အခုချိန်မှ မဟုတ်ရင် ဘယ်အချိန် သွားကြွားမလဲ
Vol. 175 Ch. 2468
လင်းရီ ဝမ်ရင်းကို စူးစိုက်ကြည့်လိုက်၏။
“ ကျွန်တော် အရင်ကလည်း ပြောခဲ့ပြီးပြီ… ကိုယ်က မတန်ဘူးဆိုတဲ့ အကြောင်းတွေ မပြောပါနဲ့ဆိုတာကို … နောက် ဒါမျိုး ထပ်မပြောနဲ့တော့ ….”
“ အင်းပါ အင်းပါ … သိပါပြီ …” ဝမ်ရင်း ပြောလိုက်၏။
“ ကြည့်ဦး … အစ်မက ဘာမှတောင် မပြောရသေးတာကို နင်က ဘာတွေ ဒေါသထွက်နေတာ ….”
ပြောရင်းဖြင့် ဝမ်ရင်းက လင်းရီကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွား၏။ လည်ပင်းကို တင်းကြပ်စွာ ဖက်ထားရင်း ချိုမြိန်စွာ နမ်းရှိုက်နေသည်။
အချိန်တစ်ခုလောက်ကြာတော့မှ နှုတ်ခမ်းနှစ်ခုကလည်း ပြန်ကွာသွားကြသည်။
ဝမ်ရင်းက သူမ၏ အဝတ်ဗွီရိုကို ဖွင့်ပြရင်း ဆက်ဆီဆန်ဆန်ဖြင့် “ ဘယ်ဝတ်စုံ ကြိုက်လဲ … နင်ကြိုက်တာ အစ်မ ဝတ်ပြမယ်လေ ….”
“ အင်း …. အနီရောင်လေး မဆိုးဘူး ….”
“ ရှေ့ရက်တုန်းက ဝယ်ထားတာတောင် မကြာသေးဘူး… နင်ကြိုက်မယ်မှန်း အစ်မသိသားပဲ….”
နှစ်နာရီနီးပါးခန့် ကြာပြီးနောက် ပြင်းထန်သည့် ‘တိုက်ပွဲ’ ကြီးကလည်း အဆုံးသတ်သွားခဲ့သည်။
ဝမ်ရင်းက ကုတင်ပေါ်တွင် လဲလျောင်းနေရင်း လုံးဝ ပျော့ခွေနေကာ စကားပြောဖို့ရာပင် အားမရှိတော့ချေ။
“ မနက်ဖြန် ဘယ်အချိန်သွားမှာ …”
“ လေယာဉ်က မနက်ဆယ်နာရီ ထွက်မှာ ….” ဝမ်ရင်း လင်းရီကို ကြည့်ပြီး မေးလိုက်၏။ “ နင် တကယ်ပဲ လိုက်ခဲ့မလို့လား …”
“ အစ်မရင်းက မလိုက်စေချင်ဘူးဆို ကျွန်တော် မလိုက်တော့ဘူး …”
“ နင်နော် …. စကားကို ဘယ်လိုတွေ ပြောနေတာ …” ဝမ်ရင်းက မျက်လုံးလှန်လိုက်ပြီး “ နင် လိုက်မယ်ဆို အစ်မလည်း ဝမ်းသာတယ် … ဒါပေမယ့် နင့်ရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေချင်လို့ ….”
“ ဒါဆိုလည်း ထပ်မပြောနဲ့တော့ … ဘာပဲဆိုဆို လုလုကို လိုက်မယ်လို့ ကတိပေးထားပြီးပြီလေ ….”
“ ဒါဆို နင့်အတွက်ပါ လေယာဉ်လက်မှတ် ဖြတ်ထားလိုက်မယ် ….”
“ အင်း … မနက်ဖြန်မနက် လေဆိပ်မှာ ဆုံကြတာပေါ့ …”
နှစ်ယောက်မှာ ခေတ္တကြာသည်ထိတိုင် အချင်းချင်း ပူးတိကပ်တိ လုပ်နေခဲ့ကြသည်။ ပြီးနောက် လင်းရီ ကားမောင်း၍ အိမ်သို့ ပြန်လာသည်။
အိမ်ဒုတိယထပ် ကြမ်းပြင်တွင် ပစ္စည်းမျိုးစုံ ပြန့်ကျဲနေပြီး ကျီချင်းရန်က ၎င်းတို့ တစ်ခုချင်းစီတိုင်းကို သေချာ လိုက်လံ စုစည်းနေကာ စစ်တပ်တစ်တပ်ကို ဦးဆောင်နေသည့် စစ်သူကြီး တစ်ဦးနှယ် ဖြစ်နေခဲ့သည်။
“ ဒီ ပစ္စည်းတွေက ဘာတွေတုန်း …”
“ နောက်ပိုင်းကျ ကလေးသုံးဖို့လေ … ကောင်းမယ်ထင်တာနဲ့ ဝယ်ခဲ့လိုက်တာ ….”
“ အခုမှ ငါးလတည်း ရှိသေးတာကို ဒါတွေ ဝယ်ထားတာ နည်းနည်း မစောလွန်းဘူးလား ….”
“ စောတော့စောတယ် … ဒါပေမယ့် ဘယ်တတ်နိုင်မှာ … မြင်တာနဲ့ မနေနိုင်လို့ ….”
ကျီချင်းရန်က အနီရောင် အနှီးစ သေးသေးလေးကို လင်းရီ ရှေ့တွင် ဝှေ့ယမ်းပြရင်း “ ကြည့်စမ်းပါဦး … ငါ့လက်ဖဝါးလောက်တောင် မကြီးဘူး … ဒါပေမယ့် ကြည့်လို့ ချစ်စရာလေးနော် …”
“ အင်း ….” လင်းရီ ခေတ္တ တိတ်ဆိတ်သွားပြီး “ ဒါကို ကလေးဝတ်ရင် ကြည့်ကောင်းမယ်လို့ မထင်ဘူး ….”
“ ဒါဆို ဘယ်သူ ဝတ်ရင် ကြည့်ကောင်းမယ် ထင်လဲ ….”
“ ကလေးအမေ ဝတ်ရင်တော့ ကြည့်ကောင်းလောက်တယ် ….”
“ ကလေးအမေ ….”
ကျီချင်းရန်၏ ပါးနှစ်ဖက်မှာ နီမြန်းသွားခဲ့သည်။ “ ကလေးအဖေနော် … တစ်နေ့ တစ်နေ့ မရိုးသားတာတွေချည်း တွေးနေတယ် ….”
လင်းရီ တဟားဟား ရယ်မောလိုက်၏။ ကျီချင်းရန်၏ ရှက်သွေးဖြန်းနေသည့် မျက်နှာလေးကို တစ်နေကုန် ထိုင်ကြည့်လို့ပင် ငြီးငွေ့သွားမည် မထင်ပေ။
“ လာကြည့် လာကြည့် လာ ဒါကို တစ်ချက်ကြည့်လိုက် … ဒီမှာ ပစ္စည်းတွေ အများကြီးပဲ ….”
ကျီချင်းရန် လင်းရီကို ခေါ်၍ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို တစ်ခုချင်း မိတ်ဆက်ပေးလိုက်သည်။
လင်းရီကတော့ ပျင်းရိစွာ နားထောင်နေသည်။ သို့သော် ကျီချင်းရန်ကတော့ ပစ္စည်းတစ်ခုချင်းစီတိုင်း၏ အသုံးချပုံကို မမောနိုင် မပမ်းနိုင်ရှင်းပြနေရင်း သူမ၏ အနာဂတ် အမြင်များကိုပါ စိတ်ကူးယဉ်ပြနေလျက် ရှိသည်။
စိတ်အားထက်သန်မှုအပြည့်ဖြင့် မျက်လုံးအရောင် တလက်လက် တောက်ပနေသည့် ကျီချင်းရန်ကို ကြည့်ရင်း လင်းရီလည်း သူမ၏ စိတ်အားထက်သန်မှုများ ကူးစက်ခြင်း ခံလိုက်ရလေသည်။
အနှီ ပစ္စည်းတို့က အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားလိုက်ရ၏။
နောက်ပြီး သူသည်လည်း မမွေးဖွားလာသေးသည့် ကလေးလေးအပေါ် မျှော်လင့်စောင့်စားမှုတို့ ပြည့်နှက်လာလေသည်။
နောက်တစ်နေ့ အစောပိုင်း။
အိပ်ရာထပြီးနောက် လင်းရိသည် ကျီချင်းရန်ကို နှုတ်ဆက်၍ ရက်အနည်းငယ်ခန့် အလုပ်ခရီးထွက်မည်ဟုဆိုကာ အိမ်မှ စောစီး ထွက်လာခဲ့လိုက်သည်။
လေဆိပ်သို့ တိုက်ရိုက်မောင်းသွားပြီး ဝမ်ရင်းနှင့် ဆုံသည်။
အချိန်က ကြပ်သည့်အတွက် လင်းရီလည်း မောလ်တွင်ပဲ လက်ဆောင်ပစ္စည်းတစ်ချို့ ဝယ်ယူခဲ့လိုက်သည်။ လက်ဗလာနှင့် အလည်သွားလို့က အဆင်မပြေပေ။ ရိုင်းပြရာ ကျသွားနိုင်သည်။
“ ဒီတိုင်း မင်္ဂလာပွဲ တက်ရုံပဲဟာ ဘာလို့ လက်ဆောင်တွေ အများကြီး ယူလာတာ …”
“ မမ ပြောတာ အစ်ကိုရီက လက်ဆောင်ယူလာမှာ ကျိန်းသေတယ် … ဒါပေမယ့် အစ်ကိုရီဟာကိုလည်း မသုံးချင်ဘူး … ဒါကြောင့်မို့ ကြိုဝယ်ထားလိုက်တာ …” ဝမ်လုက လက်ထဲရှိ ထူးကဲစွာ အလှဆင်ထားသည့် လက်ဆောင်စက္ကူဖြင့် ပတ်ထားသည့် အိတ်ကို ဝှေ့ယမ်းပြလိုက်ပြီး “ အစ်ကိုရီ ဝယ်ခဲ့တာတွေလို့ပဲ ပြောလိုက်မယ်လေ …”
လင်းရီ အနည်းငယ် ရယ်ချင်မိသွားခဲ့၏။
“ အဲ့တာဆို ဘယ်လိုလုပ်မှာ … ငါလည်း အကုန်ဝယ်လာပြီးနေပြီ ….”
“ ပြေစာရှိနေသေးသရွေ့ ပြန်လဲလို့ ရတာပဲဟာ …” ဝမ်ရင်းက လင်းရီရှေ့တွင် မတ်တပ်ရပ်ရင်း နူးညံ့စွာ ဆိုလိုက်သည်။
“ ဒီတစ်ခါတော့ အစ်မ စကားကို နားထောင် …၊ အစ်မ ဝယ်ထားတဲ့ လက်ဆောင်တွေပဲ သုံးလိုက် …”
“ ဒါဆိုလည်း ကောင်းပြီလေ ….”
ဝမ်ရင်း၏ အကျင့်စရိုက်ကို နားလည်နေသဖြင့် လင်းရီလည်း အသေးမွှား ကိစ္စလေးအပေါ် ရေးကြီးခွင်ကျယ်တွေ လုပ်မနေတော့ချေ။
သူတို့တွေ ရင်းနှီးသည့်သက်တမ်း အတော်ကြာပြီးသည့်တိုင် ယခုအချိန်ထိ အိမ်နှင့်ကားကိုပဲ လက်ခံဖူးသေး၏။ အခြားမည်သည့်အရာကိုမျှလည်း မတောင်းဆိုချေ။
၎င်းနှင့်ဆန့်ကျင်ဘက်က သူမဘက်ကပင် သူ့အတွက် ပစ္စည်းများ မကြာခဏ ဝယ်ပေးဖူးသေးသည်။
မကြာမီ လေယာဉ်ထွက်ခွာတော့မည့် ကြေညာသံ ထွက်ပေါ်လာပြီး လေယာဉ်ပေါ် တက်ရမည့် အချိန်ကျရောက်လို့ လာလေပြီ။
သုံးဦးလုံး ၊ ပစ္စည်းကိုယ်စီ သယ်ဆောင်ရင်း လူအုပ်နှင့်အတူ လေယာဉ်ပေါ်သို့ တက်လာခဲ့ကြသည်။
နှစ်နာရီခန့် လေယာဉ်စီးပြီးနောက် လေယာဉ်က ချန်ဒူးလေဆိပ်သို့ ဆင်းသက်လာသည်။
လေယာဉ်ပေါ်က ဆင်းလာခဲ့ပြီးနောက် လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း ဤမြို့သို့ ပြန်ရောက်လာသည့်အပေါ် ဖော်ပြမရနိုင်သည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
“ ဘာဖြစ်လို့လဲ …”
လင်းရီ မလှုပ်မယှက် ရပ်တန့်နေတာကို မြင်တော့ ဝမ်ရင်း မေးလိုက်၏။
“ ဘာမှမဟုတ်ပါဘူး … ဒီတိုင်း ကြည့်နေတာ ….”
သာမန်လျှံကာ တုံ့ပြန်ပြီးနောက် သုံးဦးသား တက္ကစီငှား၍ ဝမ်ရင်း၏ နေအိမ်သို့ ဦးတည်လိုက်ကြသည်။
တစ်နာရီနီးပါးခန့် တက္ကစီစီးပြီးနောက် မြို့ဟောင်းရပ်ကွက် တစ်ခုသို့ ရောက်ရှိလာသည်။
ဝမ်ရင်း၏ အိမ်က သိပ်မကြီးမားပေ။ ၆၀ စတုရန်းမီတာခန့် အကျယ်အဝန်းက လူအိုစုံတွဲ နှစ်ယောက်အတွက်ကတော့ လုံလောက်သည်ထက်ကို ပိုနေသေးသည်။
“ အဖေ … အမေ ….”
တံခါးဖွင့်ပြီးသည်နှင့် ဝမ်လုက စတင် အော်ဟစ်တော့၏။
အခန်းထဲတွင်တော့ အသက်ခြောက်ဆယ်နီးပါးရှိသည့် သက်လတ်ပိုင်း စုံတွဲတစ်တွဲက မတ်တပ်ရပ်နေသည်။ အရွယ်နှင့် မလိုက်အောင်လည်း နုပျိုလှ၏။
“ ဝင်ကြ ဝင်ကြ … မြန်မြန်လာထိုင်ကြ ….”
သုံးယောက်က ဒီနေ့ ရောက်မှာကို သိနေသည့်အတွက် စုံတွဲက သူတို့ကို စောင့်နေခဲ့ကြသည်။
“ ဟာကွာ … လူချည်းသပ်သပ် လာလည်းရနေတာကို ဒါတွေ သယ်လာဖို့ မလိုပါဘူး …” ဝမ်ရင်း၏ ဖခင်က နွေးထွေးစွာ ဆိုလိုက်ပြီး “ အပြင်လူတွေမှ မဟုတ်တာ ….”
“ ဒါတော့ ဒါပေါ့ဗျာ … ဒါကတော့ ကျွန်တော့်ရဲ့ ယဉ်ကျေးမှုလေးပါဗျ …” လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်သည်။
ပြီးနောက် လင်းရီကို အတွင်းဘက်ခြမ်းရှိ ဆိုဖာပေါ်သို့ ထိုင်ရန် ပျူငှာလိုက်ကြ၏။ ဝမ်ရင်း၏ မိဘများ၏ အင်မတန် စိတ်အားထက်သန်နေမှုက လင်းရီကို အနည်းငယ် မသက်မသာ ဖြစ်စေသည်။
“ မေမေ … ထမင်းက ဘယ်အချိန်ရမှာလဲ … သမီး ဗိုက်ဆာနေပြီ …”
အိမ်ရောက်သည်နှင့် ဝမ်လုက မင်းသမီးလေးတစ်ယောက်လို ပြုမူလာသည်။
“ နည်းနည်းထပ်စောင့်လိုက်ဦး … နင့်ဦးလေးက ခဏဆို ရောက်လာတော့မှာ ….”
“ အစ်ကိုချန်က မနက်ဖြန်ဆို လက်ထပ်တော့မှာကိုပဲ သူ့မှာ ဒီလာဖို့ အချိန်ရှိသေးတယ်ပေါ့ ….”
“ ရိုးရာလေ … သမီးအဖေက သူ့ရဲ့ ဒုတိယဦးလေး … မင်္ဂလာမဆောင်ခင် တစ်ရက်အလိုမှာ လာပြီး ဂါရဝပြုရတာပေါ့ ….” ဝမ်ရင်း၏ မိခင် လျိုလီဟွားက ရှင်းပြလိုက်သည်။
“ နောက်ပြီး အစ်ကိုချန်ရဲ့အိမ်က သတို့သမီးဘက်က … အစဉ်အလာအတိုင်းဆိုရင် အပြင်လူတွေက အဲ့ကို သွားလို့မရဘူး .. ဒီည … အမေတို့ မိသားစုက ဆွေမျိုးတွေ ဒီကို ရောက်လာကြမှာ … အဲ့တာ သူက ကြိုပြီး လာစစ်ဆေးတာလေ …”
ထိုသို့သော ရိုးရာက ကျိုးဟိုင်နှင့် ဆင်တူသည်။
အခြားမြို့က ရောက်လာကြမည့် ဆွေမျိုးများအတွက် ကြိုပြီး ပြင်ဆင်ပေးထားရသည်။
“ သမီးကတော့ သူတို့ကို မလာစေချင်ပါဘူး … တစ်ထစ်ရှိ ကြွားချင်နေတဲ့ဟာတွေ ….” ဝမ်လု စောဒကတက်လိုက်ပြီး “ တကယ်လို့ မမသာ ဒီနှစ်ထဲ ကြီးပွားမနေဘူး … သမီးကလည်း ပိုက်ဆံမရှာနိုင်သေးဘူးဆိုရင် သူတို့ မျက်လုံးထဲမှာ သမီးတို့အိမ်ကို လူရာသွင်းမှာတောင် မဟုတ်ဘူး ….”
“ အကုန်လုံးက မိသားစုတွေပါပဲ … သမီး အဲ့လိုတော့ မပြောနဲ့လေ …” ဝမ်ကော်တုန်က သက်ပြင်းချလိုက်သည်။
“ ပြီးတော့ အစ်ကိုချန်က သမီးတို့အပေါ် ကောင်းပေးခဲ့တာပဲ မဟုတ်ဘူးလား …. ငယ်ငယ်တုန်းကဆို သမီးအတွက်နဲ့ ရန်တောင် ဖြစ်ပေးခဲ့တာပဲဟာ …”
“ အစ်ကိုချန်က သမီးအပေါ် ကောင်းတာ သိပါတယ် …” ဝမ်လု မြည်တွန်တောက်တီးလိုက်ပြီး “ ဒါပေမယ့် ဦးလေးကတော့ အဆင်မပြေဘူး … ဘဝင်လေဟပ်ပြီး အမြဲတမ်း ကြွားလုံးထုတ်နေတာ ….”
“ မင်း ဘယ်လိုပြောတာ ….” ဝမ်ကော်တုန်က အနည်းငယ် မကျေမချမ်း ဖြစ်သွားပြီး “ ဘယ်လိုပဲပြောပြော သူက သမီး ဦးလေးပဲလေ …”
ဝမ်လု နှုတ်ခမ်းထော်လိုက်ပြီး တိတ်ဆိတ်သွားခဲ့၏။ နှုတ်ဆိတ် ကန့်ကွက်နေခြင်းပင်။
ဝမ်ရင်းလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ သူမ မိသားစုထဲရှိ အခြားလူများကို လင်းရီနှင့် တကယ်ကို ပေးမတွေ့ချင်ပေ။
လင်းရီ၏ အချိန်ကိုလည်း အလဟဿဖြစ်စေပြီး သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ထင်နေမိ၏။
ထိုအချိန်တွင် လင်းရီက ဝမ်ရင်း၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
ဝမ်ရင်း လှည့်ကြည့်လိုက်တော့ လင်းရီက သူမကို ကြည့်မနေချေ။ သူမရင်ထဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။
“ ငါ့ အစ်ကိုက လူကောင်းပါ … ဒါပေမယ့် သောက်ရတာ ကြိုက်တယ် … ခဏနေ သူ နင်နဲ့ ခွက်နည်းနည်းလောက် သောက်ချင်လိမ့်မယ် … သူ့ကို မျက်နှာသာပေးပြီး သောက်ပေးလိုက် … ဒါပေမယ့် အများကြီးတော့ မသောက်နဲ့ …” ဝမ်ရင်း တီးတိုး ပြောဆိုလိုက်သည်။