မိသားစု ကိစ္စများ
Vol. 175 Ch. 2467
“ ယွမ်နှစ်သိန်း … ရှင်ရူးနေတာလား ….”
ကျောထောက်နောက်ခံ လင်းရီ ရှိနေသဖြင့် ဝမ်လုသည် လူမိုက်များနှင့် ရန်ဖြစ်ဖို့ကိုပင် မကြောက်ရွံ့တော့ချေ။
“ မင်းတို့နှစ်ယောက်သာ ကောင်းကောင်းမွန်မွန် ပြုမူခဲ့ရင် ယွမ်နှစ်သောင်းတည်းနဲ့ ပြီးသွားမယ့် ကိစ္စပဲ …” စုန့်ဝန်ဟိုင် ပြောလိုက်ပြီး “ ဒါပေမယ့် ဖုန်းထဲမှာတုန်းက ဒီကောင် ငါ့ကို ဘယ်လေသံနဲ့ ပြောခဲ့လဲ မှတ်မိလား …. ငါ့ကိုတောင် လူတွေ အများကြီး ခေါ်ရအောင် လုပ်ခဲ့သေးတယ် …. လူကို အလုပ်ရှုပ်အောင် လုပ်တဲ့အတွက် ‘ လက်ဖက်ရည်ဖိုး’ ပေးရမယ် … ဒါ လမ်းပေါ်က စည်းမျဉ်းပဲ ….”
လင်းရီ ဝမ်လုကို သူ့နောက်ကျောသို့ ဆွဲခေါ်ထားလိုက်ပြီး စုန့်မိသားစု ညီအစ်ကိုနှစ်ယောက်အားကြည့်၍ “ ခင်များတို့ကို စိတ်ပျက်စေမိတဲ့အတွက် စိတ်တော့မကောင်းဘူး … ကျုပ် အိတ်ကပ်ထဲ ယွမ် ၂၀ တည်းပါတယ် …. လိုချင်ရင်တော့ ပေးလို့ရပါတယ် …”
“ ဘာကွ ….”
ညီအစ်ကို နှစ်ယောက်လုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့ကြပြီး လူသတ်လိုသည့် အရှိန်အဝါတို့ လွှင့်ပျံလာသည်။
“ မင်းက ပိုက်ဆံ မယူလာခဲ့ဘူးပေါ့ ….”
“ မယူလာခဲ့ဘူးလို့တော့ ဘယ်ပြောလို့ရမှာ … ယွမ် ၂၀ ဆိုတာလည်း ပိုက်ဆံပဲလေ … အရမ်း အမြင့်ကြီး မမှန်းနဲ့ … ကိုယ်ရနိုင်သလောက်နဲ့ပဲ ကျေနပ်လိုက် ….”
စုန့်ဝန်ဟိုင်၏ မျက်နှာ အကျည်းတန်သွားပြီး လင်းရီ၏ ရင်ဘက်ကို တွန်းထုတ်လိုက်၏။
“ စောက်ကလေး မင်း သေချင်နေတာလား …”
လင်းရီ ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး ကြမ်းပြင်သို့ နောက်ပြန်လှန်လဲကျသွားခဲ့သည်။
ဤသည်ကို မြင်တော့ ဝမ်လု အံ့အားသင့်သွားခဲ့လေသည်။ လင်းရီ၏ အစွမ်းအစ မည်သို့ ရှိသည်ကို သူမ ကောင်းကောင်း နားလည်သည်။ အစ်ကိုရီက ယခုလို တစ်ချက်လေး တွန်းလိုက်ရုံနှင့် လဲကျသွားမည့် လူစားမျိုး မဟုတ်ချေ။
“ အစ်ကိုရီ ….” ဝမ်လု ရောက်လာပြီး လင်းရီကို မတ်တပ်ရပ်ဖို့ ကူညီပေး၏။
“ ကူဖို့ မလိုဘူး ….”
လင်းရီ ဖုန်းထုတ်ပြီး မိုဟုန်ရှန်း၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ အစ်ကိုရှန်း …. ဝင်လာလို့ရပြီ …”
ရှိနေကြသည့် လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
ဘာတွေ ဖြစ်နေတာ …
ဘာကို ဝင်လာလို့ရတာ ….
“ ဟေ့ကောင် … မင်း အခု ဘယ်သူ့ကို ဖုန်းခေါ်နေတာ … ပြောတော့ တစ်ယောက်မှ ခေါ်မလာခဲ့ဘူးဆို …..”
“ ခင်များက လူကို ရိုက်တယ်လေ … အဲ့တော့ ကျုပ်လည်း ရဲကို ဖုန်းဆက်တာ ဆက်လို့ မရဘူးလား ….”
“ ရဲကို ဖုန်းဆက်လိုက်တာလား …”
နှစ်ဦးသား ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင်သေးခင်မှာပဲ မိုဟုန်ရှန်းက လူအင်အား နှစ်ဆယ်ကျော်နှင့်အတူ မာကျောက်ရုံထဲသို့ ဝင်ရောက်လာသည်။
လက်နက်ကိရိယာ အပြည့်အစုံနှင့် လူအုပ်ကြီးကို မြင်တော့ မာကျောက်ရုံထဲရှိ လူများမှာ ဘောင်းဘီထဲ သွေးထွက်ကျလုနီးပါး ကြောက်လန့်သွားခဲ့ကြသည်။
“ ဘာ … ဘာတွေ ဖြစ်နေတာလဲ ….”
“ ခင်များကပဲ မေးရတယ်ရှိသေး … ကိုယ် ဘာလုပ်ခဲ့တယ်ဆိုတာကို ကိုယ့်ဘာကိုယ် မသိဘူးလား …”
လင်းရီ ပြုံးလျက် မတ်တပ်ထရပ်လိုက်ပြီး မိုဟုန်ရှန်းကို ကြည့်လိုက်သည်။
“ အစ်ကိုရှန်း … ကျွန်တော့်အထင် ဒီလူတွေ ကြည့်ရတာ မှောင်ခိုပစ္စည်းအမှု တစ်ခုခုနဲ့ ဆက်စပ်နေလောက်တယ် … သူတို့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားလိုက်တော့ …..”
မိုဟုန်ရှန်း ရယ်မောလိုက်၏။ “ မင်းကတော့လေ … ဒီ အယောက် သုံးဆယ်၊ လေးဆယ်လောက်လေးကို တကယ်လုပ်ရင် ငါးမိနစ် မကြာတာကို အလုပ်ရှုပ်ခံပြီး ငါတို့ကို ဒီခေါ်လာနေသေးတယ် ….”
“ ကျုပ် သူတို့ကို ရိုက်လိုက်ရင်လည်း အလွန်ဆုံးရှိလှ ပြဿနာကို ယာယီဖြေရှင်းပြီးရုံပဲ ရှိမှာလေ …. အပြီးအပြတ် ဖြေရှင်းနိုင်တာမှ မဟုတ်တာ … ခင်များတို့တွေ ဒီလာပြီး သူ့ကို ဖမ်းသွားလိုက်ရင် နှစ်အနည်းငယ်လောက်တော့ အချုပ်ထဲ ထည့်ထားလိုက်လို့ရတယ် …. တစ်ခါတည်းနဲ့ အကုန်လုံး ဖြေရှင်းပြီးသွား ဖြစ်တာပဲ မဟုတ်လား ….”
“ အင်း … ကောင်းပြီလေ … မင်းက ပြောလာပြီဆိုမှတော့ ဘယ်လိုကိုင်တွယ်ရမလဲ ငါသိပြီ ….”
လင်းရီ စုန့်ဝန်ဟိုင်ကို ညွှန်ပြ၍ “ သူ ကျုပ်ကို ရိုက်နှက်ရုံတင် မကဘူး … ခြိမ်းခြောက်ပြီး ယွမ်နှစ်သိန်းလည်း ညှစ်သေးတယ် … သူ့ကို သေချာ ကိုင်တွယ်လိုက် … ပြစ်ဒဏ်ကတော့ ပိုကြီးလေ၊ ကောင်းလေပဲ …”
“ ငါ့စိတ်ထဲ ရှိပြီးသားပါ … ငါ့ဆီက သတင်းကောင်းသာ မျှော်နေလိုက် ….”
“ ကောင်းပြီ ….”
နှစ်ယောက်ကြားရှိ စကားဝိုင်းကို ကြားတော့ စုန့်ဝန်ဟိုင်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
“ မင်း … မင်းက တကယ်ပဲ ဘယ်သူလဲ ….”
“ ကျုပ်က ဒီတိုင်း သာမန်လူပါ … ဘာကောင်မှတော့ မဟုတ်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီအကြောင်းတွေ အခုမှ ပြောနေလို့လည်း ဘာမှ အသုံးမဝင်တော့ဘူး …. ဟိုရောက်ရင် ကောင်းကောင်းမွန်မွန်နေပြီး ကိုယ့်ကိုယ်ကို သေချာပြန်သုံးသပ် … အဲ့တာကို ခင်များအတွက် အခွင့်အရေး ရှိရင် ရှိလိမ့်မယ် ….”
စုန့်ဝန်ဟိုင်၏ မျက်နှာတစ်ပြင်လုံး စိမ်းပုပ်သွားခဲ့ပြီး လင်းရီရှေ့တွင် ဘုတ်ခနဲ ဒူးထောက်ချလိုက်သည်။
“ အစ်ကိုကြီး … ငါ မှားမှန်း သိပါပြီ … ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်လေးပဲ ပေးပါ … ငါ သူ့ကို ထပ် မနှောင့်ယှက်တော့ဘူးလို့ ကတိပေးပါတယ် … ငါ့ကို ခွင့်လွှတ်ပေးပါကွာ … ကိုယ့်ကိုယ်ကို ငါ့အဆင့်ရောက်အောင်တော့ မနိမ့်ချလိုက်ပါနဲ့ …”
“ ခင်များရဲ့ ကတိစကားတွေကို နားထောင်ဖို့ ကျုပ်မှာ အချိန်မရှိဘူး … သွားပြီး ကိုယ့်ဘာကိုယ် သုံးသပ်နေလိုက် … ကျုပ်ကို စကားအကုန် ပြောရအောင် မလုပ်ချင်စမ်းနဲ့ ….”
စုန့်ဝန်ဟိုင်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။
ထိုအခါမှပဲ ဝမ်ရင်းက အင်မတန် ထူးခြားသည့် လူတစ်ယောက်ကို ရှာတွေ့ထားမှန်း သတိထားမိလိုက်လေသည်။
သူနှင့် လုံးဝကို မတူညီသည့် ကမ္ဘာနှစ်ခုကဟု ဆိုရလောက်သည့် တစ်စုံတစ်ယောက်ပင်။
မိုဟုန်ရှန်းကလည်း လျင်မြန်သည်။ မိနစ် နှစ်ဆယ်အတွင်းမှာပဲ မာကျောက်ရုံထဲရှိ လူတိုင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့၏။
ဤသို့သော အခြေအနေကို မြင်တော့ ဝမ်လုမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့ရ၏။ တကယ့်ကို မျက်စိပွင့် ၊ နားပွင့် ဖြစ်နေသည့် အတွေ့အကြုံသစ် တစ်ခုပင်။
“ အစ်ကိုရီ … အစ်ကိုက လူတွေကို အဲ့လိုမျိုး ခေါ်လိုက်လို့ရတယ်ပေါ့ ….”
“ မိတ်ဆွေဟောင်းတွေလေ … နည်းနည်းပါးပါး အကူအညီတောင်းတာလောက်ကတော့ ကိစ္စကြီး မဟုတ်ပါဘူး ….”
“ ဒါပေမယ့် သူ့လို အဆင့်အတန်းမျိုးနဲ့ဆိုရင် … သာမန်လူတွေကတော့ သူနဲ့ အဆက်အသွယ် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ညီမထင်တယ် …. “
“ ဒါဆို မင်းက ငါ့ကို သာမန်လူလို့ ထင်သေးလား ….” လင်းရီ ပြုံးလျက် မေးလိုက်သည်။
“ ဟီးဟီး ဟင့်အင်း ဟင့်အင်း ….”
“ သွားစို့ …. မင်းအစ်မလည်း အခုချိန်လောက်ဆို ဟင်းတွေ အသင့်ပြင်ပြီးလောက်ပြီ ….”
“ အွန်း အွန်း ….”
မာကျောက်ရုံထဲမှ ထွက်လာပြီးနောက် ကားထဲသို့ ဝင်လာခဲ့ကြသည်။ ဝမ်လု၏ စိတ်အခြေအနေသည်လည်း သိသိသာသာ ကောင်းမွန်နေသည်။
“ အစ်ကိုရီ … နောက်ရက်ပိုင်းလောက်ကျ အလုပ်များလားဟင် ….”
“ ဘာလို့ … ပြောစရာရှိတယ်ဆို ပြောလေ ….”
“ အိမ်က ဆွေမျိုးတစ်ယောက် မင်္ဂလာဆောင်တော့မှာ …. အဲ့တာ ညီမတို့လည်း မင်္ဂလာပွဲ သွားရမှာ … အမေက အစ်ကိုရီကိုပါ အတူ လိုက်လာစေချင်နေတယ် …”
“ ငါ့ကို မင်္ဂလာပွဲ တက်စေချင်တာလား ….”
လင်းရီ အတော်လေး အံ့ဩသွားသည်။ ဝမ်ရင်း၏ မိသားစုက သူ့ကို သိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
“ တကယ်တော့ အိမ်က အစ်ကိုရီနဲ့ အစ်မရဲ့ ကိစ္စကို မသိပါဘူး …” ဝမ်လု ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခါက အဲ့ဒီ အယုတ်တမာကောင် ညီမတို့အိမ်လာပြီး အော်ကြီးဟစ်ကျယ်တွေ လာလုပ်ရင်းနဲ့ အဲ့ကိစ္စကို ပြောချပစ်လိုက်တယ်လေ … အဲ့တာ အခု အိမ်ကလည်း အစ်ကိုရီနဲ့ တွေ့ချင်နေကြတာ ….”
“ ပြဿနာ မရှိဘူး … ငါလည်း အခုနောက်ပိုင်း အားနေတာနဲ့ အတော်ပဲ … မင်းတို့နဲ့ အတူ လိုက်ခဲ့ပေးရတာပေါ့ …”
“ ဟီးဟီး …. အစ်ကိုရီ လိုက်မယ်မှန်း အစ်မသာ သိလို့ကတော့ လပေါ်ရောက်နေတော့မှာ ….”
“ ဒါတော့ ချဲ့ကားလွန်းသွားပြီ … အဲ့လောက်ထိလည်း မဟုတ်ပါဘူးဟ …..”
“ ဟီးဟီး ….”
မကြာမီ နှစ်ယောက်သား အိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။
ဝမ်ရင်းက စေတနာ အပြည့်ဖြင့် ဟင်းလေးမျိုး ၊ အရည်သောက် တစ်ပွဲကို ပြင်ဆင်ပေးထားလေသည်။ အကုန်လုံးကလည်း လင်းရီ အကြိုက်များပင်။
“ အားလုံး ဖြေရှင်းပြီးသွားပြီလား … လာစားကြတော့ …”
ဝမ်ရင်း အသေးစိတ် မမေးမြန်းခဲ့ပေ။
လင်းရီ၏ အစွမ်းအစကို ကောင်းစွာ နားလည်ထားပြီး ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို ကိုင်တွယ်ရသည်က သူ့အတွက် ငှက်ပျောသီး အခွံနွှာတာကမှပင် ပို၍ ခက်ခဲနေလိမ့်ဦးမည်။ အများကြီး စပ်စုစရာ မလိုပေ။
နှစ်ဦးလည်း ထိုင်ခုံကိုယ်စီတွင် တစ်ယောက်ပြီး တစ်ယောက် ဝင်ထိုင်လိုက်ကြ။
ဝမ်လုက ဝမ်ရင်းကို စိတ်လှုပ်ရှားတကြီးဖြင့် ကြည့်လိုက်ပြီး “ အစ်မ … ငါ့မှာ နင့်ဖို့ သတင်းကောင်း ပြောစရာရှိတယ် ….”
“ ဟုတ်လား … ဘာသတင်းကောင်းလဲ ….”
“ အစ်ကိုရီက ဒီရက်ပိုင်း အလုပ်မများဘူးတဲ့ … သူ ညီမတို့နဲ့အတူ မင်္ဂလာဆောင် လိုက်ပေးလို့ရတယ် ….”
“ ဟမ် …”
ဝမ်ရင်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ နင် သူ့ကို မင်္ဂလာဆောင်ကိစ္စ ပြောလိုက်တာလား …..”
“ ဟုတ်တယ် … မနက်ဖြန်ကျ အတူပြန်လို့ရပြီလေ ဟီးဟီး ….”
“ နင့်ကို ပြောပါလို့ ဘယ်သူခိုင်းထားလို့လဲ …” ဝမ်ရင်းက ထမင်းစားတူကို ဒေါသတကြီးဖြင့် ရိုက်ချလိုက်၏။ အင်မတန် ဒေါသထွက်နေသည်မှာ မြင်သာလေသည်။
“ ငါ …..”
ဝမ်လုမှာ အစ်မဖြစ်သူ၏ အမူအရာက သူမ စိတ်ကူးထဲကနှင့် မတူညီသဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိတော့ချေ။
“ အစ်မရင်း ဘာတွေ ဖြစ်နေတာ … ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်လာခဲ့တာ ….” လင်းရီ အေးအေးလူလူ ပြောလိုက်သည်။
“ သူက ဘာကိစ္စ သူ့သဘောနဲ့သူ ပြောရတာလဲ …”
“ သူ့သဘောနဲ့သူ ပြောတာ ဘာဖြစ်နေလို့ …. အစ်မရင်းရဲ့ မိသားစု ကိစ္စတွေမှာ ကျွန်တော် ဝင်ပါခွင့် မရှိဘူးလား ….”
“ အဲ့သဘောမျိုး မဟုတ်ပါဘူး ….” ဝမ်ရင်း၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး “ နင်က အလုပ်ဒီလောက်များတာ အစ်မအပေါ် အချိန်ဖြုန်းစရာ အကြောင်းမရှိဘူး … ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ် …. မိသားစု ကိစ္စတွေကိုတော့ အစ်မပဲ ကိုင်တွယ်လိုက်မယ် ….”
“ ကျွန်တော်ကိုယ်တိုင်က လိုက်လည်ချင်တယ် ဆိုရင်ကော ….”
“ ဒါက ……”
ဝမ်ရင်း ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။
“ နင် သွားချင်လည်း အဆင်ပြေပါတယ် … ဒါပေမယ့် အစ်မကတော့ နင့်အချိန်တွေကို အလကား မဖြစ်စေချင်ဘူး ….”
“ ကဲ ရပြီ … ဒီကိစ္စ ဆက်မပြောနဲ့တော့ …” လင်းရီ ပြောလိုက်ပြီး “ လုလုပြောတာ အစ်မရင်းတို့တွေ မနက်ဖြန် အိမ်ပြန်မယ် စီစဉ်ထားကြတယ်မလား ….”
“ အင်း ….”
“ ဒါဆိုလည်း မနက်ဖြန် အတူသွားကြမယ် … ကျွန်တော်လည်း အခုတလော ဘာလုပ်စရာ ကိစ္စမှ မရှိဘူး … ဘာပဲဆိုဆို စိတ်ရှင်းဖို့ ခရီးတစ်ခေါက် ထွက်ချင်နေတာနဲ့အတော်ပဲ …..”
လင်းရီ ဤမျှ ခေါင်းမာနေသည်ကို မြင်တော့ ဝမ်ရင်းလည်း အခြားရွေးချယ်စရာမရှိ။ သဘောတူလိုက်ရတော့သည်။
ညနေခင်း နှစ်နာရီဝန်းကျင်။
သုံးယောက်သား ထမင်းအတူစားပြီးနောက် …
“ မမ … လုလု ကုမ္ပဏီကို ခဏသွားလိုက်ဦးမယ် … မမတို့ကို ဆက်ပြီး မနှောင့်ယှက်တော့ဘူးနော် တာ့တာ ….”
တတိယဘီး မဖြစ်လိုသဖြင့် ဝမ်လုက အကြောင်းပြချက်ပေးပြီး အိမ်မှ ထွက်သွားခဲ့သည်။
“ အဲ့ကောင်မလေး ပြောတာတွေကို အတည်ယူမနေနဲ့ … အစ်မရင်း ပြောတာ နားထောင် … နင် လုပ်စရာရှိတာပဲ နင်လုပ် ….”
“ ဒါပေမယ့် ကျွန်တော့်မှာမှ ဘာလုပ်စရာမှ မရှိတာ …” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။
“ ဒါဆိုလည်း ဥက္ကဌကျီနဲ့ အချိန် ပိုဖြုန်းပေးလိုက်ပေါ့ … နင် အားတုန်းတစ်ခိုက် အစ်မဆီ လာလည်ပေးတယ်ဆိုတာနဲ့တင်ပဲ အစ်မ ကျေနပ်လှပြီ ….” ဝမ်ရင်း ပြောလိုက်သည်။
“ အစ်မ ကိုယ့်အဆင့်အတန်းကိုယ်သိပါတယ် … ကိုယ့်မှာ အများကြီး တောင်းဆိုပိုင်ခွင့်မှ မရှိတာ …”