← Chapters

ဖော်ထုတ်ခံလိုက်ရခြင်း

Vol. 175 Ch. 2475

ဖော်ထုတ်ခံလိုက်ရခြင်း

Vol. 175 Ch. 2475

“ ဘာ … မင်းက နှုတ်ထွက်တော့မယ် ….”

ဤသတင်းကိုကြားတော့ ကျန်းဟွေ့နှင့် ကျန်းဇီရှင်းတို့ နှစ်ဦးလုံး လက်ခံရန် ခက်ခဲသွားခဲ့ကြသည်။

သို့သော် ကျူးကျွင်းချီနည်းတူ… ကျန်းဟွေ့လည်း မြန်မြန်ဆန်ဆန်ပဲ နားလည်သဘောပေါက်သွားခဲ့၏။

နှစ်ဦးလုံးက လင်းရီ မည်သူဆိုတာကို ကောင်းစွာ နားလည်ထားကြသည်။

အဲဖာ့ဒ်လို ယွမ်သန်းကျော်တန်သည့် ကားတစ်စင်းမျိုးကို နှစ်ခါမစဉ်းစားဘဲ အလွယ်တကူ ပေးပစ်နိုင်သူက ငွေကြေးကိစ္စ ခေါင်းထဲ မထည့်သည့် လူစားမျိုး ဖြစ်မည်မှာ ကျိန်းသေသည်။ သူ ရဲစခန်းသို့ ရောက်လာခဲ့သည်က ဘဝအတွေ့အကြုံ ခံစားရန်နှင့် သူ၏ အစွမ်းအစများကို သက်သေပြဖို့ အတွက်ပင်။

ယခု သူ့ကိုယ်သူ သက်သေပြပြီးသွား၏။ ဆက်နေစရာ အကြောင်းမရှိတော့ချေ။

“ ကောင်းပြီလေ … ငါ့နေရာမှာ တစ်ယောက်ယောက် ထားခဲ့လိုက်မယ် …” ကျန်းဟွေ့ ပြောလိုက်သည်။

“ မင်းတို့ကောင်တွေ အရင်ပြန်ပြီး အဝတ်အစားလဲနှင့် … ပြီးရင် အစ်ကိုလီနဲ့ ကူရိရန်ကို ဖုန်းခေါ်လိုက် … ညနေခင်း ကိစ္စကိုတော့ ငါပဲ စီစဉ်လိုက်မယ် … ဘယ်ကောင်မှ ငါနဲ့ လာပြိုင်ဖို့ မကြိုးစားကြနဲ့ ….”

“ အဲ့တာဆိုရင်တော့ အားနာစရာပဲ …” လင်းရီ ပြုံးလျက် ပြန်ပြောလိုက်ပြီး “ တကယ်ဆို စီစဉ်တဲ့သူက ကျုပ် ဖြစ်ရမှာလေ …”

“ ဘာမှ အားနာနေစရာ မလိုဘူး …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ဘယ်ကောင်မှ ပြန်မငြင်းနဲ့ … ဒါ အတည်ပဲ … အခုသွားပြီး အဝတ်အစားလဲကြတော့ ….”

“ ဟုတ်ကဲ့ …”

အုပ်စုက အဆောက်အဦးထဲသို့ ပြန်လာပြီး အဝတ်အစားလဲကာ တစ်ယောက်ပြီးတစ်ယောက် ၊ ညနေစာစားဖို့ ထွက်လာခဲ့ကြ၏။ သူတို့တွေ မူးသည်အထိ သောက်ဖို့ ဆုံးဖြတ်ထားခဲ့ကြသည်။

ကျန်းဟွေ့က စီချွမ် စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ထားခဲ့ပြီး အဝသောက်ဖို့ရာ အဆင်သင့် ဖြစ်နေသည်။

စားသောက်ဆိုင်သို့ ရောက်သည်နှင့် လင်းရီက တိတ်ဆိတ်သည့် တစ်နေရာသို့ သွားရောက်ပြီး ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်သည်။

“ ငါ အလုပ်ထွက်မယ့် ကိစ္စတွေ ကိုင်တွယ်ပြီးပြီ … အခု လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာ စားနေတာ … မင်းကို တစ်ယောက်ယောက် လာကြိုခိုင်းလိုက်မယ် …”

“ မလိုဘူး … ရတယ် … နင်လုပ်စရာ ရှိတာသာလုပ် … ငါ့အတွက် စိတ်မပူနဲ့ ….”

“ ဒါဆိုလည်း ကောင်းပြီလေ … ကိုယ့်ဘာကိုယ် ဂရုစိုက်ဦး ….”

“ အင်း ….”

ဖုန်းချပြီးနောက် လင်းရီ သီးသန့်ခန်းထဲသို့ ပြန်ဝင်လာသည်။

ထိုအချိန်၌ ကျီချင်းရန်က ကုမ္ပဏီ၌ ရှိနေခြင်း မဟုတ်ဘဲ ဈေးဝယ်ထွက်နေခြင်း ဖြစ်၏။

မူလကတော့ ဈေးဝယ်ထွက်ဖို့ မစီစဉ်ထားသော်ငြား လင်းရီက သူမအတွက် စာရင်းတစ်ခုပေးထားသဖြင့် ထိုစာရင်းကိုပဲ တစ်ချိန်လုံး စိတ်ထဲ စဉ်းစားနေမိသည်။ ထို့ကြောင့် ညနေခင်းပိုင်း၌ အပြင်သို့ ထွက်လာပြီး စာရင်းထဲ ပါဝင်သည်များ အားလုံးကို ဝယ်ယူဖို့ ရည်ရွယ်ထား၏။

ယခုအချိန်၌ ကျီချင်းရန်၏ စိတ်ထဲတွင် အလုပ်လုပ်ဖို့ ဟူ၍ မရှိတော့ဘဲ စိတ်တစ်ခုလုံးက ကလေးလေးအပေါ်မှာပဲ ရောက်ရှိလို့နေသည်။

အချိန်ရှိတိုင်း မိခင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများကို ကြည့်နေတတ်၏။ အဝတ်အစား ဝယ်သည့်အချိန်၌ပင် ယခုလောက် စိတ်စွဲလမ်းမှုမျိုး မရှိဖူးပေ။

ကျီချင်းရန် ဓာတ်လှေကားဖြင့် ဟိန်လုံပလာဇာ၏ ငါးလွှာသို့ ရောက်ရှိလာသည်။

ကမ္ဘာ့ထိပ်တန်း မိခင်နှင့် ကလေး အသုံးအဆောင် ပစ္စည်းများအားလုံးက ဤအလွှာတွင် တစ်စုတစ်စည်းတည်း ရှိနေသည်။ သူမ မကြာခဏ လာလေ့ရှိသည့် နရာလည်း ဖြစ်၏။

ရင်းနှီးနေသည့် လမ်းအကြောင်းအတိုင်း ကျီချင်းရန်က ‘Cilk’ အမည်ရသည့် ကလေးအသုံးအဆောင်ပစ္စည်းများ ရောင်းချသည့် ဆိုင်ထဲသို့ ဝင်သွား၏။

လင်းရီ ပေးထားသည့် စာရင်းထဲရှိ အပူချိန်ထိန်းထားပေးသည့် ရေနွေးကရားအိုး ဝယ်ယူဖို့ အသင့်ဖြစ်နေသည်။

“ မင်္ဂလာပါ .. ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါရှင် … အပူချိန်ထိန်းပေးတဲ့ ကရားအိုးက ဒီဘက်မှာပါ …”

ကျီချင်းရန် ပစ္စည်းများ ရွေးချယ်နေသည့် အချိန်မှာပဲ အရောင်းဝန်ထမ်းတစ်ဦး စကားပြောဆိုနေသည့် အသံကို နားက ရုတ်ချည်း ကြားလိုက်ရ၏။

အတော်လေး တိုက်ဆိုင်လွန်းသည်ဟုလည်း စိတ်ထဲ တွေးတောနေမိသည်။

သူမလည်း အဲ့ဒီ ပစ္စည်းဝယ်မလို့ပဲလေ …

သို့ပေမယ့် အရောင်းဝန်ထမ်းနှင့် ကတ်စတန်မာတို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရချိန်တွင်တော့ ကျီချင်းရန် လုံးဝ ကြက်သေသေသွားခဲ့ရသည်။

သူမ လျန်ရူရွှယ်ကို မြင်တွေ့လိုက်ရ၏။

တစ်ချိန်တည်းမှာပဲ ဈေးဝယ်ထွက်နေသည့် လျန်ရူရွှယ်ကလည်း ချက်ချင်းဆိုသလို ကျီချင်းရန်ကို မြင်တွေ့သွားခဲ့လေသည်။

၎င်းတို့နှစ်ဦး၏ မျက်ဝန်းတို့ လေထဲဆုံတွေ့တစ်ခိုက်၊ စိတ်အတွင်း၌ ကသောင်းကနင်းဖြစ်နေသည့် ဒီရေလှိုင်းတို့ ထကြွသောင်းကြမ်းလာပြီး အချိန်အတော်ကြာသည်ထိတိုင် မငြိမ်သက်နိုင်ဘဲ ဖြစ်သွားခဲ့ရသည်။

လျန်ရူရွှယ် မျက်မှောင်ကြုတ်သွားခဲ့၏။

ကျီချင်းရန်၏ မျက်နှာမှာတော့ ဖြူလျော့နေလေသည်။

ရှင်းပြမရနိုင်သည့် စိတ်ခံစားချက်တစ်ခုက နှစ်ဦးလုံး၏ ရင်ဘက်ထဲ ပေါက်ဖွားလာခဲ့သည်။

“ ဖောက်သည်ရှင့် … ကရားအိုးတွေက ဒီရှေ့ဘက်မှာပါ …”

အရောင်းဝန်ထမ်းက လျန်ရူရွှယ်ကို လမ်းပြပေးပြီး အရောင်းကိစ္စကို အပြီးသတ်ချင်နေသည်။

“ ငါ သိတယ် … နင် လုပ်စရာရှိတာ သွားလုပ်တော့ ….” လျန်ရူရွှယ်ပြောလိုက်၏။

သူမ၏ လေသံ သိပ်မူမမှန်တာကို ခံစားမိတော့ အရောင်းဝန်ထမ်း အမျိုးသမီးကလည်း နားလည်မှု ရှိရှိနှင့် နေရာမှ ထွက်ခွာသွားခဲ့သည်။

စင်တန်းနှစ်ခုကြားတွင် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ နှစ်ဦးတည်းသာ ကျန်နေရစ်ပြီး ဤသေးငယ်သည့် ထောင့်ကျဉ်းနေရာလေးတစ်ခုက သူမတို့နှစ်ဦးတည်းပိုင်သည့် ကမ္ဘာငယ်လေး တစ်ခုလို ဖြစ်လာသည်။

“ ဥက္ကဌကျီ …” လျန်ရူရွှယ် အရင်ဦးဆုံး စကားစပြောလာခဲ့သည်။

ကျီချင်းရန်၏ မျက်ဝန်းအကြည့်တို့က လျန်ရူရွှယ်၏ အနည်းငယ် ဖောင်းနေသည့် ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားခဲ့ပြီး သူမ၏ နှုတ်ခမ်းများပင် ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့တော့၏။

“ ရှင် … ရှင် … “

ကျီချင်းရန်၏ လည်ချောင်းမှာ ဝါဂွမ်းများနှင့် ပိတ်ဆို့ခံထားရသည့်နှယ် စကားလေးတစ်ခွန်း ပြောထွက်ဖို့ကို အနိုင်နိုင် ကြိုးပမ်းနေရ၏။

“ ဘယ်နှလလဲ …”

“ ငါးလ ….” လျန်ရူရွှယ် နူးညံ့စွာ ပြန်ပြောလိုက်၏။

ဘုန်း …

အနှီရိုးရှင်းသည့် စကားလေးနှစ်လုံးက ကျီချင်းရန်ကို မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။

ငါးလ …

အချိန်ကလည်း အတိအကျ တူနေသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး မြဲမြံစွာ ရပ်တည်ဖို့ကိုတောင် အနိုင်နိုင် ဖြစ်လာခဲ့တော့သည်။

ထို့နောက်တွင်တော့ …

မည်သူမျှ စကားမဆိုကြတော့ဘဲ ရှည်လျားသည့် တိတ်ဆိတ်မှုတစ်ခုက ကြီးစိုးသွားခဲ့တော့သည်။

လျန်ရူရွှယ် သူမ၏ ဆံစများကို နောက်သို့ သပ်လိုက်ရင်း “ အားတော့နာတယ် ဥက္ကဌကျီ … ကျွန်မ အရင်သွားလိုက်ဦးမယ် … ရှင့်ကို မနှောင့်ယှက်တော့ပါဘူး …”

လျန်ရူရွှယ် လှည့်ထွက်သွားခဲ့၏။ အစောပိုင်း ရွေးချယ်ထားသည့် ပစ္စည်းများကိုပင် မယူတော့ဘဲ စတိုးဆိုင်ထဲမှ အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။

ကျီချင်းရန်ကတော့ နေရာတွင် ငိုင်တွေငေးမောစွာ ရပ်နေရင်း ကျခါနီးဆဲဆဲ မျက်ရည်များအား သုတ်လိုက်၏။

ထို့နောက် အသက်ပြင်းပြင်းရှူသွင်းပြီး စတိုးဆိုင်ထဲက ထွက်ခွာသွားခဲ့သည်။

****

အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး လင်းရီနှင့် အခြားသူများကလည်း ခွက်ချင်းတိုက် သောက်စားနေကြကာ ညဆယ်နာရီကျော်တော့မှပဲ ပြီးဆုံးသွားခဲ့တော့သည်။

ဤနေ့က သူ့ ရဲအရာရှိအလုပ်အကိုင်လမ်းကြောင်း၏ အဆုံးသတ်နေ့ ဖြစ်ပြီး စိတ်ကျေနပ်စရာ အဆုံးသတ်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် လူတိုင်းက တက္ကစီငှားပြီး အိမ်သို့ ပြန်သွားခဲ့ကြသည်။ ကူရိရန်၏ ခြေထောက်ဒဏ်ရာကြောင့် ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့က သူမကို အိမ်လိုက်ပို့ပေးဖို့အတွက် တာဝန်ယူထားလေသည်။

လင်းရီလည်း တက္ကစီငှားပြီး အိမ်သို့ ပြန်ဖို့ ဟန်ပြင်လိုက်သည်။

ကားပေါ် တက်သည်နှင့် အကျင့်အလျောက် ဖုန်းထုတ်ကြည့်လိုက်တော့ လျန်ရူရွှယ်ထံက ဝီချက်မက်ဆေ့ချ်များ ပို့ထားသည်ကို မြင်တွေ့လိုက်ရသည်။

ညနေ လေးနာရီလောက်တုန်းက ပို့ခဲ့တာ ဖြစ်၏။

ပို့လာသည့် မက်ဆေ့ချ်အကြောင်းအရာကို မြင်တော့ လင်းရီ သောက်ထားသည့် အရက်များပင် ဘယ်ဆီနေမှန်း မသိတော့ချေ။ ချက်ချင်း အမူးပြေသွားပြီး အချိန်တစ်ခုကြာသည်ထိတိုင် အေးခဲသွားခဲ့လေသည်။

သူ အလျင်အမြန်ပဲ လျန်ရူရွှယ်ထံသို့ ဖုန်းခေါ်လိုက်၏။

“ ဘယ်လိုတွေ ဖြစ်တာလဲ …”

“ အခုမှ စာမြင်တာလား …”

“ အင်း … လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ပွဲ လုပ်နေတော့ ဖုန်းမကြည့်မိလိုက်ဘူး ….”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လျန်ရူရွှယ်က ရှော့ပင်းမောလ်တွင် ဖြစ်ပျက်ခဲ့သည်များအား လင်းရီထံ အကြောင်းစုံ ပြန်ပြောပြလိုက်သည်။

“ ငါ အစကတော့ နင့်ဆီ ဖုန်းဆက်မလို့ပဲ … ဒါပေမယ့် ဘာပြောရမှန်း မသိတာနဲ့ ဝီချက်မက်ဆေ့ချ်ပဲ ပို့လိုက်တော့တာ …”

“ ငါ နားလည်တယ် ….”

“ ငါလည်း သူ အဲ့ကို ရောက်နေမယ် ထင်မထားဘူး … ငါက နင်ငါ့ကို ပေးထားတဲ့ စာရင်းထဲက ပစ္စည်းတွေ သွားဝယ်ရုံလေးတင်ပဲလေ …”

“ အင်း .. ငါ သိတယ် … မှားတာက ငါ ….”

“ လောလောဆယ် ဒီအကြောင်း မပြောနဲ့တော့ … ငါ နည်းနည်း ပင်ပန်းထားလို့ အိပ်တော့မယ် …”

“ အင်း …”

နှစ်ဦးလုံး သူတို့၏ အတွေးအမြင်များကို မဆွေးနွေးခဲ့ကြချေ။ ဖုန်းချပြီးနောက် လင်းရီတစ်ဦးတည်း အနောက်ခုံတွင် ထိုင်ရင်း မျက်ခုံးနှစ်ခုက အတူ တင်းကြုတ်နေလျက် ရှိ၏။

အကယ်၍ သူသာ နှစ်ဦးလုံးကို တူညီသည့် စာရင်းတစ်ခုတည်း မပေးခဲ့ဘူးဆိုပါက ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဘယ်တုန်းကမျှ ဖြစ်လာခဲ့မှာ မဟုတ်လောက်ချေ။

နောက်ပြီး သူတို့၏ ငွေကြေးတတ်နိုင်စွမ်းဖြင့် အကောင်းဆုံးဟူသော နေရာမှာပဲ ဝယ်ယူကြမှာ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ကိုယ်တစ်ယောက် ဆုံတွေ့နိုင်ချေက အင်မတန် များပြားလေသည်။

“ တောက် ... သေစမ်းကွာ …”

လင်းရီ စိတ်ထဲ ကြိတ်ပြီး ကျိန်ဆဲလိုက်၏။

ကျီချင်းရန်က လျန်ရူရွှယ်၏ ဖြစ်တည်မှုကို လက်ခံထားသော်လည်း ကိုယ်ဝန်သတင်းအတွက်ကတော့ ရယ်ဒီ မဖြစ်သေးချေ။

သတိမထားမိလိုက်သည့် အချိန်အတွင်းမှာပဲ တက္ကစီက ကျီချင်းရန်၏ အိမ်ရှေ့သို့ ရောက်လာသည်။

သို့သော် လင်းရီကတော့ လက်ရှိ အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို စဉ်းစားရ ကြပ်နေဆဲပင်။

“ ပြန်လာပြီလား …”

လင်းရီ ပြန်လာတာကို မြင်တော့ စုန့်လန်က သူ့ကို အိမ်ထဲသို့ ကြိုဆိုလိုက်၏။

“ ချင်းရန် ကြည့်ရတာ နေသိပ်မကောင်းသလိုပဲ … သူ့ကို မေးတော့လည်း ဘာမှ မဖြေဘူး … နင် သူ့ကို တစ်ချက်လောက် သွားကြည့်စမ်းပါဦး ….”

“ အင်း … ကျွန်တော် တစ်ချက် သွားကြည့်လိုက်မယ် ….”

လင်းရီ ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့၏။

သို့တိုင် ခြေလှမ်းတိုင်းက လေးလံနေပြီး လှေကားထစ် တစ်ခုချင်းစီတိုင်းက တရားစီရင်ခံရမည့် လှေကားထစ်များကို လျှောက်လှမ်းနေရသည့်နှယ် ခံစားနေရသည်။

သူ့ဦးနှောက်ကို ပြင်းထန်စွာ အလုပ်လုပ်ခိုင်းရင်း သင့်လျော်မည့် ဖြေရှင်းနည်းလမ်းတစ်ခုကို မြန်နိုင်သမျှ မြန်မြန် ရရှိချင်နေသည်။

အဆုံးတွင်တော့ … သူ ဘယ်လိုပဲ ပြုလုပ်ပါစေ ၊ မသင့်လျော်မှာကို သတိပြုမိလိုက်သည်။

ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း ကျီချင်းရန်၏ တံခါးဝရှေ့သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ထို့နောက် … သူ တံခါးကို တွန်းဖွင့်လိုက်သည်။

ကျီချင်းရန်က အိပ်ရာပေါ်တွင် ထိုင်နေရင်း မျက်ရည်များအား ညှင်သာစွာ သုတ်နေသည်။

လင်းရီဝင်ရောက်လာသည်ကို သိရှိသည့်တိုင် မည်သည့် တုံ့ပြန်မှုတို့မျှ မပြပေ။

“ ဒါ မတော်တဆ ဖြစ်သွားခဲ့တာ … သူလည်း အဲ့ကိုသွားမယ်လို့ ငါ မထင်ထား ….” လင်းရီ တစ်ခုခု ပြောဖို့ရာ ကြိုးပမ်းလိုက်သော်လည်း ဆက်မပြောနိုင်တော့ချေ။

မည်သို့ရှင်းပြရမှန်း မသိ ဖြစ်နေသည်။

စာစဉ်( ၁၇၅)ပြီး၏။

( 28 June 2026 , 7:35 PM )

All Chapters