← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) ကွာရှင်းခြင်း ၂

“ဒီနေ့ဟာ နေ့ရက်ကောင်းလေး… ငါ့စိတ်ကူးတွေ အမှန်ဖြစ်လာတယ်”

ဤသီချင်း၏ စာသားများမှာ အလွန်မှန်ကန်လှ၏။ ယနေ့နံနက်တွင် ရပ်ကွက်ရုံကော်မတီမှ စုံတွဲလေးတွက်အတွက် ကွာရှင်းရန် ထောက်ခံစာကို ငေးကြောင်ကြောင်ဖြင့် ထုတ်ပေးခဲ့ရသည်။

အင်း… ဒါက ကျုပ်တို့ မဖြောင်းဖျဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးနော်…

အကြောင်းမူကား စုံတွဲသုံးတွဲမှာ မျက်နှာချင်းဆိုင်လိုက်သည်နှင့် သတ်ဖြတ်မည့်အလား အသေအလဲ ရန်ဖြစ်နေကြ၍ပင်။

အမှန်တကယ်ကို သတ်တော့မလိုပါပဲရှင်…

ဤဇာတ်လမ်းမှာ ယနေ့မနက်ခင်းတွင် အစပြုခဲ့၏။ ရပ်ကွက်ကော်မတီမှ စာရေးလေး ရှောင်လီသည် အားအင်အပြည့်ဖြင့် သာယာပျော်ရွှင်ဖွယ် နံနက်ခင်းလေးကို စတင်ရန် ထိုင်ရုံမျှရှိသေး… သူကြားလိုက်ရသည်မှာ ဘန်းခနဲ တံခါးဖွင့်သံတည်း။ တုန်လှုပ်သွားသော ရှောင်လီခမျာ မော့ကြည့်၍…

“ခင်များ…”

“ငါတို့ ဒီကို ထောက်ခံစာလာယူတာ၊ ငါတို့ကွာရှင်းမယ်”

ထိုသူမှာ ခတ်ပြတ်ပြတ် ဆိုလာသည်။

ရှောင်လီသည် အံ့အားသင့်သွားပြီးနောက် ကိုယ်ကိုမတ်မတ်ပြင်ထိုင်ကာ အလေးအနက်ထား၍ ပြောဆိုရှာ၏။

"ထိုင်ကြပါဦး၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကွာရှင်းဖို့ တွေးကြတာလဲ။ လင်မယားဆိုတာ တစ်ညထက်ပိုပြီး အငြိုးမထားရဘူးလေ။ သဘောထားကွဲလွဲတာလေးတွေ ရှိရင်တောင် အချိန်နဲ့အမျှ ပြေလည်သွားမှာပါ။ လင်မယားချင်း ကွာရှင်းဖို့ စကားကို လွယ်လွယ်မပြောသင့်ဘူး၊ သံယောဇဉ်ကို တအား ထိခိုက်စေတာ။ ပြီးတော့ အိမ်ထောင်ရေးဆိုတာ ကြီးမားတဲ့ ကိစ္စကြီးပါ၊ ကလေးကစားစရာ မဟုတ်ဘူး။ ကျွန်မ အကြံပေးပါရစေ၊ လင်မယားဆိုတာ..."

"နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း... ငါတို့ ကွာရှင်းချင်လို့ ထောက်ခံစာ လာယူတာ၊ ဘာတွေ လာပြီး လေရှည်နေတာလဲ။ ဘာလဲ... ငါတို့က နင့်စကားကို နားထောင်ရမှာလား။ နင်က ဘာကောင်မို့လို့လဲ... နင် ထောက်ခံစာ ထုတ်မပေးရင် နင့်အထက်လူကြီးဆီ ငါ သွားတိုင်မှာ။ အသုံးမကျတဲ့ဟာမလေး... ထောက်ခံစာလေး တစ်စောင် ထုတ်ပေးရတာနဲ့ ကိုယ့်ကိုယ်ကိုယ် လူကြီးလို့ ထင်နေတာလား။ နင်က ဘာမှမဟုတ်တဲ့ အမှိုက်ပဲဟာကို။ သူများ ကွာရှင်းတဲ့ကိစ္စကို လိုက်ဝင်စွက်ဖက်နေတာ... ဆရာကြီး လာလုပ်ပြချင်လို့လား။ ငါ့ကြည့်ရတာ နင်က သက်သက် အားယားနေတာ ထင်တယ်..."

ကွာရှင်းဖို့ လာသည့် မိန်းမသည် လွယ်လွယ်နှင့် အလျှော့ပေးမည့်သူ မဟုတ်ပေ။

ထိုမိန်းမမှာ အခြားသူမဟုတ်၊ လီအာ့ယာပင်တည်း။

လီအာ့ယာသည် လီတာ့ရှန်း၏ သမီး၊ ချဲယုံချန်း၏ ဇနီးဖြစ်ပြီး ချဲယုံဖုန်း၏ လျှို့ဝှက်ရည်စားလည်း ဖြစ်၏။

ရှောင်လီ : "ရဲဘော်... ရှင် ဘယ်လို စကားပြောနေတာလဲ"

လီအာ့ယာ ခါးထောက်လျက်

"ငါ ဘယ်လို စကားပြောပြော... နင်နဲ့ ဘာဆိုင်လဲ၊ နင်က ဘာကောင်မမို့လို့လဲ။ ဘာလဲ... လမ်းကော်မတီမှာ အလုပ်လုပ်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် တအား ဟုတ်လှပြီ မထင်နဲ့။ နင် ငါတို့ကို ကွာရှင်းခွင့် မပေးဘဲ တားဆီးနေတာက ဘဝသစ် ရှာဖွေခွင့်ကို ပိတ်ပင်နေတာပဲ။ နင် မူဝါဒကို ဆန့်ကျင်နေတာ၊ နင်တို့ လူကြီးတွေကို ငါ သွားမေးမယ်... နင့်မှာ ဒီလိုလုပ်ပိုင်ခွင့် ရှိလား၊ အရည်အချင်း ရှိလားလို့..."

လီအာ့ယာ စကားများကို တရစပ် တွန်းထုတ် ပြောဆိုပစ်လိုက်ပြီးနောက်

"ပြောစမ်း... လေရှည်မနေနဲ့တော့။ ဒီလို အမှိုက်စကားတွေ ပြောနေလို့ ဘာထူးမှာလဲ။ မြန်မြန် လုပ်ပေး..."

ရှောင်လီ: "ရှင်..."

"ဘာ 'ရှင်' လဲ။ ကဲ... ဟုတ်ပြီ၊ အမှန်အတိုင်း ပြောစမ်း၊ နင် ချဲယုံချန်းနဲ့ ဖောက်ပြန်နေလို့ သူ ကွာရှင်းမရအောင် ကူညီပေးနေတာ မဟုတ်လား..."

လီအာ့ယာသည် ရုတ်တရက်ကြီး ဒေါသပေါက်ကွဲသွားကာ ရှောင်လီကို ဆွဲကိုင်လျက် လွှတ်မပေးတော့ချေ။

"လူတွေ... လာကြည့်ကြပါဦး... ဒီရဲဘော်မက မကောင်းတဲ့မိန်းမ ဖြစ်နေပြီ။ သူက ငါ့ယောက်ျား ချဲယုံချန်းနဲ့ ဖောက်ပြန်နေတာ။ ချဲယုံချန်းကို ကူညီနေတာတော်... လူတွေ မြန်မြန် လာကြည့်ကြပါဦး..."

မနက်စောစော ဖြစ်သော်လည်း လူတိုင်း အလုပ်ခွင်သို့ အချိန်မှန် ရောက်ရှိနေကြပြီ ဖြစ်ရာ သူမ စတင်အော်ဟစ်သည်နှင့် တစ်ပြိုင်နက် အခြားရုံးခန်းများမှ လူများ ချက်ချင်း ထွက်လာကြတော့၏။

ချဲယုံချန်းမှာလည်း

"လီအာ့ယာ... နင် လျှောက်ပြောမနေနဲ့။ ငါက ဒီလို မျက်နှာလေးထောင့်စပ်စပ်နဲ့ဟာကို စိတ်ဝင်စားမယ် ထင်နေလား။ သူ့ရုပ်ကိုလည်း ပြန်ကြည့်ဦး... ခင်များလို အဘွားကြီး ဘာဖြစ်နေတာလဲ။ ငါတို့ ကွာရှင်းမှာပါဆို ထောက်ခံစာကိုပဲ မြန်မြန် ရေးပေးလိုက်စမ်းပါ။ ဘာလို့ လူကောင်း လာလုပ်ပြီး လာဖျောင်းဖျနေရတာလဲ။ နင် အဲဒီလောက်အထိ တတ်နိုင်ရင် ဆိုဗီယက် အစ်ကိုကြီးကို သွားဖျောင်းဖျပါလား။ သူများ ကိစ္စတွေကို ဘာလို့ ဒီလောက်အထိ ပြဿနာ လာရှာနေတာလဲ။ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်စမ်းပါ..."

ရှောင်လီမှာမူ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေရှာသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး

"ကျွန်မကို လွှတ်ပါ၊ အခု ချက်ချင်း လွှတ်... ကျွန်မ ရေးပေးမယ်။ ကျွန်မက စေတနာနဲ့ ကူညီပေးမလို့ကို..."

"မလိုဘူး..."

သူတို့နှစ်ဦးစလုံး တပြိုင်နက်တည်း အော်လိုက်ကြ၏။

ရှောင်လီသည် အသက်ကို ပြင်းပြင်းရှူကာ ခေါင်းငုံ့လျက် ထောက်ခံစာကို စတင်ရေးသားရင်း

"အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ပေးပါ"

သူမ ဘာစကားမျှ ထပ်မပြောချင်တော့ပေ။

‘တောက်... နောက်ဆို ဘယ်သူ ကွာရှင်းကွာရှင်း ငါ လုံးဝ လိုက်မပတ်သက်တော့ဘူး။ ငါက စေတနာအမှန်နဲ့ ကူညီပေးတာကို။’

ရှောင်လီခမျာ မိမိကိုယ်မိမိ စေတနာထားသည်ဟု ထင်မှတ်နေသော်လည်း ထို "စေတနာကောင်း" များမှာ မည်မျှအထိ ဆိုးရွားသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်ကိုမူ သူမ ထည့်မတွေးမိခဲ့ပေ။ "အိမ်ထောင်တစ်ခုကို ဖျက်ဆီးတာထက် ဘုရားကျောင်းတစ်ကျောင်းကို ဖျက်ဆီးတာက ပိုကောင်းတယ်" ဟူသော စကားပုံသည် အမှန်စင်စစ် လူများစွာ၊ အထူးသဖြင့် အမျိုးသမီးများကို အလွန်ပင် နစ်နာစေခဲ့သောအရာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ရှောင်လီသည် ထိုသို့ မတွေးမိဘဲ မိမိကိုယ်မိမိ မတရား ခံရသည်ဟုသာ ခံစားနေရ၏၌ သို့တိုင်အောင် သူမ ဘာမှ ထပ်မပြောရဲပေ။ ထိုဒေါသကြီးလှသော လူနှစ်ယောက်သည် ပြဿနာ ထပ်ရှာနိုင်ကြောင်း သူမ သိထားသဖြင့် သူတို့ကို လျစ်လျူရှုကာ ထောက်ခံစာများကိုသာ စနစ်တကျ ရေးပေးလိုက်၏။

ချဲယုံချန်း... နာမည်က ရင်းနှီးနေသလိုပဲ…

ရှောင်လီအနေဖြင့် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိသေးမီမှာပင် နောက်ထပ် လူနှစ်ယောက် ထပ်မံရောက်ရှိလာခဲ့ရာ၊ ထိုသူများမှာ ချဲယုံဖုန်းနှင့် သူ၏ ဇနီးဖြစ်သူတို့ ဖြစ်ကြသည်။ စက်မှုစက်ရုံသည် ဤဧရိယာအတွင်း တည်ရှိပြီး ဝန်ထမ်းအများစုနှင့် မိသားစုဝင်များမှာ ဤလမ်းကော်မတီအပိုင် ဖြစ်ကြ၏။

သေချာတာပေါ့... မနက်စောစောစီးစီးမှာပင် ချဲယုံချန်းသည် မိမိ၏ အစ်ကိုဖြစ်သူကို တွေ့လိုက်ရသဖြင့် နေရခက်စွာ နှုတ်ဆက်လိုက်သည်။

"အစ်ကို... အစ်ကိုပါ ရောက်နေတာလား"

ချဲယုံဖုန်း၏ မျက်နှာမှာမူ အညိုအမည်း စွဲနေခဲ့၏။

"ငါ ထောက်ခံစာ လာယူတာ"

"ဟင်..."

ချဲယုံချန်း ကြောင်အသွားရသည်။

ချဲယုံဖုန်း စကားနှစ်ခွန်းသာ ပြောလိုက်၏။

"ကွာရှင်းမလို့။"

"ဘာ... ဘယ်လိုလုပ် ကွာရှင်းမှာလဲ။ အစ်ကို... အစ်ကို ကွာရှင်းလို့ မဖြစ်ဘူးလေ..."

ချဲယုံချန်း အော်ဟစ်လိုက်တော့သည်။

ကျန်းမိသားစုမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဆိုသော်ငြားလည်း "လဲကျနေတဲ့ ကုလားအုတ်က မြင်းထက် ကြီးသေးတယ်" ဟူသကဲ့သို့ သူတို့သည် ထိုမိသားစုထံမှ အကျိုးအမြတ်များစွာ ရရှိနိုင်သေး၏။ အကယ်၍ ကွာရှင်းလိုက်လျှင် သူတို့မှာ ဘာမှ ကျန်တော့မည် မဟုတ်ပေ။

သူသည် ချဲယုံဖုန်းဘေးရှိ အမျိုးသမီးကို ကြည့်ကာ

"မရီး... မရီးက ကျွန်တော့်အစ်ကိုနဲ့ ဘယ်လိုလုပ် ကွာရှင်းနိုင်ရတာလဲ။ တကယ်ကို ရက်စက်တာပဲ"

ကျန်းယုံဟုန် နှာခေါင်းရှုံ့လိုက်ပြီး

"ငါ ကွာရှင်းတာ မကွာရှင်းတာ နင်နဲ့ ဘာဆိုင်လဲ"

သူမသည် ဤမိသားစုကို အမြဲတမ်း အထင်သေးခဲ့သူ ဖြစ်ရာ ယခုအခါတွင်လည်း ထုံးစံအတိုင်း မောက်မာရိုင်းစိုင်းစွာဖြင့်

"ဖယ်စမ်း... နင်တို့တွေက အောက်တန်းစားတွေ၊ လောကကြီးကို လုံးဝ မမြင်ဖူးကြဘူး"

"နင်က ဘယ်လို စကားပြောနေတာလဲ။"

ကျန်းယုံဟုန် : "ငါ ဒီလိုပဲ စကားပြောတယ်၊ ဘာဖြစ်လဲ။ ငါ စကားပြောတာကို နင်က လိုက်ဝင်စွက်ဖက်ချင်တာလား။ နင်က ဘာကောင်မို့လို့လဲ။ နင့်အစ်ကိုတောင် ငါ့ကို ဒီလို စကားမပြောရဲဘူး၊ နင်က ဘာမို့လို့ ဒီလောက် မောက်မာနေရတာလဲ။ အသုံးမကျတဲ့ မိသားစု၊ ထွက်သွားစမ်း..."

"နင်လို အရှက်မရှိတဲ့ မိန်းမ..."

ချဲယုံချန်းသည် စိတ်မထိန်းနိုင်တော့ဘဲ ကျိန်ဆဲကာ

"တောက်... နင်လို မိန်းမယုတ်၊ နင့်မိသားစုက အရင်လိုပဲ ထင်နေတုန်းလား။ နင်က ဘာမို့လို့ ဒီမှာ လာပြီး ဗိုလ်ကျနေတာလဲ။ နင့်ကို ငါ ရိုက်သတ်ပစ်မယ် ဆိုတာ ယုံလား"

ကျန်းယုံဟုန် ရှေ့သို့ တစ်လှမ်းတိုးကာ အေးစက်စွာဖြင့်

"ငါ့ကို ရိုက်မလို့လား။ ရိုက်ကြည့်လေ... ရိုက်ကြည့်စမ်း၊ ငါ နင့်ကို ကြောက်မယ် ထင်နေလား။ နင်လို ကောင်က ငါ့ကို ရိုက်ရဲလို့လား။ နင်က ငါ့ကို ထိရဲတဲ့ အဆင့်ရှိလို့လား။ နင် ငါ့ကို ထိမိလို့ ငါက ခွင့်ပြုခဲ့တာတောင် နင့်အစ်ကိုက ငါ့ကို အားကိုးနေရတာ၊ အဲဒါကို နင်က ငါ့ကို လာပြီး အသံကျယ်နေသေးတယ်။ နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း... ပြောကြည့်ဦးလေ..."

ချဲယုံချန်း : "နင်..."

သူသည် ကျန်းယုံဟုန်ကို ရိုက်ရန် လက်ရွယ်လိုက်သော်လည်း ချဲယုံဖုန်း ကျန်းယုံဟုန်၏ ရှေ့တွင် ဝင်ခံလိုက်လေသည်။

‘ဖြန်း...’

ကျယ်လောင်လှသော ပါးရိုက်သံတစ်ခုသည် ချဲယုံဖုန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားတော့၏။ ချဲယုံဖုန်း ဒေါသတကြီးဖြင့်

"မင်း ရူးနေလား။ ငါ့ကြည့်ရတာ မင်း တကယ် ရူးနေပြီ။ မိသားစုအတွက် ပြဿနာ ထပ်မရှာဘဲ မနေနိုင်ဘူးလား..."

"အားးး... နင်လို ဖာသည်မသား၊ ဘာဖြစ်လို့ သူ့ကို ရိုက်ရတာလဲ..."

ကျန်းယုံဟုန် ဘာမှ ပြန်မတုံ့ပြန်နိုင်သေးမီမှာပင် လီအာ့ယာက မခံမရပ်နိုင် ဖြစ်သွားရသည်။ သူမသည် ရှေ့သို့ ပြေးဝင်သွားကာ ကုတ်ခြစ်၍

"နင်လို အရှက်မရှိတဲ့ ကောင် ချဲယုံချန်း... နင်က နင့်အစ်ကိုကိုတောင် ရိုက်ရဲတယ်ပေါ့။ ရက်စက်လိုက်တဲ့ မိန်းမစိုးကောင်... နင့်ကို ငါ ရိုက်သတ်မယ်..."

သူမသည် လူမိုက်တစ်ဦးကဲ့သို့ ချဲယုံချန်း၏ မျက်နှာကို တရစပ် ကုတ်ခြစ်ကာ ပါးရိုက်လေ၏။

ချဲယုံချန်း : "နင်လို ရူးနေတဲ့ မိန်းမ... ဘာလုပ်နေတာလဲ။ ဘာလို့ ငါ့ကို လာရိုက်နေတာလဲ။ နင်က သစ္စာဖောက်ပဲ..."

"ငါတို့ ကွာရှင်းတော့မှာပဲ၊ သေချာပေါက် ငါက ယုံဖုန်းဘက်က နေရမှာပေါ့။"

"နင်က အကျင့်စာရိတ္တကောင်းတဲ့ မိန်းမ မဟုတ်ဘူး။"

"နင်လည်း အတူတူပါပဲ။ တစ်ယောက်ကိုတစ်ယောက် လာပြီး အပြစ်မတင်ကြေးနော်..."

"နင်လို မိန်းမယုတ်... မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

"နင်က ယောက်ျားကြီး တန်မဲ့နဲ့ အဘွားကြီးအုပ်စုရဲ့ လုပ်ကျွေးတာကို ခံထားရတာ၊ ဘယ်လိုလုပ် စကားပြောရဲသေးတာလဲ။ ငါသာ နင့်နေရာမှာဆိုရင် ကျောက်ခဲတစ်လုံး ရှာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပြီ"

ရပ်ကွက်ကော်မတီရုံးမှ ဝန်ထမ်းများအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းနားပန်းကြီးကုန်ကြတော့သည်။

သူတို့ တကယ်ကို ဝေခွဲမရ ဖြစ်သွားကြခြင်း ဖြစ်ပြီး ထိုသို့ဖြစ်ရသည်မှာလည်း အကြောင်းရှိ၏။

အဓိက ပြဿနာမှာ ချဲယုံဖုန်းသည် လီအာ့ယာ၏ မောင်မဟုတ်ဘဲ ချဲယုံချန်း၏ အစ်ကို ဖြစ်နေခြင်းကြောင့်ပင်။

ကဲ... ဖြစ်ပျက်ပုံကို အစီအစဉ်တကျ ပြန်တွက်ကြည့်မည်ဆိုလျှင်~~~ ခဲမတ်ဖြစ်သူက မရီးဖြစ်သူကို ရိုက်ရန် လက်ရွယ်ရာ၊ အစ်ကိုဖြစ်သူမှ ဝင်ခံပြီး ပါးရိုက်ခံလိုက်ရသည်။ ထို့နောက် မရီးဖြစ်သူဘက်မှ ဘာမှ ပြန်မတုံ့ပြန်ရသေးမီမှာပင် မတ်ငယ်၏ ဇနီးဖြစ်သူမှာ ရုတ်တရက်ကြီး ဒေါသပေါက်ကွဲကာ ရှေ့သို့ ပြေးဝင်သွား၏။ သူမသည် ‘ယင်ကိုးပါးအရိုးဖြူလက်သည်းကွက်’၊ ‘တရစပ် ပါးရိုက်ကွက်’ စသည့် သိုင်းကွက်ပေါင်းစုံ ထုတ်ကာ အသေအလဲ ထိုးနှက်တိုက်ခိုက်လေတော့သည်။

အင်း...

ဒီလိုဆိုမှတော့ သူတို့ လင်မယား ကွာရှင်းကြတာ တကယ် အံ့ဩစရာ မဟုတ်တော့ပါဘူး…

ဒီမိသားစုရဲ့ ပတ်သက်မှုတွေက တော်တော်လေးကို ရှုပ်ထွေးလှချည်လား… ကြားထဲမှာ အဘွားအိုတွေလည်း ပါဝင်နေသေးတယ်ဆိုတော့…. အမယ်လေး… သောက်ကျိုးနည်းပါပဲ…

သို့သော်လည်း သူတို့အနေဖြင့် ဆက်၍ ဖျောင်းဖျပေးရန် လိုအပ်နေသေးသည်၊ မဟုတ်လျှင် ဤနေရာကို လူတကာ ရန်ဖြစ်၍ရသော နေရာဟု ထင်မှတ်သွားကြလိမ့်မည်။

"မချကြပါနဲ့တော့... မချကြပါနဲ့တော့... ကွာရှင်းမလို့ပဲ မဟုတ်လား။ ထောက်ခံစာ ယူပြီး မြန်မြန် သွားလုပ်ကြစမ်းပါ၊ ဘာလို့ ရန်ဖြစ်နေကြတာလဲ။"

"မချကြပါနဲ့တော့... ဒီလို ဆက်လုပ်နေရင် ရဲခေါ်လိုက်မှာ ခင်ဗျာ..."

"ဟုတ်တယ်၊ ဟုတ်တယ်၊ တော်ကြပါတော့..."

ချဲယုံချန်းနှင့် လီအာ့ယာတို့သည် တစ်ယောက်ကိုတစ်ယောက် ဆွဲလားရမ်းလား လုပ်နေကြရာ နှစ်ဦးစလုံးတွင် ဒဏ်ရာအနာတရများစွာ ရသွားကြသည်။

လီအာ့ယာသည် သူမ၏ ပါးစပ်ထဲတွင် သွေးညှီနံ့တစ်ခုကို ခံစားလိုက်ရသဖြင့် တံတွေးတစ်ချက် ထွေးလိုက်ပြီး

"ချဲယုံချန်း... ဒါ နောက်ဆုံးအကြိမ်ပဲ။ ကွာရှင်းပြီးသွားရင် ငါ့ကို လက်ဖျားနဲ့တောင် လာမထိဖို့ စဉ်းစားထားလိုက်။ နင်က နင့်အစ်ကိုရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိဘူး။ ရုပ်ကလည်းဆိုး၊ အသုံးကလည်းမကျ၊ အိပ်ရာထဲမှာလည်း အသုံးမဝင်တဲ့ဟာ..."

သူမသည် ကျန်းယုံဟုန်ကို စိန်ခေါ်ချင်သော အမူအရာမျိုးဖြင့် အောင်နိုင်သူပမာ တစ်ချက် ဝှေ့ကြည့်လိုက်၏။

ကျန်းယုံဟုန်၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သွားတော့သည်။

လီအာ့ယာ ပို၍ပင် ဘဝင်မြင့်သွားကာ

"အရင်က နင့်ကို သဘောကျမိတာ ငါ့မျက်စိ ကန်းခဲ့လို့ပဲ၊ နင့်ကိုယ်နင် ပြန်ကြည့်ဦး၊ နင်က ဘာကောင်မို့လို့လဲ။ နင်က ငါနဲ့ ထိုက်တန်လို့လား၊ ငါက နင့်ထက် သာတဲ့သူနဲ့ ရအောင် ယူပြဦးမှာ။ ငါ နောက်အိမ်ထောင်ပြုရင် ငါ့ယောကျ်ားကို သားတစ်ယောက် မွေးပေးမယ်"

သူမသည် ချဲယုံဖုန်းကို ညင်သာနူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ချဲယုံဖုန်းမှာ မျက်မှောင်ကုတ်လျက် မျက်နှာလွှဲလိုက်သည်။

‘ဒီမိန်းမ ဘာဖြစ်နေတာလဲ။’

သူတို့ ခိုးစားခဲ့ကြသည်မှာ မှန်သော်လည်း သူမကို ဇနီးအဖြစ် ပြန်ယူရန်မူ သူ လုံးဝ အစီအစဉ်မရှိချေ၊ ထိုအရှက်ကွဲမှုကို သူ မခံနိုင်ပေ။

ပြီးတော့ သူမက ဘယ်လိုလူစားမျိုးလဲ…

ကျန်းယုံဟုန်နှင့် မည်သို့မျှ နှိုင်းယှဉ်၍မရပေ။

ချဲယုံဖုန်းသည် တိတ်ဆိတ်စွာပင် နေပြီး လီအာ့ယာကို နောက်တစ်ကြိမ် လှည့်ပင်မကြည့်တော့ချေ။

ရုံးခန်းအတွင်း၌မူ ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားတော့သည်။

ရှောင်လီသည် မိမိ၏ ဘောပင်ကို ကိုက်ထားမိရင်း ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်နေမိ၏။

မိမိအနေနဲ့ ဘာဖြစ်လို့များ သူတို့ကို လိုက်ပြီး ဖျောင်းဖျနေမိပါလိမ့်…

ထောက်ခံစာကိုသာ အစောကြီးကတည်းက ပေးလိုက်ရမှာကို…

အကယ်၍ သူမသာ လက်သွက်ခဲ့လျှင် သူတို့အားလုံး အခုချိန် အပြင်ကို ရောက်နေလောက်ပြီ ဖြစ်သည်။ ယခုမူ လူတိုင်း အခန်းထဲမှာ ရှိနေကြသဖြင့် သူတို့ ရန်ဖြစ်ရင်း သူမ၏ ရုံးခန်းကို ရိုက်ခွဲဖျက်ဆီးပစ်ကြမည်ကို အလွန် ကြောက်ရွံ့နေမိ၏။

‘အမလေး... ဘုရားရေ။’

သူမသည် နောင်ကို ဘယ်တော့မှ စကားဝင်မပြောတော့ဟု စိတ်ထဲမှနေ ကျိန်ဆိုလိုက်မိသည်။

"ဟို... ကျွန်တော်တို့ ကွာရှင်းခွင့် ထောက်ခံစာ လာယူတာပါ။ ဒီနေ့ ရုံးဖွင့်တယ် မဟုတ်လားခင်ဗျာ။"

တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ထွက်ပေါ်လာသော အသံတစ်ခုကြောင့် လူတိုင်း လှည့်ကြည့်လိုက်ကြရာ နောက်ထပ် လင်မယားတစ်တွဲ ရုံးခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရ၏။

ထောက်ခံစာ လာယူတိုင်း သေချာပေါက် ကွာရှင်းကြမည် မဟုတ်ကြောင်း လူတိုင်း သိသော်လည်း၊ ယနေ့ အခြေအနေကြီးသည်ကား မကောင်းဆိုးဝါး ဝင်နေသကဲ့သို့ ခံစားရသဖြင့် ရှောင်လီ၏ ရင်မှာ ‘ဒိတ်’ ခနဲ ဖြစ်သွားရသည်။

"ရှင်တို့က ဘာဖြစ်လို့ ထောက်ခံစာ လာယူတာလဲဟင်..."

"ကျွန်တော်တို့ ကွာရှင်းချင်လို့ပါ။"

"ဘာ..."

ရှောင်လီ ယောင်ယမ်းပြီး အော်မိသွားကာ ချက်ချင်းပင် လေသံပြောင်း၍

"အော်... ကွာရှင်းမလို့လား။ ရပါတယ်၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ပေးပါ။ ကျွန်မ စစ်ဆေးပြီး အဆင်ပြေရင် အခုချက်ချင်း ထောက်ခံစာ ရေးပေးပါ့မယ်"

ထိုလင်မယားမှာ အခြားသူမဟုတ်၊ ဝမ်ကျန့်ကော်နှင့် ဝမ်မေ့လန်တို့ ဖြစ်ကြသည်။

ဝမ်မေ့လန် : "ကျွန်မတို့ ကွာရှင်းပြတ်စဲခြင်း သဘောတူစာချုပ် မူကြမ်းကို ရေးလာခဲ့ပါတယ်။ ရပ်ကွက်ထဲက လူအားလုံးရဲ့ ရှေ့မှာပဲ လက်မှတ်ထိုးချင်ပါတယ်၊ သက်သေအဖြစ် ရှိနေအောင်လို့ပါ"

သူမသည် အနည်းငယ် စိတ်မကောင်း ဖြစ်နေသော်လည်း စိတ်ပိုင်းဖြတ်ထားပုံမှာ ပြတ်သားလှပေသည်။

ဒါတွေအားလုံးက ကလေးတွေအတွက်ပဲ… ယောကျ်ားဆိုတာ အားကိုးလို့မရပေမဲ့ ပိုက်ဆံကတော့ အားကိုးလို့ရတယ်… ပိုက်ဆံရှိမှသာ ကလေးတွေရဲ့ ဘဝကို ပိုပြီး ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မှာ မဟုတ်လား…

ဝမ်မေ့လန်သည် အမှန်တကယ်၌ ရင်ကွဲမတတ် ခံစားရရှာ၏။ ဝမ်ကျန့်ကော်၏ မတော်တဆမှုအတွက် သူမ စိတ်မကောင်းဖြစ်ရသော်လည်း သူ့ကို အပြစ်မတင်ခဲ့ချေ။ ဤကဲ့သို့ ယုတ်မာသော လူမျိုးများနှင့် ကြုံတွေ့ခဲ့ရသည့် သူ့ကံကြမ္မာကိုသာ သူမ နာကျည်းမိခြင်း ဖြစ်သည်။ အကယ်၍ သူတို့သည် မရိုးမသား စီးပွားရေးလုပ်ငန်းတစ်ခုထဲတွင် အမှန်တကယ်အလိမ်ခံခဲ့ရပြီး၊ အဘွားအိုကြီးများ၏ ဤကဲ့သို့ နှိပ်စက်မှုကို ခံခဲ့ရသည်ဆိုလျှင် သူမအနေဖြင့် သည်းခံနိုင်၏။

သူမသည် ဆင်းရဲဒုက္ခကို အတူမရင်ဆိုင်နိုင်သည့် မိန်းမမျိုး မဟုတ်ပေ။

သို့သော် သူသည် မရိုးမသား လုပ်ခဲ့သည့်အပြင် အလိမ်လည်း ခံခဲ့ရသည်၊ ပို၍ ဆိုးသည်မှာ လူလေးယောက်ပါဝင်သော ဖောက်ပြန်မှုကြီးတွင် ပတ်သက်နေခဲ့ခြင်း ဖြစ်ရာ... သူမ လုံးဝ မခံစားနိုင်တော့ပေ။

ဝမ်ကျန့်ကော်ကို တွေးမိရုံမျှဖြင့် သူမ ရွံရှာမိတော့သည်။

အမှန်စင်စစ် သူမသည် ဤမျှအထိ ပြတ်သားနိုင်သူ မဟုတ်ခဲ့ပေ။ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့သော သံယောဇဉ်ကို ဤမျှ လျင်လျင်မြန်မြန် မည်သို့ ဖြတ်တောက်နိုင်ပါမည်နည်း။ သို့သော် သူမ၏ ဖခင်မှာ အလွန် အမျှော်အမြင်ရှိသော လူတစ်ယောက် ဖြစ်သည်။ သူမ ဝင်းထဲသို့ မပြန်မီ ဖခင်ဖြစ်သူသည် သူမကို ခေါ်ယူကာ အခြေအနေအားလုံးကို သေသေချာချာ သုံးသပ်ပြခဲ့၏။

ဤကွာရှင်းမှုသည် သေချာပေါက် ဖြစ်လာရပေမည်။

အကယ်၍ သူမသာ မကွာရှင်းခဲ့လျှင်၊ သူမဘက်မှ ခွင့်လွှတ်သည်ဖြစ်စေ၊ မခွင့်လွှတ်သည်ဖြစ်စေ... ထိုအဘွားအိုများ၏ ကိစ္စကြောင့် လူတကာ၏ ရှေ့တွင် မျက်နှာပြရဲတော့မည် မဟုတ်ပေ။ ကလေးများလည်း အရိပ်မည်းကြီး မိနေပေလိမ့်မည်။

ကွာရှင်းလိုက်ခြင်းသည် ထိုပြဿနာများကို အကုန်လုံး ပျောက်ကွယ်မသွားစေနိုင်ပြီး၊ ရှင်းရှင်းလင်းလင်း ဖွင့်ချလိုက်ခြင်းမှာ မျိုသိပ်ထားရခြင်းထက် အများကြီး ပို၍ သာလွန်ပေသည်။

ကွာရှင်းခြင်းဟူသည် မျဉ်းတစ်ကြောင်း ပြတ်ပြတ်သားသား တားလိုက်ခြင်းပင်။

အတင်းအဖျင်း ပြောဆိုခံရမည် ဆိုသော်ငြားလည်း ထိုပတ်ဝန်းကျင်ဆိုးကြီးထဲတွင် ဆက်ရှိနေရခြင်းထက် အများကြီး ပို၍ တော်ပေ၏။

ပို၍ အရေးကြီးသည်မှာ ဝမ်ကျန့်ကော်သည် လူလေးယောက် အတူတူ ရှုပ်ရဲနေခဲ့သည်ဆိုလျှင် ယင်းသည် သူ၏ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာလှပေသည်။ အကယ်၍ သူမသာ မကွာရှင်းခဲ့လျှင် နောင်အခါ ဤကဲ့သို့ ကိစ္စမျိုး ထပ်မံ ဖြစ်ပွားမလာနိုင်ဘူးဟု မည်သူ အာမခံနိုင်မည်နည်း။ သူတို့ ဆက်ပြီး အရှက်ကွဲနေကြရဦးမည်လော့။ ဝမ်မေ့လန်သည် ဖခင်၏ အကြံဉာဏ်ကို နားထောင်ခဲ့၏။ မိမိ၏ မိသားစုမှာ မိမိကို ဘယ်တော့မှ ဒုက္ခပေးမည်မဟုတ်ကြောင်း သူမ သိရှိထားပြီး၊ ဖခင်ပြောသည်မှာလည်း မှန်ကန်လှပေရာ ထို့ကြောင့်ပင် သူမက ပြတ်ပြတ်သားသား တောင်းဆိုနေခြင်း ဖြစ်သည်။

သူမ အခြားအရာများကို မတွေးချင်တော့ပေ။ အရင်ဆုံး ကွာရှင်းမည်၊ ပြီးနောက် ပိုက်ဆံကို ယူကာ အိမ်ပြောင်းမည်၊ ကလေးများ၏ ကျောင်းကို ပြောင်းပေးမည်... ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အကုန်လုံးကို အမြန်ဆုံး လုပ်ဆောင်ချင်နေ၏။

"ရဲဘော်... ရဲဘော်ရှင့်..."

ရှောင်လီ: "ရှင်... ဘာဖြစ်လို့လဲရှင့်။"

ဝမ်မေ့လန်သည် ရုတ်တရက် အတွေးကမ္ဘာထဲမှ ရုန်းထွက်လိုက်ပြီး

"ရော့... ဒါ ကျွန်မတို့ ရေးလာတဲ့ သဘောတူစာချုပ်ပါ"

သူမသည် ဝမ်ကျန့်ကော်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"လက်မှတ်ထိုးလိုက်တော့"

ဝမ်ကျန့်ကော် : "မေ့လန်... မင်း တကယ်ပဲ ဒီလို လုပ်ရမှာလား။ မင်း..."

ဝမ်မေ့လန် : "ရှင် လက်မှတ်ထိုးမှာလား၊ မထိုးဘူးလား။ တကယ်လို့ ရှင် လက်မှတ်မထိုးဘူးဆိုရင်တော့..."

"ငါ ထိုးမယ်..."

ဝမ်ကျန့်ကော်သည် မိမိအား ဝမ်မေ့လန် နိုင်ထက်စီးနင်း လုပ်နေမှန်း သိသော်လည်း ယခုအချိန်တွင်မူ အခြားရွေးချယ်စရာ လုံးဝမရှိချေ။

အခြေအနေမှာ အလွန်တရာ အရေးကြီးနေပြီး ယခုချက်ချင်း ငြိမ်းအေးသွားစေရန်လည်း အခြားနည်းလမ်း မရှိတော့ပေ။

လီအာ့ယာနှင့် အခြားသူများမှာ ခေါင်းပြူပြီး ချောင်းကြည့်နေကြသည်။

"အခန်းလေးခန်း... တစ်ယောက်တစ်ဝက်စီ..."

သူ့မိသားစုတွင် မူလ၌ အခန်းနှစ်ခန်းသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဘွားကြီးဝမ်မှ နောက်ထပ် နှစ်ခန်း ထပ်မံလဲလှယ်ခဲ့ခြင်း ဖြစ်၏။ ကံကောင်းသည်မှာ အဘွားကြီးဝမ်သည် အိမ်အားလုံးကို ဝမ်ကျန့်ကော်၏ နာမည်ဖြင့်သာ မှတ်ပုံတင်ခဲ့သဖြင့် ဝမ်မေ့လန်၏ တောင်းဆိုမှုမှာ ပို၍ပင် တရားဝင်သွားတော့သည်။

"စုငွေ သုံးထောင်... တစ်ထောင်ကို မိန်းမဖြစ်သူအား ပေးရမည်ဖြစ်ပြီး ကျန်နှစ်ထောင်ကိုမူ ယောကျ်ားဖြစ်သူက ခုနစ်ရက်အတွင်း ပြဆပ်ရမည့် အကြွေးစာချုပ် ရေးပေးရမည်။"

"ကလေး ပြုစုပျိုးထောင်စရိတ်... ကောင်စရိတ်..."

လီအာ့ယာ တောက်တစ်ချက်ခေါက်ရင်း

"အမလေး... အများကြီးပဲ..."

သူမသည် မျက်လုံးလေး ကလည်ကလည်လုပ်ကာ

"ချဲယုံချန်း... ငါတို့လည်း ကွာရှင်းကြမှာပဲ၊ နင် ငါ့ကို ဘာမှမပေးရင်တော့ မရဘူးနော်"

ချဲယုံချန်း နှာခေါင်းရှုံ့လျက် ခနဲ့လိုက်ကာ

"ဒါဆိုလည်း မကွာရှင်းနဲ့ပေါ့။ ကွာရှင်းချင်တာ မင်းပဲလေ၊ ငါကတော့ ဘာမှမဖြစ်ဘူး။ ပစ္စည်းတွေ လိုချင်သေးတယ်ပေါ့... အိပ်မက်မက်နေလိုက်"

"နင်လို အောက်တန်းစားကောင်..."

ချဲယုံချန်း : "ဟက်... မင်းကိုယ်မင်း ဘာကောင်မလဲဆိုတာကော သိရဲ့လား။ ဟိုဟာလိုချင်၊ ဒီဟာလိုချင်နဲ့... နင်နဲ့ ထိုက်တန်ရဲ့လားဆိုတာရော သိရဲ့လား"

သူသည် လီအာ့ယာကို ဆဲဆိုပြီးနောက် ဝမ်ကျန့်ကော်ဘက်သို့ လှည့်၍ ဆဲပြန်သည်။

"ဝမ်ကျန့်ကော်... မင်းလို အသုံးမကျတဲ့ကောင်၊ မင်းက ခွေးတစ်ကောင်ထက်တောင် မသာဘူး။ မိန်းမတစ်ယောက်ရဲ့ အုပ်ချုပ်တာကို ခံနေရတယ်ပေါ့လေ။ အဲဒီဖာသည်မကို ဒီလောက်အထိ အများကြီး ပေးလိုက်ရရုံတင်မကဘူး၊ အခုတော့ နောက်တစ်ယောက်နဲ့ အတူနေဖို့တောင် ရှာလို့ရမှာ မဟုတ်တော့ဘူးမလား"

ဝမ်ကျန့်ကော်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ဝမ်းနည်းသော်လည်း ကြံ့ကြံ့ခံနေသည့် ပုံစံမျိုး ဖန်တီးကာ

"ငါ မှားခဲ့တာပါ။ ငါ သူမကို ပိုပြီး ပေးသင့်ခဲ့တာ။ ဒါတွေအားလုံးကို ထားလိုက်ပါတော့... သူမအတွက်ဆို ငါ့အသက်ကိုတောင် ပေးနိုင်ပါတယ်"

ထိုကိစ္စများ မကြာမီ ပျံ့နှံ့သွားတော့မည်ကို သူ သိထားသဖြင့် အပြစ်မရှိသလိုမျိုး ဟန်မဆောင်တော့ပေ။သို့သော် အပြစ်ဝန်ခံသည့် သူ၏ သဘောထားမှာမူ အလွန်ပင် ကောင်းမွန်နေ၏။

"အမှားလုပ်မိရင်တော့ အကျိုးဆက်ကို ခံရမှာပဲ။ အဲဒီတုန်းက လောဘဇောတိုက်ပြီး မျက်စိကန်းခဲ့မိတာကိုပဲ ငါ နောင်တရတယ်..."

"မေ့လန်... ငါ လက်မှတ်ထိုးပါ့မယ်"

ဝမ်မေ့လန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမ၏ စိတ်နှလုံးမှာမူ ရေပြင်ကဲ့သို့ ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။

သူမသည် မနေ့ည၌ တစ်ရေးမျှ မအိပ်ခဲ့ရချေ။ သူမ၏ ဖခင်နှင့် မောင်ဖြစ်သူတို့မှာ ဝမ်ကျန့်ကော်၏ တုံ့ပြန်ပုံ အမျိုးမျိုးကို ကြိုတင်ခန့်မှန်းခဲ့ကြရာ... မထင်မှတ်ဘဲ သူမ၏ ဖခင် ခန့်မှန်းခဲ့သည်မှာ တစ်ထပ်တည်း မှန်ကန်နေပြန်၏။

အကယ်၍ ဖခင်ဖြစ်သူသာ ရှိမနေခဲ့လျှင် သူမ စိတ်လှုပ်ရှားသွားမိကောင်း သွားမိနိုင်သော်လည်း၊ ယခုအချိန်တွင်မူ အလွန်တရာ ရယ်စရာကောင်းလှသည်ဟုသာ ခံစားရတော့သည်။

ဝမ်မေ့လန် : "လူတိုင်း သက်သေအဖြစ် ရှိပေးကြပါ။ ဒါတွေက ကျွန်မပိုင်တာတွေပါ၊ တစ်ပြားတစ်ချပ်မှ အလျှော့မပေးနိုင်ပါဘူး။ ကျွန်မအတွက်သာဆို ဘာမဆို အဆင်ပြေပါတယ်၊ ကျွန်မမှာ ထည့်သွင်းစဉ်းစားပေးရမယ့် သမီးသုံးယောက် ရှိနေလို့ပါ"

ရှောင်လီသည် အလွန်ပင် လက်သွက်လှပေသည်။ ဝမ်ကျန့်ကော်၏ သရုပ်ဆောင်မှုမှာ အလွန် စစ်မှန်လှသည်ဟု ထင်ရသော်လည်း ရှောင်လီသည် ဤလူစုကို ကြောက်လန့်နေမိပြီ ဖြစ်၍။

"ထောက်ခံစာ ရေးပြီးရင်တော့ မြန်မြန် ထွက်သွားကြပါတော့ရှင်။"

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်ရှင်။"

"မလိုပါဘူး၊ မလိုပါဘူး။"

ကျန်းယုံဟုန် : "ကျွန်မဟာကော။ မြန်မြန် လုပ်ပေးပါဦး၊ ကျွန်မ ကွာရှင်းဖို့ အလျင်လိုနေတာ။ ဒီလို အရူးတစ်ယောက်ရဲ့ သရုပ်ဆောင်မှုကို ထိုင်ကြည့်နေဖို့ ဘယ်သူ့မှာ အချိန်ရှိမှာလဲ။ တကယ့်ကို ရှုပ်ပွပြီး အဓိပ္ပာယ်မရှိလိုက်တာ"

"အခုပဲ ရပါပြီ၊ အခုပဲ ရပါပြီ။"

"နင်က ဘာဖြစ်လို့ ငါ့ကို ဆဲနေတာလဲ။ နင်တို့ မိန်းမတွေ တအား လွန်လာပြီနော်... နင်တို့... အား..."

ဝမ်မေ့လန်သည် ရုတ်တရက် လှည့်ကာ ချဲယုံချန်း၏ မျက်နှာကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်ရင်း

"ငါ နင့်ကို သိတောင်မသိဘူး၊ အဲဒါကို နင်က ငါ့ကို ဖာသည်မလို့ လာခေါ်တယ်ပေါ့။ ငါ့ကြည့်ရတာ နင်ကမှ ဖာသည်မသား ဖြစ်ရမှာ။ ဘာလဲ... မိန်းမတွေကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား"

ဝမ်မေ့လန် ဝင်ရိုက်လိုက်ခြင်းကြောင့် ဖြစ်နိုင်သည်... ကျန်းယုံဟုန်သည်လည်း ရှေ့သို့ တစ်လှမ်းတိုးကာ ချဲယုံချန်း၏ မျက်နှာကို ခပ်ပြင်းပြင်း နောက်တစ်ချက် ထပ်မံရိုက်လိုက်ပြီး ဆဲဆိုလေ၏။

"နင် စောစောက ငါ့ကို ရိုက်မလို့ ဟုတ်လား၊ နင့်ကိုယ်နင် ဘာကောင်မှတ်နေလဲ။ ယောက်ျားကြီး တန်မဲ့နဲ့ ဘာမှလည်း မဟုတ်ဘဲ အစ်ကိုဖြစ်သူကိုပဲ အားကိုးပြီး ပြဿနာ ရှာနေတာ။ နင့်မိသားစုထဲမှာ နင်သာ ပြဿနာမရှာရင် သူတို့ ချမ်းသာနေတာ ကြာလှပြီ။ နင်က အမင်္ဂလာကောင်ပဲ၊ နင့်မိသားစု ကံဆိုးနေတာ မဆန်းပါဘူး"

‘ဖြန်း... ဖြန်း...’

"သူက အသုံးမကျတဲ့ကောင်၊ ဘာမဆို သူ့အမေ စကားပဲ နားထောင်တာ။ အသက်သုံးဆယ်ကျော်ကြီး ဖြစ်နေပြီးတော့ အမြဲတမ်း သူ့အမေကိုပဲ တမ်းတနေတာ။ သူ့အမေကလည်း စိတ်ပုတ်ပြီး နှုတ်သီးသန်တဲ့ မိန်းမကြီး၊ ဘာအရည်အချင်းမှ မရှိဘဲနဲ့ အမြဲတမ်း ကြွားကြွားဝါဝါ လုပ်နေတာ။ အပြင်မှာလည်း အဘိုးကြီး အများကြီးနဲ့ ရှုပ်ပွေနေတာပဲ။"

"နင် လျှောက်ပြောမနေနဲ့၊ ငါ့အမေကို လာပြီး မစွပ်စွဲနဲ့..."

ချဲညီအစ်ကို နှစ်ဦးစလုံး မခံမရပ်နိုင် ဖြစ်သွားကြသည်။

လီအာ့ယာ : "ငါ လိမ်ပြောနေတာ မဟုတ်ဘူး၊ နင်တို့အမေက အမြဲတမ်း မျက်စပစ် မျက်နှာပိုးမသတ် လုပ်နေတာ။ ဘာမှ မလုပ်ခဲ့ရင်တောင် သူက အဆင့်ရှိတဲ့ မိန်းမ မဟုတ်ဘူး"

"ပါးစပ်ပိတ်စမ်း။"

"မပိတ်နိုင်ဘူး..."

"အား..."

ချဲညီအစ်ကို နှစ်ဦးသည် သူတို့၏ မိခင်အား ဤကဲ့သို့ စွပ်စွဲသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။ သူတို့ ချက်ချင်းပင် လက်ပါတော့သည်။

လီအာ့ယာ : "နင်တို့လို လူမိုက်ကောင် နှစ်ယောက်၊ တစ်ရက်လင်မယား ဆံပင်တစ်ဖျား ဆိုတာတောင် ရှိသေးတယ်။ နင်တို့က ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့..."

"တော်ကြစမ်းပါတော့ နင်တို့တွေ၊ ငါ မကွာရှင်းရသေးဘူးနော်၊ နင်တို့က ငါ့ကို သေပြီလို့ ထင်နေတာလား။ နင်တို့နှစ်ယောက်က အခုကတည်းက ရှုပ်ပွေနေကြပြီ... နင်တို့ တကယ်ပဲ ငါ ကျန်းယုံဟုန်ကို မျက်စိထဲ မထည့်ကြဘူးပေါ့..."

ကျန်းယုံဟုန်သည်လည်း နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ကာ အင်္ကျီလက်ကို ပင့်တင်ကာ ရန်ပွဲအတွင်းသို့ ဝင်ပါလေတော့သည်။

ထိုလူစုသည် ကျယ်လောင်စွာဖြင့် အသေအလဲ သတ်ပုတ်ကြလေ၏။

ရှောင်လီ : "အမလေး... ဘုရားရေ၊ ဒါတွေ အကုန်လုံး ငါ့အမှားတွေပဲ၊ ငါ့အမှားတွေ... ဘာဖြစ်လို့ မေးခွန်းတွေ အများကြီး လိုက်မေးပြီး အချိန်တွေ ဖြုန်းမိပါလိမ့်။ အူးဝါးးး... မချကြပါနဲ့တော့... တော်ကြပါတော့ရှင်..."

ကျန်လူများလည်း ရန်ပွဲကို တားဆီးရန် ကြိုးစားကြသော်လည်း မည်သူမျှ ကြားထဲသို့ ဝင်မဆွဲရဲကြပေ။ ထိုလူများမှာ အတော်လေး ရိုင်းစိုင်းကြမ်းတမ်းလှပေသည်။

"ဝမ်ကျန့်ကော်... ဒါတွေအကုန်လုံး မင့်ကြောင့်ဖြစ်တာ... မင်းသာ ငါတို့ကို တောင်ပိုင်းသွားဖို့ မပြောခဲ့ရင် ငါတို့ ဒီလို ပြဿနာမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး... ငါတို့ရဲ့ ကောင်းမွန်တဲ့ မိသားစုလေး မင်း ကြောင့် ပျက်စီးသွားရပြီ... ဒါ အကုန်လုံး မင့်အပြစ်တွေပဲ..."

"အား..."

ထိုလူငါးယောက် အပြင်းအထန် သတ်ပုတ်နေကြစဉ် ဝမ်မေ့လန်သည် ရုံးခန်းတံခါးဝသို့ ခပ်မြန်မြန်ပင် ဆုတ်ခွာလိုက်တော့သည်။ သူတို့ ဤမျှအထိ ပြင်းပြင်းထန်ထန် ရန်ဖြစ်နေကြပုံကို ကြည့်ရင်း သူမ၏ စိတ်မကောင်းဖြစ်မှုများမှာ အနည်းငယ် လျော့ပါးသွားရ၏။

ဒါကြောင့်မို့လို့... ဖခင်ဖြစ်သူ ပြောခဲ့သည်မှာ မှန်ကန်လှပေသည်။ ကွာရှင်းလိုက်ခြင်းမှာ ကောင်းမွန်သောအရာ ဖြစ်သည်။ မဟုတ်လျှင် ဝမ်ကျန့်ကော်သာ ပြဿနာ ထပ်ရှာခဲ့ပါက မိမိတို့ မိသားစုပါ ပတ်သက်သွားနိုင်ပေ၏။ သူမအနေဖြင့် မိမိ၏ သိက္ခာနှင့် သမီးသုံးယောက်၏ သိက္ခာကို ငဲ့ရဦးမည် မဟုတ်လော့။

ကွာရှင်းလိုက်ကြစို့...

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"

ဝမ်မေ့လန်သည် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်၏။

သေစမ်း... လီချန်ရွှမ်း နှင့် လင်စန်းရှင်း တို့ ပါလား..

သူမ အံ့ဩတကြီးဖြင့်

"ရှင်တို့ ဒီကို ဘာလာလုပ်ကြတာလဲ"

လီချန်ရွှမ်းနှင့် လင်စန်းရှင်း နှစ်ဦးစလုံးမှာ အိုးတိုးအမ်းတမ်း ဖြစ်နေကြသည်။

မကြာမီမှာပင် လီချန်ရွှမ်းမှာ ပြန်ပြောကာ

"ကျွန်တော်တို့ ထောက်ခံစာ လာယူတာပါ"

ရှောင်လီ ဖြတ်ပြောရင်း

"ရှင်တို့လည်း ကွာရှင်းမလို့တော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး၊ သူတို့ ဇနီးမောင်နှံက သံယောဇဉ် တအားရှိကြတာ၊ သူတို့က..."

ဝမ်မေ့လန် ပြန်ပြောစဉ်မှာပင်

"ကျွန်တော်တို့ ထောက်ခံစာယူပြီး ကွာရှင်းမလို့ပါ။"

ဝမ်မေ့လန် စကားများ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားရ၏။

"အင်..."

"တော်ကြစမ်း... ဘာလုပ်နေကြတာလဲ။ ဒီနေရာက နင်တို့ လာပြီး ပြဿနာရှာရမယ့် နေရာမှတ်နေလား။ ဒီလို ဆက်လုပ်နေရင် အကုန်လုံးကို ရဲစခန်း ပို့ပစ်မယ်။ ဒီနေရာက နင်တို့ သောင်းကျန်းရမယ့် နေရာမဟုတ်မှန်း မသိကြဘူးလား။ ရှောင်လီ... သူတို့အားလုံးကို ထောက်ခံစာ မြန်မြန် ထုတ်ပေးပြီး လွှတ်လိုက်တော့။"

ထိုအချိန်တွင် ရပ်ကွက်ကော်မတီ ညွှန်ကြားရေးမှူးချုပ် ရောက်ရှိလာခဲ့၏။ သူမသည် ပြတ်သားလှသူ ဖြစ်သဖြင့် သူတို့ကို ချက်ချင်း ဆွဲခွာလိုက်ပြီးနောက် ရှောင်လီဘက်သို့ လှည့်ကာ ထပ်လောင်း ညွှန်ကြားလိုက်သည်။

"သူတို့ ဒီလောက်အထိ ချနေကြတာကို ညည်းက ဘာတွေ ဖင့်နွှဲနေတာလဲ။ ဒီလို အခြေအနေမျိုးမှာ လိုက်ပြီး မဖျောင်းဖျနဲ့။ ငါတို့က ထောက်ခံစာပဲ ထုတ်ပေးရတာ၊ ကွာရှင်းပေးရတာ မဟုတ်ဘူး။ ညည်း စိတ်ပူနေစရာ မလိုဘူး။ သူတို့ ဒီလောက်အထိ ရန်ဖြစ်နေကြတာ သံယောဇဉ် ပြတ်နေပြီဆိုတာ မသိသာဘူးလား။ ထောက်ခံစာ ထုတ်ပေးပြီး မြန်မြန် လွှတ်လိုက်တော့။ တရားရေးရာဌာနက လိုက်ဖျောင်းဖျတာကိုပဲ ခံပါစေ၊ ငါတို့ ဝင်မစွက်ဖက်နဲ့"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါရှင်။"

ရှောင်လီ ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်ပြီး သူမ၏ ဘောပင်မှာ ဝေဝါးသွားသည့်အထိ လက်သွက်စွာ လှုပ်ရှားသွားတော့သည်။

သူမသည် လူအများအပြားအတွက် ထောက်ခံစာများကို ခပ်မြန်မြန်ပင် ရေးသားလိုက်ပြီး မည်သည့်မေးခွန်းမျှ ထပ်မမေးတော့ဘဲ ကမ်းပေးလိုက်ရင်း

"ကောင်းကောင်း သွားကြပါရှင်"

"ဟင်း..."

"သွားစို့... ငါတို့က ပထမဆုံး ကွာရှင်းတဲ့ လင်မယား ဖြစ်ချင်တာ။"

"ငါတို့က ပထမဆုံး ဖြစ်ရမှာ..."

သူတို့သည် ယနေ့အတွက် ပထမဆုံး ကွာရှင်းသည့် စုံတွဲဖြစ်ရန်အတွက်ပင် အပြိုင်အဆိုင် အငြင်းပွားရင်း ခပ်မြန်မြန်ပင် ထွက်ခွါသွားကြ၏။

ရပ်ကွက်ကော်မတီ ဝန်ထမ်းများမှာမူ ယခုမှ သက်ပြင်းချနိုင်ကာ

"ဟူး... တော်သေးတာပေါ့..."

"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူးနော်။"

"ဒီနေ့က ဘာနေ့မို့လို့လဲ။ ဘာဖြစ်လို့ ကွာရှင်းဖို့ ဒီလောက်အထိ အလုအယက် ဖြစ်နေကြတာလဲ။ ဟေး... ညည်းတို့ ထင်လား၊ ဒီနေ့က စံချိန်တင်မယ့် နေ့တစ်နေ့ ဖြစ်သွားပြီဆိုတာ။"

"ဘာကြီးလဲ။"

"စံချိန်တင်တဲ့ နေ့ပေါ့ဟယ်... ဒီနေ့တင် လင်မယား လေးတွဲ ကွာရှင်းကြတာလေ။"

"ဒီခေတ် လူငယ်တွေကတော့လေ... အဆင်မပြေရင် ကွာရှင်းကြတာပဲ။ ငါတို့ ငယ်ငယ်တုန်းကနဲ့တော့ တကယ်ကို ကွာခြားလှပါဘိ။"

"သူတို့က လူငယ်တွေ မဟုတ်တော့ပါဘူးအေ၊ လူလတ်ပိုင်းတွေ ဖြစ်နေကြပြီ၊ လူငယ်တွေ မဟုတ်တော့ဘူး။"

"ဒါဆို သူတို့က ဘာကို လိုချင်နေကြတာလဲ..."

"ညည်းတို့ မသိပေမဲ့ ငါကတော့ သိတယ်တော်။ ငါ ပြောပြမယ်... မနေ့ညနေတုန်းက..."

တစီစီနှင့် အတင်းအဖျင်း ပြောသံများ ထွက်ပေါ်လာတော့သည်။

ရပ်ကွက်ကော်မတီရုံးတစ်ခုလုံးသည် စိတ်လှုပ်ရှား စိုပြေမှုများဖြင့် ဆူညံပွက်လောရိုက်သွားရ၏။

တစ်ရက်တည်းတင် လင်မယား လေးတွဲ ကွာရှင်းကြသည့် သတင်းသည် တောမီးပမာ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။

မည်သို့ဖြစ်စေ ဤကဲ့သို့သော ကိစ္စမျိုးဟူသည် အလွန်တရာ ရှားပါးလှသည် မဟုတ်လော့။

ထို့အပြင် သူတို့သည် ရပ်ကွက်ကော်မတီရုံးခန်းအတွင်း၌ပင် ဆွဲလားရမ်းလားဖြင့် သတ်ပုတ်ခဲ့ကြသေး၏။

အင်မတန် အတင့်ရဲလွန်းလှပေသည်။

သို့သော်လည်း လူတိုင်း သတိမထားမိဘဲ ကျန်ရစ်ခဲ့သည့် အသေးစိတ် အချက်အလက်လေးတစ်ခုကို တစ်စုံတစ်ယောက်က သတိပြုမိသွားကာ

"နေဦး... လီချန်ရွှမ်းနဲ့ လင်စန်းရှင်းတို့လည်း ကွာရှင်းကြတာလား။ ဘာဖြစ်လို့လဲ"

"လင်စန်းရှင်းက လီချန်ရွှမ်းကို အသေအလဲ ချစ်နေခဲ့တာ မဟုတ်ဘူးလား။"

"သူတို့ လင်မယားက ပုံမှန်အတိုင်း အဆင်ပြေနေကြတာပဲကို၊ သူတို့ကြားထဲမှာ ပြဿနာရှိတယ်လို့ တစ်ခါမျှ မကြားဖူးပါဘူး..."

ဝမ်ကျန့်ကော်နှင့် ဝမ်မေ့လန်တို့ ကွာရှင်းကြသည်မှာ မဆန်းသော်လည်း၊ လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့ ကွာရှင်းကြသည်မှာအတော်လေး ထူးဆန်းနေ၏။ တကယ့်ကို ထူးဆန်းလှပေသည်။

သို့သော် လူတကာက မည်သို့ပင် ပြောဆိုနေကြပါစေ၊ လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့သည် ဝမ်ကျန့်ကော်တို့ လူစုနှင့်အတူ သွား၍ မပူးပေါင်းရဲကြချေ၊ သူတို့ မျက်နှာ အပျက်မခံနိုင်၍ပင်။ ထို့ပြင် ထိုလူများနှင့်အတူ ပထမဆုံး စုံတွဲဖြစ်ရန်အတွက်လည်း အလုအယက် မပြိုင်ရဲကြပေ။ ထိုလင်မယား သုံးတွဲစလုံး လုပ်ငန်းစဉ်များ ပြီးစီး၍ ထွက်ခွာသွားကြပြီးနောက်မှသာ သူတို့သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရှေ့သို့လှမ်းကာ ကွာရှင်းခွင့် ထောက်ခံစာ ယူခဲ့ကြခြင်း ဖြစ်သည်။

ထိုအတောအတွင်းမှာပင် ဝမ်ကျန့်ကော်တို့ လူစုသည် လက်ထပ်မှတ်ပုံတင်ရုံးထဲမှ တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်ထွက်လာကြ၏။

အချို့မှာလက်ထပ်ရန် လာကြပြီး အချို့မှာကွာရှင်းရန် လာကြခြင်း ဖြစ်ကာ၊ သူတို့၏ ဖူးရောင်ညိုမည်းနေသော မျက်နှာများကို ကြည့်ရုံမျှဖြင့် ကွာရှင်းပြီးစီးသွားကြောင်း ထင်ရှားလှပေသည်။

ထိုလူစုသည် နှာခေါင်းရှုံ့လျက် တစ်ယောက်ကိုတစ်ယောက် မထီမဲ့မြင် ပြုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

"ငါ... တောက်... အမလေးဗျာ..."

ချဲယုံဖုန်းသည် စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မုဆိုးမလေးကို လှမ်းမြင်လိုက်ရသည်။

မှန်၏… မုဆိုးမလေးပင်

မုဆိုးမလေး ချန်ချင်းယွီ... သူတို့ တောင်ပိုင်း၌ ကလဲ့စားချေရန် စီစဉ်ခဲ့ကြသည့် ထိုမိန်းကလေး ဖြစ်၏။

ချန်ချင်းယွီသည် အထုပ်နှစ်ထုပ် တင်ထားသည့် စက်ဘီးတစ်စီးကို စီးနင်းလာနေခြင်း ဖြစ်ပြီး၊ စီးနေသည်ဆိုသည်ထက်... မြေပြင်နှင့် ကပ်ပြီး ပျံသန်းနေသည်ဟု ဆိုရလောက်အောင် မြန်ဆန်လှပေသည်။

ချန်ချင်းယွီ၏ စီးပွားရေးသည် ယနေ့တွင် အတော်လေး ကောင်းမွန်နေ၏။ မှောင်ခိုဈေးတွင် လူအချို့ ဆိုင်များ လာရောက်ဖွင့်လှစ်ထားကြပြီး ပျံကျဈေးသည်အချို့လည်း ရှိနေပြီ ဖြစ်ရာ သူမတစ်ဦးတည်းသာ ရောင်းချနေရခြင်း မဟုတ်တော့မှန်း သိထားသော်လည်း၊ ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ အလွန် ကောင်းမွန်နေဆဲ ဖြစ်သည်။

တစ်ခါတရံတွင် ရုပ်ရည်ချောမောလှပခြင်း၏ အားသာချက်ကို ဝန်ခံရပေမည်။

ချန်ချင်းယွီကိုယ်တိုင် ဝတ်စုံကို စံပြအနေဖြင့် ဝတ်ဆင်ပြထားရာ၊ လူအများအပြားသည် ချန်ချင်းယွီ ဝတ်ထားသည်ကို မြင်တွေ့ရပြီးနောက် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြ၏။

ဘာပဲဖြစ်ဖြစ် ကြည့်ရတာ တကယ်ကို လှပလွန်းနေတာပဲ မဟုတ်လား…

ချန်ချင်းယွီအနေဖြင့် အမျိုးသမီးဝတ်စုံများကိုသာ ဝတ်ဆင်နိုင်ပြီး နမူနာ အဝတ်အစားများမှာလည်း အမျိုးသမီးဝတ်များသာ ဖြစ်သော်လည်း၊ လူတိုင်း ပစ္စည်းဝယ်ယူကြသည့်အခါ စကားချိုချို၊ သဘောကောင်းပြီး သဒ္ဓါတရားထက်သန်သည့် မိန်းကလေးချောချောလေးထံမှ ဝယ်ယူရန် ပို၍ နှစ်သက်ကြသည်သာ… ထို့ကြောင့် ယောက်ျား အတော်များများပင် လာရောက်ဝယ်ယူကြသည်။ သေချာပေါက်ပင်... ချန်ချင်းယွီ၏ အရောင်းသွက် ပစ္စည်းများမှာ မနက်ခင်း မကုန်ဆုံးမီမှာပင် အကုန် ပြတ်လပ်သွားခဲ့ရ၏။ သူမသည် ပစ္စည်းအသစ်များ ထပ်မံယူရန် အိမ်သို့ ခပ်မြန်မြန် ပြန်လာခဲ့ခြင်း ဖြစ်သည်။ ရှီချာဟိုင်တွင် လူအချို့ စောင့်ဆိုင်းနေကြဆဲ ဖြစ်ရာ သူမသည် စက်ဘီးကို မီးပွင့်မတတ် အားကုန်နင်းနေ၏။

သူမသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ချဲယုံဖုန်းမှာ သူမကို မှတ်မိနေဆဲ ဖြစ်၏။

ကျန်းယုံဟုန် နှာခေါင်းရှုံ့လျက်

"အော်... နင်က ငါတို့ တကယ် ကွာရှင်းပြီးပြီလို့ ထင်နေတာလား။ သူထွက်လာတာနဲ့ နင်က ငါ့ကို ပြဿနာ ရှာဖို့ ကြံစည်နေပြီပေါ့လေ။ သူက မိန်းမချောလေး တစ်ယောက်မို့လို့လား၊ ဒါက ဒီလောက်အထိ အရေးကြီးနေလို့လား"

ချဲယုံဖုန်း မျက်မှောင်ကုတ်လျက်

"မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ ငါက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး... အဲဒါက ကျောက်တာ့ရာရဲ့ ချွေးမ မုဆိုးမလေးလေ။ အကယ်၍ သူမမိသားစုက ပြဿနာမရှာခဲ့ရင် ငါက အခုထက်ထိ အလုပ်ရုံမှူး ဖြစ်နေဦးမှာ၊ ရာထူးတောင် တိုးနေလောက်ပြီ။ အခုလို အလုပ်ရုံထဲမှာပဲ အလုပ်လုပ်နေရမှာ မဟုတ်ဘူး..."

သူတို့ကြားတွင် အာဃာတ ရှိနေခဲ့ခြင်း ဖြစ်သည်။

ကျန်းယုံဟုန်သည် ဝမ်ကျန့်ကော်

တစ်ယောက် ချဲညီအစ်ကိုနှစ်ဦးကို ထိုမုဆိုးမလေးအား ကလဲ့စားချေရန်ဟူသော ခေါင်းစဉ်ဖြင့် တောင်ပိုင်းသို့ သွားရန် စည်းရုံးခဲ့ကြောင်း သိရှိထား၏။ သို့သော် နောက်ပိုင်းတွင် ထိုမုဆိုးမလေးမှာ ပုံမှန်အတိုင်း ဆက်ရှိနေခဲ့ပြီး သူတို့ သုံးယောက်သည်ကား ဆိုးရွားသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ကြရသည်။

ကျန်းယုံဟုန်သည် ချန်ချင်းယွီကို အထူးတလည် တတ်နိုင်စွမ်းရှိသူဟု မထင်မိပေ။ သူမမှာ ထိုယောက်ျားများကိုသာ အသုံးမကျလွန်းဟု ထင်မြင်မိ၏။

နုနုနယ်နယ် မိန်းမပျိုလေးတစ်ယောက်ကိုတောင် သူတို့ မကိုင်တွယ်နိုင်ကြပါပဲ…

သူတို့ ဘာများ တတ်နိုင်ဦးမှာလဲ…ကွာရှင်းလိုက်တာကသာ အမှန်ကန်ဆုံးပဲ၊ ဒီလို အသုံးမကျတဲ့အရာတွေက တန်ဖိုးမရှိပါဘူး…

သူမအနေဖြင့် ချန်ချင်းယွီနှင့် တကယ့်ပဋိပက္ခ မရှိပေ။ သူမ၏ မိသားစုမှာ ချဲယုံဖုန်းကို အရှက်ခွဲခဲ့သဖြင့် မိမိပါ မျက်နှာပျက်ခဲ့ရသည့်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း၊ ချန်ချင်းယွီ၏ မိသားစုကို ဒုက္ခပေးရလောက်သည်အထိ ပြဿနာမရှိပေ။ သူမသည် ချဲယုံဖုန်း၏ မိသားစုကို ပို၍ပင် အထင်သေးမိတော့သည်။

သို့သော်လည်း ချဲယုံဖုန်းနှင့် သူ၏ မိသားစု ဘာလုပ်လုပ် သူမ ဂရုမစိုက်တော့ပေ။

ယခုအခါ အကုန်လုံး ကွာရှင်းပြီးကြပြီ ဖြစ်ရာ သူမ ထပ်ပြီး ဝင်မစွက်ဖက်တော့ပေ။ သူမသည် ချဲယုံဖုန်းကို မထီမဲ့မြင် ကြည့်လိုက်ပြီး

"နင်က ဒီလောက်ပဲ တတ်နိုင်တာကိုး"

ချဲယုံဖုန်းသည် ဒေါသကို မျိုသိပ်ရင်း လေသံအေးလေးဖြင့်

"မင်း ငါ့ကို အထင်လွဲနေပြီ၊ ငါက..."

ကျန်းယုံဟုန် ဖြတ်ပြောလိုက်၏။

"တော်စမ်း၊ ပါးစပ်ပိတ်ထား။ နင်တို့ သုံးယောက် နောက်ကျရင် ရဲစခန်း သွားရဦးမယ်။ သေသေချာချာ ပူးပေါင်းဆောင်ရွက်ဖို့ သတိရပါ၊ မဟုတ်ရင် ဘယ်သူ ဒုက္ခရောက်မလဲဆိုတာ နင်တို့ သိကြမှာပဲ။"

ထိုယောက်ျား သုံးဦး၏ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

ကျန်းယုံဟုန် နှာခေါင်းရှုံ့လိုက်ပြီး ထိုသုံးယောက်ကို ပို၍ပင် အထင်သေးသွားမိ၏။

စောစောကကျတော့ တအား သောင်းကျန်းနေကြပြီးတော့…

သူတို့ တတ်နိုင်တာဆိုလို့ မိန်းမတွေကို ရိုက်ဖို့ပဲ ရှိတာ၊ တကယ့် အရေးကြီးတဲ့ ကိစ္စတွေ ကြုံလာရတော့ အသုံးကို မကျကြတော့ပါပဲ…

အမှန်အတိုင်း ပြောရလျှင် ထိုသုံးယောက်သည် တရားမဝင် ရှုပ်ပွေမှုများ ရှိခဲ့သော်လည်း အိမ်သို့ ဘေးကင်းရန်ကင်း ပြန်လာနိုင်ခဲ့ခြင်းမှာ ကျန်းယုံဟုန်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့်သာ ဖြစ်သည်။ သူမ၏ ဖခင်မှာ အနားယူသွားပြီးနောက် လုံးဝ ငြိမ်ကုပ်သွားကာ ပြဿနာမရှာရဲတော့သော်လည်း၊ ကျန်းယုံဟုန်တွင်မူ နှစ်ပေါင်းများစွာအတွင်း ရရှိထားသော မိတ်ဆွေကောင်း အချို့ ရှိနေသေး၏။

သမိုင်းထဲက ဝန်ကြီးယုတ် ချင်ဟွေ့မှာတောင် သူငယ်ချင်း သုံးယောက် ရှိသေးတာပဲ၊ သူမလည်း အချို့

ယုံကြည်အားကိုးနိုင်တဲ့သူ ရှိတာပေါ့…

ချဲယုံဖုန်းနှင့် သူ၏ သူငယ်ချင်းများတွင် ပြဿနာအချို့ ရှိခဲ့သည်မှာ မှန်သော်လည်း ကြီးကြီးမားမား မဟုတ်ပေ။ သူတို့သည် အမှန်တကယ် သားကောင်များ ဖြစ်ခဲ့ကြပြီး အချက်အလက်များစွာကိုလည်း ထောက်ပံ့ပေးခဲ့ကြရာ… ထို့ကြောင့်ပင် သူတို့ကို ဆက်လက် အရေးမယူတော့ခြင်း ဖြစ်သည်။

ချဲယုံဖုန်းတို့ လူစုသည် တရားမဝင် လိုင်စင်မဲ့ တည်းခိုခန်းများနှင့် ပတ်သက်၍ အကုန် ဖွင့်ဟ ဝန်ခံခဲ့ကြပြီး ဖြစ်၏။

ဒါက ဘာလဲ…

ဒါက အကျိုးဆောင်ခြင်းပဲလေ...

ချဲယုံဖုန်းတို့၏ ပြောပြချက်အရ ထိုဧရိယာအတွင်း တရားမဝင် တည်းခိုခန်းငယ်လေးများ အတော်များများ ရှိနေသည်။ ၎င်းတို့သည် အလှမ်းဝေးကွာ ကြသော်လည်း အမှုတစ်ခုကို အတူတကွ ဖော်ထုတ်နိုင်ခြင်းသည် အကျိုးကျေးဇူး ဖြစ်စေသည်သာ…

ဘယ်သူက အကျိုးဆောင်တာမျိုး မရချင်ဘဲနေမလဲ…

ဒါက ပြည်သူတွေအတွက် ဘေးရန်ဆူးငြောင့်ကို ဖယ်ရှားပေးရာ ရောက်သလို တစ်ဖက်ကလည်း အကျိုးကျေးဇူး ရရှိစေတာဆိုတော့… ဘယ်သူက မလုပ်ချင်ဘဲ နေပါမလဲ…

ထို့ကြောင့် သူတို့၏ ကိစ္စသေးသေးလေးကိုမူ အပေါ့စားအဖြစ်သာ လွှတ်ပေးခဲ့ခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူတို့ တကယ်တမ်း ဘာမှလည်း မလုပ်ရသေးဘူးလေ…

ဘာမှတောင်မဘာရသေးခင် လက်ပူးလက်ကြပ် အဖမ်းခံခဲ့ရတာ..

တကယ့်ကို ကံဆိုးလိုက်တာ…

ဒါပေမဲ့ တကယ့်ကိုလည်း အသုံးမကျလိုက်တာ…

ကျန်းယုံဟုန်ဘက်မှ ကြားဝင်စေ့စပ်ပေးချင်နေရခြင်းမှာလည်း ဤကိစ္စသည် ဆိုးရွားသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ အကျိုးကျေးဇူးနှင့် အမှုဆောင်ခြင်းကို ဖြစ်ထွန်းစေနိုင်မည့် မည်သည့်

အရာမဆို ဆိုးရွားမှု သတ်မှတ်မရပေ။

"နင်တို့တွေ လူဆိုးတွေကို သေသေချာချာ ဝိုင်းဖမ်းပေးလိုက်ရင် နင်တို့ရဲ့ ကိစ္စသေးသေးလေးကို သူတို့ ဆက်ပြီး အရေးယူတော့မှာ မဟုတ်ဘူး။ မြန်မြန်သွားကြတော့။ ပြီးတော့ နင်တို့ကော ကလဲ့စားမချေချင်ကြဘူးလား။ အခုပဲ တစ်ဝင်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး မျက်နှာလည်း အကြီးအကျယ် ပျက်ခဲ့ရပြီလေ၊ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးသင့်တယ်"

"သိပါပြီ၊ သိပါပြီ။"

ထိုမိသားစုအကြောင်းကို ပြောမိသည်နှင့် သူတို့သုံးဦးစလုံး အံကြိတ်မိကြ၏။

ထိုအာဃာတမှာ တကယ့်ကို အရိုးထဲအသည်းထဲအထိ စွဲနေခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ သေချာပေါက် အပြည့်အဝ ပူးပေါင်းပြီး သူတို့အားလုံးကို ဖမ်းခိုင်းပါ့မယ်။ ဒီလို ယုတ်မာကောက်ကျစ်တဲ့ လူတွေက တရားလွန် ရက်စက်လွန်းတယ်..."

"အကယ်၍ သူတို့ကို ဖမ်းမိရင် ကျွန်တော်တို့ အလိမ်ခံလိုက်ရတဲ့ ပိုက်ဆံတွေ ပြန်ရနိုင်မလားဗျာ။"

ဝမ်ကျန့်ကော် စိုးရိမ်တကြီးဖြင့် ဝင်မေးလိုက်၏။

ကျန်းယုံဟုန် : "ငါက ဘယ်လိုလုပ် သိမှာလဲ။ အခုလောလောဆယ်တော့ ဒီအမှုကို အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ပဲ အာရုံစိုက်ထားစမ်းပါ။ ကျန်တာတွေက ဒုတိယအဆင့်ပဲ"

သူမ၏ နူးညံ့သော လေသံမှာ သူတို့အတွက် စိုးရိမ်ပေးနေခြင်းမဟုတ်ပေ။

သူမသည် နှုတ်ခမ်းကို မဲ့လိုက်ပြီး မိမိ၏ လင်ညီအစ်မ ဖြစ်ခဲ့သူ လီအာ့ယာကို တစ်ချက် ဝှေ့ကြည့်ကာ လှောင်ပြုံးပြုံးလျက်

"ငါကတော့ ချဲယုံဖုန်းနဲ့ ကွာရှင်းပြီးပြီ။ အခုဆို ညည်းတို့နှစ်ယောက် ပေါ်ပေါ်ထင်ထင် တွဲလို့ရသွားပြီပေါ့။ ညည်း တအား မနာလို ဖြစ်နေခဲ့တာ မဟုတ်လား။ အခွင့်အရေးကို သေသေချာချာ ဆုပ်ကိုင်ထားလိုက်ဦးနော်"

လီအာ့ယာလည်း မခံမရပ်နိုင်ဖြစ်ကာ

"ညည်းအလုပ် ညည်းလုပ်စမ်းပါ... ယုံဖုန်းနဲ့ ငါနဲ့က တကယ့် အချစ်စစ်နဲ့ ချစ်ကြတာတော်"

"လစ်စမ်း"

ချဲယုံဖုန်း ခပ်ပြတ်ပြတ် ဆိုလိုက်၏။

လီအာ့ယာသည် နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး သူမ၏ စိတ်ပိုင်းဖြတ်မှုမှာ ခိုင်မာလှပေသည်။

သူမသည် ယောက်ျားဟူသ၍ အသက်ပေးချင်သည့် စရိုက်မျိုး ရှိနေဆဲ ဖြစ်သော်လည်း ထိုယောက်ျားမည်သူမည်ဝါ ဖြစ်သည်ဆိုသည်မှာမူ သူမအတွက် အရေးမကြီးချေ။

ယခင်၌ သူမသည် ချဲယုံချန်းအပေါ်တွင်သာ အပြည့်အဝ ပုံအောခဲ့သော်လည်း၊ နောက်ပိုင်းတွင် ကလေးတစ်ယောက် ရရှိရန်အတွက် ချဲယုံဖုန်းနှင့် တိတ်တဆိတ် ခိုးစားခဲ့ကြသည်။ ထိုအချိန်မှစ၍ သူမသည် ချဲယုံချန်းကို အထင်သေးလာခဲ့ပြီး ကျန်းယုံဟုန်အပေါ်တွင်လည်း အလွန်အမင်း ရန်လိုမုန်းတီးခဲ့ခြင်း ဖြစ်၏။

ယခုတော့...

သူတို့အားလုံး ကွာရှင်းပြတ်စဲသွားကြပြီ…

ဝမ်မေ့လန်သည် ဟိုမိသားစုကိုတစ်လှည့်၊ ဒီမိသားစုကိုတစ်လှည့် ကြည့်ရင်း ဤအခြေအနေကြီးတစ်ခုလုံးမှာ မည်မျှအထိ အစွန်းကုန် ရှုပ်နေလိုက်သလဲဟု တွေးမိတော့သည်။

မိမိကိုယ်ပိုင် သောကများပင်လျှင် အနည်းငယ် လျော့ပါးသွားသည့်နှယ် ခံစားရ၏။

"ခုနစ်ရက်... ပိုက်ဆံကို အဆင်သင့် ပြင်ထားလိုက်တော့။"

သူမသည် ထိုစကားကို ချန်ထားခဲ့ပြီးနောက် လှည့်ထွက်လာခဲ့သည်။

ဝမ်ကျန့်ကော် : "နေဦးလေ... ခဏလောက်။"

ဝမ်မေ့လန် : "ဘာကိစ္စလဲ။"

ဝမ်ကျန့်ကော်: "မင်း ဘယ်မှာ သွားနေမှာလဲ။"

ဝမ်မေ့လန် နှာခေါင်းရှုံ့လိုက်ပြီး

"ငါ့မိသားစုကတော့ ငါ့ကို လက်ခံပေးဦးမှာပဲ"

ဝမ်ကျန့်ကော်: "ဒါဆို... မင်း တကယ်ပဲ အိမ်ကို ရောင်းပစ်တော့မှာလား။"

"ဒါပေါ့။"

ဝမ်ကျန့်ကော်သည် မျက်လုံး ကစားလိုက်ပြီး

"ငါ ကြားတာတော့ အဒေါ်ကြီးကျောက်က အိမ်ဝယ်ဖို့ စုံစမ်းနေတယ်တဲ့။ ငါ့ထင်တော့ သူမ မင်းဆီ ဆက်သွယ်လာလိမ့်မယ်။ အကယ်၍ သူတို့မိသားစုသာ မရှိခဲ့ရင် ငါတို့ လင်မယား နှစ်ယောက် ဒီလို အခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ဘူး။ ငါ ဝန်ခံပါတယ်... သူများနောက်လိုက်ပြီး ချမ်းသာချင်ခဲ့မိတာ၊ ငါ့လောဘက ကြီးသွားခဲ့တာပါ။ ဒါပေမဲ့ သူတို့သာ ငါ့ကို တမင်တကာ ပစ်မထားခဲ့ရင် ငါ ဒီလို အမှောင်စီးပွားရေးထဲ ရောက်ပါ့မလား။ မင်းရဲ့ ခွင့်လွှတ်မှုကို ငါ မတောင်းဆိုပါဘူး၊ ဒါပေမဲ့ သူတို့မိသားစုက အိမ်ဝယ်ချင်တယ်ဆိုရင်တော့ အားနာမနေနဲ့။ သူတို့ ပိုက်ဆံတွေ အများကြီး ရှာနေကြတာ မဟုတ်လား။ ပိုပြီး တောင်းလိုက်၊ များများတောင်းလေ မင်းတို့ ဘဝ ပိုပြီး အဆင်ပြေလေပဲ။ ငါက မင်းတို့ ကောင်းစားစေချင်လို့ပါ"

ဝမ်မေ့လန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

ဝမ်ကျန့်ကော် : "တစ်ထောင့်နှစ်ရာ ဆိုတာက နည်းလွန်းတယ်။ အကယ်၍ သူတို့ အိမ်ဝယ်ချင်တယ်ဆိုရင် နှစ်ထောင်အထိ တောင်းလိုက်။"

ဝမ်မေ့လန် လှောင်ပြုံးပြုံးလျက်

"သူတို့က ဝယ်ဦးမှာမို့လို့လား။ သူတို့က အရူးတွေမို့လို့လား"

ဝမ်ကျန့်ကော် : "သူတို့ လေးယောက်က အခန်းတစ်ခန်းတည်းမှာ အတူနေနေကြတာ တအား အဆင်မပြေဘူးလေ။ ပိုက်ဆံရှိလာရင် သူတို့ အခြေအနေကို မြှင့်တင်ချင်ကြမှာပဲလို့ ငါ ယုံကြည်တယ်။ နှစ်ထောင်အထိ မရရင်တောင် တစ်ထောင့်နှစ်ရာနဲ့တော့ မရောင်းနဲ့။ အဒေါ်ကြီးကျောက်ဆိုတာ ဝက်ဦးနှောက်မျိုး ရှိတဲ့သူ။ ငါ ဘေးကနေ သွေးထိုးပေးပြီး သူတို့ ပိုက်ဆံတွေကို လိမ်ထုတ်ပစ်မယ်။ ဒီအတွက် ငါ လုံးဝ နောင်တမရဘူး။ ငါ ဒါကို ငါ့အတွက် လုပ်နေတာ မဟုတ်ဘူး၊ မင်းမှာ ပိုက်ဆံ ပိုရှိစေချင်လို့။ ဘာပဲဖြစ်ဖြစ် ကလေးသုံးယောက်စလုံးက မင်းနဲ့အတူ ရှိနေတာပဲဥစ္စာ။"

ဝမ်မေ့လန်သည် ဝမ်ကျန့်ကော်ကို အကဲခတ်သည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ

"ငါ နားလည်ပြီ"

ဝမ်ကျန့်ကော် : "စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါ။ မင်းက ဘာပဲဖြစ်ဖြစ် အဝေးကို ပြောင်းရွှေ့တော့မှာပဲဆိုတော့ အိမ်နီးနားချင်း ပတ်သက်မှုကို ငဲ့ကွက်မနေနဲ့တော့။ ရသင့်ရထိုက်တာကိုသာ အကုန် တောင်းပစ်လိုက်။ ပြီးတော့ မင်းကော စိတ်မနာဘူးလား။ အကယ်၍ သူမသာ ငါတို့ကို ဈေးဝယ်ထွက်တဲ့အထဲ ခေါ်သွားခဲ့ရင် ဒီလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။ သူမက တမင်လုပ်တာ မဟုတ်ဘူးဆိုပေမဲ့ ငါတို့ ဒီအခြေအနေအထိ ရောက်လာရတာ သူတို့ကြောင့်ပဲလေ။"

ဝမ်မေလန် ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည်။

လီအာ့ယာ : "ဟဲဟဲ... နင်တို့လင်မယား နှစ်ယောက်စလုံးကလည်း ဘာမှ ကောင်းတဲ့သူတွေ မဟုတ်ပါဘူး"

"ပါးစပ်ပိတ်စမ်း။"

"မပိတ်နိုင်ဘူး၊ ဘာဖြစ်လဲ..."

သူတို့နောက်မှ လျှောက်ထွက်လာကြသော လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့သည် သူတို့ပြောသမျှ စကားလုံး တိုင်းကို အတိုင်းသား ကြားလိုက်ရ၏။

လင်စန်းရှင်းနှင့် လီချန်ရွှမ်းတို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြ၏။ လီချန်ရွှမ်းမှာ လင်စန်းရှင်းအား

"သူတို့ကိစ္စထဲ ဝင်မပါနဲ့၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး"

"သိပါတယ်"

လင်စန်းရှင်း စိတ်ဓာတ်ကျနေသည့် လေသံဖြင့်

"ကျွန်မလည်း သူတို့ကိစ္စတွေကို လိုက်စိတ်ဝင်စားဖို့ ခွန်အားမရှိတော့ပါဘူး"

လီချန်ရွှမ်း : "မင်းကိုယ်မင်း ပြန်ကြည့်ဦး၊ ငါတို့ ကွာရှင်းတာက ကလေးရဲ့ တရားဝင် အဆင့်အတန်းအတွက် သက်သက်ပဲလေ။ ငါတို့ တကယ် ကွာရှင်းကြတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား။"

လင်စန်းရှင်းသည် ထိုစကားကြောင့် အနည်းငယ် စိတ်သက်သာရာရသွားကာ ပြုံးနိုင်သွားတော့သည်။

သူတို့တစ်သိုက် စုပြုံပြီး ကွာရှင်းနေကြစဉ်အတွင်း ချန်ချင်းယွီသည် ထိုဆူညံပွက်လောရိုက်မှုများ သက်ရောက်မှု မရှိကာ မိမိ၏ ကိုယ်ပိုင်စီးပွားရေးကို လုပ်ဆောင်နေ၏။ သူမမှာ မိမိ၏ ဆိုင်ထွက်ရသည့် အလုပ်ကို ပျော်ပျော်ရွှင်ရွှင်ပင် ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ဂျင်းဘောင်းဘီများကို အခြားသူများပါ လာရောက်ရောင်းချနေကြသဖြင့် အရောင်းအဝယ် ကျဆင်းသွားနိုင်သည်ဟု သူမ အစောပိုင်း၌ ထင်မှတ်ထားခဲ့သော်လည်း၊ မထင်မှတ်ထားသည်မှာ အရောင်းအဝယ် ပို၍ပင် တက်လာခဲ့ရာ အမှန်တကယ် ထူးဆန်းလှပေ၏။

လွန်ခဲ့သည့် နှစ်ရက်အတွင်း အရောင်းသွက်မှုမှာ သိသိသာသာကို ကောင်းမွန်လာခဲ့သည်။

လူတိုင်း ဂျင်းဘောင်းဘီများကိုသာ အလုအယက် ဝယ်ယူနေကြပြီး အခြားအဝတ်အစားများကိုမူ လျစ်လျူရှုထားကြ၏။ တစ်ဖက်တွင်လည်း တီရှပ်များမှာ ထပ်တူပင် လူကြိုက်များနေပြီး လူအများအပြားသည် ၎င်းတို့ကိုသာ တကူးတက လာရောက်ဝယ်ယူကြသည်။ ချန်ချင်းယွီသည် တစ်ဦးတည်း အလုပ်ရှုပ်နေခဲ့ရသဖြင့် အခွင့်ကောင်းယူပြီး ခိုးဝှက်ရန် ကြိုးစားသူအချို့ ရှိလာခဲ့သည်မှာ မလွှဲမရှောင်သာပေ။ သို့သော် ချန်ချင်းယွီသည် အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။ သူမသည် အခြေအနေကို စက္ကန့်မလပ် စောင့်ကြည့်နေပြီး တုံ့ပြန်မှုလည်း အလွန် လျင်မြန်လှသည့်အပြင် ပစ္စည်းများကိုလည်း စည်းမဲ့ကမ်းမဲ့ ပစ်မထားတတ်သဖြင့် ခိုးချင်သူများမှာ လုံးဝ အခွင့်အရေး မရရှိကြချေ။

"ဒီမှာ၊ ဒီမှာ၊ ဒီနေရာတင်ပဲ... ငါ ဒီကနေ ဝယ်ခဲ့တာ။ တစ်စုံလုံး ဝယ်ရင် ဆံညှပ်ကလစ်တစ်ခု အလကားရတယ်။ ကြည့်လေ... ဘာပဲဖြစ်ဖြစ် ပိုက်ဆံသုံးရတာချင်း အတူတူ၊ ဒီမှာဝယ်တာက ပိုပြီး တွက်ခြေကိုက်တာပေါ့။"

"ဒါတော့ ဟုတ်သားပဲ။"

ချန်ချင်းယွီ၏ စီးပွားရေးမှာ အလွန်ပင် ဖွံ့ဖြိုးစိုပြေနေသည်။ ပိတ်ရက် မဟုတ်သော်ငြားလည်း နုပျိုလန်းဆန်းသည့် အရှိန်အဝါများ တောက်ပနေသော မိန်းကလေး တစ်ဒါဇင်ကျော်မှာ မည်သည့်နေရာမှ ရောက်လာကြသည်မသိ ရုတ်တရက် ပေါ်လာကြ၏။

"အစ်မ... ကျွန်မကို မှတ်မိလား။ မနေ့မနက်ကပဲ အစ်မဆီကနေ လာဝယ်သွားသေးတယ်လေ။"

ချန်ချင်းယွီ : "အော်... မှတ်မိတာပေါ့၊ ညီမလေးက ဒီလောက်အထိ ချောတာပဲဥစ္စာ။"

"ကြည့်... ကျွန်မ ဖောက်သည်တစ်ယောက် ထပ်ခေါ်လာပေးတယ်။ ဒါ ကျွန်မရဲ့ အတန်းဖော်လေ..."

ထိုမိန်းကလေးသည် ချီးမွမ်းစကားကြောင့် ပါးပြင်လေးများ နီမြန်းသွားရှာသည်။

ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့်

"ညီမတို့က ဘယ်ကျောင်းကလဲဟင်"

"ကျွန်မတို့က ပြည်သူ့အနုပညာ အကအဖွဲ့ကပါ၊ အော်ပရာအတူတူ လေ့လာနေကြတာ။"

ချန်ချင်းယွီ : "ဒါကြောင့်မို့လို့... အားလုံးက ဒီလောက်အထိ လှပနေကြတာကိုး။"

ချီးမွမ်းစကားကြောင့် လူတိုင်း အတိုင်းမသိ ပျော်ရွှင်သွားကြရ၏။ ချန်ချင်းယွီသည်လည်း ယခုကဲ့သို့ အလာများသော ဖောက်သည်ဟောင်းမျိုးကို နှစ်သက်သဖြင့် သူမသည် သူတို့ကို အနည်းငယ် လျှော့စျေးပေးလိုက်ပြီး ထိုမိန်းကလေးကိုလည်း ဆံညှပ်ကလစ် နှစ်ခု ထပ်မံလက်ဆောင်ပေးလိုက်သည်။ မိန်းကလေး အုပ်စုသည် တကျိကျိ တကျာကျာဖြင့် စကားပြောဆိုရင်း ပစ္စည်းများ ဝယ်ယူပြီးသည်နှင့် အနီးနားရှိ အများသုံးအိမ်သာအတွင်း၌ ဝတ်စုံအသစ်များကို ချက်ချင်း လဲလှယ်ဝတ်ဆင်လိုက်ကြ၏။ သူတို့ ထွက်မသွားကြသေးဘဲ လှေ အတူတူစီးရန် သွားကြသဖြင့် မြင်ကွင်းမှာ အတော်လေး လူအာရုံစိုက်စရာ ဖြစ်သွားတော့သည်။ သို့သော် သူတို့ ဆင်တူဝတ်ဆင်ထားသည့် ဝတ်စုံများမှာ ချန်ချင်းယွီအတွက် မော်ဒယ် လုပ်ပေးသကဲ့သို့ ဖြစ်သွားခဲ့ရပြီး ပိုမိုများပြားသော ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့၏။ သူမနှင့် လုံးဝ မသိကျွမ်းကြသော ယောက်ျား အတော်များများပင် လာရောက်ဝယ်ယူကြပြီး၊ သူမကဲ့သို့ စတိုင်ကျ လိုက်ဖက်အောင် ဝတ်ဆင်လိုသည့် သူတို့၏ ဆန္ဒမှာလည်း အမျိုးသမီးများထက် မနည်းလှပေ။ ချန်ချင်းယွီသည် ညနေမရောက်မီမှာပင် ပစ္စည်းများ အကုန်ပြတ်သွားသဖြင့် အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်သည်။ သူမသည် ပစ္စည်းများကို သိမ်းဆည်းကာ ပုံမှန်ထက် စော၍ အိမ်သို့ ပြန်လာခဲ့၏။

ချန်ချင်းယွီ ပစ္စည်းများ သိမ်းဆည်းနေစဉ် တစ်စုံတစ်ယောက်

သူမ၏ နာမည်ကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

"ချန်ချင်းယွီ။"

ချန်ချင်းယွီ : "ဟင်..."

သူမ အတော်လေး အံ့အားသင့်သွားရ၏။ ဒုတိယ စက်ရုံမှူးဟယ်ကို ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ချန်ချင်းယွီ၏ နာမည်ကို မှတ်မိနေခြင်းမှာ ရှားရှားပါးပါး ဖြစ်ရပ်တည်း။

ဒုတိယ စက်ရုံးမှူးဟယ်သည် ချန်ချင်းယွီကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ နက်ရှိုင်းလှ၏။

"ကျွန်တော် ဒီနားမှာ အလုပ်ကိစ္စတစ်ခုနဲ့ လာရင်း လှမ်းမြင်တာနဲ့ မှတ်မိလို့။ မင်းက ပစ္စည်းတွေ ရောင်းနေတာလား။ ဒါကြောင့်မို့လို့ အဖေက မင်း ငါးလာမမျှားတော့ဘူးလို့ ပြောနေတာကိုး။ သူ့ရဲ့ ငါးမျှားဖော် အဘိုးကြီးတွေ အကုန်လုံးက မင်းအကြောင်းပဲ ပြောနေကြတာ"

ချန်ချင်းယွီ : "ဒီရက်ပိုင်း ဆိုင်ထွက်ရတာနဲ့ အလုပ်ရှုပ်နေလို့ပါ၊ အချိန်ရရင် သွားပြီး ငါးမျှားပါဦးမယ်"

သူမ ပြုံးပြလိုက်ပြီး ပစ္စည်းများကို အမြန်သိမ်းဆည်းကာ နှုတ်ဆက်လိုက်သည်။

"ကျွန်မ ကိစ္စလေးတစ်ခု ရှိသေးလို့ သွားလိုက်ပါဦးမယ်ရှင်"

ထိုလူ ဘယ်လိုလူစားမျိုးလဲဆိုတာ သူမ အသေအချာ သိထားသဖြင့် ဤကဲ့သို့သော လူမျိုးနှင့် လုံးဝ မပတ်သက်ချင်ပေ။

"အေးအေး... ဒါဆိုလည်း နောက်မှ တွေ့တာပေါ့။"

ချန်ချင်းယွီသည် ဟန်ဆောင်အပြုံးတစ်ခု ပြုံးပြလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီးပွင့်မတတ် စက်ဘီးနင်းထွက်သွား၏။

ဒုတိယ စက်ရုံမှူးဟယ် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး

"ယုန်ကလေးတစ်ကောင်လို ထွက်ပြေးသွားတာပဲ၊ ငါ့ကိုကြည့်ရတာ သူမအတွက် လူကောင်းတစ်ယောက်နဲ့ မတူလို့လား"

သူ၏ ဇနီး ကွယ်လွန်သွားပြီးနောက် လူအများအပြားသည် သူနှင့် ပတ်သက်ခွင့်ရရန် ကြိုးစားခဲ့ကြသည်။ သူသည် အဆင့်အတန်းနှင့် ရာထူး ရှိရုံတင်မက ရုပ်ရည်လည်း သန့်ပြန့်သဖြင့် အတော်လေး လူကြိုက်များသူ ဖြစ်၏။ သို့သော် ယခုကဲ့သို့ အထင်အရှား သိသိသာသာ ရှောင်ဖယ်သွားသူမျိုးကိုမူ တွေ့ရခဲလှပေသည်။

သူသည် မျက်ခုံးကို ပင့်လိုက်ပြီး ဤကိစ္စကို အလေးအနက် သိပ်မထားခဲ့ချေ။ မည်သို့ဖြစ်စေ သူ့ဘေးနားတွင် ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ ဝိုင်းဝိုင်းလည်နေသူများစွာ ရှိနေသည်သာ…

တစ်ယောက် တိုးလာတာ၊ လျော့သွားတာက ဘာမှ မဟုတ်ပါဘူး…

ရှန့်ရှန့် သူတို့အတွက် စီစဉ်ပေးထားသည်များကို မဆိုထားနှင့်... သူတွင် အပေါ်ယံ အမျိုးသမီး မိတ်ဆွေများစွာ ရှိနေသည်။ သူတို့သည် အနာဂတ် အိမ်ထောင်ဖက်များ မဟုတ်ကြဘဲ အိပ်ရာပေါ်မှသူငယ်ချင်းများ သက်သက်သာ ဖြစ်ကြ၏။ ထို့ကြောင့် မိမိအပေါ် တုံ့ပြန်မှု မရှိမည့်သူတစ်ဦးထံသို့ သူ အတင်းအဓမ္မ သွားပြီး မျက်နှာလိုမျက်နှာရ လုပ်နေမည် မဟုတ်ချေ။

သို့သော်လည်း ချန်ချင်းယွီသည် ရုပ်ရည်ချောမောလှပလွန်းသဖြင့် မိမိ မှတ်မိနေခြင်း ဖြစ်ကြောင်းကိုမူ သူ ဝန်ခံရပေမည်။ သို့တိုင် ချန်ချင်းယွီသည် သူမ၏ အပေါ်ယံ ပုံစံလေးကဲ့သို့ နုနုနယ်နယ် အားနည်းသူမျိုး မဟုတ်မှန်းလည်း သူ အကဲခတ်မိ၏။ သူသည် အမျိုးသမီးများကို အကဲခတ်သည့်နေရာတွင် အတော်လေး ကျွမ်းကျင်သူတည်း။

‘လမ်းဘေးမှာ ဆိုင်ထွက်ရောင်းတာ... ဒါက သိပ်ပြီး ဂုဏ်ရှိတဲ့ အလုပ်တော့ မဟုတ်ပါဘူး။’

သူ စိတ်ထဲမှ ရေရွတ်ရင်း လှည့်ထွက်သွားတော့သည်။

သူတို့သည် ယခုကဲ့သို့ သေးငယ်သော အဖြစ်အပျက်လေးတစ်ခုအပေါ်တွင် အချိန်ကုန်ခံ စဉ်းစားနေကြမည် မဟုတ်ပေ။

သူ မမျှော်လင့်ထားခဲ့သည်မှာ... ချန်ချင်းယွီသည် သူ မည်သို့သော လူစားမျိုးဖြစ်သည်ကို အစကတည်းက သိရှိထားသဖြင့် သူ့ကို သတိကြီးစွာဖြင့် ရှောင်ဖယ်နေခြင်း ဖြစ်သည်ဟူသောအချက်ကိုပင်။ တစ်စုံတစ်ယောက် မည်မျှပင် ဟန်ဆောင်ကောင်းနေပါစေ... သူမသည် ဤကဲ့သို့ ယုတ်မာညစ်ထေးပြီး ရွံရှာဖွယ်ကောင်းသော လူစားမျိုးနှင့် လုံးဝ မနီးစပ်ချင်သည်မှာ အမှန်ပင်။

ယောက်ျားတွေက သူမရဲ့ ဓားဆွဲထုတ်နိုင်စွမ်း (စီးပွားရှာနိုင်စွမ်း) ကို နှောင့်ယှက်ရုံပဲ ရှိတာ...

အကယ်၍ သူမဘက်မှ တအား ယဉ်ကျေးပြနေမိလျှင် ထိုလူ

လာရောက် နှောင့်ယှက်ပတ်သက်လာပါက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။ ချန်ချင်းယွီ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေခြင်း မဟုတ်သော်လည်း မိမိကိုယ်မိမိ လှပကြောင်း သဘောပေါက်၏။ ထို့ကြောင့် သူမသည် ကြိုတင်ပြင်ဆင်ထားပြီး ယခုကဲ့သို့ အဓိပ္ပာယ်မရှိသော ကိစ္စများတွင် အချိန်မဖြုန်းချင်ပေ။ သူမသည် စက်ဘီးကို အားကုန်နင်း၍ အိမ်သို့ ပြန်လာခဲ့ရာ နဖူးပြင်တွင် ချွေးစက်လေးများ စိုလျက်ရှိနေသည်။

သူမ ဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အဒေါ်ကြီးမေ့မှ လှမ်းခေါ်လိုက်ကာ

"ရှောင်ချန်…."

ချန်ချင်းယွီ : "ဒေါ်လေးတို့ အားလုံး ရှေ့ဝင်းထဲမှာ ဘာလုပ်နေကြတာလဲဟင်။"

"ညည်း သိပြီးပြီလား။ လီချန်ရွှမ်းနဲ့ လင်စန်းရှင်းတို့ ကွာရှင်းလိုက်ကြပြီတဲ့တော်..."

ချန်ချင်းယွီ: "........."

သူမသည် ခေတ္တမျှ ကြောင်အသွားရသော်လည်း၊ နောက်မှ ဤကိစ္စကို ကြိုတင်ရိပ်မိထားပြီးသားဖြစ်ကြောင်း သတိရသွားကာ အံ့သြစိတ်များ လျော့ပါးသွားတော့သည်။

"ဒါတင်မကဘူးဦးနော်၊ ဝမ်ကျန့်ကော်နဲ့ ဝမ်မေ့လန်တို့လည်း ကွာရှင်းလိုက်ကြပြီ။"

ချန်ချင်းယွီ: "........."

ကောင်းပါပြီ... တကယ်တမ်းတော့ သူမ လုံးဝ မအံ့ဩပါဘူး…

"ညည်းကိုလည်း ကြည့်ဦး၊ တအားအံ့သြသွားလို့ စကားတောင် မပြောနိုင်တော့ဘူး မဟုတ်လား။"

အဒေါ်ကြီးမေ့ ဆက်၍

"မထင်ထားဘူးမလား၊ ငါလည်း မထင်ထားဘူးအေ။ သူတို့တွေ လက်စလက်န မြန်လိုက်ကြတာ၊ တစ်စက္ကန့်လေးတောင် ဆိုင်းမနေကြဘူး"

အဘွားကြီးဟွမ်မှာလည်း ဝင်ပြောကာ

"ဟုတ်ပအေ၊ လင်စန်းရှင်းလည်း ကွာရှင်းတယ်လို့ ကြားတုန်းက ငါ နားကြားမှားတယ်အောက်မေ့တာ။ အိုမို... သူ့မိသားစုကပါ လာပြီး ပွဲကြမ်းပြသွားတာ။ ညည်းမသိသေးဘူးမလား၊ ဒီနေ့ လင်မယားတွေ အပြိုင်အဆိုင် ကွာရှင်းကြတာလေ။ ဟိုလူလေ... ညည်းတို့မိသားစုနဲ့ ရန်ငြိုးရှိတဲ့ ချဲညီအစ်ကိုတွေရဲ့ မိသားစုလည်း အကုန် ကွာရှင်း ပြတ်စဲကုန်ကြပြီ"

ချန်ချင်းယွီ ရုတ်တရက် ပြုံးလိုက်ကာ

"ဒါက ကောင်းတဲ့အချက်ပဲ မဟုတ်လား။ ဘာလဲ... ကျန်းမိသားစုက သမီးကြီးက နောက်ဆုံးတော့ အဲဒီအသုံးမကျတဲ့ လော်လည်လင်နောက်မြီးဆွဲကို လက်လျှော့လိုက်ပြီပေါ့လေ"

ချန်ချင်းယွီ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ပြောလေ့ပြောထ မရှိသဖြင့် လူတိုင်း ခေတ္တမျှ မှင်တက်သွားကြသော်လည်း၊ ချက်ချင်းပင် စကားဝိုင်းကို ဆက်လိုက်ကြ၏။

"လက်မလျှော့ဘဲ နေမလားအေ၊ ဟိုအဘွားအိုတွေနဲ့ ဖောက်ပြန်တဲ့ကိစ္စက တောမီးလို ပြန့်နေပြီဥစ္စာ၊ သူတို့ သိက္ခာအကျခံနိုင်ပါ့မလား။"

"ဒါပေါ့... ဝမ်ကျန့်ကော်ကတောင် ဖုံးဖုံးဖိဖိ လုပ်နေတာကို၊ ဟိုအရူး ချဲယုံချန်းကပဲ ကုန်းချောလိုက်လို့ ပေါက်ကြားသွားတာလေ။"

ချန်ချင်းယွီ : "သူလည်း ကွာရှင်းလိုက်ပြီပေါ့၊ ဟုတ်လား။"

"ကွာရှင်းပြီလေ... ဘယ်မိသားစုကမှ ဒီလိုအရှက်ကွဲတာမျိုးကို လက်ခံနိုင်မှာ မဟုတ်ဘူး။"

ချန်ချင်းယွီ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"ဒါက တကယ့်ကို ဝမ်းသာစရာပဲ... အခုဆို ချဲယုံဖုန်းမှာ အလုပ်ရုံထဲက ကျောထောက်နောက်ခံ မရှိတော့ဘူးပေါ့။ အရင်တုန်းကတော့ သူ အလုပ်ခိုးခိုနေတာကို လူတွေက အားနာလို့ မပြောကြပေမဲ့၊ အခုတော့ လွှတ်ထားကြတော့မှာ မဟုတ်ဘူးမလား။ သူတို့ ဒုက္ခရောက်တာကို မြင်ရတာ တကယ်ကို ဝမ်းသာတယ်"

"ညည်းကတော့ တည့်တည့်ပြောတာပဲနော်။"

"ဒါပေါ့"

သူမ ပြုံးလိုက်ပြီး အားရပါးရ ပြောလိုက်၏။

"ဒီနေ့ညတော့ ကျွန်မ ထမင်း ပိုစားနိုင်တော့မယ်။ ဟောဒီက ဒေါ်လေးတို့ရေ... ကျွန်မ ဒီနေ့ည ကိုယ့်ဘာကိုယ် အောင်ပွဲခံဖို့ ကြက်တစ်ကောင် သွားဝယ်ပြီး စွပ်ပြုတ်ချက်

သောက်ဦးမယ်"

လူတိုင်း: "ညည်းကတော့..."

‘ညည်းကတော့ တကယ့် လူထူးလူဆန်းပဲ။’

သို့သော်လည်း ချန်ချင်းယွီတို့ မိသားစုနှင့် ချဲမိသားစု၏ ဆက်ဆံရေးမှာ အလွန်ဆိုးရွားပြီး ရန်သူကဲ့သို့ ဖြစ်နေသည်ကို ထည့်တွက်ကြည့်လျှင်မူ ဤသို့ ပြောဆိုခြင်းမှာ ပုံမှန်ပင် ဖြစ်သည်ဟု သူတို့ တွေးမိကြသည်။

ဒါက ပုံမှန်တုံ့ပြန်မှုပဲလေ...

ဒီလိုအချိန်မျိုးမှာ အကောင်းပြောပေးနေမှသာ သောက်ကျိုးနည်းအောင် ထူးဆန်းနေမှာ..

ချန်ချင်းယွီလည်း သက်ပြင်းချလျက်

"ဟူး... ကျွန်မတို့ ဝင်းကြီးက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ချဲမိသားစုရဲ့ ကိစ္စက ကျွန်မတို့ဝင်းနဲ့ မဆိုင်ဘူး ဆိုပေမဲ့၊ ဒေါ်လေးဟွမ်တို့ မိသားစုကိုပါ ထည့်တွက်ရင် အခုဆို လင်မယား လေးတွဲတောင် ကွာရှင်းပြီးကြပြီပဲ"

လူတိုင်း ချန်ချင်းယွီဘက်သို့ လှည့်ကြည့်လာကြ၏။

ချန်ချင်းယွီ : "အခြားဝင်းတွေမှာ ကွာရှင်းကြတယ်ဆိုတာ ပညာတတ်လူငယ်တွေ မြို့ပြန်လာကြလို့ ကွာရှင်းကြတာလေ။ ကျွန်မတို့ဝင်းလိုမျိုး မဟုတ်ဘူး၊ လင်မယား လေးတွဲတောင် ရှိပြီဆိုတော့ အတော်လေးကို များနေပြီ။"

သူမ ပေါ့ပေါ့ပါးပါး ရည်ရွယ်ချက်မရှိ ပြောလိုက်ခြင်း ဖြစ်သော်လည်း၊ ကျန်လူများမှာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ချက်ချင်းပင် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြ၏။

"နေဦး... ညည်းပြောတာ တကယ်ပဲနော်။"

"ဟေး... ငါတို့ ဝင်းမှာ ဘာတွေ ဖြစ်နေတာလဲ။"

ချန်ချင်းယွီ: "..."

သောက်ကျိုးနည်း…

"ဒေါ်လေးတို့ရေ... လျှောက်ပြီး မတွေးကြပါနဲ့။ အခြားဝင်းတွေထက် ကွာရှင်းတာ ပိုများတယ်ဆိုပေမဲ့ ဒါက ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ"

"ဘာဖြစ်လို့ ကြီးကြီးမားမား မဟုတ်ရမှာလဲ၊ ဒါက တကယ့်ကို ကံကြမ္မာ ခေတာပဲဥစ္စာ..."

"ဟုတ်ပအေ၊ ဒါက လူငယ်တွေရဲ့ အိမ်ထောင်ရေး ကံဇာတာကို တကယ် ထိခိုက်စေတာ။ အခြားဝင်းတွေကိုကျတော့ ‘စံပြဝင်းကြီး’ လို့ ခေါ်ကြပြီး၊ ငါတို့ဝင်းကိုကျတော့ လူတွေက ‘လင်မယားကွာရှင်းတဲ့ဝင်း’ လို့ ခေါ်နေကြပြီ။"

"ငါတို့ ဘာလုပ်ကြမလဲ... ငါတို့ ဝင်းက အိမ်ထောင်ရေးကံဇာတာကို ထိခိုက်စေတဲ့ အဖျက်အတားတစ်ခုခုနဲ့ ငြိနေတာများလား။"

ချန်ချင်းယွီ: "နေပါဦး ကျွန်မ နားမလည်တော့ဘူး..."

"ညည်းက ငယ်သေးတာပဲ၊ ဘယ်နားလည်ပါ့မလဲ။ ပြီးတော့ ညည်း စဉ်းစားကြည့်ဦး... ငါတို့ဝင်းထဲက မိသားစုတွေကို ကြည့်လိုက်၊ သာယာတဲ့မိသားစုက လက်ချိုးရေလို့ရတယ်။ ညည်းတို့မိသားစုက သာယာပါတယ်ဆိုမှ လင်းကျန့်ဝမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတယ်။ ကွာရှင်းတဲ့ လင်မယားက လေးတွဲရှိပြီ၊ ဝမ်တာ့ချွေကလည်း အခုထိ အိမ်ထောင်ဖက် ရှာမရသေးဘူး။ ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့ကြားက ကိစ္စကိုလည်း လူတိုင်း သိကြတာပဲ။ ယွမ်ဟောက်ဖုန်းနဲ့ သူ့မိန်းမလည်း ဆက်ဆံရေးက မကောင်းဘူး၊ သူ့ညီမ ဟောက်ရွှယ်ကလည်း အပျိုကြီး ဖြစ်နေတုန်း။ အော်... လီလင်းလင်းလည်း တစ်ယောက်တည်းပဲ ရှိသေးတာ... မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ညည်းကြည့်လိုက်... ငါတို့ ဝင်းမှာ တစ်ခုခု မှားယွင်းနေပြီ။"

ချန်ချင်းယွီမှာ ဆွံ့အသွားရတော့သည်။

‘နေကြပါဦး ကျွန်မက ပေါ့ပေါ့ပါးပါးလေး ပြောလိုက်တာကို ရှင်တို့က အကုန်လုံးကို ဆက်စပ်ပစ်လိုက်ကြတာလား။’

‘သူတို့တွေ လောကီပညာရပ်တွေ၊ မမြင်ရတဲ့ ကိစ္စတွေအကြောင်း လျှောက်ပြောနေကြတာလား။’

‘သောက်ကျိုးနည်းလှချည်လား’

ချန်ချင်းယွီသည် အမှန်တကယ် အံ့အားသင့်ကာ မှင်တက်သွားရ၏။

"ဟုတ်တယ်၊ နောက်ဖေးဝင်းထဲက လင်မယားငယ်လေးတွေလည်း အမြဲတမ်း ရန်ဖြစ်နေကြတာ။ ငါတို့ဝင်းကို ဆောက်တုန်းက တစ်ခုခု မှားယွင်းသွားလို့ လင်မယား ကံဇာတာကို ပျက်စီးစေတာ ဖြစ်မလား။"

"ဘယ်သူသိမှာလဲ။ ဒီနေရာက မူလက ကုန်ထမ်းသမားတွေရဲ့ ဂိုဒေါင် မဟုတ်ဘူးလား။"

"မဟုတ်ပါဘူး၊ ငါကြားတာတော့ ကိုယ်ရံတော် လုံခြုံရေးအဖွဲ့ရဲ့ နေရာဆိုလား။"

"မဟုတ်ဘူး၊ ငါကြားတာကတော့..."

လူတိုင်း အပြိုင်အဆိုင် ငြင်းခုံလာကြတော့သည်။

"အရင်တုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခု အားလုံး လျှောက်မပြောကြနဲ့တော့။ ဒါတွေ ဆက်ပြန့်သွားရင် ငါတို့ဝင်းက အိမ်ထောင်ရေးကံ မကောင်းဘူးဆိုတာ လူတိုင်း သိကုန်လိမ့်မယ်။ အဲဒီကျရင် ငါတို့ဝင်းထဲက လူပျိုတွေ ဘယ်လိုလုပ် မိန်းမရတော့မှာလဲ"

အဒေါ်ကြီးမေ့ ဝင်တား၏။ သူမ၏ မိသားစုဝင်များလည်း အိမ်ထောင်မကျကြသေး၍ စိတ်ပူရသည်သာ…

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။"

"ငါ သိသားပဲ... ငါ့သားရဲ့ အိမ်ထောင်ရေးက ဘာလို့ ဒီလောက်အထိ ကံဆိုးနေရလဲဆိုတာ ငါ အခုမှ သိတော့တယ်။ ဒီလိုကိုး... ငါ့သားက ဒီလောက်အထိ လူကောင်းလေး ဖြစ်နေတာကို။ မရဘူး... ငါတို့ ဒီဝင်းကို တစ်ချက်လောက် ကြည့်ပေးပြီး ယတြာချေပေးမယ့်သူတစ်ယောက်ကို အမြန်ရှာမှဖြစ်မယ်... မဟုတ်ရင် ငါတို့ ဘာလုပ်ကြမလဲ။"

အဘွားကြီးဟွမ်သည် အလွန်အမင်း စိုးရိမ်သောက ရောက်နေရှာသည်။

"ပါးစပ်ပိတ်စမ်း... ဘာယတြာချေရမှာလဲ၊ အဲဒါက ခေတ်မမှီတဲ့ အယူသီးမှုပဲဥစ္စာ။"

"အယူသီးမှု ဖြစ်တော့ ဘာဖြစ်လဲ။ လောကမှာ ရှင်းပြလို့မရတဲ့ ဆန်းကြယ်တဲ့အရာတွေ အများကြီးရှိတယ်၊ အခုလောလောဆယ် ပေါ်ပေါ်ထင်ထင် ပြောလို့မရရုံတင်။"

"ငါတို့ ဒါကို သေသေချာချာ စဉ်းစားရမယ်။ မဟုတ်ရင် အိမ်ထောင်ရေးကံ ဆက်ပြီး ပျက်စီးနေရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။"

"အတိအကျပဲ..."

ချန်ချင်းယွီ: "..............................."

သူမ ပြောစရာ စကားလုံးများ ပျောက်ရှသွားရသည်။

‘တကယ်ပဲလား... ရှင်တို့က တကယ်ကြီး ဒီလို ထင်နေကြတာလား။’

‘ဒါက တကယ့်ကို ဆန်းကြယ်လွန်းနေပြီ...’

သူမသည် မိမိ၏ ခေါင်းကိုသာ ကုတ်မိတော့သည်။ ကမ္ဘာကူးပြောင်းလာသူ တစ်ဦးအနေဖြင့် သူမသည်သာ အယူသီးဆုံးသူ ဖြစ်သင့်သော်လည်း၊ ယခုအချိန်တွင်မူ သူမ မည်သည့်စကားမျှ မပြောနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ မမြင်ရသည် စွမ်းအားများကြောင့် ဖြစ်ရသော အဖြစ်အပျက်တစ်ခုဟု သူမ မထင်၍ပင်။

‘သူတို့ အဆင်မပြေလို့ ပုံမှန်အတိုင်း ကွာရှင်းကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်အထိ အကျယ်ချဲ့နေကြတာလဲ။’

ချန်ချင်းယွီသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုသာ ထပ်ခါတလဲလဲ ကုတ်နေမိ၏။

သူမ တကယ်ကို နားမလည်နိုင်တော့ပါဘူး…

"ရှောင်ချန်... ခေါင်းကို လျှောက်မကုတ်နဲ့တော့၊ ညည်းဆံပင်တွေ ရှုပ်ပွကုန်ပြီ။ သောကရောက်နေရုံနဲ့ ဘာမှ ထူးမလာဘူးအေ..."

ရှီကျန့်ရှန်း လှမ်းပြောလေသည်။

ချန်ချင်းယွီ: "........................"

သူမ၏ နှုတ်ခမ်းထောင့်များ မဲ့ရွဲ့သွားရကာ …

‘ဘယ်သူက သောကရောက်နေလို့လဲ...’

‘ကျွန်မက ရှင်တို့ကို နားမလည်နိုင်လို့ပါနော်... လုံးဝကို နားမလည်နိုင်တော့တာ။’

"ရှောင်ချန်... ညည်းကလေးက ငယ်သေးတော့ ညည်းက မလောသေးဘူးပေါ့၊ ငါကတော့ တကယ် စိုးရိမ်တယ်အေ၊ ငါ့သားက အိမ်ထောင်ဖက် ရှာရဦးမှာ။"

အဘွားကြီးဟွမ် ပူပန်တကြီးဖြင့်

"ငါတို့ ဝင်းက သေချာပေါက် ကျိန်စာသင့်နေတာပဲ ဖြစ်ရမယ်၊ မဟုတ်ရင် ဘာလို့ ဒီလောက်အထိ အိမ်ထောင်ရေးတွေ ကံဆိုးကုန်ရမှာလဲ..."

ချန်ချင်းယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။

သူမခမျာ စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ခေါ်ရန် ကြိုးစားရင်း

"အဲလိုကြီးတော့ မဟုတ်လောက်ပါဘူးနော်"

"ဘာလို့ မဟုတ်ရမှာလဲ... ကျိန်စာကြောင့် မဟုတ်ရင် ငါက ဘာလို့ ကွာရှင်းရမှာလဲ။ ငါနဲ့ ငါ့လင်နဲ့က ဆက်ဆံရေး တအားကောင်းတာကို၊ သူက မကောင်းဆိုးဝါး ပူးကပ်ခံထားရသလိုမျိုး ဇွတ်ကွာရှင်းချင်နေတာ။ တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီ။"

အဘွားကြီးဟွမ် ခပ်မြန်မြန်ပင် တတွတ်တွတ် ဆိုတော့သည်။

"ငါတို့ဝင်းက ကျိန်စာသင့်နေလို့ ဒီလိုဖြစ်ရတာ။ ငါ တကယ်ကို မတရားခံရပါတယ်... တကယ့်ကို မတရားတာ..."

ချန်ချင်းယွီလေးမှာ ကြောင်အစွာဖြင့် ငေးကြည့်နေမိ၏။

သူမ ဘေးဘီဝန်းကျင်ကို ဝှေ့ကြည့်လိုက်ရာ လူတိုင်းက အဘွားကြီးဟွမ်၏ စကားကို ယုံကြည်နေကြသည့် ပုံစံမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချန်ချင်းယွီသည် မိမိအနေဖြင့် သူတို့၏ အတွေးကမ္ဘာကို အမှီမလိုက်နိုင်တော့မှန်း သိလိုက်ရတော့၏။

အစောပိုင်း၌ သူမကိုယ်တိုင် စကားစတင်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူမသည် ပေါ့ပေါ့ပါးပါး စကားစပ်မိရုံမျှသာ တွေးခဲ့ခြင်းတည်း။

မယုံနိုင်စရာပင်။

ချန်ချင်းယွီ : "ကျွန်မ ကြက်သွားဝယ်တော့မယ်။"

"ဒီလိုအချိန်ကြီးမှာတောင် ညည်းက စားဖို့ပဲ စဉ်းစားနေသေးတယ်ပေါ့။"

"နေဦး... ကြက်ဝယ်တာက အကြံကောင်းပဲအေ။ ကြက်ဖတစ်ကောင် ဝယ်လာပြီး သွေးအနည်းငယ် ဖောက်လိုက်၊ မကောင်းတဲ့ မိစ္ဆာ အငွေ့အသက်တွေကို မောင်းထုတ်လို့ရတယ်။"

"အဲဒီ ကြက်ဖသွေးက ခွေးနက်သွေးလောက် မစွမ်းပါဘူးအေ။"

"ငါ့အထင်တော့..."

ချန်ချင်းယွီမှာ ငါးသေမျက်လုံးကဲ့သို့ အမူအရာကင်းမဲ့သော မျက်နှာပေးဖြင့် တိတ်တဆိတ် လှည့်ထွက်လာခဲ့တော့သည်။

‘ရှင်တို့ အားလုံး ရူးကုန်ကြပြီ...’

ယောက္ခမ သူမကို အမြဲတမ်း အရူးမဟု ခေါ်လေ့ရှိတာ…

အခု ကြည့်လိုက်စမ်းပါဦး... သူတို့ ဝင်းထဲက လူတွေကို ကြည့်လိုက်၊ ဘယ်သူက ပိုရူးနေသလဲဆိုတာ…

သူတို့နှင့် ယှဉ်လိုက်လျှင် သူမမှာ အလွန်တရာကို ပုံမှန်ဖြစ်လွန်းနေသေးသည်သာ…

ချန်ချင်းယွီသည် မိမိကိုယ်မိမိ ပုံမှန်လွန်းနေသဖြင့် ထိုလူစုနှင့်ပင် သဟဇာတမဖြစ်သကဲ့သို့ ခံစားလိုက်ရ၏။

ချန်ချင်းယွီ တန်းတန်းမတ်မတ် အပြင်သို့ ထွက်လာခဲ့သော်လည်း ယခုအချိန်တွင်မူ သူမကို မည်သူမျှ ဂရုမစိုက်ကြတော့ဘဲ အားလုံးစိတ်လှုပ်ရှားစွာဖြင့် စကားလက်ဆုံကျနေကြသည်။

ချန်ချင်းယွီ ကြက်ဖတစ်ကောင်နှင့် ပြန်လာသည့်အချိန်တွင်မူ သူတို့၏ ဝင်းကြီးမှာ ပို၍ပင် သောင်းသောင်းဖျဖျ ဖြစ်နေတော့၏။ သူမ ဝင်းထဲသို့ မဝင်ရသေးမီမှာပင် အိမ်နီးနားချင်း အဒေါ်ကြီးတစ်ဦးလှမ်းတားကာ လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့်

"ရှောင်ချန်... ရှောင်ချန်၊ ငါတို့ ဝင်းက အိမ်ထောင်ရေးကံ ပျက်စီးစေတဲ့ ကျိန်စာသင့်နေတယ်လို့ ကြားတယ်။ ညည်း သိပြီးပြီလား"

ချန်ချင်းယွီ: "..."

‘လခွမ်းပဲ..’

‘အတင်းအဖျင်း သတင်းတွေ ပြန့်တာ တကယ် မြန်လွန်းလှချည်လား။’

‘ဒါကို ဘယ်သူမှ မတားကြတော့ဘူးလား’

All Chapters