← Chapters

အသက်ကြီးသည်ကို ခုတုံးလုပ်၍ လူကြီးလူကောင်းလုပ်ပြခြင်း

Vol. 175 Ch. 2469

အသက်ကြီးသည်ကို ခုတုံးလုပ်၍ လူကြီးလူကောင်းလုပ်ပြခြင်း

Vol. 175 Ch. 2469

“ ပြဿနာက ယောက်ဖတစ်ယောက်အနေနဲ့ ကိုယ့်ယောက်ဖကို မူးအောင် မလုပ်ဘူးဆို အရှက်ရစရာ ဖြစ်မသွားဘူးလား ….”

“ နင်သာ သူနဲ့ အရက်သောက်လို့ကတော့ ညသန်းခေါင်တောင် ပြီးနိုင်စီးနိုင်မှာ မဟုတ်ဘူးရယ် …”

“ မပူနဲ့ … ကျွန်တော် ကိုယ့်အကန့်အသတ်ကို သိပါတယ် …”

ဝမ်ရင်း ပြုံးလိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။

လင်းရီ၏ အရက်သောက်နိုင်စွမ်းကို သူမ သိ၏။ ထို့ကြောင့် အခြေအနေကို မည်သို့ကိုင်တွယ်သွားမလဲဆိုတာကိုပဲ ကြည့်ရပေမည်။

ဒေါက် ဒေါက် ဒေါက်

မိသားစုတွေ စကားပြောနေစဉ်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လသည်။

ဝမ်ကော်တုန် ထပြီး တံခါးသွားဖွင့်လိုက်တော့ အပြင်တွင် လူသုံးယောက် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သားမိသားဖ သုံးဦးပင်။

သက်လတ်ပိုင်းစုံတွဲက ဝမ်ရင်း၏ ဦးလေးနှင့် အဒေါ် ဖြစ်သည့် ဝမ်ကော်ချန်နှင့် ကျန်းရာမေတို့ပင်။

လူငယ်လေးကတော့ ဝမ်ရင်းထက် ငယ်သည်။ သို့သော် ဝမ်လုထက်တော့ အသက်ပိုကြီး၏။

သူ့နာမည်ကတော့ ဝမ်ဇီချန်။

“ အစ်ကိုချန် ….”

ဝမ်ဇီချန်ကို မြင်တော့ ဝမ်လု အားတက်သရော နှုတ်ဆက်လာသည်။ ၎င်းတို့နှစ်ဦးတွင် ကောင်းမွန်သည့် ဆက်ဆံရေးတို့ ရှိကြောင်း ဖော်ပြနေလျက် ရှိသည်။

“ ဝါး လုလု .. မင်းတောင် နာမည်ကြီး ကြယ်ပွင့် ဖြစ်လာနေပြီပဲ … တီဗွီဒရာမာတွေထဲမှာတောင် မြင်နေရပြီ … နောင်ကျ လမ်းတွေ့ရင် မမြင်ချင်ယောင် ဆောင်မသွားနဲ့ဦးနော် … ” ဝမ်ဇီချန် အရွှန်းဖောက်သည့် လေသံဖြင့် ပြောလိုက်၏။

“ မင်း သရုပ်ဆောင်ထားတာ သိပ်ကောင်းတယ် .. ကျိန်းသေပေါက် နာမည်ကြီးလာမှာပဲ …”

“ ဒါပေါ့ … ဘယ်သူမို့လို့လဲ … သေချာပေါက် နာမည်ကြီးရမှာပဲလေ ….” ဝမ်လုက မောက်မာသည့် ဟန်ပန်ဖြင့် ဆံပင်ကို တစ်ချက်ခါလိုက်သည်။

“ လူကို အခုကတည်းက ဖားမယ်ဆို ဖားထားနော် … လက်မှတ်တွေ လိုချင်ရင်လည်း ထိုးပေးလို့ရတယ် … ရောင်းစားလိုက်ရင် အချိန်မရွေး သူဌေးဖြစ်သွားနိုင်တယ် ….”

လင်းရီနှင့် ဝမ်ရင်းတို့ကတော့ ရယ်ရအခက်၊ ငိုရအခက် ဖြစ်နေကြ၏။ သူတို့လည်း ဝမ်လုကို မနိုင်ချေ။

ဘေးတွင် ရပ်နေသည့် ဝမ်ကော်ချန်ကတော့ စိတ်လှုပ်ရှားမှု များများမပါဝင်ဘဲ လောကဝတ်အရသာ ရယ်မောပြလိုက်သည်။

လူတို့က ဤအတိုင်းပင်။ ကိုယ်ကောင်းစားတာ မြင်ချင်သော်လည်း သူတို့ထက် ကောင်းစားသွားမှာကိုတော့ အလိုမရှိကြပေ။

ယခင် အတိတ်တုန်းက ဝမ်ကော်ချန်၏ မိသားစုသည် မောင်နှမဝမ်းကွဲများထဲ အခြေအနေအကောင်းဆုံး မိသားစု ဖြစ်၏။

သို့သော် ယခု … ဝမ်ကော်တုန်၏ သမီးနှစ်ယောက်လုံးက အောင်မြင်နေကြပြီး သူ့မိသားစုပင် အခြေအနေ ကောင်းလို့နေသည်။ ယင်းက သူ့ကို အတော်လေး မသက်မသာ ဖြစ်နေစေလျက်ရှိ၏။

“ အထဲကို ဝင်ကြလေ … ဘာလို့ တံခါးဝမှာပဲ ရပ်ပြီး စကားပြောနေတာလဲ ….”

မိသားစု သုံးယောက်ကို အထဲသို့ ကြိုဆိုလိုက်ကြသည်။ အထဲတွင် ထိုင်နေသည့် လင်းရီကို မြင်တော့ သူတို့မှာ အနည်းငယ် အံ့အားသင့်သွားကြလေသည်။

“ ဒါ … ဝမ်ရင်းရဲ့ ကောင်လေးလား ….” ဝမ်ကော်ချန် မေးလိုက်သည်။

“ အင်း …. သူလည်း အခုတင်ရောက်လာတာပဲ …”

လင်းရီ မတ်တပ်ရပ်ပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်၏။

လင်းရီ၏ တည်ရှိမှုကြောင့် လူတိုင်းမှာ မိမိတို့၏ ကိုယ်ဟန် အမူအရာကို ပို၍ ထိန်းသိမ်းလာကြပြီး ယခင်ကလောက် ပေါ့ပေါ့ပါးပါး မရှိကြတော့ချေ။

“ ကောင်လေး … မင်းက ဘာအလုပ်လုပ်တာ …” ဝမ်ကော်ချန် မေးလိုက်သည်။

“ ကျွန်တော်က ရဲစခန်း ဌာနခွဲ တစ်ခုမှာ အလုပ်လုပ်တာပါဗျ … ဟိုဟိုဒီဒီ အလုပ်များရင်းပေါ့ ….” လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်၏။

“ ဦးလေး … အစ်ကိုရီက သူ့ကိုယ်သူ နိမ့်ချနေတာ … သူက တော်တော်များများမှာ တော်တယ် … ဟွာရှတိုင်းရင်းဆေး၊ အနောက်တိုင်းဆေး၊ ကားပြိုင်တာရော ၊ နိုင်ငံခြား ဘာသာစကားရော … သူ မလုပ်နိုင်တာ ဘာမှမရှိဘူးရယ် ….” ဝမ်လုကတော့ နှိမ့်ချမနေဘဲ လင်းရီ၏ ဂုဏ်ကို အားတက်သရော ဖော်ပြနေသည်။

ယခုအချိန်က နှိမ့်ချပြီး နေပြရမည့် အချိန်မဟုတ်ပေ။

“ နင် စကားမပြောဘဲ တိတ်တိတ်လေး မနေတတ်ဘူးလား ….” ဝမ်ရင်း ဆွံ့အစွာ ဆိုလိုက်၏။

“ ညီမ ပြောတာ ဘာမှားနေလို့လဲ … အစ်ကိုရီက တကယ်လည်း ဘာမဆို လုပ်နိုင်နေတာပဲလေ ….”

“ လုလုပြောတာ မမှားဘူး … အရည်အချင်းတွေ အများကြီးရှိတာက မကောင်းတဲ့ ကိစ္စမှ မဟုတ်ဘဲကွယ် … ဖုံးကွယ်ထားစရာ မလိုပါဘူး ….” ဝမ်ရင်း၏ မိခင် လျိုလီဟွားက ညင်သာစွာ ဆိုလိုက်၏။

“ သူက ဟွာရှ တိုင်းရင်းဆေးအကြောင်း သိတယ်ပေါ့ …. ဒါဆို သူ့ဦးလေးနဲ့ နယ်ပယ်တူချင်းပဲ ….” ဝမ်ရင်း၏ အဒေါ် ၊ ကျန်းရာမေက ထိုသို့ မှတ်ချက်ပြုလိုက်၏။

“ အမှန်ပဲ ….” ဝမ်ကော်တုန် ပြောလိုက်ပြီး “ အတွေ့အကြုံ ဖလှယ်ဖို့ အခွင့်အရေးကောင်းပဲ …”

ဝမ်ကော်ချန်က လင်းရီကို လေးနက်တည်ကြည်စွာ ကြည့်လိုက်ပြီး “ ကောင်လေး … ဟွာရှတိုင်းရင်းဆေးဆိုတာ ကျယ်ပြန့်နက်နဲတဲ့ ဆေးပညာရပ်ပဲ … မင်းက အသက်ငယ်ငယ်လေးပဲ ရှိသေးတယ် … မင်း ရှေ့ဆက် လျှောက်လှမ်းရမယ့် ခရီးက အရှည်ကြီး ကျန်နေသေးတယ် … အမြဲတမ်း ကိုယ့်ကိုယ့်ကိုယ် နှိမ့်ချပြီး သင်ယူဖို့ စိတ်အားထက်သန်နေရမယ် … မဟုတ်ရင် အောင်မြင်မှု ကြီးကြီးမားမားတွေ ရယူဖို့ ခက်ခဲလိမ့်မယ်ကွ ….”

ဝမ်ကော်ချန်၏ ဆုံးမဩဝါဒကို ကြားတော့ လင်းရီ ပြုံးလိုက်ပြီး အခြားဘာမျှ မဆိုဘဲ ခေါင်းညိတ်လိုက်သည်။

သူက ဝမ်ရင်းကို အဖော်ပြုပေးပြီး မင်္ဂလာပွဲ တက်ရောက်ဖို့အတွက် ဤနေရာကို ရောက်လာခဲ့တာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမကို မျက်နှာသာပေးသင့်လေသည်။

“ တကယ်က အစ်ကိုရီရဲ့ နည်းစနစ်တွေကလည်း အတော်လေး ကောင်းပါတယ် ….”

ဝမ်လုက လင်းရီကို ပခုံးဖြင့် တွတ်ထိုးလိုက်ပြီး “ အစ်ကိုရီ … ညီမ အဖေက အခုတစ်လော ခေါင်းကိုက်တယ်ဆိုပြီး ညည်းနေတာ အဲ့တာ တစ်ချက် ကြည့်ပေးလို့ရမလားဟင် … ဘာမှားလဲ သိပြီး ဘားဆေးသောက်ရမလဲ သိသွားတာပေါ့ ….”

“ ငါ ဘာမှမဖြစ်ဘူး … တစ်ခါတစ်လေ ခေါင်းကိုက်တာလေးကို ခဏဆို ပျောက်သွားတာပဲ … တစ်စိတ်ကို တစ်အိတ် မလုပ်စမ်းနဲ့ ….” ဝမ်ကော်တုန် ပြောလိုက်သည်။

အသက်ကြီးသူများက ထိုအတိုင်းပင်။ သူတို့ကို ဆေးခန်းသွားဖို့ ၊ ဆရာဝန်ပြဖို့ကို သေမတတ် တိုက်တွန်းရ၏။ အင်မတန် ခေါင်းမာသည့် အဘိုးကြီးများပင်။

“ တစ်ချက် ကြည့်ခိုင်းလိုက်တာ ဘာမှပဲ့ပါမသွားပါဘူး ရှင်ရယ် ….” လျိုလီဟွားလည်း ဝင်ပြောလိုက်သည်။

သူမက လင်းရီကို အပြင်လူကဲ့သို့ သဘောမထားဘဲ ဝမ်ကော်တုန်းကို စစ်ဆေးကြည့်စေချင်နေသည်။

“ အန်ကယ်ဝမ် … ကျွန်တော် သွေးခုန်နှုန်း စမ်းပါရစေ ….”

“ ဒါဆိုလည်း ရော့ကွာ ….”

ဝမ်ကော်တုန် ဟန်တစ်ခွဲသားတွေ လုပ်မနေဘဲ သူ့လက်မောင်းကို ရော့အင့်ဆိုပြီး ထိုးပေးလာသည်။

ဝမ်ကော်ချန်က ဘေးတွင် ထိုင်နေရင်း စားရင်း လင်းရီကို စေ့စေ့စပ်စပ် အကဲခတ်နေလျက် ရှိသည်။

“ ဘယ်လိုနေလဲ ….”

လင်းရီ လက်ပြန်လွှတ်လိုက်တာကို မြင်တော့ ဝမ်ရင်းမေးလိုက်၏။

“ သွေးကြောပိတ်နေတာ …”

“ သွေးကြောပိတ်နေတာလား …”

“ လူကြီးတွေမှာ အဖြစ်များတဲ့ ဦးနှောက် သွေးကြောပိတ်တဲ့ ရောဂါတစ်မျိုးပါပဲ …. Aspirin သောက် ၊ အဆီများတာတွေ လျှော့စားပေးရင် အဆင်ပြေပါတယ် …” လင်းရီ ပြောလိုက်သည်။

“ အချိန်ရမယ်ဆိုရင်တော့ ဆေးရုံသွားပြီး သေချာစစ်ဆေးတာ အကောင်းဆုံးပဲ … ရောဂါ လက္ခဏာမပြခင် ကြိုတင် ကုသထားတာက ပိုကောင်းတယ် …”

ဦးနှောက်သွေးကြောပိတ်သည့် ရောဂါက အင်မတန် အသေအပျောက်များသည့် ရောဂါ တစ်မျိုးဖြစ်ပြီး ရောဂါက မပြင်းထန်လျှင်ပင် အိပ်ရာထဲ တစ်သက်လုံး လဲလျောင်းသွားရနိုင်ချေရှိသည်။

လင်းရီ၏ စကားကိုကြားတော့ ဝမ်မိသားစုဝင်များအားလုံး အနည်းငယ် ထိတ်လန့်သွားခဲ့ကြ၏။

“ စိုးရိမ်ရလား ….” ဝမ်ရင်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ စိုးရိမ်ရတဲ့ အဆင့်ထိတော့ မရောက်သေးဘူး … ဒါပေမယ့်‌ ပေါ့ဆလို့တော့ မရဘူး ….”

“ နားလည်ပြီ … မင်္ဂလာဆောင်ပြီးတာနဲ့ အဖေ့ကို ဆေးရုံခေါ်သွားလိုက်မယ် …”

ဝမ်ကော်ချန်က သူ့ကိုင်ထားသည့် လိမ္မော်သီးကို အောက်သို့ချ၍ “ လူငယ်တွေက အတွေ့အကြုံနည်းတော့ တစ်ခုခုဆို အရမ်း ချဲ့ကားတတ်ကြတာပဲ … ရေးကြီးခွင်ကျယ်တွေ လုပ်ဖို့ မလိုပါဘူးကွာ …”

ပြောဆိုပြီးနောက် ဝမ်ကော်ချန်က သူ့လက်ကို ဝမ်ကော်တုန်၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်

“ ဘာမှမဟုတ်ဘူး … ဒီတိုင်း သွေးတိုးဖြစ်တာ … ကိုယ်သောက်နေကျ ဆေးကိုသာ မရပ်လိုက်နဲ့ ….”

“ ဒါက ….”

နှစ်ဦးလုံးက မတူညီသည့် ထင်မြင်ချက်ကိုယ်စီ ဖြစ်နေကြသဖြင့် ဝမ်မိသားစုဝင်များလည်း မည်သူ့စကားကို ယုံရမှန်း မသိ ဖြစ်လို့နေသည်။

“ အစ်မရင်း စိတ်ပူစရာ မလိုပါဘူး … အဲ့လောက်ကြီးလည်း စိုးရိမ်ရမယ့် ကိစ္စမဟုတ်ဘူး …” ဝမ်ဇီချန် ပြောလိုက်သည်။

ဝမ်ရင်း ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ဝမ်ကော်ချန်၏ စကားကို ရင်ထဲမထားဘဲ ခေါင်းညိတ်လိုက်၏။

လင်းရီ၏ အရည်အချင်းကို သူမ ကောင်းကောင်း နားလည်သည်။ မင်္ဂလာဆောင်ပြီးသည်နှင့် သူမ အဖေကို ဆေးရုံခေါ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏။

“ ဒါဆိုလည်း ငါနောင်ကျ ပိုပြီး ဂရုစိုက်တာပေါ့ …”

ဝမ်ကော်တုန်က လင်းရီကို မယုံတာ မဟုတ်ပေမယ့် ဆွေမျိုးရင်း ဖြစ်သူ ပြောသည့် စကားကိုတော့ နည်းနည်းလေး ပိုယုံမိသည်။

“ အဖေ အဲ့လို ခပ်ပေါ့ပေါ့ မလုပ်နဲ့ …. သွေးတိုးကြောင့် မဟုတ်ဘဲ တစ်ခြားကြောင့် ခေါင်းကိုက်နေတာလည်း ဖြစ်နိုင်တာပဲလေ ….”

ဝမ်ရင်းက စကားကို တုတ်ထိုးအိုးပေါက် ပြောလာသည်။

“ မေမေ … အဖေ အရင်က ဆေးစစ်ဖူးတယ်မဟုတ်လား … အဲ့ဒီ ဓာတ်မှန်တွေ ဘယ်နားမှာ …. ကြည့်ရအောင် ထုတ်လာခဲ့လေ …” ဝမ်လု ထပ်ပေါင်း ဖြည့်စွက် ပြောလိုက်သည်။

“ ဆေးစစ်ထားတာက အရင် နှစ်ဝက်လောက်တုန်းက … အခု ကြည့်လို့ အဓိပ္ပာယ်ရှိပါ့မလားဟယ် ….”

“ ရောဂါ အရိပ်အယောင် ရှိတယ်ဆိုရင် အရင် နှစ်ဝက်လောက်တုန်းကဆိုလည်း အဆင်ပြေတယ် …” လင်းရီ ပြောလိုက်သည်။

“ ကဲပါ ကဲပါ … ဒါဆိုလည်း ငါ သွားယူလိုက်မယ် …”

လျိုလီဟွားက သူမ၏ အိပ်ခန်းထဲသို့ သွားပြီး အဖြူရောင် အိတ်တစ်လုံးနှင့်အတူ ပြန်ထွက်လာသည်။

“ ဒါတွေက အဲ့တုန်းက ရိုက်ထားတဲ့ ဓာတ်မှန်တွေပဲ ….”

လင်းရီ ၎င်းတို့ကို ယူပြီး အနီးကပ် စတင်ကြည့်သည်။

ဝမ်ကော်ချန်ကတော့ သူ့လိမ္မော်သီးကို ဆက်စားနေရင်း ဂရုမစိုက်သည့် အမူအရာဖြင့် ရှိနေသည်။

တိုင်းရင်းဆေးပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သည့် အတွေ့အကြုံအရ မည်သူ့ ရောဂါမဆို သွေးခုန်နှုန်း စမ်းသပ်ကြည့်ရုံမျှနှင့် ခန့်မှန်းနိုင်ကြောင်း သူ့ကိုယ်သူ ယုံသည်။ သူက မည်သို့ မှားနိုင်လိမ့်မည်နည်း။

“ ရောဂါက ဒီမှာပဲ ….”

လင်းရီ သူ့လက်ညှိုးဖြင့် ထောက်ပြလိုက်ပြီး “ စုစုပေါင်း သုံးနေရာရှတယ် … စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးဆိုပေမယ့် ဆရာဝန်ဘက်က သတိပေးလာမှာတော့ ကျိန်းသေတယ် ….”

“ သူတို့ ဘာမှလည်း မပြောဘူးနော် … ပြောတာကတော့ လေ့ကျင့်ခန်း များများလုပ်ဖို့ ၊ ဆီများတာတွေ မစားဖို့နဲ့ Aspirin သောက်ဖို့ပဲ ညွှန်းပေးလိုက်တာ…. ဒေါက်တာကလည်း တည်တည်ငြိမ်ငြိမ်ပဲဆိုတော့ ငါလည်း ရောဂါ ကြီးကြီးမားမား မရှိဘူး ထင်လိုက်တာ …”

လျိုလီဟွားက ပြန်ဖြေသည်။

လင်းရီ ခေါင်းညိတ်လိုက်၏။ ထို့နောက် ဓာတ်မှန်ကို ကောက်ယူပြီး နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

“ အဲ့တုန်းကတော့ သိပ်မဆိုးသေးဘူး … ဒါပေမယ့် နောက်ပိုင်း ဂရုမစိုက်လို့ ဖြစ်မယ် … အခုတော့ အရင်နှစ်ဝက်တုန်းကထက် အခြေအနေ ပိုဆိုးလာပြီ … အချိန်ပေးပြီး ဆေးပြန်သွားစစ်ကြည့်တာ ကောင်းလိမ့်မယ် ….” လင်းရီ ပြောလိုက်၏။

All Chapters