← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) ခိုး၍နားစွင့်

လူအုပ်ကြီးသည် ရဲစခန်းဆီသို့ စုပြုံ၍ ဦးတည်သွားကြလေသည်။

ဆေးရုံတွင်ရှိသော လူအများစုမှာလည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြပြီး နေထိုင်မကောင်းရာမှ အနည်းငယ် သက်သာလာသူတိုင်းပင် သွားရောက်ကြည့်ရှုချင်နေကြ၏။

ဆူညံသံကို မကြိုက်ကြဘူး ဟုတ်လား…

ခင်များတို့ အတွေးလွန်နေကြတာပါဗျာ…

ဒီသတင်းကြီးက ဒီလောက် အဝေးကနေပြီး ပျံ့နှံ့လာတာကြီးကို မကြိုက်တဲ့သူဆိုတာ ရှားပါတယ်ဗျာ…

သို့သော် ရဲစခန်းသို့ သွားရန်မှာမူ လိုအပ်နေသေး၏။

ချန်ချင်းယွီသည်လည်း ချဲယုံချန်းတစ်ယောက် မည်မျှအထိ မိုက်မဲနိုင်သည်ကို ကြည့်ရှုရန် စိတ်အားထက်သန်စွာဖြင့် လိုက်ပါသွားခဲ့သည်။ မိမိအား ပူးပေါင်းကြံစည်ခဲ့ကြသည့် သူတို့တစ်သိုက် မည်သို့သော အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ကိုလည်း သူမ မြင်တွေ့လိုသည်မှာ အမှန်ပင်။ သူတို့ ဝဋ်လည်သည်ကို မြင်ရလျှင် ချန်ချင်းယွီ လွန်စွာ ဝမ်းမြောက်မိမည် ဖြစ်၏။ သူတို့ ဝင်းအတွင်းရှိ လူတိုင်းမှာ စိတ်အားထက်သန်သော နိုင်ငံသားကောင်းများ ဖြစ်ကြသဖြင့် တစ်ယောက်မျှပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

သူတို့အပြင် ဆေးရုံရှိ လူနာရှင်များစွာလည်း ပွဲကြည့်ရန် ရောက်ရှိလာကြသဖြင့် ရဲစခန်းဝင်းတစ်ခုလုံး ပြည့်လျှံသွားခဲ့သည်။ ချန်ချင်းယွီမှာ ထောင့်တစ်နေရာတွင် ညှပ်ပူးညှပ်ပိတ် ပါသွားလေ၏။ သူမသည် ခေတ္တမျှ တွေးတောပြီးနောက် တံတိုင်းပေါ်သို့ တွားတက်ကာ ထိုင်ချလိုက်ပြီး အပေါ်စီးမှ မြင်ကွင်းကို အရသာခံ ကြည့်ရှုနေတော့သည်။ ၎င်းကို မြင်သောအခါ အခြားသူများလည်း အတုယူ၍ လိုက်လုပ်ကြလေ၏။

ရဲဝန်ထမ်းများမှာ နားထင်ကြောများပင် ထောင်၍ ခေါင်းကိုက်လာမိသည်။

ဒီလူတွေ ဒီနေရာကို ရုပ်ရှင်ရုံများ ထင်နေကြတာလား… သောက်ကျိုးနည်း…

ဘယ်လောက်တောင် ရှုပ်ပွနေတဲ့အခြေအနေမျိုးလဲ..

"ရဲဘော်တို့... ရဲဘော်တို့... မိုးလည်း ချုပ်နေပြီ၊ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာ ဘာမှမရှိဘူး၊ ကိစ္စကို သိတဲ့သူပဲ နေခဲ့ပါ၊ မသိတဲ့သူတွေ အိမ်ပြန်နားကြတော့… မနက်ဖြန်လည်း အလုပ်လုပ်ကြရဦးမယ်လေ၊ ရုံးအလုပ်တွေ ပျက်ကွက်လို့ မဖြစ်ဘူး၊ လူစုခွဲကြပါ..."

လော်စပီကာ ကိုင်ထားသော ရဲအရာရှိကြီးတစ်ဦးမှာ အော်ဟစ်ကာ လူစုခွဲရန် တိုက်တွန်းလေသည်။ လူတိုင်းမှာမူ ပျော်ရွှင်မြူးထူးနေကြပြီး ပြန်ရန် ငြင်းဆန်ကြ၏။

"ကျွန်တော်တို့ သိတယ်၊ ကျွန်မ သက်သေခံနိုင်တယ်..."

"ကျွန်မလည်း တူတူပဲ... သူတို့ အဘွားကြီးအကြောင်း ပြောနေတာ ကြားလိုက်တယ်။ ကျွန်မက သက်သေပဲ..."

"အဲဒါကို ကျွန်တော်လည်း ကြားတယ်..."

"သူတို့ ရန်ဖြစ်နေတုန်းက ကျွန်တော် ဘေးကကြည့်နေတာ..အဘွားကြီးက အရင်စတာလို့ ကျွန်တော် သက်သေခံရဲတယ်..."

"အဲဒီလူကလည်း..."

စသည်ဖြင့် လူတိုင်း ဆက်နေရန် အကြောင်းပြချက်မျိုးစုံ ပြောဆိုနေကြလေသည်။

ရဲအရာရှိကြီးမှာ အံ့ဩ ဆွံ့အသွားပြီးနောက် တံတိုင်းဆီသို့ တစ်ဖန် လှမ်းကြည့်ကာ

"အားလုံး အောက်ဆင်းကြစမ်း၊ ဘာလို့ တံတိုင်းပေါ် တက်နေကြတာလဲ…ဒါ ဘာအပြုအမူလဲ"

ချန်ချင်းယွီခမျာ အလွန်တရာ ရိုးသားဖြူစင်သော မျက်နှာပေးဖြင့်

"အပေါ်မတက်ရင် ဘာမှမမြင်ရလို့ပါရှင်"

ရဲအရာရှိကြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်မြန်းလျက်

"အပေါ်တက်လည်း ဘာမှမြင်ရမှာ မဟုတ်ဘူး၊ လူတွေ အကုန်လုံး အထဲမှာ…ဆင်းကြ ဆင်းကြ၊ တံတိုင်းကြီး ပြိုမကျပါစေနဲ့၊ ပြိုကျရင် နင်တို့ လျော်ရမယ်"

ထိုစကားကို ကြားသောအခါ လူတိုင်း ချက်ချင်းပင် လန့်ဖျန့်သွားကြသည်။ အပြောအဆို ခံရသည်မှာ ကိစ္စမရှိသော်လည်း ပိုက်ဆံမူ မလျော်နိုင်ကြပေ။

ချန်ချင်းယွီသည် အပေါ်မှ ခုန်ချလိုက်ရာ အနည်းငယ် ယိုင်နဲ့သွား၏။ အဘွားကြီးကျောက် သူမ၏ ချွေးမဖြစ်သူကို အမြန်လှမ်းတွဲကာ

"သတိထားဦးလေ၊ ပြုတ်ကျပြီး ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ"

ချန်ချင်းယွီ ရှက်ပြုံးလေးဖြင့်

"ကျွန်မ သိပါတယ်၊ သတိထားပါ့မယ်"

အဘွားကြီးကျောက် : "ဟဲဟဲ"

‘တကယ်ကို ပီပြင်တဲ့ သရုပ်ဆောင်ချက်ပဲ... နောက်ထပ် နှစ်မီတာလောက် မြင့်ရင်တောင် ညည်း အေးဆေး ခုန်ချနိုင်တာကို။ ဘာတွေ ဟန်ဆောင်နေတာလဲ...’

သို့သော် အဘွားကြီးကျောက်

အနေဖြင့် သူမအကြောင်း ဖွင့်မပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ မိမိတို့သည် စစ်တုရင်ဝိုင်းထဲမှ ရဲဘော်ရဲဘက်များ ဖြစ်ကြသောကြောင့်တည်း။

"လမ်းဖယ်ကြ၊ လမ်းဖယ်ကြ၊ ချဲယုံဖုန်း လာပြီ"

လူအများ စကားဖောင်ဖွဲ့နေစဉ် တစ်စုံတစ်ယောက် လှမ်းအော်လိုက်သည်။ ချန်ချင်းယွီ လှည့်ကြည့်လိုက်သောအခါ ချဲယုံဖုန်းမှာလည်း ကိုယ်တစ်ဝက်သေလုနီးပါး ပုံစံပေါက်နေသည်ကို တွေ့ရ၏။ ချမ်းသာသော မိသားစု၏ သမက်တစ်ဦးဖြစ်သည့်အတိုင်း သူသည် ရုပ်ရည်ချောမောရမည်မှာ အမှန်ပင်။ သို့မဟုတ်ပါက အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။ သို့သော် လူတိုင်း ဤလူကို မြင်လိုက်ရသည့်အခါ~~~

ဝေါင်း…

ပြောနေစရာပင် မလိုတော့ဘဲ တစ်ချက်ကြည့်ရုံဖြင့် သူသည် ကျောက်ကပ်အားနည်းသည့် ရောဂါဝေဒနာကို ခံစားနေရကြောင်း အထင်အရှား သိသာလှပြီး အမှန်တကယ်ပင် အားအင်ကုန်ခမ်းနေခြင်း ဖြစ်သည်။ ဤလူသည် ပိန်လှီနွမ်းလျနေပြီး မျက်ကွင်းများ ညိုမည်းနေ၏။

ဝမ်ကျန့်ကော်နှင့် ချဲယုံချန်းတို့သည်လည်း အလားတူ နွမ်းလျနေကြသော်လည်း ချဲယုံဖုန်းလောက် မသိသာပေ။ ချဲယုံဖုန်းမှာ အသားဖြူသဖြင့် သူ၏ မျက်ကွင်းညိုညိုများပို၍ ထင်ရှားနေခြင်းကာ မျက်ဝန်းများမှာလည်း အောက်သို့ ချိုင့်ဝင်နေ၏။

"သူ လူပြန်ကောင်းဖို့ ကျောက်ကပ် ဘယ်နှစ်ခုတောင် စားရမလဲမသိဘူး"

"ဘယ်လောက်စားစား အပိုပဲဖြစ်မှာပါ၊ ငါ ကြားတာတော့ သူတို့ရယ်၊ အဘွားကြီးရယ်... အရှိန်လွန်သွားလို့ လူပါ ပျက်စီးသွားတာ ထင်တယ်"

"ဟင်…အဲလောက်တောင် ဖြစ်ပါ့မလား"

"ဘာလို့ မဖြစ်ရမှာလဲ၊ အဲလောက်ထိ မဆိုးရင် ဆေးရုံမှာ ဘာလို့ ဒီလောက် ပြဿနာရှာမလဲ… ဒါကြောင့်ပဲ သူ စိတ်ထိခိုက်သွားတာ မဟုတ်ဘူးလား"

"သူ အကုန် အညှစ်ခံလိုက်ရတာ၊ယောကျာ်းတွေဆိုတာ မဆင်မခြင် အလွန်အကျွံ မလုပ်သင့်ဘူး"

"လယ်ကွင်းက ပျက်စီးတယ်လို့မရှိဘူး၊ နွားပဲ ပိန်သေတာ တဲ့…သူ့ကိုကြည့်ဦး၊ သေချာပေါက် သွားပြီ"

"အေး ဟုတ်တယ်နော်၊ ဒါနဲ့ နေပါဦး... ချဲယုံဖုန်းက ပန်းသေနေတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့..."

"မင်းကလည်း မကြားမိဘူးလား..ဆေးသောက်ထားတာလေ၊ ငါ အကုန်လုံး ကြားခဲ့တာ… ဆေးသောက်ရင် ပိုစွမ်းတယ်တဲ့၊ တစ်ရက်ကို ဆယ်ကြိမ်လောက်တောင် ဆိုပဲ"

"အာ... အဲဒါ... ဟိုလေ... ငါက ငါ့သူငယ်ချင်းတစ်ယောက်အတွက် မေးကြည့်တာပါ၊ အဲဒါ ဘာဆေးလဲဟင်"

"ဘယ်သူသိမလဲ..."

ဆွေးနွေးသံများမှာ ဆူညံပွက်လောရိုက်သွား၏။ ယောကျာ်းအတော်များများမှာ ဤ “ဆေး” ကို အနည်းငယ် စိတ်ဝင်စားနေကြသည်။

ကိုယ်တိုင် သောက်ချင်လို့တော့ မဟုတ်ပါဗျာ… သိချင်ရုံသက်သက်... အဟမ်း… သူငယ်ချင်းအတွက် ကြုံလို့မေးကြည့်တာပါ…

သို့သော် ဆေးအာနိသင် မှားသွားသလား မသိချေ။ အကယ်၍ မမှားဘူးဆိုလျှင်... သိကြသည့်အတိုင်းပင်။ လူတိုင်း၏ မျက်လုံးများမှာ ဝေ့ဝဲနေကြပြီး အကြံအစည်ကိုယ်စီ ထွက်နေကြ၏။

ချန်ချင်းယွီမှာ သူတို့ ဗိုင်အာဂရာ (Viagra) သောက်ထားကြသည်ဟု ခန့်မှန်းမိသည်။ ထိုဆေး မည်သည့်အချိန်တွင် စတင်ပေါ်ပေါက်လာသည်ကို သူမ မသိသော်လည်း အသေအချာ စဉ်းစားကြည့်ပါက ဤဆေးတစ်မျိုးတည်းသာ ခေါင်းထဲသို့ ရောက်လာ၏။

အခြား ဘာဆေး ဖြစ်နိုင်ဦးမှာလဲ…

သို့သော် ဗိုင်အာဂရာဟု သံသယရှိသော်လည်း ချန်ချင်းယွီ တစ်ယောက် ရာနှုန်းပြည့် မသေချာပေ။

‘ဒီဆေးက တကယ်ပဲ ဒီလောက်အထိ တောင့်ခံနိုင်လို့လား… ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ် အခြေအနေအရ တစ်ရက်ကို ဆယ်ကြိမ်၊ ဆယ်ရက်တောင် ပိတ်မိနေခဲ့တာ... ဒါက မဖြစ်နိုင်တာကြီးပဲ၊ ဒါ ဘာဆေးမလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ…သူတို့က သံမဏိနဲ့ လုပ်ထားတာမှ မဟုတ်တာ’

ချန်ချင်းယွီမှာ မိမိသည် အလွန်ပင် အတွေ့အကြုံနုနယ်သေးသည်ဟု ခံစားလိုက်ရသည်။

အမှန်တကယ်ကို နားမလည်နိုင်တော့ဘူး…

ချန်ချင်းယွီတစ်ယောက် အတွေးပွားနေစဉ်အတွင်း ရဲအရာရှိကြီးမှာမူ လော်စပီကာဖြင့် လူစုခွဲရန် ဆက်လက်ဖျောင်းဖျနေဆဲ ဖြစ်သည်။

သူသည် လူအုပ်ကြီးကို အမှန်တကယ်ပင် ပြန်စေချင်နေ၏။

မည်သို့ပင်ဖြစ်စေ ဤနေရာသည် ပွဲကြည့်ရမည့်နေရာ မဟုတ်ပေ။

အဘွားကြီးကျောက် : "ညည်း အရင်ပြန်နှင့်ပါလား… အိမ်မှာ ကလေးနှစ်ယောက်လည်း ရှိသေးတယ်၊ ပစ္စည်းတွေလည်း ရှိသေးတယ်၊ ဝင်းထဲမှာလည်း လူ သိပ်မရှိတော့တာ ဆိုတော့ စိတ်မချရဘူး"

ချန်ချင်းယွီ ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။

အဘွားကြီးကျောက် ထပ်လောင်းပြောဆိုကာ

"ဒီမှာ ဆက်ပြီး ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်တော့ပါဘူးအေ၊ ဒီကိစ္စလေး တင်ပါပဲ… ငါ ဒီမှာပဲ ဆက်စောင့်ကြည့်ပြီး အိမ်ပြန်ရောက်မှ ညည်းကို ပြန်ပြောပြမယ်၊ ဒါပေမဲ့ ထပ်ပြီး ဘာမှရှိတော့မှာ မဟုတ်ပါဘူး… တကယ်လို့ တစ်ခုခု ရှိဦးမယ်ဆိုရင်လည်း ချဲယုံချန်း ခုနက ပြောကတည်းက အခုထိ စောင့်နေစရာ မလိုတော့ဘူးလေ"

ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီးနောက်

"ဒါဆိုလည်း ကျွန်မ ပြန်နှင့်မယ်လေ"

ချန်ချင်းယွီ ပွဲကြည့်ရသည်ကို ကြိုက်နှစ်သက်သော်လည်း အဘွားကြီးကျောက်၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရ၏။ အိမ်တွင် ပစ္စည်းများ ရှိနေသည့်အပြင် ဆိုင်သိမ်းထားသည့် ပိုက်ဆံများလည်း ရှိနေသဖြင့် ဘေးကင်းရန်သာ ပထမဦးစားပေးသင့်ပေသည်။ ပုံမှန်အားဖြင့် ဝင်းအတွင်း လူအမြဲရှိသဖြင့် စိုးရိမ်စရာမလိုသော်လည်း ယနေ့တွင်မူ ဝင်းတစ်ခုလုံး ခြောက်ကပ်နေသလောက် ဖြစ်နေ၏။

"ဒါဆို ကျွန်မ ပြန်ပြီနော်"

သူမသည် အခြားသူများကို မစောင့်တော့ကာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်၍ လူအုပ်ထဲမှ တိုးဝှေ့ထွက်ပြီး အိမ်သို့ တစ်ဦးတည်း မပြေးရုံတည်း အမြန်ပြန်ခဲ့လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တော်တော်လေး မှောင်နေပြီ ဖြစ်၏။ ချန်ချင်းယွီတွင် နာရီမပါသော်လည်း ရှစ်နာရီ သို့မဟုတ် ကိုးနာရီဝန်းကျင် ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။ အကြောင်းမှာ သူတို့ ဆူညံပွက်လောရိုက်နေကြသည်မှာ အချိန် တော်တော်ကြာသွားပြီ ဖြစ်၍ပင်။ ချန်ချင်းယွီသည် မျက်လွှာချကာ ပို၍ အရှိန်မြှင့်ပြေးမိသည်။ သူမသည် ပိုက်ဆံပျောက်မည်ကို မစိုးရိမ်သော်လည်း အိမ်တွင် ကျန်ခဲ့သည့် ကလေးများကိုမူ စိတ်ပူနေမိ၏။

ချန်ချင်းယွီသည် ဖျတ်ခနဲဆိုသလိုပင် အိမ်သို့ အမြန်ပြန်ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး ပြေးလာခဲ့သော်လည်း သူမမှာ အသက်ရှုနှုန်းပင် မြန်မလာပေ။ ဝင်းထဲသို့ ပြန်ရောက်သောအခါ ခြံဝင်းတံခါးကြီးမှာ ပိတ်မထားသည်ကို တွေ့ရ၏။ လူအများစု ပြန်မရောက်ကြသေးသဖြင့် မည်သူမျှ တံခါးလာပိတ်မည် မဟုတ်သည်မှာ သဘာဝကျသည်။

ချန်ချင်းယွီ မိမိအိမ်သို့ ဝင်ခါနီးတွင် လီချန်ရွှမ်း၏ အိမ်ထဲမှ ငိုသံစိမ့်စိမ့်ကို ရုတ်တရက် ကြားလိုက်ရ၏။ ချန်ချင်းယွီ ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ရှေ့ဝင်းရှိ အခြားအိမ်များတွင် လူရှိမရှိကို သေချာအောင် လှည့်ပတ်ကြည့်ရှုလိုက်ပြီးမှ သူတို့၏ ပြတင်းပေါက်နားသို့ ခြေဖွဖွနင်းကာ သွား၍ နားစွင့်လိုက်လေသည်။

အထဲတွင် လင်စန်းရှင်း ငိုယိုနေခြင်း ဖြစ်၏။ သူမသည် လင်ယောက်ျား၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်အားထက်သန်စွာဖြင့် တောင်းပန်တိုးလျှိုးနေ၏။

"ချန်ရွှမ်း... ကျွန်မ ကွာမပေးချင်ဘူး… တကယ် ကွာမပေးချင်ဘူး၊ ရှင့််အပေါ်ထားတဲ့ ကျွန်မရဲ့ စိတ်ကို ရှင်သိတာပဲ… ကျွန်မတို့ လက်ထပ်ခဲ့တာ ဒီလောက်နှစ်တွေ ကြာနေပြီဥစ္စာ... တောင်းပန်ပါတယ်… ကျွန်မကို ပစ်မသွားပါနဲ့"

လီချန်ရွှမ်း နားထင်ကို ပွတ်သပ်ရင်း

"စန်းရှင်း... မင်း ငါ့အပေါ် ထားတဲ့သံယောဇဉ်ကို ငါသိပါတယ်၊ ဒါပေမဲ့ လျိုကျင့်မှာ ကလေးရှိနေပြီလေ… ငါသာ သူမကို လက်မထပ်ရင် သူမက တခြားသူနဲ့ လက်ထပ်လိုက်လိမ့်မယ်… အဲဒီကျရင် ငါ့ကလေးက တခြားသူကို ‘အဖေ’ လို့ ခေါ်ရတော့မှာလား၊ ငါ အလိုလိုနေရင်း နွား ဖြစ်သွားမှာပေါ့… ငါ မင်းကို မချစ်လို့ မဟုတ်ပါဘူး၊ ငါ့ကလေးကို အိမ်တစ်ခု ပေးချင်ရုံတင်ပါ၊ မင်းလည်း သိတာပဲ... ငါ့တစ်သက်လုံး မျှော်လင့်ခဲ့တာ မျိုးဆက်ဆက်မယ့် သားလေးတစ်ယောက် ရဖို့ပဲလေ… ငါသာ သဘောမတူရင် လျိုကျင့်က ငါ့ကို ကလေး ဘယ်တော့မှ ပေးမှာမဟုတ်ဘူး၊ စန်းရှင်း... ငါ့ကို သနားပါဦး… ငါ အသက် လေးဆယ်ကျော်နေပြီ၊ ငါ ဘာကို လောဘတက်နေလို့လဲ၊ ငါ လိုချင်တာ မျိုးရိုးဆက်မယ့် သားတစ်ယောက်ပဲ… ငါတို့ ဝင်းထဲကိုပဲ ကြည့်ဦး၊ သားရှိတဲ့သူတွေ ဘယ်လို မျက်နှာပွင့်ပြီး နေကြလဲ၊ သားမရှိတဲ့ ငါတို့ကျတော့ ဘယ်လိုလဲ၊ သားမရှိရင် ငါတို့ သေတဲ့အခါ အသုဘအလံကို ဘယ်သူက ကိုင်ပေးမှာလဲ… အမှန်အတိုင်း ပြောရရင် လျိုကျင့်က ငါ့ကို ဆုံးဖြတ်ဖို့ သုံးရက်ပဲ အချိန်ပေးတာ… ငါ ရအောင် တောင်းပန်တိုးလျှိုးလို့သာ အခုထိ အချိန်ဆွဲထားနိုင်တာ၊ ဒါပေမဲ့ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး၊ ငါ့ကို သနားပါဦး..."

လင်စန်းရှင်း : "ကျွန်မ သိပါတယ်၊ ရှင့်ရဲ့ အခက်အခဲကို ကျွန်မ နားလည်ပါတယ်… ဒါပေမဲ့ ကွာရှင်းလိုက်ရင် ကျွန်မ ဘာလုပ်ရမလဲ၊ ရှင်မရှိရင် ကျွန်မ မနေနိုင်ဘူး… ဒီရက်ပိုင်းအတွင်း ကျွန်မ နေ့တိုင်း လျိုကျင့်ဆီ သွားနေခဲ့တာပဲ၊ သူမအိမ်က အလုပ်အကြီးအသေး အကုန်လုံးကို ကျွန်မ လုပ်ပေးခဲ့တာ၊ ကျွန်မ တခြားဘာမှ မလိုချင်ပါဘူး၊ သူမဘက်က ကလေးကို ကောင်းကောင်းမွန်မွန် မွေးပေးဖို့ပဲ တောင်းဆိုချင်တာ… ပြီးရင် ကလေးကို ကျွန်မပဲ စောင့်ရှောက်ပါ့မယ်၊ ကလေးကို မနှိပ်စက်ပါဘူး..."

ပြတင်းပေါက်နားတွင် ချောင်းနားထောင်နေသော ချန်ချင်းယွီသည် တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။

‘အော်... ဒါကြောင့်မလို့ လင်စန်းရှင်းတစ်ယောက် ဒီရက်ပိုင်း အိမ်မှာ မရှိတာကိုး… လျိုကျင့်ဆီ သွားပြီး ကိုယ်ဝန်ဆောင်သည်ကို ပြုစုပေးနေတာကိုး၊ ဒါပေမဲ့ လီချန်ရွှမ်းကလည်း တကယ် စွမ်းတာပဲ၊ သူ ဘာတွေ လုပ်ထားလို့ လင်စန်းရှင်းက ဒီလောက်တောင် အသက်ပေးချစ်နေရတာလဲ’

ချန်ချင်းယွီတစ်ယောက် ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားပြီး လုံးဝ နားမလည်နိုင်အောင် ဖြစ်ရ၏။

"ငါလည်း မင်းကို မစွန့်ပစ်ချင်ပါဘူး၊ ဒါပေမဲ့ ဒီကလေးကိုတော့ ငါ တကယ် လက်မလွှတ်နိုင်ဘူး… ငါ မင်းနဲ့ ကွာရှင်းတယ်ဆိုတာ တကယ့် အတည်ကြီး မဟုတ်ပါဘူး၊ ငါ အသေအချာ စဉ်းစားပြီးပြီ… ငါတို့ စာရွက်ပေါ်မှာပဲ ကွာကြမယ်၊ လူချင်းတော့ မခွဲဘူးလေ… အတူတူပဲ ဆက်နေလို့ ရတာပဲ၊ ဒါက မခက်ပါဘူး၊ ငါ သူမကို ပြောထားပြီးပြီ... သူမ မီးဖွားတဲ့အခါ မင်းက ကူညီပြုစုပေးမယ်လို့ပေါ့.. သူမဘက်ကလည်း အဲဒီအကူအညီကို လိုအပ်မှာပဲ၊ ငါတို့ ကွာရှင်းထားပေမဲ့ အတူတူ ဆက်နေလို့ ရပါတယ်၊ ကလေးကို တရားဝင် ဖြစ်သွားအောင် ငါ သူမကို အရင် လက်ထပ်လိုက်မယ်… ကလေးမွေးပြီးရင်တော့ ငါ သေချာပေါက် ပြန်ကွာမှာပါ.. အဲဒီကျရင် မင်းနဲ့ ငါ ပြန်လက်ထပ်ပြီး ကလေးကို တရားဝင် ခေါ်ထားလို့ ရပြီပေါ့၊ ငါတို့က လျိုကျင့်ရဲ့ ဝမ်းဗိုက်ကို ခဏ ငှားသုံးရုံတင်ပါ၊ မင်း ဘယ်လိုထင်လဲ"

"ဒါပေမဲ့... ဒါပေမဲ့ သူမက အရမ်း ဇွတ်တရွတ်နိုင်တာ၊ အကယ်၍ သူမက အလျှော့မပေးရင်..."

"သူမမှာ ရွေးချယ်စရာ မရှိစေရပါဘူး"

လီချန်ရွှမ်း ဆိုလေသည်။

"သူမရဲ့ နာမည်ဂုဏ်ကလည်း သိပ်ကောင်းတာ မဟုတ်ဘူး… ငါတို့ အကွက်လေးနည်းနည်းဆင်ပြီး သူမကို မောင်းထုတ်ဖို့က လွယ်လွယ်လေး၊ ပြီးတော့ စန်းရှင်း... မင်း သေသေချာချာ စဉ်းစားကြည့်စမ်း၊ ငါတို့ အတူရှိခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ။ သူမကြောင့်နဲ့ ငါတို့ကြားက သံယောဇဉ် ပျက်ပြယ်သွားလိမ့်မယ်လို့ မင်း ထင်နေတာလား… လက်ထပ်တာ မလက်ထပ်တာထက် အိမ်ထောင်ရေးစာချုပ်ဆိုတာ ငါတို့အတွက် လုံးဝ အရေးမကြီးပါဘူး… ငါတို့အချင်းချင်း အချစ်ရှိနေဖို့က အရာအားလုံးထက် ပိုအရေးကြီးတယ်… ငါ စဉ်းစားထားတာ တစ်ခုရှိသေးတယ်... သူမကို လက်ထပ်ပြီး ပြန်မကွာဘဲ ထားလိုက်ရင်ရော၊ ငါတို့နှစ်ယောက်စလုံး အလုပ်လုပ်ကြမယ်၊ မင်းက ကလေးကို အဓိက ထိန်းပေးရမှာဆိုတော့ ကလေးက သေချာပေါက် မင်းဘက် ပါလာမှာပဲ၊ မင်း ကလေးကို သိမ်းသွင်းနိုင်ရင် ကလေးက မင်းကိုပဲ အမေလို့ မြင်မှာ… ပြီးတော့ သူမမှာ အိမ်နှစ်လုံး ရှိတယ်၊ အမြဲတမ်း အလုပ်အကိုင်လည်း ရှိတယ်၊ သူမက ငါတို့တစ်မိသားစုလုံးကို ရှာကျွေးမယ့်သူ ဖြစ်လာမှာ… ငါတို့ဘက်က ဘာရှုံးလို့လဲ၊ နောက်ပိုင်း ကလေးလည်း အတော်အတန်ကြီးလာရော၊ သူမလည်း အလုပ်မလုပ်နိုင်တော့တဲ့ အရွယ်ကျရင် ငါတို့ သူမကို မောင်းထုတ်လိုက်ရုံပဲ… သူမ ငယ်ရွယ်တုန်းမှာ ငါတို့အတွက် ကျွဲလိုနွားလို အလုပ်လုပ်ပေးဖို့ စီစဉ်ရတာ တကယ်ကို ကောင်းမွန်တဲ့ အကွက်ပဲ မဟုတ်ဘူးလား"

"ဒါက..."

လင်စန်းရှင်းမှာ စိတ်လှုပ်ရှားသွားဟန် ရှိသော်လည်း

"ဒါပေမဲ့... ဒါက သူမအပေါ် အရမ်း မတရားရာ ကျမနေဘူးလား… သူမကလည်း ကံဆိုးရှာတဲ့ မိန်းမသားတစ်ယောက်ပါ၊ ကျွန်မတို့ ကလေးရဖို့အတွက် အကွက်ဆင်ခဲ့တာတောင် အားနာစရာ ကောင်းနေပြီဥစ္စာ၊ အခု သူမရဲ့ တန်ဖိုးရှိသမျှ ဘာမှမကျန် ညှစ်ထုတ်ဖို့ကျတော့ နည်းနည်းတော့ လွန်လွန်းရာ မကျဘူးလားဟင်"

"မင်းကလည်း အ,လိုက်တာ၊ ဘာလွန်ရမှာလဲ… သူမက မင်းရဲ့ ယောကျာ်းကို လုယူတာလေ၊ ငါက သူမကို တကယ် ကြိုက်တယ်လို့ မင်း ထင်နေတာလား… သူမက ငါ့ကို ဖြားယောင်းတာ၊ သူမ အိုမင်းတဲ့အခါ အားကိုးဖို့ သားတစ်ယောက် လိုချင်လို့ ငါ့ကို မြှူဆွယ်တာလေ… ငါက တကယ် မလိုချင်ပါဘူး၊ ငါ့နှလုံးသားထဲမှာ မင်းတစ်ယောက်တည်း ရှိတာ၊အကယ်၍... အကယ်၍ ငါတို့မိသားစုအတွက်လည်း သားတစ်ယောက် လိုအပ်နေလို့သာ မဟုတ်ရင် ငါ ဘယ်တော့မှ အရူးလုပ်ခံမှာ မဟုတ်ဘူး…ငါ မင်းကို ချစ်တယ်..."

"မင်းကို စိတ်ဆင်းရဲအောင် လုပ်မိလို့ အားနာမိတာ"

"တို့တွေအိုတဲ့အထိ အားကိုးရမယ့် သားတစ်ယောက် ရမယ်ဆိုရင် ကျွန်မ စိတ်မဆင်းရဲပါဘူး”

"ဒါ အားလုံး သူမအပြစ်တွေချည်းပဲ"

ထိုသူနှစ်ဦးမှာ တတွတ်တွတ်နှင့် ချစ်ကြည်နူးနေကြလေသည်။ ချန်ချင်းယွီ ပျို့အန်ချင်စိတ်ကို အောင့်အီးကာ ပါးစပ်ကို လက်ဖြင့်ပိတ်ပြီး တိတ်တဆိတ် နောက်ဆုတ်ခဲ့တော့၏။ သူမ ဆက်၍ နားမထောင်နိုင်တော့ပေ။ ဤလူနှစ်ယောက်မှာ တကယ်ကို လူဠုတ်မာများတည်း။ လီချန်ရွှမ်း၏ စကားများကို မည်သူမျှ ယုံကြည်မည် မဟုတ်သော်လည်း လင်စန်းရှင်းတစ်ယောက် စိတ်မကောင်းဖြစ်နေသည်မှာ အံ့ဩစရာပင်။

သူမသည် တိတ်တဆိတ် အိမ်သို့ ပြန်လာခဲ့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်နှာသစ် သန့်စင်ပြီး ဖြစ်သော်လည်း အိပ်မပျော်ကြသေးဘဲ သီချင်းနားထောင်နေကြ၏။ ချန်ချင်းယွီ အခန်းထဲသို့ ဝင်လာသောအခါ ရှောင်ကျားမှာ

"မေမေ... မေမေ ပြန်လာတာလား"

ချန်ချင်းယွီ : "မေမေပဲလေ… ဘာလို့ အခုထိ မအိပ်ကြသေးတာလဲ၊ မနက်ဖြန် ကျောင်းသွားရမှာ မဟုတ်ဘူးလား"

"အခုပဲ အိပ်တော့မလို့ပါ မေမေ"

ချန်ချင်းယွီ : "စာသင်တာကို ထိခိုက်လို့ မဖြစ်ဘူးနော်၊ မဟုတ်ရင် နောက်ဆို ရေဒီယို ပေးမနားထောင်တော့ဘူး"

"ဟုတ်ကဲ့ပါ..."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့က လိမ်လိမ်မာမာဖြင့် ပြန်ပြောကြသည်။ အိမ်တွင်မူ မိခင်ဖြစ်သူ၏ စကားမှာ အမိန့်အာဏာပင် ဖြစ်၏။ အဘွားဖြစ်သူပင်လျှင် သူမ၏ စကားကို နားထောင်ရ၏။

ချန်ချင်းယွီသည် ရေဒီယိုကို ပိတ်ကာ သွားတိုက်ရန် ပြင်ဆင်လေသည်။ ရှောင်ယွမ်သည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း အုတ်ခုတင်ပေါ်တွင် လှဲလျက် မိခင်ဖြစ်သူကို ကြည့်ကာ

"မေမေ... အဖွားရော၊ မေမေ ဘာလို့ ဒီလောက်တောင် ကြာသွားတာလဲ…တစ်ခုခု ဖြစ်လို့လားဟင်"

ချန်ချင်းယွီ : "အင်း... ဝမ်ကျန့်ကော်တို့တစ်သိုက် ရဲစခန်း ရောက်သွားကြလို့လေ… သူတို့ တောင်ပိုင်းကို သွားတုန်းက လမ်းမှာလူလိမ်တည်းခိုခန်းနဲ့ တိုးပြီး အလုခံခဲ့ရလို့တဲ့…အဲဒါကြောင့် အားလုံး သွားကြည့်နေကြတာ"

"အော်..."

"အဲဒါ တကယ် အန္တရာယ်များတာပဲ မေမေ၊ မေမေ တောင်ပိုင်းကို သွားချင်သေးလို့လား…မသွားပါနဲ့တော့လားဟင်၊ သမီးတို့ ကောင်းကောင်းမွန်မွန်တွေ လျှော့စားပါ့မယ်၊ ဘေးကင်းဖို့က အဓိကပဲလေ"

ကလေးနှစ်ယောက်မှာ မိခင်ဖြစ်သူအတွက် ချက်ချင်းပင် စိုးရိမ်ပူပန်သွားကြတော့သည်။

ချန်ချင်းယွီသည် ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးလိုက်ကာ

"မေမေ အဆင်ပြေပါတယ်ကွယ်… အဲဒီလို နေရာမျိုးတွေကို သတိထားရင် ရပါပြီ… စိတ်မပူပါနဲ့၊ မေမေက သိပ်ပြီး သတိရှိပါတယ်"

"ဒါပေမဲ့..."

"တကယ်ပါ၊ ဘာမှမဖြစ်ပါဘူး…ဘယ်နေရာမဆို လူကောင်းနဲ့ လူဆိုးကတော့ ရှိတာပဲလေ။ သူတို့က နယ်ဝေးထွက်သွားပြီး ဘာသတိမှမထားဘဲ အပျော်လွန်သွားကြလို့ ပြဿနာတက်တာ။ မေမေက အဲဒီလို မဟုတ်ပါဘူး…မေမေက အစစအရာရာ စေ့စပ်သေချာတယ်။"

"ဒါဆိုရင်လည်း... မေမေ အပြင်သွားရင် သတိထားနော်။"

ချန်ချင်းယွီ : "မေမေ သိပါတယ်"

"အဘွားက မေမေနဲ့ အတူပြန်မလာဘူးလား။"

ချန်ချင်းယွီ : "သမီးတို့အဘွားကတော့ ပွဲဆက်ကြည့်နေတုန်းပဲ… အိမ်မှာ ကလေးနှစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချလို့ မေမေ အရင်ပြန်လာတာ"

"သမီးတို့က လူကြီးဖြစ်နေပြီဥစ္စာ"

"မေမေ့ရင်ထဲမှာတော့ သမီးတို့က ကလေးလေးတွေ ပါပဲကွယ်"

ချန်ချင်းယွီသည် တခစ်ခစ်ရယ်မောလျက် လှည့်ထွက်သွားပြီး ရေသွန်ရန် အပြင်သို့ ထွက်ခဲ့သည်။ သူမ အိမ်ထဲသို့ ပြန်ဝင်လာပြီး မနားရသေးမီမှာပင် ယွမ်ဟောက်ဖုန်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။

သူသည် စက်ဘီးကို တွန်းရင်း ချန်ချင်းယွီကို မြင်လျှင် နှုတ်ဆက်လေသည်။

"မရီး... မျက်နှာသစ် သန့်စင်နေတာလား"

ချန်ချင်းယွီ : "အင်း ဟုတ်တယ်"

ယွမ်ဟောက်ဖုန်း : "ဒီနေ့ ကျွန်တော်တို့ ဝင်းတစ်ခုလုံး ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ။ ဘယ်သူမှ မရှိသလိုပဲ။ တစ်ခုခု ဖြစ်လို့လားဟင်"

ချန်ချင်းယွီ ဘာမှဖုံးကွယ်မထားဘဲ ပြောပြလိုက်၏။

"ဝမ်ကျန့်ကော် ပြန်ရောက်လာပြီလေ…သူ နေမကောင်းလို့ ဝင်းထဲကလူတွေ အကုန်လုံး ဆေးရုံကို လိုက်သွားကြတာ၊ အခုတော့ ရဲစခန်းကို ဆက်သွားကြတယ်လေ.. ငါက ကလေးတွေကို စိတ်မချလို့ အရင်ပြန်လာတာ။ ကျန်တဲ့သူတွေကတော့ ရဲစခန်းမှာပဲ ရှိဦးမှာပေါ့"

ချန်ချင်းယွီသည် အသေးစိတ်အချက်အလက်များကို လျှောက်မပြောတော့ပေ။ သူမ ထိုသို့ ပြောချင်စိတ်လည်း မရှိ၍ပင်။

သို့သော် ယွမ်ဟောက်ဖုန်း ခန့်မှန်းမိရန်အတွက်မူ ဤမျှနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။ ဝမ်ကျန့်ကော် ပြန်ရောက်လာခြင်း ဖြစ်သဖြင့် တစ်ခုခု ထူးထူးခြားခြား ပြဿနာတက်၍ လူတိုင်း သွားကြည့်ကြခြင်း ဖြစ်ရမည်ဟု သူ တွေးမိလိုက်၏။

“အော်... ဒါကြောင့်ကိုး"

သူသည် ချောင်းတစ်ချက်ဟန့်ကာ ပြုံး၍

"သူတို့ ရဲစခန်းကို ဘယ်အချိန်လောက်က သွားကြတာလဲ"

ချန်ချင်းယွီ : "ငါ ပြန်ရောက်တာ မကြာသေးဘူး… သူတို့လည်း ရဲစခန်း ရောက်တာ သိပ်မကြာသေးဘူး ထင်တယ်"

ယွမ်ဟောက်ဖုန်း ခေါင်းတစ်ဖန် ညိမ့်ပြပြန်သည်။

ယွမ်ဟောက်ဖုန်းနှင့် ချန်ချင်းယွီတို့အကြား ပတ်သက်ဆက်နွှယ်မှု သိပ်မရှိကြပေ။ အပြန်အလှန် လောကဝတ် စကားအနည်းငယ် ပြောဆိုပြီးနောက် ချန်ချင်းယွီသည် လှည့်၍ အိမ်ထဲသို့ ဝင်ခဲ့ပြီး ယွမ်ဟောက်ဖုန်းလည်း မိမိအိမ်သို့ ပြန်သွားလေသည်။

သို့သော် တစ်စုံတစ်ယောက်မှာ မိမိတို့အား စောင့်ကြည့်နေသည်ကို ချန်ချင်းယွီ သတိပြုမိလိုက်ရာ ၎င်းမှာ လီလင်းလင်း ဖြစ်ကြောင်း သေချာပေါက် သိလိုက်၏။ လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းနှင့်အတူ ပြန်လာခြင်းဖြစ်ပြီး သူမသည် ယွမ်ဟောက်ဖုန်း၏ သစ္စာရှိ နောက်ဆွဲတစ်ဦး ဖြစ်ပေသည်။

ချန်ချင်းယွီသည် အိမ်ထဲသို့ဝင်၊ မီးပိတ်ကာ အိပ်ရန် ပြင်တော့၏။

‘သူ့ကို ဂရုစိုက်မနေတော့ဘူး...’

သို့သော် ချန်ချင်းယွီ လှဲချလိုက်ရုံရှိသေး၊ အပြင်ဘက်မှ ခြေသံအချို့ကို အာရုံခံမိလိုက်သည်။ အလွန်ပင် ဖွဖွနင်းသွားသော ခြေသံဖြစ်သော်လည်း သူမ အတိုင်းသား ကြားနေရဆဲ ဖြစ်၏။ လီလင်းလင်းတစ်ယောက် ခြံဝင်းဆီသို့ ခြေဖွဖွနင်းကာ သွားနေခြင်း ဖြစ်သည်။

ချန်ချင်းယွီ ပြတင်းပေါက်မှ ချောင်းကြည့်ရင်း~~

‘နေပါဦး... ဒီည လူတွေကို ဘာတွေက ဆွဲဆောင်နေလို့ အားလုံးက ကုတ်ကုတ် ကုတ်ကုတ်နဲ့ ဖြစ်နေကြတာလဲ’

ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ အိပ်ရာမှထ၍ လေသံတိုးတိုးဖြင့်

"ငါ သွားကြည့်ဦးမှ"

ရှောင်ယွမ်သည် စောင်ထဲတွင် မျက်နှာလေးမြှုပ်လျက် အသံဗလံမထွက်အောင် ထိန်းကာ

"မေမေ... သူများ အကွက်ကို သွားချောင်းကြည့်ရင်း အမိမခံရစေနဲ့နော်"

ချန်ချင်းယွီ : "သွားစမ်းပါ... နင့်မေမေက အဲလောက်အထိ မအပါဘူး"

ရှောင်ယွမ် နှုတ်ခမ်းလေးစူကာ တခစ်ခစ်ရယ်ပြီး တိုးတိုးလေး ထပ်မှာလိုက်၏။

"ဘာပဲဖြစ်ဖြစ် သတိတော့ထားဦးနော် မေမေ"

ချန်ချင်းယွီ : "အေးပါ၊ အေးပါ၊ မေမေ သိပါတယ်၊ နင်ကတော့ တကယ့် အဘွားကြီးပဲ"

ရှောင်ယွမ် နှုတ်ခမ်းစူလျက်

"သမီးက မေမေ့အတွက် စေတနာနဲ့ ပြောတာကို"

ချန်ချင်းယွီအနေဖြင့် သမီးဖြစ်သူ၏ စေတနာကို အဘယ်မှာ မသိဘဲ နေပါမည်နည်း။ သူမသည် ရှောင်ယွမ်၏ ဆံပင်များကို ရှုပ်ပွသွားအောင် ဖွပစ်လိုက်ရင်း

"မေမေ သိပါတယ်"

သူမ တံခါးပြင်ပသို့ ခြေဖွဖွနင်းကာ အမြန်ထွက်ခဲ့ပြီး ဤအတွဲကို ချောင်းကြည့်ရန် တိတ်တဆိတ် နောက်မှ လိုက်သွားလေသည်။ ချန်ချင်းယွီသည် သူခိုးတစ်ယောက်ကဲ့သို့ အလယ်ဝင်းထဲသို့ ရောက်ရှိလာရာ ယွမ်မိသားစုအိမ်၌ မီးလင်းနေသည်ကို တွေ့ရ၏။

‘အော်...’

ယနေ့တွင် လူတိုင်း ပွဲကြည့်ရန် အပြင်သို့ ထွက်သွားကြပြီး ထိုသူနှစ်ဦးမှာမူ ဆိုင်သိမ်းပြီး နောက်ကျမှ ပြန်ရောက်လာကြသဖြင့် လိုက်မသွားဖြစ်ကြခြင်း ဖြစ်သည်။ သို့သော် ဝင်းတစ်ခုလုံး ခြောက်ကပ်နေပြီး လူအနည်းငယ်သာ ကျန်ရှိသဖြင့် ထိုသူနှစ်ဦး ကာမစည်းစိမ် ခံစားရန်အတွက်မူ အကွက်တည့်သွားခဲ့ခြင်း ဖြစ်ပေ၏။

ချန်ချင်းယွီသည် သူတို့၏ ပြတင်းပေါက်နားသို့ ခြေဖွဖွနင်းကာ ကပ်သွားလိုက်သည်။ သူမသည် ယနေ့ညတွင် အေးအေးလူလူပင် ဤနားဟိုနား လျှောက်ကြည့်နေပြီး အဓိက အာရုံစိုက်ထားသည်မှာ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်ရန်သာ ဖြစ်၏။

ချန်ချင်းယွီ ပြတင်းပေါက်အောက်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အတွင်းမှ တရှရှ အသံဗလံများကို ကြားလိုက်ရသည်။ လူကြီးဖြစ်သည့်အတိုင်း ထိုသူနှစ်ဦး ဘာလုပ်နေကြသည်ကို သူမ ချက်ချင်း သဘောပေါက်လိုက်၏။

ချန်ချင်းယွီ: "…"

‘မျက်စိအမြင်ကို ထိခိုက်လိုက်တာ…မျက်စိ အဆိပ်သင့်တော့မှာပဲ… အမှန်အတိုင်းပြောရရင် ငါ ဒါကို သိပ်မကြည့်ချင်ပါဘူး။’

ခဏ တင်ပါပဲလေ…

သူမသည် ထိုသူနှစ်ဦး မည်မျှအထိ အရှက်မဲ့နိုင်သည်ကို သိချင်စိတ် ပြင်းပြနေသောကြောင့်သာ လာရောက်ချောင်းကြည့်ခြင်း ဖြစ်၏။

သို့သော် ပြတင်းပေါက်အောက်တွင် ဆောင့်ကြောင့်ထိုင်ရင်း ချန်ချင်းယွီတစ်ယောက် အနည်းငယ် စိတ်ပျက်အားလျော့သလို ခံစားလိုက်ရသည်။

‘ဟူး... ငါ ဘာလို့ လာချောင်းကြည့်နေမိတာလဲ။ ကြည့်စရာ စိတ်ဝင်စားဖို့ကောင်းတာလည်း ဘာမှမရှိဘဲနဲ့။ တကယ်ကို အပိုအလုပ်တွေပဲ။’

ချန်ချင်းယွီသည် ပြန်ရန် ပြုလိုက်ပြီးမှ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် ခေတ္တမျှ စောင့်ဆိုင်းကြည့်လျှင် တစ်ခုခုကို ကြားရလေမလားဟု တွေးမိပြန်သည်။

"ရောက်တုန်းရောက်ခိုက်" ဟူသော စကားစုလေးမှာ တကယ့်ကို မှော်ဆန်လှပေ၏။

ချန်ချင်းယွေိ ပြတင်းပေါက်အောက်တွင် ဆောင့်ကြောင့်ပြန်ထိုင်ရင်း ယွမ်ဟောက်ဖုန်း၏ ယခုတစ်ကြိမ် စွမ်းဆောင်ရည်မှာ ပန်းခြံထဲတွင် လုပ်ခဲ့သည့် ပြီးခဲ့သည့်အကြိမ်ထက် သေချာပေါက် ပိုကောင်းလိမ့်မည်ဟု တွေးနေမိသည်။ သို့သော်... အာ... ပြီးသွားလေပြီ…

ချန်ချင်းယွီ တစ်ယောက်တည်း အတွေးပွားနေစဉ်မှာပင် အတွင်း၌ အားလုံးပြီးဆုံးသွားသည့် အသံကို ကြားလိုက်ရ၏။

‘အင်း... သိပ်လည်း ပိုမကောင်းလာပါလား။’

ချန်ချင်းယွီ စိတ်ထဲမှ တိတ်တဆိတ် ဝေဖန်လိုက်မိသည်။ သူမသည် တစ်ဖန် သက်ပြင်းချမိရင်း ဤနေရာအထိ အလကား သက်သက်လာခဲ့ရသည်ဟု တွေးလိုက်မိ၏။

ချန်ချင်းယွီတစ်ယောက် ပြတင်းပေါက်အပြင်ဘက်တွင် စိတ်ထဲမှ မကျေမနပ် ရေရွတ်နေသော်လည်း ကာယကံရှင် မိန်းကလေးမူကား အတော်ပင် ကျေနပ်အားရနေပုံရသည်။ လီလင်းလင်းသည် ယွမ်ဟောက်ဖုန်း၏ ပုခုံးကို မှီတွယ်လျက်

"အစ်ကိုဟောက်ဖုန်းက တကယ်ကောင်းတာပဲ"

ယွမ်ဟောက်ဖုန်း ဘဝင်မြင့်စွာ ပြုံးရင်း

"မင်းကလည်း ဒါကို ဒီနေ့မှ သိတာကျလို့"

သူသည် ထထိုင်ကာ ပြတင်းပေါက်ကို အနည်းငယ် ဟလိုက်ပြီး

"လေလေးဘာလေး ပေးဝင်ဦးမှ၊ မဟုတ်ရင် အခန်းထဲမှာ အနံ့အသက်တွေ ကျန်နေပြီး ကွမ်ထင်းထင်း ပြန်လာရင် ရိပ်မိသွားလိမ့်မယ်"

"အစ်ကိုဟောက်ဖုန်းက တကယ် ဉာဏ်ကောင်းတာပဲ။"

လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို အမှန်တကယ်ပင် လွန်စွာ ကြည်ညိုလေးစားနေလေသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ ချန်ချင်းယွီ: "..."

ပြတင်းပေါက် ပွင့်သွားသဖြင့် အတွင်းမှ စကားသံများကို သူမ ပို၍ ရှင်းလင်းစွာ ကြားနေရ၏။

ယွမ်ဟောက်ဖုန်း: "မင်း ပင်ပန်းသွားပြီလား။ ငါ ရေတစ်ခွက် သွားခတ်ပေးရမလား"

လီလင်းလင်း ခေါင်းကို ညင်သာစွာ ခါယမ်းလျက်

"မလိုပါဘူး၊ အစ်ကို့ကို ဒီလိုလေး ခဏမှီထားရတာနဲ့တင် အဆင်ပြေပါတယ်။ ဟောက်ဖုန်း... ကျွန်မတို့ ဘယ်တော့ကျမှ လူသိရှင်ကြား အတူတူ နေနိုင်ကြမှာလဲဟင်"

ယွမ်ဟောက်ဖုန်း : "ပိုက်ဆံ အရင်စုရမယ်လေ။ ငါ့မှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပြီဆိုတာနဲ့ ချက်ချင်း ကွာရှင်းလိုက်မယ်"

လီလင်းလင်း ကျိန်ဆဲကာ

"အဲဒီ ကွမ်ထင်းထင်းဆိုတဲ့ မိန်းမယုတ်ကြီး"

သူမသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယွမ်ဟောက်ဖုန်းကို ရုတ်တရက် တင်းကျပ်စွာ ဖက်လိုက်ရင်း

"ဟောက်ဖုန်း... အစ်ကို နောက်ဆို ချန်ချင်းယွီနဲ့ စကားမပြောရဘူးနော်" ဟ

ယွမ်ဟောက်ဖုန်း: "ဘာလို့ ရုတ်တရက်ကြီး သူမအကြောင်း ထည့်ပြောရတာလဲ။ ငါက သူမနဲ့ ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့"

လီလင်းလင်း မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းလေးစူလျက်

"ခုနတင် အစ်ကို သူမနဲ့ စကားပြောခဲ့သေးတယ်လေ၊ ကျွန်မ သဘောမတူဘူး။ အစ်ကို တခြားသူတွေနဲ့ စကားပြောရင် ကျွန်မ သဝန်တိုတယ်။ ကွမ်ထင်းထင်း တစ်ယောက်ထဲနဲ့တင် ကျွန်မ စိတ်ညစ်လှပြီ၊ အစ်ကို့ကို တခြားသူတွေ လုယူသွားမှာကို မလိုချင်ဘူး… အစ်ကိုက ဒီလောက် သဘောကောင်းတာ၊ အတူတူ အချိန်အကြာကြီး နေမိရင် သူမ အစ်ကို့အပေါ် စိတ်မပါလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ပြီးတော့ ချန်ချင်းယွီက အရမ်းချောတာဆိုတော့ ကျွန်မ စိုးရိမ်တယ်"

ပြတင်းပေါက်အပြင်ဘက်တွင် ချောင်းနားထောင်နေသော ချန်ချင်းယွီ: "..."

‘တကယ်ကြီးလား…နင် ရူးနေတာလား… နင် အဲဒီတုန်းက ယွမ်ဟောက်ဖုန်းကို မျက်စိကျခဲ့တာလား၊ နင်ကသာ မျက်စိကန်းနေတာ၊ ငါက ကန်းနေတာ မဟုတ်ဘူး၊ နင်က ဘာကောင်မလို့လဲ…တကယ့်ကို ရွံစရာကောင်းလိုက်တာ။’

သူမသည် လီလင်းလင်းကြောင့် အလကားနေရင်း မစင်နှင့် ပက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ယွမ်ဟောက်ဖုန်း ရယ်မောလျက်

"မင်းကလည်း အတွေးလွန်နေပြန်ပြီ။ ငါက ဘာလို့ သူမကို စိတ်ဝင်စားရမှာလဲ"

လီလင်းလင်း: "သူမက ချောတာကိုး..."

"ငါက ရုပ်ရည်ကို ဂရုစိုက်တဲ့သူ မဟုတ်ပါဘူး… ပြီးတော့ ငါ့အမြင်မှာ သူမက ချောတယ်လို့ကို မထင်တာ။ ကြည့်ရတာလည်း တုန်တုန်ချည့်ချည့်နဲ့၊ မင်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ ဒါတင်မကသေးဘူး... ငါက ရုပ်ရည်တစ်ခုတည်းကိုပဲ ကြည့်တတ်တဲ့ လူစားမျိုးလို့ မင်း ထင်နေတာလား။ ငါသာ ရုပ်ရည်ကိုပဲ ကြည့်ရင် မင်းကို ရွေးချယ်ခဲ့မှာ မဟုတ်ဘူး.. ငါက အတွင်းစိတ်ထားကို ပိုတန်ဖိုးထားတာ"

"အစ်ကိုဟောက်ဖုန်း..."

လီလင်းလင်းတစ်ယောက် လွန်စွာ စိတ်လှုပ်ရှား ခံစားသွားရ၏။

"ငါတို့ရဲ့ သံယောဇဉ်ကို ရုပ်ရည်နဲ့ တိုင်းတာလို့ မရပါဘူး"

ဤစကားများမှာ လီလင်းလင်း၏ နှလုံးသားကို ပို၍ ထိရှသွားစေသည်။ သူမသည် မိမိကိုယ်ကိုယ် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး မိန်းကလေးဟု ခံစားရကာ တိတ်တဆိတ် မျက်ရည်ပင် ကျမိလေ၏။

"စိတ်ချပါ ဟောက်ဖုန်း၊ ကျွန်မတို့ရဲ့ အနာဂတ်အတွက် ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်။ ပိုက်ဆံတွေ အများကြီး ရှာပြီး အစ်ကို့ကို ဒီငရဲတွင်းထဲကနေ အမြန်ဆုံး ကယ်ထုတ်ပါ့မယ်"

ယွမ်ဟောက်ဖုန်း : "ငါ သိပါတယ်၊ မင်းရဲ့ စိတ်ထားကို ငါ နားလည်ပါတယ်။ စိတ်ချပါ... ငါ အဲဒီ မုဆိုးမလေးနဲ့ ဘာမှ ပတ်သက်စရာ မရှိစေရဘူး၊ ဒါပေမဲ့ မင်းဘက်ကတော့ သူမနဲ့ မိတ်ဆွေဖွဲ့ထားသင့်တယ်လို့ ငါ ထင်တယ်။ အဲဒီ မုဆိုးမလေးက တော်တော်လေး စွမ်းဆောင်ရည်ရှိတာ… မင်းက သူမကို အားနွဲ့တယ်လို့ မြင်ပေမဲ့ ငါ စောင့်ကြည့်ရသလောက်တော့ သူမရဲ့ အရောင်းအဝယ်က တော်တော် သွက်တယ်၊ နေ့တိုင်း သူမ ယူလာသမျှ အင်္ကျီနဲ့ဘောင်းဘီတွေက အဲဒီနေ့တင် အကုန်ပြတ်တာပဲ။ လူတိုင်း အဲဒီလို မလုပ်နိုင်ဘူးလေ"

လီလင်းလင်း နှုတ်ခမ်းကို မဲ့လိုက်ရင်း

"သူမက သူမရဲ့ ရုပ်ရည်လေးကို အားကိုးပြီး မြေခွေးမလို လုပ်နေတာပါ"

ယွမ်ဟောက်ဖုန်း: "သူမက အမျိုးသားဝတ်ရော အမျိုးသမီးဝတ်ရော ရောင်းတာ၊ အရောင်းအဝယ်ကလည်း အတူတူပဲ သွက်တာ။ ဒါကြောင့် ဒါက ရုပ်ရည်တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ ငါ ထင်တယ်… မင်း ပိုပြီး ဂရုစိုက် စောင့်ကြည့်သင့်တယ်။ ငါတို့က သူမကို မကြိုက်ရုံနဲ့တင် ကောင်းမွန်တဲ့ အခွင့်အရေးကို လက်လွတ်မခံသင့်ဘူးလေ။ သူမနဲ့ မိတ်ဆွေဖွဲ့ပြီး သူမ ဘယ်လိုလုပ်လဲဆိုတာကို လေ့လာရမယ်"

လီလင်းလင်း အလျှော့မပေးလိုသော လေသံဖြင့်

"ကျွန်မလည်း သူမထက် မညံ့ပါဘူး။ တစ်ရက်ကို ခြောက်ထည်၊ ခုနစ်ထည်လောက်တော့ ရောင်းရတာပဲ"

ယွမ်ဟောက်ဖုန်း စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း သူမကို ချော့မော့သည့် လေသံဖြင့်

"မင်းလည်း တတ်နိုင်တယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ငါတို့ ပိုပြီး ကောင်းအောင် လုပ်လို့ မရဘူးလား"

"ဒါဆိုလည်း ပြီးတာပါပဲ… ဒါပေမဲ့ ချန်ချင်းယွီက တော်တော် စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ်။ ကြည့်ရတာ သူမက ကျွန်မကို မကြိုက်ဘူး ထင်တယ်"

ယွမ်ဟောက်ဖုန်းလည်း စဉ်းစားရကျပ်သွားသည်။ ချန်ချင်းယွီသည် ဝင်းထဲရှိ ဇနီးပျိုများ၊ မိန်းကလေးများနှင့် ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သော်လည်း ချိုက်မင်မင်နှင့်မူ မိတ်ဆွေဖွဲ့နိုင်သည်မှာ အမှန်တကယ် နားမလည်နိုင်စရာပင်။

ချိုက်မင်မင်ဆိုသည်မှာ ပညာမတတ်ဘဲ ကြမ်းတမ်းတမ်းတမ်း နေတတ်သည့် မယ်ဗလတစ်ယောက် ဖြစ်၏။ သူမထံတွင် မိတ်ဆွေဖွဲ့စရာ ဘာများရှိသနည်း။

သူ မတွေးမိသည်မှာ ချိုက်မင်မင်သည် တောရွာမှ လာသူဖြစ်သော်လည်း ပွင့်လင်းရိုးသားခြင်း၊ တရားမျှတမှုကို မြတ်နိုးခြင်း၊ စွမ်းဆောင်ရည်ရှိခြင်းနှင့် နှုတ်လုံခြင်းစသည့် လူအများစု မယှဉ်နိုင်သော အရည်အချင်းကောင်းများ ရှိနေခြင်းပင်…ဆိုရသော် ယွမ်ဟောက်ဖုန်းအနေဖြင့် သူတို့နှစ်ဦး မည်သည့်အတွက်ကြောင့် ဤမျှ ရင်းနှီးနေကြသည်ကို လုံးဝ နားမလည်နိုင်ပေ။

"ငါ့အထင်တော့ ချန်ချင်းယွီမှာလည်း တခြားသူငယ်ချင်းမရှိလို့ နေမှာပါ…တခြားလူတွေက သူမကို အထင်သေးကြတာလေ။ သူမမှာ ဘာရှိလို့လဲ၊ မိဘအသိုင်းအဝိုင်းကိုလည်း အားကိုးလို့ရတာ မဟုတ်ဘူး။ သူတို့နှစ်ယောက်လုံးက သူငယ်ချင်းမရှိကြတော့ အကွက်တည့်သွားတာပေါ့"

လီလင်းလင်းသည်လည်း ချန်ချင်းယွီကို အထင်သေးသည့် လေသံဖြင့် ဆိုသည်။

ယွမ်ဟောက်ဖုန်း : "ဒါနဲ့ပတ်သက်လို့ ငါ အခုမှ တစ်ခု သတိရတယ်။ ချန်ချင်းယွီရဲ့ အဖေတူအမေကွဲ ညီမက တစ်ခါက အရက်မူးနေတုန်း ငါ့ကို ပြောပြဖူးတယ်... ချန်ချင်းယွီရဲ့ အဘိုးနဲ့အဘွားက တော်တော်လေး သြဇာအာဏာရှိခဲ့တာတဲ့"

"သူမ မူးနေတုန်း ဟုတ်လား။ နေပါဦး... အစ်ကိုတို့နှစ်ယောက်က ဘယ်လိုလုပ် အဆက်အသွယ် ရှိနေတာလဲ"

လီလင်းလင်းမှာ တရားဝင်ဇနီးဖြစ်သူ ကွမ်ထင်းထင်းထက်ပင် ပို၍ သဝန်တိုနေလေသည်။

ယွမ်ဟောက်ဖုန်း စိတ်ပျက်သွားသော်လည်း အပြင်ပန်းတွင်မူ မပြဘဲ

"မင်းကလည်း ဘာတွေ လျှောက်တွေးနေတာလဲ။ အဲဒီတုန်းက ငါက ရထားနောက်လိုက်နေတာလေ၊ တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရရုံတင်ပါ။ နောက်ပိုင်းလည်း အဆက်အသွယ် သိပ်မရှိပါဘူး… ငါ အမြဲတမ်း ဝင်းထဲမှာပဲ နေတာကို မင်းပဲ အသိဆုံးမဟုတ်ဘူးလား၊ ငါ့မှာ ဘာသူငယ်ချင်းတွေ ရှိလဲဆိုတာ"

လီလင်းလင်း : "ဘာပဲဖြစ်ဖြစ်... အစ်ကို တခြားသူတွေကို စိတ်မဝင်စားရဘူးနော်"

"မင်း ငါ့ကို ဘယ်လိုလူအောက်မေ့နေလဲ။ ငါက အဲဒီလိုလူ မဟုတ်ပါဘူး… မင်း ဒီလိုပဲ ဂျီကျနေမယ်ဆိုရင် ငါ တကယ် စိတ်ဆိုးတော့မှာနော်။ ဒါက ငါ့ကိုလည်း အထင်သေးရာကျသလို မင်းကိုယ်မင်းလည်း အောက်တန်းချရာ ရောက်တယ်"

ယွမ်ဟောက်ဖုန်း စိတ်ဆိုးချင်ယောင်ဆောင်လိုက်သဖြင့် လီလင်းလင်းတစ်ယောက် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

လီလင်းလင်းသည် သူ့ကို အမြန်ချော့မော့လိုက်ပြီးမှ စကားလမ်းကြောင်းလွှဲကာ

"ဟေး... အစ်ကိုပြောတော့ ချန်ချင်းယွီရဲ့ အမေဘက်က အဘိုးနဲ့အဘွားက တော်တော် စွမ်းတယ်ဆို။ သူတို့ ဆုံးသွားတာ ကြာပြီ မဟုတ်ဘူးလား၊ ဆယ်စုနှစ်တစ်ခုမကတောင် ရှိရောပေါ့"

ယွမ်ဟောက်ဖုန်း : "အင်း... ကြာပြီ။ ချန်ချင်းယွီ အိမ်ထောင်ကျကတည်းက သူမရဲ့ အဘိုးနဲ့အဘွားက ဆုံးနှင့်နေပြီလေ။ ဒါပေမဲ့ ငါကြားတာတော့ သူမရဲ့ အဘိုးနဲ့အဘွားက လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံခြားမှာ ပညာတော်သင် သွားခဲ့ကြတာတဲ့။ စဉ်းစားသာကြည့်ဦး... အဲဒီလိုမိသားစုက သာမန်မိသားစု ဖြစ်နိုင်ပါ့မလား။ သေချာပေါက် ချမ်းသာတဲ့အသိုင်းအဝိုင်းကပဲ ဖြစ်ရမယ်"

"အာ... ဒါဆို ဘာလို့ ချန်ချင်းယွီရဲ့ လူတန်းစားနောက်ခံက ပြဿနာမတက်ခဲ့တာလဲ။ အဲဒီတုန်းက တော်လှန်ရေးကော်မတီက သူမကို ဘာလို့ လာမရှာကြတာလဲဟင်"

ယွမ်ဟောက်ဖုန်း : "သူမရဲ့ အဘိုးနဲ့အဘွားက စောစောစီးစီး ဆုံးသွားကြတာကိုး။ အဲဒီတုန်းက သူတို့မိသားစုဆီကနေ အချက်အလက် သိပ်မရလိုက်တာနဲ့ပဲ ဒီတိုင်း လွှတ်ထားလိုက်ကြတာ ထင်တယ်။ ပြီးတော့ သူမရဲ့ လူတန်းစားနောက်ခံက သူမအဖေအပေါ်မှာ အခြေခံတာလေ၊ သူမအဖေက အလုပ်သမားပဲဥစ္စာ"

"သူမ ကံကောင်းသွားတာပဲ"

"အင်း... ဟုတ်တယ်"

ပြတင်းပေါက်အပြင်ဘက်တွင်မူ ချန်ချင်းယွီ၏ မျက်ဝန်းများ မှေးမှိန်သွားခဲ့သည်။ လီလင်းလင်း၏ စကားများမှာ တကယ့်ကို ရွံရှာဖွယ်ကောင်းလှ၏။ မည်သည့်ခေတ်ကာလတွင်မဆို ဤကဲ့သို့ ပြဿနာရှာလိုသူများ အမြဲရှိနေတတ်သည်ပင်။

လီလင်းလင်း ဆက်၍ တွတ်တီးတွတ်တာ ပြောနေဆဲ ဖြစ်၏။

"ဟေး... အစ်ကိုဟောက်ဖုန်း၊ ကျွန်မ မှတ်မိသလောက်တော့ ချန်ချင်းယွီက သူရဲ့ မိသားစုနဲ့ သိပ်အဆင်ပြေတာ မဟုတ်ဘူး။ တကယ်လို့ သူမရဲ့ မိသားစုက သူမ ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာနေတာကို သိသွားရင် ဝင်နှောင့်ယှက်ကြမလား"

"မင်း ဆိုလိုတာက..."

လီလင်းလင်း: "ကျွန်မတို့နှစ်ယောက်လုံးက ဂျင်းဘောင်းဘီ ရောင်းတာဆိုတော့ ဒါက ပြိုင်ဘက်တွေ ဖြစ်နေတာလေ။ ကျွန်မတို့ သူမကို ကွက်ကျော်ရိုက်ပြီး ဘာမှရောင်းမထွက်အောင် လုပ်လို့ရတာပဲ။ သူမ ရက်ပိုင်းလောက် အရောင်းအဝယ် ပျက်သွားရင် ကျွန်မတို့ဆိုင် ပိုပြီး အရောင်းသွက်လာမှာ မဟုတ်ဘူးလား"

ယွမ်ဟောက်ဖုန်း: "........."

သူသည် လီလင်းလင်းကို အံ့ဩတကြီး ကြည့်ကာ

"မင်း ဒါက တကယ် စွမ်းတာပဲ... ဒီလို အကြံမျိုးအထိ ဆင်နိုင်တယ်ပေါ့"

လီလင်းလင်း ဘဝင်မြင့်စွာ ပြုံးလျက်

"သူမက ကျွန်မတို့နဲ့ ယှဉ်ပြိုင်နေတာကိုး၊ ပြီးတော့ ကျွန်မတို့ကလည်း ပိုက်ဆံ အရေးတကြီး လိုနေတာလေ"

ယွမ်ဟောက်ဖုန်း ခဏမျှ စဉ်းစားပြီးနောက် ထောက်ခံကာ

"မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်"

လီလင်းလင်း : "ဒါဆို ဒီအတိုင်းပဲ လုပ်ကြစို့။ မနက်ဖြန်မနက်ကျရင် သူမမိသားစု ဘယ်မှာနေလဲဆိုတာ သွားစုံစမ်းလိုက်မယ်။ မှတ်မိသလောက်တော့ သူမအဖေနဲ့ မိထွေးက သူမအပေါ် သိပ်မကောင်းကြဘူး၊ တကယ်လို့ သူမ ပိုက်ဆံရှာနေတာကို သိရင် သေချာပေါက် အဝေအဝါး လာတောင်းကြမှာပဲ။ သူမကို ဆိုင်မထွက်နိုင်အောင် ဆွဲထားနိုင်သရွေ့ ကျွန်မတို့ ပိုရောင်းရမှာပေါ့။ အော်... ဒါနဲ့ သူမ ဘယ်နေရာမှာ ဆိုင်ခင်းလဲဆိုတာကိုလည်း သွားစုံစမ်းရဦးမယ်"

လီလင်းလင်းသည် အစပိုင်းတွင် အရှက်အကြောက်ကြီးခဲ့သော်လည်း ရက်ပိုင်းမျှအတွင်း အခြေအနေနှင့် အတော်လေး အသားကျသွားခဲ့၏။အရောင်းအဝယ် သိပ်မကောင်းသော်လည်း သူမ၏ စိတ်ဓာတ်မှာ အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ၎င်းအပြင် သူမကိုယ်တိုင်လည်း မိမိကိုယ်ကို အရောင်းအဝယ် တော်တော်ကောင်းသည်ဟု ထင်နေရှာသည်။

"ဒီပစ္စည်းကို ကျွန်မတို့ချည်းပဲ သီးသန့်ရောင်းရမယ်ဆိုရင် သေချာပေါက် အပြတ်အသတ် ရောင်းရမှာ"

လီလင်းလင်း စိတ်ကူးယဉ်ဆန်ဆန် ဆိုကာ

"ဒီလိုလုပ်တာ သူမအပေါ် အားနာစရာကောင်းပေမဲ့ သူမ ငါတို့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ သူမက ပိုက်ဆံ အရေးတကြီး လိုနေတာမှ မဟုတ်တာ၊ တစ်ရက် နှစ်ရက်လောက် အရောင်းနည်းသွားလည်း ဘာဖြစ်မှာမလို့လဲ။ ကျွန်မတို့ကျတော့ မတူဘူးလေ၊ အရေးကြီးတဲ့ ကိစ္စအတွက် ပိုက်ဆံစုနေရတာ။ သူမလည်း ကျွန်မတို့ရဲ့ အခက်အခဲကို နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်၊ သူမကိုယ်တိုင်လည်း အချစ်ကို ဖြတ်သန်းခဲ့ဖူးတာပဲ၊ ကျွန်မတို့ရဲ့ ဒုက္ခကို သိမှာပါ။ သူမအနေနဲ့ ကျွန်မတို့ကို နားလည်ပေးပြီး ကူညီသင့်တာပေါ့"

ပြတင်းပေါက်အပြင်ဘက်ရှိ ချန်ချင်းယွီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားကာ ပါးရိုက်ပစ်ချင်စိတ် ပေါက်လာတော့သည်။ လီလင်းလင်း၏ အတွေးအခေါ်မှာတကယ်ကို အကောင်းမြင်လွန်းလှပေ၏။

ယွမ်ဟောက်ဖုန်း : "ဒါပေမဲ့... အဘွားကြီးကျောက်သာ ဒါကို သိသွားရင် အလွယ်တကူ လွှတ်ထားမှာ မဟုတ်ဘူးနော်"

သို့သော် လီလင်းလင်းမှာ

"ကျွန်မတို့က လူကိုယ်တိုင် သွားတာမှ မဟုတ်တာ၊ ကျွန်မတို့လက်ချက်လို့ သူတို့ ဘယ်လိုလုပ် ရိပ်မိမှာလဲ"

ယွမ်ဟောက်ဖုန်း : "ဒါဆိုလည်း... လင်းလင်း၊ ဒီကိစ္စကို မင်းပဲ စီစဉ်လိုက်တော့။ မင်းက တကယ် တော်တာပဲ၊ ငါ့အပေါ် ဘယ်လောက် စေတနာထားလဲဆိုတာ ငါ သိလိုက်ရပြီ"

"ညီမက အစ်ကို့အပေါ် စေတနာမထားရင် ဘယ်သူ့အပေါ် ထားရမှာလဲ။"

ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြန်လည်ပွေ့ဖက်ကာ ညည်းညူသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

ချန်ချင်းယွီအနေဖြင့် ဤနေရာတွင် ဆက်၍ နားမထောင်ချင်တော့ပေ။သို့သော် သူမ လာရောက်ချောင်းနားထောင်မိသည်မှာ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက ထိုသူနှစ်ဦး ဤမျှအထိ ယုတ်မာပက်စက်ကြသည်ကို သိရှိလိမ့်မည် မဟုတ်ပေ။

အမှန်စင်စစ် ချန်ရိကျွင်းတို့တစ်သိုက်ကို ချန်ချင်းယွီအနေဖြင့် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိသော်လည်း ချန်ရိကျွင်း ရုတ်တရက် ပေါ်လာမည်ဆိုပါက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မည်။ အတိတ်မှ ရန်ငြိုးဟောင်းများကြောင့် ချန်ချင်းယွီသည် ချန်ရိကျွင်း၏ မျက်နှာအိုကြီးကို လုံးဝ မမြင်ချင်တော့ပေ။ သူသာ သူမ၏ သွေးသားရင်း အဖေအရင်း ဖြစ်မနေပါက သူမ သူ့ကို ရိုက်သတ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။

သူတို့သည် သူမ၏ အဘိုးနှင့်အဘွားကို တိုင်တန်းရန် ကြိုးပမ်းခဲ့ကြသည့် သွေးအေးသော ရန်သူများ ဖြစ်ကြသည်။ ချန်ရိကျွင်း မတိုင်တန်းခဲ့လျှင်ပင် အခြားသူများက တိုင်တန်းကြလိမ့်မည်ကို ချန်ချင်းယွီ သိသော်လည်း…

အခြားသူက အခြားသူဖြစ်ပြီး…မိမိအပေါ် ကောင်းကျိုးအဖုံဖုံ ပေးခဲ့သော သမက်ဖြစ်သူတစ်ဦးအနေဖြင့် ဤကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်ခြင်းမှာ လုံးဝ ကိုယ်ကျင့်တရား ကင်းမဲ့ခြင်းပင် ဖြစ်သည်။

ဤခေတ်ကာလတွင် ထိုကဲ့သို့ အတ္တကြီးပြီး ယုတ်မာသော လူစားမျိုးများစွာ ရှိခဲ့ကြ၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မိမိလူအချင်းချင်း သစ္စာဖောက်ခဲ့ကြသူများစွာ ရှိသော်လည်း ချန်ချင်းယွီအနေဖြင့် သူမ၏ ဖခင်ကိုမူ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပေ။ သူမသည် သွေးသားတော်စပ်မှုကြောင့် သူတို့အား ရန်မရှာဘဲ သည်းခံနေခြင်း ဖြစ်သော်လည်း အကယ်၍ သူတို့ဘက်မှ လာရောက်ရန်စလျှင်မူ သူမ ညှာတာနေမည် မဟုတ်ချေ။

အရာအားလုံးထက် ချန်ချင်းယွီ မျှော်လင့်သည်မှာ သူတို့သည် သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားရန်၊ တစ်ယောက်တစ်လမ်းစီ အေးအေးဆေးဆေး နေထိုင်ကြရန်နှင့် သူမ၏ ဒေါသကို ထိန်းချုပ်မရ ဖြစ်မလာစေရန်သာ… သို့သော် မထင်မှတ်ဘဲ လီလင်းလင်းမှာ ဤနေရာကိုအထိ မျက်စိကျလာခဲ့လေပြီ…

ချန်ချင်းယွီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူမ ထကာ ဒုတိယဝင်းဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အိပ်ပျော်နေကြပြီ ဖြစ်၏။ ချန်ချင်းယွီမှာမူ အိပ်ချင်စိတ် မရှိသဖြင့် ခုံတစ်ခုကို ဆွဲကာ တံခါးဝတွင် နတ်မင်းကြီးတစ်ပါးကဲ့သို့ ထိုင် စောင့်နေတော့သည်။

လီလင်းလင်းသည် အလယ်ဝင်းမှတစ်ဆင့် ရှေ့ဝင်းသို့ ပြန်ရန်အတွက် ဒုတိယဝင်းကို ဖြတ်ရမည်ဖြစ်ရာ သူမနှင့် သေချာပေါက် တိုးမည် ဖြစ်၏။ လီလင်းလင်းမှာ ယွမ်အိမ်၌ ကာမစည်းစိမ် ခံစားနေဆဲ ဖြစ်သဖြင့် ချန်ချင်းယွီအနေဖြင့် လောဆယ်တွင် စိတ်မလောသေးချေ။ ဤတွင် သူမသည် မိမိ၏ မိဘအိမ်အကြောင်းကို မလွှဲမရှောင်သာ ပြန်လည်တွေးတောမိပြန်သည်။ အကယ်၍ ချန်ရိကျွင်းသာ အခြေအနေကို သိတတ်လျှင် ပြဿနာမရှာဘဲ နေခြင်းမှာ အကောင်းဆုံး ဖြစ်လိမ့်မည်၊ မဟုတ်ပါက သူမ သူ့ကို ကောင်းကောင်းကြီး ဆုံးမပစ်မည်သာ…

စဉ်းစားကြည့်လျှင် သူမသည် ဘဝနှစ်ခုစလုံး၌ မိဘကံ အင်မတန် နည်းပါးခဲ့ရှာ၏။ ချန်ချင်းယွီသည် ခါးသီးစွာ ပြုံးလိုက်မိသော်လည်း ချက်ချင်းပင် စိတ် ပြန်လည်နူးညံ့သွားခဲ့သည်။ မိဘကံ နည်းပါးခဲ့သော်လည်း သူမ၏ အဘိုးနှင့်အဘွားမှာ သူမကို အမှန်တကယ် ချစ်မြတ်နိုးခဲ့ကြပြီး သူမအတွက် အစစအရာရာ စီစဉ်ပေးခဲ့ကြ၏။

ဤသို့ ကြည့်မည်ဆိုလျှင် သူမသည် အမှန်တကယ်ပင် ကံကောင်းသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမတွင် ချစ်ခင်ရသော အဘိုးအဘွားများ၊ ဦးလေးနှင့် လင်းကျန့်ဝမ်တို့ ရှိခဲ့ဖူး၏။ ထိုသူများမှာ နောက်ဆုံးတွင် သူမအား ထားရစ်ခဲ့ကြသော်လည်း သူမအနေဖြင့် နွေးထွေးမှုများစွာကို အမြဲ ရရှိခဲ့သည်။

သူမ ငယ်စဉ်၌ အဘိုးနှင့်အဘွားများမှ ကာကွယ်ပေးခဲ့ပြီး၊ သူတို့ ကွယ်လွန်ပြီးနောက် လင်းကျန့်ဝမ်မှာ ဘဝ၏ မုန်တိုင်းဒဏ်များမှ အကာအကွယ်ပေးခဲ့၏။

နောက်ပိုင်း လင်းကျန့်ဝမ် ထားရစ်ခဲ့ပြီးနောက်တွင်မူ သူမသည် အတိတ်ဘဝရှိ မှတ်ဉာဏ်များကို ပြန်လည် သတိရလာခဲ့သည်…။

ပြောရလျှင် ချန်ချင်းယွီ ထိုသို့ ခံစားမိ၏။ သူမသည် လင်းကျန့်ဝမ် ကွယ်လွန်ပြီးမှ ဤဘဝသို့ ကူးပြောင်းလာခြင်း မဟုတ်ဘဲ လွန်ခဲ့သော အချိန်ကတည်းက ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ယူဆမိသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏ အရှိတရား ခြေရာလက်ရာများမှာ လိမ်ညာ၍ မရသောကြောင့်တည်း။ သူမ၏ အတိတ်ဘဝ အသေးစိတ် အချက်အလက်များမှာ ခေတ်သစ်လွှမ်းမိုးမှုများဖြင့် ပြည့်နှက်နေပြီး အဘိုးနှင့်အဘွားများ သူမအတွက် ဝှက်ပေးထားခဲ့သော ပိုက်ဆံများမှာပင် သူမကိုယ်တိုင် ဝှက်တတ်သည့် နေရာများ၌ ရှိနေခဲ့၏။ သို့သော် မည်သည့်အကြောင်းကြောင့် အချိန်မကူးပြောင်းမီ အကြောင်းအရာများကိုမူ သူမ လုံးဝ မမှတ်မိနိုင်ဘဲ ဖြစ်နေရသနည်း။

သူမသည် မေးကို လက်ဖြင့်ထောက်လျက် ကောင်းကင်ကြီးကို ငေးကြည့်ရင်း အတွေးပွားနေမိသည်။

ချန်ချင်းယွီတစ်ယောက် ကိုယ့်အတွေးနှင့်ကိုယ် နစ်မျောနေစဉ်အတွင်း လီလင်းလင်းမှာမူ အကြပ်ရိုက်နေသည်ကို မသိရှာချေ။ လီလင်းလင်းသည် ဒုတိယဝင်းနှင့် အလယ်ဝင်းကြား အစပ်တွင် ရပ်လျက် ရှေ့သို့ ဆက်မတိုးရဲဘဲ ဖြစ်နေ၏။ သူမသည် ယွမ်ဟောက်ဖုန်းနှင့် ပျော်ပါးပြီးနောက် အိမ်ပြန်ရန်အထွက် တံခါးဝတွင် တံခါးစောင့် နတ်မင်းကြီးတစ်ပါးကဲ့သို့ ထိုင်နေသော ချန်ချင်းယွီကို လှမ်းမြင်လိုက်ရသည်။

အကယ်၍ သူမ သွားလိုက်ပါက ချန်ချင်းယွီ အရာအားလုံးကို အတိုင်းသား မြင်တွေ့သွားပေလိမ့်မည်။ ပုံမှန်ဆိုလျှင် ကိစ္စမရှိသော်လည်း ယနေ့တွင် ဝင်းထဲ၌ မည်သူမျှ မရှိပေ။

သူမအနေဖြင့် မိမိကိုယ်ကိုယ် မည်သို့ အကြောင်းပြရမည်ကို လုံးဝ မသိ ဖြစ်နေရ၏။

ဘယ်လိုလုပ်ရပါ့မလဲ…

လီလင်းလင်းတစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ သူမသည် အတင်းဇွတ်တိုးသွားရမလား၊ သို့မဟုတ် ဆင်ခြေတစ်ခုခု ပေးရမလားဟူ၍ ဝေခွဲမရ တွန့်

ဆုတ်နေမိ၏။ ချန်ချင်းယွီကို ကြည့်ရသည်မှာ နူးနူးညံ့ညံ့နှင့် အားနွဲ့ပုံပေါက်ပြီး သူများကိစ္စထဲ ဝင်စွက်ဖက်တတ်မည့်သူမျိုး မဟုတ်ဟု ထင်ရသည်။

‘အေး... ဟုတ်တယ်၊ ဒါပဲ’

သို့သော် ဤနည်းလမ်းသည် စိတ်မချရဟု လီလင်းလင်း ခံစားလိုက်ရသည်။ သူမသည် ပို၍ စိတ်ရှုပ်ထွေးလာပြီး မကြာမီမှာပင် ချွေးစေးများ ပျံလာတော့၏။ အကယ်၍ ရှေ့ဝင်းကြီးထဲမှ လူများသာ ပြန်ရောက်လာကြလျှင် ကိစ္စမှာ ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။ လီလင်းလင်းသည် မိမိနှုတ်ခမ်းကို ပြတ်မတတ် ကိုက်လိုက်မိ၏။

သူမသည် အိမ်ပြန်လှည့်ကာ ယွမ်ဟောက်ဖုန်းထံ အကူအညီ တောင်းချင်သော်လည်း သူနှင့် ချန်ချင်းယွီတို့အကြား မည်သည့်ပတ်သက်မှုမျှ မရှိစေချင်ချေ။ ချန်ချင်းယွီမှာ ချောမောလှပသဖြင့် သူမ စိတ်ထဲ မယုံသင်္ကာ ဖြစ်နေဆဲပင်။

ချန်ချင်းယွီသည် ထိုနေရာတွင် ရပ်နေသော လီလင်းလင်းကို သတိပြုမိသွားပြီး တခစ်ခစ် ရယ်မောလိုက်သည်။ သူမသည် လီလင်းလင်းကို တည့်တည့်စိုက်ကြည့်လျက် "လီလင်းလင်း" ဟု ခေါ်လိုက်၏။

လီလင်းလင်းမှာ လန့်ဖျန့်သွားပြီး ချက်ချင်း ပုန်းရန် ကြံသော်လည်း ပုန်းနေ၍လည်း မထူးတော့ကြောင်း သဘောပေါက်လိုက်သည်။ သူမသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိုးတိုးအမ်းတမ်း အနားသို့ တိုးကပ်သွားရင်း

"တိုက်ဆိုင်လိုက်တာနော်… ဒီမှာ ဘာလုပ်နေတာလဲ။ ဟဲဟဲ... ဟဲဟဲဟဲ... ကျွန်မ နောက်ဝင်းထဲက လူတစ်ယောက်ဆီ ပစ္စည်းသွားယူတာပါ..."

ချန်ချင်းယွီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း

"အော်... ဟုတ်လား"

လီလင်းလင်း: "အထင်မလွဲပါနဲ့နော်၊ လျှောက်မတွေးပါနဲ့..."

ချန်ချင်းယွီ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး

"ငါက ဘာတွေကို လျှောက်တွေးရမှာလဲ"

သူမသည် မျက်ခုံးပင့်ကာ လီလင်းလင်းကို မော့ကြည့်ရင်း

"ငါက ဘာတွေကို အထင်လွဲရမယ်လို့ နင် ထင်နေလဲ"

လီလင်းလင်း: "အာ... ဟို..."

ယနေ့တွင် ချန်ချင်းယွီသည် အနည်းငယ် ထူးခြားနေသည်ဟု သူမ ခံစားလိုက်ရသည်။

ချန်ချင်းယွီတစ်ယောက် ထူးခြားနေသည်မှာ သေချာပေါက်ပင် ဖြစ်၏။ လမ်းဘေးဆိုင် စတင်ဖွင့်လှစ်ကတည်းက သူမ၏ ပုံစံကို တဖြည်းဖြည်း ပြောင်းလဲသွား၍ရနိုင်ကြောင်း ချန်ချင်းယွီ တွေးထားပြီးဖြစ်သည်။ သူမအနေဖြင့် အမြဲတမ်း မိမိ၏ယောက္ခမ အဘွားကြီးကျောက်နှင့်အတူ ပူးတွဲတိုက်ပွဲဝင်ရန် အားကိုးနေ၍ မရပေ။ ယခင်၌ သူမ အစစအရာရာ သတိထားခဲ့ရ၏။ သို့သော် ယခုအခါတွင်မူ သူမ ဘာကိုမျှ စိုးရိမ်ပူပန်ခြင်း မရှိတော့ချေ။ သူမ မည်သူ့ကို ကြောက်ရမည်နည်း။

ချန်ချင်းယွီသည် ရယ်မောလျက် မတ်တတ်ထရပ်ကာ လီလင်းလင်း၏ ဘေးနားသို့ လျှောက်သွားလိုက်သည်။

ယနေ့တွင် ချန်ချင်းယွီ ပြုမူပုံမှာ တကယ်ကို ထူးဆန်းနေသည်ဟု လီလင်းလင်း ခံစားလိုက်ရသဖြင့် ထစ်ထစ်ငေါ့ငေါ့ဖြင့်

"မိုးချုပ်နေပြီဥစ္စာ၊ ဘာလို့ မအိပ်သေးတာလဲ။ နင် ဘာလုပ်မလို့လဲ၊ နင်... အား..."

သူမ လှမ်းအော်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ချန်ချင်းယွီသည် လီလင်းလင်း၏ ဆံပင်များကို ဆွဲဆောင့်ကာ သူမအနားသို့ ဆွဲကပ်လိုက်ပြီး နားနားကပ်၍ တိုးတိုးလေး ခြိမ်းခြောက်လိုက်သောကြောင့်တည်း။

"လီလင်းလင်း... နင် ငါ့ကို ပြဿနာမရှာရင် အကောင်းဆုံးပဲ။ တကယ်လို့ နင်က ကောက်ကျစ်ဖောက်ပြားဦးမယ်ဆိုရင် ငါ ချန်ချင်းယွီက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာ နင် သိစေရမယ်"

ဖြန်း...

အားပြင်းလှသော ပါးရိုက်သံနှင့်အတူ ပါးရိုက်ချက်သည် လီလင်းလင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့ရာ သူမ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

လီလင်းလင်း မယုံကြည်နိုင်ဟန်ဖြင့် မော့ကြည့်ရင်း အော်ဟစ်က

"နင် ရူးနေတာလား"

ချန်ချင်းယွီ တည်ငြိမ်စွာဖြင့်

"နင့်အဖေက အပြင်မှာ လျိုကျင့်နဲ့ ကလေးရနေပြီ၊ နင်ကျတော့လည်း အိမ်ထောင်ရှိတဲ့ ယွမ်ဟောက်ဖုန်းနဲ့ ခိုးစားနေကြတာ။ နင်တို့သားအဖ ဒီလိုအရှက်မရှိတဲ့ အလုပ်တွေ လုပ်တာတောင် မရူးကြသေးတာပဲ၊ ငါက ဘာလို့ ရူးရမှာလဲ"

သူမ ရှေ့သို့ တစ်လှမ်းတိုးကာ ကိုယ်ကိုကိုင်းလျက်

"နင်တို့ရဲ့ ရွံစရာကောင်းတဲ့ ကိစ္စတွေကို ငါ အကုန်သိတယ်၊ ငါ နင်နဲ့ ဟန်ဆောင်ပြီး မိတ်ဆွေမဖွဲ့ချင်ဘူး။ နင် အခြေအနေကို သိတတ်ရင် ငါ့မျက်စိရှေ့က အမြန်ဆုံး လစ်လိုက်တော့။ အကယ်၍ နင် ပြဿနာလာရှာရင်တော့ နင့်ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်မယ်။ တရားမဝင် ဖောက်ပြန်ခိုးစားနေကြတာဆိုတော့ ညည်း ထောင်ထဲ ရောက်မလား၊ မရောက်ဘူးလားဆိုတာ စမ်းကြည့်မလား"

"နင်... နင်..."

လီလင်းလင်းသည် သူမ သိထားသော ချန်ချင်းယွီ ဟုတ်မဟုတ် မယုံကြည်နိုင်ဖြစ်ကာ ငေးကြည့်နေမိသည်။ သူမ ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး အတော်ကြာမှ ရုတ်တရက် မေးလိုက်၏။

"နင် ချောင်းနားထောင်နေတာလား"

ချန်ချင်းယွီ နှာခေါင်းရှုံ့လျက်

"နင်တို့အားလုံးက ငါ့နောက်လိုက်ပြီး ပစ္စည်းတွေ လိုက်ရောင်းနေကြတာပဲ၊ ငါက နင်တို့ကို သတိမထားဘဲ နေပါ့မလား"

လီလင်းလင်းမှာ လုံးဝ ဆွံ့အသွားပြီး ချန်ချင်းယွီ၏ ရုတ်တရက် ပြောင်းလဲသွားမှုကို လိုက်မမှီနိုင်အောင် ဖြစ်ရတော့သည်။ သူမ၏ အမြင်တွင် ချန်ချင်းယွီဆိုသည်မှာ ဝင်းအတွင်း အလိမ္မာဆုံးနှင့် ဒေါသလည်း မရှိဘဲ ဂွမ်းကဲ့သို့ နူးညံ့လှသော ဇနီးသည်တစ်ဦး ဖြစ်၏။ တစ်ခုခုဖြစ်လျှင် ငိုယိုညည်းတွားရုံသာ တတ်နိုင်ပြီး ယောက္ခမဆိုးကြီး အဘွားကြီးကျောက်၏ လက်အောက်မှာ အကြီးအကျယ် နှိပ်စက်ခံနေရသူ ဖြစ်သည်။

ချန်ချင်းယွီဆိုတာ သေချာပေါက် အဲဒီလိုလူမျိုး ဖြစ်ရမှာလေ…

သူမသည် ချန်ချင်းယွီကို ကြောင်တောင်တောင် စိုက်ကြည့်နေရင်းမှ ပြောခဲ့သော စကားများကို ပြန်လည်သတိရလိုက်မိရာ မျက်နှာတစ်ခုလုံး ဖျော့တော့သွားကာ

"နင်... နင် လျှောက်မပြောနဲ့..."

"ငါက လျှောက်ပြောတာလား။ လျိုကျင့်ရဲ့ ကိုယ်ဝန်ကို ဆက်ဖုံးထားလို့ မရတော့ဘူး မဟုတ်လား။ ပြီးတော့ နင်နဲ့ ယွမ်ဟောက်ဖုန်းကြားက အပုပ်နံ့တွေကလည်း တော်တော် လှိုင်နေပြီလေ"

သူမသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လီလင်းလင်း၏ ပါးကို ခပ်ဖွဖွပုတ်လျက်

"နင်တို့ ဖောက်ပြန်တာ နင်တို့ကိစ္စပဲ၊ ဒါပေမဲ့ ငါ့ကိုလာပြီး လာထိခိုက်ရင်တော့ ငါ ညှာနေမှာ မဟုတ်ဘူး..."

"နင်... နင်..."

ချန်ချင်းယွီ: "ဘာလဲ... နင်က မကျေနပ်လို့လား။"

လီလင်းလင်း တုန်တုန်ရင်ရင်ဖြင့်

"နင် ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ... နင် အမြဲတမ်း ဟန်ဆောင်နေခဲ့တာလား"

သူမ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ချန်ချင်းယွီ မျက်ခုံးပင့်လျက် ပေါ့ပေါ့ပါးပါးဟန်ဖြင့် လက်ဖမိုးသုံး၍ နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်၏။

"အေးလေ၊ ငါ အမြဲတမ်း ဟန်ဆောင်နေခဲ့တာ၊ ဘာဖြစ်လဲ။ အရင်က ဟန်ဆောင်ချင်လို့ ဟန်ဆောင်ခဲ့တယ်၊ အခု မဟန်ဆောင်ချင်တော့ဘူး၊ ဘာဖြစ်

လဲ"

လီလင်းလင်းမှာ မြေပြင်ပေါ်သို့ တစ်ဖန် လဲကျသွားပြီး ငိုယိုလျက်

"နင်... နင် တော်တော် ယုတ်မာတာပဲ..."

ချန်ချင်းယွီ ပြန်လည်ခြေပကာ

"ရယ်စရာကောင်းလိုက်တာ။ နင်ကိုယ်တိုင်ကျတော့ ယုတ်မာပက်စက်တဲ့ အလုပ်တွေ အများကြီးလုပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် မသိဘဲ တခြားသူက နင့်ကို ပြန်နှိပ်ကွပ်တော့မှ ယုတ်မာတယ် လာပြောနေတယ်ပေါ့။ လီလင်းလင်း... ကမ္ဘာကြီးက နင့်ကို ဗဟိုပြုပြီး လည်ပတ်နေတာ မဟုတ်ဘူးနော်။ နင် ငါ့ကို ဒုက္ခပေးဖို့ ချန်ရိကျွင်းကို သွားတိုင်ချင်လည်း သွားတိုင်လိုက်လေ၊ ငါ သူ့ကို ကြောက်မလားလို့။ ငါ နင့်လောက် အောက်တန်းကျတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး..."

သူမသည် လီလင်းလင်း၏ မေးစေ့ကို ညှစ်ကိုင်လိုက်ပြီး

"နင့်ခေါင်းထဲမှာ အညစ်အကြေးတွေပဲ ရှိနေတာ၊ လာပြီး ဟန်မလုပ်စမ်းပါနဲ့။ ကိုယ့်အဆင့်ကိုယ်ရော သိရဲ့လား"

လီလင်းလင်း ထစ်ထစ်ငေါ့ငေါ့ဖြင့်

"နင်... နင်..."

"ငါ တခြားသူတွေကို သွားပြောမယ်... သွားပြောမှာ..."

ချန်ချင်းယွီ: "သွားပြောလေ... တခြားသူတွေက နင့်ကို ယုံမလား၊ ငါ့ကို ယုံမလားဆိုတာ ကြည့်ရသေးတာပေါ့။ ဒါတင်မကသေးဘူး... သူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘာဖြစ်လဲ။ ဘဝကတော့ ဒီအတိုင်း ဆက်သွားမှာပဲ… ငါက ထုတ်ပြရဲမှတော့ သူများသိသွားမှာကို ဘာလို့ ကြောက်ရမှာလဲ။ ငါက မျက်နှာနှစ်မျိုးနဲ့ နေတတ်ရုံတင်ပါ။ ဒါပေမဲ့ လီလင်းလင်း... နင် ငါ့ကို ထပ်ပြီး ပြဿနာရှာရင်တော့ ငါ နင့်ကို ထောင်ထဲ ထည့်ပစ်မယ်... နင် စာရိတ္တဖောက်ပြန်မှုကို တကယ်ပဲ အရေးမကြီးဘူးလို့ ထင်နေတာလား"

သူမ ပြုံး၍ လီလင်းလင်းကို ငုံ့ကြည့်ကာ

"နင်လို လူစားမျိုးက ငါ့ရဲ့ သရုပ်ဆောင်ချက်နဲ့တောင် မတန်ဘူး။ သေသေချာချာ မှတ်ထားပါ... ငါ့ကို လာမရှုပ်နဲ့"

လီလင်းလင်းမှာမူ ကြောက်လန့်သွားပြီး ပုခုံးလေးများပင် တုန်တက်သွားတော့သည်။

လီလင်းလင်းသည် ချန်ချင်းယွီကို အမှန်တကယ် ကြောက်လန့်သွားခဲ့၏။ အကယ်၍ ချန်ချင်းယွီသာ အဘွားကြီးကျောက်ကဲ့သို့ အမြဲတမ်း ဒေါသကြီးပြီး တရစပ်ရန်တွေ့တတ်သူမျိုးဆိုလျှင် သူမ ဤမျှလောက် ကြောက်ရွံ့မိမည်မဟုတ်ချေ။ သို့သော် ယခု ချန်ချင်းယွီ ပြောင်းလဲသွားသည့် ပုံစံမှာ တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းလှသည်။ အတိတ်နှင့်လက်ရှိ ကွာခြားချက်မှ ကြီးမားလွန်းလှ၏။

ထို့ပြင် တိတ်ဆိတ်လှသော သန်းခေါင်ယံအချိန်တွင် လေအေးတစ်ချက် ဖြူးခနဲတိုက်ခတ်သွားရာ လီလင်းလင်းတစ်ယောက် ပို၍ပင် တုန်တုန်ရင်ရင် ဖြစ်သွားရတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှန်တကယ်ကို ခြောက်ခြားဖွယ်ရာ ကောင်းနေ၏။

"နင်... နင်..."

သူမ ဘာပြောရမှန်းမသိ ဖြစ်နေသော်လည်း ပါးနှစ်ချက် အရိုက်ခံလိုက်ရသဖြင့် ပါးပြင်တစ်ခုလုံး ပူထူနေခဲ့ပြီ ဖြစ်သည်။ သူမ၏ သဘာဝမှာ ဤသို့ပင်ဖြစ်၏~~ တစ်ဖက်လူ တင်းခံလာလျှင် သူမဘက်မှ ချက်ချင်း လိပ်ပြာမလုံဘဲ နောက်ဆုတ်သွားတတ်သည်။

မိခင်နှင့် သမီးဖြစ်သူတို့မှာ စရိုက်ချင်း တူကြပေသည်။ အကယ်၍ တစ်ဖက်လူမှာ သူတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံလျှင် သူတို့သည် ပို၍ ဝင့်ကြွားပြတတ်ကြသော်လည်း၊ တစ်ဖက်လူမှ ဒေါသတကြီး ခက်ခက်ထန်ထန် တုံ့ပြန်လာလျှင်မူ ချက်ချင်းပင် ငြိမ်ကုပ်သွားကြ၏။ အာခံရဲသည့် သတ္တိမျိုး အစအနပင် ရှိကြသည်မဟုတ်ပေ။

အဘွားကြီးဟွမ် သူတို့မိသားစုအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသော်လည်း သူတို့ ဖားကြသည်၊ အစ်မကြီးဖန် ရိုင်းစိုင်းလျှင်လည်း သူတို့မိသားစုမှာ လူတိုင်းနှင့် အဆင်ပြေအောင် နေကြသည်။ ဝမ်မေ့လန်မှာ သူတို့မိသားစုအပေါ် အတော်လေး ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သော်လည်း လင်စန်းရှင်းတစ်ယောက် ဝမ်မေ့လန်၏ အတင်းအဖျင်းကို မကြာခဏဆိုသလို လျှောက်ပြောတတ်၏။

ထိုမိသားစု၏ သဘာဝမှာကောက်ကျစ်လှပေသည်။

ချန်ချင်းယွီ လီလင်းလင်းကို စိုက်ကြည့်လျက်

"နင်တို့ရဲ့ အောက်တန်းကျတဲ့ ကိစ္စတွေကို လူအများကြီး သိကြတယ်။ နင်တို့မိသားစုက အဖတ်လုပ်ပြီး ကွက်ကျော်ရိုက်စရာ မလိုလောက်အောင် အဆင့်မရှိလို့ ဘယ်သူမှ ဂရုမစိုက်ကြတာ။ ဒါပေမဲ့ နင်က ဉာဏ်နည်းပြီး လာကစားမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့"

လီလင်းလင်း: "နင်... နင် ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်ရတာလဲ..."

ချန်ချင်းယွီ: "ငါက အမြဲတမ်း ဒီလိုပဲ။ နင်က ငါ့အကြောင်းကို မသိတာပါ။ လစ်တော့"

လီလင်းလင်းသည် ချန်ချင်းယွီကို မျက်နှာဖျော့တော့စွာဖြင့် စိုက်ကြည့်နေမိပြီး အစစ်အမှန် သရဲ မြင်လိုက်ရသကဲ့သို့ ခံစားနေရသည်။ သို့သော်... သွေးသားအပြည့်ရှိသော ချန်ချင်းယွီ သူမ၏ ရှေ့တွင် မတ်တတ်ရပ်နေသည်မှာ ထင်ရှားလှသဖြင့် သေချာပေါက် သရဲမဟုတ်သည်မှာ အမှန်ပင်။

သူမ ဟန်ဆောင်နေခဲ့တာပဲ…

အရင်က အေးအေးဆေးဆေး နေပြခဲ့တာတွေက အားလုံး ဟန်ဆောင်မှုတွေပဲ ဖြစ်ရမယ်…

ယခုမူ သူမ ပိုက်ဆံရှာမည့် လမ်းစကို နှောင့်ယှက်ရန် ကြံစည်မိမှသာ ချန်ချင်းယွီ သူမ၏ တကယ့်ရုပ်မှန်ကို ထုတ်ပြလာခဲ့၏။ လီလင်းလင်းတစ်ယောက် လုံးဝ ကြောင်အသွားရတော့သည်၊ ဤအခြင်းအရာမှာ သူမအတွက် အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ချန်ချင်းယွီ ထပ်မံ၍ ကိုယ်ထိလက်ရောက် ကျူးလွန်လာမည်ကို စိုးရိမ်သဖြင့် ယိုင်တိယိုင်တိုင်ဖြင့် အိမ်သို့ အလောတကြီး ပြန်ပြေးခဲ့၏။

သူမသည် အိမ်ထဲသို့ အမောတကော ပြေးဝင်လာခဲ့၏။

"လင်းလင်း..."

လီလင်းလင်း အသံပြုရုံသာ ပြုလိုက်သည်။

"နင် ဘယ်တွေ လျှောက်သွားနေတာလဲ။ ဝင်းထဲမှာလည်း လူတွေ တစ်ယောက်မှ မရှိကြပါလား"

လင်စန်းရှင်း မေးမြန်းလိုက်၏။

လီလင်းလင်းသည် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်လိုက်ပြီးရင်ဘတ်တစ်ခုလုံး ဒိန်းဒိန်းတုန်အောင် ခုန်နေဆဲ ဖြစ်သည်။

"ငါ မေးနေတယ်လေ။ နင် ဘာဖြစ်နေတာလဲ သမီး။ လတ်တလော နင်က မနက်စောစော ထွက်သွားလိုက်၊ ညမိုးချုပ်မှ ပြန်လာလိုက်နဲ့... ဘာတွေ လျှောက်လုပ်နေတာလဲ"

လီလင်းလင်း ရုတ်တရက် မေးလိုက်၏။

"လျိုကျင့်မှာ ကိုယ်ဝန်ရှိနေတာ ဟုတ်လား။ အဖေ အပြင်မှာ ဖောက်ပြန်နေတာလား"

လင်စန်းရှင်း၏ စကားသံများ ချက်ချင်း ရပ်တန့်သွားခဲ့ရသည်။

သူမ ဒေါသတကြီးဖြင့် ချက်ချင်း ပြန်လည်ခြေပကာ

"နင့်ကို ဘယ်သူပြောတာလဲ။ ဘာတွေ လျှောက်ယောင်နေတာလဲ။ နင့်အဖေက လူကောင်းတစ်ယောက်ပါ"

လီချန်ရွှမ်းလည်း အမြန်ပင် ထထိုင်လိုက်၏။

"နင့်ကို ဘယ်သူက ဒီလို ပေါက်ကရစကားတွေ လာပြောတာလဲ၊ နင်ကတော့လေ..."

လီလင်းလင်း မိမိနှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ၏ မိဘများ ပြုမူပုံမှာ အလွန် သိသာလွန်းလှပေသည်~~

ချန်ချင်းယွီ ပြောခဲ့တာတွေက အမှန်တရားပဲ၊ သူမ အမှန်အတိုင်း ပြောခဲ့တာပဲ...။

လီလင်းလင်း: "အဖေ... အဖေက အပြင်မှာ ဖောက်ပြန်ပြီး ကလေးပါ ရနေပြီပေါ့ ဟုတ်လား။ အဖေ ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ..."

သူမ၏ ပြတ်သားသော အမေးကို မြင်လိုက်ရသည့်အခါ လီချန်ရွှမ်းလည်း ဆက်၍ ဖုံးကွယ်မနေတော့ပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဇနီးဖြစ်သူကို ကွာရှင်းပြီး အသစ်ထပ်ယူရန် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။

"ငါ့အသက်အရွယ်နဲ့ ငါ့မှာ သားတစ်ယောက် လိုအပ်တာပေါ့။ နင့်အမေက ကလေးမမွေးနိုင်တော့ ငါက ဘာလုပ်ရမှာလဲ။ ငါတို့ ကွာရှင်းဖို့ ဆုံးဖြတ်ပြီးပြီ၊ ဒါပေမဲ့ မပူပါနဲ့၊ ကွာရှင်းပြီးရင်တောင် ငါ အိမ်ကနေ ထွက်သွားမှာ မဟုတ်ဘူး။ ငါတို့ ဒီအိမ်မှာပဲ အတူတူ ဆက်နေကြမှာ"

လီလင်းလင်း : "ဒါပေမဲ့..."

"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့... လျိုကျင့်မှာ အခန်းနှစ်ခန်း ရှိတယ်။ လက်ထပ်ပြီးရင် ငါတို့ အဲဒီကို ပြောင်းနေကြမယ်။ နင်နဲ့ နင့်အမေက အခန်းတစ်ခန်းကို မျှနေကြ၊ ပြီးရင် ဒီအိမ်ကို သူများကို အငှားချထားလို့ ရတာပေါ့"

လီလင်းလင်း: "…"

ဒါက ဘာသဘောလဲ…

သူမ တစ်ဖန် ဆွံ့အသွားပြန်ပြီးမှ အမြန်ပင်

"ကျွန်မ မပြောင်းနိုင်ဘူး၊ သေချာပေါက် မပြောင်းနိုင်ဘူး... ပြောင်းသွားရင် အစ်ကိုဟောက်ဖုန်းနဲ့ ဝေးသွားမှာပေါ့၊ လုံးဝ မဖြစ်ဘူး..."

"နင်ကတော့ တကယ့်ကို အူကြောင်ကြောင်နိုင်တာပဲ... ယွမ်ဟောက်ဖုန်းမှာ ဇနီးရှိတယ်လေ၊ သူက ကွာရှင်းမှာ မဟုတ်ဘူး။ နင်က ဘာလို့ သူ့ကိုပဲ ဒီလောက်အထိ တွယ်ကပ်နေရတာလဲ"

လီလင်းလင်း : "ဒါဆိုလည်း အဖေ ဝင်မစွက်ဖက်ပါနဲ့။ ဟောက်ဖုန်းက ကျွန်မကို ကွာရှင်းပေးဖို့ သဘောတူပြီးပြီ"

"ဘာ..."

"နင် ဘာပြောလိုက်တယ်... ယွမ်ဟောက်ဖုန်းက ကွာရှင်းပေးမယ် ဟုတ်လား။ အဲဒါ အဟုတ်လား၊ အလိမ်လား…သူ နင့်ကို ညာနေတာများလား။ သေသေချာချာ ပြောစမ်းဦး… တကယ်လို့ သူ ကွာရှင်းနိုင်မယ်ဆိုရင်တော့ သူ့မိသားစု အခြေအနေက တော်တော်လေး ကောင်းတာပဲ"

"ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ သူ့မှာ သားတစ်ယောက် ရှိတယ်လေ။ သူ ဒီလောက် လွယ်လွယ်နဲ့ ကွာရှင်းနိုင်ပါ့မလား"

လီလင်းလင်း ဘဝင်မြင့်စွာဖြင့်

"ကွမ်ထင်းထင်းက ပိုက်ဆံပဲ လိုချင်တာ။ ဟောက်ဖုန်း ပြောပြတာတော့ သူ ပိုက်ဆံစုပြီး ကွမ်ထင်းထင်းကို ပေးလိုက်တာနဲ့ ငါတို့ အဆင်ပြေပြေ လက်ထပ်နိုင်ပြီတဲ့။ အမေ... အမေလည်း သမီးကို အမြန်ဆုံး အိမ်ထောင်ကျစေချင်တာ သမီး သိပါတယ်။ ဒါပေမဲ့ အခြေအနေကောင်းတဲ့လူတွေက သမီးကို သဘောမကျကြဘူး၊ အခြေအနေမကောင်းတဲ့သူကျတော့လည်း သမီးက မလိုချင်ဘူး။ သမီးလည်း အစ်ကိုဟောက်ဖုန်းအပေါ် သံယောဇဉ်ရှိတယ်၊ သူ့ကိုပဲ လက်ထပ်ချင်တယ်။ သူ့မိသားစုက ချမ်းသာတာပဲဥစ္စာ။ ကလေးကိစ္စကျတော့လည်း... ကလေးမမွေးနိုင်တဲ့သူ ဘယ်သူရှိလို့လဲ။ ကွမ်ထင်းထင်း မွေးနိုင်ရင် သမီးလည်း မွေးနိုင်တာပဲ..."

"အဲဒါလည်း ဟုတ်တာပဲ..."

"တကယ်လို့ နင် ယွမ်အိမ်ထဲကို အောင်အောင်မြင်မြင် လက်ထပ်ဝင်နိုင်မယ်ဆိုရင်... နောက်အိမ်ထောင် ဖြစ်ရင်တောင် ဒါက အရှုံးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နင်လည်း အသက်မငယ်တော့ဘူးလေ"

လီချန်ရွှမ်းမှာ မိမိသမီး၏ အခြေအနေမှာ သာမန်မျှသာ ဖြစ်သဖြင့် အဆင့်အတန်းရှိသော နေရာသို့ အိမ်ထောင်ပြုသွားနိုင်လျှင် ပိုကောင်းပြီး နောင်တွင်လည်း မောင်ဖြစ်သူကိုပါ တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်လိမ့်မည်ဟု ခံစားရသည်။

"ယွမ်ဟောက်ဖုန်းက ကွာရှင်းမယ့် အချိန်အတိအကျကို ပြောလား"

ထိုသူနှစ်ဦး အတင်းအကြပ် မေးမြန်းကြလေသည်။

လီလင်းလင်းမှာ တစ်ဖန် ဘဝင်မြင့်သွားပြန်ပြီး

"သူ အတိအကျတော့ မပြောဘူး၊ ဒါပေမဲ့ ကျွန်မတို့ သေချာပေါက် အမြန်ဆုံး ပြင်ဆင်ကြမှာပါ"

ဤကဲ့သို့သော မက်မောဖွယ် အနာဂတ်အကြောင်းများကို ပြောဆိုရသည့်အခါ လီလင်းလင်းတစ်ယောက် စိုးရိမ်စိတ်များ လျော့ပါးသွားခဲ့ပြီ ဖြစ်၏။

"စိတ်ချပါ၊ သမီးကတော့..."

ပြောနေစဉ်မှာပင်…

ဒုန်း...

အပြင်ဘက်မှ တံခါးကို အပြင်းအထန် ထုရိုက်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းနောက်တွင် ဆူညံပွက်လောရိုက်ကာ ထွက်ပေါ်လာသော စကားသံများနှင့် ပျားပိတုန်းသံကဲ့သို့ တစီစီအသံများ ပါလာခဲ့၏။ မိသားစုတစ်ခုလုံးလည်း အပြင်သို့ အလောတကြီး ထွက်ခဲ့ကြတော့သည်။

ဤတစ်ကြိမ် ပြဿနာမှာ တော်တော်လေး ကျယ်ပြန့်လှပေ၏။ အိမ်ပြန်ရောက်၍ အိပ်ရန် ပြင်နေသော ချန်ချင်းယွီပင်လျှင် အဝတ်အစားများ ပြန်ဝတ်ကာ အပြင်သို့ တစ်ဖန် ထွက်လာခဲ့ရပြန်သည်။

သူမ ထွက်လာသည်နှင့် အပြင်ဘက်တွင် အဆမတန် စည်ကားသိုက်မြိုက်နေသည်ကို မြင်လိုက်ရ၏။ ဝင်းအတွင်းရှိ ပွဲကြိုက်တတ်သော အတင်းအဖျင်း လူအုပ်ကြီးမှာ နောက်ဆုံးတွင် ပြန်ရောက်လာကြပြီ ဖြစ်သည်။ သို့သော် သူတို့ ပြန်ရောက်လာသင့်သည့် အချိန်လည်း ရောက်နေပြီဖြစ်၏။ ယခုအခါ သန်းခေါင်ကျော်နေပြီ ဖြစ်သောကြောင့်တည်း။ ဤပြဿနာမှာ အလွန်ပင် သောင်းသောင်းဖြဖြရှိလှသည်။

လူတိုင်းမှာ မနက်ဖြန် အလုပ်သွားရမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်လုံးများကို လျှပ်စစ်မီးသီးကြီးများကဲ့သို့ ဝိုင်းစက်နေအောင် ဖွင့်လျက် စိတ်လှုပ်ရှားစွာဖြင့် ပွဲကြည့်နေကြတော့၏။

"အထဲဝင်ပြီး ငါ့သမီးရဲ့ ပစ္စည်းမှန်သမျှ အကုန်လုံး ယူခဲ့ကြစမ်း..."

ဦးဆောင်လာသူမှာ အသက်ကြီးကြီး လူစိမ်းတစ်ဦး ဖြစ်ပြီး သူနှင့်အတူ အခြားလူအချို့ကိုပါ ခေါ်ဆောင်လာသည်။ ခုနတင် တံခါးကို အပြင်းအထန် ထုရိုက်ခဲ့သူများမှာလည်း သူတို့ပင် ဖြစ်၏။ ဘေးမှ ဝိုင်းကြည့်နေသော သူများလည်း သူတို့ကို တားဆီးခြင်း မပြုကြချေ။

ချန်ချင်းယွီသည် ဤလူ့မျက်နှာကို ရိပ်ခနဲ ရင်းနှီးနေသလို ခံစားလိုက်ရသည်။

အင်း... ကြည့်ရတာ…

ဝမ်မေ့လန်နှင့် ခပ်ဆင်ဆင်တူသဖြင့် သူမ၏ မိသားစုဝင်တစ်ဦး ဖြစ်ဟန်တူ၏။

"အစ်ကိုကြီး... ဒီလိုလုပ်လို့ မရဘူးလေ၊ ဒီလိုတော့... အိမ်ထောင်ကျပြီးသား သမီးဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲဥစ္စာ၊ ရှင်တို့က..."

အဘွားကြီးဝမ် အတင်းဝင်တားရန် ကြိုးပမ်းသေးသည်။ သို့သော် ဦးဆောင်လာသော လူကြီးမှာလည်း အလျှော့ပေးမည့်သူ မဟုတ်သဖြင့် သူမကို ဘေးသို့ တွန်းဖယ်ပစ်လိုက်၏။

"ဒီအဘွားကြီး ဖယ်စမ်း... ငါ ပြောလိုက်မယ်... ငါ့သမီးက ဒီနေ့ နင့်သားနဲ့ သေချာပေါက် ကွာရှင်းရမယ်... ဖွီ... ယုတ်မာလိုက်ကြတာ…အရှက်မရှိတဲ့ လူယုတ်မာတွေ..."

ဝမ်မေ့လန်သည် ထိုလူကြီး၏ နောက်တွင် မတ်တတ်ရပ်နေပြီး မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။ သူမ၏ မျက်ဝန်းများမှာ ငိုထားသဖြင့် ဖူးယောင်နေသော်လည်း လေသံမှာမူ ပြတ်သားလွန်းလှသည်။

"ဖယ်ကြစမ်း... ငါ ကွာရှင်းချင်တယ်..."

All Chapters