← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) အမှတ်ရပြီ…

လင်းကျန့်ဝမ်ကို သင်္ဂြိုဟ်ပြီးသည့်နောက်ပိုင်း ချန်ချင်းယွီတစ်ယောက် ဤနေရာသို့ မရောက်ဖြစ်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ၎င်းမှာ သူတို့ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ရာ သူမစိတ်ထဲတွင် တစ်ချက်တစ်ချက် ဝေဝေဝါးဝါးဖြစ်သွားပြီး နှစ်ယောက်တည်းရှိစဉ် အမှတ်တရ အသေးအဖွဲလေးများကို မချိတင်ကဲ ပြန်လည်တွေးတောမိနေ၏။ ယခင်လည်း ထိုအရာများကို ပြန်မှတ်မိတတ်သော်လည်း အမြဲလိုလို လွင့်ပျံနေပြီး တကယ့်အစစ်အမှန်မဟုတ်သကဲ့သို့ ခံစားရတတ်သည်။ သူတစ်ပါး၏ အမှတ်တရများကို ကြားဖူးနေရသည့်နှယ် ဖြစ်သော်လည်း ဤနေရာသို့ ကိုယ်တိုင်ရောက်လာသည့်အခါတွင်မူ ထိုအတွေ့အကြုံများမှာ ပို၍ ထင်ရှားပြတ်သားလာခဲ့၏။

ယခုအချိန်တွင် မိုးမှာ တဖြည်းဖြည်းစဲလာပြီး ဖွဲဖွဲရွာနေရုံမျှသာ ရှိသည်။ သို့သော်လည်း နံနက်အစောပိုင်းကတည်းက ရွာသွန်းခဲ့သဖြင့် လေထုထဲတွင် စိုထိုင်းဆများပြည့်နှက်နေပြီး မီးမွှေးရန်မှာမူ မလွယ်ကူလှပေ။ ချန်ချင်းယွီတစ်ယောက် အကြိမ်ကြိမ်ကြိုးစားပြီးနောက်တွင်မှ အောင်မြင်စွာ မီးစွဲသွား၏။

သူမ တိုးတိုးရေရွတ်လိုက်ကာ

"ဒီနှစ်တွေထဲမှာ ကျွန်မတို့ ရှင့်ကို လာမကြည့်ဖြစ်တော့ ရှင်စိတ်ပူနေတာလား... ကျွန်မ နှစ်တိုင်း ရှင့်အတွက် ရွှေတုံးရွှေခဲတွေ ရည်စူးပြီး မီးရှို့ပေးပါတယ်နော်။ ဟိုဘက်လောကမှာ ရှင်သုံးဖို့ လောက်ရဲ့လားတော့ မသိဘူး။ ကြားဖူးတာတော့ ငရဲဘဏ်မှာလည်း ငွေစက္ကူအတုတွေ ရှိတယ်ဆိုပဲ၊ တကယ်လို့ ရှင့်ဆီ အတုတွေရောက်သွားရင် သိပ်နာတာပေါ့။ ဒါကြောင့်မို့လို့ပဲ ကျွန်မက ရွှေတုံးတွေကိုပဲ ဝယ်တာ၊ ဘာပဲပြောပြော ဒါက အမာထည်လေ။"

အဘွားကြီးကျောက် ဝင်ပြောလိုက်ကာ

"ဟုတ်ပ၊ မင်းမိန်းမက ဉာဏ်များတယ်၊ ဘယ်တော့မှ အရှုံးမခံဘူး။"

ချန်ချင်းယွီ : "ဒီတစ်ခေါက် တောင်ပေါ်ကို လာရတာ စိတ်ထဲ တော်တော်လေး အေးသွားရတယ်။ ကြည့်စမ်း၊ ရှင့်အတွက် ကားလေးတစ်စီးတောင် လုပ်လာပေးသေးတယ်၊ ကျွန်မတို့အိမ်မှာတောင် မရှိသေးဘူး၊ ရှင်က အရင်ရနေပြီ။ ကျွန်မလို ဇနီးကောင်း ရထားလို့ ကံကောင်းတယ် မဟုတ်လား..."

အဘွားကြီးကျောက် : "အေးကွယ်၊ ငါတို့မှာ စက်ဘီးပဲ ရှိသေးတာ။"

ချန်ချင်းယွီ : "ကျွန်မတို့ရဲ့ လူနေမှုဘဝအတွက် တမလွန်ကနေ စိတ်မပူနဲ့တော့နော်၊ အခု ကျွန်မတို့ အရမ်းအဆင်ပြေနေပြီ။ ကျွန်မ အခု လမ်းဘေးဈေးသည် စလုပ်နေတာ၊ အရောင်းအဝယ်က သိပ်ကောင်းတာပဲ။ ကျွန်မက ဒီဘက်မှာ အထုံပါပုံရတယ်၊ ပိုက်ဆံရှာတာ အတော်ဆုံးပဲ"

အဘွားကြီးကျောက် : "ဟုတ်တယ်၊ ဟုတ်တယ်။ သူက ပိုက်ဆံ တော်တော်ရှာနိုင်တာ၊ အခုဆို နေ့တိုင်း ငါတို့ကို ဆိုင်ခေါ်သွားပြီး ကျွေးနေတာ။"

ချန်ချင်းယွီ : "ပိုက်ဆံရှာနိုင်ကတည်းက ကျွန်မတို့ကို မနာလိုတဲ့သူတွေ အများကြီးရှိမှန်း သိပါတယ်။ ကွယ်ရာမှာ မကောင်းကြံချင်တဲ့သူတွေတောင် ရှိသေးတယ်၊ ဒါပေမဲ့ ကျွန်မကတော့ မကြောက်ပါဘူး။ သူတို့သာ လာရှုပ်ရဲလို့ကတော့ နောင်တရအောင် ဆုံးမပစ်မယ်"

"ဒီကိစ္စတော့ စိတ်ချစမ်းပါ၊ မင်းမိန်းမက တကယ်လုပ်ရဲတာ။ ငါလည်း လုပ်ရဲတယ်၊ ဒီနှစ်တွေထဲမှာ ငါတို့နှစ်ယောက် လက်တွဲပြီး လူတော်တော်များများကို နှိမ်နင်းခဲ့ပြီးပြီ။"

"ရှင်မှတ်မိသေးလား... အရင်က ရှင့်ကို ပြဿနာရှာခဲ့တဲ့ 'ချဲယုံဖုန်း' နဲ့ 'လီတာ့ရှန်း' လေ။ သူတို့အခုတော့ ကံဆိုးမိုးမှောင်ကျနေပြီ၊ အားလုံး ကျွန်မတို့ လက်ချက်ပဲ... လီတာ့ရှန်းကတော့ အခု လိပ်လိုခေါင်းလျှိုပြီး ဘာမှမလုပ်ရဲတော့ဘူး။ ချဲယုံဖုန်းလည်း အလုပ်ရုံက ရာထူးဆင်းလိုက်ရပြီး မိန်းမနဲ့ပါ ကွာရှင်းသွားပြီ"

"လီတာ့ရှန်းကတော့ သူ့သမီးနဲ့ပါ အဆက်အသွယ်ဖြတ်လိုက်တာ၊ ကြည့်ရတာ အသက် ၁၀ နှစ်လောက် ပိုအိုစာသွားသလိုပဲ။ ချဲယုံဖုန်းဆိုတဲ့ ကောင်စုတ်ကတော့ အဘွားကြီးတစ်ယောက်နဲ့ သွားရှုပ်တဲ့ကိစ္စ လမ်းတကာ ဟိုးဟိုးကျော်နေပြီလေ..."

ချန်ချင်းယွီ ငြိမ်ငြိမ်သက်သက်ဖြင့် ငွေစက္ကူများ မီးရှို့ပေးနေသော ကလေးနှစ်ယောက်ကို တစ်ချက်လှမ်းကြည့်ကာ ဆိုလိုက်၏။

"ချဲမိသားစုက ညီအစ်ကိုတွေကပါ ကျွန်မကို မကောင်းကြံချင်နေတာ၊ ဒါပေမဲ့ ကျွန်မက အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူး..."

အဘွားကြီးကျောက် : "မင်းမိန်းမက တကယ်ကို အနိုင်ကျင့်လို့မရတာ။ တကယ်လို့ ငါသာ သူ့ကို သွားအနိုင်ကျင့်ရင် ငါ့ကိုတောင် ပြန်ရိုက်မယ့်ရုပ်မျိုး၊ တခြားလူတွေက လာ ပြဿနာရှာနေတာတော့ သေတွင်းတူးတာပဲ..."

ချန်ချင်းယွီတစ်ယောက် စကား ဆက်ပြောရခက်သွားကာ ခေါင်းမော့၍ ပြောလိုက်သည်။

"အမေရာ... အမေကိုယ်တိုင် တစ်ခုခု ပြောပါလား... ဘာလို့ ကျွန်မပြောသမျှ လိုက်ထောက်နေတာလဲ၊ ကျွန်မဘာသာ တစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောပါရစေဦး။"

အဘွားကြီးကျောက် : "ဟဲ့... အတူတူပြောတော့ ဘာဖြစ်လဲ၊ ငါက ညည်းအတွက် ဖြည့်စွက်ပေးတာပေါ့... သားရေ... ကြည့်စမ်း၊ အမေတို့ မင်းအတွက် အများကြီး ရှို့ပေးထားတယ်နော်... ကားလေးတင်မကဘူး၊ မြင်းကြီးလည်း ပါသေးတယ်။ အမှန်တော့ အမေအထင် ဒီမြင်းက သိပ်အသုံးဝင်မယ်မထင်ဘူး၊ ဒါပေမဲ့ မင်းမိန်းမက ပိုက်ဆံမရှားပါဘူးဆိုပြီး အတင်းရှို့ခိုင်းနေတာ။ မင်းမထင်ထားဘူးမလား... ငါတို့အိမ်က တစ်နေ့မှာ ပိုက်ဆံမရှားတဲ့နေ့ ရောက်လာလိမ့်မယ်လို့။ ရော့... အမေတို့ မင်းအတွက် အစေခံလုပ်ဖို့ မောင်နှမနှစ်ယောက်စလုံး ရှို့ပေးထားသေးတယ်။ ပိုက်ဆံရှိတာ ကောင်းတယ်မလား၊ အေး... ဒါနဲ့ နေပါဦး၊ အရင်က ဘာလို့ ဈေးကစားတာတွေကို တားမြစ်ခဲ့လဲဆိုတာ အခုမှ သဘောပေါက်တော့တယ်၊ ဒီအလုပ်က တကယ့်ကို ပိုက်ဆံရတာပဲ။ ငါလည်း မထင်ထားမိဘူး၊ ပိုက်ဆံတွေက ဝေါကနဲ ဝေါကနဲ ဝင်လာတာ။ အော်... ဟုတ်သားပဲ၊ ငါတို့ အိမ်ဝယ်တော့မလို့။ ကပ်လျက်အိမ်လေ၊ အဲဒီအချိန်ကျရင် နံရံဖျက်ပြီး တစ်ဆက်တည်းလုပ်လိုက်ရင် တော်တော်လေး ကျယ်ကျယ်ဝန်းဝန်း နေလို့ရပြီ။"

ထို့နောက် အဘွားကြီးကျောက် ဆက်ပြောကာ

"မင်းဟိုဘက်မှာ ချမ်းသာလာရင်လည်း မင်းအဖေကို နည်းနည်း မျှဝေဦးနော်။ အော်... ဒါနဲ့ ငါ မင်းအဖေအတွက်လည်း ရွှေတုံးအချို့ ရှို့ပေးဦးမယ်။ ငါက မျက်နှာလိုက်တာမဟုတ်ဘူးနော်၊ သယ်လာတာ အများကြီးမနိုင်လို့၊ အချို့ကိုတော့ မင်းမိန်းမရဲ့ အဘိုးအဘွားတွေရဲ့ အုတ်ဂူဆီ ယူသွားရဦးမှာမို့လို့..."

"ကဲ... သားတို့ သမီးတို့၊ အဘိုးကို ကန်တော့ကြဦး။"

လင်းမိသားစုဝင် သားအဖနှစ်ယောက်စလုံး၏ အုတ်ဂူမှာ ဤနေရာတွင် ရှိနေသဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အလိုက်သိစွာဖြင့် အဘွားကြီးကျောက်၏နောက်တွင် ဒူးထောက်လိုက်ကြသည်။ အဘွားကြီးကျောက် တတွတ်တွတ် ဆက်ပြောနေကာ

"အဘိုးကြီးရေ... ကြည့်စမ်း၊ ဒါက ရှင့်ရဲ့ မြေးလေးနဲ့ မြေးမလေးလေ၊ ကြည့်ကောင်းလိုက်တာ။ ထွားထွားကြိုင်းကြိုင်းနဲ့၊ ငါတို့ ကောင်းကောင်း ကျွေးမွေးထားတာ..."

အဘွားကြီးကျောက်တစ်ယောက် တတွတ်တွတ် ပြောနေစဉ်တွင် ချန်ချင်းယွီလည်း ဘာမှဝင်မပြောတော့ဘဲ မိမိဘာသာ တိုးတိုးရေရွတ်နေပြန်၏။

"ဒီတစ်ခေါက် ကျွန်မတို့ ပိုက်ဆံရှာနိုင်တော့ ဝမ်ကျန့်ကော်... ရှင် သူ့ကို မှတ်မိတယ်မလား၊ သူက ချဲမိသားစု ညီအစ်ကိုတွေကို ခေါ်ပြီး... ကျွန်မကို မကောင်းကြံဖို့ လုပ်နေတာလေ။ ကျွန်မက သူတို့ကို လွှတ်ထားမလား... ရှင့်ကိုလည်း အနိုင်ကျင့်တယ်၊ အခု ကျွန်မကိုပါ ပစ်မှတ်ထားဖို့ ပြင်နေတာဆိုတော့ ကျွန်မ သူတို့ကို အလွတ်မပေးနိုင်ဘူး။ ဒီညကျရင် ကျွန်မ ဂုန်နီအိတ်တစ်လုံးခြုံပြီး သူတို့ကို သွားရှာမလို့။ သရဲခြောက်သလို လုပ်မလို့မို့လို့ ရှင် ကျွန်မကို စောင့်ရှောက်ပေးရမယ်နော်..."

ချန်ချင်းယွီသည် ကလေးများ အနားတွင်ရှိနေသည်ကို သတိပြုမိသဖြင့် အသံကို တတ်နိုင်သမျှ နှိမ့်ကာ တစ်ယောက်တည်း ရေရွတ်နေသည်။

"အမေကတော့ သူတို့ကို မစင်တွင်းထဲ ကန်ချပစ်လိုက်၊ ဒါမှ နာမည်ကြီးပြီး တစ်သက်လုံး မျက်နှာပျက်သွားမှာလို့ ပြောတယ်။ ကျွန်မလည်း ဒီအကြံ သိပ်ကောင်းတယ်လို့ ထင်တာပဲ။ နည်းနည်းတော့ ရွံစရာကောင်းပေမဲ့ သူတို့တစ်မြို့လုံးမှာ နာမည်ကြီးသွားမှာ အသေအချာပဲ။ လူတစ်ယောက်ကို ကလဲ့စားချေရင် ဒီလိုနည်းက အကောင်းဆုံးပဲ၊ သူတို့ ရှင့်ကို အနိုင်ကျင့်တုန်းက ကျွန်မ ကလဲ့စားချေပြီးပြီမို့လို့ လက်လွှတ်လိုက်မလို့ပဲ။ ဒါပေမဲ့ သူတို့က နောင်တမရဘဲ ကျွန်မဆီ ပြန်လာရှင်းချင်နေသေးတယ်၊ သူတို့ စောင့်နေကြစမ်း…ကျွန်မ လက်မနှေးစေရဘူး... ပြီးတော့ ဟို ဝမ်ကျန့်ကော်ဆိုတဲ့လူ၊ ကျွန်မကို အသုံးချချင်နေတာ၊ အခွင့်အရေးသာ ရလို့ကတော့ သူ့ကိုပါ တစ်ခါတည်း ဆုံးမပစ်မယ်... အင်း... တကယ်လို့ ကျွန်မ သုံးယောက်စလုံးကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်ရင် တခြားလူတွေက ကွမ်ကျိုးက လာကလဲ့စားချေတာလို့ ထင်ကြမလား... နည်းနည်းတော့ မဖြစ်နိုင်ဘူးထင်တယ် ဟဟ၊ ဒါပေမဲ့ သူတို့ကို တကယ် လက်စွမ်းပြချင်ပြီ..."

ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံးမှာ မိမိတို့ဘာသာ အသီးသီး စကားများ တတွတ်တွတ် ပြောနေကြ၏။

ကလေးနှစ်ယောက်မှာမူ တည်ငြိမ်စွာဖြင့်ပင် နေရာအနှံ့ လိုလေသေးမရှိအောင် ငွေစက္ကူများကို လိုက်လံ မီးရှို့ပေးနေကြသည်။ တောင်ပေါ်တွင် ဖြစ်သဖြင့် ပတ်ဝန်းကျင်၌ မြူခိုးများ ဆိုင်းနေပြီး မလှမ်းမကမ်းတွင်လည်း အုတ်ဂူများ ရှိနေသော်လည်း ကလေးနှစ်ယောက်မှာမူ စိုးစိမျှ ကြောက်ရွံ့ခြင်း မရှိကြပေ။

သူတို့ လုံးဝ မကြောက်ကြပေ။

ဖခင်ဖြစ်သူမှာ ဤနေရာတွင် ရှိနေသည်မဟုတ်လော့။ ငယ်စဉ်၌ အမှတ်တရများမှာ အလွန်နည်းပါးလှသော်လည်း ရှောင်ကျားမှာ ဖခင်ဖြစ်သူ သူတို့ကို အလွန်ချစ်ခဲ့သည်ကို မှတ်မိနေဆဲဖြစ်၏။ ဤနှစ်များတစ်လျှောက်တွင်လည်း အဘွားနှင့် မိခင်တို့ ဖခင်အကြောင်းကို ခဏခဏ ပြောပြလေ့ရှိသဖြင့် အနည်းငယ် မှတ်မိသော ရှောင်ကျားဖြစ်စေ၊ လုံးဝမမှတ်မိတော့သော ရှောင်ယွမ်ဖြစ်စေ၊ ဖခင်ဖြစ်သူသည် သူတို့ကို အချစ်ဆုံးသော ဖခင်ကောင်းတစ်ဦးဖြစ်ကြောင်း သိရှိထားကြသည်။

ထို့ကြောင့် ဖခင်၏ ဘေးနားတွင် ရှိနေသည့်အတွက် ကြောက်စရာဟူ၍ ဘာမျှမရှိတော့ပေ။

ထို့အပြင်... သူတို့အမေမှာလည်း အလွန်တော်ပြီး လက်သီးတစ်ချက်တည်းနှင့် ကျားကြီးတစ်ကောင်ကို သတ်နိုင်လောက်အောင် သန်မာသည်ဖြစ်၍…

လူပဲလာလာ၊ သရဲပဲလာလာ... ဘာမှ ကြောက်စရာမလိုပါဘူး…

ကလေးနှစ်ယောက်မှာမူ တည်ငြိမ်အေးဆေးနေကြပြီး ဖွဲဖွဲရွာနေသော မိုးမှာလည်း စဲသွားခဲ့ပြီဖြစ်သည်။ ချန်ချင်းယွီမှာ အုတ်ဂူပေါ်တွင် ပေါက်နေသော မြက်ပင်ပေါင်းပင်များကို လှည့်၍ နှုတ်ပစ်လိုက်ပြီး သစ်ခက်တစ်ချောင်းကို ရှာကာ အုတ်ဂူဘေးပတ်ပတ်လည်ရှိ မြေကြီးများကို ဖိပေး၊ ဖို့ပေးနေ၏။

အဘွားကြီးကျောက် : "ဒီသစ်ကိုင်းက သိပ်ကိုင်လို့မကောင်းဘူး၊ ငါတို့ သတိလွတ်သွားတာပဲ။ နောက်တစ်ခေါက် လာတဲ့အခါကျရင် ပေါက်ပြားတစ်လက်ပါအောင် ယူခဲ့ရမယ်၊ ဒါမှ သုံးရတာ ပိုအဆင်ပြေမှာ။"

ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ

“အင်း”

သို့သော်လည်း ရောက်တုန်းရောက်ခိုက်မို့ သူမ ပတ်ဝန်းကျင်တစ်ခုလုံးကို သေသေသပ်သပ် ရှင်းလင်းပေးလိုက်သည်။

အားလုံးရှင်းလင်းပြီးနောက် ချန်ချင်းယွီသည် အုတ်ဂူပေါ်ရှိ ဓာတ်ပုံကို စိုက်ကြည့်နေမိ၏။ လင်းကျန့်ဝမ်သည် အလွန်ငယ်ရွယ်သောအရွယ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ရာ ချန်ချင်းယွီမှာ မျက်ဝန်းများကို မသိမသာ ပွတ်သပ်လိုက်မိတော့သည်။

“မေမေ မငိုပါနဲ့”

သမီးလေး ရှောင်ယွမ်မှာ အလိုက်သိစွာဖြင့် လက်ကိုင်ပဝါလေး ထုတ်ပေးလာ၏။

ချန်ချင်းယွီ မာန်တင်းကာ ငြင်းဆို၍

"လျှောက်ပြောနေပြန်ပြီ၊ မေမေ ဘယ်မှာ ငိုလို့လဲ။"

ယခင်လည်း သူမတွင် အတိတ်မှတ်ဉာဏ်များ ရှိခဲ့သော်လည်း ၎င်းမှာ ဘေးလူတစ်ယောက်အနေနှင့် ကြည့်နေရသကဲ့သို့ ဖြစ်ခဲ့သည်။ သို့သော် ယခု အုတ်ဂူရှေ့သို့ ရောက်လာသည့်အခါတွင်မူ မှတ်ဉာဏ်များ အားလုံး ပြန်လည်ပွင့်လင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ သူမကိုယ်သူမ 'ချန်ချင်းယွီ' အစစ်အမှန်ဖြစ်ကြောင်း စောစောကတည်းက ခံစားမိခဲ့သော်လည်း ယခုအခါ ထိုခံစားချက်မှာ ပို၍ပင် ထင်ရှားပြတ်သားလာခဲ့ပြီဖြစ်၏။

ဤခံစားချက်မျိုးမှာ စကားဖြင့် ဖော်ပြရန် ခက်ခဲလှသဖြင့် ချန်ချင်းယွီကိုယ်တိုင်ပင် မည်သို့ရှင်းပြရမှန်းမသိသော်လည်း သူမစိတ်ထဲတွင်မူ မိမိဘာသာ "ပြန်မှတ်မိသွားပြီ" ဟု အသေအချာ ခံစားနေရသည်။

အတိတ်၌ အဖြစ်အပျက်များသည် ဘေးလူတစ်ဦး၏ အမြင်မဟုတ်တော့ဘဲ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကိုယ်တိုင်ခံစားချက်များ ဖြစ်လာခဲ့၏။

ဤမျှ သိမ်မွေ့လှသော အပြောင်းအလဲကို စကားဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း ကာယကံရှင်ကိုယ်တိုင်မှာ အပြည့်အဝ ခံစားသိရှိနိုင်သည်။

ချန်ချင်းယွီက နားထင်ကို အသာအယာနှိပ်ရင်း အုတ်ဂူကို မှီကာ ခေါင်းမော့ကြည့်ပြီး ပြောလိုက်၏။

"ရှင့်ကို ပြောရဦးမယ်... ကျွန်မရဲ့ မှတ်ဉာဏ်တွေ ဝေဝေဝါးဝါး ဖြစ်ကုန်တာက ရှင်ဆုံးသွားလို့ ကျွန်မ အရမ်းဝမ်းနည်းသွားခဲ့လို့ ထင်တယ်နော်။"

ထို့ကြောင့် သူမ၏ မသိစိတ်မှာ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အတိတ်ကို မေ့လျော့ပစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဒါပေမဲ့... အရင်က သူမက ဒီလောက်တောင် ကြောက်တတ်လို့လား...

အဘွားကြီးကျောက် သူမကို နှိပ်စက်စဉ်ပင် လင်းကျန့်ဝမ် မသိအောင် ဖုံးကွယ်ထားခဲ့သေးသည်။

ချန်ချင်းယွီ အသံတိုးတိုးဖြင့် ရေရွတ်လိုက်ကာ

"အရင်တုန်းက ကျွန်မ တကယ်ကို အူအူထုံထုံနဲ့ အသုံးမကျခဲ့တာပဲ။ ကျွန်မ အရင်က ဒီလောက်တောင် သတ္တိကြောင်ပြီး ဘာမှမလုပ်ရဲခဲ့ဘူးဆိုတာ အခု ပြန်တွေးရင်တောင် မယုံနိုင်စရာပဲ။"

လေပြေတစ်ချက်အဝှေ့တွင် ချန်ချင်းယွီ၏ ဆံပင်အချို့ လွင့်ပျံသွားသည်။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆိုလိုက်၏။

"ကျွန်မ အားလုံး ကောင်းမွန်အောင် နေထိုင်သွားမှာမို့လို့ ရှင် ကျွန်မကို စောင့်ရှောက်ပေးရမယ်နော်၊ ပြီးတော့ ကျွန်မတို့ မိသားစုကိုလည်း စောင့်ရှောက်ပေးပါ။"

အဘွားကြီးကျောက်မှာ အဘိုးကြီးလင်း၏ အုတ်ဂူဘက်မှ လျှောက်လာရင်း ထိုစကားကို ကြားသွားသဖြင့် ဝင်ပြောလေသည်။

"ဟုတ်တယ်၊ မင်း မင်းအဖေလိုတော့ အတုခိုးမသွားနဲ့၊ ဘာမှ သုံးစားလို့မရဘူး။ အိမ်ထောင်စုကို ကာကွယ်ဖို့ နည်းနည်းလေးမှ မသိခဲ့ဘူး။ ငါကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်သေတယ်၊ သက်လတ်ပိုင်းရောက်တော့ သားသေတယ်။ မင်းအဖေက မင်းကို နည်းနည်းလေးမှ မစောင့်ရှောက်ခဲ့ဘူး။ ဒီအဘိုးကြီးကတော့ အသက်ရှင်တုန်းကလည်း အသုံးမဝင်ဘူး၊ သေတော့လည်း အသုံးမကျဘူး။ ငါ့အထင်တော့ ဟိုဘက်လောကမှာလည်း သူက သူတောင်းစား ဖြစ်နေလောက်တယ်၊ ငါကပဲ ကြည့်ရှုစောင့်ရှောက်ပေးရဦးမှာ။ မဖြစ်သေးပါဘူး၊ ငါ သူ့အတွက် နည်းနည်းလောက် ထပ်ရှို့ပေးဦးမှ။ ဒီအဘိုးကြီးက တကယ့်ကို အသုံးမကျတာ၊ ငါသာ မထောက်ပံ့ရင် ဟိုဘက်မှာ ထမင်းတောင်းစားနေရလိမ့်မယ်။"

ချန်ချင်းယွီ : “…..”

စောစောမှ လွမ်းဆွတ်တမ်းတစရာ ကောင်းနေသော ပတ်ဝန်းကျင်လေးမှာ ခဏချင်းပင် လွင့်ပျယ်သွားရပြန်၏။

သို့သော်လည်း ယင်းမှာ ပို၍ ကောင်းမွန်သည်။ သူမ၏ ပင်ကိုယ်စရိုက်အရ ငိုယိုကာ မျက်ရည်စက်လက်ဖြစ်နေရသည့် ပုံစံမျိုးနှင့် လုံးဝမအပ်စပ်လှပေ။

ချန်ချင်းယွီ အုတ်ဂူကို အသာအယာပွတ်သပ်ရင်း ပြောလိုက်၏။

"ရှင် စိတ်ချပါ၊ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်မှာဖြစ်သလို၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကိုလည်း ကောင်းကောင်း ပြုစုပျိုးထောင်သွားမှာပါ။"

စိတ်အထင်ကြောင့်လားမသိ၊ လေပြင်းများ ပိုမိုတိုက်ခတ်လာပြီး သူမ၏ ဆံပင်များကို တဖြူးဖြူးလွင့်စေရုံမျှမက ငွေစက္ကူများ ရှို့ထားသော မီးတောက်ကိုပင် ပိုမိုတောက်လောင်လာစေသည်။

ချန်ချင်းယွီ မီးတောက်ကို မျက်မှောင်ကြုတ်ကြည့်ကာ ဆိုလိုက်၏။

"ရှင် ကျွန်မစကားကို ကြားတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်။"

အဘွားကြီးကျောက် သူမ၏ လက်မောင်းကို ပွတ်သပ်ရင်း

"အမလေး... ချွေးမရေ၊ ညည်း ဒီလိုတွေ လာမလုပ်နဲ့ဦး၊ ကြက်သီးထစရာကြီး။"

ချန်ချင်းယွီ : ‘ဟဟ’

သူမ မျက်စောင်းတစ်ချက်ထိုးကာ အဘွားကြီးကျောက်ကို ဂရုမစိုက်တော့ဘဲ လင်းကျန့်ဝမ်အတွက် ရွှေတုံးရွှေခဲ အပြည့်ပါသော အိတ်တစ်အိတ်ကို ထပ်မံမီးရှို့ပေးလိုက်သည်။ ပြီးနောက် သူ့ဓာတ်ပုံကို ပြန်ကြည့်ကာ

"နောက်တစ်ခေါက် လာရင် ကျွန်မ သစ်ပင်ပျိုးပင်လေးတွေ ယူလာခဲ့မယ်၊ ရှင့်ပတ်ပတ်လည်မှာ ရှင်ကြိုက်တဲ့ သစ်ပင်လေးတွေ စိုက်ပေးရင် ကောင်းမလား..."

ဤစကားကို မည်သူမှ ပြန်လည်ဖြေကြားမည်မဟုတ်သည်မှာ အမှန်ပင်။

ချန်ချင်းယွီ : "ပန်းလေးတွေလည်း နည်းနည်း စိုက်ပေးမယ်။"

သူမ ရှေ့ဆက် ရေရွတ်လိုက်ကာ

"ရှင်လည်း လေကို ဒီလောက်အပြင်းကြီး မတိုက်ခိုင်းပါနဲ့တော့၊ ကျွန်မ တောင်မီး မရှို့ရသေးဘူး။ ကြားဖူးတယ်မလား 'တောင်မီးရှို့ရင် ထောင်နံရံနောက် ရောက်သွားမယ်' ဆိုတာ၊ ကျွန်မတော့ အဖမ်းမခံချင်ဘူး။ တကယ်လို့ ကျွန်မတစ်ခုခု ဖြစ်သွားရင် အိမ်ကို ဘယ်သူကြည့်မလဲ”

အဘွားကြီးကျောက် သူမ၏ လက်မောင်းကို ထပ်မံပွတ်သပ်နေပြန်သည်။ သူတို့ကဲ့သို့ အသက်အရွယ်အပိုင်းအခြားရှိသူများမှာ အနည်းနှင့်အများဆိုသလို အယူသီးတတ်ကြသော်လည်း ယခုနှစ်ပိုင်းအတွင်း အစိုးရ၏ သိပ္ပံနည်းကျ ဝါဒဖြန့်ချိမှုများကြောင့် သရဲတစ္ဆေရှိသည်ကို သိပ်မယုံကြည်ကြတော့ပေ။

သို့သော်လည်း ချန်ချင်းယွီ၏ စကားများမှာ တကယ့်ကို ကျောချမ်းစရာ ကောင်းလှ၏။

ဒီမိန်းမကတော့ တကယ့် အရူးမကြီးအတိုင်းပဲ…

ချန်ချင်းယွီမှာ ဤအရာကို ဘာမှ ထူးဆန်းသည်ဟုမထင်ပေ။ အစကတည်းကပင် ဤကဲ့သို့သော ကိစ္စရပ်များသည် အသက်ရှင်ကျန်ရစ်သူများ စိတ်အေးချမ်းသာ ရှိစေရန်အတွက်သာ ဖြစ်၏။

ထို့အပြင်... 'ကူးပြောင်းဝင်စားခြင်း' ဟူသော သိပ္ပံနည်းကျမရှိသည့် ကိစ္စမျိုး သူမကိုယ်တိုင် ကြုံတွေ့ထားရပြီးပြီဖြစ်ရာ လောကုတ္တရာ ဆန်းကြယ်မှုအချို့ကို ယုံကြည်မိခြင်းမှာ ဘာမှ မမှားနိုင်ပေ။

ချန်ချင်းယွီ အေးဆေးတည်ငြိမ်စွာဖြင့်ပင်

"အများကြီး ရှို့ပေးလိုက်စမ်းပါ၊ ရှို့လို့ပြီးရင် တို့တွေ တောထဲကို ဆက်သွားကြမယ်။ မင်းတို့ကို ဘိုးဘိုးကြီး၊ ဘွားဘွားကြီးတွေနဲ့ မေမေ့ဦးလေးတို့ဆီ ခေါ်သွားပေးမယ်။"

သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောကာ

"ပြီးတော့... မင်းတို့ရဲ့ အဘွားဆီလည်း သွားမယ်..."

ချန်ချင်းယွီမှာ ပိုက်ဆံပေးခဲ့သူများကိုသာ မှတ်မိနေသော အတ္တသမားမျိုး မဟုတ်ပေ။ အဘိုး၊ အဘွားနှင့် ဦးလေးဖြစ်သူတို့ သူမအပေါ်တွင် အလွန်ကောင်းမွန်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ အတူတူ နေထိုင်ခဲ့ဖူးသည်ကို သူမ ကောင်းကောင်းမှတ်မိနေသည်။ သူမ အသက်ဆယ်နှစ်ကျော်အရွယ်တွင် ဦးလေးဖြစ်သူ ကွယ်လွန်ခဲ့ပြီး အဘိုးနှင့် အဘွားတို့မှာ သူမ အသက်တစ်ဆယ့်ရှစ်နှစ်အထိ အတူတူ နေထိုင်စောင့်ရှောက်ခဲ့ကြ၏။

ဤသံယောဇဉ်မှာ မည်သို့မျှ တုနိုင်မည်မဟုတ်ပေ။

ယခင်ကတည်းက မှတ်မိနေသော်လည်း ယခုအခါတွင်မူ ထိုမှတ်ဉာဏ်များမှာ ပို၍ စွဲထင်လာခဲ့ပြီဖြစ်သည်။

သို့သော် သူမ၏ မိခင်အရင်းအပေါ်တွင်မူ မှတ်ဉာဏ်ဟူ၍ မရှိချေ။ သူမ မွေးကင်းစ အရွယ်တွင်ပင် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်၏။

မှတ်ဉာဏ်မရှိသဖြင့် သံယောဇဉ်မှာလည်း ထိုမျှအထိ နက်ရှိုင်းမှုမရှိခြင်းမှာ ဓမ္မတာပင်။

"သူတို့ကိုတော့ ပိုပြီး ဝေးတဲ့နေရာမှာ သင်္ဂြိုဟ်ထားတာ။"

ချန်ချင်းယွီ ပြောလိုက်စဉ် အဘွားကြီးကျောက် နားမလည်ဟန်ဖြင့် မေးလာ၏။

"ညည်းရဲ့ အဘိုးနဲ့ အဘွားကို တောနက်ထဲမှာ သင်္ဂြိုဟ်ဖို့ ဘယ်သူက နေရာရွေးပေးခဲ့တာလဲ... အုတ်ဂူလာကန်တော့ဖို့တောင် တော်တော် အကြာကြီး လမ်းလျှောက်ရဦးမယ်။"

ချန်ချင်းယွီ : "သူတို့ဘာသာ ရွေးခဲ့ကြတာလေ။ အရင်တုန်းက ကျွန်မအမေနဲ့ ဦးလေးအတွက် နေရာရွေးပေးတုန်းကလည်း သူတို့ကိုယ်တိုင် သေသွားရင် ဒီနေရာမှာပဲ အတူတူ လာသေမယ်၊ မိသားစုစုံစုံလင်လင် ရှိတာပေါ့လို့ ပြောခဲ့ကြတာ။ အရင်က အဘိုးနဲ့ အဘွား ဆုံးတုန်းက 'ချန်ရိကျွင်း' ဆိုတဲ့ ကောင်စုတ်က သူတို့ဆန္ဒအတိုင်း မလုပ်ပေးချင်ဘူးလေ၊ ကျွန်မက ရန်ပွဲတစ်ပွဲ အကြီးအကျယ် ရှာလိုက်တော့မှ သူက သဘောတူခဲ့တာ။ ဒါပေမဲ့ အုတ်ဂူလုပ်ထားတာကတော့ တော်တော်လေး ကြမ်းတမ်းတယ်။ ဟူး... နောက်တစ်ခေါက်ကျရင် ပေါက်ပြား တကယ်ယူလာရမယ်။ ဟိုဘက်မှာ ဘယ်လိုအခြေအနေ ဖြစ်နေမလဲ မသိသေးဘူး။"

အဘွားကြီးကျောက် : "အချိန်လည်း မစောတော့ဘူး၊ ဒီဘက်မှာလည်း ပြီးသလောက်ရှိပြီဆိုတော့ ငါတို့ သွားကြမလား..."

"မီးတွေ အကုန်လုံး လုံးဝငြိမ်းသွားတဲ့အထိ စောင့်ဦးမယ်။"

"ညည်းကတော့ တကယ့်ကို သတိကြီးတာပဲ။"

"သတိဆောင် ဘေးမခဆိုတာ ရှိတယ်လေ။"

“အေးပါအေ”

မီးတောက်မီးလျှံများ လုံးဝငြိမ်းသတ်သွားပြီး နောက်ထပ်တစ်ဖန် ပြန်လည်တောက်လောင်နိုင်ခြင်း မရှိတော့သည်ကို သေချာစွာ စစ်ဆေးပြီးမှသာ လျှင် သူတို့လူစုသည် ကျန်ရှိနေသော ပစ္စည်းများကို သယ်ဆောင်၍ တောင်နက်ပိုင်းသို့ ခရီးဆက်ခဲ့ကြလေသည်။

လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားရာ မီးကျွမ်းပြာစများမှာ လေထဲ၌ လွင့်စင်ပျံဝဲသွား၏။

လေတိုက်သဖြင့် ပြာမှုန်များ လွင့်တက်လာသည်ကို မြင်လျှင် အဘွားကြီးကျောက်သည် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ရာ သူမ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်ဖြူဆုတ်နေတော့သည်။ သူမသည် ချန်ချင်းယွီကို တံတောင်ဖြင့် ခပ်သာသာတို့၍ တိုးတိုးတိတ်တိတ် မေးလိုက်၏။

"ဒီလောကမှာ တကယ်ကြီး သရဲရှိတယ်လို့ ညည်းထင်လားအေ"

ချန်ချင်းယွီ မဆိုင်းမတွဘဲ ပုံပြင်တစ်ပုဒ်ကို ကောက်ကာငြိလိုက်ရင်း

ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"သရဲရှိရင်တောင် ကျွန်မကိုတော့ ရန်မမူလောက်ပါဘူး။ ကျွန်မတို့ ဘိုးဘွားတွေက နတ်ဆိုးနှိမ်နင်းတဲ့ ကောင်းကင်ဘုံဆရာကြီး ကျုံခွေရဲ့ မျိုးရိုးဗီဇတွေလေ"

အဘွားကြီးကျောက်၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားကာ

"လျှောက်ပြောနေပြန်ပြီ။ ညည်းတို့ဘိုးဘွားတွေက မန်ချူး တိုင်းရင်းသားတွေ မဟုတ်ဘူးလား။ ညည်း ငါ့ကို လာလိမ်နေတာပဲ"

ချန်ချင်းယွီ : "ကျွန်မ လိမ်နေမှန်း သိရက်သားနဲ့ ဘာလို့ လာမေးနေသေးလဲအေ။ အမေ တအား တွေးပူနေတာပါ။ အမေ ဒီလောက်တောင် ကြောက်တတ်မှန်း ကျွန်မ တကယ် မသိခဲ့ဘူး၊ ကိုယ့်သားအရင်းရဲ့ ဂူကိုတောင် ကြောက်နေတာလား။ လင်းကျန့်ဝမ်က ရှင်နေတာပဲဖြစ်ဖြစ် သေသွားတာပဲဖြစ်ဖြစ် ကျွန်မတို့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး။ တကယ်လို့ သရဲသာ ရှိမယ်ဆိုရင် သူ ကျွန်မကို လာတွေ့ဖို့တောင် မျှော်လင့်မိဦးမယ်"

"ဒါလည်း ဟုတ်သားပဲ။ အဲဒါ ငါ့သားပဲဥစ္စာ"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ရင်ထဲ၌ စကားလုံးများ ပျောက်ရှကာ လုံးဝ ဆွံ့အသွားရသည်။

‘ငါတို့အမေနဲ့ အဘွားကတော့ တကယ့်ကို အယူသီးလွန်းကြတာပဲ။’

‘လောကမှာ သရဲမှ မရှိတာ...’

‘ဒါက လေတိုက်လို့ ပြာတွေ လွင့်နေတာ သက်သက်ပဲဥစ္စာ...’

ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် တောင်ပေါ်၌ အခြားလူတစ်ဦးတစ်ယောက်မျှ ရှိမနေခြင်း ဖြစ်သည်၊ မဟုတ်လျှင်မူ သူတို့ မကြောက်သော်လည်း အခြားသူများ ကြားသွားပါက လန့်ဖျပ်သွားကြပေလိမ့်မည်။

ဒီလူကြီးနှစ်ယောက်ကတော့ တကယ်ပါပဲ...။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် စိတ်ထဲမှ တိတ်တဆိတ်သာ ခေါင်းရမ်းမိကြသည်။

အလို... ယင်းမှာ သူတို့ကို ကြောက်ရွံ့မှုကင်းမဲ့ပြီး ရဲရင့်လွန်းသူများအဖြစ် ပေါ်လွင်စေသည် မဟုတ်လော့…

ချန်ချင်းယွီသည် သူတို့အား တောင်နက်ပိုင်းသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။ စင်စစ်အားဖြင့် သူတို့ ခေါင်းမာမာဖြင့် ရဲရင့်နေကြ၍သာ တော်တော့၏၊ မဟုတ်လျှင်မူ သေချာပေါက် ထိတ်လန့်ခြောက်ခြားမိကြပေလိမ့်မည်။ အပိုပြောခြင်းမဟုတ်ပေ၊ တောင်ပေါ်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာလေလေ ပတ်ဝန်းကျင် ပိုမိုဆိတ်ငြိမ်လာလေလေ ဖြစ်ကာ လမ်းတွင် အုတ်ဂူဟူ၍ပင် မတွေ့ရတော့ချေ။

ဘာပဲဖြစ်ဖြစ် ဤမျှ ဝေးကွာသောနေရာအထိ ခြေကျင်လာ၍ ဂူကန်တော့ရန်မှာ ခြောက်ခြားစရာ ကောင်းလှသည် မဟုတ်ပါလား…

သို့သော်လည်း အဘွားကြီးကျောက်သည် ကြောက်ရွံ့ခြင်း မရှိချေ၊ အဘယ်ကြောင့်ဆိုသော် သူမသည် ရှောင်ကျား၊ ရှောင်ယွမ်တို့နှင့် အတွေးချင်း တူနေသောကြောင့် ဖြစ်သည်။ အကယ်၍ လမ်းတွင် တောသားရဲများနှင့် တိုးပါက ချန်ချင်းယွီ ရှိနေသည်၊ အကယ်၍ သရဲတစ္ဆေများနှင့် ဆုံပါကလည်း သူမ သားဖြစ်သူ၏ ဂူမှာ ဤတောင်ပေါ်၌ ရှိနေသာ…

သူမသားက မကူညီဘဲ နေပါ့မလား…

ထို့ကြောင့် အဘွားကြီးကျောက်သည် စိုးရိမ်စိတ် ကင်းမဲ့နေ၏။ သူမသည် ကလေးနှစ်ယောက်ကဲ့သို့ပင် ချန်ချင်းယွီအပေါ် ထူးဆန်းသော ယုံကြည်ကိုးစားမှုမျိုး ရှိနေခြင်း ဖြစ်သည်။

၎င်းမှာ... ချန်ချင်းယွီသည် ကျားတစ်ကောင်ကိုပင် သတ်ပစ်နိုင်သည်ဟူသော ယုံကြည်ချက်မျိုး ဖြစ်ပေ၏။

အမယ်လေး…

ကောင်းကင်နဲ့ မြေကြီးသာ သက်သေထူပါရစေ… ကျွန်မ ချန်ချင်းယွီ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အစွမ်းထက်တယ်လို့ မတွေးဖူးပါဘူးရှင်… အထင်ကြီးလွန်းနေပါပြီ…

သို့သော် အဘွားကြီးကျောက်တွင်မူ ထိုယုံကြည်ချက် ရှိနေသည်။

ထို့အတူ ရှောင်ကျားနှင့် ရှောင်ယွမ်တို့တွင်လည်း ရှိနေကြ၏။

ဒါက တကယ့်ကို အံ့သြစရာ ကောင်းလှချည်ရဲ့…

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံမှာ သူတို့ကို ပြက်လုံးတစ်ခုကဲ့သို့ စမ်းသပ်ခြင်း မပြုခဲ့ပေ၊ မဟုတ်လျှင်မူ သူတို့ ဤမျှ ဘေးကင်းလိမ့်မည် မဟုတ်ချေ။

ဤတောင်တန်းများမှာ အတော်လေး နက်ရှိုင်းလှသည် ဆိုသော်ငြားလည်း ပေကျင်းမြို့စွန်တွင်သာ တည်ရှိခြင်း ဖြစ်ပေရာ၊ ဝင်ရောက်သွားပါက အသက်အန္တရာယ် ရှိနိုင်သည့် ချန်ပိုင်တောင်တန်း၏ တောနက်ကြီးများ သို့မဟုတ် ယူနန်၏ ထူထပ်သော တောအုပ်ကြီးများနှင့်မူ မတူကာ၊ ဤနေရာလေးမှာ အတော်အတန် သာမန်မျှသာ ဖြစ်သည်။

တောင်ခြေတွင် မှီတင်းနေထိုင်ကြသော လူဦးရေမှာလည်း မနည်းလှသဖြင့် သူတို့သည် အမြဲတမ်း စားဝတ်နေရေးအတွက် ရှာဖွေစားသောက်နေကြရရာ၊ တောင်ပေါ်၌ တောကောင်ဟူ၍ သိပ်မကျန်တော့ချေ။

ထို့ကြောင့် သူတို့ တောသားရဲများနှင့် ဆုံတွေ့ရန် အခွင့်အရေး မရှိခဲ့ခြင်း ဖြစ်သည်။

ချန်ချင်းယွီတို့ အုပ်စု၏ ခရီးစဉ်မှာ အဆင်ပြေချောမွေ့ခဲ့ပြီး၊ သစ်ရွက်များကြား လေတိုးသံမှလွဲ၍ အခြား မည်သည့်ပြဿနာမျှ မရှိခဲ့ပေ။ နှစ်နာရီနီးပါး ဆက်လက်ခြေကျင်လျှောက်လှမ်းပြီးနောက်တွင်မူ၊ နောက်ဆုံး၌ ချန်ချင်းယွီ၏ မိခင်ဘက်မှ ဘိုးဘွားများ၏ ဂူဆီသို့ ရောက်ရှိလာခဲ့ကြ၏။

အဘွားကြီးကျောက် အမောတကော အသက်ရှူရင်း

"တကယ့်ကို ဝေးတာပဲအေ။ ညည်းတို့ရဲ့ ဘိုးဘွားနှစ်ယောက်ကတော့ တို့ကို တကယ် ဒုက္ခပေးတာပဲ"

ချန်ချင်းယွီ : "ဘယ်လိုဖြစ်လို့ ဒုက္ခပေးရမှာလဲ၊ ကျွန်မရဲ့ ဘိုးဘွားတွေက ဒီမှာ မြေမြှုပ်ထားလို့သာ ဒုက္ခတွေ ပိုနည်းသွားတာပေါ့"

သူမ အလျော့မပေးချင်သော လေသံဖြင့် ထပ်လောင်း ပြောလိုက်သည်။

"ကြည့်လိုက်ဦး... ဒီနေရာလေးက တော်တော်လေး ကောင်းမွန်တာ မဟုတ်ဘူးလား"

သူမသည် ဖုန်းရွှေ အယူအဆများအကြောင်းကို နားမလည်သော်လည်း၊ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မြင့်မားသော သစ်ပင်ကြီးများ ဝန်းရံလျက် တောင်နက်ပိုင်း၌ တည်ရှိနေခြင်းကြောင့် နေရာကောင်းတစ်ခု ဖြစ်သည်ဟု ခံစားမိသည်။ သို့မဟုတ်ဘဲ လူသူနီးစပ်ရာ ဆိတ်ငြိမ်သောနေရာတစ်ခုခုတွင် မြေမြှုပ်ထားခဲ့ပါက ဘိုးဘွားများ၏ ဂူမှာ ယနေ့ထက်တိုင် တည်တံ့နေပါဦးမည်လောဆိုသည်ကို သူမ မသိနိုင်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်၌ ထိုတော်လှန်ရေး ကော်မတီလူအုပ်စုမှာ အမှန်တကယ် ရူးသွပ်ခဲ့ကြပြီး လူအများအပြား၏ ဂူများကို လိုက်လံဖျက်ဆီးခဲ့ကြ၏။ ကွယ်လွန်သူများ၏ မိသားစုဝင်များ မရှိတော့သည်ကို သိပါလျက်နှင့် အဘယ်ကြောင့် ဤမျှအထိ ကိုယ်ကျင့်တရား ကင်းမဲ့စွာ လုပ်ရဲကြသနည်း။

ဝဋ်လိုက်မှာကို မကြောက်ကြဘူးလား… အင်း… လိုက်တဲ့သူလည်း လိုက်ကုန်ကြပါပြီလေ…

ချန်ချင်းယွီသည် ထိုကဲ့သို့သော အစွန်းရောက် ရူးသွပ်သူများကို အလွန်ပင် အထင်သေးမိသည်။

ထိုလူများသည် မကောင်းမှုများစွာကို ပြုလုပ်ခဲ့ကြသဖြင့် လူကောင်းများ လုံးဝမဟုတ်ကြပေ။

ထို့ကြောင့် ချန်ချင်းယွီသည် မိမိ၏ ဘိုးဘွားများအား တောင်နက်ပိုင်းတွင် မြေမြှုပ်ထားခဲ့ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ခံစားရ၏။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပညာတတ်အမြောက်အမြားမှာ တစ်ယောက်ပြီးတစ်ယောက် ဂုဏ်သိက္ခာ ပြန်လည်အဖတ်ဆယ်ခြင်း ခံခဲ့ကြရသည်။ ချန်ချင်းယွီသည်လည်း ဘိုးဘွားများ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းအချို့နှင့် ဆုံတွေ့ခဲ့ဖူးရာ၊ ထိုသူများထဲမှ အများစုမှာ ထိုဆိုးရွားသော ခေတ်ကာလကို မကျော်ဖြတ်နိုင်ဘဲ ကွယ်လွန်သွားခဲ့ကြရကြောင်း ကြားသိခဲ့ရ၏။ လူအများအပြားမှာ အကြီးအကျယ် ဒုက္ခဆင်းရဲ ခံခဲ့ကြရပြီး သူတို့၏ မိသားစုဝင်များပါ ထိခိုက်နစ်နာခဲ့ကြရသည်။

သူမ၏ ဘိုးဘွားများအနေဖြင့် ဤမျှ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့ကြရခြင်းမှာမူ တစ်နည်းအားဖြင့် စိတ်သက်သာရာရစရာ ကောင်းသော အချက်တစ်ခု ဖြစ်ပေလိမ့်မည်။

ချန်ချင်းယွီ ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက်

"လာကြလေ... ကျွန်မ မိတ်ဆက်ပေးမယ်..."

သူမ၏ မိခင်ဘက်မှ ဆွေမျိုးများအားလုံးမှာ ဤနေရာ၌ပင် မြေမြှုပ်ထားခြင်း ဖြစ်သည်၊ သူမ၏ ဘိုးဘွားများ၊ ဦးလေးဖြစ်သူနှင့် မိခင်ဖြစ်သူတို့၏ ဂူများ ရှိနေကြ၏။

စင်စစ်အားဖြင့် သူမ၏ မိခင်အား မူလ၌ ဤနေရာတွင် မြေမြှုပ်ခဲ့ခြင်း မဟုတ်ဘဲ ဦးလေးဖြစ်သူ ကွယ်လွန်ပြီးနောက်မှသာ ဘိုးဘွားများမှာ သူမ၏ ဂူကို ဤနေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြခြင်း ဖြစ်သည်။ ချန်ရိကျွင်းသည် ဤအကြောင်းကို သိရှိသော်လည်း ပိုက်ဆံကိုသာ ယူခဲ့ပြီး ဘာတစ်ခုမှ စိတ်မဝင်စားခဲ့ပေ။

သူသည် ကွယ်လွန်သူ ဇနီးသည်၏ ဂူဆီသို့ တစ်ခါမျှ လာရောက်ကန်တော့ခြင်း မရှိခဲ့ဘဲ အလွန်ပင် သွေးအေးလှ၏။

ချန်ချင်းယွီသည်လည်း သူ့အား မိမိ၏ ဖခင်အဖြစ် တစ်ခါမျှ ထည့်မတွက်ခဲ့ဖူးချေ။

သူမ၏ ရှေ့မှောက်သို့သာ လာရောက်၍ မျက်နှာပြမလာစေရန် မျှော်လင့်ရပေမည်၊ မဟုတ်လျှင်မူ သူမဘက်မှ သေချာပေါက် ညှာတာမှုမရှိဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်ပစ်မည်သာ…

ချန်ချင်းယွီသည် မိမိ၏ မိသားစုဝင်များနှင့် မိတ်ဆက်ပေးပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဤနေရာလေးသည် သူမ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုကောင်းမွန်နေကြောင်းကို သူမ ဝန်ခံရမည် ဖြစ်၏။ နှစ်ပေါင်းများစွာကြာအောင် မည်သူမျှ လာရောက်ရှင်းလင်းပေးခြင်း မရှိသဖြင့် အတော်လေး ပျက်စီးယိုယွင်းနေလိမ့်မည်ဟု မူလ၌ သူမ ထင်မှတ်ထားခဲ့သည်။

သို့သော် ကြည့်ရသည်မှာ အတော်လေး သပ်ရပ်လှပနေဆဲပင်။

စဉ်းစားကြည့်လျှင်လည်း ယင်းမှာ သဘာဝကျ၏။

ဤနေရာသို့ လူသူအရောက်အပေါက် နည်းပါးလှသဖြင့် ဖျက်ဆီးမည့်သူလည်း မရှိခြင်းကြောင့် ဖြစ်ပေမည်။

ချန်ချင်းယွီ : "အဘိုးနဲ့ အဘွား... သမီး အဘိုးတို့အဘွားတို့ကို လာကြည့်တာပါ။ လာမကြည့်ဖြစ်တာ နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ သမီးကို စိတ်ဆိုးနေကြလားဟင်။"

သူမ ခပ်တိုးတိုးဖြင့် ဆက်၍

"ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ သမီး နှစ်တိုင်း နှစ်တိုင်း အဘိုးတို့အဘွားတို့အတွက် တန်ဖိုးကြီးတဲ့ စက္ကူပိုက်ဆံတွေကို တိတ်တဆိတ် မီးရှို့ပေးခဲ့ပါတယ်နော်။ သမီး အမြဲတမ်း သတိရနေတာပါ..."

သူမ လက်မှလည်း အလုပ်ရှုပ်နေကာ ပါးစပ်မှလည်း တတွတ်တွတ် ပြောနေ၏။

"အဘိုးတို့အဘွားတို့ သမီးအတွက် ဝှက်ပေးခဲ့တဲ့ အရေးပေါ်သုံးပိုက်ဆံတွေနဲ့ အဲဒီစာကို သမီး ရှာတွေ့ခဲ့ပါတယ်။ ဒီနှစ်တွေထဲမှာ သမီး ဒီလောက်အထိ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့တာ အဘိုးတို့အဘွားတို့ရဲ့ ကျေးဇူးကြောင့်ပါ။ မဟုတ်ရင်တော့ သမီးရဲ့ အစားပုတ်တဲ့ အရှိန်နဲ့ဆို လူက ကြာလှပြီ ပိန်လှီခြောက်ကပ်နေလောက်ပြီ"

"သူက တကယ်ကြီးကို အစားကြီးတာအေ။ သူတစ်ယောက်တည်း စားတာက တို့ သုံးယောက်ပေါင်း စားတာထက်တောင် ပိုများသေးတယ်"

အဘွားကြီးကျောက် ဝင်ပြောတော့သည်။

ချန်ချင်းယွီ မျက်စောင်းတစ်ချက် ဝှေ့လိုက်၏။

အဘွားကြီးကျောက်လည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားသည်။ ချန်ချင်းယွီဆက်၍

"ဒါကတော့ ကျွန်မရဲ့ ယောက္ခမလေ၊ လူကောင်းတော့ မဟုတ်ဘူး။ အရင်တုန်းက ကျွန်မကို နှိပ်စက်ခဲ့သေးတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ကျွန်မတို့ရဲ့ လုပ်ငန်းခွင် ဆက်ဆံရေးက တော်တော်လေး ကျေနပ်စရာကောင်းပါတယ်"

"ဒါက ငါက အခြေအနေသိလို့ မဟုတ်ဘူးလားအေ။ စိတ်ချပါ... ငါ နောက်တစ်ခါ ထပ်ပြီး မလုပ်ရဲတော့ပါဘူး။ ချန်ချင်းယွီက တကယ်ကြီး ရိုက်တာဥစ္စာ"

ချန်ချင်းယွီ နောက်ထပ်တစ်ဖန် မျက်စောင်းထိုးပြန်သည်။

ကလေးနှစ်ယောက်ဖြစ်သည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ မကြားချင်ယောင်ဆောင်လျက် စက္ကူပိုက်ဆံများကိုသာ တိတ်ဆိတ်စွာ ဆက်လက် မီးရှို့နေကြ၏။

ကလေးငယ်များ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေသော်လည်း နားများသည်ကား စွင့်ထားဆဲ ဖြစ်ပေသည်။

ချန်ချင်းယွီ: "အဘိုးနဲ့ အဘွား... အဘိုးတို့အဘွားတို့ကတော့ သမီးကို တကယ့်ကို လူအမလေးလို့ တွေးနေတော့မှာပဲနော်။ အဘိုးတို့အဘွားတို့ သမီးအတွက် ပိုက်ဆံတွေ ချန်ထားခဲ့မှန်း သမီး လွန်ခဲ့တဲ့ ခြောက်နှစ်ကမှ သိခဲ့တာ။ သမီးအတွက် အဲဒီလောက်အထိ အဖန်ဖန် စီစဉ်ပေးခဲ့ကြတာကို သမီးကိုယ်တိုင်ကျတော့ တစ်ခါမှတောင် မတွေးမိခဲ့ဘူး။ သမီးက တကယ့်ကို အရူးကြီးပဲ..."

သူမ ဆက်လက်၍

"အဘိုးတို့အဘွားတို့ ဆုံးပါးသွားတုန်းက ကျွန်မအဖေက တော်လှန်ရေးကော်မတီကိုတောင် လှမ်းခေါ်ခဲ့သေးတာ။ တော်လှန်ရေးကော်မတီရော ရဲတွေရော ရောက်လာပြီး နေရာအနှံ့ကို မြေလှန်ရှာခဲ့ကြတာလေ။ အဲဒီတုန်းက သမီးက ကလေးပဲ ရှိသေးတော့ ဘာမှ သိပ်မတွေးမိခဲ့ဘူး။ သမီးက တကယ်ပဲ အူတူတူနိုင်ခဲ့တာပါ..."

"ညည်းရဲ့ အဘိုးနဲ့ အဘွားက တကယ့်ကို ပစ္စည်းဝှက် တော်တာပဲအေ"

အဘွားကြီးကျောက် ချီးကျူးလိုက်၏။

ချန်ချင်းယွီ: "..............................."

သူမ မျက်စောင်းထိုးကာ

"ကျွန်မကို လာပြီး ဖားနေဖို့ မလိုပါဘူး၊ တကယ် မလိုတာပါ"

"အေးပါ... အေးပါ... ငါ ဝင်မပြောတော့ဘူး၊ ဟုတ်ပြီလား"

အဘွားကြီးကျောက် လက်လျှော့လိုက်တော့သည်။

ချန်ချင်းယွီသည် တတွတ်တွတ် ဆက်လက်ရေရွတ်နေပြီး၊ ပြောစရာရှိသည်များကို ပြောဆိုပြီးနောက်တွင်မူ ပေါင်းမြက်များကို စတင်နုတ်လိုက်၏။ ဤနေရာရှိ ဂူများ မြေမြှုပ်ထားသည်မှာ ကြာမြင့်ပြီဖြစ်ရာ၊ အထူးသဖြင့် သူမ၏ မိခင်နှင့် ဦးလေးတို့၏ ဂူများတွင် ပေါင်းမြက်များမှာ အတော်ပင် မြင့်မားစွာ ပေါက်ရောက်နေပြီ ဖြစ်သည်။

ချန်ချင်းယွီသည် တက်ကြွလှုပ်ရှားစွာဖြင့် အလုပ်ရှုပ်နေ၏။

အဘွားကြီးကျောက်သည်လည်း ဂူတစ်ခုချင်းစီတွင် လိုက်လံကူညီပေးရင်း၊ ချန်ချင်းယွီ မိခင်၏ ဂူကို လှမ်းကြည့်ကာ

"ညည်းအမေက တကယ့်ကို အသက်ငယ်ငယ်လေးနဲ့ ဆုံးပါးသွားရှာတာပဲနော်"

ကျောက်စာတိုင်ပေါ်ရှိ ဓာတ်ပုံထဲတွင်မူ ငယ်ရွယ်နုပျိုသော အမျိုးသမီးတစ်ဦး၏ ပုံရိပ် ရှိနေပေသည်။

သူမ သက်ပြင်းတစ်ချက်ချလျက်

"သူမက တကယ်ကို လှပတာပဲ၊ ဒါပေမဲ့ လူအကဲခတ်တာ ညံ့ခဲ့တော့ ညည်းအဖေလို လူယုတ်မာမျိုးနဲ့ သွားသဘောကျမိတာကိုး"

ချန်ချင်းယွီလည်း သဘောတူ လက်ခံလိုက်သည်။

"ကျွန်မအမေက လောကကြီးအကြောင်း သိပ်မသိသေးတဲ့ ပုံစံမျိုးလေ။ လူတွေက သူမကို သားကောင်အဖြစ် ပစ်မှတ်ထားပြီး အင်မတန် ပါးနပ်တဲ့ နည်းဗျူဟာတွေ သုံးခဲ့ကြတယ်ဆိုတာကို သူမ မသိခဲ့ရှာဘူး။ ကျွန်မ ငယ်ငယ်တုန်းက ဦးလေး ပြောပြတာ မှတ်မိသေးတယ်၊ ကျွန်မအဖေရဲ့ ဆွေမျိုးတစ်ယောက်က ကျွန်မတို့ အဘိုးအဘွားအိမ်မှာ အိမ်အကူ လုပ်ခဲ့ဖူးတယ်တဲ့။ အဲဒါကြောင့် အဖေက ကျွန်မအမေရဲ့ မိသားစု အခြေအနေနဲ့ စရိုက်သဘာဝတွေကို အကုန်လုံး အကွက်စိပ်စိပ် စုံစမ်းထားပြီးတော့၊ သူတို့ အကြိုက်ကို လိုက်ပြီး ဖြည့်ဆည်းပေးရင်းနဲ့ စိတ်နှလုံးကို သိမ်းပိုက်ခဲ့တာ။ ဒီထောင်ချောက်က ကျွန်မအမေတစ်ယောက်တည်းကို ကွက်တိ ပစ်မှတ်ထားပြီး ဆင်ထားခဲ့တာလေ"

ချန်ချင်းယွီ သက်ပြင်းချကာ ခေါင်းရမ်းမိသည်။သူမသည် မိခင်ဖြစ်သူကို အရူးမတစ်ယောက်ဟု မတွေးမိပေ။ အကယ်၍ အသက် တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်နှစ်အရွယ် သာမန်မိန်းကလေးတစ်ဦးသာ ဆိုလျှင်၊ မိမိ၏ စိတ်အလိုကို အစစအရာရာ နားလည်ပေးပြီး၊ စိတ်နှလုံး အကြွင်းမဲ့ ပေးဆပ်ကာ၊ ရေစက်ရှိလှသည်ဟု ထင်ရမည့်သူမျိုးနှင့် ဆုံတွေ့ပါက မည်သူမဆို သွေးဆောင်မှုကို ခံရပေလိမ့်မည်။

လိမ်လည်လှည့်ဖြားမှုဟူသည် ထိုသို့ပင် ဖြစ်၏။ လူတစ်ယောက် လိမ်လည်ခံရခြင်း မရှိသေးသည်မှာ မိမိအတွက် သီးသန့်ဆင်ထားသော ထောင်ချောက်နှင့် မတိုးသေး၍သာ ဖြစ်ပေသည်။

အကယ်၍ အကွက်စိပ်စိပ်ဖြင့် မိမိကိုသာ ကွက်တိ ပစ်မှတ်ထားပြီး ဆင်ထားသော အကြံအစည်မျိုး ဖြစ်ပါက၊ လှည့်စားမခံရဘူးဟု မည်သူမျှ ရဲရဲဝံ့ဝံ့ မပြောနိုင်ပေ။

မည်သို့ဆိုစေ ဤခေတ်ကာလရှိ လူများသည် နောက်ပိုင်းခေတ်များကဲ့သို့ သတင်းအချက်အလက် နည်းပညာများ ပေါက်ကွဲထွန်းကားသည့် အခြေအနေကို မကြုံတွေ့ဖူးကြသေးပေ။

နောက်ပိုင်းခေတ်လူများမှာလှည့်ကွက်ပေါင်းစုံကို မြင်တွေ့ဖူးကြသဖြင့် လွယ်လွယ်နှင့် အလိမ်မခံကြခြင်းတည်း။

ယခု ခေတ်ကာလရှိ လူများမှာမူ ထိုမျှအထိ အတွေ့အကြုံ မများကြသေးပေ။

ချန်ချင်းယွီ ဤအရာများကို တွေးတောရင်း

"ရှောင်ကျားနဲ့ ရှောင်ယွမ်... မှတ်ထားကြနော်၊ အကယ်၍ တစ်စုံတစ်ယောက်က သမီးတို့ မျှော်လင့်ထားတဲ့ အချက်အလက်တွေ အကုန်လုံးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကွက်တိ တူညီနေမယ်ဆိုရင်၊ သေသေချာချာ ပြန်စဉ်းစားရမယ်။ အဲဒီလူက ဟန်ဆောင်နေတာလား ဆိုတာကိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လောကမှာ အစစအရာရာ ကွက်တိတူညီလွန်းတဲ့ အရာဆိုတာ မရှိလို့ပဲ"

ရှောင်ကျားနှင့် ရှောင်ယွမ် : "ဟုတ်ကဲ့ပါ မေမေ။"

သူတို့က အသက် ကိုးနှစ်အရွယ် ကလေးငယ်လေးတွေပဲ ရှိကြသေးတာဥစ္စာ...

အခုကတည်းက အဖော်ရှာဖို့ ကိစ္စတွေကို ဒီလောက်အထိ တွေးတောနေကြရပြီတဲ့လား…

သို့သော်ငြားလည်း ဤအယူအဆမှာ သူငယ်ချင်း မိတ်ဆွေဖွဲ့ရာတွင်လည်း အကျုံးဝင်လှပေသည်။

ကလေးနှစ်ဦးစလုံးသည် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်ကြ၏။

ချန်ချင်းယွီ တိတ်ဆိတ်စွာပင် ပေါင်းမြက်များကို ဆက်လက်နုတ်နေပြီး၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ လိမ္မာစွာဖြင့် စက္ကူပိုက်ဆံများကို ဆက်၍ မီးရှို့နေကြသည်။ ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မီးရှို့ရသည်မှာ အတော်လေး ခက်ခဲလှ၏။ ချန်ချင်းယွီသည် မီးတောက်ပိုကြီးလာစေရန် ဆီအနည်းငယ် ထည့်လိုက်သော်လည်း၊ သူမ အလွန်တရာ သတိထားပြီး မီးတောက်ကြီးလွန်းမသွားစေရန် ဂရုစိုက်နေရသည်။

ရေနှင့်မီးဟူသည် ညှာတာမှုကင်းမဲ့လှရာ လူသားတို့အနေဖြင့် စိတ်တိုင်းကျ ထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။

သို့သော်ငြားလည်း သူမ၏ အဘိုးနှင့်အဘွား ရွေးချယ်ခဲ့သော နေရာလေးမှာ အတော်လေး ကောင်းမွန်လှသည်။ တောင်ပေါ်တွင် လေပြင်းတိုက်ခတ်နေသော်လည်း ဤနေရာလေးတွင်မူ လေထုမှာ အလွန်ပင် ညင်သာအေးချမ်းနေ၏။

ချန်ချင်းယွီ အလုပ်ရှုပ်နေစဉ် အဘွားကြီးကျောက် ဘေးမှ ကူညီပေးနေသည်။ သူမသည် ချန်ချင်းယွီ၏ မိခင်ကို တစ်လှည့်၊ ချန်ချင်းယွီ၏ ဦးလေးကို တစ်လှည့် ကြည့်ရင်း... ထိုအဘိုးအို ဇနီးမောင်နှံနှစ်ဦးမှာ တကယ့်ကို ကံကြမ္မာဆိုးလှကြောင်း စိတ်ထဲမှ သက်ပြင်းချမိတော့သည်။ သူတို့၏ သားသမီးနှစ်ဦးစလုံးမှာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကွယ်လွန်သွားခဲ့ကြရ၏။

ချန်ချင်းယွီ၏ ဦးလေးဆိုလျှင် ပို၍ပင် အသက်ငယ်သေးသည်။

"နှမြောစရာကောင်းလိုက်တာအေ၊ ဒီလောက် တော်ပြီး ချောမောတဲ့ လူငယ်လေးကို။"

ချန်ချင်းယွီ ခေါင်းညိတ်လျက်

"ဟုတ်ပါတယ်"

"ဟေး... ညည်း သတိထားမိလား၊ အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားရတာကို ဘုရားသခင်တောင် နှမြောတသဖြစ်မိပုံပဲ။ လမ်းတစ်လျှောက်လုံးမှာ တို့တွေ အများဆုံး တွေ့ခဲ့ရတာက ထင်းရှူးပင်နဲ့ မိုးမခပင်တွေလေ၊ ဒါပေမဲ့ ကြည့်လိုက်ဦး... ဒီနေရာကျတော့ အကုန်လုံး ကုက္ကိုလ်ပင်တွေချည်းပဲ"

ချန်ချင်းယွီ တစ်ချက် ကြောင်အသွားရတော့သည်။

သူမ ခါးကိုဆန့်၍ ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို အမှတ်မထင် လှမ်းကြည့်လိုက်ရာမှ... ရုတ်တရက် အကြည့်တို့ တန့်သွားရ၏။

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည် ဝေ့ဝဲကြည့်ရှုလိုက်မိသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စာမှာ မီးလောင်ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ချန်ချင်းယွီသည်ကား ထိုစာထဲရှိ အကြောင်းအရာများကို အထင်အရှား မှတ်မိနေဆဲ ဖြစ်၏။သူမ၏ အဘိုးနှင့်အဘွားသည် စာထဲတွင် ဝေဝေဝါးဝါးသာ ရေးသားခဲ့ကြသော်လည်း အုတ်ဂူအကြောင်းကိုမူ သေချာပေါက် ထည့်သွင်းပြောဆိုခဲ့ကြရာ၊ ကြည့်ရသည်မှာ သူမ၏ ဖခင်ကို ရည်ညွှန်းနေပုံရသည်။ သို့သော်လည်း ချန်ချင်းယွီမှာ တစ်ခုခု မသင်္ကာစရာ ရှိနေကြောင်း အရိပ်အမြွက် ပြသနေခြင်း ဖြစ်သည်ဟု ခံစားမိ၏။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမသည် စွန့်စွန့်စားစား မလုပ်ရဲခဲ့သဖြင့် ဤနေရာသို့ လာရောက်ခြင်း မရှိကာ ခပ်မေ့မေ့ပင် ဖြစ်နေခဲ့သော်လည်း၊ ယနေ့ ဤနေရာသို့ ရောက်ရှိလာသည့်အခါတွင်မူ ထိုအကြောင်းအရာကို ပြန်လည် သတိရလာခဲ့သည်။

ချန်ချင်းယွီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ၊ သေချာပေါက်ပင် သူမ ရှိနေသည့် ဧရိယာပတ်ပတ်လည်တွင် ကုက္ကိုလ်ပင် အတော်များများ ရှိနေသည်ကို တွေ့ရသည်။ ထိုအပင်များမှာလည်း ထွားကြိုင်းကြီးမားသော အပင်ကြီးများ ဖြစ်ကြသော်လည်း ဘေးပတ်ပတ်လည်ရှိ သစ်ပင်အိုကြီးများနှင့်မူ သိသိသာသာ ကွဲပြားခြားနားနေပေသည်။

တောင်နက်ပိုင်းရှိ လူသူမခုတ်ထွင်ရသေးသော သစ်ပင်ကြီးများမှာ အလွန်တရာ မြင့်မားကာ ကောင်းကင်ယံသို့ ထိုးတက်မတတ် အသက်တမ်းရင့်လှသော်လည်း၊ ပတ်ဝန်းကျင်ရှိ အပင်များမှာမူ မတူပါပဲ... ကုက္ကိုလ်ပင် အမြောက်အမြား ရှိနေပြီး ကြီးမားလှသော်လည်း အပင်သက်တမ်းမှာ ထိုမျှမရင့်ကြသေးပေ။ အပင်များ ပျံ့နှံ့ပေါက်ရောက်ပုံ မတူညီခြင်းကြောင့် သိပ်ပြီး ထင်ရှားခြင်းမရှိသော်လည်း၊ ကွဲပြားခြားနားမှုမှာ အထင်အရှားပင် ဖြစ်၏။

ချန်ချင်းယွီကိုယ်တိုင်လည်း သေချာမခွဲခြားနိုင်သဖြင့် လှည့်၍

"အမေ... ကြည့်ရတာ ဒီကုက္ကိုလ်ပင်က အသက်တမ်း ဘယ်လောက်လောက် ရှိပြီလဲဟင်"

အဘွားကြီးကျောက် : "ငါ ကြည့်ပါဦးမယ်... ဝါး၊ တော်တော်လေး သက်တမ်းရင့်တာပဲအေ။ အပြင်ပန်းကြည့်ရတာတော့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် ရှိပြီထင်တယ်။ ဒါပေမဲ့ ငါလည်း အသက်တမ်း အတိအကျကိုတော့ မပြောနိုင်ဘူးပေါ့"

အတင်းအဖျင်းပြောချင်သော လေသံဖြင့် ဆက်၍

"ဒါပေမဲ့ ဒီအပင်တွေက တကယ်ကို ကြည့်ရတာ အသက်တမ်း အတော်ရင့်ပုံပဲ။ ဒီနားတစ်ဝိုက်က ကုက္ကိုလ်ပင်တွေက အကုန်လုံး အရွယ်အစားချင်း အတူတူပဲနော်၊ တခြားအပင်တွေလောက်တော့ ကြည့်မကောင်းဘူး"

ချန်ချင်းယွီ "သြော်" ဟုသာ ခပ်တိုးတိုး ဆိုလိုက်၏။

သူမနှင့် အဘွားကြီးကျောက်သည် တစ်ေလှေတည်းစီး တူညီသော ဘက်တော်သားများ ဖြစ်ကြသော်လည်း၊ သူမအနေဖြင့် အကြောင်းအရာ အားလုံးကို သူတို့အား အကုန်အစင် ပြောပြရန် အစီအစဉ် မရှိချေ။

ထိုသို့ ပြောပြီးနောက်တွင်မူ သူမသည် ထိုအကြောင်းကို ထပ်မံ မစပ်စုတော့ဘဲ

"နောက်ရက်အနည်းငယ်ကြာရင် ကျွန်မ ဒီကို တစ်ခေါက် သေချာပေါက် ပြန်လာရဦးမယ်။ ဂူကို မြေကြီးတွေ ထပ်ဖို့ပြီး ခိုင်ခံ့အောင် လုပ်ရဦးမယ်၊ မဟုတ်ရင် ဒီနေရာရဲ့ အခြေအနေကို ကြည့်လိုက်ဦး"

အဘွားကြီးကျောက် : "ကောင်းပြီလေ၊ သွားရင် ငါ့ကိုပါ ခေါ်ဦးပေါ့။ တို့တွေ ညည်းရဲ့ ယောက္ခမနဲ့ ကျန့်ဝမ်ရဲ့ ဂူတွေကိုပါ တစ်ခါတည်း သန့်ရှင်းရေး လုပ်ကြတာပေါ့"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး

"ရပါတယ်၊ ဒါပေမဲ့ မလိုက်ပါနဲ့... ကျွန်မ ဘာသာပဲ သွားလိုက်ပါ့မယ်။ ဝင်းထဲက လူတွေက ကျွန်မတို့မိသားစုကို အမြဲတမ်း စောင့်ကြည့်နေကြတာဆိုတော့ သတိထားတာ ပိုကောင်းတယ်"

အဘွားကြီးကျောက် : "ဒါလည်း ဟုတ်တာပဲ။ အဲဒီလူတွေက သူများ အောင်မြင်ရင် မနာလိုဖြစ်ပြီး ပျက်စီးရင်တော့ လှောင်ပြောင်ချင်နေကြတဲ့ လူစားမျိုးတွေ။ တို့တွေ ဆိုင်ထွက်ပြီး ပိုက်ဆံစရကတည်းက သူတို့ ငါတို့ကို စောင့်ကြည့်နေကြတာလေ။ နေဦး... ညည်း ပြောတော့ လီလင်းလင်းက ညည်းအဖေကို လွှတ်ပြီး လာရှုပ်ခိုင်းမလို့ ဆိုတာ... အဲဒီလူ ပေါ်လာသေးလား"

ချန်ချင်းယွီ : "လီလင်းလင်းကတော့ သွားရှာမှာ မဟုတ်လောက်တော့ပါဘူး။ ကျွန်မ သူမကို နည်းနည်း ခြောက်လှန့်ထားလိုက်တာ ဆိုတော့ ထိရောက်မှု ရှိမှာပါ။ လီလင်းလင်းက သိပ်ပြီး ခေါင်းမာတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး"

"ဘာပဲဖြစ်ဖြစ်... အကယ်၍ ညည်းအဖေနဲ့ အဲဒီ မိထွေး မသာမသာ လာရဲရင်တော့ စောင့်ကြည့်လိုက်ဦး၊ ဒီအဘွားကြီးက သူတို့ကို အာလူးချောင်းကြော်ဖြစ်အောင် ဓားနဲ့ မွှန်းပစ်မယ်။ လူကသာ ပျက်စီးယိုယွင်းနေတာ၊ ငါတို့အိမ်ကို လာပြီး အမြတ်ထုတ်ချင်နေသေးတယ် ဟုတ်လား"

ချန်ချင်းယွီ : "ရပါတယ်၊ ကျွန်မကိုယ်တိုင် လက်ပါရင် ကြည့်လို့မကောင်းဘူးလေ။ အမေပဲ အရင် အရှေ့က ထွက်လိုက်၊ ကျွန်မ နောက်ကနေ ကူပေးမယ်။"

ထိုသို့ ပြောလိုက်သဖြင့် အဘွားကြီးကျောက်မှာ စိုးရိမ်ပူပန်စိတ် လုံးဝမရှိတော့ပေ။

ချန်ချင်းယွီသာ သူမနောက်မှ တိတ်တဆိတ် ကူညီပေးမည်ဆိုလျှင်၊ သူမ သေချာပေါက် အသာစီး ရမည်သာ…

အဘွားကြီးကျောက် : "ပြီးခဲ့တဲ့ရက်ပိုင်းက ဘာမှမလုပ်ရသေးတော့ လက်တွေ တအား ယားနေတာအေ။ အကယ်၍ သူ လာရင်တော့ ငါ့ရဲ့ ခြေလက်တွေကို သေသေချာချာ ဆန့်ထုတ်ရတော့မှာပဲ။"

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်သည်။

အဘွားကြီးကျောက် : "ညည်း ပြုံးတာက လူကောင်းတစ်ယောက်ရဲ့ အပြုံးနဲ့ လုံးဝမတူဘူးနော်။"

ချန်ချင်းယွီ မခိုးမခန့် လေသံဖြင့်

"အမေကော... လူကောင်းတစ်ယောက်မို့လို့လားအေ"

"အလို... သေချာပေါက် လူကောင်းပေါ့... ငါတို့က ဆိုင်ထွက်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာလေ၊ သေချာပေါက် လူကောင်းပေါ့။ တို့ဆီကနေ လာပြီး အမြတ်ထုတ်ချင်တဲ့ လူတွေကမှ လူကောင်းမဟုတ်တာ"

"ဒါဆိုရင်တော့ ရှင်းသွားတာပေါ့။"

ထိုအမျိုးသမီးနှစ်ဦးသည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။

အဘွားကြီးကျောက် : "ဟေး... ညည်း ဒီနေ့ ချဲညီအစ်ကိုတွေကို သွားပြီး ကိုင်တွယ်ဦးမလို့လား"

ချန်ချင်းယွီ : "ဟုတ်တယ်လေ၊ ကျွန်မ သူတို့ကို အိမ်သာကျင်းထဲမှာ ပက်လက်ကူးခတ်သွားစေရမယ်"

အဘွားကြီးကျောက် လက်မ ထောင်ပြလိုက်၏။

ချန်ချင်းယွီ: "ကျွန်မတို့ သူတို့ကို နာမည်ကြီးအောင် ကူညီပေးရမှာပေါ့။"

ထိုအမျိုးသမီးနှစ်ဦးသည် လူဆိုးကြီးများကဲ့သို့ တစ်ခိခိနှင့် ထပ်မံ ရယ်မောလိုက်ကြပြန်သည်။

ချန်ချင်းယွီ: "ကဲ... တော်ပြီ၊ တို့တွေ အလုပ် ပြန်လုပ်ကြရအောင်။"

ချန်ချင်းယွီ အလုပ်ဆက်လုပ်မည်ဟု ပြောလိုက်သော်လည်း ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည်အကဲခတ်မိပြန်သည်။ မိမိ၏ အဘိုးနှင့်အဘွားတို့၏ စရိုက်ကို နားလည်ထားမှုအရ ဤနေရာတွင် တစ်ခုခုကို သေချာပေါက် ဝှက်ထားခဲ့ကြလိမ့်မည်ဟု သူမ ခံစားနေရ၏။ ထိုသာမန်ကဲ့သို့ ထင်ရသော မှာကြားချက်များနောက်ကွယ်တွင် တကယ့်ကို နက်ရှိုင်းလှသော အဓိပ္ပာယ်များ ကိန်းဝပ်နေခြင်း ဖြစ်ပေသည်။

အခြားသူများ နားမလည်နိုင်ကြသော်လည်း ဤစာကို သူမအတွက် သီးသန့်ရေးသားခဲ့ခြင်း ဖြစ်ရာ သူမ မည်သို့လျှင် နားမလည်ဘဲ နေမည်နည်း။

ဒါပေမဲ့ သူတို့ ဒါကို ဘယ်နေရာမှာ ဝှက်ထားခဲ့ကြတာလဲ…

ဤနေရာတွင် လျှို့ဝှက်မြေအောက်ခန်း တူးထားခဲ့လိမ့်မည်ဟု ချန်ချင်းယွီ သိပ်မယုံကြည်မိချေ။ ထိုသို့လုပ်ရန်မှာ မလွယ်ကူလှ၍ပင်။ အဘိုးရော အဘွားပါ ပညာတတ်စာပေသမားများ ဖြစ်ကြရာ တောင်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ လျှို့ဝှက်မြေအောက်ခန်းကြီးကို တူးဆောက်နိုင်ပါ့မည်လော့။

သူတို့၏ အတတ်ပညာအရ မည်သို့မျှ မဖြစ်နိုင်ချေ။

လူငှားပြီး လုပ်ခိုင်းလျှင်လည်း လျှို့ဝှက်ချက် ပေါက်ကြားသွားနိုင်သဖြင့် ဘေးမကင်းနိုင်ပေ။

ဤမျှအထိ သတိကြီးလှသော အဘိုးနှင့်အဘွားတို့သည် ပြင်ပလူများကို ငှားရမ်းလိမ့်မည်ဟု ချန်ချင်းယွီ မယုံကြည်ချေ။

ဒါဆိုလျှင်... မြေကြီးထဲမှာပဲ မြှုပ်ထားခဲ့တာ သေချာတယ်…

ချန်ချင်းယွီသည် ကုက္ကိုလ်ပင်များကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

သစ်ပင်တွေရဲ့ အောက်မှာ မြှုပ်ထားခဲ့တာလား။

ချန်ချင်းယွီသည် အဘွားကြီးကျောက် ရိပ်မိသွားစေရန် မလိုလားသဖြင့် ခေါင်းငုံ့ကာ ပေါင်းမြက်များကိုသာ ဆက်လက်နုတ်နေလိုက်၏။

နောက်ရက်ကျမှပဲ တစ်ယောက်တည်း လာပြီး စမ်းသပ်ကြည့်ရတော့မယ်…

သို့သော်လည်း ပစ္စည်းသာ တကယ်ရှိသည်ဖြစ်စေ… ယခုအချိန်မှာ တူးဖော်၍ မဖြစ်သေးပေ။

သူမတွင် ထိုပစ္စည်းများကို သွားဝှက်ထားစရာ နေရာမရှိသေး၍ပင်။

အိမ်က ဝင်းထဲမှာလား… ဒါက လုံးဝ အဆင်မပြေနိုင်ဘူး…

အဘွားကြီးကျောက် : "ဒီပေါင်းမြက်တွေက... တို့တွေ ဆက်မနုတ်ကြတော့ရင် ကောင်းမလားမသိဘူးအေ။ နောက်တစ်ခေါက် လာရင် ညည်း တံစဉ်တစ်လက်ပါ တစ်ခါတည်း ယူခဲ့လိုက်"

ချန်ချင်းယွီ: "..............................."

အဘွားကြီးကျောက် : "တကယ် ပြောတာပါအေ၊ ဒီမြက်တွေက အရှည်ကြီးတွေဖြစ်နေတော့ နုတ်ရတာ တကယ့်ကို လက်ဝင်တယ်၊ ဟူး..."

သူမ ပြောရင်းဖြင့် ခြေဟန်လက်ဟန်ပြ ဟန်ချက်ပျက်သွားရာ၊ ချန်ချင်းယွီ ခပ်မြန်မြန်ပင် အရှေ့သို့ လှမ်း၍ သူမကို ဖမ်းထိန်းပေးလိုက်ရသည်။

"သတိထားဦးလေ"

အဘွားကြီးကျောက် : "တွေ့လား... ငါ ပြောသားပဲ"

ချန်ချင်းယွီ : "အမေ သွားပြီး ကလေးတွေနဲ့အတူ စက္ကူပိုက်ဆံပဲ ဝိုင်းရှို့ပေးတော့၊ ဒီမှာ ကျွန်မ ဘာသာပဲ နုတ်လိုက်မယ်၊ ကျွန်မက အားရှိတယ်"

"မဖြစ်ပါဘူးအေ၊ မိုးရွာတဲ့ရက်ဆိုတော့ မြေကြီးက ချောနေတာ၊ ငါ့ခြေထောက်တွေတောင် ချော်နေပြီဥစ္စာ။"

ချန်ချင်းယွီ: "သွားပါ... သွားပါရှင်"

သူမ တစ်ယောက်တည်း ပေါင်းမြက်များကို ဆက်လက်နုတ်ရင်း တတွတ်တွတ် ရေရွတ်နေမိကာ

"ဘာတွေ ချောနေရမှာလဲ။ အမေကတော့ တကယ့်ကို အသုံးမကျဘူး၊ ဒီမြက်ပင်လေး နည်းနည်းကိုပဲ... ကျွန်မ... ကျွန်မ... အား... အမယ်လေး..."

လူဆိုသည်မှာ တကယ့်ကို အလွန်အကျွံ ကြွေးကြော်ခြင်း မပြုသင့်ပေ။ ချန်ချင်းယွီ စကားပြော၍ပင် မဆုံးသေးခင်မှာတင် သူမကိုယ်တိုင် ခြေချော်သွားရတော့သည်။ သူမသည် ဘာကိုမှန်းမသိ ဗရမ်းဗဒါ လှမ်းဆွဲလိုက်မိသော်လည်း၊ သူမ၏ ဦးခေါင်းမှာ အဘွားဖြစ်သူ၏ ကျောက်စာတိုင်နှင့် အရှိန်ပြင်းစွာ ဆောင့်မိသွား၏။

"အား..."

သူမ နာကျင်စွာ အော်ဟစ်လိုက်မိ၏။

ချန်ချင်းယွီသည် မိမိ၏ နဖူးကို အုပ်ထားလိုက်မိပြီး ရုတ်တရက် မျက်စိရှေ့တွင် မှောင်မိုက်ကာ ခေါင်းတစ်ခုလုံး မူးဝေသွားရသည်။ ထိုစဉ် အတိတ်မှ ပုံရိပ်တစ်ခုမှာ သူမ၏ မျက်စိရှေ့၌ လျှပ်ခနဲ ဖြတ်သန်းပေါ်ပေါက်လာခဲ့၏… ထိုပုံရိပ်ထဲတွင် သူမသည် အသက် လေး၊ ငါးနှစ်အရွယ် ကျစ်ဆံမြီးနှစ်ဖက်နှင့် ကလေးငယ်လေးတစ်ဦး ဖြစ်နေပြီး၊ တံခါးဝတွင် ချောင်းမြောင်း နားထောင်နေ၏...

ထို့နောက် ပုံရိပ်မှာ ရုတ်ချည်း ပြောင်းလဲသွားသည်၊ ချန်ရိကျွင်း သူမအား ရိပ်မိသွားပုံရပြီး အပြင်သို့ ထွက်လာကာ သူမကို ဆွဲခေါ်သွားရန် ပြင်ဆင်တော့သည်။ သေးငယ်လှသော ချန်ချင်းယွီလေးသည် တံခါးဝဆီသို့ ခပ်မြန်မြန်ပင် ပြေးသွားပြီး ချန်ရိကျွင်း၏ လက်ကို အားရပါးရ ကိုက်ပစ်လိုက်သည်။

အား...

ချန်ရိကျွင်း နာကျင်လွန်းသဖြင့် လက်ကို ချက်ချင်း လွှတ်လိုက်ရပြီး၊ သူ၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်သွား၏။ သူသည် လက်ကို လှမ်း၍ သေးငယ်သော ချန်ချင်းယွီလေးအား အားပြင်းစွာ တွန်းပစ်လိုက်ရာ၊ သူမသည် လှေကားအတိုင်း လိမ့်ဆင်းသွားရတော့သည်...။ သူမ၏ ဦးခေါင်းမှာ တစ်ခုခုနှင့် ပြင်းထန်စွာ ဆောင့်မိသွားပုံရပြီး၊ ခေါင်းနောက်စေ့မှ သွေးများ တသွင်သွင် စီးကျလာ၏...

ချန်ချင်းယွီသည် နဖူးကို လက်ဖြင့် အုပ်လျက်၊ မျက်နှာတစ်ခုလုံး ဖြူဆုတ်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်မိသည်။

အဘွားကြီးကျောက် : "ဟဲ့... ဟဲ့ ဘာဖြစ်သွားလဲအေ။ ငါ သတိထားပါလို့ ပြောသားပဲဥစ္စာ၊ အဆင်ပြေရဲ့လား၊ ငါ့ကို ပြပါဦး။"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း အနားသို့ ခပ်မြန်မြန် ပြေးလာကြကာ စိုးရိမ်တကြီး မေးကြရှာသည်။

"မေမေ... မေမေ အဆင်ပြေရဲ့လားဟင်။ တအား နာနေလား"

ချန်ချင်းယွီသည် ခေါင်းကိုသာ ရမ်းပြလိုက်မိပြီး စိတ်ထဲတွင်မူ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေ၏။

သူမသည် ယောက္ခမဖြစ်သူနှင့် ရှောင်ကျား၊ ရှောင်ယွမ်တို့၏ မေးခွန်းများကို ဘာတစ်ခုမှ ပြန်လည်မဖြေကြားနိုင်ကာ၊ မျက်မှောင်ကြုတ်လျက် မြေပြင်ပေါ်တွင် ထိုင်နေရင်း၊ မိမိ၏ နဖူးကို ဖိထားပြီး ဝေဝေဝါးဝါး ဖြစ်နေသော အတိတ်မှ မှတ်ဉာဏ်များကို ပြန်လည်စုစည်းနေမိ၏။

"သမီး နာမည် ဘယ်သူလဲ။"

ကလေးငယ်လေး ခေါင်းကိုသာ ရမ်းပြနေသည်။

"သမီး စောစောက ဘာတွေကြားခဲ့လဲ မှတ်မိသေးလား။"

ကလေးငယ်လေး ခေါင်းကို ထပ်မံ ရမ်းပြပြန်သည်။

"ဒါဆို သမီး ဘယ်သူလဲဆိုတာကော... မှတ်မိလား။"

ကလေးငယ်လေး ခေါင်းကိုသာ ဆက်၍ ရမ်းပြနေသည်။

............................

ထို့နောက် အတိတ်မှ ပုံရိပ်များသည် အစီအစဉ်မရှိဘဲ ရောထွေးပေါ်ပေါက်လာပြန်၏။

သေးငယ်လှသော ချန်ချင်းယွီလေးသည် ဘာမှနားမလည်ဘဲ ကြောင်အအဖြင့် အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်နေရင်း ပြင်ပမှ လူအချို့ စကားပြောနေသံကို ကြားလိုက်ရသည်။

၎င်းမှာ ချန်ရိကျွင်းနှင့် သူ၏ ဇနီးဖြစ်သူတို့၏ စကားသံများ ဖြစ်၏။

ဝေရှု့ဖန်း : "ဒီကောင်မလေးက တကယ်ပဲ မှတ်ဉာဏ်တွေ ပျောက်သွားတာလား။"

ချန်ရိကျွင်း ခေါင်းညိတ်ပြလိုက်ရင်း

"ငါ သူမကို သေသေချာချာ စစ်မေးပြီးပြီ။ ဆရာဝန်ပြောတာတော့ သူမက ခေါင်းဆောင့်မိသွားတဲ့အပြင် အသက်ကလည်း ငယ်လွန်းသေးတော့ အရင်က အဖြစ်အပျက်တွေကို ဘာမှ မှတ်မိတော့မှာ မဟုတ်ဘူးတဲ့။ ဒါက တကယ်တော့ ပိုတောင် ကောင်းသေးတယ်၊ မဟုတ်ရင် ကျန်းမိသားစုကို ဘယ်လို ရင်ဆိုင်ရမလဲ ငါ သိမှာ မဟုတ်ဘူး။ အကယ်၍ ချန်ချင်းယွီရဲ့ အမေက တို့တွေ ခိုးစားနေကြတာကို မိသွားလို့ တွန်းချလိုက်မိရာကနေ ကလေးမွေးရခက်ပြီး၊ ငါက ဆေးကုသမှုကို တမင်တကာ ကြန့်ကြာအောင် လုပ်လို့ သေဆုံးသွားခဲ့ရတယ်ဆိုတာကိုသာ ကျန်းမိသားစု သိသွားရင်၊ သူတို့ ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်ကြမှာ မဟုတ်ဘူး"

"ဘုရားသခင်က တို့တွေကို တကယ် ကူညီပေးတာပဲနော်။"

"ဒါပေါ့... ဘာဖြစ်လို့ ဒီချမ်းသာတဲ့လူတွေပဲ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေရမှာလဲ။ အခုတော့ တို့အလှည့် ရောက်ပြီပေါ့။"

"ဒါနဲ့... ဒီမှတ်ဉာဏ်ပျောက်တဲ့ ရောဂါက အမြဲတမ်း ဖြစ်သွားမှာလားဟင်... နောက်ကျရင် သူမ ပြန်မှတ်မိလာနိုင်လား။"

ချန်ရိကျွင်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက်

"ဆရာဝန်ပြောတာတော့ ဒါက ပြောရခက်တယ်တဲ့။ ဒါပေမဲ့ ငါ စဉ်းစားထားပြီးပြီ။ သူမကို တို့လက်ထဲမှာပဲ ဆုပ်ကိုင်ထားသရွေ့ တို့ စိတ်ကြိုက် လုပ်လို့ရတာပဲ။ ဆေးရုံက ပေးလိုက်တဲ့ ဆေးတွေကို သူမကို နည်းနည်းပဲ တိုက်မယ်။ ပြီးတော့ အဲဒီ အဘိုးကြီး အဘွားကြီး နှစ်ယောက်ဆီကိုလည်း သူမကို အမြဲတမ်း ပေးမသွားစေဘူး။ ငါတို့အနားမှာပဲ ထားရမယ်၊ ပြီးတော့ ရက်အနည်းငယ်ကြာရင် သူမရဲ့ လှုပ်ရှားမှုတွေကို သိရအောင် သွားခေါ်ရမယ်။ ဒါမှသာ အဘိုးကြီး အဘွားကြီး နှစ်ယောက်ဆီကနေ ပိုက်ဆံတောင်းဖို့အတွက် သူမကို သားကောင်အဖြစ် အသုံးချလို့ရမှာ"

"အင်း... ဟုတ်ပြီ..."

ထိုလူနှစ်ဦးသည် တိုင်ပင်ဆွေးနွေးနေကြစဉ်၊ အိမ်သာထဲရှိ ကလေးငယ်လေးမှာမူ အနည်းငယ် နားမလည်နိုင်သည့် အမူအရာဖြင့် ခေါင်းလေးစောင်းလျက် နားထောင်နေမိတော့သည်...။

ထို့နောက်တွင်မူ ပုံရိပ်များသည် ထပ်မံ၍ လွှဲပြောင်းသွားပြန်၏။

ကလေးငယ်လေးသည် အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်လာခဲ့ရာ၊ ထိုနေရာတွင် အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးတစ်ဦးမှာ ပူပန်သောကရောက်လျက် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေရင်း

"ရှောင်ချင်းယွီလေးက သူမရဲ့ အတိတ်ကအကြောင်းတွေကို ဘာမှ မှတ်မိမနေတော့ဘူး၊ ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ။ သူမက ဘာမှ မမှတ်မိတော့ဘူးလေ၊ သူမက အရင်တုန်းကလို အရာရာကို နားလည်ပြီး တိုင်တန်းတတ်တဲ့သူမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို နူးညံ့တဲ့အူတူတူလေး ဖြစ်သွားတာ။ အခုဆိုရင် သူမ သေချာပေါက် အနိုင်ကျင့်ခံရတော့မှာပဲ။ သူမကို ချန်မိသားစုမှာ ဆက်ပြီး နေစေလို့ မဖြစ်ဘူး"

အဘိုးအိုနှင့် အဘွားအိုတို့မှာလည်း မျက်မှောင်ကြုတ်လျက်

"ချန်ရိကျွင်းက သူမရဲ့သွေးသားရင်း ဖခင်အရင်း ဖြစ်နေသေးတာပဲဥစ္စာ။ တို့တွေ သူမကို ဘယ်လိုပဲ ခေါ်ထုတ်ဖို့ ကြိုးစားကြပါစေ၊ သူကတော့ လွှတ်မှာ မဟုတ်ဘူး။ တို့မိသားစုရဲ့ လူတန်းစားနောက်ခံကလည်း မကောင်းတော့၊ သူမကို တရားဝင် ခေါ်ထုတ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တို့တွေ သူမကိုပဲ သေသေချာချာ စောင့်ကြည့်နေလို့ရမယ်။ အဆင်မပြေရင်တော့ ပိုက်ဆံပဲ သုံးရတော့မှာပေါ့။ ချန်ရိကျွင်းက လောဘကြီးတဲ့လူဆိုတော့ ပိုက်ဆံအတွက်ဆိုရင် ငါတို့တွေဘက်က အသာစီးရနိုင်ပါသေးတယ်"

"ဒီကောင်စုတ်ကတော့ကွာ..."

လူငယ်လေး ဟိုဟိုဒီဒီ လျှောက်ရင်း

"ရှောင်ချင်းယွီလေးက အရင်တုန်းက လူမမယ်အရွယ်နဲ့တင် အရာရာကို သိမြင်တတ်တဲ့ ပင်ကိုယ်ဉာဏ်ထူး ရှိခဲ့တာမို့လို့ ကျွန်တော် ဘာမှ စိုးရိမ်မနေခဲ့တာ၊ ဒါပေမဲ့ အခုတော့ တကယ်ကြီး စိုးရိမ်မိပြီ။ သူမက တခြား ကလေးတွေလိုပဲ ဖြစ်သွားပြီဥစ္စာ..."

"တော်တော့... ဆက်မပြောနဲ့တော့။ အတိတ်ဘဝက အကြောင်းအရာတွေကို မမှတ်မိတော့တာကပဲ သူမအတွက် ကောင်းတဲ့အချက် ဖြစ်နိုင်ပါတယ်"

အဘိုးအို ဆိုလိုက်သည်။

"ဘာကောင်းတာလဲဗျာ။ ကျွန်တော် ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းတွေက နောက်ကျရင် ဒုက္ခပေးလိမ့်မယ်လို့ ရှောင်ချင်းယွီလေးကိုယ်တိုင် ပြောခဲ့ပြီး ဟောင်ကောင်ကို သွားဖို့ တိုက်တွန်းခဲ့တာပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ သူမကိုပါ တစ်ခါတည်း ခေါ်သွားကြရင်ကော။ ဒါဆိုရင် ချန်ရိကျွင်းရဲ့ လက်ထဲကနေ ရုန်းထွက်နိုင်ပြီး စိတ်အေးရတာပေါ့"

လူငယ်လေး ပျာပျာသလဲ ပြောဆိုလေ၏။

ယဉ်ကျေးသိမ်မွေ့သော သက်လတ်ပိုင်းအမျိုးသားမှာ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ ခေါင်းကို ရမ်းလိုက်ပြီး

"တို့တွေက ဘာအမှားမှ မလုပ်ထားတာပဲ။ ဒီအတိုင်း ထွက်ပြေးသွားကြမယ်ဆိုရင် လူတွေက တို့တွေကို ထွက်ပြေးတိမ်းရှောင်သူတွေလို့ပဲ ထင်ကြလိမ့်မယ်။ တို့တွေက ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ပေမဲ့၊ မင်းတို့ရဲ့ နာမည်ဂုဏ်သတင်းတွေကျတော့ကော... ဒါတင်မကသေးဘူး၊ ငါတို့တွေ ငါတို့ရဲ့ ဇာတိမြေကို ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ အခြေအနေက အဲဒီလောက်အထိတော့ ဆိုးရွားလာမှာ မဟုတ်ပါဘူး... တို့မိသားစုမှာ စည်းစိမ်ဥစ္စာ အနည်းငယ် ရှိတယ်ဆိုပေမဲ့၊ ငါတို့က သာမန်စာပေသမားတွေပဲဥစ္စာ။ အခြေအနေတွေ အဲဒီလောက်အထိ မဆိုးနိုင်ပါဘူး..."

"ဒါပေမဲ့..."

"အဆင်ပြေမှာပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တို့တွေ စီးပွါးရေးပျက်ဟန်ပေါ်အောင် တော်တော်များများ လုပ်ခဲ့ကြပြီးပြီ၊ အခုဆိုရင် လူသိလည်း မထင်ရှားတော့ဘူး။ တို့တွေ ဆက်ပြီး လုပ်ကိုင်သွားလို့ရပါတယ်၊ ဓနရှင် လူတန်းစားမျိုး မဟုတ်နေသရွေ့တော့ အဆင်ပြေမှာပါ"

"ဒါပေမဲ့..."

"ကဲပါ... အဆင်ပြေသွားမှာပါ"

ရှောင်ချင်းယွီသည် ကုတင်ပေါ်တွင် မျက်လုံးများ မှိတ်လျက် လှဲလျော်နေသော်လည်း အိပ်ပျော်နေခြင်း မဟုတ်ချေ။ မိန်းကလေးငယ်လေးမှာမူ ကြောင်အအ ဖြစ်နေဆဲပင်။

ချန်ချင်းယွီသည် ခေါင်းကို ဖိထားမိရာ၊ မျက်နှာတစ်ခုလုံးတွင် ချွေးစေးများ တသွင်သွင် စီးကျလာ၏။

အဘွားကြီးကျောက် : "ဘာလို့ ဒီလောက်တောင် နာနေရတာလဲအေ။ ညည်း ဘယ်လိုများ ဆောင့်မိလိုက်တာလဲ၊ မခံမရပ်နိုင် ဖြစ်နေပြီလား။ အကယ်၍ မခံနိုင်ရင် ငါ ညည်းကို ကျောပိုးပြီး တောင်အောက်ဆင်းမယ်၊ ပြီးရင် ဆေးရုံသွားကြတာပေါ့။ ညည်း ထိခိုက်လို့ မဖြစ်ဘူးနော်။ ငါ့ကို လာပြီး မခြောက်ပါနဲ့..."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း အလွန်ပင် စိုးရိမ်ပူပန်လျက် ဝိုင်းပြောကြလေသည်။

ချန်ချင်းယွီသည် စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိနေပြီး အတိတ်မှ မှတ်ဉာဏ်များစွာမှာ ရေလွှာပမာ တငြိမ့်ငြိမ့် စီးဆင်းဝင်ရောက်လာတော့သည်။

အတန်ကြာမှ သူမသည် ဖြူဖျော့သော မျက်နှာဖြင့် မော့ကြည့်လိုက်ပြီး

"ကျွန်မ အဆင်ပြေပါတယ်၊ မနာတော့ပါဘူး"

"ညည်းက ငါတို့ကို လာလိမ်နေပြန်ပြီ၊ လာပြီး ဟန်ဆောင်မနေနဲ့။ ညည်းမျက်နှာက ဒီလောက်အထိ ဖြူဆုတ်နေတာကို အဆင်ပြေတယ်လို့ ပြောနေသေးတယ်။ ငါ့ပုခုံးပေါ်ကို ခဏလောက် မှီထားလိုက်ဦး၊ ခေါင်းမူးနေသေးလားလို့။ ဦးခေါင်း ထိခိုက်တာက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ တို့တွေ ခဏနေရင် တောင်အောက်ဆင်းကြမယ်။"

အဘွားကြီးကျောက်သည် အရေးကြုံလာသည့်အခါတွင်မူ ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိပေသည်။

ချန်ချင်းယွီ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

သူမသည် မိမိအား အစိုးရိမ်ကြီး စိုးရိမ်နေကြသော လူသုံးဦးကို လှမ်းကြည့်ကာ မောပန်းနွမ်းနယ်စွာ ပြုံးပြလိုက်ပြီး

"ကျွန်မ တကယ် မနာတော့ပါဘူး။ ကြည့်လိုက်ဦး... ကျွန်မ တကယ် အဆင်ပြေသွားပါပြီ"

သူမ နဖူးပေါ်မှ လက်ကို ဖယ်လိုက်ရာ၊ သူမ၏ နဖူးပြင်မှာ အနည်းငယ် နီမြန်းနေပြီး ပွန်းပဲ့ရာ အနည်းငယ် ရှိနေသည်မှအပ၊ ကြည့်ရသည်မှာ တကယ်ပင် ပြင်းထန်ဆိုးရွားခြင်း မရှိပေ။

ချန်ချင်းယွီ : "ကျွန်မ ငယ်ငယ်တုန်းက အကြောင်းအရာအချို့ကို ရုတ်တရက် ပြန်မှတ်မိသွားလို့ ခေါင်းနည်းနည်း မူးသွားတာပါ"

"ဒါဆိုရင်လည်း ငါ့ကို ခဏလောက် မှီထားလိုက်ဦး။ မိုးရွာလို့ မြေကြီး ချောနေပါတယ်ဆိုတာကို ညည်းက ဇွတ်အတင်း သတ္တိကောင်းပြနေသေးတယ်။ တွေ့လား... အခုတော့ ဒုက္ခရောက်ပြီ မဟုတ်လား။ ငါ့ကို ခဏလောက် မှီထားလိုက်"

ချန်ချင်းယွီ: "ဟုတ်ကဲ့ပါ"

သူမသည် အဘွားကြီးကျောက်ကို ခေတ္တမျှ မှီထားလိုက်ရာ၊ နောက်ဆုံးတွင် ခေါင်းမူးခြင်း လျော့ပါးသွားပြီး စောစောပိုင်းကဲ့သို့ ပျို့အန်ချင်စိတ်မျိုးလည်း မရှိတော့ချေ။ သူမ အတန်ငယ် ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်သည်။

သူမ စကားတစ်ခွန်းမျှ မဆိုဘဲ၊ မိမိ ရရှိခဲ့သော အတိတ်မှတ်ဉာဏ်များကိုသာ စိတ်ထဲတွင် ပြန်လည်သုံးသပ်နေမိ၏။ စင်စစ်အားဖြင့် သူမသည် ငယ်စဉ်ကလေးဘဝ၌ မှတ်ဉာဏ်တစ်ကြိမ် ပျောက်ဆုံးခဲ့ဖူးခြင်း ဖြစ်ပေသည်။

ချန်ချင်းယွီသည် အရူးတစ်ယောက် မဟုတ်ပေ၊ ဤမျှအထိ ရှင်းလင်းလှသော မှတ်ဉာဏ်များကို ရရှိပြီးနောက်တွင်မူ သူမ ချက်ချင်းပင် သဘောပေါက်သွား၏။

သေချာတာပေါ့...

သူမသည် မူလအစကတည်းက တကယ့် ချန်ချင်းယွီ အစစ်အမှန် ဖြစ်သည်။ လွန်ခဲ့သည့် ခြောက်နှစ်ခန့်၌ သူမ သောက်ခဲ့သော ကြွက်သတ်ဆေးမှာ သူမအား မှတ်ဉာဏ်ပျောက်ဆုံးစေခဲ့ခြင်း မဟုတ်ဘဲ၊ သူမကို ပြန်လည်နိုးထစေခဲ့ကာ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်ရရှိစေခဲ့၏။

အဘိုးဖြစ်သူ၏ စကားအရဆိုလျှင်၊ သူမသည် မွေးကတည်းကပင် အတိတ်ဘဝမှ မှတ်ဉာဏ်များကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ၏ အဘိုးနှင့်အဘွားတို့၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများမှာ သူမ၏ သတိပေးချက်များကြောင့် ဖြစ်ပြီး၊ ရှေ့ဆက်ဖြစ်လာမည့် အရာများကို ကြိုတင်သိရှိထားကြသဖြင့် စီမံမှုများစွာကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။ သို့သော်လည်း နောက်ပိုင်းတွင် သူမသည် တံခါးဝ၌ ချောင်းမြောင်းနားထောင်ရင်း ဒဏ်ရာရရှိကာ လှေကားပေါ်မှ လိမ့်ကျခဲ့သဖြင့်၊ ထိုအဖြစ်အပျက်ကြောင့် မှတ်ဉာဏ်များ ပျောက်ဆုံးသွားရကာ သာမန်ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူမ၏ မိခင်ဘက်မှ ဘိုးဘွားများမှာမူ အခြေအနေကို အကောင်းမြင်လွန်းခဲ့ကြသဖြင့်၊ နောက်ပိုင်းတွင် ထိုကဲ့သို့သော အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ကြရခြင်း ဖြစ်၏။

သူတို့၏ ကြိုတင်ပြင်ဆင်မှုများမှာ သူမ၏ စကားများကို ရင်ထဲ၌ အလေးအနက် ထားခဲ့ကြသောကြောင့် ဖြစ်ပေသည်။

ချန်ချင်းယွီ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုနှင့် နောင်တတရားတို့ကို အတိုင်းထက်အလွန် ခံစားလိုက်ရသည်၊ အကယ်၍သာ ထိုစဉ်၌ အဘိုးနှင့်အဘွားတို့သည် သူမနှင့် ဦးလေးဖြစ်သူကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့ကြပါမူ၊ သူတို့ ဤမျှအထိ စောစောစီးစီး ကွယ်လွန်သွားကြလိမ့်မည် မဟုတ်ပေ။

သူမ မျက်လွှာချလိုက်မိပြီး အကြီးအကျယ် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။

သို့သော်လည်း မကြာမီမှာပင်၊ ချန်ချင်းယွီ၏ တိုက်ပွဲဝင်လိုစိတ်များမှာ ပြန်လည်တောက်လောင်လာခဲ့ပြန်သည်။

သူမ၏ မိခင် ကွယ်လွန်သွားခဲ့ရခြင်းမှာ အမှတ်မထင် ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ပေ။

မိခင်ဖြစ်သူသည် ကလေးမွေးရခက်၍ ဆုံးပါးသွားခဲ့ရခြင်း ဖြစ်သည်ဟု သူမ ယခင်က ထင်မှတ်ထားခဲ့သော်လည်း၊ စင်စစ်အားဖြင့်မူ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့၏ ဖောက်ပြန်မှုကို လူကိုယ်တိုင် မိသွားခဲ့ခြင်းကြောင့် စိတ်ထိခိုက်ကာ ကလေးမွေးရခက်ခဲခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် ချန်ရိကျွင်းသည် ဆေးကုသမှုကိုလည်း တမင်တကာ ကြန့်ကြာအောင် လုပ်ခဲ့သေး၏။

သောက်ကောင်မသား ယုတ်မာလိုက်လေခြင်း...

ချန်ချင်းယွီ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော ဒေါသမီးလျှံများ တောက်လောင်လာတော့သည်။

သူမသည် မူလ၌ ချန်ရိကျွင်းကို လျစ်လျူရှုထားရန်သာ ရည်ရွယ်ထားခဲ့သော်လည်း၊ ဤကဲ့သို့သော အလှည့်အပြောင်းမျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ချန်ချင်းယွီသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

"ဘာဖြစ်လို့လဲအေ"

အဘွားကြီးကျောက် စိုးရိမ်တကြီးဖြင့်

"ညည်း တကယ်ပဲ အဆင်ပြေရဲ့လား"

ချန်ချင်းယွီ ခေါင်းကိုသာ ရမ်းပြလိုက်သည်။

အဘွားကြီးကျောက်သည် အလွန်ပင် စိုးရိမ်ပူပန်နေမိသည်။ သူမပြတ်သားသော လေသံဖြင့်

“တို့တွေ စက္ကူပိုက်ဆံတွေ အကုန်ရှို့လို့ တောင်အောက်ဆင်းရင်၊ ငါ ညည်းကို ကျောပိုးသွားမယ်။ ညည်းက တကယ့်ကို အထိအခိုက်မခံတဲ့သူဥစ္စာ။ အပြင်ပန်းကြည့်ရတာ ဘာမှမဖြစ်သလိုနဲ့ တစ်ခုခုနဲ့ ဆောင့်မိသွားတာက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ ညည်းအဘွားကလည်း ဘယ်လိုလုပ်ပြီး ညည်းကို သေသေချာချာ မကာကွယ်ပေးနိုင်ရတာလဲ၊ ညည်းကို ဒီလိုမျိုး လာပြီး ဆောင့်မိစေတယ်လို့"

ချန်ချင်းယွီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ခပ်တိုးတိုးဖြင့်

“ဒါက... အဘွားက ကျွန်မကို ကာကွယ်ပေးလိုက်လို့ပဲ ကျွန်မ တစ်ခုခုကို ပြန်မှတ်မိသွားတာ ဖြစ်လိမ့်မယ်"

အကယ်၍ သူမသာ အမှတ်မထင် မဆောင့်မိခဲ့ပါက၊ ဤအရာများကို ဘယ်တော့မှ ပြန်လည်မှတ်မိနိုင်တော့မည် မဟုတ်ပေ။

သို့သော် ယခုမူ သူမ အကုန်လုံးကို အတိုင်းသား သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

စင်စစ်အားဖြင့် အကြောင်းရင်း အမှန်မှာ ဤသို့တည်း။

အဘွားကြီးကျောက်မှာမူ နားမလည်နိုင်ဘဲ

"ညည်း ဘာတွေ ပြောနေတာလဲအေ။ တကယ့်ကို ထူးဆန်းတာပဲ။ ဘယ်လိုဖြစ်လို့ ကာကွယ်ပေးတာ ဖြစ်သွားရတာလဲ"

ထို့နောက်တွင်မူ

"ညည်း တကယ် အဆင်ပြေရဲ့လား။ ညည်းမျက်နှာ ကြည့်ရတာ တော်တော်လေး ဆိုးနေတယ်"

ချန်ချင်းယွီ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ကလေးနှစ်ယောက်အား စက္ကူပိုက်ဆံများကို ဆက်လက်မီးရှို့စေလိုက်သည်။ သူမ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ အဘွားကြီးကျောက်၏ အနားသို့ တိုးကာ ခပ်တိုးတိုးဖြင့်

"ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ ကျွန်မ ငယ်ငယ်တုန်းက အဖြစ်အပျက်အချို့ကို ရုတ်တရက် ပြန်မှတ်မိသွားလို့ပါ"

အဘွားကြီးကျောက်: "ဟင်..."

ဗုဒ္ဓေါ ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လို့လဲ…

ချန်ချင်းယွီ ခပ်တိုးတိုးဖြင့်

"ကျွန်မအမေ မဆုံးခင်ကတည်းက၊ ချန်ရိကျွင်းက ဝေရှု့ဖန်းနဲ့ ဖောက်ပြန်နေခဲ့တာအေ"

"အလိုလေး..."

အဘွားကြီးကျောက် : "အမလေး... အဲဒီလူတွေမှာ အရှက်အကြောက်ဆိုတာ လုံးဝ မရှိကြဘူးလားအေ။ တကယ့်ကို တိရစ္ဆာန်ထက် ဆိုးတဲ့လူတွေပဲ..."

ချန်ချင်းယွီ : "ကျွန်မ ဆောင့်မိသွားပြီးတဲ့နောက် ဒါကို ရုတ်တရက် သတိရလာတာ။ ကျွန်မအမေ ကလေးမွေးရခက်တာက သူတို့နှစ်ယောက် ကုတင်ပေါ်မှာ အတူတူရှိနေတာကို လူကိုယ်တိုင် မိသွားခဲ့လို့ပဲ။ ကျွန်မ အမှန်တရားကို သိသွားပြီးတဲ့နောက်မှာတော့၊ ကျွန်မအဖေက ကျွန်မကို လှေကားပေါ်ကနေ တွန်းချခဲ့တာ"

အဘွားကြီးကျောက်သည် သူမအား မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်ရင်း တုန်တုန်ရီရီဖြင့် ထစ်ထစ်အအ မေးရှာသည်။

"သူ... သူ... သူက ညည်းကို တွန်းချခဲ့တာ ဟုတ်လား"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။

"ကျားရဲတောင်မှ ကိုယ့်သားသမီးကို ပြန်မစားပါဘူးအေ။"

အဘွားကြီးကျောက် တကယ် မယုံကြည်နိုင်ဖြစ်မိ၏။ သူတို့ ဝင်းထဲရှိ သားသမီးကို ခွဲခြားဆက်ဆံတတ်သော အစ်မကြီးဖန်ပင်

ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဝံ့လိမ့်မည် မဟုတ်ပေ။

ကျောက်ရုံသည် ယွမ်ရှောင်ချွေအပေါ် ရက်စက်လှသည် ဆိုသော်ငြား၊ သူမမှာ မိထွေးတစ်ယောက် မဟုတ်လော့။

ဒါပေမဲ့ ဖခင်အရင်းက တကယ်ကြီး ဒါမျိုး လုပ်ရက်တယ်ပေါ့…

ချန်ချင်းယွီ : "သူကိုယ်တိုင် လုပ်ခဲ့တာ”

သူမသည် အဘွားကြီးကျောက်ကို ပြောပြရခြင်းမှာ နောက်ပိုင်းကိစ္စရပ်များစွာတွင် အဘွားကြီးကျောက်၏ ပူးပေါင်းပါဝင်မှုကို လိုအပ်သောကြောင့် ဖြစ်သည်၊ မဟုတ်လျှင်မူ သူမ မည်သည့်အရာကိုမျှ ဖွင့်ဟပြောဆိုလိမ့်မည် မဟုတ်ပေ။

ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရင်း

"ကျွန်မ သူ့ကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"

အဘွားကြီးကျောက်သည် ကလေးများ ကြားသွားမည်ကို စိုးရိမ်သဖြင့် ချန်ချင်းယွီကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး ခပ်တိုးတိုးဖြင့်

"ညည်း ဘာလုပ်ချင်လို့လဲအေ။ ချွေးမ... ငါအနေနဲ့ ညည်းက သူ့ကို မတုံ့ပြန်စေချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညည်းကိုယ်တိုင် ဒုက္ခရောက်မယ့်အထဲ သွားပြီး မပါဝင်ပါနဲ့။ ငါတို့အိမ်မှာ ကလေးတွေ ရှိသေးတယ်လေ၊ ညည်း ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို ငဲ့ရမယ်။ ပြီးတော့ ညည်းကိုယ်တိုင်လည်း... ညည်းရဲ့ အဘိုး၊ အဘွား၊ အမေ၊ ဦးလေးနဲ့ ကျန့်ဝမ်တို့က ညည်းကို ဒီလောက်အထိ ချစ်ကြတာ၊ သူတို့ ညည်းကို တစ်ခုခု ဖြစ်သွားမှာကို သေချာပေါက် အလိုရှိကြမှာ မဟုတ်ဘူး။ ဥပဒေမဲ့တဲ့အလုပ်တွေကိုတော့ သွားမလုပ်နဲ့နော်။ ငါတို့တွေ လက်စားချေလို့ရပါတယ်၊ ဒါပေမဲ့ ငါတို့ကိုယ်တိုင် ဒုက္ခရောက်မယ့်အထဲတော့ လုံးဝ သွားမပါဝင်ရဘူး။ ညည်း စိတ်ထဲမှာ ဘာအကြံ ရှိလဲဆိုတာ ငါ့ကို ပြောပြ၊ ငါ ညည်းအတွက် သေချာပေါက် လုပ်ပေးမယ်... ငါပဲ အထဲဝင်ရင် ဝင်ရပါစေ..."

"ညည်းကတော့ အထဲဝင်လို့ မဖြစ်ဘူး၊ ညည်း အသက်အန္တရာယ် ဖြစ်လို့ မဖြစ်ဘူး။ တို့မိသားစုတစ်ခုလုံးက ညည်းအပေါ်မှာ မှီခိုနေရတာဥစ္စာ။ ကလေးတွေကလည်း ညည်းကို အားကိုးနေရတာ"

အဘွားကြီးကျောက်သည် ဤကဲ့သို့ ရင်ဖွင့်စကားမျိုးကို ပြောခဲလှပေသည်။

"ငါ ညည်းကို အရမ်း သနားလို့တင် မဟုတ်ဘူး၊ ငါ့ရဲ့ မြေးလေးတွေကိုလည်း သနားလို့ပါ။ ဒါက ကျန့်ဝမ်ကို ကောင်းကောင်းမွန်မွန် နားမနေစေနိုင်ဘူး ဖြစ်လိမ့်မယ်။ သူ ညည်းကို ဒီလောက်အထိ ချစ်ခဲ့တာ၊ ငါ ညည်းကို တကယ်ကြီး တစ်ခုခု ဖြစ်သွားအောင် ခွင့်မပြုနိုင်ဘူး။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ ငါ ကိုင်တွယ်ပါ့မယ်။ ငါက အသက်ကြီးပြီပဲ၊ သူတို့ကို ရင်ဆိုင်ဖို့ အဆင်ပြေပါတယ်၊ ငါ ရှုံးမှာ မဟုတ်ဘူး။ ညည်း သိလား... ဒီနှလုံးသားမရှိတဲ့ လူယုတ်မာတွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အောက်တန်းကျရတာလဲ။ ငါ တကယ်ပဲ... သောက်ကောင်တွေ၊ ဘယ်လိုဖြစ်လို့ ဒီယောက်ျားတွေက ဒီလောက်အထိ ရက်စက်ပြီး တိရစ္ဆာန်ဆန်ရတာလဲ"

အဘွားကြီးကျောက်သည် ပြောရင်းပြောရင်းဖြင့် ပိုမို၍ ဒေါသထွက်လာတော့သည်။

ချန်ချင်းယွီမှာ သူမထက်ပင် ပို၍ ဒေါသထွက်နေသော်လည်း၊ အလွန်အမင်း ဒေါသထွက်နေခြင်းကြောင့်ပင် ကြိုးစား၍ တည်ငြိမ်အောင် ထိန်းထားရ၏။

သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ

"စိတ်ချပါ၊ ကျွန်မကိုယ်တိုင် ဒုက္ခရောက်မယ့် အလုပ်မျိုးကို သေချာပေါက် မလုပ်ပါဘူး၊ ဒါပေမဲ့ သူတို့ကိုလည်း ဒီအတိုင်း သက်သာရာရသွားစေမှာ မဟုတ်ဘူး။ သူတို့ဆီမှာ မကောင်းတဲ့ အားနည်းချက်တစ်ခုခု ရှိမနေဘူးဆိုတာ ကျွန်မ လုံးဝ မယုံဘူး"

ချန်ချင်းယွီ မခိုးမခန့် ပြုံးလိုက်ရင်း

"သူတို့ဆီမှာ အားနည်းချက် မရှိရင်တောင်မှ၊ ကျွန်မ သူတို့ကို ရွံရှာ စိတ်ပျက်ပြီး သေသွားအောင် လုပ်ပစ်မယ်"

အဘွားကြီးကျောက်လည်း ထောက်ခံကာ

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ တို့တွေ ဥပဒေမဲ့တဲ့အလုပ်တွေကို မလုပ်လို့ရတာပဲ၊ ကျန်တာတွေကိုတော့ အကုန်လုပ်လို့ရတယ်။ သူများကို ရွံရှာစိတ်ပျက်အောင် လုပ်တဲ့နေရာမှာတော့ ငါက အတော်ဆုံးပဲအေ။ ငါ့ဆီမှာ နည်းလမ်းပေါင်း တစ်ရာ့ရှစ်သွယ် ရှိတယ်။ ငါ နည်းလမ်းကောင်းတစ်ခုခု စဉ်းစားလိုက်ဦးမယ်၊ တို့တွေ သူတို့ကို သေချာပေါက် ဆင်းရဲဒုက္ခရောက်အောင် လုပ်ရမယ်၊ ဘာတစ်ခုမှ လွယ်လွယ်နဲ့ မလွှတ်ပေးဘူး"

ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

အဘွားကြီးကျောက် : "ညည်း စောင့်ကြည့်ရုံသာ စောင့်ကြည့်နေလိုက်"

ထို့နောက် ဆက်လက်၍

"တချို့အချိန်တွေမှာတော့ ကံကြမ္မာဆိုတာကို တကယ်ပဲ မယုံလို့ မရဘူးနော်။ ညည်း နှစ်ပေါင်းများစွာကြာအောင် မမှတ်မိခဲ့တာကို၊ ချင်းမင်ပွဲတော်မှာ ဂူကို လာကန်တော့ရင်း ဆောင့်မိလို့ အကုန်လုံး ပြန်မှတ်မိသွားတာလေ။ ဘုရားသခင်တောင်မှ မကြည့်ရက်တော့လို့ ဖြစ်လိမ့်မယ်။ ဒါက တကယ့်ကို ကံကြမ္မာပဲအေ"

ချန်ချင်းယွီ ဘာမှ ပြန်မပြောခဲ့ပေ။

အဘွားကြီးကျောက် : "စိတ်မပူပါနဲ့၊ ငါ ညည်းဘက်က ရှိနေပေးမယ်"

သူမသည် တည်ကြည်ပြတ်သားသော လေသံဖြင့်

"ငါ သူတို့ကို လူတကာက ရွံရှာစိတ်ပျက်ပြီး သေသွားအောင် လုပ်ပစ်မယ်"

All Chapters