နှုတ်ထွက်ခြင်း
Vol. 175 Ch. 2472
ကျီချင်းရန်နှင့် မတူပါဘဲ အကယ်၍ ဂရုတစိုက်ကြည့်မည်ဆိုပါက လျန်ရူရွှယ်၏ ဝမ်းဗိုက်က အနည်းငယ်ပြောင်းလဲနေသည်ကို မြင်တွေ့နိုင်သည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း အနည်းငယ် မိန်းမသားဆန်မှုနှင့်အတူ ဆွဲဆောင်မှု ရှိလာခဲ့၏။
“ ဟင် …” လျန်ရူရွှယ်က သင်္ကာမကင်း ဖြစ်စွာဖြင့် “ ဘယ်နား ပြောင်းလဲသွားလို့ ….”
“ ပိုကြီးလာတယ်လေ …” လင်းရီပြောလိုက်သည်။
“ အရင်က လက်တစ်ဆုပ်နဲ့တောင် အနိုင်နိုင်ဖြစ်နေတာ အခု လက်နှစ်ဆုပ်နဲ့ဆိုရင်တောင် ထိန်းလို့မနိုင်တော့ဘူး … မင်းကတော့ တကယ့်ကို ထိန်းရခက်မယ့် မိန်းကလေးပဲ ….”
လူကြီး ဟာသများကြားထဲ ကြီးပြင်းလာသည့် လျန်ရူရွှယ်က ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။
“ ကိုယ်ဝန်စရှိကတည်းက ဆယ့်ငါးပေါင်လောက် တက်လာပါတယ်ဆို ဒါပေါ့ ပိုကြီးလာမှာပေါ့ ….” လျန်ရူရွှယ် ပြောလိုက်ပြီး “ အခုဆို ခြေထောက်တွေလည်း တုတ်လာပြီ … အတော့်ကို စိတ်ညှစ်စရာပဲ ….”
စိတ်ညှစ်သည်ဟု ပြောဆိုနေသသော်လည်း လျန်ရူရွှယ်၏ မျက်နှာထက်တွင် စိတ်ညှစ်နေသည့် အမူအရာမျိုး မမြင်တွေ့ရချေ။ ဤအတိုင်း စကားအဖြစ် ပြောရုံမျှသာ ဖြစ်၏။
“ ငါ သူနဲ့ စကားပြောလိုက်မယ် … အစားကို လျှော့စား လို့ …. သူက ကိုယ့်အမေကို အစားကျွေးပြီး သေအောင် သတ်နေတာပဲ ….”
လင်းရီက ဝမ်းဗိုက်နားသို့ နားကပ်ပြီး သေချာ နားထောင်ကြည့်လိုက်၏။ လျန်ရူရွှယ်က ပြုံးလျက် မေးလာသည်။
“ နင် ဘာကြားရလို့ … နင်က သူနဲ့တောင် ဆက်သွယ်နိုင်နေပြီပေါ့ ….”
“ ဒါပေါ့ … သူ ငါ့ကို ‘ ဖေဖေ ‘ ဆိုပြီး ခေါ်တာတောင် ကြားလိုက်သေးတယ် …”
“ ပေါက်ကရတွေ … အခုထိ ပုံစံတောင် သေချာပေါ်ဦးမှာ မဟုတ်သေးတာကို ….”
လျန်ရူရွှယ်က သူမ၏ ဝမ်းဗိုက်ကို ကြင်နာယုယမှု အပြည့်ဖြင့် ပွတ်သပ်လိုက်ပြီး မမွေးဖွားလာသေးသည့် ကလေးလေးအပေါ် မျှော်လင့်ချက် အပြည့် ဖြစ်နေသည်။
“ ကဲ ကဲ … ရပြီ … ငါတို့ အခု ဒီလိုပုံစံနဲ့ တစ်ယောက်ယောက် ဝင်လာရင် အရှက်တွေ ကွဲနေဦးမယ် ….”
လျန်ရူရွှယ်က သူမ၏ အင်္ကျီကို အောက်ပြန်ချလိုက်ပြီး သေချာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူမ၏ ထိုင်ခုံသို့ ပြန်ထိုင်ချလိုက်၏။
“ ဒါနဲ့ မင်း အခုလိုပဲ နေ့တိုင်းနေ့ အလုပ်လုပ်နေတော့မှာလား …. တစ်ခြား ဘာမှ မစီစဉ်ထားဘူးလား ….”
“ ငါ့အလုပ်က တစ်ခြား ရာထူးတွေနဲ့ မတူဘူးလေ … ကိစ္စ တော်တော်များများက ငါ့လက်ထဲမှာ ထိန်းချုပ်လို့ရတာ မဟုတ်ဘူး ….” လျန်ရူရွှယ် သက်ပြင်းချရင်း ပြောလိုက်သည်။
“ ဒါပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ တစ်ကြိမ်တစ်ခါလေးတောင် မပျက်ကွက်ပါဘူး … ဆရာဝန်ကလည်း ငါ့အခြေအနေက တော်တော်လေး ကောင်းတယ်လို့ ပြောတယ် ….”
“ ဒါပေမယ့် ဒီလိုမျိုးချည်း ဆက်လုပ်နေလို့မှ မဖြစ်တာ ….”
“ မပူနဲ့ … အဲ့တာကို ငါလည်း သိတယ် … ငါလုပ်ချင်ရင်တောင် အမေတို့က သဘောတူမှာ မဟုတ်ဘူး …. “ လျန်ရူရွှယ် ပြုံးလျက် ပြန်ပြောလိုက်၏။
“ သက်တောင့်သက်သာ မဖြစ်သလို ခံစားရရင် ခွင့်ယူပြီး အိမ်ပြန်နားလိုက်မယ် … ဘယ်ဟာက ဦးစားပေးလဲ ငါသိပါတယ် ….”
လင်းရီ ခေါင်းညိတ်ပြီး ဘာမျှ ဆက်မပြောတော့ချေ။
လျန်ရူရွှယ်၏ အခြေအနေက ကျီချင်းရန်နှင့် မတူပေ။
သူမက သူမတစ်ယောက်တည်းသာ မဟုတ်ဘဲ လျန်မိသားစု တစ်ခုလုံးကို ကိုယ်စားပြုနေခြင်းပင်။ ဆံပင်တစ်ချောင်း ဆွဲခြင်းက တစ်ကိုယ်လုံးကို ရွေ့လျားသွားစေသည်နှင့် တူသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်တိုင်းတွင် ချင့်ချိန်မှုတို့ အများအပြား ပါဝင်နေရ၏။
“ ဒါဆို ဒီနေ့ အလုပ်မလုပ်နဲ့တော့ … အပြင် လျှောက်လည်ကြမယ် ….”
လျန်ရူရွှယ်က နာရီကို တစ်ချက်ကြည့်လိုက်ရာ ညနေ သုံးနာရီကျော်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ စူပါမားကတ်ကို သွားစို့ …. ငါ နင် ချက်ပေးတဲ့ မြောက်ပိုင်း ဟင်းလျာတွေ စားချင်တယ် …”
“ ကောင်းပြီလေ ….”
လျန်ရူရွှယ်က သူမ၏ ပစ္စည်းများကို သိမ်းဆည်းပြီး အလုပ်ဆင်းသည်။ ထို့နောက် နှစ်ယောက်အတူ စူပါမားကတ်သို့ ထွက်လာပြီး အမယ်တစ်ချို့ ဝယ်ယူ၍ အိမ်သို့ ပြန်လာသည်။
အိမ်သန့်ရှင်းရေး လုပ်ပေးဖို့အတွက် အိမ်အကူ တစ်ယောက် ခေါ်ထားသည့်အတွက် လျန်ရူရွှယ်၏ အိမ်မှာ ထူးထူးခြားခြား သပ်ရပ်နေတော့သည်။
ယခင်ကလို ရှုပ်ပွနေခြင်း မရှိတော့ပေ။
လင်းရီက ဟင်းလေးပွဲနှင့် အရည်သောက်တစ်ပွဲ ချက်ပြုတ်ပေးလိုက်ပြီး လျန်ရူရွှယ်ကလည်း နှစ်ခြိုက်အားရစွာဖြင့် အားပါးတရ သုံးဆောင်သည်။
ကိုယ်ဝန်အစောပိုင်းကာလတုန်းက ဘာမျှ သိပ်မစားနိုင်သော်လည်း အလယ်အလတ် အဆင့်သို့ ရောက်လာသည်တွင် သူမ၏ စားသောက်လိုစိတ်က ရပ်တန့်၍ မရတော့ချေ။ လင်းရီနှင့်ပင် ယှဉ်ပြိုင်နိုင်နေသည်။
ညစာ စားပြီးနောက် နှစ်ယောက်သား အခြား ဘယ်မျှ မသွားကြတော့ဘဲ အခန်းသို့ ပြန်လိုက်ကြ၏။ အချင်းချင်း အဖော်ပြုပေးရင်း အချိန်ကုန်ဆုံးနေကြလေသည်။
“ ကလေးက ငါးလတောင် ရှိပြီ … မင်း ဘာမှ မပြင်ဆင်ရသေးဘူးလား ….”
“ ဟင် … ဘာကို ပြင်ဆင်ရမှာ ….”
ကျီချင်းရန်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက လျန်ရူရွှယ်က ဤအပိုင်းတွင်တော့ အနည်းငယ် နှေးကွေး၏။
ကျီချင်းရန်ဆိုလျှင် ကိုယ်ဝန် သုံးလကတည်းက ကလေးပစ္စည်းများကို တက်တက်ကြွကြွနှင့် ဝယ်ယူ၍ လိုက်လံစုဆောင်းနေလေပြီ။
“ ငါပြောတာက ကလေးမွေးလာပြီးတဲ့အခါ အသုံးလိုမယ့် ပစ္စည်းတွေလေ … အခုချိန် စပြီး ဝယ်ထားလို့ရပြီ ….”
“ အင်းနော် … ဟုတ်သားပဲ …” လျန်ရူရွှယ် အပေါ်နှုတ်ခမ်းပါးလေးအား ထော်လျက် “ ဒါပေမယ့် ဘာတွေ ဝယ်ရမလဲ ငါမှ မသိတာ …. ငါ့ဖို့ စာရင်း လုပ်ပေးလိုက် … အချိန်ရရင် သွားဝယ်ထားလိုက်မယ် …”
“ ကောင်းပြီလေ …”
လင်းရီ ဖုန်းဖွင့်၍ မွေးကင်းစ ကလေးငယ်များ အသုံးပြုဖို့ လိုအပ်လာနိုင်သည့် ပစ္စည်းနှစ်ဆယ်ကျော်ကို စာရင်း ရေးပေးပြီး လျန်ရူရွှယ်ထံသို့ ပို့ပေးလိုက်သည်။
****
နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီကျော် အချိန်၌။ လင်းရီ မျက်လုံးပွင်လာသည်။
ဘေးကို လှည့်ကြည့်လိုက်တော့ လျန်ရူရွှယ်က အိပ်မောကျနေဆဲ ဖြစ်၏။ သူမကို မနှောင့်ယှက်လိုသဖြင့် ပြန်ဆက်အိပ်လိုက်ပြီး ကိုးနာရီကျော်တော့မှသာ အိပ်ရာက ထလာခဲ့သည်။
မျက်နှာသစ် သွားတိုက်ပြီးနောက် မနက်စာကို ရိုးရိုးရှင်းရှင်း အတူစားသောက်လိုက်ကြ၏။ ပြီးသည်နှင့် အိမ်ထဲမှ နှစ်ယောက်အတူ ထွက်လာသည်။
လျန်ရူရွှယ်ကို အလုပ်တွင် ချပေးပြီးနောက် လင်းရီကတော့ အငှားကားဖြင့် ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့သည်။
တံခါးကို တွန်းဖွင့်လိုက်တော့ လျန်ရူရွှယ်က ဖုန်းကိုင်ထားပြီး ၎င်းအပေါ် အာရုံစိုက်နေသည်။
“ အာ … နင် ပြန်လာပြီပဲ ….”
လင်းရီ ပြန်လာသည်ကို မြင်တော့ ကျီချင်းရန် သူ့အား ကြိုဆိုလိုက်သည်။
“ အားလုံး အဆင်ပြေသွားပြီလား ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဘာတွေ အဲ့လောက်တောင် စိတ်ဝင်တစား ကြည့်နေတာ ….”
“ ကြည့်လို့ကောင်းတဲ့ ကလေးနို့ဘူးလေး တွေ့တာ ဝယ်မယ်လုပ်တော့ ပစ္စည်းပြတ်သွားပြီတဲ့လေ … အဲ့တာ နောက်တစ်ခု လိုက်ရှာနေတာ ….”
လုံးလုံးလျားလျား မတူညီသည့် လူနှစ်ယောက်အကြောင်း စဉ်းစားမိတော့ လင်းရီမှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့တော့သည်။
“ မင်း အများကြီး ဝယ်ထားပြီးပြီ မဟုတ်ဘူးလား …”
“ အွန်း …. ဒါပေမယ့် အမြဲတမ်း မလုံလောက်ဘူး ခံစားနေရလို့ …. ငါဝယ်ဖို့ လိုအပ်တာတွေ ရှိနေသေးသလိုပဲ…” ကျီချင်းရန်က လင်းရီကို ကြည့်ပြီး “ နင်က ဆရာဝန်ဆိုတော့ သေချာပေါက် အတွေ့အကြုံ ရှိမှာပေါ့ … တစ်ခြား ဘာဝယ်ဖို့ လိုအပ်လဲဆိုတာ ကူညီပေးပါလား ….”
“ ရတယ်လေ … ငါ မင်းဖို့ စာရင်းလုပ်ထားပေးမယ် ..”
“ အွန်း ….”
လင်းရီသည် သူ မနေ့တုန်းက လျန်ရူရွှယ်အတွက် လုပ်ထားပေးသည့် စာရ်းကို ထုတ်ပြီး နည်းနည်းပါးပါး ပြောင်းလဲ၍ ကျီချင်းရန်ထံ ပို့ပေးလိုက်သည်။
“ ဒါတွေအကုန်လိုတယ် … မင်း ဝယ်ထားပြီးတာ ရှိမရှိ တစ်ချက် ကြည့်လိုက် … မဝယ်ရသေးဘူးဆို အချိန်ရတဲ့အခါ ဝယ်လိုက်ပေါ့….”
“ အိုကေ ….”
ယခုအချိန်အခိုက်အတန့်၌ ကျီချင်းရန်သည် အလုပ်လုပ်ဖို့ စိတ်မဝင်စားနိုင်တော့ချေ။
နေ့တိုင်းနေ့ မိခင်နှင့် ကလေး အသုံးအဆောင် ပစ္စည်းများအပေါ်တွင်ပဲ အတောမသတ်နိုင်အောင် စွဲလမ်းနေမိတော့၏။
“ နင် ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ…..”
“ စခန်းသွားပြီး နှုတ်ထွက်မယ့် ကိစ္စတွေ စီစဉ်မယ် …. ကောင်းသော နှုတ်ဆက်ခြင်းနဲ့ နှုတ်ဆက်ခဲ့ရမှာပေါ့ …”
“ ကောင်းတာပေါ့ …. လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ရင်း ထမင်းတစ်နပ်လောက် လိုက်ကျွေးလိုက်ပေါ့ …”
လင်းရီ ခေါင်းညိတ်ပြီး နောက်ဆက်တွဲ ဘာတွေ လုပ်ရမလဲဆိုတာကို ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။
နှုတ်ထွက်ပြီးနောက်တွင် အလုပ်အကိုင်အသစ်တစ်ခုကို စတင်နိုင်မည်။
အနှေးနှင့်အမြန် စတင်ရမှာပဲ ဖြစ်ပြီး အချိန်ဆွဲနေစရာ အကြောင်းမရှိပေ။
သို့သော် မိသားစု အရေးကတော့ ဦးစားပေးဖြစ်၏။ အထူးသဖြင့် ယခုလို အချိန်အခါမျိုး၌ပင်။
ကျီချင်းရန်၏ ရုံးခန်းထဲ ခေတ္တထိုင်ရင်း အတူ နေ့လည်စာ စားပေးပြီး ရဲစခန်းသို့ မောင်းထွက်လာသည်။
ရုံးခန်းထဲ၌ လူများများစားစား မရှိချေ။ ကျူးကျွင်းချီနှင့် ကျန်းဖန့်တို့ နှစ်ဦးသာ ရှိနေသည်။
“ ရို …. နောက်ဆုံးတော့ အလုပ်လာလုပ်ပြီပေါ့ ….” ကျူးကျွင်းချီက အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်သည်။
“ ဒီရက်ပိုင်းနားတာ ဘယ်လိုနေလဲ … အားလုံး ပြန်ကောင်းသွားပြီလား ….”
“ အစ်ကိုကျူး … ကျုပ် အလုပ်ထွက်ဖို့ လာခဲ့တာ ….”
“ ဘာ … အလုပ်ထွက်မယ် ဟုတ်လား ….”
နှစ်ဦးလုံး၏ အမူအရာများ ချက်ချင်း အေးခဲသွားခဲ့ကြ၏။ ထိုသို့သော သတင်းမျိုးဖြင့် နှုတ်ဆက်လာလိမ့်မည်ဟု တစ်ယောက်မျှ မျှော်လင့်မထားခဲ့ကြချေ။
“ မင်း နောက်နေတာတော့ မဟုတ်ဘူးမလား ….”
“ ကျုပ် နောက်မယ်ဆိုရင်တောင် ဒီလို ကိစ္စမျိုးနဲ့ မနောက်ဘူး ….”
“ အမှန်ပဲ …”ကျူးကျွင်းချီ ပြောလိုက်ပြီး “ မင်းဆိုတဲ့ကောင်ကလည်း ပိုက်ဆံချို့တဲ့နေတဲ့ကောင် မဟုတ်တော့ ဒီလိုနေရာမျိုးမှာ တစ်ချိန်လုံး တွယ်ကပ်နေစရာ အကြောင်းမရှိပါဘူးလေ ….”
ကျူးကျွင်းချီသည် လင်းရီ ယခုလိုမျိုး ရုတ်တရက် နှုတ်ထွက်လာမည်ကို မျှော်လင့်မထားသော်လည်း ကျိုးကြောင်း မသင့်သည်တော့ မဟုတ်ပေ။
သူ့အတွက် ပိုက်ဆံဟူသည်ကား ပြဿနာ မဟုတ်ပေ။ ထို့ကြောင့်ပဲ ဤနေရာတွင် တစ်ချိန်လုံး အလုပ်ဆက်လုပ်နေစရာ အကြောင်းမရှိချေ။
“ ဒီည ဘယ်သူမှ ဘာလုပ်ဖို့ မစဉ်းစားကြနဲ့နော် … ကျုပ် အကုန်လုံးကို ဒကာခံမယ် … ပြီးတော့ အစ်ကိုလီနဲ့ ကူရိရန်ကိုလည်း ခေါ်လိုက်ဦး …”
“ အဲ့ကိစ္စတော့ မင်းပဲ ဖုန်းဆက်လိုက်ကွာ … အထူးသဖြင့် နှုတ်ထွက်မယ့် ကိစ္စလည်း ဖြစ်နေတော့ … ၊ ပြီးတော့ အစ်ကိုလီ … သူက မင်းကို ဒီနယ်ပယ်ထဲ ခေါ်လာပေးတဲ့ ဆရာတစ်ယောက်လို့ ပြောရင်လည်း မမှားဘူး ….”
“ ကျုပ် နားလည်ပါတယ် … နောက်ကျ သူတို့ဆီ ဖုန်းဆက်လိုက်မယ် …” လင်းရီ ပြုံးလျက် ပြန်ပြောလိုက်ပြီး “ ဒါနဲ့ အစ်ကိုဟွေ့နဲ့ ရှင်းရှင်းတို့ ဘယ်သွားခဲ့တာလဲ ….”
“ လူသစ်လေးတွေ ရောက်လာပြီလေ … အဲ့တာ သွားပြီး လေ့ကျင့်ရေး လုပ်ပေးနေတာ ….”
“ အာ … လူသစ်တွေလား ….”
“ အင်း … မင်းတို့ကောင်တွေလည်း မနှစ်တုန်းက ဒီလိုအချိန် ရောက်လာခဲ့တာပဲ မဟုတ်လား … ဒီနှစ်လည်း နောက်တစ်သုတ် ရောက်လာတော့မှာ ….”
“ သဘောပေါက်ပြီ ….”
လင်းရီ ရုတ်ချည်း ခံစားချက်တို့ ပြည့်နှက်သွားခဲ့၏။ တကယ်လည်း လွန်ခဲ့သော တစ်နှစ်ခန့်က ရဲလေ့ကျင့်ရေး သင်တန်း၌ ရှိနေခဲ့သည်။