အထိမ်းအမှတ်၊ သတိသရ
Vol. 175 Ch. 2470
“ ငါ့အမှားတွေကြောင့်ပါ ….” လျိုလီဟွားက နောင်တတကြီးဖြင့် သူမပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး “ ဆေးရုံက ပြန်လာပြီးတော့ ငါတို့နှစ်ယောက်လုံး ဘယ်သူမှ အလေးအနက် မထားခဲ့ကြဘူး …. အစားလည်း ကြည့်မစားဘူး … စားချင်သလို စားတာပဲ … မဟုတ်ရင် ဒီလောက်ထိ ဆိုးလာမှာ မဟုတ်လောက်ဘူး ….”
“ အထိတ်တလန့် ဖြစ်ဖို့တော့ မလိုသေးပါဘူးဗျာ … ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာထဲမှာပဲ ရှိပါသေးတယ် …. ဆေးရုံသွားပြီး သွေးကြောသန့်ရှင်းတာတွေလုပ်၊ လေ့ကျင့်ခန်းလည်း လုပ်ပေး ၊ အစားကိုလည်း သေချာ စားသောက်ပေးရင် ဘာပြဿနာမှ မရှိတော့ပါဘူး … စိတ်ချလက်ချ နေလို့ရပါတယ် …”
“ အင်းပါ အင်းပါ … ငါတော့ နင့်ကို အကြွေးတင်သွားပြီ ရီလေးရယ် ….”
“ အန်တီက အားနာလွန်းနေပါပြီ ….”
ဘေးတွင် ထိုင်နေသည့် ဝမ်ကော်ချန်ကတော့ မျက်နှာမလှတော့ပေ။
ဟွာရှတိုင်းရင်းဆေးပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်လာပြီးသည့်တိုင် ထိုကဲ့သို့သော အသေးအမွှား ကိစ္စလေးကို မှားယွင်း အကဲဖြတ်မိလိမ့်မည်ဟု ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ပေ။
“ ဆရာဝန်ပြမယ့် ကိစ္စကိုတော့ လောလောဆယ် ဘေးချိတ်ထားကြတာပေါ့ … ထမင်းအရင်စားကြစို့ … နေ့လည်တောင် ကျော်နေပြီ … လူတိုင်းလည်း ဗိုက်ဆာနေလောက်ပြီ …”
ဝမ်ရင်း ပြောလိုက်၏။ “ ခဏနေကျရင်လည်း လုပ်စရာတွေ ရှိသေးတယ် …”
“ ဟုတ်တယ် ဟုတ်တယ် … အရင်စားကြစို့ ….”
မိသားစု နှစ်ခုလုံး ထိုင်ခုံကိုယ်စီ ယူလိုက်ကြသည်။ လင်းရီ လာမည်မှန်း သိသည့်အတွက် လျိုလီဟွားက ဟင်းအမယ်များကို ပိုပိုလျှံလျှံ ချက်ထားပြီး မည်သည့်တွန့်တိုနေခြင်းမျှ မရှိခဲ့ပေ။
“ ယောက်ဖ … မင်း အရက် ဘယ်လောက်ထိ သောက်နိုင်လဲ … ချန်ဒူးရောက်လာပြီးမှတော့ မမူးဘဲ ပြန်လို့ မရဘူးနော် …”
ဝမ်ဇီချန်က ဖန်ခွက်ကိုင်ရင်း လင်းရီနှင့်တစ်ခွက် အတူသောက်ဖို့ အဆင်သင့် ဖြစ်လို့နေသည်။
“ အဆင်ပြေရုံလောက်ပါပဲ … ငါးကီလိုအတွင်းကတော့ ပြဿနာ မရှိဘူး ….”
“ ဟင် … ငါးကီလို ဟုတ်လား … အရက်ဖြူကိုလေ ….”
လင်းရီ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ တစ်ခွက်ငှဲ့ပြီး ဝမ်ဇီချန်ထံသို့ ခွက်မြှောက်လိုက်၏။
“ ကဲ … အတူသောက်ကြစို့ ….”
ပြောရင်းဖြင့် အရက်ဖြူ တစ်ခွက်အပြည့်လုံးကို တစ်ကျိုက်တည်း အပြတ်မော့လိုက်ပြီး တစ်စက်လေးပင် ကျန်နေခြင်း မရှိချေ။
ဝမ်ဇီချန်မှာ ကြက်သေသေသွားခဲ့ရ၏။ ဤသည်ကို အခွင့်ကောင်းယူ၍ သူ့အနာဂတ် ယောက်ဖလောင်းလေးအား မူးအောင် လုပ်ချင်ပါသော်လည်း အရက်ဖြူကို ရေသောက်သလို တဂွတ်ဂွတ် သောက်ချသွားလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။
ဤသို့သော အရည်အချင်းမျိုးက လုံးဝ သွားနောက်လို့ရသည့် အရာမဟုတ်ပေ။
ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် သူ့ဖန်ခွက်သူ ပြန်ချလိုက်သည်။
“ ယောက်ဖကတော့ တကယ့် ယောက်ျားစစ်စစ် ပီသပါပေတယ် … ခွက်အပြည့်နဲ့ တစ်ခွက်ချလိုက်တော့ ငါ့ကိုတောင် အခွင့်အရေး မပေးတော့ဘူးပဲ ….”
“ ဘယ်ဟုတ်မှာ … ကိုယ်သောက်နိုင်သလောက်ချပေါ့ ….” လင်းရီ ပြုံးလျက် ပြောဆိုလိုက်သည်။
ဝမ်ရင်းကတော့ ဘေးတွင် ထိုင်ကြည့်ရင်း ရယ်နေသည်။
ထမင်းဝိုင်းတွင် အပြင်လူ မပါရှိသဖြင့် မိသားစုမှာ ထွေရာလေးပါး ကိစ္စရပ်များအကြောင်း ဆွေးနွေးပြောဆိုရင်း ပျော်ရွှင်ဖို့ကောင်းသည့် လေထုအခြေအနေတစ်ရပ်ကို ဖန်တီးနေလျက် ရှိသည်။
တစ်နာရီနီးပါးခန့် ကြာပြီးနောက် ဝမ်ရင်းက လင်းရီကို ထမင်းဝိုင်းမှ ဆွဲထူလိုက်သည်။
“ ကျွန်မတို့ တစ်ခြားလုပ်စရာလေးတွေ ရှိသေးလို့ ခဏ အပြင်သွားလိုက်ဦးမယ် … ဦးလေးတို့ ဆက်စားနှင့်ကြဦးနော် …”
“ ဟယ် သွားတော့မလို့လား … ဟင်းတွေလည်း ဘာမှ ထိမသွားဘူး…” လျိုလီဟွား ပြောလိုက်၏။
“ တစ်ခြား အရေးကြီးကိစ္စလေးတွေ ရှိနေလို့ပါ အမေရယ် … အကုန်လုံးကလည်း ကိုယ့်မိသားစုချင်းကိုပဲ အဆင်ပြေပါတယ် ….”
စကားများများ ထပ်ပြောမနေတော့ဘဲ ဝမ်ရင်းက လင်းရီကို ခေါ်ပြီး ထွက်လာခဲ့လိုက်သည်။
“ ရောက်တာနဲ့ နင့်ကို ဒီလိုကိစ္စတွေနဲ့ ကြုံတွေ့စေမိတဲ့အတွက် အစ်မ တောင်းပန်တယ်နော် ….”
အမှန်တော့ ဝမ်ရင်းတွင် အခြား ဘာလုပ်စရာမျှ မရှိပေ။ ဤတအိုင်း … လင်းရီကို ထိုသို့သော ဆူညံလှသည့် မိသားစု တွေ့ဆုံပွဲမျိုးတွင် ဆက်မနေစေလို၍ပင်။ လင်းရီအနှောင့်အယှက် ဖြစ်နေမှာကို သူမ စိတ်ပူနေသည်။
“ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ် … အစ်မရင်း စိတ်ပူဖို့ မလိုပါဘူး ….”
“ အွန်း …” ဝမ်ရင်းက လင်းရီ၏ လက်မောင်းကို ဖက်လိုက်ပြီး အချစ်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးငယ်လေး တစ်ဦးကဲ့သို့ ရွှင်လန်းစွာ ပြုံးလိုက်၏။
“ နင် သွားချင်တဲ့နေရာရှိလား … ခဏလောက် ဟိုဒီ လျှောက်သွားကြမယ်လေ ….”
“ သွားစို့ … ကျွန်တော် တစ်နေရာတော့ သွားလည်ချင်တယ် ….” လင်းရီ ညင်သာစွာ ဆိုလိုက်၏။
“ အစ်မလည်း လိုက်မယ် …”
အရင်ဦးဆုံး လင်းရီ အနားတစ်ဝိုက်ကို ပတ်ဝေ့ပြီး အရက်နှင့် ဆေးလိပ်ရောင်းသည့် စတိုးဆိုင်ထဲသို့ ဝင်၍ မောင့်ထိုင် နှစ်ပုလင်းနှင့် ‘စု’ စီးကရက် နှစ်ဘူး ဝယ်လိုက်သည်။ ထို့နောက် တက္ကစီငှားပြီး အာဇာနည် ဗိမာန်သို့ ထွက်လာသည်။
ကားထဲက ထွက်သည်နှင့် ဝမ်ရင်းမှာ ယခင်နှစ်က အဖြစ်အပျက်ကို ပြန်လည် အမှတ်ရသွားခဲ့သည်။
ဤနေရာက လင်းရီ၏ ရဲဘော်ရဲဘက်တစ်ဦးကို မြုပ်နှံထားသည့် နေရာဖြစ်ကြောင်း ဝမ်ရင်း သိနေသည်။
အချိန်က ရေအလျဉ်နှယ် စီးဆင်းသွားခဲ့ပြီး ဝမ်ရင်း၏ စိတ်ခံစားချက်တို့ အနည်းငယ် စို့နင့်လာခဲ့၏။
မသိလိုက်ခင်မှာပဲ တစ်နှစ်နီးပါးပင် ရှိတော့မည်။
တစ်လှမ်းချင်း တစ်လှမ်း … နှစ်ဦးမှာ အာဇာနည်ဗိမာန်ထဲသို့ ဝင်လာခဲ့ပြီး ကျိုးလျန်၏ အုတ်ဂူရှေ့မှောက်သို့ ရောက်လာခဲ့၏။
အဖြူအမည်း ဓာတ်ပုံထဲရှိ လူငယ်လေးကတော့ ရွှင်ပြစွာ ပြုံးပြနေသည်။
လင်းရီ၏ လက်တို့ တုန်ယင်သွား၏။
ညင်သာစွာဖြင့် … အုတ်ဂူပေါ်က ဖုန်မှုန့်များကို သုတ်ပေးလိုက်ပြီး မျက်လုံးအိမ်ထဲ မျက်ရည်တို့ ပြည့်နှက်သည်။
စီးကရက် တစ်လိပ်ကို မီးညှိပြီး အုတ်ဂူရှေ့ ချပေးလိုက်သည်။ ထို့နောက် သူ့ဘာသူ တစ်လိပ်ညှိလိုက်၏။
ပြီးနောက် အရက်နှစ်ခွက် ငှဲ့ပြီး သူ့ကိုယ်သူ တစ်ခွက်သောက်ရင်း ကျန်တစ်ခွက်ကိုတော့ မြေပြင်ပေါ် လောင်းချလိုက်သည်။
“ မင်း ကံကောင်းတယ် … တစ်ခြားလူတွေ သေလုမတတ် လေ့ကျင့်ရေးဆင်းနေရတဲ့အချိန်မှာ မင်းကတော့ …. အဲ့ကျည်ဆံကို ရှောင်နိုင်လိုက်တာပဲ …”
လင်းရီ သူ့ကိုယ်သူ ရေရွတ်နေသည်။
တိတ်ဆိတ်စွာဖြင့် .. လင်းရီ နောက်တစ်ခွက် လောင်းထည့်လိုက်ပြီး ယခင်နည်းတူ မြေပြင်သို့ လောင်းချလိုက်သည်။
“ ငါတို့ မကြာခင် ကျွန်းပေါ် တက်ရတော့မယ် … ကျွန်းက ဘယ်လိုပုံစံမျိုးရှိလဲ ဆိုတာ မင်း တွေ့ရအောင် ငါ ပြပေးမယ် …”
“ မင်းမိဘတွေ ….”
“ ငါ သူတို့ကို သေချာ ဂရုစိုက်ထားပေးတယ် … သူတို့အဆင်ပြေတယ် … မင်း ဘာမှ ပူစရာမလိုဘူး ….”
အစရှိသဖြင့် … တစ်နာရီကျော်ကြာအောင် လင်းရီတစ်ယောက်တည်း စကားတွေ ပြောနေရင်း မောင့်ထိုင် နှစ်ပုလင်း ကုန်လုကုန်ခင်မှ ဖြည်းညင်းစွာ မတ်တပ်ထလိုက်၏။
“ ငါ အခုသွားတော့မယ် … နောင်ကျ မင်းဆီ ထပ်လာလည်ဦးမယ် ….”
လင်းရီ မတ်တပ်ရပ်ပြီး အုတ်ဂူပေါ်က ဖုန်များကို နောက်တစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးလိုက်သည်။ ပြီးနောက် ဝမ်ရင်းနှင့်အတူ ပြန်ထွက်လာသည်။
လမ်းတစ်လျှောက်လုံး ဝမ်ရင်း မည်သည့်စကားတို့မျှ မဆိုချေ။
အဆိုပါ ခံစားချက်ကို မည်သူကမျှ သူနှင့်အတူ ဝေမျှပြီး ခံစားပေးနိုင်မှာ မဟုတ်ချေ။
အပြည့်အဝ စာနာနားလည်ပေးနိုင်ခြင်း မရှိသဖြင့် လင်းရီ ယခုလို တစ်ယောက်တည်း ခံစားနေရသည့် အပေါ် ဝမ်းနည်းပေးရုံမျှသာ တတ်နိုင်သည်။
ညနေခင်း ခြောက်နာရီထိုးတော့ နှစ်ယောက် အိမ်ပြန်ရောက်လာခဲ့ကြသည်။
သို့သော် အိမ်ထဲ မရောက်ခင်မှာပဲ အတွင်းရှိ ဆူဆူညံညံ အသံများကို ကြားနေရလေသည်။
တံခါးဖွင့်လိုက်တော့ အိမ်ထဲ လူအပြည့်ဖြစ်နေတာကို မြင်တွေ့လိုက်ရသည်။
အကုန်လုံးက ဆွေမျိုးသားချင်းများဖြစ်ပြီး စကားပြောဆို ရယ်မောနေလျက်ရှိ၏။
လင်းရီနှင့် ဝမ်ရင်းတို့ ဝင်လာသည်ကို မြင်တော့ လူတိုင်းမှာ မသိစိတ်အလျောက် ပြောဆိုနေသည်ကို ရပ်တန့်သွားကြလေသည်။
သူတို့အားလုံး၏ အကြည့်များက လင်းရီအပေါ်သို့ ကျရောက်သွားခဲ့ကြသည်။
“ ရို … ဒါ ဝမ်ရင်းရဲ့ ကောင်လေး မဟုတ်လား ….”
ပြောလိုက်သူက ဝမ်ရင်း၏ ဖခင်နှင့် အနည်းငယ် ရုပ်ချင်းဆင်တူသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးပင်။
သူမ နာမည်က ဝမ်ယွီ့မေ ဖြစ်ပြီး ဝမ်ကော်တုန်၏ ညီမ ဖြစ်၏။ ဝမ်ရင်း၏ ဒေါ်လေးဆိုလည်း မမှားပေ။
“ သူက ငါ့အန်တီလေးလေ …” ဝမ်ရင်း တိတ်တိတ်လေး မိတ်ဆက်ပေးလိုက်သည်။
“ ဟယ်လို အန်တီလေး … တွေ့ရတာ ဝမ်းသာပါတယ်ဗျ ….” လင်းရီ ပြုံးလျက် သူမအား နှုတ်ဆက်လိုက်သည်။
ထို့နောက် ဝမ်ရင်းက လင်းရီကို အခြားသော ဆွေမျိုးများနှင့် မိတ်ဆက်ပေးသည်။ တစ်ချို့ကိုတော့ သူမလည်း ဘယ်လို ခေါင်းစဉ်တပ် ခေါ်ရမလဲ မသိပေ။
လင်းရီ တတ်နိုင်သည်ကတော့ နှုတ်ဆက်သည့်အနေဖြင့် ပုတ်သင်ညို လုပ်ပြနေရုံပင်။
“ ဝမ်ရင်း … ငါကြားတာ နင့်ကောင်လေးက ရဲအရာရှိဆို ….” ဝမ်ယွီ့မေက မေးလိုက်၏။
“ ဝမ်ရင်း ခေါင်းညိတ်လိုက်သည်။
“ ငါကြားတာ သူ့အခြေအနေက တော်တော်လေး ကောင်းတယ်ဆိုပဲ ….”
ဤခေါင်းစဉ်အကြောင်းအရာကို ရောက်တော့ လူတိုင်းက လင်းရီကို စေ့စေ့စပ်စပ်ကြည့်လိုက်ကြပြီး ထူးခြားသည့် အရာတစ်ခုခုကို သတိထားမိလို ၊ သတိထားမိငြား မျှော်လင့်နေကြလေသည်။
“ သူက ဒီတိုင်း သာမန် ရဲအရာရှိပါပဲ … လူတိုင်း ထင်နေသလို မဟုတ်ပါဘူး ….”
ဤစကားကြားတော့ လူတိုင်း၏ စိတ်ဝင်စားမှုများမှာ လျော့ကျသွားပြီး ချက်ချင်းဆိုသလို သူတို့ လုပ်စရာရှိသည်များနှင့် အလုပ်များနေကြတော့သည်။
မာကျောက်ဆော့သူကဆော့၊ အရက်သောက်ရင်း စကားပြောသူကပြော။
“ ဝမ်ရင်း … ငါကြားတာ နင် အခု BMW မောင်းနေပြီဆို … တို့ရှောင်ချန် ကြွားလို့ရအောင် ယူလာခဲ့တာ မဟုတ်ဘူး နင်ကလဲ ….”
“ ကျိုးဟိုင်နဲ့ ချန်ဒူးက ကီလိုမီတာ ၂ ထောင်တောင် ကျော်တာကို ကျွန်မက ဘယ်လိုလုပ် မောင်းလာနိုင်မှာလဲ အန်တီလေးရယ် ….”
“ နည်းလမ်းရှာလို့ မရဘူးလား ….” ဝမ်ယွီ့မေ ပြောလိုက်ပြီး “ နင့်ခဲအိုဆို ရန်ကျင်းကနေ ကားနှစ်စင်းတောင် ယူလာတာ တစ်စီးတစ်စီးကို ယွမ်တစ်သန်းကျော်တယ် …”
“ အမေ … ဘာလို့ သူ့ကို အဲ့အကြောင်းတွေ ပြောပြနေတာလဲ ….”
ပြောလိုက်သူက အမျိုးသမီးငယ်လေး တစ်ဦးဖြစ်ပြီး ဝမ်ယွီ့မေကို မကြွားဖို့ ဟန့်တားနေသည်။ သို့ပေမယ့် ဝင့်ကြွားနေသည့် သူ့မျက်ဝန်းများကတော့ သူမစကားအပေါ် သစ္စာဖောက်နေလျက် ရှိသည်။
သူမကတော့ ဝမ်ယွီ့မေ၏ သမီး ကျန်းဝန်ကျားပင်။
“ ငါပြောနေတာတွေက အမှန်တွေပဲလေ … မဟုတ်လို့လား ….”
“ ငါ့ခဲအိုမှာလည်း ကားရှိတယ် … ဒီတိုင်း ဒီမယူလာခဲ့ရုံတင်ပဲ …” ဝမ်လု ပြောလိုက်ပြီး “ ယွမ်တစ်သန်းကျော်လောက်ပေးရတဲ့ကားက ဘာများ ကြီးကျယ်နေတာမို့လို့ …”
“ လုလု … နင် ကြွားတာလည်း ကြည့်ကြွားဦး … ယွမ်တစ်သန်းကျော်ပေးရတဲ့ကားက ကားအကောင်းစား မဟုတ်လို့လား …” ကျန်းဝန်ကျား မကျေမချမ်းဖြစ်စွာ ပြန်ပြောလိုက်သည်။
“ အွန်း … အဲ့လို ကားလေးတွေက ငါ့ခဲအိုရဲ့ မျက်လုံးထဲမှာ ဘောင်မဝင်တဲ့ကားတွေ ….” လုလုက မလျှော့တမ်း ပြန်ငြင်းလိုက်သည်။
“ အဲ့မှာ လျှောက်ပြောနေလိုက် …” ကျန်းဝန်ကျားက နှာမှုတ်လိုက်ပြီး “ သူ့ အလုပ်အကိုင်နဲ့ တကယ်လို့ ယွမ်ငါးသိန်းကျော်တန် ကားမောင်းရင်တောင် စစ်ဆေးခံရသင့်နေပြီ … ယွမ်တစ်သန်းကျော်တဲ့ ကားဆိုလို့ကတော့ ပြောမနေနဲ့တော့ ….”
“ နင် မယုံလည်း ဘာမှမဖြစ်ပါဘူးနော် ဟွန့် ….”
“ ငါ မယုံတာ မဟုတ်ဘူး … ဒီတိုင်း အမှန်တရားက မျက်စိရှေ့မှာ ရှိနေရုံတင်ပဲ …” ကျန်းဝန်ကျား ပြောလိုက်ပြီး “ တကယ်လို့ သူသာ ဂရုစိုက်တယ်ဆိုရင် ကြိုပြီး ပြင်ဆင်ထားပြီးရောပေါ့ … အခုမှ ဒါတွေလာပြောနေလို့ အလကားပဲ …”
“ ကဲပါ ကဲပါ … ဒီတိုင်း မင်္ဂလာဆောင်ကားလေးတွေပါပဲ … ထွေထူးဟုတ်တာလည်း မဟုတ်ပါဘူး …” ဝမ်ဇီချန်က အလျင်အမြန်ပဲ ကြားဝင်ပြောဆိုလိုက်ပြီး “ ငါ့ယောက်ဖ လူကိုယ်တိုင် ရောက်လာတာနဲ့တင် ငါက ဝမ်းသာလှပြီ ….”
“ တကယ်လည်း ငါ့ဘက်က သေချာ မစဉ်းစားခဲ့မိဘူးပဲ …” လင်းရီ ပြုံးလျက်ဆိုရင်း ဝမ်ဇီချန်ကို ကြည့်လိုက်၏။ “ ယောက်ဖ ... မင်း မင်္ဂလာပွဲမှာ ရှေ့က ဦးဆောင်မယ့် မင်္ဂလာကားကို ရှာပြီးပြီလား …”