← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) ကွာရှင်းခြင်း

"ငါ ကွာရှင်းမယ်..."

ဝမ်မေ့လန် ပြတ်ပြတ်သားသားပင် ထပ်မံကြေညာလိုက်သည်။

ချန်ချင်းယွီသည် လူအုပ်ကြားထဲမှ ရှေ့ဆုံးသို့ အမြန် တိုးဝှေ့ဝင်လိုက်၏။ အမှန်အတိုင်းပြောရလျှင် ဝမ်မေ့လန် ဤမျှအထိ ပြတ်သားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

‘တကယ်ကို မမျှော်လင့်ထားမိဘူးပဲ။’

ဤခေတ်ကာလတွင် ကွာရှင်းပြတ်စဲခြင်းဟူသည် အင်မတန် ရှားပါးလှပေသည်။ သာမန်ရပ်ကွက်တစ်ခု၌ ကွာရှင်းမှုနှုန်းမှာ ဂဏန်းတစ်လုံးတည်း (၁% အောက်) သာ ရှိတတ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုခန့်၌ ကွာရှင်းမှုအများဆုံး အချိန်ကို ပြပါဆိုလျှင် ပညာတတ်လူငယ်များ မြို့ပြသို့ ပြန်လာကြသည့် ကာလကိုသာ ပြရမည်ဖြစ်ပြီး၊ လင်မယားနှစ်ယောက်စလုံး မြို့ပြအိမ်ထောင်စုစာရင်းရှိလျက်နှင့် ကွာရှင်းကြသည်မှာ အလွန် မြင်ရခဲလှ၏။

သို့သော် ယခုအချိန်တွင်မူ ဝမ်မေ့လန်သည် ခိုင်မာပြတ်သားနေဆဲ ဖြစ်သည်။ သူမ ခါးသီးစွာဆိုကာ

"ငါ အိမ်ထောင်ကျကတည်းက ဝမ်မေ့လန်ဆိုတဲ့ ငါဟာ ဒီအိမ်အတွက် မနားမနေ ရုန်းကန်ခဲ့တာ… အထဲအပြင် ကိစ္စအဝဝကို အကုန်စီမံပေးခဲ့တယ်၊ နင့်ဝမ်မိသားစုအပေါ် စောင်းငဲ့လို့တစ်ချက်၊ မလေးစားတာမျိုး တစ်ခါမှမလုပ်ခဲ့ဘူး။ အိမ်ထဲက ယောက္ခမနဲ့ ချွေးမကြား ပြဿနာတွေကို ငါ ခါးစည်းခံနိုင်ခဲ့ပေမဲ့... ဝမ်ကျန့်ကော်၊ နင်က ဘယ်လိုလုပ် ဒီလိုအလုပ်မျိုး လုပ်ရက်ရတာလဲ။ ငါက အိမ်မှာ နင့်အတွက် ရင်တမမနဲ့ စိတ်ပူနေခဲ့တာ... နင် ငါ့ကို တကယ် စိတ်ပျက်စေတယ်"

ရဲစခန်းမှ ပြန်ရောက်လာသော ဝမ်ကျန့်ကော်သည် လူအုပ်ထဲတွင် ရပ်နေရင်း ဝမ်မေ့လန်ကို နာကျင်ကြေကွဲစွာ ကြည့်လျက်

"မေ့လန်... မင်း ငါ့ကို တကယ် အထင်လွဲနေတာပါ၊ ငါက အဲဒီလိုလူ မဟုတ်ပါဘူး။ ဒါတွေအကုန်လုံးက ချဲယုံချန်းက ငါ့ကို တမင်သက်သက် ထောင်ချောက်ဆင် နှိပ်ကွပ်တာလေ… သူ့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်ကို မင်း မမြင်ဘူးလား။ ပြီးတော့ ဒီကိစ္စမှာ ငါကလည်း နစ်နာသူပဲဥစ္စာ၊ ငါကိုယ်တိုင်လည်း ဒီလိုမျိုး မဖြစ်ချင်ခဲ့ပါဘူး။ ငါက တခြားမိန်းမတစ်ယောက်နဲ့ ပတ်သက်ချင်ပါ့မလား၊ လုံးဝ မပတ်သက်ချင်ခဲ့ဘူး။ ငါ ထင်ခဲ့တာက... ငါ ထင်ခဲ့တာက တစ်ခုခုဖြစ်လာရင် ငါတို့လင်မယားနှစ်ယောက် အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြမယ်လို့ပဲ...။ မင်း ငါ့ကို ထားခဲ့လိမ့်မယ်လို့ ငါ လုံးဝ မတွေးခဲ့မိဘူး။ မေ့လန်... မင်း ငါ့နှလုံးသားကို တကယ် နာကျင်အောင် လုပ်နေပြီ"

ဝမ်ကျန့်ကော်၏ စိတ်ထဲတွင်မူ ဤမျှအထိ အခြေအနေ ဆိုးရွားသွားလိမ့်မည်ဟု မတွေးမိခဲ့ပေ။

“ငါတို့ အိမ်ထောင်သက်တမ်းက ဆယ်စုနှစ်တစ်ခုမက ရှိနေပြီပဲဥစ္စာ။ ငါ့ရဲ့ သံယောဇဉ်ကို မင်း မသိဘူးလား၊ လူ့သက်တမ်းမှာ ဆယ်စုနှစ် ဘယ်နှစ်ခု ရှိလို့လဲ။ မင်း ငါ့ကို နားမလည်ပေးဘူးလား၊ ငါက ချဲညီအစ်ကိုတွေရဲ့ တွန်းပို့မှုကြောင့် တကယ် အလှည့်စားခံလိုက်ရတာပါ။ ငါ့ကို ထားမသွားပါနဲ့နော်... ဟုတ်ပြီလား၊ တောင်းပန်ပါတယ်... ငါ့ဘဝရဲ့ ဒီလိုအခက်အခဲဆုံး အချိန်မှာ ငါနဲ့အတူ ရှိပေးပါဦးနော်... ဟုတ်ပြီလား”

သူသည် သေချာပေါက် ကွာရှင်းရန် အလိုမရှိပေ။ လက်ရှိ အခြေအနေသည်ပင် သူ့အတွက် အလွန် နာမည်ပျက်နေပြီဖြစ်ရာ ကွာရှင်းလိုက်ပါက ပို၍ ဆိုးရွားသွားပေလိမ့်မည်။ ထို့ပြင် နောက်ထပ် မိန်းမအသစ်ရှာလျှင်လည်း ဝမ်မေ့လန်လောက် ကောင်းမည့်သူကို တွေ့နိုင်တော့မည် မဟုတ်ပေ။

ဝမ်မေ့လန်မှာ သာမန် အလုပ်သမားအမျိုးသမီးတစ်ဦးသာ ဖြစ်သော်လည်း သူမ၌ ကိုယ်ပိုင်အလုပ်ရှိပြီး မိသားစုမှာလည်း မြို့ပေါ်မှာပင် ရှိကြ၏။ သူမ၏ အစ်ကိုမောင်ဖွားများမှာလည်း အင်အားတောင့်တင်းပြီး သူ့အကူအညီကို မလိုသည့်အပြင် လိုအပ်လျှင်ပင် လက်တွဲကူညီနိုင်ကြသည်။ သူ၏ လက်ရှိ နာမည်ပျက်ဖြင့်ဆိုလျှင် သူမထက် သာလွန်ကောင်းမွန်သော မိန်းမမျိုးကို ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် အရှက်ကို ဖယ်ခွာကာ သိက္ခာချ၍ပင် ဒူးထောက်အရှုံးပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ နောင်ရေးကိုမူ နောက်မှသာ ရှင်းရပေတော့မည်။

"မေ့လန်... ငါတို့ရဲ့ သံယောဇဉ်က ဒီလောက်တောင် ကွဲအက်လွယ်တာလားဟင်"

ဝမ်မေ့လန်၏ မျက်ရည်များမှာမူ ခန်းခြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ သူမ၏ ဘေးနားရှိ အဖေအိုကြီးမှာမူ ဒေါသတကြီးဖြင့်

"တောက်... မင်းက ဘယ်လိုလူစားလဲ။ 'အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ရမယ်' ဟုတ်လား…မင်းသာ လူကောင်းတစ်ယောက်ဆိုရင် ဒီလိုအခြေအနေမျိုးအထိ ဖြစ်စရာ လိုမလား။ အခုတော့ တစ်မြို့လုံးအရှက်ခွဲပြီးမှ ငါ့သမီးကို ဝင်ခံခိုင်းဖို့ပဲ စဉ်းစားနေတယ်ပေါ့။ သမီး... ဒီလူယုတ်မာရဲ့ စကားကို မယုံနဲ့၊ နင်သာ မကွာရှင်းရင် နောင်ကျ ဘယ်မျက်နှာနဲ့ လူတောတိုးမလဲ။ နင် မရွံဘူးလား… ဒီကောင်က အသက်ကြီးကြီး အဘွားကြီးတွေ အများကြီးနဲ့ ရှုပ်ပွနေခဲ့တာလေ။ တစ်ခါတည်းနဲ့ ပြတ်ပြတ်သားသား နာကျင်လိုက်တာက ရေရှည်ခံစားရတာထက် ပိုကောင်းတယ်"

"အစ်မကြီး... အဖေပြောတာ မှန်တယ်နော်။ တစ်ခါတည်းနဲ့ ပြတ်ပြတ်သားသား နာကျင်လိုက်တာက ပိုကောင်းတယ်။"

"ညီမလေး... ကွာရှင်းလိုက်ပါ..."

ဝမ်မေ့လန်၏ မိသားစုဝင်များအားလုံးမှာ အလွန် အမြင်စူးရှ ပြတ်သားကြပေသည်။ ထိုအချိန်တွင် လူအုပ်ထဲရှိ လင်စန်းရှင်းမှာမူ မနာလိုစိတ်ဖြင့် မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်နေတော့၏။

‘တွေ့လား... ငါပြောသားပဲ၊ သူမရဲ့ မောင်ဖွားတွေက သိပ်အားကိုးရတာ။ အားကိုးရတဲ့ မိသားစုနောက်ခံ ရှိနေတော့ ဘာပဲဖြစ်ဖြစ် ဝင်ကူညီပေးကြတာပေါ့။ ဒါကြောင့်ပဲ ငါ့အိမ်မှာ သားတစ်ယောက် သေချာပေါက် ရှိနေမှ ဖြစ်မှာ။’

ဝမ်မေ့လန် ဤမျှအထိ သတ္တိရှိရှိ တင်းခံရဲသည်မှာ သူမ၏ မောင်ဖွားများ နောက်ကွယ်မှ ကျောထောက်နောက်ခံ ပြုပေးထားသောကြောင့် ဖြစ်သည်ဟု လင်စန်းရှင်း တွေးနေမိသည်။

"သူက ဒီလိုအလုပ်မျိုး လုပ်ရဲမှတော့ ညည်းကို နည်းနည်းလေးမှ ငဲ့ညာခဲ့တာ မဟုတ်ဘူး"

"မှန်တယ်..."

ဝမ်မေ့လန်၏ မိသားစုဝင်များက သူတို့ ကွာရှင်းရန်အတွက် တခဲနက် ထောက်ခံနေကြသဖြင့် မရေမရာ ဖြစ်နေစရာ အကြောင်းမရှိတော့ပေ။

ချန်ချင်းယွီသည် ဘေးသို့ အနည်းငယ်ကပ်ကာ တိုးတိုးလေး မေးလိုက်၏။

"သူတို့အကုန်လုံးက အစ်မမေ့လန်ရဲ့ မိသားစုဝင်တွေလားဟင်။ ရဲစခန်းကို အတူတူ သွားခဲ့ကြတာလား"

တိုက်တိုက်ဆိုင်ဆိုင်ပင် ဘေးနားတွင် အဒေါ်ကြီးမေ့ ရှိနေသဖြင့် သူမမှာ လေသံတိုးတိုးဖြင့် ပြန်ပြောပြ၏။

"ကိစ္စဖြစ်ဖြစ်ချင်းပဲ ဝမ်မေ့လန်က နောက်ဝင်းက လူငယ်စုံတွဲလေးကို သူမရဲ့ မိသားစုဆီ သွားအကြောင်းကြားပေးဖို့ အကူအညီတောင်းလိုက်တာလေ"

ချန်ချင်းယွီ: "သူမ တော်တော် သတိရှိတာပဲ။"

"ဒီလောက် ကိစ္စကြီးတာကို ဘယ်လိုလုပ် အူကြောင်ကြောင် လုပ်နေမလဲ အေ။"

ဝမ်မေ့လန်၏ မိသားစုများ ပြတ်သားလွန်းလှသဖြင့် ကွာရှင်းရန်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အဘွားကြီးဝမ်မှာမူ ဤအခြေအနေကို မြင်ပြီး အကြီးအကျယ် ထိတ်လန့်သွားတော့သည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် မိမိသားဖြစ်သူကို ကွာရှင်းခွင့်ပေးရန် လုံးဝ မစဉ်းစားထားခဲ့ပေ။ သူမတို့ မိသားစုမှာ ဂုဏ်သရေရှိ ဝင်းကြီးထဲမှ အဆင့်အတန်းရှိသော မိသားစုအဖြစ် အမြဲ ဂုဏ်ယူလာခဲ့ကြခြင်း ဖြစ်ရာ အကယ်၍ ကွာရှင်းလိုက်ကြလျှင်...။ သူမသည် စူးစူးဝါးဝါး အော်ဟစ်လျက် ငိုယိုကာ ရန်တွေ့တော့၏။

"မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်နိုင်တာ... ကွာရှင်းမယ် ဟုတ်လား။ ဘာကွာရှင်းတာလဲ။ ခမည်းခမက်တို့ကလည်း ဘယ်လို စကားမျိုး ပြောရတာလဲဟင်။ သူတို့ လင်မယားနှစ်ယောက် စိမ်းစိမ်းစိုစိုနဲ့ ဒီလောက်နှစ်တွေအကြာကြီး နေလာခဲ့ကြတာလေ။ ဒီလို သေးဖွဲတဲ့ ကိစ္စလေးတစ်ခုအတွက်နဲ့ အတင်း ကွာရှင်းခိုင်းရသလား။ ရှင်တို့ တော်တော် ရက်စက်ကြတာပဲ၊ 'ဘုရားကျောင်း ဖျက်တာထက် အိမ်ထောင်တစ်ခု ခွဲတာက ပိုအပြစ်ကြီးတယ်' လို့ ပြောကြတာပဲဥစ္စာ။ ရှင်တို့ ဘယ်လိုလုပ် ဒီလို လုပ်ရက်ကြတာလဲ"

"ဖယ်စမ်း... ဒီအဘွားကြီး... အခုကျမှ ကွာရှင်းဖို့ မလိုချင်ဘူး ဟုတ်လား။ ဒီနှစ်တွေအကြာကြီး ကလေးတွေကြားထဲမှာ ပြဿနာမျိုးစုံအောင် ရှာခဲ့တာ ဘယ်သူလဲ။ အမြဲတမ်း အရှက်မရှိ ပြုမူလာခဲ့ပြီးတော့ အခုကျမှ ရုတ်တရက်ကြီး လာဟန်ဆောင်နေပြန်ပြီ။ နင့်သားကသာ ဒီလိုအလုပ်မျိုး မလုပ်ရင် ငါတို့က ကွာရှင်းပါ့မလား။ ဒါတွေအကုန်လုံးက နင့်ကြောင့်ပဲ"

ဝမ်မေ့လန်၏ ဖခင်ဖြစ်သူမှာ ယနေ့တွင် ထူးထူးခြားခြား ပို၍ ပြတ်သားနေပြီး

"သမီး... အဖေက သမီးကို အတင်းအကြပ် ကွာရှင်းခိုင်းနေတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်စမ်း… တစ်ခါတည်းနဲ့ ပြတ်ပြတ်သားသား နာကျင်လိုက်တာက ပိုကောင်းတယ်။ အခု အတင်းအဖျင်း နည်းနည်းပြောခံရတာက... နောင်ကျရင် နင့်ယောက်ျားက အဘွားကြီး ဘယ်နှစ်ယောက်နဲ့ အိပ်ခဲ့လဲဆိုပြီး လူတွေက ကွယ်ရာမှာ တီးတိုးအတင်းပြောနေကြတာကို ခံရတာထက် အများကြီး သာပါတယ်။ နင် မရှက်ဘူးလား… ပြီးတော့ ဒါက သမီးက ဒုက္ခကို အတူတူမခံချင်လို့ ငြင်းတာမှ မဟုတ်တာ။ သူကိုယ်တိုင်က အပြင်မှာ မရှုပ်ခဲ့ရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာပါ့မလား"

ချန်ချင်းယွီသည် ထိုလူကြီးကို ထပ်မံကြည့်ရှုရင်း စိတ်ထဲမှ ကျေနပ်မိသွားသည်။

‘မှန်ကန်ပြီး အားကိုးရတဲ့ မိဘကောင်းတွေ ရှိဖို့က တကယ်ကို အရေးကြီးတာပဲ… တကယ်လို့သာ လင်စန်းရှင်းနဲ့ လီချန်ရွှမ်းတို့လို မိဘမျိုးဆိုရင်တော့ အခြေအနေက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။’

ဝမ်မေ့လန်သည် သူမ၏ မျက်နှာကို သုတ်လိုက်ရင်း

"ဆက်မပြောပါနဲ့တော့၊ ကျွန်မ ကွာရှင်းမယ်"

သူမ၏ မျက်ဝန်းများမှာ သစ်ကြားသီးများကဲ့သို့ ဖူးယောင်နေသော်လည်း အမူအရာမှာမူ အလွန်ပင် ခိုင်မာပြတ်သားလျက် စက်ဆုပ်ရွံရှာစွာ အော်ဟစ်လိုက်၏။

"ဝမ်ကျန့်ကော်... ငါ ဝမ်မေ့လန်က ဒီလိုအချိန်မျိုးမှာမှ အတင်းအကြပ် ကွာရှင်းချင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ဘယ်လိုလူစားမျိုးနဲ့ လက်ထပ်ခဲ့မိလဲဆိုတာ တွေးမိတိုင်း တကယ်ကို ရင်နာလွန်းလို့ပါ။ နင်ကိုယ်တိုင်ပဲ ပြောခဲ့တယ်လေ... ငါတို့ အတူတူနေလာတာ ဆယ်စုနှစ်တစ်ခုမက ရှိပြီဆို။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ရင်တောင် ငါ နင့်ကို နည်းနည်းလေးမှ နားမလည်ခဲ့သေးပါလား။ နင် ဘယ်လိုလုပ် ဒီလိုအလုပ်မျိုး လုပ်ရက်ရတာလဲ၊ ငါက အိမ်မှာ နင့်အတွက် စိုးရိမ်နေခဲ့တာ... နင်ကတော့ အပြင်မှာ ငါ့အတင်းတွေကို လျှောက်ပြောပြီး တခြားမိန်းမတွေနဲ့ ပျော်ပါးနေခဲ့တာပေါ့။ ပိုပြီး ရွံစရာကောင်းတာက... နင်တို့ လေးယောက်စလုံး အတူတူ ရှိနေခဲ့ကြတာတဲ့... နင် တော်တော် ရွံစရာကောင်းလွန်းလို့ ငါ အော့အန်ချင်လာပြီ..."

"ဒါက အထင်လွဲတာပါ... ချဲယုံဖုန်း ကိုယ်တိုင်လည်း ပြောခဲ့တယ်လေ... ငါတို့က အလှည့်စားခံလိုက်ရတာပါ၊ အဲဒီလိုမျိုး ဘာမှမဖြစ်ခဲ့ပါဘူး။ ငါတို့က အဲဒီမိန်းမရဲ့ နှောင့်ယှက်မှုကို ခံရပြီးမှ ထောင်ချောက်ဆင်ခံလိုက်ရတာ။ ငါတို့ သူမနဲ့ ဘာမှပတ်သက်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး… မင်း ဘယ်လိုလုပ် ငါ့ကို ဒီလောက်အထိ အထင်လွဲနိုင်ရတာလဲ။ တခြားသူတွေ အထင်လွဲရင် ငါ စိတ်မဆိုးဘူး... ဒါပေမဲ့ မင်းကပါ ဘာလို့ ဒီလိုမျိုး တွေးရတာလဲ"

ချဲယုံဖုန်းမှာမူ ချဲယုံချန်းထက်စာလျှင် ပို၍ အခြေအနေကို နားလည်သဘောပေါက်သူ ဖြစ်၏။ ဝမ်ကျန့်ကော်နှင့် ချဲယုံဖုန်းတို့နှစ်ဦးစလုံး ထိုကိစ္စကို ပြတ်ပြတ်သားသား ငြင်းဆိုကြသည်။ တော်သေးသည်မှာ ချဲယုံချန်းသည်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာပုံရပြီး သူတို့လေးဦးအကြောင်းကို ဆက်၍ မပြောတော့ပေ။ သို့သော် သူပြောခဲ့သမျှကိုမူ လူတိုင်း ကြားလိုက်ကြပြီးဖြစ်ရာ ယုံသည်မယုံသည်မှာ တစ်ဦးချင်းစီ၏ အမြင်သာ ဖြစ်လေ၏။

သို့သော် အမှန်အတိုင်းပြောရလျှင် မယုံသည့်သူ ခပ်ရှားရှားပင် ဖြစ်ပြီး လူအများစုမှာ ယုံကြည်သွားကြသည်။

ဘာပဲဖြစ်ဖြစ် ချဲယုံချန်းက ကြည့်ရတာ စိတ်ရိုးလူရိုးပုံစံမျိုးနဲ့ ခေါင်းထဲရှိတာကို တောက်လျှောက် လျှောက်ပြောတတ်သူ မဟုတ်ပါလား…

တစ်ဖက်တွင်မူ ချဲယုံဖုန်းနှင့် ဝမ်ကျန့်ကော်တို့မှာ အလွန် ကောက်ကျစ်စဉ်းလဲလွန်းလှ၏။

ဝမ်မေ့လန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း

"ငါ့ကို လာပြီး ပေါက်ကရစကားတွေ လာမပြောနဲ့၊ ငါ့ကို လာလိမ်ဖို့လည်း မကြိုးစားနဲ့တော့။ အခုပဲ နင့်ကို ငါ တည့်တည့်ပြောလိုက်မယ်... မနက်ဖြန် ရပ်ကွက်ရုံးရှေ့မှာ နင့်ကို ငါ စောင့်နေမယ်။ ငါတို့ သေချာပေါက် ကွာရှင်းရမယ်။ တကယ်လို့ နင် ရောက်မလာရင်တော့ နင့်အလုပ်ခွင်အထိ သွားပြီး ပြဿနာရှာရင် ငါ့ကို မပြစ်တင်နဲ့"

အဘိုးအို ဝမ်မှာလည်း

"ငါတို့ သေချာပေါက် ကွာရှင်းမယ်၊ ဒါပေမဲ့ ကိစ္စရပ်တွေကိုတော့ ရှင်းရှင်းလင်းလင်း လုပ်ဖို့ လိုလိမ့်မယ်။ မင်းက လူမိုက်တစ်ယောက်ပဲ၊ အပြစ်အားလုံးက မင်းအပေါ်မှာပဲ ရှိတာ။ ကွာရှင်းပြီးတာနဲ့ ငါ့သမီးက ဒီတိုင်း လက်ဗလာနဲ့ ထွက်သွားမယ်လို့ မထင်နဲ့ဦး။ အဲဒါက မင်းကို သက်သက်ညှာညှာ လွှတ်ပေးလိုက်ရာ ကျလိမ့်မယ်။ ပိုက်ဆံကိစ္စ၊ ကလေးကိစ္စ... အရာအားလုံးကို ငါတို့ အသေသေချာချာ ရှင်းကြရမယ်"

"ကွာရှင်းချင်တဲ့အပြင် ပိုက်ဆံပါ လိုချင်သေးတယ် ဟုတ်လား။ အိမ်မက်မက်နေလိုက်စမ်း..."

အဘွားကြီးဝမ် ဝမ်မေ့လန်၏ ဖခင်ဖြစ်သူကို လက်ညှိုးငေါ့ငေါ့ထိုးလျက် အော်ဟစ်တော့သည်။

"ဒီအဘိုးကြီး ယုတ်မာတာ... အား..."

ထိုစဉ် ဝမ်မေ့လန်သည် သူမ၏အပေါ်သို့ ရုတ်တရက် အဟုန်ပြင်းစွာ ပြေးဝင်သွားပြီး အဘွားကြီးဝမ်၏ ဆံပင်များကို ဆွဲဆောင့်ကာ သူမ၏ မျက်နှာပေါ်သို့ ပြင်းထန်လှသော ပါးရိုက်ချက်များကို တရစပ် ကျရောက်စေတော့သည်။

"ဒီအဘွားကြီး... နင်ကမှ အဘွားကြီးစုတ်... ငါ့အဖေကို ဆဲရဲတယ်ပေါ့လေ... ဒီနှစ်တွေအကြာကြီး အိမ်ထဲမှာ ပြဿနာမျိုးစုံ ရှာခဲ့ပြီး အမြဲတမ်း သွေးထိုးပေးနေခဲ့တာ ဘယ်သူလဲ။ ငါ့သမီးလေးက ငါနဲ့တောင် မရင်းနှီးတော့ဘူး... အခုကျတော့ ငါ့အဖေကိုပါ လာဆဲရဲသေးတယ်... နင့်ကို ငါ ရိုက်ချင်နေတာ ကြာလှပြီ... နင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်မမှတ်နေလဲ။ ဖာသည်မကြီးရဲ့..."

ဖြန်း... ဖြန်း... ဖြန်း...

ပါးရိုက်သံများမှာ နားကွဲမတတ် ပြင်းထန်လှပေ၏။

"နင့်ကို ငါ ရိုက်သတ်ပစ်မယ်... အရှက်မရှိတဲ့ လူယုတ်မာမကြီး၊ သူများတွေကိုကျ လျှောက်ပြောတတ်ပြီးတော့... ငါ့အမြင်မှာတော့ နင်က အောက်တန်းအကျဆုံး လူစားပဲ။ ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးတဲ့သူလို့ ပြောနေတာလား။ နင်က သောက်ယဉ်ကျေးတဲ့သူပေါ့... ငါ့ယောက်ျားနဲ့ ငါ့ကြားက ကိစ္စမှန်သမျှကို အမြဲတမ်း ချောင်းနားထောင်နေခဲ့တာ။ သေးဖွဲတဲ့ ကိစ္စလေးကအစ ပိုက်ဆံပဲ လိုချင်နေတာ။ ပြီးတော့ ကွယ်ရာရော ရှေ့တင်ရော ငါ့ကို အမြဲ နှိမ်ပြီး ဆဲနေခဲ့တာပဲ... နင် သေသင့်တယ်... ငါ သည်းခံလာတာ တော်တော် ကြာပြီ... တခြားအရာအားလုံးကို ငါ သည်းခံနိုင်ပေမဲ့ ငါ့အဖေကို လာဆဲတာကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ဘူး..."

ဖြန်း... ဖြန်း... ဖြန်း...

ဝမ်မေ့လန်သည် ရုတ်တရက် ပေါက်ကွဲသွားကာ သူမကို လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်လျက် တရစပ် ရိုက်နှိက်တော့သည်။

အဘွားကြီးဝမ်မှာ စူးစူးဝါးဝါး အော်ဟစ်လျက်

"ကယ်ကြပါဦးရှင်... လူသတ်နေပါပြီ... ချွေးမဖြစ်သူက ယောက္ခမကို ပြန်ရိုက်နေပါတယ်တော့်..."

"ဘယ်သူက နင့်ချွေးမလဲဟ။ အရှက်မရှိတဲ့ အကောင်မ... ငါတို့က မိသားစုဝင်တွေ ဖြစ်ခဲ့ကြတာတောင် နင်က ချွေးမအပေါ် အမြဲတမ်း ရန်သူလို ဆက်ဆံခဲ့တာလေ... ဒီအဘွားကြီး ဖော်လန်ဖော်လားကြီး... နင့်ကို ငါ ရိုက်သတ်မယ်..."

"ဝမ်မေ့လန်... မင်း ဘာလုပ်နေတာလဲ။ ငါ့အမေကို ဘာလို့ ရိုက်ရတာလဲ။ ငါ့ကိုပဲ လာလုပ်စမ်း..."

ဝမ်ကျန့်ကော် ဝင်တားလိုက်၏။

"နင့်ကို လာလုပ်ရမယ် ဟုတ်လား။ ဝမ်ကျန့်ကော်... နင်က ငါ မလုပ်ရဲဘူး ထင်နေတာလား။ ငါတို့ လက်ထပ်လာတာ ဆယ်စုနှစ်တစ်ခုမက ရှိပြီ၊ ငါ့ဘက်က ဝတ္တရားကျေခဲ့ပေမဲ့... နင်ကတော့ အပြင်မှာ ဖောက်ပြန်နေတုန်းပဲ၊ ပြီးတော့ အခုကျတော့ ငါ့ကိုပါ အပြစ်ပုံချဖို့ ကြိုးစားနေသေးတယ်... နင့်ကိုလည်း ငါ ရိုက်သတ်မယ်..."

ပုံမှန်ဆိုလျှင် ဝမ်မေ့လန်သည် ဝမ်ကျန့်ကော်ကို ယှဉ်နိုင်မည်မဟုတ်သော်လည်း ယနေ့တွင်မူ အခြေအနေမှာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ကျန့်ကော်သည် ကွမ်ကျိုးမှ ပြန်လာကတည်းက ကြည့်ရသည်မှာ အားအင်ချိနဲ့နေပုံ ပေါက်နေ၏။ ဝမ်မေ့လန် လေထဲသို့ ပျံတက်ကာ ကန်ချက်ပြင်းပြင်းတစ်ချက် ကျွေးလိုက်ရာ ဝမ်ကျန့်ကော်ခမျာ စူးစူးဝါးဝါး အော်ဟစ်လျက် မိမိ၏ ဆီးခုံ (ပေါင်ကြား) ကို လက်ဖြင့် အုပ်ကာ ဆောင့်ကြောင့် ထိုင်ကျသွားတော့သည်။

“အားးးး..”

ဝမ်မေ့လန်၏ ကန်ချက်မှာ တကယ့်ကို သေစေနိုင်လောက်သော နေရာကို တည့်တည့်ထိမှန်သွားခြင်း ဖြစ်၏။

"နင်က လူလိုသူလို မနေချင်မှတော့... ဒီအရာကြီးလည်း ပျက်စီးသွားတာပဲ ကောင်းပါတယ်။ ငါ နင့်မိန်းမ ဖြစ်နေတုန်းမှာပဲ ဒီကမ္ဘာကြီးအတွက် ကပ်ဆိုးတစ်ခုကို ရှင်းပစ်လိုက်မယ်..."

"နင်... တကယ့် မိန်းမယုတ်..."

အဘွားကြီးဝမ် အော်ဟစ်လိုက်သည်။

သူမသည် ဝမ်မေ့လန်ကို လှမ်းဖမ်းရန် ကြိုးပမ်းသော်လည်း ဝမ်မေ့လန်မှာ သူမ၏ မျက်နှာပေါ်သို့ ပါးရိုက်ချက်တစ်ချက် ပြင်းထန်စွာ ရိုက်လိုက်ပြန်ရင်း

"နင်က ငါ နင့်ကို ကြောက်နေတယ် ထင်လား။ အရင်က နင့်ကို ငါ ဂရုမစိုက်တာ... နင်က ငါ့ယောက္ခမ ဖြစ်နေလို့၊ ပြီးတော့ နင့်ကို ငါ လေးစားခဲ့လို့လေ။ ဒါပေမဲ့ နင့်မိသားစုက ဒီလိုအလုပ်မျိုးအထိ လုပ်ရဲမှတော့ ငါ့ဘက်ကလည်း မယဉ်ကျေးနိုင်တော့ဘူး"

ဝမ်မေ့လန်သည် တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်လျက် ချက်ချင်းပင် ထိုနေရာတစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင် မွှေနှောက်ဖျက်ဆီးပစ်တော့သည်။ ဝမ်မေ့လန်၏ မိသားစုဝင်များမှာမူ ဝင်ရောက်ကူညီရန်ပင် မလိုအပ်ကာ ဘေးမှရပ်လျက် အားပေးနေရုံသာ ရှိ၏။

အခြားသူများလည်း ဝင်ရောက်ဆွဲရန် မတတ်နိုင်ကြပေ။ မည်သူမဆို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းပါက ဝမ်ညီအစ်ကိုများ၏ ခက်ထန်လှသော စိုက်ကြည့်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင် ဝင်ပါရခြင်းမှာ မတန်လှပေ။ မည်သူက သူများကိစ္စအတွက်နှင့် ဒုက္ခရှာပါမည်နည်း။

လူတိုင်းမှာ ဝမ်မေ့လန်၏ ခက်ထန်ကြမ်းတမ်းမှုအပေါ် အမှန်တကယ်ပင် အံ့ဩတကြီး ဖြစ်နေကြရသည်။ သူမ၏ ယောက္ခမ အဘွားကြီးဝမ်သည် အားအင်အလွန်တောင့်တင်းသော အဘွားကြီးတစ်ဦး မဟုတ်ခဲ့လျှင်ပင် ဤမျှအထိ နုနယ်လှသည် မဟုတ်ပေ။ သို့သော် ယခုမူ ဝမ်မေ့လန်၏ တရစပ် ရိုက်နှက်မှုကို ခံရသဖြင့် ပြန်လည်ခုခံနိုင်စွမ်းပင် မရှိတော့ပေ။

ဝမ်မေ့လန်သည်လည်း ဒေါသအဟုန် တောက်လောင်နေခဲ့ပြီ ဖြစ်၏။ သူမသည် တစ်ယောက်ကို ဆွဲဆောင့်ကာ နောက်တစ်ယောက်ကို ကန်ကျောက်လျက် ရှိသည်။ ထုရိုက်သံများမှာ လေထုထဲတွင် ပျံ့လွင့်နေ၏။ မကြာမီမှာပင် ထိုသူနှစ်ဦးစလုံးမှာ မျက်နှာညိုမည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားရတော့သည်။

ဘေးမှ ဝိုင်းကြည့်နေသော လူအုပ်ကြီးမှာလည်း ဤသူသည် ဝမ်မေ့လန်မှ ဟုတ်ရဲ့လားဟု မယုံကြည်နိုင်လောက်အောင် မှင်သက်နေကြရ၏။ ဝမ်မေ့လန်သည် အားနွဲ့သော မိန်းမတစ်ဦး မဟုတ်ခဲ့သော်လည်း ဝင်းအတွင်း၌ မည်သည့်အခါမျှ ပြဿနာရှာလေ့မရှိသူတည်း။

‘ဒါက တကယ့် ရန်ပွဲအစစ်ပဲလား… ယောက်ျားရင့်မကြီးတစ်ယောက်က တကယ်ပဲ မခံနိုင်တာလား။ သူမက တကယ့်ကို ကြောက်စရာကောင်းလွန်းလှတယ်...’

လူတိုင်း ဤထူးခြားသော ပွဲကြီးပွဲကောင်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဝမ်ကျန့်ကော်သည် အမှန်တကယ်ပင် အားအင်ချိနဲ့နေပြီး အဘွားကြီးဝမ်မှာလည်း အပြင်ပန်းသာ ဟန်ကြီးလှသော်လည်း တကယ့်လက်တွေ့တွင် မခိုင်မာကြောင်းကို ချန်ချင်းယွီ အကဲခတ်မိလိုက်၏။

သို့သော် အပြင်လူများသည်ကား ထိုသို့ မမြင်ကြချေ၊ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ဝမ်မေ့လန်တစ်ယောက်တည်းနှင့် ထိုနေရာတစ်ခုလုံးကို သောင်းသောင်းဖျဖျ မွှေနှောက်ဖျက်ဆီးနေခြင်းကိုသာ ဖြစ်ပြီး အနည်းငယ်မျှပင် အနားမယူပေ။ ချန်ချင်းယွီသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလျက် ခေါင်းခါလိုက်မိတော့သည်။

မလှမ်းမကမ်းတွင်ရှိသော လီလင်းလင်းမှာမူ တကယ့်ကို အကြီးအကျယ် သံသယဝင်လျက် အတွေးများ ဂယောက်ဂယက် ဖြစ်နေရရှာ၏။ မိမိ၏ မှတ်ဉာဏ်များ မှားယွင်းနေသလားဟူ၍ပင် သူမ တွေးတောမိနေတော့သည်။

‘ငါ့မှတ်ဉာဏ်ထဲမှာတော့ ချန်ချင်းယွီက နူးညံ့ပြီး အားနွဲ့တဲ့သူလေ... ဒါပေမဲ့ ကွယ်ရာကျတော့ သူမက တကယ့်ကို ရက်စက်ပြီး မျက်နှာနှစ်မျိုးနဲ့ လူစားမျိုး ဖြစ်နေတယ်။ ဝမ်မေ့လန်ကျတော့လည်း ပျော်ပျော်နေတတ်ပြီး သဘောထားကြီးတယ်၊ အိမ်မှုကိစ္စလည်း နိုင်နင်းတဲ့အပြင် ရပ်ကွက်ထဲမှာ အလိမ္မာဆုံး ချွေးမတစ်ယောက်အဖြစ် နာမည်ကြီးတာလေ... ဒါပေမဲ့ အခုကျတော့ သူမ ယောက်ျားနဲ့ ယောက္ခမကို ရိုက်နှက်တဲ့နေရာမှာ နည်းနည်းလေးမှ ညှာတာမှု မရှိဘူး...။ သူတို့... သူတို့တွေက ဟန်ဆောင်တဲ့နေရာမှာ တကယ်ကို တော်ကြလွန်းတာပဲ..’

‘သူတို့အားလုံးက ပုံမှန်မြင်နေကျ ပုံစံတွေနဲ့ လုံးဝကို တစ်ခြားစီ ဖြစ်နေကြပါလား...’

ယခုအချိန်အထိ ဝမ်မေ့လန်မှာ လူကို တရစပ် ထုရိုက်နေဆဲ ဖြစ်သည်။

သူတို့၏ သမီးဖြစ်သူ သုံးဦးမှာမူ ဘေးနားတွင် တစ်ချက်မျှ မလှုပ်ရှားဘဲ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြ၏။ "နာ" သုံးလုံးမှာ ငြိမ်သက်စွာဖြင့် ကြည့်နေကြသည်။

အဘွားကြီးဝမ် စူးစူးဝါးဝါး အော်ဟစ်လျက်

"နာ့နာ... နာ့နာ၊ အမြန်လာကူဦးလေအေ... ညည်းတို့ကို ဒီလောက်အထိ ငါက ကျွေးမွေးစောင့်ရှောက်ခဲ့တာ... ကျေးဇူးမသိတဲ့ ကောင်မလေး၊ နင့်အမေက ငါ့ကို ရိုက်နေတာကို ဒီတိုင်း ထိုင်ကြည့်နေတယ်ပေါ့လေ..."

ဝမ်မေ့လန်မှာ ပို၍ ဒေါသထွက်သွားကာ အဘွားကြီးဝမ်၏ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ပြီး သွေးစင်းကြောင်းများ ထင်ကျန်ရစ်စေခဲ့သည်။

ဝမ်မေ့လန် : "ဒီအဘွားကြီးစုတ်... နင်က ငါ့သမီးနဲ့ ငါ့ကြားကို သွေးခွဲဖို့ ကြိုးစားနေတုန်းပဲပေါ့။ နင်ကမှ ကျေးဇူးမသိတဲ့ မိန်းမစားပဲ... ငါ့ပိုက်ဆံတွေကို ယူပြီး သူတို့ကို မုန့်ဖိုးလေး နည်းနည်းပါးပါး ပေးတာနဲ့ နင်က သူတို့ကို ထိန်းချုပ်လို့ရမယ် ထင်နေတာလား။ နင် တော်တော် အရှက်မရှိတာပဲ... သူတို့ ငယ်ငယ်ကတည်းက နင် ကြည့်ပေးခဲ့တာ မှန်ပေမဲ့... ကဲ ပြောစမ်းဦး၊ နင် ငါ့ဆီကနေ ပိုက်ဆံနဲ့ ပစ္စည်း ဘယ်လောက်တောင် တောင်းခဲ့လဲ။ နင်က အလကား လုပ်ပေးခဲ့တာလား… နည်းနည်းလေးမှ အလကား လုပ်ပေးခဲ့တာ မဟုတ်ဘူး။ နင် တောင်းတာက ကလေးထိန်းကျောင်းထက်တောင် ပိုများသေးတယ်။ နေ့တိုင်းလည်း ပိုက်ဆံတောင်းတယ်၊ ပိတ်ရက်တွေဆိုရင်လည်း အများကြီး ထပ်တောင်းသေးတာ။ နင့်အိမ်မှာ ထမင်းတစ်နပ် သွားစားဖို့တောင် ငါတို့က ဆန်နဲ့ဟင်း လုယက်သယ်သွားရတာလေ... အဲဒါ အဘွားတစ်ယောက် ပြုမူရမယ့် ပုံစံလားဟင်၊ ပြီးတော့ နင်က သူတို့အပေါ် ကောင်းခဲ့တယ်လို့ ပြောရဲသေးတယ်ပေါ့။ နင် သူတို့အပေါ် ဘာတွေ ကောင်းခဲ့လို့လဲ… ငါ့ဆီကနေ ၁၀ ယွမ်ယူပြီး သူတို့ကို ပြား ၅၀ ပေးတာကိုပဲ ငါ့သမီးက နင့်ကို ကျေးဇူးတင်ရမှာလား။ နင်လို အောက်တန်းကျတဲ့လူစားကို ငါ ရိုက်သတ်ပစ်မယ်..."

အဘွားကြီးဝမ်၏ မျက်နှာမှာ ပါးတရစပ် အရိုက်ခံရသဖြင့် ဖူးယောင်နေခဲ့ပြီ ဖြစ်၏။

"ငါ ပြောလိုက်မယ်... နင် မနက်ဖြန် သေချာပေါက် ကွာရှင်းပေးရမယ်၊ မဟုတ်ရင်တော့ အသေအကြေ သတ်ကြတာပေါ့။ ငါ့ဘဝ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ့သမီးတွေမှာ ဒီလိုအရှက်မရှိတဲ့ လူယုတ်မာမျိုး အဖေအဖြစ် မရှိစေရဘူး။ ပြီးတော့ နင် ကွာရှင်းရုံနဲ့ ပြီးသွားမယ် မထင်နဲ့ဦး၊ ငါ ပြောပြမယ်... ဒီအိမ်က အခန်းလေးခန်းထဲမှာ ဒီနှစ်ခန်းက ငါ့အခန်းပဲ"

သူမ ဆက်၍ တောက်လျှောက်ရေရွတ်ကာ

"ငါတို့မှာ စုငွေ ၃၀၀၀ ယွမ် ရှိတယ်၊ သက်တမ်းမပြည့်သေးတဲ့ ပုံသေအပ်ငွေက ၁၀၀၀ ယွမ်၊ ပြီးတော့ နင် အပြင်မှာ ဖြုန်းတီးပစ်လိုက်တာက ၂၀၀၀ ယွမ် ရှိတယ်။ နင့်ကို ရဲစခန်းကနေ ပြန်ခေါ်ဖို့အတွက် ငါတို့ သူများဆီကနေ ၂၀၀ ယွမ်တောင် ချေးခဲ့ရသေးတာ။ နင် ပိုက်ဆံတွေ ဖြုန်းပစ်လိုက်ရုံနဲ့ အားလုံး ပြီးသွားပြီလို့ မထင်နဲ့၊ အမှားလုပ်တာ နင်ပဲ၊ ငါ မဟုတ်ဘူး။ နင် အိမ်ပဲရောင်းရောင်း၊ သူများဆီကပဲ ချေးချေး... ငါ ဂရုမစိုက်ဘူး။ ဒီချေးထားတဲ့ ၂၀၀ ယွမ်ကို နင် ပြန်ဆပ်ရမယ်။ ဘဏ်စာအုပ်က ငါ့အပိုင်ပဲ၊ ပြီးတော့ နင် ငါ့ကို ၂၀၀၀ ယွမ် ပြန်လျော်ပေးရမယ်။ နင့်ကို ငါ ခုနစ်ရက် အချိန်ပေးမယ်။ နင် သူများဆီက ပိုက်ဆံချေးပြီး ပေးပေး၊ အိမ်ရောင်းပြီး ပေးပေး... ငါ ဂရုမစိုက်ဘူး။ နင် မပေးဘဲ နေကြည့်လေ... အသေအကြေ ရင်ဆိုင်ပစ်မယ်။ ပြီးတော့ သမီးသုံးယောက်စလုံးက ငါ့သမီးတွေပဲ... နင် သူတို့အတွက် တစ်လကို စရိတ် ၁၅ ယွမ် ပေးရမယ်။ အားလုံးကို စာချုပ်ထဲမှာ အသေသေချာချာ ရေးမှတ်ထားပြီးသား..."

ဝမ်မေ့လန် တရစပ် ပြောဆိုနေသည်ကို ဘေးမှ ဝိုင်းကြည့်နေသော လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြရသည်။

"သူ့မိသားစုမှာ စုငွေ တော်တော်များတာပဲ။"

"ဝါး... တကယ် ချမ်းသာတာပဲ။ စုငွေ ၃၀၀၀ ယွမ်တောင် ရှိတာ၊ ငါ့မှာ ၃၀၀ တောင် မရှိဘူး"

"မင်းကလည်း ကြည့်ဦးလေ... သူတို့က လင်မယားနှစ်ယောက်စလုံး အလုပ်သမားတွေလေ၊ ပြီးတော့ ဝမ်မေ့လန်က အဆင့် ၅ ရှိတဲ့ ဝါရင့်အလုပ်သမားဥစ္စာ"

"အဲဒါတော့ ဟုတ်တယ်၊ ဒါကြောင့် သူတို့မှာ ဒီလောက် ပိုက်ဆံရှိတာ ပုံမှန်ပါပဲ။"

"ဝမ်ကျန့်ကော်က ဒီတစ်ခါ အပြင်မှာ ၂၀၀၀ ယွမ်ကျော်တောင် အလိမ်ခံလိုက်ရတာလား။ ဝါး... အများကြီးပဲ... ငါသာဆိုရင်တော့ ရင်ကျိုးရမှာ သေချာတယ်"

"ဝမ်မေ့လန် တောင်းတာက နည်းနည်း များလွန်းသလိုပဲ။"

"ဘာပဲဖြစ်ဖြစ် ‘လင်မယားတစ်ရက် နေဖူးရင် ဆယ်ရက် သံယောဇဉ် ရှိတယ်’ ဆိုတာပဲ၊ သူမဘက်က နည်းနည်း လွန်သွားတာပေါ့။"

"လျှောက်မပြောစမ်းပါနဲ့အေ၊ ဒါက နည်းနည်းလေးမှ မလွန်သေးဘူး။ ဝမ်ကျန့်ကော် လုပ်ထားတဲ့ အလုပ်ကိုလည်း ကြည့်ဦးလေ။ သူက အဘွားကြီးတွေနဲ့ သွားအိပ်တာလေ၊ တော်တော် ရွံစရာကောင်းတာ... ဘယ်သူက ခံနိုင်မှာလဲ။ ဒါတင်မကဘူး... သူက လေးယောက်စလုံး အတူတူ ပတ်သက်ချင်လို့ အလိမ်ခံလိုက်ရတာလေ။ တွေးကြည့်ရင်တင် တော်တော် စက်ဆုပ်ဖို့ကောင်းတယ်။ ငါသာ ဝမ်မေ့လန်နေရာမှာဆိုရင် ရူးသွားတာ ကြာပြီ။ အခုလည်း အဲဒီလို ဖြစ်သွားတာပဲ မဟုတ်လား။ အမှားမလုပ်တဲ့သူတွေကျတော့ ဘာလို့ ဒုက္ခခံရမှာလဲ"

"ဟင်း... နင်ပြောတာလည်း ဟုတ်တာပဲ။"

"သေချာပေါက် ဟုတ်တာပေါ့။"

လူအုပ်ကြီး တစ်ယောက်တစ်ပေါက် တီးတိုး ဝေဖန်နေကြစဉ် ဝမ်ကျန့်ကော်မှာ

"ဝမ်မေ့လန်... မင်း သိပ်ပြီး မလွန်ပါနဲ့။ မင်းက ဒီလောက်အထိ သွေးအေးရက်စရာ လိုလို့လား။ မင်းက..."

သို့သော် ဝမ်မေ့လန် သူ့ကို ခြေထောက်ဖြင့် တရစပ် ကန်ကျောက်လိုက်ရင်း အော်ဟစ်လိုက်၏။

"ငါ့ကို လာပြီး ရွှေပြည်အေး တရားအကြောင်းတွေ လာမဟောနဲ့၊ ဝမ်ကျန့်ကော်။ နင် ငြင်းချင်ရင် ငြင်းကြည့်လေ... နင် ကြောက်မလား၊ ငါ ကြောက်မလားဆိုတာ ကြည့်ကြသေးတာပေါ့..."

သူမသည် ဝမ်ကျန့်ကော်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ၊ ဝမ်ကျန့်ကော်မှာ လိပ်ပြာမလုံသဖြင့် မျက်နှာကို အသာလွှဲသွားတော့သည်။

သူတို့သည် လင်မယားအဖြစ် နှစ်ပေါင်းများစွာ အတူနေလာခဲ့ကြပြီး သူသည်လည်း ပစ္စည်းဝယ်ယူရေးဌာနတွင် လုပ်ကိုင်သူဖြစ်ရာ ကွယ်ရာတွင် မရိုးမသား လုပ်ဆောင်ချက်အချို့ သေချာပေါက် ရှိခဲ့ဖူး၏။ အပြင်လူများ မသိနိုင်သော်လည်း ဇနီးဖြစ်သူ ဝမ်မေ့လန်မှာ အားလုံးကို အသေသေချာချာ သိရှိထားပေသည်။ သူမ ဤသို့ ပြောဆိုခြင်းမှာ အမှန်စင်စစ်အားဖြင့် သူမတွင် သူ့ကို နှိပ်ကွပ်နိုင်မည့် အချက်အလက်များ ရှိနေကြောင်း သတိပေးလိုက်ခြင်းသာ ဖြစ်၏။

ဝမ်ကျန့်ကော်သည် အသက်ကို ပြင်းပြင်းရှူလျက် သက်ပြင်းချလိုက်ရသည်။

ဝမ်မေ့လန် သမီးသုံးယောက်ဘက်သို့ လှည့်ကာ

"အမေနဲ့ လိုက်ခဲ့ကြ၊ ဒီည အဘွားအိမ်မှာ သွားအိပ်မယ်"

သမီးသုံးယောက်ဖြစ်သော နာ့နာတို့မှာ ခေါင်းညိတ်ပြပြီး ပစ္စည်းများ သွားရောက်သိမ်းဆည်းကြတော့၏။

"ကျေးဇူးမသိတဲ့ မိန်းမလည်မတွေ..."

အဘွားကြီးဝမ်မှာ အကြီးအကျယ် ဒေါသထွက်နေရှာသည်။ ကလေးအငယ်နှစ်ယောက်မှာ မည်သည့်အခါမျှ အားကိုး၍မရသော်လည်း အကြီးဆုံးကလေး နာ့နာကိုမူ သူမ၏ လက်အောက်တွင် ထိန်းချုပ်ထားနိုင်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်၏။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ထိုမိန်းကလေးမှာ မိမိကို ဝင်မကူညီလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

သို့သော် သူမ မတွေးမိသည်မှာ နာ့နာသည် အသက် ၁၄ နှစ်အရွယ် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ စကားနာထိုးတတ်သည့် အရွယ်ဖြစ်သော်လည်း အခြေအနေမှန်ကိုမူ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်း ရှိနေခြင်းပင်… သူမသည် ညီမငယ်နှစ်ယောက်ထက် ကိစ္စရပ်များကို ပို၍ သဘောပေါက် နားလည်ပေသည်။

ထိုအသက်အရွယ်တွင် မိန်းကလေးများမှာ မတရားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တတ်ကြရာ၊ သူမသည် အဘွားကြီးဘက်မှ မရပ်တည်နိုင်သလို၊ မိမိအဖေဘက်မှလည်း မလိုက်နိုင်ချေ။ ယခုအခါ ဖခင်ဖြစ်သူမှာ ဤကဲ့သို့ ရှက်ဖွယ်အလုပ်မျိုး လုပ်ဆောင်ခဲ့သဖြင့် ထိုမိန်းကလေးမှာ ဒေါသလည်းထွက်၊ အရှက်လည်းရကာ မျက်နှာတစ်ခုလုံး ပန်းသီးနီကြီးကဲ့သို့ နီမြန်းလျက် မျက်ဝန်းများတွင် ဒေါသအဟုန်များ တောက်လောင်နေခဲ့၏။

ထိုအချိန်တွင် မည်သူမျှ သူမကို ဖျောင်းဖျ၍ ရနိုင်မည်မဟုတ်ပေ။အကယ်၍ မိခင်ဖြစ်သူမှာ ဖခင်နှင့် မပြတ်စဲဘဲ နေမည်ဆိုလျှင်ပင် သူမကိုယ်တိုင် အကြီးအကျယ် သောင်းကျန်းမည့် ပုံစံမျိုး ဖြစ်နေသည်။ ဝမ်မေ့လန် ပြတ်သားပြီး စောစောစီးစီး ဆုံးဖြတ်ချက်ချလိုက်သောကြောင့်သာ နာ့နာတစ်ယောက် ဒေါသထွက်ခွင့် မရလိုက်ခြင်း ဖြစ်၏။

ဝမ်မေ့လန် : "အဖေ... လူတွေကို ခေါ်ပြီး ပစ္စည်းတွေအကုန်လုံးကို အပြင်ကို သယ်ထုတ်လိုက်ကြစို့။ သူတို့အတွက် ဘာမှ ချန်မထားခဲ့နဲ့"

သူမ ဆက်၍ ကြေညာလိုက်ကာ

"ငါ့ရဲ့ အခန်းနှစ်ခန်းကိုလည်း ငါ ရောင်းပစ်မယ်။ ကွာရှင်းပြီးရင် ငါ ဒီနေရာမှာ ဆက်မနေတော့ဘူး၊ မြင်ရတာတင် တော်တော် စက်ဆုပ်ဖို့ကောင်းတယ်။ တကယ်လို့ တစ်ယောက်ယောက်က ဝယ်ချင်တယ်ဆိုရင် ငါ့ကို လာပြောလို့ရတယ်။ ငါ ၁၂၀၀ ယွမ်နဲ့ ရောင်းမယ်"

"သူမစကားကို မနားထောင်ကြနဲ့... ငါ သဘောမတူဘူး... လုံးဝ သဘောမတူဘူး... ငါ... အား..."

ဝမ်မေ့လန်၏ မောင်ဖြစ်သူမှာ ထိုအဘွားအိုအား ကြည့်လေ ရွံလေဖြစ်လာသဖြင့် သူမအား ခြေထောက်ဖြင့် တစ်ချက်ကန်ကာ နှာခေါင်းရှုံ့လိုက်သည်။ ဝမ်မေ့လန်၏ မိသားစုသည် တခမ်းတနား ရောက်ရှိလာခဲ့ပြီး ပြန်သွားသောအခါတွင်လည်း တခမ်းတနားပင် ဖြစ်၏။ သူတို့သည် စက်ဘီး၊ ဗီရိုများမှအစ အိုးခွက်ပန်းကန်များအဆုံး အကုန်လုံးကို သိမ်းကျုံးယူငင်သွားကြသည်။

ရွာတစ်ရွာကို ဂျပန်တွေ ဝင်ရောက်စီးနင်းသွားသည့်အလား ဘာတစ်ခုမှ ချန်မထားခဲ့ကြပေ။

အဘွားကြီးဝမ်သည် မိမိ၏ ပေါင်ကို ရိုက်လျက် အော်ဟစ်ငိုယိုနေတော့၏။

"အမလေး... ဒုက္ခပါပဲတော်... ရက်စက်လိုက်တဲ့ မိန်းမ... ဒါ ဘယ်လို ချွေးမမျိုးလဲဟင်"

သူမ ထိုသို့ အော်ဟစ်ငိုယိုနေစဉ် ချန်ချင်းယွီသည် ထိုအဖြစ်အပျက်ကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်ပြီး

"အမေ... အိမ်ပြန်ကြရအောင်"

"ငါ ခဏလောက် ထပ်ကြည့်

ချင်သေးတယ်"

အဘွားကီုးကျောက် ဆိုပြီးနောက် တဟီးဟီး ရယ်မောရင်း ပြောလိုက်၏။

"အိမ်ပြောင်းသွားပြီးတဲ့နောက် ဒီလောက် ပြောင်သလင်းခါနေတဲ့ အိမ်မျိုးကို အခုမှ ပထမဆုံး မြင်ဖူးတာပဲ"

ချန်ချင်းယွီ : "အိမ်ပြန်ကြစို့၊ ရှင့်ကို ပြောစရာ ရှိလို့ပါ"

အဘွားကြီးကျောက်: "ဟင်... အင်းပါ၊ ကောင်းပြီလေ။"

သူမသည် ချန်ချင်းယွီနောက်သို့ ချက်ချင်း လိုက်ပါသွားတော့သည်။

လီလင်းလင်းသည် သူတို့နှစ်ဦးကို ကြည့်ရင်း နှုတ်ခမ်းကို စုချွန်

လိုက်မိ၏။

အဘွားကြီးကျောက်က ချန်ချင်းယွီစကားကို နားထောင်နေတာလား…

‘ငါ ထင်တဲ့အတိုင်းပဲ... ချန်ချင်းယွီက ဟန်ဆောင်တဲ့နေရာမှာ အတော်ဆုံးပဲ’

ဤသို့ဖြစ်လာလိမ့်မည်ဟု သူမ တကယ်ကို မျှော်လင့်မထားခဲ့မိချေ။

ချန်ချင်းယွီသည် လီလင်းလင်း ဘာပြောမည်ကို ကြောက်ရွံ့နေသူ မဟုတ်ပေ။ သူမသည် အဘွားကြီးကျောက်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ပြီး အိမ်ထဲရောက်သည်နှင့် တစ်ပြိုင်နက် ဝမ်းသာအားရ ပြောလိုက်သည်။

"အမေ... အခွင့်အရေး ရောက်လာပြီ... ကျွန်မတို့ အခု အိမ်ဝယ်လို့ရပြီ..."

သူမ၏ တုံ့ပြန်မှုမှာ အလွန် မြန်ဆန်လှပေသည်။

အဘွားကြီးကျောက်: "ဟင်..."

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပေါင်ကို ရိုက်လျက်

"ဟုတ်တယ်၊ ဟုတ်တယ်... ငါတို့ အိမ်ဝယ်လို့ရပြီပဲ..."

ချန်ချင်းယွီ: "၁၂၀၀ ယွမ် ဆိုတာက ပေါက်ဈေးပဲလားဟင်။"

အဘွားကြီးကျောက် ခဏမျှ စဉ်းစားပြီးနောက်

"ပေါက်ဈေးထက်တော့ နည်းနည်း ပိုများတယ်၊ ဒါပေမဲ့ ဒီလိုမျိုး တွက်လို့မရဘူးလေ။ အခု ပညာတတ်လူငယ်တွေက မြို့ပေါ် ပြန်ရောက်လာကြတော့ အိမ်တိုင်းက နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေကြတာ။ အခုချိန်မှာ ဈေးပေါပေါနဲ့ ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒီလောက် သင့်တော်တဲ့ ဈေးမျိုးနဲ့ဆို ပိုလို့တောင် မရနိုင်ဘူး။ အခုဟာက ငါတို့ အိမ်တံခါးဝကို အခွင့်အရေးက ရောက်လာတာပဲ"

ချန်ချင်းယွီ ခေါင်းညိတ်ကာ

"အဲဒါလည်း ယုတ္တိရှိတာပဲ"

အမှန်ပင်… မည်သည့်အချိန်၊ မည်သည့်ခေတ်ကာလတွင်ဖြစ်စေ နေရာထိုင်ခင်းဟူသည် အမြဲတမ်း ထိပ်တန်း ဦးစားပေး ဖြစ်စမြဲပင်။

"ဒါဆို မနက်ဖြန်ကျ ငါ ဝမ်မေ့လန်ဆီ သွားပြီး ဒီကိစ္စကို သူများတွေ မဦးခင် အမြန်ဆုံး အပြီးသတ်ပေးဖို့ အကူအညီ သွားတောင်းလိုက်မယ်"

အဘွားကြီးကျောက် ချက်ချင်းပင် ဆို၏။

သူမသည် ယခုအခါ မိမိ၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း နားလည်နေပြီ ဖြစ်သည်။ သူမ၏ အခန်းကဏ္ဍမှာ ချန်ချင်းယွီ၏ လက်ရုံးတပည့်အဖြစ် နေထိုင်ကာ ငွေမကုန်ဘဲ လုပ်အားပေးခြင်းဖြင့် အကျိုးအမြတ်များ ရယူရန်ပင် ဖြစ်၏။ ယောက္ခမဆိုသည့် ဂုဏ်ပုဒ်တစ်ခုတည်းကို အားကိုးနေ၍မရပေ။ ထိုအရူးမမှာ လွယ်လွယ်နှင့် သွားစ၍ရမည့်သူ မဟုတ်မှန်း သူမ ကောင်းကောင်းသိသည်။ ချန်ချင်းယွီသည် ဤနှစ်များတစ်လျှောက်လုံး သူမကို လက်ဖျားနှင့်တောင် မတို့ခဲ့ဖူးပေ။

မည်သို့ပင်ဆိုစေကာမူ အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အမြဲလိုလို အသုံးပြုတတ်သော ဉာဏ်နီဉာဏ်နက်များကို ကောင်းစွာ သိရှိထားသည်။ ချန်ချင်းယွီသည် သွားစ၍မရသူမှန်း သိထားသဖြင့် အဘွားကြီးကျောက်သည် အလွန်ပင် ဉာဏ်အမြော်အမြင် ရှိလှ၏။

သူမ ဘာကို လိုချင်တာလဲ…

သူမ လိုချင်သည်မှာ အိုဇာတာ ကောင်းကောင်းဖြင့် အေးချမ်းစွာ နေထိုင်ရန်၊ ကောင်းကောင်းစားပြီး ကောင်းကောင်းသုံးရန်သာ ဖြစ်သည်။ ချန်ချင်းယွီနှင့် သူမတို့ နှစ်ပေါင်းများစွာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမှာလည်း မိသားစုဘဝ သာယာချောမွေ့စေရန်အတွက်သာ ဖြစ်၏။ ယခုအခါ ပိုမိုကျယ်ဝန်းသော နေထိုင်မှုဝန်းကျင်ဟူသည့် ဤကဲ့သို့ ကောင်းမွန်သောအရာ ရောက်ရှိလာချိန်တွင် အဘွားကြီးကျောက်သည် ချက်ချင်းပင် သဘောတူလက်ခံလိုက်တော့သည်။

"နင် ထပ်ပြောစရာ ရှိသေးလား။"

ချန်ချင်းယွီ ခေါင်းခါလိုက်သည်။

"အစ်မကြီး... အစ်မချန်... အိမ်မှာ ရှိကြလားဟင်။"

ချန်ချင်းယွီသည် ခေါင်းလေးပြူကာ ကြည့်လိုက်ပြီး

"ရှောင်ထောင်းလား"

ရှောင်ထောင်းသည် တံခါးဝတွင် ရပ်လျက် ပြုံးကာ

"ကျွန်တော်ပါ"

သူ ဆက်၍ ပြောလိုက်ကာ

"ကျွန်တော် အစ်မတို့နဲ့ တိုင်ပင်စရာလေးတစ်ခု ရှိလို့ပါ။ အားကြလားဟင်"

ကောလာဟလများကို ကြောက်ရွံ့၍ ဖြစ်ဟန်တူသည်၊ ရှောင်ထောင်းမှာ

"ကျွန်တော်တို့ တံခါးဝမှာပဲ ထိုင်ပြီး ပြောကြတာပေါ့" ဟု ဆိုလာ၏။

ရှောင်ထောင်းသည် အဒေါ်ကြီးမေ့၏ သားအကြီးဆုံး ဖြစ်ပြီး၊ သူရောင်းသော မြေပဲ၊ ဖရုံစေ့နှင့် သစ်ကြားသီးများမှာ အရောင်းသွက်လှပေသည်။

သူသည် ဝင်းအတွင်းရှိ ပထမဆုံး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်၏။

ချန်ချင်းယွီ: "ကောင်းပြီလေ"

မနက် နှစ်နာရီ၊ သုံးနာရီ အချိန်ကြီး တံခါးဝတွင် ထိုင်ကာ စကားစမြည် ပြောနေကြသည်မှာ အံ့ဩစရာပင်။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ နှစ်ဦးစလုံး အပြင်ထွက်လာခဲ့ကြရာ ရှောင်ထောင်းသည် တစ်ယောက်တည်း မဟုတ်ဘဲ အဒေါ်ကြီးမေလည်း ပါလာကြောင်း တွေ့ရသည်။

သူတို့လေးဦး ခွေးခြေခုံလေးများပေါ်တွင် ထိုင်လိုက်ကြ၏။ အဘွားကြီးကျောက် နားမလည်နိုင်စွာဖြင့်

"ဘာကိစ္စရှိလို့ ဒီလောက်တောင် အရေးတကြီး လာရတာလဲ။ မနက်ဖြန်မှ ပြောလို့ မရဘူးလား"

ရှောင်ထောင်း လေသံတိုးတိုးဖြင့်

"ကျွန်တော် အစ်မမေ့လန်ရဲ့ အိမ်ကို ဝယ်ချင်လို့ပါ"

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်သည်။

သူတို့ တုံ့ပြန်မှု မပေးနိုင်မီမှာပင် ရှောင်ထောင်း ဆက်၍

"အစ်မတို့ မိသားစုက အိမ်ဝယ်ချင်နေတာကို ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော် လာပြီး တိုင်ပင်ရတာပါ၊ အမှန်အတိုင်းပြောရရင် ကျွန်တော့် မိသားစုကလည်း အိမ်ဝယ်ချင်နေတာပါ။ ဒါပေမဲ့ ပိုက်ဆံ အလုံအလောက် မရှိဘူး။ ဒါကြောင့် ကျွန်တော် အစ်မတို့နဲ့ ပူးပေါင်းချင်လို့ပါ"

ချန်ချင်းယွီ ပြုံးယောင်သမ်းလျက်

"ဘယ်လို ပူးပေါင်းမှာလဲ"

ရှောင်ထောင်း : "ကျွန်တော်က ကျွန်တော့်အိမ်ကို ရောင်းပြီး သူ့အိမ်ကို ဝယ်မယ်လို့ စဉ်းစားထားတာ။ ဒီလိုလေ... အစ်မတို့အိမ်ကော ကျွန်တော်ကော အိမ်ဝယ်ချင်နေကြတာပဲ မဟုတ်လား။ အဲဒီတော့ အစ်မတို့က ကျွန်တော့်အိမ်ကို ဝယ်လိုက်၊ ကျွန်တော်က သူ့အိမ်ကို ဝယ်မယ်... အဲဒါ ဘယ်လိုလဲ။ အစ်မ... အစ်မက ကလေးတွေ နေရာပိုကျယ်ကျယ် ရအောင်လို့ အိမ်ဝယ်ချင်တာဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်က ရှေ့ဝင်းမှာ သွားနေရင် အစ်မတို့နဲ့ နည်းနည်း ဝေးသွားမယ်လေ။ နီးတယ်ဆိုပေမဲ့ ဘေးချင်းကပ် နေရတာလောက်တော့ ဘယ်ကောင်းပါ့မလဲ….ဟုတ်တယ်မလား။ အိမ်နှစ်လုံးကို ပေါင်းပြီး ပိုကျယ်အောင် လုပ်လို့ရတာပေါ့၊ တကယ်လို့ ကြည့်မကောင်းဘူး ထင်ရင်လည်း မပေါင်းဘဲ နေလို့ရတာပဲ။ ကျွန်တော်တို့က အိမ်နီးချင်းတွေဆိုတော့ ကလေးတွေလည်း ကိုယ့်မျက်စိအောက်မှာပဲ ရှိနေမှာလေ။ ဘယ်လိုထင်လဲဟင်"

အဘွားကြီးကျောက်သည် အိမ်ကိစ္စနှင့် ပတ်သက်၍ သတင်းလိုက်လံစုံစမ်းနေခဲ့သဖြင့် ဝင်းအတွင်းရှိ လူတိုင်း ဤကိစ္စကို သိရှိနေကြခြင်း ဖြစ်၏။

ယခုကိစ္စ ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ရှောင်ထောင်းသည် မိမိ မိသားစုအနေဖြင့် လှုပ်ရှားရတော့မည်ကို သိလိုက်သည်။

ရှောင်ထောင်း ဆက်၍

"အစ်မ... အစ်မတို့ မိသားစုအနေနဲ့ ကျွန်တော့်အိမ်ကို ဝယ်တာက အရှုံးမရှိပါဘူး။ ကျွန်တော်တို့ နှစ်အိမ်စလုံးက အခန်းနှစ်ခန်းစီ ပါတာပဲလေ၊ သူ့အိမ်ကို ကျွန်တော် ဘာလို့ ဝယ်ချင်တာလဲဆိုတော့ သူ့အခန်းနှစ်ခန်းက ပိုကျယ်လို့ပါ။ ကျွန်တော့် အခန်းနှစ်ခန်းက အိမ်ကြီးတစ်လုံးထဲမှာ တွဲဆောက်ထားတာဆိုတော့ သူ့အိမ်နဲ့ တော်တော်လေး ကွာတယ်။ ကျွန်တော့် မိသားစုက လူများတော့ နေရာက တကယ်ကို မလောက်လို့ ပိုကျယ်တာကို လိုချင်တာပါ။ အမှန်အတိုင်းပြောရရင်... သူ့အခန်းနှစ်ခန်းကို ကျွန်တော် ပိုဝယ်ချင်တာက သူက အစ်မမေ့လန်ကို ယွမ်နှစ်ထောင် မလျော်ပေးနိုင်ဘူးလေ။ အဲဒီတော့ ရှေ့ဝင်းမှာ ကပ်လျက်ရှိနေတဲ့ ကျန်တဲ့ အခန်းနှစ်ခန်းထဲက တစ်ခန်းကို သူ ရောင်းချင်ရောင်းမှာပဲ... အဲဒီတော့ ကျွန်တော် စိတ်ဝင်စားသွားတာက သူသာ နောက်ထပ် တစ်ခန်း ရောင်းနိုင်ခဲ့ရင် ကျွန်တော့်အိမ်က အခုထက် အများကြီး ပိုကျယ်သွားမှာ။ သူ မရောင်းဘူးဆိုရင်တောင် သူ့အခန်းနှစ်ခန်းက ကျွန်တော့်အခန်းထက် ပိုကျယ်နေသေးတော့ ကျွန်တော့် မိသားစုက ပိုပြီး သက်သောင့်သက်သာ နေလို့ရတာပေါ့။ နှစ်ခုစလုံးက အခန်းနှစ်ခန်းစီဆိုတော့ အခန်း နည်းနည်း ကျယ်တာ ကျဉ်းတာက အစ်မတို့ မိသားစုအတွက် သိပ်ပြီး အရေးမကြီးပါဘူး။ ဒါကြောင့် ဒီကိစ္စကို လာပြီး တိုင်ပင်တာပါ"

ရှောင်ထောင်းသည် ရှေ့ဝင်းရှိ အိမ်ကိုဝယ်ရန် အံကြိတ်မှိတ်ကာ ငွေစုဆောင်းသင့်သလားဟုလည်း စဉ်းစားခဲ့သေးသည်။ သို့သော် ထိုသို့လုပ်လျှင် သူ၏ အရင်းအနှီးများ ပိုမို လျော့နည်းသွားပေလိမ့်မည်။ သူတို့၏ စီးပွားရေးလုပ်ငန်းအတွက် အရင်းအနှီး လိုအပ်သဖြင့် ကြိတ်မှိတ်ကာ ချန်ချင်းယွီထံ လာရောက်ဆွေးနွေးရခြင်း ဖြစ်၏။

ရှောင်ထောင်း ဆက်၍

"ကျွန်တော့်အိမ်က ဒီအခန်းနှစ်ခန်းဆို တစ်ထောင်ယွမ်ပဲ ကျမှာ။ ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက်ပဲဆိုတော့... ယွမ်နှစ်ရာ သက်သာတဲ့အပြင် ပိုပြီး နီးနီးကပ်ကပ်လည်း နေရတော့ တကယ်ကို ကောင်းပါတယ်ဗျာ။ ဘယ်လိုသဘောရလဲ အစ်မ"

သူသည် တောက်လျှောက် ပြောဆိုနေသော်လည်း ချန်ချင်းယွီမှာ တိတ်ဆိတ်နေသည်။ သူ အနည်းငယ် အနေရခက်သွားမိ၏။ စီးပွားရေးလုပ်ငန်းတွင် စကားပြောသွက်သူ ဖြစ်သော်လည်း ဤကဲ့သို့ ကြီးမားသော ကိစ္စရပ်ကို ဆွေးနွေးရာတွင်မူ အတော်လေး စိတ်လှုပ်ရှားနေမိသည်။

အကယ်၍ ချန်ချင်းယွီသာ ရှေ့ဝင်းရှိ အိမ်ကို တကယ် ဝယ်ချင်လျှင် သူထက်ပို၍ တတ်နိုင်ကြောင်းကို သူ သိ၏။

သူ စီးပွားရေးကို စောစော စတင်ခဲ့သော်လည်း အရင်းအနှီးနှင့် အတွေ့အကြုံ နည်းပါးလှသည်။ အထည်အလိပ်လုပ်ငန်းနှင့် မတူချေ။ စီးပွားရေးလောကတွင် အထည်အလိပ်လုပ်ငန်းမှာ အကျိုးအမြတ် ပိုများကြောင်းကို သူ သိရှိထား၏။

"ကျွန်တော် ဒီလောက်အများကြီး ပြောနေတာ နည်းနည်းတော့ နားငြီးစရာ ကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးအတွက် တကယ်ကို အကျိုးရှိမယ်လို့ ထင်လို့ပါ။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က အစ်မတို့နဲ့ ပိုနီးနီးကပ်ကပ် နေလို့ရတာပေါ့။ မဟုတ်ရင် သူတို့ရဲ့ ဘယ်ဘက် အိမ်နီးချင်းက ဝမ်ကျန့်ကော်၊ တံခါးချင်းဆိုင် အိမ်နီးချင်းက လီချန်ရွှမ်းရဲ့ မိသားစု ဖြစ်နေမှာ။ အဲဒါက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လောက်တောင် ထိခိုက်စေလဲဆိုတာ အစ်မ စဉ်းစားကြည့်ပါဦး... ဒါပေမဲ့ ဒုတိယဝင်းမှာ နေရတာကတော့ ကွာတယ်။ သူတို့က အချိန်တိုင်း အစ်မရဲ့ မျက်စိအောက်မှာပဲ ရှိနေမှာလေ။ ပြီးတော့ ယွမ်နှစ်ရာလည်း သက်သာသေးတယ်။ ယွမ်နှစ်ရာ သက်သာတယ်ဆိုရင် ကလေးတစ်ယောက်ကို ယွမ်တစ်ရာစီ ပေးလို့ရတယ်၊ ကလေးတွေဆို တစ်နှစ်လုံး ပျော်နေတော့မှာ။"

ချန်ချင်းယွီ တခစ်ခစ် ရယ်မောလိုက်ပြီး

"မင်းက လူတွေကို ဆွဲဆောင်တဲ့နေရာမှာ တော်တော် တော်တာပဲ"

ရှောင်ထောင်း ပြန်လည်၍

"ကျွန်တော့် မိသားစု ပိုကျယ်တဲ့ နေရာမှာ နေရဖို့အတွက် တတ်နိုင်သမျှ ဆွဲဆောင်နိုင်အောင် ကြိုးစားရတာပေါ့ဗျာ။ အမှန်အတိုင်းပြောရရင် အစ်မတို့နဲ့ အပြိုင်ဝယ်ရမယ်ဆိုရင် ကျွန်တော် မနိုင်ပါဘူး။ ကျွန်တော့် မိသားစုက ၁,၂၀၀ ယွမ် ထုတ်ပေးနိုင်ပေမဲ့ တအား ကပ်သီးကပ်ဖဲ့ ဖြစ်သွားလိမ့်မယ်။ ကျွန်တော့် စီးပွားရေးအတွက်က ငွေလှည့်ဖို့ လိုတယ်လေ။ တကယ်လို့ ပြိုင်ဝယ်ကြလို့ သူတို့က ဈေးတင်လိုက်ရင် ကျွန်တော့်မှာ အခွင့်အရေး လုံးဝ မရှိတော့ဘူး။ ဒါကြောင့် ဒီနည်းလမ်းကလွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ပြီးတော့ ကျွန်တော် ထင်တာက..."

"သူ့အိမ်ကို အစ်မ ဝယ်တာထက် ကျွန်တော် ဝယ်တာက ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။"

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ကာ မေးလိုက်မိ၏။

"ဘယ်လိုဖြစ်လို့လဲ"

ရှောင်ထောင်း: "ဝမ်မေ့လန်က အကြောင်းအကျိုး သိတတ်တဲ့သူ ဖြစ်ပေမဲ့ သူမနဲ့ ဝမ်ကျန့်ကော်က လက်ထပ်လာတာ ဆယ်စုနှစ်တစ်ခုမက ကြာပြီဆိုတော့ သံယောဇဉ် ရှိနေတုန်းပါပဲ။ ဒီကိစ္စမှာ အစ်မရဲ့ အပြစ် လုံးဝ မပါဘူးလို့ ပြောလို့မရဘူးလေ... သူမ တွေးမိရင် တွေးမှာပေါ့... အစ်မသာ စီးပွားရေးလုပ်ပြီး ပိုက်ဆံမရှာနိုင်ခဲ့ရင် ဝမ်ကျန့်ကော်ကလည်း လိုက်လုပ်မှာ မဟုတ်ဘူးလို့။ သူသာ လိုက်မလုပ်ဘူးဆိုရင် ကွမ်ကျိုးကို သွားစရာ အကြောင်းမရှိဘူး၊ ဒါဆို ဒီလိုကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး။ သူ့မိသားစုလည်း အခုထိ သာယာနေဦးမှာပဲလို့လေ။ ဝမ်မေ့လန်က မကောင်းတဲ့သူတစ်ယောက် မဟုတ်ရင်တောင်... ဒီလောက် နှစ်တွေအကြာကြီး ပတ်သက်ခဲ့တဲ့ ဆက်ဆံရေးမျိုးမှာ သူမက အစ်မအပေါ် အငြိုးမထားဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ အစ်မသာ ဘူတာရုံမှာ ဝမ်ကျန့်ကော်ကို ထားမသွားခဲ့ဘူးဆိုရင် သူ ကုန်ပစ္စည်းတွေ အောင်အောင်မြင်မြင် သယ်လာနိုင်ကောင်းရဲ့လို့ သူမ တွေးမိနိုင်သေးတယ်။ အခုတော့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ သူက ပိုက်ဆံလည်း ရှုံးတယ်၊ လင်လည်း ဆုံးရှုံးရတယ်။ သာယာနေတဲ့ မိသားစုလေး တစ်မုဟုတ်ချင်း ပျက်စီးသွားပြီလေ။ လူတွေက အငြိုးထားတတ်ကြတယ်ဗျ"

သူ အလေးအနက်ထား၍ ပြောဆိုနေခြင်း ဖြစ်သည်။

အဘွားကြီးကျောက်: "…."

"မင်းကို ကြည့်ရတာ အကြောင်းပြချက်တွေ ဖန်တီးတဲ့နေရာမှာ တော်တော် တော်တာပဲ။ ဘာလဲ... ငါတို့ အပြိုင်မဝယ်အောင်လို့ ဒီလိုစကားမျိုးတွေ လာပြောနေတာလား"

ရှောင်ထောင်း : "မဟုတ်ဘူး အဘွားကျောက်ရဲ့၊ ကျွန်တော် ပုံကြီးချဲ့ပြောနေတာ မဟုတ်ပါဘူး။ သေသေချာချာ စဉ်းစားကြည့်လေ၊ အဘွားတို့ အိမ်ဝယ်မယ့်သတင်းက ထွက်နေတာ ကြာပြီမဟုတ်လား။ တစ်ဝင်းလုံးလည်း သိနေကြတာပဲကို၊ ပြီးတော့ သူမဘက်ကလည်း ဒီလောက်အထိ အရေးတကြီး ဖြစ်နေစရာ မလိုဘူးလေ။ ဒါဆို ဘာလို့ ဒီနေ့မှ ရုတ်တရက်ကြီး အိမ်ရောင်းမယ်လို့ ထွက်ပြောရတာလဲ၊ သူမ တမင်သက်သက် အဘွားတို့ကို လာဆွတာလည်း ဖြစ်နိုင်တာပဲ။ သူမမိသားစု ဘာဖြစ်သွားလဲဆိုတာက အဘွားတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာ လူတိုင်းသိပေမဲ့ လူ့စိတ်ဆိုတာ ဆန်းကြယ်တယ်လေဗျာ၊ သူမက အဘွားတို့အပေါ် ဒေါသပုံချလာတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ကျွန်တော်က ကြားထဲကနေ သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ တကယ် တွေးမိလို့ ပြောတာပါ။ သူမက ၁၂၀၀ ယွမ်လို့ ဈေးခေါ်ထားပေမဲ့ အဘွားတို့ တကယ်သွားညှိနှိုင်းတဲ့အချိန်ကျမှ နောက်ဆုံးမိနစ်မှာ ဈေး တမင်တက်ပစ်တာမျိုးလည်း လုပ်နိုင်တယ်လေ"

ချန်ချင်းယွီသည် ပခုံးတစ်ချက်တွန့်လိုက်ပြီး ယုံသည်လည်းမဟုတ်၊ မယုံသည်လည်းမဟုတ်သည့် အမူအရာမျိုး ပြုလုပ်လိုက်၏။

ဘယ်လိုပြောရမလဲ…

ဘယ်အရာမဆို ဖြစ်နိုင်ခြေ ရှိတာပဲ ဟုတ်လား…

ဝမ်မေ့လန် အိမ်ရောင်းဖို့ တကယ် စိတ်မကူးထားတာလည်း ဖြစ်နိုင်သလို၊ ရှောင်ထောင်း ပြောသလို သူမ မိသားစုအပေါ် တကယ်ပဲ မကျေမနပ် ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ…

သူမအနေဖြင့် ရှောင်ထောင်း ပြောသည့် စကားတစ်ခွန်းကို ပို၍ သဘောတူမိသည်~~~ လူ့စိတ်ဆိုသည်မှာ ဆန်းကြယ်လှသဖြင့် ဝမ်မေ့လန် ဤကိစ္စကို သန့်သန့်ရှင်းရှင်းနှင့် ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ခဲ့သော်လည်း သူမအနေဖြင့် သူတစ်ပါးအပေါ် ဒေါသပုံမချဘူးဟု ကောက်ချက်ချ၍ မရနိုင်ပေ။

‘ဒါပေမဲ့ ကြည့်ရတာ ရှောင်ထောင်းက တကယ်ကို စီးပွားရေးအမြင် ရှိတာပဲ။ စကားပြောတာလည်း တကယ့်ကို ဆွဲဆောင်မှုရှိလွန်းလို့ ငါတောင် နားထောင်မိသွားရတယ်။’

သို့သော် ချန်ချင်းယွီသည် ထိုအခြင်းအရာကို အပြင်ပန်းတွင် သိပ်ပြီး အထင်အရှား မပြသဘဲ

"သူတို့ ကွာရှင်းတာတောင် အတည်မဖြစ်သေးဘူး။ ဝမ်မေ့လန်က အဲဒီအခန်းနှစ်ခန်းကို သေချာပေါက် ရမယ်လို့ မင်း တကယ် စိတ်ချနေတာလား"

ရှောင်ထောင်း လေသံကို ထပ်မံနှိမ့်လိုက်ပြီး

"စိတ်ချပါတယ်ဗျာ။ အစ်မမေ့လန်က သူ့ကို ခြိမ်းခြောက်ထားတာပဲ မဟုတ်လား။ သူ လုံးဝ မလုပ်ရဲပါဘူး"

‘သေချာတာပေါ့... အပြင်မှာ လည်ဝယ်သူတွေ ရှိနေတာပဲ။ ရှောင်ထောင်းက ချက်ချင်း သဘောပေါက်သွားတာပဲ။’

"ကျွန်တော် တွေးမိတာက... သူမက ဒီလိုအချိန်မျိုးမှာတောင် ဝမ်ကျန့်ကော်အတွက် ထွက်ပေါက်တစ်ခု ချန်ပေးထားသေးတယ်ဆိုတော့ သူ့အပေါ် သံယောဇဉ် နည်းနည်း ရှိနေသေးလို့ပဲ။ ဒါကြောင့် သူမရဲ့ ဒေါသတွေကို သူတစ်ပါးအပေါ် လွှဲချလာနိုင်တာ"

အဒေါ်ကြီးမေ့ အံ့ဩတကြီးဖြင့်

"နင်က အဲဒါကို ထွက်ပေါက်ချန်ပေးတယ်လို့ ခေါ်တာလား။ သူမ ဒီလောက်အထိ သောင်းကျန်းသွားတာကို..."

ရှောင်ထောင်း : "သေချာပေါက် ထွက်ပေါက်ချန်ပေးတာပေါ့ အမေရဲ့... ဒါက သူမ သက်သက် ပြဿနာရှာနေတာမှ မဟုတ်တာ။ သူ ဘာတွေ လုပ်ထားလဲဆိုတာကို အခု လူတိုင်း သိသွားကြပြီလေ ဟုတ်တယ်မလား။ ချဲယုံချန်းက ဆေးရုံမှာ အကုန် ဖွင့်ပြောလိုက်လို့ လူတိုင်း သိကုန်ကြပြီ။ ဒါပေမဲ့ ဝမ်မေ့လန်က ဝမ်ကျန့်ကော်ရဲ့ အလုပ်ခွင်က မရိုးမသား ကိစ္စတွေကို တစ်ချက်ကလေးမှ ထုတ်မပြောခဲ့ဘူးလေ၊ အဲဒါက သူ့ကို ထွက်ပေါက်ပေးလိုက်တာပဲ။ မိန်းမတွေကတော့ နူးညံ့တတ်ကြတုန်းပါပဲ။ သူမ တကယ် ဒေါသထွက်နေပြီး တကယ်ပဲ ပြတ်စဲဖို့ ဆုံးဖြတ်ထားတာ မှန်ပေမဲ့... မိသားစုကို တန်ဖိုးထားတဲ့ မိန်းမတစ်ယောက်က ကွာရှင်းပြတ်စဲသွားရတဲ့အခါ တခြားသူတွေကို အပြစ်တင်မိမလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ"

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်ပြီး

"မင်းကတော့ စကားပြော တကယ် ကောင်းတာပဲ၊ ငါ့ကိုတောင် ယုံကြည်လာအောင် ဆွဲဆောင်နိုင်တော့မယ်"

အဓိကမှာ ရှောင်ထောင်း ပြောသွားသည့်အချက်များမှာ သူမ၏ လိုအပ်ချက်နှင့် ကွက်တိဖြစ်နေခြင်းကြောင့်ပင်။

ရှေ့ဝင်းမှာ သွားနေရမည့်အပြောင်းအလဲနှင့် နှိုင်းယှဉ်လျှင် သူမသည် မိမိ၏ ကလေးကို ဘေးချင်းကပ်အခန်းမှာ ထားရသည်ကို ပို၍ သဘောကျပေသည်။ ကလေးကို မိမိအနားမှာသာ အမြဲတမ်း ပိတ်လှောင်ထားချင်၍ မဟုတ်ပေ၊ ရှောင်ထောင်း ပြောသကဲ့သို့ပင် သူတို့၏ အိမ်နှစ်လုံး ကပ်လျက်ရှိနေပြီး ဘေးချင်းကပ်မဟုတ်ဘဲ ထောင့်စွန်းအခန်း နှစ်ခန်း ဖြစ်နေသော်လည်း အခန်းချင်း ပေါင်းစပ်လိုက်လျှင် ပို၍ အဆင်ပြေသွားမည် ဖြစ်၏။

သူမအနေဖြင့် ရှောင်ထောင်း ပြောသကဲ့သို့ ဝမ်မေ့လန် မိမိတို့အပေါ် ဒေါသပုံချမလား ဆိုသည်ကို သိပ်ပြီး စိုးရိမ်မနေဘဲ မိမိမိသားစု၏ အခြေအနေနှင့် ဘယ်အရာမှာ ပို၍ ကိုက်ညီမလဲ ဆိုသည်ကိုသာ စဉ်းစားနေခြင်း ဖြစ်သည်။

ထို့ပြင် ရှောင်ထောင်းမှာလည်း ပိုက်ဆံ ပိုမတောင်းပေ။

သူမ ပြုံးလိုက်ကာ

"ကဲပါ... မင်း ပြောတာကို ငါ သဘောတူပါတယ်။ မင်းပဲ ဝမ်မေ့လန်နဲ့ သွားစကားပြောလိုက်ပါ။ တကယ်လို့ မင်းက ရှေ့ဝင်းက အိမ်ကို ဝယ်မယ်ဆိုရင် ငါက မင်းရဲ့ အိမ်ကို ပြန်ဝယ်မယ်"

ရှောင်ထောင်းသည် အတိုင်းမသိ ဝမ်းသာသွားပြီး

"ကျေးဇူးအများကြီးတင်ပါတယ် အစ်မချန်"

သူသည် မိမိကိုယ်မိမိ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့၍ တကယ်ကို ဝမ်းမြောက်မိနေတော့သည်။ မဟုတ်လျှင် ချန်ချင်းယွီကို မည်သို့မျှ အနိုင်ရနိုင်မည် မဟုတ်ပေ။

ဤမျှ တိုတောင်းလှသော အချိန်လေးအတွင်း ချန်ချင်းယွီ ယုံကြည်လာအောင် အကြောင်းပြချက်များစွာ ရှာဖွေပြီး ဆွဲဆောင်နိုင်ခဲ့ခြင်းမှာ သူ့အတွက် အမှနိတကယ် အောင်မြင်မှုတစ်ခုပင် ဖြစ်၏။ ချန်ချင်းယွီ သဘောတူလိုက်သည်ကို မြင်ရမှသာ သူသည် စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။

"အစ်မချန်... ကျွန်တော် နားလည်ပါတယ်။ ဒီတစ်ခါတော့ အစ်မက ကျွန်တော့်အပေါ် သက်ညှာပေးတာမို့ အစ်မရဲ့ စေတနာကို ကျွန်တော် တန်ဖိုးထားပါတယ်။ နောင်ကျရင် ဘာပဲလိုလို ကျွန်တော့်ကို လှမ်းပြောပါဗျာ။ ကျွန်တော့်ကို မောင်လေးတစ်ယောက်လို သဘောထားပါ။ ကျွန်တော် ကူညီနိုင်တာ မှန်သမျှကိုသာ ခိုင်းလိုက်ပါ"

ချန်ချင်းယွီ ပြုံးလိုက်ရင်း စနောက်လိုက်သည်။

"အရင်တုန်းကတော့ မင်းက ဒီလောက်အထိ စကားပြောရလွယ်တဲ့သူ မဟုတ်ပါဘူး"

ရှောင်ထောင်း : "ဟဲဟဲ... အခုက အခြေအနေချင်း မတူတော့ဘူးလေဗျာ။ အရင်က ကျွန်တော် ကျောင်းတက်နေတုန်း ရှိသေးတာ၊ ဘွဲ့ရပြီးတော့လည်း ပိုက်ဆံရှာဖို့ပဲ အလုပ်ရှုပ်နေခဲ့ရတာ။ အခုကျတော့ အလုပ်လေးက နည်းနည်း အခြေတကျဖြစ်ပြီး အချိန်လေးလည်း ပိုထွက်လာလို့ပါ"

အဘွားကြီးကျောက် သက်ပြင်းချလိုက်ရင်း

"အဘွားကြီးမေ့ရေ... ညည်းရဲ့ သားအကြီးဆုံးက တကယ်ပဲ ညည်းနဲ့ တူတာပဲ၊ စကားပြော တော်တော် ကောင်းတယ်။ ဒါပေမဲ့ သူက ညည်းထက် အများကြီး ပိုလည်တယ်၊ ညည်းပြောသမျှ စကားတွေက အိမ်တွင်းဖြစ် အသေးအဖွဲတွေပဲ ရှိတာ။ ညည်းသား ပြောတာကျတော့ မိသားစု အကျိုးစီးပွားအတွက် အကုန်လုံး အကျုံးဝင်နေတာပဲ"

‘ဒီကလေးကတော့ စကားနိုင်လုတဲ့နေရာမှာ တကယ်ကို တော်လွန်းတာပဲ။’

အဘွားကြီးကျောက်ကိုယ်တိုင်ပင် သူ့စကားကို ယုံကြည်စပြုလာခဲ့ပြီ ဖြစ်သည်။

အမှန်တကယ်တမ်း ဝမ်မေ့လန်တွင် ထိုကဲ့သို့ အငြိုးအတေးမျိုး ရှိမရှိ ဆိုသည်ကို မည်သူမျှ အသေအချာ မပြောနိုင်သော်လည်း ရှောင်ထောင်းမှာ ဤအချက်ကို အသုံးချပြီး ချန်ချင်းယွီကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

"အစ်မချန်... တောင်ပိုင်းမှာ အခြေအနေ ဘယ်လိုရှိလဲဟင်။ အစ်မ နောက်ဆုံး နှစ်ခေါက် သွားဝယ်တုန်းက အဆင်ပြေရဲ့လား"

ရှောင်ထောင်းသည် တောင်ပိုင်းဒေသ အခြေအနေကို အမှန်စင်စစ် အနည်းငယ် စိတ်ဝင်စားနေခြင်း ဖြစ်သော်လည်း သူ့တွင် ထိုမျှအထိ အရင်းအနှီး အမြောက်အမြား မရှိသေးချေ။ သို့ဖြစ်ရာ သူသည် အသေးစားလေးမှသာ စတင်လုပ်ကိုင်နိုင်သေးသည်။

ချန်ချင်းယွီ: "တော်တော်လေး ကောင်းပါတယ်၊ သေချာ ဂရုစိုက်မယ်ဆိုရင် ပြဿနာ အများကြီး မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကုန်ပစ္စည်း သွားဝယ်တဲ့အခါ အရင်းအနှီး များများ ရှိလေ ပိုကောင်းလေပဲ။ မင်းရဲ့ နေကြာစေ့ အရောင်းအဝယ်ကော ဘယ်လိုလဲ။"

"အဆင်ပြေပါတယ်ဗျာ။ ကျွန်တော့် စီးပွားရေးက သေးပေမဲ့ အမြတ်ကတော့ ကျန်ပါတယ်။ စီးပွားရေးအကြီးကြီးတွေနဲ့တော့ မယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ 'ကိုယ့်ခေါင်းနဲ့ ဆံ့တဲ့ ဦးထုပ်ကိုပဲ ဆောင်းရတာ' မဟုတ်လား။ ကျွန်တော့်မှာ အရင်းအနှီး အများကြီး မရှိသေးဘူးလေ"

သူ လေသံကို ထပ်မံ နှိမ့်လိုက်ပြီး

"ကျွန်တော်က နေကြာစေ့တင် ရောင်းတာ မဟုတ်ဘူးနော်၊ လက်မှတ်တွေကိုလည်း ကိုင်တွယ်ပေးသေးတယ်… တကယ်လို့ အစ်မ ဘာပဲလိုလို ကျွန်တော့်ဆီ လာကြည့်လို့ရတယ်၊ ဈေးနှုန်းကိုတော့ အမှန်ကန်ဆုံး ပေးမယ်လို့ အာမခံပါတယ်ဗျာ"

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ရင်း

"အို... ဟုတ်လား။"

ရှောင်ထောင်း: "တကယ်ပြောတာပါ အစ်မ။ မှောင်ခိုစျေးသည်လို့ ပြောရင် နားထောင်လို့ မကောင်းဘူးလို့ မထင်လိုက်နဲ့ဦး၊ ကျွန်တော်တို့က တကယ့် ငွေအစစ်ကို ရှာနေတာ။ အရင်တုန်းက မှောင်ခိုဈေးကွက်ကို ဘာလို့ ဒီလောက်အထိ အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ခဲ့လဲဆိုတာ အခုမှ ကျွန်တော် ကောင်းကောင်း သဘောပေါက်တော့တယ်။ အမြတ်က တကယ်ကို များလွန်းလို့ဗျ။"

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်၏။

ရှောင်ထောင်းသည် လေလုံးထွားပြီး ကြွားဝါတတ်သော်လည်း သူပြောသည့် စကားများမှာ တကယ့်ကို ပွင့်လင်းရိုးသားလှပေသည်။

သူမ လေသံတိုးတိုးဖြင့်

"မင်းဆီမှာ တီဗီဝယ်ခွင့်လက်မှတ်ကော ရှိလား"

ရှောင်ထောင်း: "........."

သူ မချိပြုံး ပြုံးလိုက်ရင်း

"အမလေး... ကျွန်တော့်ရဲ့ အစ်မချန်၊ ကျွန်တော့်ရဲ့ အစ်မကြီးရယ်... အစ်မကလည်း ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ… ကျွန်တော့်မှာ တကယ် မရှိလို့ပါဗျာ"

ချန်ချင်းယွီ "အို..." ဟု အသံရှည်ဆွဲလိုက်ပြီး

"မင်းလည်း မတတ်နိုင်ဘူးပေါ့"

ရှောင်ထောင်း: "..."

ပေကျင်းမြို့တစ်မြို့လုံးမှာတင် တီဗီဝယ်ခွင့်လက်မှတ် ရှိတဲ့ မှောင်ခိုပွဲစားဆိုတာ ခပ်ရှားရှားရယ်ပါဗျာ…

ထိုအရာမှာ လွယ်လွယ်နှင့် ရနိုင်သည့်အရာမျိုး မဟုတ်ပေ။ သို့သော် ရှောင်ထောင်းသည် မျက်လုံးလေး ကလည်ကလည်လုပ်ကာ

"ဒါပေမဲ့ ကျွန်တော့်မှာ နည်းလမ်းတော့ ရှိတယ်။ တီဗီလက်မှတ်က ရှားပေမဲ့... အခုတလော လူအချို့က နိုင်ငံခြားငွေလွှဲလက်မှတ်တွေ ထုတ်နေတယ်လို့ ကြားတယ်။ အဲဒီ ငွေလွှဲလက်မှတ်ကို ဝယ်ပြီး ပြည်ပအတွက်ရောင်းတဲ့ ကုန်ပစ္စည်းဆိုင်မှာ သွားဝယ်ရင် တီဗီလက်မှတ် မလိုဘဲ တီဗီဝယ်လို့ရတယ်။ ဒီငွေလွှဲလက်မှတ်က တီဗီလက်မှတ်ထက်တောင် ပိုရှားသေးတာ၊ ဒါပေမဲ့ မှောင်ခိုဈေးကွက်ထဲမှာ တချို့လူတွေ ကိုင်ထားတယ်လို့ ကြားတယ်။ တကယ်လို့ အစ်မ လိုချင်တယ်ဆိုရင် ကျွန်တော် စုံစမ်းပေးမယ်လေ"

ချန်ချင်းယွီ စိတ်ဝင်တစားဖြင့်

"ငွေလွှဲလက်မှတ် ဟုတ်လား၊ ငါတစ်ခါမှ မမြင်ဖူးဘူး"

"ကျွန်တော်လည်း မမြင်ဖူးဘူး။ ပြည်ပကုန်ပစ္စည်းဆိုင်ကို သွားဖို့ဆိုရင် အဲဒီငွေလွှဲလက်မှတ် လိုတယ်လို့ပဲ ကြားဖူးတာ။ တကယ်လို့ သွားချင်ရင် ချစ်ကြည်ရေးဆိုင်ကိုလည်း သွားလို့ရတယ်တဲ့။ အဲဒီနေရာ နှစ်ခုက နည်းနည်း ကွာခြားချက် ရှိတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဘာကွာလဲတော့ ကျွန်တော်လည်း သေချာမသိဘူး။"

တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ချင်းယွီလည်း ထိုအကြောင်းကို မသိပေ။

‘ငါတို့အားလုံးက တောသားတွေချည်းပဲမို့ တစ်ယောက်ကိုတစ်ယောက်တော့ ပြန်မနှိမ်ကြေးနော်။’

ချန်ချင်းယွီ : "ဒါဆိုရင်လည်း ငါ့အတွက် စုံစမ်းပေးပါဦး။"

သူမ စိတ်လှုပ်ရှားစွာဖြင့်

"မင်းအမြင်ရော ကာလာတီဗီနဲ့ အဖြူအမဲ တီဗီဘယ်ဟာက ပိုကောင်းမလဲ"

"ဟားးးဟားး..."

ရှောင်ထောင်း တဟားဟား ပေါက်ကွဲရယ်မောလိုက်ပြီး

"အစ်မချန်ရယ်... မဟုတ်တာလည်း ပြောရော့။ ကာလာတီဗီ တစ်လုံးကို ယွမ်ထောင်ချီ ပေးရတာလေဗျာ။ လက်တွေ့ကျကျပဲ အဖြူအမဲပဲ ဝယ်ပါ"

ချန်ချင်းယွီ: "..."

‘ငါ့ပုံစံက မတတ်နိုင်တဲ့ ပုံစံ ပေါက်နေလို့လား။’

ဘာပဲဖြစ်ဖြစ်၊ သူမအနေဖြင့် တတ်နိုင်သည် ဆိုသော်ငြားလည်း ချန်ချင်းယွီသည် တကယ်တမ်းတွင် ဤမျှအထိ လူလုံးထွက်ပြရန် စိတ်ကူးမရှိပေ။

သူမချက်ချင်းပင် ပြတ်ပြတ်သားသားဖြင့်

"အာ... ယွမ်ထောင်ချီတောင် ပေးရတာလား၊ ဒါဆိုရင်တော့ အဖြူအမဲကပဲ ပိုကောင်းပါတယ်"

သူမ ဆက်၍

"ငွေလွှဲလက်မှတ် ကိစ္စကိုတော့ ငါ့အတွက် မမေ့မလျော့ စုံစမ်းပေးဦးနော်။"

"စိတ်ချပါ အစ်မ..."

သူတို့ လေးဦးသည် တိုးတိုးတိတ်တိတ်ဖြင့် လေသံကို အမြဲ နှိမ့်ကာ စကားပြောနေကြသည်။ တစ်ဖက်လမ်းရှိ အိမ်မှ အစ်မကြီးဖန်နှင့် သူမ၏ ယောက်ျားဖြစ်သူတို့မှာမူ ပြတင်းပေါက်တွင် မျက်နှာကပ်လျက် ဝင်းထဲကို သေသေချာချာ စိုက်ကြည့်ရင်း မျက်မှောင်ကုတ်ကာ

"သူတို့ ဘာတွေ ပြောနေကြတာလဲ မသိဘူးနော်"

"ငါ ဘယ်လိုသိမလဲ။ လေသံတွေက တအား တိုးလွန်းတာကို"

"သူတို့ တစ်ခုခုတော့ ကြံစည်နေကြတာ သေချာတယ်။ မဟုတ်ရင် ဒီလောက် ညဉ့်နက်သန်းခေါင်ကြီး တံခါးဝမှာ ဘာလို့ ထိုင်ပြီး စကားပြောနေကြမလဲ"

ရှီရှန်း ပြောလိုက်ပြီး ဆက်၍

"ဖြစ်နိုင်တာကတော့ အိပ်မပျော်လို့ နေမှာပေါ့၊ ငါတို့လည်း အိပ်မပျော်ဘူး မဟုတ်လား။ သူတို့ ဝမ်မိသားစု အကြောင်း ပြောနေကြတာ သေချာတယ်။ ဝမ်မေ့လန်က တကယ်ကို ရက်စက်တာပဲ… လင်မယားချင်း ဒုက္ခကို အတူတူ မရင်ဆိုင်ချင်ဘူးလေ။ ဝမ်ကျန့်ကော်ကို ဒီတိုင်း ထားခဲ့တာပဲ။ တော်တော် သွေးအေးတဲ့ မိန်းမ။"

"နင်က လျှောက်ပြောနေပြန်ပြီ။ ငါ့အမြင်တော့ ဝမ်မေ့လန် လုပ်တာ မှန်တယ်။ ဒီလိုလူမျိုးနဲ့ မကွာရှင်းဘဲ ဆက်နေရင် အော့အန်ချင်စရာကြီး။ ဝမ်ကျန့်ကော် ဘာတွေ လုပ်ထားလဲဆိုတာ နင်လည်း သိတာပဲ။ တကယ်ကို စက်ဆုပ်ဖို့ကောင်းတာ"

အစ်မကြီးဖန် ပြောပြီး ရှီရှန်းကို စိုက်ကြည့်လျက်

"နင်သာ ဝမ်ကျန့်ကော်လိုမျိုး လျှောက်ရှုပ်ဖို့ ကြံကြည့်... နင့်ကို ငါ လုံးဝ အလွတ်မပေးဘူး"

ရှီရှန်း : "နင် ရူးနေလား"

"ဘာပဲဖြစ်ဖြစ်... သူ့လိုမျိုး လုပ်ဖို့ စိတ်ကူးတောင် မယဉ်နဲ့..."

အစ်မကြီးဖန် ပြောပြီးနောက်မှ သက်ပြင်းချကာ စိတ်အေးသွားလျက်

"ငါတို့ ရှောင်ဝေက ကံကောင်းလို့ပေါ့။ တကယ်လို့ ကံနည်းနည်းလေး ဆိုးသွားရင် ဝမ်ကျန့်ကော်လို ဖြစ်သွားမှာ သေချာတယ်"

"ငါတို့ ရှောင်ဝေက အဲဒီလိုလူစား မဟုတ်ပါဘူး။ သူတို့က ထောင်ချောက်ဆင်ပြီး မက်လုံးပေးလို့သာ သူ ဝင်ပါမိသွားတာပေါ့"

"ဟုတ်တယ်၊ ဟုတ်တယ်။"

ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များမှာ လူတိုင်းအတွက် အမှန်တကယ်ပင် ကြီးမားသော တုန်လှုပ်ချောက်ချားမှု ဖြစ်ခဲ့ရသည်။ တကယ့်ကို မမျှော်လင့်ထားခဲ့မိသည့်အရာ၊ လုံးဝ မထင်မှတ်ထားခဲ့မိသည့်အရာပင်။

အခြားသူများကို မဆိုထားနှင့်… ရှီရှောင်ဝေကိုယ်တိုင်ပင် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ လက်နှစ်ဖက်ကို စုလျက် တရားမှတ်နေသကဲ့သို့ ဆုတောင်းနေရှာ၏။

"ကောင်းကင်နတ်မင်းကြီး၊ မြေစောင့်နတ်မင်းကြီး၊ မယ်တော်ဘုရား... ကျွန်တော့်ကို ကယ်မသနားတော်မူပါ... တော်သေးတယ်၊ တော်သေးတယ်... တော်လို့ပေါ့ ငါ ဒီလိုကိစ္စမျိုးနဲ့ မကြုံခဲ့ရတာ..."

ယွမ်ဟောက်ဖုန်းသည်လည်း အိမ်တွင် ရှိနေရင်း စိတ်အေးသွားရသည်။ သူတို့ အပြင်မှာ အရောင်းအဝယ် လုပ်နေစဉ် ကိစ္စဖြစ်ပွားစ အချိန်နှင့် မကြုံခဲ့ရသော်လည်း၊ ယွမ်မိသားစု အိမ်ပြန်ရောက်သောအခါ ထိုအတင်းအဖျင်း သတင်းများကို ပြောကြားလိုက်သဖြင့်၊ ယွမ်ဟောက်ဖုန်းမှာ အပြင်ထွက်သည့်အခါ ဘယ်တော့မှ မပေါ့ဆသင့်ကြောင်း တစ်ဖန် ပြန်လည် တွေးတောကာ သက်ပြင်းချမိတော့သည်။ နည်းနည်းလေး မှားယွင်းသွားသည်နှင့် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်သည်သာ…

ညဉ့်နက်သန်းခေါင် ကျော်လွန်နေပြီ ဖြစ်သော်လည်း မည်သူမျှ မအိပ်ကြသေးဘဲ ဤကိစ္စရပ်များကိုသာ ဆွေးနွေးနေကြ၏။ ဤမျှ ကြီးမားလှသော ကိစ္စမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။

စရိုက်ခက်ထန်ပြီး တည်ငြိမ်ရိုးသားသည်ဟု ထင်ရသော ဝမ်ကျန့်ကော်က အခုတော့... ဟဟ...

ပတ်သက်ဆက်နွှယ်နေသူများ အပါအဝင် မည်သူမျှ မအိပ်နိုင်ကြပေ။ ဝမ်မိသားစုမှ မိခင်နှင့် သားဖြစ်သူမှာ အရိုက်ခံထားရသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြရသည်။ ဝမ်ကျန့်ကော်၏ မိခင်မှာ ကုတင်ပေါ်တွင် ထိုင်ကာ ငိုယိုအော်ဟစ်လျက် ဝမ်မေ့လန်မှာ ရက်စက်လွန်းပြီး လူမဆန်ကြောင်း ဆဲဆိုကျိန်ဆဲနေ၏။ တစ်ဖက်တွင်မူ ဝမ်ကျန့်ကော်သည် မျက်နှာပျက်လျက် စိတ်ဓာတ်ကျစွာဖြင့် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရှာသည်။

သူသည် ရေဆိုးမြောင်းထဲမှ ကြွက်တစ်ကောင်နှယ် ညှိုးငယ်နေသော်လည်း ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းရမည်ဖြစ်ကြောင်း သိရှိထား၏။ ဝမ်မေ့လန် သူ့ကို အမှန်တကယ် သစ္စာဖောက်ပြီး အလုပ်ခွင်အထိ ပြဿနာလာရှာမလား ဆိုသည်ကို သူ အသေအချာ မပြောရဲပေ။

ဒါပေမဲ့ သူက ယွမ်နှစ်ထောင်ကို ဘယ်ကနေ သွားရှာရပါ့မလဲ…

မပေးဘဲ နေရန်ကျပြန်တော့လည်း သူ တကယ် မလုပ်ရဲဘူး…

ထိုမိန်းမမှာ သူ့ကို အသွေးအသားထဲမှ မုန်းတီးနေပြီဖြစ်ရာ အကယ်၍ သူမသာ တကယ် ဖွင့်ချလိုက်လျှင် သူ အလုပ်ပြုတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ဝမ်မေ့လန်ကို စိတ်အေးသွားအောင် အရင် လုပ်ရပေမည်။ သူသည် ချဲယုံချန်း၏ မဆင်မခြင်နှင့် အူကြောင်ကြောင်နိုင်လှသော စရိုက်ကို အလွန် မုန်းတီးမိသလို၊ ဝမ်မေ့လန်၏ ရက်စက်မှုကိုလည်း မုန်းတီးမိသည်။ သူမသည် စဉ်းစားရန် အချိန်ပင် မယူဘဲ သူ့ကို ချက်ချင်း ဖြတ်တောက်လိုက်ခြင်း ဖြစ်ရာ၊ အလွန် သွေးအေးလွန်းလှ၏။

‘မိန်းမတွေက တကယ်ပဲ အားကိုးလို့မရဘူး၊ စည်းစိမ်ကိုပဲ အတူခံစားချင်ပြီး ဆင်းရဲဒုက္ခကျတော့ အတူမခံချင်ကြဘူး။’

သမီးတွေကလည်း အတူတူပဲ…ဘာမှမစဉ်းစားဘဲ မိခင်နောက်သို့ ချက်ချင်း လိုက်သွားကြတယ်…သူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ တကယ်ကို အလကားပဲ…

"အိမ်ထောင်ကျပြီးသား သမီးက သွန်ပစ်လိုက်တဲ့ ရေလိုပဲ" ဟု ပြောကြသည်မှာ မှန်ပေသည်၊ ဤသမီးများသည်ကား ဘာမှ အသုံးမကျပေ။

သူ့အတွက် သားတစ်ယောက် သေချာပေါက် လိုအပ်နေသေးသည်။

သို့သော် ထိုအရာများမှာ နောင်ရေးသာ ဖြစ်ပြီး၊ ယခုလက်ရှိတွင်မူ ပိုက်ဆံကိစ္စကိုသာ ဦးစွာ စဉ်းစားရပေမည်...။

ရှေ့ဝင်းတစ်ခုလုံးတွင် အဘွားကြီးဝမ်၏ ဆူညံစွာ မြည်တွမ်းတောက်တီးသံများမှာ မရပ်မနား ထွက်ပေါ်နေဆဲ ဖြစ်သည်။

လီချန်ရွှမ်း : "ဒီအဘွားကြီးစုတ်၊ သူက အဲဒီလောက်အထိ တောင့်ခံနိုင်ရင် ဘာလို့ ရှေ့တင် သွားမဆဲရဲတာလဲ။ သွားပြီး ဆဲလိုက်လို့ ခွေးသေတစ်ကောင်လို အရိုက်ခံရမှပဲ ငြိမ်သွားတော့မှာ"

လင်စန်းရှင်း : "ဝမ်မေ့လန်က တကယ် သွေးအေးတာပဲ"

"ဘယ်သူက မဟုတ်ဘူး ပြောလဲ။"

လီချန်ရွှမ်း ခဏမျှ စဉ်းစားလိုက်ပြီးနောက်

"ဒါဆိုရင် ငါတို့လည်း မနက်ဖြန်ကျ ကွာရှင်းကြရအောင်"

လင်စန်းရှင်း : "ဘာ..."

လီချန်ရွှမ်း : "ငါတို့ ဘာပဲဖြစ်ဖြစ် ကွာရှင်းကြရမှာပဲ မဟုတ်လား၊ ဒါဆို မနက်ဖြန် ဘာလို့ မလုပ်ရမှာလဲ။ အဲဒီအချိန်ကျရင် လူတိုင်းရဲ့ အာရုံက ဝမ်မိသားစုဆီမှာပဲ ရှိနေမှာဆိုတော့ ငါတို့အကြောင်းကို စိတ်ဝင်စားမယ့်သူ နည်းသွားမှာပေါ့။ စန်းရှင်း... ငါ့ကို ကူညီပါဦး၊ ငါ ဒါတွေလုပ်တာ ငါတို့ သားလေးအတွက်ပဲဥစ္စာ။ အချိန် ထပ်ဆွဲနေရင် ကလေးကိစ္စကို လူတွေ သိသွားလိမ့်မယ်၊ ဒါဆိုရင်တော့ ငါတို့ သေရချည်ရဲ့"

သူ အလေးအနက်ထား၍

"နင် တွေ့တယ်မလား၊ သားတစ်ယောက်ရှိဖို့က ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ။ ဝမ်လင်မယားက ဘာလို့ ဒီလောက်အထိ ပြတ်ပြတ်သားသား ကွာရှင်းရဲတာလဲ။ သူတို့မှာ သားမရှိလို့လေ၊ သမီးတွေက တန်ဖိုးမရှိတော့ သူတို့က ဘာမှ ထည့်မစဉ်းစားတာပေါ့"

သူ ဆက်၍ ဖြားယောင်းကာ

"သားတစ်ယောက် ရှိမှသာ နောင်ကျရင် လင်းလင်းအတွက်လည်း အားကိုးရာ ရမှာ။ ဒီနေ့ ဝမ်မေ့လန် ဘယ်လောက်အထိ အာဏာပြနိုင်လဲဆိုတာ ကြည့်ဦးလေ၊ သူမနောက်ကွယ်မှာ မိသားစုက ကျောထောက်နောက်ခံ ပြုပေးထားလို့ မဟုတ်လား"

လင်စန်းရှင်းသည် ရင်နာလွန်းသဖြင့် မိမိ၏ မျက်နှာကို လက်ဖြင့် အုပ်ထားမိတော့သည်။

လီချန်ရွှမ်း : "ငါ ကွာရှင်းမယ်၊ ဒါပေမဲ့ အိမ်ကနေ ထွက်မသွားဘူး… ငါတို့ အတူတူပဲ ဆက်နေကြမှာ။ ငါက ကလေးကို တရားဝင် အဆင့်အတန်းတစ်ခု ပေးချင်ရုံတင်ပါ။ ကလေး မွေးလာပြီးတာနဲ့ အဲ့မိန်းမကို ငါ ချက်ချင်း ဖြတ်ပစ်မှာ"

"ဒါဆိုရင်လည်း... ဒါဆိုရင်လည်း ရှင့်စကားအတိုင်းပဲ လုပ်ကြတာပေါ့"

လင်စန်းရှင်း သဘောတူလိုက်ရရှာ၏။

လီချန်ရွှမ်း ဝမ်းသာအားရဖြင့် ထိုင်လိုက်ရင်း

"အဲဒါမှပေါ့"

လီလင်းလင်းသည် သူမ၏ အခန်းကျဉ်းလေးထဲတွင် ဝပ်နေရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိကာ စိတ်အခြေအနေမှာ ပို၍ လေးလံလာရတော့သည်။

သို့သော်လည်း သူမအနေဖြင့် ဖခင်ဖြစ်သူ ပြောသည့် စကားမှာ အမှန်တရားဖြစ်ကြောင်း မရေမရာ ခံစားမိနေ၏~~ မိန်းမတစ်ယောက်တွင် မိမိကို ကာကွယ်ပေးမည့် အစ်ကိုမောင်ဖွား ရှိနေရန် တကယ် လိုအပ်ပေသည်။

ယနေ့ ဝမ်မေလန် ဖြစ်ပျက်သွားပုံကို ကြည့်ဦးလေ… သူမ ဤမျှအထိ ပြတ်သားရဲသည်မှာ မိသားစုမှာနောက်ကွယ်မှ ဝန်းရံပေးထားသောကြောင့် မဟုတ်လော့။

ဒါပေမဲ့...

"အဖေ... အဖေ၊ အဲဒါက သေချာပေါက် သားလေး ဟုတ်လို့လား။ တကယ်လို့ သမီးလေး ဖြစ်နေရင်ကော"

သူမ အော်ဟစ်မေးလိုက်မိ၏။

"တောက်... ဒီလို စိတ်ဓာတ်ကျစရာ စကားမျိုး လာမပြောစမ်းနဲ့။ မိန်းကလေး ဖြစ်စရာ အကြောင်းမရှိဘူး။ လျိုကျင့်က အရင် နှစ်ခေါက်စလုံး သားချည်းပဲ မွေးခဲ့တာ၊ ဒီတစ်ခါလည်း သေချာပေါက် သားပဲ ဖြစ်ရမယ်။"

လီလင်းလင်း: "အော်..."

လီလင်းလင်းသည် နောင်ကျလျှင် မိမိအား ကျောထောက်နောက်ခံ ပြုပေးမည့် မောင်လေးတစ်ယောက် ရတော့မည်ဆိုသည့် အပျော်တွင် စိတ်နစ်မျောနေဆဲ ဖြစ်သော်လည်း၊ သူမကိုယ်တိုင်လည်း ပါးနှစ်ချက် အရိုက်ခံထားရသည်ကိုမူ ထည့်မတွေးမိခဲ့ချေ။ သူမ၏ မျက်နှာသည် အနည်းငယ် ဖူးရောင်နေသော်လည်း မိဘနှစ်ပါးစလုံးမှာ လုံးဝ ဂရုမစိုက်ကြသည့်အပြင် သတိပင် မထားမိကြပေ။ ယခုအချိန်မှာပင် ဂရုမစိုက်ကြလျှင် နောင်အနာဂတ်တွင်မူ ပို၍ပင် ဂရုစိုက်ကြတော့မည် မဟုတ်ပေ။

ထိုည၌ မည်သူမျှ မအိပ်နိုင်ခဲ့ကြဘဲ မနက်စောစော ရောက်သောအခါ လူတိုင်း၏ မျက်လုံးများအောက်တွင် ကွင်းမည်းကြီးများ ကိုယ်စီ ဖြစ်နေကြပြီး မျက်နှာများတွင်လည်း လျှို့ဝှက်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြ၏။

ဘာပဲဖြစ်ဖြစ်... သန်သန်မာမာ ယောက်ျားတစ်ယောက်မှာ အဘွားအိုတွေနှင့် လုံးထွေးသတ်ပုတ်သည့် ကိစ္စမျိုးဟူသည် အလွန်တရာ ရှားပါးလှသော အတင်းအဖျင်း သတင်းဖြစ်ပြီး တစ်ခါမျှလည်း မကြားဖူးခဲ့ကြပေ။

လူတိုင်း ထိုအကြောင်းကို အတင်းတုပ်ရန်အတွက် မအောင့်အီးနိုင်အောင် ဖြစ်နေကြသည်။

အဘွားကြီးကျောက်သည် မနက်

စောစော ထမင်းစားဆောင်သို့ အလုပ်သွားရန် ပြင်ဆင်ရင်း သက်ပြင်းချကာ ဆိုလေသည်။

"အမလေး... သေချာတယ်၊ ဒီနေ့ စားသောက်ဆောင်မှာ ငါကတော့ အပေါက်ဆုံး လူသားဖြစ်တော့မှာပဲ"

ချန်ချင်းယွီ ရယ်မော၍

"သွားပါ၊ မြန်မြန် သွားပါတော့"

အဘွားကြီးကျောက် : "အေးပါအေးပါ"

အတင်းအဖျင်း သတင်းများ ဖြန့်ဝေခြင်းသည် လူတိုင်းတွင် တာဝန်ရှိသည် မဟုတ်လော့။

အဘွားကြီးကျောက်သည် ခပ်သုတ်သုတ်ပင် ထွက်ခွာသွားတော့သည်။

ကျန်လူများလည်း အရှုံးမပေးနိုင်ကြပေ။

ဤလောကကြီးတွင် ချဲယုံချန်းကဲ့သို့သော လူမျိုးများ ပိုမိုလိုအပ်လှပေသည်။ မိမိတို့ ဖန်တီးထားသည့် ပြဿနာ ဖြစ်စေ၊ မဖြစ်စေ... သူတို့သည် အချိန်မရွေး အကုန်လုံးကို ဖွင့်ချပစ်တတ်ကြသဖြင့် လူတိုင်းအတွက် အလွန်ပင် ပျော်ရွှင်စရာ ဖြစ်စေသည်သာ…

တစ်ဝင်းလုံးတွင် မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ပုံမှန်အတိုင်း ရှိနေသူမှာ ချန်ချင်းယွီ တစ်ဦးတည်းသာ ဖြစ်၏။ သူမသည် ထုံးစံအတိုင်း မနက်စောစောတွင် ဆိုင်ထွက်ရန် ပြင်ဆင်ပြီး အပြင်ထွက်လာခဲ့သည်။ လီမိသားစု အိမ်ရှေ့မှ ဖြတ်သွားစဉ် သူမသည် လီလင်းလင်းအား စူးစူးစိုက်စိုက်ဖြင့် တစ်ချက် ဝှေ့ကြည့်လိုက်၏။

လီလင်းလင်းသည် လန့်ဖျပ်သွားကာ လက်ထဲမှ ရေခွက်မှာ ‘ဂလွမ်’ ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ရှီကျန့်ရှန်း : "လင်းလင်း... နင် ဘာဖြစ်နေတာလဲ။ သွားတိုက်တာတောင် သေချာ မတိုက်နိုင်ဘူး။ မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"

သူမ လီလင်းလင်းကို နောက်တစ်ကြိမ် သေချာကြည့်လိုက်ပြီး

"နင့် မျက်နှာကလည်း... ဘယ်သူ ရိုက်လိုက်တာလဲ"

လီလင်းလင်းသည် ချန်ချင်းယွီ ရိုက်တာဟု ပြောချင်သော်လည်း ဒွန်တွဲတုံ့ဆိုင်းသွားကာ

"ဘာမှမဟုတ်ပါဘူး၊ ဘယ်သူမှ မရိုက်ပါဘူး။ သမီး ညက ကောင်းကောင်း မအိပ်ရရုံတင်ပါ"

သူမသည် မိခင်ဖြစ်သူကဲ့သို့ပင် ပျော့သူကိုနိုင်၊ တင်းသူကိုရို့တတ်သည့် (လူမိုက်ကိုကြောက်ပြီး လူလိမ္မာကို နိုင်ထက်စီးနင်းလုပ်တတ်သည့်) စရိုက်မျိုး ရှိသူဖြစ်သည်။ သူမသည် ချန်ချင်းယွီ၏ စရိုက်အမှန်ကို အကဲခတ်မိသွားပြီဟု ထင်မှတ်ထား၏။ စိတ်ထဲတွင် မထီမဲ့မြင် ဖြစ်မိသော်လည်း တစ်ဖက်တွင်လည်း အနည်းငယ် ကြောက်ရွံ့နေမိသဖြင့် လတ်တလောတွင်မူ ဘာမှမလုပ်ရဲသေးပေ။ သူမသည် ရေခွက်ကို ကောက်လိုက်ပြီး

"ကျွန်မ ဘာမှမဖြစ်ပါဘူး၊ သွားတော့မယ်"

ရှီကျန့်ရှန်း : "သူ ဘာဖြစ်နေတာလဲ မသိဘူး။ တစ်မျိုးကြီးပဲ။"

အဒေါ်ကြီးမေ့: "ဘယ်သူသိမှာလဲ။"

ရှီကျန့်ရှန်းသည် မျက်လုံးလေး ကလည်ကလည်လုပ်ကာ ချက်ချင်းပင်

"မနေ့ညက ညည်းနဲ့ ကျောက်တာ့ရာတို့ ယောက္ခမ ချွေးမနှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။ တော်တော်ကြာအောင် စကားပြောနေကြတယ်နော်"

သူမသည် စကားနှိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

အဒေါ်ကြီးမေ့: "ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး၊ ဝမ်မိသားစု အကြောင်း ပြောနေကြတာပါ။"

ယင်းမှာ လိမ်ပြောခြင်း မဟုတ်ပေ။ သူတို့ တကယ်ပင် ဝမ်မိသားစုအကြောင်းနှင့် အိမ်ဝယ်မည့်ကိစ္စကို ပြောနေခဲ့ကြခြင်း ဖြစ်၏။

သူတို့ကြားတွင် ယာယီ သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်။

အဒေါ်ကြီးမေ့အနေဖြင့်မူ ဤကိစ္စကို မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ချေ။

ရှီကျန့်ရှန်း သက်ပြင်းချကာ

"ဟူး... သူတို့ လင်မယား နှစ်ယောက် တကယ်ပဲ လမ်းခွဲကြလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲနော်"

"ဝမ်ကျန့်ကော်က ဒီလိုလူစားမျိုး ဖြစ်နေမယ်လို့ကော ဘယ်သူ ထင်မှာလဲ။"

ရှီကျန့်ရှန်း ခေါင်းညိတ်လိုက်၏။ တကယ်ပင်... စဉ်းစားကြည့်ရုံတင် ခေါင်းနားပန်းကြီးမတတ် ဖြစ်ရသည်။

ဒီလိုသတင်းမျိုးကို ဘယ်လိုများ စားမြုံ့ပြန်ပြီး ပြောမကုန်နိုင် ဖြစ်နေကြတာလဲ...

လူတိုင်း ထိုအကြောင်းကိုသာ ပြောနေကြသော်လည်း၊ အပျော်ဆုံးလူမှာ မည်သူဖြစ်မည်ကို မည်သူမျှ ရိပ်မိကြလိမ့်မည် မဟုတ်ပေ။

တခြားသူ မဟုတ်၊ ကျန်းမိသားစုမှ အဘွားကြီးဟွမ် ပင် ဖြစ်သည်။

အဘွားကြီးဟွမ်သည် မျောက်အိုကြီးတစ်ကောင်ကဲ့သို့ ပျော်ရွှင်လွန်းသဖြင့် ဝမ်းသာအားရ ခုန်ပေါက်နေတော့၏။

သူမ တကယ်ကို ဝမ်းသာပီတိ ဖြစ်နေရသည်... နောက်ဆုံး၌ ဤဝင်းကြီးအတွင်း ကွာရှင်းရသည့် မိသားစုမှာ သူမတို့ မိသားစုတစ်ခုတည်း မဟုတ်တော့ပေ။

သူတို့တင် ကွာရှင်းရတာ မဟုတ်တော့ဘူး…

ဟားဟားဟား...

အဘွားကြီးဟွမ် ပျော်နေသည်... တကယ့်ကို အတိုင်းမသိ ပျော်ရွှင်နေသည်…

သူမ၏ သားဖြစ်သူမှာ ယောကျ်ားရော မိန်းမပါ စိတ်ဝင်စားသည်ဟု ကောလာဟလ ထွက်ရုံသာ ရှိသေးသော်လည်း၊ ဝမ်ကျန့်ကော်မှာမူ အဘွားအိုများစွာနှင့် အိပ်ခဲ့သူ ဖြစ်သဖြင့် သူ့နာမည်မှာ သူမသားထက်ပင် ပို၍ ပုပ်စပ်နေပြီ ဖြစ်၏။

ဟားဟားဟား... သူကတော့ နောင်ကျရင် သူမသားထက်တောင် အိမ်ထောင်ဖက်ရှာရ ပိုခက်ဦးမယ်…

တကယ်ကို ကျေနပ်စရာ ကောင်းလှပေသည်။

လူဟူသည် နှိုင်းယှဉ်ရမှာကို အကြောက်ဆုံး ဖြစ်သည် မဟုတ်လော့။ မိမိထက် ပို၍ ဆိုးရွားသော မိသားစု ရှိလာသည့်အခါ သူမသည် ချက်ချင်းပင် စိတ်ချမ်းသာသွားရတော့သည်။

သူမသည် လမ်းလျှောက်လျှင်ပင် ခါးလေးဆန့်ကာ ကြွားကြွားဝါဝါ လျှောက်နေလေ၏။

သို့သော် အဘွားကြီးဟွမ် တစ်ယောက် ပျော်ရွှင်နေချိန်တွင် အခြားတစ်ယောက်မှာမူ အကြီးအကျယ် ဝေခွဲမရ ဖြစ်နေရသည်။

အမှန်ပဲ… တစ်ယောက်တည်းပါပဲ...

ရပ်ကွက်ကော်မတီပင် ဖြစ်၏။

ရပ်ကွက်ကော်မတီသည် အတော်လေး ဇဝေဇဝါ ဖြစ်နေရသည်။ ကွာရှင်းခွင့် ထောက်ခံစာ ထုတ်ပေးရန် တာဝန်ရှိသော ရဲဘော်သည် ပြက္ခဒိန်ကို ကြည့်ရင်း နားမလည်နိုင်စွာဖြင့်

"ဒီနေ့က ဘာနေ့မို့လို့လဲ"

ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့မို့လို့လား…

ဘာဖြစ်လို့... ဘာဖြစ်လို့ လူတိုင်းက ဒီနေ့မှ ရုတ်တရက်ကြီး ကွာရှင်းချင်နေကြရတာလဲ…

ဒီနေ့ မနက်စောစောတင် လင်မယား လေးတွဲရှိပြီ…

လင်မယား လေးတွဲစလုံး ထောက်ခံစာ လာယူကြသည်။

သူတို့အားလုံး ကွာရှင်းချင်နေကြတာပဲ...

All Chapters