အခန်း ၆၈
Vol. 7 Ch. 68
အခန်း။ ၆၈
အဖွဲ့ ၁၃။
သိုင်းပညာရှင်တစ်ရာကျော်ထဲမှ ချွန်းယဲရန်းနှင့် တွဲမိသွားသည့် ဂျင်ဆိုဟွန်းမှာ ခေါင်းကိုက်သွားရသည်။
အမှန်ဆိုလျှင် ချွန်းဂါဆောင်းကပင် တစ်စုံတစ်ခု ပြောချင်နေသည့်အလား တွန့်ဆုတ်နေသေးသည်။
ယခုတစ်ကြိမ် သိုင်းပညာရှင်များကို ပေးအပ်လိုက်သည့် တာဝန်မှာ သာမန်မဟုတ်သဖြင့် ထိုသို့ဖြစ်ခြင်းအား နားလည်ပေးနိုင်သည်။
"ဘယ်လောက်ပဲ မြန်မြန်ပြေးပြေး တစ်ပတ်လောက် ကြာမယ့် ခရီးစဉ်ပဲ"
သိုင်းပညာရှင်များကို ပေးအပ်လိုက်သော တာဝန်မှာ ဂွေကျိုးရှိ သိုင်းလောက မဟာမိတ်၏ ဌာနခွဲတစ်ခုမှ တိုကင်တစ်ခုကို သွားရောက်ရယူရန် ဖြစ်သည်။
ပြည်နယ်နှစ်ခုကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ရထားလုံးဖြင့် သွားလျှင်ပင် တစ်ဝက်တစ်ပျက်နှင့် တစ်လနီးပါး ကြာမြင့်မည့် ခရီးစဉ် ဖြစ်သည်။
"မင်းတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖော်ပြလို့ မရဘူး။ ပြီးတော့ ကိုယ့်ဂိုဏ်း၊ ကိုယ့်မိသားစုရဲ့ အကူအညီကိုလည်း ရယူလို့ မရဘူး။ အရာအားလုံးကို ကိုယ့်ဘာသာကိုယ် ရုန်းကန်ပြီး ဖြေရှင်းရမယ်"
သူတို့မှာ တည်းခိုခန်းများတွင် ရပ်နား၍ မရသလို စားသောက်ဆိုင်များသို့လည်း သွားရောက်၍ မရပေ။
လမ်းမကြီးများအတိုင်း လျှောက်၍လည်း မရဘဲ တောလမ်းများ သို့မဟုတ် သစ်တောများထဲကိုသာ ဖြတ်သန်းသွားလာရမည်ပင်။
"မင်းတို့ကို စောင့်ကြည့်ဖို့အတွက် သူတောင်းစားဂိုဏ်းမှ သူတောင်းစားတွေက နေရာတိုင်းမှာ ရှိနေလိမ့်မယ်။ တကယ်လို့များ မင်းတို့ကို သူတောင်းစားတွေက တွေ့သွားခဲ့ရင်တော့ အမှောင်ဂူထဲမှာ ပိတ်လှောင်ခံရပြီး နှစ်ပတ်ကြာ နံရံကိုကြည့်ပြီး တရားမှတ်ခြင်းကို ခံယူရလိမ့်မယ်"
"နံရံကိုကြည့်ပြီး တရားမှတ်ရမယ်"
"ပြီးတော့ အဲဒီ အမှောင်ဂူထဲမှာဆိုရင်တော့..."
ကိုယ်တိုင်ကိုယ်ကျ အာရုံလွဲမှားခြင်း အိမ်မက်နယ်မြေ၏ အစွမ်းကို ကြုံဖူးထားသည့် သိုင်းပညာရှင်များမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
"မင်းတို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားပြီး တစ်ခုခုလုပ်မိကြရင်လည်း ငါ မဝင်ရောက်ဘူး။ ဒါပေမဲ့ အဲဒီလောက်အချိန်ရှိရင်တော့ လုပ်ကြပေါ့"
ဆန့်ကျင်ဘက် လိင်များအချင်းချင်း တွဲမိသွားကြသည့် သိုင်းပညာရှင်များအတွက် နောက်ဆက်တွဲ သတိပေးချက်တစ်ခု ဖြစ်သည်။
သူတို့မှာ အားအင်အပြည့် ရှိနေကြသည့် လူငယ်များ ဖြစ်ကြသဖြင့် အတူတူ ခရီးသွားရင်း တစ်စုံတစ်ခု ဖြစ်လာလျှင်လည်း ထူးဆန်းမည် မဟုတ်ပေ။
သို့သော် တစ်လနီးပါး သွားရမည့် ခရီးကို တစ်ပတ်အတွင်း ဖြတ်ကျော်ရမည် ဖြစ်သဖြင့် တစ်ခဏမျှပင် နားနေရန် အချိန်မရှိပေ။
"အကြီးအကဲ"
ဇူဂယ်မင်က လက်ကို မြှောက်လိုက်သည်။
"ဘာပြောချင်လို့လဲ"
"ထွက်ခွာရမယ့်အချိန်က ဘယ်တော့လဲ"
"ကောင်းတဲ့ မေးခွန်းပဲ"
အပြာရောင်နဂါး တာအိုကျောင်း၏ တံခါးကြီး ပွင့်သွားသည်နှင့် သိုင်းပညာရှင်များမှာ နားမလည်နိုင်သည့် မျက်နှာများ ဖြစ်သွားကြသည်။
"မင်းတို့က ထွက်ခွာရမယ့်အချိန်ကို မေးတာမလား အခုပဲ။ တကယ်လို့ တစ်ပတ်အတွင်း တာအိုကျောင်းကို ပြန်မရောက်လာရင်တော့ မင်းတို့အားလုံး အမှောင်ဂူထဲ ဝင်ပြီး နံရံကိုကြည့်ပြီး တရားမှတ်ကြရတော့မယ်။ နားလည်ရင် ထွက်ခွာကြ"
ဂွမ်မြောင်၏ အော်ဟစ်လိုက်သံနှင့်အတူ အသိဉာဏ်ကောင်းသည့် သိုင်းပညာရှင်များမှာ အလျင်အမြန် ထွက်ခွာသွားကြသည်။
"သေစမ်း အဝတ်အစားတောင် ထုပ်ဖို့ အချိန်မရလိုက်ဘူး"
"ပါးစပ်ပိတ်ပြီး ပြေးသာပြေးတော့"
ကံမကောင်းစွာဖြင့် တွဲမိသွားကြသည့် အိုဆောဟွာနှင့် မူရုံဆူဆူတို့မှာ တစ်ယောက်ကိုတစ်
ယောက် စိုက်ကြည့်ရင်း တာအိုကျောင်းထဲမှ ပြေးထွက်သွားကြသည်။
"မင်း... ပြေးနိုင်ပါ့မလား"
"ဘာ... အရှိန်နဲ့လဲ"
"ဟာ..."
ဂျုံရိုအာက သူ၏ နဖူးပေါ်သို့ လက်တင်လိုက်သည်။ သူနှင့်အတူ အဖွဲ့၄၄တွင် တာဝန်ပေးခြင်း ခံရသည့် သိုင်းပညာရှင် နှစ်ဦးမှာ ယူအူဆွန်းနှင့် စီးယုတို့ ဖြစ်သည်။
ထိုနှစ်ဦးမှာ တုန်ရီနေသည့်ပုံဖြင့် ဂျုံရိုအာကို ကြည့်နေကြသည်။ ဝန်ထုပ်ဝန်ပိုး နှစ်ခုနှင့် တွဲမိသွားသည့် ဂျုံရိုအာမှာ အလွန်ပင် ခက်ခဲနေသည်။
သူတို့ကို စွန့်ပစ်ပြီး တစ်ယောက်တည်းပဲ သွားချင်လိုက်တာ။
သို့သော် အဖွဲ့ဝင်အားလုံး တိုကင်ကို ယူပြီးမှသာ အောင်မြင်သည်ဟု သတ်မှတ်မည်ဆိုသည့် ဂွမ်မြောင်၏ စကားကြောင့် ဂျုံရိုအာမှာ စီးယုနှင့် ယူအူဆွန်းကို အတင်းခေါ်သွားရတော့မည်ပင်။
"ပြေးစမ်း နောက်ကျကျန်ခဲ့ရင် မင်းတို့ကို သတ်ပစ်မယ်"
"ဟီးဟီး…."
"ဝါး….ငိုချင်လာပြီ"
ယူအူဆွန်းနှင့် စီးယုမှာ တာအိုကျောင်းမှ ပြေးထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ သူတို့၏ နောက်မှ ဂျုံရိုအာမှာ ဒေါသတကြီး အော်ဟစ်ရင်း ပြေးလိုက်သွားသည်။
"အင်း..."
ဂျင်ဆိုဟွန်းမှာ သူ့ကို အသက်ပျောက်မတတ် စိုက်ကြည့်နေသည့် ချွန်းဂါဆောင်းကြောင့် ဂွမ်မြောင်ရှိရာသို့ အလျင်အမြန် ပြေးသွားသည်။
"တာအိုကျောင်း အကြီးအကဲ"
"အခု ဘာပြန်ဖြစ်တာလဲ မင်းတို့မှာ အချိန်သိပ်မကျန်တော့ဘူး"
"အဖွဲ့တွေကို ပြောင်းလို့မရဘူးလား"
"မရဘူး။ မပြောင်းပေးနိုင်ဘူး"
ဂွမ်မြောင်၏ ခိုင်မာသော သဘောထားကြောင့် ဂျင်ဆိုဟွန်းမှာ အမြန်ဆုံးပင် လက်လျှော့လိုက်သည်။ ငြင်းခုံနေခြင်းမှာလည်း အလုပ်ရှုပ်စရာ တစ်ခုသာ ဖြစ်သည်။
ရွေးချယ်စရာ မရှိတော့သဖြင့် ဂျင်ဆိုဟွန်းက ချွန်းဂါဆောင်းကို ပခုံးတွန့်ပြလိုက်ပြီး ချွန်းယဲရန်းဆီသို့ ချဉ်းကပ်သွားသည်။
"ကဲပါ ဖြစ်ချင်ရာဖြစ်တော့။ အခုတော့ သွားရအောင်။ ဂွေကျိုးက ဘယ်နားမှာလဲ"
သိုင်းပညာရှင်အားလုံးကို ပေးအပ်ထားသည့် အိတ်ကြီးထဲမှ မြေပုံကို ထုတ်ယူလိုက်သော ဂျင်ဆိုဟွန်းမှာ သိုင်းလောက မဟာမိတ်၏ ဌာနခွဲရှိရာ ဂွေကျိုးကို မြေပုံပေါ်တွင် လိုက်ရှာနေသည်။
"အာ ဟိုမှာ။ တော်တော်လေး ဝေးတာပဲ"
တာအိုကျောင်းမှ ထွက်ခွာတော့မည့် ဂျင်ဆိုဟွန်း၏ နားထဲသို့ ချွန်းဂါဆောင်း၏ စိတ်အာရုံဖြင့် ဆက်သွယ်ပြောဆိုသည့် စကားသံ ရောက်လာသည်။
ယဲရန်းရဲ့ ဆံပင်တစ်မျှင်ကိုတောင် မင်းထိလိုက်မယ်ဆိုရင် ငါ...
ချွန်းဂါဆောင်း၏ စကား မဆုံးခင်မှာပင် ဂျင်ဆိုဟွန်းမှာ တာအိုကျောင်းမှ အလျင်အမြန် ထွက်ခွာသွားသည်။
ထို့ကြောင့် ချွန်းယဲရန်းမှာလည်း အလျင်အမြန် လိုက်ပါသွားရသည်။ မည်သို့ပင်ဖြစ်စေ ဤတာဝန်ပြီးဆုံးသည်အထိ သူမမှာ ဂျင်ဆိုဟွန်းနှင့်အတူ သွားလာနေရဦးမည်ပင်။
"သွားကြရအောင်"
"ဟုတ်ကဲ့"
ချွန်းယဲရန်းမှာ သူမ၏ အစ်ကိုအတွက် စိုးရိမ်နေသော်လည်း ယခုတော့ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။ နှစ်ဦးသားမှာ စည်းကမ်းအတိုင်း လမ်းမကြီးပေါ်တွင် မသွားဘဲ တောလမ်းထဲသို့ ဝင်သွားကြသည်။
ကမ္ဘာပေါ်တွင် အပျင်းဆုံး လူသားဟုပြောကြလျှင် ထိုသူမှာ ဂျင်ဆိုဟွန်းပင်။
သို့သော် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အကြောင်းရင်းများကြောင့် တောင်ပေါ်တွင် ခြောက်နှစ်တိုင်တိုင် နေထိုင်ခဲ့ရပြီး စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အနားယူခြင်းများကို ကိုယ့်ဘာသာကိုယ် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။
အရင်က လုပ်ခဲ့ဖူးတာပဲဟာ မခက်ခဲပါဘူး။
ပြဿနာမှာ ချွန်းယဲရန်းပင်။
သူမက ဒီလောက်ထိ ဘာမှ အသုံးမဝင်လိမ့်မယ်လို့ မထင်ထားမိဘူး။
အဖြူရောင်လနန်းတော်တွင် အဖိုးတန်စွာ ကြီးပြင်းလာခဲ့သည့် ချွန်းယဲရန်းမှာ အပြင်ဘက်တွင် အိပ်စက်ခြင်း သို့မဟုတ် စခန်းချခြင်းကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သူမမှာ အမြဲတမ်း အာဟာရပြည့်ဝသော အစားအစာများကို တစ်နေ့သုံးကြိမ် စားသောက်ခဲ့ရပြီး အစေခံများ ယူဆောင်လာပေးသည့် ရေဖြင့်သာ ရေချိုးခဲ့ရသူ ဖြစ်သည်။
သူမအတွက် တောင်ပေါ်ဘဝမှာ ခက်ခဲခြင်းသက်သက်သာ ဖြစ်နေသည်။
"ဒီလောက်ဆို ရပြီလား"
ချွန်းယဲရန်း ရှာပေးလာသည့် ဆေးဖက်ဝင်အပင်များကို ကြည့်ပြီး ဂျင်ဆိုဟွန်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီအပင်ကော ဒီအပင်ကော စားလို့မရဘူး။ ဒါက... အရသာက အရမ်းဖန်လွန်းတယ်။ ပြီးတော့ ဒါက..."
ဂျင်ဆိုဟွန်းက ချွန်းယဲရန်း၏ လက်ထဲမှ စား၍ရသည်များနှင့် မရသည်များကို ရွေးထုတ်လိုက်သည်။ နောက်ဆုံးတွင် ကျန်ရစ်ခဲ့သည်မှာ မြက်ပင်အနည်းငယ်မျှသာ ဖြစ်သည်။
"သူတို့က အဆိပ်မရှိတဲ့ အပင်တွေပါ"
"အဆိပ်မရှိတိုင်း စားလို့ရတာမှ မဟုတ်တာ။ ငါတို့က နွားတွေ မြင်းတွေမှ မဟုတ်တာ"
"နောက်ထပ် ဘာမှ မရှိတော့ဘူးလား"
"ယုန်လိုမျိုး တစ်ခုခုကို ရှာကြည့်သေးတယ်... ဒါပေမဲ့ ဘယ်လောက်ပဲ ရှာရှာ ဘာသတ္တဝါမှ မတွေ့ဘူး"
ထိုအရာကလည်း သဘာဝပင်။ သူမက ဓားကို ကိုင်ထားပြီး အရှိန်အဝါ ဆိုးရွားနေသဖြင့် လူသားများထက် အာရုံခံနိုင်စွမ်း ပိုကောင်းသော တိရစ္ဆာန်များအားလုံးမှာ ကြိုတင်၍ ထွက်ပြေးသွားကြပြီဖြစ်သည်။
ဤအတိုင်းဆိုလျှင် တောင်ပေါ်ရှိ တိရစ္ဆာန်အားလုံးမှာ နောက်တောင်သို့ ပြောင်းရွှေ့သွားကြတော့မည်မှာ သေချာနေသည်။
ရွေးချယ်စရာ မရှိတော့သဖြင့် ဂျင်ဆိုဟွန်း ခေါင်းကို ကုတ်လိုက်သည်။
"သခင်မလေး မီးမွှေးပေးပါ။ ကျွန်တော် အစားအစာတစ်ခုခု သွားရှာလိုက်မယ်"
သိုင်းပညာရှင် ဘယ်လောက်ပဲ ထူးချွန်ပါစေ စားဖို့နှင့် အိပ်ဖို့တော့ လိုအပ်သည်။
စခန်းချမည့် တာဝန်ကို ချွန်းယဲရန်းထံ အပ်နှံလိုက်ပြီးနောက် ဂျင်ဆိုဟွန်းမှာ ပျင်းရိမှုကြောင့် လေးလံနေသော ခန္ဓာကိုယ်ကို အတင်းနှိုးဆော်ကာ တောင်ပေါ်တွင် လှည့်လည်ရှာဖွေနေသည်။
"ဝံပုလွေလေးကို လွမ်းလိုက်တာ"
လက်ဟန်ခြေဟန် ပြရုံနှင့် ယုန်နှင့် သမင်များကို ဖမ်းပေးတတ်သည့် ဝံပုလွေလေးတို့ကို ယနေ့တွင် အထူးသဖြင့် လွမ်းဆွတ်မိသည်။ ဂျင်ဆိုဟွန်းက သစ်ကိုင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး သူ၏ အာရုံငါးပါးကို စုစည်းလိုက်သည်။
ပိုက်ကွန်တစ်ခုလို ဖြန့်ကျက်ထားသော သူ၏ စွမ်းအားက အနီးအနားတွင် ဖြစ်ပေါ်နေသော အလွန်သေးငယ်သည့် လှုပ်ရှားမှုကို ဖမ်းမိလိုက်သည်။
"ဟိုမှာ"
ဂျင်ဆိုဟွန်း၏ လက်ထဲမှ သစ်ကိုင်းမှာ ဓားတစ်စင်းကဲ့သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ စိုက်ဝင်သွားသည်။
"ဒီကောင်လေးတောါ မိသွားပြီ"
သစ်ကိုင်းတွင် စိုက်ဝင်ပြီး ရုန်းကန်နေသော မြွေကို တွေ့လိုက်ရသည့်အခါ ဂျင်ဆိုဟွန်းမှာ လျှာသပ်လိုက်သည်။ တြိဂံပုံစံ ခေါင်းနှင့် ချွန်ထက်သော အစွယ်များကို ကြည့်ခြင်းအားဖြင့် ဤမြွေမှာ အချိန်အတော်ကြာ နေထိုင်လာခဲ့သည့် အဆိပ်ပြင်းမြွေ ဖြစ်ကြောင်း သိသာသည်။
လူအယောက်သုံးဆယ်ကို တစ်စက်တည်းဖြင့် သတ်နိုင်လောက်သည့် အဆိပ်ရှိသော်လည်း ဂျင်ဆိုဟွန်းအတွက်မူ ၎င်းမှာ ကျန်းမာရေးအတွက် အာဟာရဓာတ်သာ ဖြစ်သည်။
"တောင်းပန်ပါတယ်။ ရှင်သန်ဖို့အတွက်တော့ ငါတို့ နှစ်ယောက်လုံး စားမှ ဖြစ်မှာမို့ပါ"
ဂျင်ဆိုဟွန်းက အဆိပ်မြွေ၏ ခေါင်းကို ပုတ်လိုက်သည်။
ခွပ်
ဦးခေါင်းခွံ ပိန်သွားပြီး မြွေ၏ ကိုယ်ခန္ဓာမှာ လျော့တွဲသွားသည်။ အဆိပ်ဘယ်လောက်ပြင်းပြင်း မကိုက်နိုင်တော့သည့်တိုင်အောင် သာမန်မြွေတစ်ကောင်နှင့် ဘာမှ မထူးခြားတော့ပေ။
ဂျင်ဆိုဟွန်းက ခေါင်းကျိုးကာ သေဆုံးသွားသည့် မြွေကို အိတ်ထဲ ထည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဒီလောက်ဆို မလုံလောက်သေးဘူး... နောက်ထပ် တစ်ခုခု ရှိသေးလား"
အပျင်းကြီးသူက တောင်ပေါ်တွင် အစာရှာနေစဉ် ချွန်းယဲရန်းက ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်လုံးများဖြင့် သူမ၏ ဓားကို မြှောက်လိုက်သည်။
"ဟူး"
အသက်ကို တစ်ချက်ရှူသွင်းလိုက်ပြီးနောက် ဓားကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ဖြာထွက်သွားသည်။
"အင်း"
သူမ စိတ်တိုင်းမကျသည့်အလား ချွန်းယဲရန်း၏ လှပသော နဖူးပြင်တွင် မျက်မှောင်ကြုတ်မှု ဖြစ်ပေါ်လာသည်။
"ဒီလို လုပ်ရမှာ မဟုတ်ဘူး"
မီးဖိုအတွက် အသုံးပြုမည့် ထင်းတုံးကို စိုက်ကြည့်ရင်း သူမ နောက်တစ်ကြိမ် ဓားကို ဝှေ့ယမ်းလိုက်သည်။
မြွေတစ်ကောင်နှင့် ယုန်သုံးကောင်ကို ဖမ်းမိလာသော ဂျင်ဆိုဟွန်းက သီချင်းတစ်ပုဒ်ကို ညည်းဆိုနေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ကြားလိုက်ရပါက ထိုအသံမှာ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံနှင့် တူနေလိမ့်မည်။
ဂျင်ဆိုဟွန်းကတော့ သူ၏ သီဆိုမှုအပေါ် ဂရုမစိုက်ပါ။
"မီးတော့ အသင့်ဖြစ်လောက်ပြီ..."
စခန်းနေရာသို့ ပြန်ရောက်လာသည့်အခါ ထင်းတုံးများပုံကို ကြည့်ပြီး တည်ငြိမ်စွာ ရပ်နေသော ချွန်းယဲရန်းကို တွေ့လိုက်ရသည်။
"ဘာလုပ်နေတာလဲ"
"မီးမွှေးဖို့ ကြိုးစားနေတာပါ"
"ပြီးတော့"
"မအောင်မြင်ဘူး"
သူမက အလွန်ယုံကြည်ချက်ရှိစွာ ပြောသည်။ ဂျင်ဆိုဟွန်းအနေဖြင့် ဤအခြေအနေကို နားမလည်နိုင်ပေ။ ထင်းတုံးများမှာ တောင်တစ်ခုလို ပုံထားပြီး ကျောက်တုံးများမှာလည်း တစ်ခြမ်းစီ ပဲ့ကျကာ ဟိုဒီ လူးလိမ့်နေသည်။
သူမက ဓားကိုသုံးပြီး မီးပွားထွက်အောင် လုပ်ဖို့ ကြိုးစားခဲ့တာပဲ။
အင်အားကို အလွန်အကျွံ သုံးလိုက်မိသည့်အတွက် မီးပွားထွက်လာမည့်အစား ကျောက်တုံးမှာ ပြောင်လက်စွာ ပြတ်ထွက်သွားခဲ့ခြင်းပင်။
"သေပါပြီ ငါ့ဘဝက ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ"
တစ်သက်လုံး အပျင်းဆုံး လူသားအဖြစ် နေထိုင်ရန် စီစဉ်ထားခဲ့သော ဂျင်ဆိုဟွန်းမှာ သက်ပြင်းချလိုက်ပြီး ဖမ်းလာသော အစာများကို ချကာ ထင်းတုံးများကို စနစ်တကျ ပြန်စီလိုက်သည်။
ထို့နောက် သင့်တော်သည့် ကျောက်တုံးနှစ်ခုကို ယူကာ ခြောက်သွေ့နေသော အရွက်ပေါ်တွင် အားနှင့် ပွတ်တိုက်လိုက်သည်။
ဂျစ်..ဂျစ်….
အနည်းငယ် ထိခိုက်လိုက်သည်နှင့် မီးပွားများ ထွက်လာသည်။
သူ၏ အတွင်းအားပါဝင်သော အသက်ရှူသံဖြင့် မှုတ်သွင်းလိုက်သောအခါ မီးမှာ လျင်မြန်စွာ ကူးစက်သွားသည်။ ၎င်းကို ကြည့်နေသော ချွန်းယဲရန်းမှာ အံ့ဩသွားကာ မေးသည်။
"အံ့ဩစရာပဲ"
သူမ၏ စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်ခြင်းပင်။
"ဘာမှ မဟုတ်ပါဘူး။ ဟိုဘက်က မြွေနဲ့ ယုန်တွေကို ပေးပါဦး"
ချွန်းယဲရန်းက မြေပြင်ပေါ် တင်ထားသော အစာများကို ယူပေးလိုက်သည်။
"ဒါက ဘာလဲ"
"ဘာကို ဆိုလိုတာလဲ ငါတို့ စားဖို့ အစာလေ"
""
ဂူဂျူးချော၏ ရက်စက်မှုကိုပင် မကြောက်ရွံ့ခဲ့သော ချွန်းယဲရန်း၏ မျက်လုံးများမှာ လျင်မြန်စွာ တုန်ရီသွားသည်။
"အစာ... ဒါက ကျွန်မတို့ရဲ့ အစာဆိုတာလား"
"ဟုတ်တယ်လေ"
ယခုတော့ ဂျင်ဆိုဟွန်းမှာ ချွန်းယဲရန်းအပေါ် ဘာမျှ မျှော်လင့်ချက် မထားတော့ပေ။
အလုပ်ရှုပ်ပေမဲ့ ငါပဲ လုပ်ရတော့မှာပေါ့။ သခင်မလေးချွန်းကို လွှတ်ထားရင် အလုပ်နှစ်ခါ ပြန်လုပ်ရလိမ့်မယ်။
ဂျင်ဆိုဟွန်းက အစာများကို သန့်စင်လိုက်သည်။
"အိုးသာ ရှိရင် ဟင်းရည်လေး လုပ်သောက်လို့ ရမှာကို"
ဘာမျှ မရှိသဖြင့် ဂျင်ဆိုဟွန်းက အသားများကို အကိုင်းအခက်တွင် ထိုးကာ မီးပေါ်တွင် ကင်လိုက်သည်။ အခွံနွှာထားသော အသားများမှာ မီးကြောင့် အနံ့မွှေးလာသည်။
"ဆားမရှိတော့ အနံ့အသက်ကတော့ မပျောက်ဘူး။ ဒါပေမဲ့ အားရှိဖို့အတွက် အတင်းစားမှ ဖြစ်မှာ"
ကင်ထားသော မြွေသားကို ကမ်းပေးလိုက်သည့်အခါ ချွန်းယဲရန်းမှာ တုန်ရီနေသော လက်ဖြင့် ယူလိုက်သည်။
"စားလိုက်ပါ"
မြွေသား တစ်ဝက်ကို ပါးစပ်ထဲ ထည့်ကာ ဝါးနေသော ဂျင်ဆိုဟွန်းကို ကြည့်ရင်း ချွန်းယဲရန်းကလည်း တဖြည်းဖြည်း ပါးစပ်ဖွင့်လိုက်သည်။
…….
"သေတော့မယ်... မဟုတ်ဘူး ငါ့ကို သတ်လိုက်ပါတော့"
"တကယ် သတ်စေချင်တာလား"
"စနေတာပါ။ ဒေါသကလည်း ကြီးလိုက်တာ"
"ဘာ"
"ဘာမှ မဟုတ်ပါဘူး။ ဟီးဟီး။ အိုက်ယား... သေတော့မယ်..."
စီးယုမှာ တကယ်ပင် ခက်ခဲနေသည်။ ဂျုံရိုအာကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်
သော်လည်း သူက စီးယုကို မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေသည်။
"ဟမ့် ငါက အားနည်းပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါဆို"
စီးယုမှာ စိတ်တိုနေသည်။
ယူအူဆွန်းမှာ သိုင်းပညာကို သင်ကြားဖူးသော သိုင်းပညာရှင်ဖြစ်ပြီး ဂျုံရိုအာမှာလည်း ထိုနည်းတူပင်။
ထိုနှစ်ဦးမှာ တစ်ဝက်တစ်ပျက် ပြေးလာနိုင်သော်လည်း သူမမှာမူ မဟုတ်ပေ။
အပြာရောင်နဂါး တာအိုကျောင်းတွင် ရက်သတ္တပတ် အနည်းငယ်မျှ လေ့ကျင့်ခဲ့သော်လည်း ရုတ်တရက် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။ ပုံမှန်လူသားတစ်ယောက်
အတွက် သိုင်းပညာရှင်တစ်ယောက်နှင့် လိုက်ပြေးခြင်းမှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
"ဟူးးးဟူးးး"
စီးယု အသက်ရှူကြပ်လာသည့်အခါ ယူအူဆွန်းက စိုးရိမ်စွာ ပြောသည်။
"ဒီအတိုင်းဆိုရင် သခင်မလေးစီး ပင်ပန်းလွန်းလို့ လဲကျသွားလိမ့်မယ်"
"သေစမ်း"
ဂျုံရိုအာက စီးယုကို ဒေါသထွက်သော မျက်နှာဖြင့် ငုံ့ကြည့်လိုက်သည်။ စွန့်ပစ်လိုက်ချင်သော်လည်း စည်းကမ်းအရ အဖွဲ့ဝင်အားလုံး ပြန်ရောက်မှသာ အောင်မြင်မည်ပင်။
"မင်း သူမကို ပွေ့သွားလိုက်ပါ"
"ကျ... ကျွန်တော်လား"
"ဒါဆို ငါပဲ ပွေ့သွားရမလား"
"အာ နားလည်ပါပြီ"
ယူအူဆွန်းက စီးယုကို ပွေ့ချီလိုက်သည့်အခါ ဂျုံရိုအာမှာ ပြန်ပြေးသည်။ သို့သော် သူတို့၏ ပြေးခြင်းမှာ တစ်နာရီမျှပင် မကြာလိုက်ပေ။
"ဒီတစ်ခါတော့... သေပြီ... သေတော့မှာပဲ"
ယူအူဆွန်းက သေတော့မည်ဟု ပြောရင်း အသက်ရှူကြပ်နေပြန်သည်။ ပြေးရုံနှင့်တင် ခက်ခဲသော အခြေအနေတွင် စီးယုကို ပွေ့ချီကာ ပြေးခဲ့ရသဖြင့် စီးယုနှင့် ယူအူဆွန်းတို့မှာ တစ်ယောက်ပြီးတစ်ယောက် သေလုမျောပါး ဖြစ်နေကြသဖြင့် ဂျုံရိုအာက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်ကြီးက ဘာကြောင့်များ ငါ့ကိုပဲ စမ်းသပ်နေရတာလဲ။
"ငါ ဘာများ အမှားလုပ်မိလို့လဲ"
ဂျုံရိုအာ၏ မေးခွန်းကို ကောင်းကင်ဘက်မှ အဖြေမရှိပေ။
"အိုက်ယား"
"သေတော့မှာပဲ"
စီးယုနှင့် ယူအူဆွန်းတို့၏ ညည်းတွားသံများသာ ကြားနေရသည်။
အဖွဲ့၅၀ ခွဲ၍ ထွက်ခွာသွားသော သိုင်းပညာရှင်များ၏ နောက်တွင် ဂွမ်မြောင်မှာလည်း အလျင်အမြန် လှုပ်ရှားရတော့မည်ပင်။
"အစာကို ပစ်ချလိုက်ပြီဆိုတော့ တစ်နည်းနည်းနဲ့ တုံ့ပြန်မှု ရှိလာမှာပဲ"
ဘေးတွင် ရပ်နေသော ဂူဂျူးချောက အေးစက်သော မျက်လုံးများဖြင့် လေဟာနယ်ကို စိုက်ကြည့်နေသည်။
"သူတို့ မပြင်ဆင်ရသေးဘူးလို့ မပြောခဲ့ဘူးလား ဒီလောက်ထိ အလျင်လိုစရာ အကြောင်း ရှိလို့လား"
"သိဖို့ လိုအပ်လို့ပါ"
"သိဖို့ လိုအပ်တယ်"
"မိစ္ဆာဂိုဏ်း မဟာမိတ်က အပြာရောင်နဂါး တာအိုကျောင်းကို ဂရုစိုက်နေတယ်ဆိုတာကိုလေ။ ပြီးတော့ အခွင့်အရေး ရတာနဲ့ သိုင်းပညာရှင်တွေကို သတ်ဖို့ ကြိုးစားလိမ့်မယ်ဆိုတာကိုပါ"
"ဂိုဏ်းဂိုဏ်းကိုးဂိုဏ်း၊ မိသားစုငါးခု၊ ပြီးတော့ အဖြူရောင်လနန်းတော်... သူတို့အားလုံး ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သိလျက်နဲ့ ဒီလိုလုပ်နေတာလား"
ဂွမ်မြောင်က ခေါင်းညိတ်လိုက်သည်။
"သိုင်းလောက မဟာမိတ်ထဲမှာ ဒီကိစ္စကို သိတာ ကျွန်တော်တို့ တစ်ဖွဲ့တည်း မဟုတ်ဘူးလေ"