← Chapters

ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး

Vol. 175 Ch. 2474

ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး

Vol. 175 Ch. 2474

အခြားသူများ၏ မျက်နှာထက်တွင်လည်း အထီမဲ့မြင်ပြုသည့် အပြုံးများ ဖြစ်ပေါ်နေကြသည်။

လျိုထျန်းကျီ၏ အစွမ်းအစနှင့် နောက်ခံသဘာ၀ကို သူတို့အားလုံး သိကြ၏။

ထိုသူက တကယ့်ကို ကြမ်းတမ်းပြီး ရက်စက်သည့် လူတစ်ယောက်ပင်။

ယခင်က သူတို့အားလုံး သူနှင့် လက်ရည်ဖလှယ်ခဲ့ကြဖူး၏။ လူ ၁၆ ယောက်လောက်က သူတစ်ယောက်တည်းကို စုပေါင်းတိုက်ခိုက်ခဲ့ကြသော်ငြား အဆုံးတွင် သရေရလဒ်သာ ရရှိခဲ့သည်။ မည်သို့မျှ အနိုင်မယူနိုင်ခဲ့ကြ‌ပေ။

အနှီ မျက်နှာလှလှနှင့် ကောင်ချောလေးက လုထျန်းကျီကို စိန်ခေါ်နေသည်ဆို‌တော့ ...

အနိုင်ကျင့်ပေးဖို့ တောင်းဆိုနေသည်နှင့် မခြားပေ။

“ ငါ့ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြောပြီးမှ စကားပြန်ရုတ်သိမ်းမယ်ဆို ငါ့မျက်နှာ ဘယ်နားသွားထားရတော့မှာလဲ …” လင်းရီ ဂရုမထားသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

လျိုထျန်းကျီ မျက်ခုံးပင့်လျက် လင်းရီ၏ ယုံကြည်ချက် ပြည့်ဝနေသည့် အမူအရာကို ကြည့်ရှုနေသည်။

“ မင်းကိုယ်မင်း ယုံကြည်ချက် လွန်ကဲလွန်းနေတယ် မထင်ဘူးလား … ဘာလဲ … မင်းကိုယ်မင်း တရားဝင် ရဲအရာရှိ ဖြစ်နေပြီဆိုတာနဲ့ပဲ ငါတို့ထက် သာပြီဆိုပြီး ထင်သွားရောလား ….”

“ ငါစဉ်းစားနေတာလည်း အဲ့လိုပဲ …” လင်းရီ ပြောလိုက်ပြီး “ မင်း ငါ့ကို ရိုက်နိုင်တယ်ဆိုရင် မင်းကို လေ့ကျင့်ပေးဖို့ ဘယ်သူကမှ အရည်အချင်း မမီတော့ဘူး … မင်းတို့အကုန်လုံးကို တရားဝင် အသိအမှတ်ပြုပေးလိုက်မယ် … ကျောက်ရှောင်လေ့ အပါအဝင်ပေါ့ ….”

“ ဟမ် …”

လင်းရီ၏ စကားလုံးများက အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

သူ့ကို ထိုစကားမျိုး ပြောလာလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

“ ကပ္ပတိန်ကျန်း … သူ ပြောတာကို ထည့်တွက်လား …” လျိုထျန်းကျီက ကျန်းဟွေ့ကို ကြည့်ပြီး မေးလိုက်သည်။

ကျန်းဟွေ့ မငြင်းဘဲ ခေါင်းညိတ်လိုက်၏။

“ ထည့်ထွက်တယ် … မင်း သူ့ကို အနိုင်ယူနိုင်ခြင်း ရှိ၊မရှိ ဆိုတဲ့အပေါ် မူတည်တာပဲ ….”

လျိုထျန်းကျီ၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး “ ဒါဆိုလည်း ကျုပ် ယဉ်ကျေးမနေတော့ဘူးနော် ..”

“ ရှောင်လေ့ ….”

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။ လမ်းလျှောက်ထွက်သွားလို့ တော်တော်ဝေးဝေး ရောက်နေပြီး ဖြစ်သည့် ကျန်းရှောင်လေ့မှာ တစ်ယောက်ယောက်ခေါ်သံ ကြားတော့ အသံလားရာဘက်သို့ လှည့်ကြည့်လာသည်။

“ ဘာလဲ …”

“ ဒီပြန်လာခဲ့ဦး … ငါ နင့်ကို ပြောစရာရှိတယ် ….”

ရှောင်လေ့မှာ ဇဝေဇဝါ ဖြစ်စွာဖြင့် နောက်သို့ ပြန်လှည့်လာခဲ့သည်။

လင်းရီရှေ့နားက ဖြတ်သွားတော့ သူ့ကို ထူးမခြားနား တစ်ချက် ကြည့်လိုက်ပြီး သူမ၏ အသင်းဖော်များကို မေးမြန်းလိုက်လေသည်။

“ ဘာဖြစ်တာလဲ …”

“ ဒီ နည်းပြပြောတာ တကယ်လို့ လျိုထျန်းကျီက သူ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါတို့တွေ ထပ်ပြီး လေ့ကျင့်စရာ မလိုတော့ဘဲ တိုက်ရိုက် အသိအမှတ်ပြုခံရမယ်တဲ့ … အဲ့ထဲ နင်လည်း ပါတယ် … ဒါကြောင့်မို့ ပြန်လှမ်းခေါ်လိုက်တာ …” ဆံပင်အတိုနှင့် အမျိုးသားတစ်ဦးက ပြောလိုက်သည်။

“ သူက လျိုထျန်းကျီနဲ့ တိုက်ခိုက်မလို့လား ….”

ကျောက်ရှောင်လေ့၏ အမူအရာမှာ ချဲ့ကားသွားပြီး ရယ်စရာ ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် အထင်သေးစွာဖြင့် “ ဒီစကားမျိုး ပြောဝံ့နေတယ်ဆိုတော့ သေမှာ မကြောက်ဘူးလား မသိဘူး ….”

ယခင်က လင်းရီကို လိုက်ဖို့အတွက် ဝီချက် အကောင့် တောင်းချင်ခဲ့သော်လည်း ကျောက်ရှောင်လေ့သည် လင်းရီအပေါ် မည်သည့် ကောင်းမွန်သည့် ခံစားချက်တို့မျှ ရှိမနေချေ။

“ ရှောင်လေ့ … မင်း အုပ်စုထဲ ပြန်ဝင်နေလိုက် … ငါတို့နှစ်ယောက် ပွဲပြီးတာနဲ့ ရဲအရာရှိ အတူတူ လုပ်ကြမယ် ….”

“ ကျေးဇူးတင်ပါတယ် အစ်ကိုလျို … ပြီးတာနဲ့ ရှင့်ကို ထမင်းတစ်နပ် လိုက်ကျွေးပါ့မယ် …” ကျောက်ရှောင်လေ့ ပြောလိုက်သည်။

“ ကိုယ့်လူအချင်းချင်းတွေပဲကို မလိုပါဘူး ….”

ပြောဆိုပြီးနောက် လျိုထျန်းကျီက သူ့လက်ဆစ်များကို ဖြေလျော့ရင်း လင်းရီဘက်သို့ အကြည့်လှည့်လိုက်သည်။

“ ရယ်ဒီပဲလား … ရယ်ဒီဖြစ်ပြီဆို စလိုက်ကြစို့ ….”

လင်းရီ လက်ညှိုးကွေးညွှတ်လိုက်၏။ “ မင်း အရင်စတိုက် …”

“ ဒါဆိုလည်း ငါ ယဉ်ကျေးမနေတော့ဘူး …”

လျိုထျန်းကျီ များများစားစား ဂရုစိုက်မနေဘဲ လင်းရီထံသို့ ပြေးဝင်လာသည်။

ဝှစ် …

လင်းရီ တည်တည်ငြိမ်ငြိမ် ရပ်တန့်ရင်း လျိုထျန်းကျီ၏ ခန္ဓာကိုယ်ကို ကန်ကျောက်လိုက်သည်။

အား …..

နာကျင်စွာ အော်ညည်းလိုက်သည့် အော်သံတစ်ခု …

ခြေကန်ချက်တစ်ခုနှင့်အတူ လျိုထျန်းကျီမှာ နောက်သို့ လွင့်ထွက်သွားခဲ့ပြီး အကယ်၍ နောက်တွင် သူ့ကို ဖမ်းထားပေးမည့် လူများ ရှိမနေဘူးဆိုပါက မီတာပေါင်း များစွာအထိ လွင့်ထွက်သွားနိုင်လေသည်။

ဟစ် ….

ဤသည်ကို မြင်တော့ လူတိုင်း အဆုတ်ထဲသို့ လေအေးတစ်ဝကြီး ရှူသွင်းမိသွားခဲ့ကြသည်။

“ အစ်ကိုလျို ….”

“ ညီကိုလျို ….”

အဟွတ် အဟွတ် အဟွတ် …

လျိုထျန်းကျီ သူ့ရင်ဘက်ကို ဖိနှိပ်ထားရင်း ကျယ်လောင်စွာ ချောင်းဟွတ်သွားခဲ့သည်။

“ အဆင်ပြေလား … ဘာမှ ဖြစ်မသွားဘူးမလား …”

“ ငါ … ငါ အဆင်ပြေတယ် ….”

လျိုထျန်းကျီ သူ့ခြေထောက်ပေါ် အနိုင်နိုင်ရပ်တည်ရင်း လင်းရီကို ကြောက်လန့်မှုအပြည့်ဖြင့် လှမ်းကြည့်လိုက်၏။

“ မင်း တကယ်ပဲ ဘယ်သူများလဲ … မင်းရဲ့ စကေးတွေက ကောင်းလွန်းနေတယ် ….”

“ မသိသင့်တာတွေကို မမေးနဲ့ ….”

“ ငါ မင်းနဲ့ ထပ်တိုက်မယ် …”

လျိုထျန်းကျီက လင်းရီကို နီရဲသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း အံကို တင်းတင်းကြိတ်ထားလျက်ရှိသည်။ လင်းရီ၏ လုပ်ရပ်က သူ့ကို အရှက်ခွဲနေသည်ဟု ခံစားနေရလေသည်။

သို့သော် အကွက်ဒါဇင်ချီသည်အထိ လင်းရီ၏ အထည်စကိုပင် မထိနိုင်ခဲ့ချေ။

“ ကြည့်ရသလောက်တော့ မင်းအစွမ်းအစက ဒီလောက်ပဲ ထင်တယ် …. ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြတာပေါ့ …”

ပြောပြီးနောက် လင်းရီ၏ ဘေးကန်ချက် တစ်ချက်က လျိုထျန်းကျီ၏ မျက်နှာတည့်တည့်သို့ ရိုက်ခတ်သွားခဲ့သည်။

နောက်ထပ် အော်ဟစ်သံ တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး မြေပြင်သို့ ပြင်းထန်စွာ လဲကျသွားခဲ့လေသည်။

ရုန်းကန်ကြိုးစားပြီး မတ်တပ်ပြန်ရပ်ဖို့ ကြိုးစားကြည့်ခဲ့ပေမယ့် အရာမထင်ခဲ့ပေ။

ဘေးတွင် ကြည့်ရှုနေကြသူများမှာ ဤမြင်ကွင်းကို မြင်နေရသည့် သူတို့ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။

လျိုထျန်းကျီ၏ အစွမ်းအစ မည်သို့ ရှိသည်ကို သူတို့ သိ၏။

သို့တိုင် အနှီ ခပ်ချောချောကောင်လေးတစ်ယောက်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်တဲ့လော။

သို့ပေမယ့်လည်း … တကယ့်လက်တွေ့ အမှန်တရားက သူတို့မျက်မှောက်မှာပဲ ရှိနေပြီး လျိုထျန်းကျီက တစ်ဖက်သူ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ လက်ရည်ဖလှယ်မှုလည်း အဆုံးသတ်သွားခဲ့လေပြီ။

“ မင်းတို့ကောင်တွေမှာ စကားအများကြီး ပြောစရာမရှိတော့ဘူးမလား …..”

လင်းရီ ကျန်းဇီရှင်းဘက်သို့ တစ်ချက် လှည့်ကြည့်၍ “ ဒီရဲ့ လျိုထျန်းကျီနဲ့ ကျောက်ရှောင်လေ့ ….၊ သူတို့ရဲ့ ဖိုင်တွေကို စနစ်ထဲက ထုတ်ပယ်လိုက်တော့ ….”

“ ဟုတ်ကဲ့ …”

ကျန်းဇီရှင်း ပြောဖြေလိုက်ရင်း စိတ်အတွင်း၌ အလွန်အမင်း အားရကျေနပ်နေမိ၏။

ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့ကို ကိုင်တွယ်ပေးနိုင်သည့် တစ်စုံတစ်ယောက် ထွက်ပေါ်လာလေပြီ။

လင်းရီ ခေါင်းလှည့်ပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် သင်တန်းသားများကို ကြည့်လိုက်သည်။

“ တကယ်လို့ မင်းတို့က မင်းတို့ရဲ့ အထူးအထောက်အထားတွေပေါ်မှာပဲ မှီခိုနေပြီး ကောင်းကောင်းမွန်မွန် မလေ့ကျင့်ချင်ဘူးဆိုရင် အခုထွက်သွားတာ ပိုကောင်းမယ် … ငါတို့ရဲ့ အချိန်တွေကို လာမဖြုန်းနဲ့ ….”

“ ငါ့ထွက် ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားခိုင်းလို့ရမယ် ထင်နေတာလား ….” လျိုထျန်းကျီက အေးစက်စက် လေသံဖြင့် ပြောဆိုလိုက်သည်။

“ ဘာလဲ … မင်းကိုယ်မင်း ထူးခြားတယ် ထင်နေလို့လား ….”

“ ငါက ရွှေ့ပြောင်းအရာရှိပဲ … သူတို့နဲ့ မတူဘူး … ငါ့ကိစ္စက မင်းဆုံးဖြတ်ပေးနိုင်တဲ့ ကိစ္စ မဟုတ်ဘူး ….”

“ ဘာတွေ ဖြစ်နေတာလဲ …” လင်းရီ နောက်သို့လှည့်ပြီး မေးလိုက်သည်။

ကျန်းဇီရှင်းက အနားသို့ ရောက်လာပြီး လင်းရီနားထဲသို့ စကားတစ်ချို့ တီးတိုးပြောလိုက်လေသည်။ ထိုအခါမှပဲ ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့တော့၏။

“ အခုမှပဲ သဘောပေါက်တော့တယ် … မင်းက လုံခြုံရေးအဖွဲ့ကနေ စာရွက်စာတမ်းတွေ ရလာတာကိုး ….”

“ ဟုတ်တယ် …”

“ ငါလခွမ်းကို ဟုတ်ပါလား …” လင်းရီ ထေ့ငေါ့လှောင်ပြောင်သည့် အမူအရာဖြင့် “ ငါ ပြောလိုက်မယ် … လုံခြုံရေးအဖွဲ့ကလည်း ငါ့အတွက် ဘာမှမဟုတ်ဘူး …”

ကျန်းဟွေ့နှင့် အခြားသူများမှာ ထိုစကားကြားတော့ တုန်ယင်သွားကြလေသည်။

အကယ်၍ လင်းရီသာ တကယ်ပဲ ဆိုးသွမ်းလာခဲ့ပါက မည်သူမျှ ရပ်တန့်မရနိုင်သည်ကတော့ အမှန်ပဲ ဖြစ်၏။

“ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်မနေနဲ့ … မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ … ဂရုစိုက် … မဟုတ်ရင် မင်းအလုပ်ပါ ပြုတ်နေဦးမယ် ….”

“ ဟက် … “ လင်းရီ အေးစက်စွာ ရယ်မော၍ “ မင်းကိုယ်မင်း လုံခြုံရေးအဖွဲ့က ဆိုတိုင်း လူတိုင်းရဲ့ အထက်မှာ ရှိနေပြီလို့ ထင်နေတာလား …. လူကြီးမင်းရန်ကိုယ်တိုင် ဒီရောက်လာရင်တောင် မင်းကို မကယ်နိုင်ဘူးကွ ….”

“ မင်း တကယ်ပဲ လူကြီးမင်းရန်ရဲ့ နာမည်ကို သိနေတယ် ….”

လျိုထျန်းကျီ ကြက်သေသေသွားခဲ့သည်။

လင်းရီက လူကြီးမင်းရန်၏ နာမည်ကို သိနေလိမ့်မည်ဟု သူ တကယ်ပဲ ထင်မှတ်မထားခဲ့ပါချေ။

“ အစ်ကိုရီ … ဒီကိစ္စက …..” ကျန်းဇီရှင်း တုံ့ဆိုင်းသွားခဲ့ပြီး ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေတော့၏။

“ ငါပြောတဲ့အတိုင်း လုပ်လိုက် … တကယ်လို့ သူတို့ မေးလာရင် ငါ့နာမည်သာ ပြောလိုက် … ဘယ်သူမှ ပေါက်ကရတွေ မပြောရဲစေရဘူး ….”

“ နားလည်ပါပြီ ….”

လင်းရီ၏ အာမခံပေးမှုဖြင့် ကျန်းဇီရှင်းလည်း အများကြီးတွေးပြီး စိတ်ပူနေခြင်းကို ရပ်တန့်လိုက်တော့သည်။

“ သူတို့ကို ဆက်ပြီး လေ့ကျင့်ခိုင်းလိုက် … တကယ်လို့ ပြဿနာအိုးတွေ ရှိလာရင် တစ်ခါတည်း မောင်းသာထုတ်ပစ် … ခေါင်းခံစရာ ကိစ္စရှိရင် ငါပဲ ခေါင်းခံမယ် ….”

“ ဟုတ် …”

သင်တန်းသားများ အားလုံး ကြက်သေသေနေကြပြီး တိတ်တဆိတ် မတ်တပ်ရပ်နေကြကာ တုတ်တုတ်လေးမျှပင် မလှုပ်ဝံ့ကြချေ။

“ လျိုထျန်းကျီ ၊ ကျောက်ရှောင်လေ့ … ခဏနားပြီးရင် ဒီက ထွက်သွားကြတော့ …. နင်တို့တွေ နောက်ဆက်တွဲ လေ့ကျင့်ရေးမှာ ဝင်ပါဖို့ မလိုတော့ဘူး ….” ကျန်းဇီရှင်း အမိန့်ပေးလိုက်၏။

နှစ်ယောက်မှာ အင်မတန် ရှက်ရွံ့သွားခဲ့ကြ၏။

အထူးသဖြင့် ကျောက်ရှောင်လေ့ပင်။

သူမကိုယ်သူမ ဤတစ်ကြိမ်တော့ ပြန်လာနိုင်ပြီ ထင်မှတ်နေခဲ့သော်လည်း ထိုအစား နောက်တစ်ကြိမ် မျက်နှာဖြတ်ရိုက်ခံရဖို့ ဖြစ်နေလိမ့်မည်လို့တော့ မမျှော်လင့်ခဲ့ပါချေ။

“ နင် … စောင့်နေစမ်း …..”

ထိုစကားများကို မကျေမချမ်း ပြေဆိုပြီးနောက် ကျောက်ရှောင်လေ့ ဒေါသတကြီးနှင့် ထွက်ခွာသွားခဲ့၏။ လျိုထျန်းကျီသည်လည်း ဒယီးဒယိုင်နှင့် သူမနောက်မှ လိုက်ပါသွားခဲ့သည်။

“ အစ်ကိုရီ … ရှင် တကယ်ပဲ သူတို့ကို သူတို့ကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာပဲ …” ကျန်းဇီရှင်း လက်မထောင်ပြလိုက်သည်။

“ သူတို့လို ပြဿနာအိုးတွေကို ခပ်ထန်ထန်လေး ဆုံးမပေးမှရတာ … မဟုတ်ရင် မရဘူး ….”

“ ကဲ … မင်းတို့ အရင်ပြန်နှင့်ကြတော့ … ငါတို့ ဒီမှာ ဆက်ပြီး လေ့ကျင့်ပေးဖို့ ရှိသေးတယ် … အားလုံးလည်း ပြီးပြီဆိုတော့ ဒီမှာ ဆက်ပြီး နေစရာအကြောင်းမရှိတော့ဘူးမလား ….” ကျန်းဟွေ့ ပြောလိုက်သည်။

“ အစ်ကိုဟွေ့ … ခင်များတို့နှစ်ယောက်နေရာမှာ အစားထိုးပေးဖို့ လူရှာလိုက် … ကျုပ်တို့ အရက်သောက်သွားကြစို့ …” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။

“ အရက်သောက်မှာလား ….”

ကျန်းဟွေ့ သူ့ဖုန်းကို ကြည့်ပြီး ပြုံးလျက် “ ဒီနေ့က ဘာနေ့မို့လို့ အရက်သောက်ရမှာ ….”

“ ကျုပ် နှုတ်ထွက်တော့မှာ … ဒီညတော့ အပြင်ထွက်ပြီး လူဆုံကြတာပေါ့ …”

All Chapters