အခန်း ၆၆
Vol. 7 Ch. 66
အခန်း။ ၆၆
"ဒီမှာ အရဲရင့်ဆုံးသူက ဘယ်သူလဲ"
ဂူဂျူးချော၏ အသံသည် လေ့ကျင့်ရေးကွင်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။ အဖြေစကား မရှိပေ။
"ဒီမှာ အပေါ့ဆဆုံးသူက ဘယ်သူလဲ"
ယခုတစ်ကြိမ်တွင်လည်း အဖြေမရှိပေ။ ဂူဂျူးချော ရယ်မောလိုက်ပြီးနောက် သူ၏ ညာလက်ထဲမှ သစ်သားဓားကို ပုခုံးပေါ်တင်ကာ မျက်လုံးထဲတွင် အနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"ဒီမှာ အမိုက်မဲဆုံးသူက ဘယ်သူလဲ"
သူ၏ နောက်ဆုံးမေးခွန်းတွင် သိုင်းပညာရှင်တစ်ရာနှင့် တစ်ဦးတို့မှာ တုံ့ဆိုင်းသွားကြပြီး မလှုပ်ရှားရဲကြပေ။
ထိုအချိန်တွင် ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခုမှ သိုင်းပညာရှင်များ ရှေ့သို့ တိုးထွက်လာကြသည်။ သူတို့သည် ဓားအိမ်ထဲမှ ထုတ်ထားပြီးသော ဓားများကို ကိုင်ဆောင်ထားကြသည်။
"ငါးပုပ်တစ်ကောင် ဖြစ်နေရင်တောင် ငါးကတော့ ငါးပဲ... ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနဲ့ မိသားစုငါးခုက အရင်ဆုံး ရှေ့ထွက်လာကြတာပဲ။ ကောင်းတယ် သိုင်းပညာရှင်တစ်ယောက်က ဓားကို ဆွဲထုတ်လိုက်ရင် အနည်းဆုံး လက်တစ်ဖက်ကို ဖြတ်နိုင်ဖို့တော့ သိသင့်တယ်လေ။ ဟုတ်တယ်မလား"
ထိုအချိန်တွင် ဂူဂျူးချော၏ ဘယ်ဘက်လက်င်္အကျီစက လေတိုက်ရာအတိုင်း လူးလွင့်နေသည်။
"မင်းတို့ရဲ့ လက်တစ်ဖက် ပြတ်သွားဖို့ ပြင်ဆင်ထားကြတယ်ပေါ့ ဟုတ်လား"
ဂလု….
ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခုမှ သိုင်းပညာရှင်များမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။ ပြိုင်ဘက်မှာ ဒဏ္ဍာရီလာ မကောင်းဆိုးဝါးအုပ်စု နတ်ဆိုးခုနစ်ပါးထဲမှ တစ်ဦးဖြစ်သည့် သရဲမျက်နှာရှိ တော်လှန်ရေးဓားဂူဂျူးချောပင်။
သူသည် လက်တစ်ဖက်တည်းသာ ရှိသူဖြစ်ပြီး စစ်မှန်သော ဓားအစား သစ်သားဓားကိုသာ ကိုင်ထားသော်လည်း သူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော ဖိအားမှာ သိုင်းပညာရှင်တစ်ရာကျော်ကို အေးခဲသွားစေရန် လုံလောက်သည်။
ပထမဆုံး စကားပြောသူမှာ ဂျုံရိုအာ ဖြစ်သည်။
"အားလုံး နားထောင်ကြ။ ငါတို့က ဂျုံနမ်ဂိုဏ်းရဲ့ ဂုဏ်ယူမှုတွေပဲ။ ငါတို့ ကျိုးပဲ့ပြီး ကြေမွသွားရင်တောင် နောက်မဆုတ်ဘူး"
"ဟုတ်"
"အိုဟို"
ဂျုံရိုအာက ဂျုံနမ်ဂိုဏ်းမှ သိုင်းပညာရှင်များကို ဦးဆောင်ကာ အရင်ဆုံး ပြေးထွက်သွားသည်နှင့် ဟျော့အူဂွန်းနှင့် ဂိုဒူရင်းတို့က ဟွာဆန်းနှင့် ဂေါင်တုန်းဂိုဏ်းများကို ဦးဆောင်ကာ လိုက်ပါသွားကြသည်။
ဂုဏ်သရေရှိ မိသားစုမှ သိုင်းပညာရှင်များအတွက် လူအများက တစ်ယောက်ကို ဝိုင်းတိုက်ခြင်းမှာ မလုပ်သင့်သော လုပ်ရပ်ဖြစ်သည်။
သို့သော် အခြေအနေမှာ ယခု ပြောင်းလဲနေပြီ ဖြစ်သည်။
အောင်နိုင်မည်ဟု အာမခံနိုင်သည့် အနေအထားမျိုး မဟုတ်သည့်အပြင် သိုင်းပညာရှင်အားလုံး တစ်ပြိုင်နက်တည်း ဝင်တိုက်မှသာ ဖြစ်နိုင်မည်ပင်။ အဘယ်ကြောင့်ဆိုသော် သူသည် သရဲမျက်နှာရှိ တော်လှန်ရေးဓားဂူဂျူးချော ဖြစ်နေ၍ပင်။
"ဟားဟားဟား ကောင်းတယ် ကောင်းတယ်"
ဂူဂျူးချောက ခြေတစ်ချက် ဆောင့်နင်းလိုက်သည်။
သူ၏ လက်ထဲမှ သစ်သားဓားကို သူ့ဆီသို့ ပြေးဝင်လာသော သိုင်းပညာရှင် ၁၅ ယောက်ဆီသို့ ချိန်ရွယ်လိုက်သည်။
"ဟူး"
ပထမဆုံး တိုက်ခိုက်သူမှာ ဂျုံနမ်ဂိုဏ်းကပင်။ သူတို့သည် ထူးခြားသည့် လေးလံသော ဓားများကို အသုံးပြု၍ ဂူဂျူးချောကို ဘက်ပေါင်းစုံမှ ပြင်းထန်သော ဓားချက်များဖြင့် ဖိအားပေးလိုက်ကြသည်။
"ကောင်းမွန်တဲ့ ပူးပေါင်းတိုက်ခိုက်မှုပဲ"
ဂျုံနမ်မှ သိုင်းပညာရှင် လေးယောက်သည် ဂူဂျူးချောကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်း၍ တိုက်ခိုက်ကြသည်။
"ဒါပေမဲ့ ထက်မြက်မှုတော့ လိုသေးတယ်"
ဂူဂျူးချောသည် သူ့ကို ဝိုင်းရံထားသော ဂျုံနမ်ဂိုဏ်းမှ သိုင်းပညာရှင်များ၏ ဓားချက်အားလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ဖယ်ရှားလိုက်သည်။
"ခွပ်"
သိုင်းပညာရှင် လေးယောက်မှာ ယိုင်နဲ့သွားပြီး ဟန်ချက်ပျက်သွားသည်။ ဂျုံရိုအာက အရေးတကြီး အော်ဟစ်လိုက်သည်။
"ကိုယ်ဟန်ချက် ပြန်ပြင်ကြ"
ဂျုံရိုအာ၏ အော်ဟစ်သံကို မမှုဘဲ ဟန်ချက်မပြန်ယူနိုင်သည့် ပထမဆုံး ဂျုံနမ်ဂိုဏ်းမှ သိုင်းပညာရှင်မှာ ဂူဂျူးချော၏ ဓားချက်နှင့် တည့်တည့်တိုးမိသည်။
နောက်ကျသွားပြီ
ကိုယ်ခန္ဓာကို ကာကွယ်ရန် ဓားကို အရေးတကြီး ဆွဲလိုက်သော်လည်း ဂူဂျူးချော၏ သစ်သားဓားမှာ မည်သည့် သနားကြင်နာမှုမျှ မရှိပေ။
ဖတ်….
"ဖူး…."
သစ်သားဓားနှင့် ထိမှန်သွားသည့် ဂျုံနမ်သိုင်းပညာရှင်မှာ သွေးအန်ကာ လဲကျသွားသည်။ ဂူဂျူးချော၏ တိုက်ခိုက်မှုမှာ ဤမျှနှင့် မပြီးဆုံးပေ။
သူသည် သရဲတစ္ဆေကဲ့သို့သော လှုပ်ရှားမှုဖြင့် ဂျုံနမ်သိုင်းပညာရှင်များကို ဆက်လက် တိုက်ခိုက်သည်။ သူ၏ သစ်သားဓား လေကို ဖြတ်သန်းသွားတိုင်း ဂျုံနမ်သိုင်းပညာရှင်များမှာ သစ်လုံးပုပ်များကဲ့သို့ လဲကျကုန်သည်။
"သေစမ်း"
သူ့ရဲဘော်များ လဲကျသွားသည်ကို မြင်လိုက်ရသော ဂျုံရိုအာမှာ အံကြိတ်လိုက်သည်။
"လမ်းဖယ်ကြ ဂျုံရိုအာ"
တစ်ယောက်တည်း ကျန်ခဲ့သော ဂျုံရိုအာကို ထားခဲ့ပြီး ဂိုဒူရင်းနှင့် ဂေါင်တုန်းဂိုဏ်းမှ သိုင်းပညာရှင်များမှာ လေကို ဖြတ်သန်းကာ ပျံသန်းလာကြသည်။ သူတို့သည် နှစ်ယောက်တစ်ဖွဲ့စီ ဝိုင်းတိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ပင် စနစ်တကျ ရှိသည်။
"ဂေါင်တုန်းဂိုဏ်းက ရှေးကတည်းက မြောက်ဘက်ကနေ ကျူးကျော်လာတဲ့ မင်ဂိုဏ်းနဲ့ ကွန်
လွန်ဂိုဏ်းကို ရင်ဆိုင်ပြီး စစ်ဖြစ်စေခဲ့တာပဲ။ အဲဒီအတွက် သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုက ဂျုံနမ်ထက် ပိုသာတယ်"
"ငါတို့ ဂေါင်တုန်းက အမြဲတမ်း သန်မာတဲ့ ရန်သူတွေကိုပဲ ရင်ဆိုင်ခဲ့တာ"
"ဟုတ်တယ် မင်းတို့ မှန်တယ်"
ဂူဂျူးချော၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး လိမ္မာပါးနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ မျက်နှာကို တည့်တည့်မြင်လိုက်ရသော ဂိုဒူရင်းမှာ ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် ဂူဂျူးချော၏ သစ်သားဓားမှာ ပူးပေါင်းတိုက်ခိုက်မှုကို ပြသနေသည့် ဂျုံနမ်သိုင်းပညာရှင်များအပေါ်သို့ ချက်ချင်း ဖိချလိုက်သည်။
ဘုန်း…
ကြမ်းတမ်းသော ပေါက်ကွဲသံနှင့်အတူ ဂေါင်တုန်းမှ သိုင်းပညာရှင်များမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ လေ့ကျင့်ရေးကွင်း ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"ဒါက..."
"မင်းတို့ ကောင်လေးတွေ မင်းတို့က နတ်ဆိုးတွေအကြောင်း မသိဘူး။ သူတို့ ပိုင်ဆိုင်ထားတဲ့ ယုတ်မာမှုတွေကို ဘာမှမသိကြဘူး။ ဒါကြောင့် ငါ သင်ပေးမယ်"
ဂူဂျူးချော၏ မျက်နှာမှာ သရဲတစ်ကောင်၏ ပုံစံဖြစ်နေပြီး ၎င်းကို ကြည့်နေသော ယူအူဆွန်းးမှာ တစ်ကိုယ်လုံး တုန်ရီလျက် ရေရွတ်လိုက်သည်။
"သရဲမျက်နှာ... ဒါက သရဲမျက်နှာ... မဟုတ်ဘူး..."
"ဘာဖြစ်လို့လဲ"
ဘေးတွင် ရပ်နေသော စီးယု၏ မေးခွန်းကြောင့် ယူအူဆွန်းးက သူမ၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"အဘိုးအိုဂူကို သရဲမျက်နှာရှိ တော်လှန်ရေးဓားလို့ ခေါ်ရတဲ့ အကြောင်းရင်းက သူ့မျက်နှာက သရဲပုံစံ ဖြစ်သွားတဲ့အခါ အဲဒီမျက်နှာကို မြင်တဲ့သူမှန်သမျှကို သူက သတ်ပစ်လိုက်လို့ပဲ"
"ဟား"
ယူအူဆွန်းး၏ ရှင်းပြချက်ကြောင့် စီးယု တုန်လှုပ်သွားစဉ်မှာပင် အခြေအနေကို ကြည့်နေသည့် ဟျော့အူဂွန်းနှင့် ဟွာဆန်းဂိုဏ်းမှ သိုင်းပညာရှင်များမှာ ဂူဂျူးချော၏ ထိမှန်ခြင်းကို ခံလိုက်ရပြီး သွေးအန်ကာ လဲကျကုန်သည်။
"ဟီးဟီးဟီး"
ဟွာဆန်းဂိုဏ်းမှ သိုင်းပညာရှင်တစ်ယောက်၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ ရယ်မောနေသော ဂူဂျူးချောမှာ လူ့ပုံစံရှိ သရဲတစ်ကောင်နှင့် ဘာမှမခြားပေ။
"ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းက သိုင်းပညာရှင်တွေအားလုံး ရှုံးနိမ့်သွားပြီ..."
"ငါတို့က အဲဒီလူကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ"
"မဖြစ်နိုင်ဘူး"
အသေးစား ဂိုဏ်းများနှင့် သိုင်းမိသားစုများမှ သိုင်းပညာရှင်များမှာ တုံ့ဆိုင်းကာ နောက်ဆုတ်ခဲ့ကြပြီး၊ ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနှင့် ဂူဂျူးချောတို့၏ တိုက်ပွဲကို ကြည့်နေသော မိသားစုငါးခုမှ သိုင်းပညာရှင်များမှာ တစ်နေရာတည်းတွင် စုဝေးမိကြသည်။
"သခင်လေး ဇူဂယ် နည်းလမ်းရှိသေးလား"
"အမှန်အတိုင်း ပြောရရင်... မရှိဘူး။ အဘိုးအိုဂူက ငါတို့ကို အလျှော့ပေးလိမ့်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ငါ မှားသွားတယ်"
"ဒါပေမဲ့ ငါတို့ နောက်ဆုတ်လို့ မရဘူး ပန်မိသားစုက ရှေ့ကနေ ဦးဆောင်မယ်"
ပန်ရှောင်ဖုန်းက ဟီဘေပန်မိသားစုမှ သိုင်းပညာရှင်များနှင့်အတူ ရှေ့ဆုံးတွင် ရပ်လိုက်သည်နှင့် မူရုံမိသားစုနှင့် ဇူဂယ်မိသားစုမှ သိုင်းပညာရှင်များက သူ၏ နှစ်ဖက်တွင် နေရာယူလိုက်ကြသည်။ ဂူဂျူးချောက ၎င်းကို စိတ်ဝင်တစား ကြည့်နေသည်။
"ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းက သူတို့ရဲ့ ဂုဏ်မာနကြောင့် မပေါင်းစည်းနိုင်ပေမဲ့ မိသားစုငါးခုကတော့ မတူဘူး။ ဟီးဟီးဟီး လာခဲ့ လာခဲ့ မင်းတို့ မလာရင် ငါလာမယ်"
ဂူဂျူးချောက ခြေလှမ်းတစ်လှမ်းတည်းဖြင့် ပန်ရှောင်ဖုန်း၏ ရှေ့သို့ ရောက်လာပြီး သူ၏ သစ်သားဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
ရှပ်….
ရှပ်….
ပန်ရှောင်ဖုန်းက လေကိုခွင်းကာ အရှိန်ပြင်းစွာ ရောက်လာသော ဂူဂျူးချော၏ သစ်သားဓားကို သူ၏ ဓားဖြင့် ပြန်လည် ဝှေ့ယမ်းလိုက်သည်။ ခဏအကြာတွင် သူတို့နှစ်ဦး၏ ဓားများ လေထဲတွင် တိုက်မိသွားသည်။
ဝုန်း….
"ပန်မိသားစုရဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်တဲ့ ပြင်းထန်တဲ့ အားပဲ"
"အခုပဲ သူ့ဓားကို ငါထိန်းထားတုန်း ဝင်တိုက်ကြ"
ပန်ရှောင်ဖုန်း၏ အော်သံနှင့်အတူ မိသားစုငါးခုမှ ကျန်ရှိနေသော သိုင်းပညာရှင်များ ဂူဂျူးချောကို ဝိုင်းတိုက်ရန် ကြိုးစားကြသည်။
"ထိန်းထားမယ်... မင်းတို့ရဲ့ ယုံကြည်မှုက မြင်ရတာ အားရစရာပဲ"
"ဟင်"
ဂူဂျူးချော၏ သစ်သားဓားမှာ ပန်ရှောင်ဖုန်း၏ ဓားကို ချိုးဖျက်ပြီး ရှေ့သို့ ဆက်လက် တိုးဝင်လာသည်။ ဓားကို ပုခုံးဖြင့် ထောက်ကာ ခုခံနေရသော ပန်ရှောင်ဖုန်း၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်းနှင့် ကွေးညွှတ်လာသည်။
"အီး..."
အားကောင်းသည်ဟု နာမည်ကြီးသည့် ဟီဘေပန်မိသားစု၏ ပန်ရှောင်ဖုန်းမှာ လက်နှစ်ဖက်ဖြင့် ခုခံနေသော်လည်း လက်တစ်ဖက်တည်းဖြင့် သစ်သားဓားကို ကိုင်ထားသော ဂူဂျူးချော၏ အားကို မယှဉ်နိုင်ဘဲ ကိုယ်ခန္ဓာမှာ ကွေးညွှတ်သွားသည်။
နောက်ဆုံးတွင် ပန်ရှောင်ဖုန်းမှာ ဂူဂျူးချော၏ သစ်သားဓားကြောင့် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"အာ့.."
ပန်ရှောင်ဖုန်း တစ်ခဏမျှပင် မခုခံနိုင်ဘဲ လဲကျသွားသည်ကို မြင်လိုက်ရသော ကျန်သိုင်းပညာရှင်များ၏ မျက်နှာများမှာ ဖြူဖျော့သွားသည်။ ထိုအတောအတွင်း လိမ္မာပါးနပ်စွာ ပြုံးနေသော ဂူဂျူးချောက ပန်ရှောင်ဖုန်းကို ကန်ထုတ်လိုက်ပြီး ပြောသည်။
"ဘာလုပ်နေကြတာလဲ။ မတိုက်ကြတော့ဘူးလား"
"သခင်လေး ဇူဂယ်... အခုက တခြားကိစ္စတွေ ငြင်းခုံနေရမယ့် အချိန်မဟုတ်ဘူး ထင်တယ်"
"ကျွန်တော်လည်း သဘောတူတယ်"
မိသားစုငါးခုမှ သိုင်းပညာရှင်များ ဂူဂျူးချောကို တစ်ပြိုင်နက်တည်း ဝိုင်းတိုက်ကြသည်။ သို့သော် သူတို့ ဂူဂျူးချော၏ သစ်သားဓားနှင့် ထိမှန်ကာ လဲကျသွားသည့်အချိန်မှာ အချိန်ခဏလေးပင် မကြာလိုက်ပေ။
"အ..."
မိသားစုငါးခုနှင့် ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းတို့မှ သိုင်းပညာရှင်များ အရေးမလှဘဲ ပြိုလဲသွားသည်ကို မြင်လိုက်ရသော အသေးစား ဂိုဏ်းများမှ သိုင်းပညာရှင်များ၏ မျက်နှာတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ကိန်းအောင်းသွားသည်။
သူတို့ တုံ့ဆိုင်းကာ နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် တစ်နေရာသို့ ခေါင်းလှည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်များ ရောက်ရှိသွားသည့်နေရာတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရပ်နေသည်။ သူတို့မှာ ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းတို့ပင်။
ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခု ကျရှုံးသွားပြီဖြစ်၍ ယခုအခါ အဖြူရောင်လနန်းတော် တက်လှမ်းရန် အချိန်တန်ပြီဟု ဆိုလိုသည့်အလား ဂူဂျူးချောက သက်ပြင်းချလိုက်သည်။
"ကြောက်တတ်တဲ့သူတွေပဲ ကျန်တော့တာလား။ ဒါက ငါ့အတွက်တော့ အားထုတ်စရာတောင် မလိုဘူး။ မထင်ဘူးလား"
"မှန်ပါတယ်"
သူတို့၏ ယှဉ်ပြိုင်မှုကို ကြည့်နေသော ဂွမ်မြောင်က ခေါင်းညိတ်လိုက်ပြီး အချက်ပြလိုက်သည်။ စောင့်ဆိုင်းနေသော နည်းပြများက သံကြိုးဖြင့် ချည်နှောင်ထားသော လူလေးယောက်ကို ဆွဲခေါ်လာသည်။
သူတို့၏ ကိုယ်လက်အင်္ဂါများကို ချည်နှောင်ထားပြီး နည်းပြများက ထိလိုက်တိုင်း ချည်နှောင်မှုတစ်ခုစီ ပြေလျော့သွားသည်။ လက်နှစ်ဖက်မှလွဲ၍ ကျန်နေရာများတွင် ချည်နှောင်မှု ပြေလျော့သွားသော လူလေးယောက်က ဂွမ်မြောင်ကို ကြည့်လိုက်သည်။
ထို့နောက် ဂွမ်မြောင်က ပြောသည်။
"ဆုက အရက်ပဲ"
"အရက်"
"အသားကော"
"ပြုတ်ထားတဲ့အသားလည်း ပေးမယ်"
"ဟားဟားဟား"
"အသား"
"အရက် အရက်"
လူလေးယောက်မှာ ဂွမ်မြောင်၏ စကားကြောင့် စိတ်လှုပ်ရှားကာ တံတွေးထွေးလိုက်ကြသည်။ ထိုအတောအတွင်း ဂွမ်မြောင်က ကျန်ရှိနေသော သိုင်းပညာရှင်များကို အရေးမစိုက်သော အသံဖြင့် ပြောလိုက်သည်။
"သူတို့ကတော့ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားလို့ သိုင်းလောက မဟာမိတ်က ဖမ်းဆီးထားတဲ့ မိစ္ဆာဂိုဏ်းက သိုင်းပညာရှင်တွေပဲ။ သူတို့က မင်းတို့ကို မသတ်နိုင်ပေမဲ့ ဒဏ်ရာရအောင်တော့ လုပ်နိုင်တယ်။ သူတို့က အသားနဲ့ အရက်ကို ထိတွေ့ခွင့် မရတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဂရုမစိုက်ရင်တော့ ဒဏ်ရာအကြီးအကျယ် ရသွားလိမ့်မယ်"
သူ၏ စကားဆုံးသည်နှင့် လက်နှစ်ဖက်ကို ချည်နှောင်ထားသော လူလေးယောက်မှာ တိရစ္ဆာန်ကဲ့သို့ ဟိန်းဟောက်ကာ အသေးစားဂိုဏ်းများမှ သိုင်းပညာရှင်များဆီသို့ ပြေးဝင်သွားသည်။
"အာ"
"သေစမ်း"
ကြောက်လန့်နေသော သိုင်းပညာရှင်များမှာ လေ့ကျင့်ရေးကွင်းထဲမှ ထွက်ပြေးရန် ကြိုးစားကြသော်လည်း အပြာရောင်နဂါး တာအိုကျောင်းမှ နည်းပြများက ခွင့်မပြုပေ။ သူတို့သည် သိုင်းပညာရှင်များ လေ့ကျင့်ရေးကွင်းမှ မထွက်နိုင်စေရန် သစ်သားကာရံကို ကြိုတင် ပြုလုပ်ထားပြီး ဖြစ်သည်။
"သတိကပ်ကြ ကြောက်လန့်နေတဲ့ ယုန်အုပ်လေးတွေလို ထွက်ပြေးရင် အကုန်လုံး အဖမ်းခံရလိမ့်မယ် အခု အားလုံး ပူးပေါင်းပြီး ပြန်တိုက်ရမယ် သူတို့က လေးယောက်ပဲ ရှိတာ"
သတိပြန်ဝင်လာသော သိုင်းပညာရှင်အချို့က ရှုပ်ထွေးနေသူများကို အားပေးကာ ပူးပေါင်းရန် ကြိုးစားကြသည်။ အချို့မှာမူ ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းဆီသို့ ပြေးသွားကာ အကူအညီ တောင်းခံကြသည်။
"ကျေးဇူးပြုပြီး ကူညီပေးပါ"
ချွန်းဂါဆောင်းက သူတို့၏ အော်ဟစ်တောင်းပန်မှုကို ပေါ့ပါးစွာ လျစ်လျူရှုလိုက်သည်။ သူ၏ အကြည့်မှာ ဂူဂျူးချောထံတွင်သာ ရှိနေသည်။
"သခင်လေး ဘာလုပ်ကြမလဲ"
စီးယုမှာ ကြောက်ရွံ့နေသော မျက်နှာဖြင့် ဂျင်ဆိုဟွန်းဆီသို့ လာကာ သူ၏ လက်ကို ဆုပ်ကိုင်ထားသည်။
"အင်း..."
ဂျင်ဆိုဟွန်းက သူ၏ ပါးကို ကုတ်လိုက်သည်။ သူသည် ပေါ်လွင်အောင် မနေရန် ကတိပေးထားသည့်အတိုင်း ထိုနေရာတွင် ရှိနေသော်လည်း မရှိသကဲ့သို့ တိတ်ဆိတ်စွာ နေနေသည်။
သို့သော် အရက်နှင့် အသားကြောင့် ရူးသွပ်နေသော လူလေးယောက်က ကြောက်လန့်နေသူများကို ဟိုဒီ ရိုက်နှက်နေသဖြင့် နောက်ဆုံးတွင် သူတို့ဆီသို့ ရောက်လာမည်မှာ သေချာနေသည်။
"ငါ အိမ်ပြန်ချင်လိုက်တာ"
ဂျင်ဆိုဟွန်းမှာ တစ်နေကုန် လူးလိမ့်၍ အပျင်းကြီးနိုင်သော သူ၏ အိမ်ကို လွမ်းမိသည်။ သူ အိမ်ကို လွမ်းနေစဉ် တိရစ္ဆာန်ကဲ့သို့ လူတစ်ယောက်က သူ့ကို တွေ့သွားသည်။
"ဟီးဟီး ချောမောတဲ့ မျက်နှာနဲ့ ကောင်လေးပဲ။ နောက်မှာလည်း မိန်းမလှလေး တစ်ယောက်ပါသေးတယ်... ဒီကိုယ်ခန္ဓာက မိန်းမတစ်ယောက်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိတွေ့ခဲ့ရတာ နှစ်ပေါင်း ၂၀ တောင် ရှိပြီ..."
တိရစ္ဆာန်ကဲ့သို့ လူတစ်ယောက်မှာ ဂျင်ဆိုဟွန်းဆီသို့ ပြေးဝင်လာကာ သူ၏ ပစ်မှတ်မှာ ဂျင်ဆိုဟွန်း မဟုတ်ပေ။ သူ၏ ဘေးတွင် ရပ်နေသော စီးယုပင်။
ထိုတိရစ္ဆာန်က စီးယုကို ပစ်မှတ်ထားကြောင်း သိလိုက်ရသောအခါ ဂျင်ဆိုဟွန်း၏ မျက်နှာမှာ အေးစက်သွားသည်။ သူ၏ လက်ထဲသို့ အတွင်းအားများ စုစည်းလိုက်သည့်အချိန်တွင် သူ၏ မျက်စိရှေ့၌ အပြာရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"ခွပ်"
ပါးတစ်ဖက်ကို ဓားဖြင့် ထိမှန်သွားသော တိရစ္ဆာန်မှာ ကြမ်းပြင်ပေါ်သို့ လူးလိမ့်ကျသွားသည်။
"အီး... ဒါက ငရဲပဲ..."
တိရစ္ဆာန်က ခေါင်းမော့ကာ သူ့ကို ထိမှန်သူကို ကြည့်လိုက်သည်။
"ဟင်"
ထိုသူမှာ အံ့ဩသွားသည်။ အဘယ်ကြောင့်ဆိုသော် နတ်သမီးတစ်ပါးဟု ခေါ်ရလောက်အောင် လှပသော အမျိုးသမီးတစ်ယောက် သူ၏ ရှေ့တွင် ရပ်နေ၍ပင်။
"နတ်သမီး... နတ်သမီးပဲ"
တစ်ခုသောအချိန်တွင် ဂျင်ဆိုဟွန်း၏ ရှေ့သို့ ရောက်လာသော ချွန်းယဲရန်းက ကိုင်ထားသော ဓားကို ဖြည်းညှင်းစွာ ချလိုက်ပြီး တိရစ္ဆာန်ကို စိတ်ခံစားမှု ကင်းမဲ့သော အကြည့်ဖြင့် ကြည့်ကာ ဂျင်ဆိုဟွန်းနှင့် စီးယု ရှိရာဘက်သို့ အကြည့် ရွှေ့လိုက်သည်။
"နောက်ဆုတ်လိုက်ပါ"
ရှေ့သို့ တိုးရန် ပြင်နေသော ဂျင်ဆိုဟွန်းမှာ စီးယုကို ခေါ်ကာ အလျင်အမြန် နောက်သို့ ဆုတ်လိုက်သည်။ နောက်သို့ ဆုတ်သွားကြောင်း အတည်ပြုပြီးနောက် ချွန်းယဲရန်းက တဏှာရမ္မက်ဖြင့် ကြည့်နေသော တိရစ္ဆာန်ကို စူးစိုက်ကြည့်လိုက်သည်။
ငါ ဘာလို့...
ချွန်းယဲရန်းမှာ သူမ၏ ကိုယ်ပိုင်လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေသည်။ သူမအတွက် အရေးအကြီးဆုံးမှာ အဖြူရောင်လနန်းတော် ဖြစ်ပြီး ကျန်သူအားလုံးမှာ တန်ဖိုးမရှိသူများသာ ဖြစ်သည်။ သို့သော် ချွန်းယဲရန်းမှာ ဂျင်ဆိုဟွန်းနှင့် စီးယုကို ကူညီပေးခဲ့သည်။ သူမ၏ နားမလည်နိုင်သော လုပ်ရပ်ကြောင့် ရှုပ်ထွေးနေစဉ် ချွန်းဂါဆောင်းက ဂွမ်မြောင်ကို မေးသည်။
"သူတို့ကို သတ်လိုက်ရင် ရလား"
"မရဘူး"
"ဒဏ်ရာရအောင် လုပ်ရင်ရော"
"အတိုင်းအတာ တစ်ခုအထိတော့ ရတယ်"
ခေါင်းညိတ်လိုက်သော ချွန်းဂါဆောင်းမှာ လှုပ်ရှားလိုက်သည်။ သူ သွားနေသော နေရာမှာ ဂူဂျူးချောဘက် မဟုတ်ပေ။
"ငါ လှပတဲ့သူ အများကြီး မြင်ဖူးပေမဲ့ မင်းလောက် လှတဲ့သူ မရှိဘူး။ ဟီးဟီး... မင်းကို ကြည့်ရတာ မှိတ်ထားတဲ့ ငါ့မျက်လုံးတွေ ပွင့်လာသလိုပဲ။ ဒီလက်နဲ့ အဲဒီ နူးညံ့တဲ့ အရေပြားကို ထိတွေ့ခွင့် ရရင်တော့..."
ရှပ်…
သွေးများ ပန်းထွက်သွားသည်နှင့်အတူ တိရစ္ဆာန်၏ လက်နှစ်ဖက်မှာ ကြမ်းပြင်ပေါ်သို့ ပြတ်ကျသွားသည်။
"အို... အို..."
အခြေအနေကို နားမလည်သော တိရစ္ဆာန်၏ မျက်လုံးနှစ်ဖက်မှာ တုန်ရီသွားသည်။
"သတ္တိရှိလိုက်တာ"
မည်သည့်အချိန်က ရောက်လာမှန်းမသိသော ချွန်းဂါဆောင်းက တိရစ္ဆာန်၏ ရှေ့တွင် ပေါ်လာပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖောက်ထုတ်လိုက်သည်။
"အီး..."
တိရစ္ဆာန်၏ မျက်လုံးနှစ်ဖက်နှင့် လက်နှစ်ဖက်ကို ချက်ချင်း ဖောက်ထုတ်လိုက်ပြီးနောက် ချွန်းဂါဆောင်းက နာကျင်စွာ အော်ဟစ်နေသော တိရစ္ဆာန်ကို ငုံ့ကြည့်လိုက်သည်။
"ချွန်းဂါဆောင်း ဒါ ဘာလုပ်တာလဲ"
ဂွမ်မြောင်၏ အော်သံကြောင့် ချွန်းဂါဆောင်းက အေးစက်စွာ ပြန်ဖြေသည်။
"သဘောတူထားတဲ့အတိုင်းပဲ ကျွန်တော် သူ့ကို မသတ်ခဲ့ပါဘူး"
သူ၏ အဖြေကြောင့် ဂွမ်မြောင်မှာ စကားပြောစရာ ရှာမရ ဖြစ်သွားသည်။ သူတို့ကို မသတ်သရွေ့ အဆင်ပြေသည်ဟု ပြောခဲ့သူမှာ ဂွမ်မြောင်ပင်။ ချွန်းဂါဆောင်းက သူ၏ စကားအတိုင်း တိရစ္ဆာန်နှင့် ဘာမှမခြားသော မိစ္ဆာဂိုဏ်းမှ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးလိုက်ခြင်းပင်။
ဂွမ်မြောင် ဘာမှ ဆက်မပြောတော့သည့်အခါ ချွန်းဂါဆောင်း၏ ဓားမှာ ကျန်ရှိနေသော ပြစ်မှုကျူးလွန်သူ သုံးဦးဆီသို့ ချိန်ရွယ်လိုက်သည်။
၎င်းကို ကြည့်နေသော ဂျင်ဆိုဟွန်းမှာ နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
"သူကတော့ အမြဲတမ်း ရက်စက်တာပဲ"
စီးယုမှာ မျက်လုံးကို မှိတ်ကာ နောက်သို့ လှည့်သွားချိန်တွင် ဂျင်ဆိုဟွန်းမှာ အလှဆင်ပစ္စည်းအဖြစ်သာ သဘောထားခဲ့သော နှင်းနက်ရနံ့ကို ထုတ်လိုက်သည်။
ပေါ်လွင်အောင် မနေချင်ရင် ဒီနည်းလမ်းပဲ ရှိတော့တယ်။
နှင်းနက်ရနံ့ကို ပါးစပ်နားသို့ ယူဆောင်သွားလိုက်သော ဂျင်ဆိုဟွန်း၏ မျက်လုံးနှစ်ဖက်မှာ လေ့ကျင့်ရေးကွင်းကို ဖြတ်ပြေးနေသော ဂူဂျူးချောထံသို့ ရောက်သွားသည်။
"ဟူး"
ကြာရှည်စွာ အိပ်ပျော်နေခဲ့သော နှင်းနက်ရနံ့၏ အသံမှာ နောက်ဆုံးတွင် ကမ္ဘာလောကကြီးသို့ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။