← Chapters

ဆူးတစ်ချောင်း

Vol. 175 Ch. 2473

ဆူးတစ်ချောင်း

Vol. 175 Ch. 2473

“ ကျုပ် တစ်ချက် သွားကြည့်ရင်း သူတို့ကို တစ်ခါတည်း ပြောခဲ့လိုက်မယ် …”

“ သွား သွား … သူတို့နှစ်ယောက်လုံး အခုချိန်လောက်ဆို ကြံရာမရ ဖြစ်နေပြီဆိုတာ ငါလောင်းရဲတယ် ….”

“ လူသစ်လေး တစ်ချို့ ကွပ်ကဲရုံလောက်လေးကို ဘာတွေ ကြံရာမရ ဖြစ်စရာ အကြောင်းရှိလို့ ….”

“ အဲ့ထဲ တစ်ချို့က အဆက်အသွယ်ကောင်းတွေ ရှိကြတယ်ကွ …. သူတို့ကိုဆို ဆူလို့မရ၊ ရိုက်နှက်လို့မရနဲ့ …. အစ်ကိုဟွေ့ သေမတတ် ဒေါသထွက်နေလောက်တယ် ….”

“ သူတို့က ဒီလာပြီး ကိုယ့်အထက် ဆရာကြီးတွေ လာလုပ်ချင်နေတယ်ပေါ့ ….”

“ နောက်ခံရှိကြတယ်လေကွာ … လုံးဝ ထိန်းချုပ်လို့ မရဘူး …”ကျူးကျွင်းချီ ရယ်မောပြောဆိုလိုက်ပြီး “ ငါတို့ မနေ့ညတုန်းက အရက်အတူ သောက်ရင်း မူးမူးနဲ့ ညည်းပြနေတာပဲ … “

“ ဒါဆို ကျုပ် တစ်ချက် သွားကြည့်ဦးမှပဲ ….”

“ အစ်ကိုကျူး .. ကျွန်တော်တို့အားလုံး သွားကြည့်ကြရအောင်လား …. စားလည်း စားပြီးပြီဆိုတော့ အစာကြေဖို့ အခွင့်ကောင်းပဲလေ ….” ကျန်းဖန့် အကြံပြုလိုက်သည်။

“ အင်း ….”

သုံးဦးသား သက်တောင့်သက်သာဖြင့် ရဲစခန်း နောက်ဘက်ရှိ လေ့ကျင့်ရေး ကွင်းပြင်သို့ အသေးစားလေးသို့ ရောက်လာခဲ့ကြသည်။

အဝေးတစ်နေရာမှနေ၍ လူအုပ်စု တစ်စုက ကျန်းဟွေ့၏ လက်ချာကို ပျင်းရိငြီးငွေ့သည့် အမူအရာများဖြင့် နားထောင်နေကြသည်ကို မြင်တွေ့နေရလေသည်။ တည်ကြည်လေးနက်မှု တစ်စက်လေးမျှပင် မရှိကြချေ။

“ အစ်ကိုရီ …”

ထိုအချိန်မှာပဲ ကျန်းဇီရှင်းက လင်းရီကို မြင်တွေ့သွားခဲ့ပြီး ပြုံးလျက် နှုတ်ခွန်းဆက်လာသည်။ ထို့နောက် ကျန်းဟွေ့နှင့်အတူ ရောက်လာခဲ့၏။

“ ဒီရက်ပိုင်း အိမ်မှာ အနားယူနေတာ ဘယ်လိုနေလဲ …”

“ အတော်လေး ကောင်းပါတယ် ….”

ထို့နောက် လင်းရီက မလှမ်းမကမ်း တစ်နေရာတွင် မတ်တပ်ရပ်နေကြသည့် နှစ်ဆယ်၊အစိပ်ခန့်ရှိသော လူတစ်စုကို ညွှန်ပြရင်း “ သူတို့က လေ့ကျင့်ရေး ဆင်းနေကြတာ မဟုတ်ဘူးလား … ဘာလို့ ဒီလောက်တောင် စည်းမဲ့ကမ်းမဲ့ ပုံစံတွေ ဖြစ်နေကြတာ … ထိုင်တဲ့လူကထိုင် ၊ ထတဲ့လူကထတဲ့ ….”

“ မေးမနေစမ်းနဲ့ကွာ … တစ်ချို့က ကျောထောက်နောက်ခံ ရှိတဲ့လူတွေ ၊ တစ်ချို့ကျတော့လည်း စစ်တပ်ကနေ တာဝန်ထမ်းဆောင်ထားတဲ့လူတွေဆိုတော့ အရည်အချင်းကောင်းတွေ ရှိပြီး ငါတို့ အမိန့်ပေးတာကို မနာခံချင်တဲ့အထိ မာန်တက်နေကြတာ … မင်းတို့ အသုတ်နဲ့စာရင် ဒီတစ်သုတ်က တော်တော်ကြီးကို ဆိုးတယ်လို့ ပြောရမယ် ….” ကျန်းဟွေ့ စိတ်ညှစ်ညှစ်နှင့် ပြောလာခဲ့၏။

“ ဒီအတိုင်း ဆက်သွားနေရင် ငါတော့ ဒေါသထွက်လွန်းလို့ သွေးဆောင့်တက်လာတော့မှာပဲ ….”

“ စကားနားမထောင်ရင် နားရင်းအုပ်ပေးလိုက်လေဗျာ … ရှင်းနေတဲ့ ကိစ္စပဲကို ….”

“ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုတွေ မလုပ်ရတဲ့ စည်းမျဉ်းတွေ ရှိတယ် …. ပြီးတော့ တော်တော်များများမှာကလည်း ကျောထောက် နောက်ခံတွေ ရှိကြတယ် … လက်ပါလို့ မရဘူး …”

“ မပူနဲ့တော့ … ကျုပ် ခင်များကိုယ်စား ကိုင်တွယ်ပေးမယ် ….” လင်းရီ ပြုံးလျက် ပြောဆိုလိုက်သည်။

“ ဘယ်သူကများ ကျုပ်ရှေ့မှာ ဟိတ်ဟန်လာထုတ်ရဲမလဲလို့ ကြည့်ချင်စမ်းပါဘိ ….”

“ ဟေ့ကောင် … မင်း စိတ်ထင်တာတွေ လျှောက်မလုပ်နဲ့ ….” ကျန်းဟွေ့ သူ့ကို ဟန့်တားလိုက်ပြီး “ တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းလည်း ချောင်မှာ မဟုတ်ဘူး ….”

“ ပြဿနာ မရှိဘူး … ဘာလုပ်နေလဲ ကျုပ်ကိုယ်ကျုပ် နားလည်တယ် …”

ထိုစကား ပြောပြီးနောက် လင်းရီက သင်တန်းသားများထံသို့ လျှောက်လှမ်းသွားခဲ့သည်။

“ ဟယ် ကြည့်စမ်း … အချောလေးတစ်ယောက် ငါတို့ဆီကို လာနေတယ် ….” ဆံပင်အတိုနှင့် မိန်းကလေးတစ်ဦးက လင်းရီကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ ငါ သူ့နား ဝီချက်အကောင့်သွားတောင်းရင် သူ ပေးမယ်လို့ ထင်လား ….”

မိန်းကလေး၏ နာမည်က ကျောက်ရှောင်လေ့ ဖြစ်ပြီး လွှမ်းမိုးမှု ရှိသည့် မိသားစု တစ်ခုက ဆင်းသက်လာသူ ဖြစ်၏။ ဘွဲ့ရပြီးနောက် ဤနေရာသို့ တန်းရောက်လာခဲ့ခြင်းပင်။

“ အဲ့တာတော့ နင့်မိသားစု အခြေအနေအကြောင်း ထည့်ပြောဖို့ လိုမယ်ထင်တယ် … ဒီနေ့ခေတ် လူတွေက အကုန်လုံး ငွေပါပဲ ….”

“ ဟီးဟီး … အဲ့လိုဆိုရင်တော့ ပျော်ဖို့ ဘယ်ကောင်းတော့မှာ …. ငါက ဒီတိုင်း သူ့ဝီချက် အကောင့်ပဲ ရချင်တာ … တကယ်လို့ သူ မပေးလည်း ထားလိုက်တော့ … ဥစ္စာမက်တဲ့လူတွေဆို ငါ အရမ်း မုန်းတာပဲ …” ကျောက်ရှောင်လေ့က ပြော၏။

“ မင်းတို့ကောင်တွေက သိပ် အပေါ်ယံဆန်လွန်းတာပဲ …”

ဒေါင်ကောင်းကောင်း ၊ ကိုယ်တောင့်တောင့်နှင့် အမျိုးသား တစ်ဦးက ပြောလိုက်ပြီး “ သူတို့လို နုတိနုနယ် ငပျော့ကောင်တွေက မိန်းကလေးတစ်ယောက်ကို စိတ်လုံခြုံစေတယ်လို့ ခံစားစေရမှာ မဟုတ်ဘူး ….”

ပြောလိုက်သူက ကျိုးဟိုင် မြို့စောင့်တပ်ထဲကနေ အနားယူပြီး ဤနေရာသို့ ရောက်လာခဲ့သည့် လျိုထျန်းကျီပင်။

ဤနေရာသို့ မရောက်လာမီတွင် ခေါင်းဆောင်ကြီးများက ဤလေ့ကျင့်ရေးသည် လုပ်ရိုးလုပ်စဉ် တစ်ခုမျှသာ ဖြစ်ပြီး အဆုံးတွင်တော့ ကျိန်းသေပေါက် ရာထူးခန့်အပ်ခံရမည်ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။

ထို့ကြောင့် လေ့ကျင့်ရေးဆင်းနေစဉ်အတောအတွင်း သူ့ဘက်က ထွေထူး အလေးအနက် ထားမနေခဲ့ချေ။

“ လောင်လျို … နင်က အတိတ်မှာ ပိတ်မိနေပြီ … ဒီနေ့ခေတ်မှာ ရုပ်ချောတဲ့လူတွေက ပိုပြီး တန်ဖိုးထားခံရတယ် … နင်တို့လို ကြွက်သားတုံးကြီးတွေကတော့ ဂျောင်မှာ အိပ်နေလိုက်တော့ ….”

“ ကဲ ကဲ ကဲ … စကားပြောနေတာတွေ တော်လိုက်ကြတော့ … ဟိုမှာ သူ ရောက်လာပြီ …”

လင်းရီ ချဉ်းကပ်လာခဲ့ပြီး ရှေ့ရှိ လူနှစ်ဆယ်ကျော်ကို သိမ်းကျုံးကြည့်လိုက်၏။

သူ စူးစမ်းချင်စိတ် မဖြစ်မိဘဲ မနေနိုင်ချေ။

လင်းရီ ဤအထဲသို့ ဝင်ရောက်ခဲ့စဉ်က သူတို့တွေထက်ပိုပြီး အထင်ကြီးဖို့ကောင်းခဲ့သည်။ သို့ပေမယ့် သူပင် ဤမျှအထိ မမောက်မာခဲ့ချေ။

“ အချောလေး … နင့်ဝီချက်အကောင့်က ဘာလဲ …. ငါ နင်နဲ့ အပ်လို့ရလား ….”

ဟမ် …

ကျောက်ရှောင်လေ့၏ ချဉ်းကပ်လာမှုက လင်းရီကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

လူကို မြင်မြင်ချင်း ဝီချက် အကောင့်တောင်းနေတယ် … ဒီနေရာကို ဘယ်လိုနေရာမျိုးများ ထင်နေပါလိမ့် …

လင်းရီ ကျောက်ရှောင်လေ့အား စိုက်ကြည့်လိုက်သည်။

“ အခုက လေ့ကျင့်ရေး အချိန်ဆိုတာ မင်း မသိဘူးလား …”

“ သိတယ်လေ .. ဒါပေမယ့် ငါက ဝီချက် အကောင့်လေးပဲ အပ်ချင်တာပါ … ဘယ်လောက်မှ မကြာပါဘူး ….”

လင်းရီ နောက်လှည့်ကြည့်ပြီး အဆောက်အဦးပေါ်ရှိ ရဲတပ်ဖွဲ့ တံဆိပ်ကို ညွှန်ပြလိုက်၏။

“ မင်း အခု ဘယ်နေရာ ရောက်နေလဲရော မင်းကိုယ်မင်း သိလား …..”

“ နင် ဘာဖြစ်ချင်နေတာလဲ … ငါက နင်နဲ့ ဝီချက်အပ်ချင်ရုံလေးတင်ကို ဒီလောက်ထိ ရေးကြီးခွင်ကျယ်တွေ လုပ်စရာ လိုလို့လား … ငါတို့နည်းပြတွေတောင် နင့်လောက် မတင်းကြပ်ဘူး …”

ကျန်းဟွေ့နှင့် အခြားသူများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် စိတ်လှုပ်ရှားဖို့ကောင်းသည့် ပြပွဲတစ်ခုကို ကြည့်ရှုနေရသည့်နှယ် အားပါးတရ ရယ်မောမိသွားခဲ့ကြသည်။

“ ကျန်းဇီရှင်း ….”

“ ဟုတ် အစ်ကိုရီ ….” ကျန်းဇီရှန်း တုံ့ပြန်လိုက်၏။

“ သူ့ကို မောင်းထုတ်လိုက် … သူ ဒီမှာ ဆက်နေစရာမလိုတော့ဘူး ….”

ဤစကားကြားတော့ သင်တန်းသား အယောက်နှစ်ဆယ်ကျော်မှာ အံ့အားသင့်သွားခဲ့လေသည်။

ကျောက်ရှောင်လေ့ကို အတည်ကြီး ထုတ်ပစ်လိုက်လိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

ထိုအခိုက်အတန့်တွင် ကျောက်ရှောင်လေ့ကိုယ်တိုင်လည်း တုန်လှုပ်အံ့ဩသွားခဲ့ပြီး လင်းရီကို နားမလည်နိုင်စွာ ကြည့်လိုက်၏။ ဤသည်က သူမ မျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေသည်။

“ နင် ဘာပြောလိုက်တယ် … နင်က ငါ့ကို မောင်းထုတ်မယ် ဟုတ်လား ….”

“ ငါ လူစကားပြောနေတာ မင်းလူလို နားမလည်ဘူးလာ ….”

“ နင်ကများ … နင့်ကိုယ်နင် ဘာထင်နေလို့ …” ကျောက်ရှောင်လေ့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တော့ဘဲ လင်းရီ၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက် ထိုးရင်း “ ဒီ ဗျူရိုကို နင်တို့ မိသားစု အပိုင်လို့များ ထင်နေလား … ငါတို့ နည်းပြတွေ အခု ဒီမှာ အကောင်းကြီး ရှိနေသေးတယ် … နင် စကားဝင်ပြောရမယ့် နေရာမဟုတ်ဘူး ….”

ကျန်းဟွေ့၏ အမူအရာ တင်းမာသွားခဲ့ပြီး အသံကိုနိမ့်၍ “ ကျန်းဇီရှင်း … သူ ပြောတဲ့အတိုင်း လုပ်လိုက် … ကျောက်ရှောင်လေ့ရဲ့ မှတ်တမ်းတွေကို ဖယ်ရှားလိုက်တော့ ….”

“ ဟုတ်ကဲ့ … နားလည်ပါပြီရှင့် ….”

ကျန်းဟွေ့ ထိုသို့ ပြောလိုက်သည်ကို မြင်တော့ လူတိုင်းလည်း အခြေအနေ၏ လေးနက်တင်းမာမှုကို ချက်ချင်း သတိပြုမိသွားခဲ့ကြသည်။

“ ရတယ်လေ … ငါ ထွက်သွားမယ် …” ကျောက်ရှောင်လေ့ ဒေါသတကြီးနှင့် ဆိုလိုက်သည်။

“ ပြီးတော့မှ ငါ့ကို ပြန်လာဖို့ လာမတောင်းပန်နဲ့ ….”

“ အိပ်မက်မက်နေလိုက် … မင်းသာ ပြန်လာနိုင်ရင် မင်းရဲ့ မျိုးရိုးနာမည်ကိုတောင် ယူပေးလိုက်ဦးမယ် ….”

ကျောက်ရှောင်လေ့ ထွက်သွားပြီးနောက် လင်းရီက ကျန်တဲ့ လူသစ်တွေကို ကြည့်လိုက်သည်။

“ မင်းတို့ထဲက တော်တော်များများ နောက်ခံရှိတယ်ဆိုတာ ငါ သိတယ် ... ဒါပေမယ့် ဒီနေရာမှာ အဲဒါတွေက အသုံးမဝင်ဘူး ... ”

“ ဒီအလုပ်ကို လိုချင်ရင် ကောင်းကောင်း လေ့ကျင့် ... ”

“ အမိန့်ကို မနာခံချင်တဲ့ကောင်တွေရှိရင် ခုချက်ချင်း ထွက်သွားကြ ... ”

“ ဒီနေရာက မင်းတို့ အမေလင် အိမ်တွေ မဟုတ်ဘူး ... ”

သင်တန်းသား အယောက်နှစ်ဆယ်ကျော်ထဲတွင် တစ်ဝက်ကျော်ခန့်မှာ ယခင်က အထက်စီးဆန်သည့် ဘဝမျိုးဖြင့် နေထိုင်ခဲ့ကြသူများ ဖြစ်ကြပြီး ယခုလို လင်းရီက သူတို့အပေါ် စော်ကားပြောဆိုလာသည်အား မည်သို့မျှ သည်းမခံနိုင်ကြပေ။

အကုန်လုံးက လင်းရီအပေါ် မကျေမနပ် ဖြစ်လာကြ၏။

“ နည်းပြကျန်း … ဒီလူက ဘယ်သူတုန်း … သူက ကျွန်တော်တို့ လေ့ကျင့်နေတာကို လာပြီး ဝင်စွက်ဖက်ခွင့် ရှိလို့လား …” လျိုထျန်းကျီ မေးလိုက်၏။

“ သူက ငါ့လုပ်ဖော်ကိုင်ဖက်ပဲ … နည်းပြအသင်းရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးဆိုပေမယ့် သူပြောတဲ့စကားတွေကလည်း အရာရောက်တယ် …” ကျန်းဟွေ့ ပြောလိုက်သည်။

“ ဒါဆိုရင်တော့ ကျုပ် ဘာပြောစရာမှ မရှိပါဘူး …” လျိုထျန်းကျီ ပခုံးတွန့်ပြလိုက်ပြီး “ ဒါပေမယ့် ကျုပ်မေးချင်တာ … သူက ကျုပ်တို့ကို လေ့ကျင့်ပေးဖို့ တာဝန်ယူထားတဲ့လူ မဟုတ်ဘူးမလား …”

“ မင်းဟာက ဘာစကားတုန်း ….”

“ တကယ်လို့ သူသာ တာဝန်ယူထားတယ်ဆိုရင်တော့ … ကျုပ်ကတော့ လေ့ကျင့်ဖို့ လိုမယ်မထင်ဘူး ….”

လင်းရီ လျိုထျန်းကျီကို တစ်ချက်ကြည့်လိုက်ပြီး အသံကိုနိမ့်၍ “ မင်းကိုယ်မင်း လူတိုင်းထက် သာတယ်ထင်နေတာ့ မင်းက လေ့ကျင့်ဖို့ မလိုတော့ဘူးပေါ့ဟုတ်လား ….”

“ ငါ့ကိုယ်ငါ ပိုတော်တယ်လို့တော့ မထင်ပါဘူး … ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းတွေကို မြို့စောင့်တပ်မှာတုန်းက လုပ်ခဲ့ပြီးပြီ … ဒါတွေလုပ်နေတာက ဒီမှာ အချိန်ဖြုန်းနေတာနဲ့ အတူတူပဲ ….” လျိုထျန်းကျီ ပြောလိုက်သည်။

“ ဒါပေါ့ … တကယ်လို့ ကပ္ပတိန်ကျန်း ... ခင်များ ဆိုရင်တော့ ကျွန်တော် ဆက်ပြီး လေ့ကျင့်ရေးဆင်းပေးလို့ ရပါတယ် ….” ကျန်းဟွေ့ကို ကြည်ပြီး ပြောလိုက်သည်။

“ ဟားဟား …” အခြားသူများအားလုံး ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်ကြ၏။ ၎င်းတို့အားလုံး၏ မျက်ဝန်းများထဲ ထေ့ငေါ့လှောင်ပြောင်ရိပ်တို့ ပြည့်နှက်နေသည်။

“ မင်းလေသံအရဆိုရင် ငါ့အပေါ် တစ်ခုခု မကျေမချမ်း ဖြစ်တာ ရှိနေသလိုပဲ ….” လင်းရီ စကားကို ခေတ္တ ရပ်နားပြီးနောက် ဆက်ပြော၏။

“ ရှေ့ထွက်ခဲ့ … မင်းမှာ ဘာအစွမ်းအစရှိလဲ ပြစမ်း … အစားကို စားချင်သလို စားလို့ရပေမယ့် စကားကို လက်လွတ်စပယ်လျှောက်ပြောရင်တော့ တာဝန်ယူရမှာပဲ ….”

လျိုထျန်းကျီ ရှေ့သို့ တက်လာခဲ့ပြီး ခေါင်းကို မော်ထားရင်း လင်းရီကို လုံးဝ အလေးအနက်မထားပေ။

“ ဆိုတော့ မင်းက ငါနဲ့ တစ်ပွဲတစ်လမ်း နွှဲချင်တယ်ပေါ့ …” လျိုထျန်းကျီ ပြောလိုက်ပြီး “ ငါဆိုတဲ့ ကောင်က မြို့စောင့်တပ်သား ဖြစ်ဖူးခဲ့တဲ့ကောင် … ငါ့ရဲ့ စွမ်းရည်တွေက ဒီက အကုန်လုံးထက် သာတယ် … အခုလို ရှေ့ထွက်ခဲ့ဖို့ ခေါ်တာက ကောင်းတဲ့ အကြံဉာဏ်တော့ မဟုတ်ဘူးနော် … တစ်ခြားတစ်ယောက် ရွေးလိုက်တာ ပိုကောင်းလိမ့်မယ် … ကိုယ့်အရှက်ကိုယ် မခွဲစမ်းနဲ့ … သင်တန်းသား ထိုးလိုက်လို့ မှောက်သွားရင် ရှက်စရာကြီးတွေ ဖြစ်နေလိမ့်မယ် …”

All Chapters