← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇) လက်စားချေခြင်း ၂

ချန်ချင်းယွီ သူမလက်ကိုရွယ်ကာ ဝုန်းခနဲ လှမ်းထိုးလိုက်လေသည်။

ခွမ်း... ဂျွမ်း...။

မှန်ပြတင်းပေါက်ကြီးမှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားတော့၏။

ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့ ဇနီးမောင်နှံမှာ အိပ်မောကျနေကြပြီဖြစ်ရာ စူးစူးဝါးဝါး အသံနက်ကြီး ထွက်ပေါ်လာချိန်၌ ချန်ရိကျွင်းခမျာ ကောင်းကောင်းသတိမလည်သေးဘဲ ယောင်တောင်တောင်ဖြင့် ထထိုင်ကာ ငေးငိုင်နေမိသည်။

“ဘာဖြစ်တာလဲဟင်...”

ခဏအကြာတွင်မှ မျက်နှာတစ်ခုလုံး ကြောက်လန့်တုန်လှုပ်မှုများ ယှက်သန်းလာပြီး

“ငလျင်... ငလျင်လှုပ်တာလား။”

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးတွင်လည်း ၎င်းတို့နေထိုင်ရာ ပေကျင်းမြို့တွင် သိသိသာသာ တုန်ခါမှုကို ခံစားခဲ့ရဖူးသဖြင့် ယခုတိုင် အသည်းစွဲအောင် မှတ်မိနေဆဲ ဖြစ်၏။

သူ ပျာပျာသလဲဖြင့် အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် “ဟီး... ဟီး... ဟီး...” ဟူသော ကွဲအက်အက် ရယ်သံဆန်းကြီးကို ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ လှမ်းအကြည့်... ပြတင်းပေါက် အပြင်ဘက်တွင် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရလေသည်။ ယခုအချိန်မှာ သန်းခေါင်ယံ အချိန်မတော် ဖြစ်သည့်အပြင် ကောင်းကင်တစ်ခုလုံးလည်း တိမ်တိုက်များ အုပ်မှိုင်းနေကာ ကြယ်တစ်ပွင့်မျှပင် မရှိသဖြင့် ပြတင်းပေါက်အပြင်ဘက်မှ အရိပ်မှာ ဝေဝါးမှုန်ရီလျက် ရှိနေ၏။

မြင်နေရသည်မှာ ဖြူဆွတ်ဆွတ် အရိပ်အယောင်တစ်ခုသာ...။

“မင်း... မင်း... မင်းက...”

ချန်ရိကျွင်းမှာ ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားရှာသည်။ ဝေရှု့ဖန်းသည်လည်း နိုးလာခဲ့ပြီဖြစ်သော်လည်း တုံ့ပြန်မှုမှာ ချန်ရိကျွင်းထက် အနည်းငယ် နှေးကွေးနေ၏။ သို့သော် ချန်ရိကျွင်း ကြည့်နေသည့် နေရာသို့ လှမ်းအကြည့်တွင်မူ

“အား... အား... အား... အား...”

သူမ စူးစူးဝါးဝါး အော်ဟစ်လိုက်မိတော့သည်။ သူမ အသံကုန် အော်ဟစ်ကာ

“ပြတင်းပေါက် အပြင်မှာ လူရှိတယ်... ပြတင်းပေါက် အပြင်မှာ လူရှိနေတယ်... အား... မဟုတ်ဘူး... သရဲ... သရဲမ... သရဲမကြီး။”

ချန်ချင်းယွီမှာ ရပ်တန့်ခြင်းမရှိဘဲ ခပ်စူးစူး ခပ်ရှရှ ရယ်သံကြီးဖြင့် မရပ်မနား ရယ်မောနေပြီး အသံကို ပို၍ စူးရှတုန်ခါအောင် လုပ်ကာ

“ချန်ရိကျွင်း... ချန်ရိကျွင်း... နင့်ကြောင့် သေရတဲ့ ငါ့အသက်ကို ပြန်ပေးစမ်း...”

သူမသည် ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများ ကြားသွားမည်ကိုလည်း အနည်းငယ်မျှပင် ဂရုမစိုက်ကာ၊ အသံကို ကျယ်နိုင်သမျှ ကျယ်အောင်၊ စူးရှနိုင်သမျှ စူးရှအောင် အော်ဟစ်နေ၏။

“ချန်ရိကျွင်း... နင့်ကြောင့် သေရတဲ့ ငါ့အသက်ကို ပြန်ပေး...”

ချန်ရိကျွင်းမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေလျက် ထပင်မထနိုင်တော့ပေ။ ဝေရှု့ဖန်းမှာမူ စောင်ပုံထဲသို့ အမြန်တိုးဝင်ကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရင်လျက် ခေါင်းပင် မဖော်ရဲရှာပေ။

“ငါ့အသက်ကို ပြန်ပေးစမ်း... နင်တို့လို ခွေးကောင်၊ ခွေးမ စုံတွဲ... ငါ့အသက်ကို ပြန်ပေးစမ်း...”

မှောင်မည်းနေသော သန်းခေါင်ယံအချိန်၌ ထိုကဲ့သို့ စိတ်ဖောက်ပြန်နေသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံကြီးမှာ နားထဲတွင် ကွဲအက်အက်ဖြင့် ခံရခက်လှသည်။ ချန်ချင်းယွီသည် လက်ကိုမြှောက်ကာ ပြတင်းပေါက်မှန်များကို တစ်ချက်ပြီးတစ်ချက် ဝုန်းခနဲ ထိုးခွဲပစ်လိုက်ရာ မှန်စများမှာ “ခွမ်း... ဂျွမ်း...” အသံများဖြင့် တဖြုန်းဖြုန်း ကွဲကြေကုန်၏။ သူမ အသံကုန် ဟစ်အော်ကာ

“ချန်ရိကျွင်း... ဝေရှု့ဖန်း... နင်တို့ ခွေးစုံတွဲ ငါ့ကို လုပ်ကြံသတ်ခဲ့တာ... ငါ နင်တို့ကို လာရှာမယ်... ငါ နင်တို့ကို အသေသတ်ဖို့ သေချာပေါက် ပြန်လာရှာမှာ...”

သူမ၏ ကိုယ်ပေါ်တွင်တော့ သရဲအယောင်ဆောင်ရန် သီးသန့်လုပ်ထားသည့် “မိုးကာအင်္ကျီ” ကို ဝတ်ဆင်ထားသည်။ ၎င်းမှာ အိတ်ခွံအဖြူဖြင့် ပြုလုပ်ထားပြီး မျက်လုံးနေရာတွင် အပေါက်နှစ်ပေါက် ဖောက်ထားခြင်း ဖြစ်၏။ အကယ်၍ အနီးကပ် ကြည့်ရှုပါက လူမှန်း သိသာလွယ်သော်လည်း ယခုကဲ့သို့ လက်ညှိုးထိုးမမြင်ရအောင် မှောင်မည်းနေသည့် ညဉ့်နက်သန်းခေါင် ဖြစ်နေ၍သာ တော်တော့သည်။

သူမ စိုးရိမ်စိတ် အနည်းငယ်မျှပင် ရှိမနေပေ။

ချန်ချင်းယွီသည် လက်တစ်ဖက်ဖြင့် နံရံရှိ ရေဆင်းပိုက်လိုင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့်မူ “ဒုန်း... ဒုန်း... ဒုန်း...” ဟု တရကြမ်း ထုရိုက်ကာ ချန်ရိကျွင်းတို့အခန်း၏ မှန်ပြတင်းပေါက် အားလုံးကို ရိုက်ခွဲပစ်လိုက်တော့သည်။ သူမသည် အထဲသို့လည်း ဝင်မသွားဘဲ ပြတင်းပေါက်ဝတွင်သာ ဟိုဟိုဒီဒီ လှုပ်ရမ်းနေ၏။

မလှုပ်ရမ်းဘဲ နေ၍လည်း မရချေ။ အကြောင်းကား သူမ၏ ကိုယ်အလေးချိန် တစ်ခုလုံးမှာ လက်တစ်ဖက်တည်း၏ အားအပေါ်တွင်သာ မှီခိုနေရ၍တည်း။

“နင်တို့ ငါ့ကို ဒုက္ခပေးခဲ့တာ... နင်တို့ ငါ့ကို သတ်ခဲ့တာ...”

ချန်ချင်းယွီသည် အသံကုန် အော်ဟစ်ဆဲဆိုနေသဖြင့် တတိုက်လုံးရှိ လူများအားလုံး နိုးလာကြသည်။

ဤမျှ ကျယ်လောင်လှသော အသံကြီးကို မည်မျှပင် အိပ်မောကျနေပါစေဦး…. သေချာပေါက် ကြားရမည်သာ…

ချန်အိမ်ရှိ ကလေးများလည်း ကြားလိုက်ရ၏။ ၎င်းတို့အားလုံးမှာ အိမ်တွင်သာ နေကြသူများ ဖြစ်ရာ မှန်ကွဲသံကြီး ထွက်ပေါ်လာချိန်၌ အလန့်တကြား ဖြစ်သွားကြပြီး ဘာလဲဆိုသည်ကို ထကြည့်ဖို့ မပြင်နိုင်သေးခင်မှာပင် အသံဆန်းကြီး ထွက်ပေါ်လာသည်။ သူတို့အားလုံး စောင်ပုံထဲတွင်သာ ကုန်းကုန်းကွကွဖြင့် ပုန်းအောင်းနေကြပြီး တစ်ယောက်မျှ အပြင်သို့ မထွက်ရဲကြပေ။

သူတို့အိမ်က လေးလွှာမှာလေ... လေးလွှာကြီးမှာ…

ပြတင်းပေါက်အပြင်ဘက်မှာ လူတစ်ယောက် ရှိနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ… အမယ်လေး.. ဗုဒ္ဓေါမြတ်စွာ…

အပေါ်ထပ်၊ အောက်ထပ်ရှိ အိမ်နီးနားချင်းများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ကုတင်ပေါ်တွင် ကွေးနေကြပြီး မလှုပ်ရဲကြချေ။ အပေါ်ထပ်မှ အိမ်နီးနားချင်း အမျိုးသမီးမှာ တိုးတိုးလေး ပြောကာ

“ဘာဖြစ်တာလဲဟင်... ရှင် ဘာသံကြားလဲ။ သမီးအဖေ... ရှင် ကြားတယ်မလား။ အသံကြီး ကြားတယ်မလား။”

ထိုအိမ်မှ ယောကျ်ားဖြစ်သူမှာလည်း ကြောက်လွန်း၍ တဆတ်ဆတ် တုန်နေရင်း

“မကြားဘူး... မကြားဘူး... ငါတို့ ဘာမှမကြားဘူး။ သူက ချန်ရိကျွင်းကို အော်နေတာ... ဟုတ်တယ်... ချန်ရိကျွင်းကို ခေါ်နေတာ။ ငါတို့ သွားမပတ်သက်နဲ့...”

အချို့သော သတ္တိခဲများလည်း ရှိသေးသည်။ ချန်ရိကျွင်းအိမ်၏ အောက်ထပ်မှ အိမ်ရှင်ယောကျ်ားကြီးမှာ အတော်လေး သတ္တိရှိပုံရပြီး အခြေအနေကို ကြည့်ရှုရန် ထိုင်ရာမှ ထလိုက်သော်လည်း ပြတင်းပေါက်နားသို့ မရောက်မီမှာပင် မိသားစုဝင်များမှ ဆွဲထားကြ၏။

“မသွားနဲ့... ဘုရား ရေ... ရှင်ကတော့ သွားမကြည့်ပါနဲ့...”

“အမေ... အစ်ကိုဒုတိယ ကို မြန်မြန်ဆွဲထားဦး... မြန်မြန်... ဒါမျိုးကို သွားကြည့်လို့ မဖြစ်ဘူး...”

“မြန်မြန်... မြန်မြန်ဆွဲ...”

အပေါ်ထပ်၊ အောက်ထပ်ရှိ လူအများစုမှာ စောင်ပုံထဲတွင် ပုန်းနေကြပြီး သွားမကြည့်ရဲကြသော်လည်း မျက်နှာချင်းဆိုင်တိုက်မှ လူအချို့မှာမူ လှုပ်လှုပ်ရှားရှား အသံများကြောင့် ပြတင်းပေါက်မှတစ်ဆင့် မရဲတရဲ လှမ်းကြည့်မိကြရာ

အမယ်လေး…ကွမ်ရင်မယ်တော်… ဘုရားရေ…

သက်ပြင်းချသံများ ထွက်ပေါ်သွားရသည်။

အဝေးက ကြည့်လိုက်ရင် နံရံပေါ်မှာ ဖြူဖြူအရိပ်ကြီး တစ်ခု တွဲလောင်းကျနေသလိုပဲ.…..

“သရဲမကြီး ဗျို့... သရဲမကြီး...”

အမှန်၌ ပုံမှန်လူတစ်ယောက်အနေဖြင့် လက်တစ်ဖက်တည်းသုံးကာ ပိုက်လုံးကို အားပြု၍ မိမိကိုယ်ကို ထိန်းထားနိုင်လိမ့်မည်ဟု မည်သူ တွေးမိမည်နည်း။

“ပါးစပ်ပိတ်ထား... ငါတို့နဲ့ မဆိုင်ဘူး။”

အိမ်တိုင်းစေ့ နိုးလာသူတိုင်းသည် သရဲမကြီး မိမိတို့ထံသို့ ရောက်လာမည်ကို စိုးရိမ်သဖြင့် အိမ်ထဲတွင်သာ ကုပ်ကုပ်လေး ပုန်းနေကြတော့သည်။ ချန်ရိကျွင်း တစ်ယောက် ဘာဖြစ်ဖြစ်... သူတို့နှင့် ဘာမှ မဆိုင်ပေ။

ချန်ချင်းယွီ အတော်အတန် ဆူညံအောင် လုပ်ပြီးနောက် ကြာကြာနေလျှင် အလိမ်အညာ ပေါ်သွားနိုင်သည်ကို သိသဖြင့် အသံကို ပို၍ ကျယ်လောင်အောင် လုပ်ကာ နာကျည်းလွန်းလှသည့် အလား အော်ဟစ်လိုက်၏။

“ငါ သေချာပေါက် ပြန်လာခဲ့မယ်... ချန်ရိကျွင်း... ငါ ပြန်လာခဲ့မယ်... ချန်ရိကျွင်း... ဝေရှု့ဖန်း... နင်တို့ ငါ့အသက်ကို ပြန်ပေးကြစမ်း... အား... အား...”

ထိုစဉ် လေအေးတစ်ချက် ဖြတ်တိုက်သွားရာ ညဘက် ရာသီဥတုမှာ နေ့ခင်းဘက်ထက် ပို၍ အေးစိမ့်လှသည်။ ချန်ချင်းယွီ စူးစူးရှရှ အော်ဟစ်ကာ

“အား... အား... ငါ့အသက်ကို ပြန်ပေး...”

ထိုအချိန်တွင် လျှပ်စီးတစ်ချက် လက်သွားရာ ချန်ရိကျွင်းခမျာ တုန်တုန်ရင်ရင်ဖြင့် ပြတင်းပေါက်ဝတွင် မျက်နှာမရှိသော ဖြူဆွတ်ဆွတ် “လူ” တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရ၏။

“အား... အား... သရဲ... သရဲကြီး...”

သူသည် ကမန်းကတန်း ထထိုင်ကာ “ဝုန်း” ခနဲ တံခါးကို တွန်းဖွင့်ပြီး ဧည့်ခန်းဆီသို့ ပြေးထွက်သွားကာ အပြင်သို့ အတင်းလွတ်အောင် ပြေးတော့သည်။

ချန်ချင်းယွီသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ ပိုက်လိုင်းအတိုင်း အောက်သို့ လျင်မြန်စွာ လျှောဆင်းခဲ့၏။ နေ့ခင်းဘက်၌ တစ်နေကုန် မိုးရွာထားသဖြင့် အပေါ်သို့ တက်စဉ် အနည်းငယ် ချောနေသော်လည်း အောက်သို့ ဆင်းသည့်အခါတွင်မူ အလွန်ပင် မြန်ဆန်လှသည်။ ချန်ချင်းယွီ အောက်သို့ အမြန်ရောက်ရှိသွားပြီးနောက် ချန်ရိကျွင်း ဘယ်ကို ပြေးသွားသည်ကို ဂရုမစိုက်တော့ဘဲ လူနေရပ်ကွက်၏ နံရံတစ်ခုအကွယ်သို့ အမြန်ပုန်းကွယ်လိုက်ပြီး ထိုမှတစ်ဆင့် နံရံကို ကျော်တက်ကာ ထွက်ပြေးလွတ်မြောက်သွားသည်။

အမှန်တကယ်၌ ချန်ချင်းယွီသည် အောက်သို့ ဆင်းလာချိန်တွင် လူတစ်ဦးဦး မြင်သွားမည်ကို စိုးရိမ်ခဲ့မိသော်လည်း မလာခင်ကတည်းက သေချာ တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။ သူမ အနေဖြင့် လျင်မြန်စွာ လှုပ်ရှားနိုင်သရွေ့ အခြားလူများမှာ ပို၍ ကြောက်လန့်သွားကြမည်ဖြစ်ပြီး သူမသည် ပိုက်လိုင်းကို အသုံးပြုနေသည်ဟု တွေးမိကြမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တိုက်အကွာအဝေးအရ အကယ်၍ ပြတင်းပေါက်မှ လှမ်းကြည့်သူ ရှိခဲ့လျှင်ပင် သူမသည် အောက်သို့ အရှိန်အဟုန်ဖြင့် “ပျံဆင်း” သွားသကဲ့သို့သာ မြင်တွေ့ရမည် ဖြစ်သောကြောင့်ပင်။

မျက်စိအောက်တွင် ဘာမှမမြင်ရအောင် မှောင်မည်းနေခြင်းမှာလည်း အားသာချက် တစ်ခု ဖြစ်ပေသည်။

ချန်ချင်းယွီသည် အဘယ်ကြောင့် ယနေ့တွင် အစီအစဉ်များကို တစ်ခုပြီးတစ်ခု ဇာတ်တိုက်ထားသနည်းဆိုလျှင်…

ယနေ့ ရာသီဥတုနှင့် အခြေအနေမှာ အယောင်ဆောင်ရန် အကောင်းဆုံး ဖြစ်နေပြီး ကိစ္စရပ်များကို ဖန်တီးရန် အလွန်ပင် သင့်တော်သောကြောင့်တည်း။

ချန်ချင်းယွီ ချန်ရိကျွင်းကို တကယ်ကြီး ဒုက္ခပေးရန် မရည်ရွယ်ထားသော်လည်း ၎င်းတို့ကို ပညာပေး ခြောက်လှန့်ရန်အတွက်မူ လက်စွမ်းပြရန် လုံလောက်လှပေသည်။ ထို့အပြင် ချန်ရိကျွင်းအနေဖြင့် လူကောင်းယောင်ဆောင်ရန် ဘယ်လိုမှ မကြိုးစားစေရဘဲ ပထမဦးဆုံးအနေဖြင့် သူ၏ ဟန်ဆောင်မျက်နှာဖုံးကို အရင်ဆုံး ခွာချပစ်ရမည် ဖြစ်၏။ ချန်ချင်းယွီ၏ ခေါင်းထဲတွင် အနည်းငယ် ရှုပ်ထွေးနေသော်လည်း လှုပ်ရှားမှုမှာ သွက်လက်မြန်ဆန်လှသည်။ သူမသည် တစ်ချက်မျှပင် မရပ်ရဲဘဲ အိမ်ဆီသို့ ဝူးခနဲ သုတ်ခြေတင် ပြေးခဲ့၏။

သူမသည် လမ်းတစ်လျှောက်တွင် သရဲအယောင်ဆောင်ရန် ဝတ်ဆင်ထားသည့် မိုးကာအင်္ကျီကို ချွတ်ကာ ရင်ခွင်ထဲသို့ လိပ်ထည့်ထားခဲ့ပြီး အိမ်သို့ ရောက်အောင် မောဟိုက်နေလျက် အပြင်းနှင် ပြေးလာခဲ့သည်။

အမှန်၌ သူမသည် လူသာ အမောခံနိုင်သော်လည်း ယခုကဲ့သို့ မောနေရခြင်းမှာ စိုးရိမ်စိတ်ကြောင့် ဖြစ်၏။

လီတာ့ရှန်းကို ဒုက္ခပေးစဉ်၌ သရဲအယောင်ဆောင်ခဲ့ဖူးသော်လည်း ထိုစဉ်၌ အနည်းငယ်မျှပင် မစိုးရိမ်ခဲ့မိချေ။ လီတာ့ရှန်းမှ။ ခြံဝန်းကျယ်ကြီးထဲတွင် နေထိုင်ခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ လေးလွှာအမြင့်ကြီး ဖြစ်သည်။ အတက်အဆင်း လုပ်ရသည်မှာ အနည်းနှင့်အများ အန္တရာယ် ရှိနေ၏။

ထို့အပြင် လီတာ့ရှန်းဘက်တွင် တိတ်တဆိတ် အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ လူနေရပ်ကွက်တစ်ခုလုံး ကြားအောင် တစ်ကမ္ဘာလုံး သိစေရန် အော်ဟစ်ခဲ့ခြင်း ဖြစ်ရာ သူမ မည်သို့လျှင် မစိုးရိမ်ဘဲ နေနိုင်မည်နည်း။

အမှန်တကယ်၌ သူမသည် သတ္တိခဲကြီးများနှင့် တိုးမိမှာကိုလည်း ကြောက်မိသည်သာ…

သို့သော် ကံကောင်းထောက်မစွာဖြင့် အရာအားလုံး အဆင်ပြေချောမွေ့သွားခဲ့သည်။

ချန်ချင်းယွီ တစ်လမ်းလုံး ပြေးလာပြီး အိမ်အနီးသို့ ရောက်ရှိချိန်တွင် လျှပ်စီးလက်ကာ မိုးခြိမ်းသံများနှင့်အတူ မိုးစက်များလည်း အရှိန်အဟုန်ဖြင့် ထစ်ချုန်းရွာသွန်းလာတော့၏။

ဤသို့ အခြေအနေမျိုးတွင်ပင် သူမသည် ပိုမိုဘေးကင်းစေရန် စက်မှုစက်ရုံဝင်းအတွင်းသို့ သတိကြီးစွာဖြင့် ပတ်ပြေးခဲ့ပြီး နောက်ယောင်ခံလိုက်သူ မရှိကြောင်း သေချာမှ အိမ်သို့ အမြန်ပြန်ခဲ့သည်။

ချန်ချင်းယွီ နံရံကို ကျော်တက်ကာ အထဲသို့ ဝင်လာခဲ့၏။ ဖျောက်ဖျောက်ဖျောက်နှင့် ရွာနေသည့် မိုးသံမှတစ်ပါး အိမ်ဝင်းကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။ ချန်ရိကျွင်းတို့အိမ်ဘက်ရှိ သရဲခြောက်ခြင်းနှင့် နှိုင်းယှဉ်ပါက ဤနေရာလေးမှာ အလွန်ပင် အေးချမ်းလှပြီး အိမ်တိုင်းစေ့ အိပ်မောကျနေကြပြီ ဖြစ်၏။

ချန်ချင်းယွီ၏ တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေခဲ့သော်လည်း သူမ ဂရုမစိုက်ကာ အသံမထွက်အောင် အိမ်ထဲသို့ ဝင်လိုက်ပြီးမှ သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်တော့သည်။

“ဒီနေ့က အစပဲ ရှိသေးတယ်... ချန်ရိကျွင်း... နင် ငါ့ကို စောင့်နေလိုက်စမ်း။”

မိသားစုဝင် အားလုံး အိပ်ပျော်နေကြသဖြင့် ချန်ချင်းယွီသည် ရေနွေးအိုးကို ယူကာ ရေလောင်းပြီး မီးမထွန်းဘဲ အမှောင်ထဲတွင်သာ ကိုယ်ခန္ဓာကို ရေပတ်တိုက်ကာ ခေါင်းကိုလည်း မှောင်မှောင်မည်းမည်းထဲတွင်ပင် လျှော်ပစ်လိုက်သည်။ ရေနွေးဖြင့် ရေပတ်တိုက်ပြီးနောက် ခပ်ထူထူ ဆောင်းဦးပေါက်ဝတ် အတွင်းခံဘောင်းဘီနှင့် အင်္ကျီကို လဲလှယ်ဝတ်ဆင်လိုက်မှသာ တစ်ကိုယ်လုံး အတန်ငယ် နွေးထွေးသွားသည်ဟု ခံစားလိုက်ရ၏။

ဤနေ့တွင် တောင်ပေါ်သို့ သွားကာ အချိန်အကြာကြီး လမ်းလျှောက်ခဲ့ရသည့်အပြင် အလုပ်လည်း များပြားလွန်းသဖြင့် အလွန်အမင်း မောပန်းနေကြသောကြောင့် လူကြီးရော လူငယ်ပါ အိပ်မောကျနေကြပြီး အနည်းငယ်မျှပင် နိုးလာမည့် အရိပ်အယောင် မရှိကြချေ။

ချန်ချင်းယွီသည် ခေါင်းကို အဝတ်ဖြင့် ပတ်ထားရင်း ကုတင်ပေါ်သို့ လှဲချလိုက်ရာ ဤအုတ်ကုတင်မှာ နွေးနွေးထွေးထွေး ရှိလှသဖြင့် တကယ့်ကို ကောင်းမွန်လှသည်ဟု တွေးမိသည်။

သူမသည် စောင်ပုံထဲသို့ တိုးဝင်ကာ ရန်သူအချို့၏ ခြောက်ခြားနေသည့် မျက်နှာပျက်ကြီးများကို တွေးတောမိရင်း နှုတ်ခမ်းအစုံမှာ မသိမသာ ကွေးညွတ်ကာ ပြုံးမိ၏။

အပြင်ဘက်တွင်မူ လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေပြီး မိုးမျာဍလည်း ပိုမိုသည်းထန်လာကာ ပြတင်းပေါက်မှန်များကို “ဖျောက်ဖျောက်ဖျောက်” နှင့် လာရိုက်နေသည်။

စျေးစတင် ရောင်းချကတည်းက ချန်ချင်းယွီတို့အိမ်တွင် ကြက်များ မမွေးတော့ကာ အိုးများဖြင့် စိုက်ပျိုးထားသည့် ကြက်သွန်မြိတ်နှင့် ငရုတ်သီးပင်များကိုလည်း မစိုက်တော့သဖြင့် မိုးရွာသော်လည်း အမိုးအကာအောက် ရွှေ့ရမည့်အလုပ်မျိုး မရှိတော့ပေ။

သို့သော် ထိုအပင်များကို မစိုက်တော့သည့်အတွက် ပန်းအိုးကြီးအချို့မှာ အလွတ်အတိုင်း ကျန်ရှိနေ၏။

ချန်ချင်းယွီ ထိုအိုးများထဲတွင် ရှားစောင်းလက်ပတ် သို့မဟုတ် ရှားစောင်းမျိုးများကို ယူကာ စိုက်ပျိုးထားရန် စိတ်ကူးမိသည်။ ပြုစုစောင့်ရှောက်ရန်လည်း သိပ်မလိုကာ ပြတင်းပေါက်အောက်တွင် ထားရှိပါက အိမ်အတွက် ကာကွယ်ရေးအတားအဆီးတစ်ခုလည်း ဖြစ်စေနိုင်၏။

“အင်း... ဒီအကြံ မဆိုးဘူးပဲ။ မနက်ဖြန်ကျရင် စျေးဘက်ကို သွားပြီး ဒီပစ္စည်းတွေကို စုံစမ်းကြည့်ရမယ်...”

ချန်ချင်းယွီမှာ သိပ်မအိပ်ချင်သေးသဖြင့် ချဲညီအစ်ကိုနှစ်ယောက်ကို လူများ လာကယ်ကြပြီလား၊ ချန်ရိကျွင်းဆိုသည့် လူယုတ်မာကြီး ဘာဖြစ်သွားပြီလဲ ဆိုတာကို ထပ်မံ တွေးတောနေမိသည်။

ဘာဖြစ်မလဲ...

ဘာမှ ကောင်းကောင်းမွန်မွန် မဖြစ်နိုင်ပါဘူး…

၎င်းတို့အားလုံး အခြေအနေ မဟန်ကြသည်မှာ အမှန်ပင်။

ချန်ချင်းယွီ ချန်ရိကျွင်းကို ပညာပေးပြီး အိမ်သို့ ချောချောမောမော ပြန်ရောက်လာခဲ့သည်မှာ အချိန်အတော်ကြာ ကုန်လွန်သွားသည့်တိုင် ချဲညီအစ်ကို နှစ်ယောက်မှာမူ မစင်တွင်းကြီးထဲတွင် လက်ပစ်ကူးခတ်နေရဆဲ ဖြစ်ပြီး အပြင်သို့ မထွက်နိုင်ကြသေးချေ။ ထိုနှစ်ယောက်မှာ ထိုနေရာရှိ လူများ မဟုတ်ကြဘဲ လမ်းလျှောက်ထွက်ရင်း ရောက်ရှိသွားခြင်း ဖြစ်သည်။ ထို့ကြောင့် အများသုံးအိမ်သာအနီးရှိ အိမ်နီးနားချင်းများနှင့် မသိကျွမ်းကြပေ။

ယခုခေတ်တွင် လဲ့ဖုန်းစိတ်ဓာတ်ဖြင့် သူတစ်ပါးကို ကူညီစောင့်ရှောက်ကြသည် ဆိုသော်လည်း...

သို့သော်...

ဤကိစ္စမျိုးကိုမူ အခြေအနေကို ခွဲခြားကြည့်ရမည် ဖြစ်သည်။

အကယ်၍ ရေထဲသို့ ပြုတ်ကျခြင်း ဖြစ်ပါက အားလုံး သေချာပေါက် ဝိုင်းဝန်းကယ်ဆယ်ကြမည် ဖြစ်သော်လည်း ယခုကိစ္စမှာ မစင်တွင်းထဲသို့ ပြုတ်ကျခြင်း ဖြစ်ရာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှသည် မဟုတ်လော့။

ပြီးတော့… ကျန်းကျန်းမာမာ ရှိလှသော ယောကျ်ားကြီးနှစ်ယောက်က ဘာဖြစ်လို့ အိမ်သာတွင်းထဲ ပြုတ်ကျရတာလဲ၊ သူတို့က ဘယ်သူတွေလဲ၊ ဘာကြောင့် သန်းခေါင်ယံ အချိန်မတော် အများသုံးအိမ်သာထဲ ရောက်နေရတာလဲ၊ အကယ်၍ သူတို့က လူဆိုးများ ဖြစ်နေလျှင်ကော...။

တစ်ကိုယ်လုံး ညစ်ပတ်ပေရေမှုများကို ခံကာ နောက်ဆုံးတွင် လူဆိုးကို ကယ်တင်မိသလို ဖြစ်သွားလျှင် မခက်ပေလော့။

ထို့ကြောင့် လူအများက တွေဝေနေကြခြင်း ဖြစ်၏။

အတိုချုပ်ပြောရလျှင် ချဲညီအစ်ကိုနှစ်ယောက်မှာ အထဲတွင် ရှိနေဆဲပင်။

၎င်းတို့ကို ကယ်သင့်၊ မကယ်သင့် ဆိုသည့်အချက်နှင့် ပတ်သက်၍ ဝိုင်းကြည့်နေသည့် လူအုပ်ကြီးမှာ မဲခွဲဆုံးဖြတ်ရန် တိုင်ပင်နေကြဆဲ ဖြစ်သည်။

သူတို့အမြင်အရ ထိုတွင်းမှာ အလွန်အမင်း နက်လှသည်မဟုတ်ဘဲ ပြုတ်ကျရုံဖြင့် သေဆုံးသွားနိုင်စရာ မရှိကာ၊ အလွန်ဆုံး ညစ်ပတ်ပေရေရုံသာ ရှိသောကြောင့် အားလုံးမှာ အကြိတ်အနယ် တိုင်ပင်ဆွေးနွေးနေကြလေ၏။

“ကျွန်တော်ကတော့ လူကို ဒီတိုင်း အလွယ်တကူ မကယ်သင့်ဘူးလို့ ထင်တယ်။ သူတို့ ဘာကောင်တွေမှန်း ဘယ်သူသိမှာလဲ။ ကြည့်စမ်း... အိမ်သာပျဉ်ပြားတွေပါ ကျိုးကျသွားတာ၊ တော်တော်အားစိုက်ပြီး ခုန်ချခဲ့ပုံပဲ။ ဒါမှမဟုတ် သူတို့တမင်တကာ လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ မပြောနိုင်ဘူး... သူတို့ မစင်လာခိုးတာလည်း ဖြစ်ရင်ဖြစ်မှာ။”

ဘေးလူတစ်ယောက်၏ စကားကြောင့် တွင်းထဲမှ ချဲယုံဖုန်းမှာ ဒေါသတကြီးဖြင့် အော်ဟစ်လေတော့သည်။

“နင့်မေကလွှားပဲ… မင်းပဲ မစင်ခိုးတာ၊ မင့်တစ်မိသားစုလုံး မစင်ခိုးတာ။ ငါက အဲဒီလောက်အထိ အောက်တန်းကျမယ့်လူမျိုး မဟုတ်ဘူး ဟေ့ကောင်။”

“ဟုတ်တယ်... မင်းတို့လို ကောင်စုတ်တွေ၊ မှတ်ထားလိုက်ကြ။ ငါသာ အပြင်ထွက်လာလို့ကတော့ မင်းတို့ကို ရိုက်သတ်ပစ်မယ်။ လူကိုလည်း မကယ်ရဲဘဲနဲ့၊ ငါတို့ကို မစင်ခိုးတယ်လို့ စွပ်စွဲရဲသေးတယ်၊ မင်းတို့ကို ငါ အလွတ်မပေးဘူး။”

ချဲယုံချန်း ဝုန်းဒိုင်းကြဲကာ အော်ဟစ်နေ၏။

ကောင်းပြီလေ... သူ့ စကားက ပတ်ဝန်းကျင်ကလူတွေ ကို တိုက်ရိုက် စော်ကားလိုက်သလို ဖြစ်သွားခဲ့ရပြီ…

“ကြည့်ကြပါဦး... လူကြီးမင်းတို့ ကြည့်လိုက်ကြပါဦး။ ဒါ ဘယ်လိုလူစားမျိုးလဲ။ ကျွန်တော်က သဘာဝကျကျ သံသယဝင်ရုံတင် ရှိသေးတယ်၊ သူက ကျွန်တော့်ကို ရိုက်သတ်မယ်တဲ့။ ဒါက လူမိုက်ဆန်ဆန် လက်စားချေဖို့ ကြိမ်းဝါးနေတာပဲ။ ဒီလိုလူမျိုးက လူကောင်း ဖြစ်နိုင်ပါ့မလား။ သူတို့ကို လူကောင်းလို့ ခင်ဗျားတို့ ယုံကြသလား။ အနည်းဆုံးတော့ ကျွန်တော်ကတော့ လုံးဝမယုံဘူး။ ပြီးတော့ ကျွန်တော် မစင်ခိုးတယ်လို့ ပြောတာကလည်း အထောက်အထား ရှိလို့ပြောတာ။ ဟိုခွေးမြီးဆွဲလမ်းကြားက မစင်တွင်းတုန်းကလည်း အခိုးခံခဲ့ရဖူးတယ် မဟုတ်လား။ မြို့ပြင်က မိသားစုတစ်စုက သူတို့ဟင်းသီးဟင်းရွက်ခင်း ရေလောင်းဖို့ လာခိုးသွားကြတာလေ။ မစင်ခိုးတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ ကျွန်တော်က ကိုယ့်အမြင်ကို ပြောမိရုံတင်ရှိသေးတယ်၊ သူတို့က ဒေါသတကြီးနဲ့ အရှက်ဆွဲကပ်နေကြပြီ။ ဒီနှစ်ယောက်က လူကောင်းတွေလို့ ကျွန်တော် လုံးဝမယုံကြည်နိုင်ဘူး။”

“ဦးလေးလီ ပြောတာ မှန်တယ်ဗျ။ ကြည့်စမ်း... ဒီနှစ်ယောက် ဘယ်လောက်တောင် ရိုင်းစိုင်းခက်ထန်နေလဲ၊ ဘာကောင်တွေမှန်း ဘယ်သူသိမှာလဲ။”

“မကယ်နဲ့... တကယ်ကို မကယ်နဲ့။ သူတို့ပုံစံက လူကောင်းတွေနဲ့ လုံးဝမတူဘူး။ မဖြစ်သေးပါဘူး... ရပ်ကွက်ရုံးနဲ့ ရဲစခန်းကိုပဲ အကြောင်းကြားရအောင်။ ဒါက ကျွန်တော်တို့ ဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ်တော့ဘူး။ အကယ်၍ သူတို့က လူဆိုးတွေသာ ဖြစ်နေလို့ အပေါ်ဆွဲတင်လိုက်လို့ ထွက်ပြေးသွားရင် ကျွန်တော်တို့က လူဆိုးကို အားပေးကူညီရာ ရောက်သွားမှာပေါ့။”

“ဟုတ်ပ... ဟုတ်ပ... တကယ့်ကို မှန်တယ်။”

တွင်းထဲမှ ချဲညီအစ်ကို နှစ်ယောက်မှာမူ ဒေါသကြောင့် တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ဖြစ်နေကြရ၏။

‘ဒီရပ်ကွက်ထဲမှာ နေတဲ့သူတွေက ဘာဖြစ်လို့ ဒီလောက်တောင် ထုံအနုံချာ အဆင့်အတန်းမရှိတဲ့ ကောင်တွေ ဖြစ်နေရတာလဲ။’

“မင်းတို့တွေ ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ မြန်မြန် ငါတို့ကို အပေါ် ဆွဲတင်ပေးစမ်း။ မြန်မြန်လုပ်။”

ချဲယုံချန်း ဆက်လက်၍

“မြန်မြန်လုပ်ကြစမ်းပါ... မိုးရွာတော့မယ်လေ။ တောက်... မင်းတို့တွေ အခြေအနေကို သိတတ်စမ်းပါ။ မဟုတ်ရင် ငါက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ မင်းတို့အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်ပြီး မှန်ပြတင်းပေါက်တွေ အကုန် ရိုက်ခွဲပစ်မယ်ဆိုတာ ယုံသလား။”

ပတ်ဝန်းကျင်မှ လူများ : “….”

“ဟား….”

ထိုစဉ် သက်ကြီးဝါကြီး ရဲဘော်ဟောင်းကြီးတစ်ဦးမှာ ဒေါသတကြီးဖြင့်

“ဒီကောင်လေးက တကယ့်ကို လူယုတ်မာပဲ၊ မှန်ခွဲမယ် ဟုတ်လား။ မင်းက မှန်တောင် ခွဲချင်သေးတာကိုး။ တကယ့်ကို လူမိုက်ပဲ။ ရဲစခန်းကို တိုင်ရမယ်၊ ရဲစခန်းကို သေချာပေါက် တိုင်ရမယ်။ သူတို့က လုံးဝ သန့်ရှင်းတဲ့လူတွေ မဟုတ်ဘူး။”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။”

“တကယ့်ကို ကိုယ်ကျင့်တရား မရှိတဲ့ ကောင်တွေပဲ။”

ဤ “မှန်ခွဲမယ်” ဆိုသည့် စကားလုံး သုံးလုံးမှာ အတော်လေး ထိရောက်လှပေသည်။ ၎င်းမှာ လူအုပ်ကြီးကို ရုတ်တရက် ဆွပေးလိုက်သလို ဖြစ်သွားပြီး၊ တွင်းထဲသို့ ဆင်းကာ ထိုကောင်ကို ရိုက်သတ်ချင်စိတ် ပေါက်သွားစေ၏။

ချဲယုံဖုန်းသည် မိမိ၏ ညီဖြစ်သူကား စကားနှစ်ခွန်း သုံးခွန်းအတွင်းမှာပင် နောက်ထပ် ပြဿနာရှာလိုက်ပြန်သည်ကို မမျှော်လင့်ထားခဲ့မိပေ။

တကယ့်ကို ပြဿနာကောင်…ချီးပဲ…

သူသည်ကား မီးညှိလိုက်သည်နှင့် တဝုန်းဝုန်း ပေါက်ကွဲတတ်ပြီး၊ ပေါက်ကွဲတိုင်း ပြဿနာတက်တတ်သည့် စရိုက်မျိုးပင်။

“ကျွန်တော်တို့ လူဆိုးမဟုတ်ပါဘူးဗျာ... တကယ် မဟုတ်ပါဘူး။ ကျွန်တော်က စက်မှုစက်ရုံက အလုပ်သမားပါ။ ကျွန်တော်တို့ကို တစ်ယောက်ယောက်က အနောက်ကနေ ကန်ချလိုက်လို့ ပြုတ်ကျသွားတာပါ။ ကျွန်တော်တို့ တကယ့်ကို အပြစ်မဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်ပေးကြပါ။ ကျွန်တော်တို့ ဒီလိုအခြေအနေ ရောက်နေတာတောင် ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်တော့မှာလဲ။ ခင်ဗျားတို့လည်း ကုသိုလ်ယူတဲ့အနေနဲ့ ကယ်တင်ပေးကြပါဦးဗျာ။ ကျွန်တော့်ညီ ဘာမှ လျှောက်မလုပ်စေရဘူးလို့ အာမခံပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ကို တကယ်ကြီး အထင်လွဲနေကြတာပါဗျာ”

ချဲယုံဖုန်းသည် မစင်တွင်းထဲတွင် အတင်းရုန်းကန်နေရပြီး ခေါင်းတစ်ခုသာ အပြင်သို့ ပေါ်နေကာ၊ ရွံရှာလွန်းသဖြင့် နှစ်ကြိမ်တိုင်တိုင် အန်ဖတ်များပင် ထွက်ခဲ့ရပြီ ဖြစ်သည်။

သို့သော်လည်း ဘာတတ်နိုင်ပါမည်နည်း။ သူအနေဖြင့် လူများကို အတင်းအသနားခံကာ အသက်ကယ်ခိုင်းနေရသော်လည်း၊ သူ၏ ထုံအလှသော ညီဖြစ်သူမှာ အနောက်မှ ခြေထိုးပြီး ဒုက္ခပေးနေဆဲ ဖြစ်ရာ တကယ့်ကို အသုံးမကျလှပေ။

“ကျွန်တော်တို့ တကယ်ကြီး မခံနိုင်တော့လို့ပါ... လူကြီးမင်းတို့... ကူညီကြပါဦးဗျာ။ တကယ်ပါ... ကျွန်တော်တို့ လူဆိုးတွေ မဟုတ်ကြပါဘူး။”

“မင်းက မင်းကိုယ်မင်း စက်မှုစက်ရုံကလို့ ပြောတယ်နော်။ ငါလည်း စက်မှုစက်ရုံကပဲ။ မင်းနာမည် ဘယ်လိုခေါ်လဲ ပြောစမ်း။ ငါ သိတဲ့သူလားလို့ စစ်ကြည့်ရအောင်။”

လူငယ်တစ်ယောက်မှာ လှမ်းမေးလိုက်သည်။

ချဲယုံဖုန်း : “...”

မိမိ၏ နာမည်ရင်းကို ထုတ်ပြောဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ အကယ်၍ နာမည်ရင်းကို ပြောလိုက်ပါက….

သူ့နာမည်က ပိုပြီးတော့ အနံ့ဆိုးထွက်သွားမှာပေါ့…

သူ့မှာ အခုတောင် သိက္ခာဆိုတာ မရှိသလောက် ဖြစ်နေပြီကို၊ မိမိကိုယ်ကိုယ် ဒီထက်ပိုပြီး သိက္ခာချရဦးမှာလား…

ချဲယုံဖုန်း တွန့်ဆုတ်သွားခဲ့သည်။ သူ တကယ်ကို တုံ့ဆိုင်းသွားခဲ့ရ၏။

ထိုလူငယ် ချက်ချင်းပင် အော်ဟစ်လိုက်ကာ

“ကြည့်ကြပါဦး... သူ နာမည်တောင် မပြောရဲဘူး။ သူတို့က ဟန်ဆောင်နေတာ သေချာတယ်။ စက်မှုစက်ရုံကလို့လည်း ပြောသေးတယ်၊ အခုတော့ အလိမ်အညာ ပေါ်သွားပြီ မဟုတ်လား။”

“ဘယ်သူက နာမည်မပြောရဲဘူးလို့ ပြောလဲ။ ငါ့အစ်ကို နာမည်က ဝမ်ကျန့်ကော်... သူက ဝမ်ကျန့်ကော်ကွ။”

ချဲယုံချန်း အော်ဟစ်လိုက်သည်။ သူလည်း ထိုအချိန်တွင် နာမည်ရင်းကို မပြောသင့်ဘူးဆိုသည်ကို တွေးမိသွား၏။ အကယ်၍ နာမည်ရင်းကို ပြောလိုက်ပါက တကယ်ကို ပို၍ အရှက်ရစရာ ဖြစ်သွားမည်သာ။ ထို့ကြောင့် ချဲယုံချန်းသည် ရုတ်တရက် ဝမ်ကျန့်ကော်၏ နာမည်ကို တွေးမိသွားခြင်း ဖြစ်သည်။

သူတို့ မစင်တွင်းထဲ ပြုတ်ကျရခြင်းမှာ ဝမ်ကျန့်ကော် လက်ချက်ဟု သူ

တထစ်ချ ဆုံးဖြတ်ထားပြီး ဖြစ်၏။

သူကလွဲရင် ဘယ်သူရှိဦးမှာလဲ…

သူတို့အနေဖြင့် အခြားလူများကို ရန်မရှာချင်သော်လည်း၊ ဝမ်ကျန့်ကော်မှာ ကွမ်ကျိုးကတည်းက သူတို့ကို အပြစ်တင်ခဲ့ပြီး အမြဲတမ်း ကွယ်ရာ၌ မကောင်းကြံတတ်သူ ဖြစ်ရာ~~

သူ... သေချာပေါက် သူပဲ ဖြစ်ရမယ်။

ထို့ကြောင့် ချဲယုံချန်းသည် အရေးကြီးသော အချိန်တွင် ဝမ်ကျန့်ကော်၏ နာမည်ကို အသုံးချကာ သိက္ခာချပစ်လိုက်တော့သည်။

“ငါ့အစ်ကိုက နာမည်မပြောင်း၊ မျိုးရိုးမလဲတဲ့သူပဲ... သူ့နာမည်က ဝမ်ကျန့်ကော်။”

ချဲယုံချန်ဍသည် မိမိကိုယ်ကိုယ် အလွန်တော်သည်ဟု ထင်ကာ ကျေနပ်ပီတိ ဖြစ်နေပြီး၊ အပြစ်ကို ဝမ်ကျန့်ကော်အပေါ် လွှဲချနိုင်ခဲ့သည့်အတွက် တကယ့်ကို ပါးနပ်လွန်းသည်ဟု တွေးနေမိသည်။

‘ဒါမျိုးက သာမန်လူတွေ အလွယ်တကူ တွေးမိမှာ မဟုတ်ဘူး... ငါမို့လို့ တွေးမိတာ။’

ချဲယုံချန်းသည် ဂုဏ်ယူဝင့်ကြွားလွန်းသဖြင့် ခေါင်းကို မော့ကာ နှာခေါင်းကြီးကို အပေါ်သို့ မြှောက်ထားလေတော့သည်။

ထိုလူငယ်သည် ခဏမျှ ကြောင်အသွားပြီးနောက် ဓာတ်မီးကို ယူကာ လှမ်းထိုးကြည့်လိုက်ရာ

“ဝေါ့...။”

တစ်ကိုယ်လုံး မစင်ရေများ ရွှဲနစ်နေသည်မှာ အလွန်တရာကို ရွံရှာဖွယ် ကောင်းလှ၏။

သူသည် နှစ်ချက်ခန့် အော့အန်လိုက်သော်လည်း သတ္တိမွေးကာ ထပ်မံ၍ မီးလှမ်းထိုးကြည့်ပြီးနောက် အော်ဟစ်လိုက်တော့သည်။

“လူလိမ်... သူတို့က လူလိမ်တွေပဲ။ သူတို့ လိမ်ပြောနေတာ။ ကောင်းပြီလေ... ငါ မိသွားပြီ။ ငါ ပြောသားပဲ... သူတို့က လူကောင်းတွေ မဟုတ်ဘူးလို့။ အခုတော့ ဟုတ်နေပြီ မဟုတ်လား။ အားလုံး နားထောင်ကြပါဦး... ဒီကောင်က လူလိမ်ဗျ။ ဒီလူက ဝမ်ကျန့်ကော် လုံးဝမဟုတ်ဘူး။ ကျွန်တော် စက်မှုစက်ရုံကို ရောက်တာ နှစ်နှစ်ပဲ ရှိသေးပေမယ့် ဝမ်ကျန့်ကော်ကိုတော့ မြင်ဖူးတယ်။ ဝမ်ကျန့်ကော်က ရုပ်က ဒီလိုမဟုတ်ဘူး။ ဝမ်ကျန့်ကော်က မျက်နှာလေးထောင့်စပ်စပ်နဲ့ ကတုံးဆံပင်ညှပ်ထားတာ။ ဒီလူက လုံးဝမဟုတ်ဘူး။ ပြီးတော့ ဝမ်ကျန့်ကော်က သူ့ထက်လည်း အသက်ကြီးတယ်၊ ဒီလူက လုံးဝမဟုတ်ဘူးဗျ။”

ဟော...။

ယခုအခါတွင်မူ လူအုပ်ကြီးမှာ ပို၍ပင် သတိကြီးစွာ ထားလိုက်ကြ၏။

အကယ်၍ လူကောင်းသာ ဖြစ်ပါက အဘယ်ကြောင့် အခြားလူ့နာမည်ကို အယောင်ဆောင်ရမည်နည်း။

သေချာပေါက် လူဆိုးပဲ ဖြစ်ရမယ်..

“ကျွန်တော်တို့ စက်ရုံက ဝမ်ကျန့်ကော်က မကြာခင်ကတင် ကိစ္စတစ်ခု ဖြစ်ထားသေးတယ်။ ဟို အဘွားကြီး ကိစ္စလေ... ဒါကြောင့် တစ်စက်ရုံလုံး ဟိုးဟိုးကျော်နေတာ။ ဒီကောင်က သေချာပေါက် အဲဒီအကြောင်း ကြားဖူးလို့၊ အဲဒီလူရှိမှန်း သိလို့ အယောင်ဆောင်တာ ဖြစ်ရမယ်။ အားလုံးပဲ သူ့ကို မယုံကြပါနဲ့။”

“နင်တို့နှစ်ယောက်က တကယ်တော့ ဘယ်သူတွေလဲ... မြန်မြန်ပြောစမ်း။”

“ရှောင်ဝူ... မင်း ရဲစခန်းကို တစ်ခေါက်လောက် အမြန်ပြေးလိုက်စမ်း။ ဒီကိစ္စကို ငါတို့ ပေါ့ပေါ့ဆဆ သဘောထားလို့ မဖြစ်ဘူး၊ ပြီးစလွယ်လည်း ဖြေရှင်းလို့ မရဘူး။”

“ဟုတ်ကဲ့... သွားလိုက်ပါ့မယ်။”

လူကို ကယ်ဖို့လား... မစဉ်းစားနဲ့တော့။

ရဲများ မရောက်မချင်း မည်သူမျှ လူကို ကယ်ဖို့ မဝံ့ရဲကြချေ။ မည်မျှပင် စိတ်နှလုံး နူးညံ့သူ ဖြစ်ပါစေ…

မည်သူမည်ဝါ မသိရ၍ ကူညီရန် ငြင်းဆန်ကြမည်သာ ဖြစ်သည်။

ဝုန်း... ဝုန်း... ဂျိမ်း...။

မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် ပဲစေ့ခန့်ရှိသော မိုးပေါက်ကြီးများက တဖွဲဖွဲ ကျဆင်းလာတော့၏။

“အားလုံးပဲ အိမ်ကို အမြန်ပြန်ပြီး ထီးတွေ သွားယူကြ၊ မိုးကာအင်္ကျီတွေ ဝတ်ကြဦး... သတိထားကြဦးနော်။”

“ဟုတ်တယ်... ကိစ္စမရှိပါဘူး။ သူတို့ ထွက်မပြေးနိုင်ပါဘူး... ဒီလိုပုံစံနဲ့တော့ သူတို့ အပေါ်တက်မလာနိုင်ပါဘူး။”

“ဟုတ်ပ... ဟုတ်ပ...”

မိုးစက်များ တဖျောက်ဖျောက်ဖျောက်နှင့် သည်းထန်စွာ ကျဆင်းလာသဖြင့် လူတိုင်း အိမ်သို့ အသီးသီး ပြေးကြတော့သည်။ ချဲညီအစ်ကို နှစ်ယောက်မှာမူ စိတ်ပျက်လက်ပျက်ဖြင့် စူးစူးဝါးဝါး အော်ဟစ်နေကြရရှာ၏။

“အား... အား... ကယ်ကြပါဦးဗျာ။”

“ဒီမိုးကလည်း ဘာဖြစ်လို့ အခုမှ လာရွာနေရတာလဲ။ ကယ်ကြပါဦးဗျ။”

“ငါတို့ကို အရင် ဆွဲတင်ပေးကြပါဦး... အား... တောက်... ဒီမိုးပေါက်ကြီးတွေကလည်း နာလိုက်တာ...”

“အား... သေတော့မှာပဲ... တောက်...”

လူနှစ်ယောက်မှာ မစင်တွင်းကြီးထဲတွင် ပက်လက်ကူးခတ်နေရသည့်ကြားမှ ယခုကဲ့သို့ ပဲစေ့ခန့်မိုးပေါက်ကြီးများ ကိုယ်ပေါ်သို့ တရစပ် ကျဆင်းလာပြန်ရာ အခြေအနေမှာ ပို၍ သနားစရာ ကောင်းလှပေသည်။ ပို၍ နာကျည်းစရာ ကောင်းသည်မှာ ဘေးလူများထဲမှ တစ်ယောက်မျှ လက်မလှုပ်ကြဘဲ သူတို့ကို အပေါ်ဆွဲတင်ရန် လုံးဝ ငြင်းဆန်နေကြခြင်း ဖြစ်၏။ ချဲယုံဖုန်းမှာမူ ငိုချင်သော်လည်း မျက်ရည်ပင် ထွက်မလာနိုင်တော့ပေ။

သူသည် မျက်စိရှေ့တွင် မိုက်ခနဲဖြစ်သွားပြီး မေ့လဲလုနီးပါး ဖြစ်သွားခဲ့ရပြီး အသံကုန် အော်ဟစ်ဝန်ခံလိုက်မိလေသည်။

“ကျွန်တော် လိမ်ပြောမိပါတယ်... ကျွန်တော်တို့ လိမ်ပြောမိတာပါ။ ကျွန်တော် ဝမ်ကျန့်ကော် မဟုတ်ပါဘူး၊ ကျွန်တော့်နာမည်က ချဲယုံဖုန်း ပါ။ ဒါက ကျွန်တော့်ညီ ချဲယုံချန်းပါ။ ကျွန်တော် တကယ်ပဲ စက်မှုစက်ရုံက အလုပ်သမားပါဗျာ။ နာမည်ရင်းကို မပြောရဲတာက အရှက်ကွဲမှာ ကြောက်လို့ပါဗျ။ ကယ်ကြပါဦး... အသက်ကယ်ကြပါဦး။”

ယခုအချိန်တွင် သိက္ခာထက် အသက်မှာ ပို၍ အရေးကြီးသည် မဟုတ်လော့။

ထို့အပြင် ရဲအရာရှိများ ရောက်လာလျှင်လည်း သူတို့ ဘယ်သူဘယ်ဝါဆိုသည်ကို သေချာပေါက် သိသွားကြမည်ဖြစ်ရာ ဖုံးကွယ်ထား၍ ရမည်မဟုတ်ပေ။

ချဲယုံချန်း ရုန်းကန်ရင်း

“အစ်ကိုကလည်း... အော်ရင် အစ်ကို့နာမည်ပဲအော်ပေါ့၊ ငါ့နာမည်ကို ဘာလို့ ထည့်ပြောရတာလဲ။”

ချဲယုံဖုန်းသည် ဤထုံအလှသော ညီဖြစ်သူကို ဂရုမစိုက်နိုင်တော့ဘဲ ဆက်လက်အော်ဟစ်လေ၏။

“ကျွန်တော့်နာမည်က ချဲယုံဖုန်းပါဗျာ... ဒါက ကျွန်တော့်ညီ ချဲယုံချန်းပါ။”

သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေများကို မျက်နှာမှ သုတ်ပစ်ရင်း ချဲယုံဖုန်းခမျာ

“ကယ်ကြပါဦးဗျို့...”

“မင်းပြောတာ အမှန်လား အမှားလား ဘယ်သူသိမှာလဲ။ ကျွန်တော်တို့ စက်ရုံမှာ ချဲယုံဖုန်း ဆိုတဲ့ လူရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက ဝမ်ကျန့်ကော်နဲ့အတူ ဟိုအဘွားကြီးတွေရဲ့ ကစားခြင်းကို ခံခဲ့ရလို့ တစ်စက်ရုံလုံး ဟိုးဟိုးကျော်နေတဲ့သူလေ။ မင်းက ဝမ်ကျန့်ကော် နာမည်ကို အယောင်ဆောင်လို့မရတော့မှ ချဲယုံဖုန်း နာမည်ကို ထပ်ပြီး အယောင်ဆောင်တာလည်း ဖြစ်နိုင်တာပဲ။”

ထိုစက်မှုစက်ရုံမှ လူငယ်လေးမှာ မိုးခိုရင်း သူတို့ ထွက်မပြေးနိုင်စေရန် သေချာ စောင့်ကြည့်နေဆဲ ဖြစ်သည်။

ချဲယုံဖုန်း : “ဒါဆိုရင် မင်း ငါ့ကို သေချာကြည့်စမ်းပါဦး... ငါ့ကို ကြည့်လိုက်ရင် သိမှာပေါ့။”

လူငယ်လေး : “ကျွန်တော်က ဝမ်ကျန့်ကော်ကို မြင်ဖူးလို့ မင်းက လူလိမ်ဆိုတာ သိတာလေ။ ဒါပေမဲ့ ချဲယုံဖုန်းကိုကျတော့ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ မင်းက နာမည်လိမ် သုံးနေတာလား ဘယ်သူသိမှာလဲ။”

ချဲယုံဖုန်းမှာ ဒေါသ အလွန်ထွက်သွားပြီး

“မင်းက စက်မှုစက်ရုံက ဖြစ်ပြီးတော့ ငါ့ကို ဘယ်လိုလုပ် မမြင်ဖူးရတာလဲ။”

လူငယ်လေး အကွက်ရသွားသည့်အလား ချက်ချင်းပင် လက်ညှိုးထိုးကာ

“ကြည့်ကြပါဦး... သူက အခုထိ ဟန်ဆောင်နေတုန်းပဲ။ ကျွန်တော်တို့ စက်ရုံက လူပေါင်း သောင်းချီရှိတဲ့ စက်ရုံကြီးဗျ။ အလုပ်ရုံချင်းလည်း မတူတာ၊ ကျွန်တော် မင်းကို မသိတာက သဘာဝမကျဘူးလား။ မင်းက ကျွန်တော်တို့ စက်ရုံမှာ လူဘယ်လောက်ရှိမှန်းတောင် မသိဘဲနဲ့... သေချာပေါက် လူလိမ်ပဲ။”

ချဲယုံဖုန်းမှာ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားပြီး ဆဲဆိုလေတော့သည်။

“ငတုံး... မင်းကမှ ငတုံး။ ငါက တကယ့် ချဲယုံဖုန်း အစစ်ကွ၊ အယောင်ဆောင်စရာလား။ အား... အား... သေတော့မှာပဲ... ဒေါသထွက်လို့ သေတော့မှာပဲ။”

ချဲယုံဖုန်း တစ်ယောက် မည်မျှပင် ဒေါသထွက်ကာ အသက်ရှူကျပ်နေသည်ဖြစ်စေ၊ မစင်တွင်းထဲတွင် ရှိနေဆဲဖြစ်ပြီး မည်သူမျှ လာမကယ်ကြသေးပေ။

မိုးသည်လည်း ပို၍ သည်းထန်လာရာ သူသည် စိတ်ပျက်လက်ပျက်ဖြင့်

“အို... ကောင်းကင်ကြီး ရယ်... မတရားလိုက်တာ...”

ချဲယုံချန်းမှာလည်း

“ဝမ်ကျန့်ကော်... မင်းလို ကောင်ယုတ်မာ... ငါတို့ကို ဒီလို ဒုက္ခပေးရဲတယ်ပေါ့။ ငါ နင့်ကို အလွတ်မပေးဘူး။”

ထိုနှစ်ယောက်မှာ မိုးထဲလေထဲတွင် အော်ဟစ်ဆဲဆိုနေကြစဉ် ရဲအရာရှိများ ရောက်ရှိလာကြပြီး အော်ဟစ်မေးမြန်းလိုက်သည်။

“မင်းတို့ ဘယ်သူတွေလဲ။”

ထိုအသံကြီးကြောင့် ချဲညီအစ်ကို နှစ်ယောက်မှာ ဆွေမျိုးရင်းချာကြီးကို တွေ့လိုက်ရသည့်အလား အားရပါးရ ငိုကြွေးကြ၏။

“ရဲဘော်တို့ ရေ... ကယ်ကြပါဦးဗျာ။ ကျွန်တော်တို့ တကယ့်ကို သနားစရာ ကောင်းနေပါပြီ... ဝူး... ဝူး... ဝူး...”

သူတို့နှစ်ယောက်မှာ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်ငိုယိုကာ

“ခင်ဗျားတို့ သာ နောက်ထပ် နည်းနည်းလေး နောက်ကျရင် ကျွန်တော်တို့ မစင်နစ်ပြီး သေတော့မှာဗျ။”

“မြန်မြန်... မြန်မြန် ကျွန်တော်တို့ကို အပေါ် ဆွဲတင်ပေးကြပါဦး။”

ရဲအရာရှိများ သေချာကြည့်လိုက်ပြီးနောက် မအောင့်နိုင်စွာဖြင့် အသားကုန် ရယ်ကြတော့သည်။

“ဟား... ဟား...ဟား”

အမှန်တော့ ကျွန်တော်တို့ ရဲတွေက သာမန်ဆိုရင် နစ်နာသူတွေကို မရယ်တတ်ပါဘူး... မအောင့်နိုင်လို့ ရယ်မိတာပါဗျာ…

ဒါကြိးက ဒါကြီးက.. ရီစရာကြီးဗျ..

ဤနှစ်ယောက်ခမျာ အမှန်တကယ် သနားစရာလည်း ကောင်းကာ၊အလွန်အမင်းလည်း ရွံရှာဖွယ် ကောင်းလှ၏။

တကယ့်ကို နံစော်နေတာပဲ…

သို့သော် ရဲများ ရယ်မောရခြင်းမှာ ရွံစရာကောင်း၍ မဟုတ်ဘဲ... ထိုလူနှစ်ယောက်ကို မှတ်မိသွားသောကြောင့် ဖြစ်သည်။

“မင်းတို့က ချဲယုံဖုန်း နဲ့ ချဲယုံချန်း မဟုတ်လား။”

ချဲယုံဖုန်း : “...ဟုတ်ပါတယ်ဗျာ။”

စက်မှုစက်ရုံမှ လူငယ်လေးမှာ အံ့အားသင့်စွာဖြင့်

“အမလေး... ခင်ဗျားတို့က တကယ်ကြီး ကျွန်တော်တို့ စက်ရုံကပဲကိုး။ ခင်ဗျားက ဟို ချဲယုံဖုန်း ပေါ့လေ။ အားပါးပါး... တကယ်ကို မမျှော်လင့်ထားမိဘူး။”

ချဲယုံဖုန်းမှာတော့ ဘဝပျက်သလို ခံစားလိုက်ရပြီး၊ ရှက်လွန်းသဖြင့် သေသွားသော ဘိုးဘွားများ အထိပင် မျက်နှာမပြရဲတော့ပေ။

ရဲအရာရှိ : “ကဲ... ငါတို့ ကြိုးယူလာတယ်။ မင်းတို့ကို အပေါ် ဆွဲတင်ပေးမယ်၊ တစ်ယောက်ချင်းစီ လာခဲ့။ မလောနဲ့... အခုပဲ ကယ်မယ်။”

ကမ္ဘာပေါ်တွင် ကံဆိုးသူများကို မြင်ဖူးသော်လည်း ဤမျှလောက်အထိ ကံဆိုးလွန်းသူများကိုမူ မမြင်ဖူးသည်မှာ အမှန်တည်း။

မိုင်ပေါင်းထောင်ချီ ဝေးကွာသည့် အရပ်ဒေသတွင် ဖြစ်ခဲ့သည့် ကိစ္စရပ်များကြောင့်ပင် သူတို့၏ အမှုတွဲမှတ်တမ်းသည် ရဲစခန်းတွင် နာမည်ကြီးနေခဲ့ရာ၊ ဤကဲ့သို့ လူစားမျိုးကို မည်သူ မမှတ်မိဘဲ နေမည်နည်း။

သို့သော် ဤညီအစ်ကို နှစ်ယောက်မှာလည်း အလွန်ကို ကံခေလွန်းလှ၏။

ကွမ်ကျိုးဘက်၌ တည်းခိုခန်း တည်းစဉ်လည်း လူမိုက်များနှင့်တိုးကာ ပစ္စည်းရော ကိုယ်ပါ အလုခံခဲ့ရပြီး၊ ယခု မြို့ပြန်ရောက်သောအခါလည်း မစင်တွင်းထဲ ပြုတ်ကျရပြန်ရာ…

သောက်ကျိုးနည်း…ဒါ ဘယ်လို ကံကြမ္မာဆိုးမျိုးပါလိမ့်…

“ကဲ... ကြိုးကို မြဲမြဲဆုပ်ထား၊ တစ်ယောက်ချင်းစီ လာမယ်။”

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများလည်း မိုးကာအင်္ကျီများ ဝတ်ဆင်၍ ရောက်ရှိလာကြပြီး၊ ရဲများကို ဝိုင်းဝန်းကူညီကာ လူကို အပေါ်သို့ ဆွဲတင်ပေးကြသည်။

“ရဲဘော်တို့... သူတို့က မစင်ခိုးတဲ့သူတွေလားဗျ။”

“သူတို့က လူကောင်းတွေ မဟုတ်ဘူးမလား။ စောစောကတင် ကျွန်တော်တို့ကို ပြန်ပြီး ခြိမ်းခြောက်နေသေးတာ။”

“ဟုတ်တယ် ရဲဘော်... ခင်ဗျား ကျွန်တော်တို့ကို သက်သေလုပ်ပေးပါ။ အကယ်၍ ကျွန်တော်တို့အိမ်က မှန်တွေ အခွဲခံရရင် ဒါ သူတို့လက်ချက်ပဲ။ သူတို့ဘာသာသူတို့ မှန်လိုက်ခွဲမယ်လို့ ကြိမ်းဝါးသွားတာ။”

“ဒီနှစ်ယောက်က ဘာလုပ်တဲ့သူတွေလဲ။”

လူတိုင်းက တစာစာဖြင့် မေးမြန်းနေကြစဉ် ရဲအရာရှိများသည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ပြည်သူလူထုနှင့်အတူ လူများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲတင်လိုက်ကြ၏။ ချဲယုံဖုန်းနှင့် ချဲယုံချန်း နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားပြီး မရပ်မနား အော့အန်နေကြတော့သည်။ တွင်းထဲတွင် ရှိစဉ်၌ ရွံစရာကောင်းသော်ငြား အသက်လုနေရသဖြင့် အောင့်အည်းနိုင်ခဲ့သော်လည်း၊ ယခု အပေါ်သို့ ရောက်လာချိန်တွင်မူ အားအင်အားလုံး ကုန်ခမ်းသွားခဲ့ရပြီ ဖြစ်၏။ မြေပြင်ပေါ်တွင် မှောက်ခုံလဲနေလျက် သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေများကို အလူးအလဲ ခံနေကြရရှာသည်။

လူကြီးတစ်ဦး သက်ပြင်းချကာ

“သူတို့ ဖြုန်းတီးလိုက်တဲ့ မစင်တွေ မနည်းဘူးပဲ။ ဒါတွေက ကျေးလက်တောရွာတွေကို ပို့ပြီး စိုက်ပျိုးရေး လုပ်ရမှာလေ။”

အခြားလူများ : “...”

ခင်များ နှမြောတာကြီးကလည်းနော်… ထူးဆန်းပါပေ့…

ထိုလူကြီးမှ ဆက်လက်၍

“သူတို့ အထဲမှာ အနည်းအကျဉ်းလောက် မြိုမိသွားလားတော့ မသိဘူး။”

“ဝေါ့...။”

အော့အန်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ရဲအရာရှိခေါင်းဆောင် : “ချဲယုံဖုန်း... ချဲယုံချန်း... မင်းတို့ အခြေအနေ ဘယ်လိုလဲ။ မင်းတို့ ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။ ပြောစမ်းပါဦး... မင်းတို့ တကယ်ကြီး မစင်လာခိုးတာတော့ မဟုတ်ပါဘူးနော်။”

“ချဲယုံဖုန်း ဟုတ်လား။”

“ဟို စက်မှုစက်ရုံက ချဲယုံဖုန်း လေ... ပစ္စည်းရော ကိုယ်ပါ အလုခံရပြီး၊ အဘွားကြီး အများကြီးနဲ့ အချက်ပေါင်း သုံးရာလောက် တိုက်ပွဲဝင်ခဲ့ရတဲ့သူလေ။”

“အမလေး... တကယ်ကြီး သူတို့ပဲကိုး။”

“ဟုတ်တယ် ဟုတ်တယ်”

လူအုပ်ကြီးမှာ ထပ်မံ၍ တိုးတိုးတိုးတိုး ပြောဆိုနေကြပြန်၏။

ဒါက သူတစ်ပါးကို မကောင်းပြောချင်လွန်းလို့ မဟုတ်ရပါဘူးနော်… မအောင့်နိုင်လွန်းလို့ပါ…

ပြီးတော့ ဒါတွေကလည်း အမှန်တရားတွေပဲ မဟုတ်ပါလား။

ချဲယုံချန်း ဒေါသတကြီးဖြင့်

“ဝမ်ကျန့်ကော် ဆိုတဲ့ ကောင်ယုတ်မာကြောင့်ပေါ့။ သူက ငါတို့ကို အနောက်ကနေ ကန်ချလိုက်တာ။”

အမှန်တကယ်တမ်း သူတို့ ကန်ချသည့်လူကို အတပ်မမြင်ခဲ့ရသော်လည်း၊ သူတို့တွင် ရန်ငြိုးရှိသူမှာ ဝမ်ကျန့်ကော်တစ်ယောက်သာ ရှိသဖြင့် သူ... သေချာပေါက် သူသာ ဖြစ်ရမည်။

ရဲအရာရှိ : “ဝမ်ကျန့်ကော် ဟုတ်လား။”

‘အော်... အချင်းချင်း ပြဿနာတက်ကြတာကိုး။’

ရဲများ သဘောပေါက်သွားကြသည်။

သို့သော် ချဲယုံဖုန်းမှာ မိမိ၏ ညီဖြစ်သူကို အမြန်ဆွဲလိုက်ပြီး

“ဝမ်ကျန့်ကော် မဟုတ်ပါဘူးဗျာ... ကျွန်တော့်ညီက ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတာပါ။ သူ ဝမ်ကျန့်ကော်နဲ့ ရန်ဖြစ်ထားလို့ အဲဒီလို ထင်နေတာ၊ အမှန်တော့ မဟုတ်ပါဘူး။ ဒါ တကယ်ကြီး အထင်လွဲတာပါ။”

“အစ်ကို... ဒါက...”

ချဲယုံဖုန်း မျက်ရိပ်ပြလိုက်သဖြင့် ချဲယုံချန်မှာ အောင့်အည်းကာ ဆိတ်ဆိတ်နေလိုက်ရတော့သည်။ ဤညီအစ်ကို နှစ်ယောက်၏ ပုံစံကို ဘေးလူများအားလုံး မြင်တွေ့လိုက်ကြရသဖြင့်~~~

ဟုတ်ပြီလေ... ဝမ်ကျန့်ကော်ကတော့ အိမ်ထဲမှာ အေးဆေးထိုင်နေရင်းကနေ ကောင်းကင်က ကျလာတဲ့ အပြစ်ပုံကြီးကို ခံလိုက်ရပြီ…

လူတိုင်း ချဲယုံချန်း ပြောသည့်စကားမှာ အမှန်တရားဖြစ်ပြီး၊ ချဲယုံဖုန်း အဘယ်ကြောင့် ထုတ်မပြောခိုင်းရသလဲ ဆိုသည်ကိုမူ အဖြေရှာမရ ဖြစ်နေကြသည်။

ချဲယုံချန်းကိုယ်တိုင်လည်း အစ်ကိုဖြစ်သူမှာ အဘယ်ကြောင့် ဝမ်ကျန့်ကော် နာမည်ကို ထုတ်မပြောခိုင်းသလဲ ဆိုသည်ကို နားမလည်နိုင်သော်လည်း၊ ထပ်မံ၍ ငြင်းခုံခြင်း မပြုတော့ပေ။

“ဒီနေ့ အခြေအနေက မစင်တွင်းထဲလည်း ကျထားတယ်၊ မိုးကလည်း သည်းနေတော့ အခုလို စစ်ဆေးဖို့ မသင့်တော်သေးဘူး။ မင်းတို့ အိမ်ပြန်ပြီး အရင်ရှင်းလင်းလိုက်ကြဦး။ မနက်ဖြန်မနက်ကျမှ ရဲစခန်းကို လာပြီး ဒီနေ့ကိစ္စကို လာပြောပြကြ။ ပြီးတော့ ငါ မင်းတို့ကို သတိပေးလိုက်မယ်... ပတ်ဝန်းကျင်ကလူတွေ သံသယဝင်ပြီး သတိထားတာက မှန်တယ်။ မင်းတို့အနေနဲ့ လူတွေ သတိကြီးလို့ဆိုပြီး ရိုက်မယ်၊ သတ်မယ်လို့ အော်ဟစ်လို့ မရဘူး။ အကယ်၍ မင်းတို့ လက်စားချေတဲ့အနေနဲ့ အိမ်မှန်တွေ ဘာတွေ လိုက်ခွဲရင်တော့ လုံးဝခွင့်မလွှတ်ဘူး။ ငါတို့ သေချာပေါက် အရေးယူမှာ။”

ရဲအရာရှိ ပြတ်ပြတ်သားသား မှာကြားလေသည်။

“သိပါပြီ... သိပါပြီဗျာ။ ကျွန်တော်တို့ အဲဒီအချိန်တုန်းက စိတ်တိုပြီး လျှောက်ပြောမိတာပါ... ဝေါ့...”

ချဲယုံဖုန်း ဝန်ခံရင်း အော့အန်နေရှာ၏။

“ကဲ... သွားကြတော့။ အော်... လမ်းမှာလည်း ဟိုဟိုဒီဒီ ပေပွမသွားစေနဲ့ဦး။ မဟုတ်ရင် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်သားတွေကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်။”

ချဲညီအစ်ကို နှစ်ယောက်လုံး မျက်နှာပျက်သွားကြသော်လည်း ခေါင်းကိုသာ ငြိမ့်ပြရှာသည်။

ထိုစဉ် ချဲယုံချန်း အကြံတစ်ခု ရသွားသည့်အလား

“အစ်ကို... အဝတ်တွေ အကုန်ချွတ်ပစ်လိုက်ရအောင်။ မဟုတ်ရင် တစ်လမ်းလုံး ဒီအတိုင်း သွားရမှာ အတော်လေး ရွံစရာကောင်းတယ်။”

ရဲအရာရှိ၏ အကြည့်ကို မြင်လိုက်ရသဖြင့် သူ အမြန်ပင်

“အတွင်းခံဘောင်းဘီတော့ ချန်ထားမှာပါဗျာ၊ အကုန်လုံး အဝတ်မပါဘဲ သွားမှာမဟုတ်ပါဘူး။ အတွင်းခံလေးတော့ ဝတ်ထားမှာပါ... ဟုတ်ပြီမလား။ ဘာပဲဖြစ်ဖြစ် သန်းခေါင်ယံ အချိန်မတော်ကြီးဆိုတော့ လမ်းမှာ လူလည်း မရှိပါဘူး။ ကျွန်တော်တို့ မိုးရေထဲမှာ အိမ်ကို အပြေးပြန်ကြရင် လမ်းမှာ မိုးရေနဲ့တင် တော်တော်လေး စင်သွားနိုင်တယ်။ အဝတ်တွေ ဝတ်ထားရင် အိမ်အထိ တစ်လမ်းလုံး ရွံစရာကြီး ဖြစ်နေမှာ။”

ဘေးကလူများ : “...”

‘အချင်းချင်းပဲ လူဖြစ်လာကြတာချင်းတူတူ... နင်က ဘာဖြစ်လို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။’

‘ဒါမျိုးကိုတောင် တွေးမိသေးတယ်...’

‘ဒါ လူကောင်းတစ်ယောက် လုပ်မယ့် အလုပ်မျိုး ဟုတ်လို့လား။’

ချဲယုံဖုန်း : “မတင့်မတယ်နဲ့... ကြည့်မကောင်းပါဘူး။”

“ဒါက ဘာဖြစ်လဲ အစ်ကိုရာ။ ငါ့စကားကိုပဲ နားထောင်စမ်းပါ။”

ချဲယုံချန်းမှာ အတော်လေး ဇွတ်တရွတ်နိုင်လှသည်။ သူသည် ဖြုန်းဖြုန်းနှင့် မိမိ၏ အဝတ်များကို ချွတ်ပစ်လိုက်သည့်အပြင်၊ အစ်ကိုဖြစ်သူ ချဲယုံဖုန်း၏ အဝတ်များကိုပါ ဆွဲချွတ်ပစ်လိုက်၏။

ချဲယုံဖုန်း စိတ်လျော့လိုက်ကာ

‘ထားလိုက်ပါတော့... ထားလိုက်ပါတော့။ အရှက်ကွဲလည်း ကွဲပါစေတော့... ဒီလိုလုပ်တာက တကယ်ပဲ အလုပ်ရှုပ်သက်သာပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်တောင် အရှက်ခွဲခံထားရပြီးပြီပဲ... ကြိုက်သလိုသာ ဖြစ်ပါစေတော့’

သူတို့သည် ချွတ်စရာရှိသည်ကို ချွတ်၊ လွှင့်ပစ်စရာရှိသည်ကို လွှင့်ပစ်လိုက်ကြသည်။

ထို့နောက် နှစ်ယောက်စလုံး အတွင်းခံဘောင်းဘီ တိုတိုလေးများသာ ဝတ်ဆင်ကာ အိမ်ဆီသို့ သုတ်ခြေတင် ပြေးကြတော့၏။

ရဲအရာရှိများ : “...”

ဘေးမှ ဝိုင်းကြည့်နေသည့် လူအုပ်ကြီးမှာလည်း

“...”

ဒါကို ဘယ်လိုပြောရမလဲ...။

တကယ့်ကို အံ့ဩမှင်သက်စရာ မြင်ကွင်းကြီးပါပဲ။

သူတို့နှစ်ယောက်မှာ မိုးထဲရေထဲတွင် အိမ်သို့ အပြေးပြန်နေကြပြီး၊ တစ်လမ်းလုံး လျှပ်စီးလက်မှုများနှင့်အတူ လျင်မြန်စွာ ပြေးလွှားနေကြသည်။

ထိုတစ်ကိုယ်လုံးက...

ထိုညစ်ပတ်ပေရေနေမှုကြီးက...

တကယ့်ကို မကြည့်ရဲစရာပင်။

ချဲယုံချန်း ဤအခြေအနေကို အတော်လေး အသားကျလွယ်ပုံရပြီး ယခုအချိန်တွင် အခြားအကြောင်းအရာများကိုပါ စကားစပ်နိုင်သေးသည်။

“အစ်ကို... စောစောက ဝမ်ကျန့်ကော် နာမည်ကို ဘာလို့ ထုတ်မပြောခိုင်းတာလဲ။ သေချာပေါက် သူပဲ ဖြစ်ရမယ်။”

ချဲယုံဖုန်း : “ငါတို့မှာ သက်သေမရှိဘူးလေ၊ ပြောလိုက်တော့ကော ဘာထူးမှာလဲ။ ဒါ့အပြင် သက်သေရှိတယ်ဆိုရင်တောင် သူ့ကို အလွန်ဆုံး ရဲစခန်းမှာ ရက်အနည်းငယ်ပဲ ဖမ်းထားနိုင်မှာ... အဲဒါက ဘာအရေးပါမှာလဲ။ အဲဒါထက် ဘာမှ ထုတ်မပြောဘဲ နေလိုက်တာက ပိုကောင်းတယ်။ ငါတို့ ကွယ်ရာမှာပဲ ပြန်ပြီး လက်စားချေကြမယ်။”

“ဟင်... အစ်ကိုပြောတာ မဆိုးဘူးပဲ။ ဒီအကြံက ပိုကောင်းတယ်။”

“ဒါပေါ့... သေချာတာပေါ့။”

“ဒါဆိုရင် အချိန်ကျရင် သူလုပ်သလိုပဲ သူ့ကို ပြန်ပြီး ပညာပေးရမယ်။”

“အင်း... အဲဒီလိုလုပ်တာ ကောင်းတယ်။”

သူတို့နှစ်ယောက် တစ်လမ်းလုံး ပြေးလာခဲ့ကြ၏။ ကံကောင်းထောက်မစွာဖြင့် ယခုအချိန်မှာ သန်းခေါင်ယံ ကျော်နေပြီဖြစ်၍ လမ်းတွင် လူမရှိသဖြင့် တော်တော့သည်။ မဟုတ်ပါက လမ်းသွားလမ်းလာများ မြင်လျှင် အလန့်တကြား ဖြစ်ကာ ရွံရှာကြဦးမည် ဖြစ်၏။

... ဤမျှလောက် ရွံစရာကောင်းသည့် အခြေအနေမျိုးကို တစ်ခါမှ မြင်ဖူးကြမည် မဟုတ်ပေ။

သူတို့နှစ်ယောက် ထွက်ပြေးသွားကြပြီ ဖြစ်သော်လည်း၊ ကျန်ခဲ့သည့် လူအုပ်ကြီးမှာမူ မရပ်မနား အော့အန်နေကြရဆဲ ဖြစ်၏။

“တကယ်တော့ ဒီလိုဖြစ်သွားတာလည်း ကောင်းတာပါပဲ။ မနက်ဖြန်မနက်ကျရင် ထမင်းစားစရာမလိုတော့ဘူး... အိမ်အတွက် တစ်နပ်စာ သက်သာသွားတာပေါ့။”

“မနက်ဖြန်မနက်တင် ဘယ်ကမလဲ... နေ့လယ်လည်း ထမင်းစားနိုင်မှာ မဟုတ်ဘူး။ အမလေး... အခု ပြန်တွေးမိတာနဲ့တင် ရင်ထဲမှာ အန်ချင်လာပြီ။”

“တော်ပြီ... မပြောနဲ့တော့။ မိုးကလည်း ပိုသည်းလာပြီ... ပြန်ကြစမ်းစို့။”

“ဟုတ်ပ... ဟုတ်ပ... မနက်ဖြန် ငါ မနက်စောစော အလုပ်ဆင်းရဦးမယ်။”

“မင်းက အလုပ်ဆင်းချင်တာထက်... ဒီနေ့ဖြစ်တဲ့ အကြောင်းတွေကို သူတပါးကို သွားပြီး အတင်းပြောချင်လို့ စောစောသွားမှာ မဟုတ်လား။”

“ဟီးဟီး...”

လူတိုင်းသည် ကြီးမားလှသော အတင်းဖျင်း သတင်းထုပ်ကြီးကို ရရှိသွားကြသဖြင့် အိမ်သို့ အသီးသီး ပြန်ကြပြီး၊ မနက်ဖြန်မနက် မိုးလင်းသည်နှင့် ဆွေမျိုးနီးစပ် အဒေါ်အန်တီများကို အားရပါးရ ပြောပြရန် ပြင်ဆင်နေကြတော့သည်။

အခုခေတ်က တကယ့်ကို နေပျော်တဲ့ ခေတ်ကြီးပဲ... ပြည်သူတွေက ဆရာဖြစ်နေတဲ့ ခေတ်ဆိုတော့ ထူးထူးဆန်းဆန်း ကိစ္စတွေ အကုန်မြင်ရတာပဲ…

သူတို့တစ်ခါမှ ယခုအဖြစ်အပျက်မျိုးကို မမြင်ဖူးကြချေ။ သို့သော် အချို့လူများမှာ စိုးရိမ်တကြီးဖြင့်

“အမလေး... သွားပါပြီဗျာ။ အိမ်သာကြီးက ဒီလိုပျက်စီးသွားပြီဆိုတော့ မနက်ဖြန် ငါတို့ ဘယ်လို သုံးကြမလဲ။”

“အော်... ဟုတ်သားပဲ။”

“ငါတို့က သုံးရဦးမှာလေ။ ဒီကောင်စုတ် နှစ်ယောက်ကတော့ တကယ်ကို ဒုက္ခပေးတာပဲ။ ရွံစရာကောင်းတာက ထားပါဦး... အခုလို ပျက်စီးသွားတာကို ဘယ်လိုလုပ်ကြမလဲ။”

လူတိုင်း ရဲအရာရှိများကို လှမ်းကြည့်လိုက်ကြရာ၊ ထိုအထဲမှ တစ်ဦးမှာ သဘောကောင်းစွာဖြင့်

“မနက်ဖြန်ကျရင် သူတို့ကို လာပြီး ပြင်ခိုင်းလိုက်ပါ့မယ်။ စိတ်ချကြပါ... နေ့လယ်မတိုင်ခင် သေချာပေါက် အပြီးပြင်ခိုင်းလိုက်မယ်။”

“ဒါဆိုရင်တော့ တော်သေးတာပေါ့။”

“တကယ်ကို စိတ်ရှုပ်စရာ ကောင်းတဲ့ ကောင်တွေပဲ။”

“အမှန်ပဲ...”

လူတိုင်း တတွတ်တွတ် ဆဲဆိုနေကြပြီး ချဲညီအစ်ကို နှစ်ယောက်မှာ အမှန်တကယ် စိတ်အနှောင့်အယှက် ပေးသူများဟု ယူဆနေကြ၏။

မျှော်လင့်ထားသည့်အတိုင်းပင် ချဲယုံဖုန်း တစ်ယောက် ထပ်မံ၍ နာမည်ကြီးဦးမည် ဖြစ်သည်။

ဘာတတ်နိုင်ပါမည်နည်း။ ချဲယုံချန်းမှာ လူရာမဝင်သည့် ကောင် ဖြစ်နေသဖြင့်၊ အစ်ကိုဖြစ်သူ ချဲယုံဖုန်းသည်သာ အရာရာကို ခေါင်းခံပေးရမည် ဖြစ်၏။

ရဲအရာရှိအချို့လည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး၊ ချဲညီအစ်ကို နှစ်ယောက်ကို လက်မြှောက်ထားရသည်။

သူတို့ကတော့… အင်း… တကယ်ပါပဲ။

“ရဲဘော်ကျန်း... ရဲဘော်ကျန်း...”

“ဟင်... မင်း ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ။ စခန်းမှာ အလှည့်ကျ တာဝန်ကျနေတာ မဟုတ်ဘူးလား။”

သူတို့ ပြန်ဖို့ ပြင်နေစဉ်မှာပင် စခန်းတွင် တာဝန်ကျနေသည့် ရဲဘော်လူငယ်လေး ရှောင်ယဲ့မှာ ၎င်းတို့ရှိရာသို့ အပြေးအလွှား ရောက်ရှိလာပြီး၊ သူတို့ကို လာရှာပုံရကာ သတင်ူပို့လာ၏။

“ခင်ဗျားတို့ နောက်ထပ် တစ်ခေါက် သွားရဦးမယ်ဗျ... ပြဿနာ ထပ်တက်ပြန်ပြီ။”

ရဲအရာရှိများ : “...”

ဒီညက ဘယ်တော့မှ ကုန်ဆုံးတော့မှာ မဟုတ်ဘူးလား။

“ကဲ... သွားရင်းနဲ့ပဲ ပြောရအောင်။ တစ်ယောက်ယောက်က လာတိုင်တယ်။ သူတို့ ဝန်ထမ်းအိမ်ရာဝန်းထဲမှာ သရဲခြောက်နေလို့တဲ့။”

“ဘာဖြစ်တယ်...။”

ရဲအရာရှိအချို့မှာ မနားတမ်း ထိုနေရာသို့ ချက်ချင်း ဦးတည်သွားကြတော့သည်။ မိုးများ သည်းသည်းမည်းမည်း ရွာနေသော်လည်း၊ လူများ၏ အခြေအနေ လာရောက်ကြည့်ရှုလိုသည့် စိတ်အားထက်သန်မှုကိုမူ အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ချေ။ ထိုနေရာတွင် လူအတော်များများ စုဝေးနေကြပြီး၊ စောစောမှ အိမ်သာဘေးရှိ လူအုပ်ထက်ပင် မနည်းလှပေ။

မိုးရွာနေသည့် သန်းခေါင်ယံအချိန် ဖြစ်သော်လည်း လူတိုင်း အတော်လေး တက်ကြွနေကြ၏။

“ဒီမှာ ဘာဖြစ်နေတာလဲ။”

သူတို့ ရောက်ရှိလာချိန်တွင် အိမ်တိုင်းစေ့ မီးများ လင်းထိန်နေပြီး တိုက်စင်္ကြံဝတွင် လူများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ရဲဘော်တို့ ရေ... ခင်ဗျားတို့ ရောက်လာတာ တော်သေးတာပေါ့။ ကျွန်တော်တို့ တကယ်ကြီး ကြောက်လန့်နေကြတာဗျာ။ သရဲခြောက်တာ... ဒါ တကယ်ကြီး သရဲခြောက်တာဗျ။ အဲဒီသရဲမကြီးက အသံအကျယ်ကြီးနဲ့ ချန်ရိကျွင်းကို လာရှာနေတာ။”

“ဘယ်လိုဖြစ်ရတာလဲ။”

“ကျွန်တော် သိတယ်... ကျွန်တော် သိတယ်။ ကျွန်တော် အိမ်မှာ ကောင်းကောင်း အိပ်ပျော်နေတုန်း အပြင်ဘက်မှာ မှန်ပြတင်းပေါက်တွေ ရိုက်ခွဲသံ ကြားလိုက်ရတယ်။ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဖောက်ပြန်နေသလို စူးစူးဝါးဝါး အော်ဟစ်သံကြီး ကြားရတာ... ‘ဝိညာဉ်က အသက်ပြန်တောင်းနေတယ်’ ဆိုတော့ ကြောက်စရာ မကောင်းဘူးလားဗျာ။ ချန်ရိကျွင်းကိုပဲ တောက်လျှောက် အော်ခေါ်နေပြီး၊ ချန်ရိကျွင်းက သူ့ကို ဒုက္ခပေးခဲ့တာလို့ ပြောနေတာ။”

“ကျွန်တော်လည်း မြင်လိုက်တယ်... ဖြူဖြူအရိပ်ကြီးတစ်ခုက ပြတင်းပေါက်ဝမှာ ဒီတိုင်း မျောနေတာဗျာ။ အမလေး... ဒါ လေးလွှာကြီးလေ။ လေးလွှာရဲ့ ပြတင်းပေါက်ဝမှာ သူ ရှိနေတာ။ ချန်ရိကျွင်းတို့အိမ်က မှန်တွေ အကုန် တဖြုန်းဖြုန်းနဲ့ ကွဲကြေကုန်တာပဲ။”

“ဟုတ်တယ်... ဟုတ်တယ်။ ကျွန်တော်လည်း မြင်လိုက်ရတယ်၊ လေးလွှာရဲ့ ပြတင်းပေါက်ဝမှာလေ... ဒါ လူလုပ်နိုင်တဲ့ အလုပ်မျိုး လုံးဝမဟုတ်ဘူး။”

ရဲအရာရှိ : “တော်ကြစို့... အားလုံး ခဏလောက် တိတ်ကြစမ်းပါ။ ဘာဖြစ်တာလဲ... တစ်ယောက်ချင်းစီ ပြောကြ။ ချန်ရိကျွင်းကော... ဒါ သူ့အိမ်က ကိစ္စလား။ သူ ဘယ်မှာလဲ။”

“ချန်ရိကျွင်းကတော့ လန့်ပြီး မေ့လဲသွားတာ အခုထိ မနိုးသေးဘူးဗျ။ သူက အိမ်ထဲကနေ အလန့်တကြားနဲ့ အပြင်ကို အတင်းပြေးထွက်လာရင်း၊ ဘယ်လိုဖြစ်တယ်မသိဘူး... ကိုယ့်ဘာသာကိုယ် လန့်ပြီး မေ့လဲသွားတာ။”

“ရဲဘော်တို့... အဲဒီသရဲမက ပြောတာတော့ ချန်ရိကျွင်းနဲ့ ဝေရှု့ဖန်းတို့က သူ့ကို လုပ်ကြံသတ်ခဲ့တာတဲ့။ ပြီးတော့ ကျွန်တော် သေချာ နားစွင့်ထားတော့ သွေးတွေ၊ ကလေးတွေ ဆိုတဲ့ စကားလုံးတွေကိုပါ ကြားလိုက်ရသေးတယ်။ ကျွန်တော် စောစောက ပြန်တွေးကြည့်တော့ တစ်ခုခု မှားနေသလိုပဲ။ ကျွန်တော်က ဒီတိုက်က လူဟောင်းကြီးတစ်ယောက်မို့ သိတာလေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက... သူ့ရဲ့ ပထမဇနီးက မတော်တဆ ချော်လဲပြီး ကလေးမွေးရခက်လို့ ဆုံးသွားခဲ့တာလေ။ အဲဒါ ချန်ရိကျွင်းရဲ့ အရင်ဇနီးဟောင်းပေါ့။ ကျွန်တော် စဉ်းစားမိတာက... ဒီထဲမှာ တစ်ခုခု လျှို့ဝှက်ချက် ရှိနေလို့လား မသိဘူး။ မဟုတ်ရင် သရဲမက ဘာဖြစ်လို့ ဝိညာဉ်အဖြစ်နဲ့ အသက်ပြန်လာတောင်းရမှာလဲ။”

“အင်း... မင်းပြောတာ ဖြစ်နိုင်ခြေ ရှိတယ်နော်။ ကျွန်တော်လည်း ဒီကိစ္စကို အမြဲတမ်း သံသယဝင်နေတာ။ အဲဒီသရဲမက ချန်ရိကျွင်းရဲ့ အရင်ဇနီးဟောင်း ဖြစ်နေမလား မသိဘူး။”

“နင်တို့တွေ လျှောက်မပြောကြပါနဲ့... ကမ္ဘာပေါ်မှာ သရဲဆိုတာ ဘယ်မှာ ရှိလို့လဲ။”

“နင်နှယ်ဟယ်.. နင် အသံမကြားဘူးလား။ သရဲမဟုတ်ရင် ဘယ်သူက အော်နေမှာလဲ။ လူလား... နင့်အိမ်က ပုံမှန်လူတစ်ယောက်က လေးလွှာရဲ့ ပြတင်းပေါက်ဝမှာ အေးဆေး မျောနေနိုင်ပါ့မလား။”

“ဟုတ်ပ... ဟုတ်ပ။”

လူတိုင်း ထပ်မံ၍ ငြင်းခုံဆွေးနွေးနေကြပြန်သည်။

ရဲများမှာ သရဲရှိသည်ဆိုသည်ကို သဘာဝကျကျပင် မယုံကြည်ကြသော်လည်း၊ ပတ်ဝန်းကျင်မှ လူအများအပြားမှာ ထိုအရိပ်သည် လေးလွှာပြတင်းပေါက်ဝတွင် ပေါ်လာခဲ့သည်ဟု အခိုင်အမာ ပြောနေကြသဖြင့် ၎င်းတို့ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေ၏။

တစ်စုံတစ်ခုသော စက်ကိရိယာ အထောက်အကူများ ရှိနေ၍လား…

“ပတ်ပတ်လည်ကို သေချာ လိုက်စစ်ဆေးကြည့်ရအောင်။ ရှောင်ကျန်း... မင်း ချန်အိမ်ထဲကို ဝင်ကြည့်လိုက်။ ရှောင်ဝမ်... မင်း ပတ်ဝန်းကျင်မှာ စက်ကိရိယာ သုံးထားတဲ့ အထောက်အထား ရှိမရှိ စစ်ဆေးကြည့်...”

“ချန်ရိကျွင်းက လန့်ပြီး မေ့လဲတာ မဟုတ်ပါဘူး။ သူက အခန်းထဲကနေ အလန့်တကြား အပြင်ကို ပြေးထွက်လာရင်း ခြေချော်ပြီး လှေကားပေါ်ကနေ လိမ့်ကျကာ ခေါင်းနဲ့တိုက်မိပြီး သတိလစ်သွားတာပါ။”

ယွီမေကျွမ်း စကားစလိုက်သည်။ သူမ ဆက်လက်၍

“ကျွန်မက သူ့ရဲ့သမီးပါ... အော်... အရင်းတော့ မဟုတ်ပါဘူး၊ မယားပါသမီးပါ။”

“ကျွန်မက ပညာတတ်လူငယ် ဘဝကနေ မြို့ပြန်လာတာဆိုတော့ အိမ်မှာ နေစရာအခန်းမရှိလို့ ဧည့်ခန်းထဲမှာ အိပ်တာလေ။ သူက အခန်းထဲကနေ ပြေးထွက်လာပြီး တံခါးကို ဖွင့်၊ အပြင်ကို အတင်းပြေးထွက်သွားတာ... ဒါကြောင့် သူ ခြေချော်လဲတာကို ကျွန်မ မြင်လိုက်ရတာ။ ဒါပေမဲ့ ကျွန်မ သူ့ကို သွားပြီး မရွှေ့ရဲဘူး။ ကျွန်မ ကျေးလက်မှာ ရှိစဉ်တုန်းက ကြားဖူးတာ... ခေါင်းခိုက်မိတဲ့လူကို အလွယ်တကူ သွားမရွှေ့ရဘူးတဲ့၊ မဟုတ်ရင် အခြေအနေ ပိုဆိုးသွားတတ်တယ်လေ။ ဒါကြောင့် ကျွန်မ အခုထိ ဒီတိုင်း ထားထားတာ။”

အခြားလူများလည်း ခေါင်းငြိမ့်ကြသည်။

“ကျွန်တော်တို့လည်း မရွှေ့ရဲကြဘူး။”

သူတို့ ထိုအချက်ကို သိ၍ မဟုတ်ဘဲ၊ သရဲမကြီး ထွက်မသွားသေးမှာကို ကြောက်နေကြခြင်း ဖြစ်၏။

အမလေး... ဘယ်သူက အနား ကပ်ရဲမှာလဲ…

ရဲအရာရှိ : “ဒါဆိုရင် ဆေးရုံကို အမြန်ပို့ရမယ်။ လူနှစ်ယောက်လောက် လာခဲ့... ဆေးရုံ ပို့ကြစို့။”

အခြေအနေမှာ ရုတ်တရက် အလုပ်ရှုပ်သွားခဲ့ရသည်။

“မှန်ပြတင်းပေါက်တွေ အခွဲခံရတာတော့ အမှန်ပဲ။”

“ပတ်ဝန်းကျင်မှာ ဘာစက်ကိရိယာ အထောက်အကားမှ မရှိဘူး။ မိုးကလည်း သည်းနေတော့ အခြားခြေရာလက်ရာတွေ ရှာမရဘူး ဖြစ်နေတယ်။”

“ဒီဘက်မှာတော့ ရေဆင်းပိုက်လုံးတစ်ခု ရှိတယ်၊ ဒါပေမဲ့ ဒီလောက် ချောနေတာကို ဘယ်လိုမှ အားပြုပြီး တက်လို့မရနိုင်ဘူး...”

“အပေါ်ထပ် ရော အောက်ထပ်ပါ မိန်းကလေးတစ်ယောက်ရဲ့ စူးစူးဝါးဝါးနဲ့ ‘ငါ့အသက်ကို ပြန်ပေး’ လို့ အော်ဟစ်သံကို တကယ် ကြားခဲ့ရတယ်...”

“တကယ်ကြီး သရဲခြောက်တာလား မသိဘူးနော်။ ဒီနေ့က တိုက်တိုက်

ဆိုင်ဆိုင် ချင်းမင် (သင်္ချိုင်းကန်တော့ပွဲ) နေ့ကြီးလေ...”

ရဲအရာရှိခေါင်းဆောင်မျက်မှောင်ကြုတ်ကာ

“လျှောက်မပြောစမ်းပါနဲ့။ သရဲဆိုတာ ဘယ်မှာ ရှိလို့လဲ၊ ဒါတွေက အယူသည်းတဲ့ ကိစ္စတွေပဲ။ ပတ်ပတ်လည်ကို ထပ်ပြီး သေချာ ရှာဖွေကြည့်ရအောင်။ သူ့အိမ်က လူတွေကိုလည်း သေချာ မေးမြန်းကြည့်ဦး။”

သူတို့ မိုးထဲရေထဲတွင် အသည်းအသန် အလုပ်ရှုပ်နေကြသော်လည်း၊ အခြားလူများမှာမူ အိပ်ချင်စိတ် လုံးဝမရှိကြကာ ရဲများ၏ ဘေးတွင် ဝိုင်းအုံ၍ အခြေအနေကို စောင့်ကြည့်နေကြသည်။

သရဲမကြီး စူးစူးဝါးဝါး အော်သံကြီးကြားလိုက်ရတာကို… ဘယ်သူက အိပ်ပျော်နိုင်မှာလဲ… ရဲတွေအနားနေတာက အနည်းဆုံးတော့ စိတ်အေးရတာပေါ့…

သူတို့ စိုးရိမ်စိတ် အနည်းငယ် ရှိနေကြသော်လည်း၊ ရင်ထဲတွင်မူ မသိမသာ စိတ်လှုပ်ရှားနေကြ၏။

သူတို့ကတော့... အခြားလူတွေ တစ်ခါမှ မကြုံဖူးတဲ့ ကိစ္စကြီးကို ကြုံလိုက်ရတာ မဟုတ်လား… အမယ်လေး… အမယ်လေး…

မမြင်ဖူးဘူး... တကယ်ကို မမြင်ဖူးဘူး။

အခုမှပဲ သူတို့တော့ လောကကြီးကို ကောင်းကောင်း မြင်ဖူးတော့တယ်…။

လူတိုင်း စိတ်လှုပ်ရှားလျက် အတင်းဖျင်း ပြောရန် ပြင်ဆင်နေကြလေသည်။

“သူ့အိမ်က တကယ်တော့ ဘယ်လိုဖြစ်တာလဲမသိဘူး။ သရဲက ဒီလောက်အထိ လူသိရှင်ကြား တခမ်းတနား လာရှာတာမျိုး ငါတစ်ခါမှ မကြားဖူးဘူး...”

“ငါကြည့်ရတာတော့... သူတို့တွေ သန့်ရှင်းပုံမရဘူး။”

“ဒါနဲ့... သူ့အိမ်က အရင်ဇနီးဟောင်းက တကယ်တော့ ဘယ်လိုသေသွားတာလဲဟင်...”

အဘွားအိုတစ်ဦးမှာ လေသံကိုနှိမ့်ကာ လူတတ်ကြီးလုပ်ပြီး ပြောပြလေတော့သည်။

“နင်တို့က ငယ်သေးတော့ မသိကြဘူး။ ငါက ဒီမှာနေတာ ကြာပြီဆိုတော့ အသိဆုံးပဲ။ ဒီကောင် ချန်ရိကျွင်းက မိန်းမဆီက ကပ်စားပြီး ကြီးပွားလာတာဟဲ့။ အရင်တုန်းကဆို တစ်မိသားစုလုံးမှာ ဝါဂွမ်းဘောင်းဘီ အရှည်တစ်ထည်တည်း ရှိတာ။ ဆောင်းတွင်းကျရင် ညီအစ်ကိုတွေထဲက တစ်ယောက် အပြင်ထွက်ရင် ကျန်တဲ့သူတွေ အပြင်မထွက်ရဘူး။ အဲဒီလောက်အထိ ဆင်းရဲတာ။ ဒါပေမဲ့ ချန်ရိကျွင်းက လူမှုရေးသိတတ်ပြီး အချိုသတ်တော်တော့၊ ပိုက်ဆံရှိတဲ့ အိမ်က မိန်းကလေးကို ကပ်ပါးလုပ်နိုင်ခဲ့လို့ အခုလို အဆင်ပြေသွားတာပေါ့။ အလုပ်ဆိုတာလည်း ဟိုဘက်မိသားစုက ရှာပေးတာ။ သူ့အိမ်က လူတစ်ယောက်မက အဲဒီတုန်းက အကျိုးအမြတ် ရခဲ့ကြတာလေ။ နောက်တော့ အဲဒီဇနီးလေးက ကံမကောင်းရှာဘူး၊ ကလေးမွေးရခက်ပြီး ဆုံးသွားရတာ။ ကလေးမွေးပြီး သုံးရက်ပဲ ရှိသေးတယ်... အရေးပေါ် ကယ်ဆယ်တာတောင် မမီလိုက်ဘဲ သွေးလွန်ပြီး ဆုံးသွားတာ။ ချန်ရိကျွင်းရဲ့ မိန်းမ ဆုံးပြီး သိပ်မကြာဘူး... သူက နောက်မိန်းမ ချက်ချင်းထပ်ယူတာ။ အဲဒီတုန်းကတည်းက ငါပြောသားပဲ... ဒီနှစ်ယောက်က စောစောကတည်းက ခိုးစားနေကြတာ ဖြစ်ရမယ်၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် လက်ထပ်နိုင်မှာလဲလို့။ အဲဒီတုန်းက ငါ့ကို ပြန်ငြင်းတဲ့သူတွေတောင် ရှိသေးတယ်။ အခု ကြည့်စမ်း... ကြည့်စမ်း... ငါပြောတဲ့အတိုင်း ကွက်တိပဲ မဟုတ်လား။ သူတို့သာ စောစောကတည်းက ပတ်သက်မှုမရှိရင် ဘာဖြစ်လို့ လူ လာလက်စားချေတာကို ခံရမလဲ။”

“ဒါပေမဲ့ အဲဒါက နှစ်တွေအတော်ကြာ ပြီလေ။ ငါ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ပြောင်းလာတာတောင် အဲဒီအကြောင်း မသိဘူး။”

“အနှစ်သုံးဆယ် နီးပါး ရှိတော့မှာပေါ့။”

“ဒီလောက် အချိန်အကြာကြီး ရှိနေပြီကို အခုမှ လာလက်စားချေတာလား။”

“ဒါကိုတော့ နင်တို့ နားမလည်ဘူးလေ။ သရဲဆိုတာလည်း ချက်ချင်းကြီး တန်ခိုးကြီးလာတာ မဟုတ်ဘူး။ အခုလောက်အထိ ကျင့်ကြံပြီးမှ၊ အစွမ်းတွေ ရလာတော့မှ လာပြီး ကလဲ့စားချေတာ ဖြစ်မှာပေါ့။”

“အင်း... အကြောင်းပြချက် ရှိသားပဲ။”

အခြားလူတစ်ဦးမှာ ဝင်တားရှာ၏။

“ကဲပါ... လျှောက်မပြောကြပါနဲ့ဦး။ ကိစ္စက သေချာ မစုံစမ်းရသေးဘူး။ သူတစ်ပါးက နင်တို့ကို အယူသည်းမှုတွေ လျှောက်ဖြန့်နေပါတယ်ဆိုပြီး ပြန်စွပ်စွဲနေဦးမယ်။”

“ငါတို့က ဒီတိုင်း အပျော်ပြောနေတာပါ... ဒါပေမဲ့ အဲဒီသရဲမ ပေါ်လာတာကိုတော့ လူတိုင်း သိတာပဲဟာကို...”

အဘွားအိုအချို့ မဝံ့မရဲ ညည်းတွားလိုက်ကြသည်။

သို့သော်လည်း လူတိုင်း ရင်ထဲတွင်မူ မကျေနပ်ကြချေ။

သရဲကြီးကိုယ်တိုင် ပေါ်လာတာကို ဘယ်သူမှ မကြားဘဲ မနေခဲ့ဘူးလေ…

“အေး... ဒါနဲ့ သူ့အိမ်က သမီးကော ဒီအကြောင်း သိရဲ့လား။”

“ဘယ်လိုလုပ် သိမှာလဲ။ ချန်ရိကျွင်းက သူ့အပေါ် ကောင်းတာမှ မဟုတ်တာ၊ သူတို့အချင်းချင်း အဆက်အသွယ်တောင် မရှိသလောက်ပဲ။ နင်တို့ မှတ်မိသေးလား... ပြီးခဲ့တဲ့အကြိမ်က အိမ်ပြန်လာတာကိုတောင် ချန်ရိကျွင်းက မောင်းထုတ်လိုက်သေးတယ်လေ။”

“မှတ်မိတာပေါ့... မှတ်မိတာပေါ့။ သူ့အိမ်က အဲဒီသမီးကလည်း နည်းနည်းတော့ နိမိတ်မကောင်းတဲ့ ပုံစံပဲ။”

“ဒါကိုလည်း ငါသိတယ်။ ဘယ်သူမဆို သူ့နားကပ်ရင် ကံဆိုးတတ်လို့၊ ချန်ရိကျွင်း ဇနီးမောင်နှံက သူ့ကို ဘယ်တုန်းကမှ မျက်နှာသာမပေးခဲ့တာ။”

“မျက်နှာသာမပေးဘူး ဆိုဦးတော့... အရင်းပဲဟာကို။ ဒီလိုကိစ္စမျိုး ဖြစ်လာရင်တော့ သူ့ကို အကြောင်းကြားသင့်တာပေါ့။”

“ရဲတွေကတော့ သေချာပေါက် အကြောင်းကြားမှာပါ။ ငါတို့ သွားပြီး ဝင်မရှုပ်တာ ကောင်းပါတယ်။ သူတစ်ပါးနဲ့ ရန်ငြိုးဖြစ်လိမ့်မယ်။”

“ဒါလည်း ဟုတ်တာပဲ။”

တစ်ညလုံးမှာ အလွန်ပင် စည်ကားလှပြီး အတင်းတုတ်စရာ အကြောင်းအရာများဖြင့် ပြည့်နှက်နေသော ညတစ်ည ဖြစ်ခဲ့ရသည်။ လူတိုင်း တစာစာဖြင့် မရပ်မနား ပြောဆိုနေကြ၏။ ရဲအရာရှိများ အပေါ်အောက် အနှံ့ စစ်ဆေးသော်လည်း ခြေရာလက်ရာမတွေ့ရသဖြင့်၊ ထိုနေရာတွင် တကယ်ကြီး သရဲခြောက်ခဲ့သည်ဟု လူအုပ်ကြီးမှာ ပိုမိုယုံကြည်သွားကြတော့သည်။

မဟုတ်ရင် လေးလွှာအမြင့်ကြီးမှာ ဘယ်လိုပေါ်လာမှာလဲ… စက်ကိရိယာ အထောက်အထားကော ဘယ်မှာလဲ…။

ရဲအရာရှိအချို့မှာမူ အကယ်၍ လူလုပ်တာသာ ဖြစ်ခဲ့လျှင်၊ ရေဆင်းပိုက်လုံးအတိုင်း အတက်အဆင်း လုပ်ခဲ့ခြင်းသည်သာ အဖြစ်နိုင်ဆုံးဟု ယူဆမိကြသည်။ သို့သော် ၎င်းတို့ထဲမှ ကိုယ်ခံပညာ ထက်မြက်သူအချို့ ကိုယ်တိုင်စမ်းသပ်ကြည့်ရာတွင်ပင် လေးလွှာအထိ အလွယ်တကူ တက်နိုင်လိမ့်မည်ဟု မပြောဝံ့ကြချေ။

မနေ့က... အင်း... အချိန်အရ ပြောရလျှင် မနေ့က ဖြစ်သွားပြီပေါ့…။

မနေ့က ချင်းမင်ပွဲတော်ဖြစ်၍ မနက်ကတည်းက မိုးရွာနေခဲ့ပြီး ဤပိုက်လုံးမှာ ကိုင်တွယ်ရန် လုံးဝ အဆင်မပြေကာ အလွန်ပင် ချောနေခဲ့၏။

သူတို့အနေဖြင့် တစ်လွှာ နှစ်လွှာလောက်အထိ တက်ဖို့ အဆင်ပြေနိုင်သော်လည်း၊ လေးလွှာအထိ တက်ရန်မှာမူ အလွန်ခက်ခဲလှပေသည်။

ထို့အပြင် လူများ၏ ပြောပြချက်အရ ထိုအရိပ်မှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည် ဖြစ်ရာ၊ ဤမျှ မြန်ဆန်လှခြင်းမှာလည်း လူကို အံ့ဩမိစေသ၏။

“တကယ်ကြီး... သရဲခြောက်တာများ လားမသိဘူးနော်...”

ရဲတစ်ဦး ညည်းတွားမိရာ ဘေးလူမှာ ချက်ချင်း လှမ်းဆွဲလိုက်ရသည်။

လူအုပ်ကြီး၏ ဆွေးနွေးငြင်းခုံသံများ ပိုမို သည်းထန်လာ၏။

ဤနေရာတွင် လူတိုင်း တစ်ညလုံး မအိပ်ဘဲ အလုပ်ရှုပ်နေခဲ့ကြရာ၊ အပင်ပန်းဆုံးမှာမူ ရဲအရာရှိများပင်တည်း။

မိုးရေထဲတွင် သက်သေအထောက်အထား ရှာဖွေရခြင်း၊ လူအုပ်ကြီးကို ထိန်းသိမ်းရခြင်းနှင့် ဒဏ်ရာရသူကို ဆေးရုံပို့ရန် စီစဉ်ရခြင်းတို့ကြောင့် ၎င်းတို့ခမျာ မိုးလင်းခါနီးအထိ နားချိန်မရှိ ဖြစ်နေကြရရှာသည်။

သို့သော်လည်း ပဟေဠိဆန်လှသော ဤ “လေးလွှာမှ သရဲခြောက်မှု” ကား ညဉ့်နက်သန်းခေါင်၏ သည်းထန်သော မိုးရေထဲတွင် မဖြေရှင်းနိုင်သေးသော ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်လေ၏။

ချန်ချင်းယွီတစ်ယောက်မှာ ဘာမှမသိရှာဘဲ ဖြစ်ပျက်သမျှကို အပြင်လူလိုသာ ရှိနေခဲ့သည်။ မနက်စောစောတွင် အဘွားကြီးကျောက် အလုပ်သွား၊ ကလေးများ ကျောင်းသွားကြပြီးနောက်၊ ချန်ချင်းယွီသည် အိမ်အရောင်းအဝယ် ကိစ္စအတွက် စာရွက်စာတမ်း အမှုတွဲများ သွားရောက်လုပ်ဆောင်ရန် အဒေါ်ကြီးမေ့တို့ လင်မယားနှင့်အတူ ထွက်လာခဲ့၏။ သူတို့အနေဖြင့် ယနေ့ အိမ်ရောင်းရငွေ ရရှိမှသာ မနက်ဖြန်တွင် ဝမ်မေ့လန်နှင့် စရံကိစ္စများ အရောင်းအဝယ် ဆက်လုပ်နိုင်မည် ဖြစ်သည်။

သို့သော်လည်း အကယ်၍ ဝမ်မေ့လန်ဘက်မှ မနက်ဖြန်တွင် စိတ်ပြောင်းသွားပါက၊ ယနေ့ လုပ်ဆောင်ခဲ့သည့် အရောင်းအဝယ်ကိုလည်း ပြန်လည်ပယ်ဖျက်ရန် အချင်းချင်း ကြိုတင်သဘောတူထားကြ၏။

ကံကောင်းသည်မှာ လူတိုင်းမှာ ဆယ်စုနှစ်ချီ လက်တွဲလာခဲ့ကြသော အိမ်နီးနားချင်းကောင်းများ ဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချရပေသည်။

ယခုခေတ်တွင် စာရွက်စာတမ်း ကိစ္စများမှာ ယခင်လောက် မရှုပ်ထွေးတော့သော်လည်း အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရ၏။ အားလုံး အဆင်ပြေချောမွေ့သွားပြီးနောက်၊ ရုံးအပြင်ဘက်သို့ အတူတူ ထွက်လာကြစဉ် အဒေါ်ကြီးမေ့မှာ သက်ပြင်းချရင်း

“ဆယ်စုနှစ် နှစ်စုနီးပါး နေလာခဲ့တဲ့ အိမ်လေးက... အခုတော့ ပိုင်ရှင်အသစ် လက်ထဲ ရောက်သွားပြီပေါ့။”

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“ဒေါ်လေးတို့က ပိုကျယ်ဝန်းတဲ့ အိမ်အသစ်ကို ပြောင်းရမှာပဲဥစ္စာ... ပိုမကောင်းဘူးလား။”

“အင်း... ဒါလည်း ဟုတ်တာပဲ။”

အဒေါ်ကြီးမေ့ အားရပါးရ ရယ်မောလိုက်ပြီးနောက်

“ငါ့သားကြီးက တကယ်ကို တော်တဲ့ကလေးပါ။ သူသာမရှိရင် ငါတို့မိသားစု ဘယ်အချိန်ကျမှ အခြေအနေ ပြန်ကောင်းလာမလဲ မသိဘူး။ အခုတော့ အရာရာက ဖြည်းဖြည်းချင်း အဆင်ပြေတဲ့ဘက်ကို ဦးတည်လာနေပြီ။”

ချန်ချင်းယွီ ခေါင်းငြိမ့်ကာ

“နောင်ကျရင် ဘဝက တဖြည်းဖြည်းနဲ့ ပိုပြီး ကောင်းမွန်လာမှာပါ။”

ဤစကားကို အဒေါ်ကြီးမေ့ အလွန် သဘောကျသွား၏။

“ဟုတ်တယ်... ပိုကောင်းလာမှာ။ အော်... ဒါနဲ့ ညည်း ဘယ်သွားမလို့လဲ။ အိမ်ဝင်းထဲပဲ တန်းပြန်မလို့လား။”

မနေ့ည၌ မိုးထပ်ရွာထားသဖြင့် ယခုအချိန်အထိ မိုးဖွဲဖွဲလေးများ ကျနေဆဲ ဖြစ်ရာ ဈေးဆိုင်ထွက်ခင်းရန် မသင့်တော်လှပေ။

ချန်ချင်းယွီ : “အိမ်မပြန်သေးဘူး ဒေါ်လေး။ ကျွန်မ ဈေးထဲသွားပြီး ရှားစောင်းလက်ပတ်နဲ့ ရှားစောင်းအိုးလေးတွေ ရှိမရှိ သွားကြည့်မလို့။ ဒေါ်လေးလည်း သိတဲ့အတိုင်း ကျွန်မအိမ်မှာ အခု ငရုတ်သီးပင်တွေ ဘာတွေ မစိုက်တော့ဘူးလေ၊ ပြုစုဖို့ အချိန်မရှိလို့။ ရှားစောင်းလက်ပတ်ကျတော့ ဂရုစိုက်စရာမလိုဘဲ သူ့ဘာသာ ရှင်သန်နိုင်တယ်လို့ ကြားဖူးလို့လေ၊ အဲဒါကြောင့် နည်းနည်းလောက် ဝယ်ချင်လို့။ မဟုတ်ရင် ဟို ပန်းအိုးအကြီးကြီးတွေက ဒီတိုင်း အလကား ဖြစ်နေမှာ နှမြောစရာကြီး။”

အဒေါ်ကြီးမေ့ : “ရှားစောင်းလက်ပတ် ဟုတ်လား။”

ချန်ချင်းယွီ ခေါင်းငြိမ့်ရင်း

“ရှားစောင်းလက်ပတ် ဖြစ်ဖြစ်၊ ကန္တာရဆူး ဖြစ်ဖြစ် ရပါတယ်၊ ဒါပေမဲ့ ဘယ်မှာ ရောင်းမှန်း မသိတော့ လိုက်ရှာကြည့်မလို့။”

အဒေါ်ကြီးမေ့ သူမ၏ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး

“ညည်းကလည်း... ကြည့်စမ်း၊ ငါ့ကို ဘာလို့ အစောကြီးကတည်းက မမေးတာလဲ။ ငါက တစ်မြို့လုံး အနှံ့သိတဲ့ ‘လူ့စွယ်စုံကျမ်း’ ဟဲ့၊ ဘယ်မှာ ရောင်းလဲဆိုတာ ငါသိတာပေါ့။ လာ... ငါ လိုက်ပို့မယ်။”

ချန်ချင်းယွီ ဝမ်းသာအားရဖြင့်

“တကယ်လား၊ ဒါဆိုရင်တော့ အတော်ပဲ။”

အဒေါ်ကြီးမေ့မှာ သူမ၏ ခင်ပွန်းဖြစ်သူကို

“ရှင် ဘာသာရှင် အရင်ပြန်နှင့်တော့၊ ငါ ချင်းယွီကို ရှားစောင်းလက်ပတ် ဝယ်ဖို့ လိုက်ပို့လိုက်ဦးမယ်။ အမလေး... ဒီလိုအပင်မျိုးကတော့ နည်းလမ်းမရှိဘဲ လျှောက်ရှာရင် တွေ့ဖို့ မလွယ်ဘူး။”

သူမ ဆက်ပြီး ညည်းတွားကာ

“ဒါမျိုးက တကယ့်ကို ဝါသနာကြီးလွန်းလို့ စိုက်တာမဟုတ်ရင် ဘယ်သူကမှ အလကားနေရင်း အချိန်ကုန်ခံ စိုက်မနေဘူးလေ။ တခြား ပန်းလှလှလေးတွေ စိုက်ရင်တောင် ပိုက်ဆံပြန်ရဦးမယ်၊ ဒါမျိုးက ရောင်းရခက်တော့ တကယ့်ဝါသနာရှင်တွေပဲ စိုက်ကြတာ။”

“ဟုတ်ကဲ့ပါ”

ချန်ချင်းယွီသည် အဒေါ်ကြီးမေ့နောက်သို့ လိုက်ပါကာ လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်ခဲ့ပြီး၊ မကြာမီမှာပင် အိမ်ဝင်းကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ ၎င်းတို့အိမ်နှင့် မဝေးလှသော်လည်း ချန်ချင်းယွီ တစ်ခါမှ မရောက်ဖူးချေ။

အဒေါ်ကြီးမေ့ : “ကဲ... ဝင်ရအောင်။”

သူတို့နှစ်ဦး အိမ်ထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်လာချိန်တွင် ချန်ချင်းယွီ၏ လက်ထဲ၌ ရှားစောင်းလက်ပတ် အများအပြား ထည့်ထားသည့် ခြင်းတောင်းအကြီးကြီး တစ်လုံး ပါလာခဲ့၏။

ချန်ချင်းယွီ ပိုက်ဆံပေးပြီး စနစ်တကျ ဝယ်ယူခဲ့ခြင်း ဖြစ်သဖြင့် အရာရာမှာ အလွန်ပင် အဆင်ပြေချောမွေ့ခဲ့သည်။

“...ညည်း ဝယ်တာလည်း အများကြီးပါလား။”

“ကျွန်မအိမ်မှာ ပန်းအိုးက ရှစ်အိုး ရှိတာလေ။”

“ဒါဆိုရင် အိမ်ပြန်ရောက်ရင် ငါ ကူပြီး အိုးပြောင်းပေးမယ်။”

“ဟုတ်ကဲ့၊ ကျေးဇူးပါ ဒေါ်လေး။”

သူတို့နှစ်ဦး စကားတပြောပြောဖြင့် အိမ်အပြန်လမ်းသို့ လျှောက်လာခဲ့ကြ၏။ အိမ်ရာဝင်းကြီးထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူအချို့ အိမ်ရှေ့ကွင်းပြင်တွင် စုဝေးနေကြသည်ကို မြင်လိုက်ရသည်။

“ချင်းယွီ... ညည်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ရဲအရာရှိတွေက ညည်းကို စောင့်နေတာ ကြာလှပြီ။”

ချန်ချင်းယွီ အံ့ဩသွားသည့်ဟန်ဖြင့်

“ကျွန်မကို စောင့်နေတာ...”

သူမမှာ ဟန်ဆောင်ရာတွင် အလွန်ပင် ကျွမ်းကျင်လှသဖြင့် ဘာမှမသိနားမလည်သည့် မျက်နှာပေးမျိုးကို ချက်ချင်း ဖော်ပြလိုက်၏။

သို့သော် ရင်ထဲတွင်မူ

‘မနေ့ညက ချဲညီအစ်ကို နှစ်ယောက်ကို မစင်တွင်းထဲ ကန်ချလိုက်တဲ့ ကိစ္စလား၊ ဒါမှမဟုတ် လူယုတ်မာ အဖေ ချန်ရိကျွင်းရဲ့ ကိစ္စလား’

မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီအနေဖြင့် မသိဟန်လုပ်ကာ အူတူတူ ထိုင်နေရန်သာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သူမ ရဲအရာရှိနှစ်ဦးကို သံသယစိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။

“အရာရှိတို့... ကျွန်မကို ဘာကိစ္စရှိလို့ ရှာတာလဲဟင်။”

“မင်းရဲ့အဖေ ချန်ရိကျွင်းရဲ့ ကိစ္စပါ။”

ချန်ချင်းယွီ ပိုမို ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့်

“သူ... သူ ဘာဖြစ်လို့လဲ။”

အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ ရွာနေဆဲ ဖြစ်သဖြင့် ချန်ချင်းယွီမှာ

“အပြင်မှာ မိုးရွာနေလို့ လမ်းဖယ်ပေးကြပါဦး၊ တံခါးဖွင့်ပြီး အိမ်ထဲဝင်မှ စကားပြောရအောင်။ ကျွန်မအဖေ ဘာပြဿနာ တက်လို့လဲဟင်။ ဒါမှမဟုတ် ပြစ်မှုတစ်ခုခု ကျူးလွန်မိလို့လား။ ကျွန်မ သူ့ကို မတွေ့ရတာ အတော်ကြာလှပြီ။”

ချန်ချင်းယွီ တံခါးဖွင့်လိုက်ရာ အိမ်၏ ဧည့်ခန်းနှင့် အိပ်ခန်းထဲတွင် ကုန်ပစ္စည်းများ ထည့်ထားသည့် ဆာလာအိတ်ကြီးများ ပြည့်နှက်နေသည်ကို မြင်တွေ့ရသည်။

သူမမှာ ရောင်းရန် ကျန်ရှိနေသေးသော ကုန်ပစ္စည်း အများအပြား ရှိနေသေး၏။

“မင်း ဒါတွေက...”

ရဲအရာရှိနှစ်ဦး ထိုအိတ်များကို သံသယဖြင့် ကြည့်လိုက်ရာ၊ ချန်ချင်းယွီ ချက်ချင်း ရှင်းပြလိုက်သည်။

“ဒါတွေက အဝတ်အစားတွေနဲ့ ဘောင်းဘီတွေပါ၊ ကျွန်မ အခုတလော နေ့ဘက်ဆိုရင် ရှီချာဟိုင် ဘက်မှာ လမ်းဘေးဆိုင် ထွက်ခင်းနေလို့ပါ။ အရာရှိတို့က ဒီလို လမ်းဘေးဈေးရောင်းတဲ့ ကိစ္စကိုပါ လိုက်ဖမ်းနေတာတော့ မဟုတ်ပါဘူးနော်။”

“ဪ... ဒါတွေကို ငါတို့ မဖမ်းပါဘူး။ ကိစ္စက ဒီလိုပါ... ချန်ရိကျွင်းက မနေ့ညက ပြဿနာတစ်ခု တက်ခဲ့တယ်၊ တစ်ယောက်ယောက်က သရဲယောင်ဆောင်ပြီး သူ့ကို ခြောက်လှန့်ခဲ့လို့လေ၊ အဲဒါကြောင့် မင်း မနေ့ညက ဘယ်မှာ ရှိနေလဲဆိုတာကို သိချင်လို့ပါ။”

ချန်ချင်းယွီ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး အသံကျယ်ကြီးဖြင့် အော်လိုက်ကာ

“ရှင်တို့ ဘာပြောလိုက်တာလဲ။ ကျွန်မကပဲ သူ့ကို သွားခြောက်တယ်လို့ ပြောချင်တာလား။ အဲဒါ ကျွန်မအဖေအရင်းလေ၊ ကျွန်မက အားအားယားယား သူ့ကို ဘာဖြစ်လို့ သွားခြောက်ရမှာလဲ။ ဒါ့အပြင် ကျွန်မအဖေက ကျွန်မကို နိမိတ်မကောင်းတဲ့သူလို့ အမြဲပြောနေကျမို့ ကျွန်မတို့အချင်းချင်း အဆက်အသွယ်တောင် မရှိကြဘူး။ ကျွန်မက အားနေလို့လား၊ သူ့ဆီ အထူးတလည် သွားပြီး ခြောက်လှန့်ရအောင်… ရှင်တို့က ဘာကို ဆိုလိုတာလဲ။ ဒါက ရှင်တို့ရဲ့ သံသယလား၊ ဒါမှမဟုတ် သူကိုယ်တိုင် စွပ်စွဲတာလား၊ သူ ပြောတာ မဟုတ်လား၊ သေချာပေါက် သူပဲ ဖြစ်ရမယ်။ သူ ကျွန်မကို သမီးတစ်ယောက်လို သဘောမထားတာကို ကျွန်မ လက်ခံပါတယ်၊ ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ ကျွန်မကို ဘာဖြစ်လို့ လာပြီး မတရား စွပ်စွဲရတာလဲ။”

ချန်ချင်းယွီ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။

သူမ၏ အသံမှာ ကျယ်လောင်နေ၏။

“ဘာအထောက်အထားနဲ့ ဒီလိုပြောနိုင်ရတာလဲ။”

ရဲများ စကားမပြောရသေးမီ သူမက ထပ်မံ အော်ဟစ်ပြန်သည်။

“ကျွန်မ မနေ့ညက အိမ်မှာပဲ ရှိနေတာ။ ကျွန်မတို့ မနေ့ညက အပြင်မှာ ထမင်းသွားစားကြပြီး ပြန်လာကတည်းက အပြင်ကို လုံးဝ ပြန်မထွက်တော့ဘူး။ ကျွန်မ မိသားစုဝင်တွေ အကုန်လုံး သက်သေပြနိုင်တယ်။”

“မင်းရဲ့ မိသားစုဝင်တွေက သက်သေပြတာကတော့ ဥပဒေအရ နည်းနည်း...”

“ဘာဖြစ်လဲ၊ ကျွန်မမိသားစုက သက်သေပြလို့ မရဘူးလား။ ဒါဆိုရင်လည်း အိမ်ဝင်းကြီးထဲက လူတွေကို သွားမေးကြည့်လိုက်လေ။ ကျွန်မ မနေ့ညက ညနေစောင်းကတည်းက ပြန်ရောက်နေတာ မဟုတ်လား။ လူတိုင်းက ကျွန်မတို့အိမ်ရဲ့ ခုတင်ဘေးမှာ တစ်ညလုံး ထိုင်စောင့်ကြည့်မနေနိုင်ဘူး ဆိုဦးတော့၊ အကယ်၍ ကျွန်မသာ အပြင်ထွက်ခဲ့ရင် ပြန်လာတဲ့အချိန် သေချာပေါက် တစ်ယောက်ယောက်က သိမှာပဲ။ ကျွန်မတို့ အိမ်ဝင်းကြီးက ညဘက်ဆိုရင် တံခါးကို သော့ခတ်ထားတာလေ။”

ချန်ချင်းယွီ အလွန်အမင်း ဒေါသထွက်နေသည့်အလား လက်ထဲမှ ရှားစောင်းလက်ပတ်ခြင်းတောင်းကို ဘုန်းခနဲ ချလိုက်ပြီး၊ ချက်ချင်း ပြန်မကာ ပြောလိုက်၏။

“ကျွန်မအဖေက ကျွန်မအပေါ် ဒီလောက်တောင် မတရား စွပ်စွဲရက်ရတာလား။ သေချာပေါက် ဝေရှု့ဖန်း ကုန်းချောလိုက်တာပဲ ဖြစ်ရမယ်။ ကျွန်မ ဒီရှားစောင်းလက်ပတ်နဲ့ သွားပြီး သူ့မျက်နှာကို ရိုက်ပစ်ဦးမယ်။”

သူမ တမင်တကာ ဝေရှု့ဖန်းကို ဆွဲထည့်လိုက်ခြင်း ဖြစ်သည်။ ဤသို့လုပ်မှသာ သဘာဝကျသော လူ့သဘာဝနှင့် ပိုမို ကိုက်ညီပေလိမ့်မည်။

“စိတ်မဆိုးပါနဲ့ဦး... ငါတို့က ပုံမှန် လုပ်ထုံးလုပ်နည်းအရ လာမေးတာပါ၊ မင်း လုပ်တာလို့ တပ်အပ်ပြောနေတာ မဟုတ်ပါဘူး။”

ချန်ချင်းယွီ မျက်မှောင်ကြုတ်ကာ ထပ်မံ မေးမြန်း၍

“တကယ်တော့ ဘာဖြစ်တာလဲဟင်၊ ကျွန်မကို မဖုံးကွယ်ပါနဲ့။ ထူးထူးဆန်းဆန်းနဲ့... တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ။”

သူမသည် ဘဝတစ်လျှောက်လုံးရှိသမျှ သရုပ်ဆောင်စွမ်းရည်များကို အကုန်ထုတ်သုံးကာ မျက်လုံးအစုံကို ပြူးကျယ်လျက် မေးခွန်းထုတ်နေ၏။

“ကျွန်မအဖေ တကယ်ပဲ ဘာဖြစ်သွားတာလဲ... ပြောပြကြပါဦး။ ကဲပါ... ရှင်တို့ကို မမေးတော့ဘူး၊ သဲသဲကွဲကွဲ ဖြစ်မှာမဟုတ်ဘူး။ ကျွန်မ သူ့ဆီ ကိုယ်တိုင်သွားပြီး သေချာ မေးမြန်းလိုက်မယ်။”

ချန်ချင်းယွီ လှည့်ထွက်ရန် ပြင်ဆင်စဉ်မှာပင် ရဲအရာရှိမှာ ချက်ချင်း တားလိုက်သည်။

“သူ အိမ်မှာ မရှိဘူး၊ အခု ဆေးရုံမှာ ရောက်နေတာ။”

ချန်ချင်းယွီ : “ဟင်... ဟုတ်လား။”

‘နေပါဦး... ဒါက... ဒါက ငါလုပ်ခဲ့တာမှ မဟုတ်တာကြီး။’

ချန်ချင်းယွီ၏ အံ့ဩသွားသော မျက်နှာပေးမှာ အလွန်ပင် ထင်ရှားလွန်းလှသဖြင့် ရဲအရာရှိနှစ်ဦးလည်း ဤကိစ္စသည် သူမနှင့် လုံးဝမသက်ဆိုင်ဟု ယူဆသွားကြ၏။

တကယ်တမ်းတွင် အစကတည်းက လူတိုင်းမှာ ဤကိစ္စသည် သူမနှင့် မပတ်သက်ဟု ထင်မြင်ထားကြပြီးသား ဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော သရဲခြောက်မှုမျိုးကို သူမကဲ့သို့ မိန်းကလေးတစ်ယောက်၏ စွမ်းရည်ဖြင့် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ဟု ယူဆထားကြသည့်အတွက်ပင်။

“သူက သရဲခြောက်တာကို လန့်ပြီး လှေကားပေါ်က လိမ့်ကျလို့ ဆေးရုံတင်ထားရတာ။”

ချန်ချင်းယွီ၏ မျက်လုံးများမှာ ပိုမို ပြူးကျယ်သွားလေတော့သတည်း။

သောက်ကျိုးနည်း… အံ့ဖွယ်ပါလား…။

All Chapters