနေပြီး သူမ၏ နောက်ကျောဘက်ရှိ သူများကို အထူး ဂရုပြုနေလေသည်။ သူမ ဒေါသထွက်နေမည် သို့မဟုတ် နာကြည်းနေမည်ဟု လင်းတုန်း ထင်မှတ်ထားခဲ့သော်လည်း သူမက သူ့ကို တည်ငြိမ်သော လေသံဖြင့် ပြောလာသည်။
"တကယ်လို့ သူတို့က ငါတို့ကို မြေမြှုပ်ဖို့ လုပ်နေတာဆိုရင် ဘာလို့ အခုထိ စမလုပ်သေးတာလဲ...."
လင်းတုန်း က ၎င်းကို အားပေးစကားအဖြစ် မှတ်ယူလိုက်ပြီး နာရူ ကွေ့ ထံသို့ ပြန်လှည့်လိုက်သည်။
"ကျွန်တော်တို့ အပြည့်အစုံ ရှင်းပြပါ့မယ်.... ကျွန်တော် ကတိပေးပါတယ်.... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စကားပြောခွင့် ပြုပါ...."
စကိုင်းဆွန်း ခေါင်းဆောင် သည် သူ၏ ပိုက်ထားသော လက်များကို ဖြည်ချလိုက်သည်။
"မင်းတို့ရဲ့ ဝိညာဉ် တွေနဲ့ ခန္ဓာကိုယ်တွေကို ချိတ်ပိတ် ချုပ်နှောင်ပြီးမှပဲ ငါတို့ နားထောင်မယ်.... မျက်နှာကို မြေကြီးနဲ့ ကပ်ထားစမ်း.... နောက်ဆုံး သတိပေးတာပဲ...."
လင်းတုန်း၏ စိတ်တစ်ပိုင်းက သဘောတူချင်နေခဲ့သည်။ သို့သော် ယခင်ကလည်း သူသည် စကိုင်းဆွန်း များ၏ ဖမ်းဆီးပိတ်လှောင်မှုကို ခံခဲ့ရဖူးလေသည်။
ထို့ပြင် အခြားသူများက သူနှင့်ပတ်သက်၍ မည်သို့ လုပ်ဆောင်မည်ကို ဆုံးဖြတ်ခွင့်ပေးရသည်ကို သူ စတင် ငြီးငွေ့လာပြီ ဖြစ်သည်။
"ကျွန်တော်တို့ အဲဒီလို လုပ်လိုက်ရင် ခင်ဗျားတို့က ကျွန်တော်တို့ကို ထပ်ပြီး အကျဉ်းချထားမှာကို စိုးရိမ်မိတယ်...."
နောက်ဆုံးတွင် အဆင့်နိမ့် အရှင်သခင် ၏ ဝိညာဉ် စွမ်းအားသည် လင်းလက် တောက်ပလာသည်။ သူသည် နေမင်းကို လှမ်းဆွဲတော့မည့်အလား လက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ လေ အော်ရာ များသည် သူ၏ အမိန့်ပေးမှုကြောင့် မြင့်တက်လာလေသည်။ လင်းတုန်း ၏ အရေပြားပေါ်ရှိ လေထုသည် တောင့်တင်းမာကျောလာသည်။ လေများ၏ ဖိသိပ်မှုကို ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ ယီရင်၊ မာစီ နှင့် အော်သို တို့သည်လည်း အလားတူပင် ချည်နှောင်ခံလိုက်ရသည်။ အော်သို သည် ဒေါသတကြီး ကျိတ်မနိုင်ခဲမရ ဖြစ်နေပြီး သူ၏ အချည်အနှောင်များကို အတင်း ရုန်းကန်နေလေသည်။
"မင်းတို့မှာ အပေးအယူ လုပ်ခွင့် မရှိဘူး...."
ကွေ့ က ပြတ်သားစွာ ဆက်ပြောလိုက်သည်။
"ငါ့ စကားက မင်းတို့ရဲ့ ဥပဒေပဲ...."
အပေါ်ဘက်ရှိ အဆင့်မြင့် ရွှေအဆင့် များ၏ အကာအကွယ်ဖြင့် အစစ်အမှန် ရွှေအဆင့် လေးယောက်သည် အောက်သို့ ဆင်းသက်လာကြပြီး သူတို့၏ အကျဉ်းသားများထံသို့ စတင် ချဉ်းကပ်လာကြသည်။ လင်းတုန်း ၏ ပခုံးများအပေါ်သို့ ကြီးမားလှသော အလေးချိန်တစ်ခုက ဖိချလိုက်ပြီး သူ့ကို အောက်သို့ ဖိနှိပ်ထားသည်ကို ခံစားလိုက်ရသည်။
"မင်းတို့က ငါ့ကို မေးခွန်းထုတ်နိုင်လောက်တဲ့အထိ ကျင့်စဉ်အဆင့် မမြင့်သေးဘူး...."
ထိုအချက်ကပင် အရာအားလုံးကို အဆုံးအဖြတ် ပေးလိုက်ပြီ ဖြစ်သည်။
လင်းတုန်း ၏ အကြောက်တရားသည် မီးဟုန်းဟုန်း တောက်လောင်သွားသည်။ ယခင်က သူ စကိုင်းဆွန်း များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းမှာ သူ၏ လမ်းစဉ် ကြောင့်မှလွဲ၍ အခြား အကြောင်းပြချက် မရှိခဲ့ချေ။ သူတို့သည် သူ့ကို အလုပ်တွဲလုပ်ရန် တစ်ခါမျှ မယုံကြည်ခဲ့ကြဘဲ အစကတည်းက ရန်သူတစ်ယောက်လိုသာ ဆက်ဆံခဲ့ကြသည်။
သူတို့သည် သူတို့၏ သာလွန်သော ကျင့်စဉ်အဆင့် များကို အသုံးပြု၍ သူ့ကို ဖိနှိပ် ချုပ်ချယ်ခဲ့ကြသည်။ ထို့ပြင် သေးငယ်သော အခန်းလေးတစ်ခုထဲတွင် သူ့ကို ပိတ်လှောင်ထားခဲ့ကြသည်။ အကယ်၍ သူသာ ဆက်လက် ခွင့်ပြုနေမည်ဆိုလျှင် ဤအရာသည် ဘယ်တော့မှ ရပ်တန့်သွားမည် မဟုတ်ချေ။
ဤကိစ္စကို အဆုံးသတ်ရမည်သာ ဖြစ်လေသည်။
သူသည် ယီရင် နှင့် မျက်လုံးချင်း ဆုံသည်အထိ မျက်လုံးများကို ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ ရည်ရွယ်ချက်များကို သူမထံသို့ ပေးပို့ရန်အတွက် ဒရော့စ် ကို အသုံးပြုရန် သူ စီစဉ်ထားခဲ့သည်။ သို့သော် သူမက သူ၏ မျက်လုံးများကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။
လင်းတုန်းထက် အသက် နှစ်ဆခန့် ကြီးသော အစစ်အမှန် ရွှေအဆင့် အမျိုးသား တစ်ဦးက သူ၏ လက်ကောက်ဝတ်ကို သံမဏိ လက်အိတ်စွပ်ထားသော လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်း စွမ်းရည်များကို ချိတ်ပိတ်ပစ်မည့် ငွေတစ်ဝက် လက်ထိပ်တစ်ခုကို ကမ်းပေးလာလေသည်။
လင်းတုန်း ၏ ပတ်လည်တွင် မီးတောက် ခြုံလွှာ သည် အသက်ဝင်လာပြီး ဖောက်ထွင်းမြင်ရသော အမည်းနှင့် အနီရောင် မီးတောက်များဖြင့် သူ့ကို ဖုံးလွှမ်းသွားလေသည်။ စွမ်းအားများသည် သူ၏ အထဲသို့ စီးဝင်လာပြီး အသုံးပြုရန် တောင်းဆိုနေသော ပေါက်ကွဲထွက်မတတ် စွမ်းအင်များ ပြည့်လျှံလာတော့သည်။
ခဏတာမျှ လင်းတုန်း သည် သူ့ကို နေရာတွင် ဖမ်းချုပ်ထားသော အုပ်ချုပ်သူ နည်းစနစ် ကို ရုန်းကန်လိုက်သည်။ သူသည် သူ၏ လက်မောင်းကို အနောက်သို့ လွှဲပစ်ရန် ကြိုးစားခဲ့သော်လည်း သစ်သား နံရံတစ်ခုကို တွန်းထုတ်နေရသကဲ့သို့ ခံစားနေရလေသည်။
အော်ဟစ်သံ တစ်ချက်၊ မဟူရာ မီးတောက် မာဒြာ များ လင်းလက်သွားမှုနှင့်အတူ သူသည် ထိုနံရံကို အစအနများအဖြစ် ချိုးဖျက်ပစ်လိုက်သည်။ နည်းစနစ် ပျက်စီးသွားသည်နှင့်အမျှ လေများ ပန်းထွက်သွားပြီး သူ၏ ဘယ်ဘက် လက်သီးသည် အနောက်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။
သူသည် သူ၏ လက်သီးကျောဖြင့် စကိုင်းဆွန်း ကို ထိုးချလိုက်သည်။
ထိုသူသည်လည်း အစစ်အမှန် ရွှေအဆင့် တစ်ယောက်ဖြစ်ပြီး အစကတည်းက သတိဝီရိယ အပြည့် ရှိနေခဲ့သူ ဖြစ်သည်။ သူသည် ကာကွယ်ရန်အတွက် သံချပ်ကာ ဝတ်ဆင်ထားသော လက်ဖျံတစ်ဖက်ကို မြှောက်လိုက်ရာ သူ၏ ကာကွယ်သူ နည်းစနစ် မှ ပန်းရောင် အလင်းတန်းများ တောက်ပလာလေသည်။
လင်းတုန်း၏ လက်သီးဆစ်များနှင့် ထိခိုက်မိသွားသည်။
ဘုန်း...
စကိုင်းဆွန်း သည် အနောက်ဘက်သို့ လွင့်စဉ်ထွက်သွားတော့သည်။
***