သူ့မှာ အပြစ်ရှိတယ်လို့ ငါ ပြောရင် သူ့မှာ ရှိလို့ပဲ
Vol. 175 Ch. 2466
“ ရှင့်လက်ချက်မှန်း ကျွန်မ သိသားပဲ …”
“ ဟေး ဟေး ဟေး … အစားကို စားချင်သလို လျှောက်စားလို့ရမယ် ၊ စကားကိုတော့ ပြောချင်သလို လျှောက်မပြောနဲ့ …. မင်းမှာ သက်သေ အထောက်အထားမရှိရင် ငါ့ကို လာပြီး မစွပ်စွဲနဲ့ ….” စုန့်ဝန်ဟိုင်က အမှုမထားဘဲ အေးအေးလူလူ ပြောသည်။
“ ကျွန်မ ရှင်နဲ့ ဘာစကားမှ မပြောချင်ဘူး … ရှင့်မှာ ပြောစရာရှိတယ်ဆို ပြောလိုက် … မရှိဘူးဆိုလည်း လစ်လိုက် ….” ဝမ်ရင်း အေးစက်စွာ ဆိုလိုက်သည်။
“ ငါ့မှာ မင်းနဲ့ ထွေထူး စကားပြောချင်တာတော့ မရှိပါဘူး ….”
“ ဒီတိုင်း အခုတလော ပိုက်ဆံနည်းနည်း ကြပ်နေလို့ …. အဲ့တာ မင်းနားက နည်းနည်းလောက်လေး ချေးရင် ကောင်းမလားလို့ စဉ်းစားနေတာ ….”
“ ကျွန်မမှာ မရှိဘူးလို့ ပြောခဲ့ပြီးပြီ ….”
“ ရှိတာ မရှိတာ မင်းအပိုင်း … ငါ့အပိုင်း မဟုတ်ဘူး …” စုန့်ဝန်ဟိုင် မျက်နှာပြောင်တိုက် ပြောဆိုလိုက်ပြီး “ ဘယ်လိုပဲ ပြောပြော မင်းရဲ့ကားက BMW 7 စီးရီးမှန်း သိလိုက်ရပြီ … နည်းနည်းပါးပါး ပြင်မယ်ဆိုရင်တောင် ယွမ်နှစ်သောင်းထက် ပိုကုန်ဦးမှာ ….”
“ ရှင် ပြောလို့ ပြီးပြီလား …” ဝမ်ရင်း အေးစက်စွာ ဆိုလိုက်ပြီး “ ကျွန်မ ရှင့်ကို အရင်ကလည်း ပိုက်ဆံတွေ ပေးခဲ့ပြီးပြီ … ကျွန်မကို တစ်ယောက်တည်း အေးဆေးနေခွင့်လေး မပေးနိုင်ဘူးလား …..”
“ တစ်ရက်တာ လင်မယား ဖြစ်ဖူးတာက ရက်ပေါင်းတစ်ရာ ချစ်ခြင်းတရားနဲ့ ညီမျှတယ်ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ … ဘယ်လိုပဲ ပြောပြော .. ငါတို့နှစ်ယောက်လည်း တစ်ချိန်က တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်ရှိတဲ့လူတွေ ဖြစ်ခဲ့ဖူးကြတာချင်းအတူတူ ဘာကြောင့် ငါ့အပေါ် အဲ့လောက်တောင် ကပ်တွက်နေရတာ လဲ …” စုန့်ဝန်ဟိုင် ပြုံးလျက် ဆိုလိုက်သည်။
“ ပြီးတော့ မင်း အကြောင်းတွေ ငါ မသိဘူးများ မထင်နဲ့ … မင်းအခု ချမ်းသာတဲ့ ကောင်တစ်ကောင်နဲ့ ချိတ်မိနေတာ မသိဘူးများ ထင်နေလား … သူက မင်းကို ကားဝယ်ပေးရုံတင် မကဘူး … အိမ်တောင် ဝယ်ပေးထားသေးတယ် … မင်းအပေါ်ကို ပိုက်ဆံ ဒီလောက် အများကြီး သုံးထားတယ်ဆိုတော့ ကျိန်းသေပေါက် သူဌေးကြီး ဖြစ်လို့ နေမယ် …”
“ အဲ့တာ ကျွန်မ ကိစ္စ … ရှင်နဲ့ မဆိုင်ဘူး….”
“ ဘာလို့ ငါနဲ့ မဆိုင်ရမှာ ….” စုန့်ဝန်ဟိုင် ပြောလိုက်ပြီး “ ငါက ကြင်နာမှုရှိရှိနဲ့ မင်းကို လွှတ်ပေးခဲ့လို့ မင်းသူ့ဆီ သွားနိုင်တာလေ … မဟုတ်ရင် အဲ့ကောင်မှာ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး … တကယ်တမ်း ပြောကြေးဆို သူ ငါ့ကိုတောင် ကျေးဇူးတင်သင့်သေးတယ် ….”
“ ပေါက်ကရ ပြောနေတာတွေ တော်လိုက်တော့ …” လင်းရီ ဖုန်းကို ဆတ်ခနဲ ဖြတ်ယူလိုက်ပြီး တင်းမာသည့် လေသံဖြင့် ဆိုလိုက်သည်။
ဖုန်းတစ်ဖက်ခြမ်းရှိ စုန့်ဝန်ဟိုင်မှာ သိသိသာသာ အံ့အားသင့်သွားသည့်ပုံပင်။ ဝမ်ရင်းကို ထိုလူနှင့် အတူရှိနေလိမ့်မည်ဟု ထင်မှတ်မထားပုံရ၏။
“ မင်းက သူနဲ့ တွဲနေတဲ့ကောင်လား ….”
“ ကျုပ် ဘယ်သူဆိုတာ ခင်များအလုပ်မဟုတ်ဘူး … ခင်များအခု ဘယ်မှာ … ကျုပ် ပိုက်ဆံ ယူလာပေးမယ် ….”
“ ဘာလဲ … ငါနဲ့ ရင်ဆိုင်ဖို့ ငါ့လိပ်စာ လိုချင်နေတာလား … မင်းရဲ့ လှည့်ကွက်သေးသေးလေးတွေကို ငါ မသိဘူးများ မထင်နဲ့ …..”
“ ခင်များဘာခင်များ ထင်ချင်သလိုသာထင် … ပိုက်ဆံလိုချင်တယ်ဆို ခင်များရဲ့ လိပ်စာပြောလိုက် … မဟုတ်ဘူးဆို ဖုန်းချလိုက်တော့ ….”
စုန့်ဝန်ဟိုင်၏ လိပ်စာကို လင်းရီ လုံးဝကြီး လိုအပ်နေတာတော့ မဟုတ်။ အကယ်၍ သူသာ အလိုရှိပါက ကိဒယ့်ဘာကိုယ် စုံစမ်းလိုက်လည်း ရသည်။
ထိုနည်းလမ်းက ယခုထက်ပင် ပို၍ အဆင်ပြေသေး၏။
“ ဟိုး ဟိုး ဟိုး … ကိုယ့်လူက နယ်နယ်ရရ ဇတော့ မဟုတ်ဘူးပဲ ….” စုန့်ဝန်ဟိုင်က သရော်သံစွက်၍ ချီးကျူးလိုက်ပြီး “ မင်းက အဲ့လိုဆိုမှတော့ ငါ မင်းကို အခွင့်အရေး ပေးလိုက်မယ် … လူတွေ ခေါ်ခဲ့ချင်လည်း ရတယ် … ငါ အခု ရှန့်ဟော် ၈၇ လမ်း၊ ဝါရှင်တန် မာကျောက်ခန်းမမှာ ရှိမယ် …”
လင်းရီ လေကုန်ခံမနေတော့ဘဲ ချက်ချင်း ဖုန်းချလိုက်သည်။
“ နင် သွားမှာလား ….”
စုန့်ဝန်ဟိုင် မည်သူကိုဆိုတာကို ဝမ်ရင်းသိသည်။
ထို့ပြင် လင်းရီ မည်သူဆိုတာကိုလည်း ပိုသိနေသဖြင့် စိုးရိမ်မိခြင်းတော့ မဖြစ်မိပေ။
ဒီတိုင်း … လင်းရီကို ပြဿနာများများ မတက်စေချင်ရုံမျှသာ ဖြစ်လေသည်။ သူမနေရာ ၊ သူမ၏ အဆင့်တန်းကို ကောင်းစွာ နားလည်ထား၏။
“ သူ ကျွန်တော့်ကို လိပ်စာပေးလာပြီပဲ … တကယ်လို့ မသွားဘူးဆိုရင် သူရဲဘောကြောင်ရာ မကျသွားဘူးလား …” လင်းရီ ပြောလိုက်သည်။
“ အစ်မရင်းက အိမ်မှာပဲနေ … ခဏနေ ကားပြင်ဖို့ လူလွှတ်ခိုင်းလိုက်မယ် … “
“ အစ်ကိုရီ … ညီမလည်း လိုက်မယ် …” ဝမ်လု ပြောလိုက်ပြီး “ ညီမ လိုက်ပြီး သူ့ပါးကို ဘယ်ပြန်ညာပြန် သုံးလေးကြိမ်လောက် ဖြတ်ရိုက်ချင်လို့ ….”
“ ကောင်းပြီလေ … ၊ လိုက်ခဲ့ ….”
“ ဟိုရောက်ရင် နင့်အစ်ကိုရီ ပြောတာကို နားထောင်နော် ကြားလား … မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်စေနဲ့ …” ဝမ်ရင်း သတိပေးလိုက်သည်။
“ စိတ်ချ … အစ်ကိုရီ တစ်ယောက်လုံး ရှိနေတာပဲဟာ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် သူ ဖြေရှင်းနိုင်ပါတယ် ….” ဝမ်လုက အမှုမထားသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။
သူမ၏ ရင်ထဲတွင်တော့ လင်းရီက အရာရာကို စွမ်းဆောင်နိုင်သည့် သူရဲကောင်းကြီးတစ်ဦးပင်။
“ ကျွန်တော်တို့ အခု သွားတော့မယ် … တကယ်လို့ တစ်ခုခုဆိုလည်း ပြန်ရောက်မှပဲ စကားပြောကြတာပေါ့ …”
ဝမ်ရင်းက သူမ၏ နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ ငါနင်တို့ဖို့ နေ့လည်စာ ပြင်ထားလိုက်မယ် … ပြန်လာတာနဲ့ အဆင်သင့် စားလို့ရတာပေါ့ ….”
“ အင်း … အဆင်ပြေသားပဲ ….”
ထိုသို့ ပြောဆိုပြီးနောက် လင်းရီသည် ဝမ်လုနှင့်အတူ ထွက်ခွာသွားခဲ့သည်။
လမ်းတွင် မိုဟုန်ရှန်းထံသို့ မက်ဆေ့ချ်ပို့လိုက်၏။
ယခုလို ကိစ္စရပ်မျိုးကို သူတို့နှင့် လွှဲထားလိုက်သည်က အထိရောက်ဆုံးပင်။
“ အစ်ကိုရီ … ညီမတို့လည်း လူနည်းနည်းလောက် ခေါ်ကြမလား … စုန့်ဝန်ဟိုင်မှာ စုန့်ဝန်လုံဆိုတဲ့ လူမိုက် အစ်ကိုကြီး တစ်ယောက်ရှိတယ် … ပြီးတော့ သူက ကျိုးဟိုင်မှာ ဂုဏ်သတင်း အတော်လေး ရှိတဲ့ လူမိုက်မမတွေနဲ့လည်း ရင်းနှီးတယ်တဲ့နော် ….”
“ အဲ့ကောင်တွေလောက်ကတော့ ငါ့ကို ဘာပြဿနာမှ မရှာနိုင်ပါဘူး ….”
“ အစ်ကိုရီ ကိုင်တွယ်နိုင်မယ်မှန်း ညီမ သိသားပဲ … ဒါပေမယ့် အလွန်ဆုံးဖြစ်မှ ထောင်ရက်နည်းနည်းလောက်ပဲ ကျသွားမှာပဲ … သူ အပြင်ကို ပြန်ထွက်လာတာနဲ့ အစ်မကို ပြဿနာထပ်လာရှာနေမှာကို ညီမ စိုးရိမ်တယ် … နောက်ပြီး အစ်ကိုရီမှာကလည်း လုပ်စရာ အလုပ်တွေ ရှိတယ်ဆိုတော့ အချိန်ပြည့် အစ်မဘေးနားမှာပဲ နေနိုင်တာမှ မဟုတ်တာ ….”
လင်းရီ ပြုံးလိုက်၏။ ဝမ်လု၏ စိုးရိမ်ပူပန်မှုများကို သူ နားလည်သည်။
“ မင်း ရယ်စရာတစ်ခုကို ကြားဖူးလား ….”
“ ငါက ဆရာဝန် … ငါက မင်းဖျားနေတယ်လို့ ပြောရင် မင်းက ဖျားနေလို့ပဲ …”
“ ဟီးဟီး … ညီမ အဲ့တစ်ခု သိတယ် ….” ဝမ်လု အားပါးတရ ရယ်မောလိုက်သည်။
“ နောက်ပြီး ရှိသေးတယ် … ငါက beauty blogger … ငါက နင် ရုပ်ဆိုးတယ်လို့ ပြောရင် နင်က ရုပ်ဆိုးလို့ပဲ ….”
“ အင်း … အဲ့ဒီအတိုင်းပဲ … တကယ်လို့ ငါက သူ အပြစ်ရှိတယ်လို့ ပြောရင် သူ ဘယ်တော့မှ ပြန်ထွက်လို့ ရမှာ မဟုတ်တော့ဘူး ….”
“ ဝါး … အစ်ကိုရီပီသလိုက်တာ … အဲ့အယုတ်တမာကောင်ကို အခွင့်အရေး လုံးဝ မပေးနဲ့ …..”
နာရီဝက်ခန့် မောင်းနှင်ပြီးနောက် လင်းရီသည် ရှန့်ဟော် ၇၈ လမ်းသို့ ရောက်ရှိလာသည်။
ဝါရှင်တန် မာကျောက်ခန်းမက အင်မတန် ကြီးမားလှပြီး အပြင်မှ ရပ်နေရင်းဖြင့်ပင် အတွင်းထဲရှိ ဆူဆူညံညံ အသံများကို အတိုင်းသား ကြားနေရ၏။
“ ကားထဲမှာပဲ စောင့်နေ … ငါ ခဏ အပြင်ထွက်လိုက်ဦးမယ် …..”
“ မရဘူး … ညီမလည်း လိုက်မှာ … ညီမ သူ့ကို ပါးတွေ ဖြတ်ရိုက်ချင်တယ် …..” ဝမ်လု ဒေါသတကြီးနှင့် ပြောဆိုလိုက်သည်။
လင်းရီလည်း ဘေးနားတွင် ပါသဖြင့် သူမ ဘာကိုမျှ မကြောက်တော့ပေ။
“ ကောင်းပြီလေ .. ဒါပေမယ့် မာ့စ်တော့ တပ်ဦး … အခုဆို မင်းက နာမည်ကြီး လူသိများတဲ့လူ ဖြစ်နေပြီ … သူများတွေ မမှတ်မိစေနဲ့ ….”
“ ဟီးဟီး ဟုတ်ကဲ့ …”
ရုပ်ဖျက်ပြီးနောက် ဝမ်လုက လင်းရီနှင့်အတူ ကားထဲမှထွက်လာခဲ့ပြီး မာကျောက်ကစားသည့် အဆောက်အဦးထဲသို့ ဝင်ရောက်လာခဲ့သည်။
မာကျောက်ကစားသည့် နေရာက မနက်ခင်းဈေးလို ဆူညံနေသည်။ ထို့ပြင် စီးကရက်တိုများကလည်း နေရာအနှံ့ ပျံ့ကျဲနေပြီး ၊ နေကြာစေ့ခွံများ၊ အမှိုက်များ စသဖြင့် အတော်လေး ညစ်ပတ်လှသည်။
“ ညီလေး … အဲ့ကောင်တွေက ဘယ်တော့ရောက်လာမှာ … “
ပြောလိုက်သူက ထိပ်ပြောင်ပြောင် ၊ ဝဖိုင့်ဖိုင့်လူကြီး တစ်ယောက်ပင်။
သူက စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ထားပြီး ထိုင်ခုံပေါ် ခြေတင်ချိတ်ထိုင်ကာ ဘယ်ခွေးမှ လူမထင်သည့် အမူအရာမျိုးကို ချိတ်ဆွဲထား၏။
သူ့နာမည်က စုန့်ဝန်လုံ။ မာကျောက်ရုံကို တာဝန်ယူထားသူပင်။
“ လိပ်စာကို သူကိုယ်တိုင် တောင်းသွားတာပဲ … လာမှာပါ …” စုန့်ဝန်ဟိုင် ပြောလိုက်သည်။
“ ကျွန်တော့်အထင် သူ လူစုနေလို့ ကြာနေတာ ဖြစ်မယ် … သူတစ်ယောက်တည်းနဲ့ ဒီမှာ ရှိတဲ့ လူတစ်အုပ်နဲ့ လာချရင် သေအောင် ရိုက်ခံလိုက်ရမှာပေါ့ …”
“ ယုတ္တိရှိတယ် …” စုန့်ဝန်လုံ ခေါင်းညိတ်လိုက်၏။
“ ဒါပေမယ့် ငါတို့ကောင်တွေ ဒီလောက်လူအများကြီး ခေါ်ထားတာကို ယွမ်နှစ်သောင်းလေး အတွက်တည်းဆိုတော့ နည်းနည်း နည်းလွန်းတယ် မထင်ဘူးလား ….”
“ စိတ်ချစမ်းပါ အစ်ကိုရာ … ကျွန်တော် အားလုံး စီစဉ်ပြီးသားပါ …” စုန့်ဝန်ဟိုင် ပြောလိုက်ပြီး “ ယွမ်နှစ်သိန်း မထုတ်မချင်း ဒီကိစ္စ မပြီးဘူး ….”
“ ယွမ်နှစ်သိန်း … ၊ ငါ အဲ့ဒီ အသံကို သောက်ရမ်းကြိုက်သွားပြီ ဟားဟား ….”
ချလပ် ….
နှစ်ယောက် စကားပြောနေစဉ်မှာပဲ မာကျောက်ရုံ တံခါးက တွန်းပွင့်လာသည်။
ညီကိုများ လှမ်းကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး အထဲသို့ ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
“ ဘာလား … သူတို့ နှစ်ယောက်တည်း ရောက်လာတာလား ….” စုန့်ဝန်ဟိုင် ရေရွတ်မိသွားခဲ့သည်။
“ သူတို့လား ….”
စုန့်ဝန်ဟိုင် ခေါင်းညိတ်လိုက်သည်။ “ အဲ့ မိန်းကလေးရဲ့ နာမည်က ဝမ်လု … ကျွန်တော် သူ့ကို အရင်က တစ်ခါ မြင်ဖူးတယ် …..”
“ ငါတော့ သေချာ မမှတ်မိဘူး …” စုန့်ဝန်လုံ ရေရွတ်လိုက်ပြီး “ ဒါပေမယ့် လာတာက နှစ်ယောက်တည်းဆိုရင်တော့ … တစ်ခုခုတော့ တစ်ခုခုပဲ ….”
“ ဘယ်နှယောက်လာလာ ၊ လာတောင်လာပြီးမှတော့ တစ်ချက်သွားကြည့်လိုက်ကြတာပေါ့ ….”
ညီအစ်ကိုနှစ်ယောက် မတ်တပ်ထပြီး လင်းရီတို့ထံ လျှောက်လှမ်းသွားခဲ့သည်။
မာကျောက်ရုံထဲရှိ အခြားသူများကလည်း သူတို့၏ မာကျောက်အပြားများကို ခေတ္တ ဘေးချိတ်ထားကြပြီး လင်းရီတို့နှစ်ယောက်ကို ကျီစယ်သည့် အကြည့်တို့ဖြင့် ကြည့်ရှုနေကြ၏။
နှစ်ယောက်တည်း ရောက်လာသည်ဆိုတော့ သူတို့အတွက်လည်း အဆင်ပြေသွားခဲ့လေပြီ။
အကယ်၍ အုပ်စုလိုက်ကြီးဆိုလျှင်တော့ … သူတို့အတွက်လည်း မသက်သာလှပေ။
“ မင်းတို့ လူတွေ ဘယ်မှာလဲ … နှစ်ယောက်တည်း လာခဲ့တာတော့ မဟုတ်ဘူးမလား ….” စုန့်ဝန်ဟိုင်က ကောက်ကျစ်စွာ ပြုံးပြီး မေးလိုက်၏။
“ အင်း ကျုပ်တို့နှစ်ယောက်တည်း …”
စုန့်ဝန်ဟိုင်က လင်းရီကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။ “ မင်းလေသံက ဖုန်းထဲမှာတုန်းကတော့ ငါ့ကို ဖြဲမယ့်ကောင်လိုလို ၊ ဘာလိုလိုနဲ့ သောက်ရမ်း အာချောင်ပြီးတော့မှ အခုကျတော့ ဘယ်လိုဖြစ်တာ …. ဘယ်မှာလဲ မင်းရဲ့ ဇတွေ ၊ သတ္တိတွေ ၊ အကုန်ပျောက်ကုန်ပြီလား ဟုတ်လား …..”
“ သူ ကြောက်သွားလို့ ပိုက်ဆံပေးဖို့ တန်းလာခဲ့တာ နေမယ် ….” စုန့်ဝန်လုံ လှောင်ပြောင်ရယ်မောလိုက်သည်။
စုန့်ဝန်ဟိုင် စီးကရက် တစ်လိပ်ကို ထုတ်၍ မီးညှိပြီး ခေါင်းမော့ကြည့်လိုက်သည်။
“ ငါ မင်းနဲ့ စောက်အပိုစကားတွေ မပြောချင်ဘူး … ပေးစမ်း ပိုက်ဆံ … ဒါပေမယ့် ယွမ်နှစ်သောင်းတော့ မဟုတ်ဘူး … “
“ ယွမ်နှစ်သိန်း ….”