← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆) လက်စားချေခြင်း ၁

ချန်ချင်းယွီသည် ဦးခေါင်း ဆောင့်မိသွားသော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေ။

တိုက်ဆိုင်လှစွာပင် သူမသည် အတိတ်မှ အကြောင်းအရာများစွာကို ရုတ်တရက် ပြန်လည်သတိရလာခဲ့သည်။

တစ်ခါတစ်ရံတွင် အရာရာသည် ကံကြမ္မာ၏ ဖန်တီးမှုအတိုင်း ဖြစ်နေတတ်၏။ သူမ ငယ်စဉ်၌ မှတ်ဉာဏ်ပျောက်ဆုံးခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကာ၊ ယခုဆိုလျှင် အနှစ်နှစ်ဆယ်ကျော် ရှိနေပြီး တိုက်တိုက်ဆိုင်ဆိုင် ယခုအချိန်မှ ပြန်မှတ်မိလာရသည်။ ခပ်ဖွဖွလေး ဆောင့်မိသွားရုံမျှဖြင့်... ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာတစ်ခုလိုပင်။

ချန်ချင်းယွီမှာ သူမ၏ အဘိုးနှင့် အဘွားတို့၏ အပြုအမူများတွင် တစ်ခုခု လွဲချော်နေသည်ဟု အမြဲတမ်း ခံစားခဲ့ရပြီး၊ ယခု၌ သူမ နားလည်သွားပြီဖြစ်၏။ သူတို့သည် "အနာဂတ်" ကို အမှန်တကယ် သိနေခဲ့ကြသောကြောင့် ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူမမှာ သူတို့ကို လွန်ခဲ့သောအချိန်ကတည်းက အကြောင်းအရာအချို့ကို ပြောပြခဲ့ဖူးသဖြင့်၊ သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာလည်း သဘာဝကျလှပေသည်။

ကံမကောင်းစွာဖြင့်၊ သူတို့၏ ကြိုတင်ပြင်ဆင်မှုများက မလုံလောက်ခဲ့ပေ……

ထိုလူယုတ်မာ ချန်ရိကျွင်းနှင့် ပတ်သက်၍မူ ချန်ချင်းယွီ ဘာလုပ်ရမည်ကို စဉ်းစား၍ မရသေးပေ။

သူမ ရင်တွင်း၌ မီးတောက်တစ်ခု တောက်လောင်နေပြီး ချန်ရိကျွင်းကို သင်ခန်းစာပေးချင်သော ဆန္ဒများ ပြင်းပြနေသည်။ သို့သော်လည်း ငြိမ်းချမ်းသောခေတ်တွင် ကြီးပြင်းလာသူပီပီ၊ သူမအနေဖြင့် ထိုလူအား လူတကာ ရွံရှာဖွယ်ကောင်းအောင် လုပ်ပစ်နိုင်စွမ်းရှိပြီး သူမ၏ဒေါသကို ဖြေဖျောက်ရန် သူ့ကို ထိုးကြိတ်ရိုက်နှက်ပစ်နိုင်၏။

သို့သော် တကယ်တမ်းပြင်းပြင်းထန်ထန် လက်စားချေဖို့အတွက်မူ ချန်ချင်းယွီ တကယ်ကို မလုပ်ရက်နိုင်ခဲ့ပေ။

ချန်ရိကျွင်းအပေါ် သံယောဇဉ်ရှိ၍ စိတ်ပျော့သွားခြင်း မဟုတ်ဘဲ၊ ဤအရာသည် ဥပဒေနှင့် မလွတ်ကင်းသောကြောင့် ချန်ချင်းယွီ အမှန်တကယ် မလုပ်ရက်ခြင်း ဖြစ်သည်။

ချန်ချင်းယွီမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့၏။

သူ့ကို ထောင်ချဖို့တောင် သူမ မတတ်နိုင်ဘူးလေ……

အကြောင်းမှာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ချန်ရိကျွင်းတစ်ယောက် သူ၏ဇနီးကို ကလေးမွေးရခက်စေရန် လုပ်ခဲ့ကာ တမင်သက်သက် အချိန်ဆွဲခဲ့သည်ဆိုသည့် ကိစ္စကို ထပ်မံစုံစမ်းဖော်ထုတ်ရန် လမ်းစမရှိတော့ပေ၊ သက်သေအထောက်အထားလည်း မရှိတော့ချေ။ ကလေးမွေးဖွားခြင်းဆိုသည်မှာ ဖြေရှင်းရန် ခက်ခဲသော ရှုပ်ထွေးသည့် ကိစ္စတစ်ခု ဖြစ်နေသောကြောင့်တည်း။

ချန်ချင်းယွီ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ အဘွားကြီးကျောက် သူမကို သတိထား၍ အကဲခတ်လိုက်ပြီး၊

"ညည်း အဆင်ပြေရဲ့လား"

ချန်ချင်းယွီ ပြန်ဖြေကာ

"ကျွန်မ အဆင်ပြေပါတယ်၊ ဒါပေမဲ့ စိတ်တော့ သိပ်မကြည်ဘူး။"

အဘွားကြီးကျောက် အကြံပြု၏။

"သူ့ကိုပါ အိမ်သာကျင်းထဲ ပစ်ချပြီး အရှက်ခွဲပစ်လိုက်ရင် မကောင်းဘူးလားအေ။"

ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး၊

"သူ့ကို ဒီလောက် လွယ်လွယ်လေးနဲ့တော့ အလွတ်မပေးနိုင်ဘူး။"

အဘွားကြီးကျောက်မှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူမ တတွတ်တွတ် ရေရွတ်လိုက်ကာ

"ဘယ်လိုလူကများ ဒီလိုလုပ်ရက်ရတာလဲ။"

သူတို့အုပ်စုသည် တောင်အောက်သို့ ပြန်၍ ဆင်းသက်နေကြပြီဖြစ်၏။ တိမ်ထူသောနေ့ဖြစ်ပြီး တောင်ပေါ်တွင် အချိန်အတော်ကြာ နေခဲ့ကြသဖြင့် အတော်လေး မှောင်ရိပ်သမ်းနေလေပြီ…..

အဘွားကြီးကျောက် : "မှောင်လာပြီ၊ အားလုံး သတိထားလျှောက်ကြနော်၊ လမ်းက ချောတယ်၊ ချော်မကျစေနဲ့"

"ဟုတ်ကဲ့ပါ"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ လိမ္မာယဉ်ကျေးစွာ ပြန်တုံ့ပြန်ကြသည်။ မိခင်ဖြစ်သူ၏ စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ၊ ပြဿနာရင်းမြစ်ကို မသိကြသော်လည်း သူတို့တတ်စွမ်းသခေါက် နှစ်သိမ့်ကြရှာ၏။

"မေမေ၊ ဝမ်းနည်းမနေပါနဲ့၊ သားတို့ နောက်နေ့ ပြန်လာလို့ ရပါတယ်"

ချန်ချင်းယွီ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး၊

"မေမေ ဝမ်းနည်းနေတာ မဟုတ်ပါဘူး၊ မေမေ့စိတ်ကို ပြန်ထိန်းလိုက်ပါ့မယ်၊ လမ်းကို သေချာကြည့်

လျှောက်ကြနော်"

တောင်တက်ရသည်မှာ လွယ်ကူသော်လည်း တောင်ဆင်းရသည်မှာ ခက်ခဲလှသည်၊ အထူးသဖြင့် ယနေ့ကဲ့သို့ နေ့မျိုးတွင် လမ်းများမှာ အလွန်ချောနေပေသည်။

ချန်ချင်းယွီ : "ဖြည်းဖြည်းလျှောက်ကြ၊ မလောနဲ့၊ မှောင်သွားလည်း ကိစ္စမရှိဘူး။"

"ဟုတ်ကဲ့။"

ချန်ချင်းယွီသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ အလွန်အမင်း ဒေါသထွက်ခဲ့ရသော်လည်း၊ ချန်ချင်းယွီသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်ဆဲဖြစ်၏။

ဘာပဲဖြစ်ဖြစ် အတိတ်ဘဝတုန်းကလည်း သူမက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့တာပဲ မဟုတ်လား…

သူမသာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပါက၊ အခြားသူများက သူမကို လာရောက်နှစ်သိမ့်ပေးရန် မည်သို့မျှော်လင့်နိုင်မည်နည်း။

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင်ထားပြီး စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးလိုက်၏။

တစ်ညတည်းနဲ့တော့ လူဝကြီး ဖြစ်မလာနိုင်ပါဘူးလေ…

ချန်ရိကျွင်းကို နှိမ်နင်းချင်လျှင်ပင်၊ ယနေ့ သို့မဟုတ် မနက်ဖြန် ချက်ချင်း လုပ်နိုင်မည့် ကိစ္စမျိုး မဟုတ်ပေ။ သူမ အမြဲတမ်းအတွက် အစီအစဉ်ကောင်းတစ်ခုကို စဉ်းစားရပေမည်။

သူမ စိတ်လိုက်မာန်ပါ မလုပ်နိုင်ပေ။

စိတ်လိုက်မာန်ပါ လုပ်မိလျှင် အမှားများပြီး မိမိကိုယ်မိမိ အလွယ်တကူ ဖော်ကောင်လုပ်မိတတ်ကြသည်။

သူမ ထိုသို့ ဖြစ်၍မရပေ။ ချန်ရိကျွင်းကို မည်မျှပင် နာကြည်းနေပါစေ၊ သူ့အတွက်နှင့် ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခတွင်းထဲ အဆွဲခံ၍ မဖြစ်ပေ။ မိမိသည် အရေးကြီးသကဲ့သို့ မိမိကလေးများသည်လည်း အရေးကြီး၏။ သူတို့သည် မိမိအသက်ကိုရင်း၍ ဤလောကထဲသို့ ခေါ်ဆောင်လာခဲ့ရသူများ ဖြစ်သည်။ ချန်ချင်းယွီသည် ကလေးနှစ်ယောက်၏ ခေါင်းလေးများကို ပွတ်သပ်ပေးလိုက်ပြီး နောက်ထပ် ဆုံးမစကားပြောလိုက်၏။

ချန်ချင်းယွီသည် အလွန်အမင်း ဒေါသထွက်နေမှုမှ လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ အဘွားကြီးကျောက် ချန်ချင်းယွီကို အကဲခတ်ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်နေသေးပုံပေါ်၏။

သို့ရာတွင် စကားအကြောင်းအရာ ပြောင်းလိုက်ပါက သူမ စိတ်သက်သာရာ ရသွားနိုင်မည်ဟု တွေးလိုက်ပြီး၊

"ဒီညအတွက် တို့တွေ မူလအစီအစဉ်အတိုင်းပဲ ဆက်သွားကြမှာလားအေ"

ချန်ချင်းယွီသည် အဘွားကြီးကျောက် ဆိုလိုရင်းကို သိသဖြင့်၊ သူမကို လေးနက်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ၊

"သေချာတာပေါ့၊ ဘာမှ ပြောင်းလဲစရာ မလိုပါဘူး"

အဘွားကြီးကျောက်က ခေါင်းညိတ်လိုက်ပြီး

"ဒါဆိုလည်း ပြီးတာပါပဲလေ။"

"မေမေ........."

ချန်ချင်းယွီ : "ဘာဖြစ်လို့လဲ"

ရှောင်ကျား : "အဲဒီမှာ မြွေကြီး........."

မိုးစင်စင်ရွာသွန်းပြီးစ အချိန်ဖြစ်ရာ တောတောင်ခြုံကြားမှ မြွေ၊ ဖားနှင့် ကြွက်၊ ပိုးမွှားဟူသမျှတို့သည် အပြင်သို့ တစ်ပြိုင်နက်တည်း ထွက်လာကြတော့သည်။

ရှောင်ကျားသည် ထုံးစံအတိုင်းပင် မျက်စိအလွန်ရှင်လှသဖြင့် ထိုအရာကို ချက်ချင်း မြင်သွားပြီး အလန့်တကြား သတိပေးလေ၏။

"ကြည့်ဦး၊ ဟိုနားမှာတင်... သတိထားကြနော်"

ချန်ချင်းယွီ : "အေးပါကွယ်"

သူမ လှမ်းကြည့်လိုက်သောအခါ ၎င်းမှာ မြက်ပင်ကြားတွင် ကျက်စားတတ်သည့် မြက်လျှောမြွေစိမ်းကလေး တစ်ကောင်သာ ဖြစ်သည်ကို တွေ့ရသည်။

ချန်ချင်းယွီသည် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိသော်လည်း၊ ထိုမြွေကလေးကို မြင်လိုက်ရသည့် ခဏ၌ သူမ၏ မျက်ဝန်းတို့မှာ ဖျတ်ခနဲ လင်းလက်သွားပြီး စိတ်ထဲတွင် နည်းလမ်းကောင်းတစ်ခု ပေါ်လာခဲ့၏။

ဒီမြွေကလေးကို ကြည့်ရတာ တကယ်တော့ အတော်လေး ချစ်စရာကောင်းသားပဲ…

ချန်ချင်းယွီ လူရှေ့တွင် ထိုမြွေကို ဖမ်းဆီးခြင်းမပြုဘဲ ခြေလှမ်းကိုသာ ခပ်သွက်သွက် လှမ်းလိုက်သည်။ သူမ အပြင်ပန်းတွင်မူ ဖြည်းဖြည်းနှင့် သတိထားလျှောက်ရန် ပြောနေသော်လည်း၊ လက်တွေ့တွင်မူ လူတိုင်း၏ ခြေလှမ်းများမှာ နှေးမနေကြပေ။

အဘွားကြီးကျောက် : "နွေဦးရာသီဆိုတော့ မြွေတွေက ပိုပေါတာအေ"

ချန်ချင်းယွီ : "ကိစ္စမရှိပါဘူး ကျွန်မတို့ဝင်းထဲမှာက လူတွေအများကြီးဆိုတော့ ဒီလိုသတ္တဝါမျိုးတွေ မရှိပါဘူး။ ပြီးတော့ တို့တွေလည်း တောတောင်ထဲကို သိပ်လာတာမှ မဟုတ်ဘဲ"

"ဒါလည်း ဟုတ်တာပဲ။"

သူတို့တစ်စု တောင်အောက်သို့ ရောက်ရှိသွားချိန်တွင် အမှောင်ထုမှာ သိသိသာသာ လွှမ်းမိုးနေပြီဖြစ်သည်။ ချန်ချင်းယွီသည် အချိန်ဆွဲမနေတော့ဘဲ သုံးဘီးဆိုက်ကားကို အမြန်ရှာဖွေလိုက်၏။

အဘွားကြီးကျောက် : "ငါ နင်းမယ်အေ"

ချန်ချင်းယွီလည်း သဘောတူလိုက်သည်။ သူမသည် အဘွားကြီးကျောက်နှင့် အငြင်းအခုန် မလုပ်တော့ပေ။ စင်စစ်အားဖြင့် သူမ၏ ဦးခေါင်းမှာ ဘာမှမဖြစ်တော့သော်လည်း အဘွားကျောက်မှာ အလွန်အမင်း စိုးရိမ်နေရှာ၏။ ချန်ချင်းယွီသည် သူမတို့မိသားစု၏ အဖိုးတန်ရတနာ မဟုတ်လော… ထို့ကြောင့် သတိထားရပေမည်။ သူတို့သည် မြို့ပြင်ဆင်ခြေဖုံးအရပ်မှ စီးနှင်းလာခဲ့ကြရာ၊ လမ်းတစ်လျှောက်တွင် မသင်္ကာစရာကောင်းသော လူအချို့ကိုလည်း တွေ့ခဲ့ရသည်။

ပုံမှန်အားဖြင့် ဂူကန်တော့ခြင်းကို နံနက်ပိုင်းတွင်သာ ပြုလုပ်လေ့ရှိကြသော်လည်း အသေအချာ သတ်မှတ်ထားသော အချိန်ဇယားဟူ၍ မရှိချေ၊ လူတိုင်း မိမိတို့ အဆင်ပြေမည့်အချိန်တွင်သာ လာကြ၏။ အချို့သူများမှာ သတ္တိကြောင်သဖြင့် နေ့ခင်းဘက်တွင် မလာရဲကြဘဲ ညမှောင်ခါမှသာ အမှောင်ထုကို အကာအကွယ်ယူ၍ ခိုးကြောင်ခိုးဝှက် ထွက်လာကြခြင်း ဖြစ်သည်။

အဘွားကြီးကျောက် : "ဒီကောင်တွေက တို့မိန်းမသားတွေလောက်တောင် သတ္တိမရှိကြဘူးအေ"

သူမ တိုးတိုးလေး ညည်းတွားလိုက်၏။

မှောင်ရီပျိုးစပြုနေသော ကောင်းကင်ယံ၌ လွင့်မျောနေသည့် မြူထုထူထူနှင့် ဝေဝေဝါးဝါး မြင်တွေ့နေရသော လူရိပ်များကို ကြည့်ရင်း ချန်ချင်းယွီ သက်ပြင်းချလျက် ဆိုလိုက်သည်။

"အမေသိလား... ဒီလို မြူတွေဆိုင်းနေတဲ့ ညနေခင်းမျိုးမှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းကြည့်နေရင်တောင် ထိတ်လန့်စရာ သရဲကားတစ်ကားအတိုင်းပဲ"

"အဟွတ်..."

အဘွားကြီးကျောက် : "ငါက အဲဒီသဘောကို ပြောတာမဟုတ်ပါဘူးအေ"

ယနေ့တွင် မြူထုမှာ အတော်လေး ထူထပ်နေသဖြင့် အဘွားကြီးကျောက်သည် ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေးကာ သုံးဘီးကို အလွန်နှေးကွေးစွာသာ နင်းမောင်းနေသည်။

ချန်ချင်းယွီသည်လည်း အလောတကြီး မဖြစ်ပေ။ သူတို့ သုံးယောက်စလုံးသည် လက်များကို နောက်ပစ်လျက် သုံးဘီးဘေးတွဲပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကြရာ ကြည့်ရသည်မှာ အတော်ပင် ရိုးရဗင်းနေပုံရ၏။

အဘွားကြီးကျောက်သည် နောက်သို့ ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်ရာ ချန်ချင်းယွီ၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို တွေ့ရသဖြင့် စိတ်အေးသွားတော့သည်။ သူမသည် ချန်ချင်းယွီတစ်ယောက် စိတ်လိုက်မာန်ပါ လုပ်မိပြီး ချန်ရိကျွင်း၏ လက်ချက်ဖြင့် အသက်ဘေးကြုံရမည်ကို အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ ယခုကဲ့သို့ စိတ်တည်ငြိမ်သွားသည်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။

ချန်ချင်းယွီသည် အမှန်တကယ်ပင် စိတ်ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သော်လည်း၊ တစ်ဖက်တွင်မူ သူမ ဘာဆက်လုပ်ရမည်ကိုလည်း သေသေချာချာ အကွက်ချပြီးသား ဖြစ်နေခဲ့၏။

ကြည့်ရတာ ဒီညတော့ ငါ တော်တော်လေး အလုပ်ရှုပ်ရဦးမယ် ထင်တယ်…

ချန်ချင်းယွီသည် စိတ်အားတက်ကြွလာပြီး လက်နှစ်ဖက်ကို အချင်းချင်း ပွတ်သပ်ရင်း အလုပ်စတင်ရန် အသင့်ပြင်လိုက်တော့သည်။ သူမ၏ အမူအရာမှာ စောစောပိုင်းကဲ့သို့ စိတ်ပျက်အားငယ်နေသော အမျိုးသမီးနှင့် လုံးဝမတူတော့ပေ။

အဘွားကြီးကျောက်သည် သုံးဘီးကို စားသောက်ဆိုင်လေး၏ အနောက်ဘက်တံခါးအထိ စီးနှင်လာခဲ့သည်။ ချန်ချင်းယွီသည် ထုံးစံအတိုင်း နောက်ဖေးတံခါးသို့ သွားကာ တံခါးကို ဒုန်းဒုန်းဒိုင်းဒိုင်း အသံကျယ်ကြီးမြည်အောင် ခေါက်လိုက်လေ၏။

"လာပြီ... လာပြီ"

ဆံပင်ကျစ်ဆံမြီးအရှည်ကြီးနှင့် မိန်းကလေးမှာ တံခါးဖွင့်ပေးရင်း

"ညည်းပဲ ဖြစ်ရမယ်လို့ ငါ သိနေသားပဲ"

ချန်ချင်းယွီ : "ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ဟင်းကောင်းကောင်း ဘာရှိလဲဟင်"

"ရှိတာပေါ့အေ၊ တို့ဆီမှာ အမြဲတမ်း အဆင်သင့် ရှိပါတယ်"

ချန်ချင်းယွီသည် နောက်ဖေးတံခါးအပြင်သို့ ထွက်လာစဉ် ဟင်းသီးဟင်းရွက်များ ဆွတ်ခူးနေသော အမျိုးသမီးကြီးတစ်ဦးကို တွေ့လိုက်ရသဖြင့်

"အဒေါ်ကြီး... တို့တွေ အလျင်စလို ပြန်လာကြတာဆိုတော့ စက်ဘီးကို သေသေချာချာ မသန့်ရှင်းရသေးဘူး။ ဒီနေ့ မိုးရွာထားတော့ စက်ဘီးမှာ ရွှံ့တွေ အများကြီး ပေနေလို့။ ကျွန်မကို နည်းနည်းလောက် ကူပြီး ဆေးပေးလို့ ရမလားဟင်"

သူမ၏လက်ထဲသို့ ပိုက်ဆံငါးပြား ထိုးထည့်ပေးလိုက်သည်။ ထိုအမျိုးသမီးမှာ စားသောက်ဆိုင်လေးတွင် ဟင်းသီးဟင်းရွက်ဆွတ်၊ ပန်းကန်ဆေး လုပ်ကိုင်ပေးနေသော ဆွေမျိုးတော်စပ်သူတစ်ဦး ဖြစ်၏။

ထိုအမျိုးသမီးကြီးသည် ပိုက်ဆံကို ဝမ်းသာအားရ လက်ခံလိုက်ပြီး

"ရတာပေါ့အေ၊ စိတ်မပူနဲ့၊ ငါ ပြောင်စင်သွားအောင် သေသေချာချာ ဆေးပေးလိုက်ပါ့မယ်"

ကျစ်ဆံမြီးရှည်နှင့် မိန်းကလေးကလည်း ထိုကိစ္စကို ဝင်ရောက်တားဆီးခြင်း မပြုခဲ့ချေ။

ယနေ့ နံနက်အစောပိုင်းကတည်းက မိုးရွာသွန်းခဲ့ခြင်း ဖြစ်ပြီး နေ့လယ်မွန်းလွဲပိုင်းတွင် မိုးစဲသွားခဲ့သော်လည်း၊ တောင်ပေါ်မှ ဆင်းလာခဲ့ကြသဖြင့် ခန္ဓာကိုယ် အပူချိန်မှာ စိုစွတ်အေးစိမ့်နေဆဲ ဖြစ်သည်။

ချန်ချင်းယွီ : "တို့တွေ ခန္ဓာကိုယ်နွေးသွားအောင် စွပ်ပြုတ်ပူပူလေး သောက်ကြရအောင်။ ဒီနေ့ ဘာစွပ်ပြုတ် ရှိလဲဟင်"

"ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်ပဲ ရှိတယ်အေ၊ ဒီနေ့တော့ ဒါပဲ ရှိမယ်။ အကယ်၍ ခန္ဓာကိုယ် နွေးနွေးထွေးထွေး ဖြစ်ချင်တယ်ဆိုရင်တော့ ကြက်စွပ်ပြုတ် သောက်မလား၊ ဒါမှမဟုတ် ကြက်သားချက်တာပဲ စားမလား"

ချန်ချင်းယွီ : "ဒါဆိုလည်း ကြက်သားစွပ်ပြုတ်ပဲ ပေးပါ၊ တို့တွေ ကြက်စွပ်ပြုတ် သောက်ကြမယ်၊ ပြီးတော့..."

ချန်ချင်းယွီသည် ဟင်းလျာခြောက်မျိုးတိတိ မှာယူလိုက်လေသည်။ သူမတို့မိသားစု၏ အစားကြီးပုံမှာ အပြင်လူများ သတိမထားမိကြသော်လည်း စားသောက်ဆိုင်များမှာ ကောင်းကောင်းကြီး သိကြ၏။ ဆံပင်ကျစ်ဆံမြီးရှည်နှင့် မိန်းကလေးမှာမူ ဤအခြေအနေကို လွန်ခဲ့သော နှစ်များကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ သူမ၏အမည်မှာ ဝေကျိန်း ဖြစ်ပြီး၊ ဤစားသောက်ဆိုင်မှာ သူမဖခင်ပိုင်ဆိုင်သော ဆိုင်ဖြစ်၏။ သူမ၏မိခင်မှာ အဓိက ချက်ပြုတ်သူဖြစ်ပြီး မီးဖိုချောင်ကူနှစ်ဦးမှာလည်း ဆွေမျိုးများသာ ဖြစ်ကြသည်။

ဝေကျိန်း : "ဒီနေ့ ငါးတွေက တကယ့်ကို လတ်ဆတ်တယ်၊ စောင့်နေလိုက် ခဏနေတွေ့ရမယ်"

ချန်ချင်းယွီလည်း ပြုံးပြလိုက်၏။

"မေမေ... သား ဗိုက်အရမ်းဆာနေပြီ။"

ချန်ချင်းယွီ : "မေမေလည်း ဆာလှပြီကွယ်"

သူတို့မိသားစုသည် ယနေ့တစ်နေ့လုံး ဘာမှမဖြစ်ခဲ့ဖူးသည့်အလား ဆိုင်ထဲတွင် ပေါ့ပေါ့ပါးပါးပင် စကားစမြည် ပြောဆိုနေကြ၏။ အဘွားကြီးကျောက်သည် ချန်ချင်းယွီကို နောက်တစ်ကြိမ် ခိုး၍အကဲခတ်လိုက်ပြီးမှ စိတ်လုံးဝအေးသွားတော့သည်။

သို့သော်လည်း သူမသည် မိမိကိုယ်ကိုယ် ပိုမို၍ သတိပေးမိသည်မှာ~~~

ဒီမိန်းမကိုတော့ သွားပြီး ဆွလို့မရဘူး… အဖြစ်အပျက်တစ်ခု ကြုံပြီးတာနဲ့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် စိတ်အေးသွားနိုင်တာ၊ သူမက တကယ့်ကို ကောက်ကျစ်တဲ့သူပဲ…

သူမကို သွားမရှုပ်နဲ့... သွားမရှုပ်နဲ့...

အဘွားကြီးကျောက်သည် စိတ်ထဲမှ တတွတ်တွတ် ရေရွတ်နေမိသည်။ သို့သော်လည်း ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ တက်လာသောအခါတွင်မူ သူတို့အားလုံးသည် အစားအသောက်ထဲ၌သာ အာရုံနစ်ဝင်သွားကြပြီး အခြားအရာများကို ဂရုမစိုက်နိုင်ကြတော့ချေ။

အေးစိမ့်လှသော ရာသီဥတုမျိုးတွင် ကြက်စွပ်ပြုတ်ပူပူတစ်ခွက် သောက်ရခြင်းထက် ပို၍ စိတ်ချမ်းသာစရာကောင်းသောအရာ မရှိပါတကား။

"ငါ့ကို ကြက်ခေါင်းပေး... ငါ့ကို ကြက်ခေါင်းပေး..."

အဘွားကြီးကျောက် တတွတ်တွတ် ဆို၏။

ချန်ချင်းယွီ : "အမေက ကြက်ခေါင်း မကြိုက်ဘူးလို့ ပြောဖူးတယ် မဟုတ်လား"

အဘွားကြီးကျောက် : "ညည်းတို့က မစားကြဘူးလေ၊ ငါပါ မစားရင် နှမြောစရာကြီး ဖြစ်မသွားဘူးလားအေ။ ညည်းတို့ သိလား... အခုခေတ်က အများကြီး အဆင့်အတန်းရှိ လာတာ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငတ်မွတ်ခေါင်းပါးလို့ မြက်တွေကိုတောင် စားခဲ့ကြရတာဥစ္စာ၊ ကြက်ခေါင်းနဲ့ ကြက်ဖင်ဆီတွေ နေနေသာသာ။ ဂျုံကြမ်းခေါက်ဆွဲတွေကိုလည်း ဒီလိုပဲ စားခဲ့ကြရတာ မဟုတ်ဘူးလား။ ကြက်ခေါင်းကလည်း အသားပဲဟာကို ညည်းတို့က အထင်သေးနေကြတယ်"

ချန်ချင်းယွီ : "စားချင်ရင်လည်း စား၊ မစားချင်ရင်လည်း နေအေ၊ စကားတွေ အပိုတွေ လာပြောမနေနဲ့။ ရှင် ဒါကို လွှင့်ပစ်လိုက်ရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး"

"ငါက ဂရုစိုက်တယ်အေ၊ ဒါကြောင့် ငါပဲ စားလိုက်တော့မယ်။"

အဘွားကြီးကျောက်သည် ကြက်ခေါင်းကို မြိန်ရေယှက်ရေ ကိုက်ဝါးနေတော့သည်။ ချန်ချင်းယွီမှာမူ အစားအသောက် စားပြီးလုနီးပါး ဖြစ်နေပြီး စွပ်ပြုတ်နှစ်ပန်းကန်မျှ သောက်လိုက်၏။ သူတို့ ပိုက်ဆံရှင်းရန် အပြင်သို့ ထွက်လာကြသောအခါတွင်မူ လူတစ်ယောက်နှင့် တိုးမိကြလေသည်….ထိုသူမှာ ဝမ်ကျန့်ကော်ပင်။

ဝမ်ကျန့်ကော်သည် မျက်နှာပျက်လျက် တစ်ယောက်တည်း ရှိနေသည်။ ချန်ချင်းယွီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိ၏။

အဘွားကြီးကျောက် ခနဲ့တဲ့တဲ့ လေသံဖြင့် လှမ်း၍ စောင်းမြောင်းလိုက်သည်။

"အို... ဒါ ဝမ်ကျန့်ကော် မဟုတ်လား။ ဘာလို့ တစ်ယောက်တည်း အပြင်မှာ လာစားနေရတာလဲ။ နင့်မိန်းမက နင့်ကို ကွာရှင်းသွားပြီဆိုတော့ နင့်အမေကို နင်ကိုယ်တိုင် ပြုစုမနေရဘူးလား"

ဝမ်ကျန့်ကော် မချိပြုံး ပြုံးပြရင်း

"ကျွန်တော် စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ချိန်းထားတာ ရှိလို့ပါ။ ကျွန်တော့်အမေက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပဲ၊ ကျွန်တော်က ဘာလို့ ပြုစုနေရဦးမှာလဲ"

ကွာရှင်းခြင်းမပြုမီ၌ ဝမ်ကျန့်ကော်သည် မိခင်ဖြစ်သူကို "အမေ... အမေ" နှင့် အမြဲတစေ ခေါ်ဝေါ်တတ်သော လိမ္မာရေးခြားရှိသည့် သားတစ်ယောက် ဖြစ်ခဲ့ပြီး၊ ဝမ်မေ့လန်နှင့် ယောက္ခမဖြစ်သူတို့ မည်မျှပင် ရန်ဖြစ်ကြပါစေ၊ ဝမ်ကျန့်ကော်သည် ဝမ်မေ့လန်အား အမြဲတမ်း အလျှော့ပေးရန်သာ ဆုံးမလေ့ရှိသည်။

ကွာရှင်းပြီးနောက်တွင်မူ သူသည် ထိုမျှအထိ မိဘအပေါ် သိတတ်ပုံမပေါ်တော့ပေ။

သူသည် မိမိ၏ ဇနီးသည်ကိုသာ မိဘအပေါ် သိတတ်ရန် မျှော်လင့်

နေပြီး… မိမိကိုယ်တိုင်မူ လုံးဝ မတတ်သည့်အလားပင်။

အဘွားကြီးကျောက် : "ဟဲဟဲ... နင် အရင်တုန်းက နင့်မိန်းမကို ပြောခဲ့တယ် မဟုတ်လား၊ ငါ့အမေရဲ့ ဘဝက အရမ်းပင်ပန်းခဲ့တာ၊ အခု အသက်ကြီးလာပြီဆိုတော့ နင်ကပဲ ပြုစုရမယ်ဆိုပြီးတော့။ အဲဒီတုန်းကလည်း ဒီလိုပဲ ပြောခဲ့ပြီးတော့ အခုကျတော့လည်း တစ်မျိုး ပြောနေပြန်ပြီ။ နင့်ရဲ့ တကယ့်စိတ်ရင်းက ဘာလဲဆိုတာ ငါတော့ မသိတော့ဘူး"

ဝမ်ကျန့်ကော်သည် အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ဤသောက်အဘွားကြီးနှင့် စကား ဆက်မပြောချင်တော့သဖြင့်

"ဒီမှာ ဘာပဋိပက္ခမှ မရှိပါဘူး။ ကျွန်တော် လုပ်စရာ ရှိလို့ အခုပဲ သွားတော့မယ်"

ချန်ချင်းယွီ : "အမေ…ယောက္ခမကြီး... သွားကြရအောင်၊ ရာသီဥတုက အေးတယ်။ အိမ်ပြန်ပြီး နားကြရအောင်"

အဘွားကြီးကျောက် : “ဟမ့်”

ချန်ချင်းယွီသည်လည်း ဝမ်ကျန့်ကော်ကို အထင်သေးလှသဖြင့် အခွင့်အရေးရလျှင် နှိပ်ကွပ်ရန် ဝန်လေးမည်မဟုတ်သော်လည်း၊ လောလောဆယ်တွင်မူ တည်ငြိမ်နေဟန် ဆောင်ထားလိုက်၏။

ချန်ချင်းယွီတို့ မိသားစုသည် လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။ ဝမ်ကျန့်ကော်သည် တံခါးဝတွင် ခေတ္တမျှ ရပ်နေပြီးမှ တံတွေး တစ်ချက် ထွေးလိုက်ကာ

"သောက်အဘွားကြီးအို။"

မကြာမီတွင် သူ အထဲသို့ ဝင်သွားခဲ့သည်။ သူ့တွင် ကိုယ်ပိုင်ကိစ္စ ရှိနေ၏…… သူ အရေးတကြီး ပိုက်ဆံချေးရန် လိုအပ်နေသည်။ ကွာရှင်းပြတ်စဲမှု သဘောတူညီချက်အရ ဝမ်မေ့လန်အား ငွေယွမ်နှစ်ထောင် ပေးရမည်ဖြစ်ရာ၊ ၎င်းမှာ ဗြောင်လုယက်သည်နှင့် မခြားသော်လည်း သူ ငြင်းဆန်၍ မရပေ။

အကယ်၍ သူ မပေးပါက ဝမ်မေ့လန်သည် သူ၏ မရိုးသားသော လုပ်ရပ်များကို ဖွင့်ချလိမ့်မည်ဖြစ်ရာ၊ ထိုသို့ဖြစ်လျှင် သူ သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

ထိုအချက်သည်သာ တကယ့် ပြဿနာအစစ်အမှန် ဖြစ်သည်။

ကံကောင်းသည်မှာ သူ အလုပ်လုပ်နေဆဲ ဖြစ်သရွေ့ သူ့တွင် အဆက်အသွယ် အချို့ ရှိနေသေးခြင်းပင်။

သူ ရှေ့ဆက်ရမည့် အစီအစဉ်များကို မချမှတ်မီ လောလောဆယ်တွင် ဤကိစ္စရပ်များကိုသာ အရင် ကိုင်တွယ်ဖြေရှင်းရမည်သာ။

ဤကွာရှင်းမှုသည် သူ့အတွက် အကြီးအကျယ် ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရသည်။ ကွမ်ကျိုးမှ ပြန်လာသည့် လမ်းစရိတ်ပင်လျှင် သူ၏ ကိုယ်ပိုင်ပိုက်ဆံ ဖြစ်ပြီး၊ ထိုလူနှစ်ယောက်မှာ သူတို့၏ မိသားစုများနှင့် ဆက်သွယ်ရန် ငြင်းဆန်နေခဲ့ကြသဖြင့် သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် ပိုက်ဆံ ကုန်သွားပြီးနောက်တွင်မူ ပြန်ရရန် လမ်းမရှိတော့ချေ။

ထိုအကြောင်းကို သူ ကောင်းကောင်းကြီး သိ၏။

ကံကောင်းထောက်မစွာဖြင့် ချဲယုံဖုန်းသည် အသုံးဝင်နေသေးသည်။ သူသည်လည်း ကွာရှင်းထားသူ ဖြစ်သော်ငြား၊ သူ၏ ဇနီးဟောင်းမှာ သူတို့ကို အခက်အခဲအချို့မှ လွတ်မြောက်အောင် ကူညီပေးခဲ့၏။

သူတို့သည် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်ကျော် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခွင့်နှင့် တရားမဝင် လောင်းကစားဝိုင်း၊ ပြည့်တန်ဆာအိမ်များကို နှိမ်နင်းခွင့် ရရှိစေခဲ့သည်။

တရားမဝင် တည်းခိုခန်း အသေးလေးတစ်ခုမှာ အရေးမပါပေ၊ ဘူတာရုံအနီးတွင် ထိုကဲ့သို့သော နေရာများစွာ ရှိနေ၏။

သူတို့ကို အတင်းအကျပ် ယောကျာ်းပြည့်တန်ဆာလုပ်ခိုင်းသည့် အချိန်၌ သူသည် သေသေချာချာ နားထောင်ခဲ့ပြီး သဲလွန်စများစွာကို ပေးစွမ်းနိုင်ခဲ့သည်။

လူတွေက ကိုယ့်မှာ တန်ဖိုးတစ်ခုခု ရှိနေမှသာ ကိုယ့်ကို ကာကွယ်ပေးကြမှာ၊ မဟုတ်ရင် ဘာလို့ ကာကွယ်ပေးမှာလဲ…

သူသည်လည်း ထိုလူများကို မုန်းတီးလှသဖြင့် ဤကိစ္စကို လုပ်ဆောင်၍ သူတို့အားလုံးကို ဖမ်းဆီးပစ်ရန် ဝမ်းမြောက်ဝမ်းသာ ရှိနေခဲ့သည်။ သူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူတို့၏ အကြောင်းအရာများကို တိကျစွာ ဖွင့်ချခဲ့သောကြောင့်၊ မိမိတို့၏ အလုပ်အကိုင်များမှာ ထိခိုက်မှု မရှိခဲ့ရပေ။

သူ့အတွက် လောလောဆယ်တွင် တစ်ခုတည်းသော မနှစ်မြို့ဖွယ်ရာ ကိစ္စမှာ အဘွားကြီးအချို့နှင့် ပတ်သက်မှု ရှိခဲ့ခြင်းပင် ဖြစ်၏။ သူ၏ နာမည်ဂုဏ်သတင်းမှာ အမှန်တကယ် ပျက်စီးသွားခဲ့ရပြီ ဖြစ်သော်လည်း၊ လောလောဆယ်တွင်မူ လက်ခံရုံမှတစ်ပါး အခြားမရှိချေ။ သူ ဖြည်းဖြည်းချင်းသာ ကိုင်တွယ်ရပေလိမ့်မည်။

ဝမ်ကျန့်ကော်၏ အတွေးများ ပြောင်းလဲသွားခဲ့သည်… သူသည် ချန်ချင်းယွီတို့ မိသားစုကိုလည်း အလွန်မုန်းတီးမိ၏။

အကယ်၍သာ သူမ တမင်သက်သက် ထွက်ပြေးတိမ်းရှောင်ပြီး ပျောက်ကွယ်မသွားခဲ့ပါက ဤကဲ့သို့သော ကိစ္စရပ်များ လုံးဝ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ အမုန်းဆုံး ရန်သူကို ရွေးချယ်ရမည်ဆိုပါက ထိုသူမှာ ချဲယုံချန်းသာ ဖြစ်ပေလိမ့်မည်။ သူသည် ချဲယုံချန်းကို အမုန်းဆုံး ဖြစ်သည်။

အရာရာကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ခဲ့ပါလျက်နှင့်၊ ဤအသိဉာဏ်ကင်းမဲ့သော အူတူတူလူငနဲမှာ ကိစ္စအဝဝကို လူသိရှင်ကြား ချပြခဲ့သဖြင့် အခြေအနေများမှာ လျင်မြန်စွာပင် ကြီးထွားသွားခဲ့ရ၏။

သောက်ကောင်မသား…

သူ စောင့်ရမယ်… စောင့်ရမယ်..

အခွင့်အရေးရတာနဲ့ အဲ့မေနိုးကိုထိုက်တန်တဲ့ တန်ဖိုး ပြန်ပေးဆပ်စေရမယ်…

ဝမ်ကျန့်ကော်၏ မျက်ဝန်းထဲတွင် ရက်စက်ယုတ်မာသော အကြံအစည်များ အထင်အရှား ပေါ်လွင်နေသည်။

သို့သော်လည်း ချန်ချင်းယွီသည် ဝမ်ကျန့်ကော်၏ ရန်သူစာရင်းတွင် သူမကိုယ်တိုင် နံပါတ်တစ်နေရာ၌ ရှိမနေသည်ကိုမူ လုံးဝ မသိရှိခဲ့ပေ။

စင်စစ်အားဖြင့်မူ ချဲယုံချန်းနှင့် ဝမ်မေ့လန်တို့သည်သာ ရန်သူစာရင်း၏ အထက်ပိုင်းတွင် ရှိနေခြင်း ဖြစ်သည်။

ကွမ်ကျိုးရှိ ထိုတရားမဝင် တည်းခိုခန်းမှ လူများပင်လျှင် ချန်ချင်းယွီထက်စာလျှင် ရန်သူစာရင်း၌ ပို၍ အဆင့်မြင့်နေသေး၏။

ချန်ချင်းယွီခမျာ ဤအချက်ကို တကယ်ကြီး မသိရှာပေ။

သူမသည်လည်း ဝမ်ကျန့်ကော်ကို အလေးအနက် ထည့်မတွက်ထားပေ။ သူတို့မိသားစုမှာ အိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မည်သို့ဆိုစေကာမူ ကလေးများမှာ ကလေးများပီပီပင်… ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အင်အားသန်မာကြသည် ဆိုသော်ငြား၊ တောင်တက်တောင်ဆင်း ခရီးကြမ်းမှာ အဆင်မပြေလှဘဲ ပင်ပန်းလွန်းသဖြင့် သူတို့လည်း အတော်လေး နုံးခွေနေကြပြီ ဖြစ်၏။ ကိုယ်လက်သန့်စင်ပြီး ခြေထောက်ကို ရေနွေးစိမ်လိုက်ကြပြီးနောက်တွင်မူ ငိုက်မြည်းလာကြတော့သည်။

ချန်ချင်းယွီ : "စောစောအိပ်ကြတော့နော်"

"ဟုတ်ကဲ့ပါ"

ယနေ့တွင် ချန်ချင်းယွီ လုပ်စရာကိစ္စများ ရှိနေသော်လည်း အပြင်ထွက်ရန် အလောတကြီး မလုပ်ခဲ့ပေ။နောက်ပိုင်းမှ အပြင်ထွက်မည် ဖြစ်သောကြောင့် လောလောဆယ်တွင် ကိုယ်လက်သန့်စင်ခြင်းလည်း မလုပ်သေးကာ အသင့်လည်း မပြင်ရသေးချေ။ သူမနှင့် အဘွားကြီးကျောက်တို့သည် အုတ်ကုတင်အစွန်းတွင် ထိုင်ရင်း ဟိုဟိုဒီဒီ စကားစမြည် ပြောနေကြသည်။

အဘွားကြီးကျောက် : "တို့တွေ အိမ်ဝယ်တဲ့အခါ ကျရင်ကော အုတ်ကုတင်ကိုပဲ ပြောင်းကြမလားအေ။ အဲဒါကြီးက နှမြောစရာကြီး"

ချန်ချင်းယွီ : "ဟုတ်တယ်၊ ဒါပေမဲ့ တို့တွေအတွက် ဒီလောက်အထိ အကျယ်ကြီး မလိုပါဘူး။ ပစ္စည်းတွေ သိုလှောင်ဖို့အတွက် ဒီအတိုင်းပဲ အလွတ်ထားလိုက်တာ ပိုကောင်းပါတယ်"

သူတို့၏ဝင်းမှာ ဟောင်းနွမ်းနေပြီဖြစ်သော အိမ်ရာဝင်းတစ်ခု ဖြစ်ပြီး၊ အခန်းများစွာ ရှိသော်လည်း အများစုမှာ အုတ်ကုတင်များသာ ဖြစ်ကြ၏။ ယခုအခါ မိသားစုအတော်များများတွင် ပုံမှန်ကုတင်များ ရှိနေရခြင်းမှာ နောက်ပိုင်းမှ ပြောင်းလဲလိုက်ကြသောကြောင့် ဖြစ်သည်။ အထူးသဖြင့် လူငယ်များ၏ အခန်းများတွင် အဓိကဖြစ်ပြီး၊ လူငယ်များမှာ ပုံမှန်ကုတင်များကိုသာ ပိုမိုနှစ်သက်ကြသဖြင့် အချို့မိသားစုများနှင့် လဲလှယ်လိုက်ကြခြင်း ဖြစ်၏။

သို့သော်လည်း အချို့မိသားစုများမှာမူ မတတ်နိုင်ကြကာ၊ အချို့သော သက်ကြီးရွယ်အို မိသားစုများသည်လည်း အုတ်ကုတင်ပေါ်တွင်သာ အိပ်စက်ရခြင်းကို ပိုမိုနှစ်သက်ကြသဖြင့် မပြောင်းလဲဘဲ ထားရှိကြသည်။

မိမိတို့မိသားစုမှာမူ လူနည်းစုဖြစ်သဖြင့် မပြောင်းလဲနိုင်သေးပေ။

သို့သော် ယခုအကြိမ်တွင်မူ ချန်ချင်းယွီ ၎င်းကို သေသေချာချာ သန့်ရှင်းသပ်ရပ်အောင် လုပ်ရန် စီစဉ်ထားသည်။

"ကျွန်မတို့တွေ ဒါကို ပြန်လည်ပြင်ဆင်ပြီး သပ်သပ်ရပ်ရပ် ဖွဲ့စည်းလိုက်ကြရအောင်၊ ဒါဆိုရင် နေရာက ပိုပြီး ကျယ်ဝန်းသွားလိမ့်မယ်။ မနက်ဖြန်ကျရင် ဒေါ်လေးမေ့တို့ မိသားစုနဲ့ အိမ်ခြံမြေလွှဲပြောင်းဖို့ စာချုပ်ချုပ်ကြမယ်၊ ဒါဆိုရင် နောက်ပိုင်းကျရင် တို့တွေအတွက် နေရာပိုရလာနိုင်တယ်"

အဘွားကြီးကျောက် : "တို့တွေ တစ်နေ့ကျရင် အိမ်ဝယ်နိုင်လိမ့်မယ်လို့ ငါ တကယ်ကို မယုံနိုင်သေးဘူးအေ"

ချန်ချင်းယွီ ရယ်မောလိုက်ရင်း

"ဒေါ်လေးမေ့တို့ရဲ့ အိမ်က အရောင်းအဝယ် လုပ်လို့ရတဲ့အိမ် ဖြစ်နေတာကိုပဲ ဝမ်းသာရမယ်အေ"

"ဒါတော့ ဟုတ်တာပေါ့။"

သူတို့ဝင်းထဲတွင် မိသားစုအများအပြား ရှိကြသော်လည်း၊ အချို့မှာ အိမ်ခြံမြေပိုင်ဆိုင်ခွင့် မရှိကြဘဲ အစိုးရအိမ်ရာကို အငှားနေထိုင်နေကြခြင်းသာ ဖြစ်သည်။ သို့သော် အချို့မှာမူ အိမ်ခြံမြေပိုင်ဆိုင်ခွင့် ရှိကြပေ၏။

၎င်းမှာ ထိုစဉ်၌ ဆောင်ရွက်ခဲ့သည့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

ယခုခေတ်တွင် အိမ်ငှားများကို နှင်ထုတ်ရန် မလွယ်ကူပေ။ မတရားစွပ်စွဲခံရမှုမှ ပြန်လည်လွတ်မြောက်လာပြီးနောက် မိမိတို့၏ အိမ်များကို ပြန်လည်ရယူလိုသူ အများအပြားမှာ ဤကဲ့သို့သော ဒုက္ခမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ကြားသိရသည်။ ချန်ချင်းယွီတို့၏ ဝင်းထဲတွင်လည်း ဤကဲ့သို့သော အခြေအနေမျိုး ရှိနေကာ အချို့သောအိမ်များမှာ အစိုးရထံမှ ငှားရမ်းနေထိုင်ကြခြင်း ဖြစ်၏။

သို့သော် အဒေါ်ကြီးမေ့တို့ မိသားစုမှာမူ ထိုသို့မဟုတ်သဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း ဖြစ်ပေသည်။

၎င်းမှာ ချန်ချင်းယွီတို့ မိသားစုအတွက် အခက်အခဲအချို့ကို သက်သာစေခဲ့၏။ ချန်ချင်းယွီသေသေချာချာ စဉ်းစားပြီးသား ဖြစ်ပင်…… အကယ်၍ သူမ အိမ်ဝယ်ချင်လျှင်ပင် အိမ်ငှားအုပ်စုလိုက်ကြီး ချထားပေးပြီး နောက်ပိုင်းမှ နှင်ထုတ်ရမည့် အိမ်မျိုးကို ဝယ်မည့်အစား၊ ပိုက်ဆံကိုသာ ဆုပ်ကိုင်ထားပြီး မဝယ်ဘဲ နေလိုက်ခြင်းမှာ ပိုကောင်း၏။ ထိုသို့သော အိမ်မျိုးမှာ အမှန်တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းလှသည်။

ထို့ပြင် လူများကို နှင်ထုတ်ဖို့ဆိုသည်မှာလည်း ထိုမျှအထိ မလွယ်ကူပေ။

သို့သော်လည်း သူမ အဝေးကြီး တွေးနေမိခြင်းသာ ဖြစ်သည်။ သူမ အိမ်ဝယ်ချင်သည် ဆိုသော်ငြားလည်း၊ ၎င်းမှာ အတည်ဖြစ်ရန် အလှမ်းဝေးနေဆဲတည်း။

သူတို့သည် ဝင်းထဲတွင်ပင် အိမ်တစ်လုံး ရှာဖွေရန် ခဲယဉ်းနေခဲ့ကြရာ၊ အပြင်ဘက်တွင် ရှာဖွေလိုပါက ပိုမို၍ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

ချန်ချင်းယွီ သူမ၏ အတွေးစများကို ဖြတ်တောက်လိုက်ပြီး အဘွားကြီးကျောက်နှင့် နောက်ထပ် မိနစ်အနည်းငယ်မျှ ပေါ့ပေါ့ပါးပါး စကားဆက်ပြောလိုက်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အိပ်ပျော်သွားသည်ကို မြင်သောအခါ၊ သူမ တိုးတိုးလေးဆိုကာ

"ကျွန်မ အပြင်သွားတော့မယ်"

အဘွားကြီးကျောက် နှုတ်ခမ်းကို စေ့လိုက်ပြီး ခေါင်းညိတ်ပြရင်း

"အေးပါ၊ ဒါပေမဲ့ သတိထားဦးနော်"

သူမ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်လောင်းပြောရှာသည်။

"နောက်နေ့မှ သွားရင်ကော မကောင်းဘူးလားအေ။ ဒီနေ့က ချင်းမင်ပွဲတော်နေ့ဆိုတော့ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲ"

ချန်ချင်းယွီ : "ရပါတယ် ဘာမှမဖြစ်ဘူး"

အဘွားကြီးကျောက် : "ညည်း ခေါင်းဆောင့်မိထားတာလေ..."

သူတို့အားလုံး ဆေးရုံသွားကြရန် ပြင်ဆင်ခဲ့ကြသော်လည်း ချန်ချင်းယွီမှာ ဘာမှမဖြစ်ဟု ဇွတ်အတင်း ငြင်းဆိုခဲ့သဖြင့် မသွားဖြစ်ခဲ့ကြချေ။

ချန်ချင်းယွီ မိမိကိုယ်ကိုယ် ဂရုမစိုက်ခြင်း မဟုတ်ဘဲ စင်စစ်အားဖြင့်မူ သူတို့ တောင်အောက်သို့ ရောက်ရှိချိန်တွင် စောစောပိုင်း နီမြန်းနေသော နဖူးပြင်မှာ နီမနေတော့ကာ သေးငယ်သော အစုတ်အပြဲကလေးများမှာလည်း မမြင်ရသလောက် ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ဤအခြေအနေအတိုင်းဆိုလျှင် ဆေးရုံသို့ ရောက်ရှိသွားချိန်တွင် ဒဏ်ရာမှာ အလိုအလျောက် ပျောက်ကင်းသွားလောက်ပြီသာ…

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆေးရုံသို့ သွားရန် လုံးဝ မလိုအပ်ပေ။

ချန်ချင်းယွီ မသွားရန် ဇွတ်အတင်း ပြောနေသဖြင့် ကျန်ရှိသူများလည်း သူမအား မဖျောင်းဖျနိုင်ခဲ့ကြချေ။

ချန်ချင်းယွီ : "တကယ် ဘာမှမဖြစ်ပါဘူး ကျွန်မက သံမဏိလူသားလို အရေထူပြီးသား။ ပြီးတော့ ချင်းမင်ပွဲတော်နေ့ ဖြစ်တော့ကော ဘာဖြစ်လဲဟင်။ ကျွန်မက ချင်းမင်ပွဲတော်နေ့ကျမှပဲ အပြင်ထွက်ပြီး လမ်းလျှောက်တတ်တာ။ ကျွန်မက အရမ်းကြမ်းတမ်းတာမို့လို့ သရဲတစ္ဆေတွေတောင် ကျွန်မကို ကြောက်ရလိမ့်မယ်။ နောက်ပြီး သရဲတွေက ဘယ်မှာ ဒီလောက်အထိ ပေါနေလို့လဲ။ အကယ်၍ တကယ်ကြီး ရှိနေတယ်ဆိုရင်၊ တရားမဲ့တဲ့အလုပ်တွေ၊ မကောင်းမှုမျိုးစုံ လုပ်နေတဲ့ အဲဒီလူယုတ်မာတွေက ဘာလို့ အခုထိ ဝဋ်လည်ခြင်း မခံရသေးတာလဲ"

အဘွားကြီးကျောက်၏ နှုတ်ခမ်းများမှာ တွန့်လိမ်သွားတော့သည်။ သူမသည် ချန်ချင်းယွီ သူမ၏ ဖခင်ဖြစ်သူကို စောင်းမြောင်းပြောဆိုနေခြင်း ဖြစ်သည်ဟု သံသယဝင်မိသော်လည်း၊ သက်သေအထောက်အထား ပြစရာမရှိပေ။

"ဒါဆိုရင်လည်း အပြင်သွားရင် သေသေချာချာ သတိထားဦးနော်။"

ချန်ချင်းယွီ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း

"စိတ်ချပါ၊ စိတ်ချပါ"

ထို့နောက် ချန်ချင်းယွီသည် တံခါးကို ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်ကာ ခြေဖွဖွနင်းလျက် အပြင်သို့ ထွက်ခွာသွားခဲ့တော့သည်။

မကောင်းမှု ပြုလေ့ရှိသူတို့သည် အရာရာတွင် သတိကြီးစွာ ထားရမှန်း သိကြ၏။ ချန်ချင်းယွီသည်လည်း ထိုသို့သောသူမျိုး ဖြစ်၏။ မည်မျှပင် နှစ်ကာလများ ကြာမြင့်ခဲ့ပါစေ... သူမသည် အမြဲတစေ သတိဝီရိယ ရှိလှသည်။ အိမ်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့စဉ်၌လည်း သူခိုးတစ်ယောက်ကဲ့သို့ အစွမ်းကုန် သတိထား၍ လှုပ်ရှားခဲ့သည်။

'တကယ်တော့ ကိုယ်ပိုင် အိမ်အကျယ်ကြီးနဲ့ နေရတာကမှ စိတ်တိုင်းကျ သွားလာလို့ရတာ။ အခုလို အိမ်ခန်းတွဲတွေမှာ ကျတော့ တစ်ချက်လေး သတိမထားမိတာနဲ့ အိမ်နီးနားချင်းတွေက အကုန်ကြားရတော့တာပဲ'

သူမ စိတ်ထဲမှ ကြံစည်တွေးတောမိ၏။

သို့သော်လည်း ဝင်းတစ်ခုတည်းတွင် စုပေါင်းနေထိုင်ရခြင်း၏ အားသာချက်ကိုလည်း ချန်ချင်းယွီ သိရှိနားလည်ထားပြန်သည်။

ထိုခေတ်ကာလ၌ ပေကျင်းမြို့သည် မြို့တော်ဖြစ်သော်လည်း အခြားဒေသများနှင့် နှိုင်းယှဥ်ပါက လူမှုလုံခြုံရေး ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သော်ငြား မြို့ပြန်ပညာတတ်လူငယ်များ မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး အလုပ်အကိုင် ရှားပါးမှုများကြောင့် လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုများ ရှိနေခဲ့၏။ ထို့ကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာဇဝတ်မှု နှိမ်နင်းရေးလုပ်ငန်းများ ဖော်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

မိမိကိုယ်တိုင် အပြစ်ကင်းစင်သူတစ်ယောက် မဟုတ်သည့်အပြင်၊ အဘွားကြီးကျောက်မှာလည်း နာမည်ကျော် ဘာမထီ အဘွားအိုတစ်ဦး ဖြစ်သော်ငြား ပြင်ပလူများအမြင်တွင်မူ သူတို့မိသားစုသည် လူအို၊ လူမမာနှင့် ကလေးသူငယ်များသာရှိသည့် အားနွဲ့သောအိမ်ထောင်စုတစ်ခုမျှသာ ဖြစ်သည်။

ချန်ချင်းယွီသည်လည်း အန္တရာယ်ပြု ခံရမည်ကို စိုးရိမ်စိတ်ရှိသည်။ သူခိုးခိုးခံရမည်ထက် အကွက်ချ ချောင်းမြောင်းခံရမည်ကို ပို၍ ကြောက်ရွံ့ခြင်း ဖြစ်၏။

'ရှောင်ကျားနဲ့ ရှောင်ယွမ်က အသက် ကိုးနှစ်ပဲ ရှိသေးတဲ့ ကလေးတွေ။ တကယ်လို့ လူဆိုးတွေနဲ့ တိုးရင် ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး'

ထို့ကြောင့် ဤဝင်းထဲတွင် နေထိုင်ရသည်ကို သူမ ကျေနပ်မိ၏။ သူတို့ဝင်းတင်မက၊ တစ်လမ်းလုံးရှိ လူအားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်နေကြသဖြင့် လမ်းဘေးခွေး လေလွင့်တစ်ကောင် ဝင်လာလျှင်ပင် ဤရပ်ကွက်မှ ဟုတ်မဟုတ် ချက်ချင်း သိကြလေသည်။ ရပ်ကွက်ပြင်ပမှ ကြောင်တစ်ကောင် ဖြတ်ပြေးသွားလျှင်ပင်..."ဒီကောင် ဒီနားက မဟုတ်ဘူးဟ" ဟု ဝိုင်းဝန်းပြောဆိုတတ်ကြ၏။

သူတို့လမ်းသွယ်နှင့် ပတ်ဝန်းကျင် လမ်းများတွင် လူစိမ်းဟူ၍ မရှိသလောက် ဖြစ်သဖြင့် ဆူညံပွက်လောရိုက်နေတတ်သော်လည်း အမှန်စင်စစ်တွင်မူ အန္တရာယ်အကင်းဆုံး နေရာတစ်ခု ဖြစ်နေသည်။ လမ်းသရဲအချို့ ရှိသော်လည်း သူတို့သည် အခြားရပ်ကွက်များသို့သာ သွားရောက် သောင်းကျန်းကြပြီး မိမိတို့အိမ်ရှေ့တွင်မူ လူကြီးမိဘများ အရှက်ရမည်ကို ကြောက်သဖြင့် ငြိမ်သက်စွာ နေကြရရှာ၏။

ထို့ကြောင့် အနည်းငယ် အဆင်မပြေမှုများ ရှိစေကာမူ ချန်ချင်းယွီသည် အိမ်ပြောင်းရန် ဘယ်သောအခါမှ မတွေးခဲ့ချေ။ အနည်းဆုံး ၁၉၈၀ ပြည့်လွန်နှစ်များ အလယ် သို့မဟုတ် နှောင်းပိုင်းအထိမူ ဤနေရာတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ထားသည်။

ချန်ချင်းယွီသည် လျှို့ဝှက်ဆန်းကြယ်စွာ လှမ်းထွက်လာခဲ့ပြီး ချဲမိသားစုအိမ်ရှိရာသို့ အလျင်အမြန် ဦးတည်လိုက်၏။ ထိုအိမ်၏ တည်နေရာကို သူမ ကောင်းစွာ သိရှိထား၏။ ယခင်၌ ထိုအိမ်သို့သွား၍ ကလိမ်ကကျစ် ဆင်ရန်ပင် ကြံစည်ဖူးသော်လည်း လီတာ့ရှန်း၏ နှောက်ယှက်မှုကြောင့် အစီအစဉ် ပျက်ပြားခဲ့ရသည်။

'ဒါပေမဲ့ လီတာ့ရှန်း ခြောက်လိုက်တဲ့ အကွက်က တော်တော် ထိရောက်သွားတာပဲ'

မည်မျှပင် ကောင်းမွန်သောအစီအစဉ် ဖြစ်ပါစေ... အခြေအနေ ပြောင်းလဲမှုများကို မကျော်လွန်နိုင်ကြောင်း ဤအဖြစ်အပျက်မှာ သက်သေပြနေသည်။

ချန်ချင်းယွီသည် လင်းကျန့်ဝမ်၏ အလုပ်သမားအင်္ကျီအဟောင်းကို ဝတ်ဆင်ထားပြီး မျက်နှာကိုမူ ပဝါဖြင့် စည်းနှောင်ထားရင်း စိတ်ထဲမှ တိုးတိုးရေရွတ်နေမိသည်။

ယခုကဲ့သို့ ဧပြီလ နွေဦးကာလတွင် မျက်နှာကို ပဝါစည်းထားသူဟူ၍ မရှိသလောက် ဖြစ်သော်လည်း ထိုခေတ်ကာလ ပေါ်လစီများ မပြောင်းလဲမီအချိန်အထိ သူမသည် ပူပြင်းလှသော နွေရာသီတွင်ပင် ထိုသို့ ဝတ်ဆင်လေ့ရှိ၏။ သူတစ်ပါး အမြင်ကို သူမ ဂရုမစိုက်ဘဲ မိမိအား မမှတ်မိစေရန်သာ အဓိကထားခြင်း ဖြစ်သည်။ ထူးခြားဆန်းပြားသော ဝတ်စားဆင်ယင်မှုမှာ လူအများအာရုံကို ဆွဲဆောင်နိုင်သော်လည်း သူမသည် မိမိ၏ မူလသဏ္ဍာန်ကို ဖျောက်ဖျက်ရန် အခြားသော ပုံဖျက်နည်းများကိုပါ အသုံးပြုထား၏။

တစ်ထပ်ပြီး တစ်ထပ် ပုံဖျက်လေလေ... ပိုမို ဘေးကင်းလေလေ ဖြစ်ရာ ချန်ချင်းယွီမှာ အလွန်အမင်း သတိကြီးသူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူမသည် ချဲမိသားစု နေထိုင်ရာ တိုက်ခန်းသို့ ရောက်ရှိလာခဲ့၏။ အိမ်အခြေအနေမှာ သိပ်ပြီး အဆင့်မြင့်လှသည် မဟုတ်ချေ။ ၎င်းတို့ မိသားစု၏ အောင်မြင်မှုအားလုံးမှာ ချဲယုံဖုန်းကြောင့် ဖြစ်သော်လည်း ကျန်းယုံဟုန်သည်ကား ၎င်းတို့ကို သဘောကျပုံမပေါ်ပေ။ သားဖြစ်သူမှာ ချမ်းသာသောအိမ်သို့ ကပ်မြှောက် အိမ်ထောင်ပြုခဲ့သော်လည်း မိသားစု၏ အဆင့်အတန်းမှာ မြင့်မားမလာခဲ့ဘဲ စားသောက်စရာ ပေါများရုံမျှသာ အကျိုးအမြတ် ရှိခဲ့ပုံရသည်။

ယခုအခါ ချဲယုံဖုန်းသည် ကွာရှင်းပြတ်စဲပြီးနောက် မိဘအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ချန်ချင်းယွီသည် တိုက်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ပြီး သူတို့အခန်းကို ရှာဖွေတွေ့ရှိသွား၏။ သူတို့မှာ ဒုတိယထပ်တွင် နေထိုင်ကြခြင်း ဖြစ်ပြီး စင်္ကြံလမ်းတစ်လျှောက်တွင် အဘွားကြီးချဲ၏ ဆဲဆိုသံများကို အတိုင်းသား ကြားနေရသည်။ သူမသည် ကျန်းယုံဟုန်ကို ပြင်းပြင်းထန်ထန် ကျိန်ဆဲနေခြင်း ဖြစ်၏။

"အဲဒီ ဖာသည်မကတော့လေ... တခြားမိန်းမတွေက ယောက်ျားတစ်ယောက်တည်းအပေါ် သစ္စာရှိကြတာ။ သူကတော့ အရှက်မရှိတဲ့အပြင် ငါ့သားကိုတောင် အထင်သေးရဲသေးတယ်။ သူက ဘာကောင်မမို့လို့လဲ။ ငါ့သားနဲ့ တန်လို့လား။ အခွင့်အရေး ရတာနဲ့ ချက်ချင်း ကွာရှင်းဖို့ လုပ်တယ်... မိုးကြိုးပစ်လို့ သေလိုက်ပါတော့လား..."

သူမ၏ ကျိန်ဆဲသံများ ရပ်တန့်မသွားဘဲ ဆက်လက် ထွက်ပေါ်နေသည်။

"ဥမအုပ်နိုင်တဲ့ ကြက်မကများ ကောင်းကင်ပေါ် ပျံတက်ချင်နေသေးတယ်။ တကယ့် ဖာသည်မပဲ... ငါ့သားကလွဲရင် ဘယ်သူကများ သူ့ကို သည်းခံနိုင်မှာမို့လို့လဲ။ ကွာရှင်းချင်တယ် ဟုတ်လား... သူကများ ငါ့သားနဲ့ တန်လို့လား..."

သူမ ဒေါသတကြီး ဆဲဆိုနေသော်လည်း မိသားစုဝင်တစ်ဦးမျှ တားဆီးခြင်း မရှိသကဲ့သို့ အိမ်နီးနားချင်းများလည်း ထွက်ကြည့်ခြင်း မရှိကြချေ။ ဤသို့ ဆဲဆိုခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် အားလုံး ယဉ်ပါးနေကြပြီ ဖြစ်ကြောင်း ချန်ချင်းယွီ ခန့်မှန်းမိလိုက်၏။

ချန်ချင်းယွီ စင်္ကြံလမ်းတွင် အကြာကြီး ရပ်မနေဝံ့သဖြင့် အိမ်လိပ်စာကို အတည်ပြုပြီးသည်နှင့် အောက်သို့ အလျင်အမြန် ပြန်ဆင်းလာခဲ့သည်။ လောကအလယ်တွင် ကျင်လည်ရန်အတွက် အတတ်ပညာအချို့ လိုအပ်ပေရာ သူမသည် တိုက်ပြင်ပသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီး ရေပိုက်လိုင်းမှတစ်ဆင့် အပေါ်သို့ တွားတက်လိုက်၏။ ဒုတိယထပ်မှာ မမြင့်လှသဖြင့် သူမအတွက် ခက်ခဲမှု မရှိခဲ့ပေ။

သူမသည် နံရံတွင် ကပ်လျက် အခန်းတွင်းသို့ ချောင်းမြောင်း ကြည့်ရှုလိုက်သည်။ ယခင်၌ ချဲမိသားစုအိမ်သို့ တစ်ခါမျှ မရောက်ဖူးခဲ့သော်လည်း ယခု ကြည့်ရသလောက်မူ ၎င်းတို့သည် တော်တော်အတန် ချမ်းသာကြွယ်ဝပုံရ၏။

'ငါ့အတွေးတွေ မှားသွားတာပဲ... ချဲမိသားစုက ကျန်းယုံဟုန်ရဲ့ အရှိန်အဝါနဲ့ အဆက်အသွယ်တွေကြောင့် အတော်လေး အကျိုးအမြတ် ရထားတာပဲ။ ဒါတွေသာ မရှိရင် သူတို့မှာ ဘာအရည်အချင်း ရှိမှာမို့လို့လဲ'

ချဲမိသားစု၏ အိမ်ခန်းမှာ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်း ပါဝင်လေသည်။ ထိုမိသားစုတွင် ချဲယုံဖုန်းအပြင် ဖခင်ဖြစ်သူသာ အလုပ်လုပ်ကိုင်ပြီး၊ ချဲယုံချန်းမှာမူ လစာနည်းပါးလှသည့်အပြင် အိမ်ရာခွဲတမ်းလည်း မရရှိသည့် ယာယီအလုပ်သမားတစ်ဦးမျှသာ ဖြစ်၏။ သို့သော်လည်း သူတို့သည် အိပ်ခန်းသုံးခန်းပါ အိမ်ရာမျိုးတွင် နေထိုင်နိုင်ကြရာ... ၎င်းတို့နောက်ကွယ်တွင် "ကူညီမစမည့်သူ" ရှိနေကြောင်း ထင်ရှားလှပေသည်။

ချန်ချင်းယွီသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း... 'ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေထဲကအတိုင်းပဲ... တစ်ခါတလေကျရင် သူတစ်ပါးရဲ့ အရှိန်အဝါ အနည်းအကျဉ်းကပဲ လူတစ်ယောက်ကို အများထက် ပိုပြီးကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေတာပဲ' ဟု တွေးတောမိ၏။

ထောက်ပံ့ရေးနှင့် သမဝါယမအသင်းမှ အရောင်းစာရေးမလေး ကျန်းယုံဟုန်သည် အရေးမပါလှဟု ဆိုနိုင်သော်လည်း အတွင်းရေးမှူးကျန်း ရှိနေသေးသရွှေ့ အသုံးတည့်နေဦးမည် ဖြစ်သည်။ ချန်ချင်းယွီသည် မျက်လုံးကို အပေါ်သို့ ပင့်လိုက်ရင်း...

'အတွင်းရေးမှူးကျန်းဆိုတဲ့ မြေခွေးအိုကြီးက ဘာလို့ လုံးဝကြီး ပျက်စီးမသွားသေးတာလဲ မသိဘူး။ အခုတော့ ရာထူးကျသလို ဖြစ်နေပေမဲ့ လုံးဝကြီး ပြုတ်သွားတာမျိုးတော့ မဟုတ်သေးဘူး'

မှန်ပေသည်... အတွင်းရေးမှူးကျန်းသည် ယခင်၌ လူအများအား ဒုက္ခပေးရန် အကွက်ဆင်ဖူးသော်လည်း အမှန်စင်စစ်တွင်မူ သူနှင့် ချန်ချင်းယွီတို့သည် ဘာမျှမပတ်သက်ချေ။ သို့သော်လည်း သူတို့မိသားစုသည် ထိုသူ့ထံမှ လက်မှတ် အမြောက်အမြား ရရှိခဲ့ဖူးသည်။ ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိပြီးမှ... 'ဟင်... ငါ အသံမထွက်စေရဘူး' ဟု သတိရကာ ချက်ချင်းပင် ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ရ၏။

သူမသည် နံရံတွင် ကပ်လျက် အခန်းတွင်းသို့ စိုက်ကြည့်နေမိရာ... အခန်းထဲ၌ အဘွားကြီးချဲမှာ ကျန်းယုံဟုန်တစ်ယောက် မိုးကြိုးပစ်၍ သေသွားစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဆိုးမာန်ဆိုး ကျိန်ဆဲနေဆဲ ဖြစ်သည်။

တစ်ဖက်တွင်မူ လီအာယာသည် နေကြာစေ့ကို ဝါးရင်း အဘွားအိုအား လှောင်ပြောင် သရော်သည့် မျက်လုံးများဖြင့် စောင့်ကြည့်နေလေ၏။

ထိုမြင်ကွင်းကြောင့် ချန်ချင်းယွီမှာ ကြောင်အမ်းသွားရသည်။

'အင်... လီအာယာက ချဲယုံချန်းနဲ့ ကွာရှင်းထားတာ မဟုတ်ဘူးလား။ ဘာလို့ အိမ်မှာ ရှိနေသေးတာလဲ'

ချန်ချင်းယွီတစ်ယောက် တွေးတော၍ မပြတ်သေးမီမှာပင် လီအာယာသည် ချဲယုံဖုန်း အနားသို့ ကပ်သွားပြီး မျက်နှာချိုသွေးသော အပြုံးဖြင့်...

"ယုံဖုန်း... အမေ ကျိန်ဆဲနေတာကိုလည်း ကြည့်ပါဦး။ သူများကို ပြစ်မှားမိမှာ မကြောက်ဘူးလား မသိဘူး"

ချဲယုံဖုန်းသည် နားထင်ကို ပွတ်သပ်ရင်း...

"အမေ... တော်ပါတော့"

သို့သော် အဘွားကြီးချဲမှာ အော်ဟစ်ကာ

"ဘာကို တော်ရမှာလဲ။ အဲဒီ ဖာသည်မကို ငါ ကျိန်ဆဲလို့ သေသွားစေချင်တာ။ မင်းက သူ့အတွက်နဲ့ ဒီလောက်တောင် အပြစ်တွေ ခေါင်းခံပေးခဲ့ရတာကို သူက အခုလို ဖြတ်ခနဲ ကွာရှင်းသွားတယ် ဟုတ်လား။ သူ လူစိတ်ရှိသေးရဲ့လား။ မရဘူး... သူ ငါတို့ကို ပြန်ပေးရမယ်၊ လုံးဝ ပြန်လျော်ပေးရမယ်..."

ချဲယုံဖုန်း စိတ်ပျက်လက်ပျက်ဖြင့်...

"အမေက ဘာတွေ လျှောက်ပြောနေတာလဲ။ တကယ်လို့ ဒုက္ခရောက်ချင်ရင်တော့ သွားပြီး ရန်ပွဲရှာလိုက်လေ။ အဆုံးသတ်မှာ သူ ဒုက္ခရောက်မှာလား၊ ကျွန်တော်တို့ ဒုက္ခရောက်မှာလားဆိုတာ ကြည့်ရတာပေါ့"

"သူ့အဖေလည်း ရာထူးက ဆင်းသွားပြီပဲ... သူက ဘာမို့လို့လဲ"

အဘွားကြီးချဲ ပြန်လည် အော်ငေါက်ပြန်သည်။

ချဲယုံဖုန်းမှာ မိခင်ဖြစ်သူ၏ အပြုအမူကြောင့် လုံးဝ စကားဆွံ့အသွားရပြီး... 'အမေ့ဦးနှောက်ထဲမှာ ကျောက်ခဲတွေပဲ ပြည့်နေတာလား' ဟု စိတ်ပျက်စွာ တွေးတောရင်း...

"အမေ ဘာမှ နားမလည်ပါဘူး။ ကဲ... တော်တော့၊ ဘာမှ ဆက်မပြောနဲ့တော့"

ထိုအခါ ချဲယုံချန်း ဝင်ရောက်မြှောက်ထိုးပင့်ကော် လုပ်ပြန်သည်။

"အစ်ကို... အစ်ကိုက သိပ်ပြီး သတိကြီးလွန်းနေတာ။ အဲဒီမိန်းမက လျှောက်ရှုပ်လို့ ကလေးမရနိုင်တာကို အစ်ကို့ကို လာလွှဲချတာ။ သူ့ကြောင့် အစ်ကို ဘာတွေဖြစ်ကုန်ပြီလဲ ကြည့်ဦး။ သူ့ဆီက ပိုက်ဆံတောင်းတာ ဘာမှမမှားဘူး။ ပြီးတော့ ပြီးခဲ့တဲ့အချိန်တွေတုန်းကလည်း သူက အစ်ကို့ကို အကာအကွယ်အနေနဲ့ အမြဲသုံးခဲ့တာ။ အစ်ကိုက သည်းခံခဲ့ပေမဲ့ ဘာရလိုက်လဲ။ အခုတော့ အစ်ကို ဒုက္ခရောက်ပြီး နာမည်ပျက်သွားတာနဲ့ သူက ကန်ထုတ်သွားပြီ။ သူက လူမှ ဟုတ်ရဲ့လား။ ငါသာ အစ်ကို့နေရာမှာဆိုရင် သူ့ကို သွားပြီး စာရင်းရှင်းလိုက်ပြီ"

အမေဖြစ်သူမှာ တတွတ်တွတ် ဆူပူနေပြီး၊ ချဲယုံချန်းသည်လည်း ဘေးမှ မြှောက်ပေးနေသဖြင့် ချဲယုံဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ထရပ်လိုက်ကာ...

"ငါ အပြင်ထွက်ပြီး လမ်းလျှောက်ဦးမယ်"

ထိုအခါ ချဲယုံချန်း မျက်လုံးများ တောက်ပသွားပြီး...

"ငါလည်း အစ်ကိုနဲ့ လိုက်ခဲ့မယ်။ ငါတို့ ကျန်းယုံဟုန်ကို သွားရှာကြမလား"

ချဲယုံဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မှားချင်တော့သည်။

'ဒီကောင်က သူတစ်ပါးရဲ့ အသုံးချခံနေရတာကို မသိဘူးလား'

စိတ်ထဲမှ ကျိန်ဆဲမိသော်လည်း ကျန်းယုံဟုန်ကိုမူ သူ မပြစ်မှားဝံ့ချေ။ လူတိုင်းတွင် အပြစ်ကိုယ်စီ ရှိကြရာ၊ တစ်ဖက်တည်းကိုသာ ဖက်တွယ်ထားလျှင် မိမိသာ နာကျင်ရမည်ကို သူ ကောင်းစွာ သိ၏။

ထို့ကြောင့် ချဲယုံဖုန်း အသံမာမာဖြင့် ပြောလိုက်လေသည်။

"ကဲ... ဒါဆိုလည်း ငါနဲ့အတူ အပြင်ထွက်ခဲ့"

အတူတူ အပြင်ထွက်ခြင်းမှာ ညီဖြစ်သူနှင့် စကားပြောဆိုရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။ မိမိ၏ညီမှာ မည်သည့်အတွက်ကြောင့် ဤမျှအထိ ထုံအနုံထူနေရသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။ မိမိ ယခုလို ဘဝပျက်သွားရခြင်း၏ တရားခံအစစ်မှာ ဤညီဖြစ်သူကြောင့် ဖြစ်သည်ကိုမူ သူ ဝန်ခံရပေမည်။

'သူသာ မရှိခဲ့ရင် ငါဟာ အလုပ်ရုံမှူးကောင်းတစ်ယောက် ဖြစ်နေတုန်းပဲ။ ဒါမှမဟုတ်လည်း ရာထူးတက်နေတာ ကြာလှပြီ။ အခုလိုမျိုး... ပြားတစ်ချပ်မှ မရှိတဲ့ ကောင် ဖြစ်မလာပါဘူး'

"ကျွန်မလည်း အတူတူ လိုက်ခဲ့မယ်"

လီအာယာ အလျင်အမြန် ရှေ့သို့ တိုးလာသည်။

"မလိုဘူး"

ချဲယုံဖုန်း ပြတ်ပြတ်သားသား ငြင်းပယ်လိုက်၏။

ထိုအခါ လီအာယာမှာ စိုးရိမ်ပူပန်ဟန်ဖြင့်

"ဒါဆိုလည်း အင်္ကျီလေး ဘာလေး ပိုဝတ်သွားဦးလေ၊ ဒီနေ့ ရာသီဥတုက အေးစိမ့်စိမ့်နဲ့"

"ရတယ်"

ချဲယုံဖုန်း စိတ်မရှည်သံဖြင့် ပြန်ပြောသည်။ ချဲယုံချန်းမှာမူ...

နှာခေါင်းရှုံ့ကာ လှောင်ပြောင်လေ၏။

“ဒီအပျက်မကတော့…”

လီအာယာမှာ ဂရုမစိုက်ဘဲ...

"ငါ့ယောက်ျားအပေါ် ငါ ဘယ်လိုဆက်ဆံဆက်ဆံ... နင့်အလုပ်မဟုတ်ဘူး"

"အရှက်မရှိတဲ့ကောင်မ"

ချဲယုံချန်း ဆိုသော်လည်း လီအာယာသည်ကား မကြောက်မရွံ့ဘဲ နှာခေါင်းတစ်ချက် ရှုံ့ပြလိုက်လေသည်။

ပြတင်းပေါက်အပြင်ဘက်မှ ချောင်းမြောင်းကြည့်ရှုနေသော ချန်ချင်းယွီမှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

'အာ... လီအာယာနဲ့ ချဲယုံချန်းက လင်မယားတွေ မဟုတ်ကြဘူးလား'

'သြော်... သူတို့ ကွာရှင်းထားကြတာပဲ။ ဒါပေမဲ့ လီအာယာက ကွာရှင်းပြီးတာတောင် သူတို့အိမ်မှာ နေနေတုန်းပဲဆိုတာ ထူးဆန်းလှချည်လား… ပိုပြီး ထူးဆန်းတာက သူက ချဲယုံဖုန်းရဲ့ နောက်လိုက်ခွေး ဖြစ်နေတာပဲ။ သောက်ကျိုးနည်း… ဒီမိသားစုကတော့ တကယ့်ကို လှည့်ကွက်တွေ များလှချည်လား’

ချန်ချင်းယွီ စိတ်ပျက်စွာဖြင့် ခေါင်းကို တိတ်တဆိတ် ရမ်းလိုက်ပြီးနောက် ချဲညီအစ်ကိုနှစ်ယောက်နောက်သို့ ချက်ချင်းပင် ထက်ကြပ်မကွာ လိုက်ပါသွားတော့သည်။

သူမသည် ဤလူနှစ်ယောက်အား မည်သို့ မျှားခေါ်ရမည်ကို ကြံစည်နေခိုက်တွင်... ဘာမျှလုပ်စရာမလိုဘဲ အပြင်သို့ ထွက်လာကြသဖြင့်...

'ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ'

ချန်ချင်းယွီသည် နံရံမှ ချက်ချင်း အောက်သို့ လျောဆင်းလိုက်၏။ သူမ၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှသော်လည်း မျက်နှာချင်းဆိုင် တိုက်ခန်းမှ လူတစ်ဦးမှာ မတော်တဆ လှမ်းကြည့်မိရာ ပြတင်းပေါက်တွင် လူတစ်ယောက် ရှိနေသကဲ့သို့ မြင်လိုက်ရသဖြင့် မျက်လုံးကို ပွတ်သပ်၍ သေချာပြန်ကြည့်သည်။

သို့သော်... သေချာကြည့်လိုက်သည့်အခါတွင်မူ မည်သူမျှ မရှိတော့ချေ။ လူမှာ အောက်သို့ ဆင်းသွားပြီ ဖြစ်ရာ ရှိမနေသည်မှာ မထူးဆန်းပေ။

"ငါ မျက်စိမှားတာ ထင်တယ်... နင်ကော ဟိုဘက်နံရံမှာ လူတစ်ယောက် ကပ်နေတာ မြင်လိုက်လား"

"နင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ နံရံပေါ်မှာ လူက ဘယ်လိုလုပ် ရှိမှာလဲ... အိမ်မြှောင်မှ မဟုတ်တာ။ ရှိရင်လည်း သွားမရှုပ်နဲ့... အဲဒါ ချဲမိသားစုအိမ်ဟောင်းပဲ။ အဲဒီအဘွားကြီးက တော်တော် ပြဿနာရှာတတ်တာ။ ငါတို့က စေတနာနဲ့ သွားပြောရင်တောင် သူက ငါတို့ကို ပြန်အမြတ်ထုတ်ဦးမှာ"

"အေးပါ... သိပါတယ်"

ထိုလူနှစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုလိုက်ကြသည်။

ထိုအချိန်တွင် ချန်ချင်းယွီသည် ချဲယုံဖုန်း ညီအစ်ကိုနှစ်ယောက် နောက်သို့ လိုက်ပါနေပြီ ဖြစ်၏။

သူတို့နှစ်ဦး အတူတူ လမ်းလျှောက်လာရင်း ချဲယုံချန်းစိတ်လှုပ်ရှားစွာဖြင့်...

"အစ်ကို... ငါတို့ သွားပြီး စာရင်းရှင်းကြမလို့လား"

ချဲယုံဖုန်း : "ဘာစာရင်း ရှင်းရမှာလဲ။ မင်းက ပြဿနာ ထပ်ရှာချင်နေတာလား။ မင်း ကလေးမဟုတ်တော့ဘူး... ဦးနှောက်လေး ဘာလေး သုံးစမ်းပါ။ ငါ့ကို အမြဲ ဒုက္ခမပေးနဲ့။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ငါ့ဘဝ ဒီလောက် ပရမ်းပတာဖြစ်သွားတာ မင်းကြောင့်"

"အစ်ကိုက ဘာလို့ ငါ့ကို စွပ်စွဲနေတာလဲ"

"ငါက စွပ်စွဲတာ ဟုတ်လား။ လင်းကျန့်ဝမ်ကို မနှိပ်ကွပ်ခဲ့ရင် ငါ အလုပ်ရုံကနေ ရာထူးချခံရပါ့မလား။ ပြီးတော့ ဒီတစ်ခါလည်း မင်းက ဘာတွေ လျှောက်ပြောနေတာလဲ။ ကျန်းယုံဟုန်သာ အဆက်အသွယ်တွေ သုံးပြီး မကူညီခဲ့ရင် ငါတို့အားလုံး ဒုက္ခရောက်

ကုန်မှာ… မင်း ဘာမှကို မသိပါလား။ အဲဒီအဘွားကြီးနဲ့ ပတ်သက်ရတာ ကောင်းတယ်လို့ ထင်နေလား"

ကျန်းယုံဟုန်သည် ယဉ်ကျေးမှုအရ သူ့အပေါ် အနည်းငယ် လိုက်လျောပေးခဲ့သော်လည်း ယခုကဲ့သို့ နာမည်ပျက်သွားသည့်အခါ ရှက်စိတ်ကို မအောင့်နိုင်သဖြင့် သူတို့နှစ်ဦး ချက်ချင်း ကွာရှင်းခဲ့ကြခြင်း ဖြစ်သည်။ ကျန်းယုံဟုန်နှင့် ချဲယုံဖုန်းတို့ ကွာရှင်းလိုက်ခြင်းကြောင့်ပင် လီအာယာသည်လည်း ကွာရှင်းရန် ချက်ချင်း တောင်းဆိုခဲ့ခြင်း ဖြစ်၏။

သူမသည် ချဲယုံချန်းကို ကန်ထုတ်ပြီး ချဲယုံဖုန်းနှင့် ပေါင်းဖက်ချင်နေခြင်း ဖြစ်၏။ ယခုအခါ ချဲယုံဖုန်း အမှန်တကယ် ကွာရှင်းပြတ်စဲသွားပြီ ဖြစ်ရာ သူမသည်လည်း ချက်ချင်းပင် ကွာရှင်းရန် လောဆော်တော့သည်။

"ဒါက ငါ့အပြစ်မှ မဟုတ်တာ... ငါလည်း လမ်းဆုံးနေလို့ ဒေါသထွက်ပြီး လုပ်မိတာပဲ"

ချဲယုံချန်း ဆင်ခြေပေးရာ၊

ချဲယုံဖုန်း ငေါက်ငမ်း၍

"ဒါဆိုရင် ကမ္ဘာတစ်ခုလုံး သိအောင် လျှောက်ပြောရမလား"

"ဒါက ဝမ်ကျန့်ကော် အပြစ်လေ... သူက ငါတို့ကို လှည့်စားခဲ့တာ။ အခြားမြို့ကို သွားပြီးတော့ မုဆိုးမလေးကို ဒေါသပုံချလို့ရတယ်လို့ သူ မပြောခဲ့ရင် ငါတို့က ဘာလို့ သူ့နောက် လိုက်သွားမလဲ။ အခုကျတော့ ငါတို့အပြစ် ဖြစ်ရောလား"

သူသည် ဝမ်ကျန့်ကော်အပေါ် နာကျည်းချက်များဖြင့် ပြောဆိုနေသည်။ ဝမ်ကျန့်ကော်သာ ထိုအဘွားကြီးနှင့် မရှုပ်ခဲ့ပါက သူလည်း ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာမည် မဟုတ်ပေ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အလုပ်ခွင်တွင် လှောင်ပြောင်သရော် ခံခဲ့ရသည့်အပြင်၊ မိမိကိုယ်မိမိလည်း မစွမ်းဆောင်နိုင် ဖြစ်သွားသည်ဟု ခံစားရကာ အလုပ်တွင်လည်း အာရုံမစိုက်နိုင်တော့ချေ။

ချဲယုံချန်းသည် တွေးရင်းတွေးရင်း ပို၍ ဒေါသထွက်လာကာ...

"ဒါတွေအကုန်လုံး ဝမ်ကျန့်ကော်ကြောင့်"

ချဲယုံဖုန်းလည်း နှုတ်ခမ်းကို စေ့ထားရင်း ခေါင်းညိတ်ကာ သဘောတူလိုက်၏။

သူတို့နှစ်ဦးစလုံးမှာ စိတ်မချမ်းမသာ ဖြစ်နေကြသည်။ ချဲယုံချန်းမှာ ဝမ်ကျန့်ကော်အား လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သည်အထိ တတွတ်တွတ် ကျိန်ဆဲနေလေ၏။

ထိုမြင်ကွင်းကို ကြည့်ပြီး ချန်ချင်းယွီမှာ... 'ခွေးအချင်းချင်း ကိုက်နေကြတာပဲ' ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

"ဟော... အစ်ကို၊ ငါ အိမ်သာသွားချင်လို့"

"လာ... သွားမယ်၊ ငါလည်း သွားမယ်"

ထိုအခါ ချန်ချင်းယွီမှာ ကြောင်အမ်းသွားရပြန်သည်။

'ဟင်... ငါက နင်တို့ကို နှိပ်ကွပ်ဖို့ စဥ်းစားနေတာ။ ဒါပေမဲ့ နင်တို့က ဒီလောက်တောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုလို့လား'

'ငါက နင်တို့ကို ဒီနေရာကနေ ဘယ်လိုလှည့်စား ခေါ်ထုတ်ရမလဲတောင် မတွေးရသေးဘူး... နင်တို့ဘာသာ ထွက်လာကြတယ်။ ပြီးတော့ နင်တို့ကို မေ့လဲအောင်ရိုက်ပြီး မစင်ကျင်းထဲ တွန်းချဖို့ ကြံနေတုန်းရှိသေးတယ်... နင်တို့က အိမ်သာသွားဖို့ ကိုယ်တိုင် ဆန္ဒပြုနေကြပြီ'

'နင်တို့ ဒီလောက်တောင် ပူးပေါင်းဆောင်ရွက် တတ်တာလား။ မသိတဲ့လူဆိုရင် ငါနဲ့ လျှို့ဝှက်ပူးပေါင်းထားတယ်လို့ ထင်ရက်စရာပဲ'

ချန်ချင်းယွီသည် စိတ်ထဲမှ တိုးတိုးရေရွတ်ရင်း သူတို့နောက်သို့ ပြတ်ပြတ်သားသား လိုက်သွား၏။

စင်္ကြံလမ်းတွင် ချဲယုံချန်းမှာ ညည်းတွားကာ

"တောက်... အဲဒီ တိုင်းရင်းဆေးရည်က ဘာတွေလဲ မသိပါဘူး။ သောက်ပြီးတိုင်း ဆီးခဏခဏ သွားချင်တယ်။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ သွားနေရတယ်"

ချဲယုံဖုန်း : "ငါလည်း အတူတူပဲ။ ဒါပေမဲ့ ဆရာဝန်ပြောတော့ ဒီဆေးက အစာအိမ်နဲ့ အူလမ်းကြောင်းကို နည်းနည်း လှုံ့ဆော်မှုဖြစ်စေလို့ ဝမ်းအနည်းငယ် သွားတတ်တယ်... အဲဒါ ပုံမှန်ပဲတဲ့"

ချဲယုံချန်း : "အမေ ရှာလာတဲ့ အဲဒီ မြန်မာ့ရိုးရာဆေးနည်းက တကယ်ကော အစွမ်းထက်ရဲ့လား မသိဘူး..."

ထိုစကားများကို ကြားရသောအခါ ချန်ချင်းယွီမှာ ဆွံ့အသွားရကာ

'အင်း... နင်တို့နှစ်ယောက်ကတော့ ကိုယ့်ထိုက်နဲ့ကိုယ် ကံပဲ။ ဒါပေမဲ့ သေချာစဥ်းစားကြည့်ရင်လည်း မဆန်းပါဘူး... အဲဒီ အဘွားကြီးချဲကလည်း ကြည့်ရတာနဲ့တင် ထူးဆန်းတဲ့လူတစ်ယောက် ဖြစ်နေတာပဲ'

‘တကယ့် သောက်ကျိုးနည်း မိသားစု’

ထိုသူနှစ်ဦးသည် လမ်းဘေးရှိ အများသုံးသန့်စင်ခန်းအတွင်းသို့ ဝင်သွားကြရာ၊ ချန်ချင်းယွီသည်လည်း ယောကျ်ား မိန်းမဟူ၍ ခွဲခြားမနေတော့ဘဲ နောက်မှ တိတ်တဆိတ် လိုက်ဝင်သွားလေသည်။ ထိုညီအစ်ကိုနှစ်ဦး အဝတ်အစား ချွတ်တော့မည့်ဟန်ကို မြင်သည်နှင့် သူမသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး... တွေဝေတုံ့ဆိုင်းမနေဘဲ နှစ်ယောက်စလုံးကို ဖြတ်ခနဲ ကန်ထည့်လိုက်တော့သည်။

ခွမ်း...

ဘုန်း...

ချဲညီအစ်ကိုနှစ်ဦးမှာ သတိမထားမိလိုက်ဘဲ... နောက်ကျောဘက်မှ ပြင်းထန်လှသော ကန်ချက်တစ်ခု မိမိတို့ ဖင်ပေါ်သို့ ကျရောက်လာသည်ကိုသာ ခံစားလိုက်ရပြီး... "အမေရေ... သေပါပြီ..." ဟု ပြိုင်တူ အော်ဟစ်ကာ အိမ်သာကြမ်းခင်းပျဉ်ပြားကို ရိုက်ခတ်လျက် အောက်သို့ ပြုတ်ကျသွားကြ၏။

"အားးး... ဘယ်ကောင်လဲဟ......"

"တောက်... အောက်တန်းစားကောင်..."

သူတို့နှစ်ဦးသည် ယခုကဲ့သို့ ပြုတ်ကျလိမ့်မည်ဟု အိပ်မက်ပင် မက်မက်ဖူးသဖြင့် အသံကုန် အော်ဟစ်ဆဲဆို လိုက်ကြ၏။ ချဲညီအစ်ကိုနှစ်ဦးမှာ ထိုသို့သော ဘေးဒုက္ခမျိုး ကြုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြကာ... အညစ်အကြေးများ တစ်ကိုယ်လုံး ပေပွလျက် အဆက်မပြတ် အော်ဟစ် ငိုယိုနေကြတော့သည်။

"ကယ်ကြပါဦးဗျို့..."

"ဘုရားရေ... ကယ်ပါဦး..."

"ကယ်ကြပါဦး..."

ချန်ချင်းယွီသည် ပြစ်မှုကျူးလွန်သူ ဖြစ်သော်လည်း ရှေ့သို့ ဆက်မတိုးဝံ့ချေ။ အကြောင်းမှာ ရွံရှာဖွယ်ကောင်းလွန်းလှ၍ပင်။ သူမသည် မကောင်းမှု ပြုဝံ့သော်လည်း ဤမျှ ပျို့အန်ချင်စရာကောင်းသော အခြေအနေကိုမူ မခံစားနိုင်ပေ။

သူမ မိမိကိုယ်ထဲမှပင် အနံ့အသက်များ ထွက်နေသကဲ့သို့ ခံစားရသဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လူကို ကန်ချပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူမသည် တစ်ချက် လှမ်းကြည့်ပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ခပ်လှမ်းလှမ်းသို့ ပြေးထွက်သွားတော့သည်။

'မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး... မြန်မြန် ပြေးမှ...'

ချန်ချင်းယွီ သန့်စင်ခန်းထဲမှ ထွက်လာပြီးသည့်တိုင်အောင် ခြေလှမ်းကို မရပ်ဘဲ... "ရွံစရာကြီး၊ တကယ် ရွံစရာကြီး" ဟု ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေမိ၏။ သူမ ပြေးထွက်လာခဲ့စဥ် နောက်ကွယ်တွင်မူ ချဲညီအစ်ကိုနှစ်ဦး၏ အော်ဟစ်ညည်းတွားသံများ လေထဲတွင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့လေသည်။

"ဘာဖြစ်တာလဲဟ။ ညကြီးမင်းကြီး ဘာတွေ ဆူညံနေတာလဲ"

"တစ်ယောက်ယောက် ကယ်ပါဦးလို့ အော်နေသံ ကြားတယ်မလား"

"ဒီနေ့က ချင်းမင်းပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) နေ့လေ... အိမ်ထဲမှာပဲ နေတာ ပိုမကောင်းဘူးလား"

"ငါတို့ နားကြားမှားတာလည်း ဖြစ်နိုင်တာပဲ"

ချင်းမင်းပွဲတော်နေ့ ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေရာ... အပြင်ဘက်မှ အော်ဟစ်သံများကို ကြားရသော်လည်း လူတိုင်း အပြင်သို့ ထွက်ရန် တုံ့ဆိုင်းနေကြသည်။ ထိုကဲ့သို့သော နေ့ရက်မျိုးသည် လူကို အနည်းငယ် ထိတ်လန့်စရာ ကောင်းစေ၏။ ချဲညီအစ်ကိုနှစ်ဦးမှာမူ အိမ်သာလာရုံမျှဖြင့် ဤမျှကြီးမားသော ဘေးဒုက္ခနှင့် ကြုံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြချေ။

"ကယ်ကြပါဦး... ကယ်ကြပါဦး..."

ထိုလူနှစ်ဦးသည် အညစ်အကြေးတွင်းထဲတွင် ပေတလူးတုန်ရီလျက် အော်ဟစ်နေကြသည်။ ချဲယုံဖုန်းခမျာ မိမိကိုယ်မိမိ ငပိသိပ် ဆားသိပ် ခံထားရသကဲ့သို့ ခံစားနေရသဖြင့် ဒေါသတကြီးဖြင့်...

"မလှုပ်နဲ့တော့၊ မင်း လှုပ်လိုက်ရင် ငါ့အပေါ် လာစင်ကုန်ပြီ..."

ချဲယုံချန်းလည်း မခံမရပ်နိုင်ဖြစ်ကာ...

"အစ်ကိုကလည်း လျှောက်ပြောနေတာပဲ။ ဘာလို့ ငါ့ကိုချည်း အပြစ်ပုံချနေတာလဲ။ အစ်ကိုလည်း ပြုတ်ကျတာပဲ မဟုတ်ဘူးလား။ အားးး..."

"ငါ့အပေါ် လာမလဲနဲ့..."

"အစ်ကိုကသာ လာမလဲနဲ့..."

သူတို့နှစ်ဦးမှာ ခွေးအချင်းချင်း ကိုက်သကဲ့သို့ ဖြစ်နေကြပြီး ယခုအချိန်တွင် ညီအစ်ကို သံယောဇဉ်ဟူ၍ အစအနပင် မကျန်တော့ချေ။ ချဲယုံဖုန်းသည် ချဲယုံချန်းအား မိမိကိုပါ ဆွဲချသည့် နတ်ဆိုးတစ်ကောင်၊ ဖျက်ဆီးမည့်သူတစ်ဦးအဖြစ် ပြင်းပြင်းထန်ထန် သံသယဝင်နေမိသည်။

ချဲယုံချန်းမှာလည်း အရာရာတိုင်းမှာ အစ်ကိုဖြစ်သူကြောင့် ဖြစ်ရသည်ဟု တွေးကာ မကျေမနပ် ဖြစ်နေဆဲပင်...

"ကယ်ကြပါဦး... တစ်ယောက်ယောက် လာကယ်ကြပါဦး..."

မည်သို့ပင်ဖြစ်စေ... သူတို့ လာကယ်ရန် အော်ရမည် မဟုတ်လော့…

ယခုအချိန်တွင်မူ ချဲယုံချန်းသည် သူ၏ ယောက္ခမဟောင်းနှင့် ဇနီးဟောင်းတို့ ခံစားခဲ့ရမည့် မျှော်လင့်ချက်မဲ့မှုကို ကောင်းစွာ နားလည်သွားရရှာသည်။

"ကယ်ကြပါဦး..."

"တောက်... ဘယ်အောက်တန်းစားက ငါ့ကို အခုလို လုပ်တာလဲ။ ငါ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

ကာယကံရှင်များ ဖြစ်ကြသည့်အလျောက် သူတို့ကို တစ်ယောက်ယောက် ကန်ချလိုက်ခြင်း ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိကြ၏။

"ဒီလို ရက်စက်တဲ့ကောင်... ဘယ်သူလဲဆိုတာ သိလို့ကတော့ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မင်း စောင့်နေလိုက်... မင်း စောင့်နေလိုက်၊ ငါ မင်းကို သတ်ပစ်မယ်..."

"အောက်တန်းစားကောင်။ ဘယ်ကောင်လဲဟ......"

သူတို့နှစ်ဦးသည် အော်ဟစ်ရင်း၊ ပျို့တက်ရင်းဖြင့် ရွံရှာနေကြ၏။ သူတို့ခမျာ တကယ်ပင် အန်ချင်စိတ် ပေါက်နေကြပြီ ဖြစ်သည်။

ချန်ချင်းယွီမှာမူ ဝေးလံသောနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ဘာမျှမကြားရတော့ချေ။ အခြားသူများမှာမူ တွေဝေတုံ့ဆိုင်းစွာဖြင့် ထွက်လာကြပြီး အများသုံးအိမ်သာကို သံသယမျက်လုံးများဖြင့် ကြည့်ကာ...

"အဲဒီအသံက အိမ်သာထဲက ထွက်လာတာမလား"

"တစ်ယောက်ယောက် အိမ်သာကျင်းထဲ ပြုတ်ကျသွားတာတော့ မဟုတ်ပါဘူးနော်"

"ဒီလောက်အထိတော့ မဆိုးလောက်ပါဘူး"

လူအများမှာ ဝေခွဲမရ ဖြစ်နေကြသည်။

ထိုအချိန်တွင် ချဲယုံချန်း အော်ဟစ်ကာ

"ကယ်ကြပါဦး... ငါတို့ အိမ်သာကျင်းထဲ ပြုတ်ကျနေလို့ပါ..."

ချဲယုံဖုန်း : "ပါးစပ်ပိတ်ထားစမ်း... ဒါက ဂုဏ်ယူစရာမို့လို့ လျှောက်အော်နေတာလား"

"အစ်ကိုကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့ မအော်ရင် ဘယ်သူက လာကယ်မှာလဲ။ အစ်ကိုကတော့ ဒီအညစ်အကြေးတွင်းထဲမှာ ပျော်နေမှာပေါ့... ငါကတော့ မပျော်ဘူး... ကယ်ကြပါဦး... ဒီချီးတွင်းထဲကနေ ကယ်ကြပါဦး... အစ်ကို... ဒါ အစ်ကို ရန်ရှာထားတဲ့သူ လုပ်တာ သေချာတယ်။ အစ်ကို လုပ်တာ သေချာတယ်..."

ချဲယုံဖုန်းလည်း ဒေါသအရှိန် မြင့်တက်လာပြီး...

"မင်း လုပ်တာ သေချာတာပါ..."

"အစ်ကို လုပ်တာ..."

"မင်း လုပ်တာ..."

ထိုလူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အပြစ်လွှဲချနေကြသည်။ အတန်ကြာပြီးနောက် ချဲယုံချန်း အော်ဟစ်ကာ

"ငါ သိပြီ၊ ငါ သိပြီ... ဒါ ဝမ်ကျန့်ကော် လုပ်တာ သေချာတယ်။ ငါ သိတယ်... ဝမ်ကျန့်ကော်ပဲ ဖြစ်ရမယ်။ သူက ငါတို့ကြောင့် သူပါ ဆွဲချခံရတယ်လို့ ခဏခဏ ပြောနေတာ။ သူ ကွာရှင်းတုန်းကလည်း ငါတို့ကို မုန်းနေခဲ့တာ။ သူ့မိန်းမက သူ့ဆီက ပိုက်ဆံတွေ အများကြီး တောင်းသွားတယ်လို့လည်း ငါ ကြားတယ်။ သူကလွဲရင် ဘယ်သူ ရှိဦးမှာလဲ။ သူပဲ... သူ လာကလဲ့စားချေတာ သေချာတယ်။ ငါတို့ လောလောဆယ် ဘယ်သူ့ကိုမှ မပြစ်မှားထားဘူး"

ထိုစကားကို ကြားသောအခါ ချဲယုံဖုန်းလည်း သဘောတူလိုက်မိ၏။ စင်စစ်လည်း သူတို့သည် လတ်တလော၌ မည်သူ့ကိုမျှ သွားရောက် မပတ်သက်ခဲ့ကြပေ။

သူတို့သည် ချန်ချင်းယွီကိုမူ လုံးဝ သံသယမဝင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ သူမအပေါ် မကောင်းကြံရန်သာ စဥ်းစားနေကြဆဲဖြစ်ပြီး၊ ချန်ချင်းယွီအနေဖြင့် ဤကိစ္စကို သိရှိနိုင်စရာ အကြောင်းမရှိဟု ထင်မှတ်ထားသောကြောင့်တည်း။ သူမ မသိလျှင် အဘယ်ကြောင့် လာရောက် ကလဲ့စားချေပါမည်နည်း။ သိလျှင်ပင် သူမတွင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိလိမ့်မည်မဟုတ်ဟု သူတို့ တွေးကြသည်။ ထို့ပြင် သူတို့အချင်းချင်းလည်း ဤနှစ်များအတွင်း ဆက်ဆံရေး မရှိခဲ့ကြပေ။

ထို့အတူ မုဆိုးမလေး၏ မိသားစုလည်း မဖြစ်နိုင်ရာ... သူတို့ လတ်တလော ပြစ်မှားမိခဲ့သူမှာ ဝမ်ကျန့်ကော် တစ်ယောက်သာ ရှိတော့သည်။

"အဲဒီအောက်တန်းစား ဝမ်ကျန့်ကော်... တကယ့် တိရစ္ဆာန်ပဲ... ဒါတွေအကုန်လုံး သူ့အပြစ်တွေ..."

"ငါ အပေါ်ရောက်တာနဲ့ ကြည့်ဦးမယ်... ငါ အပေါ်ရောက်တာနဲ့... သူတို့ကို ဒီအတိုင်း လွှတ်မထားဘူး... အဲဒီကောင်ကို ငါ သေချာပေါက် ပညာပေးရမယ်... သူ့ကိုလည်း ဒီအညစ်အကြေးတွင်းရဲ့ အရသာကို မြည်းစမ်းစေရမယ်... အားးး... အမေရေ... ကယ်ပါဦး..."

သူတို့နှစ်ဦး အော်ဟစ်နေကြစဥ် နောက်ဆုံးတွင် လူအချို့ ရောက်ရှိလာကြသည်။

"ဘုရားရေ... နင်တို့ ဘာလုပ်နေကြတာလဲ..."

"ကယ်ကြပါဦး... တစ်ယောက်ယောက် ငါတို့ကို တွန်းချလိုက်တာပါ။ အဲဒီ အောက်တန်းစား ဝမ်ကျန့်ကော် လုပ်တာ... အကုန် သူ့အပြစ်တွေ..."

"ငါတို့ကို ဆွဲတင်ပေးကြပါဦး..."

အခြေအနေမှာ အလွန် ဆူညံပွက်လောရိုက်သွား၏။ ဝမ်ကျန့်ကော်မှာမူ မိမိသည် မတရား အပြစ်ပုံချခံရပြီး ဓားစာခံအကြီးစား ဖြစ်သွားရသည်ကို အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ချဲညီအစ်ကိုများ၏ ရှုထောင့်မှ ကြည့်လျှင်မူ သူတို့၏ သံသယမှာ အတော်လေး ယုတ္တိရှိနေပြန်သည်။

"ဝမ်ကျန့်ကော်... မင်းကိုလည်း အိမ်သာကျင်းထဲ ရောက်အောင် ငါ လုပ်မယ်..."

ချဲယုံချန်း ဝမ်ကျန့်ကော်အား ထပ်တူထပ်မျှ ခံစားစေရမည်ဟု ကြုံးဝါး ကျိန်ဆိုနေလေသည်။

ချန်ချင်းယွီသည် ခွေးအချင်းချင်း ကိုက်ကြရာမှ ယခုကဲ့သို့ မျှော်လင့်မထားသော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤကိစ္စတွင် နောက်ဆက်တွဲ ဇာတ်လမ်းတွဲများ ရှိနေဦးမည်သာ…

သူမမှာ ထိုအကြောင်းများကို လုံးဝ မသိရှိဘဲ နောက်ထပ် ရည်မှန်းချက်ရှိရာ နေရာသို့ ဦးတည်သွားနေပြီ ဖြစ်သည်။ သူမ သွားမည့်နေရာမှာ ချန်မိသားစုအိမ် ဖြစ်၏။

မှန်၏... ချန်မိသားစု ဖြစ်သည်။ ချန်ချင်းယွီသည် ချန်ရိကျွန်းကို သွားရောက်ရှာဖွေရန် ပြင်ဆင်နေခြင်း ဖြစ်၏။

သူမသည် တစ်ညလုံး မနားတမ်း လှုပ်ရှားနေခဲ့ပြီး တစ်နေရာပြီးတစ်နေရာ ကူးပြောင်းနေခဲ့သည်။ အမှန်စင်စစ် ချန်ချင်းယွီအနေဖြင့် ယခုကဲ့သို့ အလောတကြီး လုပ်ရန် မလိုသော်လည်း သူမသည် အခြားနေ့ရက်များထက် ပိုမို ကောင်းမွန်သည်ဟု ထင်ရသော ချင်းမင်းပွဲတော်နေ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် အလျင်အမြန် လျှောက်လှမ်းလာခဲ့ပြီး ချန်မိသားစု နေထိုင်ရာ တိုက်ခန်းအဆောက်အအုံသို့ မကြာမီ ရောက်ရှိလာခဲ့၏။

စဥ်းစားကြည့်လျှင်... သူမ၏ မိထွေးပါ အစ်မသည် ဤနေရာတွင် နေထိုင်နေဆဲ ဖြစ်မလားဟု တွေးမိသည်။ ယွီမေကျွမ်း မြို့ပေါ်သို့ ပြန်ရောက်လာကတည်းက သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေး များများစားစား မရှိခဲ့ကြပေ။

ချန်ချင်းယွီ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ချန်မိသားစု တိုက်ခန်းရှိရာ အပေါ်သို့ မော့ကြည့်လိုက်သည်။

သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဂုန်နီအိတ်တစ်

အိတ်ကို ထုတ်လိုက်၏။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဘွားကြီးကျောက် ချုပ်လုပ်ပေးထားခဲ့သော မိုးကာအင်္ကျီ ဖြစ်ပြီး၊ ချန်ချင်းယွီသည် သရဲခြောက်သည့် ပုံပြင်များ ဖန်တီးရာတွင် အမြဲ အသုံးပြုလေ့ရှိသော်လည်း မသုံးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းအား ပြန်လည် အသုံးပြုရတော့မည် ဖြစ်သည်။

ချန်ချင်းယွီသည် မိုးကာအင်္ကျီကို ဝတ်ဆင်လိုက်ပြီး တည်နေရာကို ခန့်မှန်းကာ ရေပိုက်လိုင်းအတိုင်း အပေါ်သို့ စတင် တွားတက်လိုက်တော့သည်။

သူမသည်လည်း အိမ်မြှောင်တစ်ကောင်ကဲ့သို့ အစွမ်းပြနိုင်ပေသည်။ ချန်ချင်းယွီသည် ချန်မိသားစု၏ ပြတင်းပေါက်ရှိရာအထိ တွားတက်လာခဲ့ပြီးနောက်... ရေပိုက်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် လက်သီးဖြင့် ပြတင်းပေါက်မှန်ကို ဖြန်းခနဲ လှမ်းထုခွဲလိုက်တော့သည်။

ခွမ်း...

All Chapters