အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉) ခွေးချင်းကိုက်
ချန်ချင်းယွီသည် မနေ့ည၌ ထိုညီအစ်ကိုနှစ်ယောက်အား ကန်ကျောက်ခဲ့သူမှာ မိမိဖြစ်ပါလျက်နှင့် ၎င်းတို့မှာ ဝမ်ကျန့်ကော် ပြုလုပ်သည်ဟု တထစ်ချမှတ်ယူထားကြလိမ့်မည်ဟူ၍ လုံးဝတွေးမထားမိခဲ့ပေ။
သူမ ဝမ်ကျန့်ကော်အား အသေအချာ အကဲခတ်ကြည့်ရှုမိပြီး ၎င်း၏ကျောပေါ်တွင် မည်းနက်လှသော အပြစ်ဖို့ခံရခြင်းအိုးကြီးတစ်လုံးကို အကြီးအကျယ်ပိုးထားရသည်ကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရသည်။
ဤအချိန်တွင် လူအနည်းငယ်မှာ အုန်းအုန်းဒိုင်းဒိုင်းနှင့် အပြင်းအထန် လုံးထွေးသတ်ပုတ်နေကြပြီဖြစ်သော်လည်း ပညာရှင်မျက်စိဖြင့် ကြည့်ရမည်ဆိုလျှင် ၎င်းတို့၏ ရန်ပွဲအဆင့်အတန်းမှာ အတော်ပင် ညံ့ဖျင်းလှ၏။ ဟိုတစ်ချက် သည်တစ်ချက်နှင့် လူအုပ်ကြီးမှာ ရှုပ်ထွေးဆူညံနေတော့သည်။
အမျိုးသားချင်းပွဲ၌ကော အမျိုးသမီးချင်းပွဲ၌ပါ နှစ်ယောက်တစ်ယောက် ဖြစ်နေသဖြင့် နစ်နာသူမှာ ဝမ်ကျန့်ကော် သားအမိနှစ်ယောက်သာ ဖြစ်နေ၏။
ဝမ်ကျန့်ကော် အော်ဟစ်ကာ
“မင်းတို့ကောင်တွေ... ငါ့ကို အိမ်ထဲအထိ ဝင်အနိုင်ကျင့်တာ လွန်လွန်းတယ်၊ တကယ့်ကို လွန်လွန်းတယ်”
“မင်း မနေ့ညက ငါတို့ကို အိမ်သာထဲ ကန်ချတုန်းကကျတော့ မလွန်ဘူးလား။ ငါတို့ ဘယ်လောက်တောင် အရှက်ကွဲခဲ့ရလဲ မင်းသိလား။ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲ မင်းသိလား။ အဲဒီအတွက်နဲ့ ဒဏ်ငွေတောင် ဆောင်လိုက်ရတယ်ဆိုတာ မင်းသိလား”
ချဲယုံဖုန်းကလည်း မခံမရပ်နိုင်ဖြစ်စွာ ပြော၏။ မိမိတို့မှာ ဘေးသင့်ရသူများဖြစ်ပါလျက်နှင့် အပြစ်ပြန်ဖို့ခံနေရသဖြင့် အလွန် မကျေမချမ်း ဖြစ်နေကြသည်။
မခံမရပ်နိုင်ဖြစ်နေရသည်အတွက် ဝမ်ကျန့်ကော်ထံတွင် အကြွေးဆပ်ခိုင်းရမည်မှာ သဘာဝကျပေသည်။
ချဲယုံချန် : “လျော်ကြေးပေး။ မင်း လျော်ကြေးမပေးဘဲ နေမယ်မစဉ်းစားနဲ့”
“ဒါက ဓားပြတိုက်တာပဲ။ မင်းတို့ကို ငါကြောက်မယ်မှတ်လို့လား။ ငါ တကယ် ဘာမှမလုပ်ခဲ့ဘူး”
ဝမ်ကျန့်ကော် ဒေါသအလိပ်လိပ်ထွက်လျက် ဒေါသတကြီး ဆဲရေးတိုင်းထွာတော့သည်။
“ငါ မင်းတို့ကို တိုင်မယ်၊ ရဲစခန်ရဆီ အပြတ်တိုင်မှာ။ တရားဥပဒေဆိုတာ မရှိတော့ဘူးလား။ မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေမှတ်နေလဲ”
ဝမ်ကျန့်ကော်၏တစ်ကိုယ်လုံးတွင် စိတ်ပျက်အားငယ်ရိပ်များ လွှမ်းမိုးနေသည်။ သူသည် နှစ်ပေါင်းများစွာ အဆင်ပြေချောမွေ့ခဲ့သူဖြစ်ရာ ယခုကဲ့သို့ ကြီးမားသော မတရားမှုကို ခံရဖူးခဲလှ၏။ ယခင်တစ်ကြိမ် နယ်မြေခြားတွင် လူလိမ်ဂိုဏ်းနှင့်တိုး၍ ဒုက္ခကြီးစွာ ရောက်ခဲ့ဖူးသော်လည်း ထိုစဉ်၌ အရပ်တစ်ပါးဖြစ်၍ ကူရာကယ်ရာမဲ့ ဖြစ်ခဲ့သည်။ ယခုမူ မိမိအိမ်တံခါးဝရှေ့တွင်ပင် အနိုင်ကျင့်ခံရမည်ဆိုပါက သူ ဆက်လက်နေထိုင်ရန် မလိုတော့ပေ။ နောင်တွင်လည်း ဤရပ်ကွက်အတွင်း မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။ မူလ၌ပင် ဤကာလသည် သူ၏ဘဝအနိမ့်ဆုံးအချိန်ဖြစ်ရာ ယခုတစ်ကြိမ်တွင်ပါ ထပ်မံနင်းခြေခံရမည်ဆိုလျှင် လူတို့၏ အထင်သေးခြင်းကို ပို၍ပင် ခံရတော့မည်ဖြစ်သည်။
“အစွမ်းရှိရင် ငါ့ကို သတ်ပစ်လိုက်။ မဟုတ်ရင်တော့ ငါ မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။ မင်းတို့တွေ သိပ်ရမ်းကားလွန်းနေပြီ၊ ငါ ဝမ်ကျန့်ကော်ကလည်း အနိုင်ကျင့်ရလွယ်တဲ့ကောင် မဟုတ်ဘူး”
ဝမ်ကျန့်ကော် အေးစက်စက် ပြောလိုက်၏။
“မင်းက ပြောရဲသေးတယ်ပေါ့”
ချဲယုံချန်းသည် ဒေါသခြောင်းခြောင်းထွက်လျက် ပါးကို ဖြန်းဖြန်းမြည်အောင် ရိုက်နှက်တော့သည်။ လူပိုများလာလေ မိမိကိုယ်ကိုယ် ထင်ပေါ်ကျော်ကြားသည်ဟု ခံစားရလေဖြစ်ကာ မောက်မာဝံ့ကြွားနေပြီး ခေါင်းကိုမော့ကာ အလွန်ဂုဏ်ယူနေတော့သည်။ သူသည် သာမန်လူမဟုတ်ကြောင်း ပြသလိုပုံရ၏။
တွေ့လား၊ ယောက်ျားဆိုတာ ချနိုင်ရတယ်...
“ငါ မင်းကို ရိုက်သတ်မယ်။ မင်းက ငါ့ကို အော်ရဲသေးတယ်ပေါ့။ မင်းက ဘာကောင်မို့လို့လဲ။ ငါ မင်းကို ရိုက်သတ်မယ်၊ ရိုက်သတ်ပစ်မယ်”
ချဲယုံချန်းတစ်ယောက် လူမြင်ကွင်းတွင် ပို၍ရူးသွပ်လာကာ ဝမ်ကျန့်ကော်အား မြေပြင်ပေါ်သို့ ဖိနှိပ်ထားလိုက်၏။ ထို့ပြင် ချဲယုံချန်း ခြေထောက်ဖြင့် ဝမ်ကျန့်ကော်၏ခေါင်းကို နင်းခြေထားရာ ဝမ်ကျန့်ကော်ခမျာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရရှာသည်။
“ဟယ်”
လူအုပ်ကြီး ၎င်းကို မြင်တွေ့သောအခါ လန့်ဖျန့်သွားပြီး
“မင်းတို့ ဘာလုပ်နေကြတာလဲ၊ မချကြနဲ့တော့၊ မြန်မြန်ရပ်ကြပါတော့၊ လူသေကုန်တော့မယ်”
“ဟုတ်ပ၊ မင်း ဘာတွေရူးနေတာလဲ”
ရန်ပွဲများကို လူတိုင်း မြင်တွေ့ဖူးကြသော်လည်း ယခုကဲ့သို့အခြေအနေမျိုးကိုမူ လက်မခံနိုင်ကြသဖြင့် တစ်ယောက်တစ်ပေါက် ဖျန်ဖြေကြသော်လည်း မည်သူမျှ ရှေ့သို့တိုး၍ လူချင်းမခွဲရဲကြပေ။ ချဲယုံချန်း၏ အရိုင်းအစိုင်းပုံစံကို မည်သူ မကြောက်ဘဲ နေမည်နည်း။ ချန်ချင်းယွီ လူအုပ်ထဲတွင် ရပ်နေရင်း ချဲယုံချန်းအားတစ်လှည့်၊ ဝမ်ကျန့်ကော်အားတစ်လှည့် ကြည့်နေမိ၏။
အိုးဟိုး…ချဲမိသားစု ညီအစ်ကိုတွေတော့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲလို့ ငါ ခံစားနေရတယ်…
ဝမ်ကျန့်ကော် : “ရဲတိုင်ပေးကြပါ၊ မြန်မြန် ရဲတိုင်ပေးကြပါ။ ဘယ်သူ ငါ့အတွက် ရဲသွားတိုင်ပေးမလဲ၊ ငါ တစ်ယွမ်ပေးမယ်”
သူခမျာ အော်ဟစ်အကူအညီတောင်းနေရှာသည်။
“ငါ သွားမယ်”
“ငါလည်း သွားမယ်”
ကြီးမားသောဆုလာဘ်အောက်တွင် ရဲရင့်သူများ ပေါ်ထွက်လာစမြဲဖြစ်ရာ လူအချို့မှာ ဝှစ်ခနဲ ပြေးထွက်သွားကြတော့သည်။
“ဘယ်သူသွားရဲလဲ”
ချဲယုံချန်း မောက်မာစွာ အော်ဟစ်လိုက်သည်။
သို့သော်လည်း မည်သူ သူ၏စကားကို နားထောင်မည်နည်း။
အခြားသူများ ရှေ့သို့တိုး၍ လူချင်းခွဲရန် ကြိုးစားကြသော်လည်း လူဆွဲလေ ချဲယုံချန်း ပို၍ရူးသွပ်လေဖြစ်ကာ
“ဖယ်ကြစမ်း။ မင်းတို့က သူ့ကို ကူညီမလို့လား။ မင်းတို့နဲ့ ဘာဆိုင်လဲ။ အကုန် ဘေးဖယ်နေကြစမ်း။ မဆိုင်တဲ့ကိစ္စထဲ ဝင်မပါနဲ့။ ငါ ချဲယုံချန်းက ဘာကောင်လဲဆိုတာ မင်းတို့ စုံစမ်းကြည့်လိုက်ဦး”
“မင်းတို့ တရားလွန်လှချည်လား၊ တရားလွန်လှချည်လား။ ငါ့သားကို လွှတ်စမ်း...”
အဘွားကြီးဝမ်သည် ရှေ့သို့ အတင်းတိုးဝင်ရာ အဘွားကြီးချဲမှာ လက်မောင်းကို ဝိုင်းလိုက်ပြီး ဖြန်းခနဲ ရိုက်ချလိုက်သည်။
“အား”
လူတိုင်းမှာ ချဲယုံဖုန်းနှင့် ချဲယုံချန်းတို့ကို ယောကျာ်းသားများဖြစ်၍ ကြောက်ရွံ့သဖြင့် သွားရောက်မဆွဲရဲကြသော်လည်း ဤဘက်ရှိ အမျိုးသမီးများကိုမူ ဆွဲရဲကြသဖြင့် ပိုင်ဖုန်းရှန်းဦးဆောင်သော အဘွားကြီးဟွမ်နှင့် ရှီကျန့်ရှန်းတို့အုပ်စုသည် ရှေ့သို့တိုးကာ ချဲမိသားစု ယောက္ခမနှင့် ချွေးမကို တွန်းဖယ်လိုက်ကြသည်။
“နင်တို့လည်း လွန်လွန်းတယ်။ ငါတို့ အိမ်ရာဝင်းထဲအထိ လာရမ်းကားနေရလား။ ဝမ်ကျန့်ကော်က နင်တို့ကို ဒုက္ခပေးတယ်ဆိုရင် အထောက်အထားရှိလား။ ရဲကို တိုင်လေ။ နင်တို့ ဒီကိုလာပြီး အနိုင်ကျင့်နေတာ တော်တော်လေး လွန်မနေဘူးလား”
“ဟုတ်ပ၊ လူကို ဘယ်လောက်တောင် ရိုက်နှက်ထားလဲ ကြည့်ဦး”
အဘွားကြီးဝမ်သည် လူအုပ်ကြီး၏ ဆွဲခေါ်မှုကြောင့် လူအုပ်အစွန်းသို့ ရောက်ရှိသွားကာ သက်ပြင်းချနိုင်ခဲ့၏။
သို့သော်လည်း မကြာမီမှာပင် သူမ ထပ်မံအော်ဟစ်ကာ
“ငါ့သားကို မြန်မြန်သွားကယ်ကြဦး၊ သူတို့တွေကို မြန်မြန်ဆွဲထုတ်ပေးကြပါ၊ ငါ့သားကို ဆွဲထုတ်ပေးကြပါ။ ငါ့သား တစ်ခုခုဖြစ်ရင် ငါ နင်တို့နဲ့ အပြတ်ရှင်းမှာ”
အဘွားကြီးများ : “......”
ချန်ချင်းယွီ : “……”
တကယ့်ကိုပဲ... လူအမျိုးမျိုး ရှိပါလား…အံ့ဩမကုန်ရပါလားရှင်။
“ငါတို့က ယောကျာ်းတွေကို မနိုင်ဘူးအေ”
“ဟုတ်ပ၊ နင့်ကို ဆွဲထုတ်ပေးနိုင်တာတင် အတော်ဟုတ်နေပြီ”
အိမ်ရာဝင်း၏ ဂုဏ်သိက္ခာအတွက်သာ မဟုတ်လျှင် မည်သူက ဤကိစ္စကို ဝင်ပါမည်နည်း။
သို့သော်လည်း အဘွားကြီးဝမ်မှာ အကျိုးအကြောင်းကို မသိတတ်ကာ
အော်ဟစ်မြည်တမ်းနေတော့သည်။
“နင်တို့ ဘာလို့ ဒီလိုပြောရတာလဲ။ ဒဏ်ရာနည်းနည်းရရုံနဲ့ ဘာဖြစ်မှာမို့လို့လဲ၊ သေမှမသေနိုင်တာ။ ငါ့သားကို မြန်မြန်ကူညီကြပါဦး။ မြန်မြန်လုပ်ကြပါ။ နင်တို့လူတွေ ဘာလို့ ဒီလောက်တောင် ကိုယ်ကျိုးမစွန့်ကြတာလဲ။ သားကြီးရေ... မြန်မြန်လုပ်ကြပါဦး။ နင်တို့ ဘာလို့ နည်းနည်းလေးတောင် မကြင်နာကြတာလဲ။ နှစ်ပေါင်းများစွာ အိမ်နီးနားချင်းဖြစ်ခဲ့တာကို နင်တို့က ငါတို့အိမ်က ကျန့်ကော် အရိုက်ခံနေရတာကို ဒီအတိုင်း ကြည့်နေတော့မှာလား။ မြန်မြန်လုပ်ကြပါဦး”
ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လျက် သရော်ပြုံး ပြုံးလိုက်မိ၏။
ပိုင်ဖုန်းရှန်း : “နင် ဘာစကားပြောတာလဲ။ ငါက ဒီအရွယ်ကြီးရှိနေပြီ၊ တွန်းထိုးရိုက်နှက်ခံရလို့ တစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုလုပ်မလဲ”
“ဟုတ်ပ၊ ဒီအဘွားကြီးက တကယ့်ကို လူမဆန်ဘူးပဲ။ ငါတို့က နင့်ကို ကူညီတာကို နင်က ငါတို့ကို ကိုယ်ကျိုးမစွန့်ဘူး၊ မကြင်နာဘူးလို့ ပြောသေးတယ်။ နင့်ကို ကူညီမိတာ မှားတာပဲ၊ တကယ့်ကို ကျေးဇူးမသိတတ်တဲ့ အဘွားကြီး။ စောစောက ငါတို့ စိတ်ရူးပေါက်လို့ နင့်ကို ကူညီမိတာ၊ အဲဒီအဘွားကြီး ရိုက်သတ်တာကိုပဲ လွှတ်ထားလိုက်ရမှာ၊ အသေခံရမှာ”
အဘွားကြီးဟွမ်သည် ဒေါသတကြီး ဖြစ်သွားသည်။ သူမသည် ဆယ်ခါတစ်ခါ ခဲရာခဲဆစ် လူကောင်းလုပ်မိကာမှ အဆဲခံရသဖြင့် မခံမရပ်နိုင် ဖြစ်သွားရရှာ၏။
“နင်က ဘာကောင်မမို့လို့လဲဆိုတာ နင်ကိုယ်နင် ပြန်ကြည့်ဦး”
အဘွားကြီးဝမ် : “နင်တို့... နင်တို့ တကယ်ပဲ အကြင်နာမဲ့လွန်းတယ်...”
“နင် ပါးစပ်ပိတ်ထားစမ်း၊ ကျေးဇူးကန်းတဲ့ ကောင်မကြီး”
ရှီကျန့်ရှန်းမှာလည်း လွယ်လွယ်နှင့် အလျှော့ပေးမည့်သူ မဟုတ်ပေ။
“နင့်ကို ကယ်မိတာ တကယ့်ကို စောက်ပိုပဲ”
သူမ စက်ဆုပ်ရွံရှာစွာ ပြောလိုက်သည်။
အဘွားကြီးဝမ်မှာ အခြေအနေကို နားမလည်ဘဲ ရှိနေစဉ် ချဲမိသားစုမှ အဘွားကြီးသည် တဟားဟား ရယ်မောလျက်
“တွေ့လား တွေ့လား၊ နင်တို့က ကျေးဇူးကန်းတဲ့ကောင်မကို ကူညီမိတာ။ ငါ ပြောသားပဲ သူက လူကောင်းမဟုတ်ပါဘူးလို့။ နင်တို့က မဆိုင်တဲ့ကိစ္စ ဝင်ပါလို့ ခွေးက ကြွက်ဖမ်းသလို ဖြစ်ပြီး အကိုက်ခံရတာလေ။ တစ်ယောက်ချင်းစီက မျက်နှာကြီးတွေနဲ့ ဦးနှောက်မရှိတဲ့အကောင်မတွေ၊ ဘာကောင်မတွေလဲ မသိဘူး...”
“နင် ပါးစပ်ပိတ်ထားစမ်း၊ ဒါ ငါတို့ အိမ်ရာဝင်းဟဲ့… နင်က လာပြီး ဝံ့ကြွားနေသေးတယ်။ နင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်မမှတ်နေလဲ”
“ငါက နာမည်လည်းမပြောင်းဘူး၊ မျိုးရိုးလည်းမလဲဘူး၊ ငါက...”
“ဘာတွေဖြစ်နေတာလဲ”
ရဲတပ်ဖွဲ့ဝင်များသည် လျင်မြန်စွာ ရောက်ရှိလာကြသည်။ သူတို့သည် အိမ်ရာဝင်းကြီး၏ တံခါးဝသို့ ရောက်သောအခါ တံခါးနံပါတ်ကို ကြည့်ကာ သက်ပြင်းချမိကြ၏။
သောက်ကျိုးနည်းအောင်ပါပဲ… ခင်များတို့ပဲလား… ခင်များတို့ထပ်ဖြစ်ပြန်ပြီလား… မပြီးတော့ဘူးလားဗျာ။
ဤအိမ်ရာဝင်းသည် ကိစ္စအတော်ပင် များလှသည်။ သူတို့ ဤနေရာသို့ လာရလွန်း၍ မြို့တံခါးဝသို့ ဝင်ထွက်နေရသကဲ့သို့ပင် ဖြစ်နေ၏။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်နှင့် လစဉ် ကိစ္စတစ်ခုခု ရှိနေတတ်ပြီး လတ်တလော၌ ပို၍ပင် များပြားလာသည်။
ဦးဆောင်လာသော ရဲအရာရှိသည် နားထင်ကို နှိပ်လျက် တံခါးအတွင်းသို့ ဝင်လာကာ
“မင်းတို့ ဘာလုပ်နေကြတာလဲ။ ဘယ်သူ ရဲတိုင်တာလဲ”
ရဲအရာရှိသည် လူရိုက်နေသူကို ကြည့်လိုက်ရာ...
အို၊ မင်းတို့ပဲ ပြန်ဖြစ်ပြန်ပြီ...
မနေ့ည၌ သူ ဂျူတီချိန်းတာဝန်ကျစဉ်တွင်လည်း ထိုသူများ အိမ်သာကျင်းထဲ ပြုတ်ကျသည့်ကိစ္စကို သွားရောက်ဖြေရှင်းပေးခဲ့ရပြီး၊ ထို့နောက် သရဲခြောက်သည့်ကိစ္စကိုပါ ဆက်လက်ဖြေရှင်းခဲ့ရသည်။ ယနေ့တွင်လည်း မနားရဘဲ မနက်ခင်းမှစ၍ ယခုအချိန်အထိ အလုပ်ရှုပ်နေရကာ ရေတစ်ငုံသောက်ရန် ထိုင်ကာမှ ရဲတိုင်ချက် ထပ်မံရောက်ရှိလာပြန်၏။
အင်း...
ခေါင်းကိုက်လိုက်တာ… ခဏလောက်အနားပေးကြပါဦးလားဗျာ…
မိမိတို့၏ အလုပ်အကိုင်အရ မည်သည့်ကိစ္စမျှ မရှိခြင်းကို အလိုချင်ဆုံး ဖြစ်သည်။ ရဲအလုပ်ဟူသည် အလုပ်များလေလေ၊ ကောင်းသောကိစ္စမဟုတ်လေလေ ဖြစ်နေ၍ မည်သူမှ အလုပ်မများချင်ပေ။
ရဲအရာရှိသည် ဦးဆောင်လာသူကို မြင်လိုက်ရုံနှင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး
“မင်းတို့က ဘယ်လိုဖြစ်ရတာလဲ။ ဒီမနက်တင် ရဲစခန်းကို လာခဲ့သေးတယ်၊ ညနေကျတော့ ဆူပူသောင်းကျန်းနေပြန်ပြီပေါ့”
အဘွားကြီးဝမ်သည် ရဲများ ရောက်ရှိလာသည်ကို မြင်သောအခါ အားကိုးရာရသွားသဖြင့် အော်ဟစ်ငိုယိုလျက်
“ရဲအရာရှိမင်းတို့ရေ... မြန်မြန် ကယ်ကြပါဦးရှင်။ တရားဥပဒေဆိုတာ မရှိတော့ဘူးလား၊ ခေတ်သစ်လူ့အဖွဲ့အစည်းက ဒီလောက်ကောင်းတာကို ဘာလို့ ဓားပြတွေ၊ လူမိုက်တွေ ရှိနေရသေးတာလဲ။ ဒီတစ်မိသားစုလုံး အိမ်ပေါ်အထိ တက်ရိုက်ကြတယ်၊ ငါ့သားကို မတရားအပြစ်ပုံချပြီး ပိုက်ဆံညှစ်ချင်နေကြတာ။ သူတို့တွေက လူကောင်းတွေ မဟုတ်ဘူး”
သူမ ဆက်လက်၍ အငြိုးတကြီး အော်ဟစ်ပြန်၏။
“ကြည့်ပါဦး... ငါ့သားကို သွေးအန်တဲ့အထိ ရိုက်ထားတာ။ သူတို့ကို ဖမ်းပါ၊ အကုန်လုံးကို ဖမ်းပစ်ပါ၊ တစ်သက်လုံး ထောင်ထဲမှာ ပိတ်ထားပြီး အနောက်မြောက်ပိုင်းကို ပို့ပြီး ပြုပြင်ရေးလုပ်ခိုင်း၊ သဲကန္တာရထဲမှာ သစ်ပင်စိုက်ခိုင်းပစ်ပါ။ သူတို့တွေက အသိတရားမရှိတဲ့ ဓားပြတွေ၊ လူမိုက်တွေ”
ရဲအရာရှိ : “အဘွား... အရင်ဆုံး မငိုပါနဲ့ဦး၊ ဘယ်သူ ရဲတိုင်တာလဲ။ အဘွားလား”
“ကျွန်တော် တိုင်တာ”
ဝမ်ကျန့်ကော် အသံကျယ်ကြီးဖြင့်
“ကျွန်တော် ရဲတိုင်တာ၊ သူတို့ကို တရားစွဲပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခိုင်းမယ်။ အမေပြောတာ မှန်တယ်၊ သူတို့က အိမ်အထိ လာသောင်းကျန်းတာ၊ တကယ့်ကို အနိုင်ကျင့်လွန်းတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုလူမိုက်တွေ ရှိနေတာ တရားဥပဒေကော ရှိသေးရဲ့လား”
“မင်း လျှောက်မပြောနဲ့။ မင်း ငါတို့ကို အိမ်သာကျင်းထဲ ကန်ချတာ၊ ငါတို့ မင်းဆီ လာရှာတာ ဘာမှားလို့လဲ”
“မင်းတို့ကမှ လျှောက်ပြောနေတာ၊ ငါ မလုပ်ဘူး။ မင်းတို့က ဒီကိစ္စကို သုံးပြီး ငါ့ကို မတရားစွပ်စွဲပြီး ပိုက်ဆံညှစ်ချင်နေတာ။ ပါးစပ်ဖွင့်ရင် လျော်ကြေး၊ ပိတ်ရင် လျော်ကြေးနဲ့၊ အားလုံးက ပိုက်ဆံအတွက်ပဲ မဟုတ်လား။ မင်းတို့တွေက လူယုတ်မာတွေ”
“တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ”
ရဲအရာရှိ မျက်မှောင်ကုတ်လျက် ချဲမိသားစု ညီအစ်ကိုကို ကြည့်ကာ
“မနေ့ညက မင်းတို့ ဒီလိုမပြောခဲ့ပါဘူး”
“အဲဒါက...”
“ရဲအရာရှိမင်း... မနေ့ညက ကျွန်တော်တို့ သေချာမသိသေးလို့ပါ၊ ဒါပေမဲ့ အခုတော့ သေချာသွားပြီ။ သူပဲ၊ ဝမ်ကျန့်ကော်ပဲ ကျွန်တော်တို့ကို ဒုက္ခပေးတာ။ မယုံရင် သူ့ကို မေးကြည့်လေ၊ မနေ့ညက ဘာသွားလုပ်လဲဆိုတာ သူ သေချာမပြောနိုင်ဘူး။ သူ မနေ့ညက အိမ်ပြန်နောက်ကျတယ်ဆိုတာလည်း ကျွန်တော်တို့ စုံစမ်းပြီးပြီ။ သူပဲ၊ သူပဲဗျာ။ ကျွန်တော်တို့ကြားမှာ ရန်ငြိုးရှိလို့ သူ ကျွန်တော်တို့ကို ကလဲ့စားချေတာ”
ညီအစ်ကိုနှစ်ယောက်မှာ အလွန်ခေါင်းမာလှပြီး ဝမ်ကျန့်ကော် သူတို့အား ကလဲ့စားချေခြင်းဖြစ်သည်ဟု တထစ်ချ မှတ်ယူထားကြသည်။
အမှန်စင်စစ် သူတို့၏ စိတ်ထဲတွင် ဝမ်ကျန့်ကော်သည် မိမိတို့အား မုန်းတီးနေလိမ့်မည်ဟု ခံစားနေရခြင်းမှာ ကွမ်ကျိုးခရီးစဉ်ကြောင့်လည်းပါ၏။ ထိုစဉ်၌ သူတို့ကိုယ်တိုင် တရားမဝင်တည်းခိုခန်း၌ တည်းခိုရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ထိုသို့တည်းခိုခဲ့၍သာ နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ လူလိမ်များကို ဖမ်းဆီးရမိခဲ့သော်လည်း ဝမ်ကျန့်ကော် လိမ်လည်ခံရသော ငွေများကိုမူ ပြန်မရသေးကာ စီစဉ်ဆောင်ရွက်ဆဲသာ ရှိသေး၏။
ထို့ပြင် ပြန်ရောက်လာပြီးနောက် ကိစ္စအဝဝ ပေါက်ကြားသွားရခြင်းမှာလည်း ချဲယုံချန်း၏ နှုတ်သရမ်းမှုကြောင့် ဖြစ်သည်။
သူတို့သည် ဝမ်ကျန့်ကော်မှ ကွမ်ကျိုးသို့ သွားရန် လှည့်စားခဲ့သည်ဟု နာကျည်းနေကြသကဲ့သို့ ဝမ်ကျန့်ကော်မှာလည်း မိမိတို့ကြောင့် အရာရာ ပေါက်ကြားသွားရသဖြင့် နာကျည်းနေလိမ့်မည်ဟု တွေးတောနေကြ၏။
သူတို့သည် မိမိတို့တွင် အပြစ်ရှိသည်ဟု မထင်မှတ်ကြသော်လည်း ဝမ်ကျန့်ကော်သည် ဤကိစ္စကြောင့် မိမိတို့အပေါ် မုန်းတီးနေမည်ဟု စိတ်ထဲ၌ ထင်နေကြသည်။ ထို့ကြောင့် အိမ်သာကျင်းထဲ ပြုတ်ကျသည့်ကိစ္စ ဖြစ်ပွားသည်နှင့် ဝမ်ကျန့်ကော်ကို ချက်ချင်း ပြေးမြင်ကြခြင်း ဖြစ်၏။
ချဲယုံဖုန်းသည် ဒဏ်ရာအပြင်းအထန် ရထားသော ဝမ်ကျန့်ကော်ကို ငုံ့ကြည့်လိုက်ရာ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ချဲယုံဖုန်းသည် ချဲယုံချန်းကဲ့သို့ ဦးနှောက်မရှိသူ မဟုတ်ပေ။
သူသည် ချက်ချင်းပင် အခြေအနေကို သုံးသပ်လိုက်၏။
“မင်းက ဝန်မခံရဲသေးဘူးပေါ့၊ မင်းက အယုတ်မာဆုံးပဲ။ ရဲအရာရှိမင်း... သူ့ကို ကြည့်လိုက်ဦး၊ မျက်ခုံးထူထူ မျက်လုံးဝိုင်းကြီးနဲ့ လူကောင်းပုံပေါက်နေပေမဲ့ သူက လူကောင်းမဟုတ်ဘူး။ ဟန်ဆောင်ရာမှာ အတော်ဆုံးပဲ၊ အစတုန်းက ကျွန်တော်တို့ သူ့နောက်လိုက်ပြီး ကွမ်ကျိုးကို သွားခဲ့တာလည်း သူ ဖြားယောင်းလို့ပဲ။ ကျွန်တော်တို့က မှောင်ခိုကုန်ကူးတဲ့ အလုပ်မျိုးကို မလုပ်ချင်ပါဘူး၊ ဒါက သိက္ခာကျတဲ့အလုပ်ပဲလေ။ ကျွန်တော်တို့က မြို့ပြန်လူငယ်တွေလို အလုပ်မရှိတာမှ မဟုတ်တာ၊ ကျွန်တော်တို့မှာ ကိုယ်ပိုင်အလုပ်ရှိရက်နဲ့ မှောင်ခိုလုပ်ငန်းကို ဘယ်လုပ်မလဲ။ သူပဲ... အားလုံးက သူပဲဗျာ။ သူက ပြောတယ်၊ ဟိုလူသေ လင်းကျန့်ဝမ်ရဲ့ မိန်းမက ကွမ်ကျိုးကို ကုန်ပစ္စည်းသွားယူမှာမို့လို့ ငါတို့က အခွင့်ကောင်းယူပြီး ကလဲ့စားချေလို့ရတယ်တဲ့။ အစတုန်းက သူတို့အိမ်က ယောက္ခမနဲ့ ချွေးမ ပြဿနာရှာလို့ ကျွန်တော်တို့ အရှက်ကွဲခဲ့ရတယ်လေ၊ အဲဒါကြောင့် သူတို့ကို ပညာနည်းနည်း ပေးသင့်တယ်လို့ ပြောတာ။ တကယ်လို့ ပေကျင်းမှာတင် ပညာပေးရင် လူတိုင်းသိသွားလိမ့်မယ်၊ ကွမ်ကျိူးကျတော့ လူစိမ်းအရပ်ဖြစ်လို့ ငါတို့ ပညာပေးရင်လည်း ဘယ်သူမှ မသိနိုင်ဘူးတဲ့။ ကျွန်တော်တို့လည်း အဲဒီတုန်းက စိတ်လိုက်မာန်ပါဖြစ်ပြီး သူ ဖြားယောင်းတာကို ပါသွားမိတာ။ ကြည့်ကြပါဦး... ကြည့်ကြပါဦး၊ သူတို့အိမ်က လင်းကျန့်ဝမ်ရဲ့ အမေ၊ မိန်းမတို့နဲ့ ဘာရန်ငြိုးမှ မရှိဘဲနဲ့တောင် ဒီလို စီစဉ်တွက်ချက်နိုင်တာ၊ သူက ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်မလဲ။ ကျွန်တော်တို့လည်း ဝေဝေဝါးဝါးနဲ့ လှည့်စားခံရတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တကယ် ဘာမှမလုပ်ခဲ့ပါဘူး။ ရထားပေါ် ရောက်ကတည်းက နောင်တရခဲ့ပေမဲ့ လှေကြုံစီးမိပြီးမှတော့ ဆင်းလို့မရတော့ဘူးလေ၊ လာရက်သားနဲ့တော့ တောင်ပိုင်းဒေသကို သွားကြည့်ရုံပဲလို့ တွေးခဲ့တာ။ တောင်ပိုင်းက ဒီဘက်နဲ့ ဖွံ့ဖြိုးမှုချင်း မတူတော့ သွားပြီး လေ့လာရုံပဲဆိုပြီး နောက်ပိုင်းကိစ္စတွေ ဖြစ်ကုန်တာ။ ကျွန်တော်တို့ လူကို ဒုက္ခမပေးခဲ့ပါဘူး၊ ဒါပေမဲ့ သူကတော့ လူကောင်းမဟုတ်ဘူး၊ အိမ်ရာဝင်းတစ်ခုတည်းက အိမ်နီးနားချင်းဖြစ်ပြီး ဘာရန်ငြိုးမှမရှိဘဲ စီစဉ်တွက်ချက်နိုင်တာပဲ။ ဒါဆို အခု ကျွန်တော်တို့ကို ဒုက္ခပေးတာကော သဘာဝမကျဘူးလား။ သူက သူ့ရဲ့ ယုတ်မာတဲ့ စိတ်ကူးတွေကို ကျွန်တော်တို့က ဖွင့်ပြောမိမှာ ကြောက်လို့ တမင်သက်သက် ပစ်မှတ်ထားတာ။ မနေ့ညက ကျွန်တော်တို့ အိမ်သာကျင်းထဲ ပြုတ်ကျတာလည်း သူ လုပ်တာပဲ”
ချဲယုံဖုန်းသည် တရစပ် ပြောဆိုသွားရာ အမောပင် ဆို့မတတ်ပင်။
ဤစကားများကို ကြားရသောအခါ လူတိုင်း ဆွံ့အသွားကြပြီး တစ်ယောက်တစ်ပေါက်နှင့် ဝမ်ကျန့်ကော်ကို မယုံကြည်နိုင်စွာ ကြည့်မိကြတော့သည်။
လူကို အပြင်ပန်းဖြင့် ဆုံးဖြတ်၍မရသည်မှာ အမှန်ပင်ဖြစ်ရာ ဝမ်ကျန့်ကော်သည် လူကောင်းတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း ကွယ်ရာတွင် ဤမျှအထိ ယုတ်မာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
အဘွားကြီးကျောက်သည် နေ့တိုင်း ရန်ပွဲရှာတတ်သော မိန်းမကြီး ဖြစ်သော်လည်း ၎င်းတို့ နှစ်မိသားစုကြားတွင်မူ ရန်ငြိုးမရှိခဲ့ဖူးပေ။အဘွားကြီးကျောက် အပြင်းအထန်ဆုံး ရန်ဖြစ်ခဲ့သည်မှာ ကျန်းမိသားစုနှင့် ရွှီမိသားစုတို့သာ ဖြစ်ပြီး ၎င်းမှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ၎င်းတို့မိသားစုနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါလျက်နှင့် သူသည် စီစဉ်တွက်ချက်ခဲ့သည်။
“တကယ်ပဲ... တကယ်ပဲ ဖြစ်နေတာပဲ...”
ခေတ္တမျှ မည်သို့ ဖော်ပြရမှန်းမသိ ဖြစ်သွားကြ၏။
“ဒီလိုလုပ်တာတော့ တော်တော်လေး စရိုက်မကောင်းဘူးပဲ။ သူတစ်ပါးက ဘာမှမလုပ်ထားဘဲနဲ့ သူက ဘာလို့ သူစိမ်းတွေကို ဖြားယောင်းပြီး ငါတို့ အိမ်နီးနားချင်းအချင်းချင်းကို ဒုက္ခပေးရတာလဲ။ ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးနားချင်းက ပိုကောင်းတယ်လို့ ပြောကြပေမဲ့ သူ လုပ်တာကတော့ မဟုတ်သေးဘူး”
“သူက စေတနာဆိုးနဲ့ လုပ်တာပဲ”
“ဟုတ်ပ... မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ”
“ဝမ်ကျန့်ကော်ရဲ့ မိန်းမက ဘာလို့ သူ့ကို ကွာရှင်းချင်ရလဲဆိုတာ မဆန်းတော့ပါဘူး၊ ဒီလောက်အကွက်များတာကို ဘယ်သူက ခံနိုင်မှာလဲ။ သူက လူကောင်းမဟုတ်ဘူး”
“ငါ့အမြင်ပြောရရင်တော့ ရှောင်ချန်ကမှ တကယ့်ကို ကံဆိုးတာ၊ သူတစ်ပါးက သူ့ကို အကွက်ချနေတာလေ… ကွမ်ကျိုးမှာ ဝဋ်လည်တာကတော့ တကယ့်ကို ထိုက်တန်တာပဲ၊ ထိုက်တယ်”
လူတိုင်း ချန်ချင်းယွီအား သနားဂရုဏာသက်စွာ ကြည့်ကြရာ ချန်ချင်းယွီသည်လည်း မယုံကြည်နိုင်သည့်ဟန်ဖြင့် သရုပ်ဆောင် အရည်အချင်းကို ပြသလျက် ဝမ်ကျန့်ကော်အား အံ့သြတုန်လှုပ်စွာ ကြည့်ကာ တုန်တုန်ရင်ရင်ဆိုလိုက်၏။
“ဒါတွေက အမှန်ပဲလား။ ဝမ်ကျန့်ကော်... အားလုံးက အိမ်နီးနားချင်းတွေလေ၊ ရှင်က သူတစ်ပါးကို ဖြားယောင်းပြီး ကျွန်မကို ဒုက္ခပေးဖို့ လုပ်တယ်ပေါ့။ ရှင် လူကော ဟုတ်ရဲ့လား”
“သူက လူဆိုရင် ဒီလိုမလုပ်ဘူး၊ သူက အယုတ်မာဆုံးပဲ”
ချဲယုံချန်း ဒေါသတကြီး ပြောလေသည်။
“သူက လူကောင်းပုံစံပေါက်နေပေမဲ့ တကယ်တော့ လုံးဝမဟုတ်ဘူးဆိုတာ မင်းတို့ ကြည့်ထားကြ”
ဝမ်ကျန့်ကော် : “မင်းတို့ လျှောက်ပြောနေတာ၊ ငါ လုံးဝမလုပ်ခဲ့ဘူး”
“မင်း လုပ်ခဲ့တာ၊ မင်း လုပ်ခဲ့တာပဲ။ မင်း တစ်ယောက်တည်း တောင်ပိုင်းကို ရထားစီးသွားဖို့ စိတ်မချလို့၊ လမ်းမှာ တစ်ခုခုဖြစ်မှာ ကြောက်လို့ အဖော်ရှာတာလေ။ ငါတို့ ညီအစ်ကိုကို ခေါ်လို့ ငါတို့က မသွားချင်ဘူးပြောတာကို မင်းက ဖြားယောင်းတာ။ ရဲအရာရှိမင်း... သူ့စကားကို မယုံပါနဲ့။ သူက တကယ့်ကို လူမဆန်တဲ့ကောင်။ သူက အိမ်နီးနားချင်း ချန်ချင်းယွီ ပိုက်ဆံရတာကို သိလို့ သူ့လိုပဲ မှောင်ခိုကုန်ကူးချင်နေတာ။ သူက ငါတို့ကို ခေါ်ပြီး ချန်ချင်းယွီ နောက်ကို ခြေရာခံခိုင်းသေးတယ်၊ ကုန်ပစ္စည်းယူတဲ့နေရာကို ရှာချင်လို့လေ။ ဒါပေမဲ့ ရထားပေါ်က ဆင်းဆင်းချင်း မျက်ခြေပြတ်သွားတာ၊ တကယ့်ကို ယုတ်လည်းယုတ်မာတယ်၊ အသုံးလည်းမကျဘူး။ ငါတို့က သူ့ရဲ့အကြောင်းတွေကို သိနေလို့ သူက ငါတို့ကို အိမ်သာကျင်းထဲ ကန်ချတာ၊ ဒါက လူသတ်ပြီး နှုတ်ပိတ်တာပဲ”
“မင်း လျှောက်မပြောနဲ့”
ဝမ်ကျန့်ကော်သည် ဤလူမိုက်နှစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်း ဤမျှအထိ ကြီးမားလိမ့်မည်ဟု လုံးဝတွေးမထားမိခဲ့ပေ။
“မင်း ဝန်မခံဘဲ နေမလို့လား… ငါတို့ကို လူအတွေများ အောက်မေ့နေလား။ မင်း ငါတို့ကို ဖြားယောင်းတာ၊ မင်းရဲ့ မျက်နှာဖုံး ကွာကျမှာ ကြောက်လို့ ငါတို့ကို အိမ်သာကျင်းထဲ ထည့်ပြီး သတ်မလို့ မဟုတ်လား”
“မင်းတို့လို လူအနှစ်ယောက်က ဘယ်သူ့ကို သွားပြစ်မှားမိလို့ ဒုက္ခရောက်မှန်းမသိဘဲ ငါ့အပေါ် လာပုံချချင်နေတာ၊ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ ငါ အိမ်သာကျင်းထဲမှာ လူသေတယ်လို့ တစ်ခါမှ မကြားဖူးဘူး၊ ငါက ဘာလို့ လူသတ်ပြီး နှုတ်ပိတ်ရမှာလဲ။ မင်းတို့ကမှ ဘယ်သူ့ကို သွားပြစ်မှားမိလဲ မသိတာ၊ ဒါမှမဟုတ် မင်းတို့ဘာသာ ပြုတ်ကျတာလည်း ဖြစ်နိုင်တာပဲ။ မင်းတို့လို လူအတွေဆိုရင် မဖြစ်နိုင်တာ မဟုတ်ဘူး၊ ပြီးတော့မှ လူတစ်ယောက်ကို ရှာပြီး ပိုက်ဆံညှစ်ချင်နေတာ။ ငါ့ကို လူရိုးလူအထင်ပြီး ပစ်မှတ်ထားတာပဲ။ ရဲအရာရှိမင်း... သူတို့စကားကို မယုံပါနဲ့၊ သူတို့ ကျွန်တော်ကိုကော အမေကိုကော ဘယ်လိုရိုက်ထားလဲ ကြည့်ဦး။ ကျွန်တော်တို့ သားအမိ အိမ်မှာ အေးအေးဆေးဆေး နေနေတာကို ဒီလိုကိစ္စမျိုးနဲ့ တိုးရတာ တကယ့်ကို မတရားဘူး။ ကိစ္စက သူတို့ပြောသလို လုံးဝမဟုတ်ပါဘူး၊ တကယ်လို့ သူတို့ပြောသလိုဆိုရင် မနေ့ညက ဘာလို့ ရဲကို မပြောတာလဲ။ ဘာလို့ ရဲမတိုင်တာလဲ။ အခုကျမှ အိမ်ပေါ်အထိ တက်ရိုက်ပြီး ပိုက်ဆံတောင်းနေတာ၊ တကယ့်ကို စေတနာဆိုးနဲ့ လုပ်တာပဲ။ နောက်တစ်ခုက မင်းတို့က ငါလုပ်တာလို့ ထပ်ခါတလဲလဲ ပြောနေပေမဲ့ အထောက်အထားကော ရှိလား။ မင်းတို့မှာ အထောက်အထားမရှိဘူး၊ ဒါပေမဲ့ မင်းတို့ ငါတို့ သားအမိကို ဒီလိုရိုက်နှက်ပြီး ပိုက်ဆံတောင်းတာကိုတော့ လူတိုင်း ကြားခဲ့ကြတယ်”
ဝမ်ကျန့်ကော်သည်လည်း အလျှော့ပေးမည့်သူ မဟုတ်ချေ။
နှစ်ဖက်စလုံးမှာ ယခုကဲ့သို့ပင် ပြိုင်ဆိုင်ငြင်းခုံနေကြတော့သည်။
တကယ့်ကို လူချင်းတွေ့၍ စကားရည်လုပွဲ ကျင်းပနေသည့်အလားပင်။
ချန်ချင်းယွီ ကြည့်ရှုရင်း စိတ်ထဲမှကျိတ်၍ ချီးကျူးမိသည်။
ချဲမိသားစု ညီအစ်ကိုတွေက ဝမ်ကျန့်ကော်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးပဲ…
ချဲမိသားစု ညီအစ်ကိုဘက်မှ လျှို့ဝှက်ချက်များစွာ ဖွင့်ထုတ်လိုက်သော်လည်း ဝမ်ကျန့်ကော်သည်ကား အဓိကအချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
ပထမအချက်မှာ မနေ့ညက ဘာလို့ မပြောခဲ့တာလဲဟူ၍ ဖြစ်ပြီး၊ ဒုတိယအချက်မှာ အထောက်အထား ဘယ်မှာလဲဟူ၍ ဖြစ်၏။
ဤသည်မှာ အရေးကြီးဆုံးအချက် ဖြစ်၏။ ၎င်းတို့သည် ဝမ်ကျန့်ကော် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သက်သေမပြနိုင်ပေ။
အဘယ်ကြောင့်ဆိုသော်... ဤကိစ္စကို ဝမ်ကျန့်ကော် ပြုလုပ်ခဲ့ခြင်း လုံးဝမဟုတ်သောကြောင့်တည်း။
တကယ့်တရားခံအစစ်မှာမူ... ချန်ချင်းယွီ ဤနေရာတွင် ရှိနေ၏။
ချန်ချင်းယွီ လူအုပ်ထဲတွင် ရပ်နေရင်း မိမိ၏ ဂုဏ်သတင်းနှင့် ဝတ္တရားကို နက်ရှိုင်းစွာ ဖုံးကွယ်ထားရာ ဤကိစ္စမှာ သူမနှင့် မည်သို့မျှ မပတ်သက်သည့်အလား ဖြစ်နေသည်။ ချန်ချင်းယွီသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်ကြည့်ရင်း နှစ်ဖက်စလုံး ငြင်းခုံနေကြသည်ကို ကြည့်ကာ စိတ်ထဲမှ ဆိုမိ၏။
ငြင်းကြစမ်း… ငြင်းကြစမ်း… ဟိဟိ
“ကဲ တော်ကြတော့၊ ငြင်းလို့ ဝကြပြီလား”
ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ရဲအရာရှိသည် ၎င်းတို့အား တည်ကြည်စွာ ကြည့်လျက်
“ဘာအထောက်အထားမှမရှိဘဲ လူကို ဒီလိုအခြေအနေအထိ ရိုက်ထားကြတာ၊ တကယ်ပဲ ဘာလုပ်ချင်နေကြတာလဲ။ အကုန်လုံးကို ခေါ်သွားစမ်း”
“ဘာလို့လဲရှင်၊ ငါ့တို့မိသားစုက မတရားခံရတာလေ၊ သူတို့ ငါ့သားကို အနိုင်ကျင့်လို့ ငါတို့က ကလဲ့စားချေတာကို ဘာလို့...”
“ဘာအထောက်အထားမှမရှိဘဲ လူအုပ်စုဖွဲ့ပြီး အိမ်ပေါ်တက် သောင်းကျန်းတာ၊ ပြီးတော့ လူကို ဒီလောက်အထိ ရိုက်နှက်ထားတာက မင်းတို့လုပ်တာပဲမဟုတ်လား”
“ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းတို့ သဘောအတိုင်း ရမ်းကားလို့မရဘူး၊ အကုန်ခေါ်သွား။ ဒီသားအမိနှစ်ယောက်ကို ဆေးရုံ အရင်ပို့ပေးလိုက်ကြ၊ အန္တရာယ်မဖြစ်စေနဲ့၊ ပြီးမှ ဆက်လက်စုံစမ်းမယ်”
ရဲအရာရှိ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ”
“ခင်များတို့ အိမ်ရာဝင်းကတော့...”
ရဲအရာရှိမှာ တစ်ခုခုကို ပြောချင်သော်လည်း မည်သို့ပြောရမှန်း မသိတော့ပေ။
ပြောချင်သည့် စကားလုံးပေါင်းများစွာ ရှိသော်လည်း မည်သို့ ဖော်ပြရမည်ကို မသိဖြစ်နေရ၏။
ဤအိမ်ရာဝင်း၌ ကိစ္စအသေးအမွှားလေးများ အလွန်ပင် များပြားလှသည်။
အကြီးအသေးမရွေး၊ အဆက်မပြတ် ပေါ်ပေါက်နေ၏။
“ခင်များတို့... ဟူး…ထားလိုက်ပါတော့၊ ကောင်းကောင်းမွန်မွန် နေထိုင်ကြပါ”
အခြားသူများ : “…”
ဒါဘာသဘောလဲ…
ချန်ချင်းယွီမှာ အခြေအနေကို သဘောပေါက်သွား၍ လေသံတိုးတိုးဖြင့်
“ကျွန်မတို့ အိမ်ရာဝင်းက ကိစ္စများတယ်ဆိုပေမဲ့ အားလုံးက လူကောင်းတွေပါရှင်”
ရဲအရာရှိ : “......”
အဲဒီ ဝမ်ကျန့်ကော်ဆိုတဲ့ကောင်က လူကောင်းတစ်ယောက်လို့တော့ လာမပြောနဲ့နော်…
အမှန်စင်စစ် သူသည် ချဲမိသားစု ညီအစ်ကိုများ၏ စကားကို အတော်ပင် ယုံကြည်နေမိသည်။
“ကဲ သွားကြစို့”
“ငါမသွားဘူး၊ ငါဘာမှမမှားဘူး၊ ငါ...”
အဘွားကြီးချဲသည် ဆက်လက်ရုန်းကန်သောင်းကျန်းချင်သေးသော်လည်း ရဲအရာရှိများမှာ လမ်းဘေးရှိ အနိုင်ကျင့်ရလွယ်သော လူငယ်များမဟုတ်သည်မှာ ထင်ရှားလှသဖြင့် သူမသည် စကားအနည်းငယ် ပြောပြီးနောက် လန့်သွားရှာသည်။ ၎င်းတို့ပို၍မောက်မာသောင်းကျန်းလေလေ၊ လူကောင်းမဟုတ်ကြောင်း ပို၍ထင်ရှားလေလေပင်။
တကယ့်ကို ရမ်းကားရိုင်းစိုင်းလှပေ၏။
လွတ်မြောက်ရေးရပြီး နှစ်ပေါင်းသုံးဆယ်ရှိနေပြီဖြစ်ရာ ဤကဲ့သို့ စရိုက်ဆိုးများကို ရှိနေဆဲဟု မထင်မှတ်ထားပေ။
“ခေါ်သွားစမ်း၊ ပြင်းပြင်းထန်ထန် အရေးယူမယ်”
“ငါမှားပါတယ်၊ ငါမှားပါပြီဗျာ၊ ဒါတွေအားလုံးက ဝမ်ကျန့်ကော်ရဲ့အပြစ်။ ဝမ်ကျန့်ကော်... နင်က တကယ့်ကို အသိတရားမရှိတဲ့ကောင်ပဲ၊ ငါ့သားနှစ်ယောက်ကို ဒုက္ခပေးရုံတင်မကဘဲ သူတစ်ပါးလက်ကို ငှားပြီး လူသတ်ချင်နေတာ။ နင်က ယုတ်မာပက်စက်ပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်တဲ့ အကွက်နဲ့ ငါ့သားကို ဒုက္ခပေးတာ၊ နင် လူမဆန်ဘူး...”
သူမသည် စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။
ချန်ချင်းယွီ : “......”
အမလေး... ဒီခေတ်ကို ကူးပြောင်းလာပြီးနောက် အသိရဆုံးအချက်ကတော့ လူက အူတူတူ၊ အဆိပ်လည်းပြင်းရင် ကိစ္စရှာတဲ့နေရာမှာ ဖျက်ဆီးနိုင်စွမ်း ပိုကြီးမားတာပဲ။
သူမ ခေါင်းကိုငုံ့လျက် ဤကိစ္စ၏ လားရာကို တွေးတောကာ သက်ပြင်းချမိသည်။
အမှန်စင်စစ် လူဟူသည် ထိန်းချုပ်ရန် အခက်ခဲဆုံးဖြစ်သဖြင့် မည်သည့်အရာမျှ လုံးဝဥဿုံ စိတ်ချရသော အစီအစဉ်ဟူ၍ မရှိဘဲ အစပျိုးပေးလိုက်ပြီးနောက် အခြေအနေအတိုင်း စီးမျောသွားခွင့်ပြုခြင်းမှာ သူမ စီစဉ်ထားသည်ထက်ပင် ပိုမိုကောင်းမွန်သော ရလဒ်ကို ထွက်ပေါ်စေနိုင်၏။
သူမနှင့် အဘွားကြီးကျောက်တို့၏ မူလရည်ရွယ်ချက်မှာ ၎င်းတို့အား နှစ်ကြိမ်၊ သုံးကြိမ်ခန့် အိမ်သာကျင်းထဲ ကန်ချပြီး ပေကျင်းတစ်မြို့လုံးတွင် နာမည်ကျော်ကြားသွားစေရန်၊ သက်သက်မဲ့ လူအော့ကြောလန်
ဖြစ်အောင် ပြုလုပ်ရန်သာ ဖြစ်သည်၊ သို့သော်လည်း ချဲမိသားစု ညီအစ်ကိုမှာ ဝမ်ကျန့်ကော်ကိုသာ အသေအလဲကိုက်လျက် သူလုပ်ခြင်းဖြစ်သည်ဟု တထစ်ချ မှတ်ယူထားကြလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါအံ့နည်း။
ထို့ကြောင့် ကိစ္စမှာ ပိုမိုကြီးမားသွားရခြင်း ဖြစ်၏။
ယခုအခါ ချဲမိသားစုမှ အဘွားအိုသည်ပင် ဤသည်မှာ ဝမ်ကျန့်ကော်၏ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်သည့်အကွက်နှင့် သူတစ်ပါးလက်ကို ငှားပြီး လူသတ်သည့်အကွက် ဖြစ်သည်ဟု တထစ်ချ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ လူတို့ တွေးမထားမိသောအချက် ဖြစ်ရာ ထိုအဘွားအို၏ အတွေးအခေါ်မှာ တကယ့်ကို ကျယ်ပြန့်လွန်းလှပေ၏။
ဤသို့ဆိုလျှင်...
ဤသို့ဆိုလျှင် တကယ့်ကို ကောင်းမွန်လှပေ၏။
ဟီးဟီး...
အဘွားကြီးဟွမ် ဇဝေဇဝါဖြင့်
“ရှောင်ချန်... အဲဒီ ချဲမိသားစုအဘွားကြီးက ဘာကို ဆိုလိုတာလဲ။ သူတစ်ပါးလက်ကို ငှားပြီး လူသတ်တယ်ဆိုတာ ဘာလဲ”
ဤနေရာတွင် ရှောင်ချန်သည် စာအတတ်ဆုံးဖြစ်၍ သူတစ်ပါးလက်ကို ငှားပြီး လူသတ်သည်ဟူသော စကားလုံးကို နားလည်လိမ့်မည်ဟု ထင်မှတ်ကြခြင်း ဖြစ်သည်။
ချန်ချင်းယွီ အင်မတန် ရိုးသားစွာဖြင့်
“သူမ ဆိုလိုတာက... ဝမ်ကျန့်ကော်က ကွမ်ကျိုးကကိစ္စကြောင့် ချဲမိသားစု ညီအစ်ကိုအပေါ် နာကျည်းနေပြီး သူတို့ကို ဒုက္ခပေးချင်နေတာ။ ဒါပေမဲ့ လူကို တိုက်ရိုက်သွားလုပ်ရင် ဥပဒေနဲ့ ငြိစွန်းမှာမို့လို့ သူလည်း မလုပ်ရဲဘူးလေ။ အဲဒါကြောင့် ဒီလိုထောင်ချောက်ကို တမင်ဆင်လိုက်တာ။ သူကိုယ်တိုင် အရိုက်ခံရပေမဲ့ ချဲမိသားစု ညီအစ်ကိုကိုတော့ ထောင်ထဲ ချောချောမောမော ပို့လိုက်နိုင်တာပေါ့။ ဒီလို ဘာအကြောင်းပြချက်မှမရှိဘဲ လူကို အပြင်းအထန် ရိုက်နှက်တာကတော့ သေချာပေါက် အရေးယူခံရမှာပဲ။ သူ အရိုက်ခံတာကို ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်တဲ့အကွက်လို့ ခေါ်တယ်။ ပြီးတော့မှ ရဲတိုင်တယ်၊ သူတို့ သားအမိနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားတော့ ရဲက သေချာပေါက် ပြင်းပြင်းထန်ထန် အရေးယူတော့မှာ။ ဒီလိုဆိုရင် ချဲမိသားစု ညီအစ်ကိုက လူရိုက်တဲ့အမှုနဲ့ ထောင်ထဲ ဝင်ရတော့မှာပေါ့။ တကယ်လို့ ချဲမိသားစု ညီအစ်ကို တကယ်ပဲ အပြစ်ဒဏ်ကျခံရရင် ရက်ပိုင်းတင်ပဲဖြစ်ဖြစ် စက်ရုံဘက်က ရာဇဝတ်သားတစ်ယောက်ကို ဆက်ထားမှာ မဟုတ်ဘူးလေ။ ဒါဆိုရင် ချဲယုံဖုန်းရဲ့ အမြဲတမ်းဝန်ထမ်း အလုပ်လည်း ပြုတ်သွားမှာပဲ”
လူတိုင်း နားမလည်မည်ကို စိုးရိမ်သဖြင့် ချန်ချင်းယွီသည် အသေးစိတ် ရှင်းပြခဲ့ရုံမျှမက မိမိ၏ ရန်တိုက်ပေးလိုသော စကားအချို့ကိုပါ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမနှင့် မပတ်သက်ပေ။ သူမ ရှင်းပြသည်မှာ ချဲမိသားစု အဘွားအို၏ စကားကိုသာ ဖြစ်၏။
အင်း... အဲ့လိုပဲ…
“အလို”
“ဒီလိုမျိုးလား”
“အင်း... ဒါက တကယ့်ကို စိတ်ကူးနက်နဲလွန်းတာပဲ”
“ဝမ်ကျန့်ကော်... ဝမ်ကျန့်ကော်က တကယ့်ကို အကွက်များလွန်းတယ်၊ စီစဉ်တွက်ချက်လွန်းတယ်”
ချန်ချင်းယွီ ပခုံးတွန့်ပြ၍
“အဘွားကြီးချဲက ဒီလိုသဘောကို ပြောတာလေ၊ စောစောက သူမ ပြောတဲ့စကားက ဒီသဘော မဟုတ်ဘူးလား”
“ဒါက တကယ့်ကိုပဲ...”
“ငါတော့ နားမလည်နိုင်ဘူး၊ ဝမ်ကျန့်ကော်က ဘာကို လိုချင်လို့လဲ...”
ချန်ချင်းယွီ ပေါ့ပေါ့ပါးပါးဖြင့်
“ဒေါသထွက်လို့ ဖြေတာနေမှာပေါ့။ သူ အမြဲတမ်းပြောနေတာပဲမဟုတ်လား၊ အဲဒီ တရားမဝင်တည်းခိုခန်းကို ချဲမိသားစု ညီအစ်ကို ရွေးခဲ့တာလို့။ အင်း... တရားမဝင်တည်းခိုခန်းကို ရောက်သွားလို့ ပိုက်ဆံလည်း လိမ်ခံရ၊ လူလည်း အရှက်ကွဲခဲ့ရတာ။ မူလက သူ ကွယ်ဝှက်ထားနိုင်တာကို အားလုံး မှတ်မိကြတယ်မလား။ သူက ဖုံးကွယ်ထားချင်လို့ ပြန်လာတုန်းက ဘာမှမပြောခဲ့ဘူး။ ချဲယုံချန်းက ဖွင့်ပြောလိုက်လို့သာ လူသိရှင်ကြား အရှက်ကွဲခဲ့ရတာ။ ပြီးတော့ အဲဒီအတွက်နဲ့ သူ မိန်းမနဲ့ပါ ကွာရှင်းလိုက်ရပြီး သားမယားနဲ့ ခွဲခွာခဲ့ရတာလေ။ ဒါဆိုရင် သူ ချဲမိသားစုကို ဘယ်လိုလုပ် မမုန်းဘဲ နေမလဲ”
“ဟုတ်တယ်၊ ဟုတ်တယ်။ ဒီလိုပဲ ဖြစ်ရမယ်။ တကယ်လို့ ချဲမိသားစုက ဖွင့်မပြောရင် မိုင်ပေါင်းသောင်းချီ ဝေးတဲ့နေရာက ကိစ္စကို သူ အဘွားကြီးရဲ့ အဓမ္မကျင့်တာ ခံခဲ့ရတယ်ဆိုတာ ဘယ်သူ သိမှာလဲ”
“ဟုတ်ပ၊ သူ ပြန်လာတုန်းက ဓားပြတိုက်ခံရတာလို့ပဲ ပြောပြီး လှည့်စားဖို့ လုပ်သေးတာ”
“အဲဒီလောက် ဘယ်လှည့်စားလို့ ရမလဲ”
“ဒါပေမဲ့ ချဲယုံချန်းသာ ဖွင့်မပြောရင် ငါတို့ တကယ် မသိနိုင်ဘူး။ နင်က ကွမ်ကျိုးအထိ သွားပြီး စုံစမ်းဦးမလို့လား”
“ဒါလည်း ဟုတ်တာပဲ”
“ငါသာဆိုရင်လည်း ချဲယုံချန်းရဲ့ နှုတ်သရမ်းမှုကို မုန်းမိမှာပဲ”
“ဒါပေမဲ့ သူကလည်း ရက်စက်တဲ့ကောင်ပဲ။ လူကို အိမ်သာကျင်းထဲ ကန်ချရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ရက်စက်တာပဲ။ ဒီနေ့ ဘယ်လောက်တောင် အရိုက်ခံထားရလဲ ကြည့်ဦး”
“ဒဏ်ရာမပြင်းရင် ချဲမိသားစု ညီအစ်ကိုကို ဘယ်လိုလုပ် အသေသတ်လို့ ရမလဲ၊ ဒါကို ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်တဲ့အကွက်လို့ ခေါ်တာပေါ့”
“ဒါက တကယ့်ကိုပဲ... အမလေး... ကြောက်စရာကြီး။ နောင်ကို ငါတော့ သူ့ကို မပြစ်မှားရဲတော့ဘူး၊ မဟုတ်ရင် စီစဉ်တွက်ချက်ခံရပြီး ငါပဲ ပျက်စီးသွားလိမ့်မယ်။ ငါက သူ့လို ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ရက်စက်အောင် မလုပ်ရဲဘူး၊ သူတစ်ပါးကိုဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး...”
“ဟုတ်ပ... ”
လူတိုင်းသည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ဝမ်ကျန့်ကော်၏ ရက်စက်မှုအပေါ် လန့်ဖျန့်နေကြတော့သည်။
ဝမ်ကျန့်ကော်မှာ ပြန်မရောက်သေးခင်မှာပင် စိတ်ကူးနက်နဲပြီး ရက်စက်ကြမ်းကြုတ်သူဟူ၍ သမုတ်ခြင်း ခံလိုက်ရလေပြီ…
ပိုင်ဖုန်းရှန်း ရုတ်တရက် မေးလိုက်မိ၏။
“ဒါဆိုရင် စောစောက ငါတို့ လူမကယ်တာကို သူ ငါတို့ကို ရန်ငြိုးဖွဲ့နေမလား”
ချန်ချင်းယွီ ခေါင်းကို ကုတ်လျက်
“မဖြစ်နိုင်... မဖြစ်နိုင်ပါဘူး။ သူက ဒဏ်ရာ ပိုပြင်းမှ ချဲမိသားစု ညီအစ်ကိုကို အပြတ်ရှင်းလို့ရမှာလေ။ ဒေါ်လေးတို့ ကူညီလိုက်လို့ ဒဏ်ရာမပြင်းရင် ချဲမိသားစု ညီအစ်ကို အပြစ်ဒဏ် လျော့သွားမှာပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒီလို အကျိုးအကြောင်း ရှိတာပဲ”
“အမလေး... ကြောက်စရာကြီးပါလား”
“ကြောက်စရာကောင်းတာကို ထားလိုက်ပါဦး၊ ငါတို့ အိမ်ရာဝင်းအကြောင်း ပြောရအောင်။ ငါတို့ အိမ်ရာဝင်းက ကိစ္စ တော်တော်များတာပဲ မဟုတ်လား၊ ရဲတွေတောင် သက်ပြင်းချသွားရတယ်”
“ဒါက ဘာတတ်နိုင်မှာလဲ။ ငါတို့ကလည်း ကိစ္စများချင်လို့မှ မဟုတ်တာ”
“ဟုတ်ပ၊ ဘယ်သူက ဖြစ်ချင်မလဲ”
“အာ... မဟုတ်သေးဘူး၊ ငါတို့ အိမ်ရာဝင်းက တကယ်ပဲ စနစ်တစ်ခုခုရဲ့ ကျိန်စာသင့်နေတာလား၊ မဟုတ်ရင် ဘာလို့ ကိစ္စတွေပဲ ဖြစ်နေရတာလဲ၊ အခြားအိမ်ရာဝင်းတွေကျတော့ ဒီလိုမဖြစ်ဘူး”
“ဒါကို ဘယ်သူသိမလဲ၊ ဒါပေမဲ့ ဖြစ်နိုင်တာပဲ။ ငါလည်း ခံစားရတယ်၊ ငါတို့ အိမ်ရာဝင်းရဲ့ ဖုန်းရွှေက သိပ်မကောင်းဘူးထင်တယ်။ ကွာရှင်းတာမဟုတ်ရင် ရန်ဖြစ်တာပဲ၊ လူငယ်ကော လူလတ်ပိုင်းကော အိမ်ထောင်ရေး အဆင်ပြေတာ သိပ်မရှိဘူး”
ချန်ချင်းယွီ လူတိုင်း ဆွေးနွေးငြင်းခုံနေကြသည်ကို မြင်သောအခါ လှည့်၍ အိမ်သို့ ပြန်ခဲ့တော့သည်။
“ဟေး... ရှောင်ချန်လေး၊ ခဏနေဦး”
ချန်ချင်းယွီ : “ဘာဖြစ်လို့လဲရှင်”
ရှီကျန့်ရှန်းသည် လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့်
“ဟိုကိစ္စလေ... ငါ ကြားတာတော့ အရှေ့ဘက်ဝင်းက လီလင်းလင်းလည်း ဂျင်းဘောင်းဘီ ရောင်းနေတယ်တဲ့။ နင့်ဆီကနေ အတုခိုးတာမလား”
သူမသည် မျက်နှာချိုသွေးသော ပုံစံဖြင့်
“ဒါက တကယ့်ကိုပဲ... အိမ်ရာဝင်းတစ်ခုတည်းသားချင်း ဖြစ်ပြီးတော့ ကိုယ့်လူအချင်းချင်းရဲ့ ဖောက်သည်ကို လုတာ၊ တော်တော်လေး လွန်တာပဲ။ နင် စိတ်ထဲမှာ သတိထားရမယ်နော်။ နင် ဒီရက်ပိုင်း ဆိုင်မထွက်တာက သူမအတွက် အခွင့်အရေး ပေးလိုက်သလိုပဲ”
ချန်ချင်းယွီ ပြုံးလိုက်ကာ
“သူမ မရောင်းရင်လည်း အခြားသူတွေ ရောင်းမှာပဲရှင်။ ကျွန်မ ကြားတာတော့ ဈေးကွက်ထဲမှာ၊ ဟို မှောင်ခိုဈေးဟောင်းဘက်မှာ လူအချို့ စပြီး ရောင်းနေကြပြီတဲ့။ စီးပွားရေးလုပ်တယ်ဆိုတာ ဒီလိုပါပဲ၊ သူရောင်းနိုင်ရင် ငါလည်း ရောင်းနိုင်တာပဲ၊ တားလို့မရပါဘူး”
သူမသည် ဂရုမစိုက်သည့် ပုံစံဖြင့် အေးအေးဆေးဆေးပင် ဆိုကာ
“ကျွန်မက ပထမဆုံး ရောင်းတဲ့သူ ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ဒီပစ္စည်းပေါ်မှာ ကိုယ့်နာမည် ရေးထားတာမှ မဟုတ်တာ။ ကျွန်မလည်း အများကြီး မတတ်နိုင်ပါဘူး၊ ကိုယ့်အလုပ်ကိုယ် လုပ်ရုံပါပဲ။ ကျွန်မက ကြီးပွားချမ်းသာဖို့လည်း မမျှော်လင့်ပါဘူး၊ ပိုက်ဆံရလို့ အိမ်က မိသားစု စားဝတ်နေရေး အဆင်ပြေရင် ရပါပြီ”
ရှီကျန့်ရှန်းသည် ချန်ချင်းယွီအား အသေအချာ အကဲခတ်ကြည့်ရှုလိုက်ရာ သူမသည် စိတ်ဆိုးခြင်း လုံးဝမရှိသည်ကို တွေ့ရသဖြင့် အနည်းငယ် ခန့်မှန်းရခက်သည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ချန်ချင်းယွီ၏ နေ့စဉ်အပြုအမူများကို ပြန်လည်တွေးတောမိသောအခါ သူမသည် ပင်ကိုယ်ဗီဇအရ ပျော့ညံ့သူတစ်ဦးသာ ဖြစ်သည်ဟု ထပ်မံတွေးတောမိပြန်၏။
သာမန်လူဆိုလျှင် ယခုကဲ့သို့ ပြုမူလိမ့်မည် မဟုတ်ချေ။
“အော်... ဟုတ်သားပဲ၊ နင့်ရဲ့ မိဘအိမ်ဘက်က ကိစ္စက ဘယ်လိုဖြစ်တာလဲ။ သရဲခြောက်တယ်ဆိုလား ဘာလားနဲ့ ရှုပ်ရှုပ်ထွေးထွေး ကြားလို့”
အတင်းအဖျင်းသတင်းများမှာ ပျံ့နှံ့နေဆဲဖြစ်ပြီး ဤဘက်သို့ အလုံးစုံ ရောက်ရှိမလာသေးသော်လည်း အနည်းငယ်မျှမူ ကြားသိထားကြပြီ ဖြစ်၏။
ချန်ချင်းယွီ : “ကျွန်မအဖေတို့ နေတဲ့တိုက်မှာ မနေ့ညက သရဲခြောက်တယ်တဲ့။ ဒါပေမဲ့ ကျွန်မကတော့ သရဲရှိတယ်လို့ မယုံပါဘူး၊ တကယ်လို့ သရဲတကယ်ရှိရင် ကျွန်မဆီ ဘာလို့ လာမရှာတာလဲ။ ကျွန်မက ကွယ်လွန်သူတွေကို အဲဒီလောက် သတိရနေတာ၊ သရဲက ကျွန်မဆီလာဖို့တောင် မျှော်လင့်နေသေးတယ်။ အဲဒါကြောင့် ကျွန်မအမြင်ပြောရရင်တော့ မိုးရွာပြီး မိုးကြိုးပစ်လို့ သူတို့ဘာသာသူတို့ လန့်တာမဟုတ်ရင် တစ်ယောက်ယောက်က လူလိမ်လုပ်ပြီး သရဲဟန်ဆောင်တာပဲ ဖြစ်ရမယ်။ ဒီလောကမှာ သရဲဆိုတာ ဘယ်ရှိမလဲ”
ခေတ္တမျှ ရပ်တန့်ပြီးနောက် သူမခါးသီးသော လေသံဖြင့်
“ကျွန်မအမြင်တော့... သံသယစိတ်ကြောင့်ပဲ ထင်ယောင်ထင်မှား ဖြစ်တာလည်း ဖြစ်နိုင်တာပဲ။ အဖေ... မဟုတ်ဘူး၊ ချန်ရိကျွင်း... သူကလေ၊ ဟူး…”
ချန်ချင်းယွီသည် အဓိပ္ပာယ်ပြည့်ဝသော စကားတစ်ခွန်းကို ဤမျှသာ ပြောဆိုခဲ့ပြီး ဆက်လက်၍ မဆိုတော့ကာ အိမ်ထဲသို့ တိုက်ရိုက် ဝင်သွား၏။
ဤစကားမှာ တစ်ဝက်သာ ပြောပြီး တစ်ဝက်ကို ချန်လှပ်ထားခဲ့သဖြင့် နားထောင်သူအား အသည်းယားအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
သူမ ပါးစပ်မှ သရဲမရှိကြောင်း အခိုင်အမာ ယုံကြည်နေသော်လည်း ချန်ရိကျွင်း၏ အတင်းအဖျင်းသတင်းကိုမူ သူမကိုယ်တိုင် မပြောဘဲ ထားခဲ့ခြင်း ဖြစ်ကာ မည်သို့ပင်ဆိုစေ ထိုသတင်းမှာ ပျံ့နှံ့သွားမည်သာ ဖြစ်သည်။ ချန်ချင်းယွီသည် အိမ်သို့ ပြန်ရောက်ပြီးနောက် ညစာချက်ရန် ဆုံးဖြတ်လိုက်၏။ မကြာသေးမီ၌ သူမသည် အပြင်စာများကိုသာ ဝယ်ယူစားသောက်ခဲ့ပြီး ချက်ပြုတ်ခြင်း အလွန်နည်းပါးခဲ့၏။
ချန်ချင်းယွီ စတင်၍ အလုပ်ရှုပ်နေတော့သည်။
လက်ရှိ၌ သူမ ငါးမမျှားတော့သော်လည်း အိမ်တွင် ငါးများ ရှိနေ၏။
ချန်ချင်းယွီ၏ ငါးမျှားဖော် ဆရာယွီသည် အမြဲတမ်း ဇွဲကောင်းသော ငါးမျှားသမားဖြစ်ရာ ငါးများများ ရသောအခါ သူ၏ကလေးအား ချန်ချင်းယွီထံ လွှတ်၍ ပေးပို့ခိုင်းတတ်ပြီး ချန်ချင်းယွီမှာလည်း ပုံမှန်အတိုင်းပင် ဝယ်ယူခဲ့၏။
၎င်း၏ဈေးနှုန်းမှာ ဈေးကွက်နှင့် အတူတူပင်ဖြစ်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသဖြင့် ချန်ချင်းယွီအနေဖြင့် ဘာကြောင့် မယူဘဲ နေမည်နည်း။
မယူလျှင်မှ အအ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ချန်ချင်းယွီသည် ဆီများကို အဝလောင်းလျက် ငါးကို ကြော်ပြီးနောက် ချိုချဉ်ငါးဟင်း ပြုလုပ်ရန် ပြင်ဆင်တော့သည်။
ချန်ချင်းယွီ မိဘအိမ်၏ အခြေအနေကို မပြောပြခဲ့သဖြင့် အခြားသူများမှာမူ အလွန်ပင် သိချင်စိတ် ပြင်းပြနေကြ၏။ လူတိုင်း၏ စူးစမ်းလိုစိတ်မှာ တားဆီး၍ မရနိုင်ချေ။
၎င်းတို့ အိမ်ရာဝင်းအတွင်း သတင်းအချက်အလက် အစုံဆုံးသူမှာ အဒေါ်ကြီးမေ့ဖြစ်ရာ သူမသည်
“အဲဒီအရပ်မှာ ငါ့ရဲ့ အစ်မတစ်ယောက် ရှိတယ်၊ ငါ သွားပြီး စုံစမ်းကြည့်လိုက်ဦးမယ်”
“သွားပါ၊ သွားပါ”
“သူမက အဖေလို့တောင် မခေါ်တော့ဘူးဆိုရင် သေချာပေါက် ကိစ္စအကြီးကြီး ဖြစ်ရမယ်”
သို့သော်လည်း ရှီကျန့်ရှန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး…
သရဲခြောက်တယ်၊ သရဲခြောက်တယ်... နောက်ထပ် သရဲခြောက်ပြန်ပြီ။
သူမ သက်ပြင်းချလျက် ချန်ချင်းယွီဟူသော လူအမလေးသည် အဘယ်ကြောင့် သရဲရှိသည်ကို မယုံကြည်ရသနည်းဟု တွေးမိသည်။ သရဲရှိနေသည်မှာ ထင်ရှားလှပေ၏။ မိမိတို့လင်မယားသာ အသိကြွယ်ဝသဖြင့် သရဲရှိကြောင်းကို အစောကြီးကတည်းက သဘောပေါက်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အေးအေးဆေးဆေး နေထိုင်ခဲ့ပြီး ဘာမှမလှုပ်ရှားရဲခဲ့ချေ…မဟုတ်လျှင်….
ကြည့်ပါဦး။ ကံဆိုးမည့်အရေးကို ကြည့်စမ်းဦး…
လူဆိုသည်မှာ အစွဲအလမ်းကို မယုံကြည်၍ မရပေ။
ဘာကိုမျှ မယုံကြည်လျှင် မိမိကိုယ်ကိုသာ ဒုက္ခပေးမိလိမ့်မည်။
မိမိတို့ကဲ့သို့ အမြင်ကျယ်ပြီး လျင်မြန်သူများသာလျှင် တည်ငြိမ်အောင် နေနိုင်ခြင်း ဖြစ်၏။
“ငါလည်း သွားမယ်...”
“ဟေး... နင်တို့ ဘာလုပ်မလို့လဲ”
“နင်တို့ အိမ်ရာဝင်းမှာ ကိစ္စဖြစ်တယ်လို့ ကြားတယ်”
“ဟုတ်ပ... ဝမ်ကျန့်ကော်တို့ အိမ်လေ...”
......
တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
ဝမ်ကျန့်ကော်၏ ကိစ္စမှာလည်း သေးငယ်သော ကိစ္စမဟုတ်ပေ။
“ဒါကို ငါသိတယ်၊ အဲဒီ ညီအစ်ကိုနှစ်ယောက် မနေ့ညက အိမ်သာကျင်းထဲ ပြုတ်ကျတာ၊ အထဲမှာ နှစ်နာရီကျော်လောက် လုံးထွေးနေရတယ်တဲ့... ခန့်မှန်းရရင်တော့ အဝသောက်လိုက်ရလောက်ပြီ”
“အလို... ဒီလောက်တောင် ကြာတာလား။ ငါတို့ မသိဘူးအေ၊ ပြုတ်ကျပြီးချင်း ချက်ချင်း ပြန်တက်လာတယ် ထင်နေတာ။ ဒါကြောင့်မို့လို့ ဝမ်ကျန့်ကော်ကို အဲဒီလောက်တောင် မုန်းနေကြတာကိုး...”
“ဒါနဲ့ ဝမ်ကျန့်ကော်နဲ့ ဘာဆိုင်လို့လဲ”
“ရှူး... အသံတိုးတိုးလုပ်၊ နင့်ကို ပြောပြလည်း ဘာမှမဖြစ်ပါဘူး၊ ဝမ်ကျန့်ကော် လုပ်တာလေ၊ သူတို့ ဒီနေ့ကျတော့...”
“အမလေး... ကယ်ကြပါဦး။ ဒါကြောင့်မို့လို့ကိုး၊ ဒါကြောင့်မို့လို့”
“ဒါက တကယ့်ကိုပဲ...”
“အခုတလော ကိစ္စတွေ အရမ်းများတာပဲ။ မင်းတို့ သိကြလား။ မင်းတို့ အိမ်ရာဝင်းထဲမှာ ချန်ချင်းယွီဆိုတဲ့ မိန်းကလေး ရှိတယ်မလား။ သူ အဖေနာမည်က ချန်ရိကျွင်းတဲ့”
“သိတာပေါ့”
“သူ ဘာဖြစ်လို့လဲ”
“ငါ့ဆွေမျိုးတစ်ယောက် ဖျားလို့ ဆေးရုံတက်နေရတာ၊ ဒီနေ့ ငါ ဆေးရုံကို လူနာမေးသွားရင်း သူမနဲ့ တိုးခဲ့တယ်။ ကြားတာတော့ ချန်ချင်းယွီရဲ့ အမေသေဆုံးမှုက သူမအဖေနဲ့ ပတ်သက်နေတယ်တဲ့၊ မနေ့ညက အဲဒီ ချန်ရိကျွင်းတို့အိမ်မှာ သရဲခြောက်တယ်လေ။ ချန်ရိကျွင်းက လန့်လွန်းလို့ ဆေးရုံတက်လိုက်ရတယ်။ ဒီနေ့ ရဲတွေက ချန်ချင်းယွီကို ခေါ်ပြီး အဲဒီမှာ ငြင်းခုံနေကြတာ။ တကယ်ပဲ... အဲဒီတုန်းက အတော်လေး ဆန်းကြယ်တယ်၊ အင်မတန် ဆန်းကြယ်တာ။ ချန်ရိကျွင်းရဲ့ ဘေးနားမှာ ဘယ်သူမှမရှိဘဲနဲ့ ရုတ်တရက်ကြီး ချော်လဲပြီး ပြတင်းပေါက်ကနေ ပြုတ်ကျသွားတာ... သူက ပြောတယ် တစ်ယောက်ယောက်က သူ့ခြေကျင်းဝတ်ကို ရိုက်တယ်တဲ့... မင်းတို့ ပြောကြည့်ဦး ဆန်းကြယ်လား မဆန်းကြယ်ဘူးလား”
“အမေရေ”
“တကယ်ပဲ...ကြောက်ဖို့ကောင်းတာ၊ နေ့ခင်းကြောင်တောင်ကြီးမှာတင် ကြက်သီးမွေးညင်းတွေ ထကုန်တာပဲ”
“ငါ အပိုမပြောဘူး၊ အဲဒီတုန်းက ဆေးရုံမှာ ဝိုင်းကြည့်တဲ့သူ အများကြီးပဲ။ အားလုံးက တိုးတိုးတိတ်တိတ် ပြောကြတာကတော့ အမေဖြစ်သူက အဲဒီအဘိုးကြီးက သူ့သမီးကို အနိုင်ကျင့်တာကို မကြည့်ရက်လို့ ပညာပေးလိုက်တာတဲ့။ အဲဒီအဘိုးကြီးက သူ့သမီးကို ရိုက်ဖို့လုပ်တာလေ၊ ရလဒ်ကတော့ သူကိုယ်တိုင် ကံဆိုးသွားတာပဲ မဟုတ်လား။ တကယ်ပဲ ဆန်းကြယ်လွန်းတယ်။ ချန်ရိကျွင်းက လန့်လွန်းလို့ ချန်ချင်းယွီကို အနားတောင် မကပ်ခိုင်းတော့ဘူး”
“အော်... ဒါက...”
“တကယ်ပဲ...”
လူတိုင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြရာ ယနေ့၏ ဆူပူသောင်းကျန်းမှုများမှာ အလွန်ပင် များပြားလှ၏။ အိမ်သာကျင်းထဲ ပြုတ်ကျခြင်းဖြစ်စေ၊ သရဲခြောက်ခြင်းဖြစ်စေ အားလုံးမှာ တွေ့ရခဲသော ကိစ္စကြီးများ ဖြစ်ပေသည်။
ဤကိစ္စနှစ်ရပ်လုံးမှာ ၎င်းတို့ အိမ်ရာဝင်းနှင့် မပတ်သက်သကဲ့သို့ ထင်ရသော်လည်း အနည်းငယ်မျှပတ်သက်နေပြန်သည်။
ချဲမိသားစု ညီအစ်ကို၏ ကိစ္စမှာ ဝမ်ကျန့်ကော်နှင့် ပတ်သက်နေပြီး၊ ချန်ရိကျွင်းအိမ် သရဲခြောက်သည့် ကိစ္စမှာ ချန်ချင်းယွီနှင့် ပတ်သက်နေသည်။
အချုပ်အားဖြင့်ဆိုရသော် နည်းနည်းစီ ပတ်သက်နေကြ၏။
“မင်းတို့ အိမ်ရာဝင်းရဲ့ ဖုန်းရွှေကတော့...”
“ငါတို့ စောစောကတင် ဒီအကြောင်း ပြောနေတာ...”
ဤသို့ ပြောဆိုရင်း လူတိုင်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြသည်။
၎င်းတို့ အိမ်ရာဝင်း၏ ဖုန်းရွှေမှာ မကောင်းလှကြောင်း ထင်ရှားနေ၏။
တစ်ကြိမ်ပြီးတစ်ကြိမ် ကိစ္စများမှာ မနည်းလှချေ။
ချန်ချင်းယွီမှာ ဤအကြောင်းကို မသိသေးသော်လည်း လူတိုင်း၏ စိတ်ထဲတွင်မူ ဤဖုန်းရွှေမှာ -1, -1, -1, -1 ဟု လျော့နည်းနေတော့သည်။
ချန်ချင်းယွီသည်ကား ၎င်းတို့ အိမ်ရာဝင်း၏ ဖုန်းရွှေမှာ အလွန်ကောင်းမွန်သည်ဟု ခံစားရသည်။ အိမ်ရာဝင်းအတွင်း ဆူပူသောင်းကျန်းနေခြင်းမှာ အလွန်ကောင်းမွန်လှပေ၏။ အဘယ်ကြောင့်ဆိုသော် ကိစ္စအသေးအမွှားလေးများပြားပြီး ဆူညံနေသဖြင့် သူမအိမ်၏ ဆူပူမှုမှာ ဘာမှမဟုတ်သကဲ့သို့ ဖြစ်သွားရသောကြောင့်တည်း။
အကယ်၍ အခြားသူများ၏ အိမ်သည် အေးချမ်းနေပြီး သူမအိမ်တစ်ခုတည်း ကိစ္စများနေပါက သူမအိမ်သာလျှင် ထင်ပေါ်နေပေလိမ့်မည်။
သို့သော်လည်း အားလုံး ဆူပူနေကြပါက မည်သူက မည်သူ့ကိုမဆို မပြောနိုင်ဘဲ အားလုံး အတူတူပင် ဖြစ်တော့သည်။
မူဝါဒများ ပြောင်းလဲခြင်းမှာ မိမိတို့အိမ်အတွက် အကျိုးရှိလှ၏။
ယခုအချိန်တွင်လည်း ထို့အတူပင်…အမှန်စင်စစ် ဤခေတ်ကာလတွင် ဆိုင်ထွက်ရောင်းသူ အလွန်မများလှဘဲ လူတိုင်း ဤအလုပ်ကို အထင်သေးကြသော်လည်း ၎င်းတို့ အိမ်ရာဝင်းအတွင်း ချန်ချင်းယွီသည် ပထမဆုံး လုပ်ကိုင်သူမဟုတ်သကဲ့သို့ အတုခိုးသူများလည်း ရှိနေသဖြင့် သူမတစ်ယောက်တည်း ထင်ပေါ်ကျော်ကြားနေခြင်း မရှိတော့ပေ။
ဤဖုန်းရွှေမှာ အလွန်ကောင်းမွန်သည် မဟုတ်လော့။
မည်သို့ပင်ဆိုစေ ချန်ချင်းယွီမှာ အလွန်ကောင်းသည်ဟု ထင်မှတ်သည်။
သို့သော်လည်း လူတစ်ယောက်နှင့်တစ်ယောက်၏ အတွေးအခေါ်မှာ လုံးဝဥဿုံ ကွဲပြားလှသဖြင့် လူအတော်များများမှာမူ အမှန်တကယ်ပင် စိုးရိမ်ပူပန်နေကြရသည်။ ၎င်းမှာ တကယ့်ကို ကြီးမားသော သောက ဖြစ်ပေ၏။
“ငါတို့ အိမ်ရာဝင်းက အိမ်ထောင်ရေး ကံမကောင်းဘူး၊ ကိစ္စလည်း များတယ်၊ ဒါကို ဘယ်လိုလုပ်ရမလဲ။ ငါ့အိမ်က ကလေးက အိမ်ထောင်ဖက်ကိစ္စ ဘာမှမရေရာသေးဘူး”
အဘွားကြီးဟွမ် အစိုးရိမ်ဆုံး လေသံဖြင့် ပြောကာ
“ဒါက မူလကတည်းက အိမ်ထောင်ဖက်ရှာရခက်တာကို အိမ်ရာဝင်းရဲ့ နာမည်က မကောင်းတော့ ပိုပြီး ရှာရခက်မသွားဘူးလား”
“နင့်အိမ်က ကျန်းရှင်းဖှက အိမ်ရာဝင်းနာမည်ကြောင့် မဟုတ်ပါဘူးအေ”
ထိုသားအမိနှစ်ယောက်၏ နာမည်ဆိုးမှာ ယခုတိုင် အရပ်ထဲတွင် ကျော်ကြားနေဆဲ ဖြစ်သည်။
အဘွားကြီးဟွမ် မကျေမနပ်ဖြင့်
“နင် စကားနည်းနည်းပြောစမ်း၊ ငါ့သားက ကောင်းကောင်းမွန်မွန်ပါ... တကယ်လို့ အိမ်ရာဝင်းက သူ့ကို မတိုက်ခိုက်ဘူးဆိုရင် စောစောကတည်းက ရှာရရုံတင်မကဘူး အရာရှိမိသားစုက သမီးကိုတောင် ရနိုင်တယ်”
ဟူး......
ဤစကားကြောင့် လူအုပ်ကြီးထံမှ သရော်သံများ ထွက်ပေါ်လာသည်။
မျက်နှာကတော့ တကယ့်ကို အရေထူတာပဲ… နင့်အိမ်က ကျန်းရှင်းဖှက အဲဒီလောက် ထိုက်တန်လို့လား။
ချန်ချင်းယွီသည် အမှိုက်ပစ်ရန် ထွက်လာရင်း သာမန်ကာလျှံကာဖြင့်
“ဒေါ်လေးတို့က စိတ်ပျက်စရာကောင်းတယ်လို့ ထင်ရင် အိမ်ရောင်းပြီး ပြောင်းရွှေ့သွားလို့ ရတာပဲလေ”
သူမ ပြောပြီးနောက် ချက်ချင်း ထွက်ခွါသွား၏။
အဘွားကြီးဟွမ် မျက်စောင်းထိုးကာ
“အိမ်ရောင်းပြီးရင် ငါ ဘယ်မှာသွားနေရမလဲ။ ငါက ဝမ်မေ့လန်လို အားကိုးစရာ မိဘအိမ်ရှိတာမှ မဟုတ်တာ”
သို့သော်လည်း မကြာမီမှာပင် အဘွားကြီးဟွမ် စိတ်အားထက်သန်စွာဖြင့်
“နင်တို့ ပြောကြည့်ဦး၊ လူတစ်ယောက်ကို ရှာပြီး အိမ်ချင်းလဲရင် ရမလား”
ပိုင်ဖုန်းရှန်း : “နင် အိပ်မက်မက်နေတာလား။ အခြားသူတွေက ငါတို့ အိမ်ရာဝင်းရဲ့ အကြောင်းကို မသိတာမှ မဟုတ်တာ၊ နင်နဲ့ ဘယ်လိုလုပ် အိမ်ချင်းလဲမလဲ။ နင် တွေးတာကတော့ လှနေတာပဲ။ အခြားသူတွေက နင့်ထောင်ချောက်ထဲ ဝင်ချင်မှ ဝင်မှာပေါ့”
“ဒါလည်း ဟုတ်တာပဲ...”
“တကယ်လို့ အိမ်ရောင်းပြီး အခြားနေရာမှာ ဝယ်လို့ရရင်တော့ ကောင်းတာပေါ့”
“အိမ်ဝယ်ဖို့က မလွယ်ဘူးအေ၊ အခု အိမ်တွေက ဘယ်လောက်တောင် ရှားပါးနေလဲ”
“ဟုတ်တယ်၊ ငါ့ရဲ့ ဆွေမျိုးတစ်ယောက်ဆိုရင်...”
လူတိုင်း ဆက်လက်၍ စကားစမြည် ပြောဆိုနေကြသော်လည်း အိမ်ချင်းလဲမည့် ကိစ္စမှာမူ လူအတော်များများ၏ စိတ်ထဲတွင် မျိုးစေ့ကျန်ရစ်ခဲ့၏။
ယနေ့တွင် ထူးခြားဆန်းပြားသော ကိစ္စရပ်ကြီးများ အများအပြား ရှိခဲ့သော်လည်း အဘွားကြီးကျောက်တို့ကဲ့သို့ အလုပ်ဆင်းရသော ဝန်ထမ်းအုပ်စုမှာမူ ယခုကဲ့သို့ ဆူညံသောင်းကျန်းမှုများကို မခံစားလိုက်ရဘဲ ပုံမှန်အတိုင်း အလုပ်ဆင်းခဲ့ကြသည်။ သို့သော်လည်း ယနေ့ အလုပ်ဆင်းချိန်တွင်မူ အဘွားကြီးကျောက်သည် လမ်းတစ်လျှောက်လုံး အလောတကြီး ပြေးလွှားလာခဲ့ရာ တစ်စုံတစ်ရာ အရေးကြီးကိစ္စ ရှိနေသည့်အလားပင်။
“ချွေးမရေ... ချွေးမ၊ နင် အိမ်မှာ ရှိလား”
ချန်ချင်းယွီ : “ရှိတယ်ရှင်”
သူမ ပြန်ထူးကာ အံ့သြတုန်လှုပ်စွာဖြင့်
“ဘာဖြစ်လို့လဲ”
ခွေးလိုက်လို့ ပြေးရတဲ့ ယုန်လိုပဲ ဘာလို့ ဒီလောက်တောင် လောနေရတာလဲ..
အဘွားကြီးကျောက် : “ငါ နင်နဲ့ တိုင်ပင်စရာ ကိစ္စရှိလို့”
အဘွားကြီးကျောက်သည် အိမ်ရာဝင်းအတွင်းရှိ လူများနှင့် စကားစမြည် ပြောဆိုရန်ပင် ဂရုမစိုက်နိုင်ဘဲ အိမ်သို့ ခပ်သွက်သွက် ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။
အခြားသူများမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက်
“ဒါက ဘာဖြစ်ပြန်တာလဲ”
“ဘယ်သူသိမှာလဲ”
“သရဲခြောက်တဲ့ကိစ္စကို သွားမေးတာ ထင်တယ်၊ ဒီကိစ္စက စက်ရုံအထိ ပျံ့သွားပြီထင်ပါရဲ့”
“ဖြစ်နိုင်တယ်”
ယနေ့တွင် ကိစ္စရပ်များ တကယ်ပင် များပြားလှသဖြင့် လူတိုင်းလည်း အများကြီး ဆက်မတွေးတော့ပေ။သို့သော်လည်း အမှန်စင်စစ် အဘွားကြီးကျောက် ပြောလိုသောအရာမှာ ဤကိစ္စ မဟုတ်ပေ။ သူမသည် အလောတကြီး အိမ်ထဲသို့ ဝင်လာပြီးနောက်
“ချွေးမရေ... ကိစ္စကြီးတစ်ခု ရှိတယ်၊ နင် ငါ့ကို အကြံဉာဏ်နည်းနည်း ပေးဦး”
ချန်ချင်းယွီ : “ဘာကိစ္စမို့လို့ ဒီလောက်တောင် လောနေရတာလဲရှင်”
အဘွားကြီးကျောက်သည် ရေတစ်ခွက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက်
“ငါတို့ ဌာနမှူးလေ... သူ ဒီနေ့ ငါ့ကို လာရှာပြီး သတ်မှတ်ချက်ထက် စောပြီး အနားယူဖို့ ကြိုတင်အငြိမ်းစားယူဖို့ လာတိုင်ပင်တယ်”
ချန်ချင်းယွီ : “အာ...”
အဘွားကြီးကျောက် : “ငါက နှစ်ကုန်ပိုင်းကျရင် အငြိမ်းစားယူရမှာ မဟုတ်လား။ နှစ်ကုန်ပိုင်းဆိုပေမဲ့ အမှန်က ၁၁ လပိုင်း အစောပိုင်းတင်ပဲ၊ ငါ့မွေးနေ့က ၁၁ လပိုင်းအစမှာလေ။ သေသေချာချာ တွက်ကြည့်ရင် အလုပ်ဆင်းဖို့ ၇ လလောက်ပဲ လိုတော့တာ။ ငါတို့ ဌာနမှူးက ဒီနေ့ ငါ့ကို လာမေးတယ်၊ ကြိုတင်အငြိမ်းစားယူရင် အဆင်ပြေမလားတဲ့...”
ချန်ချင်းယွီ : “ဘာဖြစ်လို့လဲ”
အငြိမ်းစားယူလျှင် ပင်စင်လစာ ရရှိမည်ဖြစ်သော်လည်း ပုံမှန်အလုပ်ဆင်းခြင်းနှင့်မူ ကွဲပြားလှပေသည်။ ပုံမှန်အလုပ်ဆင်းပါက အလုပ်အကိုင် ထောက်ပံ့ကြေးများ ရရှိသည့်အပြင် သွယ်ဝိုက်သော သက်သာခွင့်များစွာ ရှိသဖြင့် စားသောက်စရိတ် သက်သာစေ၏။ ထို့ပြင် ပွဲတော်ရက်များတွင်လည်း ပစ္စည်းအများအပြား ရရှိတတ်သည်။ အငြိမ်းစားယူပြီးနောက်တွင်မူ ဤအရာများ သေချာပေါက် ရှိတော့မည် မဟုတ်ချေ။ ကွာခြားချက်မှာ ကြီးမားလှသည်မဟုတ်သော်လည်း နည်းပါးသည်လည်း မဟုတ်ရာ မိမိ၏ကလေးအား အလုပ်ဆက်ခံခွင့် မပေးမည့်သူများပင်လျှင် ကြိုတင်အငြိမ်းစား မယူကြချေ။
အဘွားကြီးကျောက် : “ငါ ဒီရက်ပိုင်း ခွင့်ခဏခဏ ယူမိတယ်မဟုတ်လား။ ငါတို့ ဌာနမှူးက ပြောတယ်... ငါ့မှာလည်း ကိုယ်ပိုင်ကိစ္စတွေ များနေပုံရတယ်၊ ခွင့်ခဏခဏယူရင်လည်း လစာအဖြတ်ခံရမှာ အတူတူပဲမို့လို့ ကြိုတင်ပြီး အငြိမ်းစား တိုက်ရိုက်ယူလိုက်တာက ပိုကောင်းမယ်တဲ့။ သူက ကိုယ်ပိုင်ငွေထဲကနေ ငါ့ကို လျော်ကြေးအနေနဲ့ ယွမ်တစ်ရာပေးမယ်တဲ့”
သူမသည် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် တိုးတိုးပြောလိုက်ကာ
“သူက အစက ငါ့ကို လျော်ကြေးတောင် မပေးချင်ဘူး၊ စောစောအနားယူဖို့ပဲ လာဆွယ်နေတာ။ ငါက ဘယ်သူမို့လိုလဲ.. ငါ ကျောက်တာ့ရာက သာမန်လူမဟုတ်ဘူး။ ငါ ကြည့်လိုက်ရုံနဲ့ ဒီကောင် စေတနာကောင်းနဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သိတာပေါ့၊ အဲဒါကြောင့် ငါ ချက်ချင်းပဲ ငြင်းလိုက်တယ်။ ငါလည်း မကြာခင် အငြိမ်းစားယူတော့မှာကို သူ့ကို ကြောက်နေစရာလား။ ငါ သူ့ကို ပြန်ပြီး ပညာပေးလိုက်တော့မှ သူက စကားကို ကောင်းကောင်းမွန်မွန် ပြောတော့တာ။ တကယ်ပဲ... အချို့လူတွေက ဒီလိုပဲ၊ ကောင်းကောင်းပြောရင် လူလိုမကျင့်ဘူး၊ မျက်နှာသာမပေးတော့မှ ခွေးလို ပြာပြာသလဲ လုပ်တော့တာ။ သူ့အိမ်က ရင်းနှီးတဲ့ ဆွေမျိုးတစ်ယောက်က ကျေးလက်ကနေ ပြန်လာတာ အလုပ်မရှိသေးဘူးတဲ့၊ အဲဒါ စက်ရုံထဲ သွင်းချင်နေတာ။ အမြဲတမ်းဝန်ထမ်းကတော့ မဖြစ်နိုင်ပေမဲ့ ယာယီဝန်ထမ်း နေရာကတော့ ရှိတယ်လေ။ ငါသာ အငြိမ်းစားမယူရင် ငါတို့ ထမင်းချက်ဆောင်က ယာယီဝန်ထမ်း လုံးဝမလိုဘူးလေ။ အဲဒါကြောင့် သူက ငါ့ကို လာဆွယ်တာ။ ဒီကိစ္စကို နင် ဘယ်လိုမြင်လဲ၊ ငါက ၇ လပဲ လိုတော့တာကို သူက ယွမ်တစ်ရာလျော်ကြေးပေးတယ်ဆိုတော့ တကယ်တော့ ငါ မရှုံးပါဘူး၊ အလုပ်လည်း ဆင်းစရာမလိုတော့ဘူး။ ငါ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်”
ချန်ချင်းယွီ : “ဒါဆို ကြိုတင်အငြိမ်းစားယူရင် အမေ့ရဲ့ ပင်စင်အပေါ် သက်ရောက်မှု ရှိမလား”
“မရှိပါဘူး၊ လုပ်ထုံးလုပ်နည်းအတိုင်း ပုံမှန်လုပ်တာပဲ၊ စက်ရုံမှာလည်း ဒီလိုလုပ်ဖူးတဲ့သူတွေ ရှိတယ်။ ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းပဲ သွားမှာ”
သူမသည် သူတစ်ပါး၏ လှည့်စားမှုကို ခံမည့်သူ မဟုတ်သဖြင့် သဘာဝကျစွာပင် အသေအချာ စုံစမ်းထားပြီး ဖြစ်သည်။
“ငါကတော့ ဒီလိုတွေးတာ၊ ငါ စောစောအနားယူလိုက်ရင် အိမ်မှာလည်း အများကြီး ကူညီပေးလို့ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံကလည်း သိပ်မကွာတော့ ပြန်လာတာက ပိုကောင်းမလားလို့၊ နင် ဘယ်လိုထင်လဲ”
အဘွားကြီးကျောက်သည် အမှန်စင်စစ် စိတ်ထဲတွင် ဆုံးဖြတ်ပြီးဖြစ်သော်လည်း ချန်ချင်းယွီထံတွင် အခြားအမြင်များ ရှိနေမည်ကို စိုးရိမ်သဖြင့် ထပ်မံတိုင်ပင်ခြင်း ဖြစ်သည်။ လူတစ်ယောက်တည်း တွေးသည်ထက် နှစ်ယောက်တွေးသည်က ပိုမိုပြည့်စုံသည် မဟုတ်လော့။
ချန်ချင်းယွီ : “အမေကိုယ်တိုင် ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီအတိုင်းပဲ လုပ်လိုက်ပါရှင်၊ မရှုံးဘူးဆိုရင် အနားယူလိုက်တာလည်း ဘာမှမဖြစ်ပါဘူး။ အမှန်တော့ နည်းနည်းရှုံးရင်တောင် ကိစ္စမရှိပါဘူး၊ အမေအိမ်မှာရှိတော့ ကျွန်မအတွက်လည်း အကူအညီတစ်ခု ပိုရတာပေါ့”
“ဟုတ်ပ၊ ငါလည်း ဒီလိုပဲ တွေးတာ”
ချန်ချင်းယွီ စနောက်သည့် လေသံဖြင့်
“သူက အမေ့ကို အလုပ်ရောင်းဖို့ကော မဆွယ်ဘူးလား”
“အဲလိုတော့ မရှိပါဘူး။ ဟိုး... ဘယ်သူမသိဘဲ နေမလဲ၊ ငါက အကွက်အလွန်များပြီး ကိုယ်ကျိုးကြည့်တဲ့သူပဲလေ။ ကိုယ့်ရဲ့ စိတ်ချရတဲ့ အိုဇာတာအတွက်ဆိုရင် မြေးအရင်းကိုတောင် ဂရုမစိုက်ဘဲ အလုပ်ကို ဘယ်သူ့ကိုမှ ဆက်ခံခွင့်မပေးတဲ့သူ။ ငါ့နာမည်က ဒီလောက်အထိ ဖြစ်နေတာကို ဘယ်သူက ငါ့ဆီက အလုပ်လာဝယ်ရဲမှာလဲ၊ ကြည့်လိုက်တာနဲ့တင် ရောင်းမယ့်သူမဟုတ်မှန်း သိသာနေတာပဲ”
အဘွားကြီးကျောက်သည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်သော်လည်း အနည်းငယ် စိုးရိမ်တကြီးဖြင့်
“ဒီအလုပ်ကို နင် တကယ်ပဲ မလိုချင်ဘူးလား။ နင် ဝင်လုပ်ပြီး နှစ်အနည်းငယ်ကြာရင် ရှောင်ကျားကို ဆက်ခံခွင့် ပေးလို့ရတာပဲကို”
ချန်ချင်းယွီ : “အမေက ကျွန်မကို စမ်းသပ်နေတာလား”
အဘွားကြီးကျောက် : “မဟုတ်ပါဘူး၊ နင် နောင်တရမှာ စိုးလို့ပါ”
ချန်ချင်းယွီ ပြုံး၍
“မလိုပါဘူးရှင်၊ ရှောင်ကျားက ဒီလိုအလုပ်မျိုးကို သုံးဖို့မလိုပါဘူး၊ အမေသိမ်းထားလိုက်ပါ”
အဘွားကြီးကျောက်သည် သူမ စိတ်မဆိုးသည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့်
“ဒါဆိုလည်း ပြီးတာပဲ”
သူမ ဆက်လက်၍
“ဒါဆိုရင် ငါ လာမယ့်မနက်ဖြန်ကျရင် ပိုက်ဆံယူပြီး ဌာနမှူးနဲ့အတူ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်လိုက်တော့မယ်။ ဒါနဲ့ အခုခေတ် လူတွေက တကယ်မလွယ်ဘူးနော်။ အလုပ်လက်မဲ့ လူငယ်တွေက အရမ်းများတာ။ တစ်ယောက်ချင်းစီကလည်း မျက်နှာအပျက်မခံနိုင်ကြတော့ အဆင်မပြေဖြစ်ရတာပေါ့”
ချန်ချင်းယွီ ခေါင်းခါလျက်
“မဟုတ်ဘူးရှင်၊ သူတို့က မျက်နှာအပျက်မခံနိုင်လို့ စီးပွားရေးမလုပ်တာ မဟုတ်ပါဘူး၊ စီးပွားရေးလုပ်ဖို့ဆိုရင် အရင်းအနှီး ရှိရမယ်ဆိုတာကို သိထားရမယ်လေ”
“ရှောင်ထောင်းမှာ ဘာပိုက်ဆံ ရှိမှာမို့လို့လဲ၊ သူလည်း ဆိုင်ထွက်ခင်းနေတာပဲ မဟုတ်လား”
“ရှောင်ထောင်းမှာ မရှိပေမဲ့ သူတို့မိသားစုက တစ်စိတ်စိတ်ဝမ်းတည်း ရှိကြတာလေ၊ ဒေါ်လေးမေ့က သူ့ကို ထောက်ခံတယ်၊ သူတို့မိသားစုက စုဆောင်းတာကော ချေးငှားတာကော လုပ်ပြီး သားဖြစ်သူအတွက် အရင်းအနှီး ရှာပေးနိုင်ကြတာပဲ။ ဒါက အခြားမိသားစုဆိုရင် လုပ်နိုင်မှာ မဟုတ်ဘူး။ စီးပွားရေးလုပ်တယ်ဆိုတာ အမြတ်ရှိသလို အရှုံးလည်း ရှိတာမို့လို့ သာမန်လူတွေက ဒီလောက်အထိ မစွန့်စားရဲကြဘူး”
“ဒါလည်း ဟုတ်တာပဲ၊ ဒီလိုကြည့်ရင် အဒေါ်ကြီးမေ့တို့ မိသားစုက တော်တော်လေး သတ္တိရှိတာပဲ”
ချန်ချင်းယွီ : “ဟုတ်တယ်၊ ပြီးတော့ သူတို့က သားဖြစ်သူရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်ကြတာ။ ဒါပေမဲ့ ကျွန်မသာ ဒေါ်လေးမေ့ဆိုရင်လည်း သားကို ယုံကြည်မှာပဲ။ ရှောင်ထောင်းလေးက ငယ်ငယ်ကတည်းက အိမ်အတွက် ပိုက်ဆံရှာပေးနိုင်တာမို့လို့ ဒေါ်လေးမေ့က သူ့ကို ယုံကြည်တာ မဆန်းပါဘူး”
“ဟုတ်ပ၊ အဲဒီကလေးက အကွက်အလွန်များတာ။ သူ အထက်တန်းတုန်းက ငါတို့အိမ်မှာ ကြက်မွေးတာကို မြင်တော့ သူ့မောင်နှမတွေကို တီကောင်တူးခိုင်းပြီး ငါတို့အိမ်ကို လာရောင်းခိုင်းတာလေ၊ နင် ပြောကြည့်ဦး အဲဒီကလေး ဘယ်လောက်တောင် အကွက်များလဲဆိုတာ”
ချန်ချင်းယွီ ပြုံးလိုက်မိကာ
“ဒါက ကောင်းတာပဲမဟုတ်လားရှင်၊ ဦးနှောက်ပြေးတာပေါ့”
“ဒါလည်း ဟုတ်တာပဲ”
အဘွားကြီးကျောက် : “အော်... ဟုတ်သားပဲ၊ ဒီနေ့ ငါတို့ စက်ရုံမှာ အကုန်ပျံ့နေပြီ၊ မနေ့ညက ချဲမိသားစု ညီအစ်ကို အိမ်သာကျင်းထဲ ပြုတ်ကျတယ်ဆိုတာ...”
ချန်ချင်းယွီ : “အမေ ဒီနေ့ရဲ့ နောက်ဆက်တွဲကို နားထောင်ချင်လား၊ အပြင်ထွက်ပြီး သွားနားထောင်လေ၊ သူတို့ ပြောလို့မပြီးသေးဘူး”
“နောက်ဆက်တွဲ ရှိသေးတာလား”
ချန်ချင်းယွီ ပြုံးပြုံးလေးဖြင့်
“သေချာပေါက် ရှိတာပေါ့၊ သွားလေ”
အဘွားကြီးကျောက် ဝှစ်ခနဲ အပြင်သို့ ပြေးထွက်သွားပြီးနောက် မကြာမီမှာပင် လူအုပ်ကြီးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
အမလေး... ဝမ်ကျန့်ကော်ကတော့ တကယ့်ကို သနားစရာကောင်းလှချည်လား...
သို့သော်လည်း အဘွားကြီးကျောက်သည် ဝမ်ကျန့်ကော်အား နည်းနည်းမျှ သနားခြင်းမရှိဘဲ သေသွားလျှင် ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။ ဤလူယုတ်မာသည် မိမိတို့မိသားစုနှင့် ရန်ငြိုးမရှိပါလျက်နှင့် စီစဉ်တွက်ချက်ဝံ့သည်ဖြစ်ရာ တကယ့်ကို စရိုက်ဆိုးလှပေသည်။ ချန်ချင်းယွီအသား အပြစ်ဖို့လူစားထိုး ထမ်းပိုးပေးရသည်မှာ ထိုက်တန်လှပေ၏။
ဤကိစ္စကို မည်သူ တွေးမိမည်နည်း။
ဤအပြစ်အိုးကြီးကို ဝမ်ကျန့်ကော် တကယ်ပင် ထမ်းပိုးသွားရလေပြီ…
ဝမ်ကျန့်ကော်ကိုယ်တိုင် ချဲမိသားစုညီအစ်ကိုကို တွန်းချခဲ့သည်ဆိုခြင်းကို အပြတ်အသတ် ငြင်းဆိုနေသော်လည်း သူကိုယ်တိုင် ဘာသွားလုပ်သည်ကိုမူ ထုတ်မပြောပေ။
ကိုယ်ပိုင်ကိစ္စဟုသာ ပြောနေသဖြင့် မည်သူ ယုံကြည်နိုင်မည်နည်း။
အမှန်စင်စစ် ဝမ်ကျန့်ကော်အနေဖြင့် တမင်သက်သက် ပြဿနာရှာချင်နေခြင်းမဟုတ်ဘဲ တကယ့်ကို တခြားနည်းလမ်းမရှိ၍ ဖြစ်သည်။
ဝမ်ကျန့်ကော်တွင် လုံးဝနည်းလမ်းမရှိခြင်းဖြစ်ကာ မနေ့ည၌ သူလူချိန်းထားသည်မှာ ပိုက်ဆံချေးရန် ဖြစ်ပြီး၊ အလုပ်ခွင်တွင်းရှိ အချို့သော ဆက်ဆံရေးလူကြီးများနှင့် ပတ်သက်နေသဖြင့် ထုတ်ပြောရန် တကယ်ပင် အဆင်မပြေခြင်း ဖြစ်၏။ မဟုတ်လျှင် ထိုလူများကိုပါ ဆွဲထည့်မိသကဲ့သို့ ဖြစ်သွားပြီး နောင်တွင် ဆက်ဆံရေး လုံးဝပြတ်တောက်သွားပေလိမ့်မည်။
ထို့ကြောင့် ဝမ်ကျန့်ကော်က ပြတ်ပြတ်သားသား ငြင်းဆိုနေသော်လည်း မိမိမည်သည့်နေရာ၌ ရှိနေသည်ကိုမူ ထုတ်မပြောသဖြင့် ရဲတပ်ဖွဲ့ပင် သူ့ကို တရားခံဟု သံသယဝင်နေတော့သည်။
သို့သော်လည်း သူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သက်သေအထောက်အထားမူ လုံးဝမရှိချေ။
တဖန် ချဲညီအစ်ကိုများ သူ့ကို ဝိုင်းရိုက်ကြသဖြင့် ယခုကဲ့သို့ အခြေအနေအထိ ဒဏ်ရာ ရသွားသည်ကိုမူ လူတိုင်း မြင်တွေ့ခဲ့ကြရာ ဝမ်ကျန့်ကော်မှာလည်း အလျှော့မပေးဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အခိုင်အမာ တောင်းဆိုတော့သည်။ အကယ်၍ ချဲယုံဖုန်းနှင့် ကျန်းယုံဟုန်တို့ ကွာရှင်းမထားပါက သူ ယခုကဲ့သို့ သေချာပေါက် လုပ်ရဲမည် မဟုတ်ပေ။
အတွင်းရေးမှူးကျန်း ရုပ်ပျက်ဆင်းပျက်ဖြင့် ရာထူးမှ ဆင်းသွားခဲ့ရပြီး ကျန်းယုံဟုန်သည်လည်း အရောင်းစာရေးတစ်ဦးသာ ဖြစ်နေသော်လည်း သူသည် ကျန်းယုံဟုန်ကို မပြစ်မှားရဲသေးပေ။
သို့သော် ယခုမူ ၎င်းတို့ ကွာရှင်းပြတ်စဲသွားကြပြီဖြစ်ရာ သူလည်း ဘာကိုမျှ ဂရုစိုက်မနေတော့ပေ။
ဤနှစ်များအတွင်း သူသည် ချဲမိသားစုညီအစ်ကိုနှင့် ပေါင်းသင်းခဲ့သည်မှာ အကျိုးအမြတ်အချို့ ရလို၍ ဖြစ်သော်လည်း၊ ဤမျှနှစ်ပေါင်းများစွာအတွင်း ဘာမှမရရှိခဲ့သည့်အပြင် နာမည်ပျက်တစ်ခုသာ အဖတ်တင်ခဲ့သဖြင့် ၎င်းကို သူ အောင့်အည်းမခံနိုင်တော့ချေ။
သောက်ချီးလိုပဲ…
ထို့ပြင် ဤမိသားစုတစ်စုလုံး အိမ်တိုင်ရာရောက် လာရောက်ရိုက်နှက်ပြီး သူ့ကို မဟုတ်မမှန် စွပ်စွဲရဲကြသေးသည်။
ဝမ်ကျန့်ကော်အနေဖြင့် သေချာပေါက် အလွှတ်မပေးနိုင်ပေ။
ချဲညီအစ်ကိုများ သူ့ကိုသာ အနိုင်ကျင့်နေပြီး ဝမ်ကျန့်ကော်ကိုယ်တိုင်လည်း ဤကိစ္စကို မိမိမလုပ်ခဲ့မှန်း သိနေသဖြင့် ယခုအခါ ထိုလူနှစ်ယောက်သည် မိမိဘာသာ ချော်လဲကျခြင်းဖြစ်မည်ဟု အပြင်းအထန် သံသယဝင်နေတော့သည်။ ထိုနေ့တွင် မိုးရွာနေသဖြင့် သတိမထားမိဘဲ ပြုတ်ကျသွားခြင်းမှာလည်း ဖြစ်နိုင်၏။
၎င်းတို့ မိမိဘာသာ သတိမထားဘဲ ပြုတ်ကျသွားခြင်းဖြစ်သော်လည်း ထိုအတိုင်း အရှုံးမခံချင်သဖြင့် သူ့ကိုပါ ရေထဲဆွဲချပြီး ပိုက်ဆံညှစ်ချင်နေကြခြင်း ဖြစ်သည်။
ကွက်တိပဲ… ဒီလိုပဲဖြစ်ရမယ်…
ချဲညီအစ်ကိုမှာ ပိုက်ဆံတောင်းဆိုလာသဖြင့် ဝမ်ကျန့်ကော် ထိုသူတို့သည် မတော်တဆ ပြုတ်ကျသွားခြင်းဖြစ်ပြီး ပိုက်ဆံညှစ်ချင်နေကြသည်ဟု အခိုင်အမာ တွေးတောလိုက်တော့သည်။
ဒါက ဟိုလူလိမ်ဆိုင်တွေဆီက သင်ယူထားတာ မဟုတ်လား..
ငါ့ကို နှစ်ခါလိမ်လို့မရဘူးကွ…
သူသည် တွေးရင်းတွေးရင်း ပို၍ ဒေါသထွက်လာကာ သဘာဝကျစွာပင် မကျေအေးပေးချင်တော့ပေ။
ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်၊ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်။
လက်ရှိ၌ တစ်ရပ်ကွက်လုံး ဆူညံပွက်လောရိုက်သွားတော့သည်။
ဝမ်ကျန့်ကော်ဘက်တွင် ဆူညံပွက်လောရိုက်နေဆဲဖြစ်ပြီး၊ တစ်ဘက်တွင်မူ သူ့ဇနီးဟောင်း ဝမ်မေ့လန်တစ်ယောက် စိတ်ပိုင်းဖြတ်လျက် အိမ်ကို အဒေါ်မေတို့ မိသားစုထံ ရောင်းချလိုက်လေပြီ… အမှန်စင်စစ် သူမတွင် အိမ်ကို အချိန်ဆွဲထားပြီး ဈေးကောင်းစောင့်လိုသည့် စိတ်ကူးအနည်းငယ် ရှိနေခဲ့၏။ ချန်ချင်းယွီလည်း ဝယ်ချင်နေလိမ့်မည်ဟု သူမ အမြဲတွေးမိနေပြီး အကယ်၍ ပြိုင်ဆိုင်မည့်သူရှိပါက ဈေးနှုန်းကို မြှင့်တင်နိုင်မည် မဟုတ်လော့။
သူမသည် ချန်ချင်းယွီအပေါ် ကိုယ်ပိုင်အာဃာတမရှိသလို ပုဂ္ဂိုလ်ရေး ဆက်ဆံရေးလည်း အဆင်ပြေရာ၊ ယခုအကြိမ် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် လူကို ရန်ငြိုးဖွဲ့မထားချေ။ သူမ ထိုမျှအထိ မအပေ။ သူမသည် ပိုက်ဆံ ပိုရချင်ရုံ သက်သက်သာ ဖြစ်၏။ မိမိအိမ်တွင် သမီးသုံးယောက် ရှိနေသည့်အတွက် ကလေးများအတွက် ပိုပြီး မတွေးပေး၍ မရပေ။
အမေဖြစ်သူများမှာ ဤကဲ့သို့ပင်…
သို့သော်လည်း ယခုကဲ့သို့ အတင်းအဖျင်း သတင်းဆိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသဖြင့် အိမ်ရာဝင်း၏ နာမည်မှာ ပိုမိုဆိုးရွားလာခဲ့သည်။
ဝမ်မေ့လန်လည်း ဆက်ပြီး အချိန်မဆွဲရဲတော့ချေ။
ဒီအတိုင်း အချိန်ဆွဲနေရင်းမှ အခွင့်အရေးပါ ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ…
သူမသည် မဆိုင်းမတွဘဲ အိမ်ကို အဒေါ်ကြီးမေ့တို့ မိသားစုထံ ရောင်းချလိုက်ပြီး၊ စေတနာကောင်းဖြင့် မိမိ၏မောင်နှမများကိုပါ အိမ်ပြောင်းရွှေ့ရာတွင် ကူညီရန် စီစဉ်ပေးခဲ့သည်။
ဝမ်မေ့လန် : “တကယ်လို့ အဘွားကြီးဝမ်က လာပြီး ပြဿနာရှာရဲရင် ကျွန်မကိုပြော၊ ကျွန်မမောင်တွေကို သူ့ကို ဆုံးမခိုင်းလိုက်မယ်”
“...အဲဒါတော့ မလိုပါဘူးအေ၊ သူ ဆေးရုံတက်နေရလို့ လောလောဆယ် ပြန်မလာနိုင်သေးဘူး”
ဝမ်မေ့လန် : “...”
အမယ်လေး… သတင်းကောင်းမျိုးလည်း ရှိသေးတာလား။
သို့သော်လည်း ဝမ်မေ့လန် စိတ်ထဲတွင် တိုးတိုးတိတ်တိတ် ဝမ်းသာမိပြီး အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့၍ တော်သေးသည်ဟု တွေးမိ၏။
မဟုတ်လျှင် မိမိတို့လည်း ဝိုင်းရိုက်ခံရမည်ကို မပြောနိုင်ချေ၊ ဤယောက်ျားဆိုသည်မှာ အားကိုး၍မရကာ ဤအိမ်ရာဝင်းကြီးသည်ကား တကယ်ပင် ကံဆိုးမိုးမှောင်ကျလှပေ၏။
ဘုရားရေ… ကံသီပေလို့ ကွာရှင်းတာ မှန်လိုက်တာ…