အခန်း ၆၇
Vol. 7 Ch. 67
အခန်း။ ၆၇
ကုန်သွယ်ရေး၏ အခြေခံမှာ တန်းတူဖလှယ်ခြင်းပင်။
ပုံစံချင်းဖြစ်စေ၊ အသုံးဝင်ပုံချင်းဖြစ်စေ ကွဲပြားနေပါစေ၊ တန်ဖိုးမှာ တူညီရမည်။ ထိုသို့မှသာ တန်းတူဖလှယ်ခြင်းကို ဖြစ်မြောက်စေနိုင်သည်။
ထိုအချက်ကြောင့်ပင် ကုန်သည်မိသားစုမှ ဆင်းသက်လာသော ဂျင်ဆိုဟွန်းမှာ အကြွေးတင်ခြင်းအပေါ် အလွန် အာရုံခံစားလွယ်သူ ဖြစ်သည်။
အကူအညီ ရထားပြီးပြီဆိုတော့ ပြန်ဆပ်ရမှာပဲ။
မလိုလားအပ်သော အကူအညီဖြစ်သော်လည်း အကူအညီဆိုသည်မှာ အကူအညီပင် ဖြစ်ပြီး အကြွေးဆိုသည်မှာလည်း အကြွေးပင်။
ဂျင်ဆိုဟွန်းက ချွန်းဂါဆောင်းကို ပစ်မှတ်ထားနေသော ဂူဂျူးချောကို ရည်ရွယ်ကာ နှင်းနက်
ရနံ့ကို တီးခတ်လိုက်သည်။ ဤသည်မှာ ဖျော်ဖြေပွဲမဟုတ်သဖြင့် အခြားသူများမှာ နှင်းနက်ရနံ့မှ ထွက်ပေါ်လာသော အသံကို ကြားနိုင်မည် မဟုတ်ပေ။
"အင်း"
ဂူဂျူးချောမှာ သူ၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသော နှင်းနက်ရနံ့၏ အသံကြောင့် တုံ့ပြန်လိုက်သည်။
အသံပညာလား။
ဂူဂျူးချောမှာ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး တောင့်တင်းသွားသလို ခံစားလိုက်ရကာ ခံစားရုံမျှသာ မဟုတ်ဘဲ သူ၏ ကိုယ်ခန္ဓာမှာ အမှန်တကယ်ပင် တောင့်တင်းမာကျောသွားခြင်းပင်။
အဆင့်မြင့် အသံပညာပဲ။ ဒါပေမဲ့ ဘယ်သူလဲ။
သူသိသလောက်တော့ အပြာရောင်နဂါး တာအိုကျောင်း၏ သိုင်းပညာရှင်များထဲတွင် အသံပညာနှင့် သက်ဆိုင်သော ဂိုဏ်းမှ သိုင်းပညာရှင် တစ်ဦးမျှ မရှိပေ။ ဂူဂျူးချော၏ အကြည့်မှာ သဘာဝအတိုင်းပင် ဂျင်ဆိုဟွန်းဆီသို့ ရွေ့လျားသွားသည်။
ပုလွေကို တီးခတ်နေသော ဂျင်ဆိုဟွန်းကို မြင်လိုက်ရသည့်အခါ ဂူဂျူးချောမှာ အသံပညာ၏ ပိုင်ရှင်မှာ ဂျင်ဆိုဟွန်း ဖြစ်ကြောင်း သိလိုက်ရပြီး ရယ်မောလိုက်သည်။
"တော်တဲ့ ကောင်လေးပဲ"
အီး... မျှော်လင့်ထားတဲ့အတိုင်းပဲ မလွယ်ပါလား။
ဂျင်ဆိုဟွန်း လက်ရှိ တီးခတ်နေသော တေးသွား၏ အမည်မှာ ရေအိုင်ထဲတွင် လဲလျောင်းနေသော ရီဝေဝေ သိမ်းငှက်ဖြစ်သည်။ ရေအိုင်ဖြစ်မှန်းပင် မသိဘဲ ရေအိုင်ထဲတွင် လဲလျောင်းအိပ်ပျော်နေသော ရီဝေဝေ သိမ်းငှက်၏ အမည်ကို ပိုင်ဆိုင်ထားသည့် ဤတေးသွားမှာ ပြိုင်ဘက်ကို မသိလိုက်မသိဘာသာဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး ချုပ်နှောင်ထားရန် အသုံးပြုသည့် အသံပညာ တစ်မျိုးဖြစ်သည်။
သို့သော် ဂူဂျူးချောမှာ ထိုတေးသွားကို ကြားလိုက်ရသော်လည်း နှေးကွေးသော်လည်း ကိုယ်ခန္ဓာကို လှုပ်ရှားနိုင်ဆဲပင်။
ကျေးဇူးပြုပြီး ပြိုလဲပေးပါတော့။
ဂျင်ဆိုဟွန်း၏ လက်ချောင်းများနှင့် ပါးစပ်မှာ အလုပ်ရှုပ်နေသည်။ သူသည် အသံကို ဂူဂျူးချောဆီသို့သာ စုစည်းထားသဖြင့် အတွင်းအား သုံးစွဲမှုမှာ များပြားသော်လည်း ဂျင်ဆိုဟွန်းမှာ ပိုမိုသော အတွင်းအားများကို ဆွဲထုတ်လိုက်သည်။
အသံပညာတွင် ထည့်သွင်းထားသော စွမ်းအားမှာ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဂူဂျူးချော၏ လှုပ်ရှားမှုများမှာ ပိုမို နှေးကွေးလာသည်။
ဒါကတော့ ရယ်စရာပဲ။ ကန်ချွန်းရဲ့ တပည့်က အသံပညာကို ထုတ်ဖော်ပြသနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။
နားကို ပိတ်ထားရုံနှင့် ဂျင်ဆိုဟွန်း၏ အသံပညာကို မဖောက်ထွက်နိုင်ကြောင်း ဂူဂျူးချော သိထားသည်။
"လုံးဝ ပြတ်တောက်သွားအောင် လုပ်မှပဲ"
ရေအိုင်ထဲသို့ ကျရောက်သွားသကဲ့သို့ လေးလံသွားသော လက်နှင့် ခြေထောက်များကို အားပြုကာ ဂူဂျူးချော ပြေးသွားသည်။ သူ၏ ထူးဆန်းသော ခွန်အားကြောင့် အံ့ဩသွားရသော ဂျင်ဆိုဟွန်းမှာ အံကြိတ်လိုက်သည်။
"သခင်မလေးချွန်း"
သူ၏ ခေါ်သံကြောင့် ချွန်းယဲရန်းမှာ လန့်သွားသည်။
"ရှင်"
"အဘိုးအိုဂူ ရောက်လာရင် မင်းရဲ့ဓားကို အစွမ်းကုန် ဝှေ့ယမ်းလိုက်ပါ။ ကျွန်တော် ကူညီပေးပါမယ်"
ချွန်းယဲရန်းမှာ သူ ဘယ်လို ကူညီပေးမည်ကို မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နီးကပ်စွာ ရောက်ရှိလာပြီဖြစ်သော ဂူဂျူးချောကို ပိတ်ဆို့ရန် သူမ၏ ဓားကို မြှောက်ထားရမည် ဖြစ်၍ပင်။
ငါ ဘာလို့ ဒီလူရဲ့ စကားကို နားထောင်နေရတာလဲ။
ဂူဂျူးချောမှာ သူမကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဂျင်ဆိုဟွန်းကို ရည်ရွယ်ကြောင်း သူမ သိသည်။ သို့သော်လည်း သူမ၏ ဓားမှာ အလိုအလျောက် ရွေ့လျားနေသည်။
ဂျင်ဆိုဟွန်း ပြောခဲ့သည့်အတိုင်း ချွန်းယဲရန်းက သူမ၏ အတွင်းအားကို မြှင့်တင်ကာ ဓားကိုယ်ထည်တွင် စုစည်းလိုက်ရာ မကြာမီပင် သူမ၏ ဓားမှာ လမင်း၏ အရောင်အလင်းကို ကိုင်ဆောင်ထားသကဲ့သို့ တောက်ပလာသည်။
အဖြူရောင်လ ကောင်းကင်အလင်း ဓား။
"တတိယဓား လဆန်းကို ဖြတ်တောက်ခြင်း"
ချွန်းယဲရန်း၏ ဓားမှာ လှပသော လခြမ်းပုံစံကို ရေးဆွဲလိုက်သည်။
ထိုဓားချက်တွင် ပါဝင်သော အရှိန်အဝါမှာ သာမန်မဟုတ်သဖြင့် ဂူဂျူးချောပင်လျှင် သူ၏ သစ်သားဓားကို အစွမ်းကုန် မြှောက်ထားရသည်။
သို့သော် ထိုအချိန်တွင် လုံးဝ ကွဲပြားခြားနားသော အသံနေအသံထားရှိသည့် ပုလွေသံမှာ ဂူဂျူးချော၏ နားထဲသို့ ထိုးဖောက်ကာ ဝင်ရောက်လာသည်။
အင်း
မမျှော်လင့်ထားသော အသံပညာအသစ်ကြောင့် ဂူဂျူးချော၏ ကိုယ်ခန္ဓာ တောင့်တင်းသွားစဉ် ချွန်းယဲရန်း၏ ဓားမှာ သူ၏ ရှေ့သို့ တိုးဝင်လာသည်။
လိမ္မာပါးနပ်တဲ့ ကောင်လေးပဲ။
ဤအရာအားလုံးမှာ ဂျင်ဆိုဟွန်း၏ အစီအစဉ် ဖြစ်ကြောင်း သိလိုက်ရသော ဂူဂျူးချောမှာ အနည်းငယ် ပြုံးလိုက်သည်။
မင်းရဲ့ အဆုံးသတ်ကို ကြည့်ရဦးမယ်။
ဂူဂျူးချော၏ မျက်နှာမှာ သရဲတစ်ကောင်ကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး သူ၏ သစ်သားဓားမှ အနီရောင်စွမ်းအင်များ တဖျတ်ဖျတ် လက်လာသည်။
သူ့ကို သရဲမျက်နှာရှိ တော်လှန်ရေးဓားဟု ခေါ်ဆိုစေသည့် ထိုတော်လှန်ရေးဓားမှာ သစ်သားဓားထဲတွင် ပေါ်လွင်လာသည်။
ချွမ်….
ချွန်းယဲရန်း၏ ဓားမှာ လွင့်စင်သွားသည်။
"ဖူးး..."
တစ်ချိန်တည်းမှာပင် သူမ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ အတွင်းအား ထည့်သွင်းထားသော တိုက်ပွဲတွင် ရှုံးနိမ့်သွားသဖြင့် ပြန်လှန်သက်ရောက်မှုကြောင့် အတွင်းဒဏ်ရာ ရရှိသွားခြင်းပင်။
ချွန်းယဲရန်းမှာ ယိုင်နဲ့နေစဉ် ဂူဂျူးချောမှာ ဂျင်ဆိုဟွန်းဆီသို့ ပြေးသွားသည်။
သူ၏ အရှိန်မှာ ယခင်ကထက် ပိုမို မြန်ဆန်နေသည်။
"မင်းရဲ့ လှည့်ကွက်တွေ အကုန်ထုတ်ပြပြီးပြီလား"
"ဟုတ်ပါတယ်"
ဂူဂျူးချောကို ရင်ဆိုင်နေရသော ဂျင်ဆိုဟွန်း၏ မျက်နှာမှာ စိုးရိမ်မကင်း ဖြစ်နေခြင်းထက် ပိုမို အေးဆေးတည်ငြိမ်နေသည်။
အစီအစဉ်တစ်ခု မှားယွင်းသွားလျှင် စိုးရိမ်မကင်း ဖြစ်ခြင်းမှာ သဘာဝ ဖြစ်သည်။
အကယ်၍ မစိုးရိမ်မကင်း ဖြစ်နေပါက...
နောက်ထပ် အစီအစဉ်တစ်ခု ကျန်သေးတယ်လို့ ဆိုလိုတာပဲ။
ဂူဂျူးချောက သူ၏ သစ်သားဓားကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးဝင်လာသော ဓားကို ရင်ဆိုင်လိုက်သည်။
ချွမ်….
ကြီးမားသော စွမ်းအားများ ပါဝင်နေသော ဓားနှစ်လက်မှာ အပြင်းအထန် တိုက်မိကြသည်။
"ဒီတော့။ မင်းက အဲဒီမှာ ရှိနေတာပဲ"
ချွန်းဂါဆောင်းက ဒေါသထွက်နေသော မျက်နှာဖြင့် ဂူဂျူးချောကို တိုက်ခိုက်လိုက်သည်။
ဒါဆို ဒါက မင်းရဲ့ အစီအစဉ်ပေါ့။
ချွန်းဂါဆောင်းကို အသုံးပြုရန်အတွက် ဂျင်ဆိုဟွန်းမှာ ချွန်းယဲရန်းကို အစကတည်းက ရွေ့လျားစေခဲ့ခြင်း ဖြစ်ကြောင်း ဂူဂျူးချော သိလိုက်ရသည်။
ဟူး ကံကောင်းတာက ငါ နောက်မကျလိုက်လို့….။
ဂူဂျူးချောကို နောက်သို့ တွန်းပို့နေသော ချွန်းဂါဆောင်းကို ကြည့်ကာ ဂျင်ဆိုဟွန်းမှာ ကျေနပ်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။
အဲဒီကောင်လေး ရူးနေတာကလည်း ကောင်းတဲ့အချက်ပဲ။
ယခုအထိ သူ၏ အတွေ့အကြုံအရ ချွန်းဂါဆောင်းမှာ သူ၏ ညီမဖြစ်သူ ချွန်းယဲရန်းအပေါ် အလွန်အမင်း တန်ဖိုးထားကြောင်း ဂျင်ဆိုဟွန်း သိရှိထားသည်။
ချွန်းဂါဆောင်း၏ ထိုလုပ်ရပ်မှာ မောင်နှမအရင်းအချာအပေါ် ထားရှိသည့် မေတ္တာကြောင့်လား သို့မဟုတ် အဖြူရောင်လနန်းတော်၏ သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ဂုဏ်မာနကြောင့်လား ဆိုသည်ကိုတော့ သူ မသိပေ။
သို့သော် အရေးကြီးသည်မှာ ချွန်းယဲရန်း ထိခိုက်နစ်နာသွားသည်ကို ချွန်းဂါဆောင်း မကြည့်ရက်ခြင်းပင်။
ဘာကြောင့်ဆိုသော် သူမ ထိခိုက်ခြင်းသည် အဖြူရောင်လနန်းတော် ထိခိုက်ခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်ပင်။
ဤအချက်ကို အသုံးချကာ ချွန်းဂါဆောင်းကို ရွေ့လျားအောင် လုပ်ဆောင်နိုင်ခဲ့သည့် ဂျင်ဆိုဟွန်းမှာမူ လက်ဖျားဖြင့် ပါးစပ်ထောင့်မှ သွေးစက်ကို သုတ်နေရှာသည့် ချွန်းယဲရန်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိသည်။
သေစမ်း အဘိုးအိုဂူက ဒီလောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်လို့ မထင်ထားမိဘူး... နောက်မှ သီးသန့် တောင်းပန်မှပဲ။
ထို့နောက် ဂျင်ဆိုဟွန်းသည် အသေးစားဂိုဏ်းများမှ သိုင်းပညာရှင်များနှင့် တိုက်ခိုက်နေသည့် ပြစ်မှုကျူးလွန်သူ သုံးဦးကို လှမ်းကြည့်လိုက်သည်။
သူတို့၏ လက်နှစ်ဖက်ကို ချည်နှောင်ထားသော်လည်း ထူးချွန်သည့် သိုင်းပညာရှင်များ ဖြစ်ကြသည့်အတိုင်း သိုင်းပညာရှင်များကို ပေါ့ပေါ့ပါးပါးပင် ကစားနေကြသည်။
"ဟားဟားဟား မိုက်မဲတဲ့ကောင်တွေ ဒီလောက်နဲ့ပဲလား..."
ပြစ်မှုကျူးလွန်သူများအားလုံး ကိုယ်ခန္ဓာများ လိမ်ခေါက်သွားပြီးနောက် ပါးစပ်မှ အမြှုပ်များ ထွက်ကာ မေ့မြောသွားကြသည်။
ထူးဆန်းသော ဖြစ်ရပ်ကြောင့် သိုင်းပညာရှင်များအားလုံး ဂွမ်မြောင်ကို ဝိုင်းကြည့်လိုက်ကြသည်။ သိုင်းပညာရှင်များ၏ အန္တရာယ်ကို သတိပြုမိသွားသည့် ဂွမ်မြောင်က အထူးနည်းလမ်းဖြင့် ပြစ်မှုကျူးလွန်သူများကို ထိန်းချုပ်လိုက်သည်ဟု သူတို့ ထင်မှတ်သွားကြသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
စိုးရိမ်တကြီး ဖြစ်နေသူမှာ ဂွမ်မြောင်လည်း အပါအဝင်ပင်။
အပြာရောင်နဂါး တာအိုကျောင်းမှ သိုင်းပညာရှင်များကို သတ်လိုက်သည်နှင့် ပြစ်မှုကျူးလွန်သူများမှာ ချက်ချင်းပင် ခေါင်းပြတ်သွားမည် ဖြစ်သဖြင့် သူတို့မှာ အားကို ထိန်းညှိရမည်ပင်။ ထို့ကြောင့် ဂွမ်မြောင်အနေဖြင့် သူတို့ကို တားဆီးရမည့် အကြောင်းရင်း မရှိပေ။ ဤလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ အထူးတလည် ရှိနေ၍ပင်။
သို့သော် ပြစ်မှုကျူးလွန်သူအားလုံးမှာ ပါးစပ်မှ အမြှုပ်များ ထွက်ကာ လဲကျကုန်သည်။
အဆိပ်လား မဟုတ်ဘူး။ မမြင်နိုင်တဲ့ လျှို့ဝှက်လက်နက်လား အဲဒါလည်း မဟုတ်ပြန်ဘူး။ ဒါဆို ဘာများလဲ...
ထိုအချိန်တွင် ဂွမ်မြောင်က ခေါင်းကို ရုတ်တရက် လှည့်ကာ ဂျင်ဆိုဟွန်းကို စိုက်ကြည့်လိုက်သည်။
"ငါနဲ့ မတူအောင် လှုပ်ရှားမှုတွေ အများကြီး လုပ်မိသွားပြီ"
ဂျင်ဆိုဟွန်းမှာ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို ပို၍ သေးငယ်သော စီးယု၏ ကိုယ်ပေါ်သို့ မှီတွဲထားသည်။
သူ၏ သခင်လေးကို ထောက်ပံ့ထားရသဖြင့် ညည်းညူနေပြီး ချွေးများ အလွန်အမင်း ပြန်နေသော စီးယုကို ကြည့်ရင်း ဂွမ်မြောင်၏ သံသယမှာ ပို၍ပင် ကြီးထွားလာသည်။
"အဲဒီကောင်လေး တစ်ခုခုတော့ လှည့်ကွက် သုံးလိုက်တာပဲ"
သံသယ ရှိသော်လည်း သူ၏ လက်ထဲတွင် အထောက်အထား မရှိပေ။
ပြစ်မှုကျူးလွန်သူများလည်း လဲကျသွားပြီဖြစ်ပြီး ဒဏ်ရာရထားသည့် သိုင်းပညာရှင်များကို ကုသပေးရမည် ဖြစ်သဖြင့် ဂွမ်မြောင်က လက်ကို ချက်ချင်း မြှောက်လိုက်သည်။
အချက်ပေးသံ ရရှိလိုက်သည့် နည်းပြများက ခေါင်းလောင်းကို တီးလိုက်သည်။
ဒင်….ဒင်…ဒင်
ခေါင်းလောင်းသံ သုံးကြိမ် မြည်လာသည်နှင့် ချွန်းဂါဆောင်းနှင့် တိုက်ခိုက်နေသော ဂူဂျူးချောက သူ၏ လက်ကို ပြန်ရုပ်သိမ်းကာ နောက်သို့ ဆုတ်သွားသည်။
"ငယ်ရွယ်တဲ့ ကောင်လေးက အားအင်တွေ ပြည့်နေတာပဲ။ မင်းနဲ့ ထပ်ပြီး ကစားချင်ပါသေးတယ် ဒါပေမဲ့ အချိန်ကုန်သွားပြီ ထင်တယ်"
ဂူဂျူးချောမှာ မည်သည့် တွယ်တာမှုမျှ မရှိဘဲ လှည့်ထွက်သွားစဉ် ချွန်းဂါဆောင်းမှာ အံတင်းတင်း ကြိတ်လိုက်သည်။
သူသည် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ဂူဂျူးချော၏ ကိုယ်ခန္ဓာတွင် အနည်းဆုံး ခြစ်ရာတစ်ခုမျှပင် မကျန်ခဲ့ပေ။
ဒေါသထွက်နေသော ချွန်းဂါဆောင်းကို ထားခဲ့ပြီး အပြာရောင်နဂါး တာအိုကျောင်း၏ ပထမဆုံး လေ့ကျင့်ခန်းမှာ ပြီးဆုံးသွားသည်။
"အလုပ်ရှုပ်သွားပြီ"
"ဘာအလုပ်ရှုပ်ရမှာလဲ ဒါလုပ်ခိုင်းဖို့ ကျွန်တော့်ကို ခေါ်လိုက်တာ မဟုတ်ဘူးလား။ အပြာရောင်နဂါး တာအိုကျောင်းက ထူးခြားလို့လေ"
ဂူဂျူးချော၏ အဓိပ္ပာယ်ပါသော စကားကြောင့် ဂွမ်မြောင်၏ မျက်နှာမှာ အဆင်မပြေဖြစ်သွားသည်။
"သတိထားမိသွားလား"
"ထူးဆန်းတယ်လို့ ထင်မိတယ်။ သာမန် တာအိုကျောင်းတစ်ခုအတွက်တော့ သင်ကြားမှုပုံစံက ကြမ်းတမ်းလွန်းတယ်။ ဘယ်အချိန်မဆို စစ်မြေပြင်ကို သွားရမယ့် လူငယ်စစ်သည်တွေကို သင်ပေးနေသလိုမျိုးပဲ"
ဂူဂျူးချောက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောသည်။
"အပြာရောင်နဂါး တာအိုကျောင်းရဲ့ အသုံးဝင်ပုံက ဘာလဲ"
""
ခဏတာ တိတ်ဆိတ်သွားသော ဂွမ်မြောင်မှာ ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။
"တာအိုကျောင်းလေးခုမှာ ကိုယ်စီ အကြောင်းပြချက် ရှိကြတယ်။ အရှေ့ဘက်က ဗာဗီလီယန်
ငှက်၊ တောင်ဘက်က အနက်ရောင်လိပ်နဲ့ အနောက်ဘက်က ကျားဖြူတာအိုကျောင်းတွေက အနာဂတ်မှာ ဖြစ်လာမယ့် မိစ္ဆာဂိုဏ်းတွေနဲ့ စစ်ပွဲအတွက် ဓားတွေကို သွေးထားဖို့ နေရာတွေပါ။ ပြီးတော့ အပြာရောင်နဂါးတာအိုကျောင်းကတော့..."
နောက်ထပ် တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။
ဤတိတ်ဆိတ်မှုမှာ အတော်ကြာမြင့်ခဲ့သည်။
လည်ချောင်းထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ဂွမ်မြောင်မှာ လက်ဖက်ရည်ခွက်ကို မကာ လည်ချောင်းကို စိုစွတ်လိုက်သည်။
မကြာမီ သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"သူကတော့ အထူးဓားကို သွန်းလုပ်ဖို့ နေရာပဲ"
"အထူးဓား"
"သူတို့ကို အထူးရွေးချယ်ထားတဲ့ အဖွဲ့လို့လည်း ခေါ်ပြီး မိစ္ဆာဂိုဏ်းနဲ့ တိုက်ရိုက် ရင်ဆိုင်မယ့် ဓားတွေပဲ။ အစကတော့ အထူးရွေးချယ်ထားတဲ့ အဖွဲ့ဖြစ်လာမယ့် တာအိုကျောင်းကို တစ်နှစ်အကြာမှာ ကျင်းပမယ့် ဘုရားသခင် လေးပါးစုဝေးပွဲလို့ ခေါ်တဲ့ သိုင်းပြိုင်ပွဲကနေ ဆုံးဖြတ်
မယ်လို့ သိထားကြပေမဲ့ အဲဒါက တကယ်တော့ လှည့်စားနည်းတစ်မျိုးပဲ"
"လှည့်စားခြင်း... ဂိုဏ်းပေါင်းစုံကို လှည့်စားထားတာ မဟုတ်ဘူးလား"
"ဒါက သိုင်းလောက မဟာမိတ်ရဲ့ ဆုံးဖြတ်ချက်ပါ။ အထူးရွေးချယ်ထားတဲ့ အဖွဲ့ကို တစ်နှစ်အကြာမှ ဆုံးဖြတ်ရင် နောက်ကျလွန်းမယ်လို့ ကျွန်တော်တို့ ယူဆမိပြီး ဖြစ်နိုင်သမျှ မြန်မြန်သွန်းလုပ်ဖို့ လိုအပ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြာရောင်နဂါး တာအိုကျောင်းကို အစကတည်းက အထူးဓားကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပါ"
"ဒီအချက်ကို သိတဲ့သူ နည်းလိမ့်မယ်"
"သိုင်းလောက မဟာမိတ်ထဲက အနည်းငယ်လောက်ပဲ သိပါတယ်။ မိစ္ဆာဂိုဏ်း မဟာမိတ်ရဲ့ ရက်စက်တဲ့ လက်တွေ ဘယ်လောက်ထိ ရောက်နေလဲဆိုတာ မသိရတဲ့အတွက် ပိုပြီး ဂရုစိုက်ရမှာပါ"
"အပြာရောင်နဂါး တာအိုကျောင်းကို အထူးရွေးချယ်ထားတဲ့ အဖွဲ့အဖြစ် ရွေးချယ်ရတဲ့ အကြောင်းရင်းက အဖြူရောင်လနန်းတော် ရှိတဲ့ မြောက်ဘက်မှာ တည်ရှိလို့ ဖြစ်မှာပေါ့"
"မှန်ပါတယ်"
အပြာရောင်နဂါး တာအိုကျောင်းကို အထူးရွေးချယ်ထားတဲ့ အဖွဲ့အဖြစ် ပြုစုပျိုးထောင်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းက သိုင်းလောကမှာ ပုံမှန်အနေအထားကို ထိန်းသိမ်းထားတဲ့ အဖြူရောင်လနန်းတော်ကို တရားဝင် သိုင်းလောက ဘက်ခြမ်းကိုဆွဲခေါ်ဖို့ပဲ။
"ချွန်းယူဆင်သာ ဒါကို သိသွားရင် သူ့ရဲ့ ဒေါသကို ရှောင်ဖို့ မလွယ်ဘူး မဟုတ်လား"
ဂူဂျူးချော၏ မေးခွန်းကြောင့် ဂွမ်မြောင်၏ နှုတ်ခမ်းတွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါက အဖြူရောင်လ နတ်ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်ပဲ"
"ဟင်"
"အပြာရောင်နဂါး တာအိုကျောင်းကို အထူးရွေးချယ်ထားတဲ့ အဖွဲ့အဖြစ် ရွေးချယ်တာက အဘိုးအိုချွန်းရဲ့ ဆန္ဒပဲ"
ဂူဂျူးချော၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
ချွန်းယူဆင်၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူ သိသည်။ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အထီးကျန်မှုကို ထိန်းသိမ်းထားခဲ့သော အဖြူရောင်လနန်းတော်က တံခါးဖွင့်ပေးပြီး သိုင်းလောကထဲသို့ ကလေးနှစ်ယောက်ကို စေလွှတ်လိုက်ရသည့် အကြောင်းရင်းကို သူ နားလည်သလိုပင်။
"သူကတော့ အဖြူရောင်လနန်းတော်ရဲ့ သြဇာအာဏာကို အခု သိုင်းလောကအထိ ပျံ့နှံ့အောင် လုပ်ဖို့ ရည်ရွယ်နေပုံပဲ"
"အဲဒါက အထူးရွေးချယ်ထားတဲ့ အဖွဲ့ရဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်လိမ့်မယ်"
"ချွန်းယူဆင်ဆိုတာ ဒီလိုမျိုးပဲ"
ဂူဂျူးချော အထူးလေးစားခဲ့ရသည့် မင်ဂိုဏ်း၏ တပည့်ဦးစီး ဒယ်ဂွန်းကို သတ်ခဲ့သူမှာ အခြားသူ မဟုတ်ဘဲ ချွန်းယူဆင်ပင်။
လိမ္မာပါးနပ်တဲ့ ကောင်လေးပဲ။
ကိုယ်ပိုင်ဆိုင်ထားသည့် အားကောင်းသော သိုင်းပညာကို သုံးပြီး ကျော်ကြားမှုရယူဖို့ ကြိုးစားခြင်းမှာ သိုင်းပညာရှင်တို့၏ အခြေခံ ဆန္ဒတစ်ခု ဖြစ်သည်။
သို့သော် ချွန်းယူဆင်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် သိုင်းပညာ ရှိနေသော်လည်း သူ့ကိုယ်သူ မဖော်ပြခဲ့ပေ။
အဆုံးအဖြတ်ပေးရမယ့်အချိန်မှသာ သူ၏ အစစ်အမှန်ကို ထုတ်ဖော်ပြသပြီး လူတိုင်းရှေ့မှာ ကမ္ဘာ့နံပါတ်တစ်အသစ် မွေးဖွားလာကြောင်း ကြေညာခဲ့သည်။
"ဒီတစ်ခါလည်း အဖြူရောင်လနန်းတော်က ရှုပ်ထွေးနေတဲ့ တရားဝင် သိုင်းလောကကို ကယ်တင်ဖို့ တက်လှမ်းလာတာလို့ပဲ မြင်ကြလိမ့်မယ်"
"အဖြူရောင်လနန်းတော်က အဲဒါကိုပဲ လိုချင်နေတာ ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အဖြူရောင်လနန်းတော်ကို ငြင်းလို့ မရဘူး"
"ဘယ်သူပဲ ဘာပြောပြော သူက ကမ္ဘာ့နံပါတ်တစ်ရဲ့ မိသားစုပဲ။ ကောင်းပါပြီ။ အသုံးချစရာ တစ်ခုခု ရှိရင် ဘာပဲဖြစ်ဖြစ် အသုံးချသင့်တာပေါ့"
"အဘိုးအိုဂူ"
"ဟုတ်"
"နည်းနည်း စောတဲ့ မေးခွန်းတစ်ခုပါ ဒါပေမဲ့ အဘိုးအိုရဲ့ အမြင်အရ အပြာရောင်နဂါး တာအိုကျောင်းရဲ့ လက်ရှိ သိုင်းပညာရှင်တွေထဲမှာ ဘယ်သူက အသုံးအဝင်ဆုံး ဖြစ်မလဲ"
ဂွမ်မြောင်၏ လေးနက်သော မေးခွန်းကြောင့် ဂူဂျူးချောမှာ ခဏတာ တွေးတောမိသွားသည်။ မျက်နှာအချို့နှင့် အမည်အချို့ သူ၏ စိတ်ထဲသို့ ရောက်လာသည်။ ပြီးတော့ သူတို့ထဲမှာ ပေါ်လွင်နေတဲ့ သုံးယောက်လည်း ရှိသည်။
"ငါ မြင်သလောက်တော့..."
အပြာရောင်နဂါး တာအိုကျောင်း၏ လေထုမှာ အလွန်ပင် လေးလံထိုင်းမှိုင်းနေသည်။
ဂူဂျူးချောနှင့် ယှဉ်ပြိုင်ခဲ့ရသည့် လေ့ကျင့်ခန်းမှာ သိုင်းပညာရှင်များအား စကားဖြင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသည့် ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခု အပါအဝင် သိုင်းပညာရှင် ၁၀၁ ဦးမှာ ဂူဂျူးချော တစ်ဦးတည်းကိုပင် မယှဉ်နိုင်ခဲ့သည့်အပြင် နောက်မှ ပေါ်လာသည့် မိစ္ဆာဂိုဏ်းမှ ပြစ်မှုကျူးလွန်သူများကိုပါ အရှုံးပေးခဲ့ရသည်။
၎င်းမှာ လက်နှစ်ဖက်ကို ချည်နှောင်ထားပြီး စနစ်တကျပင် မလှုပ်ရှားနိုင်သည့်သူများ၏ လက်ချက်ပင်။ ထိုသို့သော အခြေအနေကြောင့် သိုင်းပညာရှင်များ၏ မျက်နှာတွင် အမှောင်ရိပ်များ သမ်းလာသည်။
အထူးသဖြင့် စနစ်တကျပင် မတိုက်ခိုက်လိုက်ရသည့် ဂိုဏ်းဂိုဏ်းကိုးဂိုဏ်းနှင့် မိသားစုငါးခုမှ သိုင်းပညာရှင်များမှာမူ ဂုဏ်သိက္ခာ များစွာ ထိခိုက်နစ်နာသွားရသည်။
အဆင်ပြေနေသူများမှာ ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းတို့ ရှိနေသည့် အဖြူရောင်လနန်းတော်အဖွဲ့နှင့်...
"ဒါလေးက အရသာရှိသားပဲ"
"ဟုတ်တယ် ဦးလေးယူရဲ့ အသီးတွေလောက် အရသာ မကောင်းပေမဲ့ အချိုဓာတ်ကတော့ အတော်လေး ကောင်းတယ် ချိုသားပဲ။ အရည်ရွှမ်းတာလည်း အတော်ပဲ"
"ဟုတ်တယ်မလား"
သိုင်းပညာရှင်အများစုပင် ကောင်းကောင်းမစားနိုင်ခဲ့သည့် အချိန်၌ အစာစားပြီးသွားကာ အချိုတည်းစရာအဖြစ် ပေးထားသည့် အသီးကိုပင် စနစ်တကျ စားသောက်နေသူများမှာ ဂျင်ဆိုဟွန်းနှင့် စီးယုတို့ပင်။
"စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကောင်လေးပဲ"
"အဲဒီ ဂျင်မိသားစုက ကောင်လေးက တိုက်ခိုက်ခြင်းမရှိဘဲ နောက်ကနေ ရပ်ကြည့်နေခဲ့တာ မဟုတ်လား"
"တိုက်ဖို့က ခွန်အားရှိရမှာလေ။ သူကတော့ ပိုက်ဆံပေးပြီး တာအိုကျောင်းထဲ ဝင်လာတာ ဖြစ်လိမ့်မယ်"
"ဒီလိုကောင်လေးနဲ့ တစ်နေရာတည်းမှာ အတူနေရမယ်လို့ တွေးလိုက်တာနဲ့..."
သိုင်းပညာရှင်များက ဂျင်ဆိုဟွန်းကို အပုပ်ချ ပြောဆိုနေကြသည်ကို ကြားလိုက်ရသော ဇူဂယ်မင်နှင့် ပန်ရှောင်ဖုန်းတို့မှာ မျက်မှောင်ကြုတ်လိုက်သည်။
"ယဉ်ကျေးမှု မရှိတဲ့လူတွေ"
"ဟုတ်တယ်မလား"
သခင်လေးဂျင်ရဲ့ ခွန်အားက ငါတို့နဲ့ ယှဉ်စရာတောင် မလိုဘူး။
အမှန်တရားကို သိရှိထားသည့် ဇူဂယ်မင်နှင့် မတူဘဲ မူရုံဆူဆူက ဂျင်ဆိုဟွန်းကို နှစ်သိမ့်သည့် လေသံဖြင့် ပြောသည်။
"သူတို့ကို ဂရုမစိုက်ပါနဲ့။ အဲဒီအခြေအနေမှာ ဘယ်သူမဆို အလွယ်တကူ ရှေ့ထွက်ရဲမှာ မဟုတ်ဘူး"
"ဗျာ"
ပန်းသီးကို ဝါးစားရင်း ဂျင်ဆိုဟွန်းက မေးလိုက်ရာ မူရုံဆူဆူက အသာအယာ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ဂျင်ဆိုဟွန်းမှာ ပတ်ဝန်းကျင်မှ ဝေဖန်မှုများကို ဘာမျှ မခံစားရပေ။
ဆန့်ကျင်ဘက်အနေနှင့် သူ့ကို ပို၍ပင် လျစ်လျူရှုကြပါစေဟုပင် ဆုတောင်းနေမိသည်။
အခုတော့ ဘယ်သူမှ လာမနှောင့်ယှက်တော့ဘူးပေါ့ ဟုတ်တယ်မလား
ကံဆိုးစွာဖြင့် ဂျင်ဆိုဟွန်း၏ ဤဆုတောင်းမှာ ကြာရှည်မခံပေ။
ပါးစပ်ထဲသို့ နောက်ဆုံး ပန်းသီးကို ထည့်နေသည့် ဂျင်ဆိုဟွန်း၏ ရှေ့၌ ချွန်းဂါဆောင်း လာရောက် ထိုင်လိုက်သောကြောင့်ပင်။
"မင်းက ဂျင်မိသားစုက ဂျင်ဆိုဟွန်းလို့ ပြောတာပဲ"
ရုတ်တရက် ပေါ်လာသော ချွန်းဂါဆောင်းကြောင့် ပန်းသီးကို ဝါးမဝါးနိုင်သေးသည့် ဂျင်ဆိုဟွန်း၏ ပါးတစ်ဖက်မှာ ဖောင်းကားနေသည်။
ထိုမြင်ကွင်းကို ကြည့်နေသော ချွန်းဂါဆောင်းက အေးစက်စက် ပြောသည်။
"ဝါးပြီးမှ ပြော"
ဂျင်ဆိုဟွန်းက ပန်းသီးကို ဝါးပြီး မြိုချလိုက်သည့်အခါ ချွန်းဂါဆောင်းက ဆက်ပြောသည်။
"မင်း ငါ့ကို အသုံးချဖို့ ယဲရန်းကို အန္တရာယ်ထဲ ထည့်ခဲ့တယ်"
"အဲဒါက..."
အမှားလုပ်မိထားသည်ဖြစ်၍ ဂျင်ဆိုဟွန်းတွင် ပြောစရာ စကားမရှိပေ။
"ဒါက မင်းအတွက် ပထမဆုံးနဲ့ နောက်ဆုံး သတိပေးချက်ပဲ။ နောက်တစ်ခါ အဖြူရောင်လနန်းတော်ကို အသုံးချဖို့ ကြိုးစားကြည့်လိုက်"
ချွန်းဂါဆောင်း၏ အကြည့်နှင့် အသံမှာ ဓားသွားကဲ့သို့ ထက်မြက်နေသည်။
"အဲဒီအခါကျရင် မင်းရဲ့ လည်ပင်းကိုပဲ လောင်းကြေးထပ်ရလိမ့်မယ်"
တစ်ဖက်သတ် ပြောဆိုပြီးသွားသော ချွန်းဂါဆောင်းမှာ အဖြေပင် နားမထောင်ဘဲ ထွက်ခွာသွားသည်။
ချွန်းဂါဆောင်း ထွက်သွားသည်ကို အတည်ပြုပြီးနောက် စီးယုက ညည်းတွားရင်း ရောက်လာသည်။
"သူက တကယ် ထူးဆန်းတဲ့လူပဲ။ ပြီးတော့ အရမ်း ရိုင်းတာပဲ မဟုတ်ဘူးလား"
"ရပါတယ်လေ။ ငါတို့ နောက်တစ်ခါ ထပ်ပြီး ပတ်သက်ရတော့မှာမှ မဟုတ်တာ"
ဂျင်ဆိုဟွန်းမှာ စိုးရိမ်မနေပေ။ ယခုမှစ၍ ချွန်းမိသားစုဝင်တစ်ဦးနှင့်မျှ ပတ်သက်မှု မရှိအောင် နေလိုက်လျှင် ပြီးပြီဖြစ်သည်။
"ချွန်းယဲရန်း ဂျင်ဆိုဟွန်း ရှေ့ထွက်ခဲ့ကြ"
ချွန်းယဲရန်းနှင့်အတူ ခေါ်ခံလိုက်ရသော ဂျင်ဆိုဟွန်းမှာ တုံ့ဆိုင်းစွာ ရှေ့သို့ ထွက်လာခဲ့ရာ ဂွမ်မြောင်က ပြောသည်။
"မင်းတို့ နှစ်ယောက်က အဖွဲ့၁၃ပဲ"
မိုးကြိုးပစ်သကဲ့သို့သော ထိုစကားကြောင့် ဂျင်ဆိုဟွန်း၏ ပါးစပ်မှာ ဟောင်းလောင်း ဖြစ်သွားသည်။
"ဗျာ"