← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈) ဆေးရုံပေါ်တွင်ပွဲကြမ်း…

ချန်ချင်းယွီ စိတ်ထဲ၌ အလွန်အမင်း ကျေနပ်သွား၏။

‘ချန်ရိကျွင်းကတော့ တကယ်ကို ဝဋ်လည်တာပဲ။ အရင်တုန်းက သူက ငါ့ကို လှေကားပေါ်က တွန်းချခဲ့တာ၊ အခုတော့ သူကိုယ်တိုင် လှေကားပေါ်က လိမ့်ကျသွားပြီ။ ဒါဟာ တကယ်ကို ဝဋ်လည်တာပဲ...’

သို့သော်လည်း မည်မျှပင် ဝဋ်လည်သည်ဖြစ်စေ၊ ပြဿနာမှာ တစ်စုံတစ်ဦးအစပြုပေးခဲ့၍သာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ဤမျှလောက် များပြားလှသော နှစ်ကာလပတ်လုံးတွင် ချန်ရိကျွင်းတစ်ယောက် မည်သို့လျှင် အေးအေးဆေးဆေး နေထိုင်နိုင်ပါမည်နည်း။

ချန်ချင်းယွီ ပျာသလဲလဲဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။

“သူ ဘယ်ဆေးရုံမှာလဲဟင်...”

“ရှောင်ချန်... ခဏလောက် စောင့်ပါဦး။ ကျွန်တော့်အမြင်တော့ အချို့ကိစ္စတွေကို ခင်ဗျား သိထားသင့်တယ်လို့ ထင်လို့ပါ။”

ရဲအရာရှိ အတန်ငယ် ဝေခွဲမရ ဖြစ်နေပြီးမှ မဝံ့မရဲ ဆိုလာ၏။

“ဟို... သရဲခြောက်တယ်ဆိုတဲ့ ကိစ္စကလေ...”

ချန်ချင်းယွီ တည်ငြိမ်စွာဖြင့်

“ဒီကမ္ဘာပေါ်မှာ သရဲဆိုတာ မရှိပါဘူး။ ရှင်တို့က ဘာဖြစ်လို့ ဒါကို ယုံနေရတာလဲ...”

အလွန်ဖြောင့်မတ်မှန်ကန်သော အမူအရာ၊ အမှန်အတိုင်း ပြောဆိုနေသော ပုံစံမျိုးဖြင့် သူမ တုံ့ပြန်လိုက်သည်။

ရဲအရာရှိသည် မေးရိုးကို တင်းတင်းစေ့ထားမိပြီး ဆက်ပြောရန် အနည်းငယ် အားနာနေမိသည်။ သို့သော် ယခုအချိန်တွင် ကြိုတင်၍ သတိပေးမထားမိလျှင် နောက်မှ လူချင်းတွေ့သည့်အခါ ပြဿနာ ပိုမိုကြီးထွားသွားမည်ကို စိုးရိမ်မိ၏။

“သရဲခြောက်တယ်ဆိုတာကတော့ တစ်ယောက်ယောက်က သရဲယောင်ဆောင်ပြီး ဉာဏ်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက...”

ချန်ချင်းယွီ မျက်မှောင်ကြုတ်ကာ

“ရှင်က ဘာဖြစ်လို့ စကားကို ထစ်ထစ်အအ ဖြစ်နေရတာလဲ။ ရှိတာကိုပဲ အမှန်အတိုင်း ပြောပါ၊ ကျွန်မကပဲ ကျွန်မအဖေကို သွားခြောက်တယ်လို့ သံသယဝင်နေလို့လား။ အဲဒါ ကျွန်မအဖေအရင်းပါ၊ ကျွန်မ ဘာဖြစ်လို့ အဲဒီလိုလုပ်ရမှာလဲ။ ဒါ့အပြင် ကျွန်မ မသွားခဲ့ဘူးဆိုတာ မသွားခဲ့ဘူးပေါ့၊ ကျွန်မတို့ အိမ်ဝင်းကြီးထဲကလူတွေကို စိတ်ကြိုက် သွားရောက် စုံစမ်းစစ်ဆေးနိုင်ပါတယ်...”

“မဟုတ်ပါဘူး... မင်းကို သံသယဝင်နေတာ မဟုတ်ပါဘူး။”

ရဲအရာရှိ နောက်ဆုံးတွင် ဖွင့်ပြောလိုက်ရတော့သည်။

“ဒီလိုပါ... မနေ့ညက သရဲခြောက်တဲ့အထဲမှာ အချို့ကောလာဟလတွေ ထွက်နေလို့ပါ။ အဲဒီသရဲမက မင်းရဲ့အမေ ဖြစ်နေလို့ပါပဲ။”

ချန်ချင်းယွီသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး ရဲအရာရှိကို ဆွံ့အစွာ စိုက်ကြည့်နေမိသည်။ သူမ၏ မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားခဲ့ရ၏။

ရဲအရာရှိ ဆက်လက်၍

“မနေ့ညက သရဲမက မတရားခံရလို့ ဆိုပြီး အော်ဟစ်နေခဲ့တာမို့၊ အပြင်ဘက်မှာ ကောလာဟလတွေ အတော်လေး ပျံ့နှံ့နေတယ်။ မင်းအဖေက မင်းအမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေနိုင်တယ်လို့ ပြောနေကြတာ။”

၎င်းတို့ စကားပြောနေစဉ်အတွင်း ချန်ချင်းယွီ တစ်စုံတစ်ရာ သိရှိထားခြင်း ရှိမရှိကို အကဲခတ်ရန်အတွက် သူမ၏ အမူအရာကို အသေအချာ စောင့်ကြည့်နေကြသည်။ ရဲအရာရှိများ ဖြစ်သည့်အားလျော်စွာ ချန်ချင်းယွီအပေါ် သံသယ သိပ်မရှိသော်လည်း၊ ရှိသင့်ရှိထိုက်သော သတိဝီရိယနှင့် အကဲခတ်မှုမျိုး ရှိနေဆဲ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ချန်ချင်းယွီသည် အစကတည်းက ပေါ့ဆမှုမရှိဘဲ စိတ်ကို တင်းထားခဲ့ခြင်း ဖြစ်သည်။

ဤစကားကို ကြားလိုက်ရချိန်တွင် သူမသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တုန်လှုပ်သွားပြီး

“ရှင်... ရှင် ဘာပြောလိုက်တာလဲ...”

“ဒါတွေက ကောလာဟလတွေပါပဲ၊ ဘာသက်သေ အထောက်အထားမှ မရှိပါဘူး။ ဒါပေမဲ့ တခြားလူတွေရဲ့ နှုတ်ကတစ်ဆင့် ကြားရရင် ပိုပြီး နားလည်မှုလွဲမှာ စိုးလို့၊ ငါတို့က ကြိုတင်ပြီး ပြောပြထားတာပါ။ ဒါကတော့...”

“ကျွန်မအဖေ ဘယ်ဆေးရုံမှာလဲ...”

ချန်ချင်းယွီသည် ရဲအရာရှိ၏ လက်မောင်းကို လှမ်း၍ အားပြင်းပြင်းဖြင့် ဆုပ်ကိုင်လိုက်ကာ

“သူ ဘယ်ဆေးရုံမှာလဲဟင်... ကျွန်မ သူ့ကို သွားမေးရမယ်...”

“စိတ်အေးအေးထားပါဦး...”

“ကျွန်မ စိတ်မအေးနိုင်ဘူး... ဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲ။ ပြောပါ... ကျွန်မအဖေ ဘယ်ဆေးရုံမှာလဲ၊ ကျွန်မ သူ့ဆီ သွားမလို့။ သဲသဲကွဲကွဲ သိအောင် သွားမေးရမယ်...”

“သူက အခု ဒဏ်ရာရထားတာဆိုတော့ ခင်ဗျား ဒီလိုမျိုး သွားပြီး ပြဿနာရှာရင် မသင့်တော်ဘူးထင်...”

“ရှင်တို့ မပြောရင်လည်း ကျွန်မ ချန်အိမ်ကို သွားမယ်။ ဝေရှု့ဖန်းကတော့ အိမ်မှာ အမြဲရှိနေမှာပဲ...”

ချန်ချင်းယွီ ချက်ချင်းပင် လက်ကို လွှတ်လိုက်ပြီး လှည့်၍ ပြေးထွက်သွား၏။

“ဟေး... ရှောင်ချန်ရေ... ရှောင်ချန်...”

လှမ်းခေါ်သော်လည်း မမီတော့ချေ။

“အမြန် လိုက်ကြစို့...”

သို့သော်လည်း ရဲအရာရှိနှစ်ဦးမှာ စိတ်ကောင်းရှိသူများ ဖြစ်သဖြင့် လှမ်းမေးလိုက်ကြကာ

“အိမ်ဝင်းကြီး တာဝန်ခံ... ဘယ်သူက အိမ်ဝင်း တာဝန်ခံလဲ...”

ပိုင်ဖုန်းရှန်း : “ကျွန်မယောက်ျားက အုပ်ချုပ်ရေးမှူးပါ။ ဘာကိစ္စရှိလို့လဲ၊ ကျွန်မကိုပဲ ပြောပါ...”

“သူ့အိမ်က တံခါးမခတ်ထားခဲ့ဘူး၊ နည်းနည်းလောက် ကူပြီး ကြည့်ပေးပါဦး။”

“ရပါတယ်...”

ရဲအရာရှိနှစ်ဦးသည် မှာတမ်းခြွေပြီးသည်နှင့် ချက်ချင်းပင် နောက်မှ လိုက်သွားကြသည်။

ကျန်ခဲ့သည့် လူများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေကြ၏။ သူတို့သည် စောစော၌ အပြင်ဘက်မှနေ၍ တီးတိုးခိုးနားထောင်နေခဲ့ကြသဖြင့် အကြောင်းအရာအချို့ကို အနည်းငယ် ကြားလိုက်ရလေသည်။

အဘွားကြီးဟွမ် : “မဖြစ်ဘူး... ငါတော့ သွားကြည့်မှ ဖြစ်မယ်...”

“ကျွန်မလည်း သွားမယ်...”

“ကျွန်မလည်း အတူတူ လိုက်ခဲ့မယ်...”

လူတိုင်း အတင်းအဖျင်း ကိစ္စများတွင် စိတ်အားထက်သန်ကြသဖြင့် နောက်မှနေ၍ အပြေးအလွှား လိုက်သွားကြ၏။

သို့သော်လည်း ချန်ချင်းယွီ၏ အပြေးနှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့်၊ ခဏချင်းအတွင်းမှာပင် လူရိပ်ပျောက်သွားခဲ့ရာ အဘွားကြီးဟွမ်တို့ လူစုမှာ လမ်းခုလတ်တွင် လူကွဲကာ မျက်စိလည်သွားကြသည်။

“သူတို့ကလည်း ဘာဖြစ်လို့ ဒီလောက်တောင် မြန်နေရတာလဲ...”

“သွားပါပြီ... စိတ်လှုပ်ရှားစရာ မြင်ကွင်းကြီးကို မကြည့်ရတော့ဘူး...”

“ဒါဆိုရင်တော့ အိမ်ပြန်ပြီး သတင်း စောင့်နေကြတာပေါ့။”

ချန်ချင်းယွီသည် အရှေ့ဆုံးမှနေ၍ ဟောဟဲဟောဟဲဖြင့် အပြင်းအထန် ပြေးလာခဲ့ပြီး၊ ချန်အိမ်ရှိရာ ဝန်ထမ်းအိမ်ရာဝင်းသို့ ရောက်ရှိကာ လှေကားထစ်များအတိုင်း တစ်ဟုန်ထိုး ပြေးတက်သွားခဲ့၏။

“ဝေရှု့ဖန်း... ဝေရှု့ဖန်း...”

ချန်ချင်းယွီသည် ဤကိစ္စတွင် အမုန်းတီးဆုံးမှာ ချန်ရိကျွင်း ဖြစ်သည်ကို သိသော်လည်း၊ အပေါင်းအပါ ဖြစ်သော ဝေရှု့ဖန်းသည်လည်း လူကောင်းတစ်ယောက်မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ ထိုနှစ်ယောက်မှာ မြွေနဲ့ကင်းမြီးကောက်ကဲ့သို့ တစ်အိုးတည်းသောက် တစ်လှေတည်းစီးများ ဖြစ်ကြသည်သာ…

ချန်ချင်းယွီ အော်ဟစ်ကာ

“ဝေရှု့ဖန်း... နင် ငါ့ကို ပြောစမ်း၊ ချန်ရိကျွင်း ဘယ်ဆေးရုံမှာလဲ...”

သူမသည် အပေါ်ထပ်သို့ ပြေးတက်သွားပြီး တံခါးကို ဒုန်းဒုန်းဒုန်းနှင့် အားပြင်းပြင်း တွန်းထုလိုက်၏။

“တံခါးဖွင့်စမ်း... အမြန်ဖွင့်စမ်း၊ နင်တို့ အိမ်ထဲမှာ ရှိနေတာကို ငါသိတယ်...”

“နင်က ဘာဖြစ်လို့ လာအော်နေတာလဲ။ ဘာတွေ လာရုန်းရင်းဆန်ခတ် လုပ်နေတာလဲ...”

ဝေရှု့ဖန်းသည် ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေးဖြင့် တံခါးဖွင့်ပေးလာပြီး၊ လေသံမှာလည်း အတော်လေး မာထန်နေ၏။

သူတို့မှာ တစ်ညလုံး မအိပ်ရ၍ ဒုက္ခရောက်ခဲ့ကြရပြီး၊ နံနက်ပိုင်းတွင်လည်း ဆေးရုံသို့ သွားခဲ့ကြရသဖြင့် ယခုမှ အိမ်သို့ ပြန်ရောက်ကာစ ရှိသေးသည်။ ဝေရှု့ဖန်းသည် ရင်ထဲ၌ ကြောက်ရွံ့တုန်လှုပ်နေမိကာ ချန်ချင်းယွီကို မြင်လိုက်ရချိန်တွင် ပိုမို ထိတ်လန့်သွားကာ မိမိကိုယ်ကိုယ် သတ္တိမွေးသည့်အနေဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်၏။

“အိမ်မှာ ပြဿနာတက်နေတာကို... နင်က ကိုယ့်အဖေကို ဆေးရုံမှာ သွားပြီး မပြုစုဘဲ၊ ဒီမှာ လာပြီး အော်ကြီးဟစ်ကျယ် လုပ်နေသေးတယ်…ညည်းလို သမီးမျိုးကို ဘယ်လိုများ မွေးမိပါလိမ့်။ ညည်းအဖေက ညည်းကို မချစ်တာ မဆန်းပါဘူး။”

ဝေရှု့ဖန်းသည် သရဲမအကြောင်းကို တွေးမိသည်နှင့် ချန်ချင်းယွီအပေါ် ဒေါသနှင့် အာဃာတများ ပေါက်ကွဲလာခဲ့သည်။

သရဲမက သူ့အမေ မဟုတ်လား…

သေချာပေါက် သူမအပေါ် ရန်ငြိုးထားမိပေလိမ့်မည်။

ချန်ချင်းယွီသည် ယခင်ကဲ့သို့ နှိမ်ချပြီး အနိုင်ကျင့်ခံနေမည့်သူ မဟုတ်တော့ပေ။ သူမ ဝေရှု့ဖန်းကို ဖျတ်ခနဲ ဆွဲကိုင်လိုက်ပြီး အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ရာ၊ ဝေရှု့ဖန်းမှာ နံရံနှင့် ဗုန်းခနဲ ဆောင့်မိသွား၏။

“အား...”

သူမ ဒေါသတကြီးဖြင့်

“နင် ဘာလုပ်တာလဲ...”

ချန်ချင်းယွီက သူမကို အရေးပင်မစိုက်ဘဲ အိမ်ထဲသို့ တန်းဝင်သွားကာ

“အဖေ... အဖေ ထွက်ခဲ့စမ်းပါ၊ သမီးဆီကို ထွက်ခဲ့စမ်းပါ။ ပုန်းမနေနဲ့... ထွက်ခဲ့စမ်းပါ။ ပြောစမ်းပါဦး... ကျွန်မအမေရဲ့ သေဆုံးမှုက အဖေနဲ့ ပတ်သက်နေတာ ဟုတ်လားမဟုတ်ဘူးလား။ ပြောစမ်းပါ...”

ချန်ချင်းယွီသည် အခန်းထဲသို့ အတင်းဝင်သွားပြီး အခန်းတံခါးတစ်ခုကို ကန်ဖွင့်လိုက်ကာ၊ ထို့နောက် အခြားတံခါးတစ်ခုကိုပါ ထပ်မံ ကန်ဖွင့်လိုက်ပြန်သည်။

“ညည်းအဖေက ဆေးရုံမှာ၊ ဆေးရုံမှာ လို့ ပြောနေတယ်လေ... စောစောကတင် ဆေးရုံမှာလို့ မပြောဘူးလား...”

“ကျွန်မ ရှငမတို့ကို မယုံဘူး၊ နည်းနည်းလေးမှ မယုံဘူး...”

ချန်ချင်းယွီသည် စိတ်ဖောက်ပြန်နေသည့်အလား အော်ဟစ်နေပြီး၊ တစ်အိမ်လုံး ရှာဖွေသော်လည်း လူမတွေ့သဖြင့် ဒေါသတကြီးဖြင့် ဧည့်ခန်းစားပွဲပေါ်ရှိ ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ဆွဲလှဲချပစ်လိုက်ကာ

“ကျွန်မအဖေ ဘယ်မှာလဲ။ ပြောစမ်းပါ...”

“ရှောင်ချန်... စိတ်အေးအေးထားပါဦး...”

ယခုအချိန်တွင် ရဲအရာရှိများ ရောက်ရှိလာသဖြင့် ဝေရှု့ဖန်းလည်း အားကိုးရသွားသည့်အလား ဒေါသတကြီးဖြင့် တိုင်တန်းလေတော့သည်။

“ရဲဘော်တို့ ကြည့်ကြပါဦး၊ ဒီမိန်းမစရိုက်ကို ကြည့်ကြပါဦး။ သူက လူပုံစံ ပေါက်သေးရဲ့လား... တကယ်ကို...”

“နင် ပါးစပ်ပိတ်ထားစမ်း...”

ချန်ချင်းယွီ အသံကျယ်ကြီးဖြင့်

“နင် ပါးစပ်ပိတ်ထားလိုက်။ ကျွန်မအဖေကို သဲသဲကွဲကွဲ သွားမေးရမယ်၊ သူ ကျွန်မအမေကို လုပ်ကြံသတ်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို သေချာ မေးရမယ်။”

ချန်ချင်းယွီ၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး တစ်ကိုယ်လုံးလည်း တုန်ရင်နေခဲ့၏။

သူမသည် အလွန်ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားလိုက်ရသည့်အလား ရှိနေသည်။

ဝေရှု့ဖန်း : “နင်လို ကောင်မစုတ်က... နင်... အား...”

ချန်ချင်းယွီ ရုတ်တရက်ပင် လက်ကို မြှောက်ကာ လွှဲ၍ ဖြတ်ခနဲ ရိုက်ချလိုက်၏။

ဖျန်း...

ဝေရှု့ဖန်း၏ ပါးပေါ်သို့ ပြင်းထန်လှသော ပါးရိုက်ချက်တစ်ခု ကျရောက်သွားခဲ့သည်။ သူမဆက်လက်၍ ပြတ်ပြတ်သားသား ဆိုလိုက်၏။

“ကျွန်မနဲ့ ကျွန်မအဖေကြားက ကိစ္စကို နင် ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး။ နင် ငါ့ကို နောက်တစ်ခွန်း ထပ်ဆဲရင်... နင့်ကို သေအောင် ရိုက်ပစ်မယ်...”

“ဟင်......”

ဘေးလူများအားလုံး မှင်သက်သွားကြသည်။ ချန်ချင်းယွီကို နူးညံ့ပျော့ပြောင်းသူဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ ယခုကဲ့သို့ ပြင်းထန်ကြမ်းတမ်းလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

“ချန်ချင်းယွီ... နင် အဆင်ပြေရဲ့လား။”

ယွီမေကျွမ်းသည် အပြင်ဘက်မှ ပြန်လာခြင်း ဖြစ်သည်။ မနေ့ညမှ ပြဿနာမှာ အလွန် ကြောက်စရာကောင်းလှသဖြင့်၊ ချန်အိမ်ရှိ ကလေးများမှာ အိမ်တွင် မနေရဲကြဘဲ အပြင်သို့ ထွက်ပြေးတိမ်းရှောင်နေကြရာ၊ ယခုအချိန်တွင် ယွီမေကျွမ်းတစ်ဦးတည်းသာ အိမ်သို့ ပြန်လာခြင်း ဖြစ်၏။ သူမအနားသို့ တိုးလာပြီး

“နင် ဘာမှမဖြစ်ဘူးမလား။”

ချန်ချင်းယွီ ယွီမေကျွမ်းကို ဖျတ်ခနဲ ဆွဲကိုင်လိုက်ပြီး

“နင် ငါ့ကို ပြောစမ်း၊ တကယ် ဘာဖြစ်တာလဲ။ ငါ့အမေ သေဆုံးတာက... ငါ့အဖေနဲ့ တကယ်ပဲ ပတ်သက်နေတာလား။”

ယွီမေကျွမ်းသည် ချန်ချင်းယွီကို သနားကရုဏာ သက်သော မျက်ဝန်းများဖြင့် ကြည့်ကာ၊ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောပြလိုက်၏။

“မနေ့ညက သရဲခြောက်တုန်းကတော့ အဲဒီသရဲမက ဒီအတိုင်းပဲ အော်သွားတာ။ ငါ အခန်းထဲကနေ အသေအချာကို ကြားလိုက်ရတာပါ... သူက ‘ငါ့အသက်ကို ပြန်ပေး’ လို့ အော်နေတာ။ နင့်အဖေကလည်း ကြောက်လန့်ပြီး ရူးမတတ် ဖြစ်နေတာ... ပြန်ပြီးတော့လည်း မငြင်းရဲရှာဘူး...”

ဝေရှု့ဖန်း : “နင် ပါးစပ်ပိတ်ထားစမ်း။ နင်က အိမ်ကကျွေးတဲ့ ထမင်းကို စားပြီး အပြင်လူကို အကျိုးပြုနေတာလား၊ နင်က ဘယ်သူ့ဘက်ကလဲ...”

ယွီမေကျွမ်းလည်း မလျှော့ဘဲ တံခါးဝတွင် ဝိုင်းကြည့်နေသည့် လူအုပ်ကြီးဘက်သို့ လှည့်၍ မေးလိုက်သည်။

“ကျွန်မပြောတာ အမှန်တရားပဲဥစ္စာ။ ကျွန်မမပြောရင်လည်း တခြားလူတွေ ပြောကြမှာပဲ၊ အဲဒီတုန်းက ဘယ်သူမှ မကြားခဲ့တာမှ မဟုတ်တာ။ ဟုတ်တယ်မလား အရပ်ကတို့။”

ဘေးလူများလည်း ချက်ချင်းပင် ထောက်ခံကြကာ

“ဟုတ်တယ်... ငါ ကြားလိုက်တယ်။ ငါ ထင်တာတော့ အဲဒီတုန်းက သရဲမက ကောင်မလေးကျန်း ဖြစ်ရမယ်။ သူက သွေးတွေ ဘာတွေဆိုပြီး ငိုယိုအော်ဟစ်နေတာ... ညည်းအမေက အဲဒီတုန်းက လမစေ့ဘဲ မွေးရခက်ပြီး ဆုံးသွားတာလေ...”

“ကျွန်မလည်း ကြားတယ်၊ ‘ငါ့အသက်ကို ပြန်ပေး’ လို့ အော်တာ... တကယ့်ကို သွေးပျက်စရာကြီး၊ ကြောက်စရာ ကောင်းလိုက်တာ။”

“ဘာပဲဖြစ်ဖြစ် အမှန်အမှားကိုတော့ ငါတို့ မသိဘူး၊ ဒါပေမဲ့ ငါတို့ အားလုံး ကြားလိုက်ရတာတော့ အမှန်ပဲ...”

“‘နင်တို့လို လင်မယားအယုတ်တေတွေ... ငါ့အသက်ကို ပြန်ပေး’ လို့ အဲဒီလို အော်သွားတာ။”

“အဲဒီလို အော်ခဲ့လို့လား။”

“အော်ခဲ့တာပေါ့... ငါ ကိုယ်တိုင် ကြားလိုက်တာ...”

ဝေရှု့ဖန်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“နေရာတိုင်းမှာ နင်တို့တွေချည်းပဲလား။ ငါတို့အိမ်က ကိစ္စက နင်တို့နဲ့ ဘာဆိုင်လို့လဲ။ နင်တို့တစ်ယောက်ချင်းစီက တကယ့်ကို စကားများလွန်းတယ်...”

“ကိစ္စက ဖြစ်ပျက်နေတာပဲဟာကို... ပြောခွင့်မရှိဘူးလား။”

“ဟုတ်ပ... ဟုတ်ပ။ နင်တို့က ငါတို့ကို မပြောစေချင်ရင်... အစကတည်းက ဒါမျိုး မလုပ်ခဲ့ကြနဲ့လေ။ အရင်တုန်းက ချန်ရိကျွင်း အလုပ်ရခဲ့တာကော... သူ့အိမ်က ညီအစ်ကို မောင်နှမတွေ အလုပ်ရခဲ့တာတွေကော... အကုန်လုံးက ဟိုဘက် ကောင်မလေးကျန်းရဲ့ မိဘအိမ်က ကူညီပေးခဲ့လို့ မဟုတ်လား။ ဒါပေမဲ့ သူတို့ကတော့ ကျေးဇူးကန်းပြီး မျက်နှာလွှဲခဲပစ် လုပ်ခဲ့ကြတာ။ တကယ်ကို လူမဆန်တဲ့ လုပ်ရပ်ပဲ...”

“သူတို့က သူတပါးရဲ့ ကျေးဇူးကို ခံယူပြီး ဘာမှမဖြစ်ခဲ့သလို နေနေကြတာလား။”

“ဒါပေါ့... မဟုတ်လို့လား။”

“တကယ်ကို တစ်မိသားစုလုံး ခွေးစိတ်ပေါက်နေတဲ့ ကောင်တွေပဲ။”

အိမ်နီးနားချင်းအဟောင်းအချို့ ဤအကြောင်းကို သိရှိထားကြလိမ့်မည်ဟု ချန်ချင်းယွီ မျှော်လင့်မထားခဲ့ပေ။ အတိတ်ကာလ၌ မိမိတို့နှင့်မဆိုင်သည့်အပြင် အချိန်လည်း အတော်ကြာမြင့်ခဲ့ပြီဖြစ်၍ မည်သူမျှ ဝင်ရောက်မပြောဆိုခဲ့ကြသော်လည်း၊ ယခုအချိန်တွင် ကိစ္စရပ်များမှာ လူသိရှင်ကြား ဖြစ်လာခဲ့ပြီဖြစ်ရာ လူတိုင်း သဘာဝကျစွာပင် ဝိုင်းဝန်းဆွေးနွေးချင်နေကြ၏။

ချန်ချင်းယွီ ပျာပျာသလဲဖြင့် တောင်းပန်တိုးလျှိုးလိုက်သည်။

“အဒေါ်တို့ ဘာသိထားတာလဲ။ ကျွန်မအမေအကြောင်း ဘာတွေ သိထားကြလို့လဲဟင်။ ကျွန်မကို ပြောပြကြပါဦးနော်၊ ကျွန်မ ဘာတစ်ခုမှ မသိရလို့ပါ...”

ချန်ချင်းယွီ၏ သနားစဖွယ်မျက်နှာထက်တွင် မျက်ရည်များ

တသွင်သွင် စီးကျနေပြီး၊ ထိုမြင်ကွင်းမှာ လူတိုင်း၏ရင်ကို ကြေကွဲစေခဲ့သည်။ သူမ၏ မူလကတည်းက သနားစဖွယ်ပုံစံမှာ ယခုအခါ လူအများကို ပိုမိုယုံကြည်သွားစေခဲ့၏။

“သမီးလေး... မငိုပါနဲ့နဲ့တော့၊ သမီး ဘဝက တကယ်ကို သနားဖို့ကောင်းပါတယ်။ သမီးကိုမွေးပြီး နှစ်ရက်သုံးရက်အတွင်းမှာတင် သမီးအမေက ဆုံးသွားခဲ့တာ။”

“သမီးအမေက လမစေ့ဘဲ မွေးခဲ့တာ။ ဟိုအဘိုးကြီး ချန်ရိကျွင်းက ပြောတော့ သမီးအမေက ကိုယ်ဝန်ကြောင့် လေးလံပြီး မတော်တဆ ချော်လဲသွားတာလို့ ပြောတာပဲ။ ဆေးရုံကို ပို့တာ နောက်ကျသွားလို့ ကလေးမွေးရခက်ခဲ့တာတဲ့။ အဲဒီတုန်းကတော့ ငါတို့ အိမ်နီးနားချင်းဟောင်းတွေလည်း သိပ်မစဉ်းစားမိကြဘူး... ဒီထဲမှာ ကောက်ကျစ်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ...”

“နင်တို့ ငါ့ကို မတရား စွပ်စွဲနေတာ...”

ဝေရှု့ဖန်း အော်ဟစ်လိုက်သည်။

စွပ်စွဲလိုက်သည့် အဘွားအိုမှာလည်း အလျှော့မပေးဘဲ ဒေါသတကြီး ပြန်အော်ကာ

“သရဲကတောင် ဒီလိုပြောသွားတာပဲ၊ ဘယ်လိုလုပ်ပြီး အမှားဖြစ်နိုင်မှာလဲ... နင်တို့လို အရှက်မရှိတဲ့ကောင်တွေ၊ နင်တို့မိသားစုက ကျန်းမိသားစုဆီကနေ ပိုက်ဆံ ညှစ်ချင်လို့ ကလေးကို တမင်တကာ အတင်းဆွဲထားခဲ့တာကို လူတိုင်း သိတာပဲဟာကို... ကျန်းလင်မယား နှစ်ယောက်လုံး နင်တို့ကြောင့် သေကြောင်းကြံစည်သွားခဲ့ရတာ...”

ဝေရှု့ဖန်း ရူးသွပ်မတတ် အော်ဟစ်ပြန်ကာ

“နင်... နင်တို့ ငါတို့ကို မတရား စွပ်စွဲနေတာ...”

“နင်တို့သာ သူတို့ကို သွားပြီး တိုင်တန်းမပုပ်ခတ်ခဲ့ရင်၊ သူတို့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာလဲ...”

“အဲဒါ မတော်တဆဖြစ်ရပ်ဟဲ့၊ အဲဒီတုန်းက စုံစမ်းစစ်ဆေးတော့လည်း မတော်တဆလို့ပဲ ထွက်တာ။ နင်တို့က ငါတို့မိသားစုကို မတရား လာဆင်ခြေကန်နေတာလား။ ငါတို့က သူတို့ကို ဘယ်လိုလုပ် သေအောင် တွန်းပို့နိုင်မှာလဲ။ သူတို့က နိုင်ငံခြားမှာ ပညာသင်ဖူးတဲ့ နောက်ခံရှိတဲ့သူတွေလေ၊ ငါတို့က သွားတိုင်တာ ဘာမှားလို့လဲ။ တော်လှန်ရေးကော်မတီကတောင် သေချာ မစစ်ဆေးရသေးခင် သူတို့ဘာသာ သေသွားကြတာ၊ အဲဒါကို ငါတို့ကို လာအပြစ်တင်လို့ ရမလား...”

ဝေရှု့ဖန်း မာန်တင်းပြီး အော်ဟစ်နေစဉ်မှာပင်၊ ချန်ချင်းယွီသည် ရုတ်တရက် အရှေ့သို့ ပြေးထွက်သွားကာ သူမ၏ မျက်နှာကို ပါးရိုက်ချက် အကြိမ်ကြိမ် ဖြန်းခနဲ၊ ဖြန်းခနဲ လွှဲ၍ ရိုက်ချလိုက်တော့သည်။

“အား... အားးး... နင် ရူးနေပြီလား...”

ချန်ချင်းယွီ ငိုယိုရင်း တုန်ရီနေသောအသံဖြင့် အော်ဟစ်လေ၏။

“ဟုတ်တယ်... ငါ ရူးနေတာ။ ဒီလောက်အထိ များပြားလှတဲ့ နှစ်တွေတစ်လျှောက်လုံး ဘာတစ်ခုမှ သံသယမဝင်ခဲ့မိတဲ့ ငါက ရူးနေတာ။ နင်တို့ နှစ်ယောက်လုံးက လူကောင်းတွေ မဟုတ်ဘူး၊ တစ်ယောက်မှ မဟုတ်ဘူး... နင်တို့ သေချာပေါက် ဝဋ်လိုက်မှာ။ စောစောနဲ့ နောက်ကျတာပဲ ကွာမယ်၊ နင်တို့ သေချာပေါက် ဝဋ်လည်ရလိမ့်မယ်...”

“မရိုက်ပါနဲ့တော့...”

ချန်ချင်းယွီ ဝင်တားသူကို တွန်းထုတ်လိုက်ပြီး

“ငါ့ကို မထိနဲ့၊ ငါ သူ့ကို ရိုက်ရမယ်... သူတို့တွေ ဘယ်လိုတောင် ဒီလိုမျိုး လုပ်ရက်ရတာလဲ၊ ဘယ်လောက်တောင် ရက်စက်ကြတာလဲ...”

ချန်ချင်းယွီ လှမ်း၍ ကန်ပစ်လိုက်ရာ ဝေရှု့ဖန်းမှာ ကြမ်းပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားခဲ့၏။

“ရဲဘော်တို့... သူ လူကို ရိုက်နေပါတယ်၊ လူကို ရိုက်နေပါတယ်...”

“နင် ပါးစပ်ပိတ်ထားစမ်း၊ မယားငယ်ဖြစ်ပြီး ဘာတွေ ဝင်ပါနေတာလဲ။ သူ့ကို ချန်ရိကျွင်းနဲ့ပဲ ရှင်းပါစေ။”

ယွီမေကျွမ်း မိခင်ဖြစ်သူကို ဆွဲလိုက်သည်။ သူမ၏ မိခင်သည် မောင်ဖြစ်သူများကို ပို၍ မျက်နှာလိုက်တတ်သော်လည်း မိခင်အရင်းဖြစ်နေဆဲတည်း။ သူမဝေရှု့ဖန်းကို တွဲထူပေးလိုက်ပြီးနောက် လှည့်၍ စကားပြောကာ

“ဆေးရုံကိုသွားပြီး ချန်ရိကျွင်းကို သွားရှာလိုက်။ သူက ဒီနားတင်ရှိတဲ့ ဆေးရုံမှာ တက်နေတာ၊ လမ်းလျှောက်သွားရင် ခဏလေးပဲ...”

ယွီမေကျွမ်း အတော်လေး ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်၏။

“အခန်းနံပါတ် ၃၀၆၊ တတိယထပ်က လူနာဆောင်ကို တန်းသွားလိုက်။ ဦးလေးချန်က ဘာမှမဖြစ်ပါဘူး။ လှေကားပေါ်က လိမ့်ကျလို့ နည်းနည်း ဒဏ်ရာရသွားတာ၊ အခုတော့ သတိရနေပါပြီ။”

ချန်ချင်းယွီ ယွီမေကျွမ်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

“ချန်ချင်းယွီ...”

ချန်ချင်းယွီသည် သူမကို လုံးဝ အရေးမစိုက်ဘဲ လူအုပ်ကြီးကို တိုးဝှေ့ကာ ထွက်ခွာသွားခဲ့သည်။ ယခုအချိန်တွင် ချန်ချင်းယွီ ဟန်ဆောင်နေသည်ဟု မည်သူမျှ သံသယမဝင်ကြတော့ပေ။

အမှန်၌ ယခင်ကတည်းက သံသယဝင်သူ အနည်းငယ်သာ ရှိခဲ့ပြီး ယင်မှာလည်း ပုံမှန်တွေးတောရုံမျှသာ ဆိုသော်ငြား ယခုအခါတွင်မူ မည်သူမျှ မင်္သကာမဖြစ်ကြတော့ကာ သူမ၏ အပြုအမူများမှာ အမှန်တကယ်ကို စိတ်ထိခိုက်နေသည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်တွေ့နေရ၏။

အကယ်၍ ဤကိစ္စကို သူမကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါက၊ ယခုကဲ့သို့ အတင်းအဓမ္မ ပြေးလွှားနေမည့်အစား မိမိကိုယ်ကိုယ် အပြစ်ကင်းစင်ကြောင်း သက်သေပြရန်သာ ကြိုးစားနေပေလိမ့်မည်။

ချန်ချင်းယွီ ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး၊ လမ်းတွင် ရဲအရာရှိများ မည်မျှပင် ဖျောင်းဖျစေကာမူ သူမသည် နှုတ်ဆိတ်နေခဲ့သည်။

ဟာ...

မိမိသည် ဤအခွင့်အရေးကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ ပထမအချက်မှာ ချန်ရိကျွင်း၏ ရုပ်ဆိုးလှသော သဘာဝအမှန်ကို ဖော်ထုတ်ရန်နှင့် ဒုတိယအချက်မှာ သူနှင့် ပတ်သက်မှုအလုံးစုံကို အပြတ်ဖြတ်ရန်အတွက် ဖြစ်၏။ သူမ ဆေးရုံသို့ ရောက်ရှိချိန်တွင် အောက်ထပ်ရှိ စက်ဘီးဂိုဒေါင် အမိုးအကာဘက်သို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးကို ချက်ချင်း လွှဲလိုက်မိသည်။

ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အခန်းနံပါတ် ၃၀၆ သို့ အပြေးအလွှား သွားခဲ့ပြီး၊ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့၏။ သူမ အခန်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ရာ အခန်းထဲရှိ လူအားလုံး သူမကို စိုက်ကြည့်လာကြပြီး၊ ချန်ရိကျွင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

သူ မျက်မှောင်ကြုတ်ကာ ခက်ထန်သောအသံဖြင့်

“နင် ဘာလို့ ဒီကို ရောက်လာတာလဲ...”

မိသားစုကို ကံဆိုးမှုများ ယူဆောင်လာပေးတတ်သည့် ဤနိမိတ်မကောင်းသော ကောင်မစုတ်ကို ယခုကဲ့သို့ အချိန်မျိုးတွင် သူ အလွန်ပင် မမြင်ချင်ပေ။ ထို့အပြင် မနေ့ည၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များသည်လည်း မပြေလည်သေးသဖြင့် သူခမျာ အတင်းအောင့်အီးကာ တောင့်ခံထားရခြင်း ဖြစ်၏။ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့ လင်မယားနှစ်ယောက်စလုံးမှာ အပြင်ပန်းတွင် မာန်တင်းဟန်ဆောင်ရာ၌ အလွန်ပင် ကျွမ်းကျင်ကြသည်မှာ မဆန်းလှပေ။

ချန်ချင်းယွီ : “ကျွန်မအမေ သေဆုံးတာက အဖေနဲ့ ဆိုင်နေတာလား...”

ချန်ရိကျွင်း၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး

“နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ကောင်မစုတ်... နင်...”

ချန်ချင်းယွီ ထပ်မံ၍ အော်ဟစ်လိုက်ကာ

“ကျွန်မအမေ သေဆုံးတာက အဖေနဲ့ ဘယ်လိုပက်သက်နေလဲ...”

“ရှောင်ချန်... ဒါက ဆေးရုံလေ၊ စိတ်အေးအေးထားပါဦး၊ ဒီကိစ္စက...”

ချန်ချင်းယွီ မည်သည့်စကားကိုမျှ နားမထောင်ကာ ဒေါသတကြီး အော်ဟစ်လေသည်။

“ကျွန်မ အဖေ့ကို မေးနေတာ၊ တကယ်ပဲ ဆက်စပ်မှု ရှိနေတာလား။ အဖေက အပြင်မှာ ခိုးစားပြီး ကျွန်မအမေကို လုပ်ကြံသတ်ခဲ့တာ မဟုတ်လား။ ဟုတ်တယ်မလား... အဖေနဲ့ ဝေရှု့ဖန်း ဘယ်တုန်းကတည်းက ပတ်သက်ခဲ့ကြတာလဲ၊ ရှင်တို့နှစ်ယောက်လုံးက လူယုတ်မာတွေပဲ...”

“နင်... နင်လို သမီးမိုက်... သမီးမိုက်... ငါ့ကို ဒါမျိုး စကားပြောရဲတယ်လား။ ငါက နင့်အဖေကွ...”

“အဖေသာ ကျွန်မအမေကို သတ်ခဲ့တဲ့ လူသတ်သမားဆိုရင်၊ အဖေက ကျွန်မအဖေ မဟုတ်တော့ဘူး။ ကျွန်မအပေါ် ဘာလို့ မကောင်းတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ အဖေက ကျွန်မအမေကိုကော ဝမ်းဗိုက်ထဲက ကလေးကိုပါ သေစေချင်ခဲ့တာ မဟုတ်လား။ ကျွန်မကိုလည်း အသက်မရှင်စေချင်ခဲ့ဘူး မဟုတ်လား... ကျွန်မကို ကိုယ်ဝန်ဆောင်ထားတုန်းက ကျွန်မအမေက ဘာဖြစ်လို့ မတော်တဆ ချော်လဲပြီး ကလေးမွေးရခက်ခဲ့ရတာလဲ။ ပြောစမ်းပါ… အဖေက ကျွန်မအမေဆီက ကပ်စားပြီး အဘိုးအဘွားတွေကို မှီခိုခဲ့တယ်၊ တစ်မိသားစုလုံးလည်း အလုပ်အကိုင်တွေ ရခဲ့ကြတယ်။ ပြီးတော့မှ သူတို့ ဒုက္ခရောက်ချိန်မှာ ကျေးဇူးကန်းပြီး နှိပ်ကွပ်ခဲ့တာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်ရက်ရတာလဲ။ ပြောစမ်းပါ၊ အဖေ လုပ်ခဲ့တာ မဟုတ်လား...”

ချန်ရိကျွင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေခဲ့၏။ အမှန်စင်စစ် ဤကိစ္စကို သူကိုယ်တိုင် ကျူးလွန်ခဲ့ခြင်း ဖြစ်သော်လည်း၊ အခြားလူများထံမှ ဤစကားကို ကြားရခြင်းအား သူ အမုန်းဆုံး ဖြစ်သည်။ မိမိကိုယ်ကိုယ်သာ အနစ်နာဆုံးသူဟု သူ ထင်မှတ်နေထား၏။ သူသည် မိမိ၏ အိမ်ထောင်ရေးကို စတေးခဲ့ရပြီး ဤမျှလောက် သနားစဖွယ် ဖြစ်ခဲ့ရသည် မဟုတ်လော့။ စိတ္တဇဆန်ပြီး ဘာမှနားမလည်သည့် ပိုက်ဆံရှိသောအိမ်မှ မိန်းကလေးတစ်ဦးကို ပြုစုရခြင်းမှာ လွယ်ကူလှသည်ဟု ထင်နေကြသလော့။ သူမသည် ဘာတစ်ခုမှ မသိ၊ ဘာတစ်ခုမှ နားမလည်သည့် အလိုလိုက်ခံထားရသော သူဌေးသမီးတစ်ဦးသာ ဖြစ်၍ အလွန် စိတ်ပင်ပန်းရ၏။

“ငါ မလုပ်ခဲ့ဘူး... သူတစ်ပါးရဲ့ လျှောက်ပြောချက်တွေကို နားမယောင်နဲ့။ နင်က ငါ့သမီးလေ၊ ငါ့ကို ဒါမျိုး စကားပြောရဲတယ်လား။ နင့်ရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်ပြီလဲ...”

“မလုပ်ခဲ့ဘူး ဟုတ်လား၊ ဟားဟား... မလုပ်ခဲ့ဘူးပေါ့။ ဒါဆိုရင် ကျိန်ဆိုရဲလား... ကျွန်မရှေ့မှာ ကျိန်ဆိုလိုက်စမ်းပါ။ အကယ်၍ အဖေသာ တကယ် လုပ်ခဲ့မယ်ဆိုရင်၊ နှစ်တိုင်း၊ လတိုင်း၊ ရက်တိုင်း၊ နာရီတိုင်းမှာ သရဲတစ္ဆေတွေ မြင်တွေ့ပါစေလို့ ကျိန်ဆိုလိုက်စမ်းပါ။ တစ်ဘဝလုံး သရဲခြောက်ခံရပြီး ဘယ်တော့မှ ကျွတ်လွတ်ခြင်းမရှိပါစေနဲ့လို့ ကျိန်ဆိုလိုက်စမ်းပါ...”

“နင်လို သမီးမိုက်... သမီးမိုက်... ငါက ဘာဖြစ်လို့ ကျိန်ဆိုရမှာလဲ။ ငါက နင့်အဖေလေ၊ ဘာဖြစ်လို့ ကျိန်ဆိုရမှာလဲ...”

ချန်ရိကျွင်း ဒေါသတကြီး အော်ဟစ်လေတော့သည်။

“အဖေ မလုပ်ခဲ့ရင် ဘာကို ကြောက်နေတာလဲ။ ဒါမှမဟုတ် ရင်ထဲမှာ အပြစ်မကင်း ဖြစ်နေလို့လား။ ချန်ရိကျွင်း... အဖေ ဘယ်လိုတောင် ဒီလောက် ရက်စက်ရတာလဲ။ ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်ရက်ရတာလဲ... အရင်တုန်းက အဖေတို့တစ်မိသားစုလုံး မွဲပြာကျနေတာကို ဘယ်သူက အဆင်ပြေအောင် လုပ်ပေးခဲ့တာလဲ။ ကျွန်မအမေအပေါ်၊ အဘိုးအဘွားတွေအပေါ် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြုမူရက်ရတာလဲ... အဖေက တကယ့်ကို အသည်းနှလုံးမရှိတဲ့ကောင်၊ လူမဆန်တဲ့ကောင်ပဲ...”

“တော်စမ်း... နင် လျှောက်ပြောနေတာပဲ၊ ငါ့ကို မတရား လာစွပ်စွဲမနေနဲ့... နင့်ကိုယ်နင် ပြန်ကြည့်ဦး၊ သမီးတစ်ယောက်ရဲ့ အပြုအမူမျိုး ပေါက်သေးရဲ့လား...”

“အဖေလည်း အဖေတစ်ယောက်ရဲ့ ပုံစံမျိုး မရှိပါဘူး...”

ချန်ချင်းယွီသည် အရှက်ကွဲမည်ကို မကြောက်ပေ။ ခေတ္တခဏ အရှက်ရခြင်းမှာ သူမအတွက် ဘာမှမဟုတ်၍ သူမ အသံကုန်ဟစ်ကာ

“အဖေတို့ တစ်မိသားစုလုံး အဘိုးအဘွားတို့တွေဆီက ကပ်စားခဲ့ပြီး၊ သူတို့ထမင်းကိုစားပြီး သူတို့ကို ပြန်ဆဲနေကြတာ... ရှင်တို့အားလုံး လူမဆန်ကြဘူး... ဒါက သရဲပုံပြင်လည်း မဟုတ်ဘူး၊ တကယ့်သရဲလည်း မဟုတ်ပါဘူး၊ အဖေ့ရဲ့ ရင်ထဲမှာ အပြစ်မကင်းလို့ လန့်နေတာသက်သက်ပဲ၊ မဟုတ်ရင် ဘာလို့ ဒီလောက်တောင် ကြောက်နေရမှာလဲ။ ကျွန်မအမေ သေဆုံးတာကော၊ အဘိုးအဘွားတွေ သေဆုံးတာကော အဖေနဲ့ သေချာပေါက် ပတ်သက်နေတယ်။ ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်ရက်ရတာလဲ။ သူတို့က ဘာမှမလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ၊ သူတို့ကိုတောင် မချန်ခဲ့ဘူးလား... အဖေ တကယ့်ကို ယုတ်မာလွန်းတယ်...”

“ငါ နင့်ကို ရိုက်သတ်ပစ်မယ်... ဒီလို သမီးမိုက်ကို ရိုက်သတ်ပစ်မယ်... စကားပြောတတ်အောင် ငါ သေချာ သွန်သင်ပေးရမယ်...”

ချန်ရိကျွင်းသည် နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ ခုတင်ပေါ်မှ ဝုန်းခနဲ ခုန်ဆင်းကာ သူမရှိရာသို့ ပြင်းထန်စွာ ပြေးဝင်လာလေသည်။

ချန်ချင်းယွီသည် မိမိဘက်မှ စတင်၍ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်းကိုမူ သဘာဝကျစွာပင် ပြုလုပ်လိမ့်မည်မဟုတ်ပေ။ သူမ စကားတစ်ခွန်းချင်းစီဖြင့် ရန်စနေခြင်းမှာ ချန်ရိကျွင်းဘက်မှ အရင်ဆုံး လက်ပါလာစေရန် ရည်ရွယ်ခြင်း ဖြစ်၏။ ချန်ရိကျွင်းသူမဆီသို့ အတင်းပြေးဝင်လာရာ၊ ချန်ချင်းယွီ ထိတ်လန့်တုန်လှုပ်သွားသည့်အလား ဟန်ဆောင်ကာ ဖျတ်ခနဲ ရှောင်တိမ်းလိုက်ပြီး

“ဘာဖြစ်လဲ... ကျွန်မ အမှန်အတိုင်း ပြောလိုက်လို့ အရှက်သည်းပြီး ဒေါသထွက်နေတာလား။ အဖေ့ရင်ထဲမှာ တကယ်ပဲ မရိုးသားတာ ရှိနေတာပဲ...”

“နင့်ကို ရိုက်သတ်ပစ်မယ်...”

သူသည် ချန်ချင်းယွီဆီသို့ အတင်းပြေးဝင်သွားခဲ့ရာ၊ ချန်ချင်းယွီ ရှောင်တိမ်းသည့်အချိန်တွင် ခြေလှမ်းကို အနည်းငယ် နှောင့်နှေးလိုက်သဖြင့် ချန်ရိကျွင်းသည် ဝုန်းခနဲ၊ ဗုန်းခနဲဖြင့် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ မှောက်ရက်လဲကျသွားတော့သည်။

“အား...”

“အဖေ... ဘာမှမဖြစ်ဘူးမလားဟင်။”

ချန်ချင်းယွီ စိုးရိမ်တကြီး မေးလိုက်၏။

“နင်ပဲ... အကုန်လုံး နင့်အပြစ်ပဲ၊ နင် ငါ့ကို တိုက်လှဲလိုက်တာ...”

ချန်ရိကျွင်း ခက်ထန်ရက်စက်သော မျက်နှာပေးဖြင့် အော်ဟစ်လေသည်။

ချန်ချင်းယွီ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး

“အဖေ... နည်းနည်းလောက် ယုတ္တိရှိရှိ ပြောစမ်းပါဦး။ ကျွန်မ ဘယ်တုန်းက အဖေ့ကို တိုက်လှဲလို့လဲ။ ဒီလူနာဆောင်ထဲမှာ လူတွေ ဒီလောက်အများကြီး ရှိနေတာ၊ ရဲအရာရှိတွေလည်း ရှိတယ်၊ အားလုံးက စောင့်ကြည့်နေကြတာကို အဖေက မျက်စိမှိတ်ပြီး လိမ်ပြောရဲတယ်လား။”

ချန်ရိကျွင်းလည်း အတင်းအဓမ္မ ဆိုကာ

“နင်မဟုတ်ရင် ဘယ်သူလဲ။ ငါက ဒီအတိုင်း အကောင်းကြီးကနေ ဘယ်လိုလုပ် လဲကျမှာလဲ။”

‘လခွမ်း ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ အဖေမျိုးလဲ...’

ဘေးလူများမှာ တွေးတောကာ အံ့ဩကုန်ကြသည်။

လူတိုင်း ချန်ချင်းယွီမှ လူကို တိုက်လှဲသည်ကို အမှန်တကယ်ပင် မမြင်လိုက်ကြပေ။ သူတို့ မြင်လိုက်ရသည်မှာ သူမ အကြိမ်ကြိမ် ရှောင်တိမ်းနေခဲ့ခြင်းသာ ဖြစ်၏။

အော်... လူကို ရိုက်မရတော့ မတရား လာစွပ်စွဲနေတာလား…ဘာလိုလူစားပါလိမ့်…

ချန်ချင်းယွီ : “အဖေ... အဖေက ဘာလို့ လိမ်ပြောနေရတာလဲ။ ကျွန်မနောက်ကို ဘာလို့ လိုက်ဖမ်းနေတာလဲ၊ သတ္တိရှိရင် ကျွန်မအမေရဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါ။ အဖေ ကျွန်မကို ရိုက်လည်း မထူးပါဘူး၊ ကျွန်မ သိချင်တာက အဖေ တကယ်ပဲ...”

ချန်ရိကျွင်းသည် ရုတ်တရက် အတင်းထကြွလာပြီး လက်ကိုမြှောက်ကာ ရိုက်ရန် ပြင်ပြန်သည်။ ချန်ချင်းယွီ အလွန်လျင်မြန်စွာ ရှောင်တိမ်းလိုက်၍ ချန်ရိကျွင်း အရှိန်လွန်သွားကာ လေထဲသို့သာ ရိုက်မိသွားခဲ့၏။ ထိုအချိန်တွင် ချန်ချင်းယွီ လက်နှင့်လှမ်းကာကွယ်သည့်နှယ် ဟန်ဆောင်၍ အခွင့်ကောင်းယူကာ သူ့ကို အားပြင်းပြင်းဖြင့် လိမ်ဆွဲပစ်လိုက်ရာ

“အား.........” ဟူသော အော်သံကြီး ထွက်ပေါ်လာသည်။

ချန်ချင်းယွီ လက်ကို အမြန်ပြန်ရုပ်လိုက်ပြီး အသံကျယ်ကြီးဖြင့်

“အဖေ... အဖေ တကယ်ပဲ ဘာဖြစ်နေတာလဲ။ ကျွန်မကို မတရားစွပ်စွဲဖို့အတွက် ဒီလောက်တောင် အော်ဟစ်နေရတာလား၊ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။”

သူမ မျက်ရည်များ စီးကျလျက် ဆက်လက်၍ အစွမ်းကုန် သရုပ်ဆောင်နေ၏။

“ဒါမှမဟုတ် အဖေက ကျွန်မအပေါ် ပုပ်ခတ်လိုက်ရင်၊ အဖေနဲ့ ကျွန်မအမေကြားက အတိတ်ကိစ္စတွေကို ဘယ်သူမှ မမေးတော့ဘူးလို့ ထင်နေတာလား။ ဒီလောက်ကြာတဲ့ နှစ်တွေတစ်လျှောက်လုံး အဖေ ကျွန်မအပေါ် မကောင်းခဲ့ဘူး၊ ကျွန်မကို ပစ်ပယ်ထားခဲ့တယ်။ ကျွန်မက မိထွေးကို အလိုရှိပြီး မိခင်ဘက်က ဆွေမျိုးတွေကို အဆက်အသွယ်ဖြတ်တယ်ဆိုပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာကို တမင်တကာ ဖျက်ဆီးခဲ့တာတွေကိုလည်း ကျွန်မ သည်းခံခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဖေက ကျွန်မရဲ့ အဖေအရင်း ဖြစ်နေလို့ပဲ။ အဖေ ဘယ်လောက်ပဲ မှားမှား... ကျွန်မ အဲဒီအမုန်းဒဏ်ကို ခံယူဖို့ အဆင်သင့်ရှိခဲ့ပါတယ်။ ဒါပေမဲ့... ကျွန်မအမေရဲ့ သေဆုံးမှုက အဖေနဲ့ တကယ်ပဲ ပတ်သက်နေတယ်ဆိုရင်တော့ ကျွန်မ အဖေ့ကို အဖေလို့ လုံးဝ အသိအမှတ်မပြုနိုင်တော့ဘူး။ မဟုတ်ရင် ကျွန်မကို ခက်ခက်ခဲခဲ မွေးဖွားပေးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အမေအရင်းကိုရော… ငယ်စဉ်ကတည်းက ကျွန်မကို ကျွေးမွေးပြုစုလာခဲ့တဲ့ အဘိုးနဲ့အဘွားကိုရော တကယ်ပဲ အားနာစရာ ဖြစ်လိမ့်မယ်။ ငယ်ငယ်ကတည်းက အဖေက ကျွန်မကို မကျွေးမွေးခဲ့တဲ့အပြင်၊ ကျွန်မကို ဓားစာခံလုပ်ပြီး အဘိုးနဲ့အဘွားဆီကနေ ပိုက်ဆံတွေ အမြဲတမ်း ညှစ်ခဲ့တာတွေကိုလည်း ကျွန်မ အခုအကုန်လုံး သိသွားပြီ။ စောစောကတင် လူတွေ ပြောတာကို ကျွန်မ ကြားခဲ့ရတယ်... အဖေ... ပြောစမ်းပါ၊ ကျွန်မအမေရဲ့ သေဆုံးမှုက အဖေနဲ့ တကယ်ပဲ ပတ်သက်နေတာလား၊ ကျိန်ဆိုရဲလား။”

သူမ အော်ဟစ်မေးမြန်းလိုက်သည်။

“ငါက ဘာဖြစ်လို့ ကျိန်ဆိုရမှာလဲ...”

ချန်ရိကျွင်းသည် ချန်ချင်းယွီ၏ စကားများကြောင့် ဦးနှောက်တစ်ခုလုံး ဝုန်းဒိုင်းကြဲကာ မူးနောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျိန်ဆိုခြင်းလား…. ထိုအရာကို သူသည် လုံးဝမလုပ်ဝံ့ပေ။

ချန်ရိကျွင်း ဒေါသတကြီးဖြင့်

“ငါ မကျိန်ဆိုရင်ကော ဘာဖြစ်လဲ။ သူက ကလေးမွေးရခက်လို့ သေတာ၊ ပြောရရင် နင်နဲ့ပဲ ဆိုင်တာပေါ့။ နင့်ကို မွေးဖို့အတွက်သာ မဟုတ်ရင် သူ ကလေးမွေးရခက်ပါ့မလား။”

ဤသို့ ပြောလိုက်ပြီးနောက် ချန်ရိကျွင်းသည် ပိုမို၍ မာန်တက်လာကာ

“ဟုတ်တယ်... အကုန်လုံး နင့်ကိုမွေးဖို့အတွက် ဖြစ်ရတာ၊ အကုန်လုံး နင့်ကြောင့်ပဲ... နင်က မင်္ဂလာမရှိတဲ့ကောင်မ။ နင်က မိခင်ကို အသက်တိုစေတဲ့ စုန်းမပဲ၊ နင်က ကံဆိုးစေတဲ့ ကြယ်ဆိုးကြီးပဲ၊ နင်နဲ့ ပတ်သက်မိတဲ့သူမှန်သမျှ ဘယ်သူမှ ကောင်းစားမှာ မဟုတ်ဘူး။ နင်ကများ ငါ့ရှေ့မှာ လာပြီး လျှာရှည်နေသေးတယ်။ ဖယ်စမ်း၊ ငါ့ဆီက ထွက်သွားစမ်း... ငါ့မှာ နင်လို သမီးမျိုး မရှိဘူး”

ချန်ချင်းယွီ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ

“အဖေ... အဖေက ဘယ်လိုလုပ်... ဘယ်လိုလုပ် ကျွန်မကို ဒီလို ပြောရက်ရတာလဲ...”

သူမ၏ မျက်ဝန်းမှ မျက်ရည်များ ပိုမို၍ ပြင်းထန်စွာ စီးကျလာခဲ့ပြီး၊ ပတ်ဝန်းကျင်ရှိ လူများမှာလည်း ချန်ရိကျွင်းကို ကဲ့ရဲ့ရှုတ်ချသော မျက်လုံးများဖြင့် ကြည့်လာကြကာ တံခါးဝတွင်လည်း လူနာများနှင့် လူနာရှင်များစွာ လာရောက်ဝိုင်းအုံ ကြည့်ရှုနေကြသည်။

၎င်းတို့ သားအဖနှစ်ဦး၏ အပြန်အလှန် ငြင်းခုံမှုများမှာ ရှုပ်ထွေးနေသော်လည်း၊ ချန်ချင်းယွီ၏ မိခင်သေဆုံးမှုနှင့် ပတ်သက်၍ ချန်ရိကျွင်း၏ ဟန်ကိုယ်ဖို့ မာန်တင်းနေသော ပုံစံနှင့် ရင်ထဲ၌ ထိတ်လန့်နေမှုများကိုမူ လူတိုင်း အထင်အရှား မြင်တွေ့နေရ၏။

သူ ဟန်ဆောင်မှုက တကယ့်ကို အပေါစားဆန်လွန်းလိုက်တာ…

အကယ်၍ ယခင်ဆိုလျှင် ချန်ရိကျွင်းသည် သေချာပေါက် ဟန်ဆောင်ကောင်းနေဦးမည် ဖြစ်သော်လည်း ယနေ့တွင်မူ အခြေအနေ မတူတော့ချေ။ မနေ့ည၌ သရဲခြောက်သည့်ကိစ္စတွင် ချန်ရိကျွင်းကိုယ်တိုင် သရဲရှိနေသည်ကို အစစ်အမှန် ခံစားလိုက်ရခြင်း ဖြစ်သည်။ သူသည် အခြားလူများထက် ပိုမို၍ ပြင်းထန်စွာ ခံစားလိုက်ရ၏။ ဤမျှခြောက်လှန့်ခြင်း ခံလိုက်ရသဖြင့် သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ဟုတ်တယ်... နင်က မိခင်ကို အသက်တိုစေတဲ့ မင်္ဂလာမရှိတဲ့ကောင်မပဲ၊ အကုန်လုံး နင့်ကြောင့်ဖြစ်တာ၊ ငါနဲ့ ဘာမှမဆိုင်ဘူး...”

ချန်ချင်းယွီ ထိုနေရာတွင်တင် ရပ်နေပြီး နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မျက်ရည်များ ကျဆင်းလျက်ရှိသော်လည်း၊ သူမ၏ မျက်ဝန်းများတွင်မူ အေးစက်သော အငွေ့အသက်များ လွှမ်းမိုးသွားကာ အေးစက်စွာ ဆိုလိုက်၏။

“ဒါဆိုရင် ဘာဖြစ်လို့ သရဲခြောက်တာလဲ၊ အဖေပြောစမ်းပါဦး ဘာလို့ သရဲခြောက်တာလဲ... လူလုပ်သမျှ ကောင်းကင်က စောင့်ကြည့်နေတာပဲ။ အဖေက အကုန်လုံး ကျွန်မအပြစ်ပါလို့ ပြောပြီး အကုန်လုံးကို အပြတ်ငြင်းချင်လည်း ရတာပဲ။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ တရားမျှတမှု ရှိတယ်လို့ ကျွန်မ ယုံကြည်တယ်။ အဖေလို လူမျိုးက သေချာပေါက် ဝဋ်လိုက်ရလိမ့်မယ်။ အကယ်၍ တကယ်ပဲ သရဲရှိလို့၊ အဲဒီသရဲက အဖေ့နောက်ကို တစ်သက်လုံး ခြောက်လှန့်နေပါစေ၊ ထာဝရပဲ...”

“နင်...”

ချန်ရိကျွင်း ရင်ဘတ်တစ်ခုလုံး တုန်ရင်သွားခဲ့သည်။ ဤကျိန်စာသည် သူ ကြားဖူးသမျှထဲတွင် အောက်တန်းအကျဆုံးနှင့် အကြောက်စရာအကောင်းဆုံး ကျိန်စာဟု သူ ခံစားလိုက်ရ၏။

“နင့်ကို ရိုက်သတ်ပစ်မယ်...”

သူ ထပ်မံ၍ ပြေးဝင်လာခဲ့ရာ ရဲအရာရှိနှစ်ဦးမှာ သူ့ကို အမြန်ဆွဲထိန်းလိုက်ပြီး ဝင်ရောက်တားဆီးကြသည်။

“ခင်ဗျား ဘာလုပ်တာလဲ။ ကျွန်တော်တို့ ရှိနေတာတောင် ခင်ဗျားက စိတ်တိုင်းကျ လက်ပါချင်နေတာလား။ သားအဖချင်းပဲ... ဘာဖြစ်လို့ ဒီလောက်အထိ ရန်ဖြစ်နေရတာလဲ...”

ချန်ချင်းယွီ : “အကယ်၍ တကယ်ပဲ သရဲရှိလို့၊ အဲဒီသရဲက ကျွန်မအမေသာ ဖြစ်မယ်ဆိုရင် ကျွန်မဆီ လာရှာတာကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ကျွန်မ အမေအရင်းပဲ၊ ကျွန်မ မကြောက်ဘူး... ဘယ်သူက ရင်ထဲမှာ အပြစ်မကင်း ဖြစ်နေလဲဆိုတာ မိမိကိုယ်ကိုယ် အသိဆုံးပဲ...”

သူမ ထပ်လောင်းပြောဆိုလိုက်သည်။

“နင်လို စုန်းမ...”

ချန်ရိကျွင်း ဒေါသအလွန်ထွက်ကာ ခြေလက်များဆန့်၍ လူကို ထပ်မံရိုက်နှက်ရန် ကြိုးစားပြန်၏။

သို့သော် ယခုအကြိမ်တွင်မူ ချန်ချင်းယွီ ရှောင်တိမ်းခြင်းမရှိ၍ သူ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး လှဲကျကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သား ဖြစ်သွားခဲ့သည်။

“တော်စမ်း... ဘာတွေ လုပ်နေကြတာလဲ။ ချန်ရိကျွင်း... ခင်ဗျားလည်း အမြန်ဆုံး လှဲပြီး နားလိုက်ပါဦး၊ ခင်ဗျား ခေါင်းဆောင့်ထားတာ မဟုတ်လား။ ပြဿနာ မရှာပါနဲ့တော့။ ချန်ချင်းယွီ... ခင်ဗျားလည်း စကားနည်းနည်း လျှော့ပါဦး၊ ခင်ဗျားတို့ သားအဖတွေကတော့ တကယ်ပဲ...”

ချန်ချင်းယွီ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် မျက်ရည်များ တဖြောက်ဖြောက် ကျဆင်းနေပြီး

“ကျွန်မ အမေကို လွမ်းတယ်...”

သူမ၏ မျက်ရည်စက်များတောက်တောက် တောက်တောက်ဖြင့် ကျဆင်းလာခဲ့ကာ

“ကျွန်မ အမေကို တစ်ခါမှ မမြင်ဖူးဘူး၊ တခြားလူတွေမှာ အမေရှိကြပေမဲ့ ကျွန်မမှာပဲ မရှိဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အဘိုးနဲ့အဘွားက ပြောဖူးတယ်... ကျွန်မအမေက ကျွန်မမွေးဖွားလာဖို့ကို အင်မတန် မျှော်လင့်ခဲ့တာတဲ့၊ သူ ကျွန်မကို အရမ်းချစ်ခဲ့တာတဲ့...”

ချန်ချင်းယွီ သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူမသည် ငယ်စဉ်က အကြောင်းအရာအချို့ကို အမှန်တကယ်ပင် ပြန်လည်မှတ်မိလာခြင်း ဖြစ်သည်။ မနေ့၌ ခေါင်းဆောင့်မိပြီးနောက် အကြောင်းအရာများစွာကို သူမ ပြန်လည်မှတ်မိလာခဲ့ပြီး ငယ်စဉ်က မှတ်ဉာဏ်အချို့မှာလည်း ပိုမိုထင်ရှားလာခဲ့၏။

“ကျွန်မအမေက ကျွန်မအတွက် လှပတဲ့ အဝတ်အစားလေးတွေ ပြင်ဆင်ပေးခဲ့တယ်၊ လှပတဲ့ ပုခက်အိပ်ရာလေးတွေကိုလည်း ပြင်ဆင်ပေးခဲ့တယ်။ သူက ပြောတယ်... ကျွန်မကြီးလာရင် လှပတဲ့ ဂါဝန်လေးတွေ အများကြီး ဝယ်ပေးမယ်တဲ့၊ စန္ဒယားတီးတာလည်း သင်ပေးမယ်၊ ကတာလည်း သင်ပေးမယ်တဲ့... ကျွန်မကို လူတကာ အားကျရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့... ဒါပေမဲ့ ကျွန်မအမေ ဆုံးသွားခဲ့ပြီ၊ ကျွန်မ အမေနဲ့ တူတူတောင် မနေခဲ့ရဘူး၊ သူက ကလေးမွေးရခက်ပြီး ဆုံးသွားခဲ့တာ။ အခုတော့ လူတိုင်းက ပြောနေကြတယ်... သူ ကလေးမွေးရခက်တာက လျှို့ဝှက်ချက်ရှိတယ်တဲ့၊ ပြီးတော့ ကျွန်မအဖေနဲ့လည်း ပတ်သက်နေတယ်တဲ့... ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”

ချန်ချင်းယွီ မျက်လုံးကို ပွတ်သပ်ကာ ငိုကြွေး၍

“ကျွန်မ တကယ်ပဲ အမေကို လွမ်းတယ်၊ ကျွန်မမှာလည်း အမေ ရှိသင့်တာပေါ့...”

“ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါနဲ့ လုံးဝမဆိုင်ဘူး။ သူ့ကံက မကောင်းလို့ သေတာ၊ နင်က မင်္ဂလာမရှိတဲ့ ကြယ်ဆိုးမမို့လို့ ဖြစ်ရတာ၊ ငါ့အပေါ် လာပြီး အပြစ်ပုံချလို့ မရဘူး...”

ချန်ရိကျွင်း အတင်းငြင်းဆန်နေသည်။

ဂျုန်းဂျုန်းဂျုန်း...

ထိုအချိန်တွင် အပြင်ဘက်၌ မိုးကြိုးများ ပြင်းထန်စွာ ပစ်ချလာ၏။

ချန်ရိကျွင်းသည် မနေ့ညမှ အခြေအနေကို ရုတ်တရက် ပြန်လည်တွေးမိကာ ပိုမို၍ ထိတ်လန့်သွားပြီး၊ ပြတင်းပေါက်ကို ပိတ်ရန်အတွက် အလျင်အမြန် ပြေးသွားခဲ့သည်။ ထိုအချိန်တွင် မည်သူ တီးတိုးရေရွတ်လိုက်သည် မသိပေ…

“မကောင်းမှု မလုပ်ထားရင် သရဲခြောက်တာ ကြောက်စရာမလိုပါဘူး။ မိုးကြိုးပစ်တာကို ဒီလောက်တောင် ကြောက်နေရတာ၊ ကိုယ့်ကိုယ်ကိုယ် ဖြူစင်တယ်လို့ ပြောနိုင်ဦးမလား။”

ချန်ရိကျွင်း ဒေါသအလွန်ထွက်သွားကာ လှည့်၍ ဆဲဆိုရန် ပြင်လိုက်သည်။

“ဘယ်သူက လာပြီး လျှာရှည်နေတာလဲ၊ ဘယ်သူ... အား...”

ရုတ်တရက်ပင် သူသည် ခြေကျင်းဝတ်ကို တစ်စုံတစ်ခုမှ ဆွဲလိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ ခြေလှမ်းမမြဲဘဲ ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် ပြတင်းပေါက်တံခါးကို လှမ်း၍ ဖမ်းဆွဲရန် ကြိုးစားခဲ့သော်လည်း လုံးဝ ဖမ်းမမိခဲ့ပေ။ ထွားထွားကြိုင်းကြိုင်း ယောကျာ်းတစ်ယောက်သည် ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ ဗုန်းခနဲ ပြုတ်ကျသွားလေတော့၏။

“အမလေးဗျာ...”

“ဘုရားရေ...”

“အမေရေ... ဒါ တကယ်ပဲ သရဲခြောက်တာလား။”

“ဝဋ်လည်တာပဲ...”

လူတိုင်း ထိတ်လန့်တကြား အော်ဟစ်ကုန်ကြပြီး၊ ချန်ချင်းယွီသည်လည်း အမြန်ဆုံး ထကာ “အဖေ...” ဟု အော်ဟစ်ရင်း ပြတင်းပေါက်ဆီသို့ ပြေးသွားခဲ့သည်။ သူမသည် လက်ကို လှမ်းဆွဲလိုက်ဟန် ပြုလုပ်ခဲ့သော်လည်း လုံးဝ ဖမ်းမမိခဲ့ချေ။

ရဲအရာရှိနှစ်ဦး၏ လှုပ်ရှားမှုမှာ ပိုမိုမြန်ဆန်သော်လည်း၊ လူတိုင်း အံ့ဩမှင်သက်သွားခဲ့ကြသဖြင့် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။ သူတို့ သတိရပြီး လှမ်းဖမ်းသည့်အချိန်တွင် လူမှာ အောက်သို့ ပြုတ်ကျသွားခဲ့ပြီ ဖြစ်၏။

“ချန်ရိကျွင်း...”

လူအချို့ ပြတင်းပေါက်ဝတွင် ငုံ့လျက် ကြည့်လိုက်ကြစဉ်၊ ချန်ရိကျွင်းသည် ပြတင်းပေါက်မှ ပြုတ်ကျသွားပြီး ဝုန်းခနဲ အရှိန်ဖြင့် အောက်ထပ်ရှိ စက်ဘီးဂိုဒေါင်၏ မိုးကာအမိုးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ တတိယထပ်ဆိုသည်မှာ မြင့်လွန်းသည်မဟုတ်သော်လည်း နိမ့်လွန်းသည်လည်း မဟုတ်ပေ။ အကယ်၍ ကံမကောင်းပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ကံမှာ ကောင်းနေဆဲ ဖြစ်သဖြင့် စက်ဘီးဂိုဒေါင် အမိုးမှ ခံထားပေး၏။ သူသည် အမိုးပေါ်သို့ ကျသွားခဲ့ပြီး ထို့နောက်တွင်မူ အမိုးကျိုးပျက်သွားသော အသံနှင့်အတူ…

ဝုန်း...

ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“အား အား အား...”

ပြင်းထန်လှသော အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာခဲ့၏။

ခဏချင်းအတွင်းမှာပင် အခြားလူနာဆောင်များစွာမှ လူများသည် ပြတင်းပေါက်မှတစ်ဆင့် အောက်ထပ်သို့ လှမ်းကြည့်လိုက်ကြသည်။

“အမလေး... လူတစ်ယောက် ပြုတ်ကျသွားပြီ။”

“လွှတ်ချလိုက်တာလား။”

“ဘယ်သူသိမှာလဲ...”

“ဒါ ဘာဖြစ်တာလဲဟင်။”

ကိစ္စကို မသိရှိကြသော အပြင်လူများမှာ ကြည့်ရင်းနှင့် ဝေခွဲမရ ဖြစ်နေကြသော်လည်း၊ ဤလူနာဆောင်အတွင်းရှိ လူများမှာမူ ဆွံ့အမှင်သက်ကာ ဘာပြောရမှန်းပင် မသိတော့ပေ။

“အဲ... ဒါ... ဒါက...”

“တကယ်ပဲ... တကယ်ပဲ သရဲရှိနေတာ မဟုတ်လား။ သူ စောစောကတင် စုန်းပူးသလိုမျိုး ပြေးထွက်သွားတာ...”

“ငါ ပြောသားပဲ... ဒါမျိုးတွေကို လျှောက်မပြောရဘူးလို့၊ ကြည့်စမ်း... တကယ်ပဲ သရဲခေါ်မိပြီ မဟုတ်လား။ ချင်းမင်ပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) က အခုတင် ပြီးသွားတာလေ... ငါ ပြောပြမယ်၊ ချင်းမင်ပွဲတို့... ဝိညာဉ်ပွဲတို့ဆိုတာ တကယ်ကို လျှောက်မသွားရဘူး၊ လျှောက်မပြောရဘူး၊ တကယ်ကို ပြဿနာတက်လွယ်တာ။”

ချန်ချင်းယွီသည် ပြတင်းပေါက်ဝတွင် ကြောင်တောင်တောင် ရပ်နေမိပြီး၊ ပြတင်းပေါက်အောက်တွင် နာကျင်စွာ အော်ဟစ်နေသော လူကို စိုက်ကြည့်နေခဲ့သည်။

သူမသည် ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်ပြီး မိမိ၏ ဒူးကို ဖက်ကာ ငိုကြွေးလေတော့၏။

“ကျွန်မ ဘာလုပ်ရမလဲ အမေရယ်...”

အခြားလူများလည်း ချန်ချင်းယွီကို ကြည့်ကာ ဖျောင်းဖျကြပြီး

“သမီးလေး... မငိုပါနဲ့၊ ဒီကိစ္စက သမီးနဲ့ ဘာမှမဆိုင်ပါဘူး။ သမီးက သူနဲ့ အဝေးကြီးမှာ ရှိနေတာပဲ၊ သူဘာသာသူ ချော်လဲပြီး ပြုတ်ကျသွားတာ။”

“သမီးတင်မကဘူး... တခြားလူတွေလည်း သူ့အနားမှာ မရှိကြပါဘူး၊ သူဘာသာသူ ခြေခေါက်ပြီး ပြုတ်ကျသွားတာ၊ တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ ဒီပြတင်းပေါက်က ဒီလောက် မြင့်တာကို အပြင်ကို ပျံထွက်သွားတာ တကယ်ကို ဆန်းကြယ်တယ်...”

“နင် ပါးစပ်ပိတ်ထားစမ်း... မတော်ရင် တကယ်ပဲ မသန့်ရှင်းတဲ့ အရာတွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ...”

“အဲ... ငါထင်တာတော့... ဒါက သမီးဖြစ်သူကို သနားလို့ အမေဖြစ်သူက လူမဆန်တဲ့ အဖေကြီးကို ဆုံးမလိုက်တာ ဖြစ်မယ်။ ‘မိခင်ကို အသက်တိုစေတဲ့ စုန်းမ’ တဲ့... ဒါ လူတစ်ယောက် ပြောထွက်ရက်တဲ့ စကားလား။ အခုတော့ ဝဋ်လိုက်ပြီ မဟုတ်လား...”

“အင်း... ငါလည်း ထင်တယ်၊ အဲဒီသမီးလေးရဲ့ အမေ ကလေးမွေးရခက်တာက သေချာပေါက် လျှို့ဝှက်ချက် ရှိလိမ့်မယ်...”

“မပြောပါနဲ့တော့... ကြောက်စရာကြီး။”

အခန်းအတွင်းမှာမူ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။

သို့သော်လည်း ဤကိစ္စရပ်မှာ ချန်ချင်းယွီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ သူမသည် ပြတင်းပေါက်အနားသို့ အမှန်တကယ်ပင် မချဉ်းကပ်ခဲ့သောကြောင့်တည်း။

ချန်ချင်းယွီ မျက်ရည်များကို သုတ်ကာ ထရပ်လိုက်ပြီး စင်္ကြန်လမ်းသို့ ထွက်လာခဲ့သည်။ သူမမှာ လူနာဆောင်တံခါးဝတွင် ဘာလုပ်ရမှန်းမသိ မိန်းမောစွာ ရပ်နေမိရှာ၏။

“ရှောင်ချန်... မစိုးရိမ်ပါနဲ့နဲ့တော့၊ ဘာမှမဖြစ်ပါဘူး။ တော်သေးတာပေါ့ ဆေးရုံမှာ ဖြစ်သွားလို့၊ ချက်ချင်းပဲ သွားပြီး ကုသပေးနေကြပါပြီ။”

“ဟုတ်ပ... ငါတို့အားလုံး ကိုယ်တိုင်မြင်လိုက်တာပဲ၊ ဒီကိစ္စက သူဘာသာသူ ခြေချော်တာ။”

“ပြောရရင်တော့လေ... ခြေချော်တာက ခြေချော်တာပေါ့၊ ဒါပေမဲ့ ပြတင်းပေါက်က ကြမ်းပြင်နဲ့ ကပ်နေတာမှ မဟုတ်တာ။ ဒီလောက် မြင့်တာကို ပြုတ်ကျသွားတယ်ဆိုတော့ တကယ်ကို မရိုးသားဘူးနော်... သရဲက ဆွဲချလိုက်တာများလား။”

“လျှောက်မပြောပါနဲ့အေ။”

“ကြောက်စရာကြီး”

“ဟုတ်ပ”

ချန်ချင်းယွီသည် စင်္ကြန်လမ်းရှိ ခုံတန်းလျားပေါ်တွင် ဗုန်းခနဲ ထိုင်ချလိုက်မိသည်။ အပြင်ဘက်တွင် မိုးများ ပိုမိုရွာသွန်းလာပြီး ရာသီဥတုလည်း မှုန်မှိုင်းလာခဲ့ရာ၊ ဆေးရုံ စင်္ကြန်လမ်းသည် ပိုမို၍ မှောင်မည်းသွားသကဲ့သို့ ရှိနေ၏။ ချန်ချင်းယွီစင်္ကြန်လမ်းတွင် ငြိမ်သက်စွာ ထိုင်နေပြီး လူများ အဝင်အထွက် ပြုလုပ်နေကြသည်ကို ငေးကြည့်နေခဲ့သည်။

သို့သော်လည်း မည်သူမျှ သူမအနားသို့ သိပ်မကပ်ရဲကြပေ။

တကယ်ပဲ သရဲခြောက်တာပဲဖြစ်ဖြစ်၊ ကံဆိုးစေတဲ့ ကြယ်ဆိုးကြီးပဲဖြစ်ဖြစ်... ဒါက တကယ်ကို ကြောက်စရာကောင်းတာကြီးလေ…

ချန်ချင်းယွီ ထိုနေရာတွင် တုန်လှုပ်အံ့ဩသွား၍ စိတ်လွတ်နေသည့်အလား ငိုင်တိုင်တိုင် ထိုင်နေခဲ့သည်။ သို့သော်လည်း အမှန်စင်စစ်တွင်မူ ချန်ချင်းယွီ၏ ရင်ထဲ၌ အလွန်ပင် တည်ငြိမ်နေသည်ကို မည်သူမျှ မသိနိုင်ကြပေ။ သူမသည် သေချာပေါက် တည်ငြိမ်နေ၏။ အကြောင်းမူကား ချန်ရိကျွင်းသည် သူမ၏ လျှို့ဝှက်သော လက်စွမ်းပြမှုကြောင့် ခြေမခိုင်ဟန်ချက်ပျက်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သောကြောင့်တည်း။

သူမ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့ရခြင်းမှာလည်း ဤသို့ အကွက်ဆင်မှု အဆင်ပြေစေရန်အတွက် ဖန်တီးခဲ့ခြင်းဖြစ်၏။ အမှန်၌ ချန်ချင်းယွီသည် အခွင့်အရေးရလျှင် လုပ်မည်၊ အခွင့်အရေးမရလျှင် မလုပ်ဘဲ နေမည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

အဓိကကတော့ ဘေးကင်းလုံခြုံဖို့ပဲလေ…

ကံကောင်းထောက်မစွာဖြင့် သူမသည် အခွင့်အရေးကို အောင်မြင်စွာ ဖမ်းဆွဲနိုင်ခဲ့၏။

လူကို တကယ်သတ်ပစ်ဖို့အထိတော့ သူမ တကယ်ပဲ လုပ်မှာမဟုတ်ပါဘူးလေ…

သူမ သေချာ တွက်ချက်ထားခဲ့ပြီးသားပဲ…

ဘာပဲဖြစ်ဖြစ် ဒီလောက်အမြင့်ကနေ ပြုတ်ကျရင် သေတော့မသေနိုင်ပါဘူး၊ ဒဏ်ရာအပြင်းအထန်ရဖို့လည်း မရှိပါဘူး… အောက်မှာ စက်ဘီးဂိုဒေါင် အမိုးအကာ ရှိနေတာပဲကို…

သူမ လိုချင်သည်မှာ ချန်ရိကျွင်းကို ဤကမ္ဘာပေါ်တွင် အမှန်တကယ် သရဲရှိနေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေကာ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားများဖြင့် မိမိဖာသာ အမှန်အတိုင်း ဝန်ခံလာစေရန် ဖြစ်သည်။ မဟုတ်ပါက နှစ်ပေါင်းသုံးဆယ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော ကိစ္စတွင် မည်သည့်နေရာမှ သက်သေအထောက်အထား သွားရှာမည်နည်း။ ချန်ချင်းယွီအနေဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်၏။

မိမိဖာသာ ဝန်ခံခြင်းမှာ အသုံးမဝင်ဘူးဆိုလျှင်ပင်…

သူ့ကို လူတကာ ကဲ့ရဲ့ရှုတ်ချမယ့် လမ်းဘေးကြွက်တစ်ကောင်လို ဖြစ်အောင်လုပ်ပြီး… ရံဖန်ရံခါ နှိပ်ကွပ်ပေးတာကလည်း အမုန်းတရားကို ပေါက်ကွဲခွင့်ရစေတာပဲလေ…

အကယ်၍ ချန်ရိကျွင်း၏ စိတ်ဓာတ်ကြံ့ခိုင်မှု အလွန်ကောင်းမွန်ပြီး တောင့်ခံနိုင်ဦးမည်ဆိုလျှင်ပင်၊ ချန်ချင်းယွီအနေဖြင့် သူ့ကို နှိပ်စက်ရသည်ကိုပင် ပျော်ရွှင်မိသည်။

ထို့အပြင် သူမနှင့်တွေ့တိုင်း ကံဆိုးတတ်သည်ဟု ထင်မှတ်သွားပါက ချန်ရိကျွင်းအနေဖြင့် နောက်နောင်တွင် သူမအနားသို့ အလွယ်တကူ ကပ်ရဲတော့မည် မဟုတ်ကြောင်း သူမ ယုံကြည်၏။မည်မျှပင် ကြီးမားသော အကျိုးအမြတ်ရှိပါစေ သူ ဝံ့ရဲမည် မဟုတ်ချေ။

ဘာပဲဖြစ်ဖြစ် ပိုက်ဆံထက် အသက်က ပိုအရေးကြီးတာပဲ မဟုတ်လား… သူက ပိုက်ဆံအတွက်နဲ့တော့ အသက်အသေခံမယ့်လူစားမျိုး မဟုတ်ဘူး…

ချန်ရိကျွင်းကဲ့သို့ တစ်ကိုယ်ကောင်းဆန်သော လူမျိုးသည် မိမိကိုယ်ကိုယ် အမြတ်နိုးဆုံးသူတည်း။

ချန်ချင်းယွီ ခုံတန်းလျားပေါ်တွင် ထိုင်နေရင်း လက်ထဲတွင် ကျောက်ခဲလေးတစ်လုံးကို ဆုပ်ကိုင်ထားခဲ့သည်။ ၎င်းမှာ စောစောတင် ပြန်လည်ကောက်ယူခဲ့သည့် ကျောက်ခဲ ဖြစ်၏။ သူမ ချက်ချင်းပင် ထရပ်လိုက်ပြီး မိန်းမောစွာဖြင့် သန့်စင်ခန်းဘက်သို့ လျှောက်သွားခဲ့သည်။ အခြားလူများမှာ သူမကို ခိုးကြည့်ကာ စိတ်ထဲ၌ သက်ပြင်းချမိကြ၏။

‘ဒီကောင်မလေးလည်း သနားစရာပါပဲ။’

“ဒီကမ္ဘာပေါ်မှာ အပြစ်ရှိတဲ့ မိဘဆိုတာ မရှိပါဘူး။ ဒီကိစ္စက သူကိုယ်တိုင် ပြဿနာရှာလို့ ဖြစ်ရတာ...”

“နင် စကားကို သတိထားပြောဦး၊ မတော်ရင် တကယ်ပဲ မသန့်ရှင်းတဲ့အရာ ရှိနေပြီး ခဏနေ နင့်ဆီ လာရှာနေဦးမယ်။”

“နင်... နင်... နင် လူကို လာမခြောက်နဲ့။”

“ဟဲဟဲ...”

“ငါ နင့်ကို မပြောတော့ဘူး၊ ငါ သွားပြီ ဟုတ်ပြီလား...”

ချန်ရိကျွင်း၏ ထူးဆန်းလှသော ပြုတ်ကျမှုကြီးမှာ လူများစွာကို တကယ်ပင် ထိတ်လန့်သွားစေခဲ့ပြီး လူတိုင်း အလွန် ကြောက်ရွံ့နေကြ၏။

“လူကတော့ မကောင်းမှု မလုပ်သင့်ဘူး၊ မဟုတ်ရင် စောစောနဲ့ နောက်ကျတာပဲ ကွာမယ်၊ ဝဋ်လိုက်ရလိမ့်မယ်။”

“ဟုတ်ပ... မဟုတ်လို့လား...”

“အေးလေ... နင် စဉ်းစားကြည့်လေ၊ သူ့အဖေက သူ့ကို မင်္ဂလာမရှိတဲ့ ကြယ်ဆိုးလို့ ဆဲဆဲချင်းတင်... သူကိုယ်တိုင် ပြုတ်ကျသွားတာ...”

“သူ့အမေက ကလေးကို ကာကွယ်ပေးနေတာ ဖြစ်လိမ့်မယ်။”

ယနေ့အတွက် အကြီးမားဆုံးသော သတင်းထူးကြီးမှာ ‘သရဲခြောက်သည့်ဖြစ်ရပ်’ ပင် ဖြစ်သည်။

ဆေးရုံတစ်ခုလုံးရှိ ဆရာဝန်များကော လူနာများပါ အားလုံးမကျန် အလွန်ပင် စိတ်ဝင်စားနေကြ၏။ ဆရာဝန်များမှာမူ အလုပ်ရှုပ်နေကြသဖြင့် အချင်းချင်း စကားမပြောနိုင်ကြသော်လည်း၊ လူနာများမှာမူ အားပါးတရ ဝိုင်းဝန်းဆွေးနွေးနေကြသဖြင့် သတင်းစကားဝိုင်းကြီး ဖြစ်နေတော့သည်။ ဤပျင်းစရာကောင်းလှသော ဆေးရုံတက်ရသည့် ဘဝတွင် အတင်းအဖျင်း သတင်းများမှာ ပျော်ရွှင်မှုကို တိုးပွားစေခဲ့သည် မဟုတ်လော့။

ပျင်းစရာကောင်းသော ဘဝကြီးမှာ ခဏချင်းအတွင်း စိတ်လှုပ်ရှားစရာ ဖြစ်သွားခဲ့ရ၏။

ဤသတင်းကြီးမှာ အခြားသော အိမ်တွင်းရေး ပြဿနာများကိုပါ ဆွဲထုတ်လာခဲ့သဖြင့် လူနာဆောင်တိုင်းတွင် တီးတိုး တီးတိုးနှင့် ဆူညံနေလေသည်။

တိတ်ဆိတ်မှုလား…လုံးဝမရှိတော့ပါဘူးဗျာ…

ခါးနာတာတွေ၊ ခြေထောက်ကိုက်တာတွေတောင် ပျောက်ကွယ်သွားပြီး၊ စကားပြောချင်စိတ်များသာ တဖွားဖွား ပေါ်ပေါက်နေကြ၏။

၎င်းတို့တင်မကဘဲ ရဲအရာရှိနှစ်ဦးပင်လျှင် မိမိတို့ကိုယ်မိမိ သံသယဝင်လာခဲ့ကြရသည်။ သူတို့သည် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့ကြပြီး၊ ချန်ရိကျွင်း ရုတ်တရက် မျက်နှာပျက်သွားကာ တန်း၍ ခြေချော်ပြီး အပြင်ဘက်သို့ ပြုတ်ကျသွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။

ထိုမြင်ကွင်းကို သေချာပြန်စဉ်းစားကြည့်လျှင် အလွန်ပင် ထူးဆန်းလှသည်။

“ဆရာဝန်ကြီး... ဘယ်လိုနေလဲဟင်။”

“လက်မောင်း အရိုးကျိုးသွားတယ်၊ ခြေထောက်ကတော့ အရိုးမကျိုးပေမဲ့ ဒဏ်ရာရသွားလို့ နည်းနည်းတော့ ပြုစုရမယ်။”

ဆရာဝန်မှာ အတန်ငယ် ဝေခွဲမရ ဖြစ်နေပြီးမှ

“လူနာကတော့ သူ့ခြေကျင်းဝတ်ကို တစ်စုံတစ်ယောက်က လှမ်းရိုက်လိုက်တယ်လို့ အော်နေတာပဲ...”

ရဲအရာရှိနှစ်ဦး : “သူ့ဘေးနားမှာ ဘယ်သူမှ မရှိတာပဲဟာကို၊ ဘယ်လိုလုပ်ပြီး လူက လာရိုက်နိုင်မှာလဲ။”

အမယ်လေး… နေ့ခင်းကြောင်တောင်ကြီးမှာတင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထစရာ ကောင်းလိုက်တာ…

ဆရာဝန် ခေါင်းညိတ်ကာ

“ဒါဆိုရင်လည်း ခင်ဗျားတို့ပဲ သူ့ကို ဖျောင်းဖျပေးလိုက်ပါဦး။ သူ အတော်လေး ထိတ်လန့်နေတာကို ကျွန်မ တွေ့ရတယ်၊ ခန္ဓာကိုယ်က ဒဏ်ရာက မပြင်းထန်ပေမဲ့... စိတ်ပိုင်းဆိုင်ရာကတော့ သိပ်မကောင်းတော့ဘူး။”

ရဲအရာရှိနှစ်ဦးမှာ ဆွံ့အသွားကြရသည်။

“လူနာဆောင်ထဲကို အရင်ပို့လိုက်ကြစို့၊ ငါ သွားပြီး ရှောင်ချန်ကို သွားခေါ်လိုက်မယ်။”

အော်... သွားခေါ်စရာပင်မလိုတော့ပေ။ ချန်ချင်းယွီ ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ၊ သူတို့၏ နောက်နားမလှမ်းမကမ်းတွင် ကြောင်အမိန်းမောစွာဖြင့် မတ်တတ်ရပ်နေခဲ့၏။

ဤသို့ကိစ္စရပ်ကို မိမိမိသားစုအတွင်း ကြုံတွေ့လိုက်ရလျှင် မည်သူမဆို ကြောင်အသွားရမည်မှာ ဓမ္မတာပင်။

ရဲအရာရှိ : “ရပါတယ်... မစိုးရိမ်ပါနဲ့။”

စကားပြောနေစဉ်မှာပင် ချန်ရိကျွင်းကို ခုတင်ဖြင့် တွန်းထုတ်လာခဲ့သည်။ သူသည် သတိမေ့မသွားသေးဘဲ၊ ချန်ချင်းယွီကို မြင်လိုက်ရသည်နှင့် မျက်နှာတစ်ခုလုံး ပျက်သွားကာ ဒေါသတကြီး အော်ဟစ်လေတော့သည်။

“ဖယ်စမ်း... ဖယ်စမ်း... ဖယ်စမ်းပါ... အမြန်ဖယ်စမ်း။ နင် ငါ့အနားကို မကပ်နဲ့...”

ချန်ချင်းယွီ : “ကျွန်မ...”

“နင် သွားစမ်း... သွားစမ်းပါ၊ ငါ နင့်ကို မပြောတော့ဘူး၊ ငါ နင့်ကို မပြောရဲတော့ဘူး ဟုတ်ပြီလား။ အမြန်ဆုံး ထွက်သွားစမ်း...”

ချန်ရိကျွင်း အသံကုန်ဟစ်ကာ အော်ပြောနေပြီး၊ လည်ချောင်းများပင် ကွဲမတတ် ဖြစ်နေခဲ့ကာ ကြောက်လန့်တကြားဖြင့်

“နင် ချက်ချင်း ထွက်သွားစမ်း...”

ချန်ချင်းယွီ : “အဖေက ဘာဖြစ်လို့...”

“ငါ နင့်ကို စကားမပြောချင်ဘူး၊ ရဲဘော်တို့... ရဲဘော်တို့ သူ အနားမကပ်အောင် လုပ်ပေးကြပါဦး။ ငါ ပြောသားပဲ... သူက မင်္ဂလာမရှိတဲ့ နမိတ်ဆိုးကြီးပါဆိုတာ။ သူ့ကို ငါ့အနား မလာခိုင်းပါနဲ့...”

ချန်ရိကျွင်း ကြောက်လန့်ပြီး သေလုမတတ် ဖြစ်နေရှာ၏။

ဒါကို ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေနိုင်မှာလဲ…သူက သာမန်လူတစ်ယောက်လေ…

ဒါဟာ မင်္ဂလာမရှိတဲ့ ကံဆိုးတာကြောင့်ပဲဖြစ်ဖြစ်၊ တကယ်ပဲ သရဲခြောက်တာပဲဖြစ်ဖြစ်... သူ ဒီသမီးဖြစ်သူကို လုံးဝ မမြင်ချင်တော့ဘူး…

“သွား သွား သွား သွား...”

ရဲအရာရှိ : “ရှောင်ချန်... မင်းကြည့်ရတာ အခြေအနေ သိပ်မကောင်းဘူးထင်တယ်၊ မင်းပဲ အရင်ပြန်လိုက်တာ ပိုကောင်းမယ်။ သူ့ရဲ့ စိတ်အခြေအနေအရ မင်းရှိနေရင် ပိုပြီး ဆိုးရွားသွားလိမ့်မယ်...”

ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းစေ့ကာ

“ကျွန်မ သွားပါ့မယ်... ကျွန်မ သွားရင် ပြီးတာပဲ မဟုတ်လား။”

သူမ၏ မျက်နှာတွင် အထီးကျန်ရိပ်များ လွှမ်းမိုးသွားခဲ့သော်လည်း၊ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရုတ်တရက် ပြန်လည်

လှည့်ကြည့်လိုက်စဉ် သူမ၏ နက်မှောင်သော မျက်ဝန်းအစုံသည် တောက်ပသွားပြီး

“အဖေ... စောစောက အစ်ကိုကြီးတစ်ယောက် ပြောတာ မှန်ပါတယ်၊ မကောင်းမှု မလုပ်ထားရင် သရဲအော်တာ ကြောက်စရာမလိုပါဘူး။ အဖေသာ ကျွန်မအမေအပေါ် မကောင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုရင် ဘာကိုမှ စိုးရိမ်စရာမလိုပါဘူး။ မဟုတ်ရင်တော့...”

ရုတ်တရက် ရယ်မောလိုက်ပြီး တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။

“သူ အဖေ့ဆီ လာရှာလိမ့်မယ်...”

“နင် ထွက်သွားစမ်း...”

ချန်ရိကျွင်းသည် ပိုမို၍ တုန်ရင်လာခဲ့ပြီး တစ်ကိုယ်လုံးလည်း ထိန်းမရအောင် တုန်ယင်လျက် တတွတ်တွတ် ရေရွတ်နေသည်။

“သရဲမရှိဘူး... သရဲမရှိဘူး... သရဲမရှိဘူး... ဒီကမ္ဘာပေါ်မှာ သရဲမရှိဘူး...”

သူသည် မိမိကိုယ်ကိုယ် မကောင်းမှုမလုပ်ခဲ့ပါဟု မပြောရဲဘဲ၊ သရဲမရှိဘူးဟုသာ အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။

ဉာဏ်အနည်းငယ် ရှိသူမှန်သမျှသည် ချန်ရိကျွင်း၏ ရင်ထဲ၌ အပြစ်မကင်း ဖြစ်နေသည့် ပုံစံကို ကောင်းစွာ မြင်တွေ့နိုင်ကြသဖြင့်၊ သူ့ကို ပိုမို၍ ကဲ့ရဲ့ရှုတ်ချမိကြ၏။

ကံကောင်းထောက်မစွာဖြင့် ချန်ချင်းယွီ ချန်ရိကျွင်းကို ဆက်လက်၍ စိတ်အနှောင့်အယှက် မပေးတော့ဘဲ ယခုအကြိမ်တွင်မူ တကယ်လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။

သူမ ထွက်ခွာသွားခဲ့သော်လည်း၊ ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမှာမူ ပတ်ဝန်းကျင်သို့ အလွန်ပင် ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ရပြီ ဖြစ်၏။

ဘာပဲဖြစ်ဖြစ်... ဒါက တကယ်ကို မယုံနိုင်လောက်အောင် ကြီးမားလှတဲ့ ကိစ္စရပ်ကြီး တစ်ခုလေ…

အင်း… ကြီးမားတဲ့ ကိစ္စတွေလည်း အတော်များနေပါပြီ… ဘဝမှာ မကြုံဖူးတာတွေချည်း ကြုံနေရပါလားကွယ်ရို့…

ချန်ချင်းယွီ ဆေးရုံပြင်ပသို့ ထွက်လာခဲ့ပြီး၊ သူမ၏ မျက်နှာထက်တွင် မည်သည့် အမူအရာမျှ ရှိမနေတော့ပေ။

သူမ၏ မျက်နှာလေးမှာ အေးစက်တည်ငြိမ်လျက်သာ ရှိနေ၏။

နံနက်ပိုင်း မိုးဖွဲဖွဲရွာသွန်းနေခဲ့သော်လည်း ယခုမူ မိုးတိတ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်ရာ ထပ်မံ၍ မိုးရွာသွန်းတော့မည့်အသွင် ရှိနေ၏။ ချန်ချင်းယွီ အိမ်သို့ ပြန်လာခဲ့စဉ် လမ်းပေါ်ရှိ လူများမှာ အလျင်အမြန် သွားလာနေကြသော်လည်း သူမသည်ကား အတော်လေး တည်ငြိမ်နေခဲ့သည်။

သူမသည် ယခုအချိန်ကို အခွင့်ကောင်းယူကာ မနေ့ညနေပိုင်း ပထမဆုံးဇာတ်ကွက် စတင်ချိန်မှ ယခုအချိန်အထိ အခြေအနေအရပ်ရပ်ကို သေချာစွာ ပြန်လည်သုံးသပ်နေခဲ့သည်။

ချန်ချင်းယွီမှာ အသေးစိတ်

အချက်တိုင်းကို သေချာစွာ စဉ်းစားတွေးတောပြီးနောက် မိမိဘက်မှ လျှို့ဝှက်ချက် ပေါက်ကြားသွားခြင်း မရှိနိုင်ကြောင်း ဆုံးဖြတ်လိုက်နိုင်သဖြင့် ရင်ထဲ၌ အတန်ငယ် စိတ်အေးသွားခဲ့၏။

ချန်ရိကျွင်း၏ ကိစ္စကိုမူ တစ်ကြိမ်တည်းဖြင့် အပြီးအပြတ် အောင်မြင်အောင် ပြုလုပ်နိုင်မည်

မဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ ချန်ရိကျွင်းကို အပြစ်ပေးရန် မလွယ်ကူကြောင်း သူမ ရင်ထဲ၌ သိနေသည်။ နှစ်ပေါင်းသုံးဆယ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ မည်သည့်သက်သေမျှ ကျန်ရှိတော့မည် မဟုတ်ပေ။

တမင်သက်သက် အချိန်ဆွဲပြီး ဆေးရုံမပို့ခဲ့သည့် ကိစ္စမှာ အချိန်ကို နောက်ပြန်လှည့်နိုင်လျှင်ပင် ကိုင်တွယ်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။ အချိန်ဆွဲခဲ့သလား၊ မဆွဲခဲ့ဘူးလား ဆိုသည်မှာ အကဲဖြတ်ရန် အလွန်ခက်ခဲလှ၍ပင်။

သူမအနေဖြင့် ချန်ရိကျွင်းကို ခြောက်လှန့်၍ မိမိဖာသာ ဝန်ခံလာအောင် ပြုလုပ်ချင်သော်လည်း ချန်ရိကျွင်း နှုတ်ပိတ်နေလျှင် အသုံးဝင်မည်မဟုတ်ပေ။ အကယ်၍ သူ ပြောလိုက်လျှင်ပင်… ‘ငါ တမင်လုပ်တာမဟုတ်ဘူး၊ သွေးတွေမြင်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလို့ အချိန်နှောင့်နှေးသွားတာ။’ ဟု ဆင်ခြေပေးပါက ထိုအကြောင်းပြချက်မှာလည်း ယုတ္တိရှိနေပြန်၏။

အမှန်တကယ်၌ ချန်ရိကျွင်းတွင် နောက်ထပ် အပြစ်တစ်ခု ရှိသေးသည်။ ၎င်းမှာ သူမကို တွန်းချခဲ့သဖြင့် မှတ်ဉာဏ်များ ပျောက်ဆုံးသွားစေခဲ့သည့် ကိစ္စဖြစ်၏။ သို့သော် ဤကိစ္စသည်လည်း သက်သေပြရန် ခက်ခဲလှပေသည်။

ချန်ချင်းယွီ နားထင်ကို ခပ်ဖွဖွပွတ်သပ်ရင်း မိမိကိုယ်ကိုယ် စိတ်မလောရန်နှင့် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရန် သတိပေးလိုက်မိသည်။

‘ဖြည်းဖြည်းချင်းပဲ သွားရမယ်၊ သေချာပေါက် ဖြည်းဖြည်းချင်းပဲ လုပ်ရမယ်... စိတ်အေးအေးထားပြီး သူ့ကို တဖြည်းဖြည်းချင်း နှိပ်ကွပ်ရမယ်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့...’

ပြောရလျှင် ချန်ချင်းယွီသည် ငယ်စဉ်က အကြောင်းအရာများစွာကို ပြန်လည်မှတ်မိလာခဲ့ပြီ ဖြစ်သဖြင့် စိတ်ဓာတ်များ ပိုမိုတည်ငြိမ်လာခဲ့သည်။

သူမမှာ မိမိကိုယ်မိမိ မည်သို့သော အခြေအနေမျိုးဖြစ်သည်ကိုလည်း ရှင်းလင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ သူမသည် မွေးကတည်းကပင် အတိတ်ဘဝ၏ မှတ်ဉာဏ်များကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့် အတန်ငယ် အသိဉာဏ်ဝင်လာသည်နှင့် အဘိုးနှင့်အဘွားတို့ကို ခေတ်ကာလကြီးမားစွာ ပြောင်းလဲလာမည့်အကြောင်းကို ပြောပြခဲ့သဖြင့် ၎င်းတို့ ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မွေးကတည်းက ယခင်ဘဝ မှတ်ဉာဏ်မရှိလျှင်၊ အသွေးအသားရင်းချာ သံယောဇဉ်သာ မရှိခဲ့လျှင်… သူမအနေဖြင့် လူတစ်ယောက်ကို ဤမျှလောက် လွယ်လွယ်ကူကူ ယုံကြည်ပြီး လျှို့ဝှက်ချက်များကို ပြောပြမိရန် ခက်ခဲလိမ့်မည်သာ…

ထို့ကြောင့် သူမသည် မိမိကိုယ်ကိုယ် စစ်မှန်သော ချန်ချင်းယွီအစစ်အမှန်ဖြစ်သည်ဟု ယူဆလိုက်၏။ အားလုံးမှာ မိမိ၏ ဆွေမျိုးအရင်းအချာများ ဖြစ်ကြသဖြင့် ယုံကြည်စိတ်ချရ၍ ပြောပြခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူမ အသက်ခြောက်နှစ်အရွယ်တွင် လျှို့ဝှက်ချက်တစ်ခုကို ခိုးနားထောင်မိရာမှ အဖေဖြစ်သူ၏ တွန်းချခြင်းကို ခံလိုက်ရသဖြင့် လှေကားပေါ်မှ ပြုတ်ကျကာ ခေါင်းထိခိုက်ပြီး မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ရသည်။ ထို့ပြင် ဆေးဝါးများလည်း မသောက်ခဲ့ရသဖြင့် ကုသမှု နောက်ကျကာ ဘာမှမမှတ်မိတော့ပေ။ ထို့ကြောင့် ဤခေတ်ကာလ၏ သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ပင် စာသင်ကျောင်းတက်၊ အသက်မွေးဝမ်းကျောင်းပြု၊ အိမ်ထောင်ပြု... ၎င်းနောက် လင်းကျန့်ဝမ် သေဆုံးသွားသည့်အချိန်အထိ နေထိုင်ခဲ့ရသည်။

ထိုစဉ်၌ သူမ ကြွက်သတ်ဆေး သောက်ခဲ့သော်လည်း အကြောင်းတိုက်ဆိုင်ကာ အတိတ်ဘဝကို ပြန်လည်မှတ်မိလာခဲ့၏။

မနေ့တွင်လည်း ထပ်မံ၍ ဒဏ်ရာရရှိခဲ့ပြီးနောက်တွင်မူ အရာအားလုံးကို ပြန်လည်မှတ်မိသွားခဲ့ရသည်။

ချန်ချင်းယွီ အရာအားလုံးကို ပြန်လည်မှတ်မိသွားပြီးနောက် မိမိ၏ ဆွေမျိုးများအပေါ် ထားရှိသည့် သံယောဇဉ်ကို ပိုမိုခံစားလာရပြီး၊ ချန်ရိကျွင်းအပေါ်တွင်လည်း ပိုမို၍ မုန်းတီးလာခဲ့၏။

ချန်ချင်းယွီ အိမ်သို့ လမ်းလျှောက်ပြန်လာရင်း မိမိ၏ စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံး ပြန်လည်ပြင်ဆင်နေခဲ့သည်။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းရမည်သာ…

မိမိ၏ ကွယ်လွန်သွားရှာပြီဖြစ်သော ဆွေမျိုးများ၏ ဝိညာဉ်များမှာ ကောင်းကင်ဘုံမှ စောင့်ကြည့်နေမည်ဆိုလျှင်လည်း သူမကို ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းစေချင်လိမ့်မည်ဟု ယုံကြည်သည်။

ချန်ချင်းယွီအနေဖြင့် လူတိုင်း၏ မျှော်လင့်ချက်ကို အပျက်စီးမခံနိုင်ပေ။ သူမ လမ်းကြားထဲသို့ ကွေ့ဝင်လိုက်ပြီး အိမ်ရာဝင်းကြီး၏ တံခါးဝသို့ မရောက်ခင်မှာပင် တံခါးဝ၌ ဆူညံပွက်လောရိုက်နေသော အသံများကို ကြားလိုက်ရ၏။

ချန်ချင်းယွီ အံ့ဩသွားမိသည်။

ဘာပါလိမ့်…

သူမ သံသယစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ၊ မိမိတို့ အိမ်ရာဝင်းထဲတွင် ပြဿနာတက်နေကြောင်း သိလိုက်ရသည်။

ချန်ချင်းယွီ ခြေလှမ်းများကို အမြန်မြှင့်လိုက်ပြီး ချက်ချင်းပင် အနားသို့ တိုးကပ်သွားကာ

“နည်းနည်းလောက် ဖယ်ပေးကြပါဦး၊ နည်းနည်းလောက် ဖယ်ပေးကြပါဦး... ကျွန်မ အိမ်ပြန်မလို့ပါ။”

လူတိုင်း အုန်းအုန်းကျွက်ကျွက်ဖြင့် အားပါးတရ ကြည့်ရှုနေကြရာမှ၊ နောက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် ဖယ်ပေးကြသည်။

ချန်ချင်းယွီ : “ဒါ ဘာဖြစ်နေကြတာလဲ။”

“ရန်ဖြစ်နေကြတာလေ၊ ဝမ်ကျန့်ကော်ကို လာရှာကြတာ။”

ချန်ချင်းယွီသည် တွေးတောရခက်စွာဖြင့် ‘ဘာတွေလဲ...’ ဟု ထပ်မံတွေးမိရင်း ဝင်းထဲသို့ အတင်းတိုးဝင်သွားခဲ့၏။

ကြည့်လိုက်သည့်အခါတွင်မူ...

အိုးမိုင်ဂေါ့…

အဘွားအို နှစ်ယောက် ရန်ဖြစ်နေကြခြင်း ဖြစ်သည်။

အဘွားအို၏ ဘေးနားတွင်လည်း ကူညီပေးသူတစ်ယောက် ရှိနေသေးရာ၊ ၎င်းမှာ လီအာ့ယာပင် ဖြစ်၏။

အမျိုးသား သုံးယောက်မှာလည်း အချင်းချင်း ဒေါသတကြီး စိုက်ကြည့်နေကြသည်။

အခြားလူများသည်ကား အားပါးတရနှင့် စိတ်ဝင်တစား ဝိုင်းကြည့်နေကြ၏။

ဝမ်ကျန့်ကော် ဒေါသတကြီးဖြင့်

“ငါ ဘယ်နှခေါက် ပြောရမလဲ၊ ငါ မင်းတို့ကို မလုပ်ခဲ့ပါဘူး။ မင်းတို့ လူကို မတရားစွပ်စွဲချင်ရင်တောင် ဒီလိုမျိုးကြီးတော့ လာမလုပ်သင့်ဘူးလေ၊ အခုတော့ လူတွေအများကြီး ခေါ်လာပြီး ပြဿနာလာရှာနေကြပြီ။ မင်းတို့ ဦးနှောက်တွေ ခွေးစားကုန်ပြီလား...”

“မင်း လျှောက်ပြီး ဖောမနေနဲ့၊ မင်းမဟုတ်ရင် ဘယ်သူလဲ။ မင်းပဲ... မင်း ဖုံးကွယ်ထားဖို့ မစဉ်းစားနဲ့၊ ငါ အကုန်လုံး သိပြီးသား၊ မင်းပဲ...”

ချဲယုံချန်း ဒေါသတကြီးဖြင့်

“မင်း ငါတို့ကို တကယ့်ကို ဒုက္ခပေးလိုက်တာ… အခုအထိ ဘာမှမသိသလိုမျိုး ဟန်ဆောင်နေသေးတယ်၊ ဒါဆိုရင် ပြောစမ်းပါဦး... မနေ့က မင်း ဘယ်သွားနေတာလဲ။”

ဝမ်ကျန့်ကော် : “ငါက ဘာဖြစ်လို့ မင်းတို့ကို ပြောပြရမှာလဲ။ ငါ မဟုတ်ဘူးလို့ ပြောရင် မဟုတ်ဘူးပဲ။”

“မင်းပဲ...”

ချဲယုံချန်း ခေါင်းမာနေဆဲတည်း။

“နင်တို့လို လူယုတ်မာတွေ... အိမ်အထိ လာပြီး လူကို အနိုင်ကျင့်နေကြတယ်ပေါ့လေ။ အသေဆိုးနဲ့ သေမယ့်ကောင်တွေ... ယဉ်ကျေးမှု မရှိတဲ့ကောင်တွေ... ပတ်ဝန်းကျင် ဖျက်ဆီးတဲ့ အယုတ်တမာတွေ...”

အဘွားကြီးဝမ်သည် ချဲအိမ်မှ အဘွားအိုနှင့် သူမ၏ ချွေးမဖြစ်သူ လီအာ့ယာတို့၏ ဖိနှိပ်ထားခြင်းကို ခံထားရပြီး ကြမ်းပြင်ပေါ်တွင် ဗုန်းဗုန်း ဗုန်းဗုန်းနှင့် အရိုက်ခံနေရရှာသည်။ အဘွားကြီးဝမ်သည် အမှန်တကယ်ပင် ရန်မဖြစ်တတ်သဖြင့် ပြန်လည်မခုခံနိုင်ရှာပေ။

လီအာ့ယာ : “နင့်သားက ငါတို့မိသားစုဝင်တွေကို ချေးတွင်းထဲ တွန်းချခဲ့တာလေ၊ အဲဒါ ဘယ်လောက်တောင် ရွံစရာကောင်းလဲ နင်သိလား။ ငါတို့မှာ အဝတ်အစား နှစ်စုံတောင် ပျက်စီးသွားရတယ်။ ငါတို့က နင်တို့ဆီကနေ လျော်ကြေးမတောင်းရင် ဘယ်သူ့ဆီက သွားတောင်းရမှာလဲ။ ငါတို့ နှစ်မိသားစုကြားမှာ ပြဿနာရှိနေတာပဲ၊ သေချာပေါက် နင်တို့အိမ်က ဝမ်ကျန့်ကော်က ကွမ်ကျိုးကို သွားရတဲ့ကိစ္စနဲ့ ကွာရှင်းတဲ့ကိစ္စကို မကျေနပ်လို့ ငါတို့အိမ်က လူတွေကို ရန်ငြိုးဖွဲ့တာပဲ ဖြစ်ရမယ်။”

“နင် လျှောက်ပြောမနေနဲ့...”

“နင်ကမှ လိမ်နေတာ...”

ဤသို့ဖြင့် အမျိုးသမီး သုံးဦးမှာ နှစ်ယောက်တစ်ယောက်အဖြစ် ရန်ဖြစ်နေကြပြီး၊ အမျိုးသား သုံးဦးမှာလည်း နှစ်ယောက်တစ်ယောက်အဖြစ် အပြန်အလှန် လုံးထွေးသတ်ပုတ်နေကြတော့သတည်း။

အဘွားကြီးဝမ်သည် ဘယ်လိုမှ ပြန်မခုခံနိုင်တော့သည့်အဆုံး၊ ချန်ချင်းယွီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး

“နင့်မိသားစုမှာက ရန်သူတွေ အများကြီးပဲဟာကို။ လင်းကျန့်ဝမ်ရဲ့ မိန်းမ လုပ်တာလည်း ဖြစ်နိုင်တာပဲ၊ ဘာဖြစ်လို့ ငါတို့မိသားစုအပေါ် လာပြီး အပြစ်ပုံချနေရတာလဲ။”

ချန်ချင်းယွီသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး စိတ်ထဲ၌ တွေးလိုက်မိ၏။

‘တိုက်ဆိုင်လိုက်တာမှလွန်ရော... နင် နှုတ်ကနေ ကောက်ကာငင်ကာ လျှောက်ပြောလိုက်တာက တကယ့်အမှန်တရားကို ကွက်တိသွားမှန်နေတာပဲ’

သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခက်ထန်စွာ ပြန်လည်ချေပလိုက်၏။

“ဒီဘက်ကကျတော့ ကျွန်မ ဟန်ဆောင်နေတယ်လို့ သံသယဝင်တယ်၊ ဟိုဘက်ကကျတော့ လူကို ချေးတွင်းထဲ တွန်းချတယ်လို့ သံသယဝင်ကြတယ်။ ဒီတော့ ရှင်တို့ပြောပုံအရဆိုရင် ကျွန်မက မနေ့ညက တော်တော်လေး အလုပ်ရှုပ်နေခဲ့တာပေါ့။ ဘာလို့ ဒီပြဿနာတွေအကုန်လုံးကို ကျွန်မခေါင်းပေါ်ပဲ လာပုံချချင်နေရတာလဲ။ အားလုံးက ကျွန်မကို ဝိုင်းပြီး အနိုင်ကျင့်နေကြတာပဲ။ လူရိုးတွေမှာလည်း ဒေါသဆိုတာ ရှိတတ်ပါတယ်။ ကျွန်မ ရှင်တို့ကို သတိပေးလိုက်မယ်... ပါးစပ်ကို စောင့်စည်းကြပါ၊ မဟုတ်ရင်တော့ ကျွန်မဘက်ကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး...”

“နင်... နင်က သေချာပေါက် ရန်ငြိုးဖွဲ့ထားတာပဲ။ သူတို့က လင်းကျန့်ဝမ်ကို လိမ်ညာခဲ့ကြလို့ နင် မကျေမနပ် ဖြစ်နေတာပေါ့၊ နင်နဲ့ လင်းကျန့်ဝမ်က ဒီလောက်တောင် ချစ်ကြတာ... သူပဲ၊ သေချာပေါက် သူပဲ ဖြစ်ရမယ်...”

အဘွားကြီးဝမ်သည် ချဲမိသားစုမှ ယောက္ခမနှင့် ချွေးမကို တကယ်ပင် မယှဉ်နိုင်သဖြင့်၊ ယခုကဲ့သို့ အခြားလူဆီသို့သာ လွှဲချရန် ကြိုးစားနေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှေ့ဝင်းထဲမှ အဘွားအိုတစ်ဦးမှာ အလျင်အမြန် ဝင်ရောက်ပြောဆိုပေးခဲ့ကာ

“ဒါကတော့ မဖြစ်နိုင်တာ။ ဒီမနက်တင် ရဲတွေ လာပြီး ချန်ချင်းယွီရဲ့ အိမ်တွင်းရေးကိစ္စတွေကို စုံစမ်းသွားကြတာ၊ ငါတို့ကိုလည်း သေချာမေးခဲ့သေးတယ်။ သူက မနေ့ညက ပြန်လာပြီးကတည်းက အပြင်ကို လုံးဝ ပြန်မထွက်ခဲ့ပါဘူး၊ ဘယ်သူမှလည်း သူ အပြင်ထွက်တာ မမြင်မိကြဘူး။ မနေ့ညက တံခါးတစ်ခါပဲ ဖွင့်ခဲ့တာ၊ အဲဒါကလည်း ဝမ်ကျန့်ကော် မူးပြီး ပြန်လာလို့ ဖွင့်ပေးတာလေ၊ အဲဒီအချိန်မှာ တခြားဘယ်သူမှလည်း ရှိမနေဘူး။”

“ငါက အိပ်ရေးဆတ်တဲ့သူပဲ၊ ဘယ်သူ အိမ်ရှေ့တံခါးကြီးကို ဖွင့်တယ် ပိတ်တယ်ဆိုတာ ငါ အကုန်သိတာပေါ့။ ကဲ... တခြားလူတွေလည်း ရှိနေနိုင်တာပဲ၊ ငါ့သားကိုပဲ အပြစ်လာပုံချလို့ မရဘူး...”

“ဟမ့်... နင်တို့ အကွက်ပေါ်နေတာတောင် အခုထိ ဗြောင်ငြင်းချင်သေးတာလား။ နင် မကြားလိုက်ဘူးလား၊ နင့်သား ဝမ်ကျန့်ကော်ကိုယ်တိုင် တံခါးဖွင့်ခဲ့တာတဲ့။ အဘွား... ကျွန်တော့်ကို ပြောစမ်းပါဦး၊ အဲဒါ မိုးမရွာခင်လား၊ ရွာပြီးမှလား။”

“မိုးမရွာခင်ကလေ... သူ ပြန်လာပြီး သိပ်မကြာခင်မှာပဲ မိုးက စပြီး ရွာလာတာ။”

“ကြည့်စမ်း... ကြည့်စမ်း... အချိန်က ကွက်တိပဲ၊ အချိန်ချင်း ကွက်တိကို ကိုက်ညီနေတာပဲ...”

သူသည် ဝမ်ကျန့်ကော်ကို လှမ်းဆွဲလိုက်ပြီး မျက်နှာကို တန်း၍ လက်သီးဖြင့် ဆွဲထိုးလိုက်ကာ

“ငါ ပြောသားပဲ မင်းပဲဆိုတာ... ဒီကောင်စုတ်၊ ငါ ပြောသားပဲ မင်းပဲလို့...”

ခွပ်...

ဝမ်ကျန့်ကော်ခမျာ ဖင်ထိုင်ရက်သား လဲကျသွားခဲ့သည်။

“ဒီတိရစ္ဆာန်... မင်း ဘာလုပ်တာလဲကွ...”

“မင့်ကို ထိုးတာလေ...”

ဤသို့ဖြင့် ထိုအမျိုးသားနှစ်ဦးမှာ အပြန်အလှန် လုံးထွေးသတ်ပုတ်ကြပြန်၏။

ဝမ်ကျန့်ကော်နှင့် အဘွားကြီးဝမ်တို့မှာ ဤအိမ်ရာဝင်းထဲမှ လူများ ဖြစ်ကြသော်လည်း၊ မည်သူမျှ ဝင်ရောက်ကူညီပေးခြင်း မရှိကြချေ။ အိမ်ရာဝင်းအတွင်း၌ ရန်ဖြစ်လျှင် လူတိုင်း ပွဲကြည့်ရသည်ကို အလွန်သဘောကျကြသော်လည်း၊ အပြင်လူနှင့် ရန်ဖြစ်သည့်အခါတွင်မူ မည်သူမျှ ဂရုမစိုက်ကြပေ။

၎င်းတို့နှစ်ဦးသည် အပြန်အလှန် လက်သီးများ၊ ပါးရိုက်ချက်များဖြင့် လုံးထွေးနေကြသည်။

ချဲယုံဖုန်းမှာလည်း လက်ရှောင်မနေဘဲ ဘေးနားမှနေ၍ အခွင့်ကောင်းယူကာ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ထိုးနှက်နေခဲ့၏။

သူတို့မိသားစုသည် ဝမ်သားအမိနှစ်ဦးထက် အင်အားချင်း သိသိသာသာ သာလွန်နေခဲ့သည် မဟုတ်လော့။

ချန်ချင်းယွီ လက်ပိုက်လျက် ဘာမှမဖြစ်ခဲ့သည့်အလား ဘေးနားမှနေ၍ ပွဲကြည့်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ နောက်ကွယ်မှာ သူမ ရှိနေတယ်ဆိုတာ ဘယ်သူမှ သိတာမှ မဟုတ်တာ…ဟဲဟဲ

သူတို့ ရန်ဖြစ်နေကြတာကို ကြည့်ရင်း စိတ်ထဲ၌

‘ခွေးအချင်းချင်း ကိုက်နေကြတာပဲ။’

ချန်ချင်းယွီ လတ်တလော၌ ဤကဲ့သို့ ခွေးအချင်းချင်း ပြန်လည်ကိုက်ခဲနေကြသည့် အခြေအနေများကို မကြာခဏ မြင်တွေ့နေရသဖြင့် အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရ၏။

မိုးခြိမ်းသံများ အလွန်ကျယ်လောင်နေသော်လည်း မိုးရွာမလာသေးချေ။

မိုးလေး နည်းနည်းလောက်သာ ရွာချလိုက်ရင်... ဒီမြင်ကွင်းက ပိုပြီးတော့တောင် သက်ဝင်လှုပ်ရှားလာဦးမှာ…

“မင်းတို့မိသားစု တကယ်ကို လွန်လွန်းတယ်... တကယ့်ကို လွန်လွန်းတယ်... ငါ မဟုတ်ဘူးလို့ ပြောနေတယ်လေ၊ ငါ မဟုတ်ဘူး... ငါသာ တကယ်ပဲ မင်းတို့ကို ရန်ငြိုးဖွဲ့ထားရင်... ဒီလိုမျိုး ဖုံးကွယ်ထားစရာ လိုမနေဘူးကွ၊ မင်းတို့ကော ဒီလိုလုပ်ဖို့ လိုလို့လား။ မင်းတို့က ငါတို့ကို တမင်သက်သက် လာပြီး မတရားစွပ်စွဲနေတာ...”

ချဲယုံချန်း ဒေါသတကြီးဖြင့်

“ငါ မင်းရဲ့ အကြောင်းပြချက်တွေကို နားမထောင်ချင်ဘူး... ငါ သိတာကတော့... မနေ့က ငါတို့ သန့်စင်ခန်းထဲမှာ သိက္ခာအကြီးအကျယ် ကျခဲ့ရတယ်ဆိုတာပဲ။ ဒီကိစ္စကို ငါ ဘယ်လိုမှ အလွတ်မပေးနိုင်ဘူး...”

“ဒီခွေးကောင်...”

“မင်းကမှ ခွေးကောင်စုတ်...”

ရန်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့ပြီး၊ ချဲယုံချန်းသည် ရုတ်တရက် ဝမ်ကျန့်ကော်ကို လှမ်းဆွဲကာ ကြမ်းပြင်ပေါ်တွင် လှိမ့်လျက် မိမိ၏ ခေါင်းဖြင့် သူ့ခေါင်းကို အကြိမ်ကြိမ် ဆောင့်ပစ်လိုက်၏။

ချန်ချင်းယွီ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ၍

‘ဒါ... ဒါက ဘယ်လိုမျိုး ရန်ဖြစ်တဲ့ ပုံစံကြီးလဲ...’

ဤကဲ့သို့သော ရန်ပွဲမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဒါက ရန်သူကို သုံးထောင်သတ်ဖို့အတွက် မိမိဘက်က ရှစ်ရာ အသေခံတဲ့ နည်းလမ်းမျိုးလား…

သို့သော်လည်း ချဲယုံချန်းမှာ ထိုအရာကို လုံးဝ ဂရုမစိုက်ဘဲ အလွန်ပင် ရိုင်းစိုင်းစွာဖြင့် အော်ဟစ်နေသည်။

“လျော်ကြေးပေး၊ လျော်ကြေးပေး၊ မင်းတို့ သေချာပေါက် လျော်ကြေးပေးရမယ်။ မင်းတို့ကြောင့် ငါတို့ အဝတ်အစားတွေ ပျက်စီးကုန်တာ၊ သေချာပေါက် လျော်ကြေးပေးရမယ်။ ပြီးတော့ ဆေးဖိုးလည်း ပေးရမယ်...”

အော်... ဒီလောက် ဆူညံပွက်လောရိုက်နေကြတာက ပိုက်ဆံအတွက်ကိုး…

“မင်းတို့ အိပ်မက်မက်နေလိုက်။ ငါ ပြောပြီးပြီ ငါတို့မဟုတ်ဘူးလို့။ မင်းတို့မှာ သက်သေရှိရင် ရဲစခန်းကိုသွားပြီး လူကို ဖမ်းခိုင်းလိုက်လေ။ သက်သေမရှိဘဲနဲ့တော့ ငါတို့ကို လာပြီး မတရားမစွပ်စွဲနဲ့။ မင်းတို့တစ်မိသားစုလုံး ဒီနေ့ ငါတို့ကို လာပြီး ဝိုင်းအနိုင်ကျင့်နေကြတာပေါ့လေ။ ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ မထင်နဲ့။ မင်းတို့ စောင့်နေလိုက်... ငါ ရဲစခန်းကို သွားတိုင်တဲ့အထိ စောင့်နေလိုက်... အကုန်လုံးကို ဖမ်းခိုင်းပစ်မယ်။ မင်းတို့အကုန်လုံးကို ထောင်ထဲ ထည့်ပစ်မယ်၊ ဘယ်တော့မှ ပြန်ထွက်မလာစေရဘူး... မင်းတို့က ကိုယ့်ကိုယ်ကိုယ် အဆက်အသွယ်ရှိတဲ့ မိသားစုကြီးလို့ ထင်နေတုန်းလား။ ငါ ပြောလိုက်မယ်... မင်းတို့က ဘာကောင်မှ မဟုတ်ဘူး... ကျန်းယုံဟုန်က မင်းတို့ကို မလိုချင်တော့ဘူး မဟုတ်လား၊ ငါက မင်းတို့ကို

ကြောက်နေရဦးမလား။ မင်းတို့က တကယ့် ကပ်ပါးကောင်တွေပဲ။ အခု ကျန်းယုံဟုန် မရှိတော့တာနဲ့... လာပြီး ပိုက်ဆံညှစ်ဖို့ ကြိုးစားနေတာပေါ့လေ။ ငါက မင်းတို့ကို မျက်နှာသာပေးနေဦးမယ် ထင်လား...”

“အား... အမှိုက်ကောင်..”

ချဲယုံဖုန်းသည် ဘယ်လိုမှ သည်းမခံနိုင်တော့ကာ အရှေ့သို့ ပြေးဝင်သွားခဲ့သည်။

ခဏချင်းအတွင်းမှာပင် သူတို့မှာ ကြမ်းပြင်ပေါ်တွင် လှိမ့်လျက် ရုန်းရင်းဆန်ခတ် ဖြစ်ကာ ဆူညံစွာ သတ်ပုတ်နေကြတော့၏။

“ကျန်းယုံဟုန်က ဘာဖြစ်လို့ ကွာရှင်းသွားလဲ မဆန်းတော့ပါဘူး၊ အဘွားအိုကိုယ်တိုင်တောင် မင်းတို့ကို ဘာမှအသုံးမကျဘူးလို့ ထင်နေတာပဲ... ရုပ်လေးက သန့်သန့်ပြန့်ပြန့်နဲ့... ဘာမှ အသုံးမဝင်တဲ့ကောင်တွေ။”

ဝမ်ကျန့်ကော်သည် ရင်ထဲ၌ အလွန်ပင် နာကျည်းနေခဲ့သဖြင့် ချဲယုံဖုန်းကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ် ပေါ်ပေါက်နေခဲ့သည်။

ချဲယုံဖုန်းမှာလည်း

“ဒီမေနိုး... မင်းက ဘာတွေကို ဂုဏ်ယူနေတာလဲ။ ရုပ်ကလည်း ဆိုး၊ အင်အားကလည်းမရှိနဲ့... မင်းမှာ ဘာက ကောင်းနေလို့လဲ။ အဘွားကြီးက လူရွေးတဲ့အချိန်တုန်းက မင်းကို လုံးဝ ထည့်တောင်မစဉ်းစားခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦး... အဘွားကြီးတောင် မင်းကို ရွံရှာနေတာ... မင့်မိန်းမက အခွင့်ကောင်းယူပြီး မင်းကို ကွာရှင်းသွားတာ မဆန်းတော့ပါဘူး... သူက မင်းကို ပစ်ချင်နေတာ ကြာလှပြီ... မင်းတို့မှာ သားမရတာကလည်း အကုန်လုံး မင်းအပြစ်ပဲ...”

ချဲယုံဖုန်း ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်သည်။

နင်က ငါ့ကို တစ်ချက်ထိုး... ငါက နင့်ကို တစ်ချက်ပြန်ထိုးဖြင့် အပြန်အလှန် လျှို့ဝှက်ချက်များကို ဖော်ထုတ်နေကြတော့၏။

ချန်ချင်းယွီနှင့် ဘေးမှ ပွဲကြည့်ပရိသတ်များမှာမူ အားလုံး ဆွံ့အမှင်သက်ကုန်ကြရသည်။

နင့်မေကလွှားပဲ… ဒီလိုမျိုး စကားတွေကို လူပုံအလယ်မှာ ဒီအတိုင်း လျှောက်ပြောကြတယ်လား…အမယ်လေး…

ချန်ချင်းယွီသည် ရေရွတ်မိသည့် ပုံစံဖြင့်

“သူတို့တွေ တကယ့်ကို ဆဲနိုင်တာပဲ...”

All Chapters